လောကကို တုန်လှုပ်စေခြင်း (အပိုင်း ၂)
Vol. 22 Ch. 329
~နင်ချီ၏ စကားကို ကြားပြီးနောက် အားလုံး ခါးသက်သက် ပြုံးလိုက်မိကြလေ၏။
ကောင်းကင်ဘုံလူသား အဆင့် ဟုတ်လား။
နင်ချီ ပေးအပ်ထားသည့် လျှို့ဝှက် နည်းစနစ်များနှင့် ရတနာများ၏ အထောက်အပံ့ကြောင့် သူတို့၏ ကျင့်ကြံမှု အရှိန်အဟုန်သည် မယုံကြည်နိုင်လောက်အောင် လျင်မြန်နေပြီ ဆိုသော်ငြား...၊
တစ်နှစ်တာ ကာလအတွင်း ကောင်းကင်ဘုံလူသား အဆင့်သို့ တက်လှမ်းရောက်ရှိနိုင်ရန် ဆိုသည်မှာမူ စိတ်ကူးယဉ် အိပ်မက် သက်သက်သာ ဖြစ်ချေလိမ့်မည်။
နင်ချီ တိတ်ဆိတ်စွာ စဉ်းစားနေမိသည်။
မကြာမီ ရောက်ရှိလာတော့မည့် ဝိညာဉ် နိုးထခြင်း ကာလ၌၊ သူ၏ ဂိုဏ်းတူ မောင်နှမများ အကျိုးကျေးဇူး များစွာ ရရှိနိုင်စေရန် မည်သို့ ကူညီပေးရမည်ကို တွေးတောနေမိခြင်း ဖြစ်လေသည်။ ကောင်းကင်ဘုံလူသား အဆင့်သို့ ချက်ချင်း မရောက်ရှိနိုင်လျှင်ပင်၊ ဝိညာဉ် နိုးထပြီးသည်နှင့် တစ်ရှိန်ထိုး တက်လှမ်းနိုင်စေရန်၊ သို့တည်းမဟုတ် ပိုမို၍ စွမ်းအားကြီးမားလာအောင် ဆောင်ရွက်ပေးရပေမည်။
အားလုံးသည် နင်ချီ ပြောပြလာသည့် လျှို့ဝှက်ချက်များကို အသက်အောင့်၍ နားထောင်နေကြလေ၏။
ဤအရာများသည် အပြင်လောက၌ ပျံ့နှံ့နေသော ကောလာဟလများထက် များစွာ ပိုမို၍ အသေးစိတ် ကျလှပေသည်။
သူတို့သည် နင်ချီ မည်သို့ သိရှိထားသည်ကို သိလိုစိတ် ပြင်းပြနေကြသော်ငြား၊ နင်ချီ ကိုယ်တိုင် ထုတ်ဖော် မပြောသရွေ့ မည်သူမျှ မမေးမြန်းရဲကြချေ။
လော့ဝမ်ထျန်းက မေးလိုက်သည်။
"ကိုးလေး... လူရိုင်းဧကရာဇ်နဲ့ မဟာယန် သိုင်းသူတော်စင်ကြီးတို့ရဲ့ ကိစ္စကို မင်း သိပြီးပြီမလား..."
နင်ချီ ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။
သူလည်း လွန်ခဲ့သော ရက်အနည်းငယ်ကမှ သိခဲ့ရသည်သာ။
အစစ်အမှန် နက်ရှိုင်းတောင်မှ ဆင်းသက်လာပြီးကာစသာ ရှိသေးသော လူရိုင်းဧကရာဇ်သည် ဤမျှ လျင်မြန်စွာပင် ဂယက်ရိုက်ခတ်မှုများ ဖြစ်ပေါ်စေနိုင်လိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိပေ။ သူ ခန့်မှန်းမိသည်မှာ... နောက်ဆုံး ပေါ်ထွက်လာခဲ့သည့် လေနားထောင် အဘိုးအိုနှင့် သက်ဆိုင်နေလိမ့်မည် ဟူ၍ပင် ဖြစ်၏။
အကြောင်းအမျိုးမျိုးကြောင့် လေနားထောင် အဘိုးအိုသည် ရှေးဟောင်း သူတော်စင် အချင်းချင်း တိုက်ခိုက်ကြခြင်းကို ကန့်ကွက်လိုပုံ ရလေသည်။ တိုက်ခိုက်ကြလျှင်ပင် အတိုင်းအတာ တစ်ခုအထိ ထိန်းသိမ်းထားရှိရန် လိုလားနေပုံ ရပေသည်။
ဤအချက်ကပင် လူရိုင်းဧကရာဇ်အတွက် မဟာယန် သိုင်းသူတော်စင်ကြီးကို စိန်ခေါ်ရန် အခွင့်အရေး ရရှိသွားစေခြင်း ဖြစ်ချေသည်။
‘ဒါပေမဲ့... အဓိက အချက်က မဟာယန် သိုင်းသူတော်စင်ကြီးရဲ့ အခြေအနေ မကောင်းဘူး ဆိုတဲ့ သတင်းကို လူရိုင်းဧကရာဇ် ကြားထားလို့ ဖြစ်နိုင်တယ်... မဟုတ်ရင် 'တာအိုဆရာ ပိုင်ရှန်' နဲ့ ငါ ဆွေးနွေးခဲ့သလိုပဲ... သွေးမျိုးဆက် ဆက်ခံခြင်းနဲ့ အသက်ဆက်ထားတဲ့ မဟာယန် သိုင်းသူတော်စင်ကြီး နဲ့ လေနားထောင် အဘိုးအို တို့ကို... လက်ရှိ လူရိုင်းဧကရာဇ်က ယှဉ်နိုင်ဖို့ မလွယ်ဘူး…
နင်ချီ တွေးတောနေမိသည်။
ယခင်က သူသည် မဟာယန် သိုင်းသူတော်စင်ကြီးကို သတိထားခဲ့မိသော်လည်း၊ မကြာသေးမီကမှ သူ၏ အခြေအနေ မကောင်းမွန်ကြောင်း သတင်းကို ရရှိခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ယခင်က တောင်ပိုင်းနယ်စပ်၌ မိစ္ဆာဂိုဏ်းက မွှေနှောက်ခဲ့စဉ်ကလည်း မဟာယန် သိုင်းသူတော်စင်ကြီးသည် မည်သို့မျှ ဝင်ရောက် စွက်ဖက်ခြင်း မရှိခဲ့ပါ။ အခြားသော အသေးစိတ် အချက်အလက်များနှင့် ပေါင်းစပ် သုံးသပ်ကြည့်လိုက်ပါက... ဤသတင်းမှာ မှန်ကန်နိုင်လောက်လေသည်။
ဒီအချက်ကို တွေးမိပြီး သူ ဖြည်းညင်းစွာ ပြောလိုက်သည်။
"စောင့်ကြည့်ကြတာပေါ့... လူရိုင်းဧကရာဇ် နဲ့ မဟာယန် သိုင်းသူတော်စင်ကြီး တို့ရဲ့ ပဋိပက္ခက... အနှစ်ချုပ်လိုက်ရင် မဟာယန် နဲ့ မြောက်ပိုင်း လူရိုင်းတို့ရဲ့ အားပြိုင်မှုပါပဲ... ဝိညာဉ် နိုးထပြီးရင် လောကမှာ အခွင့်အရေးတွေ ပေါ်လာမှာ ဆိုတော့... လူရိုင်းဧကရာဇ်က ဒီအခွင့်အရေးကို သုံးပြီး မြောက်ပိုင်း လူရိုင်းတွေရဲ့ နယ်မြေကို ချဲ့ထွင်ချင်တာ ဖြစ်နိုင်တယ်..."
ဒါက နင်ချီရဲ့ ထင်ကြေး သက်သက် ဖြစ်ပေမယ့်၊ အမှန်တရားနဲ့ တော်တော် နီးစပ်မယ်လို့ သူ ယုံကြည်နေ၏။
လော့ဝမ်ထျန်း မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး မေးခွန်းထုတ်လိုက်သည်။
"ဒါဆိုရင်... မဟာယန် နဲ့ မြောက်ပိုင်း လူရိုင်းတွေပဲ ပြဿနာ ဖြစ်မှာ မဟုတ်ဘူး ထင်တယ်... ရှေးဟောင်း သူတော်စင်တွေ အများကြီး ထွက်လာရင်... သူတို့က 'ဩဇာသက်ရောက်ရာ နယ်မြေ' တွေကို ပြန်လည် ခွဲဝေကြမှာပဲ..."
နင်ချီ ခေါင်းညိတ်လိုက်သည်။
"လောကကြီး တစ်ခုလုံး စိတ်ပိုင်း ပြတ်သွားလိမ့်မယ်... မဟာယန် ပြည်နယ် (၁၃) ခုရဲ့ စည်ပင်ဝပြောမှုတွေက အတိတ်မှာ ကျန်ရစ်ခဲ့တော့မယ် ထင်ပါရဲ့..."
'တာအိုဆရာ ပိုင်ရှန်' လည်း ဒီအကြောင်း ပြောပြဖူး၏။
သူတို့ခေတ်အခါက ဤမျှ ကျယ်ပြန့်သော အင်ပါယာကြီးမျိုး မရှိခဲ့ဘူးဟု ဆိုကြ၏။ ရှိခဲ့လျှင်ပင် ထိပ်တန်း သိုင်းဂိုဏ်းကြီးများနှင့် အပြိုင် တည်ရှိခဲ့ကြပြီး၊ ဂိုဏ်းဖွဲ့စည်းပုံ တစ်မျိုးကဲ့သို့သာ ဖြစ်သည်ဟု ဆိုလေသည်။
ရှေးဟောင်း သူတော်စင်များ နိုးထလာကြလျှင် လက်ရှိ အခြေအနေကို ကျေနပ်နေကြလိမ့်မည် မဟုတ်ပေ။
မဟာယန် သိုင်းသူတော်စင်ကြီး အနေဖြင့် အထွတ်အထိပ်သို့ ရောက်ရှိနေလျှင်ပင်၊ ဤမျှ များပြားလှသော ရှေးဟောင်း သူတော်စင်များကို ရင်ဆိုင်ရန်မှာ အလျှော့ပေးလိုက်ရုံသာ ရှိချေမည်။ ယခုကဲ့သို့ အခြေအနေ မကောင်းမွန်သော အချိန်အခါမျိုးတွင် ဆိုလျှင်ကား ပြောဆိုနေဖွယ်ရာပင် မလိုတော့ပြီ။
အားလုံး တိတ်ဆိတ်သွားကြပြီး ကြီးမားသော ဖိအားကို ခံစားလိုက်ကြရ၏။
"ငါတို့ အစစ်အမှန် သိုင်းဂိုဏ်းကို မထိခိုက်ရင် တော်ပါပြီ..." လော့ဝမ်ထျန်းက စိုးရိမ်တကြီး ပြောလိုက်သည်။
ဒီစိုးရိမ်မှုက အခြေအမြစ် ရှိပါသည်။
အကယ်၍များ ရှေးဟောင်း သူတော်စင် တစ်ပါးပါးက အစစ်အမှန် သိုင်းတောင် တည်ရှိရာ နယ်မြေဒေသသည် သူ၏ ပိုင်နက်ဖြစ်ကြောင်း လာရောက် ပြောဆိုခဲ့သည် ရှိသော်... ပဋိပက္ခ ဖြစ်ပွားရန်မှာ သေချာသလောက်ပင် ဖြစ်နေပေသည်။
နင်ချီ ပြုံးလိုက်သည်။
"အရမ်းကြီး စိတ်မပူပါနဲ့... အခုလောလောဆယ် လုပ်ရမှာက ဝိညာဉ် နိုးထခြင်း အတွက် သေသေချာချာ ပြင်ဆင်ပြီး ကျင့်ကြံခြင်း အဆင့် တိုးတက်အောင် ကြိုးစားဖို့ပါပဲ... ဒါက အဓိကပါ..."
သူ့မှာ ယုံကြည်မှု တချို့ ရှိပါ၏။
'တာအိုဆရာ ပိုင်ရှန်'က သူ၏ မဟာမိတ် ဖြစ်နေခြင်းမှာ အားကိုးအားထား ပြုစရာ တစ်ခုပင် ဖြစ်လေသည်။
ထို့အပြင် ရှေးဟောင်း သူတော်စင်တိုင်းသည် ထိုမျှလောက် စွမ်းအားကြီးမားကြသည်တော့ မဟုတ်ပါ။
နင်ချီ ကိုယ်တိုင်လည်း ယုံကြည်မှု ရှိနေပါ၏... ဝိညာဉ် နိုးထပြီးချိန်တွင်ပင် အချို့သော ရှေးဟောင်း သူတော်စင်များသည် သူ့လောက် စွမ်းအားကြီးမားချင်မှ ကြီးမားကြလိမ့်မည်။
အားလုံး ခေါင်းညိတ်လိုက်ကြ၏။
လောကကြီး ပြောင်းလဲသွားမည်မှာ မှန်ကန်သော်ငြားလည်း၊ သူတို့အားလုံးသာ ညီညီညွတ်ညွတ် ကြိုးပမ်းအားထုတ်ကြမည် ဆိုပါက လာမည့် ခေတ်ကြီးတွင် နေရာတစ်နေရာစာ ရယူနိုင်ကြပေလိမ့်မည်။
ရင်မခုန်မိပါဟု ဆိုလျှင်မူ လိမ်ရာ ကျနေပေလိမ့်မည်။
ဤသို့သော ခမ်းနားထည်ဝါသည့် ခေတ်သစ်ကြီးထဲတွင် အခွင့်အရေးများလည်း အများအပြား ရှိနေမည် မဟုတ်ပါလော။
တာအိုဆရာ လုံရှန်းကတော့ ကျေနပ်စွာဖြင့် မုတ်ဆိတ်မွှေးကို သပ်နေပြီး ဘာမှ ဝင်မပြောတော့ပေ။
မိမိ၏ တပည့်များ အရွယ်ရောက် ကြီးပြင်းလာကြပြီး တာဝန်ယူနိုင်စွမ်း ရှိလာကြသည်ကို မြင်တွေ့ရခြင်းသည် ဆရာတစ်ဦး အနေဖြင့် အပျော်ရွှင်ရဆုံး အရာပင် ဖြစ်လေသည်။
...
အစစ်အမှန် သိုင်းတောင်၏ နောက်ဘက် တောင်ကုန်းဝယ်...၊
နင်ချီ ဖြည်းညင်းစွာ လျှောက်လှမ်းလာသည်။
သူက သူ့အရှိန်အဝါကို ဖုံးကွယ်မထားပါ။ သို့ကြောင့် ဓားမမိစ္ဆာ ချက်ချင်း ထွက်ပေါ်လာသည်။
"မိတ်ဆွေ ထျန်းကျန့် ... သဲလွန်စ တစ်ခုခု ရခဲ့ပြီလား..."
ဓားမမိစ္ဆာ ၏ မျက်နှာပေါ်တွင် ဝမ်းသာမှုများ ပေါ်လာပြီး အလျင်စလို မေးလိုက်သည်။ သို့သော် ချက်ချင်းပင် ကြက်သေသေသွားသည်။
အဘယ်ကြောင့်ဆိုသော်... သူ၏ ရှေ့မှောက်၌ ပေါ်ထွက်လာသူမှာ သူ ရင်းနှီးကျွမ်းဝင်နေသည့် စစ်မှန်သူ ထျန်းကျန့် မဟုတ်တော့ဘဲ၊ ရုပ်ရည် ချောမောခန့်ညားကာ ကျက်သရေမင်္ဂလာနှင့် ပြည့်စုံလှသည့် တာအို လူငယ်လေး တစ်ဦး ဖြစ်နေသောကြောင့်ပင် ဖြစ်လေသည်။
သို့သော် အရှိန်အဝါကမူ စစ်မှန်သူ ထျန်းကျန့်နှင့် ခွဲခြား၍ မရနိုင်လောက်အောင် တူညီနေလေ၏။
"မိတ်ဆွေ ထျန်းကျန့်..."
ဓားမမိစ္ဆာက သံသယ မျက်လုံးများဖြင့် ကြည့်လိုက်သည်။
နင်ချီက အနည်းငယ် ဦးညွှတ်လိုက်သည်။
"အရင်တုန်းက အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော့်ရဲ့ ရုပ်သွင်အစစ်ကို မထုတ်ပြနိုင်ခဲ့ပါဘူး... ဓားမမိစ္ဆာ ခွင့်လွှတ်ပေးပါ... ကျွန်တော့် နာမည်အရင်းက နင်ချီ ပါ... စစ်မှန်သူ လုံရှန်းရဲ့ နဝမမြောက် တပည့်ပါ..."
သူ့မျက်နှာပေါ်တွင် အားနာသည့် အရိပ်အယောင်များ ပေါ်နေ၏။
သို့သော် ဓားမမိစ္ဆာ၏ မျက်နှာကတော့ ထုံထိုင်းသွားသလို ဖြစ်နေ၏။
အတည်ပြုချက် ရရှိပြီးနောက်တွင်မူ သူ၏ ရှေ့မှောက်ရှိ လူငယ်လေးသည် သူ အလွန် လေးစားကြည်ညိုရသော စစ်မှန်သူ ထျန်းကျန့် ဖြစ်ကြောင်းကို မည်သို့လျှင် နားမလည်ဘဲ နေပါမည်နည်း။
သူ အမြဲ ထင်မှတ်ထားခဲ့သည်မှာ... စစ်မှန်သူ ထျန်းကျန့် ဆိုသည်မှာလည်း သူ့ကဲ့သို့ပင် သက်တမ်းကုန်ဆုံးလုနီးပါး ဖြစ်နေသော အဘိုးအို တစ်ဦးသာ ဖြစ်လိမ့်မည် ဟူ၍ပင်။
စစ်မှန်သူ ထျန်းကျန့်၏ အစစ်အမှန် ရုပ်သွင်သဏ္ဌာန်မှာ နေမင်းကြီးပမာ တောက်ပနေသည့် လူငယ်လေး တစ်ဦး ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားခဲ့မည်နည်း။
နင်ချီထံမှ ထွက်ပေါ်နေသော လွတ်လပ်ပေါ့ပါးပြီး ရှင်သန်ခြင်း စွမ်းအားများ ပြည့်ဝလျက်ရှိသည့် အရှိန်အဝါကို ခံစားလိုက်ရသောအခါ...၊
သူ၏ ရင်ထဲ၌ လှိုင်းတံပိုးများ ထန်သွားခဲ့ရပြီး၊ နောက်ဆုံးတွင်မူ ခါးသက်သက် အပြုံး တစ်ခု ဖြစ်ပေါ်လာခဲ့ရလေ၏။
"မိတ်ဆွေ ထျန်းကျန့်... ခင်ဗျား ကျွန်တော့်ကို တော်တော် လှည့်စားလိုက်တာပဲ..."
လက်ရှိ နင်ချီက အရင်ကထက် အများကြီး ပိုပြီး ကြောက်စရာ ကောင်းနေပြီ ဖြစ်၏။
ဒီလောက် ငယ်ရွယ်သော လူငယ်လေး တစ်ယောက်က ဒီအဆင့်ထိ ရောက်နေတယ် ဆိုတာ... ရှေးယခင်ကရော၊ လက်ရှိမှာပါ တစ်ခါမှ မကြားဖူးခဲ့ပါ။
ကိုယ်တိုင်သာ မျက်မြင် မတွေ့ခဲ့လျှင် လောကမှာ ဒီလို ပါရမီရှင်မျိုး ရှိသည်ဟု ဓားမမိစ္ဆာ ဘယ်သောအခါမှ ယုံကြည်နိုင်မှာ မဟုတ်ပေ။