← Chapters

အခန်း (၂၁၀၁-၂၁၀၅)

Vol. 108 Ch. 2101-2105

အခန်း (၂၁၀၁-၂၁၀၅)

Vol. 108 Ch. 2101-2105

Chapter 2101

လုယွီသည် ဆရာသခင်သုန်၏လက်အတွင်းမှ ကူပိုးကောင်ကိုတစ်ချက်ကြည့်၍ သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။

ယခုချိန်တွင် ထိုလူများသည် နည်းလမ်းတစ်ခုရှာတွေ့သွားသဖြင့် သူ ထပ်မံ၍ကြားဝင်စွက်ဖက်ရန် မလိုအပ်တော့ချေ။

"လုယွီ...ငါတို့နဲ့အတူလိုက်ခဲ့လေ"

ရှောင်လင်းအာက ရုတ်တရက် ပြောဆိုသည်။

ရှောင်ချင်၏သတိပေးစကားရှိသော်လည်း လုယွီသည် သူမ၏အမဖြစ်သူအား ယခင်ကကယ်တင်ခဲ့ဖူးသဖြင့် သူမက လုယွီအပေါ်၌ အမြင်ကောင်းရှိသည်။

လုယွီက တည်ငြိမ်စွာပြောဆိုသည်။

"ငါ သွားစရာနေရာတစ်ခုရှိတယ်...မင်းတို့နဲ့မလိုက်တော့ဘူး"

သူ ဤနေရာသို့လာခဲ့ခြင်းမှာ မီးဒြပ်စင်စွမ်းအင်များကို စုဆောင်းရန်ပင်။

"လင်းအာ...သူက ငါတို့နဲ့အတူမလိုက်တာလည်း ကောင်းတာပဲလေ"

ရှောင်ချင်က လေသံပြတ်ပြတ်ဖြင့် ပြောဆိုသည်။

"နင်က သွားစရာနေရာရှိတယ်ဆိုမှတော့ နင် သွားနိုင်တယ်...ငါတို့ နင့်ကို တားမှာမဟုတ်ဘူး"

ဆရာသခင်သုန်တွင် ဤကဲ့သို့ကူပိုးကောင်မျိုးရှိနေသဖြင့် သူတို့သည် အမွေအနှစ်နယ်မြေအတွင်း၌ ရတနာများ ရှာဖွေနိုင်သည်။

အကယ်၍ သူတို့သည် ပစ္စည်းကောင်းတချို့ကို ရှာဖွေတွေ့ရှိခဲ့ပါက လုယွီသည် လုယက်ယူသွားနိုင်သည့်အပြင် သူတို့ကိုပင် သတ်ဖြတ်သွားနိုင်သည်။

ရှောင်ချင်သည် သူမ၏ခွန်အားအပေါ် ယုံကြည်စိတ်ချမှုရှိသော်လည်း လုယွီထံ၌ အစွမ်းထက်သောမှော်လက်နက်ရှိနေသည်။

ယခုချိန်၌ လုယွီသည် သူ့သဘောနှင့်သူ ထွက်ခွါသွားမည်ဟုဆိုသဖြင့် ရှောင်ချင် အလိုရှိသောအရာနှင့် တစ်ထပ်တည်းကျသည်။

လုယွီက လျှို့ဝှက်ခန်း၏တံခါးထံလျှောက်လှမ်းသွားကာ တွန်းဖွင့်လိုက်၏။သူက ထွက်ခွါဟန်ပြုလိုက်ပြီးမှ သူ၏ခေါင်းကိုနောက်သို့ပြန်လှည့်၍ ပြောဆိုသည်။

"ဒီနေရာမှာ ဘာရတနာမှမရှိဘူး...တကယ်လို့ရှိခဲ့ရင်တောင် မင်းတို့ အလွယ်တကူရမှာမဟုတ်ဘူး...မင်းတို့ရဲ့ အခုလက်ရှိခွန်အားနဲ့ဆိုရင် အပြင်ကိုထွက်တာ အရမ်းအန္တရာယ်များတယ်...ဒီနေရာမှာပဲနေတာ ပိုကောင်းလိမ့်မယ်...အချိန်နည်းနည်းကြာရင် ဒီအမွေအနှစ်နယ်မြေကနေ အသက်ရှင်ရက် ထွက်နိုင်မယ့်လမ်းရှိလာမှာပါ"

ရှောင်ယွမ်က သရော်တော်တော် ပြောဆိုလိုက်၏။

"မင်းကိုယ်မင်းသာ ဂရုစိုက်ပါ...ငါတို့က အပြင်ကိုထွက်နိုင်မယ့်လမ်း ရှိပြီးသားပါ"

သူတို့သည် သူ ပြောသောစကားကို နားမထောင်ကြသည်ကိုကြည့်ပြီး လုယွီက နောက်သို့ပြန်လှည့်ကာ ထွက်ခွါခဲ့တော့သည်။

လုယွီ ထွက်ခွါသွားပြီးနောက် ရှောင်ယွမ်က မကျေမချမ်း ပြောဆိုလေ၏။

"သူ့ကိုယ်သူ ကြီးမြတ်တဲ့လူလို့ ထင်နေပုံပဲ...သူ့မှာ အရမ်းအစွမ်းထက်တဲ့မှော်လက်နက်တစ်ခုရှိနေလို့သာ ဒီလိုမျိုးမောက်မာနေနိုင်တာ...တကယ်လို့ ငါ့မှာသာ အဲ့ဒီလိုမျိုး မှော်လက်နက်တစ်ခုရှိနေရင် ငါက သူ့ထက်အားနည်းမှာမဟုတ်ဘူး"

ရှောင်ချင်၏မျက်နှာပေါ်၌ အေးစက်တင်းမာမှုများနှင့် ပြည့်နှက်နေဆဲပင်။

ယခင်ကတည်းက လုယွီသည် အစွမ်းထက်သောမှော်လက်နက်ပေါ်တွင်မှီခို၍ ကံကောင်းလာသူတစ်ယောက်ဟု သူမက အခိုင်အမာ ယုံကြည်ထားသည်။

"သွားကြစို့...ငါတို့က ဆရာသခင်သုန်ရဲ့ကူပိုးကောင်နောက်ကိုလိုက်ပြီး ရတနာတွေကိုရှာဖွေကြရအောင်"

ရှောင်ချင်သည် ရတနာရှာဖွေရန်အတွက် အလွန်စိတ်အားထက်သန်နေပေ၏။

လုယွီနှင့်ရှောင်မိသားစုဝင်များ လမ်းကြောင်းမတူကြတော့ချေ။

လျှို့ဝှက်ခန်းအတွင်းမှထွက်ခွါခဲ့ပြီးနောက် လုယွီသည် မှောင်မည်းနေသော လျှို့ဝှက်လမ်းကြောင်းသို့ တဖန်ပြန်၍ရောက်ရှိသွားခဲ့သည်။

သို့ရာတွင် သူတို့ အစောပိုင်းက ဖြတ်ကျော်လာခဲ့သော လျှို့ဝှက်လမ်းကြောင်းသည် သိသာထင်ရှားစွာ ပြောင်းလဲသွားပေ၏။ထိုလမ်းကြောင်းတလျှောက်တွင် စက်ယန္တရားများ၏အပျက်အစီးများ အမြောက်အများရှိနေသည်။

"ငါ မီးဒြပ်စင်ကို တက်နိုင်သမျှအမြန်ဆုံးရှာမှဖြစ်မယ်"

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။

ဤနေရာရှိ အခြေအနေများသည် ခန့်မှန်း၍မရဘဲ မြေပြင်အနေအထားသည် မကြာခဏပြောင်းလဲနေပေ၏။သူ ဤကိစ္စကို တက်နိုင်သမျှအမြန်ဆုံး အဆုံးသတ်သည်က ပို၍ကောင်းမွန်ပေမည်။

လုယွီ၏နတ်ဘုရားစိတ်အာရုံအောက်တွင် မီးဒြပ်စင်ရှိနေသောနေရာနှင့် သူ တစတစ ပို၍နီးကပ်လာလေပြီ။

နဂါးပျံခြေလှမ်း...

လုယွီသည် အနက်ရောင်အရိပ်တစ်ခုအသွင်ပြောင်းလဲ၍ အကွေ့အကောက်များသောစင်္ကြန်လမ်းများကို ဖြတ်ကျော်သွားကာ မကြာမီမှာပင် မီးဒြပ်စင်များစုဝေးနေသောနေရာသို့ ရောက်ရှိလာသည်။

ဤနေရာသည် ပြင်ပထက်များစွာပို၍ကျယ်ဝန်းကာ စစ်မြေပြင်တစ်ခုနှင့်တူညီသည်။မရေမတွက်နိုင်သော လူသေလောင်းများက နေရာအနှံ့ ပြန့်ကျဲနေသည်။လုယွီက အလောင်းတစ်လောင်းကို ခြေဖြင့်ကန်၍လှန်ကြည့်လိုက်ရာ ဖုတ်ကောင်စစ်သားတစ်ယောက်ဖြစ်နေသည်ကို တွေ့မြင်မိပေ၏။

ထိုဖုတ်ကောင်စစ်သားများ၏အလောင်းများမှနေ၍ ညှော်နံများ ထွက်ပေါ်နေသည်။ဖုတ်ကောင်စစ်သားအများစု၏ခြေလက်များသည် မီးလောင်ကျွမ်းနေကာ အလောင်းအပြည့်အစုံပင်မကျန်ရှိချေ။

မြေပြင်ပေါ်၌ နက်ရှိုင်းသေလျှိုမြောင်တစ်ခုရှိနေကာ ထိုအရာအတွင်း၌ မီးလောင်ကျွမ်းရာမှကြွင်းကျန်သော အနက်ရောင်ကျောက်မီးသွေးများစုပုံနေသည်။

ဤနေရာနှင့်မလှမ်းမကမ်းအကွာအဝေးတွင် တောက်ပသောမီးတောက်တစ်ခုရှိနေကာ နေမင်းကြီးတစ်စင်းအလား စစ်မြေပြင်တစ်ခုလုံးကို ထွန်းလင်းတောက်ပနေစေသည်။

ထိုမီးတောက်အကြား၌ ဧရာမမီးတောက်လူဘီလူးကြီးတစ်ကောင်က ပလ္လင်ပေါ်၌ထိုင်နေသည်။သူသည် ကောင်းကင်ဘုံမှဆင်းသက်လာသော နတ်ဘုရားတစ်ပါးအလား အောက်တွင်ရှိနေသောအရာများအားလုံးကို လွှမ်းမိုးချုပ်ကိုင်နိုင်သောအကြည့်ဖြင့် ကြည့်နေလေ၏။

Chapter 2102

ဝေါင်း....

အော်ဟစ်ကြုံးဝါးသံများနှင့်အတူယှဥ်တွဲ၍ ထောင်နှင့်ချီသောဖုတ်ကောင်စစ်သားများသည် မြေပြင်ပေါ်၌ တွားသွား၍ မီးတောက်လူဘီလူးကြီးရှိနေသောနေရာထံသို့ဦးတည်၍ ပြေးဝင်သွားကြသည်။

ပတ်ဝန်းကျင်နေရာတဝိုက်ရှိ စစ်မြေပြင်တစ်ခုလုံး ဖုတ်ကောင်စစ်သားများဖြင့် ပြည့်နှက်နေသည်။

အကန့်အသတ်မရှိသော သေဆုံးခြင်းအငွေ့အသက်များကလည်း အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့နေပေ၏။

ပလ္လင်ပေါ်၌ထိုင်နေသော မီးတောက်လူဘီလူးကြီးသည် သူ၏လက်ကိုဝှေ့ယမ်းလိုက်ရာ မီးတောက်တစ်ခု အောက်သို့ကျဆင်းလာပြီး ဖုတ်ကောင်စစ်သားများအားလုံးကို လောင်ကျွမ်းသွားစေသည်။

သို့ရာတွင် ထိုဖုတ်ကောင်စစ်သားများသည် အကန့်အသတ်ရှိပုံမရဘဲ ဒီရေလှိုင်းများကဲ့သို့ မီးတောက်လူဘီလူးကြီးထံ တိုးဝင်နေကြသည်။

သူတို့သည် နာကျင်မှုကိုခံစားရပုံမပေါ်ဘဲ သူတို့၏အပေါင်းအဖော်များ အသတ်ခံရသည်ကိုမြင်သည့်တိုင် ထိတ်လန့်ကြောက်ရွံခြင်းမရှိချေ။

"လူသား...."

ထိုအချိန်မှာပင် အသံပေးပို့ဆက်သွယ်ခြင်းတစ်ခုက လုယွီ၏နားအတွင်းသို့ ဝင်ရောက်လာသည်။

ထိုအသံသည် ရှေးဟောင်းဘာသာစကားဖြင့် ပြောဆိုခြင်းဖြစ်နေသောကြောင့် ဤနေရာ၌ လုယွီသာလျှင် နားလည်နိုင်ပေမည်။

"ငါ့ကိုကူညီပြီး ဒီယုတ်ညံတဲ့အရာတွေကို အမြစ်ပြတ်သုတ်သင်ပေးပါ...ငါက မင်းကို မြင့်မြတ်တဲ့နတ်ဘုရားစွမ်းအားပေးမယ်"

လုယွီသည် မီးတောက်လူဘီလူးကြီးကိုကြည့်လိုက်ရာ သူ့ထံမှနေ၍ ရင်းနှီးကျွမ်းဝင်သောအငွေ့အသက်တစ်ခုကို ခံစားမိသည်။

လုယွီသင်ယူခဲ့ဖူးသော ရှေးဟောင်းသိုင်းပညာနည်းစနစ်များအတွင်း၌ ကျူရုံအစစ်အမှန်ခန္ဓာကိုယ်နည်းစနစ်သည် ရှေးဟောင်းမီးနတ်ဘုရားမှဖန်တီးထားခြင်းဖြစ်ကာ သူ၏လက်ရှိကျင့်ကြံဆင့်နယ်ပယ်ထက် များစွာပို၍သာလွန်သော စွမ်းအားမျိုးရှိသည်။

ထိုမီးတောက်လူဘီလူးကြီးသည် မီးနတ်ဘုရားကျူးရုံဖြစ်သည်မှာ သိသာထင်ရှားလှ၏။

သို့ရာတွင် ဤသည်က အစစ်အမှန်မီးနတ်ဘုရားမဟုတ်ချေ။ရှေးဟောင်းကောင်းကင်ဘုံတရားရုံးပျက်သုဥ်းသွားချိန်တွင် ရှေးဟောင်းနတ်ဘုရားများအားလုံး သေဆုံးသွားကြလေပြီ။ဤနေရာ၌ထွက်ပေါ်လာသည်မှာ မီးနတ်ဘုရားကျူးရုံ၏နတ်ဘုရားစိတ်အာရုံအမျှင်တန်းတစ်စသာဖြစ်ပေမည်။

သို့ရာတွင် ဤသည်ကပင် တုန်လှုပ်ချောက်ချားဖွယ်ကောင်းနေသည်။

ရှေးဟောင်းခေတ်ပျက်သုဥ်းသွားသည်မှာ နှစ်တစ်သောင်းကျော်ခန့် ကြာမြင့်နေလေပြီ။သို့ရာတွင် ထိုနတ်ဘုရားစိတ်အာရုံအမျှင်တန်းသည် ယခုလက်ရှိချိန်ထိတိုင် ရှင်သန်နေဆဲဖြစ်ရာ ယခင်က မီးနတ်ဘုရား မည်မျှထိအစွမ်းထက်ခဲ့သည်ကို ပြသနေပေ၏။

"ဒါက မင်း ငါ့ကိုတောင်းဆိုဖို့ မလိုအပ်လောက်ဘူး...ဒီဖုတ်ကောင်တွေက ငါ့ကို တွေ့ပြီးနေလောက်ပြီ"

လုယွီက ခေါင်းခါပြလိုက်သည်။

စစ်မြေပြင်တစ်ခုလုံး ဖုတ်ကောင်စစ်သားများနှင့် ပြည့်နှက်နေသည်။လုယွီသည် ဤနေရာ၌ထွက်ပေါ်လာခဲ့သဖြင့် သက်ရှိအငွေ့အသက်က ပတ်ဝန်းကျင်နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။

ဤအချိန်အခိုက်အတန့်တွင် လုယွီသည် ဖုတ်ကောင်များအားလုံး၏စိတ်အာရုံကို ဆွဲဆောင်သွားနိုင်ပေ၏။

ဝေါင်း...

ဖုတ်ကောင်များအားလုံးက ကျယ်လောင်စွာ အော်ဟစ်ကြုံးဝါးလိုက်ကြသည်။တချို့ဖုတ်ကောင်များသည် သူတို့၏ခေါင်းများကိုလှည့်၍ လုယွီကို ကြည့်လိုက်ကြ၏။

စစ်မြေပြင်အနှံ့ မျက်လုံးဖြင့်မြင်နိုင်သရွေ့ ဖုတ်ကောင်စစ်သားများက ရှိနေသည်။သူတို့သည် ရုန်းကန်၍မတ်တတ်ထရပ်ပြီး သွေးရောင်ကဲ့သို့နီမြန်းနေသောမျက်လုံးများဖြင့် လုယွီကို စူးစိုက်ကြည့်နေကြ၏။

"ဒီဖုတ်ကောင်တွေကို တခြားသူတွေက ထိန်းချူပ်ထားတာပဲ"

လုယွီက ချီစောင့်ကြည့်ခြင်းနည်းစနစ်ကိုအသုံးပြုလိုက်ရာ စစ်မြေပြင်၏တခြားတစ်ဖက်၌ အစွမ်းထက်သောဖုတ်ကောင်တချို့ရှိနေခြင်းကို တွေ့မြင်မိသည်။

ထိုဖုတ်ကောင်များသည် ဆံဖြုဖုတ်ကောင်များဖြစ်ကြ၏။သူတို့သည် ခမ်းနားထည်ဝါသောဝတ်စုံများ မြွေရေခွံဝတ်စုံများကိုဝတ်ဆင်ထားကာ တချို့ဖုတ်ကောင်များ၏ဝတ်စုံများမှာ ရွှေရောင်တောက်ပနေသည်။သူတို့သည် အသက်ထင်ရှားရှိနေစဥ်အချိန်တွင် အထက်တန်းလွှာများဖြစ်သည်ကို ပြသနေပေ၏။

သူတို့၏အရှိန်အဝါများသည် တခြားဖုတ်ကောင်များထက် များစွာပို၍အားကောင်းပေ၏။ထို့ပြင် သူတို့၏ထိန်းချုပ်မှုအောက်တွင် ဖုတ်ကောင်စစ်သားများတစ်ကောင်ပြီးတစ်ကောင် မြေပြင်အောက်မှ တွားသွား၍ထွက်လာကြသည်။

ဝေါင်း..

လုယွီ၏အကြည့်ကို အာရုံခံမိပုံဖြင့် မြွေရေခွံအင်္ကျီဝတ်ဆင်ထားသော ဖုတ်ကောင်များအနက်မှတစ်ကောင်က လုယွီထံဦးတည်၍ ပျံသန်းလာသည်။

ထိုမြင်ကွင်းကိုမြင်ချိန်တွင် လုယွီ၏မျက်နှာပေါ်၌ အပြုံးတစ်ပွင့် ထင်ဟပ်လာသည်။

"ဒါက အရင်တုန်းက ရှောင်မိသားစုဝင်တွေပဲဖြစ်မယ်...ဒါကြောင့် ငါ သူတို့ကို အလွတ်ပေးလို့မရဘူး"

"ပြီးတော့ ငါက မင်းတို့ ဘယ်လောက်ထိကြမ်းတမ်းလဲဆိုတာကိုသိချင်တယ်"

လုယွီက လေထုအတွင်းသို့ခုန်တက်၍ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ မှော်စွမ်းအားများကို ဖြန့်ကျက်လိုက်၏။ထို့နောက် သူသည် ရှေးဟောင်းနတ်ဘုရား၏ကောင်းကင်တက်လှမ်းခြင်းနည်းစနစ်ကိုအသုံးပြု၍ ဖုတ်ကောင်များကိုအသားပြားများဖြစ်အောင် ဆောင့်နင်းလေသည်။

ထို့နောက် လုယွီ၏ခန္ဓာကိုယ်သည် လေးညှို့မှလွှက်လိုက်သောမြှားတစ်စင်းကဲ့သို့ မြွေရေခွံအင်္ကျီဝတ်ဆင်ထားသောဖုတ်ကောင်နှင့် ရိုက်ခတ်မိသွားသည်။

ဘန်း...

ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ ထိုဖုတ်ကောင်၏လက်မောင်းတစ်ဖက်သည် လုယွီ​ကြောင့် အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားပေ၏။

လုယွီသည် ထိုဖုတ်ကောင်၏ခေါင်းကို သူ၏လက်ဖြင့်ဖိနှိပ်လိုက်သည်။ဖုတ်ကောင်သည် လေထုအတွင်းမှပြုတ်ကျလာကာ မြေပြင်နှင့်ပြင်းပြင်းထန်ထန် ရိုက်ခတ်မိသည်။

နောက်ထပ်ဘုန်းခနဲအသံတစ်သံ ထွက်ပေါ်လာခြင်းနှင့်အတူ ထိုဖုတ်ကောင်၏ခေါင်း ကြေမွပျက်စီးသွားတော့သည်။

"မင်းတို့က အရင်ကလိုမျိုး မင်းတို့ရဲ့ခွန်အားကုန်ကို ထုတ်မသုံးနိုင်တော့ဘူး...မင်းတို့က ငါ့ကိုတိုက်ခိုက်နိုင်မယ်လို့ ထင်နေကြတာလား"

Chapter 2103

လုယွီသည် မြွေရေခွံဝတ်စုံဝတ်ဖုတ်ကောင်ကို အလျှင်အမြန်အဆုံးသတ်လိုက်၏။ရုတ်ချည်းဆိုသလိုပင် ဖုတ်ကောင်စစ်သားများ၏အငွေ့အသက် အနည်းငယ်အားနည်းသွားသည်။

တခြားတစ်ဖက်တွင် လုယွီက ခေါင်းဆောင်အဆင့်ဖုတ်ကောင်တစ်ကောင်ကို သတ်လိုက်သည်ကိုမြင်ချိန်တွင် တခြားဖုတ်ကောင်များက ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်ကြ၏။

ဝေါင်း...

ဖုတ်ကောင်ခေါင်းဆောင်များအကြားမှ သံချပ်ကာဝတ်စုံဝတ်ဆင်ထားသော ဖုတ်ကောင်ခေါင်းဆောင်တစ်ကောင်က ရှေ့သို့ထွက်လာသည်။ကြည့်ရသည်မှာ ထိုဖုတ်ကောင်သည် အသက်ရှိစဥ်အချိန်တွင် စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်ခဲ့ပုံပင်။

ထိုဖုတ်ကောင်စစ်ဗိုလ်ချုပ်သည် မိုးကောင်းကင်ကိုမော့ကြည့်၍ အော်ဟစ်ကြုံးဝါးလိုက်ရာ ပတ်ဝန်းကျင်ရှိယင်ချီများအားလုံး အလျှင်အမြန်စုဝေးလာသည်။

ခရက်...ခရက်...ခရက်...

ကျယ်လောင်သောအသံတစ်သံနှင့်အတူယှဥ်တွဲ၍ ပြန့်ကျဲနေသောဖုတ်ကောင်အလောင်းများကို စွမ်းအားတစ်ရပ်ကလွှမ်းခြုံသွားကာ နေရာတစ်နေရာထံသို့ဦးတည်၍ သိပ်သည်းသွားသည်။

မရေမတွက်နိုင်သော မပြည့်စုံသည့်ဖုတ်ကောင်အလောင်းများသည် စတင်၍စုစည်းလာကာ နောက်ဆုံးတွင် ဧရာမဖုတ်ကောင်ကြီးအဖြစ် ဖွဲ့စည်းသွားပေ၏။

တုန်လှုပ်ချောက်ချားဖွယ် အလောင်းကောင်အငွေ့အသက်ကလည်း အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့နေသည်။

ဧရာမဖုတ်ကောင်ကြီးသည် သူ၏လက်ကြီးကိုဖြန့်ကား၍ လုယွီထံဦးတည်ကာ ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်သည်။

"အမှိုက်တစ်သိုက်ကိုစုစည်းပြီး ငါ့ကိုသတ်ချင်တာလား"

လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များ ထင်ဟပ်နေသည်။သူ၏လက်သီးပေါ်တွင် ရွှေရောင်အလင်းတန်းများ လွှမ်းခြုံနေပြီး သူက ပြင်းထန်သောလက်သီးတစ်ချက်ကို ထိုးနှက်လိုက်၏။

အစွမ်းထက်သောလက်သီးအားလှိုင်းသည် ပေါက်ကွဲစေသောမှော်စွမ်းအင်များနှင့်ရောယှက်၍ ဧရာမဖုတ်ကောင်ကြီး၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။

ဘုန်း....

ဧရာမဖုတ်ကောင်ကြီးသည် နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရကာ ထိုအရာကြီး၏ခန္ဓာကိုယ်မှနေ၍ မပြည့်စုံသောဖုတ်ကောင်အလောင်းများ ပြုတ်ကျလာသည်။

လုယွီသည် ထိုအခွင့်အရေးကို လက်လွတ်မခံချေ။သူသည် ဧရာမဖုတ်ကောင်ကြီး၏ခေါင်းပေါ်သို့ခုန်တက်၍ သူ၏ခြေတစ်ဖက်ဖြင့် ဆောင့်နင်းလိုက်သည်။

ထိုပေါက်ကွဲအားကိုအရှိန်ယူ၍ လုယွီက ဖုတ်ကောင်စစ်ဗိုလ်ချုပ်၏ရှေ့သို့ ရောက်ရှိသွားသည်။

ဤနေရာတွင် ဆံဖြူဖုတ်ကောင်ရှစ်ကောင်ရှိနေလေ၏။

လုယွီ၏ခန့်မှန်းတွက်ချက်မှုအရ ထိုဆံဖြူဖုတ်ကောင်များတွင် အနည်းဆုံးမြေကမ္ဘာအင်မော်တယ်ကျင့်ကြံဆင့်ခွန်အားရှိနေသည်။

အကယ်၍ ထိုဆံဖြူဖုတ်ကောင်များသာ ပြင်ပလောကတွင်ထွက်ပေါ်လာပါက ကြီးမားသောအင်အားစုတစ်ခုဖြစ်ပေမည်။

ဂါး...ဂါး...ဂါး..

ထိုဆံဖြူဖုတ်ကောင်များထံမှ ထူးဆန်းသောအသံများထွက်ပေါ်လာကာ သူတို့က လုယွီကို ခုန်အုပ်လိုက်ကြ၏။

ထိုကဲ့သို့အစွမ်းထက်ဖုတ်ကောင်ရှစ်ကောင်နှင့် ရင်ဆိုင်ရသည့်တိုင် လုယွီက သူ၏လက်သီးကိုသာအသုံးပြု၍ တိုက်ခိုက်လေသည်။

လုယွီ၏ခန္ဓာကိုယ်အတွင်းမှ နဂါးဟိန်းသံတစ်သံက ပဲ့တင်ထပ်လာကာ အစစ်အမှန်နဂါးခုနစ်ကောင်၏ခွန်အားက ပွင့်အံထွက်လာသည်။

ဘုန်း...

လုယွီ၏လက်သီးအားလှိုင်းက ဖုတ်ကောင်စစ်ဗိုလ်ချုပ်၏သံချပ်ကာပေါ်သို့ ပြင်းပြင်းထန်ထန် ရိုက်ခတ်မိသွားသည်။ဖုတ်ကောင်စစ်ဗိုလ်ချုပ်၏သံချပ်ကာဝတ်စုံ ကွေးကောက်သွားကာ သူ၏ခြေထောက်များတုန်ခါလာပြီး သူက မြေပြင်အတွင်းသို့ နစ်ဝင်သွားသည်။

တခြားဆံဖြူဖုတ်ကောင်များသည် ခိုးကြောင်ခိုးဝှက်ဝင်၍တိုက်ခိုက်ရန် ကြံစည်ထားကြသော်လည်း လုယွီ၏ခန္ဓာကိုယ်လှုပ်ရှားမှုနည်းစနစ်သည် သူတို့ထက် များစွာပို၍လျှင်မြန်နေပေ၏။အရိပ်တစ်ရိပ်ဖျတ်ခနဲရွေ့လျားသွားခြင်းနှင့်အတူ လုယွီက သူတို့၏နောက်၌ ထွက်ပေါ်လာသည်။

ဘုန်း...ဘုန်း...ဘုန်း...

လုယွီသည် ဆံဖြူဖုတ်ကောင်တစ်ကောင်စီ၏ခေါင်းကို သူ၏လက်သီးဖြင့် ထိုးနှက်လိုက်သည်။ဆံဖြူဖုတ်ကောင်များ၏ခေါင်းများ ကြေမွပျက်စီးသွားကာ တစ်ကောင်ပြီးတစ်ကောင် မြေပြင်ပေါ်သို့ ပြိုလဲကျသွားသည်။

"မင်းတို့ ငါ့ကို ရန်မစသင့်ဘူး"

နောက်ဆုံးကျန်ရှိနေသော ဆံဖြူဖုတ်ကောင်တစ်ကောင်သည် ကြိုးစား၍ရုန်းကန်နေဆဲပင်။လုယွီက သူ၏ခြေထောက်ဖြင့် ထိုဆံဖြူဖုတ်ကောင်၏ခေါင်းကိုနင်းကာ ချေမွှဖျက်ဆီးလိုက်၏။

ထိုဆံဖြူဖုတ်ကောင်၏ခန္ဓာကိုယ်မှ အနက်ရောင်အခိုးအငွေ့များ ထွက်ပေါ်လာသည်။ဤသည်က သူ၏ခန္ဓာကိုယ်အတွင်း၌ ကျန်ရှိနေသော အလောင်းကောင်အဆိပ်များပင်။

သို့ရာတွင် လုယွီ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် ရွှေရောင်အလင်းတန်းများ လွှမ်းခြုံနေသည်။ထို့ကြောင့် အလောင်းကောင်အဆိပ်သည် ပတ်ဝန်းကျင်၌သာရစ်ဝဲနေပြီး ရှေ့သို့တိုးလာဝံ့ခြင်းမရှိချေ။

လုယွီသည် မသန့်စင်သောအခိုးအငွေ့များအားလုံးကို မှုတ်ထုတ်လိုက်သည်။ထို့နောက် သူက ပတ်ဝန်းကျင်၌စုဝေးနေသော ဖုတ်ကောင်များကိုကြည့်လိုက်၏။

ဆံဖြူဖုတ်ကောင်များ၏ထိန်းချုပ်မှုမရှိသဖြင့် ထိုဖုတ်ကောင်စစ်သားများသည် ခြိမ်းခြောက်နိုင်စွမ်းမရှိတော့ချေ။

ထိုဖုတ်ကောင်စစ်သားများကိုဖြတ်ကျော်၍ လုယွီက မီးတောက်လူဘီလူးကြီးထံသို့ သွားလိုက်သည်။

လူသားတစ်ယောက်၏အရွယ်အစားနှင့်နှိုင်းယှဥ်ပါက ထိုမီးတောက်လူဘီလူးကြီးသည် လွန်စွာကြီးမားလှ၏။ထိုမီးတောက်လူဘီလူးကြီးသည် ဘုရားကျောင်းတချို့၌ ကိုးကွယ်ကြသော နတ်ဘုရားရုပ်ထုများနှင့်တူညီနေကာ လူအများအား ထိတ်လန့်ကြောက်ရွံမှုကိုခံစားရစေသည်။

"လူသား...မင်းရဲ့အရည်အချင်းက မဆိုးဘူး...မင်းက ငါ့အတွက် အလုပ်လုပ်ပေးပြီးပြီဆိုမှတော့ ငါ့ရဲ့အမွေအနှစ်ကို မင်းဆီလက်ဆင့်ကမ်းပေးမယ်"

"ရှေ့တိုးပြီး ဒီနတ်ဘုရားရဲ့အမွေအနှစ်ကိုလက်ခံလိုက်တော့"

မီးတောက်လူဘီလူးကြီး၏အသံက စစ်မြေပြင်တစ်ခုလုံးအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

Chapter 2104

မီးတောက်လူဘီလူးကြီး၏အသံသည် ကျယ်လောင်ပြီး ခံ့ညားထည်ဝါကာ ရှေးဟောင်းနတ်ဘုရားတစ်ပါးက အမိန့်တော်ကို ထုတ်ပြန်ကြေငြာလိုက်သည်နှင့် တူညီပေ၏။

မည်သူမည်ဝါဖြစ်နေပါစေ ထိုအသံကိုကြားလိုက်သည်နှင့် သူတို့၏စိတ်နှလုံးသားအနက်ရှိုင်းဆုံးနေရာမှလာသော ခယရို့ကျိုးလိုစိတ်ကို ခံစားမိပေမည်။

လုယွီသည် မီးတောက်လူဘီလူးကြီးကိုကြည့်၍ ရှေ့သို့ခြေလှမ်းအနည်းငယ်တိုးလိုက်သော်လည်း အနီးသို့ချဥ်းကပ်သွားခြင်းမရှိချေ။

"ဒီနေရာမှာ ဘယ်သူ့ကိုဖိနှိပ်ထားတာလဲဆိုတာ မင်း ငါ့ကို ပြောပြနိုင်မလား"

လုယွီက မေးမြန်းသည်။

အကယ်၍ တခြားကျင့်ကြံသူတစ်ယောက်သာ မီးနတ်ဘုရား၏ရှေ့သို့ ရောက်ရှိလာပါက ထိုလူသည် ပျားပျားဝပ်၍ မီးနတ်ဘုရား၏ချီးမြှင့်မှုကို ရိုသေလေးစားစွာ ကျေးဇူးတင်စွာဖြင့် လက်ခံပေမည်။

သို့ရာတွင် လုယွီကမူ တခြားသူများနှင့် မတူကွဲပြားပေ၏။

လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ၏ပုံရိပ်ယောင်ကမ္ဘာအတွင်း၌ လုယွီသည် ရှေးခေတ်အချိန်ကာလများမှ အစွမ်းထက်သောအင်မော်တယ်များကို မြင်တွေ့ခဲ့ရသည့်အပြင် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏အမွေအနှစ်များကိုလည်း ရရှိထားသည်။

ထို့ပြင် ယခုလက်ရှိချိန်၌ လုယွီကို ရှေးဟောင်းကောင်းကင်ဘုံတရားရုံး၏အစစ်အမှန်ဆက်ခံသူဟု ဆိုနိုင်ပေ၏။သူသည် ရှေးဟောင်းကောင်းကင်ဘုံတရားရုံး၏အိမ်ရှေ့စံပင်။မည်မျှအစွမ်းထက်သောနတ်ဘုရားများဖြစ်နေပါစေ လုယွီ၏လက်အောက်ငယ်သားအဆင့်သာရှိသည်။

မီးတောက်လူဘီလူးကြီးသည် အချိန်တခဏကြာ တိတ်ဆိတ်ငြိမ်သက်သွားသည်။လုယွီ ဤကဲ့သို့မေးမြန်းမည်ဟု သူ မျှော်လင့်ထားပုံမရချေ။

"လူသား...ရှေ့ကိုတိုးလာပြီး ငါ့ရဲ့အမွေအနှစ်ကို ဆက်ခံတော့"

မီးတောက်လူဘီလူးကြီးသည် ထိုစကားကိုသာ ထပ်ခါထပ်ခါ ပြောဆိုနေဆဲပင်။

လုယွီက ရှေ့သို့တိုးသွားခြင်းမရှိဘဲ မေးမြန်းလိုက်၏။

"ဒါက မင်း နတ်ဆိုးကောင်ကိုချိပ်ပိတ်ထားတဲ့နေရာမဟုတ်လား...ဘာလို့ ငါ့ကို မင်းရဲ့အမွေအနှစ်တွေပေးနေတာလဲ"

မီးတောက်လူဘီလူးကြီး၏ခေါင်း ရွေ့လျားလာကာ သူက လောင်ကျွမ်းနေသောမျက်လုံးတစ်စုံဖြင့် လုယွီကိုကြည့်လိုက်။

"မရေမတွက်နိုင်တဲ့နှစ်တွေ ကုန်လွန်သွားခဲ့ပြီ...ငါက ဒီနေရာကိုဖိနှိပ်ဖို့ ငါ့ရဲ့စိတ်ဝိညာဥ်အမျှင်တန်းတစ်ခုကိုချန်ထားခဲ့တယ်...ဒါက နှစ်ပေါင်းတစ်သောင်းကျော်လောက် ကြာမြင့်နေပြီ...ငါက အဲ့ဒီနတ်ဆိုးကို သတ်ဖြတ်နိုင်ပြီလို့ ယူဆခဲ့ပေမယ့် အဲ့ဒီကောင်က မြေပြင်ပေါ်မှာရှိနေတဲ့လူတွေရဲ့ ဆိုးရွားတဲ့စိတ်ခံစားမှုတွေကို စုပ်ယူနိုင်မယ်လို့ ငါ မျှော်လင့်မထားမိဘူး...သူက တစတစ ပိုပြီးအားကောင်းလာတယ်"

"သူက ချိပ်ပိတ်ထားတာကို ချိုးဖျက်နိုင်တော့မယ့်နေ့ရက်က နီးကပ်လာပြီဆိုတာကိုလည်း ငါ သတိပြုမိတယ်...ဒါပေမယ့် ငါ့ရဲ့စိတ်ဝိညာဥ်အမျှင်တန်းတစ်ခုတည်းနဲ့ အဲ့ဒီနတ်ဆိုးကိုသတ်ဖို့ မလုံလောက်ဘူး"

"ပြီးတော့ မင်း...မင်းဆီမှာ မြင့်မြတ်ဧကရာဇ်ခန္ဓာကိုယ်နည်းစနစ်ရှိနေလို့သာ ဒီနတ်ဘုရားရဲ့စွမ်းအားကို တောင့်ခံနိုင်တာ....ငါက မင်းကို ငါ့ရဲ့အမွေဆက်ခံသူအဖြစ် ရွေးချယ်ထားတယ်...အဲ့ဒီနောက်မှာ မင်းက ငါ့ကိုကူညီပြီး အဲ့ဒီနတ်ဆိုးကိုအမြစ်ပြတ်သုတ်သင်ပေးရမယ်"

ကျူးရုံက ပြောဆိုသည်။

လုယွီက အနည်းငယ်အံ့အားသင့်သွားသည်။

"မင်း ကိုယ်တိုင်ကိုယ်ကျတိုက်ခိုက်တာတောင် မသတ်နိုင်ခဲ့တာက ဘယ်သူလဲ"

ရှေးဟောင်းအချိန်ကာလများတွင် မီးနတ်ဘုရားငည် မဟာမိုးကောင်းကင်ရွှေအင်မော်တယ်များဖြင့် ခြေရာခြင်းတိုင်းနိုင်သော အစွမ်းထက်နတ်ဘုရားတစ်ပါးဖြစ်သည်။

ထို့ပြင် မီးနတ်ဘုရားသည် အချိန်အတော်ကြာ အသက်ရှင်သန်ခဲ့သော အစွမ်းထက်တည်ရှိမှုကြီးဖြစ်ပေ၏။လူနည်းစုကသာ သူနှင့် ယှဥ်ပြိုင်တိုက်ခိုက်နိုင်ပေမည်။

"ကောင်းကင်ဘုံဧကရာဇ်ရဲ့အမိန့်အရ ငါက တစ္ဆေဧကရာဇ်ကို သုတ်သင်ခဲ့တယ်"

မီးနတ်ဘုရားက လေသံမြှင့်၍ ပြောဆိုသည်။

ရှေးဟောင်းတစ္ဆေဧကရာဇ်...

"ဒါဆိုရင် အဲ့ဒီတစ်ယောက်လား"

လုယွီက သူ၏စိတ်နှလုံးသားအတွင်းမှ ညည်းတွားလိုက်၏။

လုယွီသည် ထိုအစွမ်းထက်ပုဂ္ဂိုလ်နှင့် အစိမ်းသက်သက်မဟုတ်ချေ။အတိတ်ဘဝတွင် သူ ရုတ်တရက် စွမ်းအားမြင့်တက်လာရသောအကြောင်းအရင်းမှာ တစ္ဆေဧကရာဇ်ကြောင့်ပင်။

အတိတ်ဘဝတွင် သူသည် ကျင့်ကြံခြင်းလောကအတွင်းသို့ဝင်ရောက်စဥ်၌ ရန်သူများ၏လိုက်လံသတ်ဖြတ်မှုကြောင့် လျှို့ဝှက်နယ်မြေတစ်ခုအတွင်းသို့ ဝင်ရောက်ခဲ့ရသည်။ထိုနယ်မြေအတွင်း၌ သူသည် မြောက်မြားစွာသောအခက်အခဲများကိုဖြတ်ကျော်ပြီးနောက် ရှေးဟောင်းတစ္ဆေဧကရာဇ်၏အမွေအနှစ်ကို ရရှိခဲ့ကာ ကောင်းကင်ဘုံနယ်မြေအတွင်း၌ အားအကောင်းဆုံးပါရမီရှင်တစ်ယောက် ဖြစ်လာခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ဤသည်က တစ္ဆေဧကရာဇ်၏အမွေအနှစ်ပင်။ရှေးဟောင်းအချိန်ကာကများ၌ တစ္ဆေဧကရာဇ်သည် ငရဲနယ်မြေနှင့်ပြန်လည်ဝင်စားခြင်းသံသရာစက်ဝန်း၏အရှင်သခင်ဖြစ်ပေ၏။သူသည် အစွမ်းထက်ရုံသာမက သူ၏အခွင့်အာဏာမှာ လွန်စွာကြီးမားသည်။

သို့ရာတွင် လုယွီ၏မှတ်ဥာဏ်များအရ တစ္ဆေဧကရာဇ်သည် လွန်ကျူးသောကိစ္စရပ်များကို ကျူးလွန်ခဲ့ခြင်းမရှိချေ။မည်သည်ကြောင့် ကောင်းကင်ဘုံဧကရာဇ်သည် တစ္ဆေဧကရာဇ်ကိုသတ်ဖြတ်ရန် မဟာမိုးကောင်းကင်ရွှေအင်မော်တယ်တစ်ယောက်နှင့်အဆင့်တူသော မီးနတ်ဘုရားကို စေလွှက်ခဲ့သနည်း။

ဤကိစ္စများအားလုံးသည် အနည်းငယ်မျှပင် ကျိုးကြောင်းဆီလျော်မှုမရှိချေ။

"သူ့ရဲ့စွမ်းအားတွေ နိုးထလာတော့မယ်လို့ ငါ ခံစားမိတယ်...လူသား ရှေ့ကိုလာပြီး ငါ့ရဲ့အမွေအနှစ်ကိုဆက်ခံတော့"

မီးနတ်ဘုရားက အော်ဟစ်လိုက်၏။

လုယွီက အချိန်တခဏကြာတွေးတောပြီးနောက် တည်ငြိမ်စွာပြောဆိုသည်။

"ကောင်းပြီလေ...ဒါပေမယ့် အရင်ဆုံး မင်း ငါ့ကို ဘာတွေပေးနိုင်မလဲဆိုတာ ငါ ကြည့်အုံးမယ်"

လုယွီသည် ထိုသို့ပြောဆိုလိုက်သည့်တိုင် သူ၏စိတ်နှလုံးသားအတွင်း၌ သတိကြီးစွာထားနေသည်။

မိုးကောင်းကင်ပေါ်မှပြုတ်ကျလာသော ပိုင်မုန့်ဟူ၍မရှိချေ။

ထို့ပြင် အစစ်အမှန်ရှေးဟောင်းနတ်ဘုရားများသည် ​မြောက်မြားစွာသောခန့်မှန်းမှုများနှင့်တွက်ချက်မှုများကို ပြုလုပ်ပြီးမှသာ အဆင့်တိုင်းကိုဖြတ်ကျော်ခဲ့သူများဖြစ်သည်။ထို့ပြင် သူတို့၏လိမ္မာပါးနပ်မှုသည် သာမာန်လူများထက် အဆများစွာပို၍မြင့်မားလေရာ လူစိမ်းတစ်ယောက်ကို သူတို့၏အမွေအနှစ်များ လွယ်လင့်တကူပေးအပ်ရန်မှာ ဖြစ်နိုင်ချေမရှိသောကိစ္စတစ်ရပ်ပင်။

Chapter 2105

"ငါက ရှေးခေတ်ကမီးနတ်ဘုရားပဲ...ဒီလောကကြီးထဲမှာရှိတဲ့မီးတွေအားလုံး ငါ့ရံ့အမိန့်ကိုနာခံရတယ်"

"ငါက ကောင်းကင်ဘုံရဲ့အမိန့်ကို လက်ခံရရှိထားပြီးတော့ အရာအားလုံးရဲ့မူလအစတည်ရှိမှုတစ်ခုဖြစ်တဲ့အပြင် ထာဝရအသက်နဲ့ကံကြမ္မာကောင်းကို ပိုင်ဆိုင်ထားတယ်...သေမျိုး...မင်းက ငါ့ရဲ့အမွေအနှစ်ကို ဆက်ခံပြီးတာနဲ့ မင်းလည်းကံကြမ္မာကောင်းတစ်ခုရရှိသွားပြီ"

"ဒီနေရာကိုလာပြီး ငါ့ရဲ့အမွေအနှစ်ကို ဆက်ခံလိုက်တော့"

"ဒီနေရာကို လာခဲ့တော့"

ဤအချိန်အခိုက်အတန့်မှာပင် မီးတောက်လူဘီလူးကြီး၏ခန္ဓာကိုယ်တစ်ခုလုံးမှ တုန်လှုပ်ချောက်ချားဖွယ်မီးတောက်များ ပွင့်အံထွက်လာသည်။

ထိုမီးတောက်များ၏တောက်ပသောအလင်းရောင်များအောက်တွင် မီးတောက်လက်ဝါးကြီးတစ်ဖက်က လုယွီကိုဖမ်းဆုပ်ရန်အတွက် တိုးဝင်လာပေ၏။

ရုတ်ချည်းဆိုသလိုပင် အစွမ်းထက်သော ဖိအားအရှိန်အဝါတစ်ရပ်က လုယွီ၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။

"ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကြည့်ကြတာပေါ့"

လုယွီက သူ၏ခန္ဓာကိုယ်လှုပ်ရှားမှုနည်းစနစ်ကိုအသုံးပြု၍ ထိုလက်ဝါးကြီးကို ရှောင်ရှားလိုက်၏။

မီးတောက်လူဘီလူးကြီးကိုဗဟိုပြု၍ မီတာတစ်ရာကျော်ပတ်လည်တဝိုက်လုံး ပြင်းထန်သောမီးတောက်များဖြင့် လွှမ်းခြုံနေသည်။

ထို့နောက်အတားအဆီးနေရာမှနေ၍ အလွန်ပြင်းထန်သောဖိအားအရှိန်အဝါတစ်ရပ်က ပွင့်အံထွက်လာပေရာ ပတ်ဝန်းကျင်ရှိလေထုကိုပင် တွန့်လိမ်ပြီးပုံပျက်သွားစေသည်။

အကယ်၍ လုယွီသည် အစောပိုင်းက အတားအဆီးအတွင်းသို့ မဆင်မခြင်ခြေချမိပါက ထိုနေရာအတွင်း၌ ချောင်ပိတ်မိနေပေမည်။

"သေမျိုး...မင်းရဲ့စိတ်ကိုလျော့ထားပြီး ငါ့ကို ယုံကြည်ကိုးကွယ်စမ်း"

မီးတောက်လူဘီလူးကြီးသည် သူ၏လက်ကြီးကိုဖြန့်ကျက်ပြီး အောက်သို့ရိုက်နှက်လေ၏။

ထိုလက်ကြီးသည် နေရောင်ကိုပင်ပိတ်ဖုံးလုမတက် အလွန်ကြီးမားကာ ထူးဆန်းသောအားလှိုင်းတစ်ရပ် ရောယှက်နေပုံရပြီး ပတ်ဝန်းကျင်ရှိအရာများအားလုံး ထိုလက်ကြီးရှိနေရာသို့ဦးတည်၍ စုဝေးသွားကြသည်။

"မင်းက ရှေးဟောင်းမီးနတ်ဘုရားဖြစ်နေတုန်းပဲလို့ ထင်နေတုန်းပဲလား"

ရုတ်ချည်းဆိုသလိုပင် လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံးမှနေ၍ ကြီးမားသောမီးတောက်များ မြင့်တက်လာသည်။ထိုမီးတောက်များသည် သူ၏ခေါင်းထက်၌ သိပ်သည်းသွားကာ ဧရာမမီးနတ်ဘုရားပုံရိပ်ကြီး ထွက်ပေါ်လာပေ၏။

ရှေးဟောင်းသိုင်းပညာနည်းစနစ်...ကျူးရုံအစစ်အမှန်ခန္ဓာကိုယ်

မီးတောက်လူဘီလူးကြီးနှစ်ကောင်သည် တိုက်ပွဲကွင်းပြင်အတွင်း၌ ထိပ်တိုက်ရင်ဆိုင်နေကြ၏။တိုက်ပွဲမှပေါက်ကွဲလာသောအားလှိုင်းများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသဖြင့် ကျောက်တုံးကြီးများပင် ကြေမွပျက်စီးသွားခဲ့သည်။

"မဖြစ်နိုင်ဘူး...လူသား...မင်းက ဘယ်သူလဲ"

မီးတောက်လူဘီလူးကြီးက မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်၏။

လုယွီအသုံးပြုလိုက်သော မှော်မန္တန်သည် ရှေးဟောင်းမီးနတ်ဘုရားဖန်တီးခဲ့သောအရာဖြစ်ပြီး မီးတောက်လူဘီလူးကြီး၏မှော်မန္တန်နှင့် တူညီနေသည်။

"မင်း ဘယ်လိုအမွေအနှစ်ကိုပဲ ရရှိထားပါစေ...ဒါက အတုအယောင်ပဲ...ကောင်းကင်နဲ့မြေပြင်ရဲ့ငရဲမီး..."

မီးတောက်လူဘီလူးကြီးက ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သည်။ဤအချိန်အခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိ လေထုပင် လောင်ကျွမ်းစပြုလာသည်။

လုယွီ၏စိတ်နှလုံးသား ပြင်းပြင်းထန်ထန်တုန်ခါသွားပြီး သူက နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရ၏။

"မီးနတ်ဘုရားလို့ခေါ်ဆိုဖို့ ထိုက်တန်ပါပေတယ်...အကြွင်းအကျန်စိတ်ဝိညာဥ်အမျှင်တန်းလေးတစ်ခုပဲရှိနေတာတောင် ဒီလိုစွမ်းအားမျိုးကို ဖြန့်ကျက်နိုင်တုန်းပဲ"

လုယွီ၏မျက်လုံးတစ်စုံသည် တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများကြောင့် လင်းလက်တောက်ပနေသည်။

"ဒါပေမယ့် အခု မင်းဆီမှာ မူလခန္ဓာကိုယ်ရဲ့စွမ်းအားမျိုး ဆယ်ပုံတစ်ပုံပဲကျန်တော့တယ်...မင်းရဲ့မီးဒြပ်စင်စွမ်းအင်တွေအားလုံး ငါ့ကိုပေးစမ်း"

ဧရာမမီးနတ်ဘုရားပုံရိပ်ယောက်ကြီး၏လှုပ်ရှားမှုသည် ပို၍လျှင်မြန်လာပြီး မီးတောက်လူဘီလူးကြီးကို အဆက်မပြတ်ထိုးနှက်လေ၏။

မီးတောက်လူဘီလူးကြီး၏ ကောင်းကင်နှင့်မြေပြင်မှ ဖန်တီးထားသော ငရဲမီးသည် လုယွီအပေါ်၌ သက်ရောက်ခြင်းမရှိချေ။ဆန့်ကျင်ဘက်အနေဖြင့် လုယွီသည် ထိုမီးတောက်ကို တဖြည်းဖြည်း ဝါးမျိုနေသည်။

ဘုန်း...ဘုန်း...ဘုန်း...

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် မီးတောက်လူဘီလူးကြီးနှစ်ကောင်သည် တိုက်ခိုက်မှုပေါင်းရာနှင့်ချီ၍ ဆက်တိုက်တိုက်ခိုက်ကြသည်။

မီးတောက်လူဘီလူးကြီး၏တိုက်ခိုက်မှုသည် ယခင်ကဲ့သို့ ပြင်းထန်ခြင်းမရှိတော့ဘဲ တစတစပို၍အားနည်းလာသည်။

"သေမျိုး...မင်းက ဒီနတ်ဘုရားကို ဒေါသထွက်စေတာပဲ"

မီးတောက်လူဘီလူးကြီး၏မျက်လုံးများ စူးစူးဝါးဝါးတောက်ပလာကာ သူက ရှေးကျသောမန္တန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်၏။

ထိုမှော်မန္တန်ပျောက်ကွယ်နေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။လုယွီထံတွင် အမတ်ကြီးချွယ်၏မှတ်ဥာဏ်တချို့ရှိနေသည့်တိုင် ထိုမှော်မန္တန်၏စကားလုံးတချို့ကိုသာ နားလည်သဘောပေါက်နိုင်သည်။

ဤှသည်က အဆင့်မြင့်နတ်ဘုရားဘာသာစကားပင်။

နတ်ဘုရားများသာလျှင် ဤဘာသာစကားကို နားလည်နိုင်ပေ၏။

လုယွီသည် သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ အန္တရာယ်အငွေ့အသက်ကိုရရှိလာသဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

"သူ့ကို အရင်ဆုံးသတ်တာပေါ့"

လုယွီသည် အင်မော်တယ်သုတ်သင်ဓားချီကို ဆင့်ခေါ်လိုက်၏။သူ၏လက်ချောင်းများကို အနည်းငယ်လှုပ်ခတ်လိုက်မှုနှင့်အတူ ကြီးကျယ်ခမ်းနားသောဓားချီတစ်လှိုင်း သိပ်သည်းသွားပြီး မီးတောက်လူဘီလူးကြီး၏ရင်ဘတ်ကို ထိုးစိုက်မိသွားသည်။

ထို့နောက် ထက်ရှသောဓားချီသည် ပေါက်ကွဲသွားပြီး မီးတောက်လူဘီလူးကြီး၏ခန္ဓာကိုယ်ကို နှစ်ခြမ်းကွဲထွက်သွားစေသည်။

သို့ရာတွင် မီးတောက်လူဘီလူးကြီးသည် ရှောင်ရှားခြင်းမပြုချေ။ထိုအစား သူ၏ခန္ဓာကိုယ်မှမီးတောက်များသည် အလွန်လျှင်မြန်သောနှုန်းဖြင့် ပြန့်ကားလာပေ၏။

ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ လုယွီ၏အမြင်အာရုံတစ်ခုလုံး အဖြူရောင်သို့ ပြောင်းလဲသွားသည်။

မီးတောက်လူဘီလူးကြီး ရုတ်တရက် ပေါက်ကွဲသွားခဲ့သည်။

Thank For Reading.

All Chapters