← Chapters

ဝိဉာဥ် (အပိုင်း၂)

Vol. 22 Ch. 319

ဝိဉာဥ် (အပိုင်း၂)

Vol. 22 Ch. 319

~အစစ်အမှန် နက်ရှိုင်းသော တံဆိပ်တော်ကြီး ပိုမို လင်းလက်လာပြီး ကောင်းကင်နှင့် မြေကြီး စွမ်းအားများ ဝင်ရောက်လာသည်။ လေပြင်းများ တိုက်ခတ်နေသော်လည်း အရာအားလုံးက ထိုနေရာလေး အတွင်းမှာသာ ဖြစ်ပျက်နေခြင်း ဖြစ်သည်။

“ဂျွတ်..ဂျွတ်”

ရတနာ သစ်ပင်ပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာရာ ပေါင်ရှု စိတ်ပျက်သွားသည်။

"စစ်မှန်သူ ဧကရာဇ်... ရပ်လိုက်စမ်း... မင်းက တကယ်ပဲ ငါ့အကြောင်း အကုန်သိတယ် ထင်နေတာလား... ဝိညာဉ် နိုးထခြင်းသာ မဖြစ်ခဲ့ရင် ဘယ်သူနိုင်မယ် ဆိုတာ ပြောလို့မရဘူးကွ..."

သူသည် ရတနာသစ်ပင်ကို ပြန်ထိန်းချုပ်ရန် ကြိုးစားသော်လည်း အခြေအနေက သက်သာမလာပေ။

သူကိုယ်တိုင်လည်း ပြန်ကန်အားတချို့ ခံစားလိုက်ရပြီး မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ သူ၏ ရတနာ ပိုင်ဆိုင်ထားသော ခန့်ညားမှုများ ပျောက်ဆုံးသွားပြီး ပိုင်ရှန်းကို ဒေါသတကြီး စိုက်ကြည့်နေ၏။ သူ့ပုံစံက အနည်းငယ် ရိုင်းစိုင်း ကြမ်းတမ်းလာသည်။

"ခံစစ်ကျိုးတော့မယ် မဟုတ်လား... တကယ့်ကို အသုံးမကျတဲ့ ကောင်... ဝိညာဉ် နိုးထခြင်း ဖြစ်လာရင်ရော ဘာအသုံးကျမှာလဲ... ငါ မင်းကို လက်တစ်ဖက် အသာပေးထားဦးမယ်..."

'တာအိုဆရာ ပိုင်ရှန်'က သဘောကျစွာ ရယ်မောလိုက်သည်။ သူက အမှန်ပင် လူကို ဒေါသထွက်အောင် စာဖွဲ့တတ်လွန်းသည်။

နင်ချီ၏ မျက်ဝန်းထဲတွင် ရွှေရောင် အလင်းတန်း တစ်ချက် ဖြတ်ပြေးသွား၏။

'ဝိညာဉ် နိုးထခြင်း တဲ့လား…’

သူ တစ်စုံတစ်ရာကို ဝေဝါးဝါး နားလည်လိုက်သည်။

ထင်ရှားသည်မှာ ဗုဒ္ဓပေါင်ရှု၏ မျက်နှာထား ပိုမို မည်းမှောင်သွားခြင်းပင်။

သို့သော် သူ ပြန်မပြောရဲတော့ပေ။ ဖိအားက ပိုများလာသည်။

အကယ်၍များ သူ၏ လျှို့ဝှက် ရတနာ ထိခိုက်သွားခဲ့လျှင်၊ အနာဂတ် အခွင့်အရေးတွေမှာ အသာစီးမရနိုင်တော့ဘဲ ဖြစ်သွားမှာ စိုးရိမ်ရ၏။ နောင်တရ၍ ဆုံးမှာ မဟုတ်ပါ။

ထိုအချက်ကို တွေးမိလိုက်သောအခါ...၊

ဗုဒ္ဓပေါင်ရှုသည် နောက်ဆုံးတွင် မာန်မာနကို လျှော့ချလိုက်ပြီး အော်ဟစ်လိုက်တော့၏။

"လူရိုင်းဧကရာဇ် ... မင်း ဘာလို့ ဝင်မပါသေးတာလဲ... ဒီ အရူးတာအိုဆရာကို အတူတူ ဝိုင်းချကြစို့..."

အားလုံး လန့်ဖျပ်သွားကြ၏။

ဗုဒ္ဓပေါင်ရှုက ဒီလို ဆက်ဆံပုံမျိုးနှင့် ခေါ်လိုက်မှတော့... ထိုလူဟာ သေချာပေါက် သူနှင့် တန်းတူ အဆင့်ရှိသည့် ပညာရှင်ကြီး ဖြစ်ရပေမည်။

'တာအိုဆရာ ပိုင်ရှန်'၏ မျက်လုံးအိမ် ကျဉ်းမြောင်းသွားပြီး အသံနက်ကြီးဖြင့် ပြောလိုက်သည်။

"လူရိုင်းဧကရာဇ်ပါ ရောက်နေတာလား..."

နင်ချီသည် နေရာအနှံ့ လိုက်လံ ရှာဖွေနေပြီး တုန်ခါမှု တစ်ခုကို အာရုံခံမိလိုက်သည်။ ကောင်းကင်ယံသို့ မော့ကြည့်လိုက်ရာ ဝေးကွာပြီး ဖမ်းဆုပ်ရ ခက်ခဲသော အရှိန်အဝါတစ်ခု နီးကပ်လာသည်ကို တွေ့လိုက်ရ၏။

ဒီလို လွင့်ပါးပျောက်ကွယ်လွယ်သော အရှိန်အဝါမျိုးက သူတို့လို လူစားမျိုးတွေ ၏ ထူးခြားချက်ပင် ဖြစ်ကြောင်း နင်ချီ နားလည်လိုက်သည်။

ဟိန်းညံသော ရယ်သံက ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားသည်။

"ဟားဟားဟားဟား..စစ်မှန်သူ ဧကရာဇ်ကြီးက ကျုပ်ကို မှတ်မိနေသေးတယ် ဆိုတော့... ဝမ်းသာစရာပါပဲဗျာ..."

အားလုံး၏ အကြည့်အောက်တွင်...၊

တောင့်တင်းသန်မာပြီး တောင်ကြီးပမာ မြင့်မားသော လူတစ်ယောက် လေဟာနယ်ထဲမှ ထွက်ပေါ်လာသည်။ ခါးတွင် အမည်မသိ အနက်ရောင် သားရဲသားရေကို ပတ်ထားပြီး ကြောက်မက်ဖွယ်ရာ အရှိန်အဝါများကို ထုတ်လွှတ်နေ၏။ ကြွက်သားများဖြင့် ပြည့်နှက်နေသော ရင်အုပ်တစ်ခြမ်းကို ဖော်ထားပြီး လှပတင့်တယ်မှုကို ခံစားရစေသည်။

သူ့ဆံပင်များ ဖရိုဖရဲ လွင့်ပျံနေပြီး လက်နှစ်ဖက်ကို နောက်ပစ်ထားပုံမှာ ကိုယ့်နယ်မြေကို လှည့်လည် ကြည့်ရှုနေသော ဘုရင်တစ်ပါး အလား အာဏာစက် ပြင်းထန်လွန်းလှသည်။ ဘယ်သူမှ သူ့အကြည့်ကို ရင်မဆိုင်ရဲကြပေ။

'တာအိုဆရာ ပိုင်ရှန်'သည် အစစ်အမှန် နက်ရှိုင်းသော တံဆိပ်တော်၏ စွမ်းအားကို လျှော့ချလိုက်ပြီး ဝင်ရောက်လာသူကို သတိထား စောင့်ကြည့်လိုက်သည်။

'တာအိုဆရာ ပိုင်ရှန်'သည် သူ့ရှေ့မှ သံမဏိ မျှော်စင်ကြီးသဖွယ် လူသားကို ကြည့်ရင်း ပြောလိုက်သည်။

"လူရိုင်းဧကရာဇ်လို ပုဂ္ဂိုလ်မျိုးကို ဒီတာအိုအဘိုးကြီးက ဘယ်မေ့ပါ့မလဲ... ဒါပေမဲ့ ပေါင်ရှုလို ဘုန်းကြီးအိုကြီးနဲ့ ပေါင်းနေတာက မင်းရဲ့ သိက္ခာ ကျမနေဘူးလား..."

လူရိုင်းဧကရာဇ်က ရယ်မောရင်း လက်ကာပြလိုက်သည်။

"စစ်မှန်သူ ဧကရာဇ် အထင်လွဲနေပါပြီ... ဗုဒ္ဓပေါင်ရှုနဲ့ စစ်မှန်သူ ဧကရာဇ်ကြားမှာ နားလည်မှု လွဲနေတာပါ... အခုဆိုရင် ဗုဒ္ဓဘာသာ ဂိုဏ်းက ကျုပ်တို့ လူရိုင်းမျိုးနွယ်စုရဲ့ လက်အောက် ရောက်နေပြီ ဆိုတော့... တစ်မိသားစုတည်း ဖြစ်နေပါပြီ... ဒီနေ့ လာတာက ရန်စဖို့ မဟုတ်ပါဘူး... စစ်မှန်သူ ဧကရာဇ်ကို ကြီးကျယ်တဲ့ ကိစ္စကြီးတွေ ဆွေးနွေးဖို့ ဖိတ်ခေါ်ချင်လို့ပါ..."

အားလုံး၏ စိတ်ဓာတ်များ တက်ကြွသွားပြီး လူရိုင်းဧကရာဇ်၏ ဇာစ်မြစ်ကို နားလည်လိုက်ကြ၏။

မြောက်ပိုင်း လူရိုင်းတို့ရဲ့ ဧကရာဇ်။

ဒီ အထောက်အထားက နည်းနည်းတော့ ထိလွယ်ရှလွယ် ဖြစ်နေပြီး အားလုံး မယုံနိုင် ဖြစ်နေကြ၏။

အကြောင်းကား ၊မြောက်ပိုင်းလူရိုင်းတွေဟာ မဟာယန်၏ ဖိနှိပ်မှုကို အမြဲ ခံခဲ့ရသည်လေ။

မည်သို့မည်ပုံ၊ ဤမျှ စွမ်းအားကြီးသော လူရိုင်းဧကရာဇ် ရုတ်တရက် ပေါ်ထွက်လာရသနည်း။

ယခင်က တစ်ခါမှ မကြားဖူးခဲ့ပါ။

'တာအိုဆရာ ပိုင်ရှန်'ရဲ့ သဘောထားကို ကြည့်ရုံနဲ့တင် ဒီ လူရိုင်းဧကရာဇ်ဟာ သာမန် မဟုတ်ဘူး ဆိုတာ သိသာနေ၏။

လူရိုင်းဧကရာဇ် စကားဆုံးသည်နှင့် လက်ကို အနည်းငယ် ဝှေ့ယမ်းလိုက်သည်။

ထိုအခါ၊ ဆန်းကြယ်သော စွမ်းအားများ စုစည်းသွားပြီး နက်မှောင်သော ကောင်းကင် ဝံပုလွေ တစ်ကောင် အဖြစ် ပြောင်းလဲသွားသည်။ ၎င်း၏ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါကြောင့် အားလုံး တုန်လှုပ်သွားကြပြီး သားရဲဧကရာဇ် တစ်ကောင်ကို တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။

နက်မှောင်သော ကောင်းကင် ဝံပုလွေသည် ကောင်းကင်သို့ မော့၍ အူလိုက်ပြီး အစစ်အမှန် နက်ရှိုင်းသော တံဆိပ်တော်ဆီသို့ ခုန်အုပ်လိုက်သည်။

ချက်ချင်းဆိုသလိုပင်...၊

နှစ်ယောက် တစ်ယောက် အခြေအနေ ဖြစ်သွားသည်။

'တာအိုဆရာ ပိုင်ရှန်'၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။ အစစ်အမှန် နက်ရှိုင်းသော တံဆိပ်တော်သည် ဖိနှိပ်ထားသော စွမ်းအားများကို ချက်ချင်း ရုပ်သိမ်းလိုက်ပြီး အားလုံးကို ကာကွယ်ပေးလိုက်သည်။ ရှေးဟောင်း တံဆိပ်တော်သည် လေထဲတွင် ဝဲပျံနေပြီး မကောင်းသော အခြေအနေကို အာရုံခံမိသကဲ့သို့ တဖျပ်ဖျပ် လင်းလက်နေ၏။

ဖိအား အကြီးအကျယ် ခံထားရသော ရတနာ သစ်ပင်သည် လုံးဝ လွတ်မြောက်သွားပြီး ရွှေရောင် အလင်းတန်းများ ထွက်ပေါ်လာကာ အက်ကွဲကြောင်းများ အားလုံး ချက်ချင်း ပျောက်ကွယ်သွားသည်။

နက်မှောင်သော ကောင်းကင် ဝံပုလွေသည်လည်း ဆက်မလိုက်တော့ဘဲ ရတနာ သစ်ပင်၊ အစစ်အမှန် နက်ရှိုင်းသော တံဆိပ်တော် တို့နှင့်အတူ အပြန်အလှန် ထိန်းညှိ ရပ်တန့်နေလိုက်သည်။

'တာအိုဆရာ ပိုင်ရှန်'၏ အကြည့်များ အေးစက်လာ၏။

"သြော်... မင်းမှာ အကူ ရှိနေတာကိုး... ပေါင်ရှု... ဒီဘုန်းကြီးက ဒီနေ့မှ ဘာလို့ ဒီလောက် ရဲတင်းနေတာလဲလို့..."

လူရိုင်းဧကရာဇ်က လေးလေးနက်နက် ပြောလိုက်သည်။

"စစ်မှန်သူ ဧကရာဇ်... စိတ်လျှော့ပါဦးဗျ... စောစောက ဗုဒ္ဓပေါင်ရှု လုပ်လိုက်တာက စစ်မှန်သူ ဧကရာဇ် နိုးထလာပြီလား ဆိုတာ စမ်းသပ်ကြည့်ရုံပါ... မသင့်တော်တာ ရှိရင် ခွင့်လွှတ်ပေးပါ... ဒီနေ့ ကျုပ်တို့ လာတာက... စစ်မှန်သူ ဧကရာဇ်ကို ဖိတ်ခေါ်ချင်လို့ပါ... တာအိုဂိုဏ်း တစ်ခုလုံးကို ဦးဆောင်ပြီး ကျုပ်တို့ လူရိုင်းမျိုးနွယ်စုဆီ ဝင်ရောက် ပူးပေါင်းဖို့လေ... ပြီးရင် နိုင်ငံတော် ဘာသာ အဖြစ် အတူတူ ရပ်တည်ကြမယ်... အခွင့်အရေးတွေလည်း အတူတူ ရှာကြမယ်ပေါ့..."

အားလုံး၏ ရင်ထဲတွင် လှုပ်ခတ်သွားသည်။

‘လူရိုင်းဧကရာဇ်ရဲ့ ရည်မှန်းချက်က ကြီးမားလိုက်တာ။

တာအိုနဲ့ ဗုဒ္ဓကို ပေါင်းစည်းချင်နေတာပဲ။’

ရိုးရိုးလေး တွက်ကြည့်လိုက်တာနှင့် ရည်ရွယ်ချက်ကို သိနိုင်ပါသည်။ မြောက်ပိုင်း လူရိုင်းတွေနှင့် မဟာယန် ဆိုတာ ဘယ်တုန်းကမှ မတည့်ခဲ့ကြပါ။

အကယ်၍၊ တာအိုနှင့် ဗုဒ္ဓသာ သူတို့ လက်အောက် ရောက်သွားလျှင်... အင်အား ချိန်ခွင်လျှာ ပြောင်းလဲသွားပြီး မယုံနိုင်စရာ အပြောင်းအလဲတွေ ဖြစ်လာနိုင်၏။ အထူးသဖြင့် မကြာသေးမီက မြောက်ပိုင်း လူရိုင်းတွေ တောင်ဘက်ကို ထိုးစစ်ဆင်လာသည်နှင့် ဆက်စပ်တွေးကြည့်လျှင် ပိုပြီး ကြောက်စရာ ကောင်းလာသည်။

တာအိုဆရာ လုံရှန်းလည်း ထိုနည်းတူ ခံစားလိုက်ရ၏။ နင်ချီကို တစ်ခုခု ပြောဖို့ လှည့်ကြည့်လိုက်ရာ သူ့တပည့် ပျောက်နေသည်ကို ရုတ်တရက် သတိပြုမိသွားသည်။ သူ အလိုလို လိုက်ရှာကြည့်သော်လည်း မတွေ့ရတော့ စိတ်ပူသွားမိသည်။ သို့သော် လက်ရှိ အခြေအနေကြောင့် ငြိမ်နေလိုက်ရ၏။

လူရိုင်းဧကရာဇ်က အလွန် ရိုးသားဟန် ရှိသည်။

"စစ်မှန်သူ ဧကရာဇ် အနေနဲ့ လေးလေးနက်နက် စဉ်းစားပေးပါ... ကြိုက်တဲ့ အချက်အလက်ကို တောင်းဆိုနိုင်ပါတယ်..."

'တာအိုဆရာ ပိုင်ရှန်'က အရှေ့ဘက်၊ ယန်ပြည်နယ် ရှိရာ အရပ်သို့ လက်ညှိုးထိုးပြလိုက်သည်။

"လူရိုင်းဧကရာဇ်က... ဟိုတစ်ယောက်ကို မကြောက်ဘူးလား..."

အားလုံး အသက်ရှူ အောင့်ထားလိုက်မိကြ၏။

ဘယ်သူ့ကို ပြောချင်တာလဲ ဆိုတာ နားလည်ကြ၏။

မဟာယန် သိုင်းသူတော်စင်..။

လူရိုင်းဧကရာဇ်၏ မျက်နှာထား အနည်းငယ် လေးနက်သွားသော်လည်း၊ ယုံကြည်မှု ရှိစွာဖြင့် ပြုံးလိုက်သည်။

"ကျုပ်တို့ ပြန်ရောက်လာကြပြီ ဆိုတော့... တချို့ကိစ္စတွေ ပြောင်းလဲသင့်ပြီလေ... ကျုပ်က ကိုယ့်အတွက်တင် မကဘူး၊ အနာဂတ် မျိုးဆက်တွေ အတွက်ပါ တွေးရမယ်..."

"သူ့ကိစ္စကတော့... ကျုပ်တို့နဲ့ မတူတဲ့ လမ်းကြောင်းကို ရွေးချယ်ခဲ့တာလေ... အထွတ်အထိပ်မှာ ဆက်ရှိနေနိုင်မလား ဆိုတာ မသေချာတော့ဘူး... ရှိနေရင်တောင်မှ ကျုပ် မကြောက်ပါဘူး... မကြာခင် ကျုပ်.. သူ့ဆီက အဖြေသွားတောင်းဦးမှာ..."

လူရိုင်းဧကရာဇ်၏ မျက်ဝန်းထဲတွင် လွှမ်းမိုးလိုစိတ်များ ပြည့်နှက်နေ၏။

အားလုံး၏ သွေးများ ဆူပွက်လာကြ၏။

ခေတ်သစ်ကြီး တစ်ခု ပေါ်ထွန်းလာတော့မည့် အလား ခံစားနေကြရ၏။

သိုင်းသူတော်စင်များ ပြန်လည် ရောက်ရှိလာခြင်း။တစ်ခုခုကို ရည်ညွှန်းနေတာလား။

တာအိုဆရာ လုံရှန်းလည်း အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။

'တာအိုဆရာ ပိုင်ရှန်'သည် လူရိုင်းဧကရာဇ်၏ လွှမ်းမိုးမှုကို ခံလိုက်ရသလို တိတ်ဆိတ်သွားသည်။ လူရိုင်းဧကရာဇ်က စိတ်ရှည်စွာ စောင့်ဆိုင်းနေ၏။ ဗုဒ္ဓပေါင်ရှုကတော့ မကျေနပ်သော်လည်း ဝင်မပြောရဲဘဲ ငြိမ်နေလိုက်သည်။

ခဏကြာတော့... 'တာအိုဆရာ ပိုင်ရှန်' ခေါင်းခါလိုက်သည်။

"ငါက မင်းတို့ ကိစ္စတွေမှာ ဝင်ပါဖို့ စိတ်ကူးမရှိဘူး... တာအိုဂိုဏ်း ဆိုတာ ငါတစ်ယောက်တည်း ပိုင်တာ မဟုတ်ဘူး... လူရိုင်းဧကရာဇ်... ပြန်ကြွပါတော့..."

ထိုစကားသံအဆုံးတွင်...၊

တိတ်ဆိတ်ငြိမ်သက်သွားသည်။

လေထု တင်းမာလာသည်ကို အားလုံး ခံစားလိုက်ရ၏။

လူရိုင်းဧကရာဇ်သည် တည်ငြိမ်စွာဖြင့် 'တာအိုဆရာ ပိုင်ရှန်'ကို စိုက်ကြည့်နေ၏။ လေဟာနယ်ထဲတွင် နက်မှောင်သော ကောင်းကင် ဝံပုလွေက တိုးညင်းစွာ ဟိန်းဟောက်လိုက်သည်။ ဗုဒ္ဓပေါင်ရှုက ရုတ်တရက် ခေါင်းမော့လာပြီး မျက်လုံးထဲတွင် ဝမ်းသာရိပ်များ ယှက်သန်းသွားသည်။

"တကယ် မစဉ်းစားတော့ဘူးလား..." လူရိုင်းဧကရာဇ်က မေးလိုက်သည်။

'တာအိုဆရာ ပိုင်ရှန်'က အေးဆေးစွာ ပြန်ဖြေလိုက်သည်။

"ပြန်ကြပါတော့..."

လူရိုင်းဧကရာဇ်က ဟားတိုက် ရယ်မောလိုက်သည်။ သူ့ရယ်သံက ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေတော့၏။

"ကောင်းပြီလေ... စစ်မှန်သူ ဧကရာဇ်ရဲ့ နာမည်ကျော်ကြားမှုကို ကြားဖူးနေတာ ကြာပါပြီ... တွေ့ခွင့် မကြုံခဲ့ဘူး... ဒီနေ့တော့ လက်တွေ့ မြင်ရပြီပေါ့... ဗုဒ္ဓပေါင်ရှုကို စော်ကားတာဟာ ငါ့ကို စော်ကားတာနဲ့ အတူတူပဲ..."

လူရိုင်းဧကရာဇ်သည် 'တာအိုဆရာ ပိုင်ရှန်'ကို စူးစိုက်ကြည့်လိုက်သည်။

မျက်ဝန်းထဲတွင် ပြင်းထန်သော လူသတ်အ အရှိန်အဝါများ စုဝေးလာလေ၏။

All Chapters