လျှို့ဝှက်ချက်များစွာ (အပိုင်း ၁)
Vol. 22 Ch. 326
~'တာအိုဆရာ ပိုင်ရှန်' ခေါင်းခဲနေဆဲပင်။
နင်ချီ ဟူသည့် ကောင်လေးက အသက် (၁၁) နှစ်အရွယ်နှင့် ကောင်းကင်ဘုံလူသား အထွတ်အထိပ် အဆင့်ကို ရောက်နေရုံသာ မကပေ... သိုင်းသူတော်စင် လျှို့ဝှက် ရတနာကိုတောင် ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်ပြီး၊ သူတို့လို ရှေးဟောင်း သူတော်စင်တွေနှင့် ယှဉ်နိုင်လောက်သည့် ဝိညာဉ်စွမ်းအားကို ထိန်းချုပ်နိုင်တယ် ဆိုတာ... မည်သို့မျှ တွေး၍ မရနိုင်ပေ။
သူ သေချာပေါက် ပြောဆိုရဲသည့် အချက်တစ်ချက် ရှိလေသည်။
ဝိညာဉ် နိုးထခြင်း ဖြစ်ပေါ်လာပြီး၊ သင့်လျော်သော နည်းစနစ်သာ ရှိခဲ့ပါလျှင်... နင်ချီသည် သိုင်းသူတော်စင် နယ်ပယ်သို့ မျက်တောင်တစ်ခတ် အတွင်း၌ ရောက်ရှိသွားနိုင်သည် ဆိုခြင်းပင် ဖြစ်၏။
'သမိုင်းတစ်လျှောက်မှာ ဒီလောက် ပါရမီထူးတဲ့ ဘီလူးသဘက်မျိုး မရှိခဲ့ဖူးဘူး... နှမြောစရာ ကောင်းလိုက်တာ... သူသာ စောစော ပေါ်လာခဲ့ရင် အရာအားလုံး ပြောင်းလဲသွားနိုင်တယ်...'
'တာအိုဆရာ ပိုင်ရှန်’ စိတ်ထဲမှာ ညည်းတွားလိုက်မိသည်။
ထိုအချိန်တွင် နင်ချီက ခေါင်းညိတ်လိုက်ပြီး သူ့မျက်လုံးများထဲတွင် နားလည်မှု အရိပ်အယောင်များ ပေါ်လာ၏။
"ဪ... သဘောပေါက်ပြီဗျ... ခင်ဗျားတို့က ပြင်ပ အကူအညီနဲ့ ဖြစ်လာတဲ့ သိုင်းသူတော်စင်တွေကို မလိုလားဘဲ၊ ကိုယ်ပိုင် ကျင့်ကြံမှုနဲ့ ဖြစ်လာတဲ့ သူတွေကိုပဲ လိုချင်တာပေါ့... တနည်းအားဖြင့် ပြောရရင် ပြင်ပ အကူအညီနဲ့ ဖြစ်လာတဲ့ သိုင်းသူတော်စင်တွေက ခင်ဗျားတို့အတွက် အန္တရာယ် မရှိဘူးလို့ ယူဆထားကြတာပေါ့..."
နင်ချီ လှည့်ကြည့်ပြီး မေးလိုက်သည်။
ထိုအခါ၊ 'တာအိုဆရာ ပိုင်ရှန်' ခါးသက်သက် ပြုံးလိုက်လေ၏။
"မင်းကတော့လေ... ငါ့ကို အကွက်ဆင်ပြန်ပြီ..."
နင်ချီ နှုတ်ခမ်းစူလိုက်သည်။
"ထားလိုက်ပါတော့... မမေးတော့ပါဘူးဗျာ... ဒါဆိုရင် ဝိညာဉ် နိုးထခြင်း ဆိုတာ ဘယ်တော့ ဖြစ်မှာလဲ ဆိုတာတော့ ပြောပြလို့ ရမလား..."
'တာအိုဆရာ ပိုင်ရှန်' သက်ပြင်းချလိုက်၏။
"အဲဒါကတော့ ပြဿနာ မရှိပါဘူး... ဝိညာဉ် နိုးထခြင်း အပြည့်အဝ ဖြစ်ပေါ်လာဖို့ တစ်နှစ်လောက် လိုပါသေးတယ်... ပြီးရင် အထွတ်အထိပ် ကာလတစ်ခု ရောက်လာလိမ့်မယ်... အဲဒီအချိန်ကျရင် ကောင်းကင်နှင့် မြေကြီးကြားမှာ အံ့သြစရာ ပြောင်းလဲမှုတွေ ဖြစ်လာမှာပါ... တခြား ဘယ်နေရာမှာမှ မရနိုင်တဲ့ အခွင့်အရေးကြီးပေါ့..."
"တကယ်လို့ မင်းသာ အဲဒီမတိုင်ခင် သိုင်းသူတော်စင် နည်းစနစ် ကို ရထားမယ် ဆိုရင်... သိုင်းသူတော်စင် နယ်ပယ်ကို တိုက်ရိုက် တက်လှမ်းနိုင်မယ့် အခွင့်အရေး ရှိတယ်... ငါက ကတိကဝတ် တချို့ကြောင့် မင်းကို နည်းစနစ် တိုက်ရိုက် ပေးလို့ မရပေမယ့်... ပေးနိုင်မယ့်သူ တစ်ယောက် ရှိတယ်..."
နင်ချီ၏ မျက်လုံးများ အရောင်တောက်သွားသည်။
"ဘယ်သူလဲ..."
'တာအိုဆရာ ပိုင်ရှန်' ပြုံးလိုက်လေ၏။
"မင်းတို့ရဲ့ အစစ်အမှန် သိုင်းဂိုဏ်း အမွေအနှစ်လေ..."
နင်ချီ တက်ကြွသွားပြီး ဖျတ်ခနဲပင် အတိတ်က အကြောင်းအရာ တချို့ကို ပြန်သတိရသွားသည်။
ယခင်က တာအိုဆရာ လုံရှန်းသည် အစစ်အမှန် သိုင်းဂိုဏ်း အမွေအနှစ်များ တည်ရှိရာ မြေအောက်နန်းတော် တည်နေရာကို ပြောပြခဲ့ဖူးလေ၏။
သူ ကိုယ်တိုင် သွားရောက် စူးစမ်းခဲ့သော်ငြားလည်း၊ သဲလွန်စ အချို့လောက်သာ တွေ့ရှိခဲ့ရခြင်း ဖြစ်ပေသည်။
'တာအိုဆရာ ပိုင်ရှန်' ဆက်ပြောပြသည်။
"မင်းတို့ရဲ့ အစစ်အမှန် သိုင်းဂိုဏ်း အမွေအနှစ်က တော်တော် ထူးခြားတယ်... အဲဒါနဲ့ အုတ်မြစ်ချပြီး ဝိညာဉ် နိုးထခြင်း အခွင့်အရေးနဲ့ ကြုံလိုက်ရင်... ကောင်းကင်ကို ပျံတက်နိုင်မယ့် မျှော်လင့်ချက် ရှိတယ်..."
နင်ချီ၏ လှုပ်ရှားမှုကို မြင်တွေ့လိုက်ရပြီးသည့်နောက်... နင်ချီသည် ဟို လိပ်အိုကြီး စီစဉ်ထားသည့် လူမဟုတ်ဘဲ၊ ကံကောင်းထောက်မစွာ ရောက်ရှိလာသူသာ ဖြစ်ကြောင်း သေချာသွားခဲ့လေပြီ။
ဤအချက်က 'တာအိုဆရာ ပိုင်ရှန်’အား အနည်းငယ် မနာလိုဝန်တိုစိတ်များပင် ဖြစ်ပေါ်စေခဲ့၏။ အမှန်တကယ်ပင် ကံကောင်းလွန်းလှပေသည်။
အကယ်၍များ သူသာ ဝင်စား၍ ပြန်လည် နိုးထလာချိန်၌ အစစ်အမှန် နက်ရှိုင်းဂိုဏ်းတွင် ဤကဲ့သို့သော ပြိုင်ဘက်ကင်း ပါရမီရှင်မျိုး ရှိနေခဲ့ပါလျှင်... ပျော်ရွှင်မှုကြောင့် ပါးစပ်ပင် စေ့နိုင်တော့မည် မဟုတ်ချေ။
‘တာအိုဆရာ ပိုင်ရှန်’က နင်ချီကို မျှော်လင့်တကြီး ကြည့်နေလေ၏။
နင်ချီ မေးလိုက်သည်။
"အဲဒါ ဘယ်မှာလဲ..."
'တာအိုဆရာ ပိုင်ရှန်' တောင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
"အခုလောလောဆယ်တော့ ဘယ်သူမှ မသိနိုင်သေးဘူး... ဒါပေမဲ့ မကြာခင် ဟို လိပ်အိုကြီး ထွက်လာလိမ့်မယ်... မင်းဆရာက ဟိုတုန်းက အစစ်အမှန် သိုင်းဂိုဏ်း အမွေအနှစ် တစ်စိတ်တစ်ပိုင်းကို ရခဲ့တာ ဆိုတော့... အစစ်အမှန် သိုင်းခန်းမဆောင် ရဲ့ တည်နေရာကို သေချာပေါက် သိမှာပါ... ဝိညာဉ် နိုးထခြင်း မတိုင်ခင် အစစ်အမှန် သိုင်းခန်းမဆောင် ပြန်ပေါ်လာလိမ့်မယ်... အဲဒီကျရင် မင်း ချက်ချင်း သွားလို့ ရပြီ..."
နင်ချီ လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။
'တာအိုဆရာ ပိုင်ရှန်' ပြောဆိုသည့် "လိပ်အိုကြီး" ဆိုသူမှာ မည်သူမည်ဝါ ဖြစ်ကြောင်း သူ မသိရှိရပေ။
သို့သော်... အစစ်အမှန် သိုင်းဂိုဏ်း အမွေအနှစ်နှင့် ပတ်သက်ဆက်နွှယ်နေသော ရှေးဟောင်း သူတော်စင် တစ်ပါးပါး ဖြစ်တန်ရာသည်ဟု ခန့်မှန်းမိလေသည်။
သူ့ရင်ထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်လာသည်။
"ဝိညာဉ် နိုးထခြင်း ဆိုတာ အရေးကြီးတဲ့ အလှည့်အပြောင်း တစ်ခုပဲ... ဟို ရှေးဟောင်း သူတော်စင်တွေက အခွင့်အရေးယူပြီး ကောင်းကင်ကို ပျံတက်ကြလိမ့်မယ်... သူတို့ရဲ့ မူလ အဆင့်အတန်းကို တဖြည်းဖြည်း ပြန်လည် ရယူကြလိမ့်မယ်... သာမန် သိုင်းသူတော်စင်တွေထက် အများကြီး သာလွန်သွားလိမ့်မယ်... ငါက သူတို့ကို မီချင်ရင်၊ ကျော်တက်ချင်ရင်... ဝိညာဉ် နိုးထခြင်း မတိုင်ခင် ငါ့ရဲ့ အုတ်မြစ်ကို ခိုင်မာအောင် လုပ်ထားရမယ်..."
နင်ချီ့ ရင်ထဲတွင် ပြင်းပြသော စိတ်ဓာတ်များ နိုးကြားလာသည်။
လောကကြီး၏ ကျယ်ပြောမှုကို မြင်လိုက်ရတော့မှ... မိမိ ဘယ်လောက် သေးငယ်လဲ ဆိုတာ သိလိုက်ရသည်ကိုး။
မိမိဘာသာ သိုင်းသူတော်စင် နည်းစနစ်ကို ဖော်ထုတ်နိုင်မည်ဟု ယုံကြည်ထားသော်ငြားလည်း... ကိုးကားစရာ ရှိနေခြင်းက ပိုမို ကောင်းမွန်ပေ၏။ သို့သော် သူသည် ထိုအရာအပေါ်၌ မျှော်လင့်ချက် အားလုံးကို ပုံအပ်ထားခြင်း မပြုခဲ့ချေ။
ထို့ကြောင့် တောင်ပေါ်သို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် သိုင်းသူတော်စင် နည်းစနစ်ကို အစွမ်းကုန် လေ့လာသုတေသနပြုရန် ဆုံးဖြတ်လိုက်လေသည်။
မူလကမူ ဤကိစ္စ ပြီးဆုံးပါက တောင်အောက်သို့ ဆင်းသက်ကာ လောကကြီး ပြောင်းလဲမှု၏ လျှို့ဝှက်ချက်များကို စုံစမ်းရန် စိတ်ကူးထားခဲ့ခြင်း ဖြစ်၏။ သို့သော် ယခု 'တာအိုဆရာ ပိုင်ရှန်'၏ သဘောထားကို ကြည့်ရှုရသည်မှာ... အမှန်တရားကို ဖော်ထုတ်နိုင်မည့် နည်းလမ်း များစွာ မရှိကြောင်း ထင်ရှားနေချေပြီ။
တစ်ခုတည်းသော နည်းလမ်းမှာမူ... သူ ကိုယ်တိုင် သိုင်းသူတော်စင် နယ်ပယ်သို့ တက်လှမ်းရန်သာ ဖြစ်ပေတော့သည်။
"ကျေးဇူးတင်ပါတယ် ခင်ဗျာ..." နင်ချီ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကား ဆိုလိုက်သည်။
'တာအိုဆရာ ပိုင်ရှန်' ရုတ်တရက် ပြုံးရွှင်သွားပြီး လန်းဆန်းသွားသလို ခံစားလိုက်ရ၏။
"မင်းပါးစပ်က ဒီစကား ကြားရတာ လွယ်တာ မဟုတ်ဘူး... ငါ အားကုန်ခံပြီး ရှင်းပြရကျိုး နပ်ပါတယ်..."
နင်ချီ မျက်စောင်းထိုးလိုက်ရုံသာ တတ်နိုင်တော့၏။
လျှို့ဝှက်ချက် ပေါင်းများစွာကို သိရှိလိုက်ရသော်ငြားလည်း... အဓိက ပြဿနာရပ်ကြီးမှာမူ ပြေလည်သွားခြင်း မရှိသေးချေ။ လောကကြီးထဲတွင် ပုန်းအောင်းနေသော ကြောက်မက်ဖွယ်ရာ အန္တရာယ်၏ ဇာစ်မြစ်ကိုမူ မသိရှိရသေးပေ။
'တာအိုဆရာ ပိုင်ရှန်'၏ မရေရာ ဝေဝါးလှသော သဘောထားကို ထောက်ရှုရပါက... သိုင်းသူတော်စင် ဖြစ်လာရန် အဟန့်အတား မဖြစ်စေနိုင်သော်လည်း၊ လျှို့ဝှက်သော အန္တရာယ် တစ်စုံတစ်ရာတော့ ရှိနေနိုင်ပေသည်။
ဖြစ်နိုင်လျှင်တော့... နင်ချီ..ဒါကို ဖြေရှင်းချင်ပါသေးသည်။
သို့သော် သူ ဆက်မဆွေးနွေးတော့ဘဲ တိတ်တဆိတ် စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
သူတို့နှစ်ဦး စကားပြောရင်းနှင့်၊ သိုင်းကျမ်းတိုက် အပြင်ဘက်ကို ရောက်လာမှန်း မသိ ရောက်လာကြ၏။
အဝေးတစ်နေရာတွင်...၊
ဧည့်သည်တော် အများအပြားက အစစ်အမှန် နက်ရှိုင်းဂိုဏ်း၏ စစ်မှန်သူ သုံးပါးကို နှုတ်ဆက် ထွက်ခွာနေကြပြီ ဖြစ်သည်။
သူတို့အားလုံးသည် မိမိတို့၏ လောကအမြင်ကို ပြောင်းလဲသွားစေမည့် အဖြစ်အပျက်ကြီး တစ်ရပ်နှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်ပေသည်။
ယခုမှပင် သိရှိလိုက်ရချေပြီ...။ ရှေးဟောင်း သူတော်စင် အများအပြားသည် ကောင်းကင်ဘုံသို့ တက်လှမ်းခြင်း မပြုကြဘဲ၊ နည်းလမ်းအဖုံဖုံ အသုံးပြုလျက် ယနေ့ထက်တိုင် ရှင်သန် ကျန်ရစ်နေကြဆဲ ဖြစ်သည် ဆိုခြင်းကိုပင် ဖြစ်၏။
ယနေ့ ဖြစ်ပျက်ခဲ့သော ရှေးဟောင်း သူတော်စင်တို့၏ တိုက်ပွဲသည် အစပျိုးမှု တစ်ခုမျှသာ ဖြစ်ကောင်း ဖြစ်နိုင်ပေလိမ့်မည်။
ခေတ်သစ် တစ်ခေတ် ပေါ်ထွန်းလာတော့မည် ဖြစ်ကာ... ကောင်းကင်နှင့် မြေကြီးတို့ တုန်လှုပ်ချောက်ချားတော့မည့် နိမိတ်ပင် ဖြစ်လေသည်။
သူတို့အားလုံး စိတ်အားထက်သန်နေကြပြီး ဒီသတင်းကို ကိုယ့်ဒေသဆီ အမြန်ဆုံး ပြန်သယ်သွားချင်နေကြ၏။
'တာအိုဆရာ ပိုင်ရှန်'သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် အဝေးကို ငေးမောကြည့်ရင်း ခံစားချက် တစ်ခုခု ဖြစ်ပေါ်လာသည်။
“ဒီနေ့ ပြီးရင်... လောကကြီး ပြောင်းလဲသွားတော့မယ်…”
နင်ချီ တိတ်ဆိတ်နေလိုက်သည်။
ရှေးဟောင်း သူတော်စင်တို့ ပြန်လ
ည် ရောက်ရှိလာခြင်းသည်... သူတို့၌ မည်သို့သော ရည်ရွယ်ချက်မျိုး ရှိနေပါစေ... အနည်းဆုံးတော့ လတ်တလော၌ အချို့သော သူများ မကျေမနပ် ဖြစ်ကြရပေလိမ့်မည်။
ပဋိပက္ခများ ဖြစ်ပေါ်လာကာ... အကျိုးစီးပွားများကို ပြန်လည် ခွဲဝေကြရပေတော့မည်။
သူ မေးလိုက်သည်။
"ခင်ဗျား ပြောဖူးတယ်လေ... သိုင်းသူတော်စင် တစ်ယောက်ရဲ့ သက်တမ်းက နှစ်ပေါင်း သုံးထောင်ပဲ ရှိတယ် ဆို... ခင်ဗျားတို့ ဘယ်လိုလုပ်ပြီး ဒီခေတ်အထိ အသက်ရှင်နေနိုင်တာလဲခင်ဗျာ..."
'တာအိုဆရာ ပိုင်ရှန်' အနည်းငယ် တိတ်ဆိတ်သွားသည်။ သူ့မျက်ဝန်းထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ပေါ်လာပြီး၊ ခဏကြာမှ သက်ပြင်းချကာ ပြောပြလေသည်။
"နည်းလမ်းတွေ အများကြီး ရှိပါတယ်ကွာ... ဝင်စားခြင်း ၊ ကိုယ့်ကိုယ်ကိုယ် ချိပ်ပိတ်ခြင်း ၊ သွေးမျိုးဆက် ဆက်ခံခြင်း နဲ့ တခြား နည်းလမ်းတွေပေါ့... ဒါပေမဲ့ ဒီသုံးခုကတော့ အဓိက နည်းလမ်းတွေပါပဲ…”