အခန်း (၂၀၃၆-၂၀၄၀)
Vol. 105 Ch. 2036-2040
Chapter 2036
အင်မော်တယ်ကျောက်တုံးနှစ်သန်းသည် တော်ဝင်မြို့တော်ကဲ့သို့နေရာတစ်ခုတွင်ပင်လျှင် ကြီးမားသောငွေကြေးပမာဏဖြစ်သည်။
သို့ရာတွင် ဤလှိုဏ်ဂူအတွက် တစ်ညတာတည်းခိုစရိတ်သည် အင်မော်တယ်ကျောက်တုံးနှစ်သန်းကျသင့်သည်မှာ စျေးမကြီးကြောင်း လုယွီက ကောင်းစွာသိရှိပေ၏။
ပထမဆုံးအနေဖြင့် ရေအိုင်၏အလယ်ဗဟိုရှိ ကျွန်း၏တည်နေရာကို ဖုန်းရွှေပညာရပ်တွင်ကျွမ်းကျင်သော ပညာရှင်တစ်ယောက်မှ ဂရုတစိုက်စီမံထားခြင်းဖြစ်သည်။အကယ်၍ တစ်စုံတစ်ယောက်သည် ဖုန်းရွှေပညာရှင်တစ်ယောက်ကို ငှါးယမ်းလိုပါက သန်းရာနှင့်ချီသော အင်မော်တယ်ကျောက်တုံးများ ကျသင့်ပေမည်။
ထို့ပြင် ဤနေရာ၌ စိတ်ဝိညာဥ်စွမ်းအင်များ အလွန်အမင်းပေါကြွယ်ဝသည်။အကယ်၍ တစ်စုံတစ်ယောက်သည် ထိုလှိုဏ်ဂူအတွင်း၌ကျင့်ကြံပါက တစ်ဝက်ခန့်အင်အားစိုက်ထုတ်ရုံဖြင့် အကျိုးကျေးဇူးနှစ်ဆ ရရှိပေလိမ့်မည်။
"ငါက အရင်ဆုံး ဒီနေရာကို တစ်လစာငှါးမယ်"
လုယွီက ငွေလက်မှတ်တစ်ထပ်ကိုထုတ်ယူ၍ အစေခံ၏လက်အတွင်းသို့ ပစ်ပေးလိုက်၏။
ထိုငွေလက်မှတ်တစ်ခုစီသည် အင်မော်တယ်ကျောက်တုံးတစ်သန်းဖြစ်ပေရာ သူ ထုတ်ပေးလိုက်သော ငွေလက်မှတ်များသည် အင်မော်တယ်ကျောက်တုံးသန်းခြောက်ဆယ် အတိအကျပင်။
အစေခံက အနည်းငယ် ကြက်သေသေသွားသည်။သူမ၏လက်အတွင်းရှိငွေလက်မှတ်များကို ရေတွက်ကြည့်ပြီးနောက် သူမ၏လက် အနည်းငယ်တုန်ခါသွားပေ၏။
ဤဧည့်သည်သည် အစစ်အမှန် ချမ်းသာကြွယ်ဝသူတစ်ယောက်ပင်။
သူမက လုယွီသည် ဆင်းရဲနွမ်းပါးသော လူငယ်တစ်ယောက်ဖြစ်၍ ထိပ်တန်းအဆင့်လှိုဏ်ဂူကို ပြလိုက်သည်နှင့် နောက်ဆုတ်သွားမည်ဟု တွေးထင်ခဲ့မိသည်။မမျှော်လင့်ဘဲ ထိုလူငယ်လေးသည် ငွေများ အမှန်တကယ် ထုတ်ပေးနိုင်ခဲ့သည်။
ထိုအချိန်မှာပင် ခန်းမအတွင်းသို့ လူအမြောက်အများ ဝင်ရောက်လာသည်။
ထိုလူများသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူတို့၏မျက်နှာများပေါ်၌ မောက်မာဝံ့ကြွားသော အမူအယာများရှိနေသည်။သူတို့နှင့်အတူ အစေခံအမြောက်အများလည်း ပါရှိလေ၏။
သူတို့၏ဝတ်စုံများပေါ်တွင် သူတို့၏အဆင့်အတန်းကိုဖော်ပြသော ဆေးမီးဖိုပုံသဏ္ဌာန်အား ပန်းထိုးထားသည်။
ထိုလူများသည် ဆေးပညာရှင်များပင်။
ကောင်းကင်ဘုံနယ်မြေအတွင်း၌ ဆေးပညာရှင်များနှင့်ဝင်္ကပါပညာရှင်များသည် ထိပ်တန်းအဆင့်တည်ရှိမှုကြီးများဖြစ်သည်။သူတို့ သွားလာနေသည့် ခရီးစဥ်တလျှောက်တွင် နောက်လိုက်များနှင့်အစေခံအမြောက်အများ ပါရှိလေ၏။
ထိုဆေးပညာရှင်များကြားရှိ အဖိုးအိုတစ်ယောက်၏မျက်နှာပေါ်၌ မွေးရာပါအမှတ်ကြီးပါရှိသည်။ထို့ပြင် သူ၏ပါးပြင်သည် အတွင်းသို့ခွက်ဝင်နေလေရာ သူ့ကိုကြည့်ရသည်မှာ အလွန်အမင်းရုပ်ဆိုးလှ၏။
သို့ရာတွင် မည်သူကမျှ ထိုအဖိုးအိုကို အထင်မသေးဝံ့ချေ။
အကြောင်းအရင်းမှာ အဖိုးအို၏ဝတ်စုံပေါ်၌ လက်ရာမြောက်သော ဆေးမီးဖိုပုံသဏ္ဌာန်နှစ်ခုကို ပန်းထိုးထားသောကြောင့်ပင်။
ဤသည်က မြေကမ္ဘာအဆင့်ဆေးပညာရှင်တစ်ယောက်၏အမှတ်အသားပင်။
ဆေးပညာရှင်များကို ရွှယ်အဆင့် မြေကမ္ဘာအဆင့်နှင့် ကောင်းကင်အဆင့်ဟူ၍ သုံးမျိုးခွဲခြားထားသည်။
ရှေးဟောင်းဖုန်မှုန့်ကြယ်ပေါ်၌ လုယွီနှင့်ဆုံတွေ့ခဲ့ဖူးသော ဆရာသခင်နန်ကုန်းပင်လျှင် ရွှယ်အင်မော်တယ်အဆင့်သာရှိသည်။
အဆင့်နိမ့်ဆုံးရွှယ်အဆင့်ဆေးပညာရှင်ပင်လျှင် ရှေးဟောင်းဖုန်မှုန့်ကြယ်ပေါ်၌ မြင့်မားသောအဆင့်အတန်းရှိသည်။ရှေးဟောင်းဖုန်မှုန့်ကြယ်ပေါ်ရှိ ထိပ်သီးဂိုဏ်းကြီးသုံးဂိုဏ်းမှ ဂိုဏ်းချုပ်များပင်လျှင် ဆရာသခင်နန့်ကုန်းကို လေးလေးစားစား ဆက်ဆံရသည်။
သို့ရာတွင် ယခုလက်ရှိချိန်တွင် ခန်းမသို့ရောက်ရှိလာသော အဖိုးအိုသည် ဆရာသခင်နန်ကုန်းထက် ပို၍မြင့်မားသောအဆင့်အတန်းရှိသည်။
"မင်းတို့ရဲ့တာဝန်ခံကို ထွက်လာခိုင်းလိုက်စမ်း"
အဖြူရောင်ဝတ်စုံဝတ်လူများသည် အဖိုးအို၏တပည့်များဖြစ်သည်မှာ သိသာထင်ရှားနေပြီး သူတို့က ခန်းမအတွင်းသို့ ရောက်ရှိသည်နှင့် သူတို့၏ခေါင်းများကိုမော့၍ ကျယ်လောင်စွာအော်ဟစ်လိုက်၏။
သူတို့၏စကားသံ အဆုံးသတ်သွားသောအချိန်မှာပင် ချောမောလှပပြီးညှို့အားကောင်းသော အမျိုးသမီးတစ်ယောက်သည် ပထမထပ်ခန်းမအတွင်းရှိ လိုက်ကာတစ်ခုနောက်မှထွက်လာပြီး ခပ်ဖျော့ဖျော့အပြုံးနှင့်ပြောဆိုသည်။
"ဆရာသခင်တို့ကို ကြိုဆိုပါတယ်...ဆရာသခင်တို့ ဒီနေရာကိုရောက်လာတာ ကျွန်မတို့တည်းခိုခန်းအတွက် ဂုဏ်ယူစရာတစ်ခုပါပဲ"
အဖြူရောင်ဝတ်စုံဝတ်လူတစ်ယောက်က အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုလေ၏။
"ငါတို့ စကားအများကြီး မပြောချင်ဘူး...ငါတို့ရဲ့ဆရာသခင် တည်းခိုဖို့အတွက် အကောင်းဆုံးလှိုဏ်ဂူအိမ်ပေးစမ်း...ငွေဘယ်လောက်ကုန်ကုန် ပြဿနာမရှိဘူး"
ညှို့အားပြင်းသောမိန်းမသည် ဤနေရာ၏တာဝန်ခံဖြစ်ပေ၏။သူမက ထိုစကားကိုကြားချိန်တွင် အလွန်ပျော်ရွှင်သွားခဲ့သည်။
"ဆရာသခင်တို့...ဘာမှမစိုးရိမ်ပါနဲ့...ကျွန်မတို့ဆီမှာ ထိပ်တန်းအဆင့်လှိုဏ်ဂူအလွတ်တွေ အများကြီးရှိပါတယ်...ဒါတွေကို ဆရာသခင်တို့ အသုံးပြုလို့ရပါတယ်"
တာဝန်ခံအမျိုးသမီး၏မျက်နှာပေါ်တွင် မြှောက်ပင့်ခယသောအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။သူမက အစေခံဘက်သို့လှည့်၍ အော်ဟစ်လိုက်၏။
"နင် ဘာလုပ်နေတာလဲ....ဆရာသခင်အတွက် ထိပ်တန်းလှိုဏ်ဂူကို မြန်မြန်မပြင်ဆင်ပေးသေးဘူးလား"
ယခုလက်ရှိ အစေခံ၏စိတ်နှလုံးသားအတွင်း၌ နောင်တနှင့်ထိတ်လန့်ကြောက်ရွံမှုများရောယှက်၍ ခံစားနေရသည်။သူမက လုယွီထံသို့ အလျင်စလိုအပြေးသွား၍ ငွေလက်မှတ်များကို ပြန်ပေးလိုက်သည်။
"တောင်းပန်ပါတယ်...ကျွန်မတို့က ဒီလှိုဏ်ဂူကို အချိန်အတိုင်းအတာတစ်ခုထိ ငှါးယမ်းလို့မရဘူးရ"
လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားသည်။
"ငါက ဒီလှိုဏ်ဂူကို အရင်ယူထားတာ"
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
"သူတို့က ဘယ်သူတွေလဲဆိုတာ ငါ ဂရုမစိုက်ဘူး...ငါက အရင်ရောက်တဲ့သူဖြစ်မှတော့ ဒီလှိုဏ်ဂူက ငါ တည်းခိုရမယ့်နေရာပဲ"
အစေခံသည် အလွန်အမင်းစိတ်ရှုပ်ထွေးသွားပုံရပြီး သူမက ခြေထောက်ဆောင့်၍ ပြောဆိုလိုက်၏။
"နင် ရူးနေတာလား...သူတို့က ဆေးပညာရှင်တွေဖြစ်ပြီးတော့ အထူးဧည့်သည်တွေပဲ...နင်က ဘာကောင်မလို့လဲ...ပြဿနာမရှာနဲ့"
"ဟမ့်"
တာဝန်ခံအမျိုးသမီးက လုယွီကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်သည်။
"ဘာလဲ...နင်ကလည်း ထိပ်တန်းအဆင့်လှိုဏ်ဂူမှာ တည်းခိုချင်တာလား"
Chapter 2037
လုယွီက တည်ငြိမ်စွာ တုံ့ပြန်ပြောဆိုသည်။
"အမှန်ပဲ...ငါ ဒါကို အစကတည်းက ယူထားတာ"
ယခုချိန်တွင် လုယွီသည် သင့်လျော်သောတည်းခိုခန်းတစ်ခုကို ရှာဖွေတွေ့ရှိပြီးဖြစ်သဖြင့် လက်လျှော့အရှုံးပေးလိုခြင်းမရှိချေ။
တာဝန်ခံအမျိုးသမီး၏မျက်လုံးများ အေးစက်တင်းမာသွားပြီး သူမက အစေခံဘက်သို့လှည့်ကာ အော်ငေါက်လိုက်၏။
"ဘာတွေ ဖြစ်နေတာလဲ...ထိပ်တန်းအဆင့်လှိုဏ်ဂူကို အလွယ်တကူ ငှါးယမ်းလို့မရဘူးလို့ ငါ ပြောထားတယ်မဟုတ်လား"
အစေခံသည် ထိတ်လန့်ကြောက်ရွံနေသဖြင့် သူမ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသည်။လုယွီသည် ဤမျှထိများပြားသော အင်မော်တယ်ကျောက်တုံးများကို ထုတ်ပေးနိုင်မည်ဟု သူမက မည်သည့်နည်းဖြင့် မျှော်လင့်မိမည်နည်း။
အစေခံမလေး၏ပုံပန်းသွင်ပြင်ကိုကြည့်ပြီး တာဝန်ခံအမျိုးသမီးက အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုလိုက်၏။
"နင်က တာဝန်ကို ပေါ့ပေါ့လျော့လျော့ လုပ်ဆောင်ခဲ့တာပဲ...အခုချက်ချင်း မိုးကောင်းကင်တာအိုတည်းခိုခန်းက ထွက်သွားတော့"
ရုတ်ချည်းဆိုသလိုပင် အစောင့်များပြေးဝင်လာပြီး အစေခံကို ပြင်ပသို့ ဆွဲထုတ်သွားတော့သည်။
ယခုလက်ရှိချိန်တွင် ထိုအစေခံသည် နောင်တကြီးစွာရနေပေ၏။အကယ်၍ ဤကဲ့သို့ကိစ္စမျိုး ကြိုသိမည်ကို သူမ ကြိုသိခဲ့ပါက လုယွီကို ယခုထက်ပို၍ကောင်းမွန်စွာ ဆက်ဆံခဲ့မိလျှင် ဤကဲ့သို့ရလဒ်မျိုး ထွက်ပေါ်လာမည်မဟုတ်ချေ။
သို့ရာတွင် နောင်တရခြင်းကို ကုစားနိုင်သောဆေးဟူ၍ လောကကြီးအတွင်းတွင် မရှိသေးချေ။
မိုးကောင်းကင်တာအိုတည်းခိုခန်းသည် တော်ဝင်မြို့တော်တစ်မြို့လုံးတွင် နာမည်အကျော်ကြားဆုံးတည်းခိုခန်းတစ်ခုဖြစ်သည်။ထိုကဲ့သို့နေရာမျိုးတွင် အစေခံအဖြစ် အလုပ်လုပ်ကိုင်ခြင်းသည် တခြားတည်းခိုခန်းများထက် အခကြေးငွေများစွာပို၍ရရှိသည်။
လူအမြောက်အများ အချိန်အတော်ကြာ စိတ်ကူးယဥ်နေခဲ့ကြသော ဤကဲ့သို့အခွင့်အရေးကြီးသည် သူမ၏ လူတစ်ဖက်သားအပေါ် အထင်အမြင်သေးတက်သောစိတ်နေသဘောထားကြောင့် ဆုံးရှုံးသွားရလေပြီ။
အစေခံကို မောင်းထုတ်ပြီးနောက် တာဝန်ခံအမျိုးသမီးက နောက်သို့ပြန်လှည့်၍ ငွေလက်မှတ်များကို လုယွီ၏လက်အတွင်းသို့ ပြန်ပေးလိုက်၏။
"တောင်းပန်ပါတယ်....ထိပ်တန်းအဆင့်လှိုဏ်ဂူက ကြိုမှာပြီးသားဖြစ်နေလို့ပါ...ဒီဧည့်သည်လေးက တခြားနေရာတစ်နေရာကိုရှာတာ ပိုကောင်းလိမ့်မယ်"
လုယွီက ခေါင်းခါပြလေသည်။
"ငါ ပြောပြီးပြီ...ငါ ဒီနေရာကို အရင်ရောက်လာတာ...ပြီးတော့ ငါက ဒီလှိုဏ်ဂူကို အရင်ယူတားတာ...ဒါကြောင့် ငါက တခြားသူတွေကို မပေးနိုင်ဘူး"
"အမ်...မင်းက ဘာလုပ်ချင်လို့လဲ...ငါတို့ရဲ့ဆရာသခင်က ဒီလှိုဏ်ဂူကိုလိုချင်တယ်...သောက်သုံးမကျတဲ့ကောင်စုတ်လေး...ဒီနေရာက မြန်မြန်ထွက်သွားစမ်း"
အဖြူရောင်ဝတ်စုံဝတ်ဆေးပညာရှင်တစ်ယောက်က အော်ငေါက်လိုက်၏။
တခြားဆေးပညာရှင်များကလည်း လုယွီကို စူးစူးဝါးဝါးစိုက်ကြည့်နေကြသည်။
သူတို့၏အမြင်အရ သူတို့၏ဆရာသခင်သည် မြင့်မြတ်သောဆေးပညာရှင်တစ်ယောက်ဖြစ်သည်။ဤကဲ့သို့ ကောင်စုတ်လေးတစ်ယောက်အတွက် မည်သူက တရားမျှတမှုကို ဆောင်ယူပေးမည်နည်း။
အကယ်၍ ပြင်ပလောကတွင် ဤကိစ္စမျိုးဖြစ်ပွါးပါက ဆေးပညာရှင်တစ်ယောက်ကို မြှောက်ပင့်ခယရန် မည်သူက မကြိုးစားဘဲနေမည်နည်း။
လုယွီက အဖြူရောင်ဝတ်စုံဝတ်ဆေးပညာရှင်ကို စောင်းငဲ့၍ကြည့်ကာ အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုလိုက်သည်။
"မင်း စကားကို သတိထားပြီးပြောစမ်း....တကယ်လို့ အပြင်မှာသာဆိုရင် မင်း သေပြီးနေလောက်ပြီ"
အဖြူရောင်ဝတ်စုံဝတ်ဆေးပညာရှင်၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။သူသည် ဆက်လက်၍ ကြိမ်းမောင်းဆဲဆိုရန် ဟန်ပြင်လိုက်သော်လည်း ရုတ်တရက် သူသည် လုယွီထံမှထုတ်လွှက်ထားသော အေးစက်စက်သတ်ဖြတ်လိုခြင်းအရှိန်အဝါကို သတိပြုမိသွားသည်။
လုယွီ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို အဖြူရောင်ဝတ်စုံဝတ်ဆေးပညာရှင်က မည်သည့်နည်းဖြင့်ခံနိုင်ရည်ရှိမည်နည်း။ကြီးမားသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒ၏အောက်တွင် ထိုဆေးပညာရှင်၏မျက်နှာ သေလုမတက် ဖြူရော်သွားပေ၏။
အဖိုးအိုက လုယွီကိုတစ်ချက်ကြည့်ပြီး အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"ငါက ဆေးပညာမဟာမိတ်အဖွဲ့က မြေကမ္ဘာအဆင့်ဆေးပညာရှင် သုန်ဖုန်း...ဒီတစ်ကြိမ် ငါ တော်ဝင်မြို့တော်ကိုလာတာက ဆေးလောကဖွင့်ပွဲမှာ ပါဝင်ဆင်နွှဲဖို့ပဲ....လူငယ်လေး မင်း ထွက်သွားတာ ပိုကောင်းလိမ့်မယ်...အရမ်းမဆင်မခြင်မလုပ်နဲ့"
ဆရာသခင်သုန်အတွက် မည်သည့်နေရာသို့သွားသည်ဖြစ်စေ သူသည် အစဥ်အမြဲ ထိပ်တန်းအဆင့်အခန်းများတွင်သာ နေရလေ့ရှိသည်။
လုယွီက မျက်မှောင်ကြုတ်လိုက်၏။
"ခင်ဗျားနေချင်တဲ့ ဘယ်နေရာမှာမဆို နေနိုင်တယ်...ဒါပေမယ့် ဒီလှိုဏ်ဂူအတွက် ကျုပ်က တည်းခိုခတောင် ပေးချေပြီးမှတော့ ဒါက ကျုပ်နေရမယ့်နေရာပဲ...ဘယ်သူမှ လာပြီးအပိုင်စီးလို့မရဘူး"
အကယ်၍ သူ၏လက်တွင်းသို့ရောက်ရှိပြီးသားအရာကို တခြားသူအား ပေးအပ်လိုက်ပါက သူ လုယွီ ဟုတ်တော့မည်မဟုတ်ချေ။
"ကျွန်မ တောင်းပန်ပါတယ်....ကျေးဇူးပြုပြီး ဒီနေရာမှာ ပြဿနာမရှာပါနဲ့...ကျွန်မ ရှင့်ကို အင်မော်တယ်ကျောက်တုံးတစ်သိန်းထပ်ပေးမယ်...ရှင် ဒီနေရာကနေ မြန်မြန်ထွက်သွားပေးပါ"
တာဝန်ခံသည် ခေါင်းကိုက်လာသကဲ့သို့ ခံစားရသဖြင့် သူမက ငွေကြေးဖြင့်ဖြေရှင်းရန် ဆုံးဖြတ်လိုက်သည်။
"ဟား ဟား ဟား...မင်း ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘာမှစိုးရိမ်စရာမလိုဘူး...ဒီကောင်လေးက မင်းတို့တည်းခိုခန်းကို ငွေညှစ်ချင်နေတာလို့ ငါ ထင်တယ်"
အဖြူရောင်ဝတ်စုံဝတ်ဆေးပညာရှင်သည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးတောမိသွားပုံဖြင့် သရော်တော်တော် ပြောဆိုလိုက်၏။
"သာမာန်လူတွေက ငါတို့လိုဆေးပညာရှင်တွေကို မြင်တွေ့တဲ့အချိန်မှာ လေးလေးစားစားမဆက်ဆံတဲ့လူဆိုလို့ ဘယ်သူရှိလို့လဲ...ဒီကောင်လေးကိုကြည့်ရတာ အရမ်းတည်ငြိမ်ပြီးတော့ ခေါင်းမာနေတယ်...ကြည့်ရတာတော့ သူက မင်းတို့တည်းခိုခန်းကို အကျပ်အတည်းဖြစ်အောင်လုပ်ပြီးတော့ ငွေညှစ်ချင်နေတဲ့ပုံပဲ"
"ငါတို့က ဒီနေရာကိုလာတဲ့လမ်းမှာ မိုးကောင်းကင်တာအိုတည်းခိုခန်းမှာတည်းမယ်လို့ တစ်စုံတစ်ယောက်ကို ပြောခဲ့မိတယ်....ဒီကောင်လေးက ဒီသတင်းကိုကြားသွားပြီးတော့ ငါတို့ကို ကြိုစောင့်နေတာပဲဖြစ်မယ်"
Chapter 2038
အဖြူရောင်ဝတ်စုံဝတ်ဆေးပညာရှင်၏ရှင်းပြချက်ကိုကြားသည်နှင့် တာဝန်ခံအမျိုးသမီး၏မျက်လုံးများ တောက်ပသွားသည်။
"ဒီဆရာသခင်က တကယ့်ကို သတိကြီးတာပဲ...ကျွန်မက ဒီကောင်လေးရဲ့ယုတ်မာတဲ့အကြံအစည်ထဲကို ကျလုနီးပါးပဲ"
တာဝန်ခံအမျိုးသမီးသည် ချက်ချင်းဆိုသလိုပင် လုယွီအားပေးရန်ပြင်ထားသော အင်မော်တယ်ကျောက်တုံးတစ်သိန်းတန်ငွေလက်မှတ်ကို ပြန်ရုတ်သိမ်းလိုက်၏။
လုယွီက ကူကယ်ရာမဲ့စွာဖြင့် သူ၏ခေါင်းကိုခါယမ်းလိုက်သည်။
သူ၏ယခုလက်ရှိချမ်းသာကြွယ်ဝမှုသည် နိုင်ငံတစ်ခုဖြင့်ပင် ယှဥ်ပြိုင်နိုင်ပေရာ မည်သည့်နည်းဖြင့် သူ ဤမျှထိနည်းပါးသော ငွေကြေးပမာဏကို ဂရုစိုက်မည်နည်း။
သို့ရာတွင် သူ၏နောက်တွင် နောက်လိုက်ငယ်သားများမပါရှိသည့်အပြင် သူ၏ခန္ဓာကိုယ်ပေါ်တွင် ကြီးကျယ်ခမ်းနားသော မှော်ရတနာဝတ်စုံကို ဝတ်ဆင်ထားခြင်းမရှိချေ။ထို့ကြောင့် တခြားသူများ၏အမြင်၌ သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် သံသယဖြစ်ဖွယ်များနှင့် ပြည့်နှက်နေသည်။
"နင်က ခုထိခေါင်းမာနေတာ အံ့အားသင့်စရာမရှိတော့ဘူး....နင့်ဆီမှာ ဒီလိုမျိုး အစီအစဥ်ရှိနေတာပဲ"
တာဝန်ခံအမျိုးသမီး၏မျက်နှာအမူအယာက အေးစက်တင်းမာနေသည်။
"လာကြစမ်း...သူ့ကို ဖမ်းချုပ်ပြီး ပြင်းပြင်းထန်ထန် စစ်မေးကြစမ်း"
ရုတ်ချည်းဆိုသလိုပင် လုယွီကိုဖမ်းချုပ်ရန်ရည်ရွယ်၍ အစောင့်အမြောာက်အများ ပြေးဝင်လာကြ၏။
လုယွီသည် သူ၏နံဘေးပတ်ဝန်းကျင်ရှိ အစောင့်များကို ဝေ့ဝိုက်၍ကြည့်လိုက်သည်။ရုတ်တရက် သူက ကြမ်းပြင်ပေါ်သို့ ခြေဆောင့်နင်းလိုက်၏။ဘုန်းခနဲမြည်သံနှင့်အတူ ကြမ်းပြင်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။
လုယွီအား ဝိုင်းရံထားသောအစောင့်များသည် မြေပြင်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားကြ၏။
ပြင်းထန်သောမှော်စွမ်းအင်လှိုင်းများက လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံထားရာ လူတိုင်း ထိတ်လန့်ကြောက်ရွံနေကြသည်။
"မင်း အမှားတစ်ခုလုပ်မိပြီ"
လုယွီက တာဝန်ခံအမျိုးသမီးကို တစ်ချက်ကြည့်ပြီး အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်သည်။
ဤအချိန်အခိုက်အတန့်တွင် တာဝန်ခံအမျိုးသမီး၏မျက်နှာ ဖြူရော်နေပြီး သူမ၏ခြေထောက်များ တုန်ရီနေကာ သူမက မတ်တတ်ဆက်ရပ်နေရန်ပင် သတ္တိမရှိတော့ချေ။
တခြားတစ်ဖက်ရှိ ဆေးပညာရှင်များ၏အခြေအနေမှာ သူမထက်ပင် ပို၍ဆိုးရွားပေ၏။
ထိုဆေးပညာရှင်များသည် များသောအားဖြင့် ဆေးသန့်စင်၍ အချိန်ကုန်ဆုံးနေကြသူများဖြစ်ရာ သူတို့၏ကျင့်ကြံဆင့်နယ်ပယ်များမှာ နက်နဲသိမ်မွေ့ခြင်းမရှိချေ။လုယွီ၏အစွမ်းထက်သောဖိအားအရှိန်အဝါကို ခံစားမိချိန်တွင် သူတို့အားလုံး ဆွံအသွားကြသည်။
သို့သော် မကြာမီမှာပင် တာဝန်ခံအမျိုးသမီးက အသိပြန်ဝင်လာပေ၏။
"ကျွန်မ ရှင်ကို ပြောလိုက်မယ်...ကျွန်မတို့ရဲ့အရှင်သခင်က...."
အမျိုးသမီးက အော်ဟစ်ပြောဆိုသည်။
သို့ရာတွင် ရုတ်ချည်းဆိုသလိုပင် သူမ၏စူးရှရှအော်သံ ရပ်တန့်သွားသည်။
အကြောင်းအရင်းမှာ သူမသည် လုယွီ၏လက်အတွင်းမှ ရွှေရောင်နဂါးတစ်ကောင်အမှတ်အသားပါရှိသော တံဆိပ်ပြားကို မြင်တွေ့လိုက်ခြင်းကြောင့်ပင်။
ထိုတံဆိပ်ပြားသည် အချိန်တခဏသာ ထွက်ပေါ်လာခဲ့ပြီးနောက် ချက်ချင်းဆိုသလိုပင် ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။သို့ရာတွင် တာဝန်ခံအမျိုးသမီးသည် သူမ အမြင်မှားခြင်းမဟုတ်ဟုအကြွင်းမဲ့သေချာပြောနိုင်သည်။
နဂါးအစောင့်တံဆိပ်ပြား....
သူမရှေ့ရှိလူငယ်လေးသည် နဂါးအစောင့်တစ်ယောက် ဖြစ်နေပေ၏။
ဧကရာဇ်မင်း၏သီးသန့်တပ်မှလူတစ်ယောက်ကို ပြစ်မှားမိခြင်း၏နောက်ဆက်တွဲရလဒ်များကို တွေးတောမိချိန်တွင် သူမ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။
"ကျွန်မက ထိုက်တောင်ကြီးကို မသိတဲ့အထိ မျက်လုံးကန်းနေမိတယ်...ကျေးဇူးပြုပြီး ကျွန်မကို ခွင့်လွှတ်ပေးပါ...လာကြစမ်း...နင်တို့အားလုံး ကန်းနေကြတာလား...မြန်မြန်လာပြီး ဒီသခင်လေးအတွက် လဖက်ရည်ငှဲ့ပေးကြစမ်း"
တာဝန်ခံအမျိုးသမီးက ချက်ချင်းဆိုသလိုပင် အစေခံများကို အော်ဟစ်၍အမိန့်ပေးလိုက်၏။
ဤှရုတ်တရက်ဆန်သောအပြောင်းအလဲကြောင့် ပတ်ဝန်းကျင်ရှိလူများအားလုံး ကြက်သေသေသွားကြသည်။
အစောပိုင်းက လုယွီကို လူလိမ်လူညာတစ်ယောက်အဖြစ် စွပ်စွဲခဲ့သော အဖြူရောင်ဝတ်စုံဝတ်ဆေးပညာရှင်က တင်းမာခက်ထန်သောအသံဖြင့် ပြောဆိုသည်။
"ဘာလို့ ခုလောက်ထိ ပြဿနာတွေရှုပ်နေတာလဲ...သူ့ကို မြန်မြန်မောင်းမထုတ်သေးဘူးလား...ငါတို့ရဲ့ဆရာသခင် စောင့်နေတယ်ဆိုတာ မင်း မမြင်ဘူးလား"
တာဝန်ခံအမျိုးသမီးသည် ထိုလူ၏ဘက်သို့ပြန်လှည့်၍ ပြတ်ပြတ်သားသား ပြောဆိုလိုက်၏။
"ဆရာသခင်တို့ကို တောင်းပန်ပါတယ်...ကျွန်မတို့ရဲ့ထိပ်တန်းအဆင့်လှိုဏ်ဂူကို ငှါးယမ်းပြီးသားဖြစ်နေပါပြီ...တကယ်လို့ ဆရာသခင်တို့က ဒီနေရာမှာဆက်ပြီးနေချင်တယ်ဆိုရင် အဆင့်မြင့်လှိုဏ်ဂူတွေအများကြီးထဲကနေ ရွေးချယ်ပြီးနေလို့ရပါတယ်"
ဘာ....
ထိုဆေးပညာရှင်၏မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏ဝတ်စုံပေါ်ရှိ ဆေးမီးဖိုအမှတ်အသားကို လက်ညှိုးညွှန်ပြလေသည်။
"မင်း သေသေချာချာကြည့်အုံး...ငါတို့က ဆေးပညာရှင်တွေနော်...မင်းက ဘယ်လိုအပြုအမူမျိုးနဲ့ ငါတို့ကို စကားပြောနေတာလဲ"
"အရင်ရောက်လာတဲ့သူကို ကျွန်မတို့က ဦးစားပေးရမှာပဲ...ဒီသခင်လေးက အရင်ရောက်တဲ့သူဖြစ်နေမှတော့ ထိပ်တန်းအဆင့်လှိုဏ်ဂူကို သူ တည်းခိုရမှာပဲလေ...ဒါက ကျွန်မတို့တည်းခိုခန်းရဲ့စည်းမျဥ်းပဲ"
တာဝန်ခံအမျိုးသမီးက ပြောဆိုသည်။
သူမ၏အမူအယာသည် ယခင်က မောက်မာဝံ့ကြွားသောဟန်ပန်နှင့် များစွာကွဲပြားခြားနားသွားပြီး လုယွီကို ရိုသေလေးစားစွာ ပြောဆိုဆက်ဆံနေသည်။
"မိန်းမပျက်မ...မင်းက ဆရာသခင်သုန်ကို ပြစ်မှားဝံ့တယ်ပေါ့လေ....မင်း ကံဆိုးမယ့်နေ့ကိုစောင့်နေလိုက်စမ်း"
အဖြူရောင်ဝတ်စုံဝတ်ဆေးပညာရှင်က ကျိန်ဆဲလိုက်၏။
တာဝန်ခံအမျိုးသမီးက ခက်ထန်တင်းမာသောလေသံဖြင့် တုံ့ပြန်ပြောဆိုသည်။
"ဆရာသခင်...ကျေးဇူးပြုပြီးတော့ ဆရာသခင်က စကားကိုသတိထားပြီးပြောပေးပါ"
ဆရာသခင်သုန်၏မျက်နှာအမူအယာသည် သုန်မှုန်နေပေ၏။မည်သို့ပင်ဆိုစေကာမူ သူသည် မြေကမ္ဘာအဆင့်ဆေးပညာရှင်တစ်ယောက်ဖြစ်သည်။မည်သည့်ကြောင့် သူ ဤကဲ့သို့ အရှက်ရခြင်းမျိုးကို လက်ခံနိုင်မည်နည်း။သူက ချက်ချင်းဆိုသလိုပင် နောက်သို့ပြန်လှည့်ကာ ထွက်ခွါသွားတော့သည်။
Chapter 2039
ဆေးပညာရှင်တစ်စုသည် မိုးကောင်းကင်တာအိုတည်းခိုခန်းမှနေ၍ စိတ်မကြည်မသာဖြင့် ထွက်ခွါသွားတော့သည်။
"ဆရာသခင်...ဒါက အရမ်းဒေါသထွက်စရာကောင်းတယ်...ကျွန်တော်တို့တွေ ဘယ်တုန်းက ဒီလိုမျိုးဆက်ဆံခံရဖူးလို့လဲ"
အဖြူရောင်ဝတ်စုံဝတ်ဆေးပညာရှင်တစ်ယောက်က ဒေါသတကြီးပြောဆိုသည်။
ဆေးပညာရှင်များသည် မြင့်မြတ်သောအဆင့်အတန်းရှိသဖြင့် သူတို့၏နံဘေးပတ်ဝန်းကျင်ရှိ လူအများက ဝိုင်းဝန်း၍မြှောက်ပင့်ခယနေခြင်းကိုသာ အစဥ်အမြဲ ခံစားခဲ့ရသည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ ဤနေရာအရောက်တွင် သူတို့ကို အလေးမထားသကဲ့သို့ခံစားရသဖြင့် သူတို့အားလုံး အလွန်အမင်းဒေါသထွက်နေကြ၏။
"မဟုတ်ဘူး....အဲ့ဒီနေရာမှာ မရိုးသားတာတစ်ခုခုရှိနေတယ်"
ဆရာသခင်သုန်က ရုတ်တရက် ရပ်တန့်ပြီး သုန်မှုန်နေသောမျက်နှာအမူအယာဖြင့် ပြောဆိုသည်။
သူ၏တပည့်များက အလွန်သိချင်စိတ်ပြင်းပြသွားကြ၏။
"ဆရာသခင်က ဘာကိုသတိပြုမိလို့လဲ"
"မင်းတို့ စဥ်းစားကြည့်လေ...တာဝန်ခံက အစတုန်းက ငါတို့ကို ယဥ်ယဥ်ကျေးကျေးဆက်ဆံနေခဲ့တာ...အဲ့ဒီကောင်စုတ်လေးက ဒေါသတကြီး ပြောပြီးတဲ့နောက်မှာ သူ့ရဲ့မျက်နှာအမူအယာက ချက်ချင်းပြောင်းလဲသွားခဲ့တယ်"
ဆရာသခင်သုန်၏စကားကိုကြားပြီးနောက် သူ၏တပည့်များသည် နောက်ဆုံး၌ တစ်စုံတစ်ခုမှားယွင်းနေသည်ကို သိရှိသွားကြ၏။
"တကယ်လို့ တစ်စုံတစ်ယောက်ရဲ့စိတ်နေသဘောထားက ပြောင်းလဲတက်တယ်ဆိုရင်တောင် ခုလောက်မြန်မြန်ကြီးတော့ မပြောင်းလဲနိုင်ဘူး"
ဆရာသခင်သုန်၏မျက်လုံးများ တောက်ပသွားသည်။
"အမှန်တော့ ဘာတွေဖြစ်သွားတာလဲဆိုတာ ငါ သိပြီးပြီ"
"ဆရာသခင်...ဘာတွေဖြစ်သွားတာလဲ"
တပည့်များက မေးမြန်းလေသည်။
ဆရာသခင်သုန်က အေးစက်စက်နှာတစ်ချက်မှုတ်ပြီး အထင်အမြင်သေးသောလေသံဖြင့် ပြောဆိုလိုက်၏။
"ငါ ထင်တာတော့ သူတို့နှစ်ယောက်အတူပူးပေါင်းပြီး ငါတို့ကိုလှည့်ဖျားဖို့ ကြံနေတာပဲ....ငါတို့က ထိပ်တန်းအဆင့်လှိုဏ်ဂူမှာ နေမယ်ဆိုရင် တာဝန်ခံအတွက် အပိုငွေကြေးရမှာမဟုတ်ဘူး..ဒါကြောင့် သူက ကောင်လေးတစ်ယောက်ကိုရှာပြီးတော့ ငါတို့ကို ရည်ရွယ်ချက်ရှိရှိ လှည့်စားတာပဲဖြစ်မယ်...တကယ်လို့ ပြဿနာဖြစ်လာရင် ငါတို့က ငွေပိုပေးမိလိမ့်မယ်...အဲ့ဒီလိုဆိုရင် အပိုငွေကြေးတွေအားလုံးက တာဝန်ခံရဲ့လက်ထဲကို ရောက်သွားမှာပဲ"
ထိုစကားကိုကြားသည်နှင့် လူတိုင်း အသိစိတ်ပြန်ဝင်လာကြသည်။
"အံ့အားသင့်စရာမရှိတော့ဘူး...မိုးကောင်းကင်တာအိုတည်းခိုခန်းရဲ့အစောင့်တွေက အရမ်းသန်မာအားကောင်းတယ်...ဘယ်လိုလုပ်ပြီး သူတို့က အဲ့ဒီကောင်စုတ်လေးရဲ့ဖိနှိပ်တာကို ခံရမှာလဲ"
"ငါက အဲ့ဒီကောင်လေးတစ်ခုခုမှားယွင်းနေတယ်ဆိုတာ အရင်ကတည်းက သတိပြုမိတယ်...ခု ပြန်စဥ်းစားကြည့်တော့မှ သူနဲ့တာဝန်ခံပူးပေါင်းထားတာပဲ...ငါတို့ကို တခြားနေရာကလာတယ်ဆိုပြီးတော့ သူတို့က အနိုင်ကျင့်ဖို့ ကြံစည်ခဲ့ကြတာ...တကယ့်ကို ရွံရှာစက်ဆုပ်ဖို့ကောင်းတာပဲ"
တခြားတပည့်တစ်ယောက်က မေးမြန်းလိုက်၏။
"ဆရာသခင်...အဲ့ဒါဆိုရင် သူတို့က သရုပ်ဆောင်တာကို ဘာလို့ရပ်လိုက်ကြတာလဲ"
"ငါထင်တာတော့ မိုးကောင်းကင်တာအိုတည်းခိုခန်းမှာ စုံစမ်းစစ်ဆေးရေးမှူးတစ်ယောက်ရှိနေပုံရတယ်...သူတို့ရဲ့အလိမ်အညာတွေ ဖော်ထုတ်ခံရမှာကို ကြောက်ရွံပြီးတော့ ငါတို့ကိုမောင်းထုတ်လိုက်တာပဲဖြစ်မယ်"
ဆရာသခင်သုန်က မှန်းဆပြောဆိုသည်။
အကယ်၍ တာဝန်ခံအမျိုးသမီးသာ ဤနေရာ၌ရှိနေပါက သူမသည် အလွန်အမင်းစိတ်ဆိုးဒေါသထွက်ပြီး သွေးများပင်အန်ထွက်လာနိုင်သည်။ဤဆေးပညာရှင်တစ်စု၏စဥ်းစားတွေးတောမှုများသည် အလွန်ပင် ပုံကြီးချဲ့ရာရောက်နေပေ၏။
လုယွီသည် ယခင်က ထိုအမျိုးသမီးနှင့်သိကျွမ်းခြင်းမရှိသည့်အပြင် သူသည် ထိုဆေးပညာရှင်များကိုလည်း အာရုံစူးစိုက်ခြင်းမရှိချေ။
ထိုအကြောင်းအရင်းကြောင့် သူသည် မည်သည့်သနားငဲ့ညှာမှုမျိုးကိုမှ မပြသခဲ့ခြင်းပင်။
ကံဆိုးစွာဖြင့် ထိုဆေးပညာရှင်များသည် သူတို့၏မြင့်မြတ်သောအဆင့်အတန်းကို နှစ်ပေါင်းများစွာကြာအောင် အသုံးချခဲ့သူများဖြစ်သည်။သူတို့၏မသိစိတ်များအတွင်းမှနေ၍ လူတိုင်းသည် သူတို့အား အထူးအလေးပေး၍ဆက်ဆံရမည်ဟုသာ ယူဆထားကြ၏။
"ဆရာသခင်....သူတို့ကတောင် ဒီလိုမျိုးလုပ်ရဲမှတော့ ကျွန်တော်တို့က သူ့ကို ဖော်ထုတ်ကြမလား"
တပည့်များက ဒေါသတကြီး ပြောဆိုလိုက်ကြသည်။
"မင်းတို့က ဘာလုပ်ချင်သေးတာလဲ...မိုးကောင်းကင်တာအိုတည်းခိုခန်းရဲ့နောက်မှာ အရမ်းအစွမ်းထက်တဲ့တည်ရှိမှုကြီးတစ်ခုရှိနေတယ်...ဆေးလောက ဖွင့်တဲ့နေ့မတိုင်ခင် ငါတို့မှာလုပ်စရာကိစ္စတွေအများကြီးရှိသေးတယ်...အခုချက်ချင်း မင်းတို့ နောက်ထပ်တည်းခိုခန်းတစ်ခု သွားရှာကြစမ်း...ငါက တံခါးပိတ်ကျင့်ကြံရအုံးမယ်...မင်းတို့ရဲ့အရည်အချင်းတွေကို ဆေးလောကထဲမှာပြသဖို့ ပြင်ဆင်ထားကြစမ်း"
ဆရာသခင်သုန်သည် ချက်ချင်းဆိုသလိုပင် သူ၏တပည့်များကို တည်းခိုခန်းတစ်ခန်း စတင်၍ရှာဖွေခိုင်းလိုက်သည်။
"ဆရာသခင်...ဒါဆိုရင် ကျွန်တော်တို့က လက်စားမချေရတော့ဘူးလား"
အဖြူရောင်ဝတ်စုံဝတ်ဆေးပညာရှင်တစ်ယောက်က မကျေမချမ်းပြောဆိုသည်။
"ဘာလို့ လက်စားမချေဘဲနေရမှာလဲ...ဒီလောကထဲမှာ ငါ့ကိုမျက်နှာချင်းဆိုင်စိန်ခေါ်ရဲတဲ့သူ ဘယ်သူမှမရှိဘူး...သူတို့ရဲ့အပြုအမူတွေကို ငါ သေချာမှတ်ထားတယ်...ငါ သူတို့ကို ကောင်းကောင်းကြီး နောင်တရစေရမယ်"
ဆရာသခင်သုန်က အေးစက်တင်းမာသောအသံဖြင့် ပြောဆိုလေ၏။
မိုးကောင်းကင်တာအိုတည်းခိုခန်းအတွင်း၌....
တာဝန်ခံအမျိုးသမီးသည် ရိုသေလေးစားစွာဖြင့် လုယွီကို လဖက်ရည်ပူတစ်ခွက်လက်ကမ်းပေးပြီး အပြုံးနှင့် ပြောဆိုသည်။
"သခင်လေးရဲ့အဆင့်အတန်းကို ကျွန်မက မသိခဲ့ဘူး...ကျွန်မက တကယ့်ကို သေသင့်တဲ့အပြစ်ကြီးကို ကျူးလွန်ခဲ့မိပါတယ်...ကျေးဇူးပြုပြီး သခင်လေးက ခွင့်လွှတ်ပေးပါ"
နဂါးအစောင့်များ၏အဆင့်အတန်းသည် စစ်သားများအားလုံးထက် ပို၍မြင့်မားသည်။ထိုနဂါးအစောင့်များ ပြင်ပသို့ထွက်လာခြင်းမှာ ဧကရာဇ်မင်းနှင့်သက်ဆိုင်သောတာဝန်များကို လုပ်ဆောင်ရန်ဖြစ်ပေ၏။
ထိုနဂါးအစောင့်များ၏အခွင့်အာဏာသည် သူမကဲ့သို့ တည်းခိုခန်းတစ်ခုမှတာဝန်ခံတစ်ယောက် ခွန်းတုံ့ပြန်ပြောဆိုနိုင်မည့်အရာမျိုးမဟုတ်ချေ။
Chapter 2040
လုယွီသည် ထိုကိစ္စကို များစွာဂရုစိုက်ခြင်းမရှိချေ။သူက ထိပ်တန်းအဆင့်လှိုဏ်ဂူသို့ တန်းတန်းမတ်မတ်လျှောက်သွားလိုက်၏။
ထိပ်တန်းအဆင့်လှိုဏ်ဂူသည် မိုးကောင်းကင်တာအိုတည်းခိုခန်း၏နောက်ဘက်တွင်တည်ရှိပြီး ထိုနေရာကို ရေအိုင်တစ်ခုက ဝိုင်းရံထားသည်။
ရေအိုင်၏အလယ်ဗဟိုတွင်ရှိသော ကျွန်းပေါ်တွင် အလွန်အမင်းလက်ရာမြောက်သော အိမ်များဖြင့် ပြည့်နှက်နေသည်။ထိုအိမ်များအကြားတွင် ဆေးသန့်စင်ခန်းများ ကျင့်ကြံရေးအခန်းများနှင့် ဧည့်ခန်းမများပါဝင်သည်။ထိုနေရာသည် ဥယျာဥ်ငယ်လေးတစ်ခုဖြင့်ပင် တူညီပေ၏။
သို့ရာတွင် လုယွီသည် ထိုအဆောက်အအုံများ၏ ဖွဲ့စည်းခင်းကျင်းထားပုံကို အာရုံစူးစိုက်မိချိန်တွင် အနည်းငယ် အံ့အားသင့်သွားသည်။
ထိုအဆောက်အအုံများအားလုံးကို ကြုံရာကျပန်းတည်ဆောက်ထားခြင်းမဟုတ်ချေ။ထိုအစား ဤနေရာရှိအဆောက်အအုံများအားလုံးသည် ကြီးမားသောဖုန်းရွှေဝင်္ကပါဖြင့် ခင်းကျင်းတည်ဆောက်ထားခြင်းဖြစ်သည်။
ဤဖုန်းရွှေဝင်္ကပါကြောင့် ပတ်ဝန်းကျင်နေရာအဘက်ဘက်မှ စိတ်ဝိညာဥ်စွမ်းအင်များသည် ရေအိုင်၏အလယ်ဗဟိုရှိ ကျွန်းပေါ်သို့ တလိမ့်လိမ့်စီးဝင်နေသည်။အကယ်၍ သေမျိုးတစ်ယောက်ပင်လျှင် ဤနေရာ၌ အချိန်ကြာမြင့်စွာနေထိုင်ပါက ထိုလူ၏ဘဝသက်တမ်း ရှည်လျားလာပေလိမ့်မည်။သူ၏ခန္ဓာကိုယ်၌ ပုန်းအောင်းနေသောနာမကျန်းမှုများအားလုံး သိသိသာသာ ပျောက်ကင်းသွားပေမည်။
"ဒီဖုန်းရွှေဝင်္ကပါက တကယ့်ကို လက်ရာမြောက်တာပဲ"
လုယွီ၏မျက်လုံးများ တောက်ပသွားပြီးနောက် မည်သည့်တုံ့ဆိုင်းခြင်းမျှမရှိဘဲ သူက မြောက်မြားစွာသော အတားအဆီးဝင်္ကပါများကို ကျွန်း၏နံဘေးပတ်လည်၌ ခင်းကျင်းလိုက်၏။
ထို့နောက် လုယွီသည် ရွှံစေးမျောက်ရုပ်ထုကို သူ၏သိုလှောင်အိတ်အတွင်းမှထုတ်ယူကာ ချီစောင့်ကြည့်ခြင်းနည်းစနစ်ကို ထိုအရာပေါ်၌ ဖြန့်ကျက်လိုက်သည်။
ရွှပ်ခနဲအသံနှင့်အတူ ရွှံစေးမျောက်ရုပ်ထုပေါ်ရှိချိပ်တံဆိပ် အလျှင်အမြန် အရည်ပျော်သွားသည်။လုယွီ၏မျက်လုံးအတွင်းမှ အလင်းတန်းများ ထွက်ပေါ်လာပြီး ကျောက်တုံးမျောက်ရုပ်ထုပေါ်သို့ကျရောက်သွားကာ ထိုအရာ၏မူလအစစ်အမှန်ပုံသဏ္ဌာန်ကို ထုတ်ဖော်လိုက်၏။
"ကောင်းတယ်...အရမ်းကောင်းတယ်...လူငယ်လေး...ပြန်တွေးကြည့်ရင် ဒီအရှင် တိမ်တိုက်တွေအကြားမှာ သွားလာလှုပ်ရှားနေတဲ့အချိန်တုန်းက ဘယ်သူကမှ ငါ့ကို မယှဥ်ပြိုင်နိုင်ခဲ့ဘူး...ခုလိုမျိုးဆက်ဆံခံရတာ ငါ့အတွက် ပထမဆုံးအကြိမ်ပဲ...မင်းက ငါ့ကို ခုလောက်ထိပိတ်လှောင်ထားနိုင်ခဲ့တာ ဘယ်လိုပဲဖြစ်ဖြစ် မင်းက တကယ်တော်တဲ့ကောင်ပဲ"
အက်ရှရှအသံတစ်သံသည် ကြီးမားသောစိတ်ဝိညာဥ်ဖိအားလှိုင်းတစ်ရပ်နှင့် အတူယှဥ်တွဲ၍ လုယွီ၏နားအတွင်းသို့ ဝင်ရောက်လာသည်။
ထိုဖိအားလှိုင်းသည် အလွန်အမင်း အစွမ်းထက်ပြီး မြေပြင်ကိုပင်ပြိုကျစေကာ တောင်များကိုချေမွှစေနိုင်သော အရှိန်အဟုန်မျိုးပါရှိသည်။ထိုပြင်းထန်သော ဖိအားအရှိန်အဝါသည် လုယွီထံသို့ ဒီရေအလား တိုးဝင်လာပေ၏။
လုယွီက နောက်သို့ခြေတစ်လှမ်း ဆုတ်လိုက်သည်။တစ်ချိန်တည်းမှာပင် သူ၏မျက်လုံးအတွင်းမှနေ၍ ခရမ်းရောင်အလင်းတန်းများ ဖြာထွက်လာသည်။သူက ထိုဖိအားအရှိန်အဝါကို ခုခံနိုင်ရန်အတွက် ချက်ချင်းဆိုသလိုပင် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးကို ဆင့်ခေါ်လိုက်၏။
နှစ်ဖက်စလုံး၏စိတ်ဝိညာဥ်များမှ စွမ်းအားများမှာ အလွန်အမင်းအစွမ်းထက်သည်။သူတို့နှစ်ယောက်၏တိုက်ခိုက်မှုခြင်း ဖလှယ်လိုက်ချိန်တွင် ရုတ်တက် ကျယ်လောင်သောအသံကြီးတစ်ခု မြည်ဟီးလာသည်။
လုယွီနှင့်ရွှံစေးမျောက်ရုပ်ထု၏အကြားတွင် လေပြင်းမုန်တိုင်းတစ်ခု ဝေ့ဝိုက်၍ တိုက်ခတ်နေသည်။ဤနေရာပတ်ဝန်းကျင်ရှိ ကျောက်တိုင်များနှင့်မီးအိမ်များပင် လွင့်ထွက်သွားသည်။
ရွှံစေးမျောက်ရုပ်ထုမှထုတ်လွှတ်ထားသော စိတ်ဝိညာဥ်စွမ်းအင်များအကြားတွင် အလင်းရောင်စဥ်ဝိုင်းကြီးအတွင်း၌ ဗုဒ္ဓတစ်ပါး ပလ္လင်ခွေထိုင်နေသော ပုံရိပ်ယောင်ကြီး ထွက်ပေါ်လာပေ၏။ရှေးဟောင်းကျမ်းစာများမှ ရှုပ်ထွေးသောစာလုံးများသည် ထိုပုံရိပ်ယောင်ကြီးကို ဝိုင်းရံထားကာ တိုးညှင်းသောအက်ရှရှမန္တန်ရွတ်ဆိုသံများကို ကြားနေရသည်။
ထိုစိတ်ဝိညာဥ်စွမ်းအင်များသည် မြင့်မြတ်ခြင်း သနားငဲ့ညှာခြင်းများနှင့် ပြည့်နှက်နေသည်။ထိုစွမ်းအားများသည် လူတိုင်း၏စိတ်ဝိညာဥ်ကို သန့်စင်နိုင်ပုံရပြီး ဗုဒ္ဓ၏ရှေ့တွင် အရာရာတိုင်းကို သန့်စင်နိုင်သကဲ့သို့ပင်။
မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးသည် မိုးကောင်ကင်ယံကိုမော့ကြည့်၍ ဟိန်းဟောက်လိုက်ပြီး မြောက်များစွာသောယင်ချီလှိုင်းများကို ထုတ်လွှက်လိုက်၏။ထိုယင်ချီလှိုင်းများအတွင်းတွင် ပြန်လည်ဝင်စားခြင်းမဟာတာအိုဥပဒေသရောယှက်နေသည်။
ရုတ်ချည်းဆိုသလိုပင် သူတို့နှစ်ယောက်သည် စစ်တုရင်တစ်ပွဲကစားနေသည့်အလား စတင်၍တိုက်ခိုက်ကြလေ၏။
"ငါက ရှေးဟောင်းကောင်းကင်ဘုံတရားရုံးရဲ့အမွေအနှစ်ကို ဆက်ခံထားတဲ့ အစစ်အမှန်အင်မော်တယ်တစ်ယောက်...မရေမတွက်နိုင်တဲ့သက်ရှိတွေနဲ့စိတ်ဝိညာဥ်တွေအားလုံး ငါ့ရဲ့လက်အောက်ခံပဲဖြစ်ရမယ်"
ရုတ်ချည်းဆိုသလိုပင် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏စွမ်းအားများ ပို၍အားကောင်းလာသည်။လုယွီသည် ကောင်းကင်ဘုံဧကရာဇ်၏အမွေအနှစ်များကိုရရှိထားသဖြင့် လောကကြီးအတွင်းရှိ မြောက်များစွာသောမဟာတာအိုများကို ဆုပ်ကိုင်ထားနိုင်သည်။သူ၏စိတ်ဆန္ဒသည် ဖြောင့်မတ်မှန်ကန်သော ဧကရာဇ်တစ်ပါးအဖြစ် လောကကြီးတစ်ခုလုံးကို လွှမ်းမိုးချုပ်ကိုင်နိုင်ရန်ပင်။
ဤစိတ်ဆန္ဒသည် အလွန်ကြီးကျယ်ခမ်းနားပြီး အစွမ်းထက်သဖြင့် မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ရွှံစေးမျောက်ရုပ်ထု၏စိတ်ဝိညာဥ်မှစွမ်းအားများကို ဖိနှိပ်ထားနိုင်လေ၏။
စူးရှရှအော်ညည်းသံတစ်သံက ရွှံစေးမျောက်ရုပ်ထုအတွင်းမှ ထွက်ပေါ်လာသည်။ထိုအရာထံမှ ထုတ်လွှက်ထားသော ဖိအားအရှိန်အဝါသည်လည်း ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားတော့သည်။
"သောက်ချေးပဲ...မင်းဆီမှာ ဘယ်လိုလုပ်ပြီး ဒီလိုအစွမ်းထက်တဲ့စိတ်ဝိညာဥ်မျိုး ရှိနေတာလဲ...ဒါက ငါ့ရဲ့စိတ်ဝိညာဥ်ကိုတောင် ဝါးမျိုပစ်လုနီးနီးပဲ"
စူးရှပြီးထူးဆန်းသော အသံတစ်သံက ရွှံစေးမျောက်ရုပ်ထုအတွင်းမှ ထွက်ပေါ်လာသည်။ထို့နောက် ရွှံစေးမျောက်ရုပ်ထုသည် မြေပြင်ပေါ်၌ အမှတ်အသားတစ်ခုချန်ထားကာ ထွက်ပြေးရန် ဟန်ပြင်လိုက်၏။
"မင်းက ခုထိ ပြေးချင်သေးတာလား"
လုယွီက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်သည်။သူက လက်ကိုဆန့်တန်းပြီး ရွှံစေးမျောက်ရုပ်ထုပေါ်သို့ ဖိနှိပ်လိုက်၏။သူထံမှနေ၍ အရပ်ရှစ်မျက်နှာချိပ်ပိတ်ခြင်းမှော်စွမ်းအားများ ထွက်ပေါ်လာပြီး ရွှံစေးမျောက်ရုပ်ထုကို နေရာမှာပင် ချိပ်ပိတ်လိုက်တော့သည်။