အခန်း (၂၀၈၁-၂၀၈၅)
Vol. 107 Ch. 2081-2085
Chapter 2081
လုယွီက ထိုစိတ်ဝိညာဥ်စွမ်းအင်များကို ရှုရှိုက်လိုက်၏။မီးဒြပ်စင်စွမ်းအားများကို သူ၏ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူလိုက်ရာ ချက်ချင်းဆိုသလိုပင် သူ၏မိုးကောင်းကင်လှိုဏ်ဂူအတွင်းသို့ ဝင်ရောက်သွားသည်။
ဤသည်က ရှေးဟောင်းကျင့်ကြံနည်းစနစ်ကိုကျင့်ကြံခြင်း၏ကောင်းကျိုးတစ်ခုပင်။လုယွီသည် ရှေးဟောင်းအစစ်အမှန်အင်မော်တယ်တစ်ယောက်၏လမ်းကြောင်းကို လျှောက်လှမ်းနေလေ၏။ဤသည်က တစ်ကြိမ်တစ်ခါမျှ မွမ်းမံပြင်ဆင်ထားခြင်းမရှိသော ရှေးဟောင်းကျင့်ကြံမှုလမ်းကြောင်းဖြစ်သဖြင့် ဒြပ်စင်ငါးမျိုးချီများကို အပြည့်အဝစုပ်ယူနိုင်သည်။
"ဒါက တကယ့်ကို ရတနာနယ်မြေပဲ"
လုယွီသည် စိတ်ဝိညာဥ်စွမ်းအင်များကို တစ်ချက်ရှုရှိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်အတွင်း၌ မီးဒြပ်စင်ချီများကို ဖြည့်တင်းလိုက်၏။
ဤသည်က မီးဒြပ်စင်အထူးပြုကျင့်ကြံသူများအတွက် သုခဘုံတစ်ခုပင်။
လုယွီသည် မည်သည့်ဆေးလုံးမျှမသောက်သုံးဘဲ စိတ်ဝိညာဥ်စွမ်းအင်များကို တိုက်ရိုက်ရှုရှိုက်နေခြင်းကိုကြည့်ပြီး ရှောင်ယွမ်က သရော်တော်တော် ပြောဆိုလိုက်သည်။
"ကြည့်ရတာတော့ သေခြင်းတရားကဘာလဲဆိုတာကို မသိတဲ့သူတစ်ယောက် တကယ့်ကိုရှိနေတာပဲ...ငါတို့ရှောင်မိသားစုမှာ အရင်က မိသားစုဝင်လူငယ်တစ်ယောက်က မီးဒြပ်စင်အထူးပြုကျင့်ကြံသူဖြစ်ပြီးတော့ ဒီနေရာက စိတ်ဝိညာဥ်စွမ်းအားတွေကို မဆင်မခြင်စုပ်ယူခဲ့တယ်...အဆုံးသတ်မှာ သူ့ရဲ့မရီးဒါန်းတွေအားလုံး လောင်ကျွမ်းပျက်စီးသွားပြီးတော့ သူက မသန်မစွမ်းလူတစ်ယောက်ဖြစ်သွားခဲ့တယ်"
တခြားရှောင်မိသားစုဝင်လူငယ်များ၏မျက်နှာများပေါ်တွင်လည်း သရော်တော်တော်အရိပ်အယောင်များ ထင်ဟပ်နေသည်။
ထိပ်သီးမိသားစုကြီးများမှလူငယ်များသည် မောက်မာဝံ့ကြွားသော စိတ်နေသဘောထားရှိကာ လုယွီကဲ့သို့ နောက်ခံဇစ်မြစ်မသိရသောလူတစ်ယောက်ကို အထင်အမြင်သေးလေ့ရှိသည်။
"လုယွီ...ငါ့ဆီမှာ ဆေးလုံးတစ်လုံးရှိသေးတယ်...နင် လိုချင်လား"
ရှောင်လင်းအာသည် ထပ်မံ၍ ရပ်မကြည့်နိုင်တော့ချေ။သူမသည် ဒေါသကြီးသောစိတ်နေသဘောထားရှိသော်လည်း သူမ၏စိတ်နှလုံးသားအတွင်း၌ ကြင်နာသနားမှုများရှိနေဆဲပင်။
ရှောင်လင်းအာ ထုတ်ပေးသောဆေးလုံးကိုကြည့်ပြီး လုယွီက သူ၏လက်ကိုဝှေ့ယမ်းပြကာ ငြင်းဆန်လိုက်၏။
"ဒါက အဆင်ပြေပါတယ်...ငါ့အတွက် ဆေးလုံးမလိုအပ်ဘူး"
သူ၏လက်ရှိမရီးဒါန်းများ၏ခွန်အားကို ဤနေရာရှိ မီးဒြပ်စင်စွမ်းအင်များ အနည်းငယ်မျှပင် သက်ရောက်မှုရှိစေမည်မဟုတ်ချေ။
သို့ရာတွင်...
"ဟား ဟား ဟား...ငါ ရယ်ရလွန်းလို့သေတော့မယ်...မျက်နှာပျက်မှာကိုကြောက်တာနဲ့ အရှင်လန်လတ်ဝေဒနာခံစားချင်နေတဲ့ကောင်ပဲ"
"သူက မိသားစုကြီးတစ်ခုကလာတာမဟုတ်တော့ အမြင်ကျဥ်းမြောင်းမှာပဲလေ...ဒုတိယသခင်မလေးက သူကောင်းဖို့အတွက် စဥ်းစားပေးပေမယ့် သူက စိတ်ကြီးဝင်မောက်မာနေတယ်"
"ငါက ဘယ်လိုအဆုံးသတ်မယ်ဆိုတာကို ခန့်မှန်းပြီးသွားပြီ...သူက ဆေးလုံးရဖို့အတွက် ငါတို့ရှောင်မိသားစုကို ငိုယိုပြီးတော့ အသနားခံနေမယ်ဆိုတာ သေချာတယ်"
ပတ်ဝန်းကျင်ရှိ ရှောင်မိသားစုဝင်လူငယ်များထံမှနေ၍ လှောင်ပြောင်ရယ်မောသံများ ထွက်ပေါ်လာသည်။
လုယွီသည် သူတို့၏စကားများကို မကြားသကဲ့သို့သာ ပြုမူနေသည်။သူက ချီစောင့်ကြည့်ခြင်းနည်းစနစ်ကိုအသုံးပြု၍ စိတ်ဝိညာဥ်မီးနယ်မြေ၏နက်ရှိုင်းသောနေရာသို့ ကြည့်လိုက်၏။
ဤနေရာရှိ မီးဒြပ်စင်စွမ်းအင်များသည် ကောင်းမွန်သော်လည်း သူ့အတွက်လုံလောက်ခြင်းမရှိချေ။
လုယွီသည် သူ၏ကျင့်ကြံဆင့်နယ်ပယ်ကို အလျှင်အမြန်ချိုးဖျက်နိုင်ရန်အတွက် မီးဒြပ်စင်စွမ်းအင်အမြောက်အများလိုအပ်သည်။
"ငါ အရင်သွားနှင့်မယ်"
လုယွီက မြေပြင်ပေါ်သို့ ခြေဆောင့်နင်းပြီး အဝေးသို့ပျံသန်းသွားလေ၏။
လုယွီ ထွက်ခွါသွားသည်ကိုကြည့်ပြီး ရှောင်မိသားစုဝင်လူငယ်များ၏လှောင်ပြောင်ရယ်မောသံများ ပို၍ကျယ်လောင်လာသည်။
"ဆရာသခင်သုန်...အဲ့ဒီကောင်လေး ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်မယ်လို့ထင်လဲ"
ရှောင်ယွမ်က မေးမြန်းသည်။
ဤအချိန်အခိုက်အတန့်တွင် ဆရာသခင်သုန်၏စိတ်နှလုံးသားအတွင်း၌ နာကျည်းမုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။လုယွီက စိတ်ဝိညာဥ်မီးနယ်မြေ၏နက်ရှိုင်းသောနေရာသို့ ပျံသန်းသွားသည်ကိုမြင်ချိန်တွင် သူက အလွန်ဝမ်းသာပျော်ရွှင်သွားပေ၏။
"သခင်လေးရှောင်ယွမ်...ဘာမှမစိုးရိမ်ပါနဲ့...အဲ့ဒီကောင်လေးက ဘယ်လိုမှအသက်ရှင်ရက် ထွက်လာနိုင်မှာမဟုတ်ဘူး...တကယ်လို့ အေးခဲဆေးလုံးမရှိဘူးဆိုရင် သူက အကန့်အသတ်မရှိတဲ့ မီးဒြပ်စင်စွမ်းအင်တွေရဲ့ကြားမှာ သေဆုံးသွားမှာပဲ"
ဆရာသခင်သုန်က ရန်ငြိုးမုန်းတီးမှုများပြည့်နှက်နေသောလေသံဖြင့် ဆက်လက်ပြောဆိုသည်။
"တကယ်လို့ သူ့မှာ အေးခဲဆေးလုံးရှိနေရင်တောင် အချိန်တခဏပဲ တောင့်ခံနိုင်လိမ့်မယ်...ဒါပေမယ့် မြေအောက်မီးနတ်ဆိုးတွေက နေရာအနှံ့အပြားမှာ ပုန်းအောင်းနေတယ်...သူ့ဆီမှာ ဆေးလုံးရှိရင်တောင် အချိန်အကြာကြီးအသက်ရှင်နိုင်မှာမဟုတ်ဘူး"
လုယွီ ထွက်ခွါသွားပြီးနောက် ရှောင်ချင်၏မျက်နှာသည် ယခင်အတိုင်း အေးစက်တင်းမာနေလေ၏။လုယွီသည် သူမသည်အသက်ကို ကယ်တင်ခဲ့ဖူးခြင်းမရှိသည့်အလားပင်။
ရှောင်ချင်အတွက် သူမသည် အစစ်အမှန်ပါရမီရှင်များကိုသာ အလေးထားသည်။
ထိုအစစ်အမှန်ပါရမီရှင်များမှာ ချွင်းချက်မရှိ နာမည်ကျော်ကြားသူများပင်။လုယွီကမူ သူမအတွက် အနည်းငယ်မျှပင် အရေးပါသူမဟုတ်ချေ။
ရှောင်ချင်သည် လုယွီကို တခြားအတွေးမျိုးဖြင့် ကြည့်ခဲ့ခြင်းပင်မရှိပေ။သူမအတွက် လုယွီသည် သူမ၏ဘဝအတွင်းရှိ ဖြတ်သွားဖြတ်လာလူတစ်ယောက်ပင်။
သူမ၏မောက်မာဝံ့ကြွားသောစိတ်နေသဘောထားကြောင့် မည်သည့်နည်းဖြင့် သူမသည် လုယွီကို ကျေးဇူးတင်နိုင်မည်နည်း။
"သူ့ကို အာရုံစိုက်မနေကြနဲ့တော့ ..ဆက်ပြီးကျင့်ကြံကြတော့...ဒါက မိသားစုက မင်းတို့ကိုပေးတဲ့အခွင့်အရေးပဲ...မင်းတို့ ဒါကို ဖမ်းဆုပ်နိုင်ရမယ်"
ရှောင်ချင်က ညွှန်ကြားလိုက်၏။
Chapter 2082
တခြားတစ်ဖက်တွင် လုယွီသည် စိတ်ဝိညာဥ်မီးနယ်မြေ၏အထက်ရှိလေထုအတွင်း၌ ပျံသန်းနေသည်။
ဤနယ်မြေသည် အလွန်အမင်းကျယ်ဝန်းပေ၏။သူ့ရှေ့၌ မြင့်မားသောမီးတောင်တစ်တောင်သာ ရှိပုံရသော်လည်း ထိုတောင်ကိုဝိုင်းရံထားသော တောင်ငယ်များစွာရှိသည်။သူသည် အကြည့်တစ်ချက်ဖြင့် ဤနေရာရှိနယ်နမိတ်အဆုံးသတ်ကို တွေ့မြင်နိုင်ခြင်းမရှိချေ။
ထို့ပြင် ဤနေရာ၌ပျံသန်းရန် မလွယ်ကူပေ။
ဤနေရာ၌ ရှင်းမပြနိုင်သောဖိအားအရှိန်အဝါမျိုးရှိနေကာ နယ်မြေအတွင်းသို့ဝင်လာသော သက်ရှိမျိုးနွယ်များအားလုံးကို ဖိနှိပ်ထားသည်။တစ်စုံတစ်ယောက်သည် ဤနယ်မြေအတွင်းသို့ ခြေချမိသည်နှင့် ထိုဖိအားအရှိန်အဝါ၏ဖိနှိပ်ခြင်းကို ခံရပေမည်။
အမ်...
ရုတ်တရက် အနက်ရောင်ပုံရိပ်တချို့က လုယွီ၏နောက်၌ ထွက်ပေါ်လာသည်။
ထိုအနက်ရောင်ပုံရိပ်များသည် အလွန်လျှင်မြန်စွာ ထွက်ပေါ်လာခြင်းဖြစ်ပေ၏။သူတို့သည် မြေပြင်ပေါ်ရှိအပေါက်ငယ်လေးများအတွင်းမှ ထွက်ပေါ်လာခြင်းဖြစ်သည်။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူတို့က လုယွီ၏အနီးသို့ရောက်ရှိလာသည်။
"ဒါက ဘာတွေလဲ"
လုယွီက နတ်ဆိုးစိတ်ဝိညာဥ်များ သူ့နောက်သို့ရောက်လာသည်ကိုသတိပြုမိသဖြင့် လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်၏။
လုယွီ၏လက်ဝါးအားလှိုင်းသည် သူ့ထံတိုးဝင်လာသော အနက်ရောင်အရိပ်များနှင့်ရိုက်ခတ်မိသွားသည်။
ကြီးမားသောလက်ဝါးစွမ်းအား၏အောက်တွင် ထိုအနက်ရောင်ပုံရိပ်များသည် ခုခံနိုင်ရန်အရည်အချင်းမရှိသဖြင့် နောက်သို့လွင့်ထွက်သွားကြ၏။
ဤအချိန်အခိုက်အတန့်တွင် လုယွီက အနက်ရောင်ပုံရိပ်များ၏ပုံပန်းသဏ္ဌာန်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်လိုက်ရသည်။
သူတို့သည် လူသားအသွင်ကိုယူထားသော်လည်း သူတို့နှင့်လူသားမျိုးနွယ်များကြားတွင် ကြီးမားသောကွဲပြားခြားနားချက်ရှိနေသည်။သူတို့၏အသားအရေသည် နီမြန်းနေပြီး သူတို့၏ခန္ဓာကိုယ်အရေပြားပေါ်တွင် မာကျောသောအကြေးခွံများရှိပေ၏။သူတို့၏ပါးစပ်များအတွင်းမှ ထွက်ပေါ်နေသောသွားများမှာ အလွန်အမင်းထက်ရှပြီး သူတို့၏မျက်လုံးသူငယ်အိမ်များမှာစူးရှတောက်ပနေသည်။ထိုမျက်လုံးများသည် စပါးကြီးမြွေ၏မျက်လုံးများနှင့် တူညီပေ၏။
"ဒါက မြေအောက်မီးနတ်ဆိုးဖြစ်နိုင်တယ်"
လုယွီက တီးတိုးရေရွတ်လိုက်သည်။
ကောင်းကင်နှင့်မြေပြင်အကြားတွင် သဘာဝအလျောက် စိတ်ဝိညာဥ်သတ္တဝါများမွေးဖွားလာလေ့ရှိသည်။ထို့ကြောင့် ဤကဲ့သို့သက်ရှိများ ထွက်ပေါ်လာခြင်းမှာ အံ့အားသင့်ခြင်းမရှိချေ။
ဝေါင်း...
ဒေါသတကြီးအော်ဟစ်ကြုံးဝါးသံများနှင့်အတူ နက်ရှိုင်းသောမြေအောက်မှနေ၍ ရာနှင့်ချီသောမီးနတ်ဆိုးများထွက်ပေါ်လာပြီး လုယွီထံဦးတည်ကာ ခုန်အုပ်လိုက်ကြ၏။
ဝှစ်...
မြေအောက်မီးနတ်ဆိုးအုပ်စုနှင့် ရင်ဆိုင်ရချိန်တွင် လုယွီသည် သူ၏လက်သီးတစ်ဖက်ကိုဆုပ်၍ ပြင်းပြင်းထန်ထန် ထိုးနှက်လိုက်သည်။
လေထုအတွင်း၌ ပြင်းထန်သောလက်သီးအားလှိုင်းများထွက်ပေါ်လာပြီး မြေအောက်မီးနတ်ဆိုးအုပ်စုကို ပြင်းထန်စွာရိုက်ခတ်မိလေ၏။
ဘန်း...ဘန်း...ဘန်း...
အဆက်မပြတ်ကျိုးပဲ့သံများထွက်ပေါ်လာခြင်းနှင့်အတူ မြေအောက်မီးနတ်ဆိုးများသည် လုယွီ၏လွယ်လင့်တကူ ခြေမွှဖျက်ဆီးခြင်းကို ခံလိုက်ရသည်။
လုယွီ၏ရုပ်ခန္ဓာကိုယ်သည် ရှေးဟောင်းသူတော်စင်များ၏အဆင့်နှင့် နီးကပ်နေလေပြီ။
မှော်စွမ်းအားများကို အသုံးပြုရန်မလိုအပ်ဘဲ သူ၏ရုပ်ခန္ဓာကိုယ်ခွန်အား သက်သက်ဖြင့်ပင် မီးနတ်ဆိုးများ သူ၏အနီးသို့ချဥ်းကပ်နိုင်ခြင်းမရှိချေ။
"ဒီမီးနတ်ဆိုးတွေရဲ့ခွန်အားက စိတ်ဝိညာဥ်နယ်ပယ်ကျင့်ကြံသူတွေရဲ့ခွန်အားနဲ့ အကြမ်းဖျင်းတူညီတယ်...ဒါပေမယ့် သူတို့ကမျက်လုံးထဲမြင်သမျှကို သတ်ဖြတ်ဖို့ပဲသိတယ်...ဒါကြောင့် သူတို့ရဲ့သတ်ဖြတ်နိုင်စွမ်းက သာမာန်ကျင့်ကြံသူတွေထက် ပိုပြီးမြင့်မားတယ်"
လုယွီသည် ချီစောင့်ကြည့်ခြင်းနည်းစနစ်ကိုအသုံးပြု၍ အဝေးရှိမြေအောက်အက်ကွဲကြောင်းကို ကြည့်လိုက်၏။
ဤအချိန်အခိုက်အတန့်တွင် ထိုအက်ကွဲကြောင်းအတွင်းမှ ထွက်ပေါ်လာသော ရာနှင့်ချီသည့် မီးနတ်ဆိုးများသည် ချက်ချင်းဆိုသလိုပင် လုယွီ၏သတ်ဖြတ်ခြင်းကို ခံလိုက်ကြရသည်။ကြွင်းကျန်သောမြေအောက်မီးနတ်ဆိုးများသည် ထွက်မလာဝံ့သဖြင့် လုယွီကို ခိုးကြောင်ခိုးဝှက်တိုက်ခိုက်ရန်အတွက် အခွင့်ကောင်းရှာနေကြသည်။
"မင်းတို့က ငါ့ဆီရောက်မလာတော့လည်း...ငါကိုယ်တိုင် မင်းတို့ဆီလာရတော့မှာပေါ့"
အစွမ်းထက်သောမှော်စွမ်းအားများသည် လုယွီ၏ခန္ဓာကိုယ်ပတ်လည်၌ ရစ်ဝဲနေပြီး ရွှေရောင်အတားအဆီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
လုယွီက အက်ကွဲကြောင်းအတွင်းသို့ခုန်ချလိုက်ရာ ချက်ချင်းဆိုသလိုပင် ခြစ်ခြစ်တောက်ပူပြင်းသောအခိုးအငွေ့များက သူ၏မျက်နှာကို လာရောက်ရိုက်ခတ်သည်။
ဝေါင်း...
မြေအောက်မီးနတ်ဆိုးများ၏အော်ဟစ်ကြုံးဝါးသံများက ပတ်ဝန်းကျင်နေရာအနှံ့အပြားမှ ထွက်ပေါ်လာသည်။လုယွီသည် အက်ကွဲကြောင်းအတွင်းသို့ ဆင်းသက်လာသည်ကိုကြည့်ပြီး မြေအောက်မီးနတ်ဆိုးများအားလုံးက ဒေါသတကြီးအော်ဟစ်ကြုံးဝါးကာ သူ့ထံတိုးဝင်လာကြ၏။
ဤှကဲ့သို့ အဆင့်နိမ့်နတ်ဆိုးများဖြင့် ရင်ဆိုင်ရချိန်တွင် လုယွီ၏လက်သီးတစ်ချက်ဖြင့်ပင် မရေမတွက်နိုင်သော မြေအောက်မီးနတ်ဆိုးများ သေဆုံးသွားကြရသည်။
အက်ကွဲကြောင်းအတွင်းရှိ မြေအောက်မီးနတ်ဆိုးများသည် အကန့်အသတ်ရှိပုံမရချေ။လုယွီ မြေအောက်သို့ ပို၍နက်ရှိုင်းစွာဆင်းသက်လေလေ မြေအောက်မီးနတ်ဆိုးများ ပို၍များပြားလာလေလေပင်။သူတို့သည် ကျိုင်းကောင်များကဲ့သို့ပင် အုပ်စုဖွဲ့၍ မြေအောက်အတွင်း၌ ပြည့်နှက်နေသည်။
"မြေအောက်လောကနတ်ဘုရားရဲ့အော်ဟစ်ကြုံးဝါးသံ"
လုယွီက ရုတ်တရက် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး အော်ဟစ်ကြုံးဝါးလိုက်သည်။သူ၏အသံသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်ပေ၏။
ဘုန်း...
ထိုအော်သံပျံ့နှံ့သွားခြင်းနှင့်အတူ အဆင့်နိမ့်မီးနတ်ဆိုးများသည် ချက်ချင်းဆိုသလို သေဆုံးသွားကြကာ သွေးမြူများအဖြစ် ပေါက်ကွဲသွားတော့သည်။
Chapter 2083
လုယွီ၏ဒေါသတကြီး အော်ဟစ်ကြုံးဝါးသံနှင့်အတူ ပတ်ဝန်းကျင်ရှိမြေအောက်မီးနတ်ဆိုးများအားလုံး သေဆုံးသွားခဲ့သည်။
လုယွီ၏မျက်လုံးများသည် ခရမ်းရောင်တောက်ပနေပြီး သူ၏အမြင်အာရုံသည် အကန့်အသတ်ရှိပုံမရချေ။ရုတ်ချည်းဆိုသလိုပင် သူသည် ဤနေရာပတ်ဝန်းကျင်ရှိ အရာရာတိုင်းကို ထွင်းဖောက်မြင်နိုင်သွားလေ၏။
"ဒါဆိုရင် သူတို့တွေက ဒီပစ္စည်းကိုစောင့်ကြပ်နေကြတာပါလား"
လုယွီက တီးတိုးရေရွတ်လိုက်သည်။သူသည် ချက်ချင်းဆိုသလိုပင် အက်ကွဲကြောင်း၏နက်ရှိုင်းသောနေရာသို့ ပျံသန်းသွားပြီး ရာနှင့်ချီသော မြေအောက်မီးနတ်ဆိုးများကို သတ်ဖြတ်လိုက်သည်။
မီးနတ်ဆိုးများ၏ကာကွယ်မှုအောက်တွင် မြေအောက်ရှိလေဟာနယ်အတွင်း၌ တောက်ပနေသောမီးတောက်တစ်ခု မျောလွင့်နေလေ၏။ထိုမီးတောက်၏လွှမ်းမိုးမှုအောက်တွင် ပတ်ဝန်းကျင်ရှိချော်ရည်အခိုးအငွေ့များသည် ထိုမီးတောက်ကိုကြောက်ရွံနေသည့်အလား အရပ်မျက်နှာအဘက်ဘက်သို့ ဆုတ်ခွါနေကြသည်။
"ဒါက စိတ်ဝိညာဥ်မီးတောက်ပဲ"
လုယွီသည် စိတ်ဝိညာဥ်မီးတောက်၏နံဘေးသို့ ပျံသန်းသွားကာ သူ၏မှော်စွမ်းအားများကို သူ၏လက်ဖဝါးအတွင်း၌ လှည့်ပတ်လိုက်၏။သူ၏လက်ဖဝါးကို ချက်ချင်းဆိုသလိုပင် ရွှေရောင်အလင်းတန်းများ လွှမ်းခြုံသွားသည်။
စိတ်ဝိညာဥ်မီးတောက်သည် အလွန်အမင်းပူပြင်းကာ အရာအားလုံးကို လောင်ကျွမ်းနိုင်ပုံရသော်လည်း လုယွီ၏ရုပ်ခန္ဓာကိုယ်အပေါ် အနည်းငယ်မျှပင် သက်ရောက်စေခြင်းမရှိချေ။
လုယွီ ချဥ်းကပ်လာခြင်းကိုမြင်သည်နှင့် စိတ်ဝိညာဥ်မီးတောက်သည် ရုတ်တရက် အကြိမ်အနည်းငယ်ယိမ်းနွဲ့သွားပြီးနောက် မီးငှက်တစ်ကောင်အသွင်ပြောင်းလဲကာ မြေအောက်ရှိချောက်နက်ကြီး၏ တခြားတစ်ဖက်ကမ်းဆီသို့ဦးတည်၍ ပျံသန်းသွားသည်။
"ပြေးချင်သေးတာလား"
ရုတ်ချည်းဆိုသလိုပင် လုယွီက ထိုအရာသည် ဒြပ်စင်များစုစည်းလာခြင်းမှ ဖြစ်ပေါ်လာသော သဘာဝစိတ်ဝိညာဥ်သက်ရှိဖြစ်သည်ကို သိရှိလိုက်ရ၏။
ဤသည်က သူ ရှေးဟောင်းဖုန်မှုန့်ကြယ်ပေါ်၌ ကြုံတွေ့ခဲ့သော သတ္ထုဒြပ်စင်ကျားများကဲ့သို့ သက်ရှိတစ်မျိုးဖြစ်သည်။
လုယွီက သူ၏လက်ကိုမြှောက်၍ ဖမ်းဆုပ်မည့်လက်ဟန်သင်္ကေတမျိူးပြုလုပ်ကာ နဂါးဖမ်းလက်ကိုအသုံးပြု၍ ထိုငှက်ကို ဖမ်းဆီးလိုက်သည်။
မီးငှက်သည် ရုန်းကန်နေသော်လည်း လုယွီ၏လက်အတွင်းမှ လွတ်မြောက်ခြင်းမရှိချေ။
မည်သည့်တုံ့ဆိုင်းခြင်းမှမရှိဘဲ လုယွီက သူ၏ပါးစပ်ကိုဟကာ မီးငှက်ကိုဝါးမျိုလိုက်၏။
မီးငှက်သည် လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်နှင့် ပူပြင်းလောင်ကျွမ်းသောမီးတောက်များအဖြစ် ပြောင်းလဲသွားကာ သူ၏မရီးဒါန်းများကို ဝိုင်းရံထားသည်။
သန့်စင်သောမီးဒြပ်စင်စွမ်းအင်များသည် လုယွီ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ ရစ်ဝဲနေကာ အစွမ်းထက်သော မှော်စွမ်းအင်လှိုင်းများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
လုယွီ၏မိုးကောင်းကင်လှိုဏ်ဂူအတွင်း၌ သတ္ထု သစ်သားနှင့်ရေ ဒြပ်စင်သုံးမျိုးချီများရှိပြီးဖြစ်သည်။ဤအချိန်အခိုက်အတန့်တွင် မီးဒြပ်စင်ချီကို ကိုယ်စားပြုသောအလင်းတိုင်လုံးသည် အလျှင်အမြန် မြင့်တက်လာပေ၏။
သို့ရာတွင် လုယွီ၏အစွမ်းထက်သော မိုးကောင်းကင်လှိုဏ်ဂူနှင့် နှိုင်းယှဥ်ပါက ထိုမီးဒြပ်စင်ချီများသည် ရေပုံးအတွင်းမှရေတစ်ပေါက်စာပင်။
"သေချာတာပေါ့...ဒါက ရတနာနယ်မြေတစ်ခုပဲ...တကယ်လို့ ငါက မီးဒြပ်စင်စိတ်ဝိညာဥ်သားရဲဟတွေကို ထပ်ပြီးဝါးမျိုနိုင်မယ်ဆိုရင် ငါ့ရဲ့မီးဒြပ်စင်ချီစွမ်းအားတွေက ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်သွားလိမ့်မယ်"
လုယွီသည် မြေအောက်ရှိမီးနတ်ဆိုးများကို အရူးအမူးစတင်သတ်ဖြတ်ကာ သူ၏နံဘေးပတ်ဝန်းကျင်ရှိ စိတ်ဝိညာဥ်မီးတောက်များကို ဝါးမျိုနေသည်။
ဝုန်း...ဝုန်း...ဝုန်း...
လုယွီ၏လက်ဝါးရိုက်ချက် ကျရောက်သွားသည်နှင့် သူ့ရှေ့ရှိ မာကျောသောကျောက်သားလွှာများအားလုံး ကြေမွှပျက်စီးသွားသည်။
ဤစိတ်ဝိညာဥ်မီးနယ်မြေကို မြေအောက်မီးနတ်ဆိုးများမှနေ၍ အပြည့်အဝအပိုင်စီးထားခဲ့သည်။
ထိုမြေအောက်မီးနတ်ဆိုးများ၏ခန္ဓာကိုယ်များပေါ်တွင် မီးတောက်များက တဟုန်းဟုန်းတောက်လောင်နေပြီး သူတို့၏မျက်လုံးများအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့် ပြည့်နှက်နေပေ၏။သူတို့သည် သူတို့ရှေ့သို့ရောက်ရှိလာသော မည်သည့်သက်ရှိကိုမဆို သတ်ဖြတ်ပစ်ရန်မှလွဲ၍ တခြားမည်သည့်အတွေးမျှမရှိချေ။
သူ မြေအောက်သို့ ပို၍နက်ရှိုင်းစွာဆင်းသက်လေလေ မီးနတ်ဆိုးများ၏ခွန်အား ပို၍အစွမ်းထက်လာလေလေပင်။လုယွီသည် ခြောက်နာရီခန့်ကြာအောင် အောက်သို့ဆက်တိုက်ဆင်းသက်ခဲ့ပြီးနောက် မြေအောက်ကုန်းတွင်းပိုင်းနယ်မြေသို့ ရောက်ရှိလာခဲ့သည်။
ဤနေရာသည် ပြင်ပလောကထက်များစွာပို၍မှောင်မည်းကာ မီးနတ်ဆိုးများ၏ခွန်အားသည်လည်း လေလွင့်အင်မော်တယ်အဆင့်နှင့်နီးကပ်နေလေရာ အလွန်အမင်း တုန်လှုပ်ချောက်ချားဖွယ်ကောင်းလှ၏။
လေလွင့်အင်မော်တယ်တစ်ယောက်သည် လုယွီကို ခြိမ်းခြောက်နိုင်ခြင်းမရှိချေ။သို့ရာတွင် ရာထောင်ချီသော လေလွင့်အင်မော်တယ်ခွန်အားရှိသည့် မြေအောက်မီးနတ်ဆိုးများစုဝေးမိချိန်တွင် အလွန်ကြီးမားသောအင်အားစုကြီးကိုဖြစ်စေသည်။
မည်သို့ပင်ဆိုစေကာမူ ထိုတုန်လှုပ်ချောက်ချားဖွယ်အင်အားစုသည် လုယွီ၏ရှေ့အရောက်တွင် လက်သီးတစ်ချက်ဖြင့် ထိုးနှက်ဖြေရှင်းခြင်းကိုခံလိုက်ရသည်။
လုယွီ၏ရုပ်ခန္ဓာကိုယ်သည် ရှေးဟောင်းသူတော်စင်ခန္ဓာကိုယ်နှင့်နီးကပ်နေသဖြင့် သူ၏လက်သီးတစ်ချက်ဖြင့်ပင် အရာအားလုံးနီးပါးကို ချေမွှဖျက်ဆီးပစ်နိုင်စွမ်းရှိသည်။
"ငါ အောက်ကိုပိုပြီးဆင်းတာနဲ့ ပိုပြီးအားကောင်းတဲ့စိတ်ဝိညာဥ်မီးတောက်တွေကို တွေ့ရမှာပဲ"
လမ်းတလျှောက်၌ လုယွီသည် အတွေ့အကြုံတချို့ကို ရရှိလိုက်၏။
သူ၏မိုးကောင်းကင်လှိုဏ်ဂူအတွင်း၌ ကြီးကျယ်ခမ်းနားသော မီးဒြပ်စင်စွမ်းအင်များ တဖြည်းဖြည်းစုဝေးလာပြီး တိကျသောပမာဏတစ်ခုထိ ရောက်ရှိနေလေပြီ။
သူသည် မီးဒြပ်စင်စိတ်ဝိညာဥ်သားရဲတစ်ကောင်ကို ဖမ်းမိသည်နှင့် ချက်ချင်းဝါးမျိုလိုက်ရာ သူ၏ခန္ဓာကိုယ်အတွင်းရှိ မီးဒြပ်စင်စွမ်းအင်များ တစတစ ပို၍အားကောင်းလာသည်။
အကယ်၍ တစ်စုံတစ်ယောက်သာ ဤနေရာ၌ရှိနေပါက လုယွီ၏အလွန်အကျွံဝါးမျိုမှုအတွက် အော်ငေါက်မည်မှာ တိကျသေချာသည်။
စိတ်ဝိညာဥ်မီးတောက်တစ်ခုသည် သာမာန်ဆေးပညာရှင်တစ်ယောက်ကို အစစ်အမှန်ဆေးပညာရှင်အဆင့်သို့ရောက်ရှိသွားစေရန်လုံလောက်သည်။အကယ်၍ ဆေးပညာရှင်တစ်ယောက်သည် စိတ်ဝိညာဥ်မီးတောက်တစ်ခုကိုရရှိပါက ထိုမီးတောက်ကိုအမှီပြု၍ သူ၏ဆေးဖော်စပ်မှုစွမ်းရည်ကို မြှင့်တင်နိုင်ပေမည်။
Chapter 2084
လုယွီထံ၌ ကောင်းကင်ဘုံဧကရာဇ်၏အစစ်အမှန်မီးတောက်ရှိနေသဖြင့် ဆေးလုံးများဖော်စပ်ရန်အတွက် စိတ်ဝိညာဥ်မီးတောက်များ မလိုအပ်ချေ။
မည်သည့်အရည်အသွေးရှိနေသော မီးတောက်မဆို သူက ဝါးမျိုပြီးသည်နှင့်သန့်စင်ကာ သူ၏ကိုယ်ပိုင်မီးဒြပ်စင်စွမ်းအားများအဖြစ် ပြောင်းလဲလိုက်သည်။
"ဒီအရှိန်နှုန်းက အရမ်းနှေးလွန်းတယ်...စိတ်ဝိညာဥ်မီးနယ်မြေက ခုနစ်ရက်ပဲဖွင့်မှာ...ငါက အဆင့်နိမ့်စိတ်ဝိညာဥ်မီးတောက်တွေကိုပဲဝါးမျိုနေမယ်ဆိုရင် ဘယ်ချိန်ကျမှ ပြီးပြည့်စုံခြင်းအဆင့်ကိုရောက်မယ်ဆိုတာ ငါ မသိနိုင်ဘူး"
အမှန်အားဖြင့် လုယွီသည် ဤတိုးတက်မှုအရှိန်နှုန်းကို စိတ်ကျေနပ်ခြင်းမရှိချေ။
တခြားသူများအတွက် ဤနေရာရှိ မီးဒြပ်စင်စွမ်းအင်များသည် တုန်လှုပ်ချောက်ချားဖွယ်ကောင်းအောင် များပြားသည်ဟုဆိုနိုင်ပေ၏။သို့ရာတွင် လုယွီအတွက်ကမူ ဤှမီးဒြပ်စင်စွမ်းအင်များမှာ လုံလောက်ခြင်းမရှိချေ။
"ဒီစိတ်ဝိညာဥ်မီးနယ်မြေထဲမှာ အစွမ်းထက်တဲ့ စိတ်ဝိညာဥ်မီးတောက်တချို့ရှိသင့်တယ်"
လုယွီက ချီစောင့်ကြည့်ခြင်းနည်းစနစ်ကို ထပ်မံ၍အသုံးပြုလိုက်သည်။
ဤတစ်ကြိမ်တွင် သူသည် အစွမ်းထက်သောစိတ်ဝိညာဥ်မီးတောက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ရ၏။
တခြားတစ်ဖက်တွင် ရှောင်မိသားစုဝင်လူငယ်များသည် အချိန်အတော်ကြာထိန်းညှိပြီးနောက် သူတို့၏ခန္ဓာကိုယ်များကို စိတ်ဝိညာဥ်မီးနယ်မြေနှင့် လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်နိုင်ခဲ့သည်။
ထိုလူငယ်များသည် မိသားစုကြီးတစ်ခုမှထူးချွန်သောလူငယ်များဟု ခေါ်ထိုက်ပေ၏။ဤနေရာရှိပတ်ဝန်းကျင်သည် ကြမ်းတမ်းသော်လည်း သူတို့အနက်မှမည်သူတစ်ဦးတစ်ယောက်မျှ နောက်ဆုတ်ခြင်းမရှိချေ။
"ဒီနေရာက စိတ်ဝိညာဥ်မီးတောက်တွေကို မြေအောက်မီးနတ်ဆိုးတွေက စောင့်ကြပ်နေတယ်...စိတ်ဝိညာဥ်မီးတောက် အစွမ်းထက်လေလေ စောင့်ကြပ်နေတဲ့မီးနတ်ဆိုးတွေက အားကောင်းလေလေပဲ"
ရှောင်ချင်သည် ဤလူတစ်စု၏စိတ်နှလုံးသားအတွင်း၌ အမာခံကျောရိုးအဖြစ်တည်ရှိနေကာ သူမက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုလိုက်၏။
"အရင်တုန်းက ငါတို့က အစွမ်းမထက်တဲ့စိတ်ဝိညာဥ်မီးတောက်ကိုပဲ ဖမ်းယူခဲ့ကြတယ်....ငါတို့က လက်ဗလာနဲ့ပြန်မလာရပေမယ့် ငါတို့ရဲ့ခွန်အားတွေကုန်ဆုံးရတာနဲ့ နှိုင်းယှဥ်ရင် ဘာမှအရေးမပါဘူး...ဒီတစ်ကြိမ်တော့ ငါတို့က အစွမ်းထက်ဆုံးစိတ်ဝိညာဥ်မီးတောက်ဆီကို သွားကြဖို့ ငါ အကြံပြုချင်တယ်...မင်းတို့က မီးတောက်ကိုယူဆောင်လာနိုင်တာနဲ့ မိသားစုက မင်းတို့ကို ဆုလာဘ်တွေအများကြီးချီးမြှင့်မှာပဲ"
ရှောင်မိသားစုဝင်လူငယ်များအားလုံးသည် ခေါင်းညိတ်လိုက်ကြကာ သူတို့၏မျက်လုံးများသည် ပြင်းထန်သောတိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများကြောင့် တောက်ပနေသည်။
လူတိုင်း သဘောတူညီလိုက်သည်ကိုကြည့်ပြီး ရှောင်ချင်က စိတ်ကျေနပ်မှုအပြည့်ရသွားသောအသံဖြင့် ပြောဆိုသည်။
"မင်းတို့ ဘာမှမစိုးရိမ်ကြနဲ့...ဒီတစ်ကြိမ်မှာ မင်းတို့က ငါ အစွမ်းထက်ဆုံးစိတ်ဝိညာဥ်မီးတောက်ကိုရအောင် ကူညီပေးနိုင်တာနဲ့...ငါက ဆုလာဘ်အဖြစ် လူတိုင်းကို ထိပ်တန်းအဆင့်စိတ်ဝိညာဥ်ချိတ်ဆက်ခြင်းမှော်လက်နက်တစ်ခုစီပေးမယ်"
ရှောင်မိသားစုဝင်လူငယ်အများစု၏မျက်လုံးများ လင်းလက်တောက်ပသွားသည်။
ထိပ်တန်းအဆင့်စိတ်ဝိညာဥ်ချိတ်ဆက်ခြင်းမှော်ရတနာကို ဆုလာဘ်အဖြစ်ပေးမည်ဆိုသည်မှာ ရှောင်မိသားစုအတွင်း၌ အကြီးဆုံးသခင်မလေးကသာ အာမခံချက်အပြည့်ဖြင့်ပြောနိုင်သောစကားဖြစ်သည်။
"လင်းအာ ငါ့ရဲ့နောက်ကနေပဲလိုက်...ဘယ်မှလျှောက်မသွားနဲ့"
ရှောင်ချင်က သူမ၏ညီမဖြစ်သူကိုကြည့်၍ ပြောဆိုလိုက်၏။
ရှောင်လင်းအာသည် ကိုယ်ကျပ်အင်္ကျီနှင့်သွေးနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။သူမ၏ဝတ်စုံပေါ်၌ အလင်းရောင်များတောက်ပနေလေရာ အဖိုးတန်သောမှော်ရတနာဖြစ်မည်မှာ သိသာထင်ရှားလှ၏။
"မမ...ဘာမှမစိုးရိမ်ပါနဲ့...ကျွန်မက သန်မာပါတယ်"
ရှောင်လင်းအာ၏မျက်လုံးများအတွင်းတွင်လည်း တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။
ရှောင်မိသားစုဝင်လူငယ်များသည် သူတို့ရည်မှန်းထားသောနေရာများဆီသို့ ဦးတည်၍ အပြေးသွားကြ၏။
စိတ်ဝိညာဥ်မီးနယ်မြေကို ရှောင်မိသားစုမှအစွမ်းထက်အကြီးအကဲများမှ အကြိမ်ပေါင်းများစွာ စူးစမ်းလေ့လာပြီးဖြစ်သဖြင့် သူတို့သည် အတွင်းရှိအခြေအနေများနှင့် လွန်စွာရင်းနှီးကျွမ်းဝင်သည်။
ရလဒ်အနေဖြင့် လူတိုင်းထံတွင် စိတ်ဝိညာဥ်မီးနယ်မြေ၏အကြမ်းဖျင်းမြေပုံ ပါရှိကြသည်။
"ဒီစိတ်ဝိညာဥ်မီးတောက်က တောင်ရဲ့အနောက်မှာရှိတယ်"
ရှောင်ချင်က တီးတိုးရေရွတ်လိုက်သည်။
လမ်းတလျှောက်လုံး၌ သူတို့သည် လေထုအတွင်း၌ပျံသန်းဝံ့ခြင်းမရှိချေ။အကယ်၍ သူတို့သည် လေထုအတွင်း၌ပျံသန်းနေပါက အားကောင်းသောဖိအားအရှိန်အဝါရှိနေသည့်အပြင် ထင်ရှားသောပစ်မှတ်များဖြစ်နေသဖြင့် မြေအောက်မီးနတ်ဆိုးများ၏ လွယ်လင့်တကူတိုက်ခိုက်ခြင်းကို ခံရနိုင်သည်။
တောင်တန်းပရဝုဏ်ကိုဖြတ်ကျော်ပြီးနောက် သူတို့သည် ကျယ်ပြန့်သောလွင်ပြင်တစ်ခုကို မြင်တွေ့လိုက်ရ၏။
အပြာရင့်ရောင်မီးတောက်တစ်ခုသည် လေထုအတွင်း၌ မျောလွင့်နေပြီး တစ်ခါတစ်ရံ ယုန်တစ်ကောင် တစ်ခါတစ်ရံ ကျားတစ်ကောင်အဖြစ်ပြောင်းလဲသွားကာ ရှေ့နောက်လွှဲယမ်းနေသည်။
ထိုမီးတောက်၏နောက်၌ မီတာတစ်ဝက်ခန့်မြင့်မားသော သစ်ပင်တစ်ပင်ရှိနေကာ ထိုအရာပေါ်၌ အနီရောင်တောက်ပနေသော သစ်သီးတစ်လုံးရှိနေသည်။
"မီးစိတ်ဝိညာဥ်မြင့်မြတ်သစ်သီးပါလား"
ထိုသစ်သီးကိုမြင်သည်နှင့် ရှောင်ချင်သည် သူမ၏မျက်လုံးအတွင်းမှ အံ့အားသင့်မှုအရိပ်အယောင်များကို ဖုံးကွယ်၍မထားနိုင်တော့ချေ။
ဤသစ်သီးမျိုးသည် လျှို့ဝှက်ဆန်းကြယ်သောနေရာများတွင် သဘာဝအလျောက်ပေါက်ဖွားလာလေ့ရှိသော ရှားပါးရတနာမျိုးဖြစ်သည်။
မီးစိတ်ဝိညာဥ်မြင့်မြတ်သစ်သီးတွင် အကန့်အသတ်မရှိသော မီးဒြပ်စင်စွမ်းအင်များပါဝင်သည်။ထိုသစ်သီးအတွင်း၌ပါဝင်သောစွမ်းအားများသည် လူသားခန္ဓာကိုယ်မှအရိုးများကို သန့်စင်ထိန်းညှိပေးနိုင်ကာ လူတစ်ယောက်ကို ပြန်လည်မွေးဖွားလာသကဲ့သို့ဖြစ်စေပြီး ထိုသူ၏မွေးရာပါအရည်အချင်းကို မြှင့်တင်ပေးနိုင်သည်။
ဤှသည်က သာမာန်လူတစ်ယောက်ကို ပါရမီရှင်တစ်ယောက်အဖြစ် ပြောင်းလဲပေးနိုင်သော ပြိုင်ဘက်ကင်းရတနာတစ်ခုပင်။
Chapter 2085
ရှောင်ချင်သည် ယခင်ကတည်းက ပါရမီရှင်တစ်ယောက်ဖြစ်သော်လည်း အကယ်၍ သူမသည် မီးစိတ်ဝိညာဥ်မြင့်မြတ်သစ်သီးကိုစားသုံးပါက သူမအတွက် အကျိုးကျေးဇူးအမြောက်အများ ရရှိနိုင်ဆဲပင်။
ထို့ပြင် သူမထံတွင် နတ်ဘုရားဖီးနစ်ခန္ဓာကိုယ်ဖွဲ့စည်းပုံရှိနေသည်။ထို့ကြောင့် မီးဒြပ်စင်အထူးပြုရတနာများသည် သူမအတွက် အလွန်ကြီးမားစွာဆွဲဆောင်နိုင်စွမ်းရှိပေ၏။
"ဒီတစ်ကြိမ်တော့ ငါက စိတ်ဝိညာဥ်မီးတောက်နဲ့မြင့်မြတ်သစ်သီးကိုရရမယ်...ဒါက ငါ့အတွက် ကြီးမားတဲ့အကျိုးအမြတ်ပဲ"
ရှောင်ချင်က အလွန်စိတ်လှုပ်ရှားနေသည်။
နံဘေးဘက်၌ရှိနေသောရှောင်ယွမ်က ပြောဆိုသည်။
"အကြီးဆုံးသခင်မလေး...ဒီစိတ်ဝိညာဥ်မီးတောက်ရဲ့ဘေးမှာ စောင့်ကြပ်နေတဲ့ မြေအောက်မီးနတ်ဆိုးတွေရှိမနေဘူး...ဘာလို့ ကျွန်တော်တို့က ဒီအခြေအနေကိုအခွင့်ကောင်းယူပြီး စိတ်ဝိညာဥ်မီးတောက်ကို ဖမ်းမယူသေးတာလဲ"
ရှောင်ချင်သည် စကားတုံ့ပြန်ပြောဆိုခြင်းမရှိဘဲ နောက်သို့ပြန်လှည့်၍ လူအုပ်အကြားမှ လူလတ်ပိုင်းကြီးကို ကြည့်လိုက်၏။
ထိုလူလတ်ပိုင်းကြီးသည် ရှောင်မိသားစုမှလူငယ်များကို ကာကွယ်ပေးရန်လိုက်ပါလာသော အကြီးအကဲတစ်ယောက်ဖြစ်သည်။လူငယ်များအသက်အန္တရာယ်နှင့်မကြုံတွေ့သရွေ့ ထိုလူလတ်ပိုင်းကြီးသည် ဝင်ရောက်စွက်ဖက်မည်မဟုတ်ချေ။
ဤှကဲ့သို့အစွမ်းထက်ကျင့်ကြံသူတစ်ယောက်သည် အခြေအနေကိုစောင့်ကြည့်နေသဖြင့် လူတိုင်း၏စိတ်နှလုံးသားအတွင်း၌ စိုးရိမ်ပူပန်မှုများစွာမရှိချေ။
"တကယ်လို့ နောက်ကျသွားရင် အခြေအနေတွေပြောင်းလဲသွားလိမ့်မယ်...လှုပ်ရှားကြစို့"
ရှောင်ချင်သည် အချိန်တခဏကြာ တွေဝေစဥ်းစားနေပြီးမှ ပြတ်ပြတ်သားသားဆုံးဖြတ်ချက်ချလိုက်၏။
ရုတ်ချည်းဆိုသလိုပင် ရှောင်မိသားစုဝင်လူငယ်များသည် ရှေ့သို့တဟုန်ထိုးပြေးဝင်လိုက်ကြသည်။
စိတ်ဝိညာဥ်မီးတောက်သည် အန္တရာယ်ကို အနည်းငယ်မျှပင် သတိပြုမိပုံမရဘဲ ပတ်ဝန်းကျင်၌ သက်ဝင်လှုပ်ရှားစွာဖြင့် ခုန်ပေါက်လှုပ်ယမ်းနေဆဲပင်။
ထိုမီးတောက်ကိုကြည့်ပြီး ဆရာသခင်သုန်၏မျက်လုံးအတွင်း၌ လောဘအရိပ်အယောင်များ ထင်ဟပ်လာသည်။
သို့ရာတွင် သူက ထိုလောဘအရိပ်အယောင်များကို ကောင်းစွာဖုံးကွယ်လိုက်၏။
ရှောင်မိသားစုဝင်လူငယ်များသည် အလွန်လျှင်မြန်စွာ လှုပ်ရှားနေကြသည်။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူတို့သည် စိတ်ဝိညာဥ်မီးတောက်၏နံဘေးသို့ ရောက်ရှိသွားသည်။
ထိုလူငယ်တစ်စု ရုတ်တရက်ရောက်ရှိလာသည်ကိုမြင်သော စိတ်ဝိညာဥ်မီးတောက်သည် အန္တရာယ်ကိုအာရုံခံမိပုံဖြင့် ထွက်ပြေးရန်ဟန်ပြင်လိုက်၏။
"ဟား ဟား ဟား...မင်းက ဘယ်နေရာကို ပြေးချင်သေးတာလဲ"
ရှောင်မိသားစုဝင်လူငယ်များအနက်မှတစ်ယောက်သည် ရယ်မောပြီး သူက မှော်မန္တန်ကိုရွတ်ဆိုကာ စိတ်ဝိညာဥ်မီးတောက်ကို ဖမ်းဆီးလိုက်သည်။
သို့သော် ရုတ်ချည်းဆိုသလိုပင် နူးညံသိမ်မွေ့ပုံရသော မီးတောက်သည် ရုတ်တရက် ယခင်ထက်အဆပေါင်းများစွာ ပြန့်ကားသွားသည်။ထိုမီးတောက်သည် အပြာရောင်မျက်နှာကြီးနှင့်တူညီနေပြီး ပါးစပ်ကြီးကိုဖွင့်ဟကာ ထိုရှောင်မိသားစုဝင်လူငယ်ကို ဝါးမျိုလိုက်၏။
ထိုရှောင်မိသားစုလူငယ်သည် စိတ်ပုံထွင်းနယ်ပယ်ကျင့်ကြံဆင့်ရှိသော်လည်း စိတ်ဝိညာဥ်မီးတောက်၏ရှေ့တွင် အနည်းငယ်မျှပင် ခုခံကာကွယ်နိုင်စွမ်းမရှိချေ။
ဝေါင်း....
စိတ်ဝိညာဥ်မီးတောက်သည် ရုတ်တရက် တိုးညှင်းစွာဟိန်းဟောက်လိုက်ပြီးနောက် ဧရာမဝံပုလွေကြီးတစ်ကောင်အဖြစ် အသွင်ပြောင်းလဲလိုက်ကာ သူ၏ပါးစပ်ကြီးများကိုဖြဲဟ၍ တုန်လှုပ်ချောက်ချားဖွယ်အမူအယာဖြင့် လေထုအတွင်း၌ မျောလွင့်နေသည်။
"မကောင်းတော့ဘူး"
စိတ်ဝိညာဥ်မီးတောက်သည် ဤမျှထိရက်စက်ကြမ်းကြုတ်မည်ဟု တခြားရှောင်မိသားစုဝင်လူငယ်များ မျှော်လင့်ထားခြင်းမရှိချေ။
ယေဘူယျကျကျပြောဆိုရလျှင် ဤနေရာ၌ အန္တရာယ်အများဆုံးအရာမှာ မြေအောက်မီးနတ်ဆိုးအုပ်စုဖြစ်သည်။စိတ်ဝိညာဥ်မီးတောက်များသည် လူသားများနှင့် တွေ့ဆုံသောအခါတွင် အမြဲတစေထွက်ပြေးလေ့ရှိသည်။သူတို့သည် နူးညံသိမ်မွေ့ယောင်ဆောင်၍ လူသားများကို တန်ပြန်တိုက်ခိုက်ခြင်းမရှိကြချေ။
ဤစိတ်ဝိညာဥ်မီးတောက် အလွန်အစွမ်းထက်မည်ဟု မည်သူက ကြိုသိမည်နည်း။
ရှောင်ချင်က ကျယ်လောင်စွာ အော်ငေါက်လိုက်၏။သူမ၏လက်ချောင်းများကို လှုပ်ခတ်လိုက်ခြင်းနှင့်အတူ ဘူးသီးခြောက်တစ်ခုထွက်ပေါ်လာပြီး သူမက မှော်မန္တန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်သည်။ထိုဘူးသီးခြောက်၏အဝ ရုတ်တရက်ပွင့်သွားပြီး ပြင်းထန်သောစုပ်အားတစ်ရပ် ထွက်ပေါ်လာသည်။
သို့ရာတွင် သူမရှေ့ရှိ စိတ်ဝိညာဥ်မီးတောက်အပေါ်၌ အနည်းငယ်မျှပင် သက်ရောက်ခြင်းမရှိချေ။ထိုအစား ထိုမီးတောက်မျက်နှာကြီးမှနေ၍ မီးတောက်တစ်ခုပန်းထွက်လာပြီး ဘူးသီးခြောက်ကို ဝါးမျိုလိုက်၏။
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
ရှောင်ချင်သည် သူမနှင့် သူမ၏မှော်လက်နက်အကြားရှိဆက်သွယ်မှု ပြတ်တောက်သွားခြင်းကို ရှင်းရှင်းလင်းလင်း ခံစားမိသည်။
ဤအချိန်တွင် ပတ်ဝန်းကျင်နေရာတဝိုက်မှနေ၍ ရှည်လျားသောညည်းညူသံများ ထွက်ပေါ်လာသည်။
အဆက်မပြတ်ထွက်ပေါ်နေသော ညည်းညူသံများကို ကြားလိုက်ရချိန်တွင် ရှောင်မိသားစုဝင်လူငယ်များ၏မျက်နှာအမူအယာများ သိသိသာသာပျက်ယွင်းသွားပေ၏။
ဤသည်က မြေအောက်မီးနတ်ဆိုးများ၏အသံများပင်။
ရုတ်ချည်းဆိုသလိုပင် ယခင်က အလွန်တိတ်ဆိတ်ငြိမ်သက်နေသော ပတ်ဝန်းကျင်ရှိတောင်တန်းများအကြားမှနေ၍ သွေးနီရောင်မြေအောက်မီးနတ်ဆိုးများ ထွက်ပေါ်လာသည်။
သူတို့၏အရေအတွက်သည် အလွန်များပြားပြီး မျက်စိနှင့်မြင်နိုင်သရွေ့ အဆုံးမရှိချေ။
မရေမတွက်နိုင်သော မြေအောက်မီးနတ်ဆိုးများ စုဝေးနေကြသဖြင့် လေထုအတွင်း၌ နတ်ဆိုးအငွေ့အသက်များဖြင့်ပြည့်နှက်သွားပေရာ ရှောင်မိသားစုဝင်လူငယ်များသည် သူတို့၏ကျောရိုးများတလျှောက် ချမ်းစိမ့်လာသည်ကို ခံစားမိလေ၏။
မြေအောက်မီးနတ်ဆိုးများ၏ကူညီထောက်ပံမှုနှင့်အတူ စိတ်ဝိညာဥ်မီးတောက်က ပို၍အတင့်ရဲလာသည်။ထိုမီးတောက်သည် အော်ဟစ်ကြုံးဝါးကာ လူအုပ်အကြားသို့ပြေးဝင်သွားပြီး ချက်ချင်းဆိုသလိုပင် လူတချို့ကို သတ်ဖြတ်လိုက်သည်။
စိတ်ဝိညာဥ်မီးတောက်သည် ကြီးမားသောတိုက်ခိုက်မှုပြုလုပ်ရန် ပြင်ဆင်နေစဥ်မှာပင် ဓားချီတစ်လှိုင်းက မီးတောက်ကိုရိုက်ခတ်မိသွားကာ နောက်သို့လွင့်ထွက်သွားစေသည်။
"ဒီနေရာက မြန်မြန်ထွက်သွားကြတော့"
ဤသည်က ရှောင်မိသားစု၏အကြီးအကဲပင်။ဤအချိန်အခိုက်အတန့်တွင် သူ၏မျက်နှာအမူအယာသည် တင်းမာနေပြီး သူက မီးတောက်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်၏။
Thank For Reading.