← Chapters

နင်ချီ ဝင်ရောက် စွက်ဖက်ခြင်း (အပိုင်း ၂)

Vol. 22 Ch. 321

နင်ချီ ဝင်ရောက် စွက်ဖက်ခြင်း (အပိုင်း ၂)

Vol. 22 Ch. 321

~အဆင့်နိမ့် သိုင်းသမား တချို့ဆိုလျှင် ဖိအားဒဏ်ကြောင့် မျက်စိ၊ နှာခေါင်း၊ ပါးစပ် စသည့် ဒွါရပေါက် (၇) ပေါက်လုံးမှ သွေးများ ယိုစီးကျလာသည် အထိ ဖြစ်ကုန်ကြ၏။

အစစ်အမှန် နက်ရှိုင်းဂိုဏ်းမှ စစ်မှန်သူ သုံးပါးစလုံး မျက်နှာ ပျက်သွားကြ၏။ သူတို့ ချက်ချင်း လှုပ်ရှားလိုက်ပြီး ဧည့်သည်တော်များကို ကာကွယ်ပေးလိုက်ကြ၏။ မဟုတ်လျှင် လူအသေအပျောက် များသွားခဲ့ပါက အစစ်အမှန် နက်ရှိုင်းဂိုဏ်း ရပ်တည်စရာ နေရာ ရှိတော့မည် မဟုတ်ချေ။

အခြား ကောင်းကင်ဘုံလူသား အဆင့် ပညာရှင်များလည်း တစ်ယောက်ပြီးတစ်ယောက် ကူညီ ကာကွယ်ပေးကြလေသည်။

တာအိုဆရာ လုံရှန်း၏ မျက်နှာထား တင်းမာနေ၏။ သူသည် အစစ်အမှန် သိုင်းဂိုဏ်းသားများကို ကာကွယ်ပေးရင်း၊ အနီးအနားရှိ အားကိုးရာမဲ့နေသော ဧည့်သည်တချို့ကိုပါ အရိပ်အာဝါသ ပေးလိုက်သည်။ ထိုသူများ၏ မျက်ဝန်းထဲတွင် ကျေးဇူးတင်သော အရိပ်အယောင်များ ပေါ်လာလေ၏။

သို့သော်၊ အားလုံး၏ ရင်ထဲမှာတော့ စိုးရိမ်ပူပန်မှုတွေ ပြည့်နှက်နေ၏။

လက်ရှိ အခြေအနေက သိပ်မကောင်းလှပေ။

ဗုဒ္ဓပေါင်ရှုနှင့် လူရိုင်းဧကရာဇ်တို့သည် လူအင်အားဖြင့် အနိုင်ကျင့် ဗိုလ်ကျနေကြခြင်း ဖြစ်ပေသည်။

'တာအိုဆရာ ပိုင်ရှန်' တစ်ဦးတည်းဖြင့်မူ မည်သို့မျှ တောင့်ခံနိုင်မည် မဟုတ်ချေ။

'တာအိုဆရာ ပိုင်ရှန်'၏ မျက်လုံးများထဲတွင် ဒေါသမီးတောက်များ တောက်လောင်လာသည်။

‘ကောင်းပြီလေ... ကောင်းပြီလေ... ငါ ဟိုတုန်းကတည်းက ဒီ အရှက်မရှိတဲ့ ဘုန်းကြီးကို ပါးရိုက်သတ်ပစ်ခဲ့သင့်တာ…’’

သူ အကြီးအကျယ် ဖိအားပေးခံနေရ၏။ ဗုဒ္ဓပေါင်ရှုက သူ့ထက် အနည်းငယ် နိမ့်ကျသည် ဆိုသော်လည်း၊ နောက်ဆုံးတော့ အဆင့်တူ ပညာရှင်ပင်။ လူရိုင်းဧကရာဇ်က ဆိုလျှင် သူ့ထက်တောင် အနည်းငယ် သာလွန်နေသေးသည်။ သူ မည်မျှပင် တော်နေပါစေ၊ နှစ်ယောက် တစ်ယောက် ဆိုတာတော့ ဘယ်လိုမှ မဖြစ်နိုင်ပေ။

အင်မော်တယ် ကြိုးကြာငှက် ခမျာ ကောင်းကင် ဝံပုလွေ နှင့် ဗုဒ္ဓပေါင်ရှု ကြားမှာ ဝိုင်းဝန်း တိုက်ခိုက်ခံနေရပြီး အခြေအနေ ဆိုးရွားနေ၏။ ဖြူဖွေးသော အမွှေးအတောင်များ ပြုတ်ထွက်ကုန်ပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်လာသည်။ အစစ်အမှန် နက်ရှိုင်းသော တံဆိပ်တော် က ရတနာ သစ်ပင် ၏ ဖိအားကို ခုခံဖို့ ကြိုးစားသော်လည်း၊ ဒီတစ်ခါတော့ ပေါင်ရှု၏ ရောင်စုံ ဗုဒ္ဓရောင်ခြည် နှင့် လွင့်စင်သွားရ၏။

အခြေအနေက လျင်မြန်စွာ ပြောင်းလဲနေ၏။

အစစ်အမှန် နက်ရှိုင်းဂိုဏ်းသားများ၏ စိတ်နှလုံးတွေ လေးလံသွားကြ၏။

အခြေအနေက ဆိုးရွားလွန်းနေ၏။

သည်အတိုင်းသာ ဆက်သွားလျှင် သူတို့ ဘိုးဘေးကြီး ရှုံးနိမ့်သွားတော့မည်။

'တာအိုဆရာ ပိုင်ရှန်'၏ မျက်လုံးများတွင် လျှပ်စီးကြောင်းများ လက်ခနဲ ဖြစ်သွားပြီး ဗုဒ္ဓပေါင်ရှုကို စူးစူးဝါးဝါး ကြည့်လိုက်သည်။ ဗုဒ္ဓပေါင်ရှုကတော့ နှုတ်ခမ်းထောင့်စွန်းတွင် ကောက်ကျစ်သော အပြုံးတစ်ခု ဖန်တီးထားပြီး သူ့ကို လုံးဝ လျစ်လျူရှုထားလေ၏။ 'တာအိုဆရာ ပိုင်ရှန်' တဖြည်းဖြည်း ဖရိုဖရဲ ဖြစ်လာတာကို မြင်ရတော့ သူ ကျေနပ်နေပုံရ၏။

လူရိုင်းဧကရာဇ်က ထပ်မံ စည်းရုံးလိုက်သည်။

"စစ်မှန်သူ ဧကရာဇ်... ဘယ်လို သဘောရလဲဗျ..."

ဒီတစ်ခါတော့ 'တာအိုဆရာ ပိုင်ရှန်' ပေါက်ကွဲသွားတော့၏။

"ထွက်သွားစမ်း..."

သူ့ခေါင်းပေါ်က သရဖူ ကွဲကြေသွားပြီး ဖြူဖွေးသော ဆံပင်များ ဖရိုဖရဲ လွင့်ပျံလာသည်။ 'တာအိုဆရာ ပိုင်ရှန်’ သည် လေပေါ်သို့ တစ်လှမ်းချင်း တက်သွားပြီး ကိုယ်တိုင် တိုက်ပွဲဝင်ဖို့ ပြင်ဆင်လိုက်လေသည်။ သူ့အသံက ရေခဲတမျှ အေးစက်နေ၏။

"မင်းကို လေးစားလို့ လူရိုင်းဧကရာဇ်လို့ ခေါ်နေတာ... မဟုတ်ရင် မင်းက ဝက်၊ ခွေး၊ နွား၊ သိုး အဆင့်လောက်ပဲ ရှိတာကွ... မင်းနဲ့ ငါ ဘာဆိုင်လို့လဲ... မင်း ငါ့ကို အတင်းအကျပ် ဖိအားပေးချင်ရင်တော့... သေဖို့သာ ပြင်ထားလိုက်ပေတော့..."

'တာအိုဆရာ ပိုင်ရှန်’၏ စိတ်ဓာတ်သည် ပြင်းထန်လွန်းလှ၏။ ခြိမ်းခြောက်ခံရခြင်းကို မနှစ်သက်ပေ။ ယခုကဲ့သို့ အတင်းအကျပ် ပြုမူလာသောအခါ၊ သူသည် 'ကြွေကွဲလိုက ကွဲပါစေ၊ မြေမကွဲစေနှင့်' ဟူသော သဘောထားမျိုးဖြင့် တုံ့ပြန်လိုက်လေပြီ။

'တာအိုဆရာ ပိုင်ရှန်'၏ အရှိန်အဝါများ မြင့်တက်လာပြီး ထူးဆန်းသော စွမ်းအား တစ်ခု သူ့ခန္ဓာကိုယ်ထဲတွင် ပြန်လည် နိုးထလာသည်။

လူရိုင်းဧကရာဇ်သည် မူလက 'တာအိုဆရာ ပိုင်ရှန်'၏ ဆဲဆိုမှုကြောင့် စိတ်ပျက်နေခဲ့ခြင်း ဖြစ်၏။ သို့သော် 'တာအိုဆရာ ပိုင်ရှန်’၏ အရှိန်အဝါ ပြောင်းလဲသွားသည်ကို မြင်တွေ့လိုက်ရသောအခါ၊ မျက်နှာထားသည် ချက်ချင်းပင် ပြောင်းလဲသွားခဲ့လေသည်။ သူသည် မနေနိုင်တော့သည်ဖြစ်၍ အော်ဟစ်လိုက်မိလေတော့သည်။

"စစ်မှန်သူ ဧကရာဇ်... အခု အချိန်မတန်သေးဘူးလေ... ခင်ဗျား သေချင်နေတာလား..."

'တာအိုဆရာ ပိုင်ရှန်'က ပြန်အော်လိုက်သည်။

"ဒါဆို အတူတူ သေကြတာပေါ့ကွာ..."

သူ့ပုံစံက ရူးသွပ်နေသလို ဖြစ်နေတော့၏။

ဗုဒ္ဓပေါင်ရှုက အေးစက်စွာ ပြောလိုက်သည်။

"သူ နှစ်ပေါင်း သောင်းချီ ကျင့်ကြံထားတာတွေကို တစ်ခါတည်းနဲ့ ဖျက်ဆီးပစ်ရဲမယ်လို့ ငါ မယုံဘူး..."

သို့သော် 'တာအိုဆရာ ပိုင်ရှန်'က ရပ်တန့်မည့် အရိပ်အယောင် မပြသောအခါ ဗုဒ္ဓပေါင်ရှု အမှန်တကယ်ပင် ထိတ်လန့်လာခဲ့လေသည်။ နောင်တလည်း ရမိသွား၏။

'တာအိုဆရာ ပိုင်ရှန်'၏ စိတ်ဓာတ်သည် ဤမျှထိ ပြင်းထန်ကာ ရူးသွပ်လိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။

လူရိုင်းဧကရာဇ်သည် ပေါင်ရှုအား မျက်စောင်းထိုးလိုက်လေသည်။ အလိမ်ခံလိုက်ရသကဲ့သို့ ခံစားနေရပေပြီ။

လူတိုင်း ရင်ထဲမှာ ထိတ်လန့်သွားကြ၏။ ဆိုးရွားသည့် ကိစ္စကြီး တစ်ခုခု ဖြစ်လာတော့မလို ခံစားနေရ၏။

ထိုအချိန်မှာပင်...၊

နဂါးဟိန်းသံ ရှည်ကြီး တစ်ခု ထွက်ပေါ်လာပြီး အားလုံး၏ အာရုံကို ဖမ်းစားလိုက်သည်။ အားလုံး အံ့သြသွားကြ၏။ အစစ်အမှန် နက်ရှိုင်းတောင်၏ အတွင်းပိုင်းမှ ဖြူဖွေးသော အစစ်အမှန် နဂါး တစ်ကောင် ပျံသန်းထွက်ပေါ်လာသည်ကို တွေ့လိုက်ရ၏။ တိမ်တိုက်များ၊ မြူခိုးများ လွှမ်းခြုံထားပြီး နတ်ဘုရား အရှိန်အဝါများ ထုတ်လွှတ်နေ၏။ လျင်မြန်စွာပင်၊ တိုက်ပွဲခွင်ထဲသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားလေ၏။

ဒီ မမျှော်လင့်ထားသော အပြောင်းအလဲကြောင့် အားလုံး ကြောင်အ သွားကြ၏။

"ဝုန်း..."

ကျယ်လောင်သော အသံကြီးကြောင့် အားလုံး အသိပြန်ဝင်လာကြ၏။

အစစ်အမှန် နဂါးကြီး ဟိန်းဟောက်လိုက်ပြီး ရောင်စုံဖန်သား ဗုဒ္ဓသစ်ပင်အား ဝင်တိုက်လိုက်ရာ ယိုင်နဲ့သွားသည်။ သူတို့ နှစ်ဦး ရစ်ပတ် တိုက်ခိုက်ရင်း စစ်မြေပြင်သစ် တစ်ခု ဖွင့်လှစ်လိုက်ကြ၏။

အင်မော်

ထိုအခါမှ၊ အင်မော်တယ် ကြိုးကြာငှက်ခမျာ သက်သာရာရသွားပြီး ကောင်းကင် ဝံပုလွေနှင့်၊ ပြန်လည် ရင်ဆိုင်နိုင်သွားသည်။

"ဒါ... ဒါ နောက်ထပ် ရှေးဟောင်း သူတော်စင် တစ်ပါး ထွက်လာတာလား..."

အားလုံး၏ စိတ်ထဲမှာ အလိုလို ပေါ်လာသည့် မေးခွန်းပင်။

ဧည့်သည်တော် အားလုံး ဝမ်းသာသွားကြ၏။ အထူးသဖြင့် အစစ်အမှန် နက်ရှိုင်းဂိုဏ်းသားတွေပင်။

ဤ ရှေးဟောင်း သူတော်စင်သည် သူ၏ အစစ်အမှန် ရုပ်သွင်ကို ထုတ်ဖော်ပြသခြင်း မရှိသော်ငြား၊ လက်ရှိ အခြေအနေအရ ဆိုလျှင်မူ သူသည် စစ်မှန်သူ ဧကရာဇ်အား လာရောက် ကူညီနေခြင်း ဖြစ်ကြောင်း သေချာလှပေသည်။

တာအိုဆရာ လုံရှန်း မျက်မှောင်ကြုတ်ပြီး ကြည့်နေမိသည်။

သူသည် ပတ်ဝန်းကျင်ကို ထပ်မံ၍ လိုက်လံ ရှာဖွေကြည့်ရှုသော်လည်း၊ သူ၏ တပည့်ကို မတွေ့ရှိရသေးချေ။ သို့သော် ဤ ရုတ်တရက် ပေါ်ထွက်လာသော နဂါးဖြူကြီးသည် နင်ချီနှင့် တစ်နည်းနည်းဖြင့် ပတ်သက်နေလိမ့်မည်ဟု သူ၏ အသိစိတ်က ဆိုနေပေသည်။ သူ၏ မျက်ဝန်းထဲတွင် အံ့သြမှုရော၊ စိတ်သက်သာရာ ရမှုပါ ယှဉ်တွဲ၍ ပေါ်ပေါက်လာခဲ့လေသည်။

ဤ နဂါးဖြူကြီးသည် သေချာပေါက် နင်ချီ၏ လက်ရာပင် ဖြစ်ပေသည်။

လူရိုင်းဧကရာဇ် ရောက်ရှိလာကတည်းက နင်ချီသည် စိတ်မသန့်တော့သည် ဖြစ်၍ တိတ်တဆိတ် ပုန်းအောင်းနေခဲ့ခြင်း ဖြစ်၏။ လိုအပ်ပါက ကူညီရန် အသင့် ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။ သူသည် မလိုအပ်သော ပြဿနာများကို မလိုလားသော်ငြား၊ 'တာအိုဆရာ ပိုင်ရှန်'သည် သူ့အပေါ် ကောင်းမွန်ခဲ့ပေသည်။ ထို့ပြင် သိုင်းသူတော်စင် နယ်ပယ် အကြောင်းကိုလည်း ဤလူကြီးထံမှ ဆက်လက်၍ သင်ယူလိုစိတ် ရှိနေသေး၏။ ထို့ကြောင့် နင်ချီသည် လက်ပိုက် ကြည့်မနေနိုင်တော့ခြင်း ဖြစ်ပေသည်။

သူ ယခုမှ ဝင်ရောက် စွက်ဖက်ရခြင်းမှာ... ကောင်းကင် ဝံပုလွေနှင့် အင်မော်တယ် ကြိုးကြာငှက်တို့၏ စွမ်းအား အသုံးပြုပုံကို လေ့လာနေခဲ့သောကြောင့် ဖြစ်ပေသည်။

ရှေးဟောင်း သူတော်စင် နှစ်ပါး၏ နည်းစနစ်များကို မြင်တွေ့လိုက်ရမှသာ သူ၏ သိုင်းသူတော်စင် စွမ်းအား အသုံးပြုပုံမှာ မည်မျှတိုင် အဆင့်နိမ့်ကျနေသေးကြောင်း သိရှိလိုက်ရလေသည်။ ယခု လက်တွေ့ တိုက်ပွဲမှ သင်ယူပြီးသည့်နောက်၊ ယွီဘုရင် ပုလဲအတွင်း၌ စုစည်းထားသော သိုင်းသူတော်စင် စွမ်းအားဖြင့် ဖန်တီးထားသည့် နဂါးဖြူကြီးကို များစွာ အားဖြည့်ပေးလိုက်နိုင်ခဲ့ပြီ ဖြစ်သည်။

ယခု နင်ချီ တိုက်ခိုက်လိုက်သောအခါ... ကောင်းကင် ဝံပုလွေနှင့် အင်မော်တယ် ကြိုးကြာငှက်တို့လောက် မစွမ်းဆောင်နိုင်သေးသော်လည်း၊ ရောင်စုံဖန်သား ရတနာသစ်ပင်ကို တားဆီးရန်မူ မခက်ခဲတော့ချေ။

ကောင်းကင်ယံထက်၌မူ...၊

စစ်မြေပြင် နှစ်ခု ဖြစ်ပေါ်လာခဲ့လေ၏။

ကောင်းကင် ဝံပုလွေနှင့် အင်မော်တယ် ကြိုးကြာငှက်တို့က တစ်ဖက်၊ နဂါးဖြူကြီးနှင့် ဗုဒ္ဓသစ်ပင်တို့က တစ်ဖက် တိုက်ခိုက်နေကြလေတော့၏။

ဗုဒ္ဓပေါင်ရှု နှင့် လူရိုင်းဧကရာဇ် နှစ်ယောက်စလုံး မျက်နှာ ပျက်သွားကြ၏။ အထူးသဖြင့် ဗုဒ္ဓပေါင်ရှု ပင်။ နဂါးဖြူကြီးဆီက ထွက်ပေါ်လာသော ကြီးမားသည့် ဖိအားကို ခံစားလိုက်ရပြီး၊ ဒီလူက သူနှင့် တန်းတူလောက် ရှိမည့် ပညာရှင်ကြီး တစ်ယောက်ပင် ဖြစ်ရမည်ဟု တွေးမိပြီး အသက်ရှူ ကျပ်သွားရ၏။

လူရိုင်းဧကရာဇ်၏ မျက်လုံးများ အရောင်တောက်သွားပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။

"ဘယ် မိတ်ဆွေဟောင်း ရောက်နေတာလဲ... ကိုယ်ထင်ပြပါဦးဗျ..."

သို့သော် မည်သည့် လှုပ်ရှားမှုမျှ မရှိချေ။ သူ၏ အကြည့် ကျရောက်သွားရာ နေရာတိုင်း၌ မည်သည့် အရိပ်အယောင်မျှ မတွေ့ရှိရပေ။

ဗုဒ္ဓပေါင်ရှုက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

"ငါတို့လို လူစားမျိုးတွေက အမှောင်ထဲမှာ ပုန်းနေစရာ လိုလို့လား..."

ယခုအချိန်တွင် ဤမျှ စွမ်းအားကြီးမားမှုကို ပိုင်ဆိုင်ထားသည် ဆိုလျှင်... ဤခေတ်မှ လူသားတစ်ဦးမူ မဖြစ်နိုင်ပေ။ သူတို့ကဲ့သို့သော လူစားမျိုးသာ ဖြစ်ရပေမည်။

သို့သော် မည်သည့် တုံ့ပြန်မှုမျှ မရှိသေးချေ။

ထို နဂါးဖြူကြီးသည် ပိုမို၍ ကြမ်းတမ်းလာလေ၏။ ဗုဒ္ဓပေါင်ရှု ထိတ်လန့်သွားခဲ့ရသည်။

တိုက်ခိုက်နေရင်းမှ ဤနဂါးဖြူကြီးသည် တဖြည်းဖြည်း ကြီးထွားလာသကဲ့သို့ ခံစားနေရသည်။ ဖိအားများမှာ ပိုမို များပြားလာလေ၏။ ယခုအခါ နဂါးကြီး၏ ခန္ဓာကိုယ်သည် ပိုမို ကြီးမားလာကာ၊ ဗုဒ္ဓသစ်ပင်ကို ရစ်ပတ်လျက် ညှစ်သတ်ပစ်တော့မည့်အလား ဖြစ်ပေါ်နေခဲ့ပြီ ဖြစ်သည်။

'တာအိုဆရာ ပိုင်ရှန်' သည်ကား မည်သို့မျှ မပြောဆိုခဲ့ပေ။

သူ၏ အံ့သြမှုသည်လည်း မည်သူ့ထက်မျှ လျော့နည်းခြင်း မရှိချေ။

အဘယ်ကြောင့်ဆိုသော်... နဂါးဖြူကြီးထံမှ ရင်းနှီးနေသော အရှိန်အဝါ တစ်ခုကို သူ ခံစားမိလိုက်ရသောကြောင့် ဖြစ်ပေသည်။

"နင်ချီလား..."

'တာအိုဆရာ ပိုင်ရှန်’လို ဘဝပေါင်းများစွာ ဖြတ်သန်းလာခဲ့သည့် သူတောင်မှ... ယခု မြင်ကွင်းကို လက်မခံနိုင် ဖြစ်နေရ၏။

(၁၁) နှစ်သား ကောင်လေးတစ်ယောက်က ဤမျှ ကြောက်စရာကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားသလော...။

သိထားရမည်မှာ သူသည် ဝင်စားထားသော မိစ္ဆာအိုကြီး မဟုတ်ပါချေ... အမှန်တကယ် ကလေးစစ်စစ်လေးသာ ဖြစ်ပေသည်။

သူသည် နင်ချီကို အထင်ကြီးပြီးသား ဖြစ်၏။ သို့သော် ဤအခြေအနေကို မြင်လိုက်ရသောအခါ အံ့သြလွန်းရကား ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရလေသည်။

'တာအို ဘိုးဘေးကြီး ကယ်ပါ... ဒါက ဘယ်လို ဘီလူးမျိုးလဲ…’

အသက် ၈ နှစ်အရွယ်တွင် မြူဖြူ နယ်ပယ်၊ အသက် (၁၁) နှစ်အရွယ်တွင် သိုင်းသူတော်စင်နှင့် ယှဉ်ပြိုင်နိုင်သည် ဆိုခြင်းမှာ... လုံးဝ ကွဲပြားခြားနားသော အယူအဆ နှစ်ခုပင် ဖြစ်ပေသည်။ တွက်ချက်၍ မရနိုင်လောက်အောင် ကွာခြားလွန်းလှပေသည်။

ခေတ္တမျှ စောင့်ကြည့်ပြီးသည့်နောက်... ဝင်ရောက်ကူညီသူမှာ နင်ချီ ဖြစ်ကြောင်း သူ သေချာသွားခဲ့လေပြီ။

'တာအိုဆရာ ပိုင်ရှန်’ သံသယ ဝင်မိသည်မှာ... နင်ချီသည် တမင်သက်သက် သူ၏ အရှိန်အဝါကို အနည်းငယ် ထုတ်ဖော်ပြသလိုက်ခြင်းများ ဖြစ်လေသလော။ သို့မှသာ သူသည် နင်ချီမှန်း သိရှိပြီး မှားယွင်း မတိုက်ခိုက်မိစေရန် ဖြစ်ပေသည်။ ဗုဒ္ဓပေါင်ရှုနှင့် လူရိုင်းဧကရာဇ်တို့ ကြောင်တောင်တောင် ဖြစ်နေသည်ကို မြင်တွေ့ရသောအခါ 'တာအိုဆရာ ပိုင်ရှန်’ ကျေနပ်သွားမိလေသည်။

'တာအိုဆရာ ပိုင်ရှန်'၏ အရှိန်အဝါသည် တဖြည်းဖြည်း ငြိမ်သက်သွားခဲ့၏။

အခြေအနေ ပြောင်းလဲသွားပြီ ဖြစ်ရာ သူသည် အသက်လဲ၍ တိုက်ခိုက်ရန် မလိုအပ်တော့ချေ။

အင်မော်တယ် ကြိုးကြာငှက်သည် တိုက်ခိုက်လိုစိတ်များ ပြန်လည် နိုးထလာပြီး ကောင်းကင် ဝံပုလွေနှင့် တဖန် ပြန်လည် တိုက်ခိုက်နေလေ၏။

ဤတစ်ကြိမ်တွင်မူ 'တာအိုဆရာ ပိုင်ရှန်'သည် ဒေါသဖြင့် တိုက်ခိုက်ခြင်း ဖြစ်၍ ပိုမို ကြမ်းတမ်းလာခဲ့လေသည်။ ကြိုးကြာငှက်၏ အတောင်ပံများသည် ဓားသွားများသဖွယ် ထက်မြက်နေပြီး ကောင်းကင် ဝံပုလွေကို ခုတ်ပိုင်းလိုက်ရာ လေဟာနယ် အက်ကွဲကြောင်းကြီး တစ်ခု ဖြစ်ပေါ်လာခဲ့၏။ ဒေါသအရှိန်ကြောင့် သူ၏ စွမ်းအားများ ပိုမို တိုးပွားလာသကဲ့သို့ပင် ဖြစ်နေလေသည်။

လူရိုင်းဧကရာဇ်သည် အာရုံမလွင့်ရဲတော့ပေ။ သူသာ အစွမ်းကုန် ထုတ်ဖော် အသုံးပြုလိုက်ပါက ဤ အစစ်အမှန် နက်ရှိုင်း တာအိုအိုကြီးကို နိုင်မည်ဟု ယုံကြည်ထား၏။ သို့သော် ဝင်ရောက် စွက်ဖက်လာသူ၏ အထောက်အထားကို မသိရှိရသေးသဖြင့် သတိထားနေရလေသည်။

"ဗုဒ္ဓအရှင်... ခင်ဗျား ဟိုကောင့်ကို တားထား... ကျွန်တော် စစ်မှန်သူ ဧကရာဇ်ကို ရှင်းလိုက်မယ်..."

သူ တီးတိုး ပြောလိုက်သည်။

သို့သော်၊ ပေါင်ရှု မျက်နှာ နီရဲနေလေပြီ။

"ငါ ကြိုးစားကြည့်ပါ့မယ်..."

ရောင်စုံဖန်သား ရတနာသစ်ပင်က အစစ်အမှန် နဂါးကြီး၏ ရစ်ပတ်မှုကို ခံထားရပြီး၊ ပေါင်ရှု ဘယ်လောက်ပဲ ရုန်းရုန်း လွတ်မထွက်နိုင် ဖြစ်နေ၏။ ရောင်စုံ ဗုဒ္ဓရောင်ခြည် တော်တော်များများကိုလည်း နဂါးဖြူကြီးက ဝါးမြိုပစ်လိုက်သည်။ ဤပုန်းအောင်းနေသည့် လူ၏ သိုင်းသူတော်စင် စွမ်းအား အသုံးပြုပုံက သူ့ကို အံ့သြစေသည်။ အစတုန်းကတော့ သာမန်ပါပင်၊ ယခုကျတော့ ပိုပိုပြီး စွမ်းအားကြီးလာလေ၏။

ဒီလောက် တိုတောင်းသော အချိန်အတွင်းမှာ တစ်ယောက်ယောက်က ဒီလောက်ထိ တိုးတက်လာနိုင်တယ် ဆိုတာ ပေါင်ရှု လုံးဝ မယုံကြည်နိုင်ပေ။ ရှင်းပြစရာ အကြောင်းရင်း တစ်ခုသာ ရှိ၏။

ထိုလူက သူ့ကို ကစားနေခြင်းပင် ဖြစ်ရမည်။

All Chapters