မင်းက တကယ် (၁၁) နှစ်ပဲ ရှိသေးတာလား (အပိုင်း ၂)
Vol. 22 Ch. 325
~စစ်မှန်သူ ယန်လီ အလောတကြီး တောင်းပန်စကား ဆိုလိုက်လေ၏။
အားလုံး၏ ရင်ထဲတွင် လှုပ်ရှားသွားကြ၏။
သို့သော် 'တာအိုဆရာ ပိုင်ရှန်' ကတော့ မတ်တပ်ရပ်လိုက်ပြီး လေးစားအားကျနေသော မျက်လုံးပေါင်းများစွာအကြားမှ လေပေါ်သို့ ပျံတက်ကာ ထွက်ခွာသွားလေပြီ ဖြစ်၏။
ကျန်ရစ်ခဲ့သော စစ်မှန်သူ ပိုင်ယဲ့ နှင့် အခြားနှစ်ဦးတို့ကသာ နောက်ဆက်တွဲ အစီအစဉ်များကို ဆက်လက် လုပ်ဆောင်ကြလေသည်။
ထုံးစံအတိုင်း လုပ်ရိုးလုပ်စဉ်တွေတော့ ရှိသေးသည်ပေါ့။
သို့သော် တုန်လှုပ်နေဆဲ ဖြစ်သော ပရိသတ်များ၏ မျက်နှာထားများကို ကြည့်ခြင်းအားဖြင့်... ဒီနေ့ အဖြစ်အပျက်တွေ ပျံ့နှံ့သွားသည်နှင့် တစ်ပြိုင်နက် မဟာယန် တစ်ခုလုံး ငလျင်လှုပ်သလို တုန်ခါသွားလိမ့်မည် ဆိုတာ ကြိုတင် ခန့်မှန်း၍ ရနေ၏။ ရှေးဟောင်း သူတော်စင်တွေ ပြန်လည် ရောက်ရှိလာခြင်းနှင့်အတူ အင်အားစု အများအပြား၏ နေရာတွေ ပြန်လည် ပြောင်းလဲသွားနိုင်သည်။
လက်ရှိ အချိန်မှာ အစွမ်းထက်နေသော သိုင်းဂိုဏ်းတချို့က ထိုမျှလောက် ခိုင်မာသည့် အမွေအနှစ်တွေ မရှိကြပေ။ တချို့ ကျဆင်းနေသော ဂိုဏ်းငယ်လေးတွေမှာတော့ ရှေးဟောင်း သူတော်စင် တစ်ပါးပါး ပြန်လည် နိုးထလာတာမျိုး ဖြစ်ကောင်း ဖြစ်လာနိုင်လေသည်။
သို့ဖြစ်စေကာမူ၊ လူတိုင်းကို ပိုပြီး စိုးရိမ်ပူပန်စေတာကတော့... ရှေးဟောင်း သူတော်စင်တွေ ပြန်လာတာက ဘာကို အဓိပ္ပာယ်ဆောင်နေသလဲ ဆိုတာပင်။
နင်ချီလည်း ဆက်နေချင်စိတ် မရှိတော့ချေ။ တာအိုဆရာ လုံရှန်း နှင့် အကြည့်ချင်း ဖလှယ်ပြီးနောက် သူလည်း တိတ်တဆိတ် ထွက်ခွာလာခဲ့တော့၏။
...
အစစ်အမှန် နက်ရှိုင်းဂိုဏ်း၏ သိုင်းကျမ်းတိုက် အပေါ်ထပ်ဆုံးဝယ်...၊
နင်ချီ ဖြည်းညင်းစွာ လှမ်းဝင်လိုက်သည်။
ကျောက်စိမ်း စာအုပ်စင် ရှေ့တွင် ရှေးဟောင်း ကျမ်းစာအုပ်များကို လှန်လှောကြည့်ရှုနေသော 'တာအိုဆရာ ပိုင်ရှန်'သည် လှည့်ကြည့်လိုက်၏။ သူ့ တာအိုဝတ်စုံက လေထဲတွင် တဖျပ်ဖျပ် လွင့်နေပြီး နတ်ဘုရား တစ်ပါးအလား ခန့်ညားနေ၏။ နင်ချီ အရင် မြင်ဖူးခဲ့သော ပုံစံနှင့် လုံးဝ ကွဲပြားခြားနားနေ၏။ သို့ရာတွင်၊ နောက်တစ်ခဏမှာတော့ ထို စစ်မှန်သူ ဧကရာဇ် အရှိန်အဝါတွေ အကုန် ပျောက်ကွယ်သွားပြီး၊ သွားဝါဝါတွေ ပေါ်အောင် ဖြီးဖြီးကြီး ပြုံးလိုက်လေသည်။
"ကျွတ်... ကျွတ်... ကျွတ်... မောင်နင်ချီရေ... မင်းက တော်တော် ဟန်ဆောင်ကောင်းတာပဲ..."
သူသည် နင်ချီ ဘေးနားကို ပတ်လျှောက်ပြီး ခြေဆုံးခေါင်းဆုံး အကဲခတ်နေ၏။ သူ့မျက်လုံးတွေထဲမှာ ကောက်ကျစ်သော အရိပ်အယောင်တွေ ပေါ်နေလေ၏။
နင်ချီ့ ရင်ထဲမှာ ဖြစ်ပေါ်နေသော စိမ်းသက်နေသလို ခံစားချက်လေး ချက်ချင်း ပျောက်ကွယ်သွားသည်။ သူသည် 'တာအိုဆရာ ပိုင်ရှန်'၏ ညာဘက်လက်ကို ပေါ့ပေါ့ပါးပါး ပုတ်ထုတ်လိုက်ပြီး မျက်လုံး လှန်ကြည့်လိုက်၏။
"ခင်ဗျားလည်း အတူတူပါပဲ... ခင်ဗျားက နာမည်ကြီး စစ်မှန်သူ ဧကရာဇ် ပါလို့ ကျွန်တော့်ကို ဘယ်တုန်းကမှ မဖွင့်ဟခဲ့ဘူးလေ..."
'တာအိုဆရာ ပိုင်ရှန်'က တခွီးခွီး ရယ်မောလိုက်လေသည်။
"အဲဒါက နှိမ့်ချနေတာလေကွ... ငါက ကြွားဝါတတ်တဲ့သူမှ မဟုတ်တာ... ပြီးတော့ ငါ မင်းကို ပြောဖူးသားပဲ... ငါ့နောက်လိုက်ရင် စားစရာ သောက်စရာတွေ ပေါတယ် လို့လေ... မင်းက သဘောမပေါက်တာကိုး..."
နင်ချီ သူ့ကို မျက်စောင်းထိုးလိုက်ပြီး စာအုပ်စင်ပေါ်က ရှေးဟောင်း သိုင်းကျမ်း တစ်အုပ်ကို ဆွဲယူလိုက်သည်။
မူလကတော့ ဒီစာအုပ်တွေ ဘယ်က ရလာလဲ ဆိုတာ သူ နည်းနည်း စဉ်းစားနေခဲ့၏။ ယခုတော့ သဘောပေါက်သွားပြီ။ (၁၀) အုပ်မှာ (၉) အုပ်လောက်က သူ့ရှေ့က လူကြီး စုဆောင်းထားတာ၊ (ဒါမှမဟုတ်) ကိုယ်တိုင် ရေးထားတာတွေပဲ ဖြစ်ရပေမည်။
နင်ချီ စာအုပ်ကို ဖွင့်လိုက်ပြီး မေးလိုက်၏။
"ဒီထဲမှာ ရေးထားတာက... ကောင်းကင်နှင့် မြေကြီး စွမ်းအားကို ဝိညာဉ်စွမ်းအင် လို့ ခေါ်တယ် တဲ့... အဲဒါ ဘာအဓိပ္ပာယ်လဲဗျ..."
ထိုအခါ၊ 'တာအိုဆရာ ပိုင်ရှန်'က သူ့ကို တောသားတစ်ယောက်လို ကြည့်လိုက်သည်။
"ရှေးခေတ်တုန်းကတော့ အားလုံးက အဲဒီလိုပဲ ခေါ်ကြတာကွ... ဒါပေမဲ့ နောက်ပိုင်း အမွေအနှစ်တွေ ပြတ်တောက်သွားပြီး 'ဝိညာဉ်စွမ်းအင်' ဆိုတဲ့ စကားလုံးက တဖြည်းဖြည်း ပျောက်ကွယ်သွားတာ... လူတွေက လေးစားသမှုနဲ့ ကောင်းကင်နှင့် မြေကြီး စွမ်းအား လို့ နာမည် ပြောင်းခေါ်လိုက်ကြတာပေါ့... ဒါပေမဲ့ အဲဒါ တစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး... တင်းတင်းကျပ်ကျပ် ပြောရရင် ကောင်းကင်နှင့် မြေကြီး စွမ်းအား နဲ့ ဝိညာဉ်စွမ်းအင် ကြားမှာ ကွာခြားချက်တချို့ ရှိနေသေးတယ်..."
"မင်း ဒါကို မသိဘူးလား... မင်းက တကယ်ပဲ (၁၁) နှစ်ပဲ ရှိသေးတာလား..."
သူ နင်ချီကို စူးစိုက်ကြည့်နေ၏။ တစ်စုံတစ်ခုကို ရှာဖွေ ဖော်ထုတ်ချင်နေသကဲ့သို့…။
အဓိက အကြောင်းရင်းမှာကား... နင်ချီ၏ စွမ်းဆောင်ရည်များက အံ့အားသင့်ဖွယ် ကောင်းလွန်းနေသောကြောင့် ဖြစ်၏။ ဗုဒ္ဓပေါင်ရှုကိုပင် ဖိနှိပ်နိုင်ခဲ့သည် မဟုတ်ပါလော။
'တာအိုဆရာ ပိုင်ရှန်'သည် ဗုဒ္ဓပေါင်ရှု၏ အကျင့်စရိုက်ကို မနှစ်သက်သော်ငြားလည်း၊ သူ၏ စွမ်းအားကိုမူ အသိအမှတ် ပြုထားရ၏။ ယနေ့တိုင် အသက်ရှင် ကျန်ရစ်နေသော ရှေးဟောင်း သူတော်စင်များဟူသည် မည်သူမျှ လွယ်လွယ်နှင့် ယှဉ်ပြိုင်နိုင်သူများ မဟုတ်ပါ။
ယုတ္တိသဘောအရ ပြောလျှရင်... အထူးလူတချို့ကလွဲလျှင် ဒီခေတ်က ဘယ်သူမှ ဒီ မိစ္ဆာအိုကြီးတွေကို ယှဉ်နိုင်စရာ အကြောင်းမရှိပေ။
နင်ချီကတော့ သေချာပေါက် ခြွင်းချက် တစ်ခုပင်။
နင်ချီ မျက်ခုံးပင့်လိုက်လေသည်။
"ဒါဆိုရင် ဘယ်လို ထင်လို့လဲ... ကျွန်တော့်အသက် ဘယ်လောက် ရှိမယ် ထင်လဲ... (၁၂) နှစ်လား..."
'တာအိုဆရာ ပိုင်ရှန်' အံကြိတ်လိုက်မိပြီး ရင်ထဲမှာ ဆို့နင့်သွားသလို ခံစားလိုက်ရ၏။ နောက်ဆုံးတော့ သူ သက်ပြင်းချလိုက်၏။
‘အလိုလေး... တကယ့်ကို ဘီလူးလေးပါလား…’
'တာအိုဆရာ ပိုင်ရှန်’ ၏ မျက်လုံးထဲတွင် နှမြောတသ ဖြစ်ရသည့် အရိပ်အယောင်များ ပေါ်လာသည်။
"တကယ်လို့များ မင်းသာ နှစ်တစ်ထောင်လောက် စောမွေးခဲ့ရင်... ဖြစ်နိုင်တာက..."
နင်ချီ သဘောပေါက်လိုက်သည်။ သူ မေးလိုက်၏။
"အမွေအနှစ်တွေ ဘာလို့ ပြတ်တောက်သွားတာလဲ..."
'တာအိုဆရာ ပိုင်ရှန်' သက်ပြင်းချလိုက်တော့၏။
"အကုန်လုံး အတူတူ ပျက်စီးသွားကြတာပါ..."
နင်ချီ အံ့သြသွားသည်။
"မဟာယန် သိုင်းသူတော်စင်ကြီးရဲ့ လက်ချက် မဟုတ်ဘူးလား..."
'တာအိုဆရာ ပိုင်ရှန်' ရယ်မောလိုက်လေသည်။
"ဘယ်ဟုတ်မလဲကွာ... အဲဒီလူက တော်တော် စွမ်းအားကြီးတာ မှန်ပေမယ့်... သိုင်းသူတော်စင် နည်းစနစ် အကုန်လုံးကို သမိုင်းမှတ်တမ်းကနေ ပျောက်ကွယ်သွားအောင် လုပ်နိုင်လောက်တဲ့အထိတော့ သူ တစ်ယောက်တည်း မတတ်နိုင်ပါဘူး..."
ဒီအချက်က နင်ချီ့ ရင်ထဲက သံသယ တစ်ခုကို ဖြေရှင်းပေးလိုက်သည်။ အရင်တုန်းက ဝူကျန်းဟဲ ရော၊ မိစ္ဆာဂိုဏ်း မဟာအကြီးအကဲပါ ထင်ထားကြတာက မဟာယန် သိုင်းသူတော်စင်ကြီးက တစ်ဦးတည်း ရပ်တည်ချင်၍ သိုင်းသူတော်စင် နည်းစနစ် အားလုံးအား ဖျက်ဆီးပစ်လိုက်သည် ဟူ၍ပေါ့။ ယခု ကြည့်ရတာ ဒါက မဟုတ်သေးပေ။
နင်ချီက 'တာအိုဆရာ ပိုင်ရှန်'ကို တည့်တည့်ကြည့်ပြီး မေးလိုက်သည်။
"ဒါဆို ဘာကြောင့်လဲ..."
'တာအိုဆရာ ပိုင်ရှန်'၏ မျက်လုံးများ နက်ရှိုင်းသွားသည်။
"ပြောပြလို့ မရဘူး..."
"ကောင်းကင်နှင့် မြေကြီး စွမ်းအား ပြောင်းလဲမှုနဲ့ ဆိုင်နေပါသလား..."
"ပြောပြလို့ မရဘူး..."
နင်ချီ တိတ်ဆိတ်သွားသည်။ သူ လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး...
"ခင်ဗျား ကျွန်တော့်ကို ပြောပြနိုင်တာ ဘာရှိလဲဗျာ..."
'တာအိုဆရာ ပိုင်ရှန်' သက်ပြင်းချလိုက်လေသည်။
"တချို့ကိစ္စတွေက ငါ မပြောပြချင်လို့ မဟုတ်ပါဘူး... အတင်းအကျပ် သိဖို့ ကြိုးစားရင် မင်းရော ငါရော ကောင်းကျိုးမရှိဘူး... မင်း သိုင်းသူတော်စင် နယ်ပယ်ကို ရောက်တဲ့နေ့ကျရင် အလိုလို နားလည်လာပါလိမ့်မယ်... ဒါပေမဲ့ အခုလောလောဆယ်တော့ မင်း သိုင်းသူတော်စင် အဆင့်ကို ရောက်ဖို့ မလွယ်ကူသေးဘူး... ဘာလို့လဲဆိုတော့ သိုင်းသူတော်စင် နည်းစနစ်ရော၊ လုံလောက်တဲ့ ဝိညာဉ် ပါ မရှိသေးလို့ပဲ... မင်း နည်းနည်းလောက် စောင့်ရဦးမယ်..."
သူတို့နှစ်ဦး ပြတင်းပေါက် နားတွင် ယှဉ်ရပ်ပြီး အဝေးကို လှမ်းမျှော်ကြည့်နေကြ၏။
"ဒါဆိုရင်... ခင်ဗျားတို့လည်း သိုင်းသူတော်စင် အဆင့် မဟုတ်ကြဘူးပေါ့..."
နင်ချီ မေးလိုက်သော်လည်း သူ့လေသံက သေချာနေ၏။
စောစောပိုင်းက တိုက်ပွဲကို နင်ချီ သေသေချာချာ အာရုံခံကြည့်ခဲ့ခြင်း ဖြစ်ပါသည်။ ထို မျက်ကန်း အဘိုးအိုမှလွဲ၍ ကျန်ရှိသော သုံးဦးစလုံးသည် သူ့ကဲ့သို့ပင် သိုင်းသူတော်စင် လျှို့ဝှက် ရတနာများကို အားကိုးနေကြရခြင်း ဖြစ်၏။
ကွာခြားချက်မှာမူ... ထိုသုံးဦးသည် တစ်ချိန်က အစွမ်းထက်မြက်သည့် သိုင်းသူတော်စင်များ ဖြစ်ခဲ့ဖူးသဖြင့် လျှို့ဝှက် ရတနာအတွင်းမှ စွမ်းအားများကို အသုံးပြုရသည်တွင်ပင် များစွာ ပိုမို ထိရောက်အောင် သုံးစွဲနိုင်ကြခြင်းပင် ဖြစ်သည်။
'တာအိုဆရာ ပိုင်ရှန်' ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်... လောလောဆယ်တော့ ဝိညာဉ် မနိုးထသေးတော့... မင်းနဲ့ ငါကြားမှာ ဘာကွာခြားချက်မှ မရှိဘူး... အလွန်ဆုံး ရှိလှမှ ကောင်းကင်ဘုံလူသား အထွတ်အထိပ် အဆင့်ပဲ ရှိသေးတာ... စောစောက စွမ်းအားတွေက ငါ့ရဲ့ အသက်သွေးကြော လျှို့ဝှက် ရတနာ ဖြစ်တဲ့ 'အစစ်အမှန် နက်ရှိုင်းသော တံဆိပ်တော်'ကို အားကိုးထားရတာ..."
ပြောရင်းနဲ့ သူ လက်ဝါးကို လှန်လိုက်ရာ တံဆိပ်တုံးငယ်လေး တစ်ခု ပေါ်လာပြီး ဆန်းကြယ်သော အရှိန်အဝါများ ထွက်ပေါ်လာလေ၏။
နင်ချီလည်း ယွီဘုရင် ပုလဲအား ထုတ်ပြလိုက်သည်။
'တာအိုဆရာ ပိုင်ရှန်' ရုတ်တရက် ရယ်မောလိုက်ပြီး...
"မင်းလည်း သိုင်းသူတော်စင် လျှို့ဝှက် ရတနာ တစ်ခု ရထားပြီး၊ ဘယ်လို သုံးရမလဲ ဆိုတာတောင် သိနေတာပဲ... မဆိုးပါဘူး... ဒါပေမဲ့ မင်း ရထားတာက ယွီဘုရင် ပုလဲ ဖြစ်နေလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး..."
နင်ချီ အံ့သြသွားသည်။
"ခင်ဗျား ဒီရတနာကို သိတာလား... ကျွန်တော် မိစ္ဆာဂိုဏ်းက ရလာတာ..."
'တာအိုဆရာ ပိုင်ရှန်'၏ မျက်နှာပေါ်တွင် အတိတ်ကို လွမ်းဆွတ်သော အရိပ်အယောင်များ ပေါ်လာသည်။
"သိတာပေါ့... ပြောရရင် ယွီဘုရင် ပုလဲရဲ့ ပိုင်ရှင်နဲ့ ငါ ကိုယ်တိုင် တွေ့ခဲ့ဖူးသေးတယ်... ငါ့ရဲ့ ဟိုအရင် ဘဝတစ်ခုတုန်းက ထင်ပါရဲ့... လွန်ခဲ့တဲ့ တစ်ခေါက် ငါ နိုးလာတုန်းကတော့ မဟာယွီ နေရာမှာ မဟာယန်က အစားထိုး ဝင်ရောက်နေပြီ... အဲဒီလူလည်း ပျောက်ချင်းမလှ ပျောက်သွားတယ်... သူက တခြား ပုန်းအောင်းနည်း တစ်ခုခုကို ရွေးလိုက်တာလားတော့ မသိဘူး..."
နင်ချီ၏ မျက်နှာထား လေးနက်သွားသည်ကို မြင်သောအခါ 'တာအိုဆရာ ပိုင်ရှန်' ရယ်မောလိုက်သည်။
"ဟားဟား၊ စိတ်မပူပါနဲ့... တကယ်လို့ အဲဒီလူသာ တကယ် ပြန်နိုးလာရင်... ငါ မင်းတို့ နှစ်ယောက်ကြားမှာ ကြားဝင် ဖြန်ဖြေပေးပါ့မယ်... ဘာမှ မဖြစ်ပါဘူး... ဒါပေမဲ့ ငါ ထင်တာကတော့ သူ ပြဿနာတချို့နဲ့ ကြုံနေရပြီး ပြန်မလာနိုင်လောက်တော့ဘူးကွ..."
နင်ချီ ခေါင်းကို ဖြည်းညင်းစွာ ညိတ်လိုက်သည်။
ယွီဘုရင် ပုလဲ၏ ပိုင်ရှင်သည် သူ့အား ဒုက္ခပေးလာမည်လော ဆိုသည်ကို သူ မသေချာသော်ငြားလည်း၊ အခြားသူများအပေါ်၌ မျှော်လင့်ချက် အားလုံးကို ပုံအပ်ထားခြင်း မပြုပါ။
သတိထားရမည့် အချက်အနေနှင့် မှတ်သားထားလိုက်ပြီး တိတ်တဆိတ် သတိရှိနေလိုက်သည်။
'တာအိုဆရာ ပိုင်ရှန်' ခါးသက်သက် ပြုံးရင်း ခေါင်းခါလိုက်သည်။ နင်ချီက သူ့စကားကို အပြည့်အဝ ယုံကြည်ပုံ မရဘူး ဆိုတာ သူ သိနေတာကိုး။
နင်ချီ ထပ်မေးလိုက်သည်။
"စောစောက ခင်ဗျား ပြောတဲ့ ဝိညာဉ် ဆိုတာ ဘာလဲဗျ..."
'တာအိုဆရာ ပိုင်ရှန်' ခဏ စဉ်းစားလိုက်ပြီး ပြောပြသည်။
"ငါ စောစောက ပြောခဲ့တာ မှတ်မိလား... ကောင်းကင်နှင့် မြေကြီး စွမ်းအား နဲ့ ဝိညာဉ်စွမ်းအင် ကြားမှာ ကွာခြားချက် ရှိတယ် ဆိုတာလေ..."
"အဲဒီ ကွာခြားချက်က 'ဝိညာဉ်' ပါပဲ..."
"ငါတို့ ခေတ်တုန်းက အကြောင်းအမျိုးမျိုးကြောင့် သိုင်းသူတော်စင် အဆင့် ပညာရှင် အားလုံးက ဝိညာဉ်စွမ်းအင် ထဲကနေ 'ဝိညာဉ်'ကို ထုတ်ယူဖို့ ဆုံးဖြတ်ခဲ့ကြတယ်... အဲဒီနောက်မှာတော့ တဖြည်းဖြည်းနဲ့ အခု လက်ရှိ ကောင်းကင်နှင့် မြေကြီး စွမ်းအား အဖြစ် ပြောင်းလဲသွားတာပေါ့... ဝိညာဉ် မပါဘဲနဲ့ ကောင်းကင်နှင့် မြေကြီး စွမ်းအားမှာ ကြီးမားတဲ့ စွမ်းအင်တွေ ရှိနေသေးပေမယ့်... ဝိညာဉ်သဘာဝ တော့ သိပ်မရှိတော့ဘူး..."
"အစစ်အမှန် နက်ရှိုင်းသော တံဆိပ်တော် နဲ့ ..မင်းရဲ့ ယွီဘုရင် ပုလဲ တို့က.. ဝိညာဉ်စွမ်းအား ကို ဘာလို့ စုစည်းနိုင်လဲ သိလား... ဪ... ဟုတ်သားပဲ... ဝိညာဉ်စွမ်းအား ဆိုတာ မင်းတို့ ခေါ်နေကြတဲ့ သိုင်းသူတော်စင် စွမ်းအား ပါပဲ..."
နင်ချီ ပြုံးလိုက်သည်။
နင်ချီက နလပိန်းတုံး မဟုတ်သောကြောင့် ချက်ချင်း သဘောပေါက်လိုက်၏။
"ခင်ဗျား ပြောချင်တာက... ဒီ လျှို့ဝှက် ရတနာ နှစ်ခုထဲမှာ 'ဝိညာဉ်' ရှိနေတယ် ပေါ့..."
"မင်းက သင်ရ လွယ်သားပဲ... ဝိညာဉ် မရှိဘဲနဲ့ ဝိညာဉ်စွမ်းအား ကို စုစည်းပြီး သိုင်းသူတော်စင် နယ်ပယ်ကို ရောက်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး..."
နင်ချီ ရင်တုန်သွားရ၏။ ဒီ ရှင်းပြချက်ကို သူ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။ သို့သော် ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်ပြီး...
"ဒါပေမဲ့ တချို့လူတွေက ပြင်ပ အကူအညီတွေနဲ့ သိုင်းသူတော်စင် အဆင့်ကို ရောက်နိုင်ကြတယ်လေ... ဥပမာ... တောင်ပိုင်းနယ်စပ်က သွေးဧကရာဇ်ကူ နဲ့ မိစ္ဆာဂိုဏ်းက မြင့်မြတ်သော ဆေးလုံးလိုမျိုးပေါ့... အဲဒီ အရာတွေထဲမှာ ဝိညာဉ်တွေ အများကြီး ပါနေလို့လားဗျ.."
'တာအိုဆရာ ပိုင်ရှန်' လက်ဝှေ့ယမ်းလိုက်လေသည်။
"ပြင်ပ အရာဝတ္ထုတွေကို အားကိုးတာက 'သူတော်စင် အတုအယောင်' ပဲ ဖြစ်လာမှာပါ... လက်ရှိ ကောင်းကင်နှင့် မြေကြီး စွမ်းအား ပတ်ဝန်းကျင်မှာ ဆိုရင်... သူတို့က ဇကာပေါက်တွေလိုပဲ... လှုပ်ရှားလိုက်တာနဲ့ ဝိညာဉ်စွမ်းအားတွေ ကုန်ဆုံးသွားပြီး အဆင့်တောင် ကျသွားနိုင်တယ်... တစ်နေ့နေ့ ဝိညာဉ် ပြန်လည် နိုးထလာပြီး သင့်တော်တဲ့ နည်းစနစ်တွေ ရှိလာမှသာ... သူတို့ ခြေကုပ်မြဲပြီး စစ်မှန်တဲ့ သိုင်းသူတော်စင် ဖြစ်လာနိုင်မှာ..."
"မဟုတ်ရင်... အဲဒီလို သူတော်စင် အတုအယောင်တွေက ကောင်းကင်ဘုံလူသား အဆင့် ကလေးပေါက်စလေးတွေကိုပဲ အနိုင်ကျင့်နိုင်မှာ... ငါတို့လို မိစ္ဆာအိုကြီးတွေ ရှေ့ရောက်ရင်တော့ ဒူးထောက်ရမှာပဲ... ဒါပေမဲ့ မင်းကတော့ ခြွင်းချက်ပေါ့ကွာ..."
'တာအိုဆရာ ပိုင်ရှန်’ ၏ မျက်နှာပေါ်တွင် အားကျမှုများ ထပ်မံ ပေါ်လာပြန်၏။