မျက်ကန်း အဘိုးအို (အပိုင်း ၂)
Vol. 22 Ch. 323
~လူရိုင်းဧကရာဇ် သည် တိတ်ဆိတ်ငြိမ်သက်နေ၏။ သူသည် တန်ဖိုးကြီးကြီး ပေးဆပ်ခဲ့ရပြီးပြီ ဖြစ်ရာ၊ ဒီနေ့ တစ်ခုခုတော့ ပြန်ရမှ ဖြစ်ပေမည်။ မဟုတ်လျှင် အရှုံးကြီး ရှုံးသွားပေလိမ့်မည်။
သို့သော် နင်ချီ ၏ မျက်နှာထားသည် တည်ငြိမ်အေးဆေးနေပြီး အခွင့်ကောင်းကို ရှာဖွေနေလေသည်။
မူလ နတ်ဘုရား ဓားချီ ဟူသည်မှာ အလွယ်တကူ ထုတ်ဖော်လေ့ မရှိ။
တစ်ကြိမ် ထုတ်ဖော်လိုက်သည်နှင့် တစ်ပြိုင်နက် ဧကန်မလွဲ အောင်မြင်မှု ရရှိမှသာ ဖြစ်မည်။
ရောင်စုံဖန်သား ရတနာသစ်ပင်၏ ရောင်စုံအလင်းတန်းများသည် တစ်ခါတစ်ရံ ကျဆင်းလာပြီး၊ ဓားသွားများကဲ့သို့ ထက်မြက်စွာဖြင့် လမ်းကြောင်းပေါ်ရှိ တာအိုနန်းတော်များကို တိခနဲ ဖြတ်တောက်သွားတတ်သည်။ ဧည့်သည်တော်များ ထိတ်လန့်တကြားဖြင့် နောက်ဆုတ်နေကြရ၏။ ဗုဒ္ဓပေါင်ရှု ကတော့ ဒေါသအိုး ပေါက်ကွဲနေပြီ ဖြစ်ရာ ဘာကိုမှ ဂရုမစိုက်နိုင်တော့ချေ။
'တာအိုဆရာ ပိုင်ရှန်' သည် ထိုအခြေအနေကို မြင်သောအခါ ဒေါသအမျက်ချောင်းချောင်း ထွက်လာတော့၏။
"ကောင်းပြီလေ... ကောင်းပြီလေ... ဘယ်သူ့အုတ်မြစ်က ပိုနက်ရှိုင်းလဲ ကြည့်ကြသေးတာပေါ့..."
သူ့ခန္ဓာကိုယ်မှ အရှိန်အဝါများ မြင့်တက်လာပြီး ဝိညာဉ်သွေး စုစည်းလာတော့မည့် အရိပ်အယောင်များ ပြသလာသည်။
နင်ချီ မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိ၏။ သူ ဝင်ပါဖို့ အသင့်ပြင်လိုက်သည်။
‘အခွင့်ကောင်းကို စောင့်နေတာ မှန်ပေမယ့်၊ 'တာအိုဆရာ ပိုင်ရှန်'သာ ရန်သူကို ရင်ဆိုင်ဖို့ ကြီးမားတဲ့ တန်ဖိုး ပေးဆပ်လိုက်ရရင် အရှုံးကြီး ရှုံးသွားမှာပေါ့။’
ဝိညာဉ်သွေး ဆိုတာ ဘာလဲ သူ မသိသော်ငြား.. သူတို့အတွက် အလွန် အရေးပါမည့်အရာ ဖြစ်ကြောင်းတော့ သေချာသည်။
သို့သော်...၊
သူ့စိတ်ထဲတွင် လှုပ်ရှားလိုက်စဉ်မှာပင် ထူးခြားမှု တစ်ခုကို သတိပြုမိလိုက်ပြီး နင်ချီ လှုပ်ရှားမှုကို ဖြည်းဖြည်းချင်း ရပ်တန့်လိုက်သည်။
တကယ်တော့...။
နင်ချီ တစ်ယောက်တည်း သတိထားမိတာ မဟုတ်ပါ။
ရှေးဟောင်း သူတော်စင် သုံးပါးစလုံးသည် တစ်ပြိုင်နက်တည်း ဆိုသလို နေရာတစ်ခုဆီသို့ လှည့်ကြည့်လိုက်ကြ၏။ အသေအကြေ တိုက်ခိုက်ရန် ပြင်ဆင်နေသော 'တာအိုဆရာ ပိုင်ရှန်'သည်လည်း ရပ်တန့်သွားပြီး သူ့အရှိန်အဝါများ တဖြည်းဖြည်း ငြိမ်သက်သွားသည်။ အားလုံး အံ့သြသွားကြပြီး ရှေးဟောင်း သူတော်စင်များ ကြည့်နေသော နေရာသို့ လိုက်ကြည့်လိုက်ကြ၏။
ထိုနေရာတွင်...။
သာမန် မျက်ကန်း အဘိုးအို တစ်ဦးသည် လမ်းလျှောက်တုတ်ကောက်ကို ထောက်ရင်း ဖြည်းညင်းစွာ လျှောက်လှမ်းလာနေသည်ကို တွေ့လိုက်ရ၏။
“ဒေါက်...
ဒေါက်…”
တုတ်ကောက်က ကျောက်ပြားကို ရိုက်ခတ်လိုက်သော စည်းချက်ကျကျ အသံသည် တိုးညှင်းရမည် ဖြစ်သော်လည်း၊ မျက်ကန်း အဘိုးအို ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ပိုမို ကျယ်လောင်လာပြီး နောက်ဆုံးတွင် ရှိနေသူ အားလုံး၏ ရင်ထဲတွင် ဗုံသံတစ်ချက်လို ပဲ့တင်ထပ်သွားတော့၏။
ဧည့်သည်တော် အားလုံး အံ့သြမှင်သက်သွားကြ၏။
မျက်တောင်တစ်ခတ် အတွင်းမှာပင် မျက်ကန်း အဘိုးအိုသည် သူတို့အနားသို့ ရောက်ရှိလာခဲ့ချေပြီ။
"အားလုံး... ရပ်လိုက်ကြပါတော့..."
အိုမင်းရင့်ရော်သော အသံတစ်သံ ထွက်ပေါ်လာသည်။
အဘိုးအိုသည် ဟာလာဟင်းလင်း ဖြစ်နေသော မျက်လုံးအိမ်များကို မော့ကာ ရှေးဟောင်း သူတော်စင် သုံးပါးကို လှမ်းကြည့်လိုက်သည်။
'တာအိုဆရာ ပိုင်ရှန်'က ဦးစွာ စကားစလိုက်သည်။
"ကျွန်တော်က မရပ်ချင်တာ မဟုတ်ပါဘူး... ဒီနှစ်ကောင်က လာပြီး သတ်ဖြတ်နေလို့ အစွမ်းကုန် တိုက်နေရတာပါ..."
မျက်ကန်း အဘိုးအိုက လူရိုင်းဧကရာဇ်နှင့် ဗုဒ္ဓပေါင်ရှုဘက်သို့ လှည့်ကြည့်လိုက်သည်။
လူရိုင်းဧကရာဇ်က တိတ်ဆိတ်နေ၏။
ဗုဒ္ဓပေါင်ရှုကတော့ မကျေမနပ် ဖြစ်နေပုံရ၏။ သူက ဝိညာဉ်သွေး တစ်စက်တောင် ပေးဆပ်လိုက်ရပြီ ဖြစ်၏။ ယခု ရပ်လိုက်လျှင် သွေးအန်လောက်အောင် ရှုံးသွားမည်ပေါ့။ သူ လက်မခံနိုင်ပါ။
မျက်ကန်း အဘိုးအိုက ခေါင်းခါလိုက်ပြီး ညင်သာစွာ သက်ပြင်းချလိုက်သည်။
"ဘာလို့ အချင်းချင်း အားကုန်ခံ နေကြတာလဲ..."
သူသည် လမ်းလျှောက်တုတ်ကောက်ကို ကောင်းကင်ပေါ်သို့ ပေါ့ပေါ့ပါးပါး ပစ်တင်လိုက်သည်။ တုတ်ကောက်သည် လေထဲတွင် ချက်ချင်း ကြီးထွားလာပြီး ဧရာမ တိုင်ကြီးတစ်တိုင် အသွင် ပြောင်းလဲသွားသည်။ ထိုတိုင်ကြီးသည် လေထဲတွင် ဝဲပျံနေပြီး ဗုဒ္ဓသစ်ပင်နှင့် အစစ်အမှန် နဂါး ကြားတွင် ဝင်ရောက် တားဆီးလိုက်သည်။
အနည်းငယ် တုန်ခါလိုက်ရုံဖြင့် ဗုဒ္ဓသစ်ပင်၏ ရောင်စုံအလင်းတန်းများ အားလုံး ပြန်လည် ဆုတ်ခွာသွားရ၏။ ရောင်စုံဖန်သား ရတနာသစ်ပင်သည် ကြောက်ရွံ့နေသကဲ့သို့ တဆတ်ဆတ် တုန်ခါနေပြီး၊ ဗုဒ္ဓပေါင်ရှု၏ လက်ထဲတွင် အသံမြည်နေ၏။ ဖြူဖွေးသော အစစ်အမှန် နဂါးကြီးသည်လည်း စွမ်းအားတစ်ခုကြောင့် လွင့်စင်သွားရ၏။
ဗုဒ္ဓပေါင်ရှု၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ပြည့်နှက်နေပြီး သူ့ရှေ့မှ အဘိုးအိုကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။
လူရိုင်းဧကရာဇ်၏ မျက်နှာထား ပိုမို လေးနက်လာသည်။
မျက်ကန်း အဘိုးအိုက ဘာမှ မပြောတော့ပေ။
ဧရာမ တိုင်ကြီးသည် လေထုကို ထပ်မံ ခွဲဖြတ်လိုက်ပြန်သည်။
ကောင်းကင် ဝံပုလွေ ကို ရိုက်ထုတ်လိုက်ပြီး၊ အင်မော်တယ် ကြိုးကြာငှက် ကိုလည်း ပုတ်ထုတ်လိုက်သည်။
မူလက ကမ္ဘာကြီးကို လွှမ်းမိုးမတတ် ကြမ်းတမ်းနေသော သားရဲဧကရာဇ် ပုံရိပ်ယောင် နှစ်ခုသည် ချက်ချင်း ပြိုကွဲပျက်စီးသွားပြီး မူလ စွမ်းအားများ အဖြစ် ပြန်လည် ပြောင်းလဲသွားကြ၏။ လူရိုင်းဧကရာဇ်နှင့် 'တာအိုဆရာ ပိုင်ရှန်' နှစ်ဦးစလုံး တုန်လှုပ်သွားကြပြီး ခြေလှမ်းအနည်းငယ်စီ မထိန်းနိုင်ဘဲ နောက်ဆုတ်လိုက်ရ၏။
နှစ်ဦးစလုံး မျက်ကန်း အဘိုးအိုကို မျက်နှာထား ပြောင်းလဲသွားပြီး ကြည့်လိုက်ကြ၏။
"အရှင်..." လူရိုင်းဧကရာဇ်က စကားစလိုက်သည်။
သို့သော် မျက်ကန်း အဘိုးအိုက ဖြတ်ပြောလိုက်သည်။
"ဒီနေ့ ကိစ္စက ငါ့ရဲ့ ပေါ့လျော့မှုပါ... မင်းတို့ ပြန်ရောက်လာကြပြီ ဆိုတော့ စည်းကမ်းတွေ သတ်မှတ်ရမယ်... နောက်နောင် ဒီလိုကိစ္စမျိုး ထပ်မမြင်ချင်တော့ဘူး... အခွင့်အရေး ဆိုတာကတော့ ကိုယ့်ကုသိုလ်နဲ့ကိုယ်ပါပဲ..."
'တာအိုဆရာ ပိုင်ရှန်' တိတ်ဆိတ်သွားပြီးနောက် ရိုသေစွာ ဦးညွှတ်လိုက်သည်။
လူရိုင်းဧကရာဇ်နှင့် အခြားသူများ၏ မျက်နှာထားများ ကြည့်ရဆိုးနေ၏။
ဤသည်မှာ သူတို့က 'တာအိုဆရာ ပိုင်ရှန်'အား အတင်းအကျပ် ကတိပေးစေပြီး မိမိတို့၏ အင်အားကို ဖြည့်တင်းရန် ကြိုးစားနေသည်ကို ရည်ညွှန်းလိုက်ခြင်းပင် ဖြစ်လေသည်။
ယခုအခါ မျက်ကန်း အဘိုးအိုက ဝင်ရောက် ပြောဆိုလိုက်ပြီ ဖြစ်ရာ၊ မည်သူမျှ ဆက်လက် လုပ်ဆောင်ရဲကြတော့မည် မဟုတ်ပါ။
နောက်ဆုံးတွင် လူရိုင်းဧကရာဇ်လည်း ဦးညွှတ်လိုက်ရ၏။
ဗုဒ္ဓပေါင်ရှုကတော့ ယင်ကောင်ကို မျိုချမိသလို နေရခက်နေ၏။
သူသည် ရှုံးနိမ့်သွားသကဲ့သို့ ခံစားလိုက်ရသော်လည်း၊ ဤ မျက်ကန်း အဘိုးအို ရှေ့မှောက်၌မူ ရိုင်းရိုင်းစိုင်းစိုင်း မပြုမူရဲခဲ့ပါ။ အနည်းဆုံးတော့ ယခုအချိန်တွင် ဖြစ်သည်။
မျက်ကန်း အဘိုးအိုက လက်ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ပေါ်က ဧရာမ တိုင်ကြီးသည် လမ်းလျှောက်တုတ်ကောက် အဖြစ် ပြန်လည် ပြောင်းလဲသွားသည်။ သူသည် အစစ်အမှန် နက်ရှိုင်းဂိုဏ်း၏ အတွင်းပိုင်း တစ်နေရာကို တစ်ချက် လှမ်းကြည့်လိုက်သည်။ အနည်းငယ် အံ့သြသွားပုံရသော်လည်း ဖြည်းညင်းစွာ ပြန်လှည့်ထွက်သွားလေ၏။
တုတ်ကောက်သံက ကျောက်ပြားပေါ်တွင် ထပ်မံ ထွက်ပေါ်လာသည်။
“ဒေါက်... ဒေါက်…”
အသံက တဖြည်းဖြည်း တိုးဝင်သွားပြီး နောက်ဆုံးတွင် မကြားရတော့သည် အထိပင်။
သို့သော် ဘယ်သူမှ သက်ပြင်းမချရဲကြသေးပေ။
အဘိုးအို၏ ပုံရိပ် လုံးဝ ပျောက်ကွယ်သွားမှသာ အားလုံး စိတ်သက်သာရာ ရသွားကြတော့၏။
ရှေးဟောင်း သူတော်စင် အနည်းငယ်က လူတွေကို ကြောက်ရွံ့လေးစားမှု ပေးစွမ်းနိုင်တယ် ဆိုလျှင်... ဒီ မျက်ကန်း အဘိုးအို ပေးသည့် ခံစားချက်ကတော့ အဆုံးမရှိ နက်ရှိုင်းသော တွင်းနက်ကြီး တစ်ခုလိုပါပင်။ မှန်းဆ၍ မရနိုင်သော အရာတစ်ခုတည်း။
'တာအိုဆရာ ပိုင်ရှန်'၏ မျက်ဝန်းထဲတွင် ခံစားချက် အမျိုးမျိုး ပေါ်နေသော်လည်း၊ အဓိကကတော့ လေးစားအားကျမှုပင် ဖြစ်ရ၏။ သူက ထွက်ခွာသွားသော အဘိုးအိုကို ငေးကြည့်နေမိသည်။
'တာအိုဆရာ ပိုင်ရှန်' အတွင်းရေးတချို့ကို သိထားပြီး အဘိုးအို၏ ရုန်းကန်ရမှုတွေကို နားလည်ပေးနိုင်၏။
အဘိုးအိုရဲ့ စွမ်းအားကို အရှုံးပေးလိုက်ရုံ သက်သက် မဟုတ်ဘဲ၊ အဘိုးအို၏ လုပ်ရပ်တွေကိုပါ လေးစားခြင်း ဖြစ်ပါ၏။
ယနေ့ ကိစ္စရပ်သည်ကား...၊
ဤနေရာတွင်ပင် အဆုံးသတ်သွားပြီ ဖြစ်ကြောင်း ထင်ရှားနေလေသည်။
အရှိန်အဝါ အနည်းငယ် ပျက်ပြားသွားသကဲ့သို့ ရှိသော်ငြား၊ မျက်ကန်း အဘိုးအို၏ ပေါ်ထွက်လာမှုသည် ရှေးဟောင်း သူတော်စင်များ၏ တိုက်ပွဲထက် ပိုမို၍ စိတ်လှုပ်ရှားဖွယ် ကောင်းမွန်နေခဲ့လေသည်။ အားလုံး၏ ရင်ထဲ၌ ဂယက်များ ကျန်ရစ်ခဲ့လေသည်။
လူရိုင်းဧကရာဇ်က အသက်ပြင်းပြင်း ရှူလိုက်ပြီး 'တာအိုဆရာ ပိုင်ရှန်'ကို ဦးညွှတ်လိုက်သည်။
"စစ်မှန်သူ ဧကရာဇ်... ဒီနေ့ ကိစ္စတွေအတွက် တောင်းပန်ပါတယ်... ဒါတွေက ကြိုတင် ကာကွယ်မှုတွေပါပဲ... စိတ်မရှိပါနဲ့..."
'တာအိုဆရာ ပိုင်ရှန်'က "ဟွန်း" ခနဲ လုပ်လိုက်သော်လည်း နောက်ဆုံးတွင် လက်ကာပြလိုက်သည်။
လူရိုင်းဧကရာဇ်က အားလုံးကို တစ်ချက်ဝေ့ကြည့်ပြီးနောက် လေဟာနယ်ကို ခွဲဖြတ်ကာ ထွက်ခွာသွားလေ၏။
ဗုဒ္ဓပေါင်ရှု၏ မျက်နှာထားကတော့ ရေရွှဲနေသလို မည်းမှောင်နေ၏။
ဒီနေ့ သူ အရှက်ရော၊ အကျိုးပါ ဆုံးရှုံးလိုက်ရချေ၏။ သို့ရာတွင်၊ ဘာမှ မတတ်နိုင်ပေ။
သူသည် 'တာအိုဆရာ ပိုင်ရှန်'ကို အေးစက်စွာ ကြည့်လိုက်ပြီးနောက် လက်ဝှေ့ယမ်းကာ တခြား ရဟန်းများကို ခေါ်ဆောင်ပြီး ထွက်ခွာသွားလေတော့၏။
တစ်ခဏချင်းမှာပင်…၊
မူလက ဖရိုဖရဲ ဖြစ်နေသော အစစ်အမှန် နက်ရှိုင်းတောင်သည် ငြိမ်သက်သွားပြီး အားလုံး အိပ်မက် မက်နေသလို ခံစားကျန်ရစ်ခဲ့ကြ၏။
‘အဲဒီ မျက်ကန်း အဘိုးအိုက ဘယ်သူမို့လို့... ဒီ ရှေးဟောင်း သူတော်စင်တွေ အကုန်လုံးကို ငြိမ်ကျသွားအောင် လုပ်နိုင်ရတာလဲ…’
ဒါက လူတိုင်း၏ ရင်ထဲမှာ ရှိနေသော မေးခွန်းတည်း။
တစ်ယောက်က မျက်မှောင်ကြုတ်ပြီး စဉ်းစားလိုက်သည်။
ရုတ်တရက် သူ့မျက်လုံးများ အရောင်တောက်သွားသည်။
"ငါ သတိရပြီ... ဒီ အရှိန်အဝါက ကောင်းကင်ဘုံလူသား စာရင်း ထိပ်ဆုံးက လေသံ နားထောင် အဘိုးအို နဲ့ ဆင်တူနေတယ်... ဒါပေမဲ့ လေသံ နားထောင် အဘိုးအိုက အသွားအလာ အစအန မရှိဘူး... သူ့ကို မြင်ဖူးသူ ရှားတယ်..."
"ဒါပေမဲ့... လေသံ နားထောင် အဘိုးအို ဖြစ်ရင်တောင်မှ ဒီလောက် စွမ်းအားကြီးပါ့မလား..."
"ဟိုလူတွေက ရှေးဟောင်း သူတော်စင်တွေလေ... လေသံ နားထောင် အဘိုးအို ဆိုတာက ဒီ အဘိုးကြီးရဲ့ အထောက်အထား တစ်ခုပဲ ဖြစ်နေမလား..."
တီးတိုး ပြောသံများ ထွက်ပေါ်လာသည်။
အားလုံးက မျက်ကန်း အဘိုးအို၏ အစစ်အမှန် အထောက်အထားကို ရိပ်မိနေကြသော်ငြား.. မည်သူမျှ အတည်မပြုရဲကြပေ။
သူတို့ရှေ့မှ မြင်ကွင်းက အလွန်ပင် ဆန်းကြယ်လွန်းနေသည်ကိုး။
ရှေးဟောင်း သူတော်စင် သုံးပါးမှလွဲလျှင်... ဤနေရာ၌ ရှိနေကြသူများအနက် မျက်ကန်း အဘိုးအိုနှင့် အရင်းနှီးဆုံးသူမှာ နင်ချီသာလျှင် ဖြစ်လောက်လေသည်။
သည်အချိန်မှာ...၊
နင်ချီ၏ မျက်ဝန်းထဲတွင် အံ့သြမှုများ ပြည့်နှက်နေ၏။
သူသည် လူရိုင်းဧကရာဇ်နှင့် ဗုဒ္ဓပေါင်ရှုတို့ မတွေ့မြင်စေရန် အစစ်အမှန် နက်ရှိုင်းဂိုဏ်း၏ အတွင်းပိုင်း၌ ပုန်းအောင်းနေခဲ့ခြင်း ဖြစ်သည်။
သို့သော် မျက်ကန်း အဘိုးအိုသည် သူ့အား မြင်တွေ့သွားခဲ့လေသည်။ အပြန်အလှန်အားဖြင့် နင်ချီသည်လည်း အဘိုးအို၏ အရှိန်အဝါကို အာရုံခံမိလိုက်သည်။
"ဒါက... ကောင်းကင်သတ် သိုင်းသူတော်စင် အကြောင်း ပုံပြောပြဖူးတဲ့ ပုံပြောဆရာ အဘိုးပဲ"
နင်ချီ တုန်လှုပ်သွားမိသည်။
‘သေချာပေါက် သူက သိုင်းသူတော်စင်ပဲ... သာမန် သိုင်းသူတော်စင် မဟုတ်ဘူး…’
ယွီဘုရင် ပုလဲ ၏ တုန်ခါမှုကို နင်ချီ ခံစားနေရဆဲပင်။
‘ဖြစ်နိုင်တာက... သူကများ ကောင်းကင်သတ် သိုင်းသူတော်စင်လား’
လွန်ခဲ့သော နှစ်အနည်းငယ်က ယဲ့ချင်းဟယ် ပြောပြခဲ့သည့် မြို့လေးသို့ နင်ချီ ကိုယ်တိုင် သွားရောက်ခဲ့ဖူးသည်။ ထိုနေရာတွင် အချိန်အတန်ကြာ နေထိုင်ကာ ထို အဘိုးအိုနှင့် ထိတွေ့ဆက်ဆံခဲ့ဖူး၏။ သို့သော် ထူးခြားမှု တစ်စုံတစ်ရာမျှ မတွေ့ရှိခဲ့ရပါ။ အနည်းငယ်မျှသာ ထူးခြားသည်ဟု ခံစားခဲ့ရခြင်း ဖြစ်သည်။
သို့သော် ယခု အဘိုးအို လှုပ်ရှားလိုက်သည့် အခါမှ... ထို ယှဉ်ပြိုင်ဘက်ကင်းသော စွမ်းအားကို နင်ချီ ချက်ချင်း အာရုံခံမိလိုက်လေသည်။
နင်ချီ မတွေးဘဲ မနေနိုင်တော့ပေ။
ဒီနေ့ မြင်တွေ့လိုက်ရတာတွေက သူ့ကို သိလိုက်ရစေတာ တစ်ခု ရှိ၏။
ဤလောကမှာ မသိရသေးသည့် ဘက်ခြမ်း တစ်ခု ရှိနေခြင်း ဟူသော အချက်ပင်။
ရှေးဟောင်း သူတော်စင်တွေ အသက်ဆက်ဖို့ ကြိုးစားနေကြတာတင် မကပေ။
လူတွေ မသိနိုင်သော သိုင်းသူတော်စင်တွေလည်း လောကထဲမှာ လှည့်လည်သွားလာနေကြလေသည်။
လောကကြီး၏ မျက်နှာဖုံးက သူ့ရှေ့မှာ တဖြည်းဖြည်း ကွာကျလာနေပြီ ဖြစ်၏။ ပေါ်ထွက်လာသော လျှို့ဝှက်ချက်တွေက သူ့ကို ဆက်လက် လေ့လာချင်စိတ်များ ဖြစ်ပေါ်လာစေ၏။
နင်ချီ.. အစစ်အမှန် နက်ရှိုင်းဂိုဏ်း၏ အတွင်းပိုင်းဆီသို့ အလိုအလျောက် လှမ်းကြည့်လိုက်မိသည်။
‘ ဒီနေ့တော့ သူ ရှာဖွေနေတဲ့ အဖြေတချို့ကို ရနိုင်ကောင်းပါရဲ့။’