အခန်း (၁၉၉၁-၁၉၉၅)
Vol. 103 Ch. 1991-1995
Chapter 1991
ရှုရာဧကရာဇ်သည် လုယွီ၏ပုံပန်းသွင်ပြင်ကိုမြင်ချိန်တွင် သူက စိတ်သက်သာရာရသွားသကဲ့သို့ ခံစားလိုက်ရသည်။
သူ့စိတ်ဝိညာဥ်၏လွှမ်းမိုးမှုအောက်တွင် လုယွီ၏ခန္ဓာကိုယ်မှနေ၍ မှိန်ပျပျအနီရောင်အလင်းတန်းတစ်တန်း ထွက်ပေါ်လာပြီး သူ၏ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားသည်။
ရှုရာဧကရာဇ်ရှစ်ဖန့်သည် ပို၍စိတ်ချရစေရန်အတွက် သတိကြီးစွာထားနေသောလေသံဖြင့် ပြောဆိုလိုက်၏။
"မင်းရဲ့ဓားနဲ့ မင်းကိုယ်မင်း ထိုးစိုက်လိုက်စမ်း"
လုယွီသည် ရှုရာဧကရာဇ်၏စကားလုံးအတိုင်း သူ၏လက်ဖြင့် ဓားတစ်ချောင်းကိုကိုင်၍ သူ၏နောက်လက်မောင်းတစ်ဖက်ကို ထိုးစိုက်လိုက်သည်။ရုတ်ချည်းဆိုသလိုပင် သူ၏ဓားဒဏ်ရာမှ သွေးများယိုစီးကျလာသည်။
သို့ရာတွင် လုယွီ၏မျက်နှာအမူအယာသည် မည်သည့်ကိစ္စမျှ မဖြစ်ပွါးခဲ့သကဲ့သို့ မပြောင်းမလဲအေးဆေးတည်ငြိမ်နေဆဲပင်။
သူ၏လက်ရှိအခြေအနေကို ကြည့်ရသည်မှာ သူသည် ရှုရာဧကရာဇ်ရှစ်ဖန့်၏ထိန်းချုပ်ခံရမှုအောက်သို့ အမှန်တကယ်ကျရောက်နေပုံရသည်။
"ဟား ဟား ဟား ဟား"
ရှုရာဧကရာဇ်ရှစ်ဖန့် သည် အူလှိုက်သည်းလှိုက် ရယ်မောလိုက်၏။သူက စူးရှသောမျက်လုံးများဖြင့် လုယွီကိုစူးစိုက်၍ကြည့်နေပြီး အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုလိုက်သည်။
"မင်းရဲ့ရတနာတွေအားလုံး ငါ့ကို မြန်မြန်ထုတ်ပေးစမ်း"
ကျိုးရှောင်သည် ဤနေရာကို အာရုံစိုက်နေခြင်းရှိမရှိ သူ အတိအကျမပြောနိုင်ချေ။ထို့ကြောင့် သူ လက်ဦးမှုရယူထားသည်က အကောင်းဆုံးဖြစ်ပေမည်။
ရှုရာဧကရာဇ်ရှစ်ဖန့်သည် ရှုရာနယ်မြေတွင် အင်အားတောင့်တင်းခြင်းမရှိသေးသဖြင့် သူ့အတွက် မှော်လက်နက်နှင့်အင်မော်တယ်ကျင့်ကြံနည်းစနစ်များ အမြောက်အများလိုအပ်သည်။
အစောပိုင်းက လုယွီသည် နည်းစနစ်တချို့ကို ထုတ်ဖော်အသုံးပြုခဲ့သဖြင့် ရှုရာဧကရာဇ်ရှစ်ဖန့်က လုယွီထံတွင် အင်မော်တယ်မှော်နည်းစနစ် တစ်ခုထက်မကရှိနေမည်ဟု ခန့်မှန်းမိလေ၏။
အနည်းဆုံးအနေဖြင့် လုယွီ၏ကျင့်ကြံနည်းစနစ်သည် ကောင်းမွန်ခြင်းမရှိပါက သူ့ကဲ့သို့ ရွှယ်အင်မော်တယ်နယ်ပယ် ရှုရာဧကရာဇ်တစ်ယောက်၏လက်အတွင်း၌ ကြာရှည်တောင့်ခံနိုင်မည်မဟုတ်ချေ။
လုယွီက အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်းမရှိချေ။သူ၏သိုလှောင်အိတ်အတွင်းမှ ရွှေရောင်မီးတောက်တစ်ခုကိုထုတ်ယူပြီး ရှုရာဧကရာဇ်ရှစ်ဖန့်ထံသို့ ပေးလိုက်သည်။
"ဒါက ဘာလဲ...ဖြစ်နိုင်တာတော့ ကောင်းကင်ဘုံမီးတောက်လား"
ရှုရာဧကရာဇ်ရှစ်ဖန့်၏မျက်ခုံးများ မြင့်တက်သွားပြီး သူက ကူကယ်ရာမဲ့စွာဖြင့် သိချင်စိတ်အလွန်ပြင်းပြသွားသည်။ထို့နောက် မီးတောက်ကိုဖမ်းဆုပ်ရန်အတွက် သူ၏လက်ကို ဆန့်တန်းလိုက်၏။
ထိုရွှေရောင်မီးတောက်သည် လေထုအတွင်း၌မျောလွင့်နေကာ မှိန်ဖျော့နေပြီး အချိန်မရွေးငြိမ်းသေသွားတော့မည့်ပုံမြင်နေရသည်။
ရှုရာဧကရာဇ်ရှစ်ဖန့်၏လက် ရွှေရောင်မီးတောက်ကို ထိတွေ့လုဆဲဆဲအချိန်မှာပင် သူ့ရှေ့ရှိ မထင်မရှားမီးတောက်က ရုတ်တရက် ပေါက်ကွဲသွားသည်။
ဝုန်း...
ထိုမီးတောက်များမှနေ၍ ပြင်းထန်သောအရှိန်အဝါများက ပွင့်အံထွက်လာသည်။
အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် မူလက သေးငယ်ပြီးမထင်ရှားသော ရွှေရောင်မီးတောက်သည် အိမ်တစ်လုံးခန့်ကြီးမားသော မီးတောက်လုံးကြီးအဖြစ် ပြောင်းလဲသွားပေ၏။
"ပေါက်ကွဲစမ်း"
လုယွီ၏မှိန်ဖျော့နေသောမျက်လုံးများမှ ရုတ်တရက် စူးရှသောအေးစက်စက်အလင်းရောင်များ ထွက်ပေါ်လာသည်။
လုယွီက သူ၏လက်ဖြင့် ရှေ့ရှိမီးတောက်လုံးကြီးကို ဖိနှိပ်လိုက်သည်။ထိုမီးတောက်လုံးကြီးသည် ရုတ်တရက် ပြန့်ကားသွားပြီး ချက်ချင်းဆိုသလို ပေါက်ကွဲသွားပေ၏။
တုန်ခါသံတစ်သံနှင့်အတူယှဥ်တွဲ၍ တလိမ့်လိမ့်ထနေသော မီးတောက်လှိုင်းများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။မျက်တောင်တခတ်စာအချိန်အတွင်းမှာပင် မီးတောက်များက ရှုရာဧကရာဇ်ရှစ်ဖန့်ကို လွှမ်းခြုံသွားတော့သည်။
ပတ်ဝန်းကျင်၌ မတ်တတ်ရပ်နေသော ရှုရာများသည် အနည်းငယ်မျှပင် ပြင်ဆင်ထားခြင်းမရှိသဖြင့် မီးတောက်များ၏လောင်ကျွမ်းခြင်းခံရပြီး ပြာများအဖြစ်သို့ ပြောင်းလဲသွားလေ၏။
"ကောင်လေး...မင်းက ငါ့ကို လှည့်စားရဲတာလား"
မီးတောက်များအကြားမှနေ၍ အံ့အားသင့်တုန်လှုပ်စွာနှင့်ဒေါသထွက်မှုတို့ ရောထွေးနေသော အော်သံကြီး ထွက်ပေါ်လာသည်။
ရှုရာဧကရာဇ်ရှစ်ဖန့်သည် သတိလက်လွတ်နေမိချိန်ဖြစ်သဖြင့် သူသည် သာမာန်ထက်သာလွန်ထူးကဲသောခွန်အားမျိုးရှိသည့်တိုင် မီးတောက်များကြောင့် ဒဏ်ရာရရှိသွားခဲ့သည်။
သူ၏ခန္ဓာကိုယ်ပေါ်ရှိဝတ်ရုံသည် မီးတောက်များကြောင့် လောင်ကျွမ်းသွားကာ သူ၏ပိန်လှီခြောက်ကပ်နေသောခန္ဓာကိုယ် ထွက်ပေါ်လာသည်။ထို့ပြင် ရွှေရောင်မီးတောက်များသည် အသားပုပ်နာတစ်ခုအလား ရှုရာဧကရာဇ်ရှစ်ဖန့်၏ခန္ဓာကိုယ်ပေါ်တွင် တွယ်ကပ်နေပေ၏။
"ဒါက ဘယ်လိုမီးတောက်မျိုးလဲ...အရမ်းရက်စက်ကြမ်းကြုတ်တာပဲ"
မြောက်မြားစွာသောရွှေရောင်မီးတောက်များသည် ရှုရာဧကရာဇ်ရှစ်ဖန့်၏ခန္ဓာကိုယ်ပေါ်၌ စွဲကပ်နေပြီး သူ ဖယ်ရှားရန်ကြိုးစားရန် အပြင်းအထန်ကြိုးစားနေသော်လည်း မရရှိချေ။
ရှုရာဧကရာဇ်ရှစ်ဖန့်၏ခန္ဓာကိုယ်မှနေ၍ သွေးနီရောင်မြူခိုးများ စတင်၍မျောလွင့်လာသည်။သူ၏မူလက ပိန်လှီခြောက်ကပ်နေသော ခန္ဓာကိုယ်အရေပြားမှနေ၍ အက်ကွဲသံများ စတင်၍ ထွက်ပေါ်လာပေ၏။သူ၏လက်များကို သွေးရူးသွေးတန်းဖြင့် ဝှေ့ယမ်းကာ လက်စည်းတံဆိပ်များကိုဖွဲ့စည်း၍ မီးတောက်များကိုဖယ်ရှားရန် ကြိုးပမ်းလိုက်သည်။
သို့ရာတွင် သူ လုပ်သမျှအရာအားလုံးသည် အချည်းနှီးသာဖြစ်ပြီး အနည်းငယ်မျှပင် အကျိုးသက်ရောက်မှုမရှိချေ။
ထို့ပြင် မီးတောက်များသည် ပို၍ပြင်းထန်စွာ လောင်ကျွမ်းလာသည်။ရှုရာဧကရာဇ်ရှစ်ဖန့်သည် သူ၏ခန္ဓာကိုယ်မှ အသွေးအသားများသည် မီးတောက်များ၏ပြင်းအားကို ပို၍တိုးမြင့်လာစေသော လောင်စာများဖြစ်နေသကဲ့သို့ ခံစားနေရ၏။
"သောက်ချေးပဲ...ဒါက ဘယ်လိုမီးတောက်မျိုးလဲ...ဒီမီးတောက်က ယန်ဓာတ်အရမ်းမြင့်မားပြီးတော့ ငါ့ကိုတောင် ဖိနှိပ်ထားနိုင်တယ်"
ရှုရာဧကရာဇ်ရှစ်ဖန့်ထံမှ စူးရှနာကျင်စွာအော်ဟစ်လိုက်သောအသံများ ထွက်ပေါ်လာသည်။
Chapter 1992
"ရှစ်ဖန့်...ဒီနေ့ ခင်ဗျားရဲ့အသက်ကို ဒီနေရာမှာထားခဲ့စမ်း"
လုယွီက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ထို့နောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ မှော်စွမ်းအားများသည် ချက်ချင်းဆိုသလိုပင် သူ၏ခေါင်းထက်၌စုဝေးသွားပြီး ဧရာမမီးနတ်ဘုရားပုံရိပ်ယောင်ကြီးအဖြစ် ဖွဲ့စည်းသွားသည်။
ဤတစ်ကြိမ် မီးနတ်ဘုရားပုံရိပ်ယောင်ကြီးမှာ ယခင်ထက်ပို၍ ကျစ်လစ်သိပ်သည်းနေသည်။
လုယွီ၏နောက်ရှိ လေဟာနယ်အတွင်း၌ မီးနတ်ဘုရားကြီးသည် မားမားမတ်မတ်ရပ်တည်နေလေရာ အစစ်အမှန်နတ်ဘုရားတစ်ပါး ဆင်းသက်လာသကဲ့သို့ပင်။
ဘုန်း ..ဘုန်း...ဘုန်း...
လုယွီသည် ကျူးရုံအစစ်အမှန်ခန္ဓာကိုယ်ကိုထိန်းချုပ်၍ သူ၏လက်သီးကိုဝှေ့ယမ်းကာ ရှုရာဧကရာဇ်ရှစ်ဖန့်ကို ပြင်းပြင်းထန်ထန် ထိုးနှက်လိုက်၏။
သူ၏လက်သီးချက်များတွင် အစစ်အမှန်နဂါးရှစ်ကောင်၏ခွန်အား ပါဝင်နေသည်။
လက်သီးချက်အချက်တိုင်းတွင် တောင်များကိုပင် ပြိုလဲသွားစေနိုင်သောစွမ်းအားမျိုးပါဝင်ပြီး သာမာန်လောကီအင်မော်တယ်တစ်ယောက်၏ခွန်အားထက် များစွာပို၍ ကျော်လွန်နေပေ၏။အမှန်အားဖြင့် ထိုခွန်အားသည် ရွှယ်အင်မော်တယ်တစ်ယောက်၏စွမ်းအားဖြင့်ပင် နီးကပ်နေလေပြီ။
"ငါ သူ့ကို ငါ့ရဲ့ရုပ်သေးအဖြစ် ထိန်းချုပ်နိုင်ခဲ့တာ အသိသာကြီးလေ...ဘယ်လိုလုပ်ပြီး ငါ့ရဲ့ထိန်းချုပ်မှုအောက်က လွတ်ကင်းသွားတာလဲ"
ရှုရာဧကရာဇ်သည် သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ အော်ဟစ်ကြုံးဝါးလိုက်ကာ သူ၏မျက်နှာပေါ်၌ မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်နေသည်။
သူသည် သူအသုံးပြုခဲ့သော မှော်မန္တန်အကြောင်းကို ကောင်းစွာသိရှိထားသည်။
ယခင်က သူသည် ရှေးဟောင်းကောင်းကင်ဘုံရန်ငြှိုးတရားဂိုဏ်း၏အမွေအနှစ်ကို ဆက်ခံရရှိခဲ့သည်။ထိုအချိန်မှစ၍ သူ၏ကျင့်ကြံဆင့်သည် ခုန်ပျံကျော်လွှား၍ တိုးတက်လာခဲ့ပြီး ရှုရာနယ်မြေ၏ဧကရာဇ်များအနက်မှတစ်ယောက် ဖြစ်လာခဲ့သည်။
သူ ထိုမှော်မန္တန်ကိုအသုံးပြုစဥ်တွင် တစ်ကြိမ်တစ်ခါမျှ ရှုံးနိမ့်ဖူးခြင်းမရှိချေ။
သို့ရာတွင် လုယွီ၏ယခုလက်ရှိအခြေအနေကို ကြည့်ခြင်းအားဖြင့် မှော်မန္တန်၏သက်ရောက်မှုခံရပုံမရပေ။ဆန့်ကျင်ဘက်အနေဖြင့် လုယွီသည် ဖျတ်လတ်တက်ကြွပြီး ခွန်အားတက်ကြွနေပေ၏။
"ခင်ဗျားက သေရတော့မယ့်အချိန်မှာတောင်...စဥ်းစားတွေးတောနိုင်သေးတာလား"
လုယွီ၏မျက်နှာအမူအယာသည် အေးစက်တင်းမာနေပြီး ရှုရာဧကရာဇ်ရှစ်ဖန့်ကို သူ၏လက်သီးဖြင့် ဆက်လက်၍ ထိုးနှက်လိုက်သည်။
အစောပိုင်းက လေ့လာဆန်းစစ်ထားမှုအရ ရှုရာဧကရာဇ်ရှစ်ဖန့် အပြင်းအထန်ဒဏ်ရာရရှိထားခြင်းကို လုယွီက ကောင်းစွာသိရှိထားသည်။
မည်သို့ပင်ဆိုစေကာမှု နတ်ဆိုးသားရဲဧကရာဇ်ကျို့ဖုန်းသည် အချိန်အတော်ကြာနာမည်ကျော်ကြားခဲ့သူဖြစ်ပေ၏။နှစ်ဖက်စလုံးသည် တူညီသောကျင့်ကြံဆင့်ရှိသည့်တိုင် ရှုရာဧကရာဇ်ရှစ်ဖန့်သည် ကျို့ဖုန်း၏ပြိုင်ဘက်ဖြစ်နိုင်ရန် အလှမ်းကွာဟသည်။
အကယ်၍ ရှုရာဧကရာဇ်ရှစ်ဖန့်သည် သူ၏အထွတ်အထိပ်အခြေအနေတွင်ရှိနေပါက သူ၏လက်စည်းတံဆိပ်ကို မိုင်ပေါင်းများစွာဖြန့်ကျက်၍ လုယွီကို တိုက်ရိုက်ဖမ်းဆီးနိုင်ပေမည်။
မည်သို့ပင်ဆိုစေကာမူ ကျူးရုံအစစ်အမှန်ခန္ဓာကိုယ်သည် ရှေးဟောင်းအင်မော််တယ်ကျင့်ကြံနည်းစနစ်တစ်ခုဖြစ်၍ မှော်စွမ်းအင်ကုန်ခမ်းမှုနှုန်း အလွန်ကြီးမားသည်။လုယွီသည် အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်စာခန့်သာ ထိုနည်းစနစ်ကို အသုံးပြုနိုင်သည်။
လုယွီထံ၌ ထွက်ပြေးရန် ရည်ရွယ်ချက်မရှိချေ။
သူသည် ကျုးရုံအစစ်အမှန်ခန္ဓာကိုယ်ကို အသုံးပြု၍ ရှုရာဧကရာဇ်ရှစ်ဖန့်ကို သတ်ဖြတ်ရန် ကြံရွယ်ထားသည်။
"သက်ရှိအားလုံးကို လောင်ကျွမ်းစေခြင်း"
လုယွီသည် လက်သင်္ကေတတချို့ကို ဆက်တိုက်ဖွဲ့စည်းလိုက်၏။မီးနတ်ဘုရားပုံရိပ်ယောင်င်ကြီး၏လက်ဖဝါးအတွင်းတွင် တောက်ပသောမီးတောက်များထွက်ပေါ်လာပြီးနောက် ရှည်လျားသောမီးတောက်ကြာပွတ်တစ်ချောင်းအသွင် ပြောင်းလဲသွားခဲ့သည်။
ဤသည်က ရှေးဟောင်းမီးနတ်ဘုရား၏လက်နက်များအနက်မှတစ်ခုပင်။ထိုကြာပွတ်ရှည်ကြီး၏အောက်တွင် ရှေးဟောင်းခေတ်မှ မြောက်မြားစွာသောအစွမ်းထက်သက်ရှိမျိုးနွယ်များ သေကြေပျက်စီးခဲ့ရသည်။
ဝှစ်...
လုယွီက ထိုကြာပွတ်ကို လေထုအတွင်းသို့ ဝှေ့ယမ်းလိုက်သည်။ရှည်လျားသောမီးတောက်ကြာပွတ်ကြီးသည် ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ ရှုရာဧကရာဇ်ရှစ်ဖန့်၏ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် ရိုက်ခတ်မိသွားသည်။
"ကောင်လေး မင်း သေချင်နေတာလား"
ရှုရာဧကရာဇ်ရှစ်ဖန့်၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ထင်ဟပ်လာသည်။သူသည် ခုခံကာကွယ်နေရာမှ တိုက်ခိုက်မှုသို့ ပြောင်းလဲသွားပြီး လုယွီကို သူ၏လက်သည်းများဖြင့် ဆွဲကုတ်လိုက်၏။
ရွှပ်...
ရှုရာဧကရာဇ်၏လက်သည်းက လုယွီ၏ခန္ဓာကိုယ်ကို ကုတ်ဆွဲမိသွားသည်။သူ၏သံချပ်ကာဝတ်စုံမှ နှလုံးကာ ကြေမွပျက်စီးသွားပြီး အပိုင်းအစများက အရပ်မျက်နှာအဘက်ဘက်သို့ လွင့်ထွက်သွားပေ၏။
လုယွီထံမှ ခပ်အုပ်အုပ်ညည်းတွားသံတစ်သံ ထွက်ပေါ်လာသည်။သူ၏ပါးစပ်ထောင့်မှ သွေးများယိုစီးကျလာလေရာ အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းသောမြင်ကွင်းပင်။
ရှုရာဧကရာဇ်ရှစ်ဖန့်သည်လည်း အခြေအနေမကောင်းလှချေ။
သူသည် ကောင်းကင်ဘုံဧကရာဇ်၏အစစ်အမှန်မီးတောက်ကို ခုခံနေရခြင်းဖြစ်သည်။ယခုလက်ရှိချိန်တွင် သူသည် မီးတောက်များ၏တိုက်ခိုက်ခံရမှုကြောင့် သေလုမျောပါး ခံစားနေရ၏။ဤသည်က သူ၏ထိန်းချုပ်နိုင်မှု အကန့်အသတ်ထက်ကျော်လွန်သော အကျပ်အတည်းတစ်ခုပင်။
"ဒီကောင်လေးက ငါ့ကို သတ်ချင်နေတာလား"
ထိုသို့တွေးတောမိသည်နှင့် ရှုရာဧကရာဇ်ရှစ်ဖန့်၏နောက်ကျောတပြင်လုံး ချွေးစေးများဖြင့် ရွှဲနစ်သွားသည်။
သူ့ထံတွင် ကောင်းကင်ဘုံဧကရာဇ်၏အစစ်အမှန်မီးတောက်ကို ခုခံနိုင်သည့်နည်းလမ်းမရှိသဖြင့် လုယွီ၏တိုက်ခိုက်မှုအောက်တွင် နောက်သို့တဆုတ်တည်းဆုတ်နေရသည်။
"တစ်ယောက်ယောက်...သူ့ကို ဟန့်တားထားစမ်း"
ရှုရာဧကရာဇ်ရှစ်ဖန့်သည် ကောင်းကင်ဘုံဧကရာဇ်၏အစစ်အမှန်မီးတောက်ကို ခုခံနိုင်ရန် သူ၏မှော်စွမ်းအားအကုန်အစင်ကိုအသုံးပြုကာ နောက်သို့အလျှင်အမြန်ဆုတ်လိုက်၏။
မည်သို့ပင်ဆိုစေကာမူ သူသည် ရှုရာဧကရာဇ်တစ်ယောက်ဖြစ်သည်။ကောင်းကင်ဘုံဧကရာဇ်၏အစစ်အမှန်မီးတောက်သည် လောကကြီးအတွင်းရှိ အရာရာကိုလောင်ကျွမ်းစေနိုင်သော်လည်း လုယွီ၏ယခုလက်ရှိကျင့်ကြံဆင့်နယ်ပယ်ဖြင့် ရှုရာဧကရာဇ်ရှစ်ဖန့်ကို အချိန်တိုအတွင်း၌ သတ်ဖြတ်နိုင်ခြင်းမရှိသေးချေ။
ပတ်ဝန်းကျင်ရှိရှုရာများသည် ရှုရာဧကရာဇ်ရှစ်ဖန့်၏အမိန့်ကိုကြားချိန်တွင် သူတို့က လုယွီထံသို့ တရကြမ်းပြေးဝင်၍ တိုက်ခိုက်ကြတော့သည်။
ထောင်နှင့်ချီသောရှုရာများနှင့် ရင်ဆိုင်ရချိန်တွင် လုယွီ၏မျက်လုံးများသည် အေးစက်နေပြီး သူ၏လက်အတွင်းရှိကြာပွတ်ကို ပြင်းပြင်းထန်ထန် ဝှေ့ယမ်းလိုက်၏။
ဘန်း....
ထိုကြာပွတ်ရိုက်ချက်အောက်တွင် မည်သည့်ကျင့်ကြံဆင့်နယ်ပယ်သို့ ရောက်နေသော ရှုရာဖြစ်စေ အမှုန်အမွှားဘဝသို့ ပြောင်းလဲသွားရသည်။
Chapter 1993
ဤှအချိန်အခိုက်အတန့်တွင် လုယွီ၏နံဘေး၌ ထူထပ်သိပ်သည်းသောသွေးမြူများ ထွက်ပေါ်လာသည်။
အစောပိုင်းက တရကြမ်းပြေးဝင်လာသောရှုရာများသည် လုယွီ၏လက်အတွင်း၌ ကလေးများနှင့်တူညီနေပြီး အနည်းငယ်မျှပင် ခုခံကာကွယ်နိုင်စွမ်းမရှိချေ။
"ကောင်လေး...တကယ်လို့ ကျိုးရှောင်က အမိန့်ပေးထားတယ်ဆိုရင်တောင်...ငါ မင်းကို ဒီနေ့ ရအောင်သတ်မယ်"
ရှုရာဧကရာဇ်ရှစ်ဖန့်သည် လူသူအများရှေ့၌ သူ၏လက်အောက်ငယ်သားအမြောက်အများ သေဆုံးခဲ့ရသဖြင့် အရှက်ခွဲခံရသကဲ့သို့ ခံစားနေရပြီး အလွန်အမင်းဒေါသထွက်နေလေ၏။
သို့ရာတွင် ကောင်းကင်ဘုံဧကရာဇ်၏အစစ်အမှန်မီးတောက်သည် အသားပုပ်နာတစ်ခုအလား သူ၏အရိုးများအတွင်း၌ ကပ်တွယ်နေသည်။သူ မည်သည့်နည်းလမ်းကို အသုံးပြုသည်ဖြစ်စေ ထိုမီးတောက်များကို ဖယ်ရှားနိုင်စွမ်းမရှိချေ။
"တော်သင့်ပြီ...တကယ်လို့ ငါ မင်းနဲ့အတူ သေကြေပျက်စီးရမယ်ဆိုရင်တောင် ငါ မင်းကို ဆက်ပြီးမောက်မာခွင့် မပြုနိုင်ဘူး"
ရှုရာဧကရာဇ်ရှစ်ဖန့်ထံ၌ တုံ့ဆိုင်းနေသောအရိပ်အယောင်များ အချိန်တခဏကြာ ထင်ဟပ်နေပြီးနောက် ရုတ်တရက် သူ၏မျက်လုံးအတွင်းမှ အေးစက်စက်အလင်းရောင်များ ဖြာထွက်လာသည်။
သူက ရှည်လျားပြီးရှုပ်ထွေးသော မှော်မန္တန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်၏။စိတ်အင်အားနည်းသူတချို့သည် ထိုမှော်မန္တန်ကိုကြားသည်နှင့် သူတို့၏စိတ်အတွင်း၌ ထူးဆန်းသောမြင်ကွင်းတစ်ခုထွက်ပေါ်လာပြီးနောက် အိမ်မက်ဆိုးများအတွင်းသို့ ကျရောက်သွားတော့သည်။
ဘုန်း...
ရှုရာဧကရာဇ်ရှစ်ဖန့်သည် ရုတ်တရက် သူ၏လက်ကိုမြှောက်၍ သူ့နှလုံးကို ပြန်ရိုက်လိုက်သည်။
သူ၏လက်ဝါးရိုက်ချက်တွင် ရွှယ်အင်မော်တယ်တစ်ယောက်၏အင်အားပြည့်ရိုက်ချက်နှင့်တူညီပြီး တောင်များမြစ်များကို ချေမွှ၍ ကြယ်နယ်မြေများကိုပင် ပျက်စီးစေနိုင်စွမ်းရှိသည်။
သူသည် မည်သည့်တွေဝေတုံ့ဆိုင်းခြင်းမျိုးမျှမရှိဘဲ သူကိုယ်သူ ထိခိုက်နာကျင်အောင် ပြုလုပ်ခဲ့ခြင်းပင်။
ရုတ်ချည်းဆိုသလိုပင် ရှုရာဧကရာဇ်ရှစ်ဖန့်၏ခန္ဓာကိုယ် ကြေမွပျက်စီးသွားပြီး သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
မူလက သူ၏ခန္ဓာကိုယ်ကို ကပ်တွယ်နေသော ရွှေရောင်မီးတောက်များသည် ချက်ချင်းဆိုသလိုပင် သွေးမြူများအနက်မှတစ်စက်ကို လောင်ကျွမ်းသွားစေသည်။ကြွင်းကျန်သောမီးတောက်များသည် ပစ်မှတ်ပျောက်ဆုံးသွားပုံဖြင့် တဖြည်းဖြည်း ကောင်းကင်နှင့်မြေပြင်အကြား၌ အရည်ပျော်သွားတော့သည်။
"ကိုးဘဝရန်ငြိုး...ပြန်လည်ဝင်စားခြင်း"
ရှုရာဧကရာဇ်ရှစ်ဖန့်ထံမှ စူးရှသောအက်ရှရှအသံတစ်သံ ထွက်ပေါ်လာသည်။ရုတ်ချည်းဆိုသလိုပင် သွေးမြူများအားလုံး ပြန်လည်သိပ်သည်းသွားပြီး လေထုအတွင်း၌ ဝေဝါးဝါးပုံရိပ်ယောင်တစ်ခုအဖြစ်ဖွဲ့စည်းသွားသည်။
ထိုပုံရိပ်ယောင်ကြီး၏ပုံသဏ္ဍာန်ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်ရှိလေထုအတွင်းတွင် ထူးဆန်းသောသဘာဝလွန်ပုံရိပ်များ ရုတ်တရက်ထွက်ပေါ်လာပေ၏။
ဝူး...
လေဟာနယ်အတွင်း၌ မြောက်မြားစွာသောလူများ တပြိုင်နက်တည်း ငိုကြွေးနေသကဲ့သို့ လူအများ၏စိတ်ဝိညာဥ်ကို တုန်လှုပ်ချောက်ချားစေသော စူးရှရှအသံထွက်ပေါ်လာသည်။
"ကျုပ်က ခင်ဗျားကို အသက်ရှင်ဖို့အခွင့်အရေးပေးမယ်လို့ ခင်ဗျားထင်နေတာလား"
လုယွီက အေးစက်စက် အော်ငေါက်လိုက်၏။မီးနတ်ဘုရားပုံရိပ်ယောင်ကြီးသည် ကြာပွတ်ရှည်ကြီးကိုကိုင်ဆောင်ကာ သူ့ရှေ့ရှိ သွေးမြူများကို ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်သည်။
သို့ရာတွင် ထိုသွေးမြူများသည် ရုပ်ခန္ဓာကိုယ်ရှိပုံမရချေ။ကြာပွတ်ရိုက်ချက်သည် အစွမ်းထက်သော်လည်း သွေးမြူများကိုဖြတ်သန်းသွားချိန်တွင် ရပ်တန့်သွားခြင်းမရှိပေ။
"ဟား ဟား ဟား ကောင်လေး...ငါ့ရဲ့ခန့်မှန်းချက်က တကယ်ကို မှန်နေတာပဲ...မင်း အသုံးပြုနေတဲ့ မီးတောက်က အစွမ်းထက်ပေမယ့် အခုချိန်မှာ မင်းရဲ့အကန့်အသတ်ကိုရောက်နေလောက်ပြီ...မင်း ဒါကို အကြိမ်ရေအများကြီး ထပ်ပြီးအသုံးပြုနိုင်မှာ မဟုတ်တော့ဘူး"
လေဟာနယ်အတွင်း၌ ရှုရာဧကရာဇ်ရှစ်ဖန့်၏မောက်မာဝံ့ကြွားသော ရယ်မောသံကြီးဖြင့် ပြည့်နှက်နေသည်။
"ငါ့ရဲ့ရန်ငြိုးတရားစိတ်ဝိညာဥ် ပြန်လည်ဝင်စားခြင်းနည်းစနစ်က အကောင်အထည်မရှိဘူး...ငါ ပြန်ရှင်သန်လာတဲ့အချိန်က မင်းသေရမယ့်အချိန်ပဲ"
သွေးမြူများ တစတစ သိပ်သည်းလာသည်နှင့်အမျှ လေဟာနယ်အတွင်း၌ မျောလွင့်နေသော ပုံရိပ်ယောင်ကြီးမှာ ပို၍ကြီးမားလာသည်။
ထိုပုံရိပ်ယောင်ကြီးသည် မြောက်မြားစွာသောတိမ်တိုက်များနှင့် ဖွဲ့စည်းထားသကဲ့သို့ ရီဝေမှုန်ဝါးနေသည်။ပုံရိပ်ယောင်ကြီး၏မျက်နှာသည် အဆက်မပြတ်ပြောင်းလဲနေပြီး တခါတရံ ငိုကြွေးနေသောကလေးငယ်တစ်ယောက်၏မျက်နှာရှိကာ တခါတရံတွင် အမျက်ဒေါသထွက်နေသော အဖိုးအိုတစ်ယောက်၏မျက်နှာ ဖြစ်နေလေ၏။
ပုံရိပ်ယောင်ကြီး၏ပါးစပ်မှနေ၍ လူအများသံပြိုင်အော်ဟစ်နေသကဲ့သို့ ဗလုံးဗထွေးအသံများထွက်ပေါ်နေပြီး လူအများ၏စိတ်နှလုံးသားကို တုန်လှုပ်ချောက်ချားစေသည်။
လုယွီ၏မျက်ခုံးများ မြင့်တက်သွားသည်။ဤသည်က ရှုရာများ၏ကျင့်ကြံနည်းစနစ်ဖြစ်ကြောင်း သူ ချက်ချင်းပင် သိနားလည်သွားခဲ့သည်။
ဤသည်က ရှေးဟောင်းကောင်းကင်ဘုံရန်ငြိုးတရားဂိုဏ်း၏ လျှို့ဝှက်နည်းစနစ်ပင်။ထိုလျှို့ဝှက်နည်းစနစ်ကိုကျင့်ကြံသူသည် ယင်အချိန်ကာလ၌မွေးဖွားလာသူတစ်ယောက်ကို ရွေးချယ်ပြီး ထိုလူကို သေသည်အထိနှိပ်စက်ညှင်းပန်းကာ သူ့အားရန်ငြိုးမုန်းတီးမှုများနှင့် သေဆုံးသွားစေသည်။
ထိုနည်းစနစ်၏ရက်စက်ကြမ်းကြုတ်မှုအရှိဆုံးအချက်မှာ ထိုအရာအားကျင့်ကြံသူသည် ယင်အချိန်ကာလတွင်မွေးဖွားခဲ့သူ သေဆုံးပြီးနောက် ပြန်လည်မွေးဖွားမည့်နေရာကိုရှာဖွေ၍ ထိုလူကို ရက်စက်ကြမ်းကြုတ်သောနည်းလမ်းများဖြင့် တဖန်ထပ်၍ သတ်ဖြတ်ရခြင်းဖြစ်သည်။
ထိုနည်းလမ်းအတိုင်း အသက်ကိုးသက်တိုင်တိုင် သတ်ဖြတ်ခံရပြီးနောက် ထိုလူ၏ရန်ငြိုးမုန်းတီးမှုများသည် အလွန်အမင်းအားကောင်းလာပြီး ကောင်းကင်နှင့်မြေပြင်ကပင် သူ့အား ထိန်းချုပ်ထားနိုင်စွမ်းမရှိတော့ချေ။
Chapter 1994
ယင်အချိန်ကာလတွင် မွေးဖွားသူသည် ဘဝကိုးဘဝတိုင်တိုင် ပြန်ဝင်စားပြီးနောက် ထိုနည်းစနစ်အား ကျင့်ကြံသူ၏သတ်ဖြတ်ခြင်းကိုခံရကာ ကိုးဘဝရန်ငြိုးခန္ဓာကိုယ်ကို ကိုယ်ပွါးအဖြစ် သန့်စင်ခြင်းခံရတော့သည်။
သေရေးရှင်ရေးအခြေအနေမျိုးတွင် ထိုကျင့်ကြံသူသည် ကိုးဘဝရန်ငြိုးခန္ဓာကိုယ်ကို စတေး၍ သူ၏ကိုယ်ပိုင်ရုပ်ခန္ဓာကိုယ်အဖြစ် အသုံးပြုနိုင်သည်။
အဆုံးမရှိသော ရန်ငြိုးမုန်းတီးမှုများ၏ကူညီထောက်ပံမှုဖြင့် ထိုရုပ်ခန္ဓာကိုယ်သည် သာမာန်ထက်သာလွန်ထူးကဲကာ သူ၏စိတ်ဝိညာဥ်မှာလည်း အလွန်အမင်း အားကောင်းလှ၏။
ကိုးဘဝရန်ငြိုးရုပ်ခန္ဓာကိုယ်ပိုင်ရှင်၏ မည်သည့်ရန်သူမဆို အကန့်အသတ်မရှိသောရန်ငြိုးမုန်းတီးမှုများကို ခံယူရပေမည်။
ကိုးဘဝရန်ငြိုးရုပ်ခန္ဓာကိုယ်ပိုင်ရှင်နှင့် ဆန့်ကျင်တိုက်ခိုက်ရသူသည် အကယ်၍ သတိလက်လွတ်နေမိပါက အကန့်အသတ်မရှိသော ရန်ငြိုးမုန်းတီးမှုများဖြင့် ပြည့်နှက်သွားကာ သူ၏စိတ် ဇဝေဇဝါဖြစ်သွားပြီး တဖြည်းဖြည်း အသိစိတ်လွတ်ကင်းသွားပေလိမ့်မည်။
"ကောင်လေး...မင်းဆီမှာ ဘာနည်းလမ်းတွေရှိသေးလဲဆိုတာ ငါ မြင်ချင်တယ်"
အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် ကိုးဘဝရန်ငြိုးခန္ဓာကိုယ် ထွက်ပေါ်လာစပြုနေလေပြီ။
လူအားလုံး၏အကြည့်များအောက်တွင် ကိုးဘဝရန်ငြိုးခန္ဓာကိုယ်သည် နတ်ဆိုးနတ်ဘုရားတစ်ပါးနှင့် တူညီနေသည်။သူ၏မျက်နှာပေါ်တွင် ကွဲပြားခြားနားသော မျက်နှာကိုးခု ထွက်ပေါ်လာပေ၏။ထိုမျက်နှာများအားလုံးသည် ရက်စက်ကြမ်းကြုတ်ပြီး တုန်လှုပ်ချောက်ချားဖွယ်ကောင်းလေရာ လူအများအား ထိတ်လန့်ကြောက်ရွံမှုကို ခံစားရစေသည်။
ကြီးကျယ်ခမ်းနားသောယင်ချီလှိုင်းများသည် ကိုးဘဝရန်ငြိုးခန္ဓာကိုယ်၏နံဘေးပတ်လည်၌ မျောလွင့်နေပြီး လူကိုးယောက်၏အက်ရှရှအော်ဟစ်သံများနှင့် ရောထွေးနေသည်။
သူတို့၏ပတ်ဝန်းကျင်ရှိ အရာရာတိုင်း အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။
လုယွီ ရှိနေသောနေရာသည် ရှုရာများ၏ကြေးချွတ်သန့်စင်ဘုံနှင့် တူညီသွားပေ၏။သူ မြင်နေသမျှ အရာအားလုံး သွေးသံတရဲရဲနှင့်ခြေပြတ်လက်ပြတ်များသာ ဖုံးလွှမ်းနေသည်။
ကိုးဘဝရန်ငြိုးခန္ဓာကိုယ်မှ လူကိုးယောက်လုံးသည် လုယွီကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။ဤသည်က သူတို့၏သေဆုံးမှုတရားခံသည် လုယွီဖြစ်နေသကဲ့သို့ပင်။
"ငါ့ရဲ့အသက်ကို ပြန်ပေးစမ်း"
"မင်းရဲ့စိတ်ဝိညာဥ် ငါ့ကိုပေးစမ်း"
"ငါ မင်းရဲ့အသွေးအသားကို ဝါးမျိုချင်တယ်"
ထိုအသံများသည် ချုပ်နှောင်ခြင်းမှော်မန္တန်တစ်ခုအလား လုယွီ၏စိတ်အတွင်း၌ လှည့်ပတ်နေသည်။
လုယွီက မျက်မှောင်ကြုတ်လိုက်၏။ဤသည်က ရှေးဟောင်းကောင်းကင်ဘုံရန်ငြိုးတရားဂိုဏ်း၏မှော်နည်းစနစ်တစ်ခုဖြစ်ကြောင်း သူ ချက်ချင်းသိရှိလိုက်သည်။
"တကယ်လို့ ခင်ဗျားက ခင်ဗျားရဲ့ကျင့်ကြံဆင့်မြင့်မားမှုကို အခွင့်ကောင်းယူပြီး တိုက်ခိုက်ရင်တောင် ကျုပ် ကြောက်မိကောင်းကြောက်နိုင်တယ်...သနားဖို့ကောင်းတာတစ်ခုကတော့ ခင်ဗျားက ဒီလိုမျိုးကလိမ်ကကျစ်နည်းလမ်းကို ရွေးချယ်ခဲ့တာပဲ"
လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များ ထင်ဟပ်လာသည်။သူက ရုတ်တရက် ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ပြီးနောက် အစွမ်းထက်သော မှော်စွမ်းအားတစ်ခုသည် အဖြူရောင်အလင်းတန်းများနှင့်ရောယှက်၍ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားပေ၏။
လုယွီ၏နောက်တွင် သမာဓိချီစွမ်းအားလှိုင်းများ ထပ်မံ၍ထွက်ပေါ်လာပြီးနောက် သူ၏နံဘေးပတ်လည်တွင် ထောင်ပေါင်းများစွာသော ကျမ်းစာများမှစာလုံးများက လှည့်ပတ်နေသည်။
ဤသည်က ရာနှင့်ချီသော ကွန်ဖြူးရှပ်ကျောင်းတော်သားများသည် လုယွီ၏နံဘေးတွင် ဝိုင်းပတ်၍ ကျမ်းစာများကို ရွတ်ဖတ်နေသကဲ့သို့ပင်။
ကွန်ဖြူးရှပ်တာအိုဂိုဏ်းများမှ သမာဓိချီစွမ်းအင်လှိုင်းများသည် ရန်ငြိုးမုန်းတီးမှုများကို ထိန်းချုပ်ဟန့်တားနိုင်ဆုံးအရာဖြစ်သည်။
လုယွီသည် ကွန်ဖြူးရှပ်တာအိုဥပဒေသကို အသုံးပြုလိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ အေးစက်စက်ရန်ငြိုးမုန်းတီးမှု အရိပ်အယောင်များအားလုံး ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားခဲ့သည်။
"ဒီကောင်လေးက ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူတစ်ယောက် ဖြစ်နေမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
ထိုမြင်ကွင်းကိုမြင်သည်နှင့် ရှုရာဧကရာဇ်ရှစ်ဖန့်က မျက်မှောင်ကြုတ်လိုက်၏။
"ဒါပေမယ့် တကယ်လို့ မင်းက ကွန်ဖြူးရှပ်ကျင့်ကြံသူတစ်ယောက်ဖြစ်နေရင်တောင် လောကီအင်မော်တယ်အဆင့်ပဲရှိတာ...မင်းက ပုရွက်ဆိတ်တစ်ကောင်လို တည်ရှိမှုမျိုးပဲ...ငါ့ရဲ့ ကိုးဘဝရန်ငြိုးခန္ဓာကိုယ် အပြည့်အဝအသွင်ပြောင်းပြီးတာနဲ့ ငါ မင်းကို လွယ်လွယ်လေး သတ်ပစ်နိုင်တယ်"
ကိုးဘဝရန်ငြိုးခန္ဓာကိုယ် အပြည့်အဝသိပ်သည်းပြီးသည်နှင့် ရှုရာဧကရာဇ်ရှစ်ဖန့်သည် ရုပ်ခန္ဓာကိုယ်အသစ်တစ်ခုကို ထပ်မံ၍ရရှိသွားပေမည်။
တခြားတစ်ဖက်ရှိ လုယွီသည် ကွန်ဖြူးရှပ်တာအိုဥပဒေသ၏ကူညီထောက်ပံမှုကို ရရှိထားသည်။သို့ရာတွင် ကိုးဘဝရန်ငြိုးခန္ဓာကိုယ်၏ရန်ငြိုးမုန်းတီးမှုများသည် အကန့်အသတ်ရှိပုံမရဘဲ အချိန်တိုအတွင်းမှာပင် လုယွီ၏ခန္ဓာကိုယ်ကို ရစ်ပတ်လွှမ်းခြုံသွားသည်။
ကြည့်ရသည်မှာ လုယွီသည် ရှုရာဧကရာဇ်ရှစ်ဖန့်၏ဖိနှိပ်ခံထားရပုံရှိသည်။
"ကောင်လေး ...မင်း သေပေတော့"
ရှုရာဧကရာဇ်ရှစ်ဖန့်သည် ရုတ်တရက် ရှေ့သို့တရကြမ်းပြေးဝင်လာပေ၏။သူ၏လည်ပင်း၌ ဦးခေါင်းကိုးလုံးက ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။ထိုခေါင်းကိုးလုံးမှမျက်နှာများသည် ရက်စက်ကြမ်းကြုတ်ပြီး တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်။ထိုခေါင်းကိုးလုံးမှပါးစပ်ကြီးများ တပြိုင်နက်တည်း ကျယ်လောင်စွာဖွင့်ဟပြီး လုယွီကို ကိုက်ဖြတ်ရန် တိုးဝင်လာကြ၏။
ရှုရာဧကရာဇ်ရှစ်ဖန့် လုယွီနှင့် နီးကပ်လာသောအချိန်မှာပင်....
အစောပိုင်းက ပိတ်နေသော လုယွီ၏မျက်လုံးများ ရုတ်တရက်ပွင့်လာသည်။
"ခင်ဗျားက ကြီးကြီးမားမားဆုံးရှုံးမှုနဲ့ ရင်ဆိုင်ခဲ့ပြီးတာတောင် ခုချိန်ထိ အမှတ်မရှိသေးပုံပဲ...ရှစ်ဖန့်...ခင်ဗျား ကျင့်ကြံခဲ့တာတွေက တကယ်ကို အသုံးမကျတဲ့အရာတွေပဲ.. ခင်ဗျားက ကျုပ်ရဲ့ဗျူဟာထဲမှာ နှစ်ခါဆက်တိုက် ကျရှုံးခဲ့တယ်"
လုယွီက သရော်တော်တော် ပြောဆိုလိုက်၏။သူ၏လက်ဖဝါးအတွင်းမှနေ၍ လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ၏မှော်စွမ်းအားများက ပွင့်အံထွက်လာသည်။
Chapter 1995
ကိုးဘဝရန်ငြိုးခန္ဓာကိုယ်မှ နာကျည်းမုန်းတီးမှုများသည် လုယွီ၏စိတ်ကို အနည်းငယ်မျှပင် ထိခိုက်စေခြင်းမရှိချေ။
ဆန့်ကျင်ဘက်အနေဖြင့် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ၏လွှမ်းမိုးမှုအောက်တွင် လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာသော နာကျည်းမုန်းတီးမှုများသည် သန့်စင်သောမှော်စွမ်းအင်များအဖြစ်ပြောင်းလဲသွားပြီး သူ၏ခန္ဓာကိုယ်တွင်းအင်္ဂါများထံသို့ စီးဆင်းသွားသည်။
ဘုန်း...
လုယွီ၏ခန္ဓာကိုယ်အတွင်းမှ ခပ်အုပ်အုပ်အသံများ ထွက်ပေါ်လာခြင်းနှင့်အတူ မူလက သူပိုင်ဆိုင်ထားသော ဒုတိယအစစ်အမှန်နဂါးပုံရိပ်သည် တဖြည်းဖြည်း ပြီးပြည့်စုံလာကာ နောက်ဆုံး၌ အစစ်အမှန်တည်ရှိမှုကြီး ဖြစ်လာတော့သည်။
အစစ်အမှန်နဂါးနှစ်ကောင်၏ခွန်အား...
မူလက လုယွီ၏ခွန်အားသည် အားကောင်းသော်လည်း အစစ်အမှန်နဂါးနှစ်ကောင်၏ခွန်အားနှင့် နီးစပ်ရုံမျှသာရှိသည်။
ရှေးဟောင်းအချိန်ကာလများတွင် တိမ်တိုက်များအကြား၌ ပျံသန်းနိုင်ပြီး အသက်တစ်ချက်ရှုရှိုက်ရုံဖြင့်ပင် တောင်များနှင့်မြစ်များကို ဖျက်ဆီးပစ်နိုင်သည်။
အစစ်အမှန်နဂါးတစ်ကောင်၏ခွန်အားသည် မြေကမ္ဘာအင်မော်တယ်နှောင်းပိုင်းအဆင့်ခွန်အားနှင့် နှိုင်းယှဥ်နိုင်ပေ၏။
ယခုလက်ရှိချိန်တွင် လုယွီသည် အစစ်အမှန်နဂါးနှစ်ကောင်၏ခွန်အားကို ပိုင်ဆိုင်သွားလေပြီ။
လုယွီ၏ခန္ဓာကိုယ်အရေပြားပေါ်တွင် အလင်းရောင်များတောက်ပနေပြီး သူ၏ခန္ဓာကိုယ်သည် ပြီးပြည့်စုံပြီး အပြစ်အနာအဆာကင်းမဲ့နေသည်။သူ၏ကြေးနီရောင်ကြွက်သားများတွင် အကန့်အသတ်မရှိသောခွန်အားများ ကိန်းအောင်းနေပုံရသည်။
"တကယ်လို့ ကျုပ်က အစစ်အမှန်နဂါးနှစ်ကောင်ရဲ့ခွန်အားကို ပိုင်ဆိုင်ချင်တယ်ဆိုရင် အနည်းဆုံး တစ်လလောက်အချိန်ယူပြီး ကျင့်ကြံရမယ်...ရှစ်ဖန့်...ခင်ဗျားက ကျုပ်အတွက် ကံကောင်းစေတဲ့ကြယ်ပဲ"
လုယွီသည် သူ၏လက်ဖဝါးအတွင်းရှိ လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ၏စွမ်းအားများကို ဆက်လက်၍ထိန်းချုပ်ထားခြင်းမရှိတော့ချေ။
လုယွီ၏လက်ဝါးအတွင်း၌ မိုးပြာရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ၏စွမ်းအားများ လုယွီ၏လက်ဖဝါးအတွင်းမှ ထွက်ပေါ်လာပြီးနောက် ရှုရာဧကရာဇ်ရှစ်ဖန့်ကို ပြင်းပြင်းထန်ထန် ရိုက်ခတ်မိသွားလေ၏။
သူ အသုံးပြုနေသော ကိုးဘဝရန်ငြိုးခန္ဓာကိုယ်သည် လုယွီအား ထိန်းချုပ်နိုင်ခြင်းရှိမည်မဟုတ်ဟု ရှုရာဧကရာဇ်ရှစ်ဖန့်က မျှော်လင့်ထားမိခြင်းမရှိချေ။
ဘုန်း...
လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာမှစွမ်းအားများသည် ချက်ချင်းဆိုသလိုပင် ရှုရာဧကရာဇ်ရှစ်ဖန့်၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်။
"ဒါက ဘယ်လိုမှော်စွမ်းအားမျိုးလဲ"
ရှုရာဧကရာဇ်ရှစ်ဖန့်သည် သူ၏မှော်စွမ်းအားများနှင့် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာမှစွမ်းအားများ ထိတွေ့မိချိန်တွင် သူ၏ကိုးဘဝရန်ငြိုးခန္ဓာကိုယ် အစိတ်စိတ်အမွှာမွှာ ပြိုကွဲစပြုလာသည်ကို သတိပြုမိပေ၏။
သူ၏ခန္ဓာကိုယ်အတွင်း၌ရှိနေသော အငြိုးကြီးစိတ်ဝိညာဥ်ကိုးခုသည် သူ၏ထိန်းချုပ်မှုအောက်မှ လွတ်ကင်းသွားသည့်အလား စူးရှကျယ်လောင်စွာအော်ဟစ်၍ ထွက်ပြေးရန် ကြိုးပမ်းနေကြသည်။
"ဘာတွေ ဖြစ်ကုန်တာလဲ...ငါက တခြားကျင့်ကြံနည်းစနစ်တွေထက် အများကြီးသာလွန်ကောင်းမွန်တဲ့ ရှေးဟောင်းကျင့်ကြံနည်းစနစ်ကို ကျင့်ကြံခဲ့တာလေ...ဒီကောင်လေးက ဘယ်လိုထူးဆန်းတဲ့နည်းစနစ်မျိုးတွေ အသုံးပြုနေတာလဲ"
ရှုရာဧကရာဇ်ရှစ်ဖန့်သည် သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ အော်ဟစ်ကြုံးဝါးလိုက်၏။
သို့ရာတွင် သူ မည်မျှအော်ဟစ်ကြုံးဝါးနေသည်ဖြစ်စေ ယခုလက်ရှိအခြေအနေကို ပြောင်းလဲနိုင်ခြင်းမရှိချေ။
လုယွီသည် ရှုရာဧကရာဇ်ရှစ်ဖန့်ကို အနည်းငယ်မျှပင် အခွင့်အရေးမပေးဘဲ သူ၏လက်သီးဖြင့် ပြင်းပြင်းထန်ထန် ထိုးနှက်လိုက်သည်။
ကျူးရုံအစစ်အမှန်ခန္ဓာကိုယ်၏ကူညီထောက်ပံမှုဖြင့် လုယွီ၏ခွန်အားများ ထပ်မံ၍မြင့်တက်လာပြီး အစစ်အမှန်နဂါးဆယ်ကောင်၏စွမ်းအားဖြင့် နီးကပ်သွားသည်။
ထိုခွန်အားသည် ကောင်းကင်နှင့်မြေပြင် ဖျက်ဆီးနိုင်လုနီးပါး အလွန်ပြင်းထန်ပြီး ကြယ်နယ်မြေတစ်ခုလုံးကိုပင် အစိတ်စိတ်အမွှာမွှာကြေမွှစေနိုင်စွမ်းရှိသည်။
ဘန်း...ဘန်း...ဘန်း...
လုယွီ၏လက်သီးချက်တိုင်းသည် ရှုရာဧကရာဇ်ရှစ်ဖန့်ကို အရေးမသာသောအနေအထားသို့ ကျရောက်သွားစေသည်။
"ကောင်လေး...မင်း ငါ့ကို ဒီအတိုင်းသတ်နိုင်မယ်လို့ မင်း ထင်နေတာလား ..မင်းသိထားဖို့က ငါက ခုထိ ငါ့ရဲ့ဝှက်ဖဲတွေအားလုံးကို ထုတ်မပြရသေးဘူး"
ရုတ်တရက် ရှုရာဧကရာဇ်ရှစ်ဖန့်က အော်ဟစ်ကြုံးဝါးလိုက်ပြီးနောက် ပတ်ဝန်းကျင်ရှိ ယင်ချီများအားလုံးကိုဆွဲယူကာ သူ၏ခန္ဓာကိုယ်အတွင်းသို့ သိပ်သည်းလိုက်၏။
ရုတ်ချည်းဆိုသလိုပင် ကိုးဘဝရန်ငြိုးခန္ဓာကိုယ်၏နံဘေးပတ်လည်ရှိအပူချိန် ရေခဲမှတ်ထိကျဆင်းသွားသည်။
မူလက ရှုရာဧကရာဇ်ရှစ်ဖန့်၏လည်ပင်းပေါ်ရှိ ခေါင်းကိုးလုံးမှမျက်လုံးများ တပြိုင်နက်တည်းပွင့်လာပြီး ရီဝေဝေအလင်းရောင်တချို့ ဖြာထွက်လာသည်။
ထိုခေါင်းကိုးလုံးမှ ပါးစပ်ကြီးများလည်းဟလာပြီး ရက်စက်ကြမ်းကြုတ်သောအပြုံးမျိုး ရှိနေသည်။
လေဟာနယ်အတွင်း၌ မတ်တတ်ရပ်နေသော ကိုးဘဝရန်ငြိုးခန္ဓာကိုယ်ကြီး ပို၍ပင်ကြီးမားလာပြီး မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် မီတာထောင်ပေါင်းများစွာအထိ မြင့်မားသွားလေ၏။
"ရန်ငြှိုးများဖြင့်ယှက်နွယ်ခြင်း...မိုးကောင်းကင်အပြစ်ပေးငရဲ"
ရှုရာဧကရာဇ်ရှစ်ဖန့်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ကိုးဘဝရန်ငြိုးခန္ဓာကိုယ်၏နာကျည်းမုန်းတီးမှုများသည် ထိုက်တောင်ကြီးတမျှ ကြီးမားလေးလံသည်။ရှုရာဧကရာဇ်ရှစ်ဖန့်က သူ၏မှော်မန္တန်ကို အသက်သွင်းလိုက်ချိန်တွင် ထိုနာကျည်းမုန်းတီးမှုများ အဆုံးစွန်ထိ မြင့်တက်လာသည်။
ရုတ်ချည်းဆိုသလိုပင် လုယွီ၏ခန္ဓာကိုယ်ကို ကြီးမားလေးလံသော အနက်ရောင်နာကျည်းမုန်းတီးမှုအငွေ့အသက်များက ရစ်သိုင်းလွှမ်းခြုံသွားသည်။
ထိုနာကျည်းမုန်းတီးမှုများသည် ကြီးမားသောလှောင်အိမ်ကြီးတစ်ခုအသွင် ဖွဲ့စည်းသွားပြီး အတွင်း၌ လုယွီကို ပိတ်လှောင်ထားလေ၏။