← Chapters

အခန်း (၁၉၇၁-၁၉၇၅)

Vol. 102 Ch. 1971-1975

အခန်း (၁၉၇၁-၁၉၇၅)

Vol. 102 Ch. 1971-1975

Chapter 1971

ကြယ်မြစ်အတွင်း၌...

သန်းနှင့်ချီသော နတ်ဆိုးမှော်သားရဲများသည် အရှိန်ကုန်မြှင့်၍ အပြေးသွားနေကြ၏။လမ်းတလျှောက်လုံးတွင် နတ်ဆိုးသားရဲများထံမှ အော်ဟစ်ဟိန်းဟောက်သံများကြောင့် မည်သူကမျှ သူတို့ကို မဟန့်တားဝံ့ကြချေ။

ပုန်းကွယ်နဂါးတပ်ခွဲနှင့် ချောင်ပေ၏စစ်သည်ငါးသိန်းပါဝင်သောတပ်သည်လည်း အနက်ရောင်တိမ်တိုက်ကြယ်နယ်မြေထံသို့ ဦးတည်၍ တဟုန်ထိုး ချီတက်လာကြသည်။

ဤရက်များအတွင်း၌ ချောင်ပေသည် လုယွီကို အကြွင်းမဲ့ယုံကြည်လာခဲ့ပြီး သူ၏စစ်သားငါးသိန်းကို လုယွီ၏အမိန့်အောက်၌ ထားရှိခဲ့သည်။

ယခုလက်ရှိချိန်၌ လုယွီသည် လောကီအင်မော်တယ်တစ်ယောက်သာဖြစ်သော်လည်း သူ ထုတ်ဖော်ပြသထားသော အရှိန်အဝါသည် လောကီအင်မော်တယ်နယ်ပယ်ထက် များစွာပို၍ကျော်လွန်နေပေ၏။

"အရှင်...နောက်ထပ်နှစ်နာရီအတွင်းမှာ ကျွန်တော်တို့ အနက်ရောင်တိမ်တိုက်ကြယ်နယ်မြေကို ရောက်လိမ့်မယ်"

သိုက်ဖုန်းက ရိုသေလေးစားစွာဖြင့် မြေပုံတစ်ခုကို လုယွီထံ လက်ကမ်းပေးလိုက်သည်။

မြောက်မြားစွာသောစိတ်ဝိညာဥ်ကျောက်တုံးများနှင့်ဆေးလုံးများ၏ ကူညီထောက်ပံမှုဖြင့် သိုက်ဖုန်း၏ကျင့်ကြံဆင့်နယ်ပယ်သည် အလွန်လျှင်မြန်သောအရှိန်ဖြင့် တိုးတက်လာခဲ့ရာ ယခုလက်ရှိချိန်၌ သူသည် သိုင်းသူတော်စင်နယ်ပယ်အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေလေပြီ။

သူတို့အား လုယွီ သင်ကြားပေးထားသော နည်းစနစ်သည် ရှေးဟောင်းခေတ်မှကျင့်ကြံနည်းစနစ်တစ်ခုဖြစ်သည်။ထိုကျင့်ကြံနည်းစနစ်ကို လုယွီက အနည်းငယ်ပြင်ဆင်မွမ်းမံပြီးနောက် အလွန်အမင်းအစွမ်းထက်သော နည်းစနစ်တစ်ခု ဖြစ်လာခဲ့သည်။

အကယ်၍ သိုင်းသူတော်စင်နယ်ပယ်ကျင့်ကြံသူတစ်ယောက်သည် ထိုနည်းစနစ်၏လမ်းညွှန်မှုအတိုင်း ကျင့်ကြံပါက ထိုလူသည် သိုင်းသူတော်စင်နယ်ပယ်အထွတ်အထိပ်အဆင့်သို့ ရောက်ရှိပါက 'လေလွင့်အင်မော်တယ်'နယ်ပယ်မလိုအပ်ဘဲ လောကီအင်မော်တယ်နယ်ပယ်သို့ တိုက်ရိုက်ချိုးဖျက်ဝင်ရောက်နိုင်ပေမည်။

လုယွီက မြေပုံကိုဖြန့်ကြည့်လိုက်ရာ အနက်ရောင်တိမ်တိုက်ကြယ်နယ်မြေ၏တည်နေရာကို တွေ့မြင်လိုက်ရ၏။

ထိုကြယ်နယ်မြေပေါ်တွင် စိတ်ဝိညာဥ်မိုင်းတွင်းများ ပေါများသော်လည်း စိတ်ဝိညာဥ်စွမ်းအင်များ ကင်းမဲ့နေသည်။ဤသည်က တော်ဝင်နန်းတော်မှနေ၍ ရာဇဝတ်သားများကိုနယ်နှင်ဒဏ်အပြစ်ပေးရန် အသုံးပြုသောနေရာဖြစ်သည်။အနက်ရောင်တိမ်တိုက်ပတ်ဝန်းကျင်ရှိ ကြယ်နယ်မြေများသည် မှောင်မည်းနေသော ကြယ်သေများဖြစ်ကာ မည်သည့်သက်ရှိမျိုးနွယ်မျှရှိမနေချေ။

သို့ရာတွင် စစ်ဗျူဟာပညာရှင်များ၏အဆိုအရ ဤနေရာသည် ခြုံခိုတိုက်ခိုက်ရန် အလွန်သင့်တော်သော နေရာတစ်နေရာဖြစ်သည်။

အကယ်၍ တစ်စုံတစ်ယောက်သည် မတော်တဆတစ်ခုကြောင့် ကျူးကျော်ဝင်ရောက်လာမိပါက စိတ်ဝိညာဥ်စွမ်းအင်ကင်းမဲ့သော အနက်ရောင်တိမ်တိုက်ကြယ်နယ်မြေကဲ့သို့ နေရာမျိုးတွင် အချိန်အတော်ကြာ ခုခံကာကွယ်၍နေနိုင်ရန် လွန်စွာခက်ခဲပေမည်။

ခြုံခိုတိုက်ခိုက်သူများအတွက်ကမူ သူတို့သည် ပတ်ဝန်းကျင်ကို ဝိုင်းရံပိတ်ဆို့ထားပြီး တိုက်ခိုက်မှုမရှိဘဲ တစ်ဖက်ရန်သူများ၏မှော်စွမ်းအားများကုန်ခမ်း၍ ပြိုလဲသွားမည့်အချိန်ကို စောင့်ဆိုင်းနေရန်သာ လိုအပ်သည်။

"ဦးရီးတော်ရှားဟိုလီ စစ်ချီထွက်သွားတဲ့အချိန်မှာ ကြိုတင်ပြင်ဆင်မှုတွေအများကြီး လုပ်မသွားလောက်ဘူး...စစ်စခန်းမှာ အရင်းအမြစ်အများစု ကျန်နေခဲ့တယ်....သူ ကြာကြာတောင့်ခံနိုင်မှာမဟုတ်ဘူး"

လုယွီက စဥ်းစားတွေးတောလိုက်၏။

ထိုအချိန်မှာပင် စူးရှရှအသံတစ်သံက သင်္ဘောပေါ်ရှိ အဆောက်အအုံအတွင်းမှ ထွက်ပေါ်လာသည်။ထိုအသံသည် အလွန်ကျယ်လောင်ပြီး စွမ်းအားပြည့်ဝကာ အချိန်အတော်ကြာသည့်တိုင် ပျက်ပြယ်သွားခြင်းမရှိချေ။

ကျွီ....

သင်္ဘောအဆောက်အအုံ၏ပထမထပ်ရှိ တံခါးပွင့်သွားပြီး ဖေးထျန်ကွမ်းက ခြေလှမ်းကျဲကြီးများဖြင့် ပြင်ပသို့ထွက်လာသည်။

ဤအချိန်တွင် ဖေးထျန်ကွမ်းသည် သူ၏အရှိန်အဝါများကို ထိန်းချုပ်ထားလေ၏။အပေါ်ယံ၌ သူသည် သာမာန်ကွန်ဖြူးရှပ်ကျောင်းတော်သားတစ်ယောက်နှင့် တူညီနေသည်။သို့ရာတွင် အကယ်၍ တစ်စုံတစ်ယောက်မှ အနီးကပ်ကြည့်ရှုပါက သူ၏ခန္ဓာကိုယ်အတွင်းတွင် အလွန်ပေါကြွယ်ဝသောမှော်စွမ်းအားများ ကိန်းအောင်းနေသည်ကို တွေ့မြင်ရပေမည်။သာမာန်လူများသည် သူ့အား စောင်းငဲ့ကြည့်မိရုံဖြင့်ပင် ထိတ်လန့်ကြောက်ရွံခြင်းကို ခံစားရစေနိုင်သည်။

"ဖေးသခင်ကြီး....."

လက်ရှိနေရာတွင် ရှိနေသူများအားလုံးက တညီတညွတ်တည်း အရိုအသေပြုလိုက်ကြ၏။

ဤသည်က ရွှယ်အင်မော်တယ်တစ်ယောက်ပင်။

ဖေးထျန်ကွမ်းက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ပြောဆိုသည်။

"ကျွန်တော်ကို စိတ်ဝိညာဥ်ကျောက်တုံးတွေ ပေးခဲ့တဲ့အတွက် အရှင့်ကို ကျေးဇူးတင်ပါတယ်...မဟုတ်ရင် ကျွန်တော် ဒီလောက်မြန်မြန်ကြီး ပြန်ကောင်းလာမှာမဟုတ်ဘူး"

လုယွီထံတွင် စိတ်ဝိညာဥ်သွေးကြောရှိနေသဖြင့် စိတ်ဝိညာဥ်စွမ်းအင်များမှာ အကန့်အသတ်မရှိချေ။

ဖေးထျန်ကွမ်းသည် ရွှယ်အင်မော်တယ်တစ်ယောက်ဖြစ်သော်လည်း သူ၏ခွန်အားကိုပြန်လည်ရရှိစေရန်အတွက် လုယွီသည် သူ့အား အသေးစိတ်လမ်းညွှန်ချက်များပေး၍ ကူညီပေးခဲ့သည်။

"ဖေးထျန်ကွမ်း....ဒီတိုက်ပွဲက မင်းအပေါ်မှာ မူတည်သွားပြီ"

လုယွီက ပြောဆိုသည်။

ဖေးထျန်ကွမ်းက ခပ်ဖျော့ဖျော့ပြုံးလိုက်၏။

"အချိန်အကြာကြီး တိတ်ဆိတ်ငြိမ်သက်နေခဲ့ရတော့....ကျွန်တော်က လှုပ်ရှားမှုတွေမလုပ်ခဲ့ရတာ အချိန်တကယ်ကြာလှပြီ"

အချိန်နှစ်နာရီခန့်ကြာပြီးနောက် သူတို့အားလုံး၏မြင်ကွင်းရှေ့၌ မှိန်ပျပျကြယ်နယ်မြေ တစ်ခု ထွက်ပေါ်လာခဲ့သည်။

ဤသည်က အနက်ရောင်တိမ်တိုက်ကြယ်နယ်မြေပင်။

ဤအချိန်အခိုက်အတန့်တွင် အနက်ရောင်တိမ်တိုက်ကြယ်နယ်မြေကို ထူထပ်သိပ်သည်းသော ဝင်္ကပါများဖြင့် ဝိုင်းရံထားသည်။

အဝေးတနေရာမှကြည့်ပါက ထိုနေရာရှိ အရွယ်အစားမျိုးစုံရှိသောဝင်္ကပါများမှနေ၍ တုန်လှုပ်ချောက်ချားဖွယ် ဖိအားအရှိန်ဝါများကို ထုတ်လွှက်နေပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့နေသည်ကို တွေ့မြင်ရပေမည်။

အနက်ရောင်တိမ်တိုက်ကြယ်နယ်မြေ၏ဘေးပတ်ဝန်းကျင်တွင် ကြယ်သေလေးလုံးရှိသည်။ထိုကြယ်သေတိုင်းပေါ်တွင် မြောက်မြားစွာသောအနက်ရောင်ပုံရိပ်များရှိနေပြီး အနက်ရောင်တိမ်တိုက်ကြယ်နယ်မြေကို ဝိုင်းရံထားပေ၏။

အနက်ရောင်တိမ်တိုက်ကြယ်နယ်မြေကို ဝိုင်းထားသော သက်ရှိသတ္တဝါများသည် လူသားများနှင့်ပုံသဏ္ဌာန်တူညီသော်လည်း သူတို့ထံတွင် ကြောက်မက်ဖွယ်မျက်နှာများနှင့်ရှည်လျားသောလက်များရှိသည်။သူတို့သည် သာမာန်လူသားမျိုးနွယ်များထက် များစွာပို၍သန်မာအားကောင်းကာ ပို၍ကြီးမားသည်။

သူတို့သည် ရှုရာများ ဖြစ်ပေ၏။

ရှားဟိုလီသည် စစ်တပ်ကိုဦးဆောင်၍ အနက်ရောင်တိမ်တိုက်ကြယ်နယ်မြေပေါ်သို့ အလျှင်အမြန်ရောက်ရှိလာခဲ့သည်။သို့ရာတွင် ဤနေရာသည် လေဟာနယ်ဓားပြများ၏အဓိကအခြေစိုက်စခန်းမဟုတ်ဘဲ အကန့်အသတ်မရှိသောရှုရာများဖြင့်သာ ပြည့်နှက်နေခဲ့သည်။

Chapter 1972

"အရှင်...ဒီရှုရာတွေက ကျွန်တော်တို့ကို သတိပြုမိပုံပဲ"

သိုက်ဖုန်းက ပြောဆိုသည်။

သူတို့အားလုံး၏အကြည့်များအောက်တွင် ရာနှင့်ချီသောရှုရာများသည် အနက်ရောင်တိမ်တိုက်ကြယ်နယ်မြေမှထွက်လာပြီး သူတို့ထံသို့ တဟုန်ထိုးပြေးဝင်လာကြ၏။

"မင်းတို့ နတ်ဆိုးသားရဲတွေက ဒီနေရာမှာ ဝင်ပြီးစွက်ဖက်ဖို့မလိုဘူး...သူတော်စင်ပင်လယ်ကြယ်နယ်မြေကို ပြန်သွားကြတော့"

ရှုရာများကို ခေါင်းဆောင်လာသူက အော်ဟစ်ပြောဆိုလေသည်။

ယခင်အစီအစဥ်အရ နတ်ဆိုးသားရဲမျိုးနွယ်များသည် ရှုရာမျိုးနွယ်များနှင့် ပူးပေါင်းထားခဲ့သည်။

ထို့ကြောင့် ရှုရာများသည် မြောက်မြားစွာသောနတ်ဆိုးသားရဲအမြောက်အများ ရောက်လာသည်ကိုမြင်သည့်တိုင် အလျင်စလို တိုက်ခိုက်ခြင်းမရှိချေ။

နတ်ဆိုးသားရဲဧကရာဇ်ကျို့ဖုန်းက မတ်တတ်ထရပ်ပြီး အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုလိုက်၏။

"သူတို့ကို သတ်စမ်း"

နတ်ဆိုးသားရဲဧကရာဇ်ထံမှ အမိန့်ရရှိသည်နှင့် နတ်ဆိုးသားရဲများ၏မျက်လုံးများတွင် သွေးဆာသောအလင်းရောင်များ တောက်ပသွားသည်။

ဘုန်း...ဘုန်း...

ရာနှင့်ချီသောရှုရာများသည် နတ်ဆိုးသားရဲများ၏ရှေ့တွင် အနည်းငယ်မျှပင် ခုခံကာကွယ်နိုင်စွမ်းမရှိချေ။သူတို့သည် နတ်ဆိုးသားရဲဒီရေလှိုင်းများအကြားတွင် ချက်ချင်းဆိုသလိုပင် အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲခံလိုက်ရ၏။

ထို့နောက် နတ်ဆိုးသားရဲဒီရေလှိုင်းသည် ကြယ်သေတစ်လုံးပေါ်သို့ တရကြမ်းပြေးဝင်၍ တိုက်ခိုက်လေသည်။ထိုကြယ်သေပေါ်ရှိရှုရာများအားလုံး ဖရိုဖရဲအခြေအနေသို့ ရောက်ရှိသွားတော့သည်။

သူတို့အား နတ်ဆိုးသားရဲမျိုးနွယ်မှနေ၍ ရုတ်တရက်ကြီး ဝင်ရောက်တိုက်ခိုက်မည်ဟု သူတို့က မျှော်လင့်ထားခြင်းမရှိချေ။

ရှုရာအများစုသည် ကြက်သေသေနေကြသဖြင့် ချက်ချင်းပင် သေဆုံးသွားကြ၏။ရှုရာတချို့သည် အသိဝင်လာသော်လည်း သားရဲဒီရေလှိုင်းများအကြားတွင် နစ်မြုပ်သွားခဲ့သည်။

ရှုရာများ၏ခန္ဓာကိုယ်ဖွဲ့စည်းပုံသည် လူသားမျိုးနွယ်များထက် ပို၍သန်မာအားကောင်းသော်လည်း နတ်ဆိုးသားရဲများနှင့် များစွာကွဲပြားခြားနားနေဆဲပင်။

"သေလမ်းရှာနေကြတာလား"

ကြယ်သေ၏အထက်မှနေ၍ ထိတ်လန့်တုန်လှုပ်ခြင်းနှင့်ဒေါသထွက်ခြင်းတို့ရောယှက်နေသော အသံတစ်သံ ထွက်ပေါ်လာသည်။

ထို့နောက် စူးရှသောဓားချီတစ်လှိုင်းက ချက်ချင်းဆိုသလို ပျံ့လွင့်လာပြီး ရှေ့ဆုံးမှဦးဆောင်နေသော နတ်ဆိုးသားရဲတချို့ကို သတ်ဖြတ်လိုက်သည်။

မြောက်များစွာသောရှုရာများခြံရံ၍ ရှုရာဧကရာဇ်အိုကြီးတစ်ယောက်ထွက်လာပြီး သူက နီမြန်းနေသောမျက်လုံးများဖြင့် သူ့ရှေ့ရှိ နတ်ဆိုးသားရဲဒီရေလှိုင်းကို စူးစူးဝါးဝါးစိုက်ကြည့်နေသည်။

သူ၏ဘေးပတ်ဝန်းကျင်ဆယ်မီတာအတွင်းသို့ မည်သည့်နတ်ဆိုးသားရဲမျှ ခြေတစ်လှမ်းချနိုင်ခြင်းမရှိချေ။

"နတ်ဆိုးသားရဲမျိုးနွယ်တွေ....မင်းတို့က မျိုးနွယ်နှစ်ခုကြားက သဘောတူညီချက်ကို ချိုးဖောက်ချင်တာလား"

ရှုရာဧကရာဇ်၏အသံသည် အလွန်ကျယ်လောင်ပြီး ကြယ်မြစ်တစ်ခုလုံးအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

ရှုရာဧကရာဇ်သည် လူသားမျိုးနွယ်၏ရွှယ်အင်မော်တယ်နယ်ပယ်ကျင့်ကြံသူနှင့်ညီမျှသော အစွမ်းထက်တည်ရှိမှုကြီးဖြစ်သည်။

ရှုရာမျိုးနွယ်အတွင်း၌ ရှုရာဧကရာဇ်များသည် ဘိုးဘေးအဆင့်ရှိသော တည်ရှိမှုကြီးများပင်။

နတ်ဆိုးသားရဲဧကရာဇ်ကျို့ဖုန်းက ခနဲ့တဲ့တဲ့ပြောဆိုသည်။

"လူအိုကြီး...သဘောတူညီချက်လုပ်တဲ့အချိန်တုန်းက ရှင့်မှာ မကောင်းတဲ့ရည်ရွယ်ချက်မျိုး ရှိမနေလို့လား...အခုချက်ချင်း ရှင့်ရဲ့လူတွေကို ဖယ်ခိုင်းလိုက်...မဟုတ်ရင် ရှင့်ရဲ့မျိုးဆက်တွေက ကျွန်မတို့မျိုးနွယ်အတွက် အစာဖြစ်သွားလိမ့်မယ်"

ရှုရာဧကရာဇ်က ဒေါသတကြီး အော်ငေါက်လိုက်၏။

"ကျို့ဖုန်း....မင်း သေချင်နေတာလား"

သူက ကျယ်လောင်စွာအော်ငေါက်လိုက်ရာ သူ၏ကြည်လင်ပြတ်သားသော အော်ငေါက်သံသည် ကြယ်မြစ်တစ်ခုလုံးအနှံ့ ပဲ့တင်ထပ်သွားသည်။

ရှုရာဧကရာဇ်၏အသံကို တုံ့ပြန်သည့်အလား ပတ်ဝန်းကျင်ရှိကြယ်သေများပေါ်တွင် တုန်လှုပ်ချောက်ချားဖွယ် ပုံရိပ်သုံးခု ထွက်ပေါ်လာသည်။

ရှုရာဧကရာဇ်လေးယောက်သည် ကြယ်တာရာကောင်းကင်အတွင်း၌ မောက်မာဝံ့ကြွားစွာ မတ်တတ်ရပ်နေပြီး သူတို့က တုန်လှုပ်ချောက်ချားဖွယ်အရှိန်အဝါများကို ထုတ်လွှက်ထားကြ၏။

"မိုးကြိုးမီး...ထန်းကျယ်...တူဖာ...ရှစ်ဖန့်...ဒီရှုရာအိုကြီးလေးယောက်လုံး နိုးထလာကြတာလား"

ကျို့ဖုန်းက မျက်မှောင်ကြုတ်ပြီး ရေရွတ်လိုက်၏။

ရှုရာနယ်မြေအတွင်း၌ ရှုရာဧကရာဇ်များသည် အမြဲတစေ တံခါးပိတ်ကျင့်ကြံနေလေ့ရှိပြီး ပြင်ပလောကသို့ ထွက်လာချိန်မှာ လွန်စွာရှားပါးသည်။

သူတို့သည် ဤနေရာ၌ တစ်ချိန်တည်းထွက်ပေါ်လာသည်ကို ကြည့်ခြင်းအားဖြင့် ရှုရာနယ်မြေသည် ဤကိစ္စကို စီစဥ်ခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်ကြောင်း သိသာထင်ရှားလှ၏။

လီရှန်က ရုတ်တရက် မိုးခြိမ်းသံကဲ့သို့ကျယ်လောင်သောအသံဖြင့် အော်ဟစ်ရယ်မောလိုက်သည်။

"မိုးကြိုးမီး....လွန်ခဲ့တဲ့နှစ်တွေတုန်းက မင်းနဲ့ငါတိုက်ခိုက်ခဲ့တာ အနိုင်အရှုံးမကွဲပြားခဲ့ဘူး....ဒီနေ့ မင်းနဲ့ငါ ထပ်ပြီးယှဥ်ပြိုင်ကြရအောင်"

ရှုရာများ၏ဘက်မှနေ၍ အရပ်မြင့်မြင့် ရှုရာဧကရာဇ်တစ်ယောက် ထွက်လာသည်။သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ထိတ်လန့်တုန်လှုပ်ဖွယ် မိုးကြိုးလှိုင်းများ ပျံ့နှံ့နေပြီး ထိုလှိုင်းများအကြား၌ ကြောက်မက်ဖွယ်မီးတောက်များက ရောယှက်နေသည်။

"လီရှန်...မင်းက ငါတို့မျိုးနွယ်ရဲ့ရန်သူဖြစ်နေမှတော့ မင်းရဲ့သေလမ်းကို မင်းကိုယ်တိုင် ရှာလိုက်တာပဲ"

ရှုရာဧကရာဇ်မိုးကြိုးမီး၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သောအပြုံးတစ်ခုရှိနေသည်။

သူတို့နှစ်ယောက်အကြားတွင် ယခင်ကတည်းက ရန်ငြှိုးများရှိနေပုံရသည်။

ဤအချိန်အခိုက်အတန့်တွင် သူတို့နှစ်ယောက်သည် စကားပြောဆို၍ အချိန်မဖြုန်းကြတော့ချေ။နတ်ဆိုးသားရဲဧကရာဇ်လီရှန်သည် ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့ထွက်ပြီး ရှုရာဧကရာဇ်မိုးကြိုးမီးနှင့် တိုက်ခိုက်လိုက်၏။

ရွှယ်အင်မော်တယ်နှစ်ယောက်အကြားရှိတိုက်ပွဲတွင် သူတို့၏လက်သီးတစ်ချက်တိုင်း မိုးကောင်းကင်တာအိုကိုပင် တုန်ခါသွားစေပုံရသည်။တိုက်ခိုက်မှုများအကြိမ်အနည်းငယ်ခန့် ဖလှယ်ပြီးနောက် လေဟာနယ်အတွင်း၌ မြောက်မြားစွာသောအက်ကွဲကြောင်းများ ထွက်ပေါ်လာသည်။

အချိန်မီထွက်ပြေးတိမ်းရှောင်နိုင်ခြင်းမရှိသော ရှုရာများနှင့်နတ်ဆိုးသားရဲများသည် အစွမ်းထက်တည်ရှိမှုကြီးနှစ်ယောက်၏တိုက်ပွဲမှ သက်ရောက်မှုအားလှိုင်းများဖြင့် ထိတွေ့မိသဖြင့် ချက်ချင်းဆိုသလိုပင် အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားကြသည်။

Chapter 1973

"ဧကရာဇ်ရှစ်ဖန့်...ရှင်နဲ့ကျွန်မ တိုက်ခိုက်ကြတာပေါ့"

ကျိုးဖုန့်သည် ပထမဆုံးထွက်ပေါ်လာခဲ့သော ရှုရာအိုကြီးကို ရွေးချယ်လိုက်၏။ညင်သာပေါ့ပါးသောခြေလှမ်းများနှင့်အတူ ကျိုးဖုန့်သည် ချက်ချင်းဆိုသလိုပင် ရှုရာအိုကြီး၏ရှေ့သို့ ရောက်ရှိသွားသည်။

နှစ်ဖက်စလုံးရှိ ရွှယ်အင်မော်တယ်နယ်ပယ်ကျင့်ကြံသူများ တိုက်ခိုက်နေကြသဖြင့် ပတ်ဝန်းကျင်နေရာတဝိုက်လုံး ရုတ်ရုတ်သဲသဲ ဆူညံသံများဖြင့် ပြည့်နှက်နေသည်။

ကြွင်းကျန်သောရှုရာဧကရာဇ်နှစ်ယောက်၏မျက်လုံးအကြည့်များက လုယွီတို့လူစုထံသို့ စူးစိုက်၍ကျရောက်လာသည်။

"နတ်ဆိုးသားရဲမျိုးနွယ်က ပုံမှန်မဟုတ်တဲ့ကိစ္စတွေကိုလုပ်နေတာ အံ့အားသင့်စရာမရှိတော့ဘူး...ဒါက မင်းတို့ လူသားမျိုးနွယ်တွေကြောင့် ဖြစ်နေတာပဲ"

"ယုတ်မာတဲ့လူသားတွေ...မင်းတို့ကြောင့် ငါတို့ကြားမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်လာတာပဲ"

ရှုရာဧကရာဇ်နှစ်ယောက်သည် အလွန်အမင်း ဒေါသထွက်နေကြ၏။သူတို့၏မှော်စွမ်းအားများကို ဧရာမလက်ဝါးကြီးများအသွင်သိပ်သည်းပြီး စစ်သင်္ဘောထံဦးတည်၍ ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်သည်။

တော်ဝင်စစ်တပ်မှစစ်သင်္ဘောများ၏ အရွယ်အစားသည် အလွန်ကြီးမားပေ၏။သင်္ဘောပေါ်မှအခန်းများသည် မြို့ငယ်တစ်မြို့ ဝင်ဆန့်သည်အထိကြီးမားကြီး ကုန်းပတ်ကို ခံတပ်တစ်ခုကဲ့သို့ တည်ဆောက်ထားသည်။

သို့ရာတွင် ဧရာမမှော်စွမ်းအင်လက်ဝါးကြီး၏အောက်တွင် စစ်သင်္ဘောကြီးသည် သေးငယ်ပြီးကျိုးပဲ့လွယ်သော လှေငယ်တစ်စီးနှင့် တူညီနေသည်။

"ဘာလဲ...ရှုရာနယ်မြေအတွက် ဒီလောက်အရေးကြီးတဲ့ကိစ္စဖြစ်နေတာတောင် အဖိုးကြီးထန်ကျွင်းကရောက်မလာဘူးလား"

ဧရာမမှော်စွမ်းအင်လက်ဝါးကြီး ကျရောက်လုဆဲဆဲအချိန်တွင် သင်္ဘောကုန်းပတ်ပေါ်မှနေ၍ ပေါ့ပေါ့ပါးပါးပြောဆိုလိုက်သော အသံတစ်သံ ထွက်ပေါ်လာသည်။

ကုန်းပတ်ပေါ်မှနေ၍ လက်ဝါးတစ်ဖက် ဆန့်ထွက်လာပြီး လေဟာနယ်အတွင်းရှိ ဧရာမမှော်စွမ်းအင်လက်ဝါးပုံရိပ်ယောင်ကြီးကို ချေမွှဖျက်ဆီးလိုက်၏။

တစ်ချိန်တည်းမှာပင် ဖေးထျန်ကွမ်းက ရှုရာဧကရာဇ်နှစ်ယောက်၏ရှေ့သို့ ရောက်ရှိသွားသည်။

ထန်းကျယ်နှင့်တုဖာတို့သည် ထိုစကားသံကိုကြားသည်နှင့် အလွန်ထိတ်လန့်တုန်လှုပ်သွားသည်။လူသားမျိုးနွယ်များဘက်တွင် အစွမ်းထက်သောရွှယ်အင်မော်တယ်တစ်ယောက်ရှိနေမည်ဟု သူတို့ မျှော်လင့်မထားမိကြချေ။

"သူက တစ်ယောက်တည်း...ငါတို့ သူ့ကိုဝိုင်းပြီးတိုက်ခိုက်ကြမယ်"

ရှုရာဧကရာဇ်နှစ်ယောက်၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားသည်။သူတို့နှစ်ယောက်က ဖေးထျန်ကွမ်းထံသို့ တရကြမ်းပြေးဝင်တိုက်ခိုက်ကြ၏။

ရှုရာဧကရာဇ်နှစ်ယောက်၏ပူးပေါင်းတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသည့်တိုင် ဖေးထျန်ကွမ်း၏မျက်နှာအမူအယာသည် တည်ငြိမ်အေးဆေးနေဆဲပင်။

သူ၏လက်အတွင်း၌ မည်သည့်မှော်လက်နက်ကိုမျှ ကိုင်ဆောင်ထားခြင်းမရှိသော်လည်း သူ အသုံးပြုသောနည်းလမ်းများမှာ အကန့်အသတ်မရှိချေ။သူ၏လက်သီးနည်းစနစ်များ တစ်ခုပြီးတစ်ခု အသုံးပြုနေခြင်းသည် ဧရာမလှိုင်းလုံးကြီးများ ကမ်းခြေကို အဆက်မပြတ်ရိုက်ခတ်နေသည်နှင့် တူညီပေ၏။

ရှုရာဧကရာဇ်နှစ်ယောက်သည် ပူးပေါင်း၍ တိုက်ခိုက်နေကြသော်လည်း ဖေးထျန်ကွမ်းကို ထိခိုက်နာကျင်အောင် လုပ်ဆောင်နိုင်ခြင်းမရှိချေ။

"ဒါက ဖေးသခင်ကြီးရဲ့အစစ်အမှန်ခွန်အားလား"

ကုန်းပတ်ပေါ်ရှိ သိုက်ဖုန်းနှင့်တခြားလူများသည် ကြက်သေသေနေကြ၏။

ဖေးထျန်ကွမ်းသည် သူတစ်ယောက်တည်းနှင့် ရှုရာဧကရာဇ်နှစ်ယောက်ကို ရင်ဆိုင်နေရသည့်တိုင် အရေးနိမ့်နေခြင်းမျိုးမရှိချေ။သူသည် သူတို့နှစ်ယောက်ကို အနည်းငယ်ဖိနှိပ်ထားနိုင်ပုံပင် မြင်နေရသည်။

"ပြန်တွေးကြည့်ရင် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်က ဘာအကြောင်းအရင်းမှမရှိဘဲနဲ့ ဖေးထျန်ကွမ်းကို တရားစီရင်ရေးအမတ်ကြီးရာထူးကို ခန့်အပ်ခဲ့မှာမဟုတ်ဘူး"

လုယွီတွင် လူတစ်ယောက်ကိုထွင်းဖောက်ကြည့်ရာ၌ ပြိုင်ဘက်ကင်းအမြင်မျိုးရှိနေသဖြင့် တခြားသူများထက် ပို၍သိမြင်နိုင်စွမ်းရှိသည်။

ဖေးထျန်ကွမ်း၏ကျင့်ကြံဆင့်နယ်ပယ်သည် အလွန်ကျစ်လစ်သိပ်သည်းပြီး ရှေးဟောင်းကျင့်ကြံနည်းစနစ်တစ်ခုကို ကျင့်ကြံထားပုံရသည်။

သူသည် အဆိပ်မိရာမှ ပြန်လည်ကောင်းမွန်လာခဲ့သည်မှာ မကြာသေးချေ။ထိုအချက်ကြောင့်သာမဟုတ်ပါက သူသည် ယခုထက်ပို၍ပင် အားကောင်းသန်မာနေပေမည်။

ဖေးထျန်ကွမ်း၏ဖိနှိပ်မှုအောက်တွင် ထန်းကျယ်နှင့်တုဖာတို့သည် ခုခံနိုင်စွမ်း မရှိကြတော့ချေ။

"သူက ဘယ်သူလဲ...ဘာလို့ဒီလောက်ထိ သန်မာအားကောင်းနေတာလဲ"

ရှုရာဧကရာဇ်နှစ်ယောက်က သူတို့၏စိတ်နှလုံးသားများအတွင်းမှနေ၍ ညည်းတွားနေကြ၏။

ဖေးထျန်ကွမ်းသည် ရှုရာဧကရာဇ်နှစ်ယောက်ကို ထိန်းထားသဖြင့် နောက်ဆုံး၌ လုယွီသည် ခြေလွတ်လက်လွတ် လှုပ်ရှားနိုင်လေပြီ။

"စိတ်ဝိညာဥ်အမြှောက်တွေအားလုံးကို ပစ်ခတ်ပြီး လမ်းကြောင်းဖွင့်မယ်"

လုယွီက အမိန့်ပေးလိုက်သည်။

သိုက်ဖုန်းနှင့်တခြားသူများက အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။

သူတို့သည် လုယွီ၏နံဘေးသို့ ရောက်ရှိခဲ့သောအချိန်မှစ၍ ခြေလက်ဗလာဖြင့် တိုက်ခဲ့ခဲ့ဖူးခြင်းမရှိချေ။

ဤှသည်က ချမ်းသာကြွယ်ဝမှုကြောင့်ပင်။

သူတို့သည် စိတ်ဝိညာဥ်အမြှောက်များကြောင့် ကုန်ဆုံးသွားမည့် စိတ်ဝိညာဥ်ကျောက်တုံးပမာဏကို ထည့်သွင်းစဥ်းစားနေရန် မလိုအပ်ချေ။

ချောင်ပေသည် မဟာစစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်နေသည့်တိုင် သူ၏မျက်နှာပေါ်၌ အပြုံးများဝေဆာနေသည်။

"လာကြစမ်း....သိုလှောင်ခန်းထဲမှာရှိနေတဲ့ စိတ်ဝိညာဥ်အမြှောက်တွေအားလုံးကို ထုတ်ခဲ့ကြတော့"

သိုက်ဖုန်းက အမိန့်ပေးလိုက်၏။

မကြာမီမှာပင် စစ်သင်္ဘောဆယ်စီးကျော်ပေါ်၌ ထောင်နှင့်ချီသောစိတ်ဝိညာဥ်အမြှောက်ကို တပ်ဆင်ပြီးဖြစ်သည်။

ဘုန်း...ဘုန်း....ဘုန်း...

ထောင်နှင့်ချီသောစိတ်ဝိညာဥ်အမြှောက်များကို ရှုရာများထံဦးတည်၍ တပြိုင်နက်တည်း တိုက်ခိုက်လိုက်၏။

ပုန်းကွယ်နဂါးတပ်ခွဲသည် မည်သည့်တန်ကြေးမျှပေးဆပ်ရခြင်းမရှိဘဲ အနက်ရောင်တိမ်တိုက်ကြယ်နယ်မြေ၏နယ်နမိတ်အတွင်းသို့ ရောက်ရှိသွားခဲ့သည်။

Chapter 1974

အနက်ရောင်တိမ်တိုက်ကြယ်နယ်မြေ...

ဤအချိန်တွင် ကြယ်နယ်မြေ၏ပြင်ပ၌ ထူထပ်သိပ်သည်းသောမြူခိုးများနှင့် လွှမ်းခြုံနေသည်။

ကြယ်နယ်မြေပေါ်ရှိ ထောင့်တစ်နေရာတိုင်းတွင် ဝင်္ကပါအလံတစ်ခုကို စိုက်ထူထားသည်။ထိုဝင်္ကပါအလံတစ်ခုစီတိုင်းကို အနည်းဆုံးတပ်ရင်းတစ်ရင်းအင်အားရှိသော စစ်သားများက တင်းတင်းကြပ်ကြပ် စောင့်ကြပ်ထားလေ၏။

အနက်ရောင်တိမ်တိုက်ကြယ်နယ်မြေ၏အလယ်ဗဟို၌ မြို့ပျက်ကြီးတစ်မြို့ရှိနေသည်။

ထိုမြို့ပျက်ကြီးတစ်မြို့လုံး အပျက်အစီးများနှင့် ပြည့်နှက်နေသည်။အဆောက်အအုံများ၏မျက်နှာပြင်များသည် အရောင်မွဲခြောက်နေပြီး အိမ်အများစုသည် ပြိုလဲကာ အပျက်အစီးများအဖြစ်သို့ ပြောင်းလဲနေလေ၏။

မူလက ဤနေရာသည် ရာဇဝတ်သားများကို ဖမ်းဆီးထိန်းသိမ်းသောနေရာဖြစ်သည်။နယ်နှင်ဒဏ်အပြစ်ပေးခံရသည့် ရာဇဝတ်သားများအားလုံးကို ဤနေရာသို့ ပို့ဆောင်လေ၏။

ဤအချိန်တွင် မြို့ပျက်ကြီးတစ်ခုလုံး တာယွီအင်ပါယာ၏စစ်သားများဖြင့် ပြည့်နှက်နေပြီး ခြေငါးလှမ်းစီတိုင်းတွင် အစောင့်များထားရှိသည်။

တော်ဝင်စစ်တပ်၏အလံက လေထုအတွင်း၌ လူးလွန့်နေသည်။သို့ရာတွင် ထိုအလံ၏နေရာအများစုသည် ထိခိုက်ပျက်စီးနေပြီး သွေးအမြောက်အများစွန်းထင်းနေကာ မြောက်များစွာသောတိုက်ပွဲများနှင့် ကြုံတွေ့ခဲ့ရသည်ကို ညွှန်ပြနေပေ၏။

မြို့ပျက်ကြီး၏အတွင်းနှင့်အပြင်ကို စစ်စခန်းတစ်ခုအသွင် ပြောင်းလဲထားသည်။

ဤအချိန်အခိုက်အတန့်တွင် ရှားဟိုလီသည် ပင်မထိုင်ခုံပေါ်၌ထိုင်နေပြီး သူ၏မျက်ခုံးနှစ်ဖက်ကို တင်းတင်းကျပ်ကျပ်စုကျုံထားသည်။

သူ၏အောက်တွင် ဗိုလ်ချုပ်များနှင့်စစ်ဗျူဟာပညာရှင်များရှိနေပြီး သူတို့အားလုံး၏မျက်နှာများပေါ်တွင် တည်ကြည်လေးနက်သောအရိပ်အယောင်များရှိနေလေ၏။

"တပ်မှူးချုပ်...ဒီမနက်မှာ ရှုရာတွေက မြို့ရဲ့အနောက်မြောက်ထောင့်မှာရှိတဲ့ ဝင်္ကပါအလံကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်...အနောက်မြောက်ထောင့်ကို တာဝန်ယူစောင့်ကြပ်တဲ့ ဗိုလ်ချုပ်ချမ်ဟွေ့ ဒဏ်ရာအပြင်းအထန်ရသွားတယ်...ကျွန်တော်က သူ့ကိုကူညီပေးဖို့အတွက် ဗိုလ်ချုပ်လုဟွမ်းကို စေလွှက်လိုက်တယ်"

"ဒါပေမယ့် စစ်သည်တွေအများကြီး ဒဏ်ရာအပြင်းအထန်ရထားတယ်...ဒီနေရာမှာ စိတ်ဝိညာဥ်စွမ်းအင်တွေ ကျဲပါးပြီးတော့ ကျွန်တော်တို့ဆီမှာ ဆေးဝါးတွေလည်း ပြတ်လပ်နေတယ်...ဒီတိုင်းသာဆက်သွားမယ်ဆိုရင် ကျွန်တော်တို့ ကြာကြာတောင့်ခံနိုင်တော့မှာ မဟုတ်ဘူး"

စစ်ဗျုဟာပညာရှင်တစ်ယောက်က မတ်တတ်ထရပ်ပြီး တိုက်ပွဲအခြေအနေကို ရှားဟိုလီထံ သတင်းပို့လေသည်။

တိုက်ပွဲအခြေအနေသည် သူတို့အတွက် ကောင်းမွန်ခြင်းမရှိချေ။

တစ်ဖက်ရန်သူများတွင် ရှုရာဧကရာဇ်လေးယောက်ရှိနေသည်။ရှားဟိုလီထံ၌ ပြိုင်ဘက်ကင်းနတ်ဘုရားစွမ်းအားမျိုးရှိနေလျှင်ပင် ရန်သူများကို ဖောက်ထွက်နိုင်ရန် လွန်စွာခက်ခဲပေမည်။

ထို့ပြင် ဤနေရာရှိပတ်ဝန်းကျင်အခြေအနေသည် ကျင့်ကြံခြင်းနှင့်ပြန်လည်ကုသခြင်းတို့အတွက် ကောင်းမွန်ခြင်းမရှိပေ။

စစ်တပ်အတွင်း၌ ဆေးပညာရှင်များရှိနေသော်လည်း ဆေးသန့်စင်ရန်အတွက် လုံလောက်သောပါဝင်ပစ္စည်းများမရှိပေ။

ဒဏ်ရာရရှိထားသော စစ်သားအများစုသည် သူတို့၏ဒဏ်ရာများမှ ပြန်လည်ကောင်းမွန်လာစေရန် သူတို့ကိုယ်သူတို့သာ မှီခိုအားထားနေရ၏။

"ငါ အဲ့ဒီကိစ္စတွေအားလုံးကို သိထားပြီးပြီ"

ရှားဟိုလီက ရုတ်တရက် တခြားအရာရှိတစ်ယောက်ကို ကြည့်လိုက်သည်။

"မင်း အကူအညီတောင်းခံတဲ့ သတင်းကိုပို့ပြီးပြီလား"

"ဟုတ်ကဲ့...ဒါပေမယ့် တော်ဝင်နန်းတော်ကနေ တုံ့ပြန်လာတာက....."

ထိုအရာရှိသည် အချိန်တခဏကြာတွန့်ဆုတ်နေပြီးမှ ပြောဆိုလေ၏။

"ကျွန်တော်က 'သိပြီ'ဆိုတဲ့စကားလုံးနှစ်လုံးကိုပဲ ပြန်ရခဲ့တယ်"

'သိပြီ'ဟု ဆိုလိုက်သလော....

ယခုလက်ရှိနေရာတွင်ရှိနေသူများအားလုံး အလွန်အမင်း စိတ်ဓာတ်ကျသွားတော့သည်။

သူတို့သည် အနက်ရောင်တိမ်တိုက်ကြယ်နယ်မြေပေါ်သို့ ရောက်ရှိပြီးနောက် သူတို့အားလုံး လှည့်စားခံလိုက်ရပြီဖြစ်ကြောင်းကို သိရှိလိုက်ရ၏။

ဤနေရာပတ်ဝန်းကျင်ရှိ အစောင့်တပ်များသည် ရှုရာများနှင့်ပူးပေါင်း၍ ပုန်ကန်ကြသူများဖြစ်နေသည်။ဤနေရာ၌ ဖမ်းဆီးခံထားရသော အကျဥ်းသားများအားလုံးကိုလည်း သူတို့က လွှက်ပေးထားပြီးဖြစ်သည်။

ရှားဟိုလီသည် လျှပ်ပျက်သကဲ့သို့အရှိန်ဖြင့် ပုန်ကန်သူများကို နှိမ်နင်းနိုင်ခဲ့သည်။သို့ရာတွင် ပုစဥ်းရင်ကွဲနောက်သို့ လိုက်လံဖမ်းဆီးနေသော ရှိခိုးကောင်သည် သူ့နောက်ရှိ စာဝါငှက်ကို မမြင်သကဲ့သို့ ရှုရာမျိုးနွယ်များ ရုတ်တရက်ထွက်ပေါ်လာပြီး ရှားဟိုလီတို့စစ်တပ်ကို ဝိုင်းရံထားလေသည်။

စစ်သားများသည် ဤနေရာ၌ ချောင်ပိတ်မိနေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။သူတို့သည် တော်ဝင်နန်းတော်ထံသို့ ထပ်ခါတလဲလဲ အကူအညီတောင်းခံခဲ့သော်လည်း စကားလုံးအနည်းငယ်ကိုသာ တုံ့ပြန်ရရှိခဲ့သည်။

"တော်ဝင်နန်းတော်က ငါတို့ကို စွန့်ပစ်လိုက်တာများလား"

တစ်စုံတစ်ယောက်က တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။

ဤသည်က အမှန်အားဖြင့် သူတို့၏အစီအစဥ်များမှတစ်ခုပင်။သူတို့သည် အနက်ရောင်တိမ်တိုက်ကြယ်နယ်မြေပေါ်တွင် နေနေသရွေ့ ရှုရာနယ်မြေမှအင်အားစုများကို ပို၍ဆွဲဆောင်နိုင်ပေလိမ့်မည်။ထိုအချိန်ကျလျှင် တော်ဝင်နန်းတော်သည် ပို၍ကောင်းမွန်သော လှုပ်ရှားမှုများနှင့် ဝင်ရောက်တိုက်ခိုက်နိုင်ပေမည်။

အကယ်၍ ရှားဟိုလီ၏နေရာတွင် တခြားတစ်ယောက်ဆိုပါက တော်ဝင်နန်းတော်မှလူများ လှုပ်ရှားကောင်းလှုပ်ရှားနိုင်သည်။

သို့ရာတွင် ရှားဟိုလီ၏တသီးတသန့်နေတတ်မှုကြောင့် တော်ဝင်နန်းတော်မှလူများသည် ဤစစ်ဗျူဟာကို သိနေသည့်တိုင် မည်သူကမျှ သူ့အတွက်ကူညီပြောဆိုပေးခြင်းမရှိချေ။

ထိုအချိန်မှာပင် အလျင်စလိုပြေးလွှားလာသော ခြေလှမ်းသံများက ပြင်ပမှထွက်ပေါ်လာသည်။

"တပ်မှူးချုပ်...အပြင်ဘက်မှာ...."

စစ်သားတစ်ယောက်က ခန်းမအတွင်းသို့ အလျင်စလို ပြေးဝင်လာလေ၏။

ခန်းမအတွင်းတွင်ရှိနေသော အရာရှိများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။

"ဘာဖြစ်လာတာလဲ...ရှုရာနယ်မြေကလူတွေ ထပ်ပြီးတိုက်ခိုက်ပြန်ပြီလား"

ဗိုလ်ချုပ်တစ်ယောက်က အော်ဟစ်၍ မေးမြန်းလိုက်သည်။

Chapter 1975

ရှုရာများ ထပ်မံ၍ တိုက်ခိုက်လာခဲ့သလော....

လူတိုင်း၏စိတ်နှလုံးသားများ လေးလံသွားပေ၏။ယခင်က ရှုရာများ ဝင်ရောက်တိုက်ခိုက်သည့်အကြိမ်တိုင်းတွင် တစ်ကြိမ်တိုက်ခိုက်ပြီးတိုင်း အချိန်အနည်းငယ်ကြာမှသာ ထပ်မံ၍တိုက်ခိုက်လေ့ရှိသည်။

သို့ရာတွင် ယခုလက်ရှိချိန်တွင် သူတို့သည် အစောပိုင်းကမှ တိုက်ပွဲရင်ဆိုင်ခဲ့ကြရသည်။ယခုချိန်၌ ထပ်မံ၍ နောက်ထပ်တိုက်ပွဲတစ်ခုကို ရင်ဆိုင်တိုက်ခိုက်ရအုံးမည်လော။

အနက်ရောင်တိမ်တိုက်ကြယ်နယ်မြေသည် ရှုရာနယ်မြေနှင့် မလှမ်းမကမ်းအကွာအဝေးတွင် တည်ရှိသည်။ထို့ကြောင့် ရှုရာများသည် စစ်အင်အားကို အကန့်အသတ်မရှိ လုပ်ဆောင်နိုင်သော်လည်း တော်ဝင်စစ်တပ်ဘက်တွင်မူ လုပ်ဆောင်နိုင်ခြင်းမရှိချေ။

အကယ်၍ ရှုရာများ ထပ်မံ၍တိုက်ခိုက်လာပါက သူတို့ တောင့်ခံထားနိုင်ရန် အလွန်အမင်း ခက်ခဲသွားပေမည်။

သတင်းပို့လာသောစစ်သားက တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။

"မဟုတ်ပါဘူး...ရှေ့တန်းက ကင်းထောက်တွေဆီကရတဲ့သတင်းအရ ရှုရာနယ်မြေမှာ ပြဿနာတစ်ခုခုရှိနေပုံရတယ်"

ဘာ....

မူလက မှေးစင်းနေသောရှားဟိုလီ၏မျက်ခွံများ ရုတ်တရက် ပြူးကျယ်သွားပြီး သူ၏မျက်လုံးတစ်စုံမှနေ၍ စူးရှသောအေးစက်စက်အလင်းတန်းများ ထွက်ပေါ်လာသည်။

ထိုအေးစက်စက်အလင်းတန်းသည် မြောက်မြားစွာသော တိမ်တိုက်များနှင့်ဝင်္ကပါများကို ဖြတ်သန်း၍ အနက်ရောင်တိမ်တိုက်ကြယ်နယ်မြေ၏ပြင်ပသို့ တိုက်ရိုက်ကျရောက်သွားလေ၏။

ဤသည်က ရွှယ်အင်မော်တယ်တစ်ယောက်၏နတ်ဘုရားစိတ်အာရုံဖြစ်ပြီး အနက်ရောင်တိမ်တိုက်ကြယ်နယ်မြေ၏နံဘေးပတ်လည်ရှိ အရာရာတိုင်း သူ၏အာရုံခံမှုအောက်၌ရှိသည်။

ရှားဟိုလီ၏အမြင်အာရုံအတွင်း၌ ရှုရာဧကရာဇ်များကိုကိုယ်စားပြုသော မှော်စွမ်းအင်အလင်းတန်းများ ပြင်းပြင်းထန်ထန်တုန်ခါနေခြင်းကို တွေ့မြင်မိပေ၏။

ရှုရာဧကရာဇ်လေးယောက်သည် ပြင်းထန်သောတိုက်ပွဲတစ်ခုကို ဆင်နွှဲနေပုံရသည်။ကြယ်တာရာကောင်းကင်ယံတွင် အစွမ်းထက်သောရွှယ်အင်မော်တယ်များအကြားမှ တိုက်ပွဲအရှိန်သက်ရောက်မှုအားလှိုင်းများဖြင့် ပြည့်နှက်နေသည်။

"တစ်ခုခုတော့ တကယ်ကို ဖြစ်ပျက်နေပြီ"

ရှားဟိုလီ၏မျက်ခုံးများ မြင့်တက်သွားသည်။

သူသည် ဤနေရာ၌ ဆက်လက်၍နေနေပါက ရှုရာဧကရာဇ်လေးယောက်နှင့် တိုက်ခိုက်ရပေမည်။အကယ်၍ သူသည် ရှုရာဧကရာဇ်တစ်ယောက်ကို အနိုင်ယူနိုင်လျှင်ပင် လက်ရှိနေရာရှိ ရှုရာဧကရာဇ်လေးယောက်လုံး သူ့အား တပြိုင်နက်တည်း တိုက်ခိုက်လာပါက သူ ခုခံကာကွယ်နိုင်စွမ်းပင် ရှိမည်မဟုတ်ချေ။

ရှားဟိုလီ၏စကားကြောင့် ခန်းမတစ်ခုလုံးတွင် တိုင်ပင်ဆွေးနွေးနေသံများဖြင့် ပြည့်နှက်သွားသည်။

"တော်ဝင်နန်းတော်ကစစ်ကူတွေများ ရောက်လာတာလား...တပ်မှူးချုပ်...ကျွန်တော်တို့ အပြင်ထွက်ပြီး သူတို့ကို ကြိုဆိုကြမလား"

စစ်ဗိုလ်ချုပ်တစ်ယောက်က ပြောဆိုသည်။

တခြားစစ်ဗျူဟာပညာရှင်များက မျက်မှောင်ကြုတ်လိုက်ကြ၏။

"ဒါပေမယ့် ဒါက ငါတို့ကို မျှားခေါ်ဖို့ကြံစည်ထားတဲ့ ရှုရာနယ်မြေရဲ့အစီအစဥ်လည်း ဖြစ်နေနိုင်တယ်"

သူတို့သည် ဤနေရာ၌ ချောင်ပိတ်မိနေခဲ့သည်။သို့ရာတွင် စစ်တပ်အတွင်းမှ ဝင်္ကပါပညာရှင်များ၏ 'ကောင်းကင်ဘုံအဆင့်မြင့်ဝင်္ကပါ'ကို ခင်းကျင်းထားမှုကြောင့် ရှုရာဧကရာဇ်များပင် အတွင်းသို့ချိုးဖျက်ဝင်ရောက်လာနိုင်ခြင်းမရှိချေ။

သို့ရာတွင် အကယ်၍ သူတို့ ပြင်ပသို့ထွက်လာပါက သူတို့၏ဝင်္ကပါဖွဲ့စည်းပုံပျက်စီးကာ အန္တရာယ်အတွင်းသို့ ကျရောက်သွားနိုင်သည်။

ရှားဟိုလီက မျက်မှောင်ကြုတ်ထားပြီး တန်ပြန်တိုက်ခိုက်ရန်အစီအစဥ်များကို တွေးတောနေလေ၏။

သူ၏နတ်ဘုရားစိတ်အာရုံကို အဝေးထိဖြန့်ကျက်နိုင်သော်လည်း အနက်ရောင်တိမ်တိုက်ကြယ်နယ်မြေ၏ပတ်ဝန်းကျင်ကိုသာ တွေ့မြင်နိုင်သည်။ရှုရာနယ်မြေမှမှော်စွမ်းအားများ၏ ကြားဖြတ်နှောက်ယှက်မှုကြောင့် သူသည် အကြမ်းဖျင်းပုံရိပ်များကိုသာ တွေ့မြင်နိုင်သည်။

သွေးဆာသောရှုရာများ မည်သည်ကြောင့် ဤမျှထိ ဖရိုဖရဲဖြစ်နေသည်ကို သူ အာရုံခံနိုင်ခြင်းမရှိချေ။

နောက်ထပ် စစ်ဗျူဟာပညာရှင်တစ်ယောက်က သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ပြောဆိုသည်။

"တပ်မှူးချုပ်...ဒီကိစ္စနဲ့ပတ်သတ်လို့ ကင်းထောက်တချို့ကိုစေလွှက်ပြီးစုံစမ်းခိုင်းရင် ပိုမကောင်းဘူးလား"

ရှားဟိုလီက သူ၏လက်ကို ဝှေ့ယမ်းပြလိုက်၏။

"မလိုအပ်ဘူး....ငါ့ရဲ့နတ်ဘုရားစိတ်အာရုံတောင် မရောက်နိုင်မှတော့ ကင်းထောက်တွေလည်း အဲ့ဒီနေရာကို ရောက်နိုင်မှာမဟုတ်ဘူး"

အနက်ရောင်တိမ်တိုက်ကြယ်နယ်မြေ၏ပတ်ဝန်းကျင်နေရာတဝိုက်ကို ရှုရာများက အပိုင်စီးထားသည်။

အကယ်၍ ပြင်ပသို့ ကင်းထောက်များစေလွှက်လိုက်လျှင်ပင် ကြယ်နယ်မြေ၏အနီးတဝိုက်တွင်သာ လှုပ်ရှားသွားလာနိုင်ပေမည်။ထို့ထက်ဝေးကွာသောနေရာသို့ သူတို့သွားပါက ရှုရာများက သူတို့ကို ရှာဖွေတွေ့ရှိသွားနိုင်သည်။

ခန်းမအတွင်းရှိလူများသည် တန်ပြန်တိုက်ခိုက်ရန်အစီအစဥ်များကို ပြောဆိုဆွေးနွေးနေကြစဥ်တွင် စစ်သားတချို့ ထပ်မံ၍ အပြေးအလွှားရောက်ရှိလာသည်။

"တပ်မှူးချုပ်...အနက်ရောင်တိမ်တိုက်ကြယ်နယ်မြေရဲ့အနီးအနားမှာ နတ်ဆိုးသားရဲတွေအများကြီးရောက်နေတယ်လို့ ကင်းထောက်တွေဆီက သတင်းရတယ်"

စစ်သားတစ်ယောက်က ထိတ်လန့်ကြောက်ရွံနေသောအသံဖြင့် ပြောဆိုလေ၏။

ထိုစကားကိုကြားချိန်တွင် ခန်းမတစ်ခုလုံးရှိလူများထံမှ အံ့အားတသင့်ရေရွတ်သံများ ထွက်ပေါ်လာသည်။

ရှုရာနယ်မြေသည် ယခင်က တော်ဝင်နန်းတော်၏လက်အောက်ခံနယ်မြေဖြစ်သဖြင့် စစ်သားများသည် ရှုရာများနှင့် တစ်ကြိမ်တစ်ခါမျှ တိုက်ခိုက်ဖူးခြင်းမရှိချေ။

သို့ရာတွင် နတ်ဆိုးသားရဲများကမူ ကွဲပြားခြားနားပေ၏။

နတ်ဆိုးသားရဲဒီရေလှိုင်းသည် ကျင့်ကြံသူတိုင်းနီးပါး၏အိမ်မက်ဆိုးပင်။

မည်သည့်ကျင့်ကြံသူမဆို ကောင်းကင်နှင့်မြေပြင်ပိတ်ဖုံးလုမတက်များပြားသော နတ်ဆိုးသားရဲဒီရေလှိုင်းကို မြင်တွေ့သည်နှင့် သူတို့ကိုယ်သူတို့ အစွမ်းအစမဲ့သွားသကဲ့သို့ ခံစားကြရသည်။

"မကောင်းတော့ဘူး...ရှုရာနယ်မြေနဲ့ လော့ရွှေကြယ်မြစ်ထဲကနတ်ဆိုးသားရဲတွေ အတူပူးပေါင်းပြီး ပုန်ကန်ကြတာများလား"

"သူတော်စင်ပင်လယ်ကြယ်နယ်မြေမှာ နတ်ဆိုးသားရဲမျိုးနွယ်ရဲ့နတ်ဆိုးသားရဲဧကရာဇ်သုံးယောက်ရှိတယ်...တကယ်လို့ သူတို့ပါ ကြားဝင်စွက်ဖက်လာမယ်ဆိုရင် ကောင်းကင်ဘုံအဆင့်မြင့်ဝင်္ကပါကတောင် သူတို့ကို မဟန့်တားနိုင်မှာကို ငါ စိုးရိမ်မိတယ်"

ဆိုးရွားသောစိတ်ခံစားချက်မျိုးက ခန်းမတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားသည်။

All Chapters