ဝိဉာဥ်
Vol. 22 Ch. 318
~တိုတောင်းသော စကားလုံး သုံးလုံးသည် တစ်လောကလုံးကို တိတ်ဆိတ်ငြိမ်သက်သွားစေခဲ့သည်။
အားလုံးက 'တာအိုဆရာ ပိုင်ရှန်'ကို မော့ကြည့်လိုက်ကြ၏။ သူ၏ အိုမင်းရင့်ရော်နေသော မျက်နှာပေါ်တွင် ဖော်ပြမတတ်နိုင်လောက်သော လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်း အရှိန်အဝါကြီး တစ်ခု ကိန်းအောင်းနေသယောင် ခံစားလိုက်ရ၏။
သူ့မျက်နှာက ပြုံးနေသော်လည်း မျက်လုံးများကတော့ အထင်သေးစွာ ကြည့်နေသည့်အလား။
‘မင်းက ငါနဲ့ ယှဉ်ပြီး လမ်းလျှောက်ဖို့ မတန်သေးဘူး’ဟု ပြောနေသလိုပင်။
ဗုဒ္ဓပေါင်ရှု၏ မျက်နှာထားသည် တဖြည်းဖြည်း တည်ငြိမ်သွားသည်။ ဘာခံစားချက်မှ မရှိသလို ထင်ရသော်လည်း၊ အားလုံးက ခံစားမိလိုက်ကြ၏။
သူ ဒေါသထွက်လာ၏။
'တာအိုဆရာ ပိုင်ရှန်'က စကားလုံး သုံးလုံးတည်းနှင့် သူ၏ တည်ငြိမ်မှုကို ရိုက်ချိုးပစ်လိုက်သည်လေ။ သူက 'တာအိုဆရာ ပိုင်ရှန်' ငြင်းဆန်နိုင်မည့် အကြောင်းပြချက်တွေ အကုန်လုံးကို စဉ်းစားပြီးသားပါ။ သို့သော်၊ ဒီလောက် ရိုးရှင်းပြီး တဲ့တိုးဆန်သော အကြောင်းပြချက်မျိုးကိုတော့ ထည့်မတွက်ခဲ့မိပေ။ သူ့အမြင်မှာတော့ အနာဂတ် အခွင့်အရေးလောက် ဘယ်အရာကမှ အရေးမကြီးပေ။
သူတို့လို လူစားမျိုးတွေ အတွက်ကတော့ အတူတူ ရပ်တည်လိုက်သည် ဆိုတာကိုက ကတိသစ္စာ တစ်မျိုးပါပင်။ ကျန်တာတွေက အသေးအဖွဲသာ ဖြစ်သည်။ မဟုတ်လျီင် သူက တင်းမာမှု လျော့သွားအောင် ဆိုပြီး ကောင်းကင်ကြိုးကြာပင်ကို တကူးတက လာပေးနေပါ့မည်လား။
သူ ယုံကြည်တာ တစ်ခုပဲ ရှိ၏။
'တာအိုဆရာ ပိုင်ရှန်' ငြင်းဆန်ရသေယ တစ်ခုတည်းသော အကြောင်းပြချက်က... သူ့ကို အားမကိုးလောက်ဘူးဟု ထင်နေလို့ပင် ဖြစ်ရမည်။
အချိန်အတော်ကြာမှ...၊
သူ သက်ပြင်းတစ်ချက် ချလိုက်ပြီး...
"ကြည့်ရတာ... ဒီနှစ်တွေ အတွင်း မိတ်ဆွေဟောင်းကြီးရဲ့ စွမ်းအားတွေက တစ်ဟုန်ထိုး တိုးတက်လာပုံ ရတယ်..."
'တာအိုဆရာ ပိုင်ရှန်'၏ မျက်လုံးများ အေးစက်သွားသည်။
"ဘာလဲ... လက်ရည်စမ်းချင်လို့လား..."
တဖြည်းဖြည်းချင်း... ဗုဒ္ဓပေါင်ရှု၏ ပတ်ဝန်းကျင်တွင် ဘုရားစာ ရွတ်ဖတ်သံများ ထွက်ပေါ်လာသည်။ ရွှေရောင် အလင်းတန်းများ လွှမ်းခြုံလာပြီး ရဟန္တာ ဘုရားလောင်းများ တီးတိုး ရွတ်ဖတ်နေကြသကဲ့သို့ ဝေဝါးသော ပုံရိပ်များကို မြင်တွေ့လာရ၏။
အသံများ စုစည်းသွားသောအခါ အားကောင်းမောင်းသန် ဖြစ်လာပြီး၊ ကျင့်ကြံခြင်း အဆင့်နိမ့်သော သိုင်းသမားတချို့ဆိုလျှင် မသိမသာ မျက်နှာထားများ နူးညံ့သိမ်မွေ့သွားကြပြီး ကျွတ်တမ်းဝင်သွားမလို ဖြစ်ကုန်ကြ၏။
ဘေးလူတွေက လှုပ်နှိုးလိုက်မှ လန့်နိုးလာပြီး ဗုဒ္ဓပေါင်ရှုကို ကြောက်လန့်တကြား ကြည့်နေမိကြ၏။
ဗုဒ္ဓပေါင်ရှုသည် ရောင်စုံဖန်သား ရတနာသစ်ပင် ကို ကိုင်ဆောင်ထားပြီး ပိုမို ခန့်ညားထည်ဝါလာသည်။
"ပညာပေးပါဦး..."
ရတနာ သစ်ပင်မှ အလင်းရောင်များ ဖြာထွက်လာပြီး တစ်ခါမှ မမြင်ဖူးသော စွမ်းအားများ စီးဆင်းလာသည်။ တစ်ခါတစ်ရံ ရွှေကြာပန်းများ အဖြစ်၊ တစ်ခါတစ်ရံ ဘုရားပုံတော်များ အဖြစ် ပြောင်းလဲသွားပြီး၊ 'တာအိုဆရာ ပိုင်ရှန်'ကို ဖိနှိပ်ချုပ်ချယ်ရန် ကြီးမားသော စွမ်းအားဖြင့် တိုးဝင်လာလေသည်။
အားလုံး အသက်ရှူ အောင့်ထားလိုက်မိကြ၏။ မျက်ဝန်းများတွင် အံ့သြမှင်သက်မှုများ ပြည့်နှက်နေ၏။
ဝါရင့် ပုဂ္ဂိုလ်အချို့ကတော့ ရိပ်မိနေကြပြီ။
သိုင်းသူတော်စင် စွမ်းအား ။
သူတို့ရဲ့ ရင်ထဲမှာ အံ့သြမှုရော၊ စိတ်လှုပ်ရှားမှုရော ရောပြွမ်းနေကြ၏။ ဒီနေ့ ဂုဏ်ပြုပွဲမှာ ဒဏ္ဍာရီလာ သိုင်းသူတော်စင် နှစ်ပါး သမိုင်းထဲကနေ ထွက်ပေါ်လာပြီး ထိပ်တိုက် တွေ့ကြလိမ့်မည်ဟု ဘယ်သူက ထင်ထားမည်လဲ။ ယခုဆိုလျှင် သူတို့ တကယ်ပဲ လက်တွေ့ တိုက်ခိုက်ကြတော့မည်။
'တာအိုဆရာ ပိုင်ရှန်'က ခပ်ဖွဖွ ပြုံးလိုက်၏။
"ပေါင်ရှု... နှစ်တွေ ဒီလောက် ကြာသွားတာတောင် မင်းက ဘာမှ တိုးတက်မလာပါလား... မင်းရဲ့ ရောင်စုံဖန်သား ရတနာသစ်ပင်က အားနည်းလွန်းတယ်..."
အဆုံးမရှိသော ဗုဒ္ဓရောင်ခြည်များကို ရင်ဆိုင်ရင်း 'တာအိုဆရာ ပိုင်ရှန်'၏ တာအိုဝတ်စုံသည် လေမတိုက်ဘဲ တဖျပ်ဖျပ် လွင့်နေလေသည်။
သူက လက်ကို ဆန့်ထုတ်ပြီး ဆုပ်ကိုင်လိုက်ရာ နက်နဲသော တာအို သင်္ကေတများ ရေးထိုးထားသည့် ရှေးဟောင်း တံဆိပ်တုံးကြီး တစ်ခု သူ့လက်ထဲတွင် ပေါ်လာသည်။
ထို တံဆိပ်တုံး ပေါ်လာသည်နှင့် တစ်ပြိုင်နက် အားလုံး၏ အာရုံကို ဖမ်းစားလိုက်နိုင်သည်။
ရိုးရှင်းသယောင် ရှိသော်လည်း အတိုင်းအဆမဲ့ တာအို စွမ်းအားများ ကိန်းအောင်းနေသည် မဟုတ်ပါလား။
ရှေးဟောင်း တံဆိပ်တုံးကြီးသည် လေထဲတွင် လျင်မြန်စွာ ကြီးထွားလာပြီး တောင်ကြီးတစ်လုံး ပမာ ဖြစ်လာသည်။ အင်မော်တယ် ကြိုးကြာငှက်၏ အော်မြည်သံ သဲ့သဲ့နှင့်အတူ ပန်းပွင့်များ ကောင်းကင်မှ ကြွေကျလာသယောင် မြင်တွေ့ရပြီး၊ ဆန်းကြယ်သော စွမ်းအားတစ်ခုက ဗုဒ္ဓပေါင်ရှုကို မညှာမတာ ဖိနှိပ်လိုက်လေသည်။
တစ်ခဏချင်းမှာပင်...၊
တာအိုစွမ်းအား ကြီးထွားလာပြီး ဗုဒ္ဓစွမ်းအား မှေးမှိန်သွားသည်။ ရွှေကြာပန်းများ ကြေမွသွားပြီး ဘုရားစာ ရွတ်သံများ တိုးဝင်သွားသည်။ စောစောက ညှို့ယူဖမ်းစားခံထားရသူများလည်း လန့်နိုးလာကြ၏။
စစ်မှန်သူ ပိုင်ရှန်း စိတ်လှုပ်ရှားလွန်းသဖြင့် မျက်ရည်များပင် ကျလာသည်။
"ဒါ... ဒါ စစ်မှန်သူ ဧကရာဇ်ရဲ့ 'အစစ်အမှန် နက်ရှိုင်းသော တံဆိပ်တော်' ပဲ..."
ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီး သူ့ရှေ့မှာ ကိုယ်ထင်ပြလာတာကို မြင်လိုက်ရတော့ ယုံကြည်ကိုးကွယ်မှုတွေ အထွတ်အထိပ် ရောက်သွားရတော့သည်။
ရှေးဟောင်း သူတော်စင် နှစ်ပါး၏ တိုက်ပွဲသည် ကမ္ဘာပျက်မတတ် ပြင်းထန်ခြင်း မရှိပါ။
သို့သော် ကောင်းကင်ဘုံလူသား အဆင့် ပညာရှင် အားလုံး ထိတ်လန့်တုန်လှုပ်နေကြ၏။
တာအိုဆရာ လုံရှန်း ခံစားလိုက်ရသည်မှာ ဤပုဂ္ဂိုလ်များသည် သူ ကြုံဖူးသမျှထဲတွင် အကြောက်စရာ အကောင်းဆုံး ဖြစ်တည်မှုများပင်။ ဟိုတစ်နေ့က သူ့တပည့်နှင့် ဓားမမိစ္ဆာ တိုက်ခိုက်တာက ကြည့်ကောင်းပေမယ့်၊ ဒီနှစ်ယောက်နှင့် ယှဉ်လိုက်လျှင် ကလေးကစားသလို ဖြစ်သွားသည်။
ယခုအခါ ဆန်းကြယ်သော စွမ်းအားများ ထိပ်တိုက် တွေ့ဆုံနေသည်ကို မျက်စိဖြင့်ပင် မြင်နေရ၏။ တိုက်ပွဲ ဖြစ်ပွားရာ နေရာတွင် အနက်ရောင် အက်ကွဲကြောင်း သေးသေးလေးတွေ ပေါ်လာလိုက်၊ ချက်ချင်း ပြန်ပိတ်သွားလိုက် ဖြစ်နေ၏။
ကောင်းကင်ဘုံလူသား အဆင့် ပညာရှင်များ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြ၏။
‘ဒါက လေဟာနယ်ကို ဆုတ်ဖြဲနိုင်လောက်တဲ့ စွမ်းအားပဲ။’
"ဒါက သိုင်းသူတော်စင် နယ်ပယ်ရဲ့ စွမ်းအားလား..."
အားလုံး တုန်လှုပ်ချောက်ချားသွားကြပြီး၊ ရင်ထဲတွင် ကြောက်ရွံ့မှုရော၊ အားကျမှုပါ ဖြစ်ပေါ်လာကြ၏။
သို့သော် လူတစ်ယောက်ကတော့ ခြွင်းချက် ဖြစ်နေ၏။
နင်ချီ၏ မျက်ဝန်းထဲတွင် အံ့သြရိပ် အနည်းငယ်သာ ရှိသည်။
ဗုဒ္ဓပေါင်ရှု နှင့် စစ်မှန်သူ ဧကရာဇ် တို့က အရမ်း စွမ်းအားကြီးတာကို သူ လက်ခံပါသည်။ ထိုဆန်းကြယ်သော စွမ်းအားတွေက သိုင်းသူတော်စင် စွမ်းအားတွေ ဆိုတာလည်း ယုံမှားဖွယ် မရှိပါ။ သို့သော်၊... သူ ထင်ထားသလောက်တော့ မပြင်းထန်လှပါ။ သူဆိုလျှင် ဒီနှစ်ယောက်စလုံးကို ယှဉ်နိုင်မည် ဟူ၍ပင် ခံစားနေရ၏။
နင်ချီ ကောင်းကင်ကို စူးစိုက်ကြည့်လိုက်သည်။
ရောင်စုံဖန်သား ရတနာသစ်ပင်နှင့် အစစ်အမှန် နက်ရှိုင်းသော တံဆိပ်တော်တို့သည် လေဟာနယ်ထဲတွင် ရပ်တန့်နေကြ၏။ ရတနာ နှစ်ခုဆီမှ ဆန်းကြယ်သော စွမ်းအားများ စီးဆင်းထွက်ပေါ်လာပြီး ယှက်နွှယ် တိုက်ခိုက်နေကြရာ လေဟာနယ် အက်ကွဲကြောင်းများ ပေါ်လာခြင်း ဖြစ်သည်။
သို့သော် နင်ချီက ရတနာတွေကိုသာ အာရုံစိုက်နေ၏။ လေဟာနယ် ဆုတ်ဖြဲတာလောက်ကတော့ သူ ယခုလည်း လုပ်နိုင်သည်ပဲလေ။
ကောင်းကင်ဘုံလူသား အထွတ်အထိပ် ရောက်ပြီးကတည်းက သူ့စွမ်းအားတွေက အရင်ကထက် အများကြီး သာလွန်နေပြီ လေ၏။
‘ဒီ ရတနာသစ်ပင်နဲ့ တံဆိပ်တော်ကလည်း သိုင်းသူတော်စင် လျှို့ဝှက် ရတနာတွေပဲ ဖြစ်ရမယ်... ငါ မမှားဘူး ဆိုရင် ဗုဒ္ဓပေါင်ရှု နဲ့ တာအိုဆရာ ပိုင်ရှန် သုံးနေတဲ့ သိုင်းသူတော်စင် စွမ်းအားတွေက... ဒီ လျှို့ဝှက် ရတနာ နှစ်ခုကနေတဆင့် ပြောင်းလဲ ထွက်ပေါ်လာတာပဲ…’
နင်ချီ၏ မျက်လုံးများထဲတွင် ရွှေရောင်အလင်းများ ဖြာထွက်လာပြီး သူတို့၏ စွမ်းအား လည်ပတ်ပုံကို စောင့်ကြည့်လိုက်သည်။
အံ့သြစရာ ကောင်းတာက... ဒီနှစ်ခုဟာ ယွီဘုရင် ပုလဲ နှင့် သိပ်မကွာခြားလှပေ။ နည်းနည်းလေး ပိုစွမ်းတာလောက်သာ ရှိမည်။
‘ဘာဖြစ်လို့လဲ... သူတို့ကိုယ်တိုင်က သိုင်းသူတော်စင် စွမ်းအားကို မပိုင်ဆိုင်ကြတာလား... စွမ်းအားတွေ ပြန်မရသေးတာလား... ဒါမှမဟုတ် တခြား အကြောင်းရင်း တစ်ခုခုကြောင့် ထုတ်မသုံးနိုင်ကြတာလား…’
နင်ချီ တုန်လှုပ်သွားမိသည်။
ဒီအချက်က သူတို့နှစ်ယောက် သူ ထင်သလောက် မစွမ်းရခြင်း၏ အကြောင်းရင်းကို တစ်စိတ်တစ်ပိုင်း ရှင်းပြနေသလိုပါပင်။
မဟုတ်လျှင် ရှေးခေတ်ကတည်းက ကျန်ရစ်ခဲ့သော သိုင်းသူတော်စင် အဆင့် ပညာရှင်ကြီး နှစ်ယောက်က ဒီလောက်သာ စွမ်းမည် ဆိုတာ မဖြစ်နိုင်ပါချေ။
နင်ချီ လေးလေးနက်နက် စဉ်းစားနေမိသည်။
ယခုချိန်မှာ ဆက်ပြီး ထင်ကြေးပေးနေ၍ အပိုပါပဲ။
အကောင်းဆုံး နည်းလမ်းကတော့ ကာယကံရှင်တွေကို ကိုယ်တိုင် မေးကြည့်ခြင်းပင်။ 'တာအိုဆရာ ပိုင်ရှန်'က ထွက်ပေါက်တစ်ခု ဖြစ်ကောင်း ဖြစ်နိုင်၏။ 'တာအိုဆရာ ပိုင်ရှန်'ဟာ စစ်မှန်သူ ဧကရာဇ် ဆိုတာ မသိခင်တုန်းကတော့ သူနှင့် ဆက်ဆံရေး တော်တော် ကောင်းခဲ့သည်လေ။ ယခု သူ့အထောက်အထားကို သိသွားပြီ ဆိုတော့... 'တာအိုဆရာ ပိုင်ရှန်'၏ အရင်က ရည်ရွယ်ချက်တွေကို နင်ချီ ခန့်မှန်း၍ မရတော့ပါ။
စဉ်းစားနေတုန်းမှာပင်...၊
လေဟာနယ်ထဲက သိုင်းသူတော်စင် လျှို့ဝှက် ရတနာ နှစ်ခုမှာ ထူးခြားမှုတွေ စတင် ဖြစ်ပေါ်လာလေ၏။
ဗုဒ္ဓပေါင်ရှုက ဘုရားစာ ရွတ်လိုက်ရာ ရတနာသစ်ပင်၏ အလင်းရောင်များ ပိုမို စူးရှလာသည်။ သူ့မျက်နှာထားက လေးနက်နေသော်လည်း၊ 'တာအိုဆရာ ပိုင်ရှန်'ကတော့ ပေါ့ပေါ့ပါးပါးပင်။
"ဒါ မင်းရဲ့ အကန့်အသတ်ပဲလား..."
တာအိုဆရာ ပိုင်ရှန် တည်ငြိမ်စွာ ပြုံးလိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ ရှေးဟောင်း တံဆိပ်တော်ကြီး ထပ်မံ ကြီးထွားလာသည်။
တောင်ကြီးပမာ ဖိအားများ ဖိချလိုက်သဖြင့် ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ ဖြစ်သွားသည်။ နားကွဲမတတ် မြည်ဟိန်းသံကြီးကြောင့် အားလုံး ကြောက်ရွံ့သွားကြ၏။
ရှေးဟောင်း တံဆိပ်တော်ကြီးသည် ရတနာသစ်ပင်ဆီသို့ တစ်လှမ်းချင်း တိုးဝင် ဖိနှိပ်လိုက်သည်။ အဆုံးမရှိသော ဗုဒ္ဓရောင်ခြည်များကြားတွင် အက်ကွဲကြောင်း သေးသေးလေးတွေ ပေါ်လာပြီး၊ သစ်ပင်ကြီးမှာ ဝန်ပိနေသကဲ့သို့ တကျွီကျွီ မြည်သံများ ထွက်ပေါ်လာသည်။
နောက်တစ်ခဏတွင် လုံးဝ ကြေမွသွားတော့မည့်အလား။ ဘုရားစင် ပြိုကျပြီး ဘုရားလောင်းများ လန့်ဖျပ်သွားသည့် ပုံရိပ်ယောင်များပင် ပေါ်လာသည်။
ဆန်းကြယ်သော စွမ်းအားပါဝင်သည့် ကောင်းကင် ပုံစံကွက်များက ရတနာသစ်ပင်ကို လေဟာနယ်ထဲတွင် ချိပ်ပိတ်လိုက်သဖြင့် ပြန်ခေါ်လို့ မရနိုင်တော့ပေ။
ဗုဒ္ဓပေါင်ရှု၏ မျက်နှာထား နောက်ဆုံးတော့ ပြောင်းလဲသွားချေပြီ။
သူ့မျက်လုံးများ တုန်လှုပ်သွားပြီး အနည်းငယ် ရှုံးနိမ့်သွားသလို ခံစားလိုက်ရ၏။ နှစ်တွေ ဒီလောက် ကြာသွားတာတောင် စစ်မှန်သူ ဧကရာဇ်ကို မယှဉ်နိုင်သေးပါလား။
"စစ်မှန်သူ ဧကရာဇ်... မင်းက ပုဂ္ဂိုလ်ရေး ခင်မင်မှုကို လုံးဝ ထည့်မတွက်တော့ဘူးလား... မဟာမိတ် မဖွဲ့ချင်လည်း နေပေါ့ကွာ..."
ထိုအခါ၊ 'တာအိုဆရာ ပိုင်ရှန်'၏ အသံသည် အစစ်အမှန် နက်ရှိုင်းတောင် တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။
"ဟိုတုန်းက... မင်း ငါ့ဆီက ကောင်းကင်ကြိုးကြာပင်ကို လာလုတုန်းက... ငါက သံယောဇဉ်ကို ထောက်ထားပြီး ဘာမှ မပြောခဲ့ဘူး... သတိပေးရုံလောက်ပဲ လုပ်ခဲ့တာ... အခုကျတော့ မင်းက ငါ့ရဲ့ ဂိုဏ်းအထိ လာပြီး စော်ကားနေတယ်... တကယ့်ကို အရှက်မရှိတဲ့ ကောင်... ဒီနေ့ မင်းကို ပညာမပေးရင်... ငါ ပိုင်ရှန်းကို အချဉ်မှတ်နေဦးမယ်..."
သူ့အသံက ရေခဲတမျှ အေးစက်နေလေသည်။