အခန်း (၁၉၉၆-၂၀၀၀)
Vol. 103 Ch. 1996-2000
Chapter 1996
သူတို့နှစ်ယောက် ယခုလက်ရှိ တိုက်ခိုက်နေသောနေရာနှင့် မိုင်ထောင်ချီဝေးကွာသော အနက်ရောင်တိမ်တိုက်ကြယ်နယ်မြေပေါ်၌ ဤအချိန်တခဏတွင် ထူထပ်သိပ်သည်းသောမြူခိုးများ ဖုံးလွှမ်းနေသည်။
အနက်ရောင်တိမ်တိုက်ကြယ်နယ်မြေသည် တစ်ချိန်က ရာဇဝတ်သားများကို နယ်နှင်ဒဏ်ပေးသောနေရာဖြစ်သည်။
ဤကြယ်နယ်မြေပေါ်ရှိ မြောက်မြားစွာသောတောင်ကုန်းများနှင့်လျှိုများအကြားတွင် မည်မျှထိများပြားသော စိတ်ဝိညာဥ်မိုင်းတွင်းများ လျှို့ဝှက်စွာတည်ရှိနေသည်ကို မည်သူမျှမသိနိုင်ချေ။အတိတ်တွင် မြောက်များစွာသောအကျဥ်းသားများသည် သူတို့၏ကျင့်ကြံဆင့်များကို ချိပ်ပိတ်ခံထားရပြီး ဤကြယ်နယ်မြေပေါ်၌ ဖမ်းဆီးထိန်းသိမ်းခံရကာ နေ့မအားညမနား အလုပ်လုပ်ကြရ၏။
နယ်နှင်ဒဏ်ပေးခံရခြင်းသည် သေဒဏ်သင့်နိုင်သောရာဇဝတ်မှုမဟုတ်သော်လည်း ဤနေရာ၌ အကျဥ်းသားများကို အပြစ်ပေးရာတွင် စည်းမျဥ်းဥပဒေဟူ၍မရှိချေ။
ဤနေရာသို့ပို့ဆောင်ခံရသော အကျဥ်းသားများသည် အကယ်၍ သူတို့က သတိလက်လွတ်နေမိသည်နှင့် သေသည်အထိရိုက်နှက်ခြင်းခံရပေမည်။စွန့်ပစ်မိုင်းတွင်းများအတွင်း၌ မရေမတွက်နိုင်သော အကျဥ်းသားများ၏အရိုးများ ကိန်းအောင်းနေသည်။
ထိုလူသေရိုးများသည် အမှောင်ထုအတွင်း၌ ကိန်းအောင်းနေပြီး နေရောင်နှင့်မထိတွေ့ရသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
အချိန်များကြာမြင့်လာသည်နှင့်အမျှ ထိုအကျဥ်းသားများ၏စိတ်ဝိညာဥ်များသည် ပြန်လည်မွေးဖွားခြင်းသံသရာစက်ဝိုင်းသို့ ဝင်ရောက်နိုင်ခြင်းမရှိဘဲ အနက်ရောင်တိမ်တိုက်ကြယ်နယ်မြေပေါ်ရှိ လှိုဏ်ဂူများအကြားတွင် နေ့ရောညပါ လှည့်လည်သွားလာနေကြ၏။
အတိတ်တွင် တော်ဝင်စစ်တပ်မှစောင့်ကြပ်နေမှုကြောင့် ထိုစိတ်ဝိညာဥ်များ၏နာကျည်းမုန်းတီးမှုများကို ဖိနှိပ်ထားနိုင်သည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ ရှားဟိုလီဦးဆောင်သောစစ်တပ် ရောက်ရှိသွားချိန်တွင် အနက်ရောင်တိမ်တိုက်ကြယ်နယ်မြေပေါ်၌ အစောင့်စစ်သားတစ်ယောက်တစ်လေမျှ ကျန်ရှိခဲ့ခြင်းမရှိချေ။
ဤအချိန်တွင် နာကျည်းမုန်းတီးမှုစွမ်းအားလှိုင်းများအားလုံး မြေပြင်အထက်၌ မျောလွင့်နေသည်။ထူးဆန်းသောဖြစ်ရပ်များသည် အနက်ရောင်တိမ်တိုက်ကြယ်နယ်မြေတစ်ခုလုံး၏ နေရာအနှံ့အပြား၌ ဖြစ်ပေါ်နေပေ၏။
ရှုရာဧကရာဇ်ရှစ်ဖန့်သည် ရှေးဟောင်းကောင်းကင်ဘုံရန်ငြိုးတရားဂိုဏ်းမှ မှော်မန္တန်များကို ထုတ်ဖော်အသုံးပြုလိုက်ချိန်တွင် အနက်ရောင်တိမ်တိုက်ကြယ်နယ်မြေပေါ်မှ အငြိုးကြီးစိတ်ဝိညာဥ်များအားလုံး ထိုမှော်မန္တန်များ၏ဆွဲငင်ခြင်းခံလိုက်ရပုံရသည်။ထိုနာကျည်းမုန်းတီးမှုစိတ်ဝိညာဥ်လှိုင်းများသည် မြေပြင်ပေါ်၌ မျောလွင့်နေပြီး လုယွီထံဦးတည်၍ ပျံသန်းလာကြ၏။
ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ပါက မီးခိုးရောင်အငွေ့လှိုင်းကြီးသည် အနက်ရောင်တိမ်တိုက်ကြယ်နယ်မြေမှနေ၍ လုယွီထံဦးတည်ကာ တန်းတန်းမတ်မတ် ဆင်းသက်သွားသည်။
"ကျုပ်ကို လှောင်ပိတ်ချင်တာလား"
လုယွီ၏မျက်နှာအမူအယာက တည်ငြိမ်အေးဆေးနေဆဲပင်။သူ၏လက်ဖဝါးအတွင်းတွင် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာမှ မှော်စွမ်းအားများကို သိပ်သည်းပြီး အင်အားကုန်ရိုက်နှက်လိုက်၏။
ကျယ်လောင်သော ဘုန်းခနဲအသံကြီး မြည်ဟီးလာပြီးနောက် လှောင်အိမ်အတွင်း၌စုဝေးနေသော အငြိုးကြီးစိတ်ဝိညာဥ်များအားလုံး ပြင်းပြင်းထန်ထန် ယုတ်လျော့သွားသည်။
"ထပ်လာကြစမ်း...သန်းချီတဲ့အငြိုးကြီးစိတ်ဝိညာဥ်တွေ"
ရှုရာဧကရာဇ်ရှစ်ဖန့်သည် ပိုင်ဆိုင်မှုအားလုံးဆုံးရှုံးသွားသော လောင်းကစားသမားတစ်ယောက်နှင့် တူညီနေသည်။သူ၏လက်ကိုဆန့်တန်း၍ လက်ယပ်လိုက်ကာ အငြိုးကြီးစိတ်ဝိညာဥ်များကို လုယွီအား ဆက်လက်၍ ဝိုင်းရံထားစေသည်။
ဘုန်း...ဘုန်း...ဘုန်း...
လုယွီက သူ၏လက်ဝါးကို အကြိမ်ရေအနည်းငယ် ဆက်တိုက်ဝှေ့ယမ်းလိုက်၏။ထိုလက်ဝါးတစ်ချက်စီတိုင်းတွင် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ၏စွမ်းအားပြည့်ပါဝင်နေသဖြင့် အငြိုးကြီးစိတ်ဝိညာဥ်များ၏နာကျည်းမုန်းတီးမှုများကို ပျက်ပြယ်သွားစေသည်။
ထိုမြင်ကွင်းကိုမြင်သည်နှင့် ရှုရာဧကရာဇ်ရှစ်ဖန့်က အူလှိုက်သည်းလှိုက် ရယ်မောလိုက်သည်။
"ကောင်လေး...ရှေးဟောင်းကျင့်ကြံနည်းစနစ်တွေကို အလွယ်တကူချိုးဖျက်လို့မရဘူးဆိုတာ မင်းသိအောင် ငါ ပြသပေးမယ်...ငါ့ရဲ့အငြိုးကြီးစိတ်ဝိညာဥ်တွေက အကန့်အသတ်မရှိဘူး...မင်း သူတို့အားလုံးကို သတ်ဖြတ်နိုင်မှာမဟုတ်ဘူး"
စကားဆုံးသည်နှင့် အနက်ရောင်အနားကွပ်ထားသော ရွှေရောင်အလံတစ်ခုက သူ၏လက်ဖဝါးအတွင်း၌ ရုတ်တရက်ထွက်ပေါ်လာသည်။ထိုအလံပေါ်၌ ကောက်တိကောက်ကွေး ရှေးဟောင်းအက္ခရာများ ရှိနေလေ၏။
ရှုရာဧကရာဇ်ရှစ်ဖန့်သည် ထိုအလံကိုဆုပ်ကိုင်၍ လုယွီထံဦးတည်ကာ ဝှေ့ယမ်းလိုက်သည်။ရုတ်ချည်းဆိုသလိုပင် အငြိုးကြီးစိတ်ဝိညာဥ်များသည် သူတို့၏ပစ်မှတ်ကို ရှာတွေ့သွားသကဲ့သို့ သူတို့၏အစွယ်များကိုဖြဲဟ၍ လက်သည်းများကိုဖြဲဟကာ လုယွီထံသို့ ခုန်ဝင်လာကြသည်။
လုယွီက ထိုအလံကိုတစ်ချက်ကြည့်ပြီးနောက် သူက မျက်မှောင်ကြုတ်လိုက်၏။
ရှေးဟောင်းကောင်းကင်ဘုံတရားရုံး၏ ပုံရိပ်ယောင်ကမ္ဘာအတွင်းတွင် သူ သိရှိခဲ့ရသောမှတ်ဥာဏ်များအရ ထိုအလံသည် ရှေးဟောင်းကောင်းကင်ဘုံ ရန်ငြိုးတရားဂိုဏ်းမှအကြီးအကဲတများ ပိုင်ဆိုင်သောအရာဖြစ်သည်။ထိုအလံကို ဂိုဏ်းအတွင်း၌ အလွန်အဆင့်အတန်းမြင့်မားသော အကြီးအကဲများသာ ကိုင်ဆောင်နိုင်သည်။
ထိုမှော်လက်နက်ကိုကိုင်ဆောင်ထားသူသည် မည်သည့်နေရာတွင်မဆိုရှိနေသည့် အငြိုးကြီးစိတ်ဝိညာဥ်များကို ထိန်းချုပ်နိုင်ပြီး သူ့အတွက် အသုံးပြုနိုင်သည်။
အကယ်၍ လုယွီသည် သူ့ရှေ့ရှိ အငြိုးကြီးစိတ်ဝိညာဥ်များကို ဖျက်ဆီးပစ်နိုင်လျှင်ပင် ရှုရာဧကရာဇ်ရှစ်ဖန့်သည် ထိုစိတ်ဝိညာဥ်များကို အဆက်မပြတ်ပြန်လည့်ဖြည့်တင်းနိုင်ပြီး အကန့်အသတ်ရှိမည်မဟုတ်ချေ။
"ဒီကောင်လေးဆီမှာ လှည့်ကွက်တွေအများကြီးရှိနေတယ်...ငါ သူ့ကို တစ်ကြိမ်တည်းနဲ့ သတ်ပစ်နိုင်မှရမယ်"
ရှုရာဧကရာဇ်ရှစ်ဖန့်သည် တစ်စုံတစ်ခုကို တွေးတောမိသွားပုံဖြင့် သူ၏မျက်ခွံများ ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားသည်။
သူသည် ရှုရာဧကရာဇ်ဖြစ်လာသည်မှာ မကြာသေးသော်လည်း နှစ်ရာပေါင်းများစွာကျင့်ကြံခဲ့သူဖြစ်၍ အတွေ့အကြုံအလွန်ကြွယ်ဝသည်ဟု ဆိုနိုင်ပေ၏။
သို့ရာတွင် လုယွီ၏လက်အတွင်း၌ သူ၏ဝှက်ဖဲများ နှစ်ကြိမ်တိုင်တိုင် ကျရှုံးခဲ့ရသည်။
ဤသည်က သူ့အတွက် အရှက်ရစရာကိစ္စပင်။အကယ်၍ သူ လုယွီ၏လှည့်စားခြင်းကို ထပ်မံ၍ခံယူရပါက ရှုရာလောကတွင် သူ ဆက်လက်၍ နေထိုင်နိုင်တော့မည်မဟုတ်ချေ။
"လောကကြီးအတွင်းမှာ နာကျည်းမုန်းတီးမှုတွေနဲ့ ပြည့်နှက်နေတယ်...."
ရှုရာဧကရာဇ်ရှစ်ဖန့်သည် ပို၍ရှေးကျသောမှော်မန္တန်တစ်ပုဒ်ကို စတင်၍ရွတ်ဆိုလိုက်၏။
Chapter 1997
ထိုမန္တန်အားရွတ်ဆိုလိုက်သည်နှင့် ပတ်ဝန်းကျင်ရှိအပူချိန်သည် ရေခဲမှတ်အောက် တဖန်ပြန်၍ကျဆင်းသွားသည်။
ပြင်းထန်သောနာကျည်းမုန်းတီးမှုများအောက်တွင် မြောက်မြားစွာသော အငြိုးကြီးစိတ်ဝိညာဥ်များသည် ရူးသွပ်လုမခမ်း စူးရှစွာအော်ဟစ်နေပြီး နှလုံးတုန်ရင်ခုန်လုမတက် အော်ဟစ်ကြုံးဝါးနေကြ၏။
အနက်ရောင်တိမ်တိုက်ကြယ်နယ်မြေ၏အနီးအနားရှိ ကြယ်သေတစ်လုံးသည် ရုတ်တရက် ပြင်းပြင်းထန်ထန် တုန်ခါစပြုလာသည်။
ထို့နောက် မှော်စွမ်းအင်လှိုင်းများ ထိုကြယ်သေပေါ်သို့ ကျရောက်သွားခဲ့သည်။ထိုကြယ်နယ်မြေ၏မိုးကောင်းကင်တာအိုအပေါ် သက်ရောက်မှုတစ်ခုရှိသွားသဖြင့် ထိုနေရာ၌ဖြစ်ပျက်ခဲ့သမျှ အရာအားလုံး ပုံရိပ်ယောင်များအဖြစ် ထင်ဟပ်လာပေ၏။
ဤကြယ်နယ်မြေသည် ယခင်က အနက်ရောင်တိမ်တိုက်ကြယ်နယ်မြေကဲ့သို့ပင် လူသားမျိုးနွယ်များ၏ပိုင်နက်နယ်မြေဖြစ်သည်။
ဤနေရာသည် အလွန်ကျယ်ပြန့်သောကုန်းမြေကြီးတစ်ခုဖြစ်ပြီး လူသားများ နတ်ဆိုးသားရဲမျိုးနွယ်များနှင့် တခြားသက်ရှိမျိူးနွယ်များ နေထိုင်ကြသည်။ဤကြယ်နယ်မြေပေါ်တွင် သေမျိုးနိုင်ငံများနှင့်ကျင့်ကြံခြင်းဂိုဏ်းများလည်းရှိပေ၏။
မူလက အရာအားလုံးသည် အေးဆေးတည်ငြိမ်နေပြီး မည်သည့်အပြောင်းအလဲမျှမရှိချေ။
သို့ရာတွင် တစ်နေ့၌...
ဤကြယ်နယ်မြေပေါ်ရှိအရာအားလုံး ရုတ်တရက် စိတ်ကူးယဥ်ဆန်ဆန် ပြောင်းလဲသွားခဲ့သည်။ကြယ်နယ်မြေပေါ်ရှိမိုးကောင်းကင်တာအိုသည် ရုတ်တရက်အားပျော့သွားပြီး ကြယ်နယ်မြေတစ်ခုလုံး ညှိုးနွမ်းခြောက်သွေ့သွားသည်။ဤသည်က လူငယ်တစ်ယောက် ရုတ်တရက် အိုမင်းရင့်ရော်သွားသည်နှင့် တူညီပေ၏။
ကြယ်နယ်မြေပေါ်ရှိ စိတ်ဝိညာဥ်စွမ်းအင်များ ကျဲပါးလာပြီး ပတ်ဝန်းကျင်အခြေအနေသည်လည်း အလွန်အမင်း ကြမ်းတမ်းလာသည်။သစ်ပင်များသည် ဆက်လက်၍ကြီးထွားနိုင်ခြင်းမရှိတော့ဘဲ နေရာအနှံ့ သဘာဝဘေးအန္တရာယ်များ ကျရောက်နေသည်။ကြယ်နယ်မြေပေါ်ရှိ မြေပြင်များ နေရာအနှံ့ အက်ကွဲနေပြီး လေပြင်းမုန်တိုင်းများကလည်း အဆက်မပြတ် တိုက်ခတ်နေပေ၏။
ဤကဲ့သို့ ရုတ်တရက်အပြောင်းအလဲနှင့် ရင်ဆိုင်ရသဖြင့် ကြယ်နယ်မြေပေါ်တွင် နေထိုင်သူများထံတွင် ရင်ဆိုင်နိုင်သည့်နည်းလမ်းမရှိတော့ချေ။
ဤကြယ်နယ်မြေပေါ်ရှိ အစွမ်းထက်ဆုံးကျင့်ကြံသူပင်လျှင် သိုင်းသူတော်စင်နယ်ပယ်၌သာရှိသည်။ထိုကျင့်ကြံသူသည် တာအိုဒုတိယဆင့်သို့ တက်လှမ်းနိုင်ခြင်းမရှိချေ။
အဆုံးသတ်တွင် ကြယ်နယ်မြေပေါ်ရှိ သက်ရှိများအားလုံး သေကြေပျက်စီးသွားပြီး ကြယ်နယ်မြေတစ်ခုလုံး သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
ဤနေရာရှိ အဆောက်အအုံများနှင့် သက်ရှိများအားလုံးသည် မည်သည့်အချိန်ကမျှမရှိခဲ့သကဲ့သို့ အရာအားလုံး ဆိတ်ငြိမ်သွားပေ၏။
ယခုလက်ရှိချိန်တွင် ရှုရာဧကရာဇ်ရှစ်ဖန့်၏မှော်မန္တန်ကြောင့် ထိုကြယ်နယ်မြေပေါ်တွင် အသက်စွမ်းအင်လှိုင်းများ ဖြာထွက်လာခဲ့သည်။
ဘုန်း...
ကျယ်လောင်သောဆူညံသံတစ်သံ ထပ်မံ၍ထွက်ပေါ်လာခြင်းနှင့်အတူ ထူးဆန်းပြီးပြင်းထန်သော အရှိန်အဝါတစ်ရပ်က ကြယ်သေပေါ်မှ ထွက်ပေါ်လာသည်။
ထိုကြယ်သေပေါ်မှနေ၍ ကြီးမားသောအနက်ရောင်မွန်းစတားကြီးတစ်ကောင် လေထုအတွင်းသို့ မျောလွင့်လာသည်။ထိုမွန်းစတားကြီး၏လက်များသည် အလွန်ရှည်လျားပြီး သေးသွယ်ကာ သူ့ထံ၌မျက်နှာပုံပန်းသွင်ပြင်မရှိချေ။
ဝေါင်း....
ကျယ်လောင်သောဟိန်းဟောက်သံနှင့် အတူယှဥ်တွဲ၍ ထိုအနက်ရောင်မွန်းစတားကြီးသည် သူ၏ပါးစပ်ကြီးကိုဖွင့်ဟ၍ ဒေါသတကြီးဖြင့် လုယွီထံသို့ ခြေလှမ်းတစ်လှမ်းချင်း နင်းလျှောက်လာလေ၏။
ဤနေရာတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် တိုက်ပွဲကွင်းပြင်တစ်ခုလုံးမှအခြေအနေကို သက်ရောက်သွားစေသည်။
ရှုရာစစ်တပ်နှင့်တော်ဝင်စစ်တပ်နှစ်ဘက်လုံး ထိုမြင်ကွင်းကို ထိတ်လန့်တကြား ကြည့်နေကြ၏။
"ရှစ်ဖန့်က ဒီလိုမှော်မန္တန်မျိုးကို သိနေတာလား"
နတ်ဆိုးသားရဲဧကရာဇ်ကျို့ဖုန်းသည် ထိုမြင်ကွင်းကိုတစ်ချက်ကြည့်ပြီးနောက် သူ၏မျက်လုံးအတွင်း၌ ဟန်မဆောင်နိုင်သော တုန်လှုပ်ချောက်ချားမှုမျိုး ဖြတ်ပြေးသွားသည်။
ကျိုးဖုန့်က သူမကိုယ်သူမ မေးခွန်းထုတ်လိုက်မိသည်။အကယ်၍ သူမသည် ရှုရာဧကရာဇ်ရှစ်ဖန့်၏ ဤမှော်မန္တန်နှင့်သာ ရင်ဆိုင်ရပါက သူမ အလွန်ခက်ခက်ခဲခဲ ရင်ဆိုင်ရပေမည်။
နတ်ဆိုးသားရဲဧကရာဇ်ကျို့ဖုန်းသည် လုယွီကိုကယ်တင်လိုသော်လည်း ယခုလက်ရှိချိန်၌ သူမသည် မြောက်မြားစွာသောရှုရာဧကရာဇ်များနှင့် ရင်ဆိုင်နေရသဖြင့် တခြားသူများကို ဂရုစိုက်နိုင်ခြင်းမရှိချေ။
"သူက ပင်လယ်သူတော်စင်ရဲ့ရွေးချယ်ခံထားရတဲ့သူဖြစ်နေမှတော့....သူ့နဲ့ပတ်သတ်ပြီး သာမာန်ထက်သာလွန်ထူးကဲတာ တစ်ခုခုရှိနေမှာပဲ...ရှစ်ဖန့်က သူ့ကို သတ်နိုင်မှာမဟုတ်ဘူး"
နတ်ဆိုးသားရဲဧကရာဇ်ကျို့ဖုန်းသည် အချိန်တခဏကြာတွေးတောပြီးနောက် ချက်ချင်းဆိုသလိုပင် ပြင်းထန်သောတိုက်ပွဲကို အာရုံပြန်စူးစိုက်လိုက်တော့သည်။
တခြားတစ်ဖက်ရှိ တော်ဝင်စစ်တပ်တွင်လည်း အစွမ်းထက်ကျင့်ကြံသူများအားလုံး ပြင်းထန်သောတိုက်ပွဲကို ရင်ဆိုင်တိုက်ခိုက်နေကြ၏။မျက်တောင်တခတ်စာအချိန်အတွင်းမှာပင် ရာနှင့်ထောင်နှင့်ချီသောလူများ သေဆုံးနေသည်။မည်သူကမျှ လုယွီကို လာရောက်ကယ်တင်နိုင်ခြင်းမရှိချေ။
"ဒါက မိုးကောင်းကင်တာအိုရဲ့အငြိုးကြီးယင်စိတ်ဝိညာဥ်...အဲ့ဒီကြယ်သေပေါ်မှာရှိတဲ့ နာကျည်းမုန်းတီးမှုတွေအားလုံးကို သိပ်သည်းထားတဲ့ စိတ်ဝိညာဥ်ပဲ....မင်းမှာ ပြိုင်ဘက်ကင်းစွမ်းအားမျိုးရှိနေရင်တောင် ဘယ်လိုနည်းနဲ့မှ ငါ့ရဲ့ပြိုင်ဘက်မဖြစ်နိုင်ဘူး"
ရှုရာဧကရာဇ်ရှစ်ဖန့်သည် အလွန်အမင်း ဝမ်းသာပီတိဖြစ်နေသောခံစားချက်မျိုး ရရှိလိုက်၏။
သူသည် ဤဝှက်ဖဲကို တစ်ကြိမ်တစ်ခါမျှ အသုံးပြုခဲ့ဖူးခြင်းမရှိချေ။
သို့ရာတွင် သူ ဤဝှက်ဖဲကို အသုံးပြုလိုက်သည်နှင့် မည်သူမျှခုခံနိုင်တော့မည်မဟုတ်ဟု ရှုရာဧကရာဇ်ရှစ်ဖန့်က အခိုင်အမာယုံကြည်ထားသည်။
ကြည့်နေရင်းမှပင် ထိုမွန်းစတားကြီးသည် လုယွီနှင့် တစတစ ပို၍နီးကပ်လာခဲ့သည်။
"ရှစ်ဖန့်...ဒီတစ်ကြိမ်လည်း မင်း မှားယွင်းပြီးတွက်ချက်မိပြန်ပြီ"
လုယွီက လေဟာနယ်အတွင်း၌ မတ်တတ်ရပ်နေသည်။သူ၏ ကျူးရုံအစစ်အမှန်ခန္ဓာကိုယ်မှစွမ်းအင်များ ပျောက်ကွယ်သွားပြီး လောကကြီးတစ်ခုလုံးကို လွှမ်းမိုးအုပ်ချုပ်နိုင်သောအရှိန်အဝါမျိုးက အစားထိုးဝင်ရောက်လာပေ၏။
"မြေအောက်လောက ဥပဒေသ...လမ်းပြစမ်း"
Chapter 1998
လုယွီ၏ခန္ဓာကိုယ်ကို လွှမ်းခြုံနေသော တဟုန်းဟုန်းတောက်လောင်နေသည့် မီးတောက်များ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားပြီး အနက်ရောင်အခိုးအငွေ့များက အစားထိုးဝင်ရောက်လာသည်။
ထိုအနက်ရောင်အခိုးအငွေ့များသည် လေထုအတွင်း၌ မျောလွင့်နေပြီး နောက်ဆုံး၌ မီတာသုံးဆယ်ကျော်မြင့်မားသော မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးအဖြစ် လုယွီ၏ခေါင်းထက်၌ သိပ်သည်းသွားသည်။ထိုပုံရိပ်ယောာင်ကြီးတွင် လက်ရှစ်ဖက်ပါရှိပြီး လက်ခြောက်ဖက်အတွင်းတွင် ပုဆိန် ချိတ် လှံရှည်နှင့် တခြားမှော်လက်နက်များကို ကိုင်ဆောင်ထားလေ၏။ကြွင်းကျန်သော လက်နှစ်ဖက်မှနေ၍ လက်သင်္ကေတတစ်ခုကို ဖွဲ့စည်းလိုက်ရာ သရဲတစ္ဆေဆန်သော ကြောက်မက်ဖွယ်အစိမ်းရောင်မီးတောက်နှစ်ခုက သူ၏မျက်လုံးတစ်စုံအတွင်း၌ တောက်ပလာသည်။
ဤသည်က လုယွီ၏ကိုယ်ပိုင်ဓမ္မပုံရိပ်ယောင်ဖြစ်သည်။အတိတ်ဘဝတွင် သူသည် မြေအောက်လောက၏တာအိုသခင် ဖြစ်ခဲ့သူပင်။
မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး ထွက်ပေါ်လာချိန်တွင် ပတ်ဝန်းကျင်ရှိ အငြိုးကြီးစိတ်ဝိညာဥ်များသည် သူတို့၏အရှင်သခင်ကိုတွေ့သွားသည့်အလား သူတို့၏မျက်လုံးများအတွင်း၌ အလိုအလျောက် ထိတ်လန့်ကြောက်ရွံမှုအရိပ်အယောင်များ ထင်ဟပ်လာခဲ့သည်။
"လာကြစမ်း...သူ့ကို သတ်ကြစမ်း"
ရှုရာဧကရာဇ်ရှစ်ဖန့်သည် သူ၏လက်အတွင်းရှိအလံကို အားကုန်ဝှေ့ယမ်းလိုက်၏။ရုတ်ချည်းဆိုသလိုပင် သူ၏ပတ်ဝန်းကျင်ရှိ အငြိုးကြီးစိတ်ဝိညာဥ်များသည် ဆင့်ခေါ်ခံလိုက်ရသကဲ့သို့ သူတို့၏ခေါင်းများ တပြိုင်နက်တည်း မော့လာကြသည်။
စူးရှကျယ်လောင်သော အော်သံကြီးများနှင့်အတူ သရဲတစ္ဆေစိတ်ဝိညာဥ်များသည် လုယွီထံဦးတည်၍ တဟုန်ထိုးပြေးဝင်သွားသည်။
ရှစ်ဖန့်၏ခန္ဓာကိုယ်တစ်ခုလုံးကို ထူထပ်သိပ်သည်းသော မြူခိုးလွှာများက လွှမ်းခြုံထားသည်။တစ်စုံတစ်ယောက်သည် ရှစ်ဖန့်ရှိနေသောနေရာကို သာမာန်မျက်စိဖြင့်ကြည့်ပါက ထူထပ်သိပ်သည်းသောမြူခိုးများအကြား၌ အနက်ရောင်မွန်းစတားကြီး၏ရှည်လျားသောလက်မောင်းတစ်ဖက်ကိုသာ တွေ့မြင်နိုင်ပေမည်။
တချို့ကျင့်ကြံသူများသည် သူတို့၏နတ်ဘုရားစိတ်အာရုံများဖြင့် စူးစမ်းကြသော်လည်း ချက်ချင်းဆိုသလိုပင် မြောက်မြားစွာသောလူများ၏စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သောအသံများက သူတို့၏စိတ်အတွင်းသို့ တိုးဝင်လာခြင်းကို ခံစားမိသည်။
ဤသည်က မရေမတွက်နိုင်သော အငြိုးကြီးစိတ်ဝိညာဥ်များ သူတို့၏စိတ်အတွင်းသို့ ဒီရေအလားတိုးဝင်လာသည်နှင့် တူညီပေ၏။
နတ်ဘုရားစိတ်အာရုံများကိုအသုံးပြုပြီး စူးစမ်းမိသောသူများသည် စူးရှနာကျင်စွာ အော်ဟစ်လိုက်ကြသည်။ကျင့်ကြံဆင့်နိမ့်ပါးသူတချို့သည် နာကျင်မှုကြောင့် သူတို့၏မျက်လုံးများကို လက်ဖြင့်ဖုံးအုပ်လိုက်ကြပြီး သူတို့၏လက်ချောင်းများအကြားမှ သွေးများယိုစီးကျလာသည်။
"ငါ့မှာ ကြယ်နယ်မြေရဲ့အငြိုးကြီးယင်စိတ်ဝိညာဥ်ရှိတယ်...မင်း ငါ့ကို ဘယ်လိုနည်းနဲ့ တိုက်ခိုက်မှာလဲ"
ကြယ်သေ၏ယင်စိတ်ဝိညာဥ် အလွန်အစွမ်းထက်သည်ကိုကြည့်ပြီး ရှုရာဧကရာဇ်ရှစ်ဖန့်သည် သူ၏ယုံကြည်မှုများ ပြန်လည်ရရှိလာပေ၏။
ဤှသည်က သူ၏အပြင်းထန်ဆုံး တိုက်ခိုက်မှုဖြစ်သည့်အပြင် သူ လျှို့ဝှက်ဖုံးကွယ်ထားသောဝှက်ဖဲလည်းဖြစ်သည်။
ဤှကြယ်နယ်မြေပေါ်တွင် သန်းရာထောင်ချီသော သက်ရှိမျိုးနွယ်များ နေထိုင်ခဲ့ကြသည်။ထိုသက်ရှိမျိုးနွယ်များ သေဆုံးသွားပြီးနောက် နာကျည်းမုန်းတီးမှုများမှာ အလွန်များပြားပြီး မှန်းဆ၍ပင်မရနိုင်ချေ။
မည်မျှထိကျင့်ကြံဆင့်နယ်ပယ်မြင့်မားသော ကျင့်ကြံသူဖြစ်စေ ဤကြယ်နယ်မြေယင်စိတ်ဝိညာဥ်နှင့် ရင်ဆိုင်ရပါက ရှုံးနိမ့်ရမည်မှာ သေချာပေ၏။
ထို့နောက် ရှုရာဧကရာဇ်ရှစ်ဖန့်က သူ၏လက်အတွင်းရှိ အလံကို ထပ်မံ၍ဝှေ့ယမ်းပြီး မှော်မန္တန်တစ်ပုဒ်ကို ကျယ်လောင်စွာရွတ်ဆိုလိုက်သည်။
ထိုမန္တန်ရွတ်ဆိုသံထွက်ပေါ်လာသည်နှင့် မှုန်မှိုင်းပြီးအေးစက်စက်အနက်ရောင်အခိုးအငွေ့များက ရှစ်ဖန့်၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် စုဝေးသွားပြီး ကြီးမားသောစုပ်ဝဲကြီးတစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။
ဤသည်က ရှုရာဧကရာဇ်ရှစ်ဖန့်သည် သူကိုယ်သူကာကွယ်နိုင်ရန်အတွက် အသုံးပြုလိုက်သောနည်းစနစ်ပင်။
သူသည် ရှုရာဧကရာဇ်တစ်ယောက်ဖြစ်ပြီး ရွှယ်အင်မော်တယ်နှင့်နှိုင်းယှဥ်နိုင်သည့် ခွန်အားမျိုးရှိသော်လည်း အစောပိုင်းကတိုက်ပွဲတွင် သူ၏မှော်စွမ်းအားအမြောက်အများ ကုန်ဆုံးခဲ့ရသည်။
ထို့ပြင် လုယွီသည် အလွန်ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်သူဖြစ်သဖြင့် ရှုရာဧကရာဇ်ရှစ်ဖန့်သည် သူကိုယ်သူကာကွယ်နိုင်ရန် ပြင်ဆင်ထားရ၏။
"ငါ့မှာ တိုက်ခိုက်မှုရော ခုခံကာကွယ်နိုင်မှုစွမ်းရည်ရောရှိတယ်...ပြီးတော့ မရေမတွက်နိုင်အောင်များပြားတဲ့ အငြိုးကြီးစိတ်ဝိညာဥ်တွေက ငါ့ကိုကူညီပေးနေတယ်...မင်း ငါ့ကို ဘယ်လိုအနိုင်ယူနိုင်မှာလဲ"
နာကျည်းမုန်းတီးမှုအငွေ့အသက်များနှင့် ရစ်သိုင်းလွှမ်းခြုံထားသော ရှုရာဧကရာဇ်က ဒေါသတကြီးအော်ဟစ်လိုက်သည်။
လုယွီက ကျယ်လောင်စွာအော်ဟစ်ရယ်မောလေသည်။
"ရှစ်ဖန့် ..ခင်ဗျားက ရှုရာဧကရာဇ်တစ်ယောက်...ကျုပ်က လောကီအင်မော်တယ်အဆင့်ပဲရှိသေးတာ...ဒါတောင် ခင်ဗျားက သူရဲဘောကြောင်နေသေးတယ်...ရှစ်ဖန့်...ခင်ဗျားက ကျုပ်ကို စိတ်ပျက်စေတယ်"
လုယွီပြောဆိုသည်မှာ မှန်ကန်ပေ၏။သူ၏လက်ရှိကျင့်ကြံဆင့်နယ်ပယ်သည် အမှန်အားဖြင့် လောကီအင်မော်တယ်အဆင့်တွင်သာရှိသည်။
ရှုရာဧကရာဇ်ရှစ်ဖန့်ထံတွင် နက်ရှိုင်းသောအခြေခံအုတ်မြစ်မရှိသော်လည်း သူသည် ရှုရာနယ်မြေ၏ထိပ်သီးကျင့်ကြံသူတစ်ယောက်အဖြစ် ရပ်တည်နိုင်ဆဲပင်။သူသည် လုယွီကို တိုက်ခိုက်နိုင်ရန်အတွက် သူ၏ဝှက်ဖဲများကို တစ်ခုပြီးတစ်ခု အသုံးပြုခဲ့ရသည်။
ရှုရာနယ်မြေတွင် ခွန်အားကသာ အစစအရာရာဖြစ်ပြီး အင်အားကောင်းသူကိုသာ ရိုသေလေးစားကြသည်။ရှုရာဧကရာဇ်ရှစ်ဖန့်သည် ရှုရာနယ်မြေသို့ ပြန်ရောက်သွားလျှင်ပင် ရှုရာများသည် သူ၏အမိန့်များကို ယခင်ကဲ့သို့ နာခံမည်မဟုတ်တော့ချေ။
"ကောင်လေး...အခုချိန်မှာ ငါ မင်းကို ခဏလောက်တော့ မောက်မာခွင့်ပြုလိုက်အုံးမယ်...မင်း ငါ့လက်ထဲကို ရောက်လာတာနဲ့ နောင်တဆိုတာ ဘာလဲဆိုတာ မင်းသိအောင် ငါပြမယ်"
ရှုရာဧကရာဇ်ရှစ်ဖန့်သည် အံ့တင်းတင်းကြိတ်ပြီး သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ကာ လုယွီကို အရှင်လတ်လတ်ဝါးစားလိုသောအကြည့်ဖြင့် စူးစိုက်၍ကြည့်နေပေ၏။
Chapter 1999
လုယွီသည် ရှုရာဧကရာဇ်ရှစ်ဖန့်၏ခြိမ်းခြောက်စကားကိုကြားသော်လည်း ယခင်အတိုင်း မပြောင်းမလဲ အေးဆေးတည်ငြိမ်နေဆဲပင်။
"ခင်ဗျား ကျုပ်ကို အရင်ကလည်း ခြိမ်းခြောက်ခဲ့တယ်...ဒါပေမယ့် ကျုပ် ခုချိန်ထိ အသက်ရှင်နေတုန်းပဲ...ရှစ်ဖန့်...ဒါက ခင်ဗျား တက်နိုင်တာအကုန်လုံးဆိုရင်တော့ ကျုပ် စိတ်ပျက်သွားပြီ"
လုယွီက စိတ်ပျက်လက်ပျက်အမူအယာဖြင့် သူ၏ခေါင်းကိုခါယမ်းလိုက်ပြီး သူ၏မျက်နှာပေါ်၌ အထင်အမြင်သေးသောအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
လုယွီ၏ 'စိတ်ပျက်ခြင်း'ဟူသောစကားလုံးသည် စူးရှချွန်ထက်သော ဓားတစ်ချောင်းက ရှုရာဧကရာဇ်ရှစ်ဖန့်၏နှလုံးသားကို ထိုးစိုက်လိုက်သည့်အလားပင်။
သူသည် လူသားတစ်ယောက်၏ပြက်ရယ်ပြုခြင်းကို ခံရသည့်အပြင် ထိုလူသားသည် သူ့ထက် ကျင့်ကြံဆင့်နယ်ပယ် နိမ့်ပါးပေ၏။ဤသည်က ရှုရာဧကရာဇ်ရှစ်ဖန့်အတွက် အကြီးအကျယ်အရှက်ခွဲခံရခြင်းနှင့် ကွဲပြားခြားနားမှုမရှိချေ။
"သောက်ချေးပဲ...ငါယိုးမသားလေး...တကယ်လို့ ကျိုးရှောင်ရဲ့အမိန့်သာမရှိရင် ငါ မင်းကို ပထမဆုံးစတွေ့တဲ့အချိန်ကတည်းက သတ်ပစ်နိုင်တယ်"
ရှုရာဧကရာဇ်ရှစ်ဖန့်သည် လုယွီကို တိုက်ရိုက်သတ်ဖြတ်နိုင်ခဲ့ခြင်းမရှိမှုအတွက် ရူးသွပ်လုမခမ်း ဒေါသထွက်နေသည်။
လုယွီ၏ခွန်အားသည် လောကီအင်မော်တယ်တစ်ယောက်ကဲ့သို့ ရိုးရှင်းခြင်းမရှိကြောင်း သူ ကောင်းစွာသိရှိထားသည်။
ကျုးရုံအစစ်အမှန်ခန္ဓာကိုယ်၏ကူညီထောက်ပံမှုဖြင့် လုယွီ၏ခွန်အား အကြီးအကျယ်မြင့်တက်လာပြီး အစစ်အမှန်နဂါးရှစ်ကောင်၏စွမ်းအားသို့ ရောက်ရှိနေလေပြီ။
ဤှသည်က မြေကမ္ဘာအင်မော်တယ်နှောင်းပိုင်းအဆင့်ဆယ်ယောက် မှော်မန္တန်များကို တပြိုင်နက်တည်းရွတ်ဆိုလိုက်သည့်စွမ်းအားမျိုးနှင့် တူညီပေ၏။ယခုလက်ရှိချိန်တွင် ရှုရာဧကရာဇ်ရှစ်ဖန့်သည် သူ့ခွန်အား၏အကန့်အသတ်သို့ရောက်ရှိနေသဖြင့် လုယွီနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ဝံ့ခြင်းမရှိချေ။
"မဟုတ်သေးဘူး...တစ်ခုခုတော့မှားနေပြီ...ဒီကောင်လေးက လိမ္မာပါးနပ်ပြီးတော့ အပြောင်းအလဲမြန်တယ်...သူ ခုဏက ငါ့ကို လှောင်ပြောင်သရော်တာ ရည်ရွယ်ချက်တစ်ခုခုရှိရမယ်...ငါ လှည့်စားခံလို့မဖြစ်ဘူး"
ရှုရာဧကရာဇ်ရှစ်ဖန့်သည် သတိကြီးစွာထား၍ လုယွီ၏နောက်ရှိ မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးကို စူးစိုက်၍ကြည့်လိုက်၏။သို့ရာတွင် သူသည် နာကျည်းမုန်းတီးမှုအခိုးအငွေ့များကြားတွင်သာ ဆက်လက်၍ပုန်းအောင်းနေပြီး ပြင်ပသို့ထွက်ခြင်းမရှိချေ။
လုယွီ၏လက်အတွင်းတွင် သူ နှစ်ကြိမ်ဆက်တိုက် လှည့်စားခံခဲ့ရကာ အကြီးအကျယ်ခံစားခဲ့ရသည်။
ရှုရာဧကရာဇ်ရှစ်ဖန့်သည် လုယွီထက် များစွာပို၍အသက်ကြီးသော်လည်း သူရှေ့တွင်ရှိနေသူမှာ လူငယ်တစ်ယောက်မဟုတ်ဘဲ တိုက်ပွဲပေါင်းများစွာနှင့်ရင်ဆိုင်ခဲ့ဖူးသော မွန်းစတားအိုကြီးတစ်ကောင်ဖြစ်မည်ဟု သူ ထင်ယောင်ထင်မှားဖြစ်နေမိသည်။
အရာအားလုံးသည် လုယွီ၏ထိန်းချုပ်မှုအောက်တွင် ရှိနေပုံရသည်။ထို့ပြင် သူသည် ကစားခံနေရသော စစ်တုရင်နယ်ရုပ်တစ်ရုပ်သာဖြစ်ပေ၏။
"ငါ့ဆီမှာ ပြိုင်ဘက်ကင်းတည်ရှိမှုကြီးနီးပါးဖြစ်တဲ့ ကြယ်နယ်မြေရဲ့အငြိုးကြီးယင်စိတ်ဝိညာဥ်ရှိတယ်...ငါ အပြင်ကို မထွက်မချင်း...သူ ငါ့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး"
ရှုရာဧကရာဇ်ရှစ်ဖန့်သည် သူ၏အတွေးများကိုအတည်ပြုပြီးနောက် သူ၏အကြားအာရုံကို ပိတ်ဆို့လိုက်သည်။သူသည် လုယွီ၏အသံကို မကြားရတော့ခြင်းမှာ သေချာသည်နှင့် သူ၏လက်အတွင်းရှိအလံကို ဆက်လက်၍ဝှေ့ယမ်းလိုက်၏။သူသည် အငြိုးကြီးစိတ်ဝိညာဥ်များကို ထိန်းချုပ်၍ လုယွီထံသို့ တဟုန်ထိုးပြေးဝင်သွားစေသည်။
"မကောင်းတော့ဘူး...ဒီအရှိန်အဝါက..."
ထိုမြင်ကွင်းကိုမြင်သော်လည်း ဖေးထျန်ကွမ်း ရှားဟိုလီနှင့်တခြားသူများသည် စောင့်ကြည့်နေရုံသာတက်နိုင်ပြီး သွားရောက်၍ကူညီပေးနိုင်ခြင်းမရှိချေ။
သူတို့သည် အလွန်အမင်း စိုးရိမ်ပူပန်နေကြ၏။သူတို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ရခြင်းမရှိသော်လည်း ထိုအငြိုးကြီးစိတ်ဝိညာဥ်များမှလာသော တုန်လှုပ်ချောက်ချားဖွယ်အရှိန်အဝါကို ခံစားမိသည်။
ဤှသည်က ကြယ်နယ်မြေတစ်ခုလုံးမှ အငြိုးကြီးစိတ်ဝိညာဥ်များကို သိပ်သည်းထားခြင်းပင်။
ထိုနာကျည်းမုန်းတီးမှုများသည် နတ်ဘုရားတစ်ပါးကို သူ၏နတ်ဘုရားပလ္လင်မှဆွဲချနိုင်ရန် လုံလောက်သည်။
ဤကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ် ယင်အငြိုးကြီးစိတ်ဝိညာဥ်ကြီးနှင့် ရင်ဆိုင်ရသည့်တိုင် လုယွီက စိတ်လှုပ်ရှားသွားခြင်းမရှိဘဲ သူ၏မြေအောက်လောကနတ်ဘုရား လျှို့ဝှက်မှော်နည်းစနစ်ကို ဖြန့်ကျက်လိုက်၏။
တစ်ချိန်တည်းမှာပင် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏ပါးစပ် ရုတ်တရက်ပွင့်လာပြီး ရှည်လျားရှုပ်ထွေးသောမှော်မန္တန်တစ်ပုဒ်ကို စတင်၍ရွတ်ဆိုလိုက်သည်။ထို့ပြင် ထိုမြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏နောက်ရှိ အလင်းရောင်အလင်းဘီးကြီးကလည်း ဖြည်းညှင်းစွာ လည်ပတ်စပြုလာသည်။
ခရက်...ခရက်...ခရက်...
ကျယ်လောင်သော အက်ကွဲသံကြီးက တိုက်ပွဲကွင်းပြင်တစ်ခုလုံးအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
ဤအချိန်အခိုက်အတန့်တွင် နှစ်ဖက်စလုံးမှတိုက်ခိုက်နေသူများသည် ကူကယ်ရာမဲ့စွာဖြင့် ထိုအသံကြားရာဘက်သို့ တပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြ၏။
အမှောင်ထုအတွင်းရှိလေဟာနယ်သည် ရုတ်တရက် တွန့်လိမ်သွားပြီး ယင်ချီစီးကြောင်းများ ထွက်ပေါ်လာသည်။
ဝုန်း...
ဧရာမအနက်ရောင်ဂိတ်တံခါးကြီးက လူအားလုံး၏မြင်ကွင်းရှေ့တွင် ဖြည်းညှင်းစွာပွင့်လာလေ၏။
ထိုတံခါးကြီးအတွင်းမှနေ၍ အစိမ်းရောင်အလင်းတန်းများ ဖြာထွက်လာပြီး ရှည်လျားသောကျောက်တုံးလှေကားကြီးတစ်ခုက လေဟာနယ်အတွင်း၌ ထွက်ပေါ်လာသည်။
ဤသည်က အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့သော မြေအောက်လောက၏ဝင်ပေါက်ပင်။
Chapter 2000
အတိတ်တွင် မြေအောက်လောကတာအိုသခင်သည် မြေအောက်လောကကိုတည်ထောင်ခဲ့ပြီး မြေအောက်လောကတစ်ခုလုံး၏အုပ်ချုပ်သူဖြစ်ကာ သေခြင်းရှင်ခြင်းသံသရာစက်ဝန်းကို ထိန်းချုပ်ခဲ့သည်။
သို့ရာတွင် မြေအောက်လောကတာအိုသခင် သေဆုံးသွားမှုနှင့်အတူ ပြန်လည်ဝင်စားခြင်းသံသရာစက်ဝန်း ကျိုးပဲ့သွားပြီး သက်ရှိမျိုးနွယ်များ၏စိတ်ဝိညာဥ်များသည် ကောင်းကင်ဘုံနယ်မြေ၏နေရာအနှံ့အပြား၌ လေလွင့်နေကြ၏။သက်ရှိမျိုးနွယ်အမြောက်အများ သေဆုံးသွားသော တချို့နေရာများတွင် မြောက်များစွာသောသရဲတစ္ဆေစိတ်ဝိညာဥ်များ ထွက်ပေါ်လာပြီး ထိုနေရာရှိ မိုးကောင်းကင်ယံတခွင်လုံး နာကျည်းမုန်းတီးမှုများနှင့် ပြည့်နှက်နေသည်။
မြေအောက်လောကနန်းတော်သည် အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်နေခဲ့သော်လည်း ကောင်းကင်ဘုံနယ်မြေအတွက် အရေးကြီးအခြေအနေတစ်ရပ် မဟုတ်ခဲ့ချေ။
သို့ရာတွင် မြောက်မြားစွာသောသက်ရှိမျိုးနွယ်များ သေဆုံးသွားချိန်တွင် ထိုလူများ၏စိတ်ဝိညာဥ်များက နေရာအနှံ့အပြား၌ စုဝေးနေသည်။ဤအချိန်တွင် ကြောက်ခမန်းလိလိများပြားသော သရဲတစ္ဆေစိတ်ဝိညာဥ်များသည် ဒီရေလှိုင်းများအလား သက်ရှိမျိုးနွယ်များ၏ပတ်ဝန်းကျင်များသို့ ကျုးကျော်၍ ဝင်ရောက်လာကြ၏။ထို့ကြောင့် ကောင်းကင်ဘုံနယ်မြေအတွင်း၌ မရေမတွက်နိုင်သော ဘေးကပ်ဆိုးများ ဖြစ်ပေါ်လာခဲ့သည်။
ယခုလက်ရှိချိန်တွင် မြေအောက်လောကနန်းတော်၏ချိပ်ပိတ်ထားမှုကို နောက်ဆုံး၌ လုယွီက ဖွင့်လိုက်လေပြီ။
"ပြာမှုန်ကနေ မိုးတိမ်...ဖုန်မှုန့်ကနေ မြေကြီး...သွားကြတော့"
လုယွီ၏မျက်နှာသည် အမူအယာကင်းမဲ့နေဆဲဖြစ်ပြီး မှော်မန္တန်ကိုဆက်လက်၍ ရွတ်ဆိုလိုက်၏။
မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏လက်များအတွင်းမှ မှော်လက်နက်များ တပြိုင်နက်တည်း ပျောက်ကွယ်သွားခဲ့သည်။ထိုပုံရိပ်ယောင်ကြီး၏လက်များ ပြန့်ကားလာပြီး လက်ဖဝါးတစ်ဖက်ချင်းစီမှနေ၍ အစိမ်းရင့်ရောင်မီးတောက်များကို ထုတ်လွှက်လိုက်သည်။
ဖြည်းညှင်းစွာတောက်လောင်နေသော မီးတောက်များနှင့်အတူ အငြိုးကြီးစိတ်ဝိညာဥ်များသည် တံခါးကြီး၏ဆွဲဆောင်မှုကို ခံလိုက်ရပုံရသည်။
ကြယ်နယ်မြေ၏ယင်အငြိုးကြီးစိတ်ဝိညာဥ်ပင်လျှင် ချွင်းချက်မရှိချေ။
"ဒါက ဘာလဲ"
အံ့အားသင့်တုန်လှုပ်နေဆုံးသူမှာ ရှုရာဧကရာဇ်ရှစ်ဖန့်မှလွဲပြီး တခြားသူမရှိပေ။
သူ၏ဝှက်ဖဲ မည်မျှထိအစွမ်းထက်သည်ကို သူ ကောင်းစွာသိရှိပေ၏။
သူသည် ရှေးဟောင်းကောင်းကင်ဘုံရန်ငြိုးတရားဂိုဏ်း၏အမွေအနှစ်ကို အမှတ်မထင်ရရှိခဲ့သည်။ထိုအချိန်မှစ၍ ထိုအမွေအနှစ် မည်မျှထိအစွမ်းထက်ကြောင်းကို သူ ကောင်းစွာသိရှိထားသည်။
သူ ဖြတ်သန်းခဲ့သော ဘဝလမ်းကြောင်းတလျှောက်တွင် တစ်ဖက်ရန်သူသည် မည်မျှထိအစွမ်းထက်နေပါစေ သူ ဆက်ခံရရှိထားသော ရှေးဟောင်းကောင်းကင်ဘုံရန်ငြိုးတရားဂိုဏ်းမှ အမွေအနှစ်ကို ထုတ်သုံးလိုက်သည်နှင့် တစ်ဖက်လူသည် ချွင်းချက်မရှိ ရှုံးနိမ့်သွားလေ၏။
မည်သို့ပင်ဆိုစေကာမူ ရှုရာဧကရာဇ်ရှစ်ဖန့်သည် လောကီအင်မော်တယ်ကျင့်ကြံဆင့်သာရှိသေးသော လူငယ်တစ်ယောက်၏လက်အတွင်း၌ ရှုံးနိမ့်ခဲ့ရမည်ဟု စိတ်ကူးပင်ယဥ်ကြည့်ဖူးခြင်းမရှိချေ။
"မဖြစ်နိုင်ဘူး...ငါက ရှေးဟောင်းအမွေအနှစ်ကို ဆက်ခံထားတာ...ဒီအငြိုးကြီးစိတ်ဝိညာဥ်တွေကို မင်း ဘယ်လိုမှထိန်းချုပ်နိုင်မှာမဟုတ်ဘူး...ရှေးဟောင်းကောင်းကင်ဘုံရန်ငြိုးတရားဂိုဏ်းက အကြီးအကဲရဲ့အမိန့် သူ့ကို သတ်ဖြတ်စမ်း"
ရှုရာဧကရာဇ်ရှစ်ဖန့်က ရူးသွပ်နေသူတစ်ယောက်အလား အော်ဟစ်နေသည်။သူ၏လက်ရှိအလံကို ပြင်းပြင်းထန်ထန်ဝှေ့ယမ်း၍ အငြိုးကြီးစိတ်ဝိညာဥ်များကို ထိန်းချုပ်ရန်ကြိုးပမ်းလိုက်၏။
သို့ရာတွင် အလံအား သူ မည်မျှဝှေ့ယမ်းနေသည်ဖြစ်စေ အငြိုးကြီးစိတ်ဝိညာဥ်များသည် သူ၏အမိန့်သံကို ကြားပုံမရချေ။
အငြိုးကြီးစိတ်ဝိညာဥ်များသည် မြေအောက်လောကလမ်းကြောင်း၏အဆုံးကိုသာ ကြည့်လိုက်ကြပြီးနောက် ထိုနေရာသို့ လျှောက်လှမ်းသွားကြတော့သည်။
မြေအောက်လောကနန်းတော်အတွင်းသို့ ဝင်ရောက်ပြီးနောက် ထိုအငြိုးကြီးစိတ်ဝိညာဥ်များသည် ချက်ချင်းဆိုသလိုပင် မြေအောက်လောကဥပဒေသ၏သန့်စင်ခြင်းကိုခံလိုက်ရပြီး သူတို့၏နာကျည်းမုန်းတီးမှုများအားလုံး ပျက်ပြယ်သွားလေ၏။
ထိုအငြိုးကြီးစိတ်ဝိညာဥ်များအားလုံး အလွန်လျှင်မြန်စွာ ရွေ့လျားနေကြသည်။
သူတို့သည် လွတ်လပ်မှု၏ဝင်ပေါက်ကို တွေ့ရှိသွားပုံဖြင့် တစ်ယောက်ပြီးတစ်ယောက် မြေအောက်လောကနန်းတော်အတွင်းသို့ ဝင်ရောက်သွားသည်။
"ခွေးမသားတွေ....ပြန်လာခဲ့စမ်း"
ရှုရာဧကရာဇ်ရှစ်ဖန့်က ဒေါသတကြီးအော်ဟစ်လိုက်ပြီး သူ၏လက်အတွင်းရှိအလံကို အားကုန်ဝှေ့ယမ်းလိုက်၏။
သို့ရာတွင် ရှေးဟောင်းကောင်းကင်ဘုံရန်ငြိုးတရားဂိုဏ်း၏မှော်မန္တန်သည် ဤနေရာ၌ ပထမဆုံးအကြိမ် ကျရှုံးသွားရလေပြီ။
မည်သည့်အငြိုးကြီးစိတ်ဝိညာဥ်ကမျှ သူ၏အမိန့်ကိုနာခံခြင်း မရှိတော့ချေ။
ထိုအငြိုးကြီးစိတ်ဝိညာဥ်များသည် မြေအောက်လောကနန်းတော်အတွင်းသို့ ဝင်ရောက်ပြီးသည်နှင့် သူတို့၏အသိစိတ်များ ပြန်လည်ရရှိလာကာ လုယွီကိုဦးညွှတ်လိုက်ကြသည်။
ထိုအငြိုးကြီးစိတ်ဝိညာဥ်များသည် အကန့်အသတ်မရှိသောဒေါသများနှင့် မုန်းတီးမှုများအကြားတွင်သာ မျောလွင့်နေကြရပြီး ပြန်လည်ဝင်စားနိုင်ခြင်းမရှိသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
သို့ရာတွင် လုယွီသည် သူတို့အားလုံးကို အခွင့်အရေးပေးခဲ့သည်။လုယွီသည် ပြန်လည်ဝင်စားခြင်းသံသရာစက်ဝန်းကို အသက်သွင်းပြီးနောက် သူ၏ကောင်းမှုကုသိုလ်စွမ်းအားများ တစတစမြင့်တက်လာခဲ့သည်။
သူသည် ရှေးဟောင်းအစစ်အမှန်အင်မော်တယ်တစ်ယောက်ဖြစ်ပြီး ရှေးဟောင်းကောင်းကင်ဘုံတရားရုံး၏အမွေအနှစ်အပြည့်အစုံကို ဆက်ခံရရှိထားသည်။
ရှေးဟောင်းအချိန်ကာလများတွင် အင်မော်တယ်တချို့သည် သေမျိုးနိုင်ငံများသို့ဆင်းသက်၍ လူများကို ဘေးအန္တရာယ်များကြားမှကယ်တင်ကာ ကောင်းမှုကုသိုလ်စွမ်းအားများကို စုဆောင်းကြသည်။
ယခုလက်ရှိချိန်တွင် လုယွီသည်လည်း အလွန်များပြားသော ကောင်းမှုကုသိုလ်စွမ်းအားများကို စုဆောင်းနေလေ၏။
အငြိုးကြီးစိတ်ဝိညာဥ် သန်းတစ်ရာ....
အငြိုးကြီးစိတ်ဝိညာဥ် သန်းနှစ်ရာ...
သန်းတစ်ထောင်....သန်းနှစ်ထောင်....
ကြယ်နယ်မြေပေါ်မှ အငြိုးကြီးယင်စိတ်ဝိညာဥ် မြေအောက်လောက၏ဝင်ပေါက်သို့ ခြေချပြီးချိန်တွင် လုယွီ၏ခန္ဓာကိုယ် ရုတ်တရက် ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။
ဤအချိန်အခိုက်အတန့်တွင် လုယွီ၏ခန္ဓာကိုယ်ရှိ မရီးဒါန်းတိုင်းသည် မြောက်မြားစွာသောသက်ရှိမျိုးနွယ်များ၏ ကောင်းချီးပေးခြင်းကို ရရှိသွားပေ၏။
လုယွီ၏နောက်ရှိ ဧရာမအနက်ရောင်ဘီးကြီး တဖြည်းဖြည်းမြင့်တက်လာပြီး သူ့ကိုကြည့်ရသည်မှာ နတ်ဘုရားတစ်ပါးနှင့် တူညီနေသည်။