အခန်း (၁၉၈၆-၁၉၉၀)
Vol. 103 Ch. 1986-1990
Chapter 1986
"သတ်ကြစမ်း"
လုယွီက ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့တက်၍ ကုန်းပတ်၏ပြင်ပသို့ ပျံသန်းလိုက်သည်။သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ မှော်စွမ်းအားများ ပွင့်အံထွက်ပေါ်လာပြီး ဧရာမရွှေရောင်ဓမ္မပုံရိပ်ကြီးအဖြစ် ဖွဲ့စည်းသွားသည်။
ထိုရွှေရောင်ဓမ္မပုံရိပ်ကြီးသည် ကောင်းကင်ယံကိုဖုံးလွှမ်းနေပြီး ခြေတစ်လှမ်းနင်းလျှောက်ရုံဖြင့် ရှုရာအမြောက်အများ ခြေဖြင့်ဆောင့်နင်းခံရကာ သေဆုံးသွားကြသည်။
ရှေးဟောင်းသိုင်းပညာနည်းစနစ်...ထိုက်ယွမ်လက်ဝါး...
ပေသုံးသောင်းကျော်မြင့်မားသော ရွှေရောင်ဓမ္မပုံရိပ်ယောင်ကြီးက လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်၏။ထိုလက်ဝါးပေါ်တွင် ရွှေရောင်အလင်းတန်းများ လွှမ်းခြုံနေပြီး ပတ်ဝန်းကျင်ရှိလေဟာနယ်ပင် ချက်ချင်းဆိုသလို တုန်ခါသွားသည်။
ရွှေရောင်ဓမ္မပုံရိပ်ယောင်ကြီးနှင့် နီးကပ်နေသော ရှုရာများအားလုံး လုယွီ၏ပြင်းထန်သောလက်သီးချက်များကြောင့် အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားလေ၏။
ဘုန်း...ဘုန်း...ဘုန်း...
လုယွီ၏လက်သီးချက်များအောက်တွင် သူ့ရှေ့ရှိရှုရာများသည် အနည်းငယ်မျှပင် ခုခံကာကွယ်နိုင်စွမ်းမရှိဘဲ တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ခံလိုက်ရသည်။
မျက်တောင်တခတ်စာအချိန်အတွင်းမှာပင် လုယွီသည် ရာနှင့်ချီသောရှုရာများကို သတ်ဖြတ်ခဲ့ပြီး သူ၏သံချပ်ကာဝတ်စုံတစ်စုံလုံး သွေးများဖြင့် စွန်းထင်းနေသည်။
တခြားတစ်ဖက်တွင် လီကျင်းရှန့် သိုက်ဖုန်းနှင့် ပုန်းကွယ်နဂါးတပ်ခွဲမှစစ်သားများသည်လည်း အစွမ်းကုန် တိုက်ခိုက်နေကြ၏။
ယခင်က လုယွီ၏သင်ကြားပေးထားမှုများကြောင့် ထိုစစ်သားများ၏မှော်စွမ်းအားများသည် အလွန်အားကောင်းပြီး သူတို့သည် ရှုရာများကိုသတ်ဖြတ်ရန် တုံ့ဆိုင်းနေခြင်းမရှိချေ။
ပုန်းကွယ်နဂါးတပ်ခွဲမှစစ်သားများ၏တိုက်ခိုက်မှုအောက်တွင် ရှုရာအမြောက်အများ သွေးအိုင်များအတွင်းသို့ လဲကျသွားခဲ့သည်။
"ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတဲ့ စစ်သားတွေလဲ...သူတို့ကို ဘယ်လိုလေ့ကျင့်ပေးထားတယ်ဆိုတာကို ငါ သိချင်မိတယ်"
မြောက်မြားစွာသောစစ်ဗိုလ်ချုပ်များက နက်နက်နဲနဲ တွေးတောနေကြသည်။
ဤကဲ့သို့ တိုက်ခိုက်မှုစွမ်းအားမျိုးသည် တော်ဝင်နန်းတော်အတွင်းတွင်ပင် တော်ဝင်သက်တော်စောင့်များနှင့်မြို့စောင့်တပ်မှစစ်သားများတွင်သာရှိသည်။
ပုန်းကွယ်နဂါးတပ်ခွဲ၏အဆက်မပြတ် ခုခံကာကွယ်တိုက်ခိုက်မှုအောက်တွင် ရှုရာများ၏တိုက်ခိုက်မှုများ ရပ်တန့်သွားခဲ့သည်။
ထိုအချိန်မှာပင် အဝေးရှိရှုရာစစ်တပ်အတွင်းမှ လက်မောင်းတစ်ဖက်ကျိုးနေသော နတ်ဘုရားရုပ်ထုကြီးထံမှ နတ်ဘုရားအလင်းတန်းများ ထုတ်လွှက်လိုက်ကာ ရှုရာဧကရာဇ်ကျိုးရှောင်၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားလေ၏။
ရှုရာဧကရာဇ်ကျိုးရှောင်၏မျက်လုံးများ ရုတ်တရက်ပွင့်လာပြီး သူက လုယွီကိုလက်ညှိုးညွှန်၍ ပြောဆိုလိုက်သည်။
"နတ်ဘုရားရဲ့အမိန့်တော်အရ...အဲ့ဒီကောင်လေးကို ဖမ်းဆီးကြစမ်း"
ရုတ်ချည်းဆိုသလိုပင် လုယွီသည် အလွန်ကြီးမားသော ဖိအားအရှိန်အဝါကို ခံစားလိုက်ရသည်။
ဤသည်က သူ့အား ကောင်းကင်နှင့်မြေပြင်အကြားရှိ ဥပဒေသများနှင့် ချုပ်နှောင်လိုက်သကဲ့သို့ပင်။လုယွီက ခေါင်းမော့၍ကြည့်လိုက်ရာ သူ့ထံသို့ လက်ညှိုးညွှန်ထားသော ရှုရာဧကရာဇ်ကျိုးရှောင်ကို တွေ့မြင်မိလေ၏။
"ဟား ဟား ဟား...ဒီကိစ္စလေးလောက်ကို နယ်မြေသခင်အဆင့်ဘိုးဘေးကိုယ်တိုင် လှုပ်ရှားစရာမလိုပါဘူး...ကျွန်တော် ဒီကောင်လေးကို ဖမ်းဆီးပေးမယ်"
ရှုရာဧကရာဇ်ရှစ်ဖန့်က ရုတ်တရက် မတ်တတ်ထရပ်လိုက်သည်။သူ၏နံဘေးပတ်လည်၌ ရစ်သိုင်းလွှမ်းခြုံနေသော အနက်ရောင်အခိုးအငွေ့များသည် သူ၏ခန္ဓာကိုယ်ကို တင်းတင်းကြပ်ကြပ် ရစ်ပတ်ထားသော ဝတ်ရုံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
ထို့နောက် ရှုရာဧကရာဇ်ကျိုးရှောင်၏ခေါင်းထက်မှနေ၍ အနက်ရောင်အခိုးအငွေ့များ ထွက်ပေါ်လာပြီး သူ၏နောက်ကျောတွင် အနက်ရောင်တောင်ပံတစ်စုံအဖြစ် သိပ်သည်းသွားလေ၏။
သူ၏ကြီးမားသော တောင်ပံတစ်စုံကို တစ်ချက်ခတ်လိုက်သည်နှင့် လေပွေတစ်ခုက သူ၏နံဘေးပတ်လည်၌ စုဝေးလာကာ ချက်ချင်းဆိုသလိုပင် လုယွီ၏အနီးသို့ ရောက်ရှိသွားသည်။
"ကျုပ်ကို ဖမ်းချင်တာလား"
လုယွီ၏မျက်လုံးများအတွင်းမှနေ၍ အေးစက်စက်အလင်းရောင်များ ဖြာထွက်လာသည်။သူက ရွှေရောင်ဓမ္မပုံရိပ်ယောင်ကြီးကိုထိန်းချုပ်၍ ရှုရာဧကရာဇ်ရှစ်ဖန့်ထံဦးတည်ကာ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်၏။
ဤသည်က ရှေးဟောင်းသိုင်းပညာနည်းစနစ်ဖြစ်သော ထိုက်ယွမ်လက်ဝါးပင်။ထိုနည်းစနစ်ကို တစ်ကြိမ်အသုံးပြုလိုက်သည်နှင့် ထိုအရာသည် မီတာတစ်ရာကျော်ရှည်လျားသော လက်ဝါးပုံရိပ်ကြီးအဖြစ်သို့ ပြောင်းလဲသွားကာ အလွန်အမင်းအစွမ်းထက်သော နည်းစနစ်တစ်ခုဖြစ်သည်။
"မင်းလို လောကီအင်မော်တယ်တစ်ယောက်က...ငါနဲ့တိုက်ခိုက်ဖို့ ထိုက်တန်လို့လား"
ရှုရာဧကရာဇ်ရှစ်ဖန့်က လှောင်ပြောင်ရယ်မောလိုက်သည်။ထို့နောက် သူ၏ဝတ်ရုံအကြားမှနေ၍ ပိန်လှီသေးကွေးသော လက်တစ်ဖက်ထွက်လာသည်။
ထိုလက်ကိုကြည့်ရသည်မှာ အလွန်အိုမင်းရွတ်တွနေပြီး အရိုးစုတစ်ခုနှင့်ပင်တူညီနေသည်။သို့ရာတွင် ထိုလက်သည် လုယွီအား ပစ်မှတ်ထားပြီးသည်နှင့် လုယွီ၏ရှေ့ရှိလေဟာနယ် ပြင်းပြင်းထန်ထန် တုန်ခါသွားလေ၏။ထို့နောက် အစွမ်းထက်သောအားလှိုင်းတစ်ရပ်သည် လေဟာနယ်ကိုဖြတ်သန်း၍ လုယွီကို ပြင်းပြင်းထန်ထန် ရိုက်ခတ်မိသွားသည်။
ဘုန်း …
ထိုမမြင်နိုင်သောအားလှိုင်းကြောင့် လုယွီ၏ရွှေရောင်လက်ဖဝါးပုံရိပ်ယောင်ကြီး ချက်ချင်းဆိုသလို ကြေမွပျက်စီးသွားလေ၏။
လုယွီ၏လက်ဝါးမှစွမ်းအားသည် ရှေးဟောင်းအစစ်အမှန်နဂါးနှစ်ကောင်၏စွမ်းအားနှင့် တူညီလုနီးပါးပင်။ထိုစွမ်းအားသည် တောင်တစ်လုံးကိုပင် တမဟုတ်ချင်း ပြားချပ်သွားစေနိုင်သည်။
သို့ရာတွင် ထိုစွမ်းအားသည် ရှုရာဧကရာဇ်ရှစ်ဖန့်၏ရိုက်ချက်တစ်ချက်ကိုပင် တောင့်ခံနိုင်စွမ်းမရှိချေ။
ရှုရာဧကရာဇ်ရှစ်ဖန့်သည် မကြာသေးမီအချိန်ကမှ ဧကရာဇ်အဆင့်သို့ အဆင့်တက်လာခဲ့သူဖြစ်သော်လည်း မည်သို့ပင်ဆိုစေကာမူ သူသည်လည်း ရှုရာဧကရာဇ်တစ်ယောက်ဖြစ်သည်။
ဤသည်က ရွှယ်အင်မော်တယ်တစ်ယောက်၏စွမ်းအားနှင့် တူညီပေ၏။
လုယွီနှင့်ရှစ်ဖန့်အကြား၌ နယ်ပယ်ကြီးနှစ်ခု ကွာဟနေသည်။အကယ်၍ လုယွီသည် သာမာန်နည်းစနစ်များကိုသာ ဆက်လက်၍အသုံးပြုနေပါက သူ ကြာကြာတောင့်ခံနိုင်မည်မဟုတ်ချေ။
"ရှစ်ဖန့်...ကျုပ်ကို အလွယ်တကူဖမ်းဆီးနိုင်မယ်လို့ ခင်ဗျားက ထင်နေတာလား"
လုယွီက အေးစက်စက်အော်ငေါက်ပြီးနောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို အစစ်အမှန်နဂါးတစ်ကောင်၏ပုံရိပ်ယောင်အဖြစ်သို့ အသွင်ပြောင်းကာ အဝေးတစ်နေရာဆီသို့ဦးတည်၍ ပျံသန်းလိုက်သည်။
Chapter 1987
လုယွီသည် လွတ်မြောက်နည်းစနစ်ကိုအသုံးပြု၍ မျက်တောင်တခတ်စာအချိန်အတွင်းမှာပင် မိုင်ပေါင်းများစွာကွာဝေးသောနေရာသို့ ပျံသန်းသွားခဲ့သည်။
လုယွီ ထွက်ပြေးသွားခြင်းကိုမြင်သည်နှင့် ရှုရာဧကရာဇ်ရှစ်ဖန့်၏မျက်နှာပေါ်၌ အထင်အမြင်သေးသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"ပုရွက်ဆိတ်လေးတစ်ကောင်ကများ...ငါ့ရဲ့လက်ချောင်းတွေလှုပ်ခတ်လိုက်ရုံနဲ့ ငါ မင်းကို သတ်နိုင်တယ်"
ရှစ်ဖန့်သည် သူ၏တောင်ပံတစ်စုံကိုခတ်၍ ချက်ချင်းဆိုသလိုပင် လုယွီနောက်သို့ လိုက်လံဖမ်းဆီးလေ၏။
ဖေးထျန်ကွမ်းနှင့်တခြားသူများသည် လုယွီ၏နောက်သို့ ရှုရာဧကရာဇ်ရှစ်ဖန့် လိုက်လံဖမ်းဆီးနေသည်ကိုမြင်သော်လည်း သူတို့သည် စောင့်ကြည့်နေရုံမှလွဲပြီး ကူညီပေးနိုင်စွမ်းမရှိချေ။
သူတို့ဘက်မှ ရွယ်အင်မော်တယ်တစ်ယောက်သည် ရန်သူများဘက်မှ ရှုရာဧကရာဇ်နှစ်ယောက် သို့မဟုတ် နှစ်ယောက်ထက်ပိုသော ရှုရာဧကရာဇ်များနှင့် ရင်ဆိုင်တိုက်ခိုက်နေကြရသည်။
"မကောင်းတော့ဘူး...အရှင့်က ရှုရာဧကရာဇ်ရဲ့ပစ်မှတ်ထားတာကို ခံနေရတယ်"
သိုက်ဖုန်း လီကျင်းရှန့်နှင့် ပုန်းကွယ်နဂါးတပ်ခွဲမှစစ်သားများသည် အလွန်အမင်းစိုးရိမ်ပူပန်နေကြသည်။သို့ရာတွင် သူတို့သည်လည်း သေလုမတက်ပြင်းထန်သောတိုက်ပွဲကို တိုက်ခိုက်နေကြရသဖြင့် ကြားဝင်စွက်ဖက်နိုင်ခြင်းမရှိချေ။
"နဂါးနတ်ဘုရား အမြှီးဝှေ့ယမ်းခြင်း"
အောင်းကွမ်းက ကျယ်လောင်စွာ ဟိန်းဟောက်ပြီး ချက်ချင်းဆိုသလိုပင် သူ၏အစစ်အမှန်ပုံစံသို့ ပြောင်းလဲလိုက်သည်။သူ၏နဂါးအမြှီးသည် ရွှေမှုန့်အလွှာဖြင့် အုပ်ထားသည့်အလား ရွှေရောင်အလင်းတန်းများ တောက်ပနေကာ ရှုရာဧကရာဇ်ထံဦးတည်၍ ပြင်းပြင်းထန်ထန် လွှဲယမ်းလိုက်၏။
"ကောင်းကင်နဲ့မြေပြင်ရဲ့ အတိမ်အနက်ကိုမသိတဲ့ နဂါးတစ်ကောင်ပဲ...ငါ အဲ့ဒီကောင်လေးကိုဖမ်းပြီးတဲ့အချိန်ထိ မင်းစောင့်နေစမ်း...ပြီးတာနဲ့ ငါ မင်းကို အရှင်လတ်လတ် အရေခွံခွါမယ်"
ရှုရာဧကရာဇ်၏မျက်လုံးများက နီမြန်းနေသည်။သူ၏လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ သူ့ရှေ့၌ သွေးနီရောင်လက်သည်းတစ်ဖက် ထွက်ပေါ်လာပြီး နဂါးအမြှီးကို ပြင်းပြင်းထန်ထန် ကုတ်ဆွဲလိုက်သည်။
ထိုလက်သည်းဖြင့် ထိတွေ့မိရုံဖြင့်ပင် အောင်းကွမ်း၏မာကျောသောအကြေးခွံများ၌ ချက်ချင်းဆိုသလိုပင် သွေးများစွန်းထင်းသွားသည်။သူ၏အကြေးခွံများတွင် အက်ကွဲကြောင်းများဖြင့်ပြည့်နှက်နေပြီး သူ၏ဒဏ်ရာများမှနေ၍ သွေးများအဆက်မပြတ်ယိုစီးကျနေလေ၏။
အောင်းကွမ်းထံမှ ခပ်အုပ်အုပ်ညည်းတွားသံတစ်သံထွက်ပေါ်လာပြီး သူက နံဘေးတစ်ဖက်သို့ ပျံသန်းသွားခဲ့သည်။
အောင်းကွမ်းသည် မည်သည့်နည်းနှင့်မျှ ရှုရာဧကရာဇ်ရှစ်ဖန့်၏ပြိုင်ဘက်မဖြစ်နိုင်ချေ။သို့ရာတွင် ဤတစ်ကြိမ်တွင် သူ၏မှော်စွမ်းအားများကိုအသုံးပြု၍ ရှုရာဧကရာဇ်ရှစ်ဖန့်၏အရှိန်နှုန်းကို အကြီးအကျယ် နှောင့်နှေးသွားစေခဲ့သည်။
ထိုအခြေအနေကိုအခွင့်ကောင်းယူ၍ လုယွီသည် မိုင်တစ်ရာခန့်ကွာဝေးသောနေရာသို့ ပျံသန်းသွားပြီးလေပြီ။
"သောက်ချေးပဲ"
ရှုရာဧကရာဇ်ရှစ်ဖန့်က ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်၏။သူ၏နောက်ရှိ အနက်ရောင်တောင်ပံကြီးပေါ်တွင် သွေးနီရောင်အလင်းတန်းအမှတ်အသားများ ထွက်ပေါ်လာပြီး သူက လုယွီ၏နောက်သို့ လိုက်လံဖမ်းဆီးလေသည်။
သူက အင်အားကုန်အသုံးပြုလိုက်ခြင်းကြောင့် သူနှင့်လုယွီအကြားရှိ အကွာအဝေးမှာ နီးကပ်လာသည်။
"ကောင်လေး...တကယ်လို့ မင်း လိမ်လိမ်မာမာနဲ့ အဖမ်းခံမယ်ဆိုရင်...မင်း ခံစားရတာသက်သာအောင် ငါ လုပ်ပေးနိုင်တယ်"
ရှုရာဧကရာဇ်ရှစ်ဖန့်ထံမှ သွေးချီများသည် ကောင်းကင်ယံတခွင်လုံးအနှံ့ ပြည့်နှက်နေပြီး လုယွီထံသို့ တရကြမ်းပြေးဝင်သွားသည်။
အကယ်၍ ရှုရာဧကရာဇ်ရှစ်ဖန့်သည် လုယွီကို သတ်ဖြတ်လိုပါက သူ ချက်ချင်း ပြုလုပ်နိုင်သည်။သို့ရာတွင် ကျိုးရှောင်သည် လုယွီကို အရှင်လတ်လတ်ဖမ်းဆီးရန် အမိန့်ပေးလိုက်သဖြင့် သူ လုယွီကို သတ်ဖြတ်၍မရချေ။
သူသည် ယခင်က နတ်ဆိုးသားရဲဧကရာဇ်ကျို့ဖုန်း၏လက်အတွင်း၌ ရှုံးနိမ့်ကာ အရှက်ရစရာဖြစ်ခဲ့သည်။ယခုလက်ရှိချိန်တွင် သူသည် လုယွီကိုဖမ်းဆီး၍ သူ၏ဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင်လိုသည်။
"လူအိုကြီး...ခင်ဗျားက စကားပြောဖို့ပဲ သိပုံရတယ်...တကယ်လို့ ခင်ဗျားမှာအရည်အချင်းရှိရင် ကျုပ်ကို အရင်ဆုံးဖမ်းလေ"
လုယွီက ခနဲ့တဲ့တဲ့ပြောဆိုပြီးနောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးပေါ်တွင် တဟုန်းဟုန်းတောက်လောင်နေသောမီးတောက်များ ထွက်ပေါ်လာသည်။
ရှုရာဧကရာဇ်ရှစ်ဖန့်၏ဖြူရော်ရော်မျက်နှာသည် လုယွီ၏အော်ငေါက်ခြင်းကိုခံရသဖြင့် ရုတ်တရက် နီမြန်းသွားလေ၏။
ရှုရာနယ်မြေတွင် သူ့အား ဤကဲ့သို့ပုံစံမျိုးဖြင့် မည်သူကမျှ စကားမပြောဆိုဝံ့ကြချေ။
"ခွေးမသားလေး....ငါ မင်းကို ဖမ်းမိတာနဲ့...ငါ မင်းကိုသေတာထက်ဆိုးအောင် လုပ်ပြမယ်"
ရှုရာဧကရာဇ်ရှစ်ဖန့်သည် အလွန်အမင်းဒေါသထွက်နေသည်။သူ၏အတောင်ပံများကို ပြင်းပြင်းထန်ထန် လှုပ်ခတ်လိုက်ရာ သူ၏အရှိန်နှုန်း အနည်းငယ်ပို၍လျှင်မြန်သွားခဲ့သည်။
ဤတစ်ကြိမ်တွင် ရှစ်ဖန့်နှင့်လုယွီတို့ကြား အကွာအဝေးသည် ပို၍နီးကပ်သွားပြီး မိုင်အနည်းငယ်ခန့်သာ ကျန်ရှိတော့သည်။
"သွေးယဇ်ပူဇော်ခြင်းနတ်ဘုရားနည်းစနစ်...ရှုရာလက်သည်း"
ရှုရာဧကရာဇ်ရှစ်ဖန့်သည် ကျန်ရှိနေသောအကွာအဝေးကို အရှိန်ကုန်မြှင့်၍ ပျံသန်းလိုက်၏။သူ၏ခန္ဓာကိုယ်မှမှော်စွမ်းအားများ တလိမ့်လိမ့်ထွက်ပေါ်လာပြီးနောက် စူးရှသော သွေးနီရောင်လက်သည်းများအဖြစ် သိပ်သည်းသွားကာ လုယွီထံဦးတည်၍ ပြင်းပြင်းထန်ထန် ကုတ်ဆွဲလိုက်သည်။
သောင်းနှင့်ချီသော စူးရှချွန်ထက်သည့်လက်သည်းများက လုယွီ၏နောက်ကျောသို့ ထိတွေ့လုဆဲဆဲအချိန်တွင်....
ဘုန်း....
လုယွီက ရုတ်တရက် နောက်သို့ပြန်လှည့်လိုက်ကာ သူ၏မှော်စွမ်းအားများ ပွင့်အံထွက်လာသည်။ကြောက်မက်ဖွယ်မီးတောက်များက လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံးကို ချက်ချင်းဆိုသလိုပင် ရစ်ပတ်လွှမ်းခြုံသွားပြီး ဧရာမမီးနတ်ဘုရားပုံရိပ်ယောင်ကြီးက သူ၏ခေါင်းအထက်၌ ထွက်ပေါ်လာသည်။
ရုတ်ချည်းဆိုသလိုပင် လုယွီ၏မှော်စွမ်းအားများငည် ရူးသွပ်လုမခမ်းမြင့်တက်လာပေ၏။
ရှေးဟောင်းအစစ်အမှန် နဂါးသုံးကောင်....
နဂါးလေးကောင်...
နဂါးငါးကောင်....
လဖက်ရည်တစ်ခွက်စာအချိန်မတိုင်မီမှာပင် လုယွီ၏ခွန်အားသည် ရှေးဟောင်းအစစ်အမှန်နဂါးရှစ်ကောင်၏ခွန်အားနှင့် တူညီသွားလေပြီ။
ကျုးရုံအစစ်အမှန်ခန္ဓာကိုယ်ထွက်ပေါ်လာသည်နှင့် ကြောက်မက်ဖွယ်မီးတောက်များက ချက်ချင်းဆိုသလို ပေါက်ကွဲသွားပြီး သူ့ထံချဥ်းကပ်လာသော သွေးနီရောင်လက်သည်းများအားလုံးကို လောင်ကျွမ်းသွားစေသည်။
"လူအိုကြီး...တကယ်လို့ ခင်ဗျား ကျုပ်ကိုဖမ်းချင်တယ်ဆိုရင်...အနည်းဆုံးတော့ ခင်ဗျားရဲ့အစစ်အမှန်စွမ်းရည်တချို့ကိုပြသဖို့ လိုအပ်လိမ့်မယ်"
လုယွီက အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုသည်။
Chapter 1988
"ဒီကောင်လေးရဲ့ခွန်အားက...ဘာလို့ ဒီလောက်တောင် တည်ငြိမ်နေရတာလဲ"
ရှုရာဧကရာဇ်ရှစ်ဖန်၏မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားပြီး သူ၏မျက်နှာပေါ်ရှိ အထင်အမြင်သေးသောအရိပ်အယောက်များ ပျောက်ကွယ်သွားခဲ့သည်။
သူသည် မကြာသေးမီကမှ ရှုရာဧကရာဇ်အဖြစ်အဆင့်တိုးလာသူဖြစ်သော်လည်း သူ၏ခန္ဓာကိုယ်ရှိမှော်စွမ်းအားများမှာ အကန့်အသတ်မရှိဘဲ သူ၏လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် တောင်များမြစ်များကို ဖျက်ဆီး၍ ကြယ်နယ်မြေများကို ကြေမွစေနိုင်စွမ်းရှိသည်။
အကယ်၍ လုယွီနေရာတွင် သာမာန်လောကီအင်မော်တယ်တစ်ယောက်ဆိုပါက ရှုရာဧကရာဇ်ရှစ်ဖန့်၏လက်အတွင်းသို့ ကျရောက်ပြီးဖြစ်ပေမည်။
"ဟမ့်....ကြည့်ရတာတော့ မင်းဆီမှာ ထူးဆန်းတဲ့နည်းလမ်းတချို့ရှိနေပုံပဲ...ဒါပေမယ့် ငါက ရှုရာဧကရာဇ်တစ်ယောက်...မင်းက ငါ့ရှေ့မှာပုရွက်ဆိတ်တစ်ကောင်ပဲ...ငါ့ရဲ့လက်တစ်ဖက်တည်းနဲ့ မင်းကို ချေမွှဖျက်ဆီးပစ်လို့ရတယ်"
ရှုရာဧကရာဇ်ရှစ်ဖန့်၏မျက်လုံးများသည် သွေးနီရောင်တောက်ပနေပြီး သူ၏အရှိန်ကို ထပ်မံ၍မြှင့်တင်လိုက်ရာ လုယွီနှင့်တစတစ ပို၍နီးကပ်လာပေ၏။
'သူက ရှုရာနတ်ဘုရားရဲ့အမိန့်ကြောင့် ငါ့ကိုသတ်လို့မရဘူး'
လုယွီသည် ပျံသန်းနေစဥ်အတောအတွင်းတွင် သူ၏စိတ်အတွင်း၌ အမျိုးမျိုးသောလွတ်မြောက်နည်းစနစ်များ ဖြတ်ပြေးနေသည်။
အကယ်၍ တစ်ဖက်လူသည် သူ့အားသတ်ဖြတ်ရန် ဆုံးဖြတ်ချက်ချထားပါက သူ အန္တရာယ်အတွင်းသို့ ကျရောက်သွားနိုင်သည်။
ကံဆိုးစွာဖြင့် ရှုရာနတ်ဘုရားသည် လုယွီကို အရှင်လတ်လတ် ဖမ်းဆီးလိုသဖြင့် သတ်ဖြတ်ရန် အမိန့်ထုတ်ပြန်ထားခြင်းမရှိချေ။
ထို့ကြောင့် ရှုရာဧကရာဇ်ရှစ်ဖန့်သည် ကျင့်ကြံဆင့်မြင့်မားသော်လည်း သူ၏ခွန်အားကို အကုန်အစင်ထုတ်ဖော်အသုံးပြုဝံ့ခြင်းမရှိချေ။
ဤှအချက်ကိုအခွင့်ကောင်းယူ၍ လုယွီသည် တန်ပြန်တိုက်ခိုက်ရန်အစီအစဥ်များကို စဥ်းစားတွေးတောနိုင်လေ၏။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လုယွီ၏စိတ်အတွင်း၌ အတွေးများဖြင့် ပြည့်နှက်နေပြီး နောက်ဆုံး၌ သူသည် အစီအစဥ်တစ်ခုကို စဥ်းစားတွေးတောနိုင်ခဲ့သည်။
"ရှစ်ဖန့်...ခင်ဗျားက အလကားကောင်ပဲ...ခင်ဗျားရဲ့မျိုးနွယ်တွေ သေနေတာကို ခင်ဗျား ကူကယ်ရာမဲ့စောင့်ကြည့်နေရအောင် ကျုပ် လုပ်ပြမယ်"
လုယွီက အေးစက်စက် အော်ငေါက်လိုက်သည်။သူသည် မီးနတ်ဘုရားပုံရိပ်ယောင်ကိုထိန်းချုပ်ကာ ရှုရာစစ်တပ်၏အကြားသို့ ဆင်းသက်လိုက်၏။
ဝုန်း...ဝုန်း...ဝုန်း...
မီးနတ်ဘုရားကြီးသည် မီးတောက်များဖြင့်ပြည့်နှက်နေသော သူ၏လက်သီးနှစ်ဖက်ကို ဝှေ့ယမ်းလေသည်။လက်သီးတစ်ချက် ကျရောက်သွားသည့်အချိန်တိုင်း ရာနှင့်ချီသောရှုရာများ သေဆုံးသွားကြရ၏။
"မီးနတ်ဘုရားစည်းတံဆိပ်...သက်ရှိအားလုံးကိုပြာချခြင်း"
လုယွီက သူ၏လက်ဖြင့် လက်သင်္ကေတတစ်ခုကို ဖွဲ့စည်းလိုက်သည်။ဖြည်းညှင်းစွာလည်ပတ်နေသော အလင်းဘီးတစ်ခုက မီးနတ်ဘုရား၏နောက်၌ ထွက်ပေါ်လာပြီး မီးနတ်ဘုရား၏ဝေဝါးဝါးပုံရိပ်ယောက်ကို ပို၍တောက်ပသွားစေသည်။
လုယွီက လက်စည်းတံဆိပ်တစ်ခုဖွဲ့စည်းလိုက်ခြင်းနှင့်အတူ မီးနတ်ဘုရားပုံရိပ်ယောင်ကြီးကလည်းလက်စည်းတံဆိပ်တစ်ခုကို ဖွဲ့စည်းလိုက်၏။ထိုလက်စည်းတံဆိပ်၏နံဘေးပတ်လည်တွင် ရွှေရောင်သင်္ကေတများက မျောလွင့်နေသည်။ထိုရွှေရောင်သင်္ကေတများသည် ရှုပ်ထွေးပြီး နားလည်ရန်ခက်ခဲကာ ကြီးကျယ်ခမ်းနားသည်။
"ပြန့်ကြဲစမ်း"
လုယွီက အော်ဟစ်လိုက်၏။ထို့နောက် ရွှေရောင်သင်္ကေတများသည် ချက်ချင်းဆိုသလို ပေါက်ကွဲသွားပြီး မီးတောက်များအဖြစ်သို့ပြောင်းလဲကာ အရပ်မျက်နှာအဘက်ဘက်သို့ ပြန့်ကြဲသွားသည်။
"ပြေးကြ...ပြေးကြတော့"
ပတ်ဝန်းကျင်ရှိရှုရာများသည် ချက်ချင်းဆိုသလိုပင် တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်များ၏လွှမ်းခြုံခြင်းကို ခံလိုက်ရသည်။အားနည်းသောရှုရာများသည် ချက်ချင်းပင် ပြာမှုန်များဖြစ်သည်အထိ လောင်ကျွမ်းခံရလေ၏။
ရှုရာဘုရင်များကမူ သူတို့၏အကာအကွယ်မှော်ရတနာများကို မှီခိုအားထား၍နေနေနိုင်သဖြင့် ပျာယာခတ်သွားခြင်းမျိုးမရှိချေ။
"မြန်မြန်...အဲ့ဒီကောင်လေးကို ဖမ်းဆီးပြီး ရှုရာဧကရာဇ်ကျိုးရှောင်ဆီကို အပ်ရမယ်"
ထိုရှုရာဘုရင်များသည် ထွက်ပြေးရန် အစီအစဥ်မရှိချေ။သူတို့သည် ဆုလာဘ်များရရှိရန်အတွက် လုယွီကိုဖမ်းဆီးကာ ရှုရာဧကရာဇ်ကျိုးရှောင်ထံသို့ အပ်နှံရန် ကြံစည်နေကြ၏။
ရှုရာများသည် မူလကတည်းက အလွန်သွေးဆာသော သက်ရှိမျိုးနွယ်များဖြစ်သည်။လုယွီသည် သူ၏မီးနတ်ဘုရားပုံရိပ်ယောင်ကြီးကို ထုတ်ဖော်ပြသထားသည့်တိုင် ထိုရှုရာဘုရင်များ သူ့ထံတိုးဝင်လာသည်ကို ဟန့်တားနိုင်ခြင်းမရှိချေ။
ဟမ့်...
လုယွီက အေးစက်စက်နှာတစ်ချက်မှုတ်ပြီး နောက်ထပ်မီးတောက်သင်္ကေတတစ်ခုကို ထပ်မံ၍ ရိုက်ထုတ်လိုက်သည်။
ထိုမီးတောက်ကျရောက်သွားသည်နှင့် ကျယ်လောင်သောပေါက်ကွဲသံကြီး မြည်ဟီးလာသည်။လုယွီ၏နားသို့ ချဥ်းကပ်လာသော ရှုရာများအားလုံးသည် ပေါက်ကွဲမှုမှထွက်ပေါ်လာသော မီးတောက်များကြောင့် နေရာမှာပင် သေဆုံးသွားကြ၏။
လုယွီ၏လက်အတွင်း၌ ရုတ်တရက် ခေါင်းဖြတ်ဓားထွက်ပေါ်လာပြီး သေဆုံးသွားသောရှုရာများထံသို့ ချိန်ရွယ်လိုက်သည်။
သေဆုံးသွားသောရှုရာများ၏စိတ်ဝိညာဥ်များသည် မိုးကောင်းကင်တာအိုနှင့် ပေါင်းစည်းနိုင်စွမ်းမရှိတော့ဘဲ ခေါင်းဖြတ်ဓား၏ဝါးမျိုခြင်း ခံလိုက်ရသည်။
အတိတ်ဘဝတွင် လုယွီသည် ဤရက်စက်ကြမ်းကြုတ်သော ဆေဘာဓားကို သွန်းလုပ်ခဲ့သည်။ခေါင်းဖြတ်ဓားသည် မည်မျှများပြားသော သက်ရှိများကို သတ်ဖြတ်ခဲ့ပြီး မည်မျှထိများပြားသောသွေးများကိုသောက်ခဲ့သည်ကို မည်သူမျှမသိနိုင်ချေ။
အကယ်၍ လုယွီ၏ထိန်းချုပ်မှုသာမရှိပါက အခွင့်အာဏာမရှိဘဲ ခေါင်းဖြတ်ဓားကိုကိုင်ဆောင်ဝံ့သူများသည် ဤရက်စက်ကြမ်းကြုတ်သောဆေဘာဓား၏ လွှမ်းမို့မှုကိုခံရပြီး နောက်ဆုံးတွင် လူသတ်လက်နက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပေမည်။
"ဒီလောက်အချိန်အကြာကြီး တိတ်ဆိတ်ငြိမ်သက်ပြီးတဲ့နောက်...ဒါက မင်း တောက်ပရမယ့်အချိန်ပဲ"
လုယွီက ခေါင်းဖြတ်ဓားကို ထိတွေ့ပြီး တီးတိုးရေရွတ်လိုက်၏။
ခေါင်းဖြတ်ဓားသည် လုယွီ၏စကားကို တုံ့ပြန်သည့်အလား အနည်းငယ်တုန်ခါသွားသည်။
နောက်အချိန်အခိုက်အတန့်တွင် မရေမတွက်နိုင်သော ရှုရာစိတ်ဝိညာဥ်များကို ခေါင်းဖြတ်ဓားမှ ဝါးမျိုပြီးလေပြီ။ရုတ်ချည်းဆိုသလိုပင် စူးရှအေးစက်သောအလင်းတန်းတစ်တန်းက ခေါင်းဖြတ်ဓား၏မျက်နှာပြင်ပေါ်၌ ထွက်ပေါ်လာသည်။
Chapter 1989
လုယွီသည် မီးနတ်ဘုရားကိုထိန်းချုပ်၍ ပတ်ဝန်းကျင်ရှိ ရှုရာများအားလုံး၏အသက်ကို ရိတ်သိမ်းလိုက်သည်။
ထိုရှုရာများသည် ရက်စက်ကြမ်းကြုတ်သော်လည်း သူတို့ထက် အဆထောင်သောင်းချီပို၍ ရက်စက်ကြမ်းကြုတ်သော လုယွီနှင့် ရင်ဆိုင်နေကြရ၏။
အတိတ်တွင် မြေအောက်လောကတာအိုသခင် ဖြတ်သန်းသွားသည့် နေရာတိုင်းရှိ သက်ရှိများအားလုံး ထိတ်လန့်ကြောက်ရွံနေရသည်။အချိန်အတော်ကြာ နာမည်ကျော်ကြားခဲ့သော မွန်းစတားအိုကြီးများပင် မြေအောက်လောကတာအိုသခင်နှင့် တိုက်ခိုက်ဝံ့ခြင်းမရှိချေ။
ပို၍အရေးကြီးဆုံးအကြောင်းပြချက်မှာ လုယွီ၏နည်းလမ်းများသည် ထိုလူများ၏စိတ်ကို တုန်လှုပ်ချောက်ချားစေရန် လုံလောက်သောကြောင့်ပင်။
ယခုလက်ရှိအချိန်တွင် လုယွီ၏ခေါင်းဖြတ်ဓား တဖန်ပြန်၍ မွေးဖွားလာလေပြီ။ထိုဆေဘာဓားသည် ရှုရာများအားလုံး၏သွေးကို သောက်သုံးပြီးမှသာ ရပ်တန့်သွားခဲ့သည်။
"သောက်ချေးပဲ...ခွေးမသားလေး...ငါ မင်းကို သေလုမျောပါးဖြစ်အောင် ညှင်းပန်းနှိပ်စက်ပြမယ်"
ရှုရာစစ်တပ်သည် လုယွီ၏ အရူးအမူးသုတ်သင်သတ်ဖြတ်ခြင်းကို ခံနေရသဖြင့် ရှုရာဧကရာဇ်ရှစ်ဖန့်က အလွန်အမင်းဒေါသထွက်သွားလေ၏။
သူ လုယွီကို ဖမ်းမိလုဆဲဆဲအချိန်တိုင်း လုယွီထံမှ လောကီအင်မော်တယ်တစ်ယောက်တွင်မရှိနိုင်သော စွမ်းအားမျိုး ပွင့်အံထွက်လာကာ သူ့အား နောက်တွင်ချန်ရစ်ခဲ့သည်။
ထို့ပြင် သူသည် လုယွီအား အရှင်လတ်လတ်ဖမ်းဆီးရန်ဟူသော အမိန့်ကိုရရှိထားသည်။ရှုရာဧကရာဇ်ရှစ်ဖန့်ထံတွင် မည်မျှထိများပြားသော လှည့်ကွက်များရှိနေပါစေ ယခုလက်ရှိအချိန်၌ သူ တက်နိုင်သောအရာမရှိချေ။
"ဒီကောင်စုတ်လေးက ငါ့သူကို သတ်လို့မရဘူးဆိုတာ သေချာသိနေတယ်...ဒါကြောင့် သူက မဆင်မခြင်ပြုမူနေတာ...ငါ ဒီအတိုင်းဆက်သွားလို့ မဖြစ်တော့ဘူး"
အဝေး၌ရှိနေသော ရှုရာဧကရာဇ်ကျိုးရှောင်သည် စကားတစ်လုံးမျှပြောဆိုခြင်းမရှိသော်လည်း တိုက်ပွဲတစ်ခုလုံး၏အခြေအနေကို စောင့်ကြည့်နေသည်ကို သူ ကောင်းစွာသိရှိထားပေ၏။
မည်သူက မည်သူအရာအားပြုလုပ်နေသည်ဖြစ်စေ အစွမ်းထက်သော နယ်မြေသခင်တစ်ယောက်၏အမြင်အာရုံအောက်မှ လွတ်မြောက်နိုင်မည်မဟုတ်ချေ။
သူသည် ရှုရာဧကရာဇ်အဆင့်သို့ ရာထူးတိုးလာသည်မှာ မကြာသေးသဖြင့် သူ၏အခြေခံသည် ခိုင်မာမှုမရှိသေးချေ။ထို့ကြောင့် လျိုရှောင်ကဲ့သို့ အစွမ်းထက်သူတစ်ယောက်၏ထောက်ပံမှုကိုရရှိရန် သူ့အတွက် အလွန်အရေးကြီးသည်။
အကယ်၍သူသည် လုယွီကဲ့သို့ ဂျူနီယာတစ်ယောက်ကို မဖမ်းဆီးနိုင်ပါက ရှုရာနယ်မြေ၏ပြက်ရယ်ပြုစရာတစ်ခုဖြစ်သွားနိုင်သည့်အပြင် လျိုရှောင်၏အထင်သေးခြင်းကိုလည်း ခံရနိုင်သည်။
ထိုအခြေအနေမျိုးသို့ကျရောက်သွားပါက ရှုရာနယ်မြေအတွင်းတွင် သူ ခြေတစ်လှမ်းလှမ်းနိုင်ရန်ပင် လွန်စွာခက်ခဲသွားပေလိမ့်မည်။
"ခွေးမသားလေး...ငါ ဒီလိုလုပ်ဖို့ မင်း ငါ့ကို ဖိအားပေးခဲ့တာပဲ"
ရူးသွပ်မှုအရိပ်အယောင်များက ရှုရာဧကရာဇ်ရှစ်ဖန့်၏မျက်လုံးများအတွင်း၌ ဖြတ်ပြေးသွားသည်။ထို့နောက် သူက ချက်ချင်းဆိုသလိုပင် သူ၏ဝတ်ရုံအတွင်းမှ ရုပ်သေးတစ်ခုကို ထုတ်ယူလိုက်၏။
ထိုရုပ်သေးသည် လက်တဖဝါးစာအရွယ်အစားသာရှိသော်လည်း ထိုအရာ၏ပုံသဏ္ဌာန်မှာ အလွန်အမင်းထူးခြားသည်။ထိုရုပ်သေး၏အပေါ်ယံသည် ပြောင်ရှင်းနေပြီး မည်သည့်အရာမျှမရှိချေ။သို့ရာတွင် ရုပ်သေးရုပ်၏နဖူးပေါ်တွင် အဆောင်လက်ဖွဲ့စာရွက်တစ်ရွက်ရှိနေသည်။
ထိုစာရွက်ပေါ်တွင် ဆိုးညစ်သောသရဲတစ္ဆေများ၏ပုံစံရှိသော အမှတ်အသားများကို ရေးဆွဲထားသည်။ထိုအရာများသည် အလွန်အမင်း တုန်လှုပ်ချောက်ချားဖွယ် ကောင်းလှ၏။အကယ်၍ သာမာန်လူများသည် ထိုအဆောင်လက်ဖွဲ့ကို တစ်ချက်ကြည့်မိပါက အဆုံးမရှိသောအိမ်မက်ဆိုးများအတွင်းတွင် နစ်မြောသွားနိုင်သည့်အပြင် သူတို့၏အသိစိတ်များပင် လွတ်ကင်းသွားနိုင်သည်။
"ငါ ဒါကို ရှေးဟောင်းအပျက်အစီးနယ်မြေတစ်ခုကနေရခဲ့တာ...ဒါက ရှေးဟောင်းမှော်မန္တန်တစ်ခုပဲ...ဒါပေမယ့် ဒါကို တစ်ကြိမ်ပဲအသုံးပြုနိုင်တယ်...ငါက ဒီရုပ်သေးကို ငါ့ရဲ့အသက်ကိုကာကွယ်တဲ့နေရာမှာ အသုံးပြုဖို့ ကြံစည်ထားပေမယ့် မင်းလို ခွေးသူတောင်းစားလေးပေါ်မှာ သုံးလိုက်ရမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
ရှုရာဧကရာဇ်ရှစ်ဖန့်သည် ဤရုပ်သေးကို ထုတ်သုံးရန် ဆန္ဒမရှိသော်လည်း ဤအချိန်အခိုက်အတန့်တွင် သူ့ထံ၌တခြားရွေးချယ်စရာမရှိတော့ချေ။
ရှစ်ဖန့်သည် သူ၏ဖြူရော်ရော်လက်ချောင်းများကိုဆန့်ထုတ်၍ ရုပ်သေး၏နဖူးပေါ်မှ အဆောင်လက်ဖွဲ့ကို ဖယ်ရှားလိုက်၏။
တစ်ချိန်တည်းမှာပင် ရှေးကျပြီး နတ်ဆိုးဆန်သောမှော်မန္တန်တစ်ပုဒ်က ရှုရာဧကရာဇ်ရှစ်ဖန့်၏နှုတ်မှ ထွက်ပေါ်လာသည်။
ထိုမှော်မန္တန်ရွတ်ဆိုသံ အဆက်မပြတ် ပဲ့တင်ထပ်နေခြင်းနှင့်အတူ ပတ်ဝန်းကျင်နေရာတဝိုက်တွင် အနက်ရောင်အခိုးအငွေ့များ ရုတ်တရက်စုဝေးလာပြီး ရုပ်သေးတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ထိုရုပ်သေး၏မျက်နှာသည် မူလက ပြောင်ရှင်းနေသော်လည်း ရုတ်တရက် လုယွီ၏ရုပ်သွင်အဖြစ်သို့ ပြောင်းလဲသွားသည်။
တစ်ချိန်တည်းမှာပင် လုယွီသည် သူ၏ခန္ဓာကိုယ်အား တစ်စုံတစ်ယောက်မှ ထိန်းချုပ်ထားသကဲ့သို့ တောင့်တင်းသွားသည်ကို ခံစားမိလေ၏။
"ကျိန်စာ..."
လုယွီသည် ဗဟုသုတကြွယ်ဝသူဖြစ်၍ ရှုရာဧကရာဇ်ရှစ်ဖန့် မည်သည့်အရာအား အသုံးပြုသွားသည်ကို ချက်ချင်းဆိုသလိုပင် သိရှိလိုက်သည်။
လုယွီ၏ခန္ဓာကိုယ် တုံ့ဆိုင်းသွားသည်ကိုကြည့်ပြီး ရှုရာဧကရာဇ်ရှစ်ဖန့်က ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်၏။
"ကောင်လေး...မင်း ငါ့နောက်ကို လိမ်လိမ်မာမာနဲ့လိုက်ခဲ့စမ်း"
သူက မှော်မန္တန်ကို ထပ်မံ၍ရွတ်ဆိုလိုက်သည်။ပတ်ဝန်းကျင်ရှိအနက်ရောင်အခိုးအငွေ့များသည် ရုပ်သေးကို ရစ်ပတ်လွှမ်းခြုံသွားပြီးနောက် ရုပ်သေး၏မျက်နှာအမူအယာသည် အလွန်အမင်းနာကျင်မှုကို ခံစားရနေဟန် ပြောင်းလဲသွားသည်။
လုယွီသည်လည်း သူ၏နှလုံးကို ထောင်ပေါင်းများစွာသောမြှားများ ဖောက်ထွင်းသွားသကဲ့သို့ တူညီသောနာကျင်မှုမျိုးကို ခံစားလိုက်ရ၏။
ဟူး...
လုယွီ၏ခန္ဓာကိုယ် ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။သူ၏နောက်ရှိ ခမ်းနားထည်ဝါသော မီးနတ်ဘုရားပုံရိပ်ယောင်ကြီးသည်လည်း တဖြည်းဖြည်း လွင့်ပြယ်သွားတော့သည်။
Chapter 1990
"ဒီမှော်မန္တန်က ရှေးဟောင်းခေတ်ရဲ့ကောင်းကင်ဘုံရန်ငြှိုးတရားဂိုဏ်းကပဲ"
လုယွီသည် ရှေးဟောင်းကောင်းကင်ဘုံတရားရုံး၏ပုံရိပ်ယောင်ကမ္ဘာအတွင်းတွင် ရောက်ရှိနေစဥ်တွင် ရှေးဟောင်းခေတ်ကာလအတွင်းရှိ အရာတော်တော်များများကို နားလည်သဘောပေါက်ခဲ့သည်။
ရှေးဟောင်းကောင်းကင်ဘုံမှတ်တမ်းတွင် ရှေးခေတ်ရှိမြောက်မြားစွာသောအင်မော်တယ်ဂိုဏ်းများ၏အရေးကိစ္စတချို့ကို မှတ်တမ်းတင်ထားသည်။
ထိုမှတ်တမ်းအရ ရှေးခေတ်အချိန်ကာလများတွင် ကောင်းကင်ဘုံရန်ငြှိုးတရားဂိုဏ်းဟူသော လမ်းလွဲအင်မော်တယ်ဂိုဏ်းတစ်ဂိုဏ်း ထွက်ပေါ်လာခဲ့သည်။ထိုဂိုဏ်းသည် မှော်မန္တန်များကို အထူးပြု၍ ကျင့်ကြံကြပြီး သူတို့၏မှော်မန္တန်များသည် အလွန်ရက်စက်ကြမ်းကြုတ်ပြီး ယုတ်မာကောက်ကျစ်လေ၏။လူနည်းစုသာလျှင် သူတို့ကို ရန်စစော်ကားဝံ့သည်။
ရှေးဟောင်းကမ္ဘာလောက၏နတ်ဘုရားကုန်းမြေကြီးများအတွင်းရှိ ရှေးဟောင်းတောရိုင်းများတွင် စုန်းမျိုးနွယ်အမြောက်အများရှိသည်။ကောင်းကင်ဘုံရန်ငြှိုးတရားဂိုဏ်းသည် ထိုစုန်းမျိုးနွယ်များမှ လက်ဆင့်ကမ်းဆင်းသက်လာသော အင်မော်တယ်မှော်မန္တန်များကို ကျင့်ကြံကြပြီး နတ်ဘုရားဂိတ်တံခါးကိုပင်ဖွင့်နိုင်စွမ်းရှိကြ၏။
ကောလဟာလများအရ ကောင်းကင်ဘုံရန်ငြှိုးတရားဂိုဏ်းမှရွှယ်အင်မော်တယ်တစ်ယောက်သည် လေးဆယ့်ကိုးရက်တိုင်တိုင် မှော်မန္တန်များကိုရွတ်ဆို၍ နတ်ဘုရားတစ်ပါးကို သူ၏နတ်ဘုရားပလ္လင်ပေါ်မှ ဆွဲချခဲ့သည်။နောက်ဆုံးတွင် ထိုနတ်ဘုရားသည် သူ၏နတ်ဘုရားပလ္လင်ဆုံးရှုံးသွားပြီး သေဆုံးသွားခဲ့ရသည်။
"သူက ကောင်းကင်ဘုံရန်ငြှိုးတရားဂိုဏ်းရဲ့အမွေအနှစ်ကိုရထားတာပဲ...ဒါပေမယ့် ဒီအမွေအနှစ်က မပြည့်စုံသေးဘူး"
အချိန်တိုအတွင်းမှာပင် လုယွီသည် ရှုရာဧကရာဇ်ရှစ်ဖန့်၏ဝှက်ဖဲကို နားလည်သဘောပေါက်သွားခဲ့သည်။
ရှစ်ဖန့်အသုံးပြုခဲ့သော မှော်မန္တန်သည် အပြည့်အစုံမဟုတ်သော်လည်း သူ၏ကိုယ်ပိုင်ကျင့်ကြံမှုမှ ထောက်ပံပေးမှုရှိနေသဖြင့် ထိုမှော်မန္တန်၏စွမ်းအားမှာ အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းနေသည်။
"လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာက ရှေးဟောင်းမဟာကျမ်းစာသုံးခုထဲက တစ်ခုဖြစ်ပြီးတော့ မဟာမိုးကောင်းကင်ရွှေအင်မော်တယ်တစ်ယောက်ဖြစ်တဲ့ လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်တာအိုဘိုးဘေးက ဖန်တီးခဲ့တာ...ကောင်းကင်ဘုံရန်ငြှိုးတရားဂိုဏ်းရဲ့မှော်မန္တန်တွေက ရက်စက်ကြမ်းကြုတ်ပေမယ့် ဒါက နိမ့်ကျတဲ့မှော်နည်းစနစ်အဆင့်ပဲရှိတာ...ငါက လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာကို အသုံးပြုရင် ဒီမှော်မန္တန်ကိုချိုးဖျက်နိုင်တဲ့အခွင့်အရေး ရလိမ့်မယ်"
လုယွီသည် အလျှင်အမြန်ဆုံးဖြတ်ချက်ချပြီးနောက် ချက်ချင်းဆိုသလိုပင် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ၏ကျင့်ကြံနည်းစနစ်ကို သူ၏ခန္ဓာကိုယ်အနှံ့လှည့်ပတ်ကာ ကျိန်စာ၏စွမ်းအားကို စတင်၍ချေဖျက်လိုက်၏။
လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ၏ မြင့်မြတ်ပြီးအစွမ်းထက်သောစွမ်းအားများသည် လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ မရီးဒါန်းများအတွင်းသို့ စီးဆင်းသွားသည်။မူလက သူ ထိန်းချုပ်ခံနေရသကဲ့သို့ခံစားချက်မှာ တဖြည်းဖြည်း ပြေလျော့စပြုလာသည်။
"ဒါက သက်ရောက်မှုရှိတယ်"
လုယွီ၏မျက်ခုံးများ မြင့်တက်သွားပြီး သူ၏စိတ်နှလုံးသား တည်ငြိမ်အေးချမ်းသွားပေ၏။
သို့ရာတွင် အပြင်လူများ၏အမြင်၌ လုယွီသည် လေဟာနယ်အတွင်း၌ မလှုပ်မယှက် တောင့်တင်းစွာမတ်တတ်ရပ်နေဆဲပင်။
"သူက ချောင်ပိတ်မိနေပြီ...သူ့ကို မြန်မြန်ဖမ်းဆီးကြစမ်း"
ရှုရာဘုရင်များသည် စိတ်လှုပ်ရှားစွာဖြင့် လုယွီအားဖမ်းဆီးရန် သူတို့၏လက်အောက်ငယ်သားများကို အမိန့်ပေးလိုက်ကြ၏။
တခြားရှုရာများကလည်း ရှေ့သို့တရကြမ်းတိုးဝင်လာကာ သံလက်ထိပ်များဖြင့် လုယွီကို ချုပ်နှောင်လိုက်သည်။ရှုရာသုံးဆယ်ကျော်သည် လုယွီ၏နံဘေးပတ်လည်မှ ဝိုင်းရံထားပြီး သူ့အား ထွက်ပြေးသွားနိုင်ခြင်းမရှိစေရန် ဟန့်တားထားလေသည်။
သံလက်ထိပ်များ၏တစ်ဖက်တွင် ရှည်လျားသောသံကြိုးကြီးများရှိနေသည်။ထိုသံကြိုးတစ်ချောင်းစီကို ရှုရာများက ဖမ်းဆုပ်ထားလေ၏။
အစောပိုင်းက လုယွီ၏သတ်ဖြတ်မှုများသည် ထိုရှုရာများ၏စိတ်နှလုံးသားများအတွင်း၌ နက်ရှိုင်းစွာအမြှစ်တွယ်နေလေပြီ။ရှုရာများသည် သွေးဆာတက်သူများဖြစ်သော်လည်း ဤကဲ့သို့ အစွမ်းထက်ကျင့်ကြံသူမျိုးနှင့် ရင်ဆိုင်နေရချိန်တွင် သူတို့၏စိတ်နှလုံးသားများအတွင်းမှ ထိတ်လန့်ကြောက်ရွံမှုကို ထိန်းချုပ်ထားနိုင်စွမ်းမရှိချေ။
"မင်းတို့အားလုံး ဒီနေရာက ထွက်သွားကြစမ်း"
ရှုရာဧကရာဇ်ရှစ်ဖန့်သည် ရှေ့သို့တဟုန်ထိုးပြေးဝင်လာပြီး လုယွီကို ဖမ်းဆုပ်လိုက်၏။
"ကောင်လေး....မင်းက ပြေးတဲ့နေရာမှာ အရမ်းတော်တယ်မဟုတ်ဘူးလား...အဆုံးသတ်တော့ မင်း ငါ့ရဲ့လက်ထဲကို ရောက်လာရတာပါပဲ"
ရှုရာဧကရာဇ်ရှစ်ဖန့်သည် လောဘတက်နေသောအကြည့်ဖြင့် လုယွီ၏လက်အတွင်းမှ ခေါင်းဖြတ်ဓားကို ကြည့်လိုက်သည်။
"ဒီမှော်လက်နက်က မင်းလိုကောင်မျိုးရဲ့လက်ထဲမှာထားရင် အမှိုက်တစဖြစ်နေမှာပဲ...ငါ့ကိုပေးလိုက်တာ ပိုကောင်းလိမ့်မယ်"
လုယွီ၏လက်အတွင်းရှိ မှော်လက်နက်သည် သာမာန်ထက် သာလွန်ထူးကဲနေခြင်းကို သူ သတိပြုမိပြီးဖြစ်သည်။
ခေါင်းဖြတ်ဆေဘာဓားသည် ထိပ်တန်းဧကရာဇ်အင့် မှော်ရတနာများအနက်မှတစ်ခုဖြစ်သည်။ထိုဆေဘာဓားသည် မြောက်မြားစွာသော အနှောက်အယှက်များကို တွေ့ကြုံခဲ့ရသဖြင့် ယခင်ကဲ့သို့ အစွမ်းထက်ခြင်းမရှိတော့သော်လည်း အဖိုးတန်ရှားပါးသော မှော်လက်နက်တစ်ခုဖြစ်နေဆဲပင်။
ရှုရာဧကရာဇ်ရှစ်ဖန့်သည် မကြာသေးမီကမှ အဆင့်တက်လှမ်းလာသူဖြစ်သဖြင့် သူ့ထံတွင် သူအသုံးပြုရန်သင့်တော်သော မှော်ရတနာမျိုးမရှိချေ။
"ဒီကောင်လေးဆီမှာ လျှို့ဝှက်ချက်တွေအများကြီးရှိနေတယ်...ငါက သူ့ရဲ့စိတ်ဝိညာဥ်ကိုသန့်စင်ပြီး ရုပ်သေးထဲကိုထည့်လိုက်တာနဲ့ သူ့ရဲ့မှော်ရတနာတွေအားလုံးကိုရပြီ...ကျိုးရှောင်က သူ့ကို အရှင်လတ်လတ်လိုချင်တယ်လို့ပဲပြောထားတာ...ဒါပေမယ့် သူ့ကို ဘာမှမလုပ်ရဘူးလို့ ပြောမထားဘူး"
ရှစ်ဖန့်သည် သူ၏စိတ်အတွင်းရှိလောဘများကို ထပ်မံ၍ထိန်းချုပ်ထားနိုင်စွမ်း မရှိတော့ချေ။
ရှုရာဧကရာဇ်ရှစ်ဖန့်၏ဝတ်ရုံကြားမှနေ၍ အိုမင်းပိန်လှီသောလက်တစ်ဖက် ဆန့်ထွက်လာပြီး လုယွီ၏လက်မောင်းကို ဆုပ်ကိုင်လိုက်၏။
"မင်းရဲ့စိတ်ကိုလျော့ချပြီး ငါ့ဆီမှာအညံခံစမ်း"
ရှုရာဧကရာဇ်၏စိတ်ဝိညာဥ်အတွင်းမှနေ၍ နတ်ဘုရားစိတ်အာရုံတစ်ခုထွက်ပေါ်လာပြီး လုယွီ၏စိတ်အတွင်းသို့ ကျရောက်လာသည်။
ထိုအသံသည် ကျယ်လောင်ခြင်းမရှိသော်လည်း လုယွီ၏နားအတွင်းသို့ ဝင်ရောက်လာချိန်တွင် ခေါင်းလောင်းကြီးတစ်လုံးကို တီးခတ်လိုက်သကဲ့သို့ ကျယ်လောင်စွာမြည်ဟီးနေပေ၏။စကားလုံးတစ်လုံးတိုင်းသည် လုယွီကိုအရှုံးပေးအညံခံရန်အတွက် သွေးဆောင်ဖျားယောင်းနေသည်။
လုယွီသည် မလှုပ်မယှက်ရှိနေဆဲပင်။သူသည် ရှုရာဧကရာဇ်ရှစ်ဖန့်၏ထိန်းချုပ်မှုအောက်သို့ အမှန်တကယ်ကျရောက်နေသည့်အလား သူ၏ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းနေသည်။