← Chapters

အခန်း (၂၀၂၆-၂၀၃၀)

Vol. 105 Ch. 2026-2030

အခန်း (၂၀၂၆-၂၀၃၀)

Vol. 105 Ch. 2026-2030

Chapter 2026

"ဒေါ်လေးကို ကျေးဇူးအများကြီးတင်ပါတယ်"

လုံယွင်ရှန်းသည် အလွန်စိတ်လှုပ်ရှားနေပြီး သူမ၏မျက်နှာတပြင်လုံး ပျော်ရွှင်မှုအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

သူမသည် အဆက်အသွယ်ကောင်းများ ရရှိရန်အလို့ငှါ တော်ဝင်မြို့တော်သို့ လာရောက်ခဲ့ခြင်းဖြစ်သည်။မြို့တော်မှ လူငယ်မျိုးဆက်သစ်များအတွေ့အကြုံရှာဖွေရာ၌ သူမ ပါဝင်ဆင်နွှဲခွင့်ရသည်မှာ သူမအတွက် အကောင်းမွန်ဆုံးအခွင့်အရေးတစ်ခုပင်။

"ဒီတစ်ကြိမ်မှာ နင်က တော်ဝင်မြို့တော်မှာရှိတဲ့လူငယ်တွေရဲ့ခွန်အားကိုလည်း မြင်တွေ့ခွင့်ရမယ်...ငါတို့ရဲ့ဇာတိမြေလိုမျိုး နေရာငယ်လေးမှာ နင် ဆက်ပြီးနေနေမယ်ဆိုရင် ရေတွင်းအောက်ခြေကဖားသူငယ်လိုဖြစ်နေမှာပဲ...ဒါက နင့်ရဲ့အနာဂတ်အတွက် ကောင်းကျိုးရှိမှာမဟုတ်ဘူး"

ဝမ်ယန်းက ပြောဆိုလိုက်၏။

လုံယွင်ရှန်းက ရုတ်တရက် လုယွီ၏အကြောင်းကို တွေးတောမိသွားသဖြင့် သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းလိုက်သည်။

"ဒေါ်လေး...ဦးလေးနဲ့ရထားလုံးအတူစီးလာတဲ့ကောင်လေးကို ခုဏက ကျွန်မ မြင်လိုက်မိတယ်...သူက ဘယ်သူလဲ"

သူမသည် လုယွီအပေါ် စိတ်ရှည်သည်းခံနေခြင်းမှာ ရှားဟိုလီကို ထိတ်လန့်ကြောက်ရွံသောကြောင့်ပင်။

အကယ်၍ လုယွီသည် ရှားဟိုလီဖိတ်ကြားထားသော ဧည့်သည်တစ်ယောက်ဖြစ်နေပါက သူမအတွက် အခြေအနေဆိုးသွားနိုင်သည်။

မမျှော်လင့်ဘဲ ဝမ်ယန်း၏မျက်နှာပေါ်တွင် အေးစက်စက်အပြုံးတစ်ခု ထင်ဟပ်လာပြီး သူမကသာမာန်ကာလျှံကာလေသံဖြင့် ပြောဆိုလိုက်၏။

"ဒါက နင့်ဦးလေးရဲ့အနားကို တွယ်ကပ်နေတဲ့လူတစ်ယောက်ပါပဲ...တချို့လူတွေက အိမ်တော်မှာလာပြီး စားဖို့သောက်ဖို့ ကြံစည်နေကြတယ်...တကယ်လို့ ငါတို့ရဲ့အိမ်တော်ကအရမ်းကြီးမားပြီး ထိန်းသိမ်းစောင့်ရှောက်ဖို့ လူအမြောက်အများလိုတဲ့ အချက်ကြောင့်သာမဟုတ်ရင် ဘယ်သူက အဲ့ဒီလူမျိုးတွေကို လက်ခံထားချင်မှာလဲ"

"ဒါပေမယ့် သူကိုကြည့်ရတာ အရမ်းငယ်သေးပုံပဲ...သူက အိမ်တော်မှာ အလုပ်သင်တစ်ယောက်လုပ်ဖို့ အရည်အချင်းပြည့်မီတာလား"

လုံယွင်ရှန်းက အံ့အားတသင့် မေးမြန်းသည်။

သူမတို့၏လုံမိသားစုပင်လျှင် အလုပ်သင်ရွေးချယ်လိုပါက လူအမြောက်အများကြားမှနေ၍ တင်းတင်းကြပ်ကြပ်ရွေးချယ်လေ့ရှိသည်။

"ဖြစ်နိုင်တာတော့ သူ့မှာ အထူးအရည်အချင်းတစ်ခုခု ရှိလို့နေမှာပေါ့....ဒီအချိန်အတောအတွင်းမှာ အသစ်ဝင်လာတဲ့အလုပ်သင်တွေအားလုံး အနောက်ဘက်ခြံဝန်းမှာ နေနေကြတယ်...နင် အဲ့ဒီလူတွေနဲ့ မပတ်သတ်မိစေနဲ့...ငါ အိမ်တော်ထိန်းကို သွားရှာပြီး အဲ့ဒီလူတွေကို သေချာထိန်းသိမ်းထားဖို့ ပြောရမယ်"

အလုပ်သင်များအကြောင်းပြောဆိုနေချိန်တွင် ဝမ်ယန်း၏မျက်နှာပေါ်၌ အထင်အမြင်သေးမှုများနှင့် ပြည့်နှက်နေသည်။

"ဒီရက်တွေအတွင်းမှာ နင် အဆင့်သင့်ပြင်ဆင်ထားလိုက်တော့...ငါတို့ရှားဟိုအိမ်တော်မှာ လူငယ်ပါရမီရှင်မရှိဘူး...နင်က အပြင်ကိုထွက်တာနဲ့ နင့်ရဲ့ခွန်အားကို ​ကောင်းကောင်းပြသနိုင်ရမယ်"

အဒေါ်ဖြစ်သူ၏​စကားကြောင့် လုံယွင်ရှန်း၏စိတ်နှလုံးသားအတွင်း၌ သူမကိုယ်သူမ ယုံကြည်ချက်များ နှစ်ဆတိုးပွါးသွားသည်။

သို့ရာတွင် လုယွီအကြောင်းပြန်လည်တွေးတောမိချိန်တွင် သူမက အလွန်စိတ်မကျေမနပ် ဖြစ်သွားလေ၏။

"စားဖို့သောက်ဖို့ပဲသိတဲ့ အလုပ်သင်တစ်ယောက်ကများ...ငါ့ကိုလာပြီး ဝေဖန်ဝံ့တယ်...တကယ်လို့ ငါ နင့်ကို နောက်တစ်ခါထပ်တွေ့မယ်ဆိုရင် သင်ခန်းစာကောင်းကောင်းပေးပြမယ်"

လုံယွင်ရှန်း၏စိတ်နေသဘောထားသည် သေးငယ်သောကိစ္စကိုပင် ရန်ငြိုးထား၍ လက်စားချေတက်သူဖြစ်သည်။မည်သည့်နည်းဖြင့် သူမကို ဆူပူကြိမ်းမောင်းသွားသောလုယွီအား အလွတ်ပေးနိုင်မည်နည်း။

တခြားတစ်ဖက်တွင်...

ရွှံစေးမျောက်ရုပ်ထုကိုချိပ်ပိတ်ပြီးနောက် လုယွီသည် အခန်းသို့ပြန်ကာ သူ၏ကျင့်ကြံဆင့်ကို ဆက်လက်၍တည်ငြိမ်အောင်ပြုလုပ်ရန် ကြံရွယ်လိုက်သည်။

သူ ယခုကဲ့သို့ အောင်မြင်မှုရနေသော အကြောင်းအရင်းမှာ သူသည် အဆက်မပြတ်ကျင့်ကြံနေသောကြောင့်ပင်။

အခန်းအတွင်းသို့ ပြန်ရောက်သည်နှင့် လုယွီသည် ပြင်ပမှကိစ္စများကို အာရုံစိုက်ခြင်းမရှိတော့ဘဲ တိတ်ဆိတ်ငြိမ်သက်စွာထိုင်၍ ကျင့်ကြံလိုက်၏။

လုယွီ ကျင့်ကြံနေစဥ်မှာပင်...

တော်ဝင်မြို့တော်ရှိ ရှအိမ်တော်၌...

ဤသည်က ကြီးမားသောအိမ်တော်တစ်လုံးဖြစ်ပြီး ဝပ်တွားနေသောလူဘီလူးကြီးတစ်ကောင်နှင့်တူညီကာ အိမ်တော်၏ပိုင်နက်နယ်မြေသည် အလွန်အမင်းကျယ်ဝန်းပေ၏။အိမ်တော်ကိုတည်ဆောက်ထားသော ပုံသဏ္ဌာန်နှင့်ပစ္စည်းများသည် တော်ဝင်နန်းတော်နှင့်ပင် တူညီနေသဖြင့် အပြင်လူများက ရှအိမ်တော်ကို 'တော်ဝင်နန်းတော်ငယ်'ဟု ခေါ်ဆိုကြသည်။

ရှအိမ်တော်၏ခြံဝန်းအတွင်းရှိ စာကြည့်ဆောင်တစ်ခုတွင် နတ်ဘုရားအမတ်ကြီးရှကွေ့ကျုံးသည် ထိုင်ခုံပေါ်၌ထိုင်နေပြီး သုန်မှုန်နေသောမျက်နှာအမူအယာဖြင့် သူ့လက်အတွင်းရှိစာကို စူးစိုက်၍ကြည့်နေသည်။

"အရှင်အမတ်ကြီး....အဲ့ဒီကောင်လေးက ရှောင်ယန်းဆိုတဲ့နာမည်နဲ့ ရှားဟိုလီရဲ့လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့တယ်...နောက်ပိုင်းကျတော့ သူ့ရဲ့တိုက်ပွဲအကျိုးဆောင်ရမှတ်တွေကြောင့် ရွှမ်းဝူစစ်ဗိုလ်ချုပ်အဆင့်ကို ရာထူးတိုးသွားခဲ့တယ်...ဒီတစ်ကြိမ် ရှုရာနယ်မြေရဲ့ပုန်ကန်မှုမှာ သူက ရှားဟိုလီရဲ့စစ်တပ်ကိုကယ်တင်ခဲ့တယ်...သူက သူတော်စင်ပင်လယ်ကြယ်နယ်မြေပေါ်က ပုန်ကန်မှုကို ငြိမ်းချမ်းအောင်လုပ်ခဲ့တဲ့အပြင် ရှုရာဧကရာဇ်တစ်ယောက်ကိုတောင် ဖိနှိပ်နိုင်ခဲ့တယ်...သူ့ရဲ့စစ်ရေးအောင်မြင်မှုတွေက အရမ်းထူးချွန်ပြောင်မြောက်လွန်းတယ်...သူ့ကို အလွယ်တကူသတ်လို့ရမှာမဟုတ်ဘူး"

ရှကွေ့ကျုံး၏ရှေ့၌ အနက်ရောင်ဝတ်ရုံဝတ်လူတစ်ယောက်က ဦးညွှတ်၍အရိုအသေပြုကာ သတင်းပို့နေလေ၏။

အခန်းအတွင်း၌ အလင်းရောင်တောက်ပနေသော်လည်း အနက်ရောင်ဝတ်ရုံဝတ်လူ မတ်တတ်ရပ်နေသောနေရာတွင် ထူထပ်သိပ်သည်းသောအမှောင်ထုကြီး လွှမ်းခြုံနေပုံရပြီး သူ၏အနီးသို့ မည်သည့်အလင်းရောင်မျှ ချဥ်းကပ်နိုင်ပုံမရချေ။

"ဟမ့်...."

ရှကွေ့ကျုံးက အေးစက်စက်နှာမှုတ်လိုက်ရာ ချက်ချင်းဆိုသလိုပင် သူ၏လက်အတွင်းမှစာ အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားသည်။

"အစကတည်းက ငါ မင်းကို လှုပ်ရှားခိုင်းခဲ့ရမှာ...ခုကျတော့ ငါက အသုံးမကျတဲ့အမှိုက်တွေကို လွှက်လိုက်မိတယ်...သောက်သုံးမကျတဲ့ကောင်တွေက တက်လှမ်းလာတာမကြာသေးတဲ့ လူသစ်လေးတစ်ယောက်ကိုတောင် သေချာမထိန်းသိမ်းနိုင်ကြဘူး"

ရှကွေ့ကျုံး၏မျက်လုံးများအတွင်းမှနေ၍ အေးစက်စက်အလင်းရောင်များ ဖြာထွက်နေသည်။

အနက်ရောင်ဝတ်ရုံဝတ်လူထံမှ ထူးဆန်းသောရယ်မောသံကြီး ထွက်ပေါ်လာပေ၏။

"အမတ်ကြီး...ပြီးသွားခဲ့တဲ့ကိစ္စကို ဘာမှလုပ်လို့မရတော့ဘူး...နောင်တရဖို့က အရမ်းနောက်ကျသွားပြီ"

Chapter 2027

ရှကွေ့ကျုံးက သူ၏အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။

"ဒီကိစ္စလောက်ကတော့ ငါ ဂရုမစိုက်ဘူး...သူက လောကီအင်မော်တယ်အဆင့်ပဲရှိတာ...ငါ သူကို အချိန်မရွေး ချေမွှဖျက်ဆီးပစ်နိုင်တယ်"

"ဒါပေမယ့် အခုချိန်မှာ သူက ရှားဟိုလီရဲ့အိမ်တော်မှာနေနေတာနော်...ပြီးတော့ သူက မဟာဆရာသခင်ရဲ့တပည့်တစ်ယောက်လည်းဖြစ်တယ်...မဟာဆရာသခင်က ဒီနှစ်တွေအတွင်းမှာ တိတ်ဆိတ်ငြိမ်သက်နေပေမယ့် သူ့ဆီမှာ မရေမတွက်နိုင်တဲ့တပည့်တွေရှိတယ်...တကယ်လို့ အမတ်ကြီးက ဒီကောင်လေးကို မဆင်မခြင်တိုက်ခိုက်မယ်ဆိုရင် လူတွေအများကြီးကို ရန်စမိသလိုဖြစ်လိမ့်မယ်"

အနက်ရောင်ဝတ်ရုံဝတ်လူက အပြုံးနှင့် ဆက်လက်ပြောဆိုသည်။

"ပြီးတော့ ဦးရီးတော်ရှားဟိုလီရဲ့တိုက်ပွဲအကျိုးဆောင်ရမှတ်တွေက အမတ်ကြီးအဆင့်ကို ရာထူးတိုးဖို့ လုံလောက်နေပြီ...အဲ့ဒီထက် ပိုအရေးကြီးတာက ဒီကောင်လေးရဲ့တိုက်ပွဲအကျိုးဆောင်ရမှတ်တွေကလည်း မြင့်မြတ်သူဘွဲ့ကိုခန့်အပ်ခံရဖို့ လုံလောက်တယ်...အချိန်ကျလာရင် အဲ့ဒီကောင်လေးက တော်ဝင်နန်းတွင်းမှာ မိတ်ဆွေတွေအများကြီးရသွားနိုင်တယ်...အမတ်ကြီးက ဘယ်လိုလုပ်ဖို့ စီစဥ်ထားလဲ"

"ရှားဟိုလီက သူ့ကိုကာကွယ်နိုင်မှာ မဟုတ်ဘူး"

ရှကွေ့ကျုံးသည် အနိုင်ရလဒ်ကိုဖမ်းဆုပ်နိုင်သူတစ်ယောက်အလား ရုတ်တရက် သူ၏မျက်နှာအမူအယာ ပို၍အေးဆေးတည်ငြိမ်သွားသည်။

"ငါက နတ်ဘုရားအမတ်ကြီးတစ်ယောက်....ပြီးတော့ ငါက ကြီးမားတဲ့အခွင့်အာဏာကို ချုပ်ကိုင်ထားနိုင်တယ်...သူက ငါ့ကို လှုပ်ခတ်စေနိုင်ဖို့ဆိုတာ အဝေးကြီးလိုသေးတယ်...သူက ပုရွက်ဆိတ်တစ်ကောင်ပါပဲ...တကယ်လို့ သူ ခုချိန်မှာ ခုန်ပေါက်ပြေးလွှားပြီး ပျော်ရွှင်နေရင်တောင်...အဆုံးသတ်မှာ သူ့ကိုယ်သူ ပုရွက်ဆိတ်တစ်ကောင်ထက်မပိုဘူးဆိုတာ သိသွားလိမ့်မယ်"

ဤအချိန်အခိုက်အတန့်တွင် ရှကွေ့ကျုံးကိုကြည့်ရသည်မှာ နတ်ဘုရားတစ်ပါးနှင့်တူညီနေပြီး သံသယဖြစ်ဖွယ်မရှိ ကြီးကျယ်ခမ်းနားသောအရှိန်အဝါမျိုးကို ပိုင်ဆိုင်ထားသည်။

သို့ရာတွင် အနက်ရောင်ဝတ်ရုံဝတ်လူကို ထိုအရှိန်အဝါ သက်ရောက်ပုံမရချေ။

"ကျွန်တော် တကယ်ကို သိချင်မိတယ်...အမတ်ကြီးက ဒီကောင်လေးကို ဘာလို့ ခုလောက်ကြီး အာရုံစူးစိုက်နေတာလဲ"

"ဒါက မင်းရဲ့ကိစ္စမဟုတ်ဘူး"

ရှကွေ့ကျုံးက အလေးအနက်ထားသောလေသံဖြင့် ဆက်လက်ပြောဆိုသည်။

"အရင်ဆုံး မင်း ပြန်သွားလိုက်တော့...တကယ်လို့ ငါ လိုအပ်တာတစ်ခုခုရှိရင် ငါ မင်းကို လာရှာမယ်"

အနက်ရောင်ဝတ်ရုံဝတ်လူသည် ရယ်မောလိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်သည် အမှောင်ထုကြီးအတွင်းသို့ ပျော်ဝင်သွားသည့်အလား ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားတော့သည်။

အနက်ရောင်ဝတ်ရုံဝတ်လူ ထွက်ခွါသွားချိန်တွင် ရှကွေ့ကျုံး၏ခန္ဓာကိုယ်တစ်ခုလုံးမှ အရှိန်အဝါများသည် ရက်စက်ကြမ်းကြုတ်သောမှော်သားရဲကြီးတစ်ကောင်အလား ပြင်းထန်အားကောင်းလာသည်။

"လုယွီ...လုယွီ...အရင်က ငါ မင်းကို မသတ်နိုင်ခဲ့ဘူး...အခုချိန်မှာ မင်းက ဒီလိုအခြေအနေမျိုးထိ ကြီးထွားလာမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

ရှကွေ့ကျုံး၏မျက်နှာအမူအယာသည် သုန်မှုန်နေပေ၏။ရုတ်ချည်းဆိုသလိုပင် သူက စုတ်တံနှင့်စာရွက်တစ်ရွက်ကိုကောက်ယူကာ စာတစ်စောင် စတင်ရေးသားလိုက်သည်။

"တစ်ယောက်ယောက်...လာခဲ့စမ်း"

ရှကွေ့ကျုံးသည် အစေခံတစ်ယောက်ကိုခေါ်ဆောင်၍ ထိုစာကို ပစ်ပေးလိုက်၏။

"ဒီစာကို တော်ဝင်စစ်ရေးဌာနရဲ့လက်ထောက်အမတ်ကြီး ရှဖုန်းဆီ သွားပို့စမ်း"

ထိုအစေခံသည် အမိန့်ကိုရသည်နှင့် စာကိုယူဆောင်ကာ ပြင်ပသို့ထွက်ခွါသွားတော့သည်။

ရှားဟိုအိမ်တော်၏အနောက်ဘက်ခြံဝန်းရှိ အခန်းတစ်ခန်းအတွင်း၌....

လုယွီသည် ကြမ်းပြင်ပေါ်၌ထိုင်နေပြီးနောက် သူ၏ခန္ဓာကိုယ်အတွင်းမှနေ၍ ခပ်အုပ်အုပ်အသံတစ်သံ ထွက်ပေါ်လာသည်။

လုယွီ၏မိုးကောင်းကင်လှိုဏ်ဂူအတွင်း၌ နောက်ဆုံးအစစ်အမှန်နဂါးပုံရိပ်သည် အပြည့်အဝကျစ်လစ်သိပ်သည်းလာပြီး ရွှေရောင်တောက်ပနေကာ စွမ်းအားများဖြင့် ပြည့်နှက်နေသည်။

ခရက်...ခရက်...

လုယွီက သူ၏ခြေလက်များကို ဖြည်းညှင်းစွာ ဆန့်တန်းလိုက်၏။သူ၏ခန္ဓာကိုယ်မှထွက်ပေါ်နေသော အားကောင်းသည့်စွမ်းအားများကို ခံစားမိသည်နှင့် သူ၏နှုတ်ခမ်းထောင့်၌ အပြုံးတစ်ပွင့်ထွက်ပေါ်လာသည်။

အစစ်အမှန်နဂါးခြောက်ကောင်၏စွမ်းအား....

ဤအချိန်အခိူက်အတန့်တွင် လုယွီသည် ထိုစွမ်းအားကို အပြည့်အဝပိုင်ဆိုင်သွားလေပြီ။

အတိတ်ဘဝတွင် လုယွီသည် လောကီအင်မော်တယ်အထွတ်အထိပ်အဆင့်၌ ဤကဲ့သို့စွမ်းအားမျိုးကို ပိုင်ဆိုင်ခြင်းမရှိချေ။

ယခုလက်ရှိချိန်တွင် အကယ်၍ ရွှယ်အင်မော်တယ်အစောပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက် လုယွီရှေ့သို့ ရောက်လာလျှင်ပင် သူ့ထံ၌ ပြန်လည်တိုက်ခိုက်နိုင်စွမ်းရှိသည်။

"ရှကွေ့ကျုံး...ကျုပ် တော်ဝင်မြို့တော်ကိုရောက်နေတယ်ဆိုတာ အခုချိန်မှာ ခင်ဗျားသိနေလောက်ပြီ...ငရဲကိုကျပြီးတော့ ဘယ်တော့မှပြန်လည်ဝင်စားခြင်းမပြုရတဲ့ ခံစားချက်မျိုးက ဘယ်လိုလဲဆိုတာ ခင်ဗျားသိအောင် ကျုပ် ပြသပေးမယ်"

လုယွီက ခေါင်းမော့လိုက်ရာ သူ၏မျက်လုံးများအတွင်း၌ သွေးနီရောင်အလင်းတန်းများ ထင်ဟပ်လာပေ၏။

ဤအချိန်အခိုက်အတန့်တွင် လုယွီ၏အရှိန်အဝါ ရုတ်တရက် ပြောင်းလဲသွားသည်။သူ၏အရှိန်အဝါသည် သွေးပင်လယ်ကြီးအတွင်းရှိ တောင်ပုံရာပုံဖြစ်နေသော အလောင်းများကြားမှ ထွက်ပေါ်လာခြင်းနှင့် တူညီနေသည်။

သူ၏စိတ်ခံစားချက်များကို တည်ငြိမ်အောင်ထိန်းသိမ်းပြီးနောက် ရုတ်တရက် သူက ပြတင်းပေါက်ပြင်ပသို့ကြည့်၍ မျက်မှောင်ကြုတ်လိုက်၏။

သူ၏နတ်ဘုရားစိတ်အာရုံအောက်တွင် လူတစ်စုသည် သူတို့၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကိုထုတ်ဖော်၍ သူရှိနေသောခြံဝန်းသို့ ဦးတည်၍လျှောက်လှမ်းလာခြင်းကို တွေ့မြင်မိသည်။

"အဲ့ဒီကောင်လေးက...ဒီနေရာမှာနေတာပဲ"

ထိုလူစုကိုဦးဆောင်လာသူသည် ကြမ်းတမ်းသောအသံဖြင့် ပြောဆိုလိုက်၏။ထိုလူသည် လုယွီနှင့် တံခါးဝ၌ဆုံတွေ့ခဲ့သော လူလတ်ပိုင်းကြီးဖြစ်သည်။

သူ၏နံဘေးတွင် လူအမြောက်အများပါရှိပြီး သူတို့အားလုံးထံတွင် ရက်စက်ကြမ်းကြုတ်သော မျက်နှာအမူအယာများရှိကာ လူကောင်းများမဟုတ်သည်မှာ သိသာထင်ရှားလှ၏။

"စိတ်ဝင်စားစရာပဲ...တစ်စုံတစ်ယောက်က အိမ်တော်ကိုဝင်ရောက်လာတဲ့အချိန်မှာ ထိုက်သင့်တဲ့အခကြေးငွေပေးဖို့ ငြင်းဆန်ခဲ့တယ်...တကယ်လို့ ငါတို့က သူ့ကို သင်ခန်းစာမပေးရင်...နောင်အနာဂတ်မှာ ငါတို့ရဲ့စကားကို ဘယ်သူက နားထောင်မှာလဲ"

လူတချို့က အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

Chapter 2028

တံခါး၏ပြင်ပတွင် ထိုလူတစ်စုသည် အချင်းချင်းတီးတိုးပြောဆိုနေကြသော်လည်း သူတို့အားလုံးပြောဆိုနေသောစကားများသည် လုယွီ၏နတ်ဘုရားစိတ်အာရုံအောက်မှ လွတ်မြောက်နိုင်ခြင်းမရှိချေ။

"ငါထင်တာတော့ သူက အသက်နှစ်ဆယ်လောက်ပဲရှိအုံးမယ်...ပြီးတော့ သူက ဒီလိုမျိုး အဆင့်နိမ့်ဧည့်ဆောင်မှာနေနေရတာ...သူ့ခွန်အားက သိပ်ကောင်းမှာမဟုတ်ဘူး...ငါတို့က လူအင်အားကိုအသုံးပြုပြီးတော့ သူ့ကို ရှောင်အိမ်တော်ရဲ့ပြင်ပကို မောင်းထုတ်ရမယ်"

မျက်စိတစ်ဖက်လပ်လူတစ်ယောက်က ထက်ရှသောဓားရှည်တစ်လက်ကိုဆွဲထုတ်၍ ပြောဆိုသည်။

"တိုက်ခိုက်ကြစို့...သူက ခုမှ အိမ်တော်ကိုဝင်လာတာ...သူ့ကို ဘယ်သူမှသတိထားမိမှာမဟုတ်ဘူး...ငါတို့ သူ့ကိုသတ်မိရင်တောင်...သူ ကျင့်ကြံတဲ့အချိန်မှာ လွဲချော်သွားတာလို့ ပြောလိုက်တာနဲ့...ဘယ်သူကမှ ငါတို့ကို သံသယဝင်မှာမဟုတ်ဘူး"

ထိုလူများထံမှနေ၍ ဆိုးညစ်သောအရှိန်အဝါတချို့ ဖြာထွက်နေသည်။လူအမြောက်အများ သူတို့၏လက်အတွင်း၌ သေဆုံးခဲ့ရသည်မှာ သိသာထင်ရှားလှ၏။

ဘန်း....

ဦးဆောင်သူလူလတ်ပိုင်းကြီးက ခြံဝန်းတံခါးကို ကန်ဖွင့်လိုက်၏။

"မြန်မြန်အဆုံးသတ်ကြရအောင်"

လူတစ်စုလုံးသည် သတ်ဖြတ်လိုသောမျက်နှာအမူအယာများဖြင့် ခြံဝန်းအတွင်းသို့ ဝင်လိုက်ကြသည်။

သို့ရာတွင် သူတို့ ခြံဝန်းအတွင်းသို့ဝင်ပြီးနောက် တုံ့ပြန်ခြင်းမပြုနိုင်သေးမီမှာပင် အစွမ်းထက်သောအားလှိုင်းတစ်ရပ်က အိမ်အတွင်းမှ ထွက်ပေါ်လာသည်။

ဘုန်း...ဘုန်း...

ကျယ်လောင်သောဆူညံသံများနှင့်အတူ လူလတ်ပိုင်းကြီး၏နံဘေးပတ်လည်ရှိလူများသည် ထိုထက်ရှသောအားလှိုင်း၏ သတ်ဖြတ်ခြင်းခံလိုက်ရသည်။

ဤအချိန်အခိုက်အတန့်တွင် သွေးများက ပတ်ဝန်းကျင်နေရာအနှံ့ ဖုံးလွှမ်းသွားပေ၏။

"ဘာ...ဘာတွေဖြစ်ကုန်တာလဲ"

လူလတ်ပိုင်းကြီးသည် အနည်းငယ်ကြက်သေသေနေပြီးနောက် သူ၏ခြေထောက်များ စတင်၍တုန်ခါလာသည်။

သူတို့သည် ခြံဝန်းအတွင်းသို့ဝင်ရုံသာရှိသေးသည်။

မည်သူကိုမျှ မမြင်တွေ့ရသေးမီ မည်သည်ကြောင့် လူအားလုံးသေဆုံးသွားပြီး သူ တစ်ယောက်တည်းကျန်ရှိတော့သနည်း။

ကျွီ....

အိမ်တံခါးပွင့်လာပြီး လုယွီက ဖြည်းညှင်းစွာထွက်လာသည်။

လုယွီသည် နံဘေးပတ်ဝန်းကျင်ရှိ သွေးလွှမ်းသောအ​ခြေအနေကို မမြင်သည့်အလား အေးဆေးတည်ငြိမ်နေသည်ကိုကြည့်ပြီး လူလတ်ပိုင်းကြီးသည် အကြောင်းပြချက်မရှိဘဲ ထိတ်လန့်ကြောက်ရွံမှုကို ခံစားလိုက်ရ၏။

"မင်း...မင်းက ဘယ်သူလဲ"

လူလတ်ပိုင်းကြီးက တုန်ရီနေသောအသံဖြင့် မေးမြန်းသည်။

လုယွီက လူလတ်ပိုင်းကြီးကိုတစ်ချက်ကြည့်လိုက်ရာ စိတ်ဝိညာဥ်နယ်ပယ်ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း တွေ့မြင်မိသည်။

ဤကဲ့သို့ ကျင့်ကြံဆင့်နယ်ပယ်သာရှိသူသည် ရှမိသားစုမှ မဖြစ်နိုင်ချေ။မည်သို့ပင်ဆိုစေကာမူ နတ်ဘုရားအမတ်ကြီးရှကွေ့ကျုံးသည် အရူးတစ်ယောက်မဟုတ်ပေ။ဤှကဲ့သို့ ယင်ကောင်ငယ်လေးတစ်ကောင်ကိုစေလွှက်၍ သေလမ်းလာရှာခိုင်းမည်မဟုတ်ချေ။

"ငါ့ကိုသတ်ချင်တာလား...သေစမ်း"

လုယွီက အေးစက်စက်နှာတစ်ချက်မှုတ်ပြီးနောက် သူ၏လက်ညှိုးထိပ်မှနေ၍ ဓားချီတစ်လှိုင်း ထွက်ပေါ်လာသည်။

သူ၏အပေါင်းအဖော်များ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားသည်ကိုကြည့်ပြီး လူလတ်ပိုင်းကြီးက သူသည် သံပြားကြီးတစ်ပြားကို ဆောင့်ကန်မိပြီဖြစ်ကြောင်း သိရှိသွားပေ၏။

လုယွီ ထပ်မံတိုက်ခိုက်လာသည်ကိုကြည့်ပြီး လူလတ်ပိုင်းကြီးက ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။

"မြန်မြန် လာကြပါအုံး...ဒီမှာ လူသတ်နေပါတယ်"

ထိုအသံသည် ချက်ချင်းဆိုသလိုပင် ရှားဟိုအိမ်တော်၏အနောက်ဘက်ခြံဝန်းတစ်ခုလုံးအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

ဝှစ်....ဝှစ်...ဝှစ်...

ရှားဟိုအိမ်တော်၏အနောက်ဘက်ခြံဝန်းအတွင်းမှနေ၍ အနက်ရောင်ပုံရိပ် သုံး လေးရိပ် ပျံသန်းလာပြီး လုယွီ၏ခြံဝန်းအတွင်းသို့ ဆင်းသက်လာပေ၏။

ထိုလူများအားလုံးသည် အဖိုးအိုများဖြစ်ပြီး သူတို့၏မျက်နှာအမူအယာများသည် တင်းမာခက်ထန်နေကာ သူတို့၏အရှိန်အဝါများမှာ တည်ငြိမ်သည်။သူတို့သည် လောကီအင်မော်တယ်ကျင့်ကြံသူများဖြစ်သည်။

ထိုအဖိုးအိုများသည် ရှားဟိုလီဖိတ်ကြားထားသော ကျင့်ကြံသူများဖြစ်၍ သူတို့၏အဆင့်အတန်းသည် သာမာန်အလုပ်သင်များထက် ပို၍မြင့်မားသည်။

ထိုကျင့်ကြံသူများအပြင် ရှားဟိုအိမ်တော်မှအစောင့်များကလည်း နေရာအနှံ့အပြားမှ ထွက်လာကာ လုယွီ၏ခြံဝန်းကို ဝိုင်းရံထားကြ၏။

"ဘာတွေဖြစ်နေတာလဲ"

အဖိုးအိုများအနက်မှတစ်ယောက်က မေးမြန်းသည်။ခြံဝန်းအတွင်း၌ ပြန့်ကြဲနေသောအလောင်းများကို မြင်နေရသဖြင့် သူ၏မျက်နှာအမူအယာမှာ သုန်မှုန်နေသည်။

ကြေးစားအလုပ်သင်များ တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ကြခြင်းမှာ သာမာန်ကိစ္စတစ်ရပ်ဖြစ်သည်။

သို့ရာတွင် ဤနေရာတွင် သွေးများက မြစ်ပြင်တမျှစီးဆင်းနေလေရာ သာမာန်ကိစ္စမျိုးမဟုတ်တော့ချေ။

လူလတ်ပိုင်းကြီးသည် သူ၏အသက်ကိုကယ်တင်နိုင်မည့် ကောက်ရိုးတစ်မျှင်ကို ဆုပ်ကိုင်မိသဖြင့် အလျှင်စလို အော်ဟစ်လိုက်၏။

"ဒီကောင်လေးက အရမ်းစက်ဆုပ်ဖို့ကောင်းတယ်...သူက စုန်းပညာရပ်တွေကိုကျင့်ကြံပြီးတော့ ကျွန်တော်တို့ကို ချောင်းမြောင်းတိုက်ခိုက်ခဲ့တယ်...ကျွန်တော်ရဲ့ ညီအကိုတွေက အချိန်မီမတုံ့ပြန်နိုင်ခဲ့ကြတော့ သူတို့အားလုံး အသတ်ခံလိုက်ရတယ်...လူကြီးမင်းတို့ ဒီကောင်လေးကို အလွတ်မပေးသင့်ဘူး"

စုန်းပညာကျင့်ကြံသူဟု ဆိုလိုက်သလော...

လူတိုင်းက ထိုစကားလုံးကိုကြားသည်နှင့် မျက်မှောင်ကြုတ်လိုက်ကြ၏။

ကျင့်ကြံခြင်းပညာရပ်များအကြားတွင် စုန်းပညာရပ်သည် စက်ဆုပ်ဖွယ်အကောင်းဆုံးနှင့် လမ်းစဥ်သွေဖယ်ဆုံးအရာဖြစ်သည်။

မိသားစုအားလုံးနီးပါးသည် စုန်းပညာရပ်ကိုလေ့ကျင့်သော ကျင့်ကြံသူကို ခေါ်ယူလိုခြင်းမရှိချေ။

Chapter 2029

"ဒါက ဖြစ်နိုင်ချေရှိတယ်...ဒီလူတွေအားလုံးက တိုက်ခိုက်မှုတစ်ခုတည်းနဲ့ အသတ်ခံလိုက်ရတာ...သူတို့ထက် ကျင့်ကြံဆင့်နယ်ပယ် ပိုပြီးမြင့်မားတဲ့သူမဟုတ်ရင် သူတို့အားလုံးကို ဒီလိုကြီး မြန်မြန်ဆန်ဆန်သတ်ပစ်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး"

အဖိုးအိုများသည် အခင်းဖြစ်ရာနေရာရှိ သွေးကွက်များကိုကြည့်ပြီး ခွဲခြမ်းစိတ်ဖြာနေကြ၏။

"ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲ...ဘာလို့ လူတွေအများကြီး ဒီနေရာကိုရောက်နေတာလဲ"

ထိုအချိန်မှာပင် သြဇာအာဏာပြည့်ဝသောအသံတစ်သံက လူများအားလုံး၏နောက်မှ ထွက်ပေါ်လာသည်။

ရှားဟိုဝမ်ယန်းသည် ကြယ်များခြံရံထားသော လမင်းကြီးတစ်စင်းအလား အစေခံနှင့်အစောင့်များနှင့်အတူ ရောက်ရှိလာပေ၏။သူမ၏နံဘေးတွင် လုံယွင်ရှန်းလည်း အတူရှိနေသည်။

"သခင်မကြီး"

အဖိုးအိုတစ်ယောက်က အရိုအသေပြု၍ ပြောဆိုလိုက်သည်။

"ကြေးစားအလုပ်သင်တွေကြားမှာ တိုက်ပွဲတစ်ပွဲဖြစ်သွားခဲ့ပြီး လူတွေသေကုန်ကြတယ်...သခင်မကြီး တစ်ချက်ကြည့်ကြည့်ပါအုံး"

"ဒီကြေးစားအလုပ်သင်တွေကတော့...ထပ်ပြီးရန်ဖြစ်ကြပြန်ပြီလား"

ရှားဟိုဝမ်ယန်း၏မျက်နှာထက်၌ အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေသည်။

"ပြဿနာရှာတဲ့သူတွေအကုန်လုံးကို အိမ်တော်ကနေနှင်ထုတ်လိုက်...သူတို့ကို ဘယ်နည်းနဲ့မှ အိမ်တော်ထဲကို ပြန်ဝင်ခွင့်မပြုနဲ့"

လူလတ်ပိုင်းကြီးသည် ရှားဟိုဝမ်ယန်းရောက်လာသည်ကိုမြင်သည်နှင့် သူက ပို၍အားတက်သွားသကဲ့သို့ ခံစားလိုက်ရ၏။

"သခင်မကြီး ဒီနေရာကိုရောက်လာတဲ့အတွက် ကျွန်တော်က အရမ်းဝမ်းသာမိတယ်....တကယ်လို့ သခင်မကြီးသာ ခြေတစ်လှမ်းလောက်နောက်ကျသွားရင် ကျွန်တော်က ဒီကောင်လေးရဲ့လက်ထဲမှာ သေသွားလောက်ပြီ"

လူလတ်ပိုင်းကြီး၏မျက်နှာပေါ်၌ ထိတ်လန့်ကြောက်ရွံမှုအရိပ်အယောင်များ ထင်ဟပ်နေပြီး သူကိုကြည့်ရသည်မှာ မည်သည့်အမှားအယွင်းမျှ ပြုလုပ်ထားပုံမရချေ။

ဤသည်က နစ်နာသူသည် သူ ဖြစ်နေသကဲ့သို့ပင်။

"ဒါက သူလား"

လုံယွင်ရှန်းသည် လုယွီကိုမြင်သည်နှင့် အနည်းငယ်ဒေါသထွက်သွားပေ၏။

"အရင်က ငါ သူ့ကို အနောက်ဘက်ခြံဝန်းထဲမှာ တွေ့ဖူးတယ်...သူက ခိုးကြောင်ခိုးဝှက်သွားလာနေပြီးတော့ သူ့လက်ထဲမှာ ရွှံစေးမျောက်ရုပ်ထုတစ်ခုကို ကိုင်ထားတယ်"

ရွှံစေးမျောက်ရုပ်ထုဟူသော စကားကိုကြားသည်နှင့် အဖိုးအိုတစ်ယောက်က မေးမြန်းလေ၏။

"သခင်မလေးက တကယ်မြင်တွေ့ခဲ့တာလား"

လုံယွင်ရှန်းက ခေါင်းညိမ့်ပြပြီး လုယွီကို ရန်စလိုသောအကြည့်ဖြင့် ကြည့်လိုက်သည်။

"အမှန်ပဲ...ဒါက နည်းနည်းအလှမ်းဝေးတယ်ဆိုပေမယ့် ငါ ရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ်"

ပတ်ဝန်းကျင်နေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

အစောပိုင်းကပင် လူလတ်ပိုင်းကြီးသည် လုယွီကို စုန်းပညာကျင့်ကြံသူတစ်ယောက်ဟု စွပ်စွဲထားသည်။

ယခုလက်ရှိချိန်၌ လုံယွင်ရှန်းက လုယွီသည် လက်အတွင်း၌ ရွှံစေးမျောက်ရုပ်ထုတစ်ခုကိုကိုင်ဆောင်၍ ခိုးကြောင်ခိုးဝှက်သွားလာနေသည်ဟု ပြောဆိုလေ၏။

သာမာန်အားဖြင့် စုန်းပညာကျင့်ကြံသူများသည် သူတို့၏မှော်မန္တန်များရွတ်ဆိုရန် ဤကဲ့သို့ရုပ်သေးများကို အသုံးပြုလေ့ရှိသည်။

"သခင်မကြီး ဂရုစိုက်ပါ...အဲ့ဒီကောင်က စုန်းကျင့်ကြံသူတစ်ယောက်ဖြစ်နိုင်တယ်"

အလုပ်သင်ကြေးစားများ၏မျက်နှာအမူအယာသည် ရန်သူတော်ကြီးတစ်ယောက်ကို တွေ့လိုက်ရသည့်အလား သိသိသာသာ ပြောင်းလဲသွားသည်။

ပတ်ဝန်းကျင်ရှိ ရှားဟိုအိမ်တော်အစောင့်များနှင့်အလုပ်သင်ကြေးစားများသည် သူတို့၏မှော်လက်နက်များကိုထုတ်ယူ၍ လုယွီကို ချိန်ရွယ်လိုက်ကြ၏။

ဤကဲ့သို့အခြေအနေမျိုးနှင့်ရင်ဆိုင်နေရသဖြင့် လုယွီသည် ခါးသည်းစွာပြုံးပြီး သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

ဤသည်က သူမမျှော်လင့်ထားသော ကပ်ဆိုးတစ်ခုပင်။

အကယ်၍ ရှားဟိုလီသည် သူ၏အဆင့်အတန်းကို ရှင်းရှင်းလင်းလင်းပြောဆိုခဲ့ပါက ရှားဟိုအိမ်တော်မှလူများသည် သူ့အား ယခုကဲ့သို့ဆက်ဆံမည်မဟုတ်ချေ။

သို့ရာတွင် လုယွီက များစွာဂရုစိုက်နေခြင်းမရှိပေ။သူက လူလတ်ပိုင်းကြီးကိုလက်ညှိုးညွှန်၍ တည်ငြိမ်စွာပြောဆိုလိုက်၏။

"မင်းတို့တွေအားလုံး သူ့ကို အရင်ဆုံး စုံစမ်းစစ်ဆေးတာ ပိုကောင်းမယ်ထင်တယ်...သူ့ရဲ့သရုပ်မှန်ကိုသိပြီးမှ ဆက်စကားပြောကြတာပေါ့...တကယ်လို့ မင်းတို့က အမှန်ကိုမသိဘဲ ထင်ရာစွတ်ပြောနေမယ်ဆိုရင် သဲလွန်စတွေအားလုံး လွဲချော်သွားလိမ့်မယ်"

လူလတ်ပိုင်းကြီးတို့လူစုထံတွင် ဆိုးညစ်သောအရှိန်အဝါမျိုးရှိနေခြင်းကို လုယွီက ရှာဖွေတွေ့ရှိပြီးဖြစ်သည်။

ထိုဆိုးညစ်သောအရှိန်အဝါနှင့်အတူ သူတို့ထံ၌ ပြင်းထန်သော နာကျည်းမုန်းတီးမှုအငွေ့အသက်များလည်းရှိနေသည်။

လူအမြောက်အများကိုသတ်ဖြတ်ခဲ့သူများ၏ခန္ဓာကိုယ်များတွင် အငြိုးကြီးစိတ်ဝိညာဥ်များ၏အရှိန်အဝါများ စုဝေးနေပြီး မကောင်းသောကံကြမ္မာလှိုင်းများ သူတို့ထံ၌ ထင်ဟပ်နေသည်။ထိုလူများသည် တက်လှမ်းခြင်း သို့မဟုတ် ကျင့်ကြံဆင့်ချိုးဖျက်ခြင်းများ ပြုလုပ်ပါက မကောင်းသောကံကြမ္မာလှိုင်းများသည် သူတို့အား ကျင့်ကြံဆင့်ချိုးဖျက်နိုင်ခြင်းမရှိစေရန် ပိတ်ပင်တားဆီးပေမည်။

လုယွီနှင့်လူလတ်ပိုင်းကြီးသည် ယခင်က တစ်ယောက်နှင့်တစ်ယောက် သိကျွမ်းခြင်းမရှိချေ။သို့ရာတွင် ထိုလူလတ်ပိုင်းကြီးသည် သူ့အား သတ်ဖြတ်လိုနေသဖြင့် သူ သနားငဲ့ညှာနေမည်မဟုတ်ပေ။

"သခင်မကြီး...ဒီကောင်လေး ပေါက်ကရပြောတာတွေကို နားမထောင်ပါနဲ့"

လူလတ်ပိုင်းကြီးက အလျင်စလို ဝင်ရောက်ပြောဆိုသည်။

လုံယွင်ရှန်းသည် ဤမြင်ကွင်းကို ဆက်လက်၍ ကြည့်ရှုလိုခြင်း မရှိတော့ချေ။သူမသည် လုယွီကို မနှစ်မျို့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ထို့ကြောင့် သူမက ချက်ချင်းဆိုသလိုပင် အမိန့်ပေးလိုက်၏။

"​လူအိုကြီးတွေ...အရင်ဆုံး သူ့ကို ဖမ်းချုပ်ထားလိုက်စမ်း"

​အဖိုးအိုများသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အလေးအနက်ထားသောလေသံဖြင့် ပြောဆိုလိုက်သည်။

"တောင်းပန်ပါတယ် လူငယ်လေး...တကယ်လို့ ငါတို့ စစ်မေးပြီးချိန်မှာ အလွဲအချော်တစ်ခုခုရှိတယ်ဆိုတာ ရှာတွေ့ခဲ့ရင် ငါတို့က ကိုယ်တိုင်ကိုယ်ကျ မင်းကို တောင်းပန်ပါတယ်"

ရုတ်ချည်းဆိုသလိုပင် ထို​အဖိုးအိုများ၏ပူးပေါင်းအင်အားစိုက်ထုတ်မှုအောက်တွင် တိုက်ပွဲဝင်ဝင်္ကပါတစ်ခု ခင်းကျင်းပြီးဖြစ်သည်။

Chapter 2030

ထိုအဖိုးအိုများသည် အချိန်အတော်ကြာ ပူးပေါင်းတိုက်ခိုက်ခဲ့သူများဖြစ်သည်မှာ သိသာထင်ရှားလှ၏။

ရုတ်ကြီးဆိုသလိုပင် ကြီးမားသောတိုက်ပွဲဝင်ဝင်္ကပါကြီးက လုယွီကို လွှမ်းခြုံသွားသည်။

သို့ရာတွင် ထိုဝင်္ကပါကိုမြင်သည့်တိုင် လုယွီက လက်နောက်ပစ်၍ မတ်တတ်ရပ်နေပြီး သူ၏မျက်နှာအမူအယာမှာ အေးဆေးတည်ငြိမ်နေဆဲပင်။

အနက်ရောင်ယင်ချီစီးကြောင်းများက လုယွီ၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားပြီးနောက် ဧရာမမြေအောက်လောကနတ်ဘုရားပုံရိပ်ကြီးအဖြစ်ဖွဲ့စည်းသွားကာ တိုက်ပွဲဝင်ဝင်္ကပါကို ပိတ်ဆို့ဟန့်တားလိုက်၏။

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

အဖိုးအိုများသည် ထိုမြင်ကွင်းကိုမြင်သည်နှင့် သူတို့၏မျက်နှာအမူအယာများ သိသိသာသာ ပျက်ယွင်းသွားသည်။

သူတို့၏တိုက်ပွဲဝင်ဝင်္ကပါသည် လောကီအင်မော်တယ်အထွတ်အထိပ်အဆင့် ကျင့်ကြံသူကိုပင် ထိန်းချုပ်နိုင်လေရာ မည်သည်ကြောင့် ထိုကောင်လေးအပေါ်တွင် ထိရောက်မှုမရှိသနည်း။

"သူ့ဆီမှာ ထိပ်တန်းစိတ်ဝိညာဥ်အဆင့်မှော်ရတနာတစ်ခုခုရှိနေတာဖြစ်မယ်...သူ့ရဲ့ဓမ္မပုံရိပ်ကြီးကို မင်းတို့မြင်ကြလား...ငါတောင်မှ နှလုံးတုန်ရင်ခုန်ဖြစ်လာသလို ခံစားရတယ်"

အဖိုးအိုများအနက်မှတစ်ယောက်သည် ခေါင်းမော့၍ မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးကိုကြည့်လိုက်ရာ ချက်ချင်းဆိုသလိုပင် သူ၏စိတ်နှလုံးသားအတွင်း၌ ထိတ်လန့်ကြောက်ရွံမှုများ ကြီးစိုးသွားသည်။

ဤှအချိန်တွင် လူတိုင်း အသိစိတ်လွတ်ကင်းနေပြီး မည်ကဲ့သို့ဆက်လုပ်ရမည်ကို မသိကြတော့ချေ။

အဖိုးအိုများသည် ရှအိမ်တော်တစ်ခုလုံး၌ အားအကောင်းဆုံးတိုက်ခိုက်ရေးသမားများဖြစ်သည်။

အကယ်၍ သူတို့ပင်လျှင် လုယွီကို မည်သို့မျှပြုလုပ်နိုင်စွမ်းမရှိပါက တခြားသူများဆိုလျှင် ဆိုဖွယ်ရာပင်မရှိတော့ချေ။

"သူက ခုလောက်ထိ စကားပြောမောက်မာနေတာ အံ့အားသင့်စရာမရှိတော့ဘူး...သူ့ရဲ့ခန္ဓာကိုယ်မှာ ထိပ်တန်းအဆင့်မှော်ရတနာတစ်ခု ရှိနေတာပဲ"

လုံယွင်ရှန်း၏မျက်လုံးအတွင်း၌ အထင်အမြင်သေးသောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

သူမသည် ပါရမီတစ်ယောက်ဖြစ်ပြီး သူမ ကျင့်ကြံခဲ့သည့်လမ်းတလျှောက်လုံး၌ သူမ၏ကိုယ်ပိုင်ခွန်အားကိုသာ မှီခိုအားကိုးခဲ့သည်။

လုံယွင်ရှန်းသည် မှော်ရတနာအားကိုးဖြင့် မဆင်မခြင်ပြုလုပ်တက်သောလူစားမျိုးကို အလွန်ရွံရှာစက်ဆုပ်ပေ၏။

"အရမ်းမောက်မာမနေနဲ့...ဒါက ဦးရီးတော်ရှားဟိုလီရဲ့အိမ်တော်...ငါတို့က တော်ဝင်စစ်တပ်ကိုအကြောင်းကြားလိုက်တာနဲ့ နင် အရေးယူခံရမှာပဲ....မြန်မြန်အရှုံးပေးလိုက်စမ်း"

လုံယွင်ရှန်းက အော်ငေါက်လေသည်။

လုယွီက ကူကယ်ရာမဲ့စွာဖြင့် သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

"ဒီကိစ္စရဲ့အမှန်တရားကို မင်း သိလို့လား"

သူက လူလတ်ပိုင်းကြီးကိုလက်ညှိုးညွှန်၍ ဆက်လက်ပြောဆိုသည်။

"ငါက အရင်ဆုံးတိုက်ခိုက်ခဲ့တဲ့သူဆိုတာ မင်းတို့သေချာပြောနိုင်နေမှတော့ ဘာလို့ အဲ့ဒီလူရဲ့သရုပ်မှန်ကို အရင်ဆုံးမစစ်ဆေးတာလဲ...တကယ်လို့ အဲ့ဒီလူရဲ့သရုပ်မှန် ထွက်ပေါ်လာပြီးမှ ငါ့ကိုထပ်ပြီးမေးမြန်းမယ်ဆိုရင်လည်း နောက်မကျသေးပါဘူး"

လုယွီသည် ဤကိစ္စကို အကျယ်ချဲ့လိုခြင်းမရှိချေ။

မည်သို့ပင်ဆိုစေကာမူ ဤသည်က ရှားဟိုအိမ်တော်ပင်။ထို့ပြင် ရှားဟိုလီသည် နာမည်ခံအရ သူ၏တပ်မှူးချုပ်ဖြစ်နေသည်။ထိုအကြောင်းအရင်းကြောင့် သူသည် ဤနေရာရှိကိစ္စများကို အလွန်အကျူး ကိုင်တွယ်ဖြေရှင်း၍မရချေ။

လူလတ်ပိုင်းကြီးသည် လုယွီက သူ့အားပစ်မှတ်ထားနေသည်ကိုမြင်သည်နှင့် သူ၏မျက်နှာအမူအယာ ပျက်ယွင်းသွားပေ၏။

"ကောင်းပြီလေ...ငါတို့ သူ ဘယ်သူဘယ်ဝါလဲဆိုတာ ရှာဖွေဖော်ထုတ်ပြီးတာနဲ့ နင် ဘာမှဆက်​ပြောလို့ရတော့မှာမဟုတ်ဘူး"

လုံယွင်ရှန်းက အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုသည်။

သူမ ထိုစကားကိုပြောဆိုလိုက်စဥ်တွင် လူလတ်ပိုင်းကြီး၏မျက်လုံးအတွင်း၌ ကောက်ကျစ်ယုတ်မာသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်ကို သူမ သတိမပြုမိလိုက်ချေ။

ရုတ်ချည်းဆိုသလိုပင် လူလတ်ပိုင်းကြီးက လုံယွင်ရှန်းကို နောက်မှဖမ်းချုပ်ပြီး ဓားမြှောင်တစ်လက်ဖြင့် သူမ၏လည်ပင်းကို ထောက်လိုက်၏။

"မလှုပ်နဲ့....တစ်ယောက်ယောက်လှုပ်ရှားတာနဲ့ ငါ သူ့ကို သတ်လိုက်မယ်"

ဘာ...

လက်ရှိနေရာတွင်ရှိနေသော လူများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။လူလတ်ပိုင်းကြီးသည် ရုတ်တရက်ကြီး တိုက်ခိုက်လာမည်ဟု မည်သူကမျှ မျှော်လင့်မထားမိချေ။

ရှားဟိုဝမ်ယန်းက တင်းမာခက်ထန်သောလေသံဖြင့် ပြောဆိုသည်။

"သူ့ကိုလွှက်ပေးလိုက်...နင်က ကွပ်မျက်ခံချင်တာလား"

လူလတ်ပိုင်းကြီး၏မျက်နှာပေါ်၌ မထီမဲ့မြင်ပြုနေသည့် အရိပ်အယောင်များရှိနေပေ၏။

"သောက်ချေးပဲ...ငါ အစက မင်းကိုဖမ်းချုပ်ဖို့ ကြံစည်ထားခဲ့တာ...တကယ်လို့ ဒီကောင်မလေးကသာ ငါရှေ့ကနေလာပြီး ကာဆီးကာဆီးလုပ်မနေရင်...ငါ မင်းကို ထိန်းချုပ်ပြီးနေလောက်ပြီ"

ထို့နောက် လူလတ်ပိုင်းကြီး၏မျက်နှာ ရုတ်တရက်တုန်ခါသွားပြီးနောက် လူရေခွံမျက်နှာဖုံးတစ်ခု ကျွတ်ကျသွားသည်။

လူလတ်ပိုင်းကြီး၏မျက်နှာအစစ် ထွက်ပေါ်လာသည်နှင့် လူတိုင်း တုန်လှုပ်ချောက်ချားသွားကြသည်။

"ဒါက ဝံပုလွေသွားဓားပြအဖွဲ့ရဲ့ခေါင်းဆောင် လျန်ဖေးမဟုတ်လား...ဒီလူ့ရဲ့သရုပ်မှန်ကို ငါ သိတယ်...သူက တော်ဝင်စစ်ရေးဌာနရဲ့ယာယီအကျဥ်းထောင်ကနေ လွန်ခဲ့တဲ့ရက်အနည်းလောက်တုန်းက ထွက်ပြေးလာခဲ့တာ...သူက ဒီနေရာမှာလာပြီး ပုန်းအောင်းနေတာပါလား"

သူ၏နာမည်ကို ဖော်ပြလိုက်ခြင်းကိုကြားသည်နှင့် လျန်ဖေး၏မျက်နှာပေါ်ရှိ ရက်စက်ကြမ်းကြုတ်သောအရိပ်အယောင်များ ပို၍ပီပြင်ထင်ရှားလာသည်။သူ၏မျက်နှာတစ်ဖက်ခြမ်းရှိ အမာရွတ်ရှည်ကြီးကြောင့် သူ့ကိုကြည့်ရသည်မှာ ပို၍ထိတ်လန့်ကြောက်ရွံဖွယ်ကောင်းနေသည်။

"အစတုန်းကတော့ ငါ့ရဲ့သရုပ်မှန်ကိုဖုံးကွယ်ပြီး ဒီနေရာမှာပုန်းအောင်းနေခဲ့တယ်....ပြီးမှ ငါ ထွက်ခွာသွားနိုင်မယ့် အခွင့်အရေးကိုရှာမလို့ပဲ....ဒါပေမယ့် မင်းတို့က ငါ့ကို မြန်မြန်ဆန်ဆန်ကြီး ရှာဖွေဖော်ထုတ်သွားနိုင်မယ်လို့ ငါ မျှော်လင့်မထားမိဘူး"

လျန်ဖေး၏မျက်နှာပေါ်၌ ကောက်ကျစ်ယုတ်မာသောအရိပ်အယောင်များ ထင်ဟပ်လာသည်။

"မလှုပ်ကြနဲ့နော်...တကယ်လို့ တစ်ယောက်ယောက်က အနားကပ်လာတာနဲ့...ငါ ဒီကောင်မလေးကို ချက်ချင်းသတ်ပစ်လိုက်မယ်"

All Chapters