လောကကို တုန်လှုပ်စေခြင်း
Vol. 22 Ch. 328
~အစစ်အမှန် နက်ရှိုင်းတောင် ပေါ်က သတင်းတွေဟာ ပြည်နယ် (၁၃) ခုလုံးအား လေပြင်းမုန်တိုင်းလို ပျံ့နှံ့သွားခဲ့လေ၏။
ခဏတာအတွင်းမှာပင်...၊
လောကကြီး တစ်ခုလုံး ပွက်လောရိုက်သွားပြီး လူတိုင်းက ဒီအကြောင်းကို အသည်းအသန် ဆွေးနွေး ငြင်းခုံနေကြတော့၏။
"ရှေးဟောင်း သူတော်စင်တွေ ပြန်ရောက်လာပြီ ဟုတ်လား... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... အလကား စကားတွေပါကွာ... ငါ မှတ်မိသလောက် ဆိုရင် စစ်မှန်သူ ဧကရာဇ် ဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းလောက်က လူလေ... အဲဒီထက်တောင် စောချင် စောဦးမယ်... အခုထိ အသက်ရှင်နေတယ် ဆိုတာ ယုံစရာလား..."
"ပြီးတော့ ဗုဒ္ဓပေါင်ရှု နဲ့ လူရိုင်းဧကရာဇ် လည်း ပါသေးတယ်... ငါ ရှေးဟောင်း စာအုပ်တွေထဲမှာ ရှာကြည့်လိုက်တော့... သူတို့ကလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းလောက်က လူတွေပဲ... လူရိုင်းဧကရာဇ် ဆိုရင် ပိုတောင် ရှေးကျသေးတယ်..."
"အစစ်အမှန် နက်ရှိုင်းဂိုဏ်းက သူတို့ သိက္ခာတက်အောင် သတင်းအတု လွှင့်လိုက်တာများလား..."
အစပိုင်းမှာတော့...၊
လူတိုင်းက မယုံကြည်နိုင် ဖြစ်နေကြ၏။
ဤသတင်းကား ရယ်မောဖွယ် ကောင်းနေသည် မဟုတ်ပါလော။
လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းခန့်က လူသားများ ယနေ့ထက်တိုင် အသက်ရှင်နေသည် ဆိုခြင်းမှာ... သိုင်းသူတော်စင် ဖြစ်လျှင်ပင် မဖြစ်နိုင်သည့် ကိစ္စရပ်ဟု ဆိုရမည်။ လူအများစု ယုံကြည်ထားကြသည်မှာ သိုင်းသူတော်စင် ဟူသည် ကောင်းကင်ဘုံသို့ တက်လှမ်းရမည့် သူများသာ ဖြစ်ကြ၏... လူ့ပြည်လောက၌ ဆက်လက် နေထိုင်စရာ အကြောင်းရင်း မရှိဟုသာ ယူဆထားကြသည်။
သို့သော် အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ...၊
အသေးစိတ် အချက်အလက်တို့သည် ပိုမို၍ ထွက်ပေါ်လာခဲ့လေသည်။ အစစ်အမှန် နက်ရှိုင်းဂိုဏ်း၏ ဂုဏ်ပြုပွဲသို့ တက်ရောက်ခဲ့ကြသည့် ကောင်းကင်ဘုံလူသား အဆင့် ပညာရှင် အတော်များများက သက်သေခံလာကြ၏။ ထိုအထဲတွင် ကောင်းကင်ဘုံလူသား စာရင်းဝင် ထိပ်သီးများလည်း ပါဝင်နေသဖြင့် လူများအဖို့ မယုံကြည်၍ မရနိုင်တော့ပြီ။ အစစ်အမှန် နက်ရှိုင်းဂိုဏ်း အနေဖြင့် ဤမျှ များပြားလှသော ပညာရှင်များကို ငှားရမ်းကာ ဇာတ်လမ်းဆင် ဖန်တီးရန်မှာ မဖြစ်နိုင်သော ကိစ္စရပ်ပင် ဖြစ်လေသည်။
ဤတစ်ကြိမ်တွင်မူ လောကကြီးတစ်ခုလုံး တုန်လှုပ်သွားခဲ့ရပြီ။
လူတိုင်း၏ စိတ်အာရုံထဲ၌ အလိုလို ခံစားသိရှိလိုက်သည်မှာ... ကြီးမားသော အဖြစ်အပျက်ကြီး တစ်ခုခု ဖြစ်ပေါ်လာတော့မည် ဆိုခြင်းပင် ဖြစ်လေ၏။
"ရှေးဟောင်း သူတော်စင်တွေ တကယ်ပဲ ပြန်ရောက်လာကြတာလား... ဒါက ပထမဆုံး အသုတ်ပဲ ဖြစ်နိုင်တယ်..."
ကောလာဟလတွေက လူတွေကို စိုးရိမ်ပူပန်စေသည်။
အချို့သော သူများသည် သတင်းစကားကို အတည်ပြုရန်အတွက် အစစ်အမှန် နက်ရှိုင်းတောင်သို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက် စုံစမ်းကြလေသည်။ စစ်မှန်သူ ဧကရာဇ်နှင့် တွေ့ဆုံခွင့် ရရှိရန် တောင်းဆိုကြ၏။ သို့သော် စစ်မှန်သူ ပိုင်ဟဲက တည်ငြိမ်အေးဆေးစွာပင် ပြန်လည် ဖြေကြားလိုက်လေသည်။ စစ်မှန်သူ ဧကရာဇ်သည် တောင်အောက်သို့ ဆင်းသက်သွားခဲ့ပြီ ဟူ၍ ဖြစ်ပေသည်။
ဤအချက်က လူများကို ပိုမို၍ စိုးရိမ်ပူပန်စေခဲ့လေသည်။
အချို့ကမူ တာ့ကျွယ်ကျောင်းတော် ရှိရာသို့ သွားရောက်ကြပြန်၏။
သို့သော် အရှက်တကွဲ ဖြစ်ထားရသော တာ့ကျွယ်ကျောင်းတော်နှင့် ဗုဒ္ဓပေါင်ရှုတို့သည် ထိုသူများကို လုံးဝ ဂရုမစိုက်ဘဲ မောင်းထုတ်လိုက်ကြလေသည်။ ပဋိပက္ခ အနည်းငယ်ပင် ဖြစ်ပွားခဲ့ကြသေး၏။
အကဲခတ် ကောင်းသော သိုင်းပညာရှင် အချို့ကမူ အချက်တစ်ချက်ကို သတိထားမိလိုက်ကြလေသည်။ ဝါ့ကျွယ်ကျောင်းတော် ဦးဆောင်သော ဗုဒ္ဓဘာသာ ဂိုဏ်းများသည် မြောက်ဘက်အရပ်သို့ အမှန်တကယ်ပင် ပြောင်းရွှေ့နေကြသည် ဆိုခြင်းကို ဖြစ်ပေသည်။
ဒါက ကောလာဟလတွေကို ပိုပြီး ခိုင်မာသွားစေသည်။
"တကယ်ပဲဟေ့... ဗုဒ္ဓဘာသာ ဂိုဏ်းတွေက လူရိုင်းဧကရာဇ် လက်အောက်ကို ဝင်ခိုလှုံလိုက်ကြပြီ... လောကကြီးရဲ့ အင်အား ချိန်ခွင်လျှာ ပြောင်းလဲတော့မယ်..."
ထိပ်တန်း သိုင်းဂိုဏ်းတချို့ စတင် စိုးရိမ်လာကြ၏။
သူတို့သည် လက်ရှိကာလ၌ အထွတ်အထိပ်သို့ ရောက်ရှိနေကြပြီး အရင်းအမြစ်များစွာကို ပိုင်ဆိုင်ထားကြသော်လည်း... သူတို့၌ သိုင်းသူတော်စင် ဘိုးဘေး ဟူ၍ မရှိကြပေ။
အကယ်၍များ ရှေးဟောင်း သူတော်စင်တို့ ပြန်လည် ရောက်ရှိလာကြပြီ ဆိုပါက... သူတို့ ပိုင်ဆိုင်ထားသမျှကို ပြန်လည် စွန့်လွှတ်ရတော့မည်လော။
ထို့ကြောင့် သူတို့သည် ဤသတင်း အမှားအမှန်ကို အဓိကထား၍ စောင့်ကြည့်နေကြခြင်း ဖြစ်ပေသည်။
သူတို့သည် သတင်းအမှား ဖြစ်ပါစေကြောင်း ဆုတောင်းနေကြသော်ငြားလည်း... စုံစမ်းလေလေ... သတင်းက အမှန်ဖြစ်နေကြောင်း သိရှိလာရလေလေသာ ဖြစ်တော့သည်။
"စစ်မှန်သူ ဧကရာဇ် ... ဗုဒ္ဓပေါင်ရှု... လူရိုင်းဧကရာဇ် ... လေနားထောင် အဘိုးအို... ပြီးတော့ နဂါးဖြူစီးတဲ့ အမည်မသိ ရှေးဟောင်း သူတော်စင်..."
"ငါးယောက်တောင် ရှိနေပြီ... နောက်ထပ် ဘယ်နှစ်ယောက်လောက် ထပ်ထွက်လာဦးမလဲ မသိဘူး... ပြောင်းလဲတော့မယ်…လောကကြီး တကယ် ပြောင်းလဲတော့မယ်..."
လူပေါင်းများစွာ ရေရွတ်နေကြ၏။
—-----
ကောလာဟလ သတင်းစကားများအရ ဆိုလျှင်... ဤလောကကြီး၌ ကြီးမားသော အခွင့်အလမ်းကြီး တစ်ရပ် ပေါ်ပေါက်လာတော့မည် ဖြစ်၏။ ထို့ကြောင့်ပင် ရှေးဟောင်း သူတော်စင်များသည် နည်းလမ်းမျိုးစုံဖြင့် အသက်ဆက်ကာ၊ ဤအချိန်အခါကို စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်ဟု ဆိုကြလေသည်။ ဤ အခွင့်အရေးကို လုယူရန်အတွက်သာ ဖြစ်ပေမည်။
ဤသတင်းစကားမှာ မည်သည့်အရပ်မှ စတင် မြစ်ဖျားခံလာသည်ကို မသိရှိရသော်ငြား... လူအများစုကမူ ယုံကြည်လက်ခံလာကြလေပြီ။
သို့မဟုတ်ပါက ရှေးဟောင်း သူတော်စင်များသည် နှစ်ပေါင်း ထောင်ချီသော ကာလပတ်လုံး အချည်းနှီးသက်သက် စောင့်ဆိုင်းနေစရာ အကြောင်းရင်း မရှိနိုင်ချေ။
လောကကြီး တစ်ခုလုံး ဆူညံပွက်လောရိုက်နေချိန်မှာပင်... နောက်ထပ် ကြီးမားသော အဖြစ်အပျက်ကြီး တစ်ခု ထပ်မံ ပေါ်ပေါက်လာခဲ့ပြန်သည်။
လူရိုင်းဧကရာဇ်သည် မြောက်ပိုင်း လူရိုင်းများနှင့် မဟာယန်တို့၏ စစ်မြေပြင်ထက်တွင် ကိုယ်ထင်ပြလာပြီး... စွမ်းအား တစ်ချက်တည်းဖြင့် စစ်သည်အင်အား တစ်သန်းကျော်ကို ဖိနှိပ် ချုပ်ထိန်းလိုက်လေသည်။
ထိုနေ့တွင်ကား...။
လူရိုင်းဧကရာဇ်၏ ရက်စက်ကြမ်းကြုတ်မှု အရှိန်အဝါတို့ အထွတ်အထိပ်သို့ ရောက်ရှိနေကာ၊ ပြင်းထန်သော တောင်းဆိုချက် တစ်ရပ်ကို ထုတ်ပြန်လိုက်လေတော့သည်။
"မဟာယန် သိုင်းသူတော်စင်ကို ထွက်လာခိုင်းလိုက်... ငါ့ရဲ့ လူရိုင်း မျိုးနွယ်စုတွေကို မြက်ခင်းပြင်ဆီ မောင်းထုတ်ခဲ့တဲ့ အကြောင်းရင်းကို ငါ့ကို ရှင်းပြရမယ်..."
လူရိုင်းဧကရာဇ်၏ အရှိန်အဝါအောက်တွင်... ကောင်းကင်ဘုံလူသား စာရင်းဝင် ထိပ်သီးများပင်လျှင် ပြန်လည် တိုက်ခိုက်နိုင်စွမ်း မရှိကြပေ။ မဟာယန် စစ်သည်များ အားလုံး ကြောက်လန့်တကြား ဖြစ်နေကြလေသည်။ မိမိ၏ အသက်ကို သူတစ်ပါးလက်ထဲသို့ ပုံအပ်ထားရသကဲ့သို့ ခံစားချက်မှာ မကောင်းလှပါချေ။ အားလုံးသည် မဟာယန် နန်းတော်ဘက်သို့ မျှော်လင့်တကြီးဖြင့် လှမ်းမျှော် ကြည့်ရှုနေကြ၏။
အားလုံးသည် မဟာယန် သိုင်းသူတော်စင်ကြီး ထွက်ပေါ်လာမည့် အချိန်အခါကို စောင့်မျှော်နေကြခြင်း ဖြစ်ပေသည်။
သို့သော် အတွင်းသိ လူနည်းစုကမူ စိတ်နှလုံး လေးလံနေကြ၏။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ချေ၏။
မဟာယန် သိုင်းသူတော်စင်ကြီးမှာ ပေါ်ထွက်မလာသေးပါချေ။ ဤအချက်က လောကအနှံ့မှ အင်အားစုများကို ဂနာမငြိမ် ဖြစ်စေခဲ့လေသည်။
ရေအောက် လှိုင်းတံပိုးများသည် တိတ်တဆိတ် စတင် လှုပ်ရှားလာကြလေပြီ။
မရေရာသော အခြေအနေသည် ချက်ချင်းပင် ပိုမို ရှုပ်ထွေးလာခဲ့တော့သည်။
...
ဤအချိန်၌... အစစ်အမှန် သိုင်းဂိုဏ်း အဖွဲ့သားများသည်လည်း တောင်ပေါ်သို့ ပြန်လည် ရောက်ရှိလာကြပြီ ဖြစ်ပေသည်။
လော့ဝမ်ထျန်း က တောင်တံခါးဝမှာ စောင့်ကြိုနေ၏။
တာအိုဆရာ လုံရှန်း၏ စာက ကြိုရောက်နှင့်နေပြီ ဖြစ်သလို၊ လောကကြီးမှာ ဖြစ်ပျက်နေတာတွေကြောင့် အပြောင်းအလဲကြီး လာတော့မည် ဆိုတာ သူ သိနေ၏။
ဂိုဏ်းတာဝန်ခံ တစ်ယောက် အနေနှင့်... ဒီ အပြောင်းအလဲတွေကြားမှာ အစစ်အမှန် သိုင်းဂိုဏ်း ဘယ်လို ရပ်တည်မလဲ ဆိုတာ စဉ်းစားရတော့မည်။
တောက်ပအလင်း သိုင်းခန်းမဆောင် အတွင်း...၊
လော့ဝမ်ထျန်းနှင့် တခြား တပည့်တွေ အားလုံး စုံညီနေကြ၏။ သူ စိတ်အားထက်သန်စွာဖြင့် မေးလိုက်သည်။
"ဆရာ... အစစ်အမှန် နက်ရှိုင်းတောင်မှာ ဖြစ်ခဲ့တာတွေက ကောလာဟလတွေအတိုင်း တကယ်ပဲလား..."
အားလုံးက စူးစိုက်ကြည့်နေကြ၏။ မျက်ဝန်းထဲတွင် အံ့သြမှုတွေ ပြည့်နှက်နေ၏။ စာထဲမှာ ဖတ်ထားရသော်ငြား၊ လက်တွေ့ ယုံကြည်ဖို့ ခက်ခဲနေဆဲပင်။
တာအိုဆရာ လုံရှန်း ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။
"တကယ်ပါပဲ... အဖြစ်အပျက် အကြီးကြီးတွေ ဖြစ်လာတော့မယ်... မင်းတို့ သတိရှိကြပါ... မပြောင်းလဲတဲ့ မူဝါဒနဲ့ အပြောင်းအလဲတွေကို ရင်ဆိုင်ကြရမယ်..."
အားလုံး လေးနက်သွားကြ၏။
"ဘာ အဖြစ်အပျက်တွေလဲ..."
ထိုအခါ၊ နင်ချီ က ဖြည်းညင်းစွာ ဝင်ရောက် ပြောပြလိုက်သည်။
"ရှေးဟောင်း သူတော်စင်တွေ တစ်ယောက်ပြီးတစ်ယောက် ပြန်ပေါ်လာကြလိမ့်မယ်... ဒါက အစပဲ ရှိပါသေးတယ်... နောက်တစ်နှစ်နေရင် ဝိညာဉ် နိုးထခြင်း ဖြစ်လာမယ်ဗျ... အဲဒီအခါကျရင် ထူးဆန်းတဲ့ ဖြစ်ရပ်တွေ အများကြီး ပေါ်ပေါက်လာပြီး... ရှေးဟောင်း သူတော်စင်တွေက သူတို့ရဲ့ မူလ စွမ်းအားတွေကို ပြန်လည် ရရှိသွားကြလိမ့်မယ်..."
'တာအိုဆရာ ပိုင်ရှန်'က ဒီသတင်းကို လျှို့ဝှက်ထားဖို့ မမှာခဲ့ပါ။ သ်ို့ကြောင့် နင်ချီက သူ့ဆရာနှင့် အစ်ကိုတွေကို မဖုံးကွယ်ထားပေ။
အားလုံး ကြက်သေသေသွားကြ၏။ "ဝိညာဉ် နိုးထခြင်း" ဟူသော စကားလုံး လေးလုံးအား စိတ်ထဲမှာ ပြန်ရွတ်ဆိုနေမိကြ၏။
"ကိုးလေး... နင်..ပြောချင်တာက... အခု ဒီလောက် စွမ်းအားကြီးနေတဲ့ ရှေးဟောင်း သူတော်စင်တွေက အထွတ်အထိပ်ကို မရောက်သေးဘူး ပေါ့..." ယဲ့ချင်းဟယ်က မေးလိုက်သည်။
နင်ချီ ခေါင်းညိတ်လိုက်သည်။
"အဝေးကြီး လိုပါသေးတယ် ၊အစ်မကြီး.. ကျွန်တော် သိသလောက် ဆိုရင်... ဒီနေ့အထိ အသက်ရှင်ကျန်ရစ်တဲ့ ရှေးဟောင်း သူတော်စင်တွေက သာမန် ပုဂ္ဂိုလ်တွေ မဟုတ်ကြပါဘူး... တစ်နှစ်နေရင် ဖြစ်လာမယ့် ဝိညာဉ် နိုးထခြင်း ဆိုတာ အခွင့်အရေးကြီး တစ်ခုပါပဲ... ခင်ဗျားတို့ သေချာ ကြိုးစားပြီး ကျင့်ကြံကြပါ... ကောင်းကင်ဘုံလူသား အဆင့် ကို ရောက်အောင် ကြိုးစားတာ အကောင်းဆုံးပဲ... ဒါမှ ပိုကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရနိုင်မှာပါ…”