← Chapters

အခန်း (၂၀၃၁-၂၀၃၅)

Vol. 105 Ch. 2031-2035

အခန်း (၂၀၃၁-၂၀၃၅)

Vol. 105 Ch. 2031-2035

Chapter 2031

ဤကဲ့သို့ ရုတ်တရက်ပြောင်းလဲမှုသည် လူတိုင်းကို သတိလက်လွတ်ဖြစ်သွားစေ၏။

"လျန်ဖေး...ဒီနေရာက ဘယ်လိုနေရာမျိုးလဲဆိုတာ နင် သိရဲ့လား...နင် ယုံယုံ မယုံယုံ...ငါက တော်ဝင်စစ်တပ်ကို အကြောင်းကြားလိုက်တာနဲ့...အရာရှိတွေရောက်လာပြီး နင့်ကို လာဖမ်းလိမ့်မယ်"

မည်သို့ပင်ဆိုစေကာမူ ရှားဟိုဝမ်ယန်းသည် ချမ်းသာကြွယ်ဝသောမိသားစုမှ ဆင်းသက်လာသူဖြစ်၍ သူမ၏ဘဝသက်တမ်းတလျှောက်တွင် လူပေါင်းများစွာနှင့် ဆက်ဆံဖူးသည်။အချိန်တခဏအတွင်းမှာပင် သူမ၏စိတ် ပြန်လည်တည်ငြိမ်သွားပြီး လျန်ဖေးကို အော်ငေါက်လိုက်၏။

သို့ရာတွင် လျန်ဖေးက အနည်းငယ်မျှပင် ဂရုစိုက်ခြင်းမရှိချေ။သူက ရှားဟိုဝမ်ယန်းကိုကြည့်ပြီး သရော်တော်တော်ပြောဆိုလိုက်သည်။

"တုံးလှချည်လား....ငါက အခုလှုပ်ရှားမှုလုပ်ပြီးမှတော့ မင်းရဲ့စကားကို ဘာလို့နားထောင်ရမှာလဲ...ငါ့ရဲ့အရင်ပြစ်မှုတွေနဲ့တင် ငါက သေဒဏ်ကျခံရဖို့ လုံလောက်နေပြီ...မင်းရဲ့ခြိမ်းခြောက်စကားကို ငါက ဂရုစိုက်မယ်လို့ မင်း ထင်နေတာလား"

ရှာဟိုဝမ်ယန်း၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။သူမသည် ဤကဲ့သို့ဝရမ်းပြေးတစ်ယောက်နှင့်ဆုံတွေ့ရမည်ဟု တစ်ကြိမ်တစ်ခါမျှ မျှော်လင့်ထားမိခြင်းမရှိချေ။

ဤကဲ့သို့ရာဇဝတ်သားများသည် သူတို့၏အသက်ကိုပင်သူတို့ ဂရုစိုက်ခြင်းမရှိချေ။ထို့ပြင် သူတို့သည် မည်သည့်ကိစ္စကိုမဆို ရူးသွပ်မိုက်မဲစွာပြုလုပ်လေ့ရှိသည်။

"ရှင်တို့ ရှန်းအာကိုကယ်တင်နိုင်မယ်ဆိုတာ သေချာလား"

ရှားဟိုဝမ်ယန်းသည် ရွေးချယ်စရာမရှိတော့သဖြင့် သူမ၏နံဘေးရှိ အဖိုးအိုများကိုကြည့်၍ ပြောဆိုလိုက်သည်။

အဖိုးအိုများသည် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြ၏။အဖိုအိုများအနက်မှ သူ၏မုတ်ဆိတ်မွှေးများကို ပွတ်သပ်ပြီး အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"သခင်မကြီး...လျန်ဖေးက ကျော်ကြားတဲ့တောပုန်းဓားပြတစ်ယောက်....သူက နှစ်တွေအများကြီးကြာတဲ့အထိ တရားစီရင်ရေးဌာနရဲ့ဝရမ်းထုတ်တာကို ခံထားရတာ...ဒီတစ်ကြိမ်မှာ မတော်တဆကိစ္စတစ်ခုသာဖြစ်မသွားဘူးဆိုရင်...သူ့ရဲ့သရုပ်မှန်ကို ခုလိုမျိုး လွယ်လွယ်ကူကူဖော်ထုတ်နိုင်မှာမဟုတ်ဘူး...အခုချိန်မှာ ကျွန်တော်တို့က သူ့ကိုဖမ်းဆီးလို့မရမှာကို ကျွန်တော်စိုးရိမ်မိတယ်"

"ဒီလိုဓားပြမျိုးတွေက အရမ်းကိုကောက်ကျစ်ယုတ်မာပြီးတော့ လိမ္မာပါးနပ်တယ်...ကျွန်တော်တို့က သူ့ကိုသတ်နိုင်မယ်လို့ အခိုင်အမာယုံကြည်ချက်ရှိပေမယ့်....သခင်မလေးလုံကို ထိခိုက်ဒဏ်ရာမရစေဘဲ ကယ်တင်နိုင်ဖို့ဆိုတာတော့ အရမ်းခက်ခဲလိမ့်မယ်"

"ဒါပေမယ့် ကျွန်တော်တို့က အခွင့်အရေးတစ်ခုရှာပြီး သူ့ကိုအချိန်ဆွဲထားသင့်တယ်...အဲ့ဒီဓားပြ နည်းနည်းလောက် သတိလွတ်သွားတာနဲ့ ကျွန်တော်တို့က သခင်မလေးလုံကို အရင်ဆုံးကယ်တင်လိုက်မယ်"

ထိုအချိန်မှာပင် လျန်ဖေးက အော်ဟစ်လိုက်၏။

"မင်းတို့ တော်ဝင်စစ်ရေးဌာနကိုသတင်းပို့ဖို့ မစဥ်းစားနဲ့...တကယ်လို့ တော်ဝင်စစ်တပ်ကလူတွေရောက်လာတာကိုမြင်တာနဲ့...ငါ သူ့ကို ချက်ချင်းသတ်ပစ်လိုက်မယ်...ငါက အဝါရောင်စမ်းချောင်းမြစ်ထဲကို ငါနဲ့အတူ နောက်တစ်ယောက်ဆွဲခေါ်သွားဖို့ကို ဝန်လေးနေမှာမဟုတ်ဘူး"

ရှားဟိုဝမ်ယန်းက အလွန်အမင်း စိတ်လှုပ်ရှားသွားသည်။

"နင် ဘာမှမစိုးရိမ်နဲ့...ငါတို့ အရာရှိတွေကို သတင်းမပို့ဘူး"

သူမအတွက် သူမ၏တူမဖြစ်သူသာ အရေးအကြီးဆုံးပင်။

ရှားဟိုဝမ်ယန်း၏ပူးပေါင်းဆောင်ရွက်မှုကိုကြည့်ပြီး လျန်ဖေးက အေးစက်စက်ရယ်မောကာ ပြောဆိုလိုက်၏။

"မင်းတို့က ပြန်ပြီးတိုက်ခိုက်မယ်လို့တော့ နည်းနည်းလေးတောင် မစဥ်းစားနဲ့နော်...အခုချက်ချင်း ငါ စစ်သင်္ဘောတစ်စင်းလိုချင်တယ်...ငါ့ကို တော်ဝင်မြို့တော်ကနေ ခုချက်ချင်း ခေါ်ထုတ်သွားရမယ်"

ရှားဟိုဝမ်ယန်းက မျက်မှောင်ကြုတ်၍ အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"ဒါက မဖြစ်နိုင်ဘူး...နင့်အတွက် စစ်သင်္ဘောတစ်စီးကို ငါတို့က ဘယ်နေရာမှာ သွားရှာရမှာလဲ"

တော်ဝင်စစ်တပ်တွင် စစ်သင်္ဘောတိုင်းကို နံပါတ်စဥ်တပ်ထားပြီး တင်းတင်းကျပ်ကျပ်ထိန်းချုပ်ထားသည်။သူမတို့၏ရှားဟိုအိမ်တော်သည် မိသားစုကြီးတစ်ခုဖြစ်သော်လည်း စစ်သင်္ဘောတစ်စီးကို လွှဲပြောင်းပေးရန် လွယ်ကူခြင်းမရှိချေ။

"ငါ စုံစမ်းမထားဘူးလို့ မင်း ထင်နေတာလား...ရှားဟိုလီက တိုက်ပွဲကိုအောင်နိုင်ခဲ့ပြီးတဲ့နောက်မှာ...သူ့ရဲ့စစ်တပ်ကို မြို့တော်ပြင်ပက ဗာမီလီယန်စစ်စခန်းမှာ စခန်းချထားတယ်...အခုချက်ချင်း အဲ့ဒီစစ်တပ်ဆီကို စာတစ်စောင်ရေးပြီးတော့ စစ်သင်္ဘောတစ်စီး ဒီနေရာကိုစေလွှက်ခိုင်းလိုက်...ငါ မြို့တော်ရဲ့ပြင်ပကိုရောက်တာနဲ့ ဒီကောင်မလေးကို လွှက်ပေးမယ်"

လျန်ဖေးက ကောက်ကျစ်ယုတ်မာသောအပြုံးနှင့် ပြောဆိုသည်။

စစ်သင်္ဘောဟု ဆိုလိုက်သလော....

ပတ်ဝန်းကျင်ရှိလူများသည် ချက်ချင်းဆိုသလိုပင် လျန်ဖေး၏အကြံအစည်ကို သိရှိလိုက်၏။

တော်ဝင်မြို့တော်သည် အလွန်ကြီးမားသော်လည်း လုံခြုံရေးအလွန်တင်းကြပ်သည်။မြို့တော်တစ်ခုလုံးတွင် နေရာအနှံ့အပြား၌ အစောင့်များက ကင်းလှည့်၍ စောင့်ကြပ်နေကြသည်။

အကယ်၍ တစ်စုံတစ်ယောက်သည် တော်ဝင်မြို့တော်မှ ထွက်ခွာလိုပါက မြို့တံခါးကို ဖြတ်ကျော်ရပေမည်။သို့ရာတွင် တော်ဝင်မြို့တော်၏မြို့တံခါးတိုင်းတွင် စစ်သားအမြောက်အများက နေ့ရောညပါ စောင့်ကြပ်နေသည့်အပြင် အဆင့်မြင့်အရာရှိများကလည်း သူတို့၏နတ်ဘုရားစိတ်အာရုံများဖြင့် စဥ်ဆက်မပြတ် စုံစမ်းထောက်လှမ်းနေကြ၏။

အကယ်၍ လျန်ဖေးသာ မြို့တံခါးအနီးသို့ ချဥ်းကပ်သွားပါက ချက်ချင်းဆိုသလိုပင် သူ့အား မှတ်မိသွားကြပေမည်။

သို့ရာတွင် အကယ်၍ စစ်သင်္ဘောတစ်စင်းရှိနေပါက သူ ထိုသို့ စိုးရိမ်ပူပန်နေရန် လိုအပ်မည်မဟုတ်ချေ။

တော်ဝင်နန်းတော်သည် မြို့တော်အတွင်းမှ စစ်သားများ ကူးသန်းသွားလာရန်အတွက် မြို့တံခါးတစ်ခုကို သီးသန့်ထားရှိသည်။တခါတရံတွင် စစ်ပွဲများအတွင်း၌ စစ်သည်အင်အားလုံလောက်ခြင်းမရှိပါက တချို့အကျဥ်းသားများကိုခေါ်ယူကာ တိုက်ပွဲအတွင်း၌ ပူးပေါင်းတိုက်ခိုက်စေသည်။

ထို့ကြောင့် မြို့စောင့်တပ်သည် ထိုသီးသန့်မြို့တံခါးနှင့်ပတ်သတ်၍ ဝင်ရောက်စွက်ဖက်ခြင်းမရှိချေ။ထို့ပြင် အကယ်၍ မြို့စောင့်စစ်သားများသည် လျန်ဖေးကို မှတ်မိသွားလျှင်ပင် သူသည် တော်ဝင်စစ်တပ်၏စစ်သင်္ဘောပေါ်တွင်ရှိနေပါက မည်သူမျှ သူ့အား တိုက်ခိုက်ဝံ့မည်မဟုတ်ချေ။

Chapter 2032

"ဘယ်လိုဓားပြမျိုးလဲ...သူက အစီအစဥ်တွေအားလုံးကိုတောင် ကြိုတွေးထားပြီးပြီ"

အဖိုးအိုများသည် လျန်ဖေး၏လိမ္မာပါးနပ်မှုကို တိတ်တဆိတ်ကျိန်ဆဲနေကြ၏။အကယ်၍ ကိစ္စများသာ ဤအတိုင်းဆက်သွားပါက လျန်ဖေး၏အစီအစဥ်များ အောင်မြင်သွားနိုင်သည်။

တော်ဝင်မြို့တော်၏ပိုင်နက်နယ်မြေအတွင်းမှ လွတ်မြောက်နိုင်သည်နှင့် နှစ်ပေါင်းများစွာ မောက်မာဝံ့ကြွားခဲ့သော ဓားပြတစ်ယောက်ဖြစ်သဖြင့် လျန်ဖေးထံတွင် ထွက်ပြေးလွတ်မြောက်နိုင်သော လမ်းတစ်လမ်း ရှိနေပေမည်။

ရှားဟိုဝမ်ယန်း၏မျက်နှာအမူအယာက အေးစက်တင်းမာနေသော်လည်း သူမက အလျင်စလို သဘောတူညီခြင်းမရှိချေ။

မည်သို့ပင်ဆိုစေကာမူ ရှားဟိုလီသည် စစ်သင်္ဘောများကိုရွှေ့ပြောင်းရန် အခွင့်အာဏာရှိသူများအနက်မှ တစ်ယောက်ဖြစ်သည်။

အကယ်၍ သူမသည် ရှားဟိုလီ၏အမိန့်ကို အတုအယောင်လုပ်၍ ထုတ်ပြန်လိုက်လျှင် အကယ်၍ တော်ဝင်နန်းတွင်းမှ သိရှိသွားပါက ကြီးလေးသောရာဇဝတ်မှုကြီးဖြစ်ပေမည်။

"ဒေါ်လေး...ဘာမှစိုးရိမ်နေစရာမလိုဘူး...ဒီဓားပြကောင်က ဝက်ဝံအူနဲ့ကျားအသည်းကိုစားထားလို့ ကျွန်မကို ဓားစာခံလုပ်ဖို့အထိ သတ္တိကောင်းနေပုံရတယ်"

လျန်ဖေး၏ထိန်းချုပ်ခြင်းကို ခံထားရသည့်တိုင် လုံယွင်ရှန်း၏မျက်နှာထက်၌ မည်သည့်ထိတ်လန့်တုန်လှုပ်မှုအရိပ်အယောင်မျှ ရှိမနေချေ။

သူမ၏ဇာတိမြေဖြစ်သော ကြယ်နယ်မြေပေါ်တွင် လုံယွင်ရှန်းသည် လူငယ်မျိုးဆက်သစ်များ၏ခေါင်းဆောင်ဖြစ်ပေ၏။ထို့ကြောင့် သူမ၏ပြိုင်ဘက်များနှင့် တစ်ခါတလေ ရင်ဆိုင်တိုက်ခိုက်ခဲ့ဖူးသည်။

သူမသည် ဤဓားပြနှင့်ရင်ဆိုင်ရလျှင်လည်း အနိုင်ရရှိမည်ဟု သူမကိုယ်သူမ အခိုင်အမာယုံကြည်ထားသည်။

လျန်ဖေးက လုံယွင်ရှန်း၏လည်ပင်းပေါ်ထောက်ထားသော ဓားသွားကို အနည်းငယ်ပို၍ ရှေ့သို့တိုးလိုက်၏။

သို့သော် ထိုအချိန်မှာပင် လုံယွင်ရှန်းက ရုတ်တရက် တိုက်ခိုက်လိုက်သည်။သူမ၏ခန္ဓာကိုယ်ကိုနံဘေးဘက်သို့တိမ်းစောင်း၍ လျန်ဖေး၏လက်အတွင်းမှဓားကို လုယူရန် ဟန်ပြင်လေသည်။

လုယွီသည် မလှမ်းမကမ်းအကွာအဝေး၌ရှိနေပြီး မည်သည့်စကားမျှ ပြောဆိုခြင်းမရှိချေ။သို့ရာတွင် ထိုမြင်ကွင်းကိုမြင်သည်နှင့် သူက သက်ပြင်းအနည်းငယ်ရှိုက်လိုက်သည်။

ထိုမိန်းကလေးသည် အလွန်နုံအသူဖြစ်ပေ၏။

လျန်ဖေးသည် သူ၏ကျင့်ကြံဆင့်နယ်ပယ်ကို ဖုံးကွယ်ထားသည်မှာ သိသာထင်ရှားနေပြီး သူ၏ခွန်အားသည် အနည်းဆုံး သိုင်းသူတော်စင်နယ်ပယ်တွင်ရှိသည်။

သိုင်းသူတော်စင်နယ်ပယ်ကျင့်ကြံသူတစ်ယောက်သည် လုံယွင်ရှန်း၏လည်ပင်းကို ဓားဖြင့်ထောက်မထားလျှင်ပင် သူမအား လွယ်လင့်တကူ သတ်ဖြတ်နိုင်သည်။

လုံယွင်ရှန်းသည် တစ်ဖက်လူ၏အစစ်အမှန် ကျင့်ကြံဆင့်နယ်ပယ်ကို မသိရှိချေ။သူမက ထိုလူသည် သူမ ယခင်က တွေ့ဆုံခဲ့ဖူးသော တောပုန်းဓားပြများနှင့် တူညီသည်ဟုသာ တွေးထင်နေပေ၏။ဤသည်က ရူးသွပ်မိုက်မဲမှုတစ်ခုပင်။

လုံယွင်ရှန်းလှုပ်ရှားမှုပြုလုပ်လိုက်စဥ်မှာပင် လျန်ဖေးသည် သူ၏ဓားဖြင့် သူမကိုသတ်ဖြတ်ရန် ဟန်ပြင်လိုက်သည်။

"မကောင်းတော့ဘူး"

ရှားဟိုအိမ်တော်မှအဖိုးအိုများသည် ထိုအခြင်းအရာကို သတိပြုမိသွားသော်လည်း အလွန်နောက်ကျသွားလေပြီ။

ထိုကဲ့သို့ကျဥ်းထဲကျပ်ထဲအ​ခြေအနေမျိုးတွင် လူထုကိုဖြတ်သန်း၍ ရွှေရောင်အလင်းတန်းတစ်တန်း ဖြတ်သန်းလာပြီး လျန်ဖေး၏မျက်ခုံးနှစ်ခုကြားသို့ ထိုးစိုက်မိသွားသည်။

ဘုန်း....

ကျယ်လောင်သောဆူညံသံတစ်သံနှင့်အတူ လျန်ဖေး၏ခေါင်း ပေါက်ကွဲသွားပေ၏။ထို့နောက် လျန်ဖေး၏ပေါက်ကွဲသွားသောခေါင်းမှ ဓားပျံတစ်လက်ထွက်ပေါ်လာပြီး လုယွီ၏လက်အတွင်းသို့ ပြန်လည်ရောက်ရှိသွားသည်။

အား...

လုံယွင်ရှန်းသည် သူမ၏ခန္ဓာကိုယ်ပေါ်သို့ သွေးများဖြာကျလာသဖြင့် စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ဤကိစ္စသည် ရုတ်တရက်ဆန်စွာ ဖြစ်ပျက်သွားသဖြင့် လူတိုင်း ကြက်သေသေသွားကြ၏။

မည်သူ ပြုလုပ်သနည်း။

နောက်ပိုင်းတွင် လူတိုင်း၏မျက်လုံးအကြည့်များက လုယွီထံသို့ စူးစိုက်၍ ကျရောက်သွားသည်။

"သခင်မလေးလုံ...အဆင်ပြေရဲ့လား"

အဖိုးအိုများသည် တဟုန်ထိုးပြေးလာပြီး လုံယွင်ရှန်းကို မတ်တတ်ထရပ်နိုင်ရန် ကူညီပေးလိုက်၏။

တချို့အဖိုးအိုများက လျန်ဖေး၏ရုပ်အလောင်းထံသို့သွားရောက်၍ ကြည့်ရှုစစ်ဆေးလိုက်ကြသည်။

ဤအချိန်အခိုက်အတန့်တွင် ကြမ်းကြုတ်ရက်စက်သော ဓားပြလျန်ဖေးသည် ခေါင်းမပါသောအလောင်းဘဝသို့ပြောင်းလဲသွားကာ မြေပြင်ပေါ်၌ လဲလျောင်းနေရသည်။

"ကောင်းတယ်...သူ သေသွားပြီ"

ကြေးစားအလုပ်သင်များအားလုံး စိတ်သက်သာရာရသွားကြ၏။

အကယ်၍ သူတို့သည် လျန်ဖေး၏စကားအတိုင်းသာ လိုက်နာဆောင်ရွက်ရပါက ရှားဟိုအိမ်တော်အတွက် ဘေးကပ်ဆိုးတစ်ခုဖြစ်သွားနိုင်သည်။

သူတို့အားလုံးက ကံကောင်းသည်ဟုယူဆနေကြသော်လည်း လုံယွင်ရှန်းက အလွန်အမင်း ဒေါသထွက်နေသည်။

မူလကတည်းက လျန်ဖေးကိုသတ်ဖြတ်သူသည် သူမသာ ဖြစ်သင့်ပေ၏။

သို့ရာတွင် လုယွီသည် ကြားဝင်စွက်ဖက်ပြီး လျန်ဖေးကို သတ်ဖြတ်လိုက်သည်။

ယခုလက်ရှိချိန်တွင် လုံယွင်ရှန်း၏ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖြင့်ရွှဲနစ်နေသဖြင့် သူမသည် အလွန်အမင်းရှက်ရွံနေကာ လူအများရှေ့တွင် မျက်နှာပျက်စရာဖြစ်စေသည်။

"ငါက နင် ဝင်ပြီးလှုပ်ရှားပေးဖို့ လိုအပ်တယ်လို့ပြောမိလို့လား...ငါက အားနည်းနည်းလောက် သုံးလိုက်တာနဲ့ သူ့ရဲ့ထိန်းချုပ်ထားမှုအောက်ကနေလွတ်မြောက်ပြီးတော့ သူကို ပြန်ဖမ်းချုပ်နိုင်လိမ့်မယ်"

လုံယွင်ရှန်းက အေးစက်တင်းမာသောအကြည့်ဖြင့် လုယွီကိုကြည့်ပြီး ဆက်လက်ပြောဆိုသည်။

"ပြီးတော့ နင်က စိုးရိမ်ပူပန်လွန်ပြီးတော့ ဒီဓားပြကို ချက်ချင်းသတ်ပစ်လိုက်တယ်....သူက နင့်အကြောင်းတွေ ဖော်ထုတ်မှာကိုစိုးရိမ်တာနဲ့ နင် သူ့ကို နှုတ်ပိတ်လိုက်တာမလား"

Chapter 2033

လုယွီသည် ကူကယ်ရာမဲ့စွာဖြင့် ဤကိစ္စသည် ရယ်ရွှယ်ဖွယ်ကောင်းသည်ဟု ခံစားမိလေ၏။

အကယ်၍ သူ ဝင်ရောက်လှုပ်ရှားခြင်းမပြုပါက လုံယွင်ရှန်း သေဆုံးသွားပေမည်။

သို့ရာတွင် လုယွီသည် ငယ်ရွယ်သောမိန်းကလေးတစ်ယောက်နှင့် အငြင်းပွါးလိုခြင်းမရှိချေ။သူက ပြောဆိုလိုက်၏။

"သူတို့က ငါ အနားယူနေတဲ့အချိန်မှာ ချောင်းမြောင်းတိုက်ခိုက်ဖို့ ကြံရွယ်ခဲ့တယ်...ဒါကြောင့် ငါက အဲ့ဒီလူတွေကို သတ်လိုက်တာပဲ...မင်းက သူတို့တစ်ယောက်ချင်းစီကို သေချာစစ်ဆေးပြီးရင် သူတို့က မင်းတို့အိမ်တော်ရဲ့ ကြေးစားအလုပ်သင်တွေ တကယ်ဟုတ်မဟုတ်ကို မင်းတွေ့ရလိမ့်မယ်"

ပတ်ဝန်းကျင်ရှိ အစောင့်များက ချက်ချင်းဆိုသလိုပင် စစ်ဆေးလိုက်ကြရာ ထိုလူသေလောင်းများ၏မျက်နှာများပေါ်၌ လူရေခွံမျက်နှာဖုံးများ တပ်ဆင်ထားခြင်းကို တွေ့မြင်မိကြသည်။

ထိုလူများအားလုံးသည် လူရေခွံမျက်နှာဖုံးများတပ်ဆင်၍ ကြေးစားအလုပ်သင်များအဖြစ် ဟန်ဆောင်နေကြသူများ ဖြစ်သည်။

"ဒါက စိတ်ဝိညာဥ်တောင်တန်းက ဓားပြတွေပဲ"

"ပြီးတော့ ခွန်းလွန်တောင်က ဓားပြတွေလည်းပါတယ်...ဒီလူက နှစ်တွေအကြာကြီး ဝရမ်းထုတ်ခံထားရတဲ့ ဓားပြဘုရင်မဟုတ်လား"

လူအုပ်ကြီးထံမှနေ၍ အံ့အားတသင့် ရေရွတ်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။

သူတို့အားလုံးသည် ကြေးစားအလုပ်သမား ဟန်ဆောင်ထားသော ဓားပြများဖြစ်ပေ၏။

"ဒါက တိုက်ဆိုင်မှုတစ်ခုသက်သက်ပဲ....နင် ခုဏက လှုပ်ရှားလိုက်တာက လွဲချော်သွားလို့မဟုတ်လား...အမှန်က နင် ငါ့ကို သတ်ချင်နေတာမလား"

လုံယွင်ရှန်းက ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သည်။

သူမသည် အပြစ်များအားလုံးနီးပါးကို လုယွီပေါ်သို့ ပုံချနေပေ၏။

လုယွီသည် သူမကိုကယ်တင်ခဲ့သော်လည်း သူမသည် ကျေးဇူးတင်ရကောင်းမှန်းမသိချေ။

လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"ငါက ဘယ်တုန်းကမှ ပစ်မှတ်ကို မလွဲချော်ဖူးဘူး"

"ဟား ဟား ဟား...ငါ ရယ်ရလွန်းလို့ သေတော့မှာပဲ...တကယ်လို့ ငါ ခုဏက သွက်သွက်လက်လက်နဲ့ မရှောင်ခဲ့ဘူးဆိုရင် နင့်ရဲ့ဓားပျံက ငါ့ကိုထိမိတော့မလို့လေ...ဒေါ်လေး...သူက အဲ့ဒီဓားပြတွေနဲ့ တစ်ဖွဲ့တည်းဖြစ်နိုင်တယ်...သူ့ကို အလွတ်မပေးသင့်ဘူး"

လုံယွင်ရှန်းက အော်ဟစ်ပြောဆိုလိုက်၏။

ဤအချိန်အခိုက်အတန့်တွင် ရှားဟိုဝမ်ယန်းသည် ဇဝေဇဝါဖြစ်နေသော်လည်း သူမသည် ကျိုးကြောင်းဆီလျော်မှုကို ဆုပ်ကိုင်ထားဆဲပင်။

"ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို မင်းရဲ့ဦးလေးခေါ်လာတာ...သူနဲ့ပတ်သတ်ပြီး ဘာပြဿနာမှမရှိနိုင်ဘူး"

ရှားဟိုဝမ်ယန်းသည် အစေခံတစ်ယောက်ကိုခေါ်ဆောင်၍ လုံယွင်ရှန်းကို အရင်ဆုံး ဆေးကြောသန့်စင်ပေးရန် အမိန့်ပေးလိုက်သည်။

လုံယွင်ရှန်းသည် လုယွီကို အလွန်မုန်းတီးနေသော်လည်း ယခုလက်ရှိချိန်တွင် သူမ၏ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ သွေးများစိုရွှဲနေသည်။သူမသည် ဤနေရာ၌ ကြာရှည်ဆက်၍နေလိုစိတ်မရှိတော့သဖြင့် ဒေါသတကြီးဖြင့် ထွက်ခွာသွားတော့သည်။

ဤအချိန်အခိုက်အတန့်တွင် ပတ်ဝန်းကျင်နေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပေ၏။

အဖိုးအိုများအနက်မှတစ်ယောက်က ပြောဆိုသည်။

"သခင်မကြီး...ဒီကောင်လေးဆီမှာ သာမာန်မဟုတ်တဲ့ မှော်လက်နက်မျိုးရှိနေတယ်...သူက ဓားပြတွေနဲ့ပူးပေါင်းနေတာရော မဖြစ်နိုင်ဘူးလား...အရှင်အမတ်ကြီးပြန်လာတဲ့အချိန်ကျမှ ဆုံးဖြတ်ချက်ချတာ ပိုကောင်းလိမ့်မယ်"

ရှားဟိုဝမ်ယန်းက အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်သည်။

"ဒါက အမှန်ပဲ...ဒီလောက်ထိကိစ္စတွေအများကြီး ဖြစ်ပျက်သွားခဲ့တာ...ငါက အိမ်တော်ရဲ့သခင်မကြီးတစ်ယောက်အနေနဲ့ လျစ်လျှူရှုထားလို့မရဘူး"

"အိမ်တော်ထိန်းဆီကိုသွားပြီးတော့ အခုလတ်တလောမှ အိမ်တော်ကိုဝင်ရောက်လာတဲ့ ကြေးစားအလုပ်သင်တွေကို တစ်ယောက်ချင်း သေသေချာချာစစ်ဆေးဖို့ပြောလိုက်စမ်း...တကယ်လို့ သံသယရှိတဲ့သူတစ်ယောက်ယောက်ကိုတွေ့တာနဲ့ ရှားဟိုအိမ်တော်ကနေ ချက်ချင်းမောင်းထုတ်လိုက်"

ရှားဟိုဝမ်ယန်း၏အမိန့်သံကိုကြားသည်နှင့် ကြေးစားအလုပ်သင်များအားလုံးသည် ဆောင်းဦးပုစဥ်းရင်ကွဲကောင်များကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားသည်။

ရုတ်ချည်းဆိုသလိုပင် ရှားဟိုဝမ်ယန်း၏မျက်လုံးအကြည့်က လုယွီထံသို့ ထပ်မံ၍ကျရောက်သွားသည်။

"မင်းက ဒီတစ်ကြိမ်မှာ အကျိုးဆောင်ခဲ့တယ်...ဒါပေမယ့် ငါတို့က မင်းကို သတိနဲ့စောင့်ကြပ်ဖို့လိုအပ်နေတယ်...ငါက လူအိုကြီးတချို့ကို မင်းရဲ့ခြံဝန်းထဲမှာ အတူနေခိုင်းရလိမ့်မယ်....ငါတို့က မင်းရဲ့ခြံဝန်းကို သေချာပြန်ပြီးမွမ်းမံပေးမယ်"

ထိုစကားကိုကြားသည်နှင့် လုယွီက မျက်မှောင်ကြုတ်လိုက်၏။

ရှားဟိုဝမ်ယန်းသည် စကားအလိမ္မာ​ဖြင့်ပြောဆိုသွားခြင်းဖြစ်သော်လည်း အမှန်အားဖြင့် ဤသည်မှာ သူ့အားစောင့်ကြည့်လိုခြင်းပင်။

လုယွီသည် အချိန်မကုန်လူမပန်းသောကြောင့် ရှားဟိုအိမ်တော်သို့ လိုက်ပါလာခြင်းဖြစ်သည်။မည်သို့ပင်ဆိုစေကာမူ သူ့အား တခြားသူများမှစုံစမ်းထောက်လှမ်းရန် ခွင့်မပြုနိုင်ချေ။

"အဲ့ဒီလိုလုပ်ဖို့ မလိုအပ်တော့ဘူး...ရှားဟိုလီ ပြန်ရောက်လာတဲ့အချိန်ကျရင် ငါ ထွက်သွားပြီဆိုတာ သူ့ကိုပြောလိုက်ပါ"

လုယွီက သူ၏ခေါင်းကိုခါယမ်းပြီး ဤနေရာမှထွက်ခွာခဲ့တော့သည်။

အကယ်၍ ရှားဟိုလီ၏ဖိတ်ခေါ်မှုကြောင့်သာမဟုတ်ပါက သူသည် ဤနေရာသို့ ရောက်ရှိလာမည်မဟုတ်ချေ။

"ဘယ်လောက်တောင် မောက်မာတဲ့​ကောင်လေးလဲ...ဦးရီးတော်ရဲ့နာမည်ကိုတောင် တိုက်ရိုက်ခေါ်ဆိုဝံ့တယ်"

အိမ်တော်အစောင့်တချို့က ဒေါသတကြီးပြောဆိုသည်။

ရှားဟိုဝမ်ယန်းက သူမ၏လက်ကို ဝှေ့ယမ်းပြလိုက်၏။

"ဒါက အဆင်ပြေပါတယ်...သူ့ကိုသွားခွင့်ပြုလိုက်....ဒါက သူ့သဘောနဲ့သူ ထွက်ခွာသွားတာ...ငါတို့နဲ့ဘာမှမဆိုင်ဘူး"

သူတို့၏အမြင်အရ လုယွီသည် အလွန်ဆုံးအနေဖြင့် ပါရမီရှင်လူငယ်တစ်ယောက်သာဖြစ်ပေမည်။

ရှားဟိုလီသည် တာယွီအင်ပါယာမှအမတ်ကြီးတစ်ယောက်ဖြစ်သဖြင့် လူငယ်ပါရမီရှင်များကိုခေါ်ဆောင်၍ မြေတောင်မြှောက်ပေးလေ့ရှိသည်။ဤသည်က သာမာန်ကြုံတွေ့နေကျ ကိစ္စတစ်ရပ်ပင်။

ယခုလက်ရှိချိန်တွင် လုယွီသည် အလွန်မောက်မာသော လူငယ်တစ်ယောက်ဖြစ်နေပေရာ အမတ်ကြီး၏မြေတောင်မြှောက်ပေးမှုနှင့် မထိုက်တန်ချေ။

Chapter 2034

လုယွီသည် ရှားဟိုအိမ်တော်မှထွက်ခွာခဲ့ပြီးနောက် တော်ဝင်မြို့တော်ကြီး၏ စည်ကားသိုက်မြိုက်မှုကို တွေ့မြင်မိသည်။

သူ တံခါးမကြီး၏ပြင်ပသို့ ရောက်သည့်အချိန်မှာပင် ကျယ်လောင်သောအသံများက သူ၏နားအတွင်းသို့ ဝင်ရောက်လာသည်။

"ရှုရာနယ်မြေက ပုန်ကန်သူတွေကိုနှိမ်နင်းဖို့ တော်ဝင်နန်းတွင်းကနေ ရှားဟိုလီတစ်ယောက်တည်းကို လွှက်လိုက်တယ်...ကြည့်ရတာတော့ အချိန်တိုအတွင်းမှာ ဘာရလဒ်မှထွက်လာမှာမဟုတ်ဘူး"

လုယွီသည် ယခုလက်ရှိချိန်၌ သူ ရောက်ရှိနေသောအခြေအနေကို ရှင်းရှင်းလင်းလင်း သိရှိထားသည်။

ယခုချိန်၌ သူ မြို့တော်သို့ ရောက်နေသည့်သတင်းကို ရှကွေ့ကျုံး သိရှိပြီးဖြစ်ပေမည်။သို့ရာတွင် ရှကွေ့ကျုံးသည် သူ့ကို ပြောင်ပြောင်တင်းတင်း မလုပ်ကြံဝံ့ချေ။ထို့ကြောင့် ရှကွေ့ကျုံးသည် သူ့အား နောက်ကွယ်မှနေ၍ တစ်စုံတစ်ခု လုပ်ကြံမည်မှာ တိကျသေချာလှ၏။

အမှန်အားဖြင့် ရှကွေ့ကျုံးဘက်မှ မည်ကဲ့သို့နည်းလမ်းမျိုးကိုအသုံးပြုနိုင်ပါစေ လုယွီကို ကြီးမားသောခြိမ်းခြောက်မှု ပေးစွမ်းနိုင်မည်မဟုတ်ချေ။

"ငါက တိတ်ဆိတ်ငြိမ်သက်တဲ့နေရာတစ်နေရာကိုရှာပြီးတော့ ဒီရွှံစေးမျောက်ရုပ်ထုကို လေ့လာဆန်းစစ်ရမယ်"

လုယွီက တော်ဝင်မြို့တော်အတွင်း၌ တည်းခိုခန်းတစ်ခုကို စတင်၍ရှာဖွေလိုက်သည်။

တော်ဝင်မြို့တော်သည် အလွန်ကြီးမားပြီး စည်ကားသောနေရာဖြစ်သဖြင့် တည်းခိုခန်းများသည် နေရာအနှံ့အပြား၌ရှိနေပေ၏။

သို့ရာတွင် ထိုတည်းခိုခန်းများအကြား၌ ကွဲပြားခြားနားချက်များရှိသည်။

သာမာန်တည်းခိုခန်းများသည် သေမျိုးလောကမှတည်းခိုခန်းများနှင့်တူညီပြီး များစွာကွဲပြားခြားနားခြင်းမရှိချေ။

အဆင့်မြင့်တည်းခိုခန်းများတွင်မူ အထူးသီးသန့်လှိုဏ်ဂူအိမ်များရှိသည်။ထိုလှိုဏ်ဂူအိမ်များအတွင်းတွင် စိတ်ဝိညာဥ်စွမ်းအင်များ ထူထပ်သိပ်သည်းသဖြင့် တည်းခိုသူများအတွက် အလွန်စိတ်ကျေနပ်မှုရစေသည်။

ဤကဲ့သို့ အဆင့်မြင့်တည်းခိုခန်းများအတွက် တည်းခိုခမှာလည်း အလွန်အမင်းစျေးကြီးသည်။

အမှန်အားဖြင့် ယခုလက်ရှိချိန်တွင် လုယွီအတွက် ငွေကြေးသည် ပြဿနာတစ်ရပ်မဟုတ်ချေ။

လမ်းလျှောက်နေရင်းဖြင့် မကြာမီမှာပင် လုယွီသည် အလွန်အမင်းခမ်းနားထည်ဝါသော တည်းခိုခန်းတစ်ခုရှေ့သို့ ရောက်ရှိလာခဲ့သည်။

ထိုတည်းခိုခန်း၏အဝင်တံခါးမကြီး၌ နက်နဲသိမ်မွေ့သောဝင်္ကပါတစ်ခုကို ရေးထွင်းထားပုံရသည်။ပြင်ပမှကြည့်ပါက တံခါးနောက်တွင် နတ်ဘုံနတ်နန်းကဲ့သို့ ကမ္ဘာလောကတစ်ခုရှိနေသည့်အလား တိမ်များလွှမ်းခြုံနေသော အဆောက်အအုံများကို တွေ့မြင်ရပေမည်။

သို့ရာတွင် အကယ်၍ တစ်စုံတစ်ယောက်သည် အနီးကပ်ကြည့်ရှုပါက အတွင်းရှိအရာများကို အသေးစိတ်တွေ့မြင်နိုင်မည်မဟုတ်ချေ။ထိုဝင်္ကပါကြီးသည် နတ်ဘုရားစိတ်အာရုံများဖြင့် စုံစမ်းထောက်လှမ်းမှုကိုလည်း ပိတ်ဆို့ဟန့်တားထားပေ၏။

တည်းခိုခန်း၏အဝင်ဝတွင် လွှမ်းမိုးချုပ်ကိုင်နိုင်သော စာလုံးရေးသားနည်းဖြင့် 'မိုးကောင်းကင်တာအို တည်းခိုခန်း'ဟူသော စာလုံးကြီးများကို ရေးသားထားသည်။

"ဘယ်လိုလုပ်ပြီး မိုးကောင်းကင်တာအိုဆိုတဲ့ အမည်နာမကို အသုံးပြုဝံ့တာလဲ...ဒီတည်းခိုခန်းပိုင်ရှင်က တကယ့်ကို အတင့်ရဲတဲ့သူပဲ"

ထိုစာလုံးများကိုမြင်တွေ့ချိန်တွင် လုယွီက အံ့အားတသင့် ရေရွတ်လိုက်သည်။

ယေဘုယျကျပြောဆိုရလျှင် မိုးကောင်းကင်တာအို၏အမည်နာမကို အသုံးပြုခြင်း​၏နောက်ကွယ်တွင် သက်ရောက်မှုအားလှိုင်းတစ်ရပ်ရှိသည်။

တချို့လူများသည် သူတို့ကိုယ်သူတို့ အယုံအကြည်လွန်ကဲပြီး မိုးကောင်းကင်တာအိုကိုလွှမ်းမိုးစေသည့် အမည်နာမမျိုးကို အသုံးပြုကြ၏။သို့ရာတွင် ထိုလူများသည် မိုးကောင်းကင်တာအို၏ကံကြမ္မာသက်ရောက်မှုကို တောင့်မခံနိုင်ပါက မြောက်မြားစွာသော ဘေးကပ်ဆိုးများကို ရင်ဆိုင်ရပေမည်။

လုယွီသည် အချိန်တခဏကြာ စဥ်းစားတွေးတောပြီးနောက် မိုးကောင်းကင်တာအိုတည်းခိုခန်းအတွင်းသို့ ခြေချလိုက်၏။

တည်းခိုခန်းအတွင်းသို့ သူ ဝင်မိသည်နှင့် လေအေးလှိုင်းများက သူ၏နှာခေါင်းအတွင်းသို့ တိုးဝင်လာခြင်းကို ခံစားမိသည်။သူ အသက်ပြင်းပြင်းတစ်ချက် ရှုရှိုက်မိသည်နှင့် သူ၏စိတ်နှလုံးသားအတွင်း၌ရှိနေသော စိုးရိမ်ပူပန်မှုများအားလုံး ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားခဲ့သည်။

"အဆင့်မြင့်စိတ်တည်ငြိမ်မွှေးရနံ့ပဲ...ဒီတည်းခိုခန်းက တကယ့်ကို ကြီးကျယ်ခမ်းနားတာပဲ"

လုယွီက သက်ပြင်းတစ်ချက် ရှိုက်လိုက်၏။

လုယွီ အတွင်းသို့ဝင်လာခြင်းကိုမြင်သည်နှင့် အစေခံတစ်ယောက်က အပြေးအလွှားရောက်ရှိလာသည်။

"လူကြီးမင်းက ဒီနေရာကိုရောက်လာတာ လူလာရှာတာလား ဒါမှမဟုတ် တည်းခိုဖို့လား"

ထိုအစေခံသည် စကားပြောဆိုနေရင်းမှ လုယွီကို ခြေဆုံးခေါင်းဆုံးကြည့်နေသည်။

ယခုလက်ရှိချိန်တွင် လုယွီသည် ဗိုလ်ချုပ်သံချပ်ကာဝတ်စုံကို သာမာန်အစိမ်းရောင်ဝတ်စုံတစ်စုံနှင့် လဲလှယ်၍ ဝတ်ဆင်ထားသည်။ထိုဝတ်စုံသည် မှော်ရတနာတစ်ခုမဟုတ်သဖြင့် သူကိုကြည့်ရသည်မှာ အလွန်ရိုးရှင်းနေသည်။

လုယွီ၏ ယခုလက်ရှိရုပ်ခန္ဓာကိုယ်အနေအထားဖြင့် တခြားအကာအကွယ်မှော်ရတနာများ ဝတ်ဆင်ထားရန် မလိုအပ်ချေ။သူ့အား ခြိမ်းခြောက်နိုင်စွမ်းရှိသော အစွမ်းထက်ကျင့်ကြံသူများသည် အကယ်၍ သူ သာမာန်အကာအကွယ်မှော်ဝတ်စုံတစ်စုံကို ဝတ်ဆင်ထားလျှင်ပင် သူတို့၏တိုက်ခိုက်မှုကို ခုခံနိုင်မည်မဟုတ်ချေ။

ထို့ပြင် လုယွီသည် သူ၏ခန္ဓာကိုယ်ပေါ်၌ ကောင်းကင်ဘုံဧကရာဇ်၏ တိုက်ပွဲဝင်သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသည်။ဤပြိုင်ဘက်ကင်း အကာအကွယ်မှော်ရတနာရှိနေသဖြင့် သူသည် တခြား အကာအကွယ်မှော်ရတနာတစ်ခုကို ထပ်မံ၍သန့်စင်ရန်မလိုအပ်တော့ချေ။

လုယွီသည် အလွန်အသက်ငယ်ရွယ်နေသည့်အပြင် ရိုးရှင်းစွာဝတ်ဆင်ထားကာ သူ၏နောက်တွင်လည်းမည်သည့်အစေခံမှလိုက်ပါလာခြင်းမရှိသဖြင့် အစေခံက သူ့အား အထင်အမြင်သေးသောအကြည့်ဖြင့် ကြည့်လိုက်၏။

"တကယ်လို့ လူကြီးမင်းက တစ်ယောက်ယောက်ကိုလာရှာတာဆိုရင်တော့...ကျွန်မတို့က ရှင့်ကို အထဲဝင်ခွင့်ပြုဖို့အတွက်ဆိုရင် သေချာစစ်ဆေးဖို့ လိုအပ်လိမ့်မယ်"

အစေခံက အသံပြတ်ပြတ်နှင့်ပြောဆိုသည်။

လုယွီက ခေါင်းခါပြလေသည်။

"မဟုတ်ဘူး...ငါက ဒီမှာ တည်းခိုမလို့ပဲ"

"တည်းခိုဖို့....ရှင်က ဒီမှာတည်းခိုချင်တာ သေချာလား"

အစေခံက အတည်ပြုသည့်အလား သူမ၏အသံကိုမြှင့်၍ ပြောဆိုလိုက်၏။

Chapter 2035

လုယွီက ထိုအစေခံ၏တားဆီးမှုကို လျစ်လျှူရှုပြီး တည်းခိုခန်း၏ပင်မခန်းမအတွင်းသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။

တည်းခိုခန်း၏ပင်မခန်းမအတွင်း၌ လှိုဏ်ဂူပုံစံငယ်များကို ခင်းကျင်းပြသထားသည်။ထိုအရာများသည် ဧည့်သည်များ ရွေးချယ်နိုင်ရန်အတွက် လေထုအတွင်း၌ မျောလွင့်နေပေ၏။

ဤနေရာ၌ စိတ်တည်ငြိမ်မွှေးရနံ့များကလည်း ပို၍သင်းပျံ့နေသည်။ဖယောင်းတိုင်များကို ထွန်းညှိထားပြီး အမွှေးတိုင်များမှရနံ့များကလည်း ပျံ့လွင့်နေပေရာ လူအများ၏စိတ်ကို လန်းဆန်းတက်ကြွစေသည်။

"ရှင်က ဒီနေရာမှာတည်းခိုမှာလား ဒါမှမဟုတ် လူလာရှာတာလားဆိုတာကို ကွဲကွဲပြားပြားပြောအုံး....တကယ်လို့ ရှင်က လူလာရှာတာဆိုရင်တော့ ကျေးဇူးပြုပြီး ဒီနေရာမှာပဲရပ်လိုက်ပါ...တခြားဧည့်သည်တွေကို အနှောက်အယှက်မဖြစ်စေနဲ့"

အစေခံ၏မျက်နှာအမူအယာမှာ အေးစက်တင်းမာနေသည်။

ဤနေရာ၌ ပြဿနာရှာဝံ့သူမရှိဟု သူမက ယုံကြည်ထားသည်။

ဤနေရာပတ်ဝန်းကျင်သည် တိတ်ဆိတ်ငြိမ်သက်နေသော်လည်း အမှောင်ထုအတွင်း၌ အစွမ်းထက်ကျင့်ကြံသူအမြောက်အများ ပုန်းအောင်းနေလေ၏။အကယ်၍ တစ်စုံတစ်ယောက်သည် ဤနေရာတွင် ပြဿနာရှာဝံ့သူရှိပါက ထိုအစွမ်းထက်ကျင့်ကြံသူများသည် ပြဿနာရှာသူကို ချက်ချင်း မောင်းထုတ်ပေလိမ့်မည်။

လုယွီသည် ပင်မခန်းမအတွင်း၌ ပြသထားသော လှိုဏ်ဂူပုံစံငယ်များကို တစ်ချက်ကြည့်လိုက်သည်။သို့ရာတွင် မည်သည့်လှိုဏ်ဂူကမျှ သူ အလိုရှိသောအရာမဟုတ်ချေ။

သူ ကျင့်ကြံနေစဥ်အတောအတွင်း ဖြစ်ပျက်လေ့ရှိသော ရုန်းရင်းဆန်ခတ်ဖြစ်ရပ်များကို မဆိုထားနှင့် ရွှံစေးမျောက်ရုပ်ထုတစ်ခုတည်းကပင် သူ့အား စိတ်ရှုပ်ထွေးစေရန် လုံလောက်သည်။

အကယ်၍ ရွှံစေးမျောက်ရုပ်ထုသည် ထပ်မံ၍ထွက်ပြေးသွားပါက ပြင်ပရှိ လူတချို့မှ ထိုအရာအား တွေ့ရှိကာ စိတ်ဝင်စားသွားလျှင် ပြဿနာတချို့ ဖြစ်ပွါးနိုင်သည်။

ဤနေရာ၌ ခင်းကျင်းပြသထားသော လှိုဏ်ဂူများအားလုံးသည် မဆိုးလှသော်လည်း လုယွီ၏အမြင်တွင်မူ သူ့အတွက် ကောင်းမွန်ခြင်းမရှိချေ။

"မင်းတို့ဆီမှာ တခြားလှိုဏ်ဂူအမျိုးအစားတွေရှိသေးလား"

လုယွီက မေးမြန်းလိုက်၏။

ထိုစကားကိုကြားသည်နှင့် အစေခံသည် သူမ၏မျက်နှာပေါ်ရှိ အထင်အမြင်သေးမှုအရိပ်အယောင်များကို ထပ်မံ၍ဖုံးဖိမထားနိုင်တော့ချေ။

ဤနေရာရှိ လှိုဏ်ဂူများအားလုံးအတွက် တည်းခိုခများကို ချိတ်ဆွဲထားပြီးဖြစ်သည်။သာမာန်ကျင့်ကြံသူတစ်ယောက်အတွက် လှိုဏ်ဂူတစ်ဂူအားတည်းခိုခသည် အလွန်များပြားသည်ဟု ဆိုနိုင်ပေ၏။

လုယွီသည် ယခုကဲ့သို့စကားများပြောဆိုခြင်းမှာ မြင့်မားသောတည်းခိုခများကိုမြင်သဖြင့် ထိတ်လန့်တုန်လှုပ်သွားခြင်းဖြစ်မည်ဟု အစေခံက တွေးတောနေမိသည်။

အမှန်အားဖြင့် ဤကိစ္စရပ်များသည် တည်းခိုခန်းမှအစေခံများအတွက် ကြုံတွေ့နေကျအရာများဟု ဆိုနိုင်သည်။

သာမာန်ရက်များတွင် မိုးကောင်းကင်တာအိုတည်းခိုခန်း၏ဂုဏ်သတင်းသည် တော်ဝင်မြို့တော်တစ်ခုလုံးအနှံ့ ပျံ့နှံ့နေပေ၏။ဤနေရာ၌ တစ်ညတာတည်းခိုလိုသော လူအမြောက်အများရှိနေသည်။

သို့ရာတွင် တစ်စုံတစ်ယောက်သည် ဤနေရာ၌တည်းခိုလိုပါက တည်းခိုစရိတ်သည် လွန်စွာကြီးမားလှ၏။

"တောင်းပန်ပါတယ်...ဒါက အဆင့်နိမ့်ဆုံး လှိုဏ်ဂူတွေပဲ...တကယ်လို့ ရှင်က ပိုပြီးစျေးသက်သာတဲ့နေရာမှာ တည်းခိုချင်တယ်ဆိုရင်တော့ မြင်းဇောင်းမှာနေလို့ရတယ်...ဒါပေမယ့် မိုးကောင်းကင်တာအိုအင်းရဲ့မြင်းဇောင်းမှာ တည်းခိုချင်တယ်ဆိုရင်တောင် တစ်ညတာအတွက် အင်မော်တယ်ကျောက်တုံးသောင်းနဲ့ချီပြီးလိုအပ်လိမ့်မယ်...ဘယ်လိုလဲ ရှင်တတ်နိုင်ရဲ့လား"

အစေခံက သရော်တော်တော်လေသံဖြင့် ပြောဆိုသည်။

လုယွီ၏မျက်နှာပေါ်၌ အမူအယာကင်းမဲ့နေဆဲပင်။

"ငါက တည်းခိုစရိတ်ကို ပေးနိုင်တယ်...မင်းတို့ဆီက အကောင်းဆုံးလှိုဏ်ဂူ ငါ့ကိုပြစမ်း"

"ဟွန့်...အမှိုက်ကောင်ပဲ....ကျွန်မ ရှင့်ကို အတွေ့အကြုံရသွားအောင်လို့ ပြပေးမယ်"

အစေခံသည် အပိုစကားများဆက်၍ပြောဆိုရမည်ကို ပျင်းရိငြီးငွေ့နေပုံဖြင့် သူမက မှော်မန္တန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်ရာ ဝင်္ကပါတစ်ခုက သူမ၏ရှေ့သို့ ကျရောက်လာသည်။

ရုတ်ချည်းဆိုသလိုပင် ထိုဝင်္ကပါ၏မျက်နှာပြင်မှနေ၍ တောက်ပသောအလင်းတန်းများ ဖြာထွက်လာသည်။ထို့နောက် ကြီးကျယ်ခမ်းနားသော လှိုဏ်ဂူတစ်လုံးက လုယွီ၏မျက်လုံးရှေ့၌ ထွက်ပေါ်လာပေ၏။

ထိုလှိုဏ်ဂူသည် ရေအိုင်တစ်ခု၏အလယ်ဗဟိုရှိ ကျွန်းတစ်ကျွန်းပေါ်၌ တည်ရှိသည်။လှိုဏ်ဂူ၏ရှေ့၌ ကျယ်ဝန်းသောခြံဝန်းတစ်ခုလည်း ရှိနေလေ၏။ထိုလှိုဏ်ဂူကို ဖုန်းရွှေဝင်္ကပါတစ်ခုဖြင့် တည်ဆောက်ထားပြီး ပတ်ဝန်းကျင်ရှိစိတ်ဝိညာဥ်စွမ်းအင်များ စုဝေးနေသည်။

အကယ်၍ တစ်စုံတစ်ယောက်သည် ထိုလှိုဏ်ဂူအတွင်း၌ အချိန်ကြာမြင့်စွာနေထိုင်ပါက ထိုသူ၏ကျင့်ကြံဆင့် သိသိသာသာ တိုးတက်လာပေမည်။

လုယွီ၏မျက်လုံးများ တောက်ပသွားသည်။သူ ကြိုက်နှစ်သက်သည့်အချက်မှာ ဤလှိုဏ်ဂူအတွင်းရှိ စိတ်ဝိညာဥ်စွမ်းအင်များကြောင့်မဟုတ်ဘဲ လှိုဏ်ဂူ၏နယ်မြေတစ်ဝိုက်ကို ချိပ်ပိတ်ထားခြင်းကြောင့်ပင်။

အကယ်၍ ဤနေရာတွင် ရွှံစေးမျောက်ရုပ်ထု ဆူဆူညံညံတစ်ခုခုလုပ်သည့်တိုင် ပတ်ဝန်းကျင်ရှိ မည်သူကမျှ သတိပြုမိမည်မဟုတ်ချေ။

"ဒီလှိုဏ်ဂူက ငါ လိုချင်တဲ့ဟာပဲ"

လုယွီက တည်ငြိမ်စွာပြောဆိုသည်။

"ရှင်ကလား...ခစ် ခစ်...ရယ်စရာတွေမပြောစမ်းပါနဲ့...ကျွန်မတို့က ဒီနေရာမှာ အလုပ်ရှုပ်မနေဘူးဆိုပေမယ့် တကယ်လို့ ရှင် ဒီနေရာမှာ ပြဿနာရှာမယ်ဆိုရင်...ရှင့်ကို ခွေးတစ်ကောင်လို အပြင်ကိုလွှင့်ပစ်ခံရမယ်ဆိုတာကိုတော့ သတိထားပါ"

အစေခံက အေးစက်တင်းမာသောလေသံဖြင့် ခြိမ်းခြောက်စကား ပြောဆိုလိုက်သည်။

လုယွီက မျက်မှောင်ကြုတ်လိုက်၏။

"ဒါက မင်းတို့တည်းခိုခန်းရဲ့သဘောထားလား"

မိုးကောင်းကင်တာအိုတည်းခိုခန်းသည် ကြီးကျယ်ခမ်းနားသော နာမည်မျိုးရှိသော်လည်း အတွင်းရှိ လူများမှာ ဤမျှထိစိတ်ပျက်ဖွယ်ကောင်းနေမည်ဟု သူ မျှော်လင့်မထားမိချေ။

အစေခံက လုယွီကို သရော်တော်တော်အကြည့်ဖြင့်ကြည့်ပြီး လှိုဏ်ဂူအောက်၌ ရေးသားထားသောစျေးနှုန်းကို လက်ညှိုးညွှန်ပြလေသည်။

"ရှင် သေသေချာချာကြည့်နော်...ဒီလှိုဏ်ဂူရဲ့တည်းခိုစရိတ်က တစ်ညကို အင်မော်တယ်ကျောက်တုံးနှစ်သန်းပဲ...ရှင် ဒါကို ထုတ်ပေးနိုင်လား"

All Chapters