အခန်း (၂၀၁၁-၂၀၁၅)
Vol. 104 Ch. 2011-2015
Chapter 2011
နတ်ဘုရားဓားအမတ်ကြီး၏နောက်တွင် ထူထပ်သိပ်သည်းသောအနက်ရောင်မြူခိုးများ ရုတ်တရက်ထွက်ပေါ်လာပြီး လေဟာနယ်အတွင်းသို့ တန်းတန်းမတ်မတ်တိုးဝင်သွားသည်။
ထိုမြူခိုးများအကြားမှနေ၍ ဧရာမလက်ကြီးတစ်ဖက်ထွက်လာပြီး နတ်ဘုရားဓားအမတ်ကြီးကို ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်၏။
ထိုလက်ဝါးကြီးသည် ရုတ်တရက်ဆန်စွာ ထွက်ပေါ်လာခြင်းဖြစ်ပြီး အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော အရှိန်အဝါမျိုးပါရှိသည်။လူတိုင်း အသိပြန်မဝင်သေးမီမှာပင် ထိုလက်ဝါးကြီးသည် နတ်ဘုရားဓားအမတ်ကြီးကို ရိုက်ခတ်မိသွားလေပြီ။
"ခေါင်းမာတဲ့ အရူးတွေ"
နတ်ဘုရားဓားအမတ်ကြီးက အေးစက်စက်နှာမှုတ်ကြီး ထိုလက်ဝါးကြီးထံဦးတည်ကာ ဓားချီတစ်လှိုင်း ထုတ်လွှက်လိုက်၏။
ရွှေရောင်ဓားချီသည် ထိုလက်ကြီးကိုထိုးစိုက်မိသွားသော်လည်း သွေးစသွေးနအရိပ်အယောင်တချို့ကိုသာ ချန်ထားနိုင်ခဲ့သည်။
ဘုန်း...
နောက်ဆုံး၌ ထိုလက်ဝါးကြီးသည် နတ်ဘုရားဓားအမတ်ကြီးကို ရိုက်ခတ်မိသွားတော့သည်။
တောင်ကြီးတစ်လုံးသည် တခြားတောင်ကြီးတစ်လုံးနှင့် ပြင်းပြင်းထန်ထန် ရိုက်ခတ်မိသွားသည့်အလား ကျယ်လောင်သောမြည်ဟီးသံကြီးက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
နတ်ဘုရားဓားအမတ်ကြီး၏အစဥ်အမြဲ တည်ငြိမ်အေးဆေးနေသော မျက်နှာအမူအယာသည် ရုတ်တရက် သိသိသာသာပြောင်းလဲသွားပေ၏။
ရုတ်တရက် ထွက်ပေါ်လာသောလက်ဝါးကြီး၏ ရိုက်နှက်ခြင်းကိုခံရပြီးနောက် နတ်ဘုရားဓားအမတ်ကြီးသည် မိုင်ပေါင်းများစွာကွာဝေးသောနေရာသို့ လွင့်ထွက်သွားသည်။သူ၏နံဘေးပတ်ဝန်းကျင်ရှိ ဓားပျံများအားလုံးလည်း ကြွေမွပျက်စီးသွားလေပြီ။
"ဘာတွေဖြစ်နေတာလဲ"
ရှားဟိုလီနှင့်တခြားသူများအားလုံး ကြက်သေသေသွားကြ၏။
နတ်ဘုရားအမတ်ကြီးရှစ်ယောက်အနက်မှတစ်ယောက်ဖြစ်သူသည် လက်ဝါးတစ်ချက်ဖြင့် ရိုက်နှက်ခံရမှုကြောင့် လွင့်ထွက်သွားခဲ့ရသလော...
ဤလက်၏ပိုင်ရှင်သည် မည်သူဖြစ်သနည်း...
အနက်ရောင်မြူခိုးများ လွင့်ပြယ်သွားချိန်တွင် မြင့်မားသော နတ်ဘုရားရုပ်ထုကြီးက လူအားလုံး၏ရှေ့၌ ထွက်ပေါ်လာသည်။
ထိုရုပ်ထုကြီး၏မျက်လုံးများ စုံမှိတ်နေပြီး ရုပ်ထုတစ်ခုလုံးမှနေ၍ သေဆုံးခြင်းအရှိန်အဝါများကို ထုတ်လွှက်ထားပေ၏။ရုပ်ထုကြီးတွင် လက်တစ်ဖက်သာပါရှိပြီး တခြားလက်မောင်းနေရာတွင် သွေးစို့နေသောဒဏ်ရာကြီးတစ်ခုရှိကာ ဘယ်သောအခါမှ ပျောက်ကင်းတော့မည့်ပုံမရှိချေ။
ဤသည်က အမှန်တကယ်ကိုပင် ရှုရာနတ်ဘုရားဖြစ်နေသည်။
ဤအချိန်အခိုက်အတန့်တွင် ရှုရာနတ်ဘုရားသည် ရွှံစေးရုပ်ထုတစ်ခုနှင့် တူညီနေပြီး မည်သည့်အသက်စွမ်းအားအငွေ့အသက်မျှ ရှိမနေချေ။
သို့ရာတွင် ထိုရုပ်ထု၏လက်တစ်ဖက်သည် လက်ဝါးရိုက်နှက်နေသည့် ကိုယ်နေဟန်ထားမျိုးကို ထိန်းသိမ်းထားဆဲပင်။နတ်ဘုရားဓားအမတ်ကြီး၏ဓားချီကြောင့် ပြတ်တောက်သွားသော သေးစို့ရာကမူ အချိန်အနည်းငယ်ကြာပြီးနောက် တဖြည်းဖြည်း ပြန်လည်ကောင်းမွန်သွားခဲ့သည်။
လုယွီက ထိုရုပ်ထုကြီးကို စူးစိုက်၍ကြည့်လိုက်၏။ထိုရုပ်ထု၏အရှိန်အဝါကို သူ အလွန်ရင်းနှီးကျွမ်းဝင်သည်။
"ရှုရာတွေ ပုန်ကန်ရဲတာ အံ့အားသင့်စရာမရှိတော့ဘူး...သူတို့မှာ ဝှက်ဖဲတစ်ခု ရှိနေတာပဲ"
လုယွီက ညည်းတွားလိုက်သည်။
ရှုရာနယ်မြေ၏မူလအစီအစဥ်မှာ ရှုရာနတ်ဘုရားပြန်ရှင်သန်လာပြီးနောက် အရပ်မျက်နှာအဘက်ဘက်ရှိ လူသားမျိုးနွယ်များကို သုတ်သင်ရှင်းလင်းရန်ဖြစ်သည်။သူတိူ့သည် ပထမဦးဆုံးအနေဖြင့် လော့ရွှေကြယ်မြစ်တစ်ခုလုံးကို လွှမ်းမိုးအုပ်ချုပ်နိုင်ရန် ကြံရွယ်ထားသည်။
ကံအကြောင်းမလှစွာဖြင့် ထိုအကြံအစည်များအားလုံးသည် လုယွီကြောင့် ပျက်စီးခဲ့ရ၏။
လုယွီသည် ရှုရာနတ်ဘုရား၏လက်တစ်ဖက်ကိုနှိမ်နင်းပြီး သူ၏နှလုံးသားကို ဖျက်ဆီးခဲ့သည်။ယခုလက်ရှိချိန်တွင် ရှုရာနတ်ဘုရားထံတွင် ခန္ဓာကိုယ်သက်သက်သာ ကျန်ရှိတော့သည်။သူ၏စိတ်ဝိညာဥ်သည်လည်း ပြန်လာခြင်းမရှိသေးသဖြင့် သူ၏ခွန်အားသည် အကြီးအကျယ်လျော့ကျနေပေ၏။
နတ်ဘုရားဓားအမတ်ကြီးကလည်း မကြာမီမှာပင် သဲလွန်စတချို့ကို ရှာဖွေတွေ့ရှိသွားသည်။
"ကျိုးရှောင်...မင်းက ခုချိန်ထိမသေသေးဘူးပဲ"
နတ်ဘုရားဓားအမတ်ကြီးသည် သူ၏လက်ဝါးအတွင်း၌ အစွမ်းထက်သောဓားချီတစ်လှိုင်းကို ထပ်မံ၍သိပ်သည်းပြီး တည်ငြိမ်အေးဆေးစွာ ပြောဆိုလိုက်သည်။
"မင်းက ရှုရာနတ်ဘုရားရဲ့ခန္ဓာကိုယ်ထဲမှာ ပုန်းအောင်းနေတာနဲ့...ငါ့ရဲ့ပြိုင်ဘက်ဖြစ်နိုင်ပြီလို့ မင်း ထင်နေတာလား"
"ငါ မင်းကို တစ်ခုတော့ ပြောပြလိုက်မယ်...တကယ်လို့ အစစ်အမှန်ရှုရာနတ်ဘုရား ငါ့ရှေ့မှာ ထွက်ပေါ်လာမယ်ဆိုရင်...ငါက ဘယ်လိုနည်းနဲ့မှ သူ့ရဲ့ပြိုင်ဘက်မဖြစ်နိုင်ဘူး...ဒါပေမယ့် မင်း ထိန်းချုပ်ထားတဲ့ နတ်ဘုရားခန္ဓာကိုယ်ကတော့ အပြင်ပိုင်းမှာအားကောင်းနေရင်တောင် အတွင်းပိုင်းမှာ အားနည်းနေမှာပဲ...ဒီဟာကိုအသုံးပြုပြီး မင်းက ငါ့ကို သတ်ချင်တာလား...မင်းတို့ရဲ့နတ်ဘုရားက သေဆုံးသွားတာ အချိန်အတော်ကြာနေလောက်ပြီ"
နတ်ဘုရားခန္ဓာကိုယ်၏အတွင်းမှနေ၍ ကျိုးရှောင်၏အသံကြီး ထွက်ပေါ်လာသည်။
"ရှုရာနတ်ဘုရား ပြန်မရှင်သန်လာဘူးဆိုရင်တောင်...မင်းတို့လိုကောင်မျိုးတွေ နှိမ့်ချစော်ကားလို့ရတဲ့အရာမျိုးမဟုတ်ဘူး"
ဘုန်း...
ရှုရာနတ်ဘုရား၏လက် ထပ်မံ၍မြောက်တက်သွားသည်။ထိုလက်ဝါးကြီးသည် နတ်ဘုရားဓားအမတ်ကြီးကို သေသည်အထိရိုက်နှက်လိုနေပုံဖြင့် သူ့ပေါ်သို့ ပြင်းပြင်းထန်ထန် ကျရောက်သွားသည်။
ဤသည်က နတ်ဘုရားတစ်ပါး၏လက်ဝါးပင်။ရှုရာနတ်ဘုရား၏စိတ်ဝိညာဥ် ပြန်လာခြင်းမရှိသေးသည့်တိုင် ထိုလက်ဝါးတွင် နတ်ဘုရားစွမ်းအား ပါဝင်နေပေ၏။
"ငါ ပြောပါတယ်...ကျိုးရှောင်...မင်းက ငါ့ရဲ့ပြိုင်ဘက်မဖြစ်နိုင်ဘူး"
နတ်ဘုရားဓားအမတ်ကြီးက အေးစက်တင်းမာသောအမူအယာဖြင့် သူ၏ခေါင်းကို ခါယမ်းလိုက်သည်။သူ၏မျက်လုံးအတွင်း၌ အထင်အမြင်သေးသောအရိပ်အယောင်များ ထင်ဟပ်နေသည်။သူ၏အင်္ကျီလက်ကိုခါယမ်းလိုက်ခြင်းနှင့်အတူ ဧရာမဓားချီတစ်လှိုင်းက သူ၏နောက်၌ သိပ်သည်းသွားပေ၏။
"ငါ့ဆီမှာ ကောင်းကင်ဘုံက အင်မော်တယ်တွေအားလုံးကို ခုတ်ပိုင်းနိုင်တဲ့ ချင်းထန်ဓားရှိတယ်"
ထို့နောက် သူက မှော်မန္တန်တစ်ပုဒ်ကိုရွတ်ဆို၍ သူ၏လက်အတွင်းမှ ချင်းထန်ဓားဖြင့် ရှုရာနတ်ဘုရားရုပ်ထုကို ပြင်းပြင်းထန်ထန် ခုတ်ပိုင်းလိုက်သည်။
ထိုဓားချက် ထွက်ပေါ်လာသည်နှင့် ချက်ချင်းဆိုသလိုပင် ဓားအလင်းတန်းတစ်ခုအသွင်သို့ ပြောင်းလဲသွားပြီး ရှုရာနတ်ဘုရားရုပ်ထုကြီးပေါ်သို့ ပြင်းပြင်းထန်ထန် ကျရောက်သွားတော့သည်။
Chapter 2012
ကျယ်လောင်သောတုန်ခါသံနှင့်အတူ ဓားချီလှိုင်းကြီးသည် ရှုရာနတ်ဘုရားရုပ်ထုကြီးကို ထိုးစိုက်မိသွားသည်။
သို့ရာတွင် နတ်ဘုရားဓားအမတ်ကြီးကဲ့သို့ အစွမ်းထက်ကျင့်ကြံသူ၏ ဓားချီလှိုင်းပင်လျှင် ထိုရုပ်ထုကြီးကို လှုပ်ခတ်စေခြင်းမရှိချေ။
"နတ်ဘုရားဓားအမတ်ကြီး...ဒီနေရာကို မင်းတစ်ယောက်တည်းလာခဲ့တာက တကယ့်ကိုရူးသွပ်မိုက်မဲတာပဲ...မင်းတို့နတ်ဘုရားအမတ်ကြီးရှစ်ယောက်...မဟုတ်သေးဘူး...တကယ်လို့ မင်းနဲ့အတူ နတ်ဘုရားအမတ်ကြီးတစ်ယောက် ထပ်ပါလာရင်တောင် ငါ ဒီနေ့ မြှုပ်နှံစရာမြေမရှိဘဲ သေသွားနိုင်တယ်...ဒါပေမယ့် မင်းက အရမ်းမောက်မာဝံ့ကြွားပြီးတော့ ငါတို့ရှုရာမျိုးနွယ်တစ်စုလုံးကို မင်းတစ်ယောက်တည်းနဲ့ ဖျက်ဆီးချင်နေတာမဟုတ်လား...ဟား ဟား ဟား...ဒါ့ကို အတိတ်က ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်တောင်မလုပ်နိုင်ခဲ့တာ...မင်းအဆင့်နဲ့ဆိုရင် ပိုလို့တောင်မဖြစ်နိုင်ဘူး"
ရှုရာနတ်ဘုရားရုပ်ထုအတွင်းမှနေ၍ ကျိုးရှောင်၏သရော်တော်တော်ရယ်မောသံကြီးက ထွက်ပေါ်လာသည်။
"အဲ့ဒီလိုလား...သွားလေသူဧကရာဇ်က မင်းတို့ရှုရာမျိုးနွယ်ကို မဖျက်ဆီးခဲ့ရတဲ့ အကြောင်းအရင်းက မင်းတို့မျိုးနွယ်က အရမ်းအားနည်းလို့ပဲ...မင်းတို့က တော်ဝင်နန်းတော်ကို ခြိမ်းခြောက်နိုင်ဖို့အတွက် အင်အားမလုံလောက်ဘူး...ငါက ဒီနေရာကို တစ်ယောက်တည်း လာရဲမှတော့...မင်းတို့အားလုံးကို ငါ ဖျက်ဆီးပစ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ရှိလို့ပဲ"
နတ်ဘုရားဓားအမတ်ကြီးက ထပ်မံ၍တိုက်ခိုက်လိုက်သည်။ဤတစ်ကြိမ်တွင် သူ၏ခွန်အားကို ထိန်ချန်ထားသည့်ပုံမရချေ။ချင်းထန်ဓားသည် လေဟာနယ်ကို ဖြတ်ပိုင်းသွားပြီးနောက် စူးရှသောလေတိုးသံနှင့်အတူ လေထုကိုထွင်းဖောက်သွားသည်။ထိုအသံကိုကြားလိုက်မိသူများအားလုံးသည် သူတို့၏ခန္ဓာကိုယ်များ တုန်ရီလာသည်ကို ခံစားလိုက်ရ၏။ထိုခံစားချက်သည် သူတို့၏စိတ်ဝိညာဥ်များသည် သူတို့၏အပိုင်မဟုတ်တော့သကဲ့သို့ ခံစားချက်မျိုးဖြစ်သည်။
ဘုန်း...
ဓားချီသည် လေထုအတွင်းမှနေ၍ ရှုရာနတ်ဘုရားရုပ်ထုပေါ်သို့ ထပ်မံ၍ကျရောက်သွားသည်။
ဤတစ်ချိန်တွင် ရှုရာနတ်ဘုရားရုပ်ထုကြီးသည် မာကျောကြမ်းတမ်းပြီးထက်ရှသောဓားချီကို တောင့်ခံနိုင်တော့သည့်ပုံမရချေ။ရှုရာနတ်ဘုရားရုပ်ထု၏အပေါ်ယံအရေပြား ကွဲအက်သွားပြီး ရွှေရောင်သွေးများက ဖြာကျလာသည်။
နတ်ဘုရားဓားအမတ်ကြီး၏တိုက်ခိုက်မှုကိုကြည့်ပြီး ကျိုးရှောင်သည် ထိတ်လန့်ကြောက်ရွံမှုကို ခံစားလိုက်ရ၏။
"ရှုရာနတ်ဘုရား...ကျွန်တော်ကို နတ်ဘုရားစွမ်းအားချီးမြှင့်ပြီး ကူညီပေးပါ"
ကျိုးရှောင်က ရှုရာနတ်ဘုရား၏ခန္ဓာကိုယ်အတွင်း၌ ပုန်းအောင်းနေခြင်းဖြစ်သည်။သူသည် ရှုရာနတ်ဘုရား၏မှော်နည်းစနစ်များကို အကုန်အစင်အသုံးပြုနိုင်ခြင်းမရှိသော်လည်း တချို့တစ်ဝက်ကိုမူ အတင်းအကြပ်ဖိအားပေး၍ ထုတ်ဖော်အသုံးပြုနိုင်သည်။
ဤအချိန်အခိုက်အတန့်တွင် ရှုရာနတ်ဘုရား၏နောက်၌ တောက်ပသောအလင်းဘီးကြီးတစ်ခုက ချက်ချင်းဆိုသလိုပင် ထွက်ပေါ်လာပေ၏။
အရပ်မျက်နှာအဘက်ဘက်ရှိ မရေမတွက်နိုင်သောရှုရာများထံမှ ယုံကြည်ကိုးကွယ်မှု ကံကြမ္မာစွမ်းအားများက ရှုရာနတ်ဘုရားရုပ်ထုကြီးထံသို့ စီးဝင်လာသည်။
ရှုရာနတ်ဘုရားကို ယုံကြည်ကိုးကွယ်သူ ပို၍များပြားလာလေလေ သူ၏ခွန်အား ပို၍အစွမ်းထက်လာလေလေပင်။
"သစ္စာဖောက်တွေကများ...ငါ့ရှေ့မှာလာပြီး ကံကြမ္မာစွမ်းအားကို စုစည်းရဲတယ်ပေါ့လေ"
နတ်ဘုရားဓားအမတ်ကြီး၏မျက်ခုံးများ မြင့်တက်သွားပြီး သူက တော်ဝင်အမိန့်စာလွှာကို ထပ်မံ၍ထုတ်ယူလိုက်၏။ထို့နောက် သူက မှော်မန္တန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်သည်။
ရုတ်ချည်းဆိုသလိုပင် ထိုအမိန့်စာလွှာသည် လေထုအတွင်းသို့ မြင့်တက်သွားပြီး စာရွက်၏မျက်နှာပြင်မှနေ၍ တောက်ပသောရွှေရောင်အလင်းတန်းများ ဖြာထွက်လာသည်။ထိုရွှေရောင်အလင်းတန်းများသည် သံသယဖြစ်ဖွယ်မရှိသော ဖိအားအရှိန်အဝါကို သယ်ဆောင်ထားသည်။
ဤသည်က အုပ်ချုပ်သူဧကရာဇ်များတွင်သာရှိသော ဖိအားအရှိန်အဝါပင်။
"မင်းတို့မျိုးနွယ်ရဲ့နတ်ဘုရားက အတုအယောင်နတ်ဘုရားပဲ...မင်းတို့က မိုးကောင်းကင်တာအိုရဲ့ကောင်းချီးပေးမှုကို ခံယူရမှာမဟုတ်ဘူး"
နတ်ဘုရားဓားအမတ်ကြီးကို ရွှေရောင်အလင်းတန်းများက လွှမ်းခြုံထားပြီး သူ့ကိုကြည့်ရသည်မှာ ပို၍ကြီးကျယ်ခမ်းနားလာကာ မြင့်မြတ်သောအသွင်ကိုဆောင်နေသည်။
သူ စကားပြောဆိုနေစဥ်တွင် သူ၏အသံသည် လေထုအတွင်း၌ ပဲ့တင်ထပ်ပျံ့နှံ့နေပေ၏။ရွှေနှင့်ကျောက်စိမ်းကဲ့သို့ ခိုင်မာသောအမိန့်တစ်ခုအလား သူ၏စကားသံတွင် ကောင်းကင်နှင့်မြေပြင်အကြားရှိ ဥပဒေသများ ရောယှက်နေသည်။
ဝုန်း...ဝုန်း...
တုန်ခါသံများ မြည်ဟီးလာခြင်းနှင့်အတူ အရပ်မျက်နှာအဘက်ဘက်မှ စီးဝင်လာသော ကံကြမ္မာစွမ်းအားများသည် ရှုရာနတ်ဘုရားရုပ်ထုကြီးထံသို့ မရောက်မီအချိန်မှာပင် ပျောက်ကွယ်သွားတော့သည်။
"မဟုတ်ဘူး"
ရှုရာမျိုးနွယ်ဝင်များသည် စိတ်ဓာတ်ကျဆင်းမှုဖြင့် ထိတ်လန့်တကြား အော်ဟစ်လိုက်ကြ၏။
ရှုရာနတ်ဘုရားသည် သူတို့၏အရှုံးကို အနိုင်သို့ပြောင်းလဲနိုင်ရန် တစ်ခုတည်းသောမျှော်လင့်ချက်ပင်။သို့ရာတွင် ယခုလက်ရှိချိန်၌ ရှုရာနတ်ဘုရားတွင် ခန္ဓာကိုယ်အလွတ်ကြီးသက်သက်သာ ကျန်ရှိတော့သည်။
ရှုရာနတ်ဘုရားထံတွင် ပုံပန်းသွင်ပြင်တစ်ခုသာကျန်ရှိတော့ကာ မည်သည့်နတ်ဘုရားစွမ်းအားမျှ မရှိတော့ချေ။
"သေစမ်း"
နတ်ဘုရားအမတ်ကြီး၏အမူအယာသည် အေးစက်တင်းမာနေပြီး သူ၏ဓားကို ထပ်မံ၍ဝှေ့ယမ်းလိုက်၏။
ရုတ်ချည်းဆိုသလိုပင် သူ၏နောက်ရှိ ကောင်းကင်နှင့်မြေပြင် ပိတ်ဖုံးလုမတတ်အလွန်များပြားသော ဓားပျံများက ရှုရာနတ်ဘုရားရုပ်ထုကြီးထံသို့ တိုးဝင်သွားသည်။
ကျိုးရှောင်က တုန်လှုပ်ချောက်ချားနေသောအသံဖြင့် အော်ဟစ်လိုက်၏။
"နတ်ဘုရားဓားအမတ်ကြီး...ငါတို့က အရှုံးပေးဖို့ ဆန္ဒရှိပါတယ်"
ထိုအချိန်မှာပင် မမျှော်လင့်ထားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ရှုရာနတ်ဘုရားရုပ်ထု၏အနီးရှိ လေဟာနယ်တွန့်ခေါက်သွားသည်။ထို့နောက် လေဟာနယ်အက်ကွဲကြောင်းအတွင်းမှနေ၍ ဧရာမမှော်စွမ်းအင်လက်ကြီးတစ်ဖက် ထွက်ပေါ်လာပြီး ထိုဓားချီများအားလုံးကို ချေမွှဖျက်ဆီးလိုက်၏။
ဘုန်း...
ကျယ်လောင်သောပေါက်ကွဲသံတစ်သံနှင့်အတူ ဓားချီများအားလုံး ပိတ်ဆို့ဟန့်တားခံလိုက်ရပြီး ရှုရာနတ်ဘုရားရုပ်ထုကြီးကို တစိုးတစိမျှပင် ထိခိုက်ပျက်စီးစေခြင်း မရှိချေ။
Chapter 2013
အမ်...
နတ်ဘုရားဓားအမတ်ကြီးသည် မျက်မှောင်ကြုတ်လိုက်ပြီး သူ့ထံမှနေ၍ တခြားသူများသတိမပြုမိနိုင်သော အံ့အားတသင့်ရေရွတ်သံတစ်သံ ထွက်ပေါ်လာသည်။သို့ရာတွင် သူသည် ထပ်မံ၍တိုက်ခိုက်ခြင်း မပြုတော့ချေ။
အစောပိုင်းက တိုက်ခိုက်မှုတွင် သူ၏ခွန်အားကို အထွတ်အထိပ်အဆင့်ထိ ထည့်သွင်းအသုံးပြုထားခဲ့သည်။သို့ရာတွင် တစ်ဖက်လူသည် သူ၏တိုက်ခိုက်မှုကို လွယ်လင့်တကူ ချေမွှဖျက်ဆီးနိုင်ခဲ့သဖြင့် သာမာန်ကျင့်ကြံသူတစ်ယောက်မဟုတ်သည်မှာ သိသာထင်ရှားလှ၏။
လေဟာနယ်အတွင်းရှိလှိုင်းဂယက်များ တဖြည်းဖြည်း တည်ငြိမ်သွားခဲ့သည်။နောက်ဆုံး၌ လေထုအတွင်း၌ လေဟာနယ်တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာကာ အတွင်းမှနေ၍ ပုံရိပ်တစ်ခုထွက်လာသည်။ထိုလူထွက်ပေါ်လာသည်နှင့် သူ့နောက်ရှိ လေဟာနယ်တွင်းနက်ကြီး ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားပြီး အရာအားလုံး ပြန်လည်တည်ငြိမ်သွားလေ၏။
ယခုလက်ရှိနေရာ၌ရှိနေသူများအားလုံးသည် လေဟာနယ်တွင်းနက်ကြီးအတွင်းမှနေ၍ ခရမ်းရောင်ဝတ်စုံဝတ်ဆင်ထားသော အဖိုးအိုတစ်ယောက်ထွက်ပေါ်လာသည်။သူ၏ဆံပင်နှင့်မုတ်ဆိတ်မွှေးများ ဖြူနေသော်လည်း သူ့ထံ၌ အသက်စွမ်းအားအပြည့်ရှိနေဆဲပင်။
ထိုအဖိုးအို၏ခါးတွင် ကျောက်စိမ်းခါးပတ်တစ်ခုပတ်ထားပြီး ခရမ်းရောင်ငါးပလိုင်းတစ်ခုကို လွယ်ထားသည်။သူ၏ခရမ်းရောင်ဝတ်စုံပေါ်တွင် အနုစိတ်ကျသောချုပ်ရိုးဖြင့် တိမ်ကြိုးကြာတစ်ကောင်၏ပုံကို ပန်းထိုးထားသည်။ထိုတိမ်ကြိုးကြာသည် အသက်ကင်းမဲ့သောအမူအယာဖြင့် မိုးကောင်းကင်ယံကို မော့ကြည့်နေပုံကို ပန်းထိုးထားခြင်းဖြစ်ပေ၏။
ဤသည်က အရာရှိဝတ်စုံဖြစ်သည်မှာ သိသာထင်ရှားသော်လည်း တာယွီအင်ပါယာ၏အရာရှိဝတ်စုံမဟုတ်ချေ။
"မင်းက ဘယ်သူလဲ...ဘာလို့ တော်ဝင်နန်းတော်ရဲ့သစ္စာဖောက်တွေကို ကာကွယ်ပေးနေတာလဲ"
နတ်ဘုရားဓားအမတ်ကြီးက ခက်ထန်တင်းမာသောလေသံဖြင့် မေးမြန်းသည်။
နတ်ဘုရားဓားအမတ်ကြီးကဲ့သို့ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်ရသည့်တိုင် ခရမ်းရောင်ဝတ်စုံဝတ်စုံဝတ်အဖိုးအိုသည် ထိတ်လန့်ကြောက်ရွံနေခြင်းမရှိချေ။
"ငါတို့ရဲ့အင်ပါယာနှစ်ခုက အခုထိ စစ်ပွဲမစသေးဘူး...ဒါကြောင့်မလို့ ဒီနေ့ ငါ မင်းကို မတိုက်ခိုက်ချင်ဘူး...ဒီနေရာကနေ မင်းတို့ ထွက်သွားပေးပါ"
ခရမ်းရောင်ဝတ်စုံဝတ်အဖိုးအိုသည် သူ၏လက်ကို ဝှေ့ယမ်းပြပြီးနောက် သူက ကျိုးရှောင်ကို လက်ညှိုးညွှန်ကာ ပြောဆိုလိုက်၏။
"ရှုရာမျိုးနွယ်က ငါတို့ရဲ့အင်ပါယာကို သစ္စာခံထားတယ်...ဒါ့ကြောင့် သူတို့က ငါတို့ရဲ့လူတွေဖြစ်နေပြီ...မင်းရဲ့တိုက်ခိုက်မှုကို ရပ်လိုက်တော့"
ထိုအဘိုးအို၏အသံသည် ကျယ်လောင်ခြင်းမရှိသော်လည်း နက်နဲသိမ်မွေ့လှသော မြင့်မြတ်မှုမျိုး ပါဝင်နေသည်။
သူ စကားပြောဆိုလိုက်စဥ်တွင် လေဟာနယ်အတွင်း၌ ထောင်ပေါင်းများစွာသော လေဝဲဂယက်ငယ်လေးများ မြင့်တက်လာသည်။
မင်းတို့အင်ပါယာနဲ့ငါတို့အင်ပါယာဟု ဆိုလိုက်သလော။ဤသည်က မည်သည့်အရာကိုဆိုလိုခြင်း ဖြစ်သနည်း။ဖြစ်နိုင်သည်မှာ ကောင်းကင်ဘုံနယ်မြေအတွင်းတွင် နောက်ထပ်အင်ပါယာတစ်ခု ထပ်မံ၍ တည်ရှိနေသလော။
တာယွီအင်ပါယာစတင်တည်ထောင်ချိန်မှစ၍ အင်ပါယာ၏ပိုင်နက်နယ်မြေအတွင်းရှိ သန်းရာနှင့်ချီသော ကြယ်နယ်မြေများအတွင်းတွင် လျှို့ဝှက်၍ပုန်းကွယ်နေသော အစစ်အမှန်ကျင့်ကြံသူမရှိစေရဟု တော်ဝင်အမိန့်တော် ပြဋ္ဌာန်းထားသည်။
ဥပမာအနေဖြင့် လုယွီ ယခင်ကနေထိုင်ခဲ့သော ကြယ်နယ်မြေပေါ်တွင် ကျင့်ကြံခြင်းနိုင်ငံများရှိသော်လည်း အဆင့်နိမ့်ကျင့်ကြံသူများသာ နေထိုင်ကြပြီး တာယွီအင်ပါယာ၏အစစ်အမှန်ကျင့်ကြံသူဟု သတ်မှတ်၍မရချေ။
တာယွီအင်ပါယာ၏အစစ်အမှန်ကျင့်ကြံသူများသည် အထူးခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံများရှိသော ကောင်းကင်ဘုံ၏ချီးမြှောက်ခံကျင့်ကြံသူများဖြစ်သည်။တော်ဝင်နန်းတော်မှအရာရှိများသည် ရာထူးအဆင့်နှင့်ညီမျှသော ကျင့်ကြံဆင့်နယ်ပယ်မျိုးရှိရာ အလွန်ပြီးပြည့်စုံပေ၏။
ယနေ့တွင် ရှုရာနယ်မြေ၏ပုန်ကန်မှုဖြစ်ပွါးချိန်တွင် နတ်ဘုရားဓားအမတ်ကြီးသည် တော်ဝင်အမိန့်တော်တစ်ခုကိုသာကိုင်ဆောင်၍ ရှုရာအမြောက်အများကို ထိန်းချုပ်ဟန့်တားနိုင်ခဲ့သည်။ဤှသည်က ကျင့်ကြံခြင်းနိုင်ငံများမှ ဧကရာဇ်မင်းများ၏စွမ်းအားပင်။
ခရမ်းရောင်ဝတ်စုံဝတ်အဖိုးအိုသည် ဤသို့ပြောဆိုဝံ့သဖြင့် သူသည်လည်း ပုန်ကန်သူသစ္စာဖောက်တစ်ယောက်ဖြစ်နေသလော။
"ရယ်စရာကောင်းလိုက်တာ...ငါ့ရဲ့လက်ထဲမှာ ဧကရာဇ်မင်းရဲ့တော်ဝင်အမိန့်လွှာရှိနေပြီးတော့...ငါက တော်ဝင်နန်းတော်ရဲ့သံတမန်တစ်ယောက်ပဲ...တကယ်လို့ တစ်ယောက်ယောက်က ငါ့ရှေ့ရောက်နေတဲ့ ပုန်ကန်သူတွေကို ခေါ်ဆောင်သွားမယ်ဆိုရင်...နောင်အနာဂတ်မှာ တော်ဝင်နန်းတော်ရဲ့အမိန့်ကို ဘယ်သူက နာခံတော့မှာလဲ"
နတ်ဘုရားဓားအမတ်ကြီးက ရုတ်တရက် သူ၏လက်ကိုမြှောက်လိုက်ရာ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများက ပတ်ဝန်းကျင်နေရာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။လေထုအတွင်း၌ မြောက်များစွာသောစစ်မြင်းများ၏ဟီသံများနှင့် စစ်သားများ၏မာန်သွင်းအော်ဟစ်သံများကို ကြားနေရ၏။
သူ၏အရှိန်အဝါသည်လည်း ပြောင်းလဲသွားသည်။ဤသည်က ကျောင်းတော်သားတစ်ယောက်သည် သူ၏စုတ်တံကို လေထုအတွင်းသို့လွှင့်ပစ်၍ ရန်သူကိုခုတ်ပိုင်းရန် ထက်ရှသောဓားတစ်ချောင်းကို ဆွဲထုတ်လိုက်သကဲ့သို့ပင်။
နတ်ဘုရားဓားအမတ်ကြီးသည် ကြက်သွေးရောင်ဓားချီလှိုင်းသုံးဆယ်ကို အသက်သွင်း၍ ခရမ်းရောင်ဝတ်စုံဝတ်အဖိုးအိုထံဦးတည်ကာ ပြင်းပြင်းထန်ထန် တိုးဝင်သွားစေသည်။
သို့ရာတွင် မမျှော်လင့်ဘဲ ခရမ်းရောင်ဝတ်စုံဝတ်အဖိုးအိုသည် ထိုဓားချီလှိုင်းများကို တစ်ချက်သာစောင်းငဲ့၍ ကြည့်လိုက်၏။သူ၏အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်မှုနှင့်အတူ ထိုဓားချီလှိုင်းများအားလုံး သူ၏အင်္ကျီလက်ရှည်အတွင်းသို့ စုပ်ယူခြင်းခံလိုက်ရသည်။
ဘန်း...ဘန်း...ဘန်း....
ခရမ်းရောင်ဝတ်စုံဝတ်အဖိုးအို၏အင်္ကျီလက်အတွင်းမှနေ၍ ပေါက်ကွဲသံများ အဆက်မပြတ်ထွက်ပေါ်လာသည်။ထို့နောက် ဓားချီလှိုင်းများအားလုံး အဖိုးအို၏ပိတ်ဆို့ဟန့်တားခြင်းကို ခံလိုက်ရ၏။
"ဥပဒေသ..."
သူ၏ဓားချီလှိုင်းများအားလုံးကို ခရမ်းရောင်ဝတ်စုံဝတ်အဖိုးအိုက လွယ်လင့်တကူ ပိတ်ဆို့ဟန့်တားနိုင်သည်ကိုကြည့်ပြီး နတ်ဘုရားဓားအမတ်ကြီး၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။သူ၏မူလက တည်ငြိမ်အေးဆေးနေသော အမူအယာကို ထိန်းသိမ်းထားနိုင်စွမ်း မရှိတော့ချေ။
နယ်မြေသခင်များသည် သူတို့ကိုယ်ပိုင်အသုံးပြုရန်အတွက် နယ်မြေတစ်ခုကိုချိပ်ပိတ်နိုင်သည်။
သို့ရာတွင် နယ်မြေသခင်နယ်ပယ်အဋ္ဌမအဆင့်သို့ ရောက်ရှိသော အစွမ်းထက်ကျင့်ကြံသူများသာ လောကကြီးအတွင်းရှိ ဥပဒေသများကို နားလည်သဘောပေါက်ပြီး ဖမ်းဆုပ်နိုင်စွမ်းရှိသည်။
Chapter 2014
ဤကဲ့သို့ အစွမ်းထက်ကျင့်ကြံသူမျိုးသည် နတ်ဘုရားဓားအမတ်ကြီး၏တိုက်ခိုက်မှုကို လွယ်လင့်တကူ ပိတ်ဆို့ဟန့်တားနိုင်ပေမည်။
"ဘာတွေဖြစ်နေတာလဲ...ဒီအချိန်အတွင်းမှာ မမျှော်လင့်ထားတဲ့ကိစ္စတွေ တစ်ခုပြီးတစ်ခု ဖြစ်နေတာပါလား"
သိုက်ဖုန်းနှင့်တခြားသူများက အံ့တင်းတင်းကြိတ်ကာ ညည်းတွားလိုက်၏။
အစောပိုင်းက နတ်ဘုရားဓားအမတ်ကြီး၏ အင်အားပြည့်အသုံးပြုထားသော တိုက်ခိုက်မှုကိုမြင်ချိန်တွင် တစ်ဖက်ရန်သူအား လွယ်လင့်တကူအနိုင်ယူနိုင်မည်ဟု သူတို့အားလုံး တွေးထင်ထားခဲ့ကြသည်။သို့ရာတွင် မမျှော်လင့်ဘဲ နတ်ဘုရားဓားအမတ်ကြီး၏တိုက်ခိုက်မှု ကျရှုံးခဲ့ရသည်။
ခရမ်းရောင်ဝတ်စုံဝတ်အဖိုးအိုထံမှ မည်သည့်သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒမျှ ထုတ်လွှက်ထားခြင်းမရှိသည့်တိုင် မည်သည်ကြောင့် ဤမျှပြင်းထန်သောတိုက်ခိုက်မှုကို လွယ်လင့်တကူ ချေဖျက်နိုင်ခဲ့သနည်း။
နတ်ဘုရားဓားအမတ်ကြီးပင်လျှင် ခရမ်းရောင်ဝတ်စုံဝတ်အဖိုးအိုကို ထိခိုက်နာကျင်အောင်မလုပ်နိုင်ပါက သူတို့ဆိုလျှင် ဆိုဖွယ်ရာပင်မရှိတော့ချေ။
"ဒါက ခြေလှမ်းတစ်ဝက်အဆင့် တာအိုသခင်ပဲ"
လုယွီသည် အစောပိုင်းက ခရမ်းရောင်ဝတ်စုံဝတ်အဖိုးအို၏တိုက်ခိုက်မှုကို သတိပြုမိလေ၏။သူသည် ခရမ်းရောင်ဝတ်စုံဝတ်အဖိုးအို၏ကျင့်ကြံဆင့်နယ်ပယ်ကို အကြမ်းဖျင်းခန့်မှန်းမိသည်။
သာမာန်အားဖြင့် ကောင်းကင်ဘုံနယ်မြေအတွင်း၌ တာအိုသခင်များသည် ပုန်းအောင်းနေလေ့ရှိသည်။သူတို့သည် လောကကြီးအတွင်းရှိ မဟာတာအိုများကိုလေ့လာဆင်ခြင်ပြီး ထာဝရအသက်လမ်းကြောင်းကို ရှာဖွေနေကြသဖြင့် လူသူအများရှေ့သို့ ထွက်ပေါ်လာသည်မှာ လွန်စွာရှားပါးပေ၏။
ခြေလှမ်းတစ်ဝက်တာအိုသခင်များသာလျှင် လူအများ မြင်တွေ့နိုင်သည့် အစွမ်းထက်ဆုံးကျင့်ကြံသူဖြစ်သည်။
ခြေလှမ်းတစ်ဝက်တာအိုသခင်ဟု ခေါ်ဆိုရခြင်းမှာ ဥပဒေသများ၏ သေးငယ်သောအစိတ်အပိုင်းကိုသာ နားလည်သဘောပေါက်ထားခြင်းကြောင့်ဖြစ်သည်။သူသည် အသေးစားအောင်မြင်မှုရထားသော်လည်း မဟာတာအိုဥပဒေများကို အစစ်အမှန်နားလည်သဘောပေါက်ခြင်း မရှိသေးချေ။ထို့ကြောင့် ထိုအဆင့်ကျင့်ကြံသူများသည် အစစ်အမှန်တာအိုသခင် မဟုတ်သေးပေ။
တော်ဝင်စစ်တပ်အတွင်း၌ ထောင်သောင်းချီသောစစ်သားများရှိသေးသော်လည်း ခြေလှမ်းတစ်ဝက်တာအိုသခင်၏ရှေ့တွင် ရွှယ်အင်မော်တယ်များအပါအဝင် စစ်သားများအားလုံးသည် သူ၏တိုက်ခိုက်မှုတစ်ခုဖြင့်ပင် အမှုန်အမွှားများဘဝသို့ ပြောင်းလဲသွားနိုင်သည်။
"ငါ သူ့ကို မှားယွင်းပြီးအကဲခတ်မိသွားတယ်...သူက ထိပ်သီးကျင့်ကြံသူတစ်ယောက်ပဲ"
နတ်ဘုရားဓားအမတ်ကြီးသည် အနည်းငယ်အံ့အားသင့်သွားသော်လည်း သူက အေးစက်တင်းမာသောလေသံဖြင့် ဆက်လက်၍ပြောဆိုလိုက်၏။
"မင်းက ရှုရာနယ်မြေကသစ္စာဖောက်တွေကို ဒီအတိုင်းခေါ်ဆောင်သွားနိုင်မယ်လို့ ထင်နေတာလား"
နတ်ဘုရားဓားအမတ်ကြီး၏အဝတ်အစားများသည် လေထုအတွင်း၌ တဖျပ်ဖျပ်လူးလွန့်နေပြီး အစိမ်းရောင်မှော်စွမ်းအားလှိုင်းတစ်ရပ်က သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။သူ၏မရီးဒါန်းများသည် ကြယ်မြစ်များကဲ့သို့ တောက်ပနေပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ မှော်စွမ်းအားများသည် သူ၏လက်ချောင်းများထိပ်၌ သိပ်သည်းသွားသည်။
ထိုကဲ့သို့ဆက်တိုက်ပြောင်းလဲမှုများနှင့်အတူ နတ်ဘုရားဓားအမတ်ကြီး၏အရှိန်အဝါ တစတစ ပို၍မြင့်တက်လာပေ၏။
"ဒါက အင်မော်တယ်ကျီစီရဲ့အမွေအနှစ်ပဲ...သူက ကောင်းကင်ပျံဝဲနန်းတော်က ကျီစစ် ကျီမို အင်မော်တယ်နှစ်ယောက်ရဲ့အမွေအနှစ်ကို ရထားတာပဲ"
လုယွီသည် ယခင်က ကျီစစ် ကျီမို အင်မော်တယ်နှစ်ယောက်၏နည်းစနစ်များကို မြင်တွေ့ဖူးပြီးဖြစ်သည်။သူသည် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ၏ပုံရိပ်ယောင်ကမ္ဘာအတွင်း၌ ရှေးဟောင်းအင်မော်တယ်နည်းစနစ်များ၏မှတ်တမ်းများကို ဖတ်ရှုခဲ့ရသဖြင့် ထိုအမွေအနှစ်များအားလုံးကို သဘောပေါက်နားလည်ထားသည်။
ထိုနည်းစနစ်များအကြားတွင် ကျီစစ် ကျီမို အင်မော်တယ်နှစ်ယောက်၏ဓားနည်းစနစ်များသည် ထိပ်တန်းအဆင့်၌ ပါဝင်ပေ၏။
ကျီစစ် ကျီမို အမြွှာအင်မော်တယ်နှစ်ယောက်သည် မိုးကြိုးပင်လယ်၏ပြင်ပရှိ ရှေးဟောင်းနတ်ဆိုးများကို ပိတ်ဆို့ဟန့်တားနိုင်ခဲ့သူများဖြစ်ရာ သူတို့ မည်မျှထိအစွမ်းထက်ကြောင်းကို ပြသနေသည်။
"ပြန်တွေးကြည့်ရင် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာရဲ့ ပုံရိပ်ယောင်ကမ္ဘာမှာ လှိုဏ်ဂူ၃၆ဂူနဲ့မြင့်မြတ်နယ်မြေ၇၂ခုက ကျင့်ကြံနည်းစနစ်တွေက ထိပ်တန်းအဆင့်မှာရှိတယ်...တကယ်လို့ ငါက အင်မော်တယ်ကျီစစ်ရဲ့ကျင့်ကြံနည်းစနစ်ကို ကျွမ်းကျင်အောင်ကျင့်ကြံနိုင်မယ်ဆိုရင် ငါ့ရဲ့အနာဂတ်ကျင့်ကြံမှုလမ်းကြောင်းမှာ ကြီးမားတဲ့ကူညီထောက်ပံမှုကြီး ဖြစ်လိမ့်မယ်"
လုယွီသည် တိုက်ပွဲကို စောင့်ကြည့်နေသောကိုယ်နေဟန်ထားမျိုးရှိသော်လည်း သူ၏မျက်လုံးများက တဖျပ်ဖျပ်ခတ်နေကာ နတ်ဘုရားဓားအမတ်ကြီး၏လှုပ်ရှားမှုတိုင်းကို မှတ်သားနေသည်။နောက်ဆုံး၌ ထိုလှုပ်ရှားမှုများကို သူ၏ကိုယ်ပိုင်နားလည်မှုအဖြစ်ပြောင်းလဲကာ သူ၏စိတ်အတွင်း၌ အပြီးအပိုင်ရိုက်သွင်းထားသည်။
ရွှယ်အင်မော်တယ်နယ်ပယ်ကျင့်ကြံသူများလျှင် ဤကဲ့သို့အဆင့်မြင့်ကျင့်ကြံသူများ၏တိုက်ပွဲကို စူးစမ်းလေ့လာနိုင်မည်မဟုတ်ချေ။သို့ရာတွင် လုယွီထံ၌ တာအိုသခင်စိတ်ဝိညာဥ်ရှိနေသဖြင့် ထိုတိုက်ပွဲအား လေ့လာဆန်းစစ်ရန်မှာ သူ့အတွက် ခက်ခဲသောကိစ္စတစ်ရပ်မဟုတ်ချေ။
အဝေးတစ်နေရာတွင် နတ်ဘုရားဓားအမတ်ကြီးသည် လုံလောက်သောမှော်စွမ်းအားများကို စုစည်းပြီးနောက် ထပ်မံ၍တိုက်ခိုက်လိုက်၏။ထို့နောက် တောင်နှင့်မြစ်များကိုပင် ဝါးမျိုနိုင်ပြီး ကောင်းကင်နှင့်မြေပြင်ပိတ်ဖုံးလုမတက် အလွန်များပြားသော ဓားချီလှိုင်းများက ခရမ်းရောင်ဝတ်စုံဝတ်အဖိုးအိုထံသို့ တိုးဝင်သွားသည်။
ဤသည်က ရှေးဟောင်းသိုင်းပညာနည်းစနစ်တစ်ခုပင်။ခရမ်းရောင်ဝတ်စုံဝတ်အဖိုးအိုသည် ထိုတိုက်ခိုက်မှုကိုမြင်ချိန်တွင် ပေါ့ပေါ့ဆဆမနေဝံ့ဘဲ သူက ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်လိုက်၏။
"မိုးကောင်းကင်ရဲ့အခွင့်အာဏာ...သက်ရှိများအားလုံးအပေါ် သက်ရောက်စေ"
ခရမ်းရောင်ဝတ်စုံဝတ်အဖိုးအိုသည် သူ၏ကိုယ်နေဟန်ထားကို ပြောင်းလဲပြီး အစွမ်းထက်သော လက်သီးနည်းစနစ်တစ်ခုကို အသုံးပြုလိုက်သည်။ဓားပျံများသည် ကောင်းကင်ယံအနှံ့ပြည့်နှက်နေသော ကြယ်များအလား သူ့ထံ ပြင်းပြင်းထန်ထန် တိုးဝင်လာသဖြင့် သူ ပေါ့ပေါ့ဆဆ ခုခံဝံ့ခြင်းမရှိချေ။
နတ်ဘုရားဓားအမတ်ကြီးနှင့် ခရမ်းရောင်ဝတ်စုံဝတ်အဖိုးအိုတို့ တိုက်ခိုက်ကြစဥ်တွင် ထွက်ပေါ်လာသော သက်ရောက်မှုအားလှိုင်းများကြောင့် ပတ်ဝန်းကျင်၌ ရှိနေသူများအားလုံးသည် နောက်သို့ မိုင်တစ်ရာကျော်ခန့် ဆုတ်ခွါလိုက်ကြရသည်။
သူတို့၏တိုက်ခိုက်မှုတစ်ခုစီတိုင်းသည် ကြယ်နယ်မြေတစ်ခုကိုပင် ဖျက်ဆီးနိုင်သောစွမ်းအားမျိုးရှိပြီး အဆက်မပြတ်ပေါက်ကွဲသံများလည်း ထွက်ပေါ်နေသည်။
"နတ်ဘုရားဓားအမတ်ကြီး....မင်း ရပ်တန့်လိုက်ဖို့ ငါ အကြံပေးချင်တယ်"
ခရမ်းရောင်ဝတ်စုံဝတ်အဖိုးအိုက နတ်ဘုရားဓားအမတ်ကြီးကို သွေးဆောင်ဖြားယောင်းနိုင်ရန် စတင်၍ကြိုးပမ်းလိုက်၏။
Chapter 2015
"မင်း ငါ့ရဲ့ဓားချက်ကိုခံယူနိုင်ရင်...ငါ အခုချက်ချင်းထွက်သွားပေးမယ်"
နတ်ဘုရားဓားအမတ်ကြီး၏မျက်နှာအမူအယာသည် အေးစက်တင်းမာနေပြီး သူ၏လက်ဝါးအတွင်း၌ အစိမ်းရောင်ဓားငယ်တစ်လက် ထွက်ပေါ်လာသည်။
သူသည် ဓားငယ်ပေါ်သို့ သူ၏မှော်စွမ်းအားအနည်းငယ်ကို မှုတ်ထုတ်လိုက်၏။ထိုမှော်စွမ်းအားများသည် အစိမ်းရောင်ဓားငယ်ကို ရစ်ပတ်လွှမ်းခြုံသွားပြီးနောက် အကန့်အသတ်မရှိသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများက တလိမ့်လိမ့်ထွက်ပေါ်လာသည်။
"လက်နက်ပုန်းတစ်ခုကများ"
ခရမ်းရောင်ဝတ်စုံဝတ်အဖိုးအို၏မျက်နှာအမူအယာသည် တည်ငြိမ်နေဆဲဖြစ်ပြီး ထိုဓားငယ်ကိုဟန့်တားရန်အတွက် သူ၏လက်ကို ဆန့်ထုတ်လိုက်သည်။
သို့ရာတွင် သူ၏လက် လမ်းတစ်ဝက်သို့ရောက်ရှိသွားသောအချိန်မှာပင် ရုတ်တရက် သူ၏မျက်နှာအမူအယာ ပျက်ယွင်းသွားပေ၏။ထို့နောက် သူ၏ခန္ဓာကိုယ်ကို မူလရှိနေသောနေရာမှနေ၍ အလျှင်အမြန်ရှောင်တိမ်းလိုက်သည်။
ခရမ်းရောင်ဝတ်စုံဝတ်အဖိုးအို မူလရှိနေသောနေရာတွင် သူ၏နောက်ချန်ပုံရိပ်တစ်ခုသာ ကျန်ရှိခဲ့သည်။
ဘုန်း...
အစိမ်းရောင်ဓားငယ်သည် ထိုနောက်ချန်ပုံရိပ်ကို ပြင်းပြင်းထန်ထန် ထိုးစိုက်သွားပြီးနောက် ဓားချီများသည် ကောင်းကင်ယံထိတိုင် ထိုးတက်သွားသည်။ဤအချိန်အခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိ ဆယ်မိုင်ပတ်လည်နေရာတဝိုက်လုံး ထိုဓားချီများဖြင့် ဖုံးလွှမ်းသွားပေ၏။ထိုဓားချီများသည် အလွန်အမင်းထက်ရှပြီး လူအများအား ထိတ်လန့်ကြောက်ရွံမှုကြောင့် တုန်ရီသွားစေသည်။
"ရှေးဟောင်း ဧကရာဇ်အဆင့်လက်နက်ပုန်းတစ်ခုလား"
ထိုမြင်ကွင်းကိုမြင်သည့်တိုင် လုယွီသည် အံ့အားသင့်သွားခြင်းမရှိချေ။
နတ်ဘုရားဓားအမတ်ကြီးသည် ကျီစစ် ကျီမို အမွှာအင်မော်တယ်နှစ်ယောက်၏အမွေအနှစ်များကို ဆက်ခံရရှိထားသူဖြစ်သဖြင့် အကြွင်းမဲ့ကြီးကျယ်ခမ်းနားသောအရာများကို ပိုင်ဆိုင်ထားပေမည်။ထို့ပြင် သူ ဆက်ခံထားသည်မှာ အမွေအနှစ်အပြည့်အစုံ ဖြစ်နိုင်သည်။
ယခုလက်ရှိကောင်းကင်ဘုံနယ်မြေတွင် ကြီးမားသောအင်အားစုတိုင်းသည် ရှေးဟောင်းခေတ်မှဧကရာဇ်အဆင့်လက်နက်ပုန်းများအသုံးပြုမှုကို ထိန်းချုပ်ဟန့်တားထားသဖြင့် ထိုအရာများကို မည်သူကမျှ လွယ်လင့်တကူအသုံးပြုနိုင်ခြင်းမရှိချေ။
ရှေးဟောင်းဧကရာဇ်အဆင့်မှော်လက်နက်များ၏စွမ်းအားကို ရှေးဟောင်းခေတ်မှ အစွမ်းထက်အင်မော်တယ်များပင် တောင့်မခံနိုင်လေရာ ခရမ်းရောင်ဝတ်စုံဝတ်အဖိုးအိုဆိုလျှင် ဆိုဖွယ်ရာပင် မရှိတော့ချေ။
"ကောင်းတယ်...ကောင်းတယ်...ကောင်းတယ်...ကြည့်ရတာတော့ နတ်ဘုရားဓားအမတ်ကြီးက ဒီနေ့ ငါနဲ့ အသေအရှင်တိုက်ပွဲတစ်ခုကို ဆင်နွှဲတော့မယ့်ပုံပဲ"
ခရမ်းရောင်ဝတ်စုံဝတ်အဖိုးအိုသည် ကူကယ်ရာမဲ့စွာဖြင့် ဒေါသထွက်နေပြီး သူ၏မျက်လုံးအတွင်း၌ ထိတ်လန့်ကြောက်ရွံမှုနှင့်ဒေါသထွက်မှုအရိပ်အယောင်များ ရောယှက်၍ထင်ဟပ်နေသည်။
"ငါ အရင်က ပြောပြီးပြီ...ဒီရှုရာတွေက ပုန်ကန်ဝံ့မှတော့ သူတို့က တန်ကြေးပြန်ပေးဆပ်ရမယ်"
နတ်ဘုရားဓားအမတ်ကြီးက အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုလိုက်၏။
သူတို့နှစ်ယောက် မတိုးသာမဆုတ်သာဖြစ်နေသော အခြေအနေမှာပင် ပြင်းထန်သောအားလှိုင်းတစ်ရပ်က ခရမ်းရောင်ဝတ်စုံဝတ်အဖိုးအို၏နောက်မှ ထွက်ပေါ်လာသည်။
ရုတ်ချည်းဆိုသလိုပင် လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုသည် အလွန်ကြီးမားသော မှော်စွမ်းအင်လှိုင်းများကိုသယ်ဆောင်၍ နတ်ဘုရားဓားအမတ်ကြီးထံသို့ တိုးဝင်လာသည်။
ဝုန်း...
ထိုမှော်စွမ်းအင်လှိုင်းများ သက်ရောက်လာမှုကြောင့် ဤအချိန်အခိုက်အတန့်တွင် မိုးကောင်းကင်ယံပင် ကျစ်လစ်သိပ်သည်းသွားပုံရသည်။
နတ်ဘုရားဓားအမတ်ကြီးဖြစ်စေ ခရမ်းရောင်ဝတ်စုံဝတ်အဖိုးအိုဖြစ်စေ သူတို့သည် နေရာမှာပင် တောင့်တင်းနေကြ၏။အစွမ်းထက်သော ဖိအားအရှိန်အဝါတစ်ရပ်သည် ကြီးမားသောစွမ်းအားလှိုင်းနှင့်အတူ ပတ်ဝန်းကျင်နေရာတဝိုက်လုံးကို အပြည့်အဝလွှမ်းခြုံထားသည်။
ထိုလက်ဝါးရိုက်ချက်သည် ရုတ်တရက်ဆန်စွာ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး နတ်ဘုရားဓားအမတ်ကြီးပင်လျှင် အချိန်မီရှာတွေ့ခဲ့ခြင်းမရှိချေ။
နတ်ဘုရားဓားအမတ်ကြီးသည် သူ၏ခေါင်းကို ခက်ခက်ခဲခဲအားယူ၍မော့ကာ သူ့ထံချဥ်းကပ်လာသော လက်ဝါးပုံရိပ်ကြီးကိုကြည့်ပြီး သူ၏နှုတ်ခမ်းထောင့်၌ ခါးသည်းသောအပြုံးတစ်ခု ထွက်ပေါ်လာသည်။
သို့သော် ထိုလက်ဝါးပုံရိပ်ကြီး ကျရောက်လုဆဲဆဲအချိန်မှာပင် တခြားလက်သီးစွမ်းအားလှိုင်းတစ်ရပ်သည် အဝေးတစ်နေရာရှိ ကြယ်တာရာကောင်းကင်ယံမှ ပျံသန်းလာပြီး စွမ်းအားလှိုင်းနှစ်ရပ် ဖီလာဆန့်ကျင် ရိုက်ခတ်မိတော့သည်။
ဘုန်း...
ထိုစွမ်းအားလှိုင်းနှစ်ခု ထိတွေ့မိချိန်တွင် တစ်ခုနှင့်တစ်ခု ချေဖျက်သကဲ့သို့ဖြစ်သွားပြီး အရိပ်အယောင်ပင်မကျန်ရှိတော့ဘဲ ပျောက်ကွယ်သွားလေ၏။
"မဟာဆရာသခင်ကျန်း...မင်းက ငါတို့အင်ပါယာရဲ့နတ်ဘုရားအမတ်ကြီးတစ်ယောက်ကို သတ်ဖြတ်ဖို့ အရမ်းကိုအလျင်လိုနေပါလား...မင်းတို့က အင်ပါယာနှစ်ခုကြားက တိုက်ပွဲကို တကယ်ပဲစတင်ချင်တာလား"
အဝေးရှိ ကြယ်တာရာကောင်းကင်ယံမှနေ၍ အလွန်အမင်းကျယ်လောင်ပြီး လွှမ်းမိုးချုပ်ကိုင်နိုင်သောအသံကြီး မြည်ဟီးလာသည်။
အစွမ်းထက်ကျင့်ကြံသူအချင်းချင်း ရင်ဆိုင်တွေ့နေခြင်းဖြစ်သဖြင့် သူတို့သည် အားနည်းချက်များကို ထုတ်ဖော်ပြသခြင်းမရှိချေ။အဝေးတစ်နေရာရှိ အနက်ရောင်ကြယ်တစ်လုံးမှ အေးစက်စက်နှာမှုတ်သံတစ်သံ ထွက်ပေါ်လာပြီးနောက် နှစ်ဖက်စလုံးသည် စိတ်ဝိညာဥ်ဖြင့် စတင်၍ပြောဆိုဆက်သွယ်ကြတော့သည်။
ဤကဲ့သို့ ဆက်သွယ်ပြောဆိုမှုမျိုးသည် သာမာန်ကျင့်ကြံများ ဖမ်းဆုပ်နိုင်မည့်အရာမျိုးမဟုတ်ချေ။
အချိန်တစ်နာရီခန့်ကြာပြီးနောက် နှစ်ဖက်စလုံးသည် သဘောတူညီမှုတစ်ခုရရှိသွားပုံဖြင့် မူလက တင်းမာနေသော ပတ်ဝန်းကျင်ရှိအရှိန်အဝါများ တဖြည်းဖြည်းပြေလျော့သွားလေ၏။
နတ်ဘုရားဓားအမတ်ကြီးသည်လည်း အသံပေးပို့ဆက်သွယ်မှုတစ်ခုကိုရရှိသွားပုံဖြင့် သူက အနည်းငယ်ကြက်သေသေသွားပြီးနောက် ကူကယ်ရာမဲ့စွာဖြင့် မျက်မှောင်ကြုတ်လိုက်၏။
"ကျိုးရှောင်...မင်း ကိုယ့်ကိုကိုယ်သတ်သေလိုက်...ငါတို့က မင်းရဲ့ရှုရာမျိုးနွယ်တွေကို စောင့်ရှောက်ပေးမယ်"
ခရမ်းရောင်ဝတ်စုံဝတ်အဖိုးအိုသည် အပိုစကားများပြောဆိုခြင်းမရှိချေ။သူက ရှုရာနတ်ဘုရားရုပ်ထုဘက်သို့လှည့်ကြည့်၍ ပြောဆိုလိုက်သည်။
ရှုရာနတ်ဘုရားရုပ်ထုထံမှ သက်ပြင်းချသံတစ်သံ ထွက်ပေါ်လာသည်။ထို့နောက် အနက်ရောင်အခိုးအငွေ့များသည် ရှုရာနတ်ဘုရားရုပ်ထု၏ဒွါရခုနစ်ပေါက်မှ ထွက်ပေါ်လာပြီး တစတစ ပျောက်ကွယ်သွားတော့သည်။
"နယ်မြေသခင်"
ရှုရာများအားလုံးက ကြေကွဲဝမ်းနည်းစွာဖြင့် အော်ဟစ်လိုက်ကြ၏။
ရှုရာနတ်ဘုရားရုပ်ထုအတွင်းမှနေ၍ ကျိုးရှောင်၏အရှိန်အဝါကို ထပ်မံ၍ခံစားရခြင်း မရှိတော့ချေ။