အခန်း (၂၀၀၆-၂၀၁၀)
Vol. 104 Ch. 2006-2010
Chapter 2006
တိုက်ပွဲကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။အစောပိုင်းက တိုက်ခိုက်နေကြသူများအားလုံးသည် အပြန်အလှန်နားလည်မှုဖြင့် သဘောတူညီမှုယူလိုက်ကြပြီး တိုက်ခိုက်မှုကို ရပ်တန့်လိုက်ကြ၏။သူတို့အားလုံးသည် နတ်ဘုရားအလားထွက်ပေါ်လာသော ရွှေရောင်ပိုးထည်ဝတ်စုံဝတ်ဆင်ထားသည့် လူလတ်ပိုင်းကြီးကို ကြည့်လိုက်ကြသည်။
ရှုရာဧကရာဇ်မိုးကြိုးမီး၏အသွေးအသားများသည် မိုးကောင်းကင်ယံအတွင်း၌ မျောလွင့်နေဆဲဖြစ်သော်လည်း မည်သည့်အသက်စွမ်းအင်အငွေ့အသက်မျှမရှိတော့ချေ။
ဤသည်က ရှုရာဧကရာဇ်တစ်ယောက်ဖြစ်ပြီး လူသားမျိုးနွယ်မှ ရွှယ်အင်မော်တယ်နှင့် ခြေရာချင်းတိုင်းနိုင်သူတစ်ယောက်ပင်။
သူသည် မည်သည်ကြောင့် အလွန်လျှင်မြန်စွာ သေဆုံးသွားခဲ့ရသနည်း။
မည်သည့်ဘက်တွင်ရှိနေသူဖြစ်စေ သူတို့အားလုံး ထိတ်လန့်တုန်လှုပ်နေကြသည်။
အထူးသဖြင့် ယခင်က အင်အားအလွန်ကြီးမားခဲ့သော ရှုရာစစ်တပ်အတွက်ဆိုလျှင် ပို၍မှန်ကန်ပေမည်။မြောက်မြားစွာသောရှုရာများသည် လူလတ်ပိုင်းကြီး၏ဓားပျံပင်လယ်ကြီးအောက်တွင် သေဆုံးသွားခဲ့ရပြီးနောက် ယခင်က သူတို့၏မောက်မာဝံ့ကြွားမှုများအားလုံး ပျောက်ကွယ်သွားလေပြီ။
သူတို့အတွက် ဘေးကပ်ဆိုးကြီးတစ်ခု ဖြစ်လာနိုင်သည့် လူလတ်ပိုင်းကြီးသည် သူတို့အား သတိပြုမိသွားမည်ကို စိုးရိမ်သဖြင့် ရှုရာများအားလုံး နေရာမှာပင် မတ်တတ်ရပ်နေကြသည်။
ရှားဟိုလီသည် သူ၏ဒဏ်ရာကို သူ၏လက်ဖြင့်ဖုံးအုပ်ကာ မိုးကောင်ကင်ယံအတွင်းမှ လူလတ်ပိုင်းကြီးကိုကြည့်၍ ရိုသေလေးစားစွာ ပြောဆိုလိုက်၏။
"ကျွန်တော်က နတ်ဘုရားဓားအမတ်ကြီးကို အရိုအသေပြုပါတယ်"
လူလတ်ပိုင်းကြီး၏အဆင့်အတန်း ထွက်ပေါ်လာလေပြီ။
တာယွီအင်ပါယာတွင် နတ်ဘုရားအမတ်ကြီးရာထူးကိုရရှိထားသူ ရှစ်ယောက်ရှိသည်။သူတို့၏ထူးချွန်သော စစ်ရေးအောင်မြင်မှုများနှင့်ခွန်အားကောင်းမွန်မှုတို့ကြောင့် သူတို့၏ရာထူးရှေ့တွင် 'နတ်ဘုရား'ဟူသောဘွဲ့ကို ချီးမြှောက်ခံထားရသည်။
သူတို့၏အဆင့်အတန်းသည် သာမာန်အမတ်ကြီးများထက် များစွာပို၍သာလွန်ပြီး တာယွီအင်ပါယာတည်ထောင်ခဲ့စဥ်ကပါဝင်ခဲ့သော စီနီယာအရာရှိများနှင့်ပင် အဆင့်တူဟု သတ်မှတ်နိုင်သည်။
နတ်ဘုရားအမတ်ကြီးရှကွေ့ကျုံးကဲ့သို့ပင် ရွှေရောင်ပိုးထည်ဝတ်စုံဝတ်ဆင်ထားသော လူလတ်ပိုင်းကြီးသည် နတ်ဘုရားအမတ်ကြီးရှစ်ယောက်အနက်မှတစ်ယောက်ဖြစ်သော နတ်ဘုရားဓားအမတ်ကြီးဖြစ်သည်။
"အားလုံးပဲ မင်းတို့ပင်ပင်ပန်းပန်း ကြိုးစားခဲ့ကြတယ်...ငါ မြို့တော်ကိုရောက်တာနဲ့ မင်းတို့အတွက် တိုက်ပွဲအကျိုးဆောင်ရမှတ်တွေကို တောင်းခံပေးမယ်"
နတ်ဘုရားဓားအမတ်ကြီး၏အသံသည် ကျယ်လောင်ခြင်းမရှိသော်လည်း ယုံမှားဖွယ်ရာမရှိသောကြီးကျယ်ခမ်းနားမှုမျိုး ပါဝင်နေသည်။ထိုအသံသည် အပေါ်ယံတွင် သံမဏိကဲ့သို့ မာကျောသော်လည်း အတွင်းဘက်တွင် နွေဦးလေပြေညှင်းကဲ့သို့ အေးမြလန်းဆန်းစေကာ လူအများအား ရင်းနှီးကျွမ်းဝင်စေသော ခံစားချက်မျိုး ပေးစွမ်းနေပေ၏။
စစ်သားများအားလုံး၏စိတ်နှလုံးသားများ တည်ငြိမ်အေးချမ်းသွားသည်။တော်ဝင်နန်းတော်မှ နတ်ဘုရားအမတ်ကြီးတစ်ယောက်ရောက်ရှိလာသဖြင့် သူတို့အတွက် သေရေးရှင်ရေးအခြေအနေမျိုးကို ကျော်လွှားသွားနိုင်ပြီဟု ယူဆနိုင်သည်။
နတ်ဘုရားဓားအမတ်ကြီးသည် သူ၏ခေါင်းကို စောင်းငဲ့ကာ လုယွီကို ကြည့်လိုက်၏။သူ၏လက်ကို ညင်သာစွာဝှေ့ယမ်းလိုက်မှုနှင့်အတူ အစိမ်းရောင်မှော်စွမ်းအားလှိုင်းတစ်လှိုင်း ထွက်ပေါ်လာပြီး လုယွီကို ရစ်ပတ်လွှမ်းခြုံသွားသည်။
ရုတ်ချည်းဆိုသလိုပင် လုယွီသည် သူ၏ခန္ဓာကိုယ်မှမရီးဒါန်းများအားလုံး ပူနွေးလာခြင်းကို ခံစားလိုက်ရသည်။
ပူနွေးသောလေစီးကြောင်းတစ်ခုက လုယွီ၏ခန္ဓာကိုယ်ရှိဆဲလ်တိုင်းအတွင်းသို့ စီးဝင်သွားသည်။လုယွီသည် သူ ယခင်က ကုန်ဆုံးသွားခဲ့သော မှော်စွမ်းအင်များ အလျှင်အမြန်ပြန်လည်ပြည့်တင်းလာသည်ကို ခံစားမိပေ၏။
"ဒါက အကြွင်းမဲ့နယ်မြေပဲ...နယ်မြေသခင်နယ်ပယ်မှာ ပဉ္စမအဆင့်ကိုရောက်နေတဲ့ကျင့်ကြံသူကသာ ဒီနည်းလမ်းကို နားလည်သဘောပေါက်နိုင်တယ်...ဒီနတ်ဘုရားဓားအမတ်ကြီးက တောက်ပနေတဲ့ကြယ်တစ်ပွင့်ပဲ...ဒါပေမယ့် ငါ သူ့အကြောင်းကို တစ်ခါမှမကြားဖူးဘူး"
အချိန်တခဏကြာပြီးနောက် လုယွီသည် နတ်ဘုရားဓားအမတ်ကြီး မည်သည့်အရာအား ပြုလုပ်နေသည်ကို သိရှိသွားပေ၏။
နတ်ဘုရားဓားအမတ်ကြီး၏ထိန်းချုပ်မှုအောက်တွင် အစိမ်းရောင်လေစီးကြောင်းများသည် လုယွီ၏မရီးဒါန်းများအတွင်းသို့ စီးဝင်သွားပြီး နောက်ဆုံး၌ သူ၏ခန္ဓာကိုယ်အတွင်းရှိ မိုးကောင်းကင်လှိုဏ်ဂူအတွင်း၌ စုဝေးသွားသည်။
"ငါတို့ရဲ့အင်ပါယာမှာ ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်ဘူး...ဒီလိုမျိူးပုရွက်ဆိတ်လိုကောင်တွေရဲ့လက်ထဲမှာ သူကို ငါက ဘယ်လိုနည်းနဲ့ သေခွင့်ပြုနိုင်မှာလဲ"
နတ်ဘုရားဓားအမတ်ကြီးသည် သူ့ရှေ့ရှိ မြေကွက်လပ်ကို လက်ညှိုးညွှန်၍ လေထုအတွင်းသို့ အကြိမ်ရေများစွာ တောက်ထုတ်လိုက်၏။
ရုတ်ချည်းဆိုသလိုပင် အစိမ်းရောင်လေစီးကြောင်းများသည် ရေစုပ်ဝဲတစ်ခုအလား စစ်သားများပေါ်သို့ ကျရောက်လာသည်။
စစ်သားများအားလုံးသည် အစိမ်းရောင်လေစီးကြောင်း၏ရစ်ပတ်လွှမ်းခြုံခြင်းကို ခံလိုက်ရပြီးနောက် ချက်ချင်းဆိုသလိုပင် သူတို့၏ခန္ဓာကိုယ်မှ ဒဏ်ရာများအားလုံး အလျှင်အမြန်ပျောက်ကင်းစပြုလာခြင်းကို ခံစားမိသည်။သူတို့၏အတွင်းဒဏ်ရာတချို့ပင်လျှင် အနည်းငယ်လျော့ပါးသွားပေ၏။
"နတ်ဘုရားဓားအမတ်ကြီး...ဒီနေရာမှာ ငါ မရှိဘူးလို့ မင်း ထင်နေတာလား"
ကျိုးရှောင်၏ဒေါသတကြီးအော်ဟစ်လိုက်သံက မိုးကောင်းကင်ယံတခွင်လုံးအနှံ့ ပျံ့နှံ့သွားသည်။
နတ်ဘုရားဓားအမတ်ကြီးသည် ရှုရာဧကရာဇ်ရှစ်ဖန့်ကို သတ်လိုက်ခြင်းကို သူ မဟန့်တားနိုင်ခဲ့သည့်အတွက် သူ အရှက်ရခဲ့ပြီးလေပြီ။
ယခုလက်ရှိချိန်တွင် နတ်ဘုရားဓားအမတ်ကြီးသည် သူ့ရှေ့ရှိ တော်ဝင်စစ်တပ်မှစစ်သားများကို ကုသပေးနေသည်။ဤသည်က သူ၏မျက်နှာကို ဖြတ်ရိုက်သည်နှင့် တူညီပေ၏။
နတ်ဘုရားဓားအမတ်ကြီး၏အပြုအမူသည်'ငါ မင်းကိုသတ်ဖို့ အင်အားအများကြီး စိုက်ထုတ်စရာမလိုဘူး...ဒါ့ကြောင့် ငါ့ရဲ့မှော်စွမ်းအင်တွေကို ငါ့ရဲ့လူတွေကိုကုသပေးဖို့အတွက် အသုံးပြုနိုင်တယ်'ဟူသော သဘောကိုဆောင်နေသည်။
"အမှန်ပဲလေ...ငါက မင်းကို ရှိနေတယ်လို့ကို မထင်တာ...ခဏနေကြရင် မင်း ဆက်ပြီးရှိနေနိုင်တော့မှာမှ မဟုတ်တာ"
ရုတ်ချည်းဆိုသလိုပင် နတ်ဘုရားဓားအမတ်ကြီးသည် သူ၏အင်္ကျီလက်မောင်းကြားမှ ရွှေရောင်အမိန့်စာလွှာတစ်ခုကိုထုတ်ယူ၍ ဖြည်းညှင်းစွာ ဖြေချလိုက်၏။
"အရှင်ဧကရာဇ်ရဲ့အမိန့်တော်အရ...ရှုရာနယ်မြေရဲ့ပုန်ကန်မှုက အရမ်းကြီးလေးတယ်...ဒါကြောင့် ရှုရာမျိုးနွယ်တစ်စုလုံးကို အမြစ်ပြတ်သုတ်သင်ပြီးတော့ ရှုရာနယ်မြေတစ်ခုလုံးကို ဖျက်ဆီးရမယ်"
Chapter 2007
ထိုအမိန့်စာလွှာကိုဖြန့်လိုက်စဥ်တွင် တောက်ပသောရွှေရောင်အလင်းတန်းများ ဖြာထွက်လာသည်။
ထိုအမိန့်စာလွှာပေါ်၌ ရေးသားထားသောစာလုံးများကို ရွှေဖြင့်သွန်းလုပ်ထားပုံရသည်။စာလုံးများအားလုံးသည် ရွှေရောင်တောက်ပနေပြီး ကျယ်ပြန့်ပြီးလေးလံသော ဖိအားအရှိန်အဝါမျိုးကို ထုတ်လွှက်ပေးနေ၏။
ဤသည်က တာယွီအင်ပါယာဧကရာဇ်မင်း၏စိတ်ဆန္ဒကို ကိုယ်စားပြုသည်။ကောင်းကင်ဘုံနယ်မြေအတွင်းရှိ သက်ရှိမျိုးနွယ်များသည် အားကောင်းသူဖြစ်စေ အားနည်းသူဖြစ်စေ ထိုစိတ်ဆန္ဒကို လိုက်နာကြရ၏။
အမိန့်စာလွှာကို ထုတ်ပြန်လိုက်စဥ်တွင် ပုန်ကန်မှုတွင်ပါဝင်ခဲ့ကြသော ရှုရာများအားလုံးသည် သူတို့ကို အားကောင်းသည့်စိတ်ဆန္ဒတစ်ရပ်မှ ဖိနှိပ်လာခြင်းကို ခံစားမိသည်။သူတို့၏ခန္ဓာကိုယ်တွင်းအင်္ဂါများ လောင်ကျွမ်းလာသကဲ့သို့ ခံစားရပြီး သူတို့၏အရှိန်အဝါများသည်လည်း လျော့ကျသွားပေ၏။
"ပုန်ကန်တဲ့ကောင်တွေနဲ့သစ္စာဖောက်တွေ...မင်းတို့ရထားတဲ့ မိုးကောင်းကင်တာအိုရဲ့အကူအညီကို ငါ ပြန် ရုတ်သိမ်းမယ်"
ရှားဟိုလီသည် လက်တစ်ဖက်ဖြင့် တော်ဝင်အမိန့်စာလွှာကိုကိုင်ဆောင်၍ ကျန်လက်တစ်ဖက်ဖြင့် ရှုရာစစ်တပ်ထံ လက်ညှိုးညွှန်လိုက်သည်။
ဝုန်း...
ပြင်းထန်သောတုန်ခါသံကြီးက လေထုအတွင်း၌ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
ရှုရာမျိုးနွယ်များသည် သူတို့ထံတွင်ရှိသည့် မိုးကောင်းကင်တာအို၏ကူညီထောက်ပံမှု ပျောက်ကွယ်သွားသည်ကို ခံစားမိပြီး သူတို့သည် ကောင်းကင်နှင့်မြေပြင်အကြားမှ စိတ်ဝိညာဥ်စွမ်းအားများကို စုပ်ယူ၍မရတော့ချေ။
ဤသည်က အုပ်ချုပ်သူတစ်ယောက်၏စွမ်းအားပင်။
တာယွီအင်ပါယာ၏ပိုင်နက်နယ်မြေအတွင်း၌ ဧကရာဇ်မင်း ပြောဆိုသမျှမှာ အကြွင်းမဲ့အမှန်တရားဖြစ်သည်။အကယ်၍ ဧကရာဇ်မင်းသည် တစ်စုံတစ်ယောက်ကို သေမိန့်ပေးလိုက်ပါက ထိုလူသည် ချွင်းချက်မရှိ အသက်ရှင်သန်နိုင်မည်မဟုတ်ချေ။
"ငါတို့က မိုးကောင်းကင်တာအိုရဲ့ငြင်းပယ်ခြင်းကို ခံလိုက်ရပြီ"
"ငါတို့က ဘာလို့စိတ်ဝိညာဥ်စွမ်းအားတွေ စုပ်ယူလို့မရတော့တာလဲ...တကယ်လို့ အဲ့ဒီလိုဆိုရင် ငါတို့ နောင်အနာဂတ်မှာ ဘယ်လိုမှကျင့်ကြံနိုင်မှာ မဟုတ်ဘူး"
ရှုရာများအားလုံး ထိတ်လန့်ကြောက်ရွံနေကြ၏။ယခင်က သူတို့၏အစွမ်းထက်သောခွန်အားများကြောင့် မောက်မာဝံ့ကြွားနေသောအမူအယာများအားလုံး ချက်ချည်းဆိုသလိုပင် ပျောက်ကွယ်သွားတော့သည်။
ကျိုးရှောင်၏မျက်လုံးများက နတ်ဘုရားဓားအမတ်ကြီးပေါ်သို့ အခိုင်အမာကျရောက်သွားသည်။
"မင်းတစ်ယောက်တည်းနဲ့ ငါတို့အားလုံးကို အမြစ်ပြတ်သုတ်သင်နိုင်မယ်လို့ တော်ဝင်နန်းတော်က တကယ်ကြီးထင်နေတာလား...အတိတ်မှာတုန်းက ငါတို့ရှုရာတွေ ကောင်းကင်ဘုံနယ်မြေအနှံ့ သွားလာနေချိန်မှာ မင်း ဘယ်နေရာရောက်နေမှန်းတောင်မသိဘူး"
"ဒါက မင်းတို့ရဲ့ခေတ်ကာလ မဟုတ်တော့ဘူး...ရှုရာနတ်ဘုရားက သေဆုံးသွားပြီ...တကယ်လို့ မင်းတို့က တော်ဝင်နန်းတော်ကို အမှန်တကယ်သစ္စာခံခဲ့တယ်ဆိုရင်...မင်းတို့အားလုံး အသက်ရှင်သန်နိုင်ဦးမယ်...ကံဆိုးချင်တော့ မင်းတို့က ကိုယ့်သေလမ်းကို ကိုယ်ရှာခဲ့ကြတယ်...မင်းတို့ရှုရာမျိုးနွယ်တွေ ကောင်းကင်ဘုံနယ်မြေမှာ ဆက်ပြီးတည်ရှိနေစရာ မလိုအပ်တော့ဘူး"
နတ်ဘုရားဓားအမတ်ကြီးသည် သရော်တော်တော်ပြောဆိုပြီးနောက် သူက လေဟာနယ်အတွင်းသို့ လက်ညှိုးညွှန်လိုက်၏။သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် ထောင်နှင့်ချီသောဓားချီများ ထွက်ပေါ်လာပြီး ဓားနတ်ဘုရားတစ်ပါး သေမျိုးလောကအတွင်းသို့ ဆင်းသက်လာခြင်းနှင့် တူညီနေသည်။
ကျိုးရှောင်သည်လည်း ထပ်မံ၍တိတ်ဆိတ်ငြိမ်သက်နေခြင်းမရှိတော့ချေ။သူ၏ခန္ဓာကိုယ်ပေါ်၌ အလွန်တောက်ပသော ရွှေရောင်ရတနာဝတ်ရုံတစ်ထည်ကို လွှမ်းခြုံထားသည်။သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှမှော်စွမ်းအားများကို စုစည်းပြီးနောက် မီတာရာပေါင်းများစွာမြင့်မားသော ဓမ္မပုံရိပ်ယောင်ကြီးအဖြစ် သူ၏နောက်၌ ဖွဲ့စည်းသွားပေ၏။ထိုဓမ္မပုံရိပ်ယောင်ကြီးသည် လက်ကြီးနှစ်ဖက်ကိုဖြန့်ကားထားပြီး နေနှင့်လကိုပင် ဖျက်ဆီးနိုင်ပုံရကာ သူ ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် တောင်များနှင့်မြစ်များကို ကြေမွှပျက်စီးစေနိုင်သည်။
သူတို့နှစ်ယောက်လုံးသည် အလွန်အစွမ်းထက်သော နယ်မြေသခင်များ ဖြစ်ပေ၏။သူတို့နှစ်ယောက် တိုက်ခိုက်နေစဥ်တွင် ပတ်ဝန်းကျင်ရှိလေဟာနယ်ကို တုန်ခါစေပြီး လှိုင်းဂယက်များ ထွက်ပေါ်လာစေသည်။သူတို့၏လက်ဝါးတစ်ချက် ကျရောက်သွားသော လေဟာနယ်အတွင်း၌ လေဟာနယ်တွင်းနက်ကြီးတစ်ခုထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ သက်ရှိများကို မည်သည့်အရာမျှမရှိခဲ့သကဲ့သို့ ဝါးမျိုသွားခဲ့သည်။
အချိန်တခဏအတွင်းမှာပင် သူတို့နှစ်ယောက်သည် တိုက်ကွက်ပေါင်းရာနှင့်ချီ၍ တိုက်ခိုက်ပြီးလေပြီ။သူတို့၏စွမ်းအားများသည် အကန့်အသတ်မရှိပြင်းထန်ပြီး ကြယ်နယ်မြေတစ်ခုကိုပင် အပြည့်အဝပျက်စီးစေနိုင်သည်။
လုယွီအား တခြားသူများက ကယ်တင်၍ စစ်သင်္ဘောကုန်းပတ်ပေါ်သို့ ခေါ်ဆောင်သွားကြ၏။ထို့နောက် သူ့အားကုသပေးရန်အတွက် သမားတော်များ ချက်ချင်းရောက်ရှိလာသည်။
"ဗိုလ်ချုပ်ရှောင်...ဘယ်လိုနေသေးလဲ"
ရှားဟိုလီက အလျင်စလို မေးမြန်းလေသည်။
လုယွီက ခေါင်းခါယမ်းပြကာ ပြောဆိုလိုက်၏။
"ဘာမှစိုးရိမ်စရာမရှိပါဘူး...ကျွန်တော်ကိုဂရုစိုက်ပေးတဲ့အတွက် တပ်မှူးချုပ်ကို ကျေးဇူးတင်ပါတယ်"
အတွေးတစ်ချက်ဖြင့်ပင် လုယွီသည် သူ၏ခန္ဓာကိုယ်အတွင်း၌ အကြွင်းမဲ့မူလဘူတခန္ဓာကိုယ်နည်းစနစ်ကိုလှည့်ပတ်၍ အလွန်လျှင်မြန်သောအရှိန်ဖြင့် သူ၏ဒဏ်ရာများကို ပြန်လည်ကုသလိုက်သည်။
အကြွင်းမဲ့မူလဘူတခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်သည် ရှေးဟောင်းခန္ဓာကိုယ်ထိန်းညှိခြင်းနည်းစနစ်တစ်ခုဖြစ်သည်။ထိုနည်းစနစ်ကို အမတ်ကြီးချွယ်မှ အရင်ဆုံးဖန်တီးခဲ့ကာ ဆင့်ကဲတိုးတက်မှုများ ဆက်တိုက်ဖြတ်သန်းပြီးနောက် ပြိုင်ဘက်ကင်းတည်ရှိမှုကြီး ဖြစ်လာပေ၏။
လုယွီ၏ခန္ဓာကိုယ်ပေါ်တွင် ယခင်က ဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။အသက်ရှုချိန်အနည်းငယ်ခန့် ကုသပြီးနောက် သူ၏ဒဏ်ရာများ ပျောက်ကင်းစပြုလာသည့်အပြင် သူ၏အရှိန်အဝါသည်လည်း တစတစ ပို၍အားကောင်းလာသည်။
ထိုမြင်ကွင်းကိုမြင်သည်နှင့် လုယွီ၏နံဘေးပတ်ဝန်းကျင်တွင်ရှိနေသော သမားတော်များသည် အံ့အားသင့်စွာဖြင့် သူတို့၏လျှာများကိုပင် သူတို့ပြန်ကိုက်လိုက်ကြ၏။
"ဒီဗိုလ်ချုပ်ရဲ့ရုပ်ခန္ဓာကိုယ်က အရမ်းကိုအားကောင်းတာပဲ"
သမားတော်အိုကြီးတစ်ယောက်က သူ၏မုတ်ဆိတ်မွှေးများကို ပွတ်သပ်ပြီး အံ့အားတသင့် ရေရွတ်လိုက်သည်။
Chapter 2008
ရှားဟိုလီကလည်း လုယွီကို စူးစိုက်၍ကြည့်နေသည်။သူသည် ဗဟုသုတကြွယ်ဝသူဖြစ်၍ လုယွီ၏ကျင့်ကြံနည်းစနစ်သည် သာမာန်ထက်သာလွန်ထူးကဲသည်ကို ချက်ချင်းဆိုသလို နားလည်သဘောပေါက်သွားပေ၏။
"ဖြစ်နိုင်တာတော့ သူက ရှေးဟောင်းခေတ်ကအမွေအနှစ်တစ်ခုကိုရထားတာပဲဖြစ်မယ်"
ရှားဟိုလီသည် ရှေးဟောင်းမိုးကြိုးဝေလ၏အစစ်အမှန်သွေးစက်ကို ဝါးမျိုပြီးနောက် သူ၏ကျင့်ကြံဆင့်သည် ခုန်ပျံကျော်လွှား၍ တိုးတက်လာခဲ့သည်။ထို့ကြောင့် သူသည်လည်း ရှေးဟောင်းကျင့်ကြံနည်းစနစ်များ၏အကျိုးကျေးဇူးများကို ကောင်းစွာသိရှိထားသည်။
လုယွီသည် ဤမျှငယ်ရွယ်သောအသက်ဖြင့်ပင် ရှုရာဧကရာဇ်ကို ချိပ်ပိတ်ထားနိုင်ခဲ့ရာ သူ၏အနာဂတ်အောင်မြင်မှုသည် အကန့်အသတ်ရှိမည်မဟုတ်ချေ။
"ငါ အရင်တုန်းက မိသားစုကြီးရှစ်ခုနဲ့ ဆက်ဆံရေးကောင်းမရှိခဲ့ဘူး...ဒါကြောင့် ငါ တော်ဝင်နန်းတော်ကနေ ပစ်ပယ်ထားတာကိုခံနေရတယ်...ဒီလူငယ်လေးက ငါ့အတွက် အလှည့်အပြောင်းတစ်ခုဖြစ်နိုင်တယ်...တကယ်လို့သာ ငါ သူနဲ့မိတ်ဆွေဖွဲ့ထားမယ်ဆိုရင်...ငါ့ရဲ့အနာဂတ်အရာရှိလမ်းကြောင်းမှာ ကြီးမားတဲ့ကူညီထောက်ပံမှုကြီးတစ်ခု ဖြစ်နိုင်တယ်"
အချိန်တခဏကြာ စဥ်းစားတွေးတောပြီးနောက် ရှားဟိုလီသည် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချလိုက်၏။
ဖေးထျန်ကွမ်းနှင့်နတ်ဆိုးသားရဲဧကရာဇ်နှစ်ကောင်သည်လည်း လုယွီ၏နံဘေး၌ မတ်တတ်ရပ်၍ ကာကွယ်စောင့်ကြပ်ပေးနေသည်။
အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်စာခန့်အကြာတွင် လုယွီ၏အသက်ရှုနှုန်း ရုတ်တရက်ပြင်းထန်လာသည်။သူ၏နံဘေးပတ်လည်တွင် ရစ်သိုင်းနေသော စိတ်ဝိညာဥ်စွမ်းအားများအားလုံးကို သူ၏ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူလိုက်၏။
ကျယ်လောင်သော တုန်ခါသံကြီးတစ်သံ ထွက်ပေါ်လာပြီးနောက် လုယွီ၏ရင်ဘတ်မှနေ၍ ရွှေနှင့်သတ္ထုထိခတ်မိသကဲ့သို့အသံမျိုး မြည်ဟီးလာသည်။
မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးအတွင်း၌ ချိပ်ပိတ်ခံထားရသော ရှုရာဧကရာဇ်ရှစ်ဖန့်၏ကျင့်ကြံနည်းစနစ်များအားလုံးကို လုယွီက ထွင်းဖောက်မြင်နိုင်ခဲ့သည်။
"ရှေးဟောင်းခေတ်က ဂိုဏ်းကြီးတစ်ဂိုဏ်းဆိုတဲ့အတိုင်းပဲ...ရှေးဟောင်းကောင်းကင်ဘုံရန်ငြိုးတရားဂိုဏ်းက ကျင့်ကြံနည်းစနစ်တွေက တကယ့်ကိုအစွမ်းထက်တာပဲ"
လုယွီကမျက်လုံးစုံမှိတ်ထားသော်လည်း သူ၏စိတ်အတွင်း၌ အတွေးများကလျှင်မြန်စွာလည်ပတ်နေသည်။ရှုရာဧကရာဇ်ရှစ်ဖန့်၏ကျင့်ကြံနည်းစနစ်များအားလုံးသည် လုယွီ၏စိတ်အတွင်းသို့ အလျှင်အမြန် ဝင်ရောက်လာပေ၏။
ထိုကျင့်ကြံနည်းစနစ်များသည် ရှုပ်ထွေးသော်လည်း လုယွီ ကျင့်ကြံလိုပါက အခက်အခဲရှိနိုင်မည့်အရာမျိုးမဟုတ်ချေ။
နောက်ဆုံး၌ ရှုရာဧကရာဇ်ရှစ်ဖန့်၏ကျင့်ကြံနည်းစနစ်များအားလုံးကို လုယွီက သန့်စင်ခဲ့ပြီးနောက် သူ၏မိုးကောင်းကင်လှိုဏ်ဂူနှင့် ပေါင်းစပ်လိုက်ရာ သူ၏ခွန်အားများ အလျှင်အမြန် တိုးပွါးလာခဲ့သည်။ဆဋ္ဌမမြောက်အစစ်အမှန်နဂါးပုံရိပ်သည် လုယွီ၏မိုးကောင်းကင်လှိုဏ်ဂူအတွင်း၌ စတင်၍သိပ်သည်းလာပေ၏။
ထိုအစစ်အမှန်နဂါးပုံရိပ်သည် ဝေဝါးဝါးသာရှိသေးသော်လည်း နဂါးတစ်ကောင်၏ပုံသဏ္ဌာန် ရှိနေလေပြီ။
လုယွီက ရုတ်တရက် ခေါင်းမော့၍ မိုးကောင်းကင်ယံကိုမော့ကြည့်ကာ ကျယ်လောင်စွာ အော်ဟစ်ကြုံးဝါးလိုက်သည်။သူ၏အသံသည် မိုးခြိမ်းသံနှင့်တူညီနေပြီး သူ၏အရိုးနှင့်ကြွက်သားများမှနေ၍ တဖျစ်ဖျစ်တဖြောက်ဖြောက်မြည်သံများ ထွက်ပေါ်နေသည်။တလိမ့်လိမ့်စီးဆင်းနေသောစွမ်းအားလှိုင်းများက သူ၏ခန္ဓာကိုယ်အနှံ့ လှည့်ပတ်နေပေ၏။
ဆဋ္ဌမမြောက်အစစ်အမှန်နဂါးကို အပြည့်အဝသိပ်သည်းခြင်း မပြုရသေးသည့်တိုင် လုယွီ၏လက်ရှိခွန်အားသည် မြေကမ္ဘာအင်မော်တယ်နှောင်းပိုင်းအဆင့် ကျင့်ကြံသူကိုပင် အနိုင်ယူနိုင်သည်။
"ဘယ်လောက်တောင် အစွမ်းထက်တဲ့ခွန်အားလဲ...သူက ရွှယ်အင်မော်တယ်တစ်ယောက်ကိုတောင် စိန်ခေါ်တိုက်ခိုက်နိုင်ခဲ့တယ်"
လုယွီ၏လုပ်ဆောင်ချက်များကိုကြည့်ပြီး နတ်ဆိုးသားရဲဧကရာဇ်နှစ်ယောက်လုံး ကြောက်ရွံထိတ်လန့်နေသည်။
သူတို့သည် သူတို့၏အသက်ဖြင့်ရင်း၍ လူသားမျိုးနွယ်များကို ကူညီခဲ့ခြင်းမှာ ပင်လယ်သူတော်စင်၏တံဆိပ်ပြားကြောင့်ပင်။သို့ရာတွင် အကယ်၍ လုယွီသည် မည်သည့်အရာကိုမျှစွမ်းဆောင်နိုင်ခြင်းမရှိသည့် အသုံးမကျသောလူစားမျိုးဖြစ်နေပါက သူတို့၏အသက်များကိုရင်း၍ စွန့်စားမည်မဟုတ်ချေ။
နတ်ဆိုးဧကရာဇ်နှစ်ယောက်သည် မူလက လုယွီသည် သာမာန်လောကီအင်မော်တယ်တစ်ယောက်ဟု တွေးထင်ထားကြ၏။သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီက သူတို့အား မျက်စိပွင့်နားပွင့်ဖြစ်စေခဲ့သည်။
"ပင်လယ်သူတော်စင် ရွေးချယ်ထားတဲ့လူက တကယ့်ကို သာမာန်ထက်သာလွန်ထူးကဲတာပဲ"
ဖေးထျန်ကွမ်းသည် နံဘေးတစ်ဖက်၌ မတ်တတ်ရပ်၍ တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ဆိုင်းနေဆဲပင်။သူ၏မျက်ခုံးများကို တင်းတင်းကျပ်ကျပ်စုကျုံထားပြီး သူ မည်သည့်အရာကိုစဥ်းစားတွေးတောနေသည်အား မည်သူမျှမသိနိုင်ချေ။
အချိန်တခဏကြာပြီးနောက် လုယွီသည် ရှုရာဧကရာဇ်ရှစ်ဖန့်၏ကျင့်ကြံနည်းစနစ်များအားလုံးကို အပြည့်အဝသန့်စင်နိုင်ခဲ့သည်။သူ၏ခန္ဓာကိုယ်မှခွန်အားများသည် ပို၍ကျစ်လစ်သိပ်သည်းလာပြီး တလိမ့်လိမ့်စီးဆင်းနေသော မှော်စွမ်းအားများသည် အကန့်အသတ်ရှိပုံမရချေ။
ရုတ်ချည်းဆိုသလိုပင် လုယွီ၏မျက်လုံးမှနေ၍ စူးရှသောအလင်းရောင်များ ဖြာထွက်လာသည်။ဤသည်က ဓားအိမ်မှထုတ်လိုက်သော ဓားတစ်ချောင်းနှင့်တူညီပြီး မည်သူကမျှ သူ၏မျက်လုံးကို စေ့စေ့မကြည့်ဝံ့ချေ။
"ငါ မသိတော့ဘူး...တကယ်လို့ ငါ သူနဲ့သာတိုက်ခိုက်ရရင် ငါက သူ့ရဲ့ပြိုင်ဘက်ဖြစ်နိုင်ပါ့မလား"
ရှားဟိုလီနှင့်နတ်ဆိုးဧကရာဇ်နှစ်ယောက်၏ စိတ်နှလုံးသားများအတွင်း၌ ထိုအတွေးက တစ်ချိန်တည်းထွက်ပေါ်လာသည်။
"ဗိုလ်ချုပ်ရှောင်...မင်းကို နတ်ဘုရားဓားအမတ်ကြီးက ကယ်တင်ခဲ့တယ်...နတ်ဘုရားဓားအမတ်ကြီးတောင်ရောက်လာမှတော့ တော်ဝင်နန်းတော်က စစ်ကူတွေ မကြာခင်မှာ ရောက်လာတော့မယ်"
ဝိုးတိုးဝါးတားဖြင့်ပင် လုယွီသည် ထိုလူတစ်စု၏ခေါင်းဆောင် ဖြစ်လာပေ၏။
လုယွီ၏ခွန်အားနှင့်ရာထူးအဆင့်အတန်းသည် မြင့်မားခြင်းမရှိသည့်တိုင် သူ၏လုပ်ဆောင်ချက်များကို တွေ့မြင်ပြီးနောက် လူတိုင်းသည် သူ့အပေါ်၌ ယုံကြည်အားကိုးစပြုလာသည်။
"နတ်ဘုရားဓား အမတ်ကြီးလား"
လုယွီသည် မိုးကောင်းကင်ယံအတွင်းရှိ တုန်လှုပ်ချောက်ချားဖွယ်တိုက်ပွဲကို တစ်ချက်ကြည့်ပြီးနောက် သူက တည်ငြိမ်စွာ ပြောဆိုလိုက်၏။
"ကျိုးရှောင် ရှုံးတော့မယ်"
Chapter 2009
ဝုန်း...
လုယွီ၏စကားသံပြီးဆုံးသွားသောအချိန်မှာပင် အဝေးရှိကြယ်တာရာကောင်းကင်ယံမှနေ၍ တုန်ခါသံကြီးတစ်သံ ထွက်ပေါ်လာသည်။
လူရိပ်နှစ်ယောက်လုံး အလျှင်အမြန် နောက်သို့ဆုတ်ခွါနေကြ၏။ထို့နောက် နတ်ဘုရားဓားအမတ်ကြီးသည် သူ၏ရှေ့ရှိလေဟာနယ်အတွင်းသို့ လက်ညှိုးညွှန်လိုက်သည်။သူ၏ခန္ဓာကိုယ်ပေါ်ရှိ ပိုးထည်ဝတ်စုံသည် အနည်းငယ်တွန့်ကြေနေသော်လည်း ယခင်အတိုင်းခမ်းနားထည်ဝါနေဆဲပင်။
ဆန့်ကျင်ဘက်အနေဖြင့် ကျိုးရှောင်မှာမူ အလွန်စိုးရိမ်ဖွယ်အနေအထားသို့ ရောက်ရှိနေသည်။သူ၏ခန္ဓာကိုယ်ပေါ်တွင်လွှမ်းခြုံထားသော ရွှေရောင်ရတနာဝတ်ရုံသည် စုတ်ပြဲနေပြီး နေရာအများစုတွင် ဓားချီများဖြင့်ထွင်းဖောက်ခြင်းခံထားရသည်။
"ငါက ဒီနေရာကိုတစ်ယောက်တည်းလာခဲ့မှတော့...ငါ့ဆီမှာ မင်းတို့ကိုနှိမ်နင်းနိုင်တဲ့ ခွန်အားမျိုးရှိလို့ပေါ့...မင်းတို့က ဒီအရည်အချင်းလောက်နဲ့ ပုန်ကန်ဖို့ကြိုးစားတာ တော်တော်မိုက်မဲတာပဲ"
အပန်းဖြေထွက်နေသည့်အလား လေထုအတွင်း၌ အေးအေးလူလူလမ်းလျှောက်နေပြီး မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူက ကျိုးရှောင်၏ရှေ့သို့ ရောက်ရှိသွားသည်။
သူ၏လက်အတွင်း၌ သုံးပေခန့်ရှည်လျားသော ဓားချီတစ်လှိုင်းကို ဖွဲ့စည်းထားသည်။
"ငါ့ရဲ့စိတ်နှလုံးသားထဲမှာ မြင့်မြတ်တဲ့အရှိန်အဝါရှိပြီးတော့ ငါ့ရဲ့ဓားချီက တောက်ပတယ်...ဒီဓားချီက လောကကြီးထဲမှာရှိတဲ့ အရာရာတိုင်းကို ဖြတ်တောက်နိုင်တယ်"
နတ်ဘုရားဓားအမတ်ကြီးသည် တိုးညှင်းစွာမန္တန်ရွတ်ဆိုလိုက်ပြီးနောက် သူ၏စစ်ဖိနပ်ချလိုက်သောနေရောတွင် ဓားချီလှိုင်းများမှနေ၍ ကြာပန်းတစ်ပွင့် တိတ်ဆိတ်ငြိမ်သက်စွာ ပွင့်လန်းလာသည်။
သူသည် ရှေ့သို့ ခြေသုံးလှမ်းတိုးလိုက်၏။
ကျိုးရှောင်က သွေးသုံးလုတ်အန်ထုတ်လိုက်ရသည်။
စူးရှသောဓားချီသုံးလှိုင်း ပေါက်ကွဲထွက်ပေါ်လာမှုနှင့်အတူ ကျိုးရှောင်၏ခန္ဓာကိုယ်သည် အချိန်တခဏကြာယိုင်ထိုးနေပြီးနောက် သူ၏ခန္ဓာကိုယ်ပေါ်၌ သွေးစို့နေသောဒဏ်ရာများ ထွက်ပေါ်လာသည်။
ထိုဓားချီ မည်သည့်နေရာမှ ထွက်ပေါ်လာသည်ကို မည်သူမျှ သဲသဲကွဲကွဲ မမြင်တွေ့ရချေ။
နတ်ဘုရားဓားအမတ်ကြီး သူ၏မှော်မန္တန်ကို ရွတ်ဆိုလိုက်ချိန်တွင် ဤနေရာပတ်ဝန်းကျင်တစ်ဝိုက်သည် ဓားနယ်မြေဖြစ်သွားပုံရသည်။နေရာအနှံ့အပြားတွင် နတ်ဘုရားဓားအမတ်ကြီးအသုံးပြုနိုင်သော ဓားပျံများရှိနေသည်။
"သေစမ်း"
နတ်ဘုရားဓားအမတ်ကြီး၏မျက်နှာအမူအယာ ရုတ်တရက် အေးစက်တင်းမာသွားသည်။မြောက်မြားစွာသောဓားချီများ သူ၏လက်ဝါးအတွင်း၌စုဝေးလာပြီး နောက်ဆုံး၌ ရှည်လျားသောဓားတစ်ချောင်းအဖြစ် ဖွဲ့စည်းသွားပေ၏။
ထိုဓား၏ကိုယ်ထည်သည်ကျောက်စိမ်းနှင့်တူညီပြီး မျက်နှာပြင်ပေါ်၌ ရှုပ်ထွေးသောသင်္ကေတများကို ရေးထွင်းထားသည်။ဓား၏လက်ကိုင်သည် လုံးဝိုင်းပြီး ထိုအရာပေါ်၌ ရှေးဟောင်းအက္ခရာများရှိနေလေ၏။ဓားရှည်တစ်ခုလုံးမှနေ၍ ခပ်ဖျော့ဖျော့အစိမ်းရောင်အလင်းတန်းများ ဖြာထွက်နေသည်။
"ဒီဓားက...."
လုယွီသည် ထိုဓားကိုတစ်ချက်ကြည့်ပြီးနောက် သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
သူ ထိုဓားကို သိရှိပေ၏။
ထိုဓားကို 'ချင်းထန်ဓား'ဟု ခေါ်ဝေါ်သည်။မူလက ချင်းထန်ဓား၏ပိုင်ရှင်မှာ ရှေးဟောင်းကောင်းကင်ဘုံတရားရုံးအတွင်းရှိ ကောင်းကင်ပျံဝဲနန်းတော်မှ ရွှယ်အင်မော်တယ်နှစ်ယောက်အနက်မှ ကျီစစ်ဖြစ်သည်။
ထိုအချိန်တုန်းက လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ၏ ပုံရိပ်ယောင်ကမ္ဘာအတွင်း၌ ရှိနေစဥ်တွင် လုယွီသည် ရှေးဟောင်းနတ်ဆိုးများကြောင့် ချောင်ပိတ်မိနေစဥ်တွင် ကျီစစ် ကျီမို ရွှယ်အင်မော်တယ်နှစ်ယောက်၏အကူအညီဖြင့် သူ့အတွက် အလှည့်အပြောင်းတစ်ခု ရရှိခဲ့သည်။
.ဤမျှထိအချိန်ကြာညောင်းပြီးနောက် ထိုဓားကို ထပ်မံ၍မြင်တွေ့ရမည်ဟု သူ မျှော်လင့်မထားမိချေ။
ဤအချိန်တွင် နတ်ဘုရားဓားအမတ်ကြီး၏လက်အတွင်း၌ ချင်းထန်ဓားသည် အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိနေရာ ပြိုင်ဘက်ကင်းမှော်လက်နက်တစ်ခုဟုပင် ဆိုနိုင်သည်။
ဝှစ်...
နတ်ဘုရားဓားအမတ်ကြီး၏ဓားချက် ကျဆင်းလာချိန်တွင် ဓားချီလှိုင်းသည် တလိမ့်လိမ့်လှိုင်းထန်နေသော ဓားအလင်းရောင်ကိုသယ်ဆောင်၍ ကျိုးရှောင်၏ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ထိုဓားချီ ကျရောက်လာခြင်းနှင့်အတူ ကျိုးရှောင်၏ပုံရိပ်ကို ကြယ်တာရာကောင်းကင်ထက်၌ မမြင်တွေ့ရတော့ချေ။
"နယ်မြေသခင်..."
ဤှအချိန်အခိုက်အတန့်တွင် ရှုရာစစ်တပ်မှရှုရာများသည် ကူကယ်ရာမဲ့စွာဖြင့် ကြေကွဲဝမ်းနည်းမှုကို ခံစားလိုက်ရ၏။
ရှုရာဧကရာဇ်တချို့သည် ဒေါသတကြီးအော်ဟစ်ကြုံးဝါးပြီး နတ်ဘုရားဓားအမတ်ကြီးထံသို့ ပြေးဝင်၍ တိုက်ခိုက်ကြသည်။သို့ရာတွင် သူတို့သည် သာမာန်ထက်သာလွန်ထူးကဲသော ခွန်အားမျိုးရှိသည့်တိုင် နတ်ဘုရားဓားအမတ်ကြီး၏ပြိုင်ဘက်မဖြစ်နိုင်ချေ။
တာယွီအင်ပါယာ၏နတ်ဘုရားအမတ်ကြီးရှစ်ယောက်တွင် အလွန်အမင်း နက်နဲသိမ်မွေ့သော ကျင့်ကြံဆင့်နယ်ပယ်ရှိသည်။ကျင့်ကြံဆင့်နယ်ပယ်တူအတွင်းတွင်ပင် သူတို့၏တိုက်ခိုက်မှုကို ခုခံနိုင်သည်မှာ လူနည်းစုသာရှိပေ၏။
"ဟမ့်...ပုန်ကန်သူတွေနဲ့သစ္စာဖောက်တွေအားလုံး သေရမယ်"
နတ်ဘုရားဓားအမတ်ကြီးက ကျယ်လောင်စွာ အော်ဟစ်ကြုံးဝါးလိုက်သည်။သူ၏လက်အတွင်းရှိ ချင်းထန်ဓားကို ထပ်မံ၍ဝှေ့ယမ်းလိုက်ရာ ထောင်သောင်းချီသောရှုရာများ နေရာမှာပင် သေဆုံးသွားခဲ့သည်။
"ဓား...မြင့်တက်စမ်း"
နတ်ဘုရားဓားအမတ်ကြီးက လေထုအတွင်းသို့ ထပ်မံ၍ လက်ညှိုးညွှန်လိုက်သည်။
သူ၏နောက်တွင် သန်းရာချီသော ဓားပျံမိုးကြီးစုဝေးလာပြီး ရှုရာစစ်တပ်ထံဦးတည်၍ တိုက်ခတ်သွားသည်။
ဤတစ်ကြိမ်တွင် မရေမတွက်နိုင်သောရှုရာများသည် ဓားပျံမိုးအောက်၌ သေဆုံးသွားကြရ၏။ထက်ရှသောဓားချီများသည် ရှုရာများ၏ခန္ဓာကိုယ်ကို လွယ်လင့်တကူဆုတ်ဖြဲသွားခဲ့သည်။ရှုရာအမြောက်အများသည် သေဆုံးသွားပြီးနောက်တွင် အလောင်းအပြည့်အစုံပင် ကျန်ရှိခြင်းမရှိချေ။
ရှုရာစစ်တပ်သည် သန်မာအားကောင်းသော်လည်း နတ်ဘုရားဓားအမတ်ကြီး၏ရှေ့တွင် ခုခံကာကွယ်နိုင်စွမ်းမရှိသောကလေးများနှင့် တူညီနေသည်။
ရှုရာအုပ်စုကြီးတစ်စု ထပ်မံ၍သေဆုံးသွားလေပြီ။သေဆုံးသွားသောရှုရာများမှ ထွက်ပေါ်လာသော သွေးမိုးများအကြား၌ နတ်ဘုရားဓားအမတ်ကြီး၏ပုံရိပ်က အေးစက်တင်းမာစွာနှင့်မောက်မာဝင့်ကြွားစွာရှိနေသည်။
"ပုန်ကန်တာရဲ့နောက်ဆက်တွဲအကျိုးရလဒ်တွေက ဘာလဲဆိုတာ မင်းတို့အားလုံးသိအောင် ငါ ပြသပေးမယ်"
နတ်ဘုရားဓားအမတ်ကြီးက ခံစားချက်ကင်းမဲ့သောအသံဖြင့် ပြောဆိုလိုက်၏။
ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ နတ်ဘုရားဓားအမတ်ကြီး၏အကြည့်က အဝေးတစ်နေရာတွင်ရှိနေသော နတ်ဆိုးသားရဲဧကရာဇ်နှစ်ယောက်ထံသို့ ကျရောက်သွားသည်။
Chapter 2010
နတ်ဘုရားဓားအမတ်ကြီး၏စောင်းငဲ့ကြည့်ခြင်းကို ခံရပြီးနောက် နတ်ဆိုးသားရဲဧကရာဇ်နှစ်ယောက်သည် သူတို့ကို လျှပ်စီးဖြင့်ရိုက်ခတ်ခံရသည့်အလား ချက်ချင်းဆိုသလိုပင် အမိန့်နာခံကြောင်းပြသသည့်အနေဖြင့် သူတို့၏ခေါင်းများကိုငုံလိုက်သည်။
"ကံကောင်းထောက်မပြီး ဒီတစ်ကြိမ်မှာ ငါတို့က လူသားမျိုးနွယ်ရဲ့နောက်ကို လိုက်ခဲ့ကြတယ်...တကယ်လို့ ငါတို့သာ ရှုရာတွေဘက်က ရပ်တည်ခဲ့မိရင် ဘေးအန္တရာယ်နဲ့ရင်ဆိုင်ရမှာသေချာတယ်"
ထိုအကြောင်းကိုတွေးတောမိသည်နှင့် နတ်ဆိုးသားရဲဧကရာဇ်နှစ်ယောက်သည် ဝမ်းသာပျော်ရွှင်သွားပေ၏။
နတ်ဘုရားဓားအမတ်ကြီး၏ဟန့်တားတိုက်ခိုက်မှုအောက်တွင် ရှုရာစစ်တပ်ကြီးသည် နောက်သို့အဆက်မပြတ်ဆုတ်ခွါနေရသည်။
"ဒါက ငါတို့မျိုးနွယ်ရဲ့အဆုံးသတ်လား"
ရှုရာဧကရာဇ်အိုကြီးတစ်ယောက်က ကြေကွဲဝမ်းနည်းမှုများ ပြည့်နှက်နေသောလေသံဖြင့် ပြောဆိုလိုက်သည်။သူ၏မုတ်ဆိတ်မွှေးဖြူများသည် လေထုအတွင်း၌ ရှေ့နောက်လူးလွန့်လှုပ်ရှားနေသည်။
မူလက အင်အားအလွန်များပြားပြီး ကြီးကျယ်ခမ်းနားသော ရှုရာစစ်တပ်ကြီးသည် နတ်ဘုရားဓားအမတ်ကြီး၏ဖိအားအရှိန်အဝါအောက်တွင် သွေးရူးသွေးတန်းအော်ဟစ်၍ ထွက်ပြေးနေကြရ၏။
"ရှုရာမျိုးနွယ်ရဲ့အမွေအနှစ် ဆက်ပြီးရှိနေဖို့အတွက်...မင်းတို့အားလုံး လွတ်ရာကျွတ်ရာကို ထွက်ပြေးသင့်တယ်"
ရုတ်ချည်းဆိုသလိုပင် ရှုရာဧကရာဇ်အိုကြီးက မတ်တတ်ထရပ်၍ ကြေကွဲဝမ်းနည်းသောလေသံဖြင့် ပြောဆိုလိုက်သည်။
တခြားရှုရာဧကရာဇ်များသည်လည်း ကူကယ်ရာမဲ့စွာဖြင့် ကြေကွဲဝမ်းနည်းမှုကို ခံစားနေရသည်။ရှုရာဧကရာဇ်တချို့က ဒေါသတကြီး အော်ဟစ်လိုက်၏။
"သူက တစ်ယောက်တည်းလေ...ငါတို့အားလုံး အတူပူးပေါင်းပြီး သူ့ကို တိုက်ခိုက်ကြရအောင်"
"မဖြစ်နိုင်ဘူး...တာယွီအင်ပါယာရဲ့နတ်ဘုရားအမတ်ကြီးရှစ်ယောက် ဘယ်လောက်ထိကြောက်ဖို့ကောင်းတယ်ဆိုတာ မင်း မသိသေးဘူး"
ရှုရာဧကရာဇ်အိုကြီးက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"တကယ်လို့ ငါတို့အားလုံး အတူပူးပေါင်းပြီး တိုက်ခိုက်ရင်တောင်...သူ့ကို ဟန့်တားနိုင်မှာ မဟုတ်ဘူး...ဘာမှအကျိုးမရှိဘဲ သေရမယ့်အစား မင်းတို့ရဲ့မျိုးနွယ်တွေကိုခေါ်ပြီး မင်းတို့ရဲ့အသက်တွေဆက်ပြီးရှင်သန်နိုင်အောင် ထွက်ပြေးကြတော့"
နတ်ဘုရားဓားအမတ်ကြီးက ခပ်ဖျော့ဖျော့ပြုံးလိုက်၏။
"မင်းက ဒီလောက်အများကြီးသိထားခဲ့ပြီးမှ...ဘာလို့ ခေါင်းမာမာနဲ့ ပုန်ကန်ခဲ့တာလဲ"
"ဒါက အတိတ်နိမိတ်တစ်ခုကြောင့်ပဲ...ငါတို့ရှုရာတွေက ဒါကို လွန်ဆန်လို့မရဘူး"
ရှုရာဧကရာဇ်အိုကြီး၏မျက်လုံးများအတွင်း၌ အလင်းတန်းတချို့ ဖြတ်ပြေးသွားသည်။
"ငါက နတ်ဘုရားဓားအမတ်ကြီးရဲ့လက်ထဲမှာ သေဆုံးရရင် ဒါက ငါ့အတွက်ကံကောင်းမှုတစ်ခုပါပဲ...ဒီနေ့ မင်းကို တခြားသူတွေက ဘာလို့ဓားနတ်ဘုရားလို့ခေါ်ကြလည်းဆိုတာကို ငါ့ကိုသိခွင့်ပြုပါ"
စကားဆုံးသည်နှင့် ရှုရာဧကရာဇ်အိုကြီးသည် သူ၏အစစ်အမှန်ရှုရာပုံသဏ္ဌာန်အဖြစ်သို့ အသွင်ပြောင်းလိုက်၏။သူ၏လက်မောင်းနှစ်ဖက်လုံးကို ထက်ရှသောဓားသွားနှစ်ခုအဖြစ်သို့ ပြောင်းလဲလိုက်သည်။လေတိုးသံတစ်ချက်ထွက်ပေါ်လာခြင်းနှင့်အတူ ထက်ရှသောလေဓားသွားများက လေထုကိုဖြတ်သန်းသွားသည်။ထိုဓားသွားများ၏ကြီးကျယ်ခမ်းနားသောစွမ်းအားများက ကောင်းကင်နှင့်မြေပြင်ကိုပင် ချေမွှဖျက်ဆီးပစ်နိုင်ပုံရသည်။
သူသည် ရှုရာဧကရာဇ်တစ်ယောက်ဖြစ်ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ အင်္ဂါအစိတ်အပိုင်းများကို မှော်လက်နက်များတမျှ မာကြောကြမ်းတမ်းစေရန် ကျင့်ကြံထားသည်။
ထို့ပြင် ပို၍တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်မှာ ဤရှုရာဧကရာဇ်အိုကြီးထုတ်ဖော်ပြသလိုက်သောခွန်အားသည် သာမာန်ရှုရာဧကရာဇ်များထက် များစွာပို၍သန်မာအားကောင်းနေခြင်းပင်။
အလွန်ကြီးမားသော လေဓားသွားကြီးနှစ်လက်သည် ပတ်ဝန်းကျင်ရှိလေဟာနယ်ကို အနှောက်အယှက်ပေးနေပုံရသည်။ဤအချိန်အခိုက်အတန့်တွင် လေဟာနယ်သည်တွန့်ခေါက်သွားပြီး လေဓားသွားနှစ်လက်၏အောက်တွင် နတ်ဘုရားဓားအမတ်ကြီး၏နံဘေးပတ်လည်ရှိလေဟာနယ် ကျုံဝင်သွားပေ၏။
ထိုသို့တုန်လှုပ်ချောက်ချားဖွယ် တိုက်ခိုက်မှုနှင့် ရင်ဆိုင်နေရသည့်တိုင် နတ်ဘုရားဓားအမတ်ကြီးသည် ပျာယာခတ်နေခြင်းမရှိဘဲ အေးဆေးတည်ငြိမ်နေဆဲပင်။
သူက ချင်းထန်ဓားကိုကိုင်ဆောင်ပြီး ရှေ့သို့ထိုးစိုက်လိုက်၏။
ချင်းထန်ဓားသည် အနည်းငယ်တုန်ခါသွားပြီးနောက် ချက်ချင်းဆိုသလိုပင် ဓားချီအလင်းတန်းတစ်တန်းထွက်ပေါ်လာကာ ရှုရာဧကရာဇ်အိုကြီးထံသို့ မျောလွင့်သွားသည်။
သို့ရာတွင် ရှုရာဧကရာဇ်အိုကြီးအနီးသို့ ရောက်ရှိသွားချိန်တွင် မူလက မသိသာမထင်ရှားသောဓားချီသည် ရုတ်တရက် ဖြာထွက်သွားကာ ထောင်သောင်းချီသော ဓားချီအလင်းတန်းများအဖြစ် ပြောင်းလဲသွားပေ၏။ထိုဓားချီအလင်းတန်းများသည် လေဓားသွားကြီးနှစ်လက်ကို ချေမွှဖျက်ဆီးပစ်ကာ ရှုရာဧကရာဇ်အိုကြီး၏ခန္ဓာကိုယ်ကို စိုက်ဝင်သွားသည်။
ဝှီး...ဝှီး...ဝှီး...
ဓားချီအလင်းတန်းများသည် ရေတံခွန်အလားဖြာကျလာပြီး ရှုရာဧကရာဇ်အိုကြီး၏ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားလေ၏။
ရှုရာဧကရာဇ်အိုကြီး၏ခွန်အားသည် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော်လည်း နတ်ဘုရားဓားအမတ်ကြီး၏ရှေ့တွင် သူ၏ကျစ်လစ်တောင့်တင်းသော ရုပ်ခန္ဓာကိုယ်သည် စက္ကူတစ်ရွက်ကဲ့သို့ နုနယ်နေသည်။
"ငါ့ရဲ့တိုက်ခိုက်မှုအောက်မှာ ခုချိန်ထိတောင့်ခံနိုင်တာနဲ့တင် မင်းက ငါ့ရဲ့လေးစားမှုကိုခံယူဖို့ ထိုက်တန်နေပြီ...တကယ်လို့ ငါ မင်းကို သတ်ချင်တယ်ဆိုရင် ငါ့ရဲ့လက်ချောင်းတစ်ချောင်းကို လှုပ်ခတ်လိုက်ရုံပဲ"
နတ်ဘုရားဓားအမတ်ကြီးက ရှေ့သို့ ထပ်မံ၍ လက်ညှိုးညွှန်လိုက်၏။
ရှုရာဧကရာဇ်အိုကြီး၏ခန္ဓာကိုယ်ကို ဖောက်ဝင်နေသော ဓားပျံများသည် ရုတ်တရက်လမ်းကြောင်းပြောင်းလဲသွားပြီး နတ်ဘုရားဓားအမတ်ကြီး၏နံဘေးသို့ ပြန်လည်ရောက်ရှိသွားသည်။
နတ်ဘုရားဓားအမတ်ကြီးသည် သူ၏လက်များကိုနောက်ပစ်၍ မတ်တတ်ရပ်နေပြီး သူ၏နံဘေးပတ်လည်၌ ထောင်သောင်းချီသောဓားပျံများက မျောလွင့်နေသည်။ဤမြင်ကွင်းသည် အလွန်အမင်း တုန်လှုပ်ချောက်ချားဖွယ်ရာပင်။
ရှုရာဧကရာဇ်အိုကြီး၏ခန္ဓာကိုယ်တွင်မူ သွေးသံတရွှဲရွှဲဖြစ်နေပြီး သူ၏ရုပ်အလောင်းတွင် ကိုယ်လက်အင်္ဂါအပြည့်အစုံပင် မကျန်ရှိတော့ချေ။
"ဘိုးဘေး..."
ရှုရာစစ်တပ်အတွင်းမှနေ၍ ကြေကွဲဝမ်းနည်းစွာအော်ဟစ်လိုက်သောအသံများ ထွက်ပေါ်လာသည်။
ရှေ့သို့ခြေလှမ်းတစ်လှမ်းခြင်းလျှောက်လှမ်းလာသော နတ်ဘုရားဓားအမတ်ကြီးကိုကြည့်ပြီး ရှုရာများသည် သူတို့ထံ၌ အစွမ်းအစကင်းမဲ့နေသကဲ့သို့ ခံစားနေရ၏။
"နတ်ဘုရားဓားအမတ်ကြီး...မင်း ရှုရာမျိုးနွယ်ကို ဖျက်ဆီးဖို့ကို ငါ အလွယ်တကူခွင့်မပြုနိုင်ဘူး"
ရုတ်ချည်းဆိုသလိုပင် လွှမ်းမိုးချုပ်ကိုင်နိုင်သောအသံတစ်သံက ကြယ်တာရာကောင်းကင်ယံအတွင်း၌ ကျယ်လောင်စွာထွက်ပေါ်လာသည်။