မျက်ကန်း အဘိုးအို
Vol. 22 Ch. 322
~ဗုဒ္ဓပေါင်ရှု၏ ရင်ထဲတွင် ဒေါသနှင့် စိုးရိမ်စိတ်များ ရောပြွမ်းနေလေ၏။
ယနေ့တွင် သူသည် အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ရချေပြီ။
ပထမဆုံး 'တာအိုဆရာ ပိုင်ရှန်'နှင့် တစ်ယောက်ချင်း ယှဉ်ပြိုင်ရာတွင် အကြိမ်ကြိမ် ဖိနှိပ်ခံခဲ့ရ၏။ လူရိုင်းဧကရာဇ်သာ အချိန်မီ ရောက်မလာခဲ့ပါက သူသည် အရှက်တကွဲဖြင့် ထွက်ပြေးရမည့် အခြေအနေသို့ပင် ဆိုက်ရောက်သွားနိုင်သည်။ ဤအချက်ကို သူ မနည်း မျိုသိပ်ခဲ့ရပါ၏။ အကြောင်းမူကား အတိတ်ကာလကလည်း သူသည် 'တာအိုဆရာ ပိုင်ရှန်'ကို မယှဉ်နိုင်ခဲ့ဖူးသောကြောင့်ပင်။
သို့သော် ယခုမူကား...၊
အမှောင်ထဲတွင် ပုန်းအောင်းနေသည့် အမည်မသိ လူတစ်ယောက်ကလည်း သူ့ကို လာရောက် အနိုင်ကျင့်နေပြန်ပြီ။
ဤသို့သော အခြေအနေမျိုးကို သူ မည်သို့ လက်ခံနိုင်ပါမည်နည်း။
လူရိုင်းဧကရာဇ်သည်ပင် သူ့ကို သံသယ ဝင်နေလိမ့်မည်ဟု သူ တွေးမိလိုက်၏။ သူ့အား မယုံသင်္ကာ ကြည့်နေသည့် အကြည့်များကို ခံစားမိလိုက်သောအခါ မျက်နှာများ ပူထူသွားပြီး ဒေါသစိတ်များ ပိုမို ထကြွလာရလေသည်။
ကံကောင်းထောက်မစွာဖြင့် လူရိုင်းဧကရာဇ်က ထိုအချက်ကို သိသာထင်ရှားအောင် မပြုလုပ်ခြင်းပင်။ မည်သို့ပင်ဆိုစေကာမူ သူတို့သည် ဘုံရန်သူကို အတူတူ တိုက်ခိုက်နေကြရသည် မဟုတ်ပါလား။
လူရိုင်းဧကရာဇ်သည် လေထဲတွင် ရပ်တန့်နေပြီး သူ၏ ခန္ဓာကိုယ်မှ အနက်ရောင် စွမ်းအင်များ လှိုင်းလုံးကြီးပမာ ထွက်ပေါ်လာကာ ကောင်းကင် ဝံပုလွေဆီသို့ စီးဝင်သွားလေသည်။ ချက်ချင်းဆိုသလိုပင် ဝံပုလွေကြီး၏ ပုံပန်းသဏ္ဍာန် ပြောင်းလဲသွားပြီး၊ နောက်ထပ် ခေါင်းတစ်လုံး ထပ်မံ ထွက်ပေါ်လာကာ ရက်စက်ကြမ်းကြုတ်သော ခေါင်းနှစ်လုံးပါ ဝံပုလွေကြီး အဖြစ်သို့ ပြောင်းလဲသွားလေ၏။
ခေါင်းနှစ်လုံးပါ ဝံပုလွေကြီးသည် ကြောက်မက်ဖွယ် ကောင်းလှပြီး အင်မော်တယ် ကြိုးကြာငှက်ဆီသို့ အရှိန်ပြင်းစွာဖြင့် ဝင်တိုက်လိုက်လေသည်။
'တာအိုဆရာ ပိုင်ရှန်'၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွား၏။
ဤအချက်လေး တစ်ချက်တည်းဖြင့်ပင် လူရိုင်းဧကရာဇ်သည် သူ့ထက် ပိုမို တိုးတက်နေပြီ ဆိုသည်ကို သူ နားလည်လိုက်သည်။ သို့သော် သူသည်လည်း အလွယ်တကူ အရှုံးပေးမည့်သူ မဟုတ်ပါချေ။
"ဝိညာဉ် မနိုးထသေးသရွေ့တော့... ငါတို့ကြားက ကွာခြားချက်က သိပ်မကြီးပါဘူးကွ... မင်းက အခွင့်အရေးယူပြီး ငါ့ကို အတင်းအကျပ် ပူးပေါင်းခိုင်းချင်တာလား... မဖြစ်နိုင်ဘူး..."
'တာအိုဆရာ ပိုင်ရှန်'က ဟားတိုက် ရယ်မောလိုက်လေသည်။ အင်မော်တယ် ကြိုးကြာငှက်က အတောင်ပံများကို ဖြန့်ကျက်လိုက်ရာ တောင်ကုန်းများ၊ မြစ်ချောင်းများ ပုံရိပ်ယောင်များ ထင်ဟပ်လာပြီး ပိုမို ခန့်ညားထည်ဝါလာ၏။
ခေါင်းနှစ်လုံးပါ ဝံပုလွေကြီးက အနက်ရောင် မီးတောက်များ မှုတ်ထုတ်ပြီး ကြိုးကြာငှက်ကို အကြီးအကျယ် ဖိအားပေးနေသော်လည်း၊ အသာစီး ရယူနိုင်ရန်မူ မလွယ်ကူလှပေ။
လူရိုင်းဧကရာဇ် မျက်မှောင်ကြုတ်လိုက်မိသည်။
သူသည် အခြား စစ်မြေပြင် တစ်ခုဆီသို့ လှည့်ကြည့်လိုက်ရာ အံ့သြသွားရလေ၏။
ရောင်စုံဖန်သား ရတနာသစ်ပင်သည် နဂါးဖြူကြီး၏ ရစ်ပတ်မှုကို ပိုမို ပြင်းထန်စွာ ခံစားနေရပြီး ကြေမွသွားတော့မည့် အခြေအနေသို့ ရောက်ရှိနေ၏။ ဗုဒ္ဓရောင်ခြည် အပိုင်းအစများ ကွဲကြေသွားပြီး သစ်ပင်၏ အကိုင်းအခက်များ ကျိုးပဲ့ကုန်လေပြီ ဖြစ်၏။ ကြည့်ရသည်မှာ သူတို့ဘက်က အကူအညီ ရရှိရန် မလွယ်ကူတော့ဘဲ၊ သူကပင် ပြန်လည် ကူညီပေးရမည့် အခြေအနေသို့ ရောက်ရှိနေပုံရ၏။
"အမှောင်ထဲမှာ ပုန်းနေတဲ့သူက ဘယ်သူလဲ..."
လူရိုင်းဧကရာဇ် တုန်လှုပ်သွားမိသည်။
ဗုဒ္ဓပေါင်ရှု၏ အခြေအနေကို သူ အနည်းအကျဉ်း သိရှိထားပါသည်။ သူနှင့် စစ်မှန်သူ ဧကရာဇ်လောက် စွမ်းအား မကြီးမားသော်လည်း၊ နှစ်ပေါင်းများစွာ အိပ်ပျော်နေပြီးမှ ကံကောင်းထောက်မစွာ နိုးထလာသည့် သူတစ်ယောက်ကို သာမန်လူ တစ်ယောက်က ယှဉ်ပြိုင်နိုင်စရာ အကြောင်းမရှိပေ။
အစစ်အမှန် နက်ရှိုင်းတောင် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေလေ၏။
ရှေးဟောင်း သူတော်စင် လေးပါး၏ တိုက်ပွဲသည် ကမ္ဘာပျက်မတတ် ပြင်းထန်နေ၏။ အနည်းငယ်သော လှိုင်းဂယက်လေး တစ်ခုကပင် ကောင်းကင်ဘုံလူသား အဆင့် ပညာရှင်များကို ကြီးမားသော ဖိအား ပေးစွမ်းနိုင်ပြီး၊ နောက်သို့ တရွေ့ရွေ့ ဆုတ်ခွာစေခဲ့သည်။ မည်သူမျှ အနားမကပ်ရဲကြပေ။
သူတို့အားလုံး နဂါးဖြူကြီး၏ နောက်ကွယ်မှ ပုဂ္ဂိုလ်ကို စဉ်းစားနေကြလေသည်။
ဒဏ္ဍာရီလာ နာမည်တွေ တစ်ခုပြီးတစ်ခု ခေါင်းထဲ ပေါ်လာသော်လည်း မည်သူမှန်း အတည်မပြုနိုင်ကြချေ။
‘ဒါပေမယ့်... ဗုဒ္ဓပေါင်ရှုကို ဖိနှိပ်နိုင်တဲ့သူ ဆိုမှတော့ သာမန်လူ မဖြစ်နိုင်ဘူး…’
ပရိသတ်များ၏ မျက်ဝန်းထဲတွင် ကြောက်ရွံ့မှုနှင့် အံ့သြမှုများ ပြည့်နှက်နေလေသည်။
"ဒီနေ့မှပဲ သိလိုက်ရတယ်... ငါတို့ကြားမှာ ရှေးဟောင်း သူတော်စင်တွေ အများကြီး ပုန်းအောင်းနေကြတာပါလား... သူတို့က ကောင်းကင်ဘုံကို မတက်ဘဲ ဒီခေတ်မှာ အသက်ရှင်နေကြတယ်... သူတို့ ပြန်ပေါ်လာတာက ကြီးမားတဲ့ အဖြစ်အပျက်ကြီး တစ်ခုခု ဖြစ်လာတော့မယ့် ရှေ့ပြေးနိမိတ်များလား..."
တစ်ယောက်က တီးတိုး ရေရွတ်လိုက်မိသည်။
လောကကြီးတွင် ဉာဏ်ကောင်းသည့်သူများ မရှားပါချေ။ ရှေးဟောင်း သူတော်စင်များ၏ စကားဝိုင်းမှတဆင့် သူတို့ သဲလွန်စအချို့ ရရှိလိုက်ကြပြီ ဖြစ်သည်။
သို့သော် မည်သူမျှ ရဲရဲဝံ့ဝံ့ မပြောရဲကြပေ။ ရင်ထဲတွင် ကြောက်ရွံ့နေကြလေသည်။
ရှေးဟောင်း သူတော်စင်များ အကြောင်းမဲ့ ပြန်လည် ပေါ်ထွက်လာခြင်း မဖြစ်နိုင်။
သေချာပေါက် ကြီးမားသော လျှို့ဝှက်ချက် တစ်ခုခု ရှိနေပေလိမ့်မည်။
"ထွက်ခဲ့စမ်း... အခုချက်ချင်း..."
ဗုဒ္ဓပေါင်ရှု၏ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာလေ၏။
သူ အမှန်တကယ် ဒေါသထွက်နေတော့သည်။
သူ့ကိုယ်ပေါ်မှ ရွှေရောင် အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာပြီး စွမ်းအားများကို တိုးမြှင့်ကာ ရတနာသစ်ပင်ထဲသို့ ပို့လွှတ်လိုက်လေသည်။ သစ်ပင်ကြီး တုန်ခါသွားပြီး ရောင်စုံအလင်းတန်းများ စုစည်းကာ လက်ဝါးကြီး တစ်ခုအသွင် ပြောင်းလဲသွားပြီး နဂါးဖြူကြီးကို ဖမ်းဆုပ်ရန် ကြိုးစားလိုက်တော့၏။
နဂါးဖြူကြီးက ဟိန်းဟောက်လိုက်ပြီး ပါးစပ်ထဲမှ ဖြူဖွေးသော အလင်းတန်း တစ်ခု မှုတ်ထုတ်လိုက်ရာ နတ်ဘုရား ဓားတစ်စင်းအသွင် ပြောင်းလဲသွားပြီး ထိုးစိုက်လိုက်လေ၏။
ဓားအရှိန်အဝါသည် ပြင်းထန်လွန်းသဖြင့် 'တာအိုဆရာ ပိုင်ရှန်'ပင် သတိထားမိသွားရ၏။
နတ်ဘုရား ဓားချက် ဖြတ်သန်းသွားရာ ရောင်စုံ ဗုဒ္ဓလက်ဝါးကြီး၏ လက်ချောင်း ငါးချောင်းစလုံး ပြတ်တောက်သွားပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်ကျန်ရစ်ခဲ့ရ၏။
ထင်ရှားသည်မှာ... တစ်ချက်တည်းဖြင့် အပိုင်းပိုင်းအစစ ဖြစ်သွားအောင် ခုတ်ပိုင်းနိုင်သော်လည်း၊ တမင်သက်သက် လက်ချောင်း ငါးချောင်းတည်းကို ဖြတ်ပစ်လိုက်ခြင်း ဖြစ်သည်။ ဤသည်မှာ ဗုဒ္ဓပေါင်ရှုအတွက် အကြီးမားဆုံး စော်ကားမှုပင်။
အမှောင်ထဲက လူက ရန်သူများလား...
ဗုဒ္ဓပေါင်ရှု သည်းမခံနိုင်တော့ပေ။
"မင်း... မင်း ငါ့ကို စော်ကားရဲတယ်ပေါ့..."
သူ့မျက်လုံးများထဲတွင် မီးတောက်များ တောက်လောင်လာပြီး တစ်ကိုယ်လုံး ရွှေရောင် အလင်းတန်းများ လွှမ်းခြုံသွားကာ ရွှေရောင် လူသားတစ်ယောက်အလား ဖြစ်သွားလေသည်။
လူရိုင်းဧကရာဇ်၏ မျက်နှာထား ပြောင်းလဲသွား၏။
"ဗုဒ္ဓအရှင်... မလုပ်ပါနဲ့..."
သို့သော် သူ့သတိပေးသံသည် ဒေါသထွက်နေသော ဗုဒ္ဓပေါင်ရှုကို မတားဆီးနိုင်ခဲ့ပါချေ။
သူ ပါးစပ်ကို ဟလိုက်ပြီး ရွှေရောင် သွေးတစ်စက်ကို လျှပ်စီးလို အလျင်ဖြင့် မှုတ်ထုတ်လိုက်ရာ ရတနာသစ်ပင်ထဲသို့ ဝင်ရောက် ပေါင်းစပ်သွားလေသည်။ ချက်ချင်းဆိုသလိုပင် ရတနာသစ်ပင်၏ အရှိန်အဝါများ မြင့်တက်လာပြီး ရောင်စုံအလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာကာ နဂါးဖြူကြီး၏ ချုပ်နှောင်မှုမှ ချက်ချင်း လွတ်မြောက်သွားတော့၏။
ထိုမျှမကသေး... ရောင်စုံအလင်းတန်းများသည် အလွန် ထက်မြက်လာပြီး အရာအားလုံးကို အရည်ပျော်သွားစေနိုင်မည့် စွမ်းအားများ ပါဝင်လာလေသည်။ လေဟာနယ်ကြီးပင် ပြိုကျတော့မည့်အလား ဖြစ်လာ၏။
“ရွှပ်…”
နဂါးဖြူကြီး၏ အမြီးပိုင်း ပြတ်တောက်သွားလေသည်။
နင်ချီ မျက်လုံးဖွင့်လိုက်ပြီး အံ့သြရိပ်များ ယှက်သန်းသွား၏။
'အဲဒီ ရွှေရောင် သွေးစက်က ဘာလဲ...'
ရတနာသစ်ပင်၏ စွမ်းအားများ သိသိသာသာ တိုးတက်လာသည်ကို သူ ခံစားမိလိုက်သည်။ ယွီဘုရင် ပုလဲထဲမှ စွမ်းအားဖြင့် ယှဉ်ပြိုင်ရန် မလွယ်ကူတော့ပေ။ သို့သော် သူ တည်ငြိမ်နေဆဲ ဖြစ်သည်။ အကြောင်းမူကား သူ့တွင် မူလ နတ်ဘုရား ဓားချီ ဆိုသည့် အစွမ်းထက်ဆုံး ဝှက်ဖဲ တစ်ချပ် ရှိနေသေးသောကြောင့်ပင်။
ပန်းပွင့်သုံးပွင့် ထိပ်မှာ စုဝေးခြင်း အောင်မြင်ပြီးကတည်းက သူ တစ်ခါမျှ ထုတ်မသုံးဖူးသေးချေ။
'တာအိုဆရာ ပိုင်ရှန်'က တိုးတိုးလေး ရေရွတ်လိုက်လေသည်။
"ပေါင်ရှု... မင်း တကယ်ပဲ ရက်ရောလှချည်လား... ဒါပေမဲ့ ဒီနေ့မှ အသေအကြေ တိုက်ကြမလို့လား... အခု ပြန်ဆုတ်လိုက်ပါ... ဒီကိစ္စကို ငါ အပြစ်မယူတော့ဘူး..."
သို့သော် ဗုဒ္ဓပေါင်ရှုက အေးစက်စွာ ရယ်မောလိုက်သည်။ သူ့မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်နေသော်လည်း ကြောက်မက်ဖွယ် ကောင်းလာ၏။
"ငါက ဝိညာဉ်သွေး တစ်စက်တောင် ပေးဆပ်လိုက်ရပြီ... ဒီလောက် ကြီးမားတဲ့ တန်ဖိုးကို ပေးပြီးမှ ငါ့ကို ဒီအတိုင်း ပြန်ခိုင်းနေတာလား... မိုက်မဲလိုက်တာ..."
ထိုအခိုက်အတန့်တွင် ကောင်းကင်ယံ ထက်ဝယ်...၊
ရတနာသစ်ပင်မှ အလင်းရောင်များ တောက်ပနေပြီး ခေါင်းနှစ်လုံးပါ ဝံပုလွေ နှင့် အင်မော်တယ် ကြိုးကြာငှက် တို့ထက်ပင် ပိုမို စွမ်းအားကြီးလာလေသည်။
တစ်ပွဲလုံးတွင် အထင်ရှားဆုံး ဖြစ်လာ၏။
မူလက နဂါးဖြူကြီးက ဗုဒ္ဓသစ်ပင်ကို ချုပ်နှောင်ထားသော်လည်း၊ ယခုအခါတွင် ဗုဒ္ဓသစ်ပင်က နဂါးဖြူကြီးကို ပြန်လည် ဖိနှိပ်လိုက်လေပြီ ဖြစ်၏။ တိုက်စစ်နှင့် ခံစစ် ပြောင်းပြန် ဖြစ်သွားခဲ့တော့၏။ နဂါးဖြူကြီးမှာ ဖရိုဖရဲ ဖြစ်နေပြီး ရှောင်တိမ်းနေရသော်လည်း ရောင်စုံအလင်းတန်းများ၏ ရိုက်ခတ်မှုကို အကြိမ်ကြိမ် ခံနေရလေသည်။