အခန်း (၂၀၄၆-၂၀၅၀)
Vol. 106 Ch. 2046-2050
Chapter 2046
"အဲ့ဒီလူက ဗုဒ္ဓကျင့်ကြံသူတစ်ယောက်များ ဖြစ်နေမလား"
ရွှံစေးမျောက်ရုပ်ထု၏စကားကိုကြားပြီးနောက် လုယွီက မျက်မှောင်ကြုတ်လိုက်၏။
အတိတ်ဘဝတွင် သူသည် ဗုဒ္ဓကျင့်ကြံနည်းစနစ်များဖြင့် များစွာထိတွေ့ဖူးခြင်းမရှိချေ။
ဗုဒ္ဓကျင့်ကြံသူများသည် အနောက်ဘက်သုခဘုံဟုခေါ်သော ကိုယ်ပိုင်နယ်မြေတစ်ခုကို ဖန်တီးထားခဲ့သည်။ဗုဒ္ဓကျင့်ကြံသူများသည် နှိမ့်ချစွာနေထိုင်တက်ပြီး သာမာန်အားဖြင့် လောကကြီးအတွင်း၌ ထွက်ပေါ်လာလေ့မရှိသော်လည်း မြောက်မြားစွာသောအင်အားစုတို့သည် သူတို့အား ရန်စစော်ကားလိုခြင်းမရှိကြချေ။
ဗုဒ္ဓကျင့်ကြံသူများသည် နှိမ့်ချစွာနေတက်သော်လည်း သူတို့သည် အားကောင်းခြင်းမရှိဟု ဆိုလိုခြင်းမဟုတ်ချေ။ဆန့်ကျင်ဘက်အနေဖြင့် အစွမ်းထက်ဗုဒ္ဓကျင့်ကြံသူများသည် တိမ်စိုင်များကဲ့သို့ ပေါများပေ၏။အစွမ်းထက်ဗုဒ္ဓကျင့်ကြံသူတစ်ယောက် ထွက်ပေါ်လာသောအချိန်တိုင်း ကောင်းကင်ဘုံနယ်မြေအတွင်း၌ ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွါးစေသည်။
ဤရွှံစေးမျောက်ရုပ်ထုသည် ဗုဒ္ဓကျင့်ကြံနည်းစနစ်အမြောက်အများကို သိရှိထားသဖြင့် ဗုဒ္ဓဂိုဏ်းဝင်များနှင့် နီးကပ်သောဆက်ဆံရေးရှိသည်မှာ သိသာထင်ရှားလှ၏။
"အဲ့ဒီ ခေါင်းပြောင်ကြီးရဲ့မှော်စွမ်းအားက အရမ်းအစွမ်းထက်တယ်...သူက လိမ္မာပါးနပ်ပြီးတော့ အခြေအနေနဲ့ လိုက်လျောညီထွေအောင် ပြောင်းလဲနိုင်စွမ်းလည်းရှိတယ်....အခုလက်ရှိ မင်းရဲ့ခွန်အားနဲ့ဆိုရင် သူ့ရဲ့ပြိုင်ဘက်ဖြစ်ဖို့ဆိုတာ အဝေးကြီးလိုသေးတယ်...ဒါပေမယ့် မင်းက ငါ ဝါးမျိုဖို့ နတ်ဘုရားတချို့ ရှာပေးနိုင်သရွေ့...ငါက ချိပ်ပိတ်ခံထားရတာကိုချိုးဖျက်ပြီး အပြင်ကိုထွက်လာနိုင်လိမ့်မယ်...အဲ့ဒီအချိန်ကျရင် ငါတို့ အဲ့ဒီခေါင်းပြောင်ကြီးကိုရင်ဆိုင်နိုင်မယ့် နည်းလမ်းကို ရှာဖွေလို့ရပြီ"
ရွှံစေးမျောက်ရုပ်ထုက ရယ်မောရင်း ပြောဆိုသည်။
လုယွီက ရွှံစေးမျောက်ရုပ်ထုကို စောင်းငဲ့၍ကြည့်လိုက်၏။အကယ်၍ ရှုရာနတ်ဘုရားသည် ပြန်လည်ရှင်သန်နိုင်ရန်အတွက် အလျင်လိုနေခြင်းသာမရှိပါက သူ့အားသတ်ဖြတ်ရန် ဤမျှထိလွယ်ကူနေမည်မဟုတ်ချေ။
အချိန်တခဏကြာစဥ်းစားတွေးတောပြီးနောက် လုယွီက ပြောဆိုလိုက်သည်။
"ငါတို့ အတွင်းစိတ်နတ်ဆိုးကို တိုင်တည်ပြီး ကျိန်ဆိုရမယ်...တကယ်လို့ ငါက အဲ့ဒီလူကိုသတ်ဖို့ မင်းကိုကူညီပေးမယ်ဆိုရင် မင်း ငါ့ကို သက်ရှည်မီးအိမ်ကိုထွန်းညှိနိုင်မယ့်နည်းလမ်းကို ပေးရမယ်"
ရွှံစေးမျောက်ရုပ်ထုက အော်ဟစ်ပြောဆိုလေ၏။
"ငါပြောပြီးသားစကားကို ငါ ဘယ်တော့မှ ပြန်မရုတ်သိမ်းဘူး...မင်း စိတ်အေးအေးထားပါ"
ထို့နောက် သူတို့နှစ်ယောက်သည် အတွင်းစိတ်နတ်ဆိုးနှစ်ယောက်ကို တိုင်တည်၍ ကျိန်ဆိုလိုက်ကြသည်။
"ငါ့ရဲ့မှတ်ဥာဏ်တွေက အရမ်းကို ဖရိုဖရဲဖြစ်နေတယ်...အဲ့ဒီခေါင်းပြောင်ကြီးထက်ပိုပြီး နုပ်နုပ်စဥ်းပစ်ချင်စရာကောင်းတဲ့ သောက်ချေးခွေးနက်ကြီးတစ်ကောင်ကျန်သေးတယ်...ငါက ခွေးတွေကိုအမုန်းဆုံးပဲ....ငါက ခေါင်းပြောင်ကြီးထက်ပိုပြီး အဲ့ဒီခွေးနက်ကြီးကို ပိုမုန်းသေးတယ်"
ရွှံစေးမျောက်ရုပ်ထုသည် သူ၏မှတ်ဥာဏ်များ ထပ်မံ၍ရှုပ်ထွေးလာပုံဖြင့် နာကျင်စွာညည်းတွားနေလေသည်။
ခွေးနက်ကြီးဟု ဆိုလိုက်သလော...
လုယွီ၏စိတ်အတွင်း၌ မည်သည်ကြောင့်မှန်းမသိရသော်လည်း တာဟေး၏လှောင်ပြုံးပြုံးနေသောမျက်နှာကြီး ထွက်ပေါ်လာသည်။
ထိုခွေးနက်ကြီးများ ဖြစ်နေသလော....
"အရင်ဆုံး မင်းရဲ့စိတ်ကိုတည်ငြိမ်အောင် လုပ်လိုက်အုံး...တကယ်လို့ မင်းက လက်စားချေချင်တယ်ဆိုရင်...အခုချိန်ကစပြီးတော့ ငါ့ရဲ့ကျင့်ကြံမှုကို နှောင့်နှေးအောင်မလုပ်နဲ့"
လုယွီသည် ရွှံစေးမျောက်ရုပ်ထုကို သိုလှောင်အိတ်အတွင်းသို့ ပြန်ပစ်ထည့်လိုက်၏။
နောက်ဆုံး၌ ပတ်ဝန်းကျင်နေရာတဝိုက်လုံး ပြန်လည်တိတ်ဆိတ်ငြိမ်သက်သွားသည်။လုယွီက အသက်ပြင်းပြင်းတစ်ချက် ရှုရှိုက်လိုက်ရာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး စွမ်းအားများဖြင့်ပြည့်နှက်နေခြင်းကို ခံစားမိသည်။
အစောပိုင်းက လုယွီသည် ကောင်းကင်နှင့်မြေပြင်၏ တားမြစ်ကန့်သတ်ချက်တစ်ချို့ကို မတော်တဆ ချိုးဖျက်နိုင်ခဲ့သည်။လောကီအင်မော်တယ်တစ်ယောက်တွင် အစစ်အမှန်နဂါးခုနစ်ကောင်၏ခွန်အားမျိုး ပိုင်ဆိုင်ထားခြင်းမှာ ရှေးခေတ်အချိန်ကာလများမှစတင်၍ မရှိခဲ့ဘူးသော်လည်း လုယွီက ပြုလုပ်နိုင်ခဲ့၏။
အစစ်အမှန်နဂါးခြောက်ကောင်၏ခွန်အားသည် အကန့်အသတ်မဟုတ်တော့သဖြင့် သူ၏ရုပ်ခန္ဓာကိုယ်ခွန်အားကို ဆက်လက်၍မြှင့်တင်ရပေမည်။
မကြာမီမှာပင် လုယွီသည် စိတ်တည်ငြိမ်သွားပြီး စတင်၍ကျင့်ကြံလိုက်သည်။
လုယွီကျင့်ကြံနေစဥ်တွင်....
ပြင်ပလောကတွင် ရှုရာနယ်မြေ၏ပုန်ကန်မှုနှင့် လော့ရွှေကြယ်မြစ်အတွင်းမှဝရုန်းသုန်းကားအခြေအနေများကြောင့် တာယွီအင်ပါယာနန်းတွင်းတစ်ခုလုံး အလုပ်များနေကြ၏။
ရှားဟိုလီသည် တိုက်ပွဲအကြောင်းကို ပြန်လည်အစီရင်ခံပြီးနောက် တစ်ပတ်အကြာတွင် တော်ဝင်စစ်ရေးဌာနမှ ထွက်ခွာလာခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ရှားဟိုလီသည် စစ်သားများကို နှစ်ပေါင်းများစွာကြာအောင် အုပ်ချုပ်ခဲ့သူဖြစ်၍ မြောက်မြားစွာသောမေးမြန်းစုံစမ်းမှုများနှင့် ရင်ဆိုင်ရသည့်တိုင် သူက တည်ငြိမ်စွာဖြတ်ကျော်နိုင်ခဲ့သည်။
တစ်ပတ်ခန့် စုံစမ်းစစ်ဆေးပြီးနောက် တော်ဝင်နန်းတွင်းမှသူလျှိုများ တစ်ယောက်ပြီးတစ်ယောက် ပြန်လည်ရောက်ရှိလာခဲ့သည်။လက်ရှိအခြေအနေသည် လူများအားလုံး မျှော်မှန်းထားသည်ထက် များစွာပို၍ ကျော်လွန်နေသည်။
ရှုရာနယ်မြေ မူလက တည်ရှိခဲ့သောနေရာတွင် ကြယ်နယ်မြေများ၏တည်ရှိမှု ပြောင်းလဲသွားခဲ့သည်။မြောက်မြားစွာသောကြယ်နယ်မြေများသည် နဂါးကိုးကောင် ပုလဲများကို ဖမ်းယူနေသည့်အလား ထွက်ပေါ်လာပေ၏။
အဝေးရှိ ကြယ်တာရာကောင်းကင်ယံတွင် အလွန်ကြီးမားသော ကောင်းကင်ဘုံအင်ပါယာအသစ်ကြီး ထွက်ပေါ်လာလေရာ တာယွီအင်ပါယာတစ်ခုလုံးကို ထိတ်လန့်တုန်လှုပ်သွားစေသည်။
ဤသည်က တာယွီအင်ပါယာတည်ထောင်ခဲ့သည့်အချိန်မှစ၍ ပထမဆုံးအကြိမ် ပြင်းပြင်းထန်ထန် စိန်ခေါ်ခံရမှုပင်။
ဤှအချိန်အခိုက်အတန့်တွင် တာယွီအင်ပါယာတစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်နေကြ၏။မြောက်မြားစွာသောသက်ရှိများသည် ဤအရေးကိစ္စကို တာယွီအင်ပါယာ မည်ကဲ့သို့ရင်ဆိုင်မည်အား စောင့်ကြည့်နေကြသည်။
သို့ရာတွင် တော်ဝင်နန်းတွင်းသည် ရှေ့တန်းသို့ မင်းသားတစ်ပါးကိုသာစေလွှက်ပြီး စစ်တပ်အင်အားကြီးကြီးမားမား စေလွှတ်ခြင်းမရှိချေ။ကြည့်ရသည်မှာ တာယွီတော်ဝင်နန်းတွင်းသည် အသစ်တည်ထောင်လိုက်သော ကောင်းကင်ဘုံအင်ပါယာ၏ဇစ်မြစ်ကို ကောင်းမွန်စွာသိနားလည်ထားပုံပင်။
"ကောင်းကင်ဘုံနယ်မြေရဲ့အခြေအနေတွေ ပြောင်းလဲတော့မှာများလား"
"ကျွတ် ကျွတ်...တော်ဝင်နန်းတော်ရဲ့ကြီးကျယ်ခမ်းနားမှုတွေက ပျက်စီးနေပြီ...အဘက်ဘက်က အင်အားစုတွေကလည်း လှုပ်ရှားဖို့အသင့်ဖြစ်နေမှာကို ငါ စိုးရိမ်မိတယ်"
တာယွီအင်ပါယာအတွင်းမှ မြောက်မြားစွာသော အင်အားစုများသည် စောင့်ကြည့်နေကြပြီး မည်သူကမျှ ဦးဆောင်၍ ရှေ့ထွက်လာခြင်းမရှိချေ။အပေါ်ယံတွင် ထိုအင်အားစုများသည် အေးဆေးတည်ငြိမ်နေသော်လည်း အတွင်းပိုင်းတွင်မူ လှိုင်းထန်နေကြ၏။
Chapter 2047
ရက်အနည်းငယ်ကြာပြီးနောက် ကျယ်လောင်သောမြည်ဟီးသံကြီးက ကောင်းကင်ဘုံနယ်မြေအနှံ့ ဖြတ်သန်းသွားသည်။
ဤအချိန်အခိုက်အတန့်တွင် ကောင်းကင်ဘုံနယ်မြေအတွင်းရှိ သက်ရှိမျိုးနွယ်များအားလုံးသည် ကောင်းကင်နှင့်မြေပြင်အကြားမှနေ၍ မြောက်မြားစွာသောနဂါးများ၏ဟိန်းဟောက်သံကို ကြားလိုက်ရ၏။
"ဒီအရှင်က မိုးကောင်းကင်တာအိုရဲ့အမိန့်ကို ရထားပြီးတော့ ကောင်းကင်ဘုံနယ်မြေရဲ့မူအစောင့်အရှောက်ပဲ...ငါက နတ်ဘုရားနဲ့နတ်ဆိုးတွေကို ချိပ်ပိတ်ထားပြီးတော့ ကောင်းမှုကုသိုလ်ကံကြမ္မာစွမ်းအားတွေအများကြီးရထားတယ်...ဟိုင်ရှန်းကြယ်နယ်မြေကို မြို့တော်အနေနဲ့ သတ်မှတ်ပြီးတော့ သူတော်ကောင်းတရားနဲ့ပြည့်စုံတဲ့ အင်ပါယာတစ်ခုကို တည်ထောင်လိုက်ပြီ...အင်ပါယာရဲ့အမည်နာမကို 'ထန်'လို့ပေးထားပြီးတော့ မိုးကောင်းကင်တာအိုရဲ့အမိန့်အရ စည်ပင်သာယာဝပြောပြီး ထာဝရတည်မြဲနိုင်လိမ့်မယ်"
နဂါးတစ်ကောင်၏ဟိန်းဟောက်သံနှင့်အတူ ကြီးကျယ်ခမ်းနားသော အသံကြီးက ကောင်းကင်နှင့်မြေပြင်အကြား၌ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
ဘုန်း...ဘုန်း...ဘုန်း...
ဤအချိန်အခိုက်အတန့်တွင် တာယွီအင်ပါယာ၏ကံကြမ္မာကို ကိုယ်စားပြုသော အထိမ်းအမှတ်သင်္ကေတသည် စတင်၍ပြင်းပြင်းထန်ထန် တုန်ခါလာပြီး ရုတ်တရက် အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားပေ၏။
တစ်ချိန်တည်းမှာပင် တခြားကြီးမားသော ကောင်းကင်ဘုံအင်ပါယာကြီးသည် လူသူအများ၏မြင်ကွင်းရှေ့၌ တည်ဆောက်ပြီးဖြစ်သည်။
အသစ်ထွက်ပေါ်လာသော ကောင်းကင်ဘုံအင်ပါယာ၏အထိမ်းအမှတ်အဖြစ် မွေးဖွားလာသော နဂါးသွေးကြောသည် မြေနဂါးတစ်ကောင်၏အရောင်အသွေးရှိပြီး လေဟာနယ်အတွင်း၌ အထင်းသား တွေ့မြင်နေရသည်။
"စုံစမ်းကြစမ်း...ဒီကောင်းကင်ဘုံအင်ပါယာအသစ်က ဘယ်နေရာက ရောက်လာတာလဲ"
"ဒီနှစ်တွေမှာ တော်ဝင်နန်းတော်ကို ပုန်ကန်ကြတဲ့သူတွေ အများကြီးရှိပေမယ့် ဒီလောက်ထိတော့ ပြောင်ပြောင်တင်းတင်း ဘယ်သူမှမလုပ်ကြဘူး...ဒီကောင်းကင်ဘုံအင်ပါယာက တည်ထောင်ပြီးကြောင်းကိုတောင် ကြေငြာလိုက်သေးတယ်...ဒါက တော်ဝင်နန်းတော်အတွက် အရှက်ရစရာပဲ"
အင်အားစုများသည် သတင်းအချက်အလက်များကို စုံစမ်းစစ်ဆေးရန်အတွက် သူလျှိုများကို စေလွှတ်လိုက်ကြ၏။အလျှင်အမြန်တွေးတောနိုင်သော လူတချို့သည် ကောင်းကင်ဘုံနယ်မြေအတွင်း၌ ဖရိုဖရဲအခြေအနေများ ဖြစ်ပျက်လာတော့မည်ကို အာရုံခံမိပြီးဖြစ်သည်။
တစ်ချိန်တည်းမှာပင် တော်ဝင်နန်းတော်မှ တုံ့ပြန်ချက်တစ်ခု ပြုလုပ်လိုက်သည်။တော်ဝင်နန်းတော်သည် စစ်တပ်၁၆တပ်ကို နယ်စပ်ဒေသ၌စုစည်းရန် အမိန့်ထုတ်ပြန်လိုက်၏။ကြီးမားသောစစ်ပွဲတစ်ပွဲ ဖြစ်ပေါ်ရန် အစပျိုးနေလေပြီ။
သုံးရက်ကြာပြီးနောက် အသစ်တည်ထောင်လိုက်သော ကောင်းကင်ဘုံအင်ပါယာ၏မူရင်းဇစ်မြစ် နောက်ဆုံး၌ ထွက်ပေါ်လာခဲ့သည်။
ဤသည်က နှစ်ထောင်ပေါင်းများစွာကြာအောင် ကောင်းကင်ဘုံနယ်မြေကို အုပ်ချုပ်ခဲ့ဖူးသော ထန်အင်ပါယာပင်။
ဤသည်က အလယ်ခေတ်ကာလအတွင်းတွင် နောက်ဆုံးတည်ရှိခဲ့သော ကောင်းကင်ဘုံအင်ပါယာဖြစ်သည်။ထိုအင်ပါယာသည် သန်းရာနှင့်ချီသော သက်ရှိမျိုးနွယ်များ၏ကံကြမ္မာကို ထိန်းချုပ်နိုင်ခဲ့သော အစွမ်းထက်သည့်ဧကရာဇ်အမြောက်အများကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ကြီးမားသော သြဇာအာဏာလွှမ်းမိုးမှုရှိသည်။
အလယ်ခေတ်မှစ၍ လက်ဆင့်ကမ်းလာခဲ့သော ရှေးဟောင်းမှတ်တမ်းစာအုပ်များတွင် ထန်အင်ပါယာ၏အကြောင်းကို စာလုံးအနည်းငယ်ဖြင့် ဖော်ပြထားသည်။
အလယ်ခေတ်အတွင်း၌ ကျင့်ကြံဆင့်နယ်ပယ် မည်မျှထိအစွမ်းထက်နေသူဖြစ်စေ မည်မျှထိအားကောင်းသော နတ်ဘုရားများဖြစ်စေ ထန်အင်ပါယာ၏လက်အောက်ခံအဖြစ်မှ ငြင်းပယ်၍မရချေ။
ဤကြီးမားသောအင်ပါယာကြီးသည် ကောင်းကင်ဘုံနယ်မြေကို အချိန်ကာလကြာညောင်းစွာ အုပ်ချုပ်ခဲ့သည်။အဆုံးသတ်၌ အချိန်ကာလကုန်လွန်လာမှုနှင့်အတူ ထန်အင်ပါယာသည် အရိပ်အယောင်ပင် မကျန်ရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။
ကောလဟာလများအရ ထန်အင်ပါယာ၏နောက်ဆုံးဧကရာဇ်မင်းသည် အစွမ်းထက်ကျင့်ကြံသူအမြောက်အများ၏ ဝိုင်းဝန်းတိုက်ခိုက်ခံရမှုကြောင့် ကွယ်လွန်သွားသောအချိန်တွင် တောင်များနှင့်မြစ်များပင် ကြေမွပျက်စီးသွားသည်ဟု ဆိုကြ၏။သူ သေဆုံးသွားပြီးနောက် တော်ဝင်မျိုးနွယ်တစ်ခုလုံး အမြစ်ပြတ်သုတ်သင်ခံလိုက်ရသည်။သို့ရာတွင် ထန်ဧကရာဇ်မင်းသည် ပျောက်ကွယ်သွားခဲ့သည်မှာ သူ၏ရုပ်အလောင်းပင် ကြွင်းကျန်ရစ်ခြင်းမရှိချေ။
ဤသည်က ယခုလက်ရှိချိန်ထိတိုင် အဖြေရှာမရသောကိစ္စတစ်ရပ်လည်းဖြစ်သည်။
"ထန်အင်ပါယာရဲ့ အခုလက်ရှိဧကရာဇ်မင်းက လီကျီးပဲ...အလယ်ခေတ်က မှတ်တမ်းတွေအရ ထန်အင်ပါယာရဲ့နောက်ဆုံးဧကရာဇ်မင်းကို လီကျီးလို့ခေါ်တယ်"
"သူတို့နှစ်ယောက်က အတူတူများ ဖြစ်နေမလား...တကယ်လို့ အလယ်ခေတ်တုန်းက အုပ်ချုပ်သူဧကရာဇ်တစ်ယောက်သာ ပြန်ဝင်စားတယ်ဆိုရင် ကောင်းကင်ဘုံနယ်မြေတစ်ခုလုံး ထိတ်လန့်ကြောက်ရွံနေကြမှာပဲ"
လူတိုင်းသည် ထန်အင်ပါယာ၏ဧကရာဇ်မင်း မည်သူမည်ဝါဖြစ်သည်ကို ခန့်မှန်းနေကြ၏။
သူသည် အလယ်ခေတ်မှအုပ်ချုပ်သူတစ်ယောက် ဖြစ်ခဲ့သည်ဖြစ်စေ မဖြစ်ခဲ့သည်ဖြစ်စေ ယခုလက်ရှိချိန်တွင် သူသည် လူများအားလုံး၏စိတ်အာရုံကို ဆွဲဆောင်ထားနိုင်သည်။
"အလယ်ခေတ်က ကုန်ဆုံးသွားခဲ့ပြီ...အဲ့ဒီအချိန်တုန်းက စိတ်ကူးယဥ်ကြည့်လို့တောင်မရနိုင်တဲ့ ဘေးကပ်ဆိုးတွေ ဖြစ်ပွားခဲ့တယ်...ဘယ်သူကမှ အဲ့ဒီဘေးကပ်ဆိုးကနေ မလွတ်မြောက်နိုင်ခဲ့ဘူး...ထန်အင်ပါယာရဲ့ဧကရာဇ်မင်းတောင် ချွင်းချက်မရှိဘူး"
နောက်ဆုံး၌ တစ်စုံတစ်ယောက်သည် ရှေ့သို့ထွက်လာခဲ့သည်။
ဤသည်က မြင့်မြတ်နယ်မြေတစ်ခု၏ဂိုဏ်းချုပ်ဖြစ်ပြီး သူ၏ကျင့်ကြံဆင့်နယ်ပယ်သည် တာအိုသခင်အဆင့်သို့ ရောက်ရှိနေလေပြီ။
"ငါတို့ရဲ့ဂိုဏ်းက တော်ဝင်နန်းတော်ကပေးတဲ့ အခွင့်အရေးတွေအများကြီးကို ရယူထားခဲ့တယ်...တကယ်လို့ သူက အလယ်ခေတ်ရဲ့အုပ်ချုပ်သူတစ်ယောက် အမှန်တကယ်ဖြစ်နေရင်တောင် အခုချိန်က သူ့ရဲ့ခေတ် မဟုတ်တော့ဘူး...တာယွီအင်ပါယာတည်ထောင်ခဲ့တာ အချိန်အတော်ကြာညောင်းခဲ့ပြီ....တော်ဝင်နန်းတော်ကနေ လူတိုင်းအတွက် အခွင့်အရေးတွေအများကြီးကိုလည်းပေးခဲ့တယ်...ငါက ထန်နိုင်ငံတော်ရဲ့ဧကရာဇ်မင်း တော်ဝင်နန်းတော်ကို ဆန့်ကျင်တိုက်ခိုက်မှာကို ပထမဆုံးဆန့်ကျင်မယ့်သူပဲ"
မြင့်မြတ်နယ်မြေဂိုဏ်းချုပ်က ကြွေးကြော်လိုက်၏။
အင်အားစုတိုင်းနီးပါးသည် စောင့်ကြည့်နေကြပြီး လူအများစုက မြင့်မြတ်နယ်မြေဂိုဏ်းချုပ်သည် တော်ဝင်နန်းတော်၏နယ်ရုပ်တစ်ရုပ်ဖြစ်ကြောင်း ခန့်မှန်းနေကြသည်။
သူ၏စကားများကို ကြားသည့်တိုင် ထန်အင်ပါယာသည် တိတ်ဆိတ်ငြိမ်သက်နေပြီး တာယွီအင်ပါယာကလည်း မကြားသကဲ့သို့သာ ပြုမူနေသည်။
အင်ပါယာနှစ်ခုလုံးသည် လောကကြီးအတွင်းမှ တခြားသူများ၏မှတ်ချက်စကားများကို မကြားသည့်အလား နေနေကြ၏။
Chapter 2048
ရက်အနည်းငယ်ကြာပြီးနောက် ထန်နိုင်ငံတော်ဘက်က မည်သည့်စကားသံမျှ ထွက်မလာသည်ကိုမြင်ချိန်တွင် အင်အားစုအမြောက်အများ ရှေ့သို့ထွက်လာကြ၏။
ထိုအင်အားစုများအနက်မှအများစုသည် ဤအခြေအနေကို အခွင့်ကောင်းယူ၍ တော်ဝင်နန်းတော်၏မျက်နှာသာပေးမှုကိုရယူကာ အရင်းအမြစ်များ ဆုလာဘ်များနှင့်လဲလှယ်ရန် ကြံရွယ်ထားသည်။
ထိုအင်အားစုများ၏ ပိုင်နက်နယ်မြေသည် တာယွီအင်ပါယာ၏နယ်စပ်တွင် တည်ရှိသဖြင့် ထန်အင်ပါယာနှင့် လွန်စွာအလှမ်းကွာဟသည်။ထို့ကြောင့် ထန်အင်ပါယာ အလျှင်အမြန် မြင့်တက်လာသော်လည်း သူတို့သည် များစွာကြောက်ရွံခြင်းမရှိကြချေ။
သူတို့သည် တော်ဝင်နန်းတော်၏မျက်နှာသာပေးမှုကို ရရှိမည့်အခွင့်အရေးကို မည်သည့်နည်းဖြင့် လက်လွတ်ခံနိုင်မည်နည်း။
"အဲ့ဒီ လီကျီးက အရမ်းမောက်မာလွန်းတယ် မဟုတ်ဘူးလား...အခုချိန်မှာ သူက ဘာလို့ ဒီလောက်ထိ ငြိမ်သက်နေတာလဲ...ငါတို့က အဲ့ဒီသစ္စာဖောက်တစ်သိုက်ကို လွယ်လွယ်ကူကူ သတ်ပစ်လို့ရတယ်"
ဂိုဏ်းချုပ်တချို့သည် အလေးမထားတော့ဘဲ သတင်းများဖြန့်ရန်အတွက် သူတို့၏လက်အောက်ငယ်သားများကို စေလွှတ်လိုက်ကြ၏။ထို့ပြင် သူတို့သည် လီကျီးကို ကိုယ်တိုင်ကိုယ်ကျစိန်ခေါ်ရန်ပင် ကြံရွယ်ခဲ့သည်။
သို့သော် မကြာမီမှာပင် သတင်းတချို့ ထွက်ပေါ်လာမှုနှင့်အတူ ထိုရုန်းရင်းဆန်ခတ်မှုများအားလုံး ပျောက်ကွယ်သွားခဲ့သည်။
ရှေ့တန်းမှ စစ်ပွဲသတင်းပို့ချက်များအရ စစ်တပ်၁၆တပ်အနက် ဆယ်တပ်သည် အမြစ်ပြတ်သုတ်သင်ခံလိုက်ရ၏။တော်ဝင်နန်းတော်မှ တခြားစစ်တပ်များသည် ဆက်လက်၍တိုက်ခိုက်နေကြဆဲဖြစ်သော်လည်း တိုက်ပွဲရလဒ် ထွက်ပေါ်လာခြင်းမရှိသေးချေ။
ထိုတိုက်ပွဲအတွင်း၌ တော်ဝင်နန်းတော်ဘက်မှအမတ်ကြီးတစ်ယောက်ပင် သေဆုံးခဲ့သော သတင်းလည်း ထွက်ပေါ်လာခဲ့သည်။
တော်ဝင်နန်းတော်သည် အမှန်တကယ် ရှုံးနိမ့်သွားပြီလော။
တာယွီအင်ပါယာ တည်ထောင်ပြီးသည့်အချိန်မှစ၍ ပြိုင်ဘက်ကင်းတည်ရှိမှုကြီးအဖြစ် ရပ်တည်နိုင်ခဲ့ပေ၏။ယခင်စစ်ပွဲတိုင်းတွင် တာယွီအင်ပါယာဘက်မှသာ အနိုင်ရရှိခဲ့သော်လည်း ဤတိုက်ပွဲတွင်မူ အမတ်ကြီးတစ်ယောက်ပင် သေဆုံးခဲ့ရသည်။
လူတိုင်း ဆွံ့အနေကြစဥ်မှာပင် နောက်ထပ်အုတ်အော်သောင်းနင်းဖြစ်စေမည့် ကောလဟာလတစ်ခုကို သူတို့အားလုံး ကြားလိုက်ရသည်။
တော်ဝင်နန်းတော်သည် ငြိမ်းချမ်းရေးရယူရန်အတွက် ပြုလုပ်ခဲ့လေ၏။
တာယွီအင်ပါယာမှအင်အားစုများသည် သူတို့၏ကင်းထောက်များမှတဆင့် မင်းသားဆုသည် ထန်အင်ပါယာ၏ပိုင်နက်နယ်မြေအတွင်းသို့ ဝင်ရောက်သွားပြီးနောက် အချိန်နှစ်နာရီမပြည့်မီမှာပင် သုန်မှုန်နေသောမျက်နှာဖြင့် ပြန်ထွက်လာခြင်းကို ကြားသိခဲ့ရသည်။
ထို့နောက် ရှေ့တန်းစစ်မျက်နှာစာ၌ စခန်းချထားသော စစ်တပ်များသည် ကာကွယ်စောင့်ကြပ်နေကြသော်လည်း သူတို့ထံ၌ တိုက်ခိုက်မည့်အရိပ်အယောင်မျိုး ရှိမနေချေ။
မင်းသားဆုသည် တာအိုသခင်နယ်ပယ်ကျင့်ကြံသူဖြစ်ပြီး ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးတွင် အစွမ်းထက်ဆုံးလူများအနက်မှ တစ်ယောက်ဖြစ်သည်။သူသည် ထန်အင်ပါယာစစ်တပ်နှင့် ညှိနှိုင်းရာတွင် အလျှော့ပေးခဲ့ရသလော။
ဤသည်က စစ်ပွဲတွင် တော်ဝင်နန်းတော်ဘက်မှ ရှုံးနိမ့်ခဲ့ရသည်ကို ပြသနေခြင်းပင်။
မူလက ရှေ့ထွက်လာကြပြီး အမျိုးမျိုးသောစကားလုံးများနှင့် ထန်အင်ပါယာကိုတိုက်ခိုက်ရန် ဆူပူသောင်းကြမ်းနေကြသူများအားလုံးလည်း အလျှင်အမြန် နှုတ်ဆိတ်သွားကြ၏။သူတို့ပြောဆိုခဲ့သော စကားလုံးများမှတဆင့် သူတို့ထံဘေးကပ်ဆိုးများ ရောက်ရှိလာမည်ကို သူတို့အားလုံး ကြောက်ရွံနေကြသည်။
တော်ဝင်နန်းတော်၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် တခြားသတင်းတစ်ခုက လူသူအများအကြား၌ ပျံ့နှံ့လာသည်။
လော့ရွှေကြယ်မြစ်သည် တာယွီအင်ပါယာမှခွဲထွက်၍ ထန်အင်ပါယာ၏လက်အောက်သို့ ခိုဝင်သွားခဲ့သည်။
လော့ရွှေကြယ်မြစ်တစ်ခုလုံးသည် တော်ဝင်နန်းတော်ကို သစ္စာဖောက်သွားလေပြီ။ကြယ်မြစ်အတွင်းမှ ကြယ်နယ်မြေတစ်ရာခြောက်ဆယ်လုံးသည် သူတို့၏အလံများကိုပြောင်းလဲ၍ တော်ဝင်နန်းတော်၏လက်အောက်မှခွဲထွက်ကာ ထန်အင်ပါယာ၏ပိုင်နက်နယ်မြေအတွင်းသို့ ပူးပေါင်းသွားခဲ့သည်။
မူလက လော့ရွှေကြယ်မြစ်၏အုပ်ချုပ်သူဖြစ်သော လီလုံချင်းသည် ထန်အင်ပါယာနန်းတွင်း၏အုပ်ချုပ်သူတစ်ယောက်ဖြစ်လာသည့်အပြင် စစ်တပ်၏ခေါင်းဆောင်တစ်ယောက်လည်း ဖြစ်လာပေ၏။
တခြားတစ်ဖက်တွင် တာယွီအင်ပါယာသည် လီလုံချင်းကို အရာရှိရာထူးမှထုတ်ပယ်ပြီး သူ၏မိသားစုတစ်စုလုံးကိုသတ်ဖြတ်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။
ကံအကြောင်းမလှစွာဖြင့် နဂါးအစောင့်များသည် တော်ဝင်မြို့တော်အတွင်းရှိ လီလုံချင်း၏အိမ်တော်သို့ ရောက်ရှိသွားချိန်တွင် အရာအားလုံး ဗလာဟင်းလင်းဖြစ်နေသော အိမ်အလွတ်ကြီးကိုသာ တွေ့မြင်ကြရသည်။
"ဒီရက်အနည်းငယ်အတွင်းမှာ အပြောင်းအလဲတွေအများကြီး ဖြစ်ပွားသွားတာပါလား"
လုယွီက မျက်မှောင်ကြုတ်လိုက်ပြီးနောက် သူ၏စိတ်အတွင်း၌ လီကျီး၏ပုံရိပ် ထွက်ပေါ်လာသည်။
ထိုအချိန်တုန်းက လီကျီးသည် ရိုးရှင်းသူတစ်ယောက်မဟုတ်ဟုသာ သူ တွေးတောခဲ့မိသည်။သို့ရာတွင် လီကျီးထံ၌ ဤကဲ့သို့ ကြီးမားသောနောက်ခံဇစ်မြစ်မျိုးရှိနေမည်ဟု သူ မျှော်လင့်မထားမိချေ။
"လီကျီး...ကြည့်ရတာတော့ အဲ့ဒီတစ်ယောက်က အလယ်ခေတ်ရဲ့အုပ်ချုပ်သူတစ်ယောက် ပြန်လည်မွေးဖွားလာတဲ့ပုံပဲ"
လုယွီက ရေရွတ်လိုက်၏။
လီကျီးသည် အလယ်ခေတ်မှအုပ်ချုပ်သူတစ်ယောက်ဖြစ်ခဲ့သည့်အပြင် ထန်အင်ပါယာ၏နာမည်ကျော်ကြားခဲ့သော ဧကရာဇ်မင်းတစ်ပါးလည်းဖြစ်သည်။ထိုအချိန်တုန်းက သူသည် အလွန်အစွမ်းထက်သည့်အပြင် ထာဝရအသက်ရရှိရန်လည်း အလွန်နီးကပ်ခဲ့သူတစ်ယောက်ပင်။
သူသည် အလယ်ခေတ်အတွင်းရှိ ဘေးကပ်ဆိုးမှ အသက်ရှင်သန်လာခဲ့သည့်အပြင် သူ ပြန်လာနိုင်ရန်လည်း စီစဥ်နိုင်ခဲ့ရာ သူသည် ရိုးရှင်းသူတစ်ယောက်မဟုတ်ကြောင်း ညွှန်ပြနေသည်။
ထိုအချိန်မှာပင် လုယွီ၏ရှေ့သို့ စာတစ်စောင်ရောက်ရှိလာပြီး ဖေးထျန်ကွမ်းထံမှ ပေးပို့လိုက်ခြင်းဖြစ်သည်။
ထိုစာအတွင်းတွင် တော်ဝင်မြို့တော်မှ အဓိကအင်အားစုများအကြောင်းကို အသေးစိတ်အချက်အလက်များဖြင့် ဖော်ပြထားသည်။ထို့ပြင် စာအတွင်း၌ လုယွီကို အခွင့်ကောင်းရှာ၍ မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ရန် တိုက်တွန်းထားပေ၏။
Chapter 2049
ဖေးထျန်ကွမ်း၏စာအတွင်း၌ ဒြပ်စင်ငါးမျိုးချီများ စုဆောင်းနိုင်သည့် မြောက်မြားစွာသောနည်းလမ်းများ၏ အသေးစိတ်အချက်အလက်များကိုလည်း မှတ်တမ်းတင်ထားသည်။
လုယွီထံတွင် မြေဒြပ်စင်ချီနှင့်မီးဒြပ်စင်ချီ ကင်းမဲ့နေဆဲဖြစ်သည်။သူသည် ထိုအရာများကို စိတ်ဝိညာဥ်ကျောက်တုံးအမြောက်အများ အသုံးပြု၍ ဝယ်ယူနိုင်သော်လည်း လုံလောက်သောဒြပ်စင်ချီများသည် များသောအားဖြင့် တန်ဖိုးမဖြတ်နိုင်သောအရာများဖြစ်ပြီး ရှာဖွေတွေ့ရှိနိုင်ရန် လွန်စွာခက်ခဲလှ၏။
ထို့ပြင် လုယွီ၏လက်ရှိ ကျင့်ကြံဆင့်အခြေခံအရ သူ အဆင့်ချိုးဖျက်နိုင်ရန်အတွက် အလွန်များပြားသော ဒြပ်စင်ချီပမာဏကိုလိုအပ်သည်။သာမာန်ရတနာများသည် လုယွီ အဆင့်ချိုးဖျက်ရန်အတွက် လုံလောက်မှုမရှိချေ။
လုယွီသည် နည်းလမ်းများအားလုံးကို တစ်ချက်ကြည့်ပြီး နောက်ဆုံး၌ သတင်းတစ်ခုပေါ်သို့ သူ၏အကြည့် ကျရောက်သွားသည်။
ရှောင်မိသားစုသည် နာမည်ကျော်ကြားသော ဆေးပညာရှင်များကို ဖိတ်ခေါ်ထားသည်။အကယ်၍ ရှောင်မိသားစုမှ အကြီးဆုံးသခင်မလေးကို နိုးထအောင်လုပ်နိုင်သော မည်သူမဆို စိတ်ဝိညာဥ်မီးနယ်မြေကို ဝင်ရောက်ရန်အတွက် နေရာတစ်နေရာစာကို ရရှိပေမည်။
ရှောင်မိသားစုသည် တော်ဝင်မြို့တော်ရှိ မိသားစုကြီးရှစ်ခုအနက်မှတစ်ခုပင်။
ရှမိသားစုကဲ့သို့ပင် ရှောင်မိသားစုသည်လည်း တော်ဝင်မြို့တော်တွင် အခွင့်အာဏာကြီးမားပေ၏။
ရှောင်မိသားစု၏ဘိုးဘေးသည် လွန်ခဲ့သောဆယ်နှစ်ခန့်က အမတ်ကြီးဘွဲ့ကို ချီးမြှင့်ခံထားရသည်။သူသည် တော်ဝင်နန်းတော်အတွင်း၌ မြင့်မားသောဂုဏ်သတင်းလည်းရှိသည်။
ရှောင်မိသားစုမှထိန်းချုပ်ထားသော စိတ်ဝိညာဥ်မီးနယ်မြေအတွင်း၌ အလွန်ရှားပါးသော စိတ်ဝိညာဥ်မီးတောက်များရှိသဖြင့် မရေမတွက်နိုင်သောဆေးပညာရှင်များကို ဆွဲဆောင်နိုင်စွမ်းရှိသည်။
အကယ်၍ ဆေးပညာရှင်တစ်ယောက်သည် သူ၏ဆေးပညာစွမ်းရည်ကို မြှင့်တင်လိုပါက အတွေ့အကြုံနှင့်အရည်အချင်းရှိရန် လိုအပ်သည့်အပြင် သူ၏ကိုယ်ပိုင်ဆေးမီးတောက်သည်လည်း တန်းတူအရေးကြီးပေ၏။ဆေးပညာရှင်အများစုသည် သူတို့၏ကိုယ်ပိုင် ဆေးမီးတောက်အဖြစ်သို့ပြောင်းလဲနိုင်ရန်အတွက် အဖိုးတန်ရှားပါးသော စိတ်ဝိညာဥ်မီးတောက်ကို ရရှိနိုင်ရန် အဖိုးအခများစွာကုန်ကျခံ၍ရှာဖွေကြသည်။
တော်ဝင်မြို့တော်အတွင်း၌ ချော်ရည်ပူများ မကြာခဏပန်းထွက်နေသော မီးတောင်တစ်ခုရှိသည်ဟု ဆိုကြ၏။ထိုချော်ရည်ပူများပန်းထွက်ချိန်တွင် ပတ်ဝန်းကျင်နေရာတစ်ခုလုံးကို မီးတောက်များ လွှမ်းခြုံသွားပြီး မြေအောက်မှမီးနတ်ဆိုးများပင် ထွက်လာလေ့ရှိသည်။
နောက်ပိုင်းတွင် ရှောင်မိသားစု၏ဘိုးဘေးသည် သူ၏နတ်ဘုရားစွမ်းရည်ကို အသုံးပြု၍ ထိုနယ်မြေကိုချိပ်ပိတ်ကာ ကမ္ဘာငယ်တစ်ခုအတွင်းသို့ထည့်သွင်းပြီး စိတ်ဝိညာဥ်မီးနယ်မြေဟု အမည်ပေးခဲ့သည်။ထိုအချိန်မှစ၍ ထိုနေရာသည် ရှောင်မိသားစု၏လျှို့ဝှက်နယ်မြေဖြစ်လာပြီး နှစ်အနည်းငယ်အကြာတွင် တစ်ကြိမ်ဖွင့်လေ့ရှိသည်။
"စိတ်ဝိညာဥ်မီးနယ်မြေလား...အဲ့ဒီနေရာက မီးဒြပ်စင်ချီတွေက ငါ့အတွက် လုံလောက်နိုင်တယ်"
လုယွီက ခြေလှမ်းရှေ့တိုးပြီး ရေအိုင်၏အလယ်ဗဟိုရှိကျွန်းမှ ထွက်ခွာခဲ့တော့သည်။
ရှောင်အိမ်တော်သည် တော်ဝင်မြို့တော်၏မြောက်ဘက်အကျဆုံးအပိုင်း၌ တည်ရှိသည်။ရှောင်အိမ်တော်တစ်ခုလုံးကို တောင်တန်းများပေါ်တွင် တည်ဆောက်ထားပြီး သေမျိုးလောကမှ မြို့တစ်မြို့အရွယ်အစားခန့်ကြီးမားသည်။
ရှောင်အိမ်တော်နှင့် မိုင်ပေါင်းများစွာကွာဝေးသော နေရာတွင် အကာအကွယ်ဝင်္ကပါအထပ်ထပ်ကို ခင်းကျင်းထားသည်။ရှောင်မိသားစုမှအစောင့်များသည် ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲဝင်ကျားသားရဲများကို စီးနင်းကြပြီး သံချပ်ကာအင်္ကျီများကိုဝတ်ဆင်ကာ ရှေ့နောက်အဆက်မပြတ် ကင်းလှည့်နေကြ၏။ထို့ကြောင့် ရှောင်အိမ်တော်သည် တော်ဝင်မြို့တော်အတွင်းမှ မြို့တစ်မြို့ ဖြစ်နေသည်။
လုယွီသည် ရှောင်အိမ်တော်အနီးသို့ ချဥ်းကပ်သွားစဥ်တွင် ချက်ချင်းဆိုသလိုပင် ရှောင်အိမ်တော်အစောင့်များက သူ့ကို ဝိုင်းရံလိုက်ကြသည်။
"မင်းက ဘယ်မိသားစုခွဲကလူလဲ...မင်းရဲ့တံဆိပ်ပြားကိုပြစမ်း...ငါတို့ အဲ့ဒါကို စစ်ဆေးရမယ်"
အစောင့်ခေါင်းဆောင်က ကျယ်လောင်သောအသံဖြင့် မေးမြန်းလေသည်။
ရှောင်မိသားစုသို့လာရောက်နေသော တခြားသူများရှိသော်လည်း သူတို့သည် ရထားလုံးများမြင်းများကို စီးနင်း၍ အခြံအရံများဖြင့် ရောက်လာကြ၏။လုယွီသည် တစ်ယောက်တည်းရောက်ရှိလာခဲ့သဖြင့် အစောင့်များအားလုံး၏စိတ်အာရုံကို ဆွဲဆောင်သွားနိုင်ခဲ့သည်။
လုယွီက ခေါင်းခါပြလိုက်၏။
"ငါက ရှောင်မိသားစုဝင် မဟုတ်ဘူး...ငါက ကြေငြာချက်ထုတ်ပြန်ထားတာကိုတွေ့လို့ မင်းတို့ရဲ့အကြီးဆုံးသခင်မလေးကို လာပြီးကုသပေးတာပဲ"
အမ်...
အစောင့်များက လုယွီကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး သရော်တော်တော်ပြောဆိုလေသည်။
"ငါတို့ ဒီနေ့ ဒီလိုမျိုးလူတွေ ဘယ်လောက်များများ တွေ့ပြီးပြီလဲ...ရှောင်မိသားစုကလူတွေက နုံအတယ်လို့ မင်းတို့ တကယ်ကြီးထင်နေကြတာလား...မင်းမှာ ငါတို့လက်ခံနိုင်မယ့် အကြောင်းပြချက်မျိုးမရှိဘူးဆိုရင် ဒီနေရာကထွက်သွားတော့...တကယ်လို့ ဒီနေရာမှာ ပေါက်ကရစကားတွေလာပြောနေမယ်ဆိုရင်တော့ မင်း ဂရုစိုက်...ငါ မင်းရဲ့ခြေထောက်ကို ရိုက်ချိုးပစ်မယ်"
အစောင့်တချို့သည် လုယွီ၏ရှေ့သို့ရောက်လာပြီး သူ့အားမောင်းထုတ်ရန် ဟန်ပြင်လိုက်ကြ၏။
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
"မင်းတိုက တော်ဝင်မြို့တော်တစ်ခုလုံးမှာ ကြေငြာချက်ထုတ်ပြန်ထားတာ မဟုတ်ဘူးလား...မင်းတို့သခင်မလေးရဲ့အသက်အန္တရာယ်ကို မင်းတို့က မစိုးရိမ်ကြဘူးလား"
"ငါတို့ရှာနေတာက နာမည်ကျော်ကြားတဲ့သမားတော်တစ်ယောက်လေ...တကယ်လို့ မင်းက ဆေးပညာရှင်တစ်ယောက်မဟုတ်ရင်တောင် အနည်းဆုံးတော့ သမားတော်တစ်ယောက်ဖြစ်သင့်တယ်"
အစောင့်က လုယွီကိုခြေဆုံးခေါင်းဆုံးကြည့်၍ ပြောဆိုသည်။
"မင်းက ဘာလဲ...ဒီနေရာမှာလာပြီး လှည့်စားချင်နေတာလား"
"ငါက ဆေးပညာရှင်တစ်ယောက်ပဲ"
လုယွီက တည်ငြိမ်စွာ ပြောဆိုလေ၏။
မမျှော်လင့်ဘဲ လုယွီ၏စကားသံ ပြီးဆုံးသွားသောအချိန်တွင် ပတ်ဝန်းကျင်ရှိအစောင့်များအားလုံးထံမှ လှောင်ပြောင်ရယ်မောသံများ ထွက်ပေါ်လာသည်။
"ငါတို့က ဆေးပညာရှင်တစ်ယောက်နဲ့ မတွေ့ဖူးဘူးလို့ မင်း ထင်နေတာလား...မင်းဆီမှာ ဆေးပညာအစည်းအရုံးက ထုတ်ပေးထားတဲ့ အသိအမှတ်ပြုတံဆိပ်ပြားရှိလား...တကယ်လို့ မင်း အဲ့ဒါကို ထုတ်ပြနိုင်မယ်ဆိုရင် ငါ့ရဲ့အမှားကို ချက်ချင်းတန်းပြီး ဝန်ခံလိုက်မယ်...တကယ်လို့ မင်း ထုတ်မပေးနိုင်ဘူးဆိုရင်တော့ ငါတို့ကို အပြစ်မတင်နဲ့"
ရှောင်အိမ်တော်အစောင့်များ၏မျက်နှာများပေါ်တွင် ရက်စက်ကြမ်းကြုတ်သောအမူအယာများ ထင်ဟပ်နေပေ၏။
Chapter 2050
ဆေးပညာအစည်းအရုံး၏ အသိအမှတ်ပြုလက်မှတ်ဟုဆိုသလော။
လုယွီက ခေါင်းခါပြလိုက်၏။သူ့ထံ၌ မည်သည့်နည်းဖြင့် ဤကဲ့သို့အရာမျိုးရှိမည်နည်း။
ဆေးပညာအစည်းအရုံးသည် ကောင်းကင်ဘုံနယ်မြေတစ်ခုလုံး၌ အခွင့်အာဏာအရှိဆုံးဟု အသိအမှတ်ပြုထားသော ဆေးပညာရှင်အဖွဲ့အစည်းဖြစ်သည်။ထိုအစည်းအရုံးမှနေ၍ ဆေးပညာရှင်များကို ကောင်းကင် မြေကမ္ဘာနှင့် ရွှယ်ဟူ၍ အဆင့်သုံးဆင့်ခွဲခြားထားလေ၏။
ဆေးပညာရှင်အများစုသည် သူတို့၏ဆေးပညာစွမ်းရည်ကို အသိအမှတ်ပြုခံရရန် ဆေးပညာအစည်းအရုံးသို့သွားကြရသည်။သူတို့သည် ဆေးပညာအစည်းအရုံးမှ အသိအမှတ်ပြုတံဆိပ်ပြားကို ရရှိသည်နှင့် ကောင်းကင်ဘုံနယ်မြေအတွင်းရှိ မည်သည့်နေရာကိုမဆို သွားနိုင်ပေ၏။
သို့ရာတွင် လုယွီထံတွင် အတိတ်ဘဝမှ မှတ်ဥာဏ်များရှိနေရုံမက ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏ဆေးပညာစွမ်းရည်များကိုလည်း စုပ်ယူထားနိုင်ခဲ့သည်။သူ၏ဆေးပညာစွမ်းရည်သည် သာမာန်ထက်သာလွန်ထူးကဲပေရာ အသိအမှတ်ပြုခံရန်အတွက်နှင့် ထိုကဲ့သို့နေရာမျိုးကိုသွားရန် မလိုအပ်ချေ။
အစောင့်များက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်ကြ၏။
"မင်းဆီမှာ ဆေးပညာအစည်းအရုံးရဲ့အသိအမှတ်ပြုတံဆိပ်ပြား မရှိဘဲနဲ့ မင်းကိုယ်မင်း ဆေးပညာရှင်တစ်ယောက်လို့ ပြောဝံ့တယ်လား...မင်းက တော်တော်အရှက်မရှိတဲ့ကောင်ပဲ...ကောင်လေး...မင်းက ရှောင်မိသားစုကိုလာပြီး ပြဿနာရှာဝံ့တယ်ပေါ့လေ...ငါ မင်းကို ဒီနေ့ကိစ္စအတွက် အလွတ်မပေးနိုင်ဘူး"
ထိုမြင်ကွင်းကိုမြင်သည်နှင့် လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
သူသည် ဤကဲ့သို့နိမ့်ကျသူများနှင့် စကားပြောဆို၍ အချိန်ဖြုန်းလိုစိတ်မရှိချေ။သို့ရာတွင် သူ၏အဆင့်အတန်းကို သက်သေပြနိုင်သော တစ်စုံတစ်ခုကို ထုတ်မပြသရွေ့ သူ ယနေ့ ရှောင်အိမ်တော်အတွင်းသို့ ဝင်ရောက်နိုင်မည်မဟုတ်ပေ။
လုယွီသည် နဂါးအစောင့်တံဆိပ်ပြားကို ထပ်မံ၍အသုံးပြုသင့် မပြုသင့် စဥ်းစားနေစဥ်မှာပင် သူ၏နောက်မှ ရထားလုံးဘီးလည်ပတ်သံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။
သူ လှည့်ကြည့်လိုက်ရာ ရထားလုံးတစ်စင်းသည် လမ်း၏ဘေးတစ်ဖက်သို့ကပ်၍ ဖြည်းညှင်းစွာမောင်းနှင်လာခြင်းကို တွေ့မြင်မိသည်။
ထိုရထားလုံး၏ထိပ်တွင် ရှောင်မိသားစု၏မီးတောက်နက်နဲသိမ်မွေ့သားရဲ သင်္ကေတကို ချိတ်ဆွဲထားသည်။
"သခင်လေးယွမ်ပါလား"
အစောင့်များအားလုံးက ရထားလုံးကို ဆီးကြိုနှုတ်ဆက်လိုက်ကြ၏။
"ဘာကိစ္စရှိလို့ ဒီနေရာမှာ လူတွေအများကြီး ရောက်နေတာလဲ"
ရထားလုံးအတွင်းမှနေ၍ စွမ်းအားများပြည့်နှက်နေသော အသံတစ်သံ ထွက်ပေါ်လာသည်။
အစောင့်များအနက်မှတစ်ယောက်က လုယွီကို လက်ညှိုးညွှန်၍ ပြောဆိုသည်။
"သခင်လေး...အဲ့ဒီလူက ဆေးပညာရှင်တစ်ယောက်ဟန်ဆောင်ပြီးတော့ အကျိုးအမြတ်ရဖို့အတွက် အိမ်တော်ထဲကိုဝင်ဖို့ ကြိုးစားနေတယ်...ကျွန်တော်တို့က သူ လူလိမ်တစ်ယောက်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပေမယ့် သူက ဝန်ခံဖို့ငြင်းပယ်နေတယ်"
အမ်...
အံ့အားတသင့်ရေရွတ်လိုက်သံတစ်သံက ရထားလုံးအတွင်းမှ ထွက်ပေါ်လာသည်။ထို့နောက် ရထားလုံး၏လိုက်ကာ မြောက်တက်သွားခြင်းနှင့်အတူ လူငယ်တစ်ယောက်၏မျက်နှာ ထွက်ပေါ်လာပေ၏။
ထိုလူငယ်သည် လုယွီထက် အသက်အနည်းငယ်သာ ပို၍ကြီးပုံရသည်။
သူသည် ရှောင်မိသားစု၏သခင်လေး ရှောင်ယွမ်ပင်။
ရှောင်ယွမ်က လုယွီကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး မေးမြန်းလိုက်၏။
"မင်းတို့ကောင်တွေ သေချာရဲ့လား...တကယ်လို့ မင်းတို့ လူမှားပြီးစွပ်စွဲမိတယ်ဆိုရင် ငါ မင်းတို့ဆီက အကြောင်းပြချက်ကောင်းကောင်း တောင်းခံရလိမ့်မယ်"
"သခင်လေးရှောင်ယွမ်...ငါ သူ့ကိုသိတယ်...မင်း ဘာမှမစိုးရိမ်နဲ့....သူက ဆေးပညာရှင်တစ်ယောက်မဟုတ်ဘူးလို့ ငါ သေချာပြောနိုင်တယ်...သူက တော်ဝင်မြို့တော်မှာ လှည့်ပတ်လိမ်ညာနေတဲ့သူပဲ...အရင်တုန်းက သူက ဒီအဖိုးကြီးကို ပစ်မှတ်ထားခဲ့သေးတယ်...ကံကောင်းပြီး ငါက သနားကြင်နာတက်တဲ့သူတစ်ယောက်ဖြစ်နေတော့ သူ့ရဲ့လိမ်ညာမှုကို အရေးမယူခဲ့ဘူး...ဒါတောင် သူက နောင်တမရဘဲနဲ့ ရှောင်အိမ်တော်ကိုလာပြီး လိမ်ညာဝံ့မယ်လို့ ငါ မျှော်လင့်မထားမိဘူး...သူက တကယ့်ကို သေခြင်းနဲ့ရှင်ခြင်းကြား ခြားနားချက်ကို မသိတဲ့ကောင်ပဲ"
ရှောင်ယွမ်၏နောက်မှနေ၍ လူအိုကြီးတစ်ယောက်၏အသံထွက်ပေါ်လာသည်။
ထိုလူအိုကြီးသည် ထိပ်တန်းအဆင့်လှိုဏ်ဂူကိုရရှိရန် လုယွီနှင့်အချေအတင်ဖြစ်ခဲ့သော ဆရာသခင်သုန်ဖြစ်ပေ၏။သူသည် သူ၏နောက်လိုက်တစ်စုနှင့်အတူ ရထားလုံးအတွင်း၌ ထိုင်နေသည်။
ထိုရထားလုံးအတွင်း၌ လေဟာနယ်ဝင်္ကပါ ခင်းကျင်းထားသဖြင့် နေရာအလွန်ကျယ်ဝန်းပြီး လူတစ်စုလုံးထိုင်နေသည့်တိုင် ကျပ်ညပ်နေခြင်းမရှိချေ။
"ဒီကောင်လေးက ဆရာသခင်သုန်ကိုတောင် ဆန့်ကျင်ဝံ့တာလား...သူက သေလမ်းရှာနေပုံပဲ"
ရှောင်ယွမ်သည် ဆရာသခင်သုန်၏အာမခံစကားကိုကြားချိန်တွင် လုယွီအပေါ် စိတ်ပါဝင်စားမှု ပျောက်ဆုံးသွားခဲ့သည်။
"သူ့ကို အဆုံးသတ်လိုက်...ငါတို့ရှောင်မိသားစုက အရင်တုန်းကလို ကြီးကျယ်ခမ်းနားမှုမျိုးမရှိတော့ပေမယ့်...လူလိမ်လူညာတွေလာပြီး ရန်စစော်ကားလို့ရတဲ့ မိသားစုငယ်မျိုးမဟုတ်ဘူး"
ရှောင်ယွမ်က အေးစက်တင်းမာသောလေသံဖြင့် စကားပြောဆိုပြီး ရထားလုံးကိုမောင်းနှင်၍ ထွက်ခွာသွားတော့သည်။
ရထားလုံးအတွင်းတွင် ဆရာသခင်သုန်က သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ပြောဆိုလိုက်၏။
"ဒီလူလိမ်ကောင်ကို ငါ့အတွက် ရှင်းလင်းပေးတဲ့အတွက် သခင်လေးရှောင်ကို ကျေးဇူးတင်ပါတယ်"
တော်ဝင်မြို့တော်အတွင်း၌ အခွင့်အာဏာမရှိဘဲ သတ်ဖြတ်မှုကို တင်းတင်းကျပ်ကျပ်တားမြစ်ကန့်သတ်ထားသည်။
ဆရာသခင်သုန်သည် ဆေးပညာရှင်တစ်ယောက်ဖြစ်သော်လည်း တာယွီ၏စည်းမျဥ်းဥပဒေကို ချိုးဖျက်ဝံ့ခြင်းမရှိချေ။
ရှောင်မိသားစုကဲ့သို့ ထိပ်သီးမိသားစုကြီးရှစ်ခုအနက်မှတစ်ခုကသာလျှင် တာယွီ၏ဥပဒေကို မသိကျိုးကျွံပြုနိုင်သည်။
"ဒါက ပြဿနာမရှိပါဘူး...ဆရာသခင်သုန်က အကြီးဆုံးသခင်မလေး ပြန်နိုးထအောင်လုပ်ပေးနိုင်သရွေ့ ဒီထက်များတဲ့လူတွေကိုလည်း ငါတို့သတ်ပေးနိုင်တယ်"
ရှောင်ယွမ်သည် သူ၏ထိုင်ခုံလက်ရမ်းကိုရိုက်၍ပြောဆိုလိုက်ပြီး သူ၏မျက်နှာပေါ်၌ အထင်အမြင်သေးသော အရိပ်အယောင်များ ထင်ဟပ်နေသည်။