← Chapters

အိပ်ပျော်နေသော မင်းသမီးလေး (၄)

Vol. 4 Ch. 194

အိပ်ပျော်နေသော မင်းသမီးလေး (၄)

Vol. 4 Ch. 194

အဲဒီနေ့ည ဟိုတယ်အခန်းကိုပြန်ရောက်ရောက်ချင်း ကျွန်မ စာအုပ်ကိုသေချာဖတ်ခဲ့တယ်။ အိပ်ရာဝင်ချိန်နောက်ကျပြီး မနက်သုံးနာရီထိုးတဲ့အထိကို ဖတ်ဖြစ်ခဲ့တာပါ။ နောက်ဆုံး စာဖတ်နေရင်းနဲ့အိပ်ပျော်သွားပြီး မနက်ရှစ်နာရီခွဲလို့ မှန်ပြတင်းပေါက်က နေရောင်က ကျွန်မတင်ပါးကိုလာပြီး ထိုးတော့မှနိုးတော့တာ။

“ဝှါး... အိပ်လို့ကောင်းလိုက်တာ။”

ကျွန်မ အကြောဆန့်ရင်းနဲ့ ထလိုက်ပါတယ်။ ဒါပေမဲ့ ချက်ချင်းဆိုသလိုပဲ ကျွန်မလက်က ပေါ့ပါးနေတာကို သတိထားမိတဲ့အတွက် ကြည့်လိုက်မိတော့ လက်ထိပ်တစ်ဖက်က သော့ပွင့်နေပြီးတော့ မိုနီကာရှိမနေတော့ဘူး။

“ဒီသောက်ကောင်မ ဘယ်လိုလွတ်သွားတာလဲ။ ဟိုကောင် ပါစီဗယ်ကို စောင့်ကြည့်ခိုင်းထားတာကို ဘယ်လိုဖြစ်သွားတာ ပါလိမ့်။” မနေ့ညက ဟိုတယ်ကိုပြန်ရောက်ရောက်ချင်း မိုနီကာကို ကျွန်မနဲ့လက်ထိပ်တွဲခတ်ထားဖို့ ပါစီဗယ်ကို တောင်းဆိုခဲ့တာ။

အခုလောလောဆယ်တော့ အခန်းထဲမှာ မိုနီကာရော နက်ဆန်ပါ ရှိမနေတဲ့အတွက်ကြောင့် ကျွန်မအောက်ကို ဆင်းဖို့ဆုံးဖြတ်လိုက်တယ်။ မကြာခင်မှာပဲ နက်ဆန်နဲ့ မိုနီကာတို့တွေ အယ်မာနဲ့အတူ မြေညီထပ်က ကဖေးဆိုင်မှာ ထိုင်နေတာတွေ့လိုက်ရတယ်။

“နင်တို့ ငါ့ကိုမနှိုးဘဲ ဘာလို့ဆင်းသွားကြတာလဲ။ ပြီးတော့ လက်ထိပ်ကရော...” ကျွန်မက နက်ဆန်နဲ့မိုနီကာကိုကြည့်ရင်း လက်နှစ်ဖက်ကို တင်ပါးပေါ်တင် ပြောလိုက်တယ်။ မိုနီကာက ကျွန်မကို မရှိသလိုမျိုးထားရင်း ကော်ဖီနဲ့ချောကလက်ကိတ်ကိုပဲ ဆက်စားနေခဲ့ပေမဲ့ နက်ဆန်ကတော့ ကျွန်မကို အပြစ်သားတစ်ယောက်ကို မြင်ရသလို မျက်နှာနဲ့ကြည့်လိုက်တယ်။ နောက်တော့ သူ့အကြည့်က မိုနီကာရဲ့လက်ကောက်ဝတ်ဆီ ရောက်သွားလေရဲ့။

မိုနီကာရဲ့ဖယောင်းလိုလက်ကောင်ဝတ်ဖြူဖြူမှာ အရုပ်ဆိုးတဲ့ လက်ထိပ်ရာကြီးရှိလို့ပေါ့။

“ငါသူ့ကို လွှတ်ပေးလိုက်တာ။” နက်ဆန်က ကျွန်မကို တစ်ခွန်းတည်းပဲ ပြန်ပြောတယ်။

ကျွန််မကတော့ တခြားစားပွဲက လွတ်နေတဲ့ထိုင်ခုံကို ဆွဲယူလိုက်ပြီး အတူဝင်ထိုင်လိုက်တယ်။ ပြီးတဲ့နောက်...

“ရှင်နော်... ကျွန်မက ရှင့်ကို ဒီမိစ္ဆာမကြီး အသားယူသွားမှာစိုးလို့ ကာကွယ်ပေးနေတာ။”

“ဆယ်ဗီ....” နက်ဆန်က အခုတလော ပုံမှန်ထက်ပိုပြီးတော့ တိတ်ဆိတ်နေတတ်တယ်ဆိုပေမဲ့ ဒီတစ်ခါတော့ ကျွန်မကို စကားမဆုံးသေးခင် ဖြတ်ပြောလိုက်ပြီ။

“ ကျေးဇူးပြုပြီး... ကလေးမဆန်ပါနဲ့တော့။” နက်ဆန်က ကျွန်မကို အပိုစကားတွေမပါတဲ့ သတိပေးမှုတစ်ခုပဲ လုပ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မရင်ဘတ်ထဲမှာ တစ်ခုခု ကြေမွသွားသလိုမျိုး ခံစားလိုက်ရတယ်။ နက်ဆန်ကို ကျွန်မကြည့်လိုက်ပေမဲ့ သူစိမ်းတစ်ယောက်လို မြင်နေရ သလိုပါပဲ။

“ရှင်ဘာလို့ အဲဒီကောင်မဘက်က ပြောပေးနေရတာလဲ။” ဒါပေါ့၊ ကျွန်မဒီစကားကို အကျယ်ကြီးမပြောဖြစ်ခဲ့ဘူး။

ခဏနေတော့ ပေါ်ရှေးကားတစ်စီး ဟိုတယ်ရှေ့မှာရပ်ပြီး အထဲကနေ ဖရက်ဒရစ်ရဲ့ကိုယ်ရံတော်တစ်ယောက် ထွက်လာခဲ့ပါတယ်။

“သခင်ကြီးက ခင်ဗျားတို့ကို ခေါ်ခိုင်းလိုက်ပါတယ်။”

...

ကားက ကျွန်မတို့အုပ်စုကို စထရာ့ဘာ့ဂ်မြို့ပြင်အထိ ခေါ်သွားပါတယ်။ မြို့ပြင်မှာတော့ သက်တမ်းကြာပြီဖြစ်ပေမဲ့ ကောင်းစွာထိန်းသိမ်းထားတဲ့ အိမ်ငယ်လေးတစ်လုံး ရှိလို့နေတယ်။ အနီးအနားပတ်ဝန်းကျင်မှာတော့ ဘယ်သူမှရှိမနေပါဘူး။

“ဒီအိမ်က EUOCရဲ့လျှို့ဝှက်တွေ့ဆုံရာ နေရာတွေထဲက တစ်ခုပဲ။ ဒီအိမ်အနီးတစ်ဝိုက်မှာ လူနေအိမ်တွေမရှိဘူး။ ရှင့်ရဲ့အထွတ်အမြတ်မှော်ကိုသုံးဖို့ အကောင်းဆုံးနေရာပဲ။”

အယ်မာက နက်ဆန်ကိုပြောလိုက်တယ်။ နက်ဆန်ကတော့ စတင်ပြီးတော့ အစီအရင်ပြုလုပ်ဖို့အတွက် ပြင်ဆင်ပါတယ်။ အယ်မာနဲ့ကိုယ်ရံတော်တွေကတော့ မှန်ချပ်ကြီးတွေကို နေရာတကျချပေးပြီးတော့ စည်းအလယ်တည့်တည့်မှာ အိပ်ပျော်နေတဲ့မင်းသမီးလေး မာစီးဒီးကိုနေရာချပေးတယ်။

တစ်နေကုန်ပြင်ဆင်ပြီးလို့ ကောင်းကင်ကနေမင်းကြီး ပျောက်ဆုံးသွားချိန်မှာတော့ ကိုယ်ရံတော်တွေပြန်သွားပြီး ကျွန်မ၊ အယ်မာ၊မိုနီကာနဲ့ နက်ဆန်တို့ပဲကျန်ရစ်ခဲ့တယ်။

“ဂါထာကိုစရွတ်တာနဲ့ အနှောင့်အယှက်တစ္ဆေသရဲတွေ ရောက်လာလိမ့်မယ်။ မိုနီကာက စွမ်းအားသုံးလို့မရဘူး၊ ပါစီဗယ်အတွက်က သူ့လက်အောက်ခံတွေကိုပါ ဒီအစီအရင်ရဲ့သက်ရောက်မှုကို ခံရတာမျိုးဖြစ်လာနိုင်လို့ မသင့်တော်ဘူး။ ဒီတော့ မင်းကိုငါအားကိုးရမှာပဲ။”

အယ်မာက နက်ဆန်ဆီကနေ ဒီစကားမျိုးကြားရတော့ အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းညိတ်ပြလိုက်ပါတယ်။ ဒီတော့မှကျွန်မလည်း အယ်မာနားမှာသူ့လက်ထောက်မ ကောင်မလေးရှိမနေတာကို သတိထားမိတာ။

“အယ်မာ၊ ဟိုအသေးမလေး ဘယ်ရောက်သွားတာလဲ။”

“ သူ့ကိုဌာနမှာထားခဲ့တယ်။ ဒါပေမဲ့စိတ်မပူပါနဲ့၊ ဒီနေရာကို ငါတစ်ယောက်တည်းထိန်းနိုင်တယ်။”

အယ်မာက ပြန်ဖြေတယ်။ သူ့လေသံက ရင်းနှီးတာလည်း မကျ၊ သူစိမ်းလည်းမဆန်ဘူး။ ဒါပေမဲ့ နာတာရှာလိုမျိုးပဲ တပ်မှူးတစ်ယောက်မလို့ အားနည်းမယ်လို့တော့မထင်ဘူး။ ဒါပေမဲ့ တစ်ခုခုလိုနေသေးတယ်လို့ ခံစားရတဲ့အတွက် ကျွန်မကိုယ်ကျွန်မ လက်ညိုးထိုးပြပြီး နက်ဆန်ကိုမေးမိတာပေါ့။

“ကျွန်မကရော ဘာလုပ်ပေးရမလဲ။”

“စည်းထဲမှာနေ၊ အပြင်မထွက်နဲ့။”

ကြည့်ဦး... ဒေါသထွက်ဖို့ကောင်းလိုက်တာ။ ကျွန်မကို နောက်တစ်ခါထပ်ပြီး အိမ်မွေးကြောင်လိုမျိုး ဆက်ဆံပြန်ပြီ။

“စကြရအောင်....”

အားလုံးအခြေကျပြီးတဲ့နောက်မှာတော့ နက်ဆန်က အရင်ကလိုပဲ မှော်ဂါထာတွေစရွတ်လိုက်ပါတယ်။ အနီးအနားက တစ္ဆေသရဲတွေအများကြီးရောက်လာပြီး မှန်ပြတင်းပေါက်တွေကွဲတဲ့အထိ ကုတ်ခြစ်နေကြပေမဲ့ အများစုက စည်းကိုမကျော်နိုင်ကြဘူး။ ကျော်နိုင်မယ် ထင်ရတဲ့သတ္တဝါတွေကိုလည်း အယ်မာက မှော်နှင်တံနဲ့ ပစ်ချပစ်တယ်။

ဒါပေမဲ့....

မှော်ဂါထာဆုံးတဲ့အထိ မှန်တွေမှာ ဘာအရိပ်မှပေါ်မလာခဲ့ဘူး။

“ဒါက ဘာသဘောလဲ...” အယ်မာက အခန်းအလယ်မှာ အိပ်စက်နေဆဲဖြစ်တဲ့ မားစီးဒီးအနားမှာ ဒူးထောက်ပြီး ထိုင်ချလိုက်တယ်။ နက်ဆန်ကတော့ စိတ်ရှုပ်ထွေးစွာနဲ့ မှော်နှင်တံကို ပြန်သိမ်းထားလိုက်ပြီး...

“ဒီမိန်းကလေးအိပ်ပျော်နေတာ ကျိန်စာကြောင့် မဟုတ်ဘူးလို့ ဆိုလိုတာပဲ။”

...

နောက်တစ်နေ့။

မာစီးဒီးကို သူ့အခန်းထဲပြန်ရွေ့ထားပြီးပါပြီ။

ဖရက်ဒရစ်ကတော့ ကျွန်မတို့စကားကိုကြားပြီးပြီးချင်း တုန်ယင်နေတဲ့လက်တွေနဲ့ ကော်ဖီခွက်ကိုစားပွဲပေါ်မှာ ပြန်တင်ထားလိုက်တယ်။ သူ့ပုံစံကဒေါသထွက်နေပြီး စိတ်ထိန်းဖို့ကြိုးစားပေမဲ့ ထိန်းချုပ်လို့မရသလိုပဲ။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ညအရှင်။ ဆေးပညာရှင်တွေက ဆေးပညာကိစ္စမဟုတ်ဘူးလို့ ဆုံးဖြတ်ပေးပြီးပြီ။ အခုအယ်ဒါတစ်ယောက်ဖြစ်တဲ့ ခင်ဗျားကိုယ်တိုင်ကပါ ကျိန်စာကြောင့်မဟုတ်ဘူးလို့ ကျုပ်ကိုလာပြော​နေတာလား။ ဒါဆိုကျုပ်သမီးက သူ့ဘာသာသူအိပ်နေပြီး ပြန်ထမလာတာလို့ ပြောချင်တာလား။”

ဖရက်ဒရစ်ရဲ့လေသံက မာလွန်းလို့ ကျွန်မတောင်မှ ထရိုက်ပစ်ချင်တယ်။ မသိရင် အထက်လူကြီးက ငယ်သားကို ဆူနေသလိုမျိုး။ ဒါပေမဲ့နက်ဆန်က တည်တည်ငြိမ်ငြိမ်နဲ့ ဆက်နေနေတယ်။ သူ့အပြစ်ပါတယ်လို့ယူဆပုံပါပဲ။

“ခင်ဗျား ဘာလို့အဲဒီလူကို အကူအညီမတောင်းရတာလဲ။ သူသာဆိုရင်တစ်ခုခု လုပ်နိုင်ရမှာပေါ့။”

နက်ဆန်က ပြောလိုက်တော့ ဖရက်ဒရစ်ငြိမ်ကျသွားတယ်။ အယ်မာကတော့ ခေါင်းခါလိုက်ရင်း သူ့ဝမ်းဗိုက်ကို မသိမသာ လက်ဝါးနဲ့ထိကိုင်လိုက်ရင်းနဲ့

“ညအရှင်ရှင့်၊ ကိုယ်စားလှယ်ဖရက်ဒရစ်ကို နားလည်ပေးဖို့ ကျွန်မပြောချင်ပါတယ်။ ကျွန်မတို့ရဲ့ကောင်မရှင်နာက သူ့ဘုတ်အဖွဲ့ဝင်တွေရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေမှာ လိုက်ကူညီဖို့ မအားလပ်အောင်အလုပ်များနေပါတယ်။ အနည်းဆုံးတော့ ဒီလိုယူဆရတာပဲ။”

အယ်မာရဲ့လေသံက ရုံးသုံးစကားဆန်တယ်။ ဘာအမှားမှ မရှိဘူးဆိုပေမဲ့လို့ နက်ဆန်ကိုသေချာ အကဲခတ်နေတဲ့ ကျွန်မအဖို့တော့ သူ့အတွင်းစိတ်ထဲမှာ ပြောင်းလဲမှုတစ်ခု ဖြစ်သွားတာသေချာပေါက် သတိထားမိတယ်။

“ကျုပ်သိပြီ၊ ဒါကြောင့်ဒီလူက အဲဒီတုန်းကတစ်ကြိမ်ပဲ ပေါ်လာပြီး ချက်ချင်းပြန်ပျောက်သွားတာကိုး။”

နောက်တော့သူက ဘာမှမဖြစ်သလိုမျိုး ဒီကိစ္စကို လစ်လျူ ရှုထားလိုက်တယ်။ အယ်မာကတော့ ကျွန်မဖက်လှည့်လာပြီး

“ဒါနဲ့ဒီဖက်က မိန်းကလေးမှာရော ပြောစရာတစ်ခုခု ရှိများနေမလား။”

“....” ဒီတော့မှ ကျွန်မလည်းပဲ အယ်မာက ကျွန်မကို ဒိုင်ယာရီစာအုပ်ပေးခဲ့တဲ့သူမှန်း သတိထားမိတော့တာပဲ။

‘ဟွန့်... နင်က ငါ့ကို့သုံးချပြီး နင်မပြောချင်တာတွေကို နင့်အစားပြောပေးချင်တာလား။' ကျွန်မ တွေးမိတယ်။ အယ်မာက EUOCရဲ့တပ်မှူးဖြစ်ပေမဲ့ ဖရက်ဒရစ်ကတော့ ဩဇာအာဏာကြီးမားတဲ့ ဘုတ်အဖွဲ့ကိုယ်စားလှယ်ပါ။

အမှောင်ကျောင်းတော်အနေနဲ့ပြောရရင်တော့ အယ်မာက ဆဲလ်ဆာအဖွဲ့ထဲက မာစတာတစ်ယောက်နဲ့တူညီပြီး ဖရက်ဒရစ်က ဆီနိတ်တာပေါ့။ အယ်မာက သဲလွန်စတချို့ကို သိရှိထားပေမဲ့ ဖရက်ဒရစ်ရဲ့မိသားစုတွင်းပြဿနာထဲ ဝင်မပါချင်တဲ့ပုံပဲ။ ဒါကြောင့် အပြင်လူဖြစ်တဲ့ကျွန်မကို အသုံးချချင်နေတာ။

“ဟုတ်သားပဲ၊ ဟိုးတစ်နေ့က ကျွန်မ လေဒီမာစီးဒီးရဲ့ အခန်းထဲဝင်လေ့လာရင်း စာအုပ်လေးတစ်အုပ်ရှာတွေ့ပြီး ဖတ်မိခဲ့သေးတယ်။”

ကျွန်မ အိတ်ထဲကနေ မာစီးဒီးရဲ့ဒိုင်ယာရီကိုယူပြီးပြကြည့်တဲ့ အခါမှာတော့ ဖရက်ဒရစ်က ကျွန်မကိုအေးစက်စက် မျက်လုံးတွေနဲ့ကြည့်လိုက်တယ်။ လာပြီ၊ အယ်မာ ရင်မဆိုင်ချင်တဲ့ ဒုက္ခအိုးကြီး။ တကယ်လို့ကျွန်မသာ သူ့လက်အောက်ကဆိုရင် ရာထူးကျမလား၊ အန္တရာယ်များတဲ့ မစ်ရှ​င်တွေ ဆက်တိုက်အပေးခံရမလားပဲ။

“မစ်ဆယ်ဗီ၊ တခြားလူတစ်ယောက်ရဲ့ကိုယ်ရေးကိုယ်တာ ပစ္စည်းတွေကို ခွင့်ပြုချက်မရှိဘဲယူကြည့်တာ မကောင်းဘူးလို့များ မတွေးမိဘူးလား။”

ဖရက်ဒရစ်က မယုတ်မလွန်ပြောလာပေမဲ့ ကျွန်မက သူ့ကိုအဖက်မလုပ်ဘဲ မာစီးဒီးရဲ့အချစ်ဇာတ်လမ်းကို ကျန်တဲ့သူတွေသိရအောင်လို့ ဖောက်သည်ချလိုက်တယ်။ မာစီးဒီးက ကောင်မလေးတစ်ယောက်နဲ့ဒီတ်နေတယ် ဆိုတဲ့အပိုင်းလည်းရောက်ရော ဖရက်ဒရစ်မျက်နှာကြီး မည်းမှောင်လို့။

ပြောခါမှ၊ ဒီလူကြီးက ဆွေကြီးမျိုးကြီးတည်းကမလား။ ဒီလိုကိစ္စမျိုးကို သူလက်ခံပေးဖို့အတွက် အခက်တွေ့နေမှာ အသေအချာပဲ။

“အယ်ဘတ်တိုင်း... အယ်ဘတ်တိုင်းမိသားစု... ရင်းနှီးနေတဲ့ မိသားစုနာမည်ပဲ။”မာစီးဒီးကို လက်စွပ်ပေးခဲ့တဲ့ ကိုလူချော အကြောင်းကို ကျွန်မပြောမိတော့ နက်ဆန်ကခုလိုပြောလာ ခဲ့ပါတယ်။ အယ်မာက ရည်ရွယ်ချက်ပါပါပြုံးလိုက်ပြီး

“မှားစရာအကြောင်းမရှိဘူး၊ အဲဒီအဲဘတ်တိုင်းက ညအရှင်တွေးမိတဲ့မိသားစုနာမည်ပဲ ဖြစ်မှာပါ။ ဂန္တဝင်ကျောင်းခြောက်ကျောင်းထဲက အဖွဲ့ဝင်ဖြစ်တဲ့ ရေစင်ကျောင်းတော်ရဲ့တော်ဝင်မိသားစု၊ မက်ဒရစ်က အဲဘတ်တိုင်းမိသားစုပါပဲ။”

“.....” ကျွန်မ အံ့အားသင့်သွားတယ်။ အခုထိ ကျောင်းခြောက်ကျောင်းအကြောင်း ကျွန်မသိထားသမျှက ကကြီးခခွေးလောက်ပဲရှိသေးတာ။ ဒါပေမဲ့ ဒီရိုးရှင်းတယ် ထင်ရတဲ့ကိစ္စမှာ တခြားကျောင်းတော်တစ်ခုရဲ့ခြေရာ ပါနေလိမ့်မယ်ထင်မထားခဲ့ဘူး။

နက်ဆန်က ဖရက်ဒရစ်ကိုကြည့်လိုက်တယ်။ ဖရက်ဒရစ်က သက်ပြင်းရှည်ကြီးချလိုက်ပြီး...

“အမှန်ပါပဲ၊ ကျုပ်သမီးလေးရဲ့ရှေ့ရေးကိုကြည့်ပြီး ရေစင်ကျောင်းတော်က တတိယသခင်လေး၊ ဗီလာဗာတီမြို့စားအရှင်၊ ဒီရေဂို စတူးအပ် ဇူလတာ ဟာ့စဘာ့ခ် အဲဘတ်တိုင်းနဲ့ လက်ဆက်ပေးဖို့ကြိုးစားခဲ့တာပါ။”

ဖူး....

ကျွန်မ ကော်ဖီသောက်နေရင်းကနေ ကော်ဖီပူပူတွေကို ထွေးထုတ်မိသွားတယ်။ ဝတ်ထားတဲ့သူနာပြုဝတ်စုံတစ်ခုလုံး ပေကျံလို့။

“အဟွက်... အဟွက်... ဒီရေဂို အမဲသားစတူး ဆူလတန် ဟောသမ အဲလပြွတ်...ဘာဖြစ်တယ်... ရှည်လိုက်တဲ့နာမည်။”

“ဒီရေဂို စတူးအပ် ဇူလတာ ဟာ့စ်စဘာ့ခ် အယ်ဘတ်တိုင်းပါ။” ဖရက်ဒရစ်က ကျွန်မကိုအမှန်ပြန်ပြင်ပေးပေမဲ့ ကျွန်မကတော့ မှတ်မိဖို့မကြိုးစားတော့ဘူး။

“လက်ရှိရေကျောင်းတော်အယ်ဒါရဲ့တတိယသားဖြစ်ပြီး အငယ်ဆုံးပေမဲ့ အယ်ဒါနေရာဆက်ခံဖို့နံပါတ်တစ်ဖြစ်​နေတဲ့ သူလေ။ ဗီလာဗာတီမြို့စားဘွဲ့ခံ ဒီရေဂို အယ်ဘတ်တိုင်းလို့ မှတ်ထားရင်ရပါပြီ။ စပိန်သူကောင်းမျိုးတွေနာမည်က ဩစတီးယားကောင်တွေနဲ့အတူတူပဲ၊ သူတို့ဘာသာတောင် အကုန်မှတ်မိတာမဟုတ်ဘူး။”

အယ်မာက ကျွန်မကိုနှစ်သိမ့်ပေးပါတယ်။ ကျွန်မကတော့ အရေးမကြီးတဲ့ကိစ္စလို့သတ်မှတ်လိုက်ပြီး စိတ်ကူးထဲ ပေါ်လာတဲ့အတွေး ပြောလိုက်မိတယ်။

“ဖြစ်နိုင်တာက အဲဒီဒီရေဂိုဆိုတဲ့အမှိုက်ကောင်က လေဒီမာစီးဒီးရဲ့အချစ်ကိုမရလို့ တမင်သက်သက် အိပ်ပျော်စေမယ့်ကျိန်စာတိုက်ခဲ့တာလား။”

နက်ဆန်ကတော့ ခေါင်းခါလိုက်တယ်။ “အဲဒါက ကျိန်စာမဟုတ်ဘူး။”

အယ်မာကလည်း သဘောတူတဲ့အနေနဲ့ခေါင်းညိတ်ရင်း ဇက်ကြောကိုသူ့ဘာသာနှိပ်နေတယ်။ “ညအရှင်ပြောတာ အမှန်ပဲ။ ကျိန်စာဆိုရင် ညအရှင်လုပ်ခဲ့တဲ့နည်းတွေနဲ့ ဖော်ထုတ်လို့ရမှာပဲ။ ဘာပဲပြောပြော အခုတော့ အဲဒီလက်စွပ်ကို စစ်ကြည့်ရအောင်။”

ဒီလိုနဲ့ ကျွန်မတို့တွေ မာစီးဒီးရဲ့အခန်းထဲကို ဝင်ဖြစ်ကြပြန်တယ်။ ဒီတစ်ခါတော့ဘာလုပ်ရမလဲသိနေတဲ့ နက်ဆန်က မာစီးဒီးလက်က လက်စွပ်ကိုချွတ်ယူလိုက်ပြီး မှော်နှင်တံနဲ့ခေါက်ကြည့်တယ်။

“ရီပယ်ရို...” ဘာမှဖြစ်မလာဘူး။

အယ်မာကလည်း လက်စွပ်ကိုလှမ်းယူပြီး ရေခွက်ထဲကို မြေဆွေးတချို့နဲ့မီးသွေးတချို့ကိုရောထည့် မှော်ဂါထာတချို့ ရွတ်ဖတ်ပြီးစမ်းကြည့်ပေမဲ့ ကျောက်ပြာငွေလက်စွပ်က ဘာထူးခြားချက်မှမပြဘူး။

ဂါထာနဲ့အစီအရင်ဆယ့်နှစ်မျိုးလောက်နဲ့ စမ်းကြည့်ပြီးတဲ့ အခါမှာတော့ နှစ်ယောက်လုံးလက်လျှော့လိုက်တယ်။ အယ်မာက

“ဘယ်လိုပဲကြည့်ကြည့် လက်စွပ်က သာမန်လက်စွပ်ပဲ။ ပြဿနာက လက်စွပ်မှာရော မာစီးဒီးမှာရောရှိမနေဘူး။”

ဒီတစ်ခါတော့ နက်ဆန်တို့တွေပိန်းပါတယ်ဆိုပြီးတော့ သတ်မှတ်ထားတဲ့ ကျွန်မခေါင်းတောင်မှ အလုပ်လုပ်နေပြီ။ ကျွန်မ လက်ခုပ်တစ်ချက်တီးလိုက်ရင်း ပြောလိုက်မိတာပေါ့။

“ဒါဆို စာရွက်ထဲက အသုံးပြုနည်းဆိုတဲ့ဟာမှာ ပြဿနာရှိတာ ဖြစ်ရမယ်။ မာစီးဒီးက အခုအိပ်ပျော်နေပြီဆိုတော့ အဲဒီနည်းကိုသိတဲ့သူက တခြားတစ်ယောက်ပဲရှိတော့တယ်။

အင်း... သူလည်း မနှိုးသောအိပ်ခြင်းနဲ့ အိပ်မပျော်နေရင်ပေါ့။”

All Chapters