အခန်း (၂၀၆၁-၂၀၆၅)
Vol. 106 Ch. 2061-2065
Chapter 2061
ကျယ်လောင်သောတုန်ခါသံကြီးနှင့် အတူယှဥ်တွဲ၍ ရှောင်ချင်၏ခန္ဓာကိုယ်တစ်ခုလုံးသည် တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်များအကြား၌ရှိနေသည်။
ထိုပြင်းထန်သောမီးတောက်များမှနေ၍ ဆူညံသံများ ထွက်ပေါ်နေပြီး မြေအောက်မှတိုးထွက်လာသော မီးနဂါးများကဲ့သို့ မိုးကောင်းကင်ထံထိုးတက်သွားကာ လောကကြီးတခွင်လုံးကို လောင်ကျွမ်းလိုပုံရသည်။
ပတ်ဝန်းကျင်ရှိလူများသည် ထပ်မံ၍ နောက်သို့ဆုတ်လိုက်ကြပြီး မဟာအကြီးအကဲပင်လျှင် လူးလွန့်လာသော မီးတောက်များကို ခုခံနိုင်ရန်အတွက် သူ၏မှော်စွမ်းအင်အကာအကွယ်ကို အသက်သွင်းလိုက်ရ၏။
ခရက်...ခရက်...
လေထုအတွင်း၌ တစ်စုံတစ်ခုအက်ကွဲသောအသံမျိုး ထွက်ပေါ်လာသည်။
တစ်ချိန်လုံး မျက်လုံးစုံမှိတ်ထားသည့် ရှောင်ချင်သည် ရုတ်တရက် မျက်လုံးဖွင့်လာပေ၏။သူမ၏မျက်လုံးအတွင်းမှနေ၍ အနီရောင်အလင်းတန်းများ ဖြာထွက်နေသည်။
သူမ၏နဖူးပြင်ထက်ရှိ ဖီးနစ်ဌက်အမှတ်အသားသည် တောင်ပံများကိုဖြန့်ကျက်ထားပြီး ပို၍တောက်ပသော အလင်းရောင်တန်းများ ထုတ်လွှက်နေလေ၏။
ဂီး...
ကျယ်လောင်သောဖီးနစ်ငှက်အော်သံတစ်သံက ရှောင်အိမ်တော်တစ်ခုလုံးအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
ဤအချိန်အခိုက်အတန့်တွင် မူလက ကောင်းကင်ယံကိုလွှမ်းခြုံထားသော တိမ်မည်းများသည် ရှေးဟောင်းနတ်ဘုရားသားရဲ၏အရှိန်အဝါကို ခံစားမိသွားပုံရသည်။ထိုတိမ်မည်းများအားလုံး နောက်သို့ဆုတ်ခွါသွားကြပြီး မိုးကောင်းကင်ကို ဆက်လက်၍ဖုံးကွယ်မထားဝံ့တော့ချေ။
လူအားလုံး၏အကြည့်များအောက်တွင် မီးတောင်ပံတစ်စုံက ရှောင်ချင်၏နောက်ကျောမှ ထွက်ပေါ်လာသည်။ထိုတောင်ပံတစ်ချက်ခတ်လိုက်သည့်အချိန်တိုင်း ပြင်းထန်သောမီးတောက်မုန်တိုင်းကြီးသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပေ၏။
"သစ်တောအကာအကွယ် လှံရှည်"
မဟာအကြီးအကဲက သူ၏လက်အတွင်းရှိလှံရှည်ကို ဝှေ့ယမ်းလိုက်ရာ ချက်ချင်းဆိုသလိုပင် ပြင်းထန်သောလေမုန်တိုင်းကြီး တိုက်ခတ်လာပြီး ဤနေရာပတ်ဝန်းကျင်တဝိုက်ကို ပြင်ပနှင့် အပြည့်အဝပိုင်းခြားလိုက်သည်။
တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်များအားလုံး ပိတ်ဆို့ဟန့်တားခံလိုက်ရ၏။ထိုမီးတောက်များသည် ဤနေရာငယ်လေးတဝိုက်တွင်သာ လောင်ကျွမ်းနိုင်ပြီး ပြင်ပသို့သက်ရောက်စေနိုင်ခြင်းမရှိတော့ချေ။
လုယွီ သန့်စင်ထားသောဆေးလုံးသည် ဧကရာဇ်ဆေးလုံးတစ်လုံး ဖြစ်ရုံသာမက မီးနတ်ဘုရားကျူးရုံ၏စိတ်ဆန္ဒလည်းပါဝင်နေသည်။အစွမ်းထက်သောမီးဒြပ်စင်များသည် ရှောင်ချင်ထံဦးတည်၍ တဟုန်ထိုးပြေးဝင်သွားသည်။
ရှောင်ချင်၏ခန္ဓာကိုယ်ရှိ မီးတောက်များမှနေ၍ ဖီးနစ်ငှက်တစ်ကောင်၏ပုံရိပ်ဖွဲ့စည်းသွားခြင်းနှင့်အတူ သူမ၏အရှိန်အဝါ တစတစပို၍အားကောင်းလာသည်။
"ဒါက..."
မဟာအကြီးအကဲသည် အံ့အားသင့်တုန်လှုပ်စွာဖြင့် ရေရွတ်လိုက်၏။
သူ၏အတွေ့အကြုံအရ သူသည် ရှောင်ချင်၏ပြောင်းလဲမှုများကို တွေ့မြင်နိုင်သည်။
ယခင်က ရှောင်ချင်သည် အပြင်းအထန်နာမကျန်းဖြစ်နေပြီး သေလုမျောပါးအခြေအနေသို့ ရောက်ရှိနေသည်။ယခုလက်ရှိချိန်တွင်မူ ရှောင်ချင်သည် အသစ်တဖန် ပြန်လည်မွေးဖွားလာသည့်အလား သူမ၏ခန္ဓာကိုယ်တစ်ခုလုံး အားကောင်းသောအသက်စွမ်းအားများဖြင့် ပြည့်နှက်နေပေ၏။
ထို့ပြင် သူသည် ရှောင်ချင်၏ခွန်အားများ အလျှင်အမြန်တိုးပွါးလာသည်ကို အာရုံခံမိပြီး မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူမ၏အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိသွားလေပြီ။
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
မဟာအကြီးအကဲက ကြက်သေသေသွားသည်။
သူသည် အကြီးဆုံးသခင်မလေး၏နာမကျန်းဖြစ်မှုအကြောင်းကို ယခင်ကတည်းက သိရှိပြီးဖြစ်သည်။ရှောင်မိသားစု၏မဟာအကြီးအကဲတစ်ယောက်ဖြစ်နေသဖြင့် သူ ကိုယ်တိုင်ကိုယ်ကျ ရှောင်ချင်ကိုစစ်ဆေးခဲ့သော်လည်း မည်သည့်အရာကိုမျှ လုပ်ဆောင်နိုင်စွမ်းမရှိခဲ့ချေ။
သို့ရာတွင် လုယွီသည် ဆေးလုံးတစ်လုံးတည်းဖြင့် အကြီးဆုံးသခင်မလေးကို အပြင်းအထန်နာမကျန်းဖြစ်မှုမှ လွတ်မြောက်စေနိုင်ခဲ့သည်။
ဤသည်က မည်သည့်နည်းဖြင့် ဖြစ်နိုင်မည်နည်း။
"ဘုန်း...."
မိုးကောင်းကင်အတွင်း၌ မိုးခြိမ်းသံသဲ့သဲ့ထွက်ပေါ်လာသည်။
"တစ်ယောက်က ရှေးဟောင်းသွေးမျိုးဆက်ကို နိုးထသွားစေနိုင်တာလား"
"ဒါက ရှောင်အိမ်တော်ရှိနေတဲ့ နေရာကပဲ...သူတို့က စိတ်ဝိညာဥ်မီးနယ်မြေထဲမှာ တစ်ခုခုကို ရှာတွေ့သွားတာများလား"
"ထွက်ပေါ်နေတဲ့အရှိန်အဟုန်အရကြည့်ရင် ဒါက အားမနည်းဘူး...ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာက တော်ဝင်မြို့တော်ဖြစ်နေတော့ ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးတွေ ဆင်းသက်လာမှာမဟုတ်ဘူး"
နတ်ဘုရားစိတ်အာရုံတချို့သည် တော်ဝင်မြို့တော်၏အထက်ကောင်းကင်ယံအတွင်း၌ ဝေ့ဝိုက်နေသည်။သူတို့သည် အချင်းချင်း ဆက်သွယ်၍ပြောဆိုနေကြပြီးနောက် အချိန်တခဏအကြာတွင် ပျောက်ကွယ်သွားလေ၏။
မည်သို့ပင်ဆိုစေကာမူ ဤနေရာသည် တော်ဝင်မြို့တော်အတွင်း၌ဖြစ်နေသဖြင့် အစွမ်းထက်ကျင့်ကြံသူအမြောက်အများ စုဝေးနေကာ တာယွီအင်ပါယာ၏နဂါးသွေးကြောကလည်း လေဟာနယ်အတွင်း၌ မျောလွင့်နေသည်။ထို့ကြောင့် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးတိမ်တိုက်များသည် စုဝေးနေသော်လည်း ကျရောက်လာခြင်းမရှိချေ။
နောက်ဆုံး၌ မိုးကောင်းကင်ယံအတွင်းရှိ မိုးကြိုးတိမ်တိုက်များသည် အချိန်တစ်နာရီခွဲခန့်ကြာပြီးနောက် တဖြည်းဖြည်းလွင့်ပြယ်သွားတော့သည်။
ရှောင်ချင်၏ခန္ဓာကိုယ်ပေါ်ရှိ မီးတောက်များသည်လည်း တစတစ ပျက်ပြယ်သွားပေ၏။
ရှောင်ချင်က သူမ၏လက်ကိုဆန့်ထုတ်ပြီး သိုလှောင်အိတ်အတွင်းမှဝတ်စုံတစ်စုံကိုထုတ်ယူကာ သူမ၏ခန္ဓာကိုယ်ပေါ်၌ ဝတ်ဆင်လိုက်သည်။
အနီရောင်ဝတ်စုံနှင့်အတူ အပြစ်အနာအဆာကင်းသော ပြိုင်ဘက်ကင်းအလှပိုင်ရှင်လေး ထွက်ပေါ်လာသည်။သူမ၏ဆံနွယ်ရှည်များက လေထုအတွင်း၌လူးလွန့်နေပြီး သူမ၏ဖီးနစ်ငှက်ကဲ့သို့နီမြန်းနေသော မျက်လုံးတစ်စုံမှ တောက်ပသောအလင်းတန်းများ ဖြာထွက်နေပြီး လုယွီကို ကြည့်လိုက်၏။
လုယွီကို တစ်ချက်ကြည့်ပြီးနောက် ရှောင်ချင်သည် စိတ်ဝင်စားမှုပျောက်ကွယ်သွားပုံရသည်။
"အရမ်းကောင်းတယ်...နင်က ငါ့ကို ကူညီခဲ့မှတော့ ရှောင်မိသားစုက နင့်ကို ဆုလာဘ်တွေရက်ရက်ရောရော ချီးမြှင့်မှာပါ"
ရှောင်ချင်က မောက်မာဝံ့ကြွားသောလေသံဖြင့် ပြောဆိုသည်။
လုယွီက သူမကို ကယ်တင်ခဲ့ခြင်းသည် အကျိုးလို၍ပြုလုပ်ခဲ့သော ကိစ္စတစ်ရပ်သာဖြစ်ပေမည်။
Chapter 2062
"သခင်မလေး...."
လက်ရှိနေရာတွင်ရှိနေသော အစောင့်များအားလုံးသည် လေထုအတွင်းမှ ရှောင်ချင်ဆင်းသက်လာသည်ကိုမြင်ချိန်တွင် တပြိုင်နက်တည်း အရိုအသေပြုလိုက်ကြ၏။
ရှောင်ချင်သည် မောက်မာဝံ့ကြွားသောအမူအယာဖြင့် လူအုပ်အကြားမှ ဖြတ်လျှောက်သွားကာ သူမ၏နံဘေးပတ်ဝန်းကျင်၌ အားကောင်းသောမီးဒြပ်စင်စွမ်းအားများ ရစ်ဝဲနေသည်။
"မမ...နင် နေပြန်ကောင်းလာတာ အရမ်းကောင်းတာပဲ"
ရှောင်လင်းအာက ကျယ်လောင်စွာအော်ဟစ်ပြီး စာဝါငှက်သည် အသိုက်သို့ပျံသန်းသွားသည့်အလား ရှောင်ချင်၏ရင်ခွင်အတွင်းသို့ အလျှင်အမြန်တိုးဝင်သွားသည်။
"မိုက်မဲတဲ့ကောင်မလေး...ငါ နေကောင်းသွားပါပြီ"
ရှောင်ချင်က ရှောင်လင်းအာ၏ခေါင်းကိုပုတ်၍ ပြောဆိုလိုက်ကာ နောက်ဆုံး၌ အစဥ်အမြဲတင်းမာခက်ထန်နေသော သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ပွင့် ထွက်ပေါ်လာသည်။
ရှောင်အိမ်တော်၏အကြီးဆုံးသခင်မလေးသည် သူမ၏ညီမငယ်မှလွဲ၍ ကျန်ရှိသောလူတိုင်းအပေါ် ရေခဲတမျှအေးစက်သော စိတ်နေသဘောထားရှိသည်။
"အမကိုထပ်ပြီးမတွေ့ရတော့ဘူးလို့ ကျွန်မက ထင်နေခဲ့တာ"
ရှောင်လင်းအာ၏မျက်လုံးအတွင်းမှ မျက်ရည်များ တသွင်သွင်စီးကျလာလေ၏။သူမအတွက် ရှောင်ချင်သည် အရေးကြီးဆုံးသူဖြစ်သည်။
ရှောင်လီက မေးမြန်းသည်။
"ချင်အာ...မင်းရဲ့ဝေဒနာက ပျောက်ကင်းသွားပြီလား"
တခြားအကြီးအကဲများသည်လည်း အလွန်အမင်း စိတ်လှုပ်ရှားနေကြ၏။
သူတို့သည် ယခင်ကဲ့သို့ လုယွီကို အာရုံစူးစိုက်နေခြင်းမရှိတော့ချေ။အကယ်၍ လုယွီကြောင့် အကြီးဆုံးသခင်မလေးသာ ဒဏ်ရာတစ်စုံတစ်ခုရရှိသွားပါက သူ၏အဆုံးသတ်မှာ ကောင်းမွန်မည်မဟုတ်ပေ။
ရှောင်ချင်က ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုလိုက်၏။
"ဒေါ်လေး...ဘာမှမစိုးရိမ်ပါနဲ့...ကျွန်မရဲ့ရှေးဟောင်းသွေးမျိုးဆက်ကို နိုးထလာအောင် ကြိုးစားကြည့်ခဲ့တာပါ...ကျွန်မ ကျင့်ကြံနေတဲ့ချိန်မှာ ရခဲ့တဲ့ တန်ပြန်ဒဏ်တွေအားလုံးလည်း အခုချိန်မှာ နည်းနည်းတော့ သက်သာသွားပြီ"
"ရှေးဟောင်း...သွေးမျိုးဆက်လား"
နံဘေးဘက်တွင်ရှိနေသော ဆေးပညာရှင်များ၏မျက်လုံးများ ပြူးကျယ်နေပြီး သူတို့က ကျယ်လောင်စွာရေရွတ်လိုက်ကြသည်။
ဆေးပညာရှင်အားလုံးနီးပါးက ရှောင်ချင်သည် မီးအဆိပ်ကြောင့် သတိလစ်မေ့မျောနေသည်ဟု ဆုံးဖြတ်ထားကြ၏။
သို့ရာတွင် ယခုလက်ရှိချိန်၌ ရှောင်ချင်က သူမ၏ရှေးဟောင်းသွေးမျိုးဆက် နိုးထလာခြင်းဟု ပြောဆိုနေသည်။
ထိုကောင်လေး ပြောဆိုခဲ့သောစကားများမှာ မှန်ကန်နေသည်မဟုတ်လော။
"ချင်အာ...နင့်ဆီမှာ ရှေးဟောင်းသွေးမျိုးဆက်ရှိနေတာလား...ဘာလို့ အရင်က ငါတို့မသိရတာလဲ"
ရှောင်လီက အနည်းငယ်စိတ်လှုပ်ရှားနေသောအသံဖြင့် ပြောဆိုသည်။
ရှေးဟောင်းသွေးမျိုးဆက်နိုးထလာသူသည် မည်သည့်အခြေအနေမျိုးအောက်တွင်မဆို သူ့အတွက် ကံကြမ္မာကောင်းကြီးရရှိသွားခြင်းဖြစ်သည်။ဤသည်က ထိုသူ့အား အသစ်တဖန်မွေးဖွားလာသကဲ့သို့ ဖြစ်သွားစေကာ သူ၏အရည်အချင်းကို အဆများစွာတိုးတက်သွားစေနိုင်သည်။သူ၏ကျင့်ကြံဆင့်နယ်ပယ်တွင်လည်း ကြီးမားသောအောင်မြင်မှုအလားအလာများ ရရှိပေလိမ့်မည်။
ရှောင်ချင်က သူမ၏ခေါင်းကို ခါယမ်းပြလေ၏။
"ကျွန်မ ဒါကိုအာရုံခံမိတာ သိပ်မကြာသေးဘူး....ဒါပေမယ့် ကျွန်မရဲ့ကျင့်ကြံဆင့်က လုံလောက်အောင်ခိုင်မာမှုမရှိသေးတာရယ် နောက်ပြီး ကျွန်မရဲ့မီးဒြပ်စင်စွမ်းအားက နက်နဲမှုမရှိသေးတာရယ်ကြောင့် ကျွန်မ သတိလစ်မေ့မျောသွားခဲ့တာပဲ"
ထို့နောက် ရှောင်ချင်က လက်ရှိနေရာတွင်ရှိနေသော ဆေးပညာရှင်များကိုကြည့်၍ ပြောဆိုသည်။
"ဘယ်လိုပဲဖြစ်ဖြစ် ရှေးဟောင်းသွေးမျိုးဆက်ဆိုတာ အရမ်းအဖိုးတန်ရှားပါတယ်...ရှင်တို့က ကျွန်မရဲ့ဝေဒနာကို မှားယွင်းပြီးအကဲဖြတ်မိတဲ့အတွက် ကျွန်မ ရှင်တို့ကို အပြစ်မတင်ဘူး...ရှင်တို့အားလုံး သွားကြတော့"
အမှန်တရား ထွက်ပေါ်လာလေပြီ။
အရာအားလုံးသည် လုယွီ ယခင်က ပြောဆိုခဲ့သည်နှင့် တူညီနေပေ၏။ရှောင်ချင်၏ခန္ဓာကိုယ်အတွင်းသို့ မီးအဆိပ်အနည်းငယ်မျှပင် ဝင်ရောက်ခဲ့ခြင်းမရှိချေ။ဆန့်ကျင်ဘက်အနေဖြင့် သူမသည် သွေးမျိုးဆက်အားနိုးထရန် ကြိုးပမ်းနေချိန်တွင် လုံလောက်သော မီးဒြပ်စင်စွမ်းအားများကို စုဆောင်းနိုင်ခြင်းမရှိသဖြင့် သတိလစ်မေ့မျောသွားခြင်းဖြစ်သည်။
ကံအကြောင်းမလှစွာဖြင့် ထိုဆေးပညာရှင်များအားလုံးသည် အတွေ့အကြုံရင့်ကျက်သူများဖြစ်သည့်တိုင် အကြောင်းအရင်းအစစ်အမှန်ကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ခြင်းမရှိပေ။
"ငါ ထွက်သွားတော့မယ်"
"ငါလည်းပဲ အမြင်မှားသွားခဲ့တယ်...ဒီနေရာကနေ ထွက်သွားပါ့မယ်"
"မဖြစ်နိုင်ဘူး"
ဆေးပညာရှင်အများစု ထွက်ခွာသွားရန် ဟန်ပြင်နေစဥ်တွင် ဆရာသခင်သုန်၏မျက်လုံးများက နီမြန်းနေသည်။သူက အံ့တင်းတင်းကြိတ်ကာ ဒေါသတကြီး အော်ဟစ်လိုက်၏။
ဤအချိန်အခိုက်အတန့်တွင် သူ၏စိတ်နှလုံးသားတစ်ခုလုံး ဒေါသများဖြင့် ပြည့်နှက်နေသည်။
ဆရာသခင်သုန်သည် ယခင်က လုယွီကို လှောင်ပြောင်သရော်နေခဲ့သည်။သို့ရာတွင် ယခုလက်ရှိ အမှန်တရားထွက်ပေါ်လာချိန်၌ ရလဒ်သည် သူ၏မျက်နှာအား ဖြတ်ရိုက်လိုက်သကဲ့သို့ပင်။
"မင်းမှာ ရှေးဟောင်းခန္ဓာကိုယ်ဖွဲ့စည်းပုံမျိုးရှိတယ်ဆိုတာကို ငါ သေချာပြောနိုင်တယ်...မင်း ငါ့ကို စိတ်ဝိညာဥ်မီးနယ်မြေထဲကို ဝင်ခွင့်ပြုပါ...ငါက မင်းရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံအတွက် သင့်တော်တဲ့ဆေးမျိုးဖော်စပ်ပေးမယ်"
ဆရာသခင်သုန်က အော်ဟစ်ကြုံးဝါးပြီး ရှေ့သို့လျှောက်လှမ်းလိုက်၏။
သို့သော် သူ ရှောင်ချင်၏အနီးသို့ ချဥ်းကပ်မိစဥ်မှာပင် ပြင်းထန်သောအားလှိုင်းတစ်ရပ်၏ ရိုက်ခတ်ခြင်းခံရသဖြင့် သူ နောက်သို့လွင့်ထွက်သွားသည်။ထိုရိုက်ချက်ကို ထုတ်လွှက်လိုက်သူမှာ မဟာအကြီးအကဲဖြစ်နေသည်။
"ကျွန်မ ရှင့်ကို အရှက်ရအောင်မလုပ်ချင်ဘူး...ဒါပေမယ့် ရှင် ဒီလိုဆက်မလုပ်သင့်ဘူး...ကျွန်မတို့ ရှောင်မိသားစုမှာ ရွှံရုပ်တွေပဲရှိတယ်လို့ ရှင် ထင်နေတာလား...ဒီနေရာက ထွက်သွားစမ်း"
ရှောင်ချင်က အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုသည်။
ပတ်ဝန်းကျင်ရှိအကြီးအကဲများ၏ မျက်လုံးအကြည့်များက ဆရာသခင်သုန်ပေါ်သို့ စူးစိုက်၍ ကျရောက်နေသည်။
အစွမ်းထက်ကျင့်ကြံသူအမြောက်အများ၏ ဝိုင်းရံထားခြင်းကိုခံရသဖြင့် ဆရာသခင်သုန်သည် ချက်ချင်းဆိုသလိုပင် အလွန်ကြီးမားသောဖိအားအရှိန်အဝါကို ခံစားလိုက်ရ၏။
ဟမ့်...
ဆရာသခင်သုန်က အေးစက်စက်နှာတစ်ချက်မှုတ်ပြီး နောက်သို့ပြန်လှည့်ကာ ထွက်ခွာသွားတော့သည်။
သူသည် မြင့်မားသောအဆင့်အတန်းရှိသည့် မြေကမ္ဘာအဆင့်ဆေးပညာရှင်တစ်ယောက်ဖြစ်သော်လည်း ရှောင်မိသားစု၏ပိုင်နက်နယ်မြေအတွင်း၌ အမှားကျူးလွန်ဝံ့ခြင်းမရှိချေ။
Chapter 2063
ဆေးပညာရှင်များအားလုံးသည် ရှောင်အိမ်တော်အတွင်း၌ ဆက်လက်၍မနေလိုကြတော့သဖြင့် အလျှင်အမြန်ပြေးထွက်သွားကြ၏။
ထိုဆေးပညာရှင်များအနက်မှအများစုသည် တော်ဝင်မြို့တော်အတွင်း၌ အချိန်အတော်ကြာ နာမည်ကျော်ကြားခဲ့သူများဖြစ်ပြီး သူတို့ထံ၌ နောက်လိုက်တပည့်များစွာရှိသည်။
သို့သော် ယနေ့တွင် သူတို့သည် ဆေးပညာစွမ်းရည်အရာ၌ လူငယ်တစ်ယောက်ကို ရှုံးနိမ့်ခဲ့သဖြင့် သူတို့အတွက် မျက်နှာပျက်စရာဖြစ်ခဲ့ရသည်။
"ရှောင်ယွမ်...နင် ဘာတွေတွေးနေတာလဲဆိုတာကို ငါ ရှင်းရှင်းလင်းလင်းသိတယ်...နင်က ငါ့ရဲ့အသက်ကိုကယ်တင်ပြီး မိသားစုထဲမှာ နင့်ရဲ့အဆင့်အတန်းမြင့်တက်လာအောင်လုပ်ချင်တာ...ဒါပေမယ့် နင် မြဲမြဲမှတ်ထားပါ...နင်က သွေးဝေးဝမ်းကွဲတစ်ယောက်အဆင့်ပဲရှိတယ်ဆိုတာကို...တကယ်လို့ ငါ နောင်အနာဂတ်မှာ ရှောင်မိသားစုက ထွက်သွားမယ်ဆိုရင်တောင် ငါ့ရဲ့ညီမက မိသားစုခေါင်းဆောင်ဖြစ်လာမှာပဲ...နင် ဒီနေရာကို ထပ်လာဖို့မလိုတော့ဘူး...နင် နားလည်ပြီလား"
ရှောင်ချင်သည် အစေခံတစ်ယောက်ကိုကြည့်နေသည့်အလား ခက်ထန်တင်းမာသောအကြည့်ဖြင့် ရှောင်ယွင်ကိုကြည့်ကာ ပြောဆိုလိုက်၏။
"နားလည်ပါပြီ အကြီးဆုံးသခင်မလေး"
ရှောင်ယွင်သည် သူ၏ခေါင်းကိုနှိမ့်ချ၍ ဦးညွှတ်အရိုအသေပြုလိုက်သည်။သို့ရာတွင် သူ၏မျက်လုံးအတွင်း၌ နာကျည်းမုန်းတီးမှုအရိပ်အယောင်များ ထင်ဟပ်နေသည်။
ရှောင်ချင်သည် ရှောင်မိသားစု၏လူငယ်မျိုးဆက်သစ်များအကြား၌ လွှမ်းမိုးချုပ်ကိုင်နိုင်သော အခွင့်အာဏာရှိသူပင်။
"နောက်ဆုံးတော့...နင်ပဲကျန်တော့တယ်"
ရှောင်ချင်က လုယွီဘက်သို့လှည့်၍ ပြောဆိုလေ၏။
"ပြောစမ်း...နင် ဘာလိုချင်တာလဲ...စိတ်ဝိညာဥ်မီးနယ်မြေကလွဲပြီးတော့ ကျန်တာအားလုံး ငါတို့ရှောင်မိသားစုက နင့်ကိုစိတ်ကျေနပ်အောင် ဖြည့်ဆည်းပေးနိုင်တယ်...နင်က စိတ်ဝိညာဥ်ကျောက်တုံးတွေ လိုချင်လား...ဒါမှမဟုတ် နင်က အရာရှိရာထူးကိုလိုချင်လား"
အမ်...
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
"မင်းတို့အရင်က ဆုလာဘ်ထုတ်ပြန်ထားတာက စိတ်ဝိညာဥ်မီးနယ်မြေကိုဝင်ခွင့်ပေးမယ်ဆိုတာကို ငါ မှတ်မိသေးတယ်...ဘာလဲ....မင်းတို့က ပြောထားတဲ့စကားကို ပြန်ရုတ်သိမ်းချင်တာလား"
"အဲ့ဒီလိုကိစ္စမျိုးရှိတာလား"
ရှောင်ချင်က ရှောင်လီရှိနေရာဘက်သို့လှည့်၍ မေးမြန်းလေသည်။
ရှောင်လီက ခါးသည်းသောအပြုံးနှင့် ပြောဆိုလိုက်၏။
"နင်က အချိန်အကြာကြီး သတိလစ်မေ့မျောနေတာလေ...ပြီးတော့ မိသားစုခေါင်းဆောင်ကလည်း အိမ်တော်မှာရှိမနေဘူး...ဒါကြောင့် ငါ ကိုယ်တိုင်ပဲ ဆုံးဖြတ်ချက်ချခဲ့ရတယ်...နင့်ရဲ့ရောဂါကို ပျောက်ကင်းအောင်ကုသပေးနိုင်တဲ့ ဘယ်သူကိုမဆို စိတ်ဝိညာဥ်မီးနယ်မြေထဲကိုဝင်ခွင့်ပေးမယ်လို့ ကြေကြာခဲ့တယ်...မဟုတ်ရင် အဆင့်မြင့်ဆေးပညာရှင်တွေကို ဒီနေရာထိဖိတ်ခေါ်နိုင်ဖို့ဆိုတာ အရမ်းခက်ခဲလိမ့်မယ်"
ရှောင်ချင်က သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
"နင် စိတ်ဝိညာဥ်မီးနယ်မြေထဲကို ဝင်လို့ရတယ်...ဒါပေမယ့် ခုချိန်မှာတော့ မရသေးဘူး"
"မင်းတို့ရှောင်မိသားစုက မင်းတို့ပေးထားတဲ့ကတိစကားကိုတောင် မတည်နိုင်ဘူးလား"
လုယွီ၏မျက်နှာသည် အေးဆေးတည်ငြိမ်နေဆဲဖြစ်သော်လည်း သူ၏လေသံမှာ အေးစက်တင်းမာနေသည်။
ရှောင်ချင်က အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်၏။
"စိတ်ဝိညာဥ်မီးနယ်မြေက ငါတို့ရှောင်မိသားစုရဲ့အရေးကြီးတဲ့နေရာတစ်ခုပဲ...နင်က အပြင်လူတစ်ယောက်ဖြစ်နေတော့ ငါတို့က သတိထားရမှာပဲ...အခုချိန်မှာ စိတ်ဝိညာဥ်မီးနယ်မြေက မပွင့်သေးဘူး...နင် အရင်ဆုံးပြန်သွားပြီးတော့ ငါတို့ဆီက သတင်းပို့တာကို စောင့်နေပါ"
အမှန်အားဖြင့် လုယွီသည် ရှောင်ချင်ပေးသော အကြောင်းပြချက်ကို ယုံကြည်ခြင်းမရှိချေ။
ဘုန်း...
လုယွီက ခြေတစ်လှမ်းရှေ့တက်လိုက်ရာ အစစ်အမှန်နဂါးခုနစ်ကောင်၏စွမ်းအားက ချက်ချင်းဆိုသလိုပင် ပွင့်အံထွက်လာသည်။
ကျယ်လောင်သောမြည်ဟီးသံတစ်သံနှင့်အတူ လုယွီ၏ခြေဖဝါးအောက်၌ ကြီးမားသောဝင်္ကပါကြီးတစ်ခု ထွက်ပေါ်လာပေ၏။
ထိုမဟာဝင်္ကပါကြီးသည် ရှောင်အိမ်တော်၏မြေအောက်၌ တည်ရှိပြီး ထိုအရာပေါ်၌ အိမ်တော်တစ်ခုလုံးကို တည်ဆောက်ထားခြင်းဖြစ်သည်။
ဤသည်က ရှောင်အိမ်တော်၏မဟာအကာအကွယ်ဝင်္ကပါကြီးပင်။
သို့ရာတွင် လုယွီ၏ခြေဖဝါးကျရောက်သွားသည်နှင့် ရှောင်အိမ်တော်တစ်ခုလုံး၏မြေပြင် ပြင်းပြင်းထန်ထန်တုန်ခါစပြုလာသည်။ထို့နောက် လုယွီ ရပ်နေသောနေရာကိုဗဟိုပြု၍ အက်ကွဲကြောင်းများက ပင့်ကူအိမ်တစ်ခုအလား အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
မဟာအကြီးအကဲ၏မျက်နှာအမူအယာ ရုတ်တရက်ပျက်ယွင်းသွားပြီး သူက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုလိုက်၏။
"သခင်မလေး...အဲ့ဒီကောင်လေးက အရမ်းအစွမ်းထက်တယ်...ကျွန်တော်တို့ သူ့ကို ရန်မစသင့်ဘူး"
ထိုစကားကိုကြားချိန်တွင် ရှောင်ချင်၏မျက်နှာပေါ်၌ တည်ကြည်လေးနက်မှုအရိပ်အယောင်များ ထင်ဟပ်လာသည်။
ယခုချိန်တွင် ရှောင်မိသားစုမှထိပ်သီးအစွမ်းထက်ကျင့်ကြံသူများအားလုံးသည် အဝေးသို့ရောက်ရှိနေကြ၏။အကယ်၍ လုယွီသည် ပြင်းပြင်းထန်ထန်တုံ့ပြန်တိုက်ခိုက်လာပါက ယနေ့ကိစ္စအား ကောင်းမွန်စွာအဆုံးသတ်နိုင်မည်မဟုတ်ချေ။
"သုံးရက်အတွင်းမှာ...စိတ်ဝိညာဥ်မီးနယ်မြေကို နင့်အတွက်ဖွင့်ပေးမယ်"
ရှောင်ချင်က အံ့တင်းတင်းကြိတ်၍ ပြောဆိုသည်။
ထိုစကားကိုကြားသည်နှင့် လုယွီက နောက်သို့ပြန်လှည့်ကာ ထွက်ခွာခဲ့တော့သည်။
ဤနေရာတွင် ရှောင်အိမ်တော်မှအကြီးအကဲများနှင့်အစောင့်များ အမြောက်အများရှိနေသည့်တိုင် မည်သူကမျှ လုယွီကို ဟန့်တားဝံ့ခြင်းမရှိချေ။
ရှောင်အိမ်တော်တံခါးဝသို့ရောက်ချိန်တွင် လုယွီက ရုတ်တရက် နောက်သို့ပြန်လှည့်၍ ပြောဆိုလိုက်၏။
"သုံးရက်ကြာပြီးရင်...ငါကိုယ်တိုင် ရှောင်အိမ်တော်ကိုလာခဲ့မယ်...မင်းတို့ရဲ့အရင်ကတိစကားကို စောင့်ထိန်းမယ်လို့ ငါ မျှော်လင့်တယ်"
ရှောင်အိမ်တော်မှထွက်ခွာခဲ့ပြီးနောက် လုယွီက မိုးကောင်းကင်တာအိုတည်းခိုခန်းသို့ ပြန်လာခဲ့သည်။
သူ တည်းခိုခန်းအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် တာဝန်ခံအမျိုးသမီးသည် အလွန်အမင်းထိတ်လန့်တုန်လှုပ်နေသောမျက်နှာအမူအယာဖြင့် သူ့အားစောင့်ကြိုနေမည်ဟု သူ မျှော်လင့်မထားမိချေ။
"ဧည့်သည်...တစ်ယောက်ယောက်က ရှင့်ကိုလာရှာနေတယ်"
တာဝန်ခံအမျိုးသမီးက တိုးညှင်းသောအသံဖြင့် ပြောဆိုလိုက်၏။
လုယွီ၏မျက်ခုံးများ မြင့်တက်သွားသည်။သို့ရာတွင် ကျောင်းတော်သားဝတ်စုံဝတ်ဆင်ထားသော အရာရှိတချို့က နံဘေးပတ်ဝန်းကျင်၌ မတ်တတ်ရပ်နေသည်ကို သူ မြင်တွေ့လိုက်ရ၏။
"ဗိုလ်ချုပ်လုလား"
အရာရှိတစ်ယောက်က လိမ္မာယဥ်ကျေးသောအသံဖြင့် ပြောဆိုသည်။
"မဟာဆရာသခင်က သူနဲ့တွေ့ဖို့ ဗိုလ်ချုပ်လုကို ဖိတ်ခေါ်ခိုင်းလိုက်ပါတယ်"
Chapter 2064
ရထားလုံးတစ်စင်းက ကျောက်ခင်းလမ်းတလျှောက် ဖြည်းညှင်းစွာရွေ့လျားနေသည်။အဝေးတစ်နေရာတွင် ရိုးရှင်းပြီးတင့်တယ်လှပသောအိမ်တစ်လုံး ထွက်ပေါ်လာပေ၏။
ကျောက်ခင်းလမ်း၏ဘေးတစ်ဖက်တစ်ချက်တွင် ထူထပ်သိပ်သည်းသော ဝါးတောအုပ်များရှိနေသည်။အစေခံတချို့က ပတ်ဝန်းကျင်ရှိလမ်းများပေါ်၌ လှုပ်ရှားသွားလာနေသည်။
ဤနေရာသည် အလွန်အမင်းအေးချမ်းပြီး တိတ်ဆိတ်ငြိမ်သက်သောနေရာတစ်ခုပင်။
လူတိုင်းသည် ဤနေရာသို့ခြေချမိသည်နှင့် သူတို့စိတ်နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာမှလာသော တည်ငြိမ်အေးချမ်းမှုကို ခံစားရပေမည်။ဤသည်က သူတို့၏စိတ်နှလုံးသားအတွင်းမှ စိုးရိမ်သောကများအားလုံး ပါးလွှာသောလေထုအတွင်း၌ လွင့်ပြယ်သွားသကဲ့သို့ ခံစားချက်မျိုးဖြစ်သည်။
"ဗိုလ်ချုပ်လု...ငါတို့က မင်းကို ဒီနေရာထိပဲ ပို့ပေးလို့ရတယ်"
အရာရှိတချို့သည် လုယွီအားလိုက်ပါပို့ဆောင်ကြရာ ကျောက်လှေကားတစ်ခုအရောက်၌ သူတို့က ဦးညွှတ်အရိုအသေပြု၍ တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ဆိုင်းနေကြ၏။
အကယ်၍ ထိုအရာရှိများမှ ပြောဆိုထားခြင်းသာမရှိပါက ဤနေရာသည် တာယွီအင်ပါယာ၏မဟာဆရာသခင်တစ်ယောက်ဖြစ်သော ဝမ်ရှန့်သူတော်စင်ယီဟန်၏အိမ်တော်ဖြစ်မည်ဟု မည်သူကမျှ ယုံကြည်ကြမည်မဟုတ်ချေ။
ပတ်ဝန်းကျင်၌ အစေခံတချို့ရှိနေသော်လည်း သူတို့အားလုံးသည် လုယွီရှိမနေသည့်အလား သူ့ကို မမြင်သကဲ့သို့သာ ပြုမူနေသည်။
ကျောက်တုံးအိမ်တစ်လုံးနံဘေး၌ ဟင်းသီးဟင်းရွက်စိုက်ခင်းတစ်ခုရှိနေသည်ကို လုယွီက ရုတ်တရက် သတိပြုမိသွားလေ၏။
ထိုစိုက်ခင်းအတွင်း၌ ရုပ်ရည်ချောမောခန့်ညားပြီး ဖျင်ကြမ်းအင်္ကျီဝတ်ဆင်ထားသော လူလတ်ပိုင်းကြီးတစ်ယောက်ရှိနေကာ သူ၏အင်္ကျီလက်များကိုခေါက်တင်၍ ပေါက်ပြားတစ်ခုကို ကိုင်ဆောင်ထားသည်။ထိုလူကြီးသည် စိုက်ခင်းအတွင်းရှိပေါင်းမြက်များကို ရှင်းလင်းနေခြင်းဖြစ်သည်။
လုယွီ လျှောက်လှမ်းလာသည်ကိုမြင်ချိန်တွင် ထိုလူကြီးက ပေါက်ပြားကိုအောက်သို့ချ၍ အပြုံး၍ပြောဆိုလိုက်၏။
"ဂျူနီယာညီလေး...နောက်ဆုံးတော့ တော်ဝင်မြို့တော်ကို ရောက်လာပြီပေါ့"
လုယွီရှေ့ရှိလူကြီးသည် အောက်ဘုံ၌ သူ့အား သူတော်စင်၏တပည့်အဖြစ် အသိအမှတ်ပြုတံဆိပ်ပြားကို ပေးအပ်ခဲ့သူဖြစ်နေသည်။
တော်ဝင်နန်းတွင်း၏အမတ်ကြီးများအနက်မှတစ်ယောက်ဖြစ်သည့်အပြင် တော်ဝင်ခန်းမ၏အတွင်းဝန်လည်းဖြစ်သော ထိုလူကြီး၏ဖျင်ကြမ်းအင်္ကျီတစ်ထည်လုံး ရွှံများဖြင့်ဖုံးလွှမ်းနေသည်။သို့ရာတွင် သူ့ကိုကြည့်ရသည်မှာ ထိုကိစ္စကို အနည်းငယ်မျှပင် အာရုံစိုက်ပုံမရချေ။သူက အပြုံးနှင့် သူ၏လက်အတွင်းရှိရွှံများကို ခါထုတ်လိုက်၏။
"စီနီယာအကို့ကို နှုတ်ဆက်ပါတယ်"
လုယွီက ထိုလူကြီးကို အရိုအသေပြုလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ ထိုလူကြီးသည် သူ၏အသက်ကိုကယ်တင်ခဲ့ဖူးသူဖြစ်သည်။လုယွီသည် ကျေးဇူးတရားနှင့်ရန်ငြိုးမုန်းတီးမှုတို့နှင့်ပတ်သက်၍ ကောင်းစွာသိရှိနားလည်ပေ၏။သူသည် တခြားသူများမှ သူ့အားကူညီပေးခဲ့သော ကြင်နာမှုကို ကောင်းစွာမှတ်သားထားသူဖြစ်သည်။
ဖူကျစ်ရွှယ်က ခပ်ဖျော့ဖျော့အပြုံးနှင့်ပြောဆိုသည်။
"ညီအကိုတွေကြားမှာ ကျင့်ဝတ်ထုံးတမ်းတွေလုပ်နေစရာ မလိုပါဘူး...ဆရာသခင်က မင်းကိုအထဲမှာစောင့်နေတာ အချိန်အတော်ကြာနေပြီ"
ကျောက်တုံးအိမ်၏နံဘေးတွင် ခြံဝန်းငယ်နှစ်ခုရှိနေသည်။ပထမခြံဝန်းအတွင်းတွင် ကျောက်ကြိတ်စက်တစ်လုံးရှိနေပြီး တခြားခြံဝန်းအတွင်းတွင် နားရွက်များအောက်သို့တွဲကျနေသည့် ခွေးဝါကြီးတစ်ကောင်ရှိနေလေ၏။ထိုခွေးဝါကြီးသည် လုယွီ ခြံဝန်းအတွင်းသို့ဝင်ရောက်လာသည့်တိုင် လျစ်လျှူရှုထားပြီး နှစ်ခြိုက်စွာအိပ်မောကျနေဆဲပင်။
"အမ်...ဒီခွေးက..."
လုယွီ၏မျက်ခုံးများ မြင့်တက်သွားသည်။
ထိုခွေးဝါကြီးသည် သာမာန်ထက်သာလွန်ထူးကဲသောအရာမရှိဟု ထင်ရသော်လည်း ထိုခွေး၏ခန္ဓာကိုယ်အတွင်း၌ အစွမ်းထက်သောစိတ်ဝိညာဥ်တစ်ခု ကိန်းအောင်းနေခြင်းကို လုယွီက ရှင်းရှင်းလင်းလင်း အာရုံခံနိုင်ခဲ့သည်။
ထိုစွမ်းအားသည် နယ်မြေသခင်တစ်ယောက်နှင့်ပင် နှိုင်းယှဥ်နိုင်လေ၏။
"ဝမ်ရှန့်သူတော်စင်က မွေးမြူထားတဲ့ခွေးဖြစ်နေမှတော့...ဒီခွေးက သာမာန်မှော်သားရဲတော့မဖြစ်နိုင်ဘူး"
လုယွီက တီးတိုးရေရွတ်လိုက်သည်။
ထိုအချိန်မှာပင် ကျောက်တုံးအိမ်၏တံခါးသည် လေတိုက်ခတ်ခြင်းမရှိဘဲ ပွင့်လာခဲ့သည်။
"အထဲကိုဝင်ခဲ့"
ကြည်လင်ပြတ်သားသောအသံတစ်သံက ကျောက်တုံးအိမ်အတွင်းမှ ထွက်ပေါ်လာသည်။
လုယွီက အိမ်အတွင်းသို့ဝင်လိုက်သည်နှင့် ပရိဘောဂပစ္စည်းများအားလုံး အလွန်ရိုးရှင်းနေသည်ကို တွေ့မြင်မိပေ၏။အိမ်အတွင်း၌ ရိုးရှင်းပြီးအကြမ်းထည်ဆန်သော ပရိဘောဂပစ္စည်းတချို့သာရှိနေသည်။
ကျောင်းတော်သားဝတ်စုံဝတ်ဆင်ထားသော လူကြီးတစ်ယောက်က ခုံစောင်းတစ်ခု၏ရှေ့၌ မတ်တတ်ရပ်နေသည်။ထိုခုံစောင်းပေါ်၌ စာရွက်တစ်ရွက်ကိုဖြန့်ထားပြီး ထိုအရာပေါ်၌ 'တာအို'ဟူသော စာလုံးတစ်လုံးတည်းကိုသာ ရေးသားထားလေ၏။
ထိုစာလုံးကိုတွေ့မြင်ချိန်တွင် လုယွီက ခေါင်းမူးဝေလာခြင်းကို ခံစားမိသည်။ဤသည်က သူ၏ခန္ဓာကိုယ်ကို တစ်စုံတစ်ယောက်မှဝင်၍ ထိန်းချုပ်နေသကဲ့သို့ပင်။
သို့ရာတွင် ရုတ်ချည်းဆိုသလိုပင် လုယွီက အသိစိတ်ပြန်ဝင်လာခဲ့သည်။သူ၏နောက်ကျောတပြင်လုံး ချွေးစေးများဖြင့် ရွှဲနစ်နေပေ၏။
ဤသည်က သူနှင့်ဝမ်ရှန့်သူတော်စင်ဆုံတွေ့ဖူးသော ပထမဆုံးအကြိမ်ဖြစ်သည်။အတိတ်ဘဝတွင်ပင် သူသည် ဝမ်ရှန့်သူတော်စင်နှင့် ဆုံတွေ့ဖူးခြင်းမရှိချေ။
ဝမ်ရှန့်သူတော်စင်ယီယန်သည် နှိမ့်ချ၍နေထိုင်တက်သူတစ်ယောက်ပင်။သူ့ထံ၌ တပည့်အမြောက်အများရှိသော်လည်း သူ တိုက်ခိုက်သည်ကို မည်သူမျှမြင်တွေ့ဖူးခြင်းမရှိချေ။သူရေးသားထားသော စာတမ်းများကသာ လောကကြီးတခွင်လုံးအနှံ့ ပျံ့နှံ့နေသည်။
ကျင့်ကြံခြင်းနိုင်ငံများဖြစ်စေ သေမျိုးနိုင်ငံများဖြစ်စေ စာပေကိုလေ့လာသင်ယူသော မည်သည့်နေရာတွင်မဆို ယီဟန်ကိုစာပေသူတော်စင်အဖြစ်သတ်မှတ်ထားကာ သူ၏ရုပ်ထုများစိုက်ထူ၍ ဝတ်ပြုကိုးကွယ်ကြသည်။ထို့ကြောင့် စာပေသူတော်စင်၏အဆင့်အတန်းသည် လူအများ စိတ်ကူးယဥ်တွေးတောနိုင်စွမ်းထက် ကျော်လွန်နေပေ၏။
သူ၏အတိတ်ဘဝတွင် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်ကိုစိန်ခေါ်ရန် တော်ဝင်မြို့တော်သို့လာခဲ့စဥ်၌ လမ်းတလျှောက်လုံး တိုက်ခိုက်မှုပေါင်းများစွာနှင့်ရင်ဆိုင်ခဲ့ရသည်ကို သူ အမှတ်ရနေဆဲဖြစ်သည်။ထိုအချိန်တုန်းက မင်းသားအမြောက်အများနှင့် သူ ရင်ဆိုင်တိုက်ခိုက်ခဲ့ရသော်လည်း ယီဟန်နှင့် မဆုံတွေ့ခဲ့ရချေ။
Chapter 2065
"ဝမ်ကျီးက ဒီစာလုံးကိုမြင်လိုက်တဲ့အချိန်မှာ တွေဝေမိန်းမောသွားခဲ့တာ အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းပြီးချိန်ကျမှ သူက အသိစိတ်ပြန်ဝင်လာတယ်...မင်းက ဒီလောက်ထိလုပ်ဆောင်နိုင်တာ မဆိုးဘူး"
ဝမ်ကျီးသည်လည်း ဖူကျစ်ရွှယ်၏နာမည်တစ်ခုဖြစ်ပေ၏။ဖူကျစ်ရွှယ်သည် ထိုစာလုံးကိုမြင်ပြီးနောက် တွေဝေမိန်းမောသွားကာ အချိန်အတော်ကြာမှ အသိစိတ်ပြန်ဝင်လာသည်ဟု ဆိုလိုခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ထိုစာလုံးသည် မည်မျှထိ ထိတ်လန့်ကြောက်ရွံဖွယ်ကောင်းသည်ကို လုယွီ ကောင်းစွာသိရှိထားသည်။
စာပေသူတော်စင်သည် မြောက်မြားစွာသောသက်ရှိများ၏နေ့မနားညမအား ဝတ်ပြုကိုးကွယ်ခြင်းခံရသူပင်။သူ ရေးသားသောစကားလုံးသည် အလွန်ရိုးရှင်းနေသည့်တိုင် တာအိုဥပဒေသများ ရောယှက်ပါဝင်နေသည်။
လုယွီသည် ကွန်ဖြူးရှပ်တာအိုဥပဒေသ၏တစိတ်တဒေသကို ရရှိထားသဖြင့် ကွန်ဖြူးရှပ်တာအိုပညာရှင်များသည် ကွန်ဖြူးရှပ်တာအိုကို အဆုံးစွန်ဆုံးအဆင့်ထိ ကျင့်ကြံထားပါက ဥပဒေသများပါဝင်သော စာလုံးများကို ရေးသားနိုင်ပေမည်။ဝမ်ရှန့်သူတော်စင်သည် သူတော်စင်ဟု အစစ်အမှန်ခေါ်ဝေါ်ထိုက်ပေ၏။
အကယ်၍ လုယွီထံတွင် တာအိုသခင်၏စိတ်ဝိညာဥ်နှင့်ကျစ်လစ်ခိုင်မာသော ကျင့်ကြံခြင်းအခြေခံသာရှိမနေပါက ဤစာလုံးကြောင့် မိန်းမောတွေဝေရခြင်းမှနေ၍ ဤမျှထိလျှင်မြန်စွာ နိုးထနိုင်မည်မဟုတ်ချေ။
လုယွီက စာပေသူတော်စင်ယီဟန်ကို ကြည့်လိုက်၏။သူသည် တခြားကျောင်းတော်များတွင် တွေ့မြင်ရသော သူတော်စင်များနှင့် တူညီမှုတချို့ရှိနေသည်။သို့ရာတွင် သူ့ထံ၌ ကြီးကျယ်ခမ်းနားမှုများ ကင်းမဲ့နေပြီး အိမ်နီးချင်းအဖိုးအိုတစ်ယောက်ကဲ့သို့ သဟဇာတဖြစ်မှုများသာရှိနေပေ၏။
အိုမင်းပြီးအရေးအကြောင်းများပြည့်နှက်နေသော မျက်ခွံများအောက်တွင် အသိဥာဏ်ပညာများပြည့်ဝနေပုံရသော မျက်လုံးတစ်စုံကိန်းအောင်းနေသည်။ဤသည်က လောကကြီးအတွင်းရှိအရာရာတိုင်းသည် ဤမျက်လုံးတစ်စုံ၏မြင်ကွင်းအတွင်းမှ မလွတ်မြောက်နိုင်သကဲ့သို့ပင်။
ထိုအဖိုးအို၏ရှေ့၌ မတ်တတ်ရပ်နေစဥ်တွင် သူ့အားနွေဦးလေပြည်လေညှင်း ဖြတ်သန်းတိုက်ခတ်သွားသကဲ့သို့ခံစားရပြီး တောင်တစ်လုံးကဲ့သို့လေးလံသော သမိုင်းကြောင်းပင်လယ်အတွင်းသို့ နစ်မြုပ်သွားသောခံစားချက်မျိုးကိုလည်း ခံစားနေရသည်။ဤသည်က အသိဥာဏ်ပညာကြွယ်ဝမှုကို ရုပ်လုံးဖော်ပြနေပြီး လျှို့ဝှက်ကြံစည်မှုများအားလုံး သူ၏ထိန်းချုပ်မှုအောက်မှ လွတ်မြောက်နိုင်ပုံမရချေ။
လုယွီက ပြန်လည်တွေးတောလိုက်၏။အကယ်၍ သူ၏အတိတ်ဘဝတွင် သူဆက်ရှိနေလျှင်ပင် စာပေသူတော်စင်ကို အထူးဂရုစိုက်၍နေရပေမည်။
"တပည့်က ဆရာသခင်ကိုအရိုအသေပြုပါတယ်"
လုယွီက စာပေသူတော်စင်ကို အရိုအသေပြုလိုက်သည်။
မည်သည့်ကိစ္စများ ရှိခဲ့ပါစေ ဤဘဝတွင် သူသည် ကွန်ဖြူးရှပ်တာအိုကိုကျင့်ကြံပြီး စာပေသူတော်စင်ယီဟန်၏တပည့်ဖြစ်လာခဲ့သည်။
ဖူကျစ်ရွှယ်သည် သူ့အားအကြိမ်ပေါင်းများစွာ ကယ်တင်ခဲ့ပြီး ထိုကိစ္စများ၏နောက်ကွယ်၌ စာပေသူတော်စင်ယီဟန်ရှိနေသည်။စာပေသူတော်စင်သည် မည်သည်ကြောင့် သူ့အား တန်ဖိုးထားဆက်ဆံနေသည်ကို သူ မသိရှိသော်လည်း လုယွီသည် သူ၏စိတ်နှလုံးသား အနက်ရှိုင်းဆုံးနေရာမှနေ၍ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်နေမိသည်။
"မင်း တက်လှမ်းလာပြီးတော့ ဘာတွေဖြစ်ခဲ့လဲဆိုတာ ငါ သိပြီးပြီ...မင်း တော်ဝင်စစ်တပ်ထဲမှာ အများကြီးအကျိုးဆောင်ခဲ့တာကိုလည်း ငါ သိထားတယ်....မင်းက မင်းရဲ့စစ်ရေးအောင်မြင်မှုတွေကို မင်းရဲ့ကိုယ်ပိုင်ခွန်အားနဲ့ရရှိခဲ့ပြီးတော့ ငါ့ကြောင့်မဟုတ်ဘူးဆိုတာလည်း လူတွေအများကြီးက သိထားကြတယ်...မင်း ကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ"
ယီဟန်သည် နူးညံညင်သာစွာပြောဆိုနေသော်လည်း သူ၏မျက်လုံးများက လုယွီကို စူးစိုက်ကြည့်နေဆဲပင်။
"ဒါတွေအားလုံးက ဆရာသခင်ရဲ့ထောက်ပံကူညီပေးမှုကြောင့်ပါပဲ...တကယ်လို့ ဆရာသခင်ရဲ့ဂုဏ်သတင်းကြောင့်သာမဟုတ်ရင် နတ်ဘုရားအမတ်ကြီးရှက တပည့်ကို သတ်ပြီးနေလောက်ပြီ"
လုယွီက ထပ်မံ၍ အရိုအသေပြုလိုက်၏။
ယီဟန်က ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။
"ဘယ်လိုပဲဖြစ်ဖြစ် ရှေးဟောင်းကောင်းကင်ဘုံတရားရုံးက အကြောင်းကိစ္စတွေအများကြီးနဲ့စပ်ဆက်နေတယ်...ငါက မင်းရဲ့လျှို့ဝှက်ချက်ကို အကောင်းဆုံးဖုံးကွယ်ပေးထားတယ်...ဒါပေမယ့် ဒါက ယာယီအခိုက်အတန့်ပဲရမယ်...ရှေးဟောင်းကောင်းကင်ဘုံတရားရုံးရဲ့ကိစ္စက အနှေးနဲ့အမြန် လူသူအများရှေ့မှာ ထွက်ပေါ်လာမှာပဲ...အဲ့ဒီအချိန်အတွက် မင်း ပြင်ဆင်ထားရလိမ့်မယ်"
ယီဟန်၏စကားကိုကြားချိန်တွင် လုယွီ၏စိတ်နှလုံးသား လေးလံသွားသည်။
ရှေးဟောင်းကောင်းကင်ဘုံတရားရုံးနှင့်ပတ်သက်၍ သိရှိထားသော လူအမြောက်များရှိနေသည်။အောက်ဘုံမှနေ၍ လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ၏ပုံရိပ်ယောင်ကမ္ဘာအတွင်းသို့ ဝင်ရောက်ခဲ့သောသူ မည်မျှများများရှိနေသနည်း။သူတို့အားလုံးသည် ကိစ္စများအားလုံးကို အစမှအဆုံးတိုင် သိရှိထားကြ၏။
ရှေးဟောင်းခေတ်ကာလများသည် အစစ်အမှန်ထာဝရအသက်ကိုရရှိနိုင်သော ခေတ်ကာလများဖြစ်သည်။
ထို့ကြောင့် မည်သည့်အစွမ်းထက်ကျင့်ကြံသူမဆို ရှေးဟောင်းခေတ်ကာလများမှ ထာဝရအသက်ကို ရယူလိုသည်။ယခုလက်ရှိချိန်၌ အကယ်၍ တစ်စုံတစ်ယောက်သည် မိုးကောင်းကင်အောက်၌ ပြိုင်ဘက်ကင်းတည်ရှိမှုကြီးဖြစ်နေလျှင်ပင် အချိန်များတရွေ့ရွေ့ ကုန်လွန်လာသည်နှင့်အမျှ တဖြည်းဖြည်း ပျောက်ကွယ်သွားပေမည်။
ရှေးဟောင်းကောင်းကင်ဘုံတရားရုံးအကြောင်း ထွက်ပေါ်လာသည်နှင့် လျှို့ဝှက်ပုန်းကွယ်နေသောအစွမ်းထက်ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် သူ့ထံရောက်ရှိလာမည်ကို လုယွီက ကောင်းစွာသိရှိထားသည်။
ယခုလက်ရှိချိန်၌ သူသည် လောကီအင်မော်တယ်တစ်ယောက်သာဖြစ်သည်။အကယ်၍ သူသည် ရွှယ်အင်မော်တယ်တစ်ယောက်နှင့် လက်ရည်တူတိုက်ခိုက်နိုင်သည့်တိုင် သူ၏ခွန်အားသည် အလွန်အားနည်းနေဆဲပင်။
"ဆရာသခင်ရဲ့ကူညီပေးမှုအတွက် ကျေးဇူးတင်ပါတယ်"
လုယွီက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ အရိုအသေပြုကာ ပြောဆိုလိုက်၏။
ယခုလက်ရှိချိန်တွင် သူ၏ခွန်အားကိုမြှင့်တင်နိုင်ရန်အတွက် အချိန်များစွာလိုအပ်နေသည်။
ယီဟန်၏သတိပေးမှုသည် သူ့အား အသတ်ခံရမည့်ဘေးမှ ရှောင်ရှားနိုင်ရန် အချိန်တချို့ယူဆောင်လာပေးသည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
Thank For Reading.