← Chapters

အခန်း (၁၉၇၆-၁၉၈၀)

Vol. 102 Ch. 1976-1980

အခန်း (၁၉၇၆-၁၉၈၀)

Vol. 102 Ch. 1976-1980

Chapter 1976

"တော်ကြစမ်း"

ရှားဟိုလီက လေးနက်တည်ကြည်သောအသံဖြင့် ပြောဆိုသည်။

"ငါကိုယ်တိုင် အပြင်ကိုထွက်ကြည့်မယ်"

နောက်အချိန်အခိုက်အတန့်တွင် ရှားဟိုလီသည် ခန်းမပြင်ပသို့ ပြေးထွက်သွားရာ သူ၏နောက်မှနေ၍ တခြားစစ်ဗိုလ်ချုပ်များနှင့်စစ်ဗျူဟာပညာရှင်များက လိုက်ပါသွားကြ၏။

လွန်ခဲ့သောရက်အနည်းငယ်အတွင်းတွင် သူတို့သည် ရှုရာနယ်မြေမှတိုက်ခိုက်မှုများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း သာမာန်တိုက်ခိုက်မှုမျိုးသာဖြစ်ပြီး တခြားစစ်ဗျူဟာမြောက်လှုပ်ရှားမှုမျိုး မရှိချေ။

သို့ရာတွင် ယနေ့အခြေအနေမှာ သာမာန်ထက်ပို၍ ထူးခြားနေသည်။

ထိုသာမာန်မဟုတ်သောအခြေအနေ၏နောက်ကွယ်တွင် အကြောင်းအရင်းတချို့ ရှိနေပေမည်။အကယ်၍ သူတို့သည် ခန်းမအတွင်း၌သာ တစ်ချိန်လုံးထိုင်နေပါက တိကျမှန်ကန်သောသတင်းကို ရရှိမည်မဟုတ်ချေ။

"တပ်မှူးချုပ်"

ဝင်္ကပါ၏ဗဟိုချက်ကို စောင့်ကြပ်နေသော မဟာစစ်ဗိုလ်ချုပ်တစ်ယောက်က ရှားဟိုလီကိုမြင်သည်နှင့် အရိုအသေပြုလိုက်၏။

သူ၏နောက်တွင် ထောင်နှင့်ချီသောစစ်သားများရှိနေသည်။ထိုစစ်သားများအားလုံး၏ခန္ဓာကိုယ်များပေါ်တွင် ဒဏ်ရာများနှင့်ပြည့်နှက်နေပြီး သူတို့၏မျက်နှာများပေါ်တွင် ​ပင်ပန်းနွမ်းနယ်မှုများနှင့် ပြည့်နှက်နေသည်။

ရှုရာနယ်မြေ၏တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် ဝင်္ကပါ၏ဗဟိုချက်နေရာသည် တိုက်ခိုက်မှုဒဏ်ကိုအခံရဆုံးနေရာဖြစ်သည်။ထို့ကြောင့် ဤနေရာရှိ စစ်သားများသည် ခက်ခက်ခဲခဲခုခံကာကွယ်နေရပြီး အသေအပျောက်နှုန်းမှာလည်း အလွန်အမင်းမြင့်မားသည်။

ငါးရက် သို့မဟုတ် ခြောက်ရက်မြောက်နေ့သို့ရောက်သည်နှင့် တပ်ရင်းတစ်ခုလုံး အားအင်ချိနဲ့စွာ ပြန်လည်ဆုတ်ခွာရသည်။

သူ့ရှေ့ရှိ စိတ်မွန်းကျပ်ဖွယ်မြင်ကွင်းကိုကြည့်ပြီး ရှားဟိုလီက ရှည်လျားသောသက်ပြင်းတစ်ချက်ရှိုက်ကာ အလေးအနက်ထားသောလေသံဖြင့် ပြောဆိုလိုက်၏။

"အပြင်မှာ ဘာတွေဖြစ်နေတာလဲ"

ထိုမဟာစစ်ဗိုလ်ချုပ်က ရှားဟိုလီထံ သတင်းပို့သည်။

"ဒီနေ့မနက်စောစောမှာ ရှုရာနယ်မြေဘက်ကနေ စူးရှကျယ်လောင်တဲ့ တိုက်ပွဲခရာသံကို ကြားလိုက်ရတယ်...နောက်ပိုင်းမှာ ရှုရာနယ်မြေရဲ့ဝင်္ကပါတွေ ပြင်ဆင်ပြောင်းလဲမှုလုပ်လိုက်တာကို ကျွန်တော်တို့ သတိပြုမိခဲ့တယ်...ကျွန်တော်တို့က နတ်ဆိုးသားရဲတွေရဲ့အရိပ်အယောင်တွေကိုလည်း ရှာဖွေတွေ့ရှိထားတယ်"

ရှားဟိုလီက မျက်မှောင်ကြုတ်လိုက်သည်။

"ရှုရာနယ်မြေနဲ့နတ်ဆိုးသားရဲမျိုးနွယ်တွေက ပူးပေါင်းထားတာများလား"

သူက ချက်ချင်းပင် ဝင်္ကပါ၏ဗဟိုချက်မှ အလံတစ်ခုကိုထုတ်ယူပြီး သူ့ရှေ့ရှိလေထုအတွင်းသို့ အကြိမ်အနည်းငယ်ဝှေ့ယမ်းလိုက်၏။

ရုတ်ချည်းဆိုသလိုပင် မြူခိုးများ၏အထက်တွင် သလင်းကျောက်ကဲ့သို့ကြည်လင်သော ပုံရိပ်များထွက်ပေါ်လာပြီး အနောက်ရောင်တိမ်တိုက်ကြယ်နယ်မြေ၏ပြင်ပတွင် ဖြစ်ပျက်နေသောကိစ္စများအားလုံး ထင်ဟပ်နေသည်။

ထိုပုံရိပ်များအကြား၌ ဧရာမနတ်ဆိုးမှော်သားရဲကြီးများ ရှေ့နောက်လှည့်လည်သွားလာနေပြီး အော်ဟစ်ဟိန်းဟောက်နေသောမြင်ကွင်းရှိနေသည်။

"ဒါက မီးတောက်ဝံပုလွေပဲ"

"ပြီးတော့ အေးစက်လေပြင်းကျားမြွေ...ဒါက အရမ်းထူးဆန်းတဲ့ နတ်ဆိုးသားရဲတစ်ကောင်ပဲ"

လက်ရှိနေရာတွင်ရှိနေသူများသည် ထိုနတ်ဆိုးသားရဲများကို မြင်တွေ့ချိန်တွင် သူတို့၏စိတ်နှလုံးသားများ ချောက်အတွင်းသို့ပြုတ်ကျသွားသည့်အလား လေးလံသွားကြ၏။

အနက်ရောင်တိမ်တိုက်ကြယ်နယ်မြေ၏အနီးအနားတွင်ရှိနေသော နတ်ဆိုးသားရဲများသည် အလွန်အမင်းအဆင့်မြင့်သော သန္ဓေပြောင်းမျိုးစိတ်များဖြစ်ပြီး သူတို့သည် အလွန်အမင်းအစွမ်းထက်သော ခွန်အားများကို ပိုင်ဆိုင်ထားသည်။

သူတို့၏ယခုလက်ရှိအခြေအနေဖြင့် ထိုနတ်ဆိုးသားရဲများကို ယှဥ်ပြိုင်တိုက်ခိုက်နိုင်ရန် အလွန်အမင်း ခက်ခဲပေမည်။

"တပ်မှူးချုပ်...အမိန့်ပေးပါ...နတ်ဆိုးသားရဲတွေက ဒီနေရာကို ရောက်လာတော့မယ်...ကျွန်တော်တို့က လက်ဦးမှုရယူပြီး အရင်တိုက်ခိုက်သင့်တယ်"

ဗိုလ်ချုပ်တစ်ယောက်က ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

တခြားစစ်ဗိုလ်ချုပ်များကလည်း သဘောတူညီထောက်ခံလိုက်ကြ၏။

အကယ်၍ သူတို့သည် သားရဲဒီရေလှိုင်းများ ရောက်ရှိလာသည်ကို စောင့်ဆိုင်းနေပါက သူတို့ ပြင်ပသို့ထွက်၍တိုက်ခိုက်သည်ထက် ပို၍ခက်ခဲသွားနိုင်သည်။

စစ်သားများအားလုံး စိုးရိမ်ပူပန်နေသော အချိန်မှာပင် ရှုရာအုပ်စုတစ်စုက ရုတ်တရက် နတ်ဆိုးသားရဲများ၏ရှေ့၌ ထွက်ပေါ်လာသည်။

နှစ်ဖက်လုံး ထိပ်တိုက်ရင်ဆိုင်တွေ့ဆုံမိသည်နှင့် နတ်ဆိုးသားရဲများသည် ကျယ်လောင်စွာဟိန်းဟောက်ပြီး ရှုရာများထံသို့ တရကြမ်းပြေးဝင်တိုက်ခိုက်လေသည်။

ထိုနတ်ဆိုးမှော်သားရဲများအားလုံးသည် အရွယ်အစားကြီးမားပြီး အလွန်အစွမ်းထက်သော ထူးဆန်းသည့်မှော်သားရဲများဖြစ်သည်။

ထိုနတ်ဆိုးသားရဲအုပ်စုနှင့် ရင်ဆိုင်တွေ့မိသော ရှုရာအုပ်စုသည် အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်စာ မပြည့်မီမှာပင် အမြစ်ပြတ်သုတ်သင်ခြင်း ခံလိုက်ရ၏။

ဤနေရာရှိ မြေပြင်ပေါ်၌ ရှုရာများ၏ခြေပြတ်လက်ပြတ်များက နေရာအနှံ့ ပြန့်ကျဲနေသည်။

အနက်ရောင်တိမ်တိုက်ကြယ်နယ်မြေပေါ်မှ စောင့်ကြည့်နေကြသော စစ်သားများအားလုံး ကြက်သေသေသွားသည်။

မည်သို့ဖြစ်ပျက်သွားသနည်း....

မည်သည်ကြောင့် နတ်ဆိုးသားရဲများနှင့်ရှုရာများသည် တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်နေကြသနည်း....

နတ်ဆိုးသားရဲများသည် ရှုရာများနှင့် မဟာမိတ်ဖွဲ့ထားသည်မဟုတ်လော....

စစ်သားများအားလုံး ကြက်သေသေနေစဥ်မှာပင် ကျယ်လောင်သောပေါက်ကွဲသံကြီးက အဝေးတနေရာမှနေ၍ ထပ်မံ၍မြည်ဟီးလာသည်။

​ကျယ်လောင်သောဟိန်းဟောက်သံများ အဆက်မပြတ်ကြားနေရခြင်းနှင့်အတူ မျက်စိတဆုံးရှည်လျားသော နတ်ဆိုးသားရဲဒီရေလှိုင်းကြီးသည် ကြယ်တာရာကောင်းကင်၏တစ်ဖက်ခြမ်းမှ တလိမ့်လိမ့်ထွက်ပေါ်လာသည်။

ဒေါင်....ဒေါင်...ဒေါင်....

အနက်ရောင်တိမ်တိုက်ကြယ်နယ်မြေပေါ်ရှိ စစ်စခန်းများမှ အချက်ပေးခေါင်းလောင်းသံများ တပြိုင်နက်တည်း မြည်ဟီးလာပေ၏။

"သားရဲဒီရေလှိုင်းကြီးရောက်လာပြီ...အင်အားအရမ်းကြီးမားတယ်"

"မြန်မြန်...ငါ့ရဲ့အမိန့်ကို ထုတ်ပြန်လိုက်စမ်း...အကာအကွယ်ဝင်္ကပါကို အကန့်အသတ်ထိရောက်အောင် အသက်သွင်းလိုက်...စစ်သည်တွေအားလုံး ခုခံကာကွယ်ဖို့အတွက် စစ်စခန်းရဲ့ပြင်ပကို ထွက်ခဲ့ကြစမ်း"

စစ်ဗိုလ်ချုပ်များက အမိန့်များကို အလျှင်အမြန်ထုတ်ပြန်လိုက်ကြရာ စစ်စခန်းမှ စစ်သားများအားလုံး ရှေ့တန်းသို့ အလျှင်အမြန်ရောက်ရှိလာကြ၏။

သို့ရာတွင် စစ်သားများအားလုံးသည် သားရဲဒီရေလှိုင်းကို ရင်ဆိုင်နိုင်ရန် အဆင်သင့်ပြင်နေသောအချိန်မှာပင်.....

သူတို့ထံသို့ တိုးဝင်လာသော နတ်ဆိုးသားရဲများသည် ရုတ်တရက် လမ်းကြောင်းပြောင်း၍ ရှုရာစစ်စခန်းဘက်သို့ တရကြမ်းပြေးဝင်တိုက်ခိုက်ကြသည်။

Chapter 1977

ဝေါင်း...

တုန်လှုပ်ချောက်ချားဖွယ်သားရဲဟိန်းဟောက်သံများက ကြယ်တာရာကောင်းကင်ယံအတွင်း၌ ပဲ့တင်ထပ်နေသည်။

ရှုရာစစ်စခန်းဘက်တွင် သတိလက်လွတ်နေမိချိန်ဖြစ်သဖြင့် သူတို့၏ဖွဲ့စည်းပုံများအားလုံး နတ်ဆိုးသားရဲများကြောင့် ကျိုးပဲ့ပျက်စီးသွားတော့သည်။တသီးတခြားကွဲထွက်နေသော ရှုရာများသည် သားရဲဒီရေလှိုင်းများအကြား၌ နစ်မြုပ်သွားပြီး သူတို့၏မှော်စွမ်းအားများကိုပင် ထုတ်ဖော်အသုံးပြုနိုင်ခဲ့ခြင်းမရှိချေ။

"အဲ့ဒီနတ်ဆိုးသားရဲတွေက ရှုရာတွေကိုတိုက်ခိုက်ဖို့ ရောက်လာတာလား"

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...ဒါမှမဟုတ် သူတို့ကြားမှာ အတွင်းရေးပဋိပက္ခတစ်ခုခုများ ရှိနေလို့လား"

စစ်သားများအားလုံးသည် ဇဝေဇဝါဖြစ်နေကြပြီး မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို သူတို့အားလုံး မပြောနိုင်ကြချေ။

ရှားဟိုလီ၏လက်ချောင်းများပင် အနည်းငယ်တုန်ခါနေသည်။

အကယ်၍ ဤသည်က အနက်ရောင်တိမ်တိုက်ကြယ်နယ်မြေပေါ်မှနေ၍ သူတို့အားမျှားခေါ်ထုတ်ရန်ကြံစည်သော တစ်ဖက်လူများ၏စစ်ရေးဗျူဟာဖြစ်နေပါက ထိုလူများ ပေးဆပ်ရမည့်တန်ကြေးမှာလည်း လွန်စွာကြီးမားပေမည်။

နတ်ဆိုးသားရဲများသည် အားအင်ပြည့်ဝစွာ တိုက်ခိုက်နေကြောင်း လူတိုင်း တွေ့မြင်ကြရ၏။သားရဲဒီရေလှိုင်းဖွဲ့စည်းပြီးချိန်တွင် သားရဲများသည် အရှိန်အဟုန်ပြင်းပြင်းဖြင့် ဒီရေအလား ပြေးဝင်တိုက်ခိုက်သဖြင့် တစ်ဖက်ရန်သူများ ခုခံကာကွယ်နိုင်ရန် အလွန်အမင်းခက်ခဲသည်။

ရှုရာများအတွက် နတ်ဆိုးသားရဲဒီရေလှိုင်းသည် အိမ်မက်ဆိုးတစ်ခုပင်။

ဤကဲ့သို့ဆုံးရှုံးမှုသည် ရှုရာနယ်မြေအတွက် အလွန်ကြီးမားသောဆုံးရှုံးမှုကြီးဖြစ်ပေ၏။

စစ်သားများအားလုံး နက်နက်နဲနဲတွေးတောနေစဥ်တွင် ရှုရာအုပ်စုတစ်စု ထပ်မံ၍ အမှုန်အမွှားအဖြစ်ချေမွှဖျက်ဆီးခံလိုက်ရသည်။

သို့ရာတွင် ရှုရာစစ်စခန်းဘက်တွင် အစွမ်းထက်ရှုရာများရှိနေလေ၏။

အစွမ်းထက်ရှုရာများ၏အမိန့်အောက်တွင် ဖရိုဖရဲဖြစ်နေသောရှုရာများ တဖြည်းဖြည်း ပြန်လည်တည်ငြိမ်လာကာ တန်ပြန်ထိုးစစ်များ စတင်ပြုလုပ်လာကြသည်။

"တပ်မှူးချုပ်...ဒါက အခွင့်ကောင်းတစ်ခုပဲ...သူတို့အချင်းချင်း တိုက်ခိုက်နေတဲ့အချိန်ကို အခွင့်အရေးယူပြီး ကျွန်တော်တို့ ဖောက်ထွက်ကြရအောင်"

စစ်ဗိုလ်ချုပ်တချို့က အကြံပြုလိုက်သည်။

စစ်ဗျူဟာပညာရှင်တစ်ယောက်က ပြောဆိုသည်။

"အမှန်ပဲ...တပ်မှူးချုပ် ကျွန်တော်တို့ အနက်ရောင်တိမ်တိုက်ကြယ်နယ်မြေပေါ်မှာ ဆက်ပြီးနေနေမယ်ဆိုရင် သေလမ်းတစ်လမ်းပဲရှိတယ်...သူတို့အချင်းချင်းတိုက်ခိုက်နေတဲ့အချိန်ကို အခွင့်ကောင်းယူပြီး ဖောက်ထွက်ကြရင် ပိုမကောင်းဘူးလား...အနည်းဆုံးတော့ ကျွန်တော်တို့အတွက် လွတ်လမ်းတစ်လမ်းရှိတယ်"

ရှားဟိုလီသည် အချိန်တခဏကြာ စဥ်းစားတွေးတောပြီးနောက် သူက ပြတ်ပြတ်သားသား ပြောဆိုလိုက်၏။

"ငါ့ရဲ့အမိန့်ကို ထုတ်ပြန်လိုက်စမ်း...အနက်ရောင်တိမ်တိုက်ကြယ်နယ်မြေပေါ်မှာရှိတဲ့ စစ်သည်တွေအားလုံး ရန်သူတွေကိုဖောက်ထွက်ဖို့ အဆင်သင့်ပြင်ကြတော့"

မည်သို့ပင်ဆိုစေကာမူ ရှားဟိုလီသည် စစ်တပ်ကို နှစ်ပေါင်းများစွာအုပ်ချုပ်လာခဲ့သူဖြစ်သဖြင့် တိုက်ပွဲအတွေ့အကြုံ ကြွယ်ဝသူဖြစ်သည်။

ဤသည်က ဘဝတသက်တာအတွင်း တစ်ကြိမ်သာရနိုင်သော အခွင့်အရေးကြီးပင်။အကယ်၍ ထိုအခွင့်အရေးကို သူ ဖမ်းဆုပ်နိုင်ပါက သူ၏စစ်တပ်ကို ဘေးလွတ်ရာသို့ဦးဆောင်၍ ခေါ်ယူသွားနိုင်ပေမည်။

စစ်ဗိုလ်ချုပ်များသည် နှောင့်နှေးကြန့်ကြာ၍ မနေဝံ့ကြတော့ချေ။ကျယ်လောင်သောတံပိုးခရာသံများသည် အနက်ရောင်တိမ်တိုက်ကြယ်နယ်မြေ၏ အထက်ကောင်းကင်ယံအတွင်း၌ ပဲ့တင်ထပ်ပျံ့နှံ့သွားတော့သည်။

အလွန်လျှင်မြန်စွာဖြင့် စစ်တပ်တစ်တပ်လုံး စုဝေးပြီးလေပြီ။ဧရာမစစ်သင်္ဘောကြီးများက မိုးကောင်းကင်ယံအတွင်း၌ ပျံသန်းနေပြီး စစ်အလံများက လေထုအတွင်း၌ လူးလွန့်နေပေ၏။

"သွားကြစို့"

ရှားဟိုလီသည် စစ်တပ်ကို ရှေ့ဆုံးမှဦးဆောင်နေပြီး သူ၏နောက်တွင် မဟာစစ်ဗိုလ်ချုပ်ငါးယောက်ရှိနေသည်။

"ငါ့ရဲ့လမ်းကြောင်းကို ပိတ်ဆို့ဟန့်တားတဲ့ဘယ်သူမဆို...သေရမယ်"

စစ်တပ်၏ရှေ့ဆုံးတွင် မိုးကြိုးအစုအဝေးတစ်ခု ထွက်ပေါ်လာသည်။ထိုမိုးကြိုးများသည် ကောင်းကင်ယံအတွင်း၌ စုဝေးသွားပြီး ဧရာမဝေလငါးပုံရိပ်ကြီးအဖြစ် ဖွဲ့စည်းသွားလေ၏။

ထိုဝေလငါးပုံရိပ်ကြီးသည် ပါးစပ်ကြီးကိုဖွင့်ဟပြီး ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ထိုအသံ ပဲ့တင်ထပ်သွားခြင်းနှင့်အတူ စစ်တပ်၏ရှေ့တွင် ပိတ်ဆို့နေသော ရှုရာများအားလုံး မိုးကြိုးလှိုင်းများကြောင့် အမှုန်အမွှာများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ရှားဟိုလီ၏နောက်ရှိ စစ်ဗိုလ်ချုပ်များကလည်း သူတို့၏မှော်နည်းစနစ်များကို ထုတ်ဖော်ထားကြ၏။သူတို့၏ ဧရာမဓမ္မပုံရိပ်ယောင်များသည် တောင်များနှင့်မြစ်များကိုပင် ရွှေ့ပြောင်းနိုင်ပုံရသည်။သူတို့၏လက်သီးတစ်ချက် ကျရောက်သွားသည့်အချိန်တိုင်း ရှုရာအမြောက်အများ သေဆုံးသွားကြသည်။

စစ်သင်္ဘောဆယ်စင်းကျော်ပေါ်မှ စိတ်ဝိညာဥ်အမြှောက်များအားလုံးကို တပြိုင်နက်တည်းပစ်ခတ်လိုက်၏။စိတ်ဝိညာဥ်အမြှောက်မှ အလင်းတန်းတစ်တန်း ဖြတ်သန်းသွားသည့်အချိန်တိုင်း ရာနှင့်ချီသောရှုရာများ သေဆုံးသွားရသည်။

"လူသားတွေ ထွက်လာပြီ...သူတို့ကို သတ်ကြစမ်း"

ရှုရာများဘက်မှနေ၍ အစွမ်းထက်သောရှုရာဘုရင်တချို့ ထွက်ပေါ်လာသည်။ရှုရာဘုရင်တစ်ယောက်သည် မြေကမ္ဘာအင်မော်တယ်တစ်ယောက်နှင့် အဆင့်တူညီပြီး သူတို့က တော်ဝင်စစ်တပ်ဘက်သို့ တရကြမ်းပြေးဝင်၍ တိုက်ခိုက်ကြသည်။

ထိုရှုရာဘုရင်များ၏ခန္ဓာကိုယ်သည် သံတမျှမာကြောပြီး ကျောက်စိုင်ကျောက်သားတမျှ ကျစ်လစ်သိပ်သည်းသည်။စိတ်ဝိညာဥ်အမြှောက်မှအလင်းတန်းများ သူတို့ကို ထိမှန်သွားသည့်တိုင် အသုံးဝင်ခြင်းမရှိချေ။

တချို့ရှုရာများသည် သူတို့၏လျှင်မြန်ဖျတ်လတ်သော လှုပ်ရှားမှုနည်းစနစ်များကိုအသုံးပြု၍ စိတ်ဝိညာဥ်အမြှောက်မှ အလင်းတန်းများကို ရှောင်ရှားလိုက်ကြ၏။နောက်ဆုံး၌ ရှုရာများသည် စစ်သင်္ဘောကုန်းပတ်ပေါ်သို့ ဆင်းသက်လာကြသည်။သူတို့၏လက်အတွင်းမှ ဆေဘာဓားများကို ဝှေ့ယမ်းလိုက်မှုနှင့်အတူ စစ်သားတစ်စုသည် သွေးအိုင်များအတွင်းသို့ လဲကျသွားတော့သည်။

သို့ရာတွင် ရှုရာဘုရင်များဆက်လက်၍ မတိုက်ခိုက်ရသေးမီမှာပင် တော်ဝင်စစ်တပ်မှနေ၍ စစ်သားများကို မြှားများပစ်ခတ်ရန် အမိန့်ပေးလိုက်သည်။

သိန်းနှင့်ချီသော မြှားမုန်တိုင်းအောက်တွင် ရှုရာဘုရင်တချို့၏ခန္ဓာကိုယ်များကို မြှားများထွင်းဖောက်သွားပြီး မြေပြင်ပေါ်သို့ ပြိုလဲကျသွားတော့သည်။

အကြိမ်ရေများစွာတိုက်ခိုက်ပြီးသည့်တိုင် နှစ်ဖက်စလုံး အနိုင်အရှုံးကွဲပြားခြင်းမရှိဘဲ ပြင်းထန်သောတိုက်ပွဲတစ်ခုကို စတင်၍ဆင်နွှဲကြတော့သည်။

Chapter 1978

"မင်းတို့က သေချင်နေကြတာလား"

ရှားဟိုလီက ဒေါသတကြီးအော်ငေါက်လိုက်ပြီးနောက် သူ၏လက်ဝါးအတွင်းမှ အကန့်အသတ်မရှိသော မိုးကြိုးလှိုင်းများထွက်ပေါ်လာကာ အောက်သို့ကျဆင်းသွားသည်။

မိုးကြိုးလှိုင်းဖြတ်သန်းသွားသောနေရာရှိ ရှုရာများအားလုံး မိုးကြိုးနှင့်ထိတွေ့မိသည်နှင့် စူးရှနာကျင်စွာအော်ဟစ်ပြီး ထွက်ပြေးကြသော်လည်း အမှုန်အမွှားများအဖြစ်သို့ပြောင်းလဲကာ လွင့်စင်သွားကြသည်။ရှုရာဘုရင်များပင်လျှင် ချွင်းချက်မရှိချေ။

ရွှယ်အင်မော်တယ်ကျင့်ကြံသူဖြစ်သော ရှားဟိုလီ၏ဦးဆောင်မှုနောက်ရှိ စစ်တပ်ကြီးသည် လွယ်ကူချောမွေ့စွာဖြင့် အတားအဆီးမရှိ ရှေ့သို့ချီတက်နိုင်ခဲ့သည်။

ဤနေရာပတ်ဝန်းကျင်တွင် ရှုရာဘုရင်အမြောက်အများရှိနေသော်လည်း ရှားဟိုလီ၏လက်အတွင်း၌ အချိန်ကြာရှည်စွာ တောင့်ခံနိုင်ခြင်းမရှိဘဲ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကြရ၏။

"ဘာလို့ ရှုရာဧကရာဇ်တွေ ထွက်ပေါ်မလာသေးတာလဲ"

ရှားဟိုလီသည် ရုတ်တရက် ထိုအချက်ကို သတိပြုမိသွားပေ၏။

သာမာန်အားဖြင့် သူ အနက်ရောင်တိမ်တိုက်ကြယ်နယ်မြေမှ ထွက်ခွာသွားရန် ကြံစည်ခဲ့သည့်အချိန်တိုင်း ရှုရာနယ်မြေဘက်မှ ချက်ချင်းဆိုသလို အာရုံခံမိသွားကာ သူကိုဟန့်တားရန် ရှုရာဧကရာဇ်တစ်ယောက်ကို စေလွှက်လိုက်ကြသည်။

သို့သော် ဤအချိန်တွင် ရှုရာနယ်မြေဘက်မှ အလွန်အမင်း တိတ်ဆိတ်ငြိမ်သက်နေသည်။

ရှုရာဘုရင်တချို့သာလျှင် ထွက်ပေါ်လာခဲ့ပြီး မည်သည့်ရှုရာဧကရာဇ်တစ်ယောက်မျှ ရောက်ရှိလာခဲ့ခြင်းမရှိချေ။

"ကြည့်ရတာတော့ ရှုရာနယ်မြေဘက်မှာ ပြဿနာကြီးကြီးမားမားတချို့ ရှိနေပုံပဲ"

ရှားဟိုလီ၏စိတ်နှလုံးသားအတွင်း၌ ပျော်ရွှင်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

ရုတ်ချည်းဆိုသလိုပင် ရှားဟိုလီက သူ၏ခွန်အားအကုန်အစင်ကို ထုတ်လွှတ်ကာ ရှုရာစစ်စခန်းဘက်သို့ ပြေးဝင်၍တိုက်ခိုက်လိုက်၏။

ရှုရာဘုရင်များသည် မည်သည့်နည်းနှင့်မျှ ရှားဟိုလီ၏ပြိုင်ဘက်မဖြစ်နိုင်ချေ။သူတို့အားလုံး တစ်ယောက်ပြီးတစ်ယောက် သွေးမြူများအဖြစ် ပေါက်ကွဲသွားတော့သည်။

တော်ဝင်စစ်တပ်သည် အနက်ရောင်တိမ်တိုက်နယ်မြေကို ဝိုင်းရံပိတ်ဆို့ထားသော ရှုရာများကို မယုံကြည်နိုင်ဖွယ်အရှိန်နှုန်းဖြင့် ထိုးဖောက်ဖြတ်သန်းနေသည်။

"ငါတို့ ဖောက်ထွက်နိုင်တော့မယ်"

သူတို့သည် နောက်ထပ်ရှုရာစစ်စခန်းတစ်ခုကို ထပ်မံ၍ဖြတ်ကျော်ပြီးချိန်တွင် သူတို့အားလုံး၏စိတ်နှလုံးသားများအတွင်း၌ မျှော်လင့်ချက်လင်းရောင်ခြည်များ တောက်ပလာပေ၏။

ဤနေရာတွင် နောက်ထပ်ရှုရာစစ်စခန်းတစ်ခုရှိနေသည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ ရှုရာစစ်စခန်းမှ ယာယီတဲများအားလုံး ဗလာဟင်းလင်းဖြစ်နေပြီး မည်သည့်ရှုရာမျှ ကျန်ရှိနေခြင်းမရှိချေ။

"ဒီစစ်စခန်းက ရှုရာတွေအားလုံး ဘယ်ရောက်ကုန်တာလဲ"

မဟာစစ်ဗိုလ်ချုပ်တစ်ယောက်က ကူကယ်ရာမဲ့စွာဖြင့် အံ့အားတသင့် ရေရွတ်လိုက်၏။

သူတို့အားလုံးသည် သွေးလွှမ်းသောတိုက်ပွဲကိုဆင်နွှဲရန် အဆင်သင့်ပြင်ဆင်ခဲ့ကြသော်လည်း ဤနေရာရှိ ရှုရာများအားလုံး ပျောက်ကွယ်နေသည်။

ထိုရှုရာများသည် ပါးလွှာသောလေထုအတွင်း၌ လွင့်ပြယ်သွားသည့်အလား အရိပ်အယောင်ပင် မတွေ့ရတော့ချေ။

စစ်သားများသည် ထိုရှုရာစစ်စခန်းကို အလျှင်အမြန်ဖြတ်ကျော်ရန် ဟန်ပြင်နေစဥ်မှာပင် ရုတ်တရက် စစ်စခန်း၏အောက်ရှိ မြေပြင်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။

မြင့်မားသောတောင်ကြီးတစ်လုံး ရုတ်တရက် ပြိုလဲသွားလေ၏။ကွဲအက်နေသောမြေကြီးများအကြားမှနေ၍ ကြီးမားသောကြံ့ကြီးတစ်ကောင် တွားသွားတက်လာပြီး နှေးကွေးလေးလံသောခြေလှမ်းများဖြင့် လျှောက်လှမ်းနေသည်။

ထိုကြံ့နတ်ဆိုးသားရဲကြီး၏ခန္ဓာကိုယ်မှာ အလွန်ကြီးမားသည်။ထို့ပြင် ကြံ့နတ်ဆိုးသားရဲ၏ခန္ဓာကိုယ်တစ်ခုလုံးပေါ်တွင် ထူထပ်သိပ်သည်းသော အနက်ရောင်သင်္ကေတများ ရှိနေကာ လူအများသည် တစ်ချက်ကြည့်မိရုံဖြင့်ပင် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ခံစားမှုမျိုး ရရှိလေ၏။

မူ....

ကြံ့နတ်ဆိုးသားရဲထံမှ စူးရှကျယ်လောင်သော ဟိန်းဟောက်သံများ ထွက်ပေါ်လာကာ သူ၏ခွါများအောက်တွင် မရေမတွက်နိုင်သောရှုရာများ သွေးမြူများအဖြစ် ချေမွဖျက်ဆီးခံလိုက်ရသည်။

"ဒါက ရှေးဟောင်းကြံ့နတ်ဆိုးသားရဲပဲ"

စစ်သားများက ကူကယ်ရာမဲ့စွာ ထိတ်လန့်တုန်လှုပ်နေကြသည်။

ဤသည်က ကြမ်းတမ်းမာကျောသောအရေပြားနှင့် ထူထဲသောအသားရှိသော ရှေးဟောင်းကြောက်မက်ဖွယ်နတ်ဆိုးမှော်သားရဲတစ်ကောင်ဖြစ်သည်။ကျင့်ကြံဆင့်နယ်ပယ်တူအတွင်းတွင် သူ၏ပြိုင်ဘက်ဖြစ်နိုင်သော လူသားမျိုးနွယ်ဟူ၍ မရှိသလောက်နီးပါးပင်။

"မကောင်းတော့ဘူး...နတ်ဆိုးမျိုးနွယ်တွေလည်း ရောက်လာပြီ"

တောင်၏တခြားတစ်ဖက်ခြမ်းမှနေ၍ မရေမတွက်နိုင်သော နတ်ဆိုးသားရဲများ တဟုန်ထိုးပြေးဝင်လာသည်ကို တော်ဝင်စစ်တပ်မှလူများ သတိပြုမိသွားကြ၏။

ထိုနတ်ဆိုးသားရဲများသည် အတူတကွစုဝေးနေကြပြီး ဒီရေအလား တော်ဝင်စစ်တပ်ထံသို့ဦးတည်၍ ချီတက်လာကြသည်။

"နတ်ဆိုးမျိုးနွယ်တွေလာနေပြီ...မြန်မြန်သွားကြစို့"

ရှားဟိုလီက ကျယ်လောင်စွာအော်ငေါက်ပြီးနောက် သူ၏လက်အတွင်း၌ မိုးကြိုးလုံးများထွက်ပေါ်လာသည်။

သူသည် အစွမ်းထက်သောရွှယ်အင်မော်တယ်တစ်ယောက်ဖြစ်သဖြင့် ဤသားရဲဒီရေလှိုင်းကို လွယ်လင့်တကူဖြတ်ကျော်နိုင်သည်။

သို့ရာတွင် ရှားဟိုလီ ပို၍စိုးရိမ်ပူပန်နေသည်မှာ ဤအနီးအနား၌ နတ်ဆိုးသားရဲဧကရာဇ်တစ်ယောက် ရှိနေမည်ကိုပင်။

မည်သို့ပင်ဆိုစေကာမူ ပတ်ဝန်းကျင်၌ နတ်ဆိုးဧကရာဇ်တစ်ယောက်ရှိနေပါက သူ၏စစ်သားများကို ကာကွယ်နိုင်ရန် သူ့အတွက် လွန်စွာခက်ခဲသွားပေမည်။

ဘုန်း...ဘုန်း...ဘုန်း...

ကြည့်နေရင်းမှပင် အရပ်မျက်နှာအဘက်ဘက်မှ ချဥ်းကပ်လာသော နတ်ဆိုးသားရဲများသည် တော်ဝင်စစ်တပ်၏အနီးသို့ ရောက်ရှိလာကြ၏။

သို့သော် ထိုအချိန်မှာပင်...

ရှည်လျားသော ဟိန်းဟောက်သံတစ်သံက နတ်ဆိုးသားရဲများ၏နောက်မှ ထွက်ပေါ်လာသည်။

ထိုဟိန်းဟောက်သံကိုကြားသည်နှင့် နတ်ဆိုးသားရဲများအားလုံး ရောက်ရှိနေသောနေရာမှာပင် ရပ်တန့်လိုက်ကြ၏။

ကြောက်မက်ဖွယ်အကောင်းဆုံး ရှေးဟောင်းနတ်ဆိုးသားရဲများပင်လျှင် မြေပြင်ပေါ်၌ဝပ်တွားနေပြီး မလှုပ်ရှားဝံ့ကြချေ။

Chapter 1979

ဝပ်တွားနေသောနတ်ဆိုးသားရဲများနောက်မှနေ၍ တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်တစ်ခုက သူတို့ထံဦးတည်၍ အလျှင်အမြန်ပျံဝဲလာနေသည်။

မီးတောက်များအကြားမှနေ၍ နူးညံသိမ်မွေ့ပြီး ညှို့အားပြင်းသော အမျိုးသမီးတစ်ယောက်ထွက်ပေါ်လာသည်။သူမ၏အနီရောင်ဆံပင်များကို ဖားလျားချထားပြီး သူမ၏ခန္ဓာကိုယ်တစ်ခုလုံးကို မီးသလင်းကျောက်ချပ်ဝတ်တန်ဆာနှင့် ဖုံးလွှမ်းထားပုံရသည်။ထိုချပ်ဝတ်တန်ဆာပေါ်တွင် မီးပွားများကိုပင် တွေ့မြင်နိုင်ပေ၏။

"နတ်ဆိုးသားရဲဧကရာဇ်"

ရှားဟိုလီသည် သူ၏ရှေ့ရှိအမျိုးသမီးကိုမြင်သည်နှင့် သူ၏မျက်နှာပေါ်၌ သတိထားသောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

တခြားမဟာစစ်ဗိုလ်ချုပ်နှင့်ဗိုလ်ချုပ်များသည်လည်း သူမ၏ခန္ဓာကိုယ်မှထုတ်လွှက်ထားသော ဖိအားအရှိန်အဝါကို ခံစားမိသည်နှင့် ထိတ်လန့်ကြောက်ရွံသွားကြသည်။

ဤှသည်က အစွမ်းထက်သော နတ်ဆိုးသားရဲဧကရာဇ်တစ်ယောက်ပင်။

ပြင်ပလောကတွင် ပြောဆိုနေမှုများအရ နတ်ဆိုးသားရဲဧကရာဇ်တစ်ယောက်သည် လူသားမျိုးနွယ်ရှိရွှယ်အင်မော်တယ်နယ်ပယ်ကျင့်ကြံသူနှင့် ခြေရာချင်းယှဥ်နိုင်သည်။သို့ရာတွင် နတ်ဆိုးမျိုးနွယ်များ၏ မွေးရာပါအရည်အချင်းနှင့်နတ်ဘုရားစွမ်းရည်များအရ သူတို့အား လူသားမျိုးနွယ်များမှ ယှဥ်ပြိုင်တိုက်ခိုက်နိုင်ရန် လွန်စွာခက်ခဲပေ၏။

"စစ်သည်တွေအားလုံး...အသင့်ပြင်"

အရာရှိများက စတင်၍ အမိန့်ပေးလိုက်ကြသည်။စစ်သင်္ဘောများပေါ်ရှိ စစ်သည်များအားလုံးသည် သူတို့ရှေ့ရှိ နတ်ဆိုးသားရဲများကိုကြည့်၍ အလွန်အမင်း စိတ်လှုပ်ရှားနေကြ၏။

နတ်ဆိုးဧကရာဇ်ကျို့ဖုန်းက ရှားဟိုလီကို စောင်းငဲ့ကြည့်၍ ပြောဆိုသည်။

"နင်က တော်ဝင်စစ်တပ်က ဦးရီးတော်ရှားဟိုလီလား"

"အမှန်ပဲ"

"ငါက ကျို့ဖုန်း....အရှင်ငယ်လေးက နင့်ကိုခေါ်ခဲ့ဖို့ ငါ့ကိုအမိန့်ပေးလိုက်တယ်...သွားကြစို့"

နတ်ဆိုးသားရဲဧကရာဇ်ကျို့ဖုန်းက ပြောဆိုလိုက်၏။

အရှင်ငယ်လေးဟု ဆိုလိုက်သလော...

ရှားဟိုလီက မျက်မှောင်ကြုတ်လိုက်သည်။သူ၏မှတ်ဥာဏ်များအရ နတ်ဆိုးမျိုးနွယ်များတွင် အရှင်ငယ်လေးဟူသော တည်ရှိမှုမျိုးရှိနေသည်ကို သူ တစ်ကြိမ်တစ်ခါမျှ မကြားဖူးခဲ့ချေ။

ထိုအချိန်မှာပင် နတ်ဆိုးမှော်သားရဲများ၏နောက်မှနေ၍ ကျယ်လောင်သောရုတ်ရုတ်သဲသဲအသံများ ထွက်ပေါ်လာသည်။

မြောက်မြားစွာသောရှုရာများ ထပ်မံ၍ ရောက်ရှိလာပြီး ချက်ချင်းဆိုသလိုပင် နတ်ဆိုးသားရဲများနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြတော့သည်။

"ကျို့ဖုန်း...မင်းတို့နတ်ဆိုးသားရဲမျိုးနွယ်တွေက ရုတ်တရက်ကြီး တိုက်ခိုက်လာတာ အံ့အားသင့်စရာမရှိတော့ဘူး...မင်းတို့က တော်ဝင်နန်းတော်နဲ့ ပူးပေါင်းထားတာပဲ....ငါတို့မျိုးနွယ်ရဲ့နတ်ဘုရား နိုးထလာတဲ့အချိန်ကျရင် မင်းတို့အားလုံး သေဖို့သာပြင်ထားတော့"

ရှုရာဧကရာဇ်ရှစ်ဖန့်က ဒေါသတကြီးဖြင့် တဟုန်ထိုးပြေးဝင်လာသည်။

သူ၏ခန္ဓာကိုယ်သည် စိုးရိမ်ဖွယ်အခြေအနေမျိုးသို့ ကျရောက်နေပေ၏။သူ၏သံမဏိတမျှမာကြောသော လက်မောင်းတစ်ဖက်သည်လည်း မီးလောင်ကျွမ်းထားပုံရသည်။သူသည် နတ်ဆိုးသားရဲဧကရာဇ်ကျို့ဖုန်းနှင့် တိုက်ခိုက်စဥ်တွင် အရေးနိမ့်ခဲ့ရခြင်းမှာ သိသာထင်ရှားသည်။

နတ်ဆိုးသားရဲဧကရာဇ်ကျို့ဖုန်းက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုလေ၏။

"ငါတို့က အရှင်ငယ်လေးရဲ့အမိန့်ကိုပဲ နာခံတာ...တော်ဝင်နန်းတော်အတွက်ကတော့...ငါတို့က ဘာလို့ သူတို့နဲ့ ပူးပေါင်းရမှာလဲ"

"မင်းတို့ရဲ့အရှင်ငယ်လေးဆိုတာက ဘယ်သူလဲ...သူက မျိုးနွယ်နှစ်ခုကြားက မဟာမိတ်ပူးပေါင်းမှုကိုတောင် ပျက်ပြားစေခဲ့တယ်...နတ်ဘုရား ပြန်ရှင်သန်လာတာနဲ့....ငါ အရင်ဆုံး သူ့ကိုသတ်မယ်"

ရှုရာဧကရာဇ်ရှစ်ဖန့်က ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သည်။

"အဲ့ဒီလိုလား"

ထိုအချိန်မှာပင် ပုန်းကွယ်နဂါးတပ်ခွဲ၏စစ်သင်္ဘောကြီးက ရုတ်တရက် ရောက်ရှိလာခဲ့သည်။

လုယွီက ကုန်းပတ်ပေါ်၌ မတ်တတ်ရပ်နေပြီး အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်၏။

"မင်းက ငါ့ကို သတ်ချင်နေတာလား...ငါ ဒီမှာ မတ်တတ်ရပ်နေတယ်လေ...မင်း အခုချက်ချင်း တိုက်ခိုက်လို့ရတယ်"

"အရှင်ငယ်လေး ..ရောက်လာပြီလား"

နတ်ဆိုးသားရဲဧကရာဇ်က ပြုံးရယ်ကာ လုယွီကို မျက်စပစ်ပြလေသည်။

ရှုရာဧကရာဇ်ရှစ်ဖန့်၏မျက်လုံးအကြည့်က လုယွီထံသို့ ကျရောက်သွားပြီးနောက် သူက မယုံကြည်နိုင်သောလေသံဖြင့် ပြောဆိုသည်။

"မင်းက နတ်ဆိုးမျိုးနွယ်ရဲ့အရှင်ငယ်လေးလား....မင်းက.....လူသားတစ်ယောက်လေ"

ရှေးဟောင်းအချိန်များမှစတင်၍ လူသားမျိုးနွယ်နှင့်နတ်ဆိုးမျိုးနွယ်သည် ရန်သူတော်ကြီးများပင်။

ရှေးဟောင်းအချိန်ကာလများတွင် နတ်ဆိုးသားရဲများသည် လူသားများကို ကျွန်ပြု၍ နိုင်ထက်စီးနင်းပြုမူဆက်ဆံကာ လက်လွတ်စပါယ် သတ်ဖြတ်ခဲ့ကြသည်။

နောက်ပိုင်းတွင် တာယွီအင်ပါယာကိုတည်ထောင်ပြီးနောက် နတ်ဆိုးသားရဲမျိုးနွယ်များကို မျိုးနွယ်စုအလိုက်ခွဲခြား၍ ကြယ်နယ်မြေတချို့ပေါ်တွင် ကန့်သတ်ချက်များဖြင့် ဖိနှိပ်ထားခဲ့သည်။တော်ဝင်နန်းတော်မှအမိန့်တော်မရှိဘဲ ထိုနတ်ဆိုးသားရဲများသည် သူတို့၏သက်ဆိုင်ရာကြယ်နယ်မြေများ၏ပြင်ပသို့ ထွက်ခွင့်မရှိချေ။

နတ်ဆိုးများသည် မည်မျှပင် အစွမ်းထက်နေပါစေ ကြိုတင်ကာကွယ်သည့်အနေဖြင့် သူတို့၏အင်အားကြီးထွားမှုကို ကန့်သတ်ခံထားရသည်။

မည်သူမဆို ထိုမျိုးနွယ်နှစ်ခုသည် မပြေငြိမ်းနိုင်သောရန်သူများဖြစ်ကြောင်း သိရှိထားကြ၏။

"ဘာလဲ...ရှစ်ဖန့်...နင်က ငါနဲ့ဆက်ပြီး တိုက်ခိုက်ချင်သေးတာလား...တကယ်လို့ နင်က ငါ့ရဲ့အရှင်ငယ်လေးကို ထိမယ်ဆိုရင်...ငါက မတ်တတ်ရပ်ကြည့်နေမှာ မဟုတ်ဘူးနော်"

နတ်ဆိုးသားရဲဧကရာဇ်ကျို့ဖုန်းက အပြုံးနှင့် ပြောဆိုသည်။

"ကလိမ်ကကျစ်မ..."

ရှုရာဧကရာဇ်ရှစ်ဖန့်သည် အလွန်ဒေါသထွက်နေသော်လည်း သူ၏မျက်လုံးအကြည့်သည် ရှားဟိုလီထံသို့ ရောက်ရှိသွားသည်နှင့် သူ၏မျက်လုံးအတွင်း၌ ထိတ်လန့်ကြောက်ရွံမှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

ယခင်က သူသည် ရှားဟိုလီနှင့်တိုက်ခိုက်ခဲ့စဥ်တွင် သူ သေလုမျောပါး ခံစားခဲ့ရသည်။

ရှုရာဧကရာဇ်ရှစ်ဖန့်သည် မကြာသေးမီအချိန်ကမှ ရှုရာနယ်မြေ၏ဧကရာဇ်အဖြစ်သို့ အဆင့်တိုးလာခြင်းဖြစ်သည်။သူသည် ခွန်အားအရဖြစ်စေ တိုက်ပွဲအတွေ့အကြုံအရဖြစ်စေ ကျို့ဖုန်းနှင့်ရှားဟိုလီတို့၏ပြိုင်ဘက်မဖြစ်နိုင်ချေ။

"ငါတို့ရဲ့နတ်ဘုရား ပြန်ရှင်သန်လာတဲ့နေ့ကျရင်...မင်းတို့အားလုံး အပြစ်ခံယူရမယ့်အချိန်ပဲ"

ရှုရာဧကရာဇ်ရှစ်ဖန့်သည် စကားလုံးတချို့ဖြင့် ကျိန်ဆဲပြီးနောက် မကျေမချမ်းဖြင့် ထွက်ခွါသွားတော့သည်။

Chapter 1980

ရှုရာဧကရာဇ်ရှစ်ဖန့် ထွက်ခွါသွားသည်နှင့် လုယွီ၏မျက်နှာအမူအယာ ပို၍တည်ကြည်လေးနက်သွားသည်။

"သွားကြစို့...တပ်မှူးချုပ်ကို သွားတွေ့ရအောင်"

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

သန်းနှင့်ချီသောနတ်ဆိုးသားရဲများခြံရံ၍ လုယွီသည် သိုက်ဖုန်းတို့လူစုကိုခေါ်ဆောင်ကာ ရှားဟိုလီ၏စစ်သင်္ဘောထံသို့ သွားလိုက်၏။

ရှားဟိုလီ၏လက်အောက်ရှိ စစ်သားများအားလုံးနီးပါးသည် လုယွီကို မမြင်တွေ့ဖူးကြချေ။လူငယ်စစ်ဗိုလ်ချုပ်တစ်ယောက် ရုတ်တရက် ရောက်ရှိလာသည်ကိုကြည့်ပြီး သူတို့က ကူကယ်ရာမဲ့စွာ တိုင်ပင်ဆွေးနွေးနေကြသည်။

ဤလူငယ်စစ်ဗိုလ်ချုပ်သည် မည်သူဖြစ်သနည်း။

အကယ်၍ လုယွီသည် တာယွီတော်ဝင်စစ်တပ်မှစတုတ္ထဆင့်စစ်ဗိုလ်ချုပ်တစ်ယောက်၏ သံချပ်ကာဝတ်စုံကိုသာ ဝတ်ဆင်ထားခြင်းမရှိပါက လူအများစုသည် သူ့အား နတ်ဆိုးမျိုးနွယ်မှအသွင်ပြောင်းထားသူတစ်ယောက်ဟုသာ ထင်မြင်ယူဆကြပေမည်။

"ရွှမ်းဝူစစ်ဗိုလ်ချုပ်ရှောင်ယန်းက တပ်မှူးချုပ်ကို ဂါရဝပြုပါတယ်"

လုယွီက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ပြောဆိုလေ၏။

ရှားဟိုလီက စိတ်ရှုပ်ထွေးနေသောအကြည့်ဖြင့် လုယွီကိုကြည့်ပြီးနောက် သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

"ကျေးဇူးတင်ပါတယ်...ဗိုလ်ချုပ်ရှောင်"

လူတိုင်း ကြက်သေသေသွားကြသည်။

ဤလူငယ်လေးသည် အမှန်တကယ်ကိုပင် တာယွီတော်ဝင်စစ်တပ်မှ စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်နေသလော....

ထို့ပြင် ကြည့်ရသည်မှာ တပ်မှူးချုပ်သည် ထိုလူငယ်လေးကိုသိကျွမ်းပုံရသည်။

"ငါ သူ့ကို မြင်ဖူးတယ်...သူ ရှဟယ်နဲ့တိုက်ခိုက်တဲ့နေ့တုန်းက ငါ သူ့ကိုစောင့်ကြည့်နေခဲ့တာ"

"သူ့ကိုကြည့်ရတာ ဒီလောက်ထိရင်းနှီးသလိုဖြစ်နေတာ အံ့အားသင့်စရာမရှိတော့ဘူး...ခုကြည့်ကြည့်တော့မှ အဲ့ဒီလူငယ်လေး ဖြစ်နေတာကိုး"

စစ်သားတချို့သည် လုယွီကို မှတ်မိသွားကြ၏။

မည်သို့ပင်ဆိုစေကာမူ လုယွီနှင့်ရှဟယ်၏တိုက်ပွဲသည် စစ်စခန်းတစ်ခုလုံးအတွင်းတွင် အလွန်လူသိများကျော်ကြားခဲ့သည်။

"အခုချိန်မှာ...သူ့ကို ရှဟယ်တိုက်ခိုက်ရဲတော့မှာ မဟုတ်ဘူး"

ထိုအတွေးသည် လူများအားလုံး၏စိတ်နှလုံးသားများအတွင်း၌ ဖြတ်ပြေးသွားသည်။

ဤအချိန်တွင် လုယွီ၏နောက်၌ နတ်ဆိုးဧကရာဇ်တစ်ယောက်က နောက်ခံအဖြစ်ရှိနေလေ၏။

ရှဟယ်သည် ယခုထက်ဆယ်ဆပို၍ သတ္တိကောင်းနေလျှင်ပင် လုယွီအား ထပ်မံ၍တိုက်ခိုက်ဝံ့မည်မဟုတ်ချေ။

"ဒီလိုအသက်ငယ်ငယ်လေးနဲ့...သူက ရှဟယ်နဲ့လက်ရည်တူ ယှဥ်ပြိုင်နိုင်တယ်...ဒီတစ်ကြိမ်မှာ သူက နတ်ဆိုးသားရဲမျိုးနွယ်တွေကိုဦးဆောင်ပြီးတော့ ငါတို့ကို ကယ်တင်ခဲ့တယ်...နောင်အနာဂတ်မှာ သူ့ရဲ့အောင်မြင်မှု ဘယ်အတိုင်းအတာထိရောက်မလဲဆိုတာ ငါ မသိတော့ဘူး"

ထိုအတွေးသည် လူအမြောက်အများ၏စိတ်နှလုံးသားများအတွင်း၌ တပြိုင်နက်တည်း ထွက်ပေါ်လာခဲ့သည်။

ထိုအချိန်မှာပင် ကျယ်လောင်သောဆူညံသံနှစ်သံသည် မလှမ်းမကမ်းအကွာအဝေးရှိကောင်းကင်ယံအတွင်းမှ ထပ်မံ၍ထွက်ပေါ်လာခဲ့သည်။

"ဟား ဟား ဟား...မိုးကြိုးမီး...တကယ်လို့ ငါ့မှာ ဒီနေ့အရေးကြီးကိစ္စတစ်ခုသာ လုပ်စရာရှိမနေဘူးဆိုရင်...မင်းကို ငါ့လက်နဲ့ ကိုယ်တိုင်သတ်မယ်"

နတ်ဆိုးသားရဲဧကရာဇ်လီရှန်က အူလှိုက်သည်းလှိုက် ရယ်မောလိုက်၏။လီရှန်သည် သူ၏ခန္ဓာကိုယ်ကို လူသားတစ်ဝက် နဂါးတစ်ဝက်အသွင်ပြောင်းလဲထားပြီး သူ၏ခန္ဓာကိုယ်အရေပြားပေါ်တွင် ကြောက်မက်ဖွယ်အကြေးခွံများ ဖုံးလွှမ်းနေသည်။ထိုအကြေးခွံများပေါ်တွင် သွေးစသွေးနများရှိနေလေ၏။

နတ်ဆိုးသားရဲဧကရာဇ်လီရှန်၏ရှေ့တွင် ရှုရာဧကရာဇ်မိုးကြိုးမီးသည် ဆိုးရွားစုတ်သောအခြေအနေနှင့် မတ်တတ်ရပ်နေပြီး သူက ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သည်။

သို့ရာတွင် ဖေးထျန်ကွမ်းနှင့်တိုက်ခိုက်နေသော ရှုရာဧကရာဇ်နှစ်ယောက်၏အခြေအနေမှာ ပို၍ပင်ဆိုးရွားနေသည်။သူတို့နှစ်ယောက်၏လက်တစ်ဖက်စီ ပြတ်တောက်နေပြီး ကျန်လက်တစ်ဖက်ဖြင့် ရုန်းကန်တိုက်ခိုက်နေရသည်။

ဖေးထျန်ကွမ်း၏မျက်နှာအမူအယာကမူ ယခင်အတိုင်း ပြောင်းလဲခြင်းမရှိဘဲ တည်ငြိမ်အေးဆေးနေဆဲပင်။

သူသည် တော်ဝင်နန်းတော်မှကျင်းပသော တော်ဝင်စာမေးပွဲတွင်ဗိုလ်စွဲခဲ့သူဖြစ်၍ သူ၏ကျင့်ကြံဆင့်အခြေခံသည် လွန်စွာကျစ်လစ်သိပ်သည်းပေ၏။

"ရှုရာဧကရာဇ်ထန်ကျွင်းက ရွှေရောင်ဓားချီကြောင့် အတွင်းဒဏ်ရထားပြီးတော့ အခုထိပြန်လည်ကုသနေရတယ်လို့ ပြောနေကြတယ်...ဖြစ်နိုင်တာတော့ ဒါက မင်းကြောင့်လား"

ရှုရာဧကရာဇ်နှစ်ယောက်သည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးတောမိသွားပုံဖြင့် သူတို့၏မျက်နှာအမူအယာများ ပျက်ယွင်းသွားသည်။

ဖေးထျန်ကွမ်းက တည်ငြိမ်စွာ ပြောဆိုသည်။

"ပြန်တွေးကြည့်ရင် ငါက သူ့ရဲ့အသက်ကို ချန်ထားပေးခဲ့တာ...ကြည့်ရတာတော့ သူက မင်းတို့ကို ဒီကိစ္စတွေ ပြောမထားပုံပဲ"

ထိုတုံ့ပြန်ဖြေဆိုမှုကိုကြားသည်နှင့် ရှုရာဧကရာဇ်နှစ်ယောက်လုံး ထိတ်လန့်ကြောက်ရွံမှုကို ခံစားလိုက်ရ၏။

"မင်းတို့ ခုအချိန်ခဏလေးတော့ မောက်မာထားကြအုံးပေါ့...နတ်ဘုရားပြန်ရှင်သန်လာတဲ့အချိန်ကျရင် မင်းတို့အားလုံး နောင်တရစေရမယ်"

ရှုရာဧကရာဇ်နှစ်ယောက်က နောက်သို့ပြန်လှည့်ကာ ထွက်ခွါသွားတော့သည်။ဤနေရာသို့ သူတို့နှင့်အတူပါလာသည့် ကြွင်းကျန်သောရှုရာများသည်လည်း အလျင်စလို ထွက်ခွါသွားကြ၏။

ပတ်ဝန်းကျင်ရှိရှုရာများအားလုံး ထွက်ခွါသွားပြီးနောက် သူတို့အားလုံးရင်ဆိုင်နေခဲ့ရသော အကျပ်အတည်းများ ပြီးဆုံးသွားလေပြီ။

ဖေးထျန်ကွမ်းနှင့်နတ်ဆိုးသားရဲဧကရာဇ်လီရှန်တို့သည် လုယွီ၏နောက်သို့ တရွေ့ရွေ့ လျှောက်လှမ်းလာကြသည်။

တခြားစစ်သားများသည် ထိုမြင်ကွင်းကိုမြင်ချိန်တွင် ထိတ်လန့်တုန်လှုပ်မှုကို ခံစားကြရသည်။

ထိုအစွမ်းထက်ပုဂ္ဂိုလ်နှစ်ယောက်သည် အမှန်တကယ်ကိုပင် လုယွီ၏လက်အောက်ငယ်သားများ ဖြစ်နေသလော....

သူ့ထံ၌ မည်ကဲ့သို့ နောက်ခံအင်အားမျိုး ရှိနေသနည်း....

ရှားဟိုလီသည်လည်း ထိတ်လန့်တုန်လှုပ်နေပေ၏။သူ၏မျက်လုံးအကြည့်သည် နတ်ဆိုးသားရဲဧကရာဇ်လီရှန်ထံမှ ရွေ့လျားသွားပြီး နောက်ဆုံး၌ ဖေးထျန်ကွမ်းပေါ်သို့ စူးစိုက်၍ကျရောက်သွားသည်။

"ဖေးသခင်ကြီး...မင်းရဲ့ခွန်အားတွေ ပြန်ရသွားပြီလား"

ရှားဟိုလီက သက်ပြင်းတစ်ချက်ရှိုက်၍ ပြောဆိုသည်။

ဖေးထျန်ကွမ်းက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုလေ၏။

"ငါ ဒီအခြေအနေထိ ပြန်ရောက်လာခဲ့တာ...အရှင်ရှောင်ရဲ့ကူညီမှုကိုပဲ ကျေးဇူးတင်ရမယ်"

All Chapters