← Chapters

အခန်း (၂၀၉၆-၂၁၀၀)

Vol. 108 Ch. 2096-2100

အခန်း (၂၀၉၆-၂၁၀၀)

Vol. 108 Ch. 2096-2100

Chapter 2096

ဘုန်း...

နံရံတစ်ခုကျိုးပဲ့သွားပြီးနောက် လုယွီ၏ပုံရိပ်ထွက်ပေါ်လာသည်။

ဤမြေအောက်နန်းတော်ကို မရေမတွက်နိုင်သောနံရံများဖြင့်ဖွဲ့စည်းထားကာ အချိန်တိုင်း ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်။

နံရံတစ်ခု ပျက်စီးသွားသည့်အချိန်တိုင်း နောက်ထပ်နံရံတစ်ခုထပ်မံ၍ထွက်ပေါ်လာကာ အကန့်အသတ်မရှိချေ။

အကယ်၍ တစ်စုံတစ်ယောက်သည် မြေအောက်နန်းတော်၏အတွင်းပိုင်းဖွဲ့စည်းပုံကိုမသိရှိပါက ဤနေရာတွင်သာ ချောင်ပိတ်မိနေကာ ပြင်ပသို့ထွက်နိုင်ရန် အခွင့်အရေးရှိမည်မဟုတ်ချေ။

"ဒီနေရာမှာ နတ်ဆိုးအငွေ့အသက်တွေ တကယ့်ကိုပြင်းထန်တာပဲ...ဒါပေမယ့် တခြားစွမ်းအားလှိုင်းတွေကိုလည်း ပိတ်လှောင်ထားပုံရတယ်"

လုယွီက ရှည်လျားသောစင်္ကြန်လမ်းတလျှောက် မြွေလိမ်မြွေကောက်သွားနေကာ နောက်ဆုံး၌ ခန်းမကျယ်ကြီးတစ်ခုအတွင်းသို့ ရောက်ရှိလာသည်။

ဤသည်က မြေအောက်နန်းတော်တစ်ခုလုံး၏ဗဟိုချက်နေရာပင်။

ရှေးကျပြီးရိုးရှင်းသောခန်းမကြီးသည် အနက်ရောင်ကျောက်ဆောင်တစ်ခု၏ထိပ်၌တည်ရှိသည်။ဤနေရာပတ်ဝန်းကျင်တွင် ကြေးနီရုပ်ထုများပြန့်ကြဲနေကာ သူတို့၏လက်အတွင်း၌ ဖယောင်းတိုင်တစ်ချောင်းစီကို ကိုင်ဆောင်ထားသည်။

နှစ်ပေါင်းမည်မျှကြာမြင့်ခဲ့ပြီမှန်း မသိနိုင်သော်လည်း​ထိုကြေးနီရုပ်ထုများ၏လက်များအတွင်းရှိ အလင်းရောင်များသည် ငြိမ်းသေသွားခြင်းမရှိချေ။ဆန့်ကျင်ဘက်အနေဖြင့် ထိုဖယောင်းတိုင်မှနေ၍ ပြာလဲ့လဲ့မီးတောက်ကို ထုတ်လွှက်နေဆဲပင်။

ဤမှိန်ပျပျအလင်းရောင်၏လွှမ်းခြုံမှုအောက်တွင်​ပုံရိပ်တချို့သည် ခန်းမ၏တစ်ဖက်တစ်ချက်တွင် မလှုပ်မယှက်မတ်တတ်ရပ်နေကြ၏။

လုယွီက ရှေ့သို့တိုးကာ ထိုပုံရိပ်များကို လေ့လာဆန်းစစ်လိုက်သည်။ထိုပုံရိပ်များအားလုံးသည် သံချပ်ကာဝတ်စစ်သားများဖြစ်ကာ သူတို့၏လက်အတွင်း၌ လှံရှည်တစ်လက်ကို ကိုင်ဆောင်ထားကာ သူတို့က တိတ်ဆိတ်ငြိမ်သက်စွာ မတ်တတ်ရပ်နေသည်။

သို့ရာတွင် ထိုစစ်သားများ သေဆုံးခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်ကြောင်း သိသာထင်ရှားလှ၏။

ဤနေရာပတ်ဝန်းကျင်တွင် ပြင်းထန်သော သေဆုံးခြင်းအရှိန်အဝါများဖြင့်ပြည့်နှက်နေကာ နတ်ဆိုးအငွေ့အသက်များကလည်း အဆက်မပြတ် ပျံ့နှံ့နေသည်။

"သူတို့အားလုံးက ဖုတ်ကောင်တွေပဲ...ဒါပေမယ့် ကံကောင်းချင်တော့ သူတို့ကိုချိပ်ပိတ်ထားတယ်"

လုယွီက ထိတ်လန့်တုန်လှုပ်သွားသည်။

သူသည် ယခင်က ကြယ်ဝိညာဉ်ဘိုးဘေးကို သူ၏ဖုတ်ကောင်အစေခံအဖြစ် ပြုလုပ်ခဲ့သော်လည်း ယခုသူ့ရှေ့တွင်ရှိနေသော ဖုတ်ကောင်ဘုရင်များနှင့် နှိုင်းယှဉ်ပါက အရေးပါသောအရာမဟုတ်ချေ။

ထိုစစ်သားများသည် ရွေ့လျားခြင်းမရှိပေ။သူတို့၏စိမ်းဖန့်ဖန့်မျက်နှာအရေပြားအောက်၌ စူးရှချွန်ထက်သောသွားများ ထွက်ပေါ်နေသည်။

စစ်သားတစ်ယောက်စီ၏နဖူးပြင်ပေါ်၌ အဆောင်လက်ဖွဲ့တစ်ခုစီရှိနေပေ၏။နှစ်ထောင်သောင်းချီ ကြာမြင့်ပြီးသည့်တိုင် ထိုအဆောင်လက်ဖွဲ့၏စွမ်းအားများမှာ ကျန်ရှိနေဆဲပင်။

သို့ရာတွင်....

ထိုဖုတ်ကောင်ဘုရင်များသည် အလွန်အစွမ်းထက်သော်လည်း မီးနတ်ဘုရားကျူးရုံ ကိုယ်တိုင်ကိုယ်ကျတိုက်ခိုက်ရန် ထိုက်တန်သောအရာများမဟုတ်ချေ။

ဤမြေအောက်နန်းတော်အတွင်းတွင် ပို၍အစွမ်းထက်သော တည်ရှိမှုကြီးတစ်ခုရှိနေမည်မှာ သိသာထင်ရှားလှ၏။

"ဘယ်သူလဲ...အဲ့ဒီနေရာမှာ ခိုးကြောင်ခိုးဝှက်နေနေတာလဲ...ထွက်လာခဲ့စမ်း"

ရုတ်ချည်းဆိုသလိုပင် ကျယ်လောင်သောအသံတစ်သံက လုယွီ၏နားအတွင်းသို့ ဝင်ရောက်လာသည်။

လုယွီက နောက်သို့လှည့်ကြည့်လိုက်ရာ ရှောင်မိသားစုဝင်များဖြစ်နေခြင်းကို တွေ့မြင်မိသည်။သူတို့၏မျက်နှာများပေါ်၌ ထိတ်လန့်ကြောက်ရွံသောအရိပ်အယောင်များ ထင်ဟပ်နေသည်။

ရှောင်မိသားစုဝင်များသည် လူအင်အားပို၍နည်းပါးသွားကာ ဆရာသခင်သုန်အပါအဝင် လူကိုးယောက်သာ ကျန်ရှိတော့သည်။

ရှောင်ချင်၏မျက်နှာပေါ်တွင် သွေးစသွေးနများ စွန်းထင်းနေသည်။ထို့ပြင် ရှောင်လင်းအာ၏မှော်ရတနာဝတ်ရုံသည် ထိခိုက်ပျက်စီးနေကာ ပြင်းထန်သောတိုက်ပွဲတစ်ခုကို ရင်ဆိုင်ကြုံတွေ့ရမည်မှာ သိသာထင်ရှားလှ၏။

"မင်းလား...မင်းက ခုထိ အသက်ရှင်နေသေးတာလား"

ရှောင်ယွမ်သည် လုယွီကိုမြင်ချိန်တွင် သူ၏မျက်နှာပေါ်၌ မယုံကြည်နိုင်သောအရိပ်အယောင်များ ထင်ဟပ်သွားသည်။

အထူးသဖြင့် လုယွီသည် မည်သည့်ထိခိုက်ဒဏ်ရာမျှ မရရှိထားသည်ကိုမြင်ချိန်တွင် ရှောင်ယွမ်၏မျက်လုံးများအတွင်း၌ ပို၍ပင်မယုံသင်္ကာဖြစ်လာသောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

လမ်းတလျှောက်လုံး၌ သူတို့သည် အလွန်ထူးဆန်းသော နတ်ဆိုးမှော်သားရဲအမြောက်အများနှင့် ကြုံတွေ့ခဲ့ရ၏။ထိုနတ်ဆိုးမှော်သားရဲများသည် ပြင်ပလောကမှအရာများထက် ပို၍ကြောက်မက်ဖွယ်ကောင်းသည်။ရှောင်မိသားစုဝင်လူငယ်တချို့၏အသက်ကို ပေးဆပ်လိုက်ရပြီးနောက် သူတို့သည် နောက်ဆုံး၌ လုံခြုံစိတ်ချရသောနေရာကို ရှာဖွေတွေ့ရှိခဲ့သည်။

"မင်းက ငါတို့နဲ့အတူလမ်းခွဲသွားတာ အံ့အားသင့်စရာမရှိတော့ဘူး...ဒီနေရာမှာ ဖြတ်လမ်းတစ်ခုရှိနေတာပဲ"

ရှောင်ယွမ်က အေးစက်တင်းမာသောအကြည့်ဖြင့် လုယွီကိုကြည့်လိုက်၏။

လုယွီက ခေါင်းခါပြကာ ရှည်ရှည်ဝေးဝေးရှင်းပြခြင်းမပြုချေ။

"ငါ ပြောထားပြီးသားလေ...ဒီနေရာက အရမ်းအန္တရာယ်များတယ်ဆိုတာကို...ဒါပေမယ့် မင်းတို့က အထဲကိုရောက်လာကြပြီဆိုမှတော့ ငါ့နောက်ကိုကပ်ပြီးလိုက်ခဲ့ကြ...လျှောက်မသွားကြနဲ့"

လုယွီက ထပ်မံ၍ သတိပေးလေသည်။

အကယ်၍ ရှောင်မိသားစုဝင်လူငယ်များသည် ထပ်မံ၍သေလမ်းရှာလိုပါက လုယွီသည် သူတို့အား ဂရုစိုက်နေမည်မဟုတ်ချေ။

သို့ရာတွင် အကယ်၍ သူတို့သည် တားမြစ်ချက်တချို့ကို ထိတွေ့မိသွားပါက မလိုလားအပ်သောပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။

"မင်းက ဘာကောင်မလို့လဲ...ဒါက ငါတို့ရှောင်မိသားစုရဲ့ပိုင်နက်နယ်မြေ...တကယ်လို့ ကံကြမ္မာကောင်းတစ်ခုခုနဲ့ ကြုံတွေ့ရမယ်ဆိုရင် ငါတို့ရှောင်မိသားစုကလူတွေပဲ အရင်ရရမယ်"

ရှောင်ယွမ်က ကျန်ရှိသောလူများကိုခေါ်ဆောင်၍ ခန်းမ၏အတွင်းပိုင်းသို့ တိုက်ရိုက်လျှောက်လှမ်းသွားလေသည်။

လုယွီက ရှောင်ယွမ်ကို လျစ်လျှူရှုကာ ရှောင်ချင်ကိုကြည့်၍ မေးမြန်းလိုက်၏။

"ဒီနေရာကိုလာတဲ့လမ်းတလျှောက်မှာ မင်း ဘာတွေကိုတွေ့ခဲ့လဲ"

Chapter 2097

"ငါတို့က မီးနတ်ဆိုးတချို့နဲ့ရင်ဆိုင်ခဲ့ရတယ်...ဒါပေမယ့် ဒီနေရာကမီးနတ်ဆိုးတွေက အပြင်ကဟာတွေထက် ပိုပြီးအစွမ်းထက်တယ်...ပြောရမယ်ဆိုရင် အဲ့ဒီမီးနတ်ဆိုးတစ်ကောင်စီတိုင်းမှာ မီးနတ်ဆိုးဘုရင်ရဲ့စွမ်းအားမျိုးရှိနေတယ်"

ရှောင်ချင်က သူမ၏သိုလှောင်အိတ်အတွင်းမှ ဆေးလုံးတစ်လုံးကိုထုတ်ယူ၍ သောက်သုံးလိုက်၏။ထို့နောက် သူမက အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုသည်။။

"တကယ်လို့ နင်က ငါတို့မိသားစုရဲ့အကြီးအကဲကို မသတ်လိုက်ဘူးဆိုရင်...ဒီတစ်ကြိမ်မှာ လူတွေအများကြီးသေဆုံးရမှာမဟုတ်ဘူး"

"ဒါက သူလုပ်တဲ့ကိစ္စအတွက် သူ တာဝန်ယူရတာပဲ...မင်းတို့က ဒီထဲကိုဝင်လာဖို့ ရွေးချယ်လိုက်မှတော့ ဒီနေရာရဲ့အကျိုးဆက်တွေကို မင်း တောင့်ခံနိုင်ရမယ်"

လုယွီက ပေါ့ပေါ့ပါးပါး ပြောဆိုသည်။

ဟွန့်...

ရှောင်ချင်က မကျေမချမ်းနှာတစ်ချက်မှုတ်ကာ လုယွီကို အထင်အမြင်သေးသောအကြည့်ဖြင့်ကြည့်လိုက်သည်။

သူမ၏အမြင်အရ လုယွီ ဤနေရာသို့ရောက်ရှိလာနိုင်ခြင်းမှာ သူ၏လက်အတွင်းရှိ မှော်လက်နက်ကြောင့် ဖြစ်ပေမည်။အကယ်၍ မှော်လက်နက်သာရှိမနေပါက လုယွီသည် အရေးပါသောသူမဖြစ်နိုင်ချေ။

"ငါ နင့်ကို တစ်ခုပြောထားမယ်...နင် အရင်က ငါ့ကိုကယ်ခဲ့ဖူးတယ်...ဒါကြောင့် ဒီတစ်ကြိမ်မှာ နင် စိတ်ဝိညာဥ်မီးနယ်မြေထဲကို ဝင်ရောက်နိုင်ခဲ့တယ်...အခုချိန်မှာ ငါတို့ကြားမှာ ရှင်းလင်းသွားပြီ...နင်က ငါ့ကိုကယ်တင်ခဲ့တာနဲ့ပဲ နင်လုပ်ချင်တာ လုပ်လို့ရပြီလို့ ထင်နေတာလား"

ရှောင်ချင်၏အသံ၌ အေးစက်တင်းမာမှုများ ပြည့်နှက်နေသည်။

"ဒီတစ်ကြိမ်မှာ နင် ထွက်ခွါသွားပြီးတာနဲ့ နင်နဲ့ရှောင်မိသားစုကြားမှာ ဘာပတ်သက်မှုမှမရှိတော့ဘူး...နင် ဒါ့ကိုသိထားရင် ပိုကောင်းလိမ့်မယ်"

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

"မင်း သဘောပဲ"

လုယွီ၏အမြင်အရ သူမသည် ရှောင်မိသားစုကြောင့်သာ မာန်မာနဝံ့ကြွားနိုင်ခြင်း ဖြစ်ပေသည်။

"မမ...ကျွန်မတို့ ဒီလိုလုပ်တာက အရမ်းနှလုံးသားမဲ့ရာ မကျဘူးလား"

ရှောင်လင်းအာက တီးတိုးပြောဆိုလေ၏။

ရှောင်ချင်က အေးစက်စက်လေသံဖြင့် တုံ့ပြန်ပြောဆိုသည်။

"လင်းအာ...လောကကြီးက အရမ်းအန္တရာယ်များတယ်ဆိုတာ နင် သိထားရမယ်...လူတစ်ယောက်ရဲ့မျက်နှာကို သိနိုင်ပေမယ့် အဲ့ဒီလူရဲ့စိတ်နှလုံးသားကို မသိနိုင်ဘူး...တချို့လူတွေက သူတို့ရဲ့သနားကြင်နာခဲ့မှုထက်ပိုပြီး တောင်းဆိုချင်ကြတယ်...အဆုံးသတ်ကျရင် ငါတို့ပဲခံစားရမှာ"

ထို့နောက် ရှောင်ချင်က ပတ်ဝန်းကျင်၌မတ်တတ်ရပ်နေသော ဖုတ်ကောင်များကိုကြည့်ကာ သုန်မှုန်နေသောမျက်နှာဖြင့် ပြောဆိုလေ၏။

"ဒီဖုတ်ကောင်တွေက...ဘယ်လိုတောင် တုန်လှုပ်ချောက်ချားဖို့ကောင်းတဲ့ အငွေ့အသက်မျိုးရှိနေတာလဲ...လင်းအာ...သူတို့နဲ့တက်နိုင်သမျှ ဝေးဝေးနေ"

ရုတ်ချည်းဆိုသလိုပင် လုယွီက သူ၏ခြေထောက်ကိုမြှောက်ကာ တခြားနေရာတစ်ခုသို့ ဦးတည်၍လျှောက်လှမ်းသွားသည်။

ရှောင်ချင်က မေးမြန်းလေသည်။

"နင် ဘယ်ကိုသွားမလို့လဲ"

"ငါက တချို့အရာလေးတွေ သွားယူမလို့"

လုယွီက ဗြောင်ကျကျ ပြောဆိုလိုက်၏။သူ၏ချီစောင့်ကြည့်ခြင်းနည်းစနစ်အောက်တွင် ဤနေရာနှင့်မလှမ်းမကမ်းအကွာအဝေး၌ အစွမ်းထက်သောမီးဒြပ်စင်များ ပုန်းကောင်းနေခြင်းကို ရှာဖွေတွေ့ရှိခဲ့သည်။

သူ ဤနေရာသို့ စွန့်စား၍လာရောက်ရသည့်အကြောင်းအရင်းမှာ မီးဒြပ်စင်စွမ်းအင်များ ရရှိရန်ပင်။

ယခုလက်ရှိချိန်၌ သူ၏ရှေ့တွင် အစွမ်းထက်သောမီးဒြပ်စင်စွမ်းအင်များရှိနေလေရာ လုယွီ သေချာပေါက်အလွတ်မပေးနိုင်ချေ။

"နင်က ဘာကိုသွားယူမလို့လဲ...ငါ ကြည့်ရသလောက်တော့ နင့်ရဲ့ခန္ဓာကိုယ်ပေါ်မှာ ဘာဒဏ်ရာမှလည်း ရှိမနေဘူး...နင် ဒီနေရာကလမ်းကြောင်းတွေကို ဘယ်လိုသွားရတယ်ဆိုတာ တကယ်ကြီးသိနေတာလား"

ရှောင်ချင်၏စိတ်နှလုံးသားအတွင်း၌ သံသယများဖြင့် ပြည့်နှက်နေသည်။

အကယ်၍ လုယွီထံတွင် အစွမ်းထက်သောမှော်လက်နက်ရှိနေလျှင်ပင် ဤနေရာတွင် နေရာအနှံ့အပြား၌ အန္တရာယ်များရှိနေသည်။ထို့ပြင် သူ ဤနေရာသို့ အောင်မြင်စွာရောက်ရှိလာခဲ့သည်ဖြစ်သဖြင့် အကြောင်းပြချက်မရှိဘဲ ဘေးကင်းလုံခြုံသောနေရာကို စွန့်ခွါမည်မဟုတ်ချေ။ထိုသို့မဟုတ်ပါက လုယွီသည် ဤနေရာရှိလမ်းကြောင်းကို အမှန်တကယ် သိနေနိုင်သည်။

လုယွီက နောက်သို့ပြန်လှည့်ကြည့်ခြင်းပင်မရှိဘဲ ပြောဆိုသည်။

"ငါ့ရဲ့ကိစ္စတွေကို မင်း သိဖို့မလိုအပ်ဘူး"

"စကားမစပ်...ငါ မင်းတို့ကို တစ်ခုတော့ သတိပေးလိုက်မယ်...ဒီနေရာက ရှေးဟောင်းနတ်ဘုရားရဲ့အမွေအနှစ်တွေရှိနေတဲ့နေရာမဟုတ်ဘူး...အရမ်းအစွမ်းထက်တဲ့နတ်ဆိုးတစ်ကောင်ကို ဒီနေရာမှာ ချိပ်ပိတ်ထားတယ်...မင်းတို့ ဘာပြဿနာမှမရှာဘဲနေတာ ပိုကောင်းလိမ့်မယ်...မင်းတို့ကိုယ်မင်းတို့ ကာကွယ်စောင့်ရှောက်ပြီးနေကြပေါ့...မင်းတို့မိသားစုအကြီးအကဲတွေက မင်းတို့ကို ပစ်ပယ်ထားမှာမဟုတ်ဘူးလို့ ငါ ယုံကြည်တယ်"

ရှောင်ချင်က လုယွီ၏အကြံပေးစကားကိုကြားချိန်တွင် သရော်တော်တော်ပြုံးလိုက်၏။အပြင်လူတစ်ယောက်ဖြစ်သောလုယွီသည် စိတ်ဝိညာဥ်မီးနယ်မြေ၏အကြောင်းကို ရှောင်မိသားစုထက်ပို၍ မည်သည့်နည်းဖြင့်သိရှိနိုင်မည်နည်း။

"ပစ္စည်းကောင်းလေးပဲ...မြန်မြန်ဖွင့်ပြီး ကြည့်ကြည့်ရအောင်"

ထိုအချိန်မှာပင် ခန်းမ၏အတွင်းဘက်ကျသောနေရာမှနေ၍ ရုတ်တရက် အံ့အားသင့်မှုနှင့်ပျော်ရွှင်ဝမ်းမြောက်မှု ရောယှက်နေသော အသံတစ်သံ ထွက်ပေါ်လာသည်။

အစောပိုင်းက ရှောင်ယွမ် ဆရာသခင်သုန်နှင့် တခြားရှောင်မိသားစုဝင်လူငယ်များသည် ခန်းမအတွင်းသို့ အပြေးဝင်သွားကြ၏။

ဤအချိန်အခိုက်အတန့်တွင် သူတို့သည် သာမာန်မဟုတ်သောပစ္စည်းတစ်ခုကို ရှာဖွေ့တွေ့ရှိခဲ့ရာ သူတို့က ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် အော်ဟစ်လိုက်ကြသည်။

လုယွီက ခန်းမအတွင်းမှနေ၍ နတ်ဆိုးအငွေ့အသက်များထွက်ပေါ်နေခြင်းကို ရုတ်တရက် အာရုံခံမိသွားသည်။

Chapter 2098

"မကောင်းတော့ဘူး"

လုယွီက ထိတ်လန့်တုန်လှုပ်စွာဖြင့် အနက်ရောင်အရိပ်တစ်ခုအဖြစ်ပြောင်းလဲကာ ခန်းမအတွင်းသို့ အပြေးဝင်သွားခဲ့သည်။

ဤခန်းမသည် အလွန်အမင်း ကျယ်ဝန်းပေ၏။ကြေးနီတိုင်လုံးဆယ့်ခြောက်တိုင်သည် အမိုးခုံးကိုထောက်ကန်ထားကာ ခန်းမ၏အလယ်ဗဟို၌ အဖြူရောင်စကျင်ကျောက်စင်မြင့်တစ်ခုရှိနေသည်။ထိုစင်မြင့်ပေါ်၌ ရွှေရောင်ပလ္လင်တစ်ခုကို နေရာချထားသည်။

ပလ္လင်၏ရှေ့၌ အနက်ရောင်ခေါင်းတလားတစ်လုံး ရှိနေလေ၏။

ဤအချိန်တွင် ရှောင်ယွမ်နှင့်တခြားသူများသည် ခေါင်းတလား၏အဖုံးမှထောင့်တစ်နေရာကို ဆွဲခွါနေကြသည်။ခေါင်းတလား၏လစ်ဟနေသောအစွန်းနေရာမှနေ၍ တောက်ပသော ရတနာအလင်းတန်းများ ဖြာထွက်နေသည်။

"ဒီနေရာက တကယ့်ကို သာမာန်မဟုတ်ဘူး...ဒါက အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ရဲ့ သင်္ချိုင်းဂူပဲဖြစ်မယ်...ဖြစ်နိုင်တာတော့ ဒီအထဲမှာ အဲ့ဒီအစွမ်းထက်ကျင့်ကြံသူရဲ့ရုပ်အလောင်းနဲ့အတူ ရတနာတွေ ရှိနေနိုင်တယ်"

ရှောင်ယွမ်တို့လူစုသည် အလွန်စိတ်လှုပ်ရှားနေကြ၏။

သူတို့က ဤနေရာသည် ရတနာများဖြင့်ပြည့်နှက်နေသော အမွေအနှစ်နယ်မြေဖြစ်ကြောင်း ယခင်ကတည်းက ယူဆထားပြီးဖြစ်သည်။

"မြန်မြန်...နည်းနည်းလောက်အားထပ်စိုက်ရင် ငါ ဒီခေါင်းတလားရဲ့အဖုံးကိုဖွင့်နိုင်ပြီ"

ရှောင်ယွမ်က အလွန်စိတ်အားတက်ကြွနေသည်။

သူသည် ရှောင်မိသားစုအတွင်း၌ အဆင့်အတန်းမြင့်မားသဖြင့် တခြားရှောင်မိသားစုဝင်လူငယ်များကို လွှမ်းမိုးချုပ်ကိုင်နိုင်ပေ၏။

မည်သို့ပင်ဆိုစေကာမူ ဤခေါင်းတလားအတွင်းတွင် ရတနာပစ္စည်းများရှိနေပါက သူ၏လက်အတွင်းသို့ သေချာပေါက်ရောက်ရှိရပေမည်။

အကယ်၍ မှော်ရတနာကောင်းတစ်ခု နှစ်ခုခန့်သာ သူ၏လက်အတွင်းသို့ ရောက်ရှိလာပါက သူ၏ခွန်အား အဆင့်တစ်ခုထိ မြင့်တက်သွားနိုင်သည်။

ထိုအချိန်မှာပင် လုယွီက ခန်းမအတွင်းသို့ ခြေချလိုက်၏။

"အဲ့ဒီခေါင်းတလားဘေးက ထွက်သွားကြစမ်း"

လုယွီက ကျယ်လောင်စွာ အော်ဟစ်လေသည်။

လုယွီ ခန်းမအတွင်းသို့ ဝင်ရောက်လာသည်ကိုမြင်ချိန်တွင် ရှောင်မိသားစုဝင်လူငယ်များအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။

အကယ်၍ ယခင်ကဆိုပါက သူတို့သည် လုယွီ၏စကားကို မသိကျိုးကျွံပြုကာ လျစ်လျူရှုထားပေမည်။

သို့ရာတွင် လုယွီသည် ရှောင်မိသားစုအကြီးအကဲကိုသတ်လိုက်သည့်အပြင် သူ၏လက်အတွင်း၌ အစွမ်းထက်သောမှော်လက်နက်ရှိနေသဖြင့် လူတိုင်းက လုယွီကို သတိထားနေကြ၏။

ရှောင်ယွမ်က အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုသည်။

"ဒါက ငါတို့ ရှောင်မိသားစုဝင်တွေရဲ့ကံကောင်းမှုကြီးပဲ...မင်းလို အပြင်လူတစ်ယောက်နဲ့ ဘာမှမဆိုင်ဘူး"

စကားဆုံးသည်နှင့် ရှောင်ယွမ်သည် တခြားသူများအား ခေါင်းတလား၏အဖုံးကိုဆက်လက်၍မတင်ရန် တိုက်တွန်းနှိုးဆော်လိုက်သည်။

"သောက်ရေးမပါတာတွေ"

လုယွီက အေးစက်စက် အော်ငေါက်ပြီးနောက် သူ၏လက်အတွင်းမှ အားလှိုင်းတစ်ရပ်ထွက်ပေါ်လာကာ ရှောင်ယွမ်ကို နံဘေးဘက်သို့တွန်းထုတ်လိုက်၏။

ထိုအချိန်မှာပင် ထူထပ်သိပ်သည်းသောအနက်ရောင်အခိုးအငွေ့များက ခေါင်းတလားအတွင်းမှ ထွက်ပေါ်လာသည်။

ထိုအနက်ရောင်အခိုးအငွေ့များသည် လေထုအတွင်း၌ အနက်ရောင်လက်ကြီးတစ်ဖက်အဖြစ်သိပ်သည်းသွားကာ ရှောင်မိသားစုဝင်လူငယ်တစ်ယောက်ကိုဖမ်းဆုပ်၍ ခေါင်းတလားအတွင်းသို့ ဆွဲသွင်းလိုက်သည်။

အား...အား...အား...

စူးရှနာကျင်စွာအော်ဟစ်နေသောအသံတစ်သံက ခေါင်းတလားအတွင်းမှ ကြားနေရသည်။အချိန်တခဏကြာပြီးနောက် ထိုအော်သံ ရုတ်တရက်ရပ်တန့်သွားကာ ပြင်းထန်သောသွေးညှီနံများက ခေါင်းတလားအတွင်းမှ ထွက်ပေါ်လာပေ၏။

ခေါင်းတလား၏အက်ကွဲကြောင်းများအကြားမှနေ၍ အနီရောင်နှင့်အနက်ရောင်သွေးများ ယိုစိမ့်ကျလာကာ အရပ်မျက်နှာအဘက်ဘက်သို့ စီးဆင်းသွားသည်။

တခြားရှောင်မိသားစုဝင်လူငယ်များသည် နေရာမှာပင် ကြက်သေသေနေကြသည်။ဤကဲ့သို့ ရုတ်တရက်ဆန်သော အပြောင်းအလဲဖြစ်ပေါ်လာမည်ဟု သူတို့အားလုံး မျှော်လင့်မထားမိကြချေ။

"ဘေးဖယ်ကြစမ်း"

လုယွီက ခေါင်းတလားကိုကန်ထုတ်လိုက်ရာ မီတာပေါင်းများစွာကွာဝေးသောနေရာသို့ လွင့်ထွက်သွားသည်။

ခေါင်းတလားအတွင်းမှနေ၍ ထူးဆန်းသောငိုညည်းသံကြီးတစ်သံ ထွက်ပေါ်လာသည်။ထိုအသံသည် လူအများ၏နားအတွင်းသို့ ကျရောက်သွားချိန်တွင် သူတို့အားလုံး ချွေးစေးများထွက်လာပေ၏။

ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ ခေါင်းတလား၏အဖုံး လွင့်ထွက်သွားပြီး အတွင်းမှနေ၍ ဆံပင်များဖြူဖွေးနေသော ဖုတ်ကောင်တစ်ကောင် ထွက်လာသည်။ထိုဖုတ်ကောင်၏မျက်လုံးများမှာ သွေးရောင်ကဲ့သို့ နီမြန်းနေသည်။

ထိုဆံဖြူဖုတ်ကောင်သည် ကြီးကျယ်ခမ်းနားသောကိုယ်ကျပ်ဝတ်စုံတစ်စုံကို ဝတ်ဆင်ထားသည်။သူ၏ခန္ဓာကိုယ်သည် အလွန်အမင်းကြီးမားသဖြင့် လူသားအသွင်ယူထားသော မှော်သားရဲတစ်ကောင်နှင့်တူညီနေသည်။

ထိုဆံဖြူဖုတ်ကောင်၏ပါးစပ်၌ သွေးစသွေးနများ စွန်းထင်းနေပေ၏။အစောပိုင်းက ခေါင်းတလားအတွင်းသို့ဆွဲသွင်းခံလိုက်ရသောလူငယ်သည် ကံကြမ္မာဆိုးနှင့်ကြုံတွေ့သွားရခြင်းမှာ သိသာထင်ရှားသည်။

"သူက...."

ရှောင်ယွမ်၏မျက်နှာသည် ထိတ်လန့်ကြောက်ရွံမှုကြောင့်ဖြူရော်နေပြီး သူက မြေပြင်ပေါ်သို့ ဖင်ထိုင်ရက်သား လဲကျသွားသည်။

"ဘာတွေဖြစ်နေတာလဲ"

ပြင်ပမှနေ၍ ခန်းမအတွင်းသို့ဝင်လာသော ရှောင်ချင်နှင့်ရှောင်လင်းအာတို့သည် ခေါင်းတလားအတွင်းမှ ဆံဖြူဖုတ်ကောင်ထွက်လာသည်ကို မြင်တွေ့လိုက်ရ၏။

ဝေါင်း...

ပတ်ဝန်းကျင်ရှိ သက်ရှိများ၏အငွေ့အသက်ကို အာရုံခံမိပုံဖြင့် ဆံဖြူဖုတ်ကောင်သည် သူ၏ပါးစပ်ကိုဖွင့်ဟ၍ ကျယ်လောင်စွာ အော်ဟစ်ကြုံးဝါးလိုက်သည်။

ရုတ်ချည်းဆိုသလိုပင် ထူထပ်သိပ်သည်းသော အနက်ရောင်နတ်ဆိုးစွမ်းအင်လှိုင်းများ လူးလွန့်၍ထွက်ပေါ်လာကာ ခန်းမအတွင်းသို့တိုးဝင်သွားပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

Chapter 2099

ပြင်းထန်သောနတ်ဆိုးစွမ်းအင်များက ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်နေရာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ခန်းမပြင်ပ၌မတ်တတ်ရပ်နေကြသည့် ထောင်ပေါင်းများစွာသော ဖုတ်ကောင်စစ်သားများ၏မျက်လုံးများ တစ်ချိန်တည်းပွင့်လာသည်။

လေအေးတစ်ချက် ဖြတ်သန်းတိုက်ခတ်သွားခြင်းနှအတူ ယခင်က သူတို့၏နဖူးပြင်များပေါ်တွင် ကပ်ထားသော အဆောင်လက်ဖွဲ့များ ပြုတ်ကျလာပေ၏။

အဆောင်လက်ဖွဲ့များ၏ထိန်းချုပ်ဟန့်တားထားခြင်း မရှိတော့သဖြင့် ဖုတ်ကောင်စစ်သားများထံမှ တုန်လှုပ်ချောက်ချားဖွယ် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထွက်ပေါ်လာသည်။

ပြင်းထန်သောသေဆုံးခြင်းအငွေ့အသက်များကလည်း ခန်းမတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားသည်။

"အပြင်မှာရှိတဲ့ ဖုတ်ကောင်တွေအားလုံး အသက်ဝင်လာပြီ"

ရှောင်ချင်က ထိတ်လန့်တကြား အော်ဟစ်လိုက်၏။

သူတို့သည် ထိုဖုတ်ကောင်များ၏မူရင်းဇစ်မြစ်ကို မသိရှိချေ။သို့ရာတွင် ထိုဖုတ်ကောင်များထံမှထွက်ပေါ်နေသော အရှိန်အဝါအရ သူတို့ ရင်ဆိုင်နိုင်မည့်အရာမျိုးမဟုတ်ကြောင်း သိရှိလိုက်သည်။

"မြန်မြန် ထွက်သွားကြတော့"

လုယွီက အေးစက်စက်နှာတစ်ချက်မှုတ်ပြီး ခေါင်းတလားကို ထပ်မံ၍ကန်ကျောက်လိုက်၏။

ခေါင်းတလားတစ်ခုလုံးသည် လေထုအတွင်းသို့ မြောက်တက်သွားကာ ဆံဖြူဖုတ်ကောင်ထံသို့ ဦးတည်၍ပျံဝဲသွားသည်။

ဆံဖြူဖုတ်ကောင်သည် ဒေါသတကြီးအော်ဟစ်ကြုံးဝါးပြီး လက်သီးတစ်ချက်တည်းဖြင့် ခေါင်းတလားကို ချေမွှဖျက်ဆီးလိုက်သည်။ထို့နောက် သူသည် လုယွီနှင့် စတင်၍တိုက်ခိုက်လေ၏။

ထိုဆံဖြူဖုတ်ကောင် အိပ်မောကျနေသည်မှာ အချိန်မည်မျှထိကြာညောင်းခဲ့ပြီမှန်း မည်သူမျှမသိနိုင်ချေ။သူ၏လှုပ်ရှားမှုသည် အလွန်အမင်းတောင့်တင်းနေသော်လည်း သူ့ထံ၌ သာမာန်ထက်သာလွန်သောခွန်အားမျိုးရှိနေသည်။

လုယွီထံတွင် အစစ်အမှန်နဂါးခုနစ်ကောင်၏ခွန်အားမျိုးရှိနေသည့်အပြင် သူ၏ရုပ်ခန္ဓာကိုယ်ကို ရှေးဟောင်းသူတော်စင်တစ်ယောက်နှင့် နှိုင်းယှဥ်နိုင်သည်။သို့ရာတွင် ထိုဆံဖြူဖုတ်ကောင်နှင့်ရင်ဆိုင်ရချိန်တွင် ဖိအားအရှိန်အဝါကို ခံစားနေရဆဲပင်။

"နဂါးဖမ်းလက်"

လုယွီသည် ဆံဖြူဖုတ်ကောင်နှင့်တိုက်ခိုက်ရန် ရည်ရွယ်ထားခြင်းမရှိချေ။သူက မှော်မန္တန်ကိုရွတ်ဆို၍ သူ၏နံဘေးဘက်ရှိ ကျောက်တိုင်များကို သူ၏လက်ဝါးဖြင့် ရိုက်လိုက်၏။

ရုတ်ချည်းဆိုသလိုပင် ဆံဖြူဖုတ်ကောင်နှင့်အနီးအနားရှိ ခန်းမထောက်တိုင်များ ပြိုလဲသွားကာ ထိုဖုတ်ကောင်က အပျက်အစီးများကြား၌ နစ်မြုပ်သွားသည်။

ဖုတ်ကောင်စစ်သားများ ရောက်မလာမီ ရှောင်မိသားစုဝင်လူငယ်များသည် ခန်းမ၏နောက်၌ လမ်းကြောင်းတစ်ခုရှာဖွေကာ ထွက်ပြေးလွတ်မြောက်နိုင်ရန်အတွက် အကောင်းဆုံး ကြိုးစားနေကြသည်။

အမြဲတစေမာန်မာနကြီးသော ရှောင်ချင်ပင်လျှင် ရွေးချယ်စရာမရှိတော့သဖြင့် သူမ၏ယခင်အမူအကျင့်များကို ဘေးချိတ်ကာ တခြားသူများနှင့်အတူ အဝေးသို့ထွက်ပြေးလေ၏။

ဝေါင်း...

ဒေါသတကြီးဖြင့် ကျယ်လောင်စွာအော်ဟစ်လိုက်သောအသံလှိုင်းများက သူမတို့၏နောက်၌ ပဲ့တင်ထပ်ပျံ့နှံ့နေသည်။

နိုးထလာသောဖုတ်ကောင်စစ်သားများသည် လူစိမ်းများ၏အငွေ့အသက်ကိုရရှိပုံဖြင့် သူတို့၏နောက်သို့ တရကြမ်းလိုက်လံဖမ်းဆီးကြသည်။

သို့ရာတွင် သူတို့သည် အစောပိုင်းကမှ နိုးထလာခြင်းဖြစ်သဖြင့် သူတို့၏အရှိန်နှုန်းများမှာ အနည်းငယ်နှေးကွေးနေပေ၏။

ရှောင်မိသားစုမှလူငယ်များသည် ခေါင်းမပါသောယင်ကောင်များကဲ့သို့ သွေးရူးသွေးတန်း ပြေးလွှားနေသည်။နောက်ဆုံး၌ သူတို့သည် လျှို့ဝှက်ခန်းတစ်ခန်းကိုရှာတွေ့ကာ အတွင်း၌ ပုန်းအောင်းလိုက်ကြသည်။

လုယွီသည် ထိုလူစုနှင့်အတူရှိနေသော်လည်း သူ၏နတ်ဘုရားစိတ်အာရုံဖြင့် ပတ်ဝန်းကျင်နေရာတဝိုက်ကို အဆက်မပြတ်စူးစမ်းလေ့လာနေသည်။

ကံကောင်းထောက်မစွာဖြင့် မီးဒြပ်စင်၏တည်နေရာသည် ဤနေရာနှင့်အလွန်အလှမ်းကွာဝေးခြင်းမရှိချေ။

လူတိုင်း စိတ်သက်သာရာရသွားသောအချိန်မှာပင် ပြင်ပမှနေ၍ ဖုတ်ကောင်များ၏အော်ဟစ်ကြုံးဝါးသံနှင့်အတူ ရှုပ်ထွေးနေသောခြေလှမ်းသံများကို ကြားလိုက်ရ၏။

အချိန်အတော်ကြာပြီးနောက် ထိုဖုတ်ကောင်များသည် သူတို့အား သတိပြုမိပုံမရဘဲ ဤနေရာမှထွက်ခွါသွားကြသည်။

လူတိုင်း စိတ်သက်သာရာရသွားသည်။

"ဒါက အရမ်းနီးကပ်နေပြီ...ငါတို့ အဲ့ဒီခန်းမထဲမှာ သေတော့မလို့ပဲ"

ရှောင်ယွမ်၏ခြေထောက်များ တုန်ရီနေပြီး သူ၏မျက်လုံးများအတွင်း၌ ထိတ်လန့်ကြောက်ရွံမှုအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

ပြင်ပလောကတွင် သူသည် မိသားစုကြီးတစ်ခုမှ သခင်လေးတစ်ယောက်ဖြစ်သော်လည်း အစစ်အမှန်သေရေးရှင်ရေးအခြေအနေမျိုးဖြင့် ရင်ဆိုင်ဖူးခြင်းမရှိချေ။

သူသည် လုယွီကိုလက်ညှိုးညွှန်၍ ပြစ်တင်ပြောဆိုလေသည်။

"တကယ်လို့ မင်းသာ ခန်းမထဲကို အတင်းအကျပ်ဝင်မလာဘူးဆိုရင်...ခေါင်းတလားထဲမှာရှိနေတဲ့ အစွမ်းထက်တည်ရှိမှုကြီးကို ငါတို့က ဘယ်လိုလုပ်ပြီး နိုးထစေမှာလဲ"

လုယွီသည် သူတို့၏အသက်ကိုကယ်တင်ခဲ့သူဖြစ်သည်မှာ သိသာထင်ရှားလှ၏။

ထို့ပြင် လုယွီသည် သူ့အား ခေါင်းတလားကိုမဖွင့်ရန် သတိပေးပြီးဖြစ်သည်။

ကံအကြောင်းမလှစွာဖြင့် ရှောင်ယွမ်သည် မကြားသကဲ့သို့ပြုမူနေပြီး လုယွီ၏စကားကိုနားထောင်ခြင်းမရှိချေ။

လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားသည်။

"မင်းက သေချင်လို့လား"

ရှောင်ယွမ်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားကာ မည်သည့်စကားတစ်ခွန်းမျှ ထပ်မဆိုဝံ့တော့ပေ။

"တော်ကြတော့...ဒါက ငြင်းခုံနေရမယ့်နေရာမျိုးမဟုတ်ဘူး"

ရှောင်ချင်က အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"ဒီနေရာက အရမ်းအန္တရာယ်များပြီးတော့ ထူးဆန်းတဲ့နတ်ဆိုးတွေလည်းရှိနေတယ်...ငါတို့ ဘာဆက်လုပ်ကြမယ်ဆိုတာကိုပဲ စဥ်းစားသင့်တယ်"

တခြားရှောင်မိသားစုဝင်လူငယ်များက အလျင်စလို ပြောဆိုလိုက်ကြ၏။

"သခင်မလေး....ဒီနေရာကနေ အမြန်ဆုံးထွက်သွားကြရအောင်"

ယခင်က သူတို့သည် ဤနေရာကို ရှေးဟောင်းနတ်ဘုရားတစ်ပါး၏အမွေအနှစ်နယ်မြေဟု ကြားသိရသဖြင့် သူတို့အားလုံး စိတ်လှုပ်ရှားစွာဖြင့် အပြေးဝင်လာခဲ့ကြသည်။

သို့ရာတွင် သူတို့သည် ဤနေရာအတွင်းသို့ရောက်ရှိချိန်တွင် သူတို့က အမှားကြီးတစ်ခု ကျူးလွန်မိကြောင်းကို သိရှိလိုက်ရသည်။

ဤနေရာသည် သူတို့စိတ်ကူးယဥ်တွေးတောထားသည်နှင့် အပြည့်အဝကွဲပြားခြားနားနေပေ၏။

Chapter 2100

ရှောင်ချင်က ကူကယ်ရာမဲ့စွာဖြင့် သူမ၏ခေါင်းကို ခါယမ်းလိုက်သည်။

"ငါတို့က လမ်းပျောက်နေပြီ...တကယ်လို့ ငါတို့ နောက်ကြောင်းပြန်လှည့်ရင်တောင် အဲ့ဒီဖုတ်ကောင်တွေနဲ့ ရင်ဆိုင်ရမှာပဲ...အဲ့ဒါက ပိုပြီးအန္တရာယ်များမှာကို ငါ စိုးရိမ်မိတယ်"

ထို့နောက် ရှောင်ချင်က သူမ၏အင်္ကျီလက်မောင်းကြားမှ ကျောက်စိမ်းဆွဲသီးတစ်ခုကို ထုတ်ယူလိုက်၏။ထိုကျောက်စိမ်းဆွဲသီးကို ဖီးနစ်ငှက်ပုံသဏ္ဍာန်ရေးထွင်းထားသည်။ထိုအရာတစ်ခုလုံးကို သွေးကျောက်စိမ်းဖြင့်ပြုလုပ်ထားကာ မည်သည့်မသန့်စင်မှုမှရှိမနေဘဲ အလွန်အမင်းအဖိုးတန်ပုံရသည်။

"ဒါက ငါ့ရဲ့အဖိုးနဲ့ဆက်သွယ်လို့ရတဲ့ မှော်ရတနာပဲ...ဒါပေမယ့် အခုချိန်မှာ ငါ့ရဲ့အဖိုးကို အာရုံခံလို့မရဘူး...တကယ်လို့ ငါတို့ အပြင်ကိုထွက်လိုက်မယ်ဆိုရင် ငါတို့ကိုယ်ငါတို့ပဲ အားကိုးရလိမ့်မယ်"

ထိုသတင်းကိုကြားသည်နှင့် ရှောင်မိသားစုဝင်လူငယ်များအားလုံး စိတ်ဓာတ်ကျဆင်းသွားကြ၏။

ရှောင်မိသားစုဘိုးဘေးသည် သူ၏မြေးမဖြစ်သူအပေါ် အလွန်ချစ်မြတ်နိုးသဖြင့် သူနှင့်အချိန်မရွေးဆက်သွယ်နိုင်ရန် စီမံပေးထားသည်။

သို့ရာတွင် ဤနေရာမှသတင်းများကို ပြင်ပသို့ပို့ဆောင်နိုင်ခြင်းမရှိချေ။ကြည့်ရသည်မှာ ဤနေရာကို ပြင်ပလောကနှင့် အဆက်ဖြတ်ထားပုံရသည်။

ဤနေရာသည် ရှောင်မိသားစုဝင်လူငယ်များ၏လေ့ကျင့်ရာနေရာဖြစ်သည့်အပြင် အလွန်အန္တရာယ်များသောနေရာလည်းမဟုတ်ချေ။ထို့ကြောင့် ရှောင်မိသားစုဝင်လူငယ်အများစုသည် ဤကိစ္စအတွက် ပြင်ဆင်ထားခြင်းမရှိချေ။

ရှောင်လင်းအာက စိုးရိမ်ပူပန်တကြီး ပြောဆိုသည်။

"တကယ်လို့ ကျွန်မတို့ အပြင်ကိုမထွက်နိုင်ဘူးဆိုရင်....အဖိုးနဲ့အဖေတို့ စိတ်ပူနေလိမ့်မယ်"

"သခင်မလေးနှစ်ယောက် အရမ်းစိတ်မလှုပ်ရှားကြပါနဲ့...ငါ့ရဲ့အမြင်အရတော့ ဒီနေရာက အရမ်းအန္တရာယ်မများဘူး...ဒါက ငါတို့အတွက် အခွင့်အရေးကြီးတစ်ခုတောင် ဖြစ်နေနိုင်တယ်"

ထိုအချိန်မှာပင် ဆရာသခင်သုန်က ရုတ်တရက် ဝင်ရောက်ပြောဆိုလေ၏။

အမ်...

ရှောင်ချင်က အံ့အားသင့်စွာဖြင့် ဆရာသခင်သုန်ကို ကြည့်လိုက်သည်။

သူတို့လူစု အတွင်းသို့ဝင်လာခဲ့စဥ်တွင် ဆရာသခင်သုန်သည် ရှောင်မိသားစုဝင်လူငယ်တစ်ယောက်ကို ဆေးလုံးတစ်လုံးတိုက်ကျွေး၍ ကယ်တင်ခဲ့သည်မှလွဲ၍ တခြားမည်သည့်စကားကိုမျှပြောဆိုခြင်းမရှိချေ။

ဆရာသခင်သုန်သည် အပြင်လူတစ်ယောက်ဖြစ်သော်လည်း သူသည် ဆေးလုံးများကိုအသုံးပြု၍ လူများကိုကယ်တင်ခဲ့သဖြင့် ရှောင်ချင်သည် သူ့အားထိခိုက်ဒဏ်ရာမရစေရန် ကာကွယ်စောင့်ရှောက်စေခဲ့သည်။

"ဆရာသခင်သုန်ရဲ့အမြင်က ဘယ်လိုမျိုးလဲ"

ရှောင်ချင်က မေးမြန်းသည်။

ဆရာသခင်သုန်က သူ၏မုတ်ဆိတ်မွှေးများကိုပွတ်သပ်ရင်း ပြောဆိုလေ၏။

"ငါက မရေမတွက်နိုင်တဲ့ ကြယ်နယ်မြေတွေကို ခရီးလှည့်လည်သွားလာခဲ့ပြီးတော့ အန္တရာယ်နယ်မြေတွေအများကြီးကို ဖြတ်ကျော်ခဲ့ဖူးတယ်....ပြောရမယ်ဆိုရင် ဒီနေရာကို အရမ်းအစွမ်းထက်တဲ့နတ်ဆိုးတွေ စောင့်ကြပ်နေတယ်...ဒါကြောင့် ဒီနေရာမှာ အရမ်းအံ့အားသင့်စရာကောင်းတဲ့ရတနာတစ်ခုရှိနေနိုင်တယ်"

"တကယ်လို့ အဲ့ဒီရတနာကို ငါတို့ရမယ်ဆိုရင် ဒီအမွေအနှစ်နယ်မြေတည်ရှိနေရတဲ့ရည်ရွယ်ချက် ပျောက်ဆုံးသွားလိမ့်မယ်...ဒါဆိုရင် ဒီပြဿနာတွေအားလုံးကို အလွယ်တကူဖြေရှင်းပြီးသား ဖြစ်နိုင်တယ်"

"တကယ်တော့ ကျွန်မလည်း အဲ့ဒီကိစ္စကို သိတာပေါ့...ဒါပေမယ့် ကျွန်မတို့ အဲ့ဒီနေရာကို ဘယ်လိုသွားကြမလဲ...တကယ်လို့ ကျွန်မတို့ ဒီအတိုင်းဆက်ပြီးသွားမယ်ဆိုရင် ကျွန်မတို့ရဲ့လူတွေ ပိုပြီးသေကုန်မှာကို ကျွန်မစိုးရိမ်မိတယ်"

ရှောင်ချင်၏မျက်လုံးများက အနည်းငယ်မှိန်ဖျော့နေသည်။

"ငါတို့က ဘယ်လမ်းကြောင်းကို သွားရမယ်ဆိုတာကို မသိပေမယ့် ငါ့မှာနည်းလမ်းတစ်ခုရှိတယ်"

ဆရာသခင်သုန်က ယုံကြည်ချက်ရှိပုံဖြင့် သူ၏အင်္ကျီလက်မောင်းကြားမှ ဝဖြိုးသောအင်းဆက်တစ်ကောင်ကို ထုတ်ယူလိုက်၏။

ထိုအင်းဆက်သည် အလွန်ပင်ပန်းနွမ်းနယ်နေပုံရကာ နုံးချည့်နေသည်။

ဆရာသခင်သုန်သည် အဖိုးတန်ရှားပါးသောဆေးပင်အနည်းငယ်ကိုထုတ်ယူ၍ ထိုအင်းဆက်ကိုကျွေးလိုက်သည်။

ဆေးပင်တချို့ကို ဝါးမျိုပြီးနောက် ထိုအင်းဆက်သည် အင်အားအနည်းငယ် ပြန်လည်ပြည့်တင်းသွားပုံဖြင့် သူ၏ရှည်လျားသော ဦးမှင်မွှေးနှစ်ချောင်း စတင်၍လှုပ်ခတ်လာသည်။

"ဒါက ငါမွေးထားတဲ့ ကူပိုးကောင်ပဲ...ဒါက ရတနာတွေရဲ့အငွေ့အသက်ကို အာရုံခံနိုင်တယ်...တကယ်လို့ ဒီအမွေအနှစ်နယ်မြေထဲမှာ ရတနာတချို့ရှိနေရင် ဒီကူပိုးကောင်ရဲ့စုံစမ်းထောက်လှမ်းမှုအောက်က မလွတ်မြောက်နိုင်ဘူး"

ဆရာသခင်သုန်က အပြုံးနှင့်ပြောဆိုသည်။

ရှောင်ယွမ်က ဒေါသတကြီး အော်ဟစ်လိုက်၏။

"တကယ်လို့ ခင်ဗျားမှာ ဒီလိုအရာမျိုးရှိနေတယ်ဆိုရင်...ဘာလို့ အရင်ကတည်းက ထုတ်မသုံးတာလဲ"

ဆရာသခင်သုန်က တောင်းပန်သောအမူအယာဖြင့် ပြောဆိုလေသည်။

"ဒီကူပိုးကောင်က အရင်က အိပ်မောကျနေတာ...တကယ်လို့ ဒါက နောက်ဆုံးမှီခိုအားထားရာသာမဟုတ်ရင် ငါ ဒါကို ထုတ်သုံးမှာမဟုတ်ဘူး"

"တော်သင့်ပြီ"

ရှောင်ချင်သည် ရှောင်ယွမ်၏စကားကိုကြားဖြတ်ပြောဆိုကာ တည်ကြည်လေးနက်သောအကြည့်ဖြင့် ဆရာသခင်သုန်ကို ကြည့်လိုက်သည်။

"ဆရာသခင်သုန်က ကျွန်မတို့ကိုဦးဆောင်ပြီး အမွေအနှစ်နယ်မြေထဲကရတနာကို ရှာပေးနိုင်တာနဲ့ ရှင်က ကျွန်မတို့မိသားစုရဲ့ မြင့်မြတ်တဲ့ဧည့်သည်တော်ဖြစ်သွားပြီ..ကျွန်မတို့ရှောင်မိသားစုက ရှင့်ကို ဆုလာဘ်တွေအများကြီးချီးမြှင့်မှာပါ"

"ဟား ဟား ဟား...ငါက အပြင်ကို ဘေးကင်းကင်းနဲ့ထွက်သွားချင်ရုံပါပဲ...ဒါပေမယ့် ငါက တိုက်ခိုက်တဲ့နေရာမှာ မထူးချွန်ဘူး...မင်းတို့တွေက ငါ့ကိုကာကွယ်ပေးဖို့လိုအပ်လိမ့်မယ်"

ဆရာသခင်သုန်က အပြုံးနှင့် ပြောဆိုသည်။

တခြားရှောင်မိသားစုဝင်လူငယ်များ၏မျက်နှာများပေါ်တွင်လည်း အပြုံးများရှိနေပေ၏။

နောက်ဆုံးတွင် သူတို့အသက်ရှင်သန်နိုင်ရန်အတွက် အခွင့်အရေးတစ်ခု ရရှိခဲ့လေပြီ။

All Chapters