အခန်း (၂၀၆၆-၂၀၇၀)
Vol. 107 Ch. 2066-2070
Chapter 2066
"ငါက မင်းအတွက် အချိန်ခဏတာပဲ ဖုံးကွယ်ပေးထားနိုင်မယ်...တကယ်လို့ မင်းက ငြိမ်းငြိမ်းချမ်းချမ်းနေချင်တယ်ဆိုရင်တော့ မင်းအပေါ်မှာပဲ မူတည်တယ်...သတ်ဖြတ်ခြင်းပညာရပ်တွေ ငါ မင်းကို သင်ကြားမပေးနိုင်ဘူး...အနာဂတ်မှာ မင်းက အောင်မြင်မှုတွေရရှိပြီးတော့ လောကကြီးအတွက် ငြိမ်းချမ်းရေးကို ဆောင်ယူပေးနိုင်မယ်လို့ ငါ မျှော်လင့်ထားတယ်"
ယီဟန်က လုယွီ၏မျက်လုံးကို စူးစိုက်၍ကြည့်နေလေ၏။
လုယွီသည် အနည်းငယ်မျှပင် စိတ်မသက်မသာဖြစ်မှုမျိုး မခံစားရဘဲ သူက တည်ငြိမ်စွာပြောဆိုလိုက်သည်။
"တပည့်က ဆရာသခင်ရဲ့ဆန္ဒအတိုင်း လုပ်ဆောင်ပါ့မယ်"
ယီဟန်က သူ၏လက်ကိုဝှေ့ယမ်းလိုက်၏။
"ငါ ဆက်ပြီးကျင့်ကြံလိုက်အုံးမယ်...မင်း အရင်ဆုံးထွက်သွားတော့"
လုယွီသည် ကျောက်တုံးအိမ်မှထွက်ခွာခဲ့ပြီးနောက် ဖူကျစ်ရွှယ်က ခြံဝန်းအတွင်း၌ထိုင်နေခြင်းကို သူ တွေ့မြင်မိသည်။သူ၏နံဘေး၌ ခွေးဝါကြီးသည် ပျင်းရိငြီးငွေ့သောအမူအယာဖြင့် မြေပြင်ပေါ်၌ လဲလျောင်းနေသည်။
"ဂျုနီယာညီလေး...နောက်ဆုံးတော့ မင်း ထွက်လာပြီပေါ့"
ဖူကျစ်ရွှယ်သည် ပေါ့ပါးပြီးရိုးရှင်းသောဝတ်စုံတစ်စုံကို ပြောင်းလဲဝတ်ဆင်ထားသည်။သူ့ကိုကြည့်ရသည်မှာ သာမာန်ကျောင်းတော်သားတစ်ယောက်နှင့် တူညီနေသည်။
သူသည် ဤနှစ်အတွင်းတွင် အသက်သုံးဆယ်ပြည့်ပေမည်။သူသည် လုယွီထက် နှစ်အနည်းငယ်သာပို၍ အသက်ကြီးပေ၏။သို့ရာတွင် သူ၏ပါးသိုင်းမွှေးများ အဖြူရောင်သို့ ပြောင်းလဲနေခြင်းမှာ သူ အလွန်စဥ်းစားတွေးတောသောကြောင့်ဖြစ်နိုင်သည်။
လုယွီ တည်ငြိမ်နေဆဲဖြစ်သည်ကိုကြည့်ပြီး ဖူကျစ်ရွှယ်၏မျက်လုံးအတွင်း၌ အလင်းတန်းများဖြတ်ပြေးသွားသည်။
"မင်း ဒီလောက်မြန်မြန်ထွက်လာနိုင်မယ်လို့ ငါ ထင်မထားမိဘူး...ကြည့်ရတာတော့ ဂျုနီယာညီလေးရဲ့ကျင့်ကြံခြင်းအခြေခံက ငါတွေးထားတာထက် ပိုပြီးနက်နဲသိမ်မွေ့ပုံပဲ"
"စီနီယာအကိုကတော့ ကျွန်တော်ကို ရယ်စရာဖြစ်အောင်ပြောနေပြီ"
လုယွီက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ပြောဆိုသည်။
ဖူကျစ်ရွှယ်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။
"ဂျုနီယာညီလေး...အရမ်းကြီးယဥ်ကျေးမနေပါနဲ့...ငါတို့ ဒီနေ့ တခြားကိစ္စတွေ ဘာမှမပြောတော့ဘူး...ငါက မင်းကို ရှားရှားပါးပါးတွေ့ရတာ...မင်းနဲ့ငါ အတူသွားသောက်ရအောင်"
ထို့နောက် ဖူကျစ်ရွှယ်က ခွေးဝါကြီးဘက်သို့လှည့်ကာ ပြောဆိုလေသည်။
"စီနီယာအကို...ကျွန်တော်တို့ သွားသောက်ကြမလို့...စီနီယာအကိုရော ကျွန်တော်တို့နဲ့အတူ လိုက်အုံးမလား"
ခွေးဝါကြီးသည် ဖူကျစ်ရွှယ်ကို ကြည့်ပြီးနောက် လုယွီကိုတစ်ချက်ကြည့်ကာ ပြောဆိုလိုက်၏။
"ငါ ဒီနေ့ ပင်ပန်းနေတယ်...နောက်နေ့မှ ငါ မင်းတို့နဲ့ အတူလိုက်တော့မယ်"
"ကောင်းပြီလေ...ဒါဆို ကျွန်တော်တို့သွားတော့မယ်"
ဖူကျစ်ရွှယ်သည် လုယွီကိုခေါ်ဆောင်၍ ခြံဝန်းအတွင်းမှ ထွက်ခွာခဲ့တော့သည်။
လုယွီက မေးမြန်းလိုက်၏။
"အဲ့ဒီခွေးဝါကြီးက တာအိုကိုအောင်မြင်ပြီးမြောက်ပြီး ကောင်းကင်ဘုံကိုတက်လှမ်းလာတဲ့ ဒဏ္ဍာရီလာပုဂ္ဂိုလ်ရဲ့မှော်သားရဲမဟုတ်လား"
"အမှန်ပဲ...မင်းလည်း ဆရာသခင်လို အောက်ဘုံကနေတက်လှမ်းလာတဲ့လူပဲလေ...ဒီဒဏ္ဍာရီကို မင်း ကြားဖူးမှာပေါ့...စီနီယာအကိုက ဆရာသခင်ရဲ့အိမ်တော်မှာ မွေးထားတဲ့ခွေးတစ်ကောင်ပဲ...ဆရာသခင်က တာအိုကိုအောင်မြင်ပြီးမြောက်ပြီးတော့ သူတော်စင်ဖြစ်လာတဲ့အချိန်မှာ စီနီယာအကိုက နံဘေးမှာရှိနေတော့ စိတ်ဝိညာဥ်စွမ်းအားတွေ သူ့ဆီမှာလည်း စွဲကပ်သွားတယ်...ဆရာသခင်က ခွဲခြားဆက်ဆံတာမျိုးမရှိဘဲနဲ့ စီနီယာအကို့ကို ဖိဖိစီးစီးသင်ကြားပေးခဲ့တယ်...စီနီယာအကိုဆီမှာ ကိုယ်ပိုင်အသိဥာဏ်ရှိနေတော့ ဆရာသခင်က သူ့ကို အိမ်မွေးမှော်သားရဲတစ်ကောင်အနေနဲ့ မဆက်ဆံတော့ဘူး...သူ့ကို တပည့်အဖြစ်နဲ့ သင်ကြားပေးခဲ့တယ်"
ဖူကျစ်ရွှယ်က ဆက်လက်ပြောဆိုသည်။
"သူ့ရဲ့ပျင်းရိငြီးငွေ့နေတဲ့ပုံကိုပဲ မင်း မကြည့်နဲ့...သူ့ရဲ့ခွန်အားက ငါနဲ့မင်းထက် အများကြီးပိုမြင့်မားတယ်"
ထို့နောက် ဖူကျစ်ရွှယ်က တစ်စုံတစ်ခုကို အာရုံခံမိသွားပုံဖြင့် အပြုံးနှင့်ပြောဆိုလိုက်၏။
"နောက်တစ်ယောက်ကတော့ တခြားကိစ္စတွေဆို ဘာတက်ကြွမှုမှမရှိဘူး...သူက ဝိုင်အရက်သောက်ကြမယ်ဆိုတဲ့အသံကြားရင်တော့ သူ့ရဲ့လက်ကိုပွတ်သပ်ပြီး ရောက်လာတာပဲ"
ထိုစကားသံပြီးဆုံးသွားသောအချိန်မှာပင် အေးစက်သောလေပြည်တစ်ချက်က သူတို့နှစ်ယောက်၏ရှေ့သို့ ဖြတ်သန်းတိုက်ခိုက်သွားသည်။ပိုးထည်ဝတ်စုံကိုဝတ်ဆင်ထားသော ချောမောခန့်ညားသူတစ်ယောက်က သူတို့၏ရှေ့ လေထုအတွင်းသို့ ရောက်ရှိနေလေ၏။
"ဝမ်ကျီး...မင်းက ငါ့နောက်ကွယ်မှာ ငါ့ရဲ့မကောင်းကြောင်းတွေ ပြောနေတာပေါ့လေ...ငါ မကြားဘူးလို့ မင်း ထင်နေတာလား"
ထိုလူသည် ယခင်က လုယွီနှင့်တွေ့ဆုံခဲ့ဖူးသော နတ်ဘုရားဓားအမတ်ကြီးပင်။
ဤအချိန်အခိုက်အတန့်တွင် ပတ်ဝန်းကျင်နေရာတစ်ခုလုံး၌ မည်သည့်သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒမျှရှိမနေချေ။နတ်ဘုရားဓားအမတ်ကြီးသည် တော်ဝင်မြို့တော်၏နေရာအနှံ့အပြား၌ မြင်တွေ့နေရသော ကျောင်းတော်သားများနှင့်တူညီနေပြီး သူ၏အရှိန်အဝါကို အလွန်အမင်းထိန်းချုပ်ဟန့်တားထားသည်။
"ဟား ဟား ဟား...လုယွီ....ငါတို့ မကြာခင် ပြန်တွေ့ကြမယ်လို့ ငါ ပြောခဲ့တယ်လေ...ဒါပေမယ့် ဒီလောက်ထိမြန်မယ်လို့တော့ ငါ မျှော်လင့်မထားမိဘူး"
နတ်ဘုရားဓားအမတ်ကြီးသည် လေထုအတွင်းမှဆင်းသက်လာကာ ရယ်မောရင်း သူတို့ထံသို့ လျှောက်လှမ်းလာလေ၏။
"အရှင်အမတ်ကြီးကို အရိုအသေပြုပါတယ်"
လုယွီက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ပြောဆိုလိုက်သည်။
နတ်ဘုရားဓားအမတ်ကြီးက သူ၏ခေါင်းကို ခါယမ်းပြလေ၏။
"ဝမ်ကျီးနဲ့ငါက သွေးသောက်ညီအကိုတွေ...မင်းက ဝမ်ကျီးရဲ့ဂျုနီယာညီလေးဖြစ်နေမှတော့ ငါက မင်းထက် အသက်နည်းနည်းပဲပိုကြီးတာ...မင်း ငါ့ကို တတိယအကိုကြီးလို့ခေါ်နိုင်တယ်"
လုယွီသည် သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ အနည်းငယ်အံ့အားသင့်သွားသော်လည်း ချက်ချင်းဆိုသလိုပင် နားလည်သဘောပေါက်သွားသည်။နတ်ဘုရားဓားအမတ်ကြီးသည် အလွန်ပွင့်လင်းသော စိတ်နေသဘောထားရှိသူဖြစ်သည်။
ဖူကျစ်ရွှယ်က ကူကယ်ရာမဲ့စွာ ပြောဆိုလိုက်၏။
"ဒီနေ့ ငါနဲ့ဂျုနီယာညီလေးက အတူသွားသောက်ကြမလို့...မင်းက အချိန်ကောင်းကို ရွေးပြီးလာတာပဲ ..ကောင်းပြီလေ....ငါတို့ အတူသွားသောက်ကြရအောင်"
နတ်ဘုရားဓားအမတ်ကြီးက ရယ်မောလိုက်သည်။
"ဒါဆိုရင် တံလျှပ်ပင်လယ်မျှော်စင်ကို သွားကြရအောင်...ငါနဲ့ဝမ်ကျီးက လစာထုတ်ထားတာ မကြာသေးဘူး ..ညီငယ်လေးကို ငါတို့နှစ်ယောက်က ဝယ်တိုက်ရမှာပေါ့"
သူတို့သုံးယောက်သည် စကားပြောဆိုပြီးနောက် တော်ဝင်မြို့တော်တွင် ခမ်းနားထည်ဝါဆုံးစားသောက်ဆိုင်ဖြစ်သော တံလျှပ်ပင်လယ်မျှော်စင်ထံသို့ သွားလိုက်ကြသည်။
Chapter 2067
ရထားလုံးသည် အလွန်လျှင်မြန်စွာဖြင့်ပင် တံလျှပ်ပင်လယ်မျှော်စင်၏ရှေ့သို့ ရောက်ရှိလာခဲ့သည်။
ဤသည်က တော်ဝင်မြို့တော်တစ်ခုလုံးတွင် ခမ်းနားထည်ဝါဆုံးစားသောက်ဆိုင်ဖြစ်ပေ၏။တံလျှပ်ပင်လယ်မျှော်စင်သည် အထပ်ဆယ့်နှစ်ထပ်ရှိပြီး အထပ်တစ်ခုခြင်းသည် အလွန်အမင်း ကျယ်ဝန်းကာ မြင့်မားသည်။
တံလျှပ်ပင်လယ်မျှော်စင်ကို ရေကန်တစ်ကန်က ဝိုင်းရံထားသည်။ညစဥ်ညတိုင်း ထိုရေကန်၏မျက်နှာပြင်မှနေ၍ ပါးလွှာသောတိမ်တိုက်တစ်ခု မြင့်တက်လာပြီး ထိုအရာအတွင်း၌ နဂါးတစ်ကောင်လူးလွန့်နေသောပုံရိပ်က မျောလွင့်နေသည်။ဤသည်က အလွန်အံ့အားသင့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။
ဤအချိန်အခိုက်အတန့်တွင် တံလျှပ်ပင်လယ်မျှော်စင်တစ်ခုလုံး အလင်းရောင်များဖြင့် တောက်ပနေကာ လှပချောမောသောအစေခံများက ရှေ့နောက်ခေါက်တုံခေါက်ပြန် သွားလာနေကြ၏။မျှော်စင်အတွင်းမှလည်း အော်ဟစ်ရယ်မောသံများ ထွက်ပေါ်နေသည်။
"ဝမ်ကျီး...မင်းက မြေအောက်လောကကိုသွားပြီး ညှိနှိုင်းဆွေးနွေးဖို့ အမိန့်ရထားတယ်လို့ ငါ ကြားထားတယ်...မင်း သွားတာ ဘာလို့ဒီလောက်ထိကြာနေတာလဲ"
"ငါက တော်တော်လေးခက်ခဲတဲ့အခြေအနေထဲကို ကျရောက်သွားခဲ့တယ်...နတ်ဘုရားအမတ်ကြီးရှက ဘယ်လိုသတ္တိမျိုးနဲ့လုပ်ခဲ့တယ်ဆိုတာတော့ ငါ မသိဘူး...သူက မြေအောက်လောကနယ်မြေရဲ့နယ်မြေသခင်တစ်ယောက်ကို သတ်လိုက်တယ်....တော်ဝင်နန်းတော်က မြေအောက်လောကနယ်မြေနဲ့ပတ်သတ်တဲ့ကိစ္စတွေကို အမြဲတမ်းသတိထားပြီး ဆောင်ရွက်နေခဲ့တာ....သူက ဒီလိုကိစ္စမျိုး လုပ်လိမ့်မယ်လို့ ဘယ်သူကထင်မိမှာလဲ...သူက ဒီနှစ်တွေအားလုံးမှာ တော်ဝင်နန်းတော်က ကြံစည်ထားသမျှ အစီအစဥ်တွေအားလုံးကို ဖျက်ဆီးပစ်လိုက်တယ်...ငါက ကြယ်နယ်မြေသခင်ရှစ်ဆယ်ကျော်ကို နေရာပြောင်းရွှေ့ခဲ့ရပြီးတော့ ကာကွယ်ရေးနဲ့တိုက်ခိုက်ရေးအစီအမံတွေအားလုံးကို အသင့်ပြင်ဆင်ခဲ့ရတယ်...ဒါက မြေအောက်လောကနယ်မြေ ပုန်ကန်မှာကို ကာကွယ်ဖို့အတွက်ပဲ"
နတ်ဘုရားဓားအမတ်ကြီးက သရော်တော်တော် ပြောဆိုလိုက်သည်။
"ရှကွေ့ကျုံးက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ နတ်ဘုရားအမတ်ကြီးဖြစ်လာခဲ့တယ်...ဒါပေမယ့် သူက ရှမိသားစုဝင်သာမဟုတ်ဘူးဆိုရင် သူ့ရဲ့စစ်ရေးအောင်မြင်မှုက ဒီရာထူးကိုရဖို့ မလုံလောက်သေးဘူး...ဒါတောင်မှ ရှကွေ့ကျုံးက တော်ဝင်စစ်တပ်ထဲမှာ သူ့ရဲ့ကိုယ်ပိုင်စစ်တပ်ကိုတည်ထောင်ဖို့ ကြိုးစားနေတယ်"
ထို့နောက် နတ်ဘုရားဓားအမတ်ကြီးက ရုတ်တရက် လုယွီကို ကြည့်လိုက်၏။
"ရှကွေ့ကျုံးက မင်းကို ပြဿနာရှာနေတယ်လို့ ငါ ကြားထားတယ်...ငါ သူ့ဆီသွားပြီး သင်ခန်းစာပေးလိုက်ရမလား"
သူတို့နှစ်ယောက်လုံးသည် နတ်ဘုရားအမတ်ကြီးများဖြစ်သော်လည်း နတ်ဘုရားဓားအမတ်ကြီး နာမည်ကျော်ကြားခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ထို့ပြင် သူသည် ရှေးဟောင်းကောင်းကင်ဘုံတရားရုံးမှ ကျီစစ် ကျီမို အမွှာအင်မော်တယ်နှစ်ယောက်၏အမွေအနှစ်ကိုလည်း ဆက်ခံထားသည်။အကယ်၍ သူသည် ခွန်အားပြည့်အသုံးပြုလိုက်ပါက ခြေလှမ်းတစ်ဝက်အဆင့်တာအိုသခင်ကိုပင် အနိုင်ယူနိုင်ပေမည်။
ဤကဲ့သို့ပုံရိပ်မျိုးရှိသူဖြစ်သဖြင့် နတ်ဘုရားဓားအမတ်ကြီးသည် ရှကွေ့ကျုံးကို လွယ်လင့်တကူ သင်ခန်းစာပေးနိုင်ပေ၏။
လုယွီက ခေါင်းခါပြလိုက်သည်။
"ဒါက ရှကွေ့ကျုံးလေးပါပဲ...ကျွန်တော်တို့ညီအကိုတွေ အတူသောက်မယ့်ကိစ္စလောက် အရေးမကြီးဘူး"
သူသည် နတ်ဘုရားဓားအမတ်ကြီးအပေါ် များစွာမှီခိုအားထားလိုစိတ်မရှိသည်မှာ သူနှင့်ရှကွေ့ကျုံးအကြား၌ အလွန်နက်ရှိုင်းသောရန်ငြိုးများရှိနေခြင်းကြောင့်ပင်။သူ ထိုကိစ္စကို သူ ကိုယ်တိုင်ကိုယ်ကျ လက်စားချေရပေမည်။
နတ်ဘုရားဓားအမတ်ကြီးက ရယ်မောပြီး လုယွီကို သဘောတူကြောင်း လက်မထောင်ပြလိုက်သည်။
"ကောင်းတယ်...မင်းက ဝမ်ကျီးရဲ့ဂျုနီယာညီလေးဖြစ်ဖို့ ထိုက်တန်တယ်...ဒီလိုဆိုမှတော့ ငါက မင်းနဲ့ သေချာပေါက် မိတ်ဆွေဖွဲ့ရမယ်"
ဖူကျစ်ရွှယ်သည် တစ်စုံတစ်ခုကိုတွေးတောနေပုံရပြီး သူက ပြောဆိုလိုက်၏။
"ဒီတစ်ကြိမ် ငါ မြေအောက်လောကကိုသွားတဲ့အချိန်မှာ...အဲ့ဒီကနေ ဝိုင်အရက်ကောင်းတစ်အိုး ယူလာခဲ့တယ်....ငါ မင်းတို့အတွက်ယူလာပေးမှာကို စောင့်နေကြအုံး"
"ငါလည်း အရင်က ဝိုင်အရက်ကောင်းတစ်အိုးဖွက်ထားမိတာကို သတိရသွားတယ်...ပြောကြတာကတော့ အဲ့ဒီဝိုင်ကိုတစ်ကျိုက်သောက်လိုက်တာနဲ့ အရသာကိုးမျိုးခံစားရတယ်တဲ့...ငါ အဲ့ဒါကို မင်းတို့အတွက် ယူလာပေးမယ်"
စကားဆုံးသည်နှင့် နတ်ဘုရားဓားအမတ်ကြီးနှင့်ဖူကျစ်ရွှယ်တို့သည် အရိပ်အယောင်ပင်မကျန်ဘဲ ပျောက်ကွယ်သွားတော့သည်။
လုယွီသည် ထိုလူနှစ်ယောက်ကိုကြည့်ပြီး ကူကယ်ရာမဲ့စွာ သူ၏ခေါင်းကိုခါယမ်းလိုက်၏။
"သခင်လေး...ကျွန်တော်တို့ရောက်ပြီ"
အချိန်တခဏကြာပြီးနောက် ရထားလုံး၏ပြင်ပမှနေ၍ သက်ဝင်လှုပ်ရှားနေသောအသံများကို ကြားလိုက်ရသည်။
လုယွီသည် ရထားလုံးအတွင်းမှဆင်းလိုက်သည်နှင့် ချက်ချင်းဆိုသလိုပင် ငယ်ရွယ်ချောမောသောအစေခံမလေးများက သူ့ကို ဆီးကြိုကာ ရိုသေလေးစားစွာဖြင့် ပြောဆိုလေသည်။
"ဧည့်သည်တော်ကို ကြိုဆိုပါတယ်"
မိုးကောင်းကင်တာအိုတည်းခိုခန်းသို့သွားရောက်သည့် ယခင်ခရီးစဥ်နှင့်မတူညီဘဲ လုယွီသည် ဖူကျစ်ရွှယ်၏ရထားလုံးကို စီးနင်းလာခြင်းဖြစ်သည်။ရထားလုံး၏ရှေ့ခြမ်းသည် ခန်းမတစ်လုံးစာမျှကျယ်ဝန်းပြီး ရထားလုံးကိုဆွဲသောမှော်သားရဲများသည် နတ်ဆိုးသားရဲဘုရင်အဆင့်များဖြစ်ပေ၏။ထိုနတ်ဆိုးသားရဲများသည် အလွန်ခွန်အားကောင်းမွန်ပြီး တစ်ရက်လျှင် မိုင်ထောင်နှင့်ချီ၍ ခရီးသွားလာနိုင်သည်။
ရထားလုံး၏ကိုယ်ထည်ကို အထူးသီးသန့်ခရမ်းရောင်ရွှေဖြင့် သွန်းလောင်းထားပြီး ထိုအရာပေါ်တွင် လက်ရာမြောက်သောချီလင်ပုံသဏ္ဍာန်များ ရေးထွင်းထားသည်။ရထားလုံး၏ထောင့်လေးထောင့်တွင် အဖိုးတန်ရှားပါးသောပုလဲအမြောက်အများကို နှစ်မြုပ်ထားလေ၏။
ဤရထားလုံးမျိုးကို တော်ဝင်နန်းတော်မှအရေးကြီးပုဂ္ဂိုလ်များသာ အသုံးပြုနိုင်သည်။ထို့ကြောင့် တံလျှပ်ပင်လယ်မျှော်စင်၏တာဝန်ခံကိုယ်တိုင်ထွက်လာ၍ လုယွီအား ဆီးကြိုနှုတ်ဆက်ခြင်းဖြစ်သည်။
"ငါ ဒီနေရာမှာပဲ တခြားသူတွေကို စောင့်လိုက်အုံးမယ်"
လုယွီသည် အစေခံများကိုချန်ထားခဲ့ပြီး ပထမထပ်ရှိခန်းမအတွင်း၌ တစ်ယောက်တည်းထိုင်ကာ အနားယူနေလိုက်သည်။
ဖူကျစ်ရွှယ်နှင့်နတ်ဘုရားဓားအမတ်ကြီးတို့သည် ဝိုင်သွားယူရန်ဆိုသည်မှာ ဆင်ခြေတစ်ခုပင်။လုယွီ၏စိတ်ဝိညာဥ်အာရုံခံနိုင်မှုမှတဆင့် ထိုလူနှစ်ယောက်ကြားတွင် အသံပေးပို့ဆက်သွယ်ခြင်းတစ်ခုရှိနေသည်ကို ရှင်းရှင်းလင်းလင်း အာရုံခံနိုင်ခဲ့သည်။
သို့ရာတွင် လုယွီသည် အာရုံစိုက်၍ စူးစမ်းခြင်းမပြုခဲ့ချေ။ထိုလူနှစ်ယောက်သည် တော်ဝင်နန်းတော်မှအရေးကြီးသောအရာရှိများ ဖြစ်နေသဖြင့် အချိန်အများစုတွင် သူတို့ မည်သို့ဆက်လုပ်ရမည်ကိုရွေးချယ်ခွင့်မရှိချေ။
Chapter 2068
လုယွီက တိတ်ဆိတ်ငြိမ်သက်စွာထိုင်၍ စောင့်ဆိုင်းနေစဥ်တွင် တံလျှပ်ပင်လယ်ပြင်ပ၌ နောက်ထပ်ရထားလုံးတစ်စီးဆိုက်ရောက်လာသည်။
ထိုရထားလုံးပေါ်မှ လူငယ်ဆယ်ယောက်ကျော်ခန့် ဆင်းသက်လာကြ၏။သူတို့အားလုံးသည် တောက်ပြောင်သောဝတ်စုံများကို ဝတ်ဆင်ထားကြပြီး စကားပြောရင်းရယ်မောနေကြသည်။
ထိုလူငယ်တစ်စုကိုဦးဆောင်လာသူသည် ရွှေရောင်သရဖူကိုဆောင်းထားပြီး ခမ်းနားထည်ဝါသောပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားသည်။မြင့်မားသောမြင်းတစ်ကောင်ကိုစီးနင်းထားသော အစေခံတစ်ယောက်က သူတို့၏နောက်မှလိုက်ပါလာလေရာ အလွန်အမင်းမျက်စေ့ဖမ်းစားနိုင်သော မြင်ကွင်းပင်။
"သခင်လေး လုခိုင်ပါလား...ကျေးဇူးပြုပြီးတော့ အထဲကိုကြွပါ"
တံလျှပ်ပင်လယ်မျှော်စင်၏တာဝန်ခံသည် တံခါးပြင်ပ၌မတ်တတ်ရပ်နေပြီး ထိုလူငယ်ကိုမြင်သည်နှင့် ဝမ်းသာအားရရယ်မော၍ ကြိုဆိုလေ၏။
တခြားအစေခံများသည်လည်း လုခိုင်ဟူသောအမည်ကိုကြားသည်နှင့် ချက်ချင်းဆိုသလို စုဝေးလာကြကာ သူတို့၏ပြင်းထန်သောညှို့ဓာတ်များကို ထုတ်လွှင့်၍ အဆင့်အတန်းမြင့်မားသောလူငယ်၏စိတ်အာရုံကို ဆွဲဆောင်နိုင်ရန် ကြိုးပမ်းနေကြသည်။
လုခိုင်က တည်ငြိမ်စွာဖြင့် သူ၏လက်ကိုဝှေ့ယမ်းလိုက်သည်။
"ငါက ငါ့ရဲ့မိတ်ဆွေတွေကို ထိပ်ဆုံးထပ်ကသီးသန့်ခန်းမှာ ဧည့်ခံဖို့ဖိတ်ကြားထားတယ်...အဲ့ဒီနေရာက သာမာန်အစေခံတွေအားလုံးကို တခြားနေရာကိုရွှေ့ပေးစမ်း"
ထိုစကားကိုကြားသည်နှင့် တာဝန်ခံက အလျင်စလိုခေါင်းညိတ်ပြလိုက်၏။
"ကောင်းပါပြီ...ကျွန်တော်တို့က သခင်လေး လိုချင်တဲ့အတိုင်း စီစဥ်ပေးပါ့မယ်"
အစေခံများအားလုံး ဖယ်ရှားသွားချိန်တွင် လုခိုင်က ယုံကြည်ချက်ရှိသောအပြုံးနှင့် ပြောဆိုလိုက်သည်။
"အပေါ်ကိုသွားကြစို့...တံလျှပ်ပင်လယ်မျှော်စင်က တော်ဝင်မြို့တော်မှာ နာမည်အကျော်ကြားဆုံးစားသောက်ဆိုင်ပဲ...တကယ်လို့ ခိုင်မာတဲ့အဆင့်အတန်းတစ်ခုရှိတဲ့လူသာမဟုတ်ရင် အဲ့ဒီလူက ငွေကြေးချမ်းသာကြွယ်ဝနေရင်တောင် ဒီနေရာမှာ စားပွဲသောက်ပွဲကျင်းပလို့မရဘူး"
"သခင်လေးလုက တကယ့်ကို ကြီးကျယ်ခမ်းနားတာပဲ...မိသားစုကြီးတစ်ခုကလူဖြစ်ဖို့ ထိုက်တန်ပါတယ်"
"လုမိသားစုက တော်ဝင်မြို့တော်ရဲ့မိသားစုကြီးရှစ်ခုကတစ်ခုပဲလေ...ဒီလိုမျိုး စွမ်းဆောင်ရည်ရှိတာ ဖြစ်ရိုးဖြစ်စဥ်ကိစ္စပါပဲ"
လုခိုင်၏နောက်သို့လိုက်ပါလာသော လူငယ်များသည် တစ်ယောက်ပြီးတစ်ယောက် သူ့အား မြှောက်ပင့်ပြောဆိုနေကြ၏။
သူတို့အားလုံးသည် ချမ်းသာကြွယ်ဝသောမိသားစုများမှ မိသားစုဝင်လူငယ်များဖြစ်သည်။သို့ရာတွင် သူတို့ အတူတကွစုဝေးမိချိန်တွင် လုခိုင်၏ခေါင်းဆောင်မှုနောက်သို့ လိုက်ကြရသည်။
လုမိသားစုသည် တော်ဝင်မြို့တော်ရှိထိပ်တန်းမိသားစုကြီးရှစ်ခုမှတစ်ခုဖြစ်ကာ လုခိုင်သည် လုမိသားစု၏တိုက်ရိုက်မျိုးဆက်တစ်ယောက်ဖြစ်သည်။
ထိုအဆင့်အတန်းကြောင့် တော်ဝင်မြို့တော်ရှိလူအများစုသည် သူ့အားမျက်နှာသာတချို့ပေးကြ၏။
လုခိုင်သည် လူငယ်များ၏မြှောက်ပင့်ပြောဆိုနေမှုများကြောင့် စိတ်ကျေနပ်နေပြီး သူ၏မျက်နှာပေါ်၌ မောက်မာဝံ့ကြွားသောအရိပ်အယောင်များ ထင်ဟပ်နေသည်။
လုံယွင်ရှန်းသည် လူငယ်အုပ်စုအကြား၌ရှိနေသည်။ဤသည်က သူမအတွက် ပထမဆုံးအကြိမ် တော်ဝင်မြို့တော်အတွင်းရှိ အထက်တန်းလွှာမိသားစုအသိုင်းအဝိုင်းအတွင်းသို့ ဝင်ရောက်ဖူးခြင်းဖြစ်သည်။ထို့ကြောင့် သူမသည် သူမ၏စိတ်နှလုံးသားအတွင်းမှ စိတ်လှုပ်ရှားနေမှုများကို ဖုံးကွယ်ထားနိုင်စွမ်းမရှိတော့ချေ။
သာမာန်အခြေအနေမျိုးတွင် သူမသည် ဦးရီးတော်ရှားဟိုလီ၏ဆွေမျိုးတစ်ယောက်သာဖြစ်၍ ဤလူငယ်အုပ်စုအကြားသို့ဝင်ရောက်ရန် အရည်အချင်းမပြည့်မီပေ။
သို့ရာတွင် ယခုလက်ရှိချိန်၌ တော်ဝင်နန်းတွင်းတွင် ရှားဟိုလီ၏အဆင့်အတန်းမှာ သာမာန်ထက်မြင့်မားသွားလေပြီ။
တိုက်ပွဲအတွင်း၌ ရှားဟိုလီသည် စစ်တပ်ကိုဦးဆောင်၍ အသေအပျောက်နည်းပါးစွာဖြင့် နောက်သို့ဆုတ်ခွာနိုင်ခဲ့သည်။ထို့ပြင် သူသည် လေဟာနယ်ဓားပြများနှင့်ရှုရာနယ်မြေ၏ပူးပေါင်းပုန်ကန်မှုကို ဖော်ထုတ်နိုင်ခဲ့လေ၏။အတွင်းဝန်ရုံးနှင့်တော်ဝင်စစ်ရေးဌာန၏အမြင်အရ ရှားဟိုလီကို အမတ်ကြီးအဖြစ် ရာထူးတိုးပေးရန် ဆုံးဖြတ်ချက်ချလိုက်သည်။
ထို့ကြောင့် ရှားဟိုလီသည် ခြေတစ်လှမ်းဖြင့် အမြင့်သို့ရောက်ရှိခဲ့ကာ တာယွီအင်ပါယာ တော်ဝင်နန်းတွင်း၏အမတ်ကြီးတစ်ယောက်ဖြစ်လာခဲ့သည်။
ဤသည်က ရှားဟိုလီကို အစစ်အမှန်အထက်တန်းလွှာတစ်ယောက်ဖြစ်သွားစေပြီး တော်ဝင်မြို့တော်အတွင်းမှာပင် မြင့်မားသောအဆင့်အတန်းဖြင့် ရပ်တည်နိုင်လေ၏။
သို့ရာတွင် ရှားဟိုလီ၏သားဖြစ်သူသည် အိမ်တော်၌ အားပြန်လည်ဖြည့်တင်းနေဆဲဖြစ်သဖြင့် လုံယွင်ရှန်းသည် သူ၏နေရာကိုယူကာ တော်ဝင်မြို့တော်မှအထက်တန်းလွှာများနှင့် မိတ်ဆွေဖွဲ့ခွင့်ရရှိခဲ့သည်။
"အခုချိန်မှာ ငါ့ရဲ့အဆင့်အတန်းက အရင်နဲ့မတူတော့ဘူး...ငါ ပြန်သွားတဲ့အချိန်ကျရင် မိသားစုထဲကအကြီးအကဲတွေက ငါ့ကို မျက်နှာသာမပေးဘဲနဲ့ နေဝံ့ကြမှာမဟုတ်ဘူး"
လုံယွင်ရှန်း၏စိတ်နှလုံးသားအတွင်း၌ ဂုဏ်ယူဝင့်ကြွားမှုများ ထင်ဟပ်နေသည်။
လုခိုင်ကဲ့သို့ ထိပ်သီးမိသားစုကြီးတစ်ခုမှ လူငယ်သခင်လေးများနှင့် သိကျွမ်းခွင့်ရရန်မှာ တော်ဝင်မြို့တော်မှမိန်းကလေးအများစု အိမ်မက်မက်နေသောအရာပင်။
လုံယွင်ရှန်းသည် အလွန်စိတ်လှုပ်ရှားနေစဥ်မှာပင် သူမသည် တံလျှပ်ပင်လယ်မျှော်စင် ပထမထပ်၏ထောင့်တစ်နေရာ၌ထိုင်နေသော လုယွီကို ရုတ်တရက် သတိပြုမိသွားသည်။
"သူက ဘယ်လိုလုပ်ပြီး ဒီနေရာကိုရောက်နေတာလဲ"
လုံယွင်ရှန်း၏မျက်ခုံးများ မြင့်တက်သွားပြီး သူမ၏စိတ်နှလုံးသားအတွင်း၌ ဒေါသမီးလျှံများတဟုန်းဟုန်းတောက်လောင်လာပေ၏။
ရှားဟိုအိမ်တော်၏အနောက်ဘက်ခြံဝန်းအတွင်း၌ လုယွီသည် သူမ၏ဓားနည်းစနစ်ကို အသုံးမဝင်သောအရာဟု ပြောဆိုခဲ့သည်။ဤသည်က သူမ၏စိတ်နှလုံးသားအတွင်းမှ ဂုဏ်ယူဝင့်ကြွားနေမှုများကို ကြေမွှပျက်စီးသွားစေသည်။
လုံယွင်ရှန်းက သူမ၏ဓားနည်းစနစ်သည် အားအကောင်းဆုံးဖြစ်သည်ဟု အစဥ်အမြဲခံယူထားလေ၏။သူမ ဂုဏ်ယူအားထားရသော ဓားနည်းစနစ်ကို မည်သူတစ်ဦးတစ်ယောက်ကမျှ နှိမ့်ချပြောဆိုခွင့်မရှိချေ။
"ဘယ်လိုတောင် စိတ်အနှောက်အယှက်ပေးနေတဲ့ ယင်ကောင်မျိုးလဲ..ဘာလို့ သူ့ကို နေရာအနှံ့မှာ တွေ့နေရတာလဲ"
လုံယွင်ရှန်း၏မျက်နှာပေါ်၌ အထင်အမြင်သေးသောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
Chapter 2069
တာဝန်ခံ၏နွေးထွေးပျူငှါစွာကြိုဆိုမှုအောက်တွင် လူငယ်တစ်စုလုံး အပေါ်ထပ်သို့တက်ရန် ဟန်ပြင်လိုက်ကြ၏။
သို့သော် ထိုအချိန်မှာပင် အဆောက်အအုံတစ်ခုလုံး၏မြေပြင်ပေါ်၌ ပြင်းထန်သောဖိနပ်သံများ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။
ဒုန်း...ဒုန်း...
ခန်းမအတွင်းရှိလူများသည် ကူကယ်ရာမဲ့စွာဖြင့် သူတို့၏ခေါင်းများကိုမော့၍ ပြင်ပသို့ကြည့်လိုက်ကြသည်။
အမ်...
လုခိုင်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်သော်လည်း သူက နေရာမှာပင် ရပ်တန့်လိုက်၏။
သံချပ်ကာအပြည့်အစုံဝတ်ဆင်ထားသော စစ်သားတစ်စုကို လက်ထောက်အရာရှိတစ်ယောက်မှ ဦးဆောင်လာကာ ခန်းမအတွင်းသို့ တရကြမ်းပြေးဝင်လာသည်။
"အရာရှိကြီး...ဘာကိစ္စရှိလို့လဲ"
တာဝန်ခံသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ကပျာကယာပြေးထွက်လာကာ ထိုစစ်သားတစ်စုကို ဆီးကြိုနှုတ်ဆက်လိုက်၏။
လက်ထောက်အရာရှိက ပြောဆိုသည်။
"ဒီနေရာပတ်ဝန်းကျင်မှာ နတ်ဆိုးကျင့်ကြံသူတွေရှိနေတယ်...ဒီနေရာမှာရှိနေတဲ့ လူတစ်ယောက်ခြင်းစီတိုင်းကို ငါတို့ရှာဖွေရလိမ့်မယ်...ဒါက မြို့စောင့်တပ်ရဲ့ရှာဖွေဝရမ်းပဲ"
ထိုလက်ထောက်အရာရှိသည် သူ၏လက်မောင်းကြားမှစာရွက်တစ်ရွက်ကိုထုတ်ယူ၍ ဖြန့်ပြလေသည်။
တာဝန်ခံသည် ဂရုတစိုက်ကြည့်ရှုပြီးနောက် ထိုစာရွက်ပေါ်၌ မြို့စောင့်တပ်၏တံဆိပ်တုံးခတ်နှိပ်ထားသည်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်လိုက်ရ၏။
"နတ်ဆိုးကျင့်ကြံသူတွေလား...ဖြစ်နိုင်တာတော့ ဒါက အမှားအယွင်းတစ်ခုခုများရှိနေမလား...ကျွန်တော်တို့ရဲ့တံလျှပ်ပင်လယ်မျှော်စင်မှာ အစွမ်းထက်ကျင့်ကြံသူတွေ အများကြီးရှိတယ်...ဘယ်သူက သေမှာကိုမကြောက်ဘဲနဲ့ ဒီနေရာကိုလာရဲမှာလဲ"
တာဝန်ခံသည် မည်သို့ဆက်လုပ်ရတော့မည်ကို မသိတော့ချေ။
တံလျှပ်ပင်လယ်မျှော်စင်၏ထောင့်တစ်နေရာတိုင်း၌ လူတချို့ရှိနေကာ သူတို့အားလုံး၏အရှိန်အဝါများကို နက်နက်နဲနဲဖုံးကွယ်ထားသဖြင့် ထိပ်သီးလုံခြုံရေးအစွမ်းထက်ကျင့်ကြံသူများဖြစ်သည်မှာ သိသာထင်ရှားလှ၏။
လက်ထောက်အရာရှိက ပြောဆိုသည်။
"ငါတို့နဲ့အတူပူးပေါင်းပြီး သူတို့ကိုရှာဖွေပေးပါ...ဒါက မင်းတို့အားလုံးအတွက်ကောင်းတယ်"
တာဝန်ခံသည် ဤအချိန်တွင် ကျဥ်းထဲကျပ်ထဲအခြေအနေသို့ ရောက်ရှိနေသည်။သူက အံ့တင်းတင်းကြိတ်ကာ ပြောဆိုလိုက်၏။
"ဒီနေရာမှာရှိတဲ့ဧည့်သည်တွေအားလုံးက ဂုဏ်သိက္ခာရှိတဲ့လူတွေချည်းပဲ...သူတို့ကို စိတ်အနှောက်အယှက်ဖြစ်အောင်လုပ်မိရင် ငါ တာဝန်မယူနိုင်ဘူး...မင်းတို့က မြို့စောင့်တပ်ကလာတယ်ဆိုမှတော့ ဒီနေရာကဘာလဲဆိုတာ မင်းတို့သိသင့်တယ်...ဒီနေရာမှာ သခင်လေးတချို့လည်း စားပွဲသောက်ပွဲကျင်းပဖို့ရောက်နေတယ်...မင်း သူတို့ကို အနှောက်အယှက်ဖြစ်စေချင်လို့လား"
တံလျှပ်ပင်လယ်မျှော်စင်သည် မည်ကဲ့သို့သောနေရာမျိုးဖြစ်သည်ကို မသိသူမရှိချေ။ဤနေရာ၌ စားသောက်ပွဲကျင်းပနိုင်သူများသည် အလွန်ချမ်းသာကြွယ်ဝသူများ သို့မဟုတ် အလွန်အဆင့်အတန်းမြင့်မားသူများသာဖြစ်ပေ၏။
အကယ်၍ အရာရှိများသည် ဤနေရာ၌ရှာဖွေပါက တစ်စုံတစ်ခုကိုတွေ့ရှိသွားလျှင် အဆင်ပြေနိုင်သည်။သို့ရာတွင် သူတို့သည် မည်သည့်အရာကိုမျှ ရှာဖွေတွေ့ရှိခြင်းမရှိပါက လူအမြောက်အများကို အပြစ်ပြုမိပေမည်။
"အရာရှိ....မင်း ဒီကိစ္စကိုလက်လျှော့လိုက်သင့်တယ်လို့ ငါ ထင်တယ်...မင်း ဘယ်လိုထင်လဲ...မင်းတို့ ဒီနေရာမှာပဲ နည်းနည်းလောက်စစ်မေးလိုက်ရင် ရတာပဲလေ...တကယ်လို့ နတ်ဆိုးကျင့်ကြံသူတွေ အမှန်တကယ်ဝင်ရောက်လာရင်တောင် ဒီနေရာမှာ အစွမ်းထက်ကျင့်ကြံသူတွေအများကြီးရှိနေတော့ သူတို့ကို မကြာခင်ရှာတွေ့မှာပဲ"
လုခိုင်က ရုတ်တရက် ပြောဆိုလိုက်၏။
လက်ထောက်အရာရှိသည် အစပထမ၌ ကြက်သေသေနေသော်လည်း သူသည် လုမိသားစုဝတ်စုံဝတ်ဆင်ထားသော လုခိုင်ကိုမြင်တွေ့သည်နှင့် သူ၏မျက်နှာအမူအယာ ပြောင်းလဲသွားသည်။
"လုမိသားစုက သခင်လေးပါလား..ဒါဆိုလည်း ဒီကသခင်လေး ညွှန်ကြားသလို ကျွန်တော်တို့ဆောင်ရွက်လိုက်ပါ့မယ်"
လက်ထောက်အရာရှိသည် မည်သည့်အပိုစကားမျှမပြောတော့ဘဲ သူ၏လူများကိုဖြန့်ကျက်၍ ပထမထပ်ရှိလူများကို စစ်ဆေးရန် အမိန့်ပေးလိုက်သည်။
ထိပ်တန်းမိသားစုရှစ်စုသည် တော်ဝင်မြို့တော်အတွင်း၌ အလွန်ကြီးမားသောအခွင့်အာဏာမျိုးကို ပိုင်ဆိုင်ထားသည်။မြို့စောင်တပ်မှ ရာထူးမြင့်မားသူတချို့ပင်လျှင် မိသားစုရှစ်ခုမှလူများကို ဦးညွှတ်အရိုအသေပြုရ၏။
ရိုးရှင်းသောစစ်မေးမှု၏အရှိန်မှာ အလွန်အမင်းလျှင်မြန်သည်။ပထမထပ်၌ အစေခံတစ်စုအပြင် လုခိုင်တို့အုပ်စုသာရှိလေရာ သူတို့အားလုံး တစ်ယောက်ပြီးတစ်ယောက် စစ်မေးခံကြရ၏။
အဆုံးသတ်၌ မည်သည့်စကားတစ်ခွန်းမျှမဆိုဘဲ အခန်းထောင့်၌ထိုင်နေသော လုယွီသာ ကျန်ရှိတော့သည်။
"မင်းရဲ့နာမည်ဘယ်လိုခေါ်လဲ...မင်း ဒီနေရာမှာ ဘာလုပ်နေတာလဲ"
လုယွီက ပြောဆိုသည်။
"လုယွီ ...ငါက ဒီနေရာမှာ ငါ့ရဲ့မိတ်ဆွေတွေကို စောင့်နေတာ"
မျိုးရိုးနာမည်လု ဖြစ်နေပြန်သလော...
လက်ထောက်အရာရှိသည် လုခိုင်ကို ကြည့်လိုက်၏။ဖြစ်နိုင်သည်မှာ လုမိသားစုဝင် လူငယ်တစ်ယောက်ဖြစ်နေသလော။
လုခိုင်က မျက်မှောင်ကြုတ်လိုက်သည်။
"မင်းက လုမိသားစုကလား...ငါ အရင်က ဘာလို့ မင်းကို မတွေ့ဖူးတာလဲ..မင်းက မိသားစုခွဲက လာတာလား"
လုံယွင်ရှန်းသည် ထိုမြင်ကွင်းကိုမြင်ချိန်တွင် သူမ၏စိတ်အတွင်း၌ ယုတ်မာကောက်ကျစ်သော အစီအစဥ်တစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။
"အကိုခိုင်...သူက ဘယ်လိုလုပ်ပြီး လုမိသားစုကဖြစ်နိုင်မှာလဲ...အဲ့ဒီလူက ကျွန်မတို့မိသားစုရဲ့ကြေးစားအလုပ်သင်တစ်ယောက် ဖြစ်ခဲ့ဖူးတယ်...သူက မသင့်တော်တဲ့အပြုအမူတွေကိုလုပ်ခဲ့လို့ အိမ်တော်ကနေ မောင်းထုတ်ခံထားရတာ...သူ ဒီနေရာကို ဘာလို့ရောက်နေမှန်း ကျွန်မလည်းမသိဘူး"
လုံယွင်ရှန်းက သရော်တော်တော် ပြောဆိုလေသည်။
ထိုစကားကိုကြားသည်နှင့် လုယွီအပေါ်တွင် လူတိုင်း အမြင်ပြောင်းလဲသွားပေ၏။
ထိုလူငယ်သည် ကြေးစားအလုပ်သင်တစ်ယောက်သာ ဖြစ်နေသလော။
တော်ဝင်မြို့တော်အတွင်းရှိ မိသားစုကြီးများ၌ ကြေးစားအလုပ်သင်တစ်ယောက်၏အဆင့်အတန်းသည် အစေခံများထက်မြင့်မားရုံသာရှိသည်။အမှန်အားဖြင့် ကြေးစားအလုပ်သင်များသည် မိသားစုကြီးများမှ ငှါးယမ်းထားသော ပထမတန်းစားအစေခံများသာဖြစ်ပေ၏။
Chapter 2070
"သူက ကြေးစားအလုပ်သင်လေးတစ်ယောက်လား"
လုခိုင်က သရော်တော်တော်ပြောဆိုပြီး လက်ထောက်အရာရှိဘက်သို့လှည့်ကာ ပြောဆိုလိုက်၏။
"မင်း လုပ်စရာရှိတာသာဆက်လုပ်ပါ"
လက်ထောက်အရာရှိက အနည်းငယ်ထူးဆန်းနေသကဲ့သို့ ခံစားမိသည်။ဤနေရာရှိ ဧည့်သည်များအားလုံး၏နံဘေးတွင် အစေခံများဝိုင်းရံနေလေရာ အလွန်သိသာထင်ရှားလှ၏။လုယွီသာလျှင် ထောင့်တစ်နေရာ၌ထိုင်နေပြီး မည်သည့်အရာကိုမျှပြောဆိုခြင်းမရှိချေ။
လုယွီ၏အပြုအမူသည် အမှန်တကယ်ကိုပင် သံသယဖြစ်ဖွယ်ကောင်းလှ၏။
သူ၏နံဘေးပတ်ဝန်းကျင်၌ စစ်သားအမြောက်အများဝိုင်းအုံလာခြင်းကိုကြည့်ပြီး လုယွီက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။သူသည် ဤကဲ့သို့ကိစ္စမျိုးဖြင့်ပြဿနာဖြစ်ရမည်ဟု မျှော်လင့်မထားမိချေ။
"ငါက ဒီနေရာမှာ ငါ့ရဲ့မိတ်ဆွေတွေကို တကယ်စောင့်နေခဲ့တာ...ဒါက ငါ့ရဲ့တံဆိပ်ပြားပဲ"
လုယွီက သူ၏ရွှမ်းဝူစစ်ဗိုလ်ချုပ်တံဆိပ်ပြားကို ထုတ်ယူလိုက်၏။
မှော်သားရဲတစ်ကောင်၏ဦးခေါင်းပုံပါသော ကြေးနီတံဆိပ်ပြားကိုမြင်သည်နှင့် လက်ထောက်အရာရှိသည် အနည်းငယ်ကြက်သေသေသွားပြီး သူက သံသယအပြည့်ဖြင့် လုယွီကို ကြည့်လိုက်သည်။
ရွှမ်းဝူစစ်ဗိုလ်ချုပ်သည် စတုတ္ထအဆင့်အရာရှိတစ်ယောက်ဖြစ်သည်။ထိုအဆင့်အရာရှိသည် တော်ဝင်မြို့တော်အတွင်း၌ အခွင့်အာဏာကြီးမားခြင်းမရှိသော်လည်း သူ့ကဲ့သို့လက်ထောက်အရာရှိတစ်ယောက်အတွက် ကြီးမားသောတည်ရှိမှုကြီးဖြစ်ပေ၏။
တခြားစစ်သားများသည်လည်း နေရာမှာပင် ကြက်သေသေနေကြပြီး မည်ကဲ့သို့ဆက်လုပ်ရမည်ကို မသိကြတော့ချေ။
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
"မင်းတို့ ဒီနေရာမှာရှာနေလို့လည်း အသုံးမဝင်ဘူး...တကယ်လို့ နတ်ဆိုးကျင့်ကြံသူတွေက ပုန်းအောင်းနေချင်တယ်ဆိုရင် ဒီလိုနေရာမျိုးကို ရွေးချယ်မှာမဟုတ်ဘူး...မင်းတို့က အနောက်ဘက်ခြံဝန်းထဲကို ဘာလို့သွားမရှာတာလဲ...အဲ့ဒီနေရာမှာ ဧည့်သည်အများကြီးမရှိဘူး...နတ်ဆိုးကျင့်ကြံသူတွေက အဲ့ဒီနေရာမှာ ပုန်းအောင်းနေနိုင်တယ်"
အစောပိုင်းက လုယွီသည် အနောက်ဘက်ခြံဝန်းအတွင်း၌ နတ်ဆိုးဆန်သောအငွေ့အသက်များကို အာရုံခံမိသည်။
ကြည့်ရသည်မှာ စစ်သားများရှာဖွေနေသော နတ်ဆိုးကျင့်ကြံသူများသည် ထိုနေရာ၌ ပုန်းအောင်းနေပုံရသည်။
"ဗိုလ်ချုပ်က တော်ဝင်မြို့တော်ရဲ့ဘယ်နေရာမှာ တာဝန်ထမ်းဆောင်နေတာလဲမသိဘူး....ကျွန်တော်တို့က ဗိုလ်ချုပ်ရဲ့အဆင့်အတန်းကို အတည်ပြုဖို့လိုအပ်တယ်"
လက်ထောက်အရာရှိ၏လေသံသည် သံသယများဖြင့် ပြည့်နှက်နေပေ၏။
ရွှမ်းဝူစစ်ဗိုလ်ချုပ်တံဆိပ်ပြားတွင် တာဝန်ကျနေရာကိုဖော်ပြထားခြင်းမရှိဘဲ ရာထူးအဆင့်ကိုသာ ပြသထားသည်။လုယွီ၏ တာဝန်ကျနေရာသည် လျှို့ဝှက်နဂါးတပ်ခွဲ၏တပ်ခွဲမှူးဖြစ်သည်။
ဖေးထျန်ကွမ်းသည် တရားစီရင်ရေးအမတ်နေရာမှ နှုတ်ထွက်ခဲ့သော်လည်း သူ့ထံတွင် တရားဝင်အမတ်ကြီးဘွဲ့ထူးရှိနေဆဲဖြစ်သောကိစ္စမျိုးနှင့် တူညီသည်။
လုယွီက သူ၏ခေါင်းကိုခါယမ်းပြီး ပြောဆိုလိုက်၏။
"ငါ့ရဲ့တပ်က တော်ဝင်မြို့တော်ရဲ့ပြင်ပမှာရှိတဲ့ စစ်စခန်းလေးခုမှာ စခန်းချထားတယ်...မင်းတို့က တော်ဝင်စစ်ရေးဌာနကိုသွားပြီးတော့ ငါ့ရဲ့အဆင့်အတန်းကို စစ်ဆေးနိုင်တယ်"
"ဒါက...."
လက်ထောက်အရာရှိက မျက်မှောင်ကြုတ်လိုက်သည်။မြို့စောင့်တပ်သည် စုံစမ်းစစ်ဆေးနိုင်ရန် အချက်အလက်များကို တော်ဝင်စစ်ရေးဌာနမှ တောင်းဆိုနိုင်သော်လည်း အသွားအပြန် အနည်းဆုံးအချိန်တစ်ရက်ခန့်ကြာပေမည်။
ယခုလက်ရှိချိန်၌ နတ်ဆိုးကျင့်ကြံသူများကို ဖမ်းဆီးနိုင်ရန်မှာ အရေးပေါ်ကိစ္စဖြစ်သည်။
ထိုအချိန်မှာပင် ရုတ်တရက် လှောင်ပြောင်ရယ်မောလိုက်သံတစ်သံ ထွက်ပေါ်လာသည်။
လုံယွင်ရှန်းက ရှေ့သို့ထွက်လာပြီး သရော်တော်တော်အပြုံးနှင့် ပြောဆိုလိုက်၏။
"ရှင်တို့အားလုံး သူ့ရဲ့လိမ်ညာတာကိုမခံကြနဲ့...အဲ့ဒီကောင်က ကျွန်မတို့အိမ်တော်မှာတုန်းကလည်း အယောင်ဆောင်ခဲ့ဖူးတယ်...ဒါပေမယ့် တကယ်တမ်းကျတော့ သူက ဘာကောင်မှမဟုတ်ဘူး...ဒီတံဆိပ်ပြားကလည်း သူ့ဟာသူ အတုလုပ်ထားတာဖြစ်နိုင်တယ်"
လုခိုင်၏မျက်ခုံးများ မြင့်တက်သွားသည်။
"အဲ့ဒီလိုလား...ဒီနေရာက တော်ဝင်မြို့တော်လေ...အရာရှိတံဆိပ်ပြားကို အတုလုပ်တယ်ဆိုတာက အရမ်းကြီးလေးတဲ့ ရာဇဝတ်မှုကြီးပဲ"
"သူက ခန်းမထဲမှာတစ်ချိန်လုံးထိုင်နေတာ တကယ်ကြီးထူးဆန်းနေတယ်လို့ ကျွန်မ ထင်တယ်...သူ့ကိုဖမ်းဆီးပြီး သေချာစစ်မေးကြတာ ပိုကောင်းလိမ့်မယ်...ခစ် ခစ်...ဗိုလ်ချုပ်တစ်ယောက်က ဒီနေရာမှာထိုင်ပြီး စောင့်ဆိုင်းနေရလောက်တဲ့အထိ ဘယ်သူက အဆင့်အတန်းမြင့်မားမှာလဲ"
လုံယွင်ရှန်းက သရော်တော်တော်ပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင် လုယွီက မျက်မှောင်ကြုတ်လိုက်၏။
သူသည် ရှားဟိုအိမ်တော်၌ရှိနေစဥ်တွင် လုံယွင်ရှန်းကို စိတ်စေတနာကောင်းဖြင့် အကြံဥာဏ်ပေးခဲ့သည်။လုံယွင်ရှန်းသည် သူ့အား အနည်းငယ်မျှ ကျေးဇူးတင်ခြင်းမရှိသည့်အပြင် သူ့ကို အစဥ်အမြဲပစ်မှတ်ထားနေမည်ဟု သူ မျှော်လင့်မထားမိချေ။
"ကောင်းပြီလေ....ငါ တောင်းပန်ပါတယ်...ငါတို့က တာဝန်အတိုင်းဆောင်ရွက်ရလိမ့်မယ်...မင်း ဘယ်သူပဲဖြစ်နေပါစေ ငါတို့နဲ့အတူ မြို့စောင့်တပ်ရဲ့အုပ်ချုပ်ရေးမှူးရုံးကိုလိုက်ပြီး စကားပြောဆိုဖို့ လိုအပ်တယ်"
လက်ထောက်အရာရှိ၏မျက်နှာသည် သုန်မှုန်နေပြီး သူ၏လေသံမှာ အေးစက်တင်းမာနေသည်။
မည်သို့ပင်ဆိုစေကာမူ လုယွီသည် စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်ရန်အတွက် အလွန်အသက်ငယ်ရွယ်နေသည်။
ထို့ပြင် စတုတ္ထအဆင့်စစ်ဗိုလ်ချုပ်တစ်ယောက်သည် စားသောက်ပွဲ၌ဧည့်သည်တော်တစ်ယောက်အဖြစ် ရှိနေနိုင်သည်။မည်သည်ကြောင့် သူသည် ဤနေရာ၌ ရှိနေရသနည်း။
"ကောင်းပြီလေ...မင်းတို့က နတ်ဆိုးကျင့်ကြံသူတွေကို ရှာနေတာမလား...သူတို့ထဲကတစ်ယောက်က သိုလှောင်ခန်းထဲမှာ ပုန်းအောင်းနေတယ်...မင်းတို့ သွားရှာလို့ရတယ်"
လုယွီသည် ရွေးချယ်စရာမရှိတော့သဖြင့် သူ့စိတ်ဝိညာဥ်၏စွမ်းအားကိုအသုံးပြုကာ နတ်ဆိုးကျင့်ကြံသူတစ်ယောက်၏တည်နေရာကို ရှာဖွေဖော်ထုတ်လိုက်၏။