အခန်း (၂၁၀၆-၂၁၁၀)
Vol. 109 Ch. 2106-2110
Chapter 2106
ပြင်းထန်သောပေါက်ကွဲမှုသည် တုန်ခါမှုလှိုင်းများနှင့် အတူယှဥ်တွဲ၍ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
လုယွီသည်လည်း ထိုတုန်ခါမှုလှိုင်းများ၏ရိုက်ခတ်ခြင်းကို ခံလိုက်ရ၏။သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်ထားသော ကျူးရုံအစစ်အမှန်ခန္ဓာကိုယ်သည် ရုတ်ချည်းဆိုသလို ပြန့်ကြဲသွားကာ တုန်ခါမှုလှိုင်းများမှထုတ်လွှက်လိုက်သော အစွမ်းထက်သည့်အားလှိုင်းတစ်ရပ်က သူ၏ခန္ဓာကိုယ်ပေါ်သို့ သက်ရောက်လာသည်။
ယခုလက်ရှိချိန်တွင် လုယွီ၏ရုပ်ခန္ဓာကိုယ်သည် ရှေးဟောင်းသူတော်စင်အဆင့်ဖြစ်သော်လည်း ထောင်ပေါင်းများစွာသောမြှားများ သူ၏နှလုံးသားကို ထွင်းဖောက်သွားသကဲ့သို့ ပြင်းထန်သောနာကျင်မှုကို ခံစားနေရဆဲပင်။
ခရက်....ခရက်....
ကြွပ်ဆတ်ဆတ်အသံများ ထွက်ပေါ်လာခြင်းနှင့်အတူ လုယွီ၏ခန္ဓာကိုယ်ကို ကြေးနီသံချပ်ကာတစ်ခုက လွှမ်းခြုံသွားသည်။
ဤှသည်က ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏တိုက်ပွဲဝင်သံချပ်ကာပင်။ထိုအချိန်တုန်းက လုယွီသည် လေလံပွဲအတွင်း၌ ထိုသံချပ်ကာကိုရရှိခဲ့ပြီးနောက် သူ၏ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်ထားခဲ့သည်။
အကယ်၍ လုယွီ သေရေးရှင်ရေးအခြေအနေမျိုးသို့ ကျရောက်ခြင်းမရှိပါက ကောင်းကင်ဘုံဧကရာဇ်၏တိုက်ပွဲဝင်သံချပ်ကာသည် လွယ်လင့်တကူ ထွက်ပေါ်လာမည်မဟုတ်ချေ။
မီးတောက်လူဘီလူးကြီးပေါက်ကွဲသွားခြင်းကြောင့် ပြင်းထန်သောမီးတောက်လေလှိုင်းများက ပတ်ဝန်းကျင်၌ ဖွဲ့စည်းစပြုလာသည်။
ကောင်းကင်ဘုံဧကရာဇ်၏တိုက်ပွဲဝင်သံချပ်ကာသည် ပေါက်ကွဲမှုအားလှိုင်း၏ငါးဆယ်ရာခိုင်နှုန်းကို လျော့ချပေးသည့်တိုင် လုယွီသည် ပြင်းထန်သောအားလှိုင်း၏ရိုက်ခတ်မှုကို ခံစားနေရဆဲပင်။
ဘုန်း...
လုယွီသည် နောက်သို့ မီတာရာပေါင်းများစွာအကွာအဝေးထိ လွင့်ထွက်သွားကာ နောက်ဆုံး၌ တောင်ပို့တစ်ခုအတွင်းသို့ နစ်ဝင်သွားသည်။
"ရှေးဟောင်းနတ်ဘုရားတွေရဲ့ခွန်အားက တကယ့်ကို သာမာန်ထက်သာလွန်တာပဲ"
လုယွီသည် ပါးစပ်အပြည့်သွေးတစ်လုတ်အန်ထုတ်လိုက်ရပြီး သူ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားသည်။
သူနှင့်မလှမ်းမကမ်းအကွာအဝေးရှိ ပေါက်ကွဲမှုစတင်ခဲ့သောနေရာတွင် မြေပြင်ပေါ်၌ ချိုင့်နက်ကြီးတစ်ခုဖြစ်ပေါ်လာကာ အက်ကွဲကြောင်းများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့နေပြီး ထိုနေရာမှနေ၍ ဖုန်မှုန့်နှင့်မီးခိုးငွေ့များ ထွက်ပေါ်နေသည်။
ပျံ့လွင့်နေသော ဖုန်မှုန့်များနှင့်မီးခိုးငွေ့များ၏အကြားမှနေ၍ အနီရောင်အလင်းတန်းတစ်တန်းက လုယွီထံသို့ဦးတည်၍ ပျံသန်းလာသည်။
ထိုအရာသည် မီးတောက်များ လွှမ်းခြုံနေသော ရွှေရောင်ကျီးကန်းတစ်ကောင်ဖြစ်ပေ၏။ထိုရွှေကျီးကန်း၏အရှိန်နှုန်းသည် အလွန်လျှင်မြန်သဖြင့် ရုတ်ချည်းဆိုသလိုပင် လုယွီ၏ရှေ့သို့ ရောက်ရှိလာသည်။
လုယွီနှင့်နီးကပ်လာသောအချိန်တခဏတွင် ရွှေကျီးကန်း၏ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက်ကျုံသွားကာ စပါးစေ့တစ်စေ့အရွယ်အစားခန့်ပြောင်းလဲသွားပြီး လုယွီ၏မျက်ခုံးနှစ်ခုကြားသို့ဦးတည်၍ ပျံသန်းလာသည်။
သို့သော် ထိုအချိန်မှာပင် လုယွီ၏လက် ရုတ်တရက်မြောက်တက်သွားပြီး ရွှေကျီးကန်းကိုဖမ်းဆုပ်လိုက်၏။
"မင်းက အရင်က ရှေးဟောင်းနတ်ဘုရားတစ်ပါးဖြစ်ခဲ့တာတောင်...အရမ်းကိုရွံရှာစက်ဆုပ်ဖို့ကောင်းတဲ့အလုပ်မျိုးကို လုပ်နေတာပဲ"
လုယွီက အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုသည်။
လုယွီ၏လက်အတွင်း၌ ထိန်းချုပ်ခံထားရသော်လည်း ရွှေကျီးကန်း၏အသံက ကြီးကျယ်ခမ်းနားနေဆဲပင်။
"သေမျိုး...ဒါက ဒီနတ်ဘုရားက မင်းကိုပေးမယ့်နောက်ဆုံးအခွင့်အရေးပဲ...ငါ့ကို မင်းရဲ့ရုပ်ခန္ဓာကိုယ်ဆက်သမယ်ဆိုရင် မင်းက ထာဝရအသက်ရှင်နိုင်လိမ့်မယ်"
"ငါ တောင်းပန်ပါတယ်...ငါ မင်းကို မလိုအပ်ဘူး...ငါ့ဟာငါ ထာဝရအသက်ကို ရအောင်ယူနိုင်တယ်"
လုယွီက ရွှေကျီးကန်းကို တိုက်ရိုက်ဝါးမျိုလိုက်၏။တစ်ချိန်တည်းမှာပင် သူသည် တက်တူကောင်းကင်ဝါးမျိုခြင်းနည်းစနစ်ကိုအသုံးပြု၍ ရွှေကျီးကန်း၏ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားစွမ်းအားများကို ဝါးမျိုလိုက်သည်။
ရုတ်ချည်းဆိုသလိုပင် မရေမတွက်နိုင်သောဖရိုဖရဲအသံများက လုယွီ၏စိတ်အတွင်း၌ ထွက်ပေါ်လာသည်။ဤသည်က ထောင်သောင်းချီသောလူများ တပြိုင်နက်တည်းအော်ဟစ်နေသည်နှင့် တူညီပေရာ သူ့အား မူးဝေဝေဖြစ်စေသည်။
လုယွီ၏စိတ်ဝိညာဥ်သည် သာမာန်ထက်သာလွန်၍ အစွမ်းထက်သော်လည်း သူ၏ဦးနှောက်များ ဗလောင်ဆူလာသည်ကို ခံစားနေရဆဲပင်။သူသည် ကူကယ်ရာမဲ့စွာဖြင့် သွေးတစ်လုတ်အန်ထုတ်လိုက်ရ၏။
"သေမျိုး...ဒီနတ်ဘုရားရဲ့စိတ်ဆန္ဒကို မင်း တောင့်ခံနိုင်မှာမဟုတ်ဘူး"
မီးတောက်လူဘီလူးကြီး၏အသံက လုယွီ၏စိတ်အတွင်း၌ ပဲ့တင်ထပ်နေသည်။
ဤသည်က လုယွီ ယခင်ကဝါးမျိုခဲ့သောအရာများနှင့် ကွဲပြားခြားနားနေသည်။
ဤသည်က ရှေးဟောင်းနတ်ဘုရားတစ်ပါး၏နတ်ဘုရားစိတ်အာရုံအမျှင်တန်းပင်။
ရှေးဟောင်းအချိန်ကာလများအတွင်း၌ နတ်ဘုရားစိတ်အာရုံအမျှင်တန်းတစ်စသည် သေမျိုးတစ်ယောက်အား နတ်ဘုရားတစ်ပါးဖြစ်စေရန် လုံလောက်သည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ ထိုနတ်ဘုရားစိတ်အာရုံအမျှင်တန်းသည် လုယွီ၏ကျင့်ကြံဆင့်အတွက် အထောက်အပံတစ်ခုမျှသာဖြစ်သည်။
"သေမျိုး...မင်း အမှားကြီးတစ်ခုကို ကျူးလွန်မိပြီ"
"မင်းက ငါ့ရဲ့နတ်ဘုရားစိတ်အာရုံကို ယူဆောင်ဝံ့တာလား...ငါ မင်းကို ကျိန်ဆိုတယ်...မင်းက ဘယ်တော့မှ ထာဝရအသက်ကို မရပါစေနဲ့လို့ ငါ ကျိန်ဆိုတယ်"
အနက်ရောင်ကျိန်စာတစ်ခုက ရုတ်တရက် လုယွီ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ ထွက်ပေါ်လာသည်။
ကျိန်စာ၏နောက်တွင် မြောက်မြားစွာသောပုံရိပ်များက လုယွီကိုလက်ညှိုးညွှန်၍ ရက်စက်ကြမ်းကြုတ်သော ကျိန်စာမျိုးစုံကို အော်ဟစ်နေကြ၏။
ထိုပုံရိပ်များသည် မီးနတ်ဘုရားကို ယုံကြည်ကိုးကွယ်သူများပင်။
လုယွီသည် သူတို့၏နတ်ဘုရားကို သတ်ဖြတ်လိုက်သဖြင့် မရေမတွက်နိုင်သောလူများ၏ နာကျည်းမုန်းတီးမှုများ မြင့်တက်လာကာ ကံကြမ္မာအရလက်စားချေခြင်းကို ဖြစ်ပေါ်စေသည်။
လုယွီ၏မျက်နှာအမူအယာသည် ယခင်အတိုင်း အေးဆေးတည်ငြိမ်နေဆဲပင်။
"သေဆုံးသွားတာ အချိန်ဘယ်လောက်တောင်ကြာပြီမှန်းမသိတဲ့ နတ်ဘုရားတစ်ပါးကို ငါက ကြောက်ရွံနေရမယ်ဆိုရင်...ဘယ်လိုလုပ်ပြီး ငါက မဟာတာအိုလမ်းကြောင်းကို လျှောက်လှမ်းနိုင်မှာလဲ"
လုယွီက ဒေါသတကြီးအော်ဟစ်လိုက်ရာ သူ၏အသံသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်နေပေ၏။
ဤအချိန်အခိုက်အတန့်တွင် မီးနတ်ဘုရားကို ယုံကြည်ကိုးကွယ်သူများ၏ပုံရိပ်များ ပျက်ပြယ်သွားပြီး ကျိန်စာ၏စွမ်းအားများအားလုံး ပျောက်ကွယ်သွားတော့သည်။
Chapter 2107
ကျိန်စာ၏စွမ်းအားများ ချက်ချင်းပင် ပျက်ပြယ်သွားခဲ့သည်။
သို့ရာတွင် မီးနတ်ဘုရား၏စိတ်ဆန္ဒသည် အလွန်ကြီးမားသဖြင့် ကျိန်စာ၏အကျိုးသက်ရောက်မှု ဆုံးရှုံးသွားသည့်တိုင် ပျက်ပြယ်သွားခြင်းမရှိချေ။
"သေမျိုး....မင်းက အရမ်းအားကောင်းတယ်ဆိုတာတော့ ငါ ဝန်ခံတယ်...ငါ တစ္ဆေဧကရာဇ်ကိုဖိနှိပ်ထားတဲ့ နှစ်ပေါင်းများစွာအတွင်းမှာ လူတွေအများကြီးကို မြင်တွေ့ခဲ့ရပြီးပြီ...ဒါပေမယ့် သူတို့က ဒီနတ်ဘုရားရဲ့စိတ်ဆန္ဒကို တောင့်မခံနိုင်ကြဘူး...နောက်ဆုံးတော့ သူတို့အားလုံး ရူးသွပ်သွားကြတယ်"
"မင်းက ဒီနတ်ဘုရားနဲ့ခုလိုအဆင့်ထိ တိုက်ခိုက်နိုင်တယ်ဆိုကတည်းက မင်းရဲ့အရည်အချင်းက မဆိုးဘူး...ဒါပေမယ့် သေမျိုးတစ်ယောက်က ဘယ်လိုပဲဖြစ်ဖြစ် သေမျိုးပဲဖြစ်နေမှာပဲ...မင်း ငါ့ကို ဖျက်ဆီးနိုင်မှာမဟုတ်ဘူး"
"ငါက မင်းရဲ့ခန္ဓာကိုယ်ထဲကိုခိုးဝင်ဖို့ အချိန်ကောင်းကို စောင့်နေခဲ့တာ...မင်းရဲ့ရုပ်ခန္ဓာကိုယ်က အနှေးနဲ့အမြန် ငါ့ရဲ့အပိုင်ဖြစ်လာမှာပဲ"
မီးနတ်ဘုရား၏အသံသည် ပြတ်တောင်းပြတ်တောင်းဖြစ်နေပြီး သူ၏အရှိန်အဝါကို ကောင်းစွာဖုံးကွယ်ထားလေရာ သူရှိနေသောနေရာကို လွယ်လင့်တကူ စုံစမ်းထောက်လှမ်းနိုင်မည်မဟုတ်ချေ။
မီးနတ်ဘုရားသည် သူ၏အရှိန်အဝါကိုဖုံးကွယ်ထားကာ လုယွီ၏မိုးကောင်းကင်လှိုဏ်ဂူအတွင်းသို့ ဝင်ရောက်လိုက်သည်။
သို့ရာတွင် မီးနတ်ဘုရားသည် ရုတ်တရက် လုယွီ၏မိုးကောင်းကင်လှိုဏ်ဂူအတွင်းရှိ မဟာတာအိုဂိတ်တံခါးကို တွေ့မြင်မိသည်။
ထိုဂိတ်တံခါးသည် ထာဝရအသက်အဆင့်ကိုချိုးဖျက်ဝင်ရောက်နိုင်တော့မည့် တာအိုသခင်များတွင်သာ ထွက်ပေါ်လာလေ့ရှိသည်။
အတိတ်ဘဝတွင် လုယွီသည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်နှင့် အဆုံးအဖြတ်တိုက်ပွဲကို ဆင်နွှဲနေစဥ် မဟာတာအိုတံခါး၏အစွန်အဖျားကို ထိတွေ့နိုင်ခဲ့သည်။
သူသည် ဤဘဝထိတိုင် ထိုတံခါးကို ထိန်းသိမ်းထားနိုင်လေ၏။
မဟာတာအိုတံခါး၏ရှေ့တွင် ပလ္လင်တစ်ခုရှိနေသည်။မဟာတာအိုဥပဒေသများသည် ထိုပလ္လင်ကိုဝိုင်းရံ၍ တည်ရှိနေကြ၏။
"ဒါက ကောင်းကင်ဘုံဧကရာဇ်ရဲ့ပလ္လင်မလား...ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်နေတာလဲ"
ရုတ်တရက် မီးနတ်ဘုရားက မယုံကြည်နိုင်စွာဖြင့် အံ့အားတသင့် အော်ဟစ်လိုက်သည်။
သူသည် ရှေးခေတ်အချိန်ကာလများအတွင်းမှ အစွမ်းထက်နတ်ဘုရားတစ်ပါးဖြစ်သည်။သူ၏စိတ်ခံစားချက်ကို လှုပ်ရှားစေသောအရာဟူ၍ အနည်းငယ်သာရှိပေ၏။
ထို့ပြင် ဤသည်က ဒဏ္ဍါရီလာကောင်းကင်ဘုံဧကရာဇ်၏ပလ္လင်ပင်။
ကောင်းကင်ဘုံဧကရာဇ်သည် ခေတ်အဆက်ဆက် ထိတ်လန့်ကြောက်ရွံခဲ့ရသော တည်ရှိမှုကြီးဖြစ်သည့်အပြင် မရေမတွက်နိုင်သော သက်ရှိမျိုးနွယ်များ၏အရှင်သခင်လည်းဖြစ်သည်။မီးနတ်ဘုရားကဲ့သို့အဆင့်မြင့်နတ်ဘုရားတစ်ပါးပင်လျှင် ကောင်းကင်ဘုံဧကရာဇ်၏ရှေ့၌ ဦးညွှတ်၍အရိုအသေပြုရသည်။
"မဟုတ်ဘူး...မင်းက ဘယ်သူလဲ...မင်းက သာမာန်သေမျိုးတစ်ယောက်မဟုတ်နိုင်ဘူး...မင်းက ကောင်းကင်ဘုံဧကရာဇ် ရွေးချယ်ထားတဲ့ဆက်ခံသူလား"
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် မီးနတ်ဘုရားသည် အရာအားလုံးကို နားလည်သဘောပေါက်သွားပေ၏။
"မင်း ဒါကို သိသွားပြီဆိုမှတော့...ဒီနေ့ မင်းရဲ့အသက်ကို ဒီနေရာမှာထားခဲ့တာ ပိုကောင်းလိမ့်မယ်"
လုယွီ၏အသံက မိုးကောင်းကင်လှိုဏ်ဂူအတွင်း၌ ပဲ့တင်ထပ်နေသည်။
သူ၏မျက်လုံးအတွင်း၌ ရွှေရောင်မီးတောက်တစ်ခုက လူးလွန့်နေပေ၏။ကောင်းကင်ဘုံဧကရာဇ်၏အစစ်အမှန်မီးတောက်သည် အလွန်လျှင်မြန်သောအရှိန်ဖြင့် မီးနတ်ဘုရား၏စိတ်ဆန္ဒကို သန့်စင်လိုက်သည်။
ကောင်းကင်ဘုံဧကရာဇ်၏အစစ်အမှန်မီးတောက်ကို ရရှိပြီးနောက် လုယွီသည် ပြိုင်ဘက်ကင်းတည်ရှိမှုကြီးဖြစ်လုနီးပါးပင်။
ရွှေရောင်မီးတောက်ကိုမြင်ပြီးနောက် မြင့်မြတ်ပြီးကြီးကျယ်ခမ်းနားသော မီးနတ်ဘုရားသည် နောက်ဆုံး၌ ထိတ်လန့်ကြောက်ရွံစပြုလာသည်။
"ဘယ်လိုလုပ်ပြီး ဒါက....ကောင်းကင်ဘုံဧကရာဇ် အသက်ရှင်နေတုန်းပဲလား...ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
မီးနတ်ဘုရား၏အသံသည် တုန်ရီနေပေ၏။
ဝုန်း...
ရွှေရောင်မီးတောက်များက ချက်ချင်းဆိုသလိုပင် မီးနတ်ဘုရားကို လွှမ်းခြုံသွားသည်။
ထိုမီးတောက်များကြား၌ မီးနတ်ဘုရား၏နောက်ဆုံး စိတ်ဝိညာဥ်အမျှင်တန်း ပျောက်ကွယ်သွားတော့သည်။
ရုတ်ချည်းဆိုသလိုပင် အမှောင်ထုအတွင်းမှနေ၍ သွေးပျက်လုမတက် စူးရှကျယ်လောင်သော အော်သံများ ဝိုးတဝါးထွက်ပေါ်လာသည်။
ဤအချိန်တွင် ကောင်းကင်ဘုံနယ်မြေအတွင်းရှိ မြောက်များစွာသောကြယ်နယ်မြေများပေါ်မှ မီးနတ်ဘုရားကိုကိုးကွယ်သော ရှေးဟောင်းဘုရားကျောင်းတချို့ ပြင်းပြင်းထန်ထန်တုန်ခါစပြုလာသည်။
မီးနတ်ဘုရားကျူးရုံသည် ရှေးဟောင်းအချိန်ကာလများမှ ဆင်းသက်လာသော ရှေးဟောင်းနတ်ဘုရားတစ်ပါးဖြစ်သည်။
သူ့အားယုံကြည်ကိုးကွယ်သူများသည် မရေမတွက်နိုင်အောင်များပြားပြီး ကျယ်ပြန့်စွာပျံ့နှံ့နေလေ၏။
ကျင့်ကြံခြင်းလောကတွင်ဖြစ်စေ သေမျိုးလောကများတွင်ဖြစ်စေ မီးနတ်ဘုရားကို ယုံကြည်ကိုးကွယ်သူများရှိနေသည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ နေရာအနှံ့အပြားမှယုံကြည်ကိုးကွယ်သူများသည် သူတို့၏မီးနတ်ဘုရားရုပ်ထုများကို မျက်တောင်မခတ်ဘဲ စူးစိုက်၍ကြည့်နေကြသည်။မီးနတ်ဘုရားရုပ်ထုများ၏တည်ကြည်မြင့်မြတ်သော မျက်နှာများပေါ်၌ ရုတ်တရက် နက်ရှိုင်းသောအက်ကွဲကြောင်းကြီးတစ်ခု ထွက်ပေါ်လာသည်။
"ဘာတွေ ဖြစ်နေတာလဲ"
"မီးနတ်ဘုရားက ငါ့ကိုပေးသနားထားတဲ့စွမ်းအားတွေ တစတစပျက်ပြယ်သွားတာကို ငါ ခံစားမိတယ်"
မီးနတ်ဘုရားကို ယုံကြည်ကိုးကွယ်သူများသည် ထိတ်လန့်ကြောက်ရွံစွာဖြင့် စတင်၍ဝတ်ပြုဆုတောင်းလိုက်ကြ၏။
သို့ရာတွင် သူတို့၏ဆုတောင်းမှုများအတွက် မည်သည့်တုံ့ပြန်မှုကိုမျှ ပြန်လည်မရရှိခဲ့ချေ။
အရာအားလုံး အချည်းနှီးပင်။
သူတို့သည် မည်မျှများပြားသည့် ပြန်လည်ပြုပြင်ရေးအဆောင်လက်ဖွဲ့များကို အသုံးပြုနေသည်ဖြစ်စေ ရုပ်ထုကြီးများ၏ယိုယွင်းပျက်စီးလာမှုကို မတားဆီးနိုင်ချေ။
Chapter 2108
ဘုန်း...ဘုန်း...ဘုန်း...
မိုးကောင်းကင်ယံအတွင်းမှ မိုးကြိုးလှိုင်းများကျဆင်းလာပြီး ရုပ်ထုများကို ပြင်းပြင်းထန်ထန်ရိုက်ခတ်မိလေ၏။
ဤအချိန်အခိုက်အတန့်တွင် မရေမတွက်နိုင်သော မီးနတ်ဘုရားရုပ်ထုများ တစ်ခုပြီးတစ်ခု ကျိုးပဲ့ပျက်စီးသွားသည်။
ဤအချိန်အခိုက်အတန့်တွင် မီးနတ်ဘုရားကိုယုံကြည်ကိုးကွယ်သူများ၏စွမ်းအားများ အောက်ခြေထိ ထိုးကျသွားသည်။
ရှေးဟောင်းအချိန်ကာလမှ ဆင်းသက်လာသော နတ်ဘုရားတစ်ပါး၏ နောက်ဆုံး အကြွင်းအကျန်စိတ်ဝိညာဥ်အမျှင်တန်း ဤအချိန်တွင် ကြွေလွင့်သွားလေပြီ။
ထို့နောက် မီးနတ်ဘုရားအသစ်မွေးဖွားမလာသရွေ့ မီးနတ်ဘုရား၏နေရာ လစ်ဟာနေပေမည်။
"ငါတို့ရဲ့နတ်ဘုရားကိုဘယ်သူက အနှောက်အယှက်ပြုတာလဲ"
"နတ်ဘုရားကိုဝါးမျိုလိုက်တဲ့သူရှိနေပြီ...ဒါက ဘယ်သူလဲ...ငါ သူ့ကိုသတ်မယ်...ငါ သူ့ကို သွားသတ်မယ်"
မြောက်မြားစွာသော မီးနတ်ဘုရားယုံကြည်ကိုးကွယ်သူများသည် ရူးသွပ်စွာဖြင့် စတင်ကျိန်ဆဲနေကြ၏။
သူတို့အတွက် မီးနတ်ဘုရားသည် သူတို့၏အရာခပ်သိမ်းပင်။
မီးနတ်ဘုရားကြွေလွင့်သွားသော အချိန်အခိုက်အတန့်တွင် သူတို့သည် မြင့်မြတ်ပြီးကြီးကျယ်ခမ်းနားသော နတ်ဘုရားစွမ်းအားများများရရှိထားသူများအဖြစ်မှ ရွှံဗွက်အိုင်အတွင်းသို့ ပြုတ်ကျသွားပေ၏။
သူတို့ထံ၌ ပြည့်နှက်နေသော အကန့်အသတ်မရှိသည့် နာကျည်းမုန်းတီးမှုများသည် မီးနတ်ဘုရားကို သတ်ဖြတ်လိုက်သူထံသို့ ကျရောက်သွားသည်။
သူတို့သည် လုယွီကိုမသိရှိသော်လည်း ပြင်းထန်သောနာကျည်းမုန်းတီးမှုများမှ ဖွဲ့စည်းလာသော ကံကြမ္မာစွမ်းအားများသည် လုယွီထံသို့ ကူးပြောင်းလာသည်။
ရုတ်ချည်းဆိုသလိုပင် ကြီးကျယ်ခမ်းနားသော ကြက်သွေးရောင်အငွေ့အသက်များက လုယွီ၏ရှေ့၌ ထွက်ပေါ်လာပေ၏။
ထိုအငွေ့အသက်များကြားတွင် မရေမတွက်နိုင်သောလူများ၏ပုံရိပ်များရှိနေသည်။သူတို့အားလုံးသည် သူတို့၏ပါးစပ်များကိုကျယ်လောင်စွာဖွင့်ဟ၍ ရက်စက်ကြမ်းကြုတ်ဆုံး ကျိန်စာများဖြင့် လုယွီကို ဆဲရေးတိုင်းထွာနေကြ၏။
အကယ်၍ လုယွီနေရာတွင် အားနည်းသောစိတ်ဝိညာဥ်ရှိသည့် ကျင့်ကြံသူတစ်ယောက်သာဖြစ်နေပါက ဤှကဲ့သို့အစွမ်းထက်သောကျိန်စာစွမ်းအားနှင့် ရင်ဆိုင်ရချိန်တွင် ထိုသူသည် အသိစိတ်လွတ်ကင်းကာ ရူးသွပ်သွားနိုင်သည်။
သို့ရာတွင် ဤကျိန်စာစွမ်းအားသည် လုယွီအပေါ် လွှမ်းမိုးနိုင်ခြင်းမရှိချေ။
"ငါက မီးနတ်ဘုရားကိုတောင်သတ်ခဲ့တာ....ဘာလို့ ငါက မင်းတို့လိုလူတွေရဲ့ကျိန်စာတွေကို ဂရုစိုက်နေရမှာလဲ"
လုယွီ၏မျက်လုံးများက အေးစက်နေပြီး ပူပြင်းသောအရှိန်အဝါတစ်ရပ်က ရုတ်တရက် သူ၏ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာသည်။
အစောပိုင်းက လုယွီဝါးမျိုလိုက်သော မီးနတ်ဘုရား၏စိတ်ဝိညာဥ်အမျှင်တန်းကို သူ၏မရီးဒါန်းများမှ စုပ်ယူပြီးဖြစ်သဖြင့် သူ့ခန္ဓာကိုယ်အတွင်း၌ မီးဒြပ်စင်စွမ်းအားများ ရုတ်တရက်မြင့်တက်လာသည်။
အချိန်တစ်နာရီခန့်အကြာတွင် တုန်ခါသံကြီးတစ်သံက လုယွီ၏ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာပေ၏။
ဒြပ်စင်ငါးမျိုးချီများအနက်မှ မီးဒြပ်စင်ချီသည် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားလေပြီ။
သို့ရာတွင် ဤသည်က အဓိကအချက် မဟုတ်သေးချေ။
မီးနတ်ဘုရားကျူးရုံသည် ရှေးခေတ်အချိန်ကာလမှ ဆင်းသက်လာသော အစွမ်းထက်နတ်ဘုရားတစ်ပါးဖြစ်သည်။
ထိုမီးနတ်ဘုရား၏အကြွင်းအကျန်စိတ်ဝိညာဥ်အမျှင်တန်း ဖြစ်နေသည့်တိုင် ထိုအရာအတွင်းတွင်ပါဝင်သော စွမ်းအားများမှာ အကန့်အသတ်မရှိချေ။
ဤအချိန်တွင် လုယွီ၏မရီးဒါန်းများအားလုံးအတွင်း၌ စွမ်းအားများဖြင့်ပြည့်နှက်နေကာ သူ၏အရှိန်အဝါသည်လည်း ပူပြင်းတောက်လောင်နေပေ၏။
လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံးသည် မီးတောက်များအတွင်းနစ်မြုပ်နေကာ သူသည် သက်ရှိ'မီးလူသား'တစ်ယောက်အသွင်ဖြစ်နေသည်။
"ပေါင်းစပ်"
သူ၏ကျင့်ကြံနည်းစနစ်ကို အသုံးပြုလိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ မီးဒြပ်စင်စွမ်းအားများ ချက်ချင်းဆိုသလို သူ၏မိုးကောင်းကင်လှိုဏ်ဂူအတွင်း၌ စုဝေးသွားသည်။
အချိန်တခဏအကြာမှာပင် လုယွီ၏ကျောပြင်ပေါ်၌ ရွှေရောင်မီးနဂါးတစ်ကောင်ပုံစံရှိသော အမှတ်အသား ထွက်ပေါ်လာသည်။
သူ၏ရင်ဘတ်မှနေ၍ နဂါးဟိန်းသံသဲ့သဲ့ထွက်ပေါ်လာပြီး ထိုကျိန်စာများထံသို့ဦးတည်၍ ဟိန်းဟောက်လိုက်၏။
ရှေးဟောင်းသိုင်းပညာနည်းစနစ်...နဂါးဟိန်းသံ...
မီးနတ်ဘုရား၏စိတ်ဝိညာဥ်အမျှင်တန်းနှင့် ပေါင်းစပ်ပြီးနောက် လုယွီသည် ထိုအရာမှနေ၍ ရှေးဟောင်းသိုင်းပညာနည်းစနစ်တစ်ခုကို နားလည်သဘောပေါက်ခဲ့သည်။
ထို့ပြင် ထိုနည်းစနစ်သည် လုယွီ ယခင်က ကျင့်ကြံခဲ့ဖူးသော မြေအောက်လောကနတ်ဘုရား၏အော်ဟစ်ကြုံးဝါးသံနှင့် ပေါင်းစပ်လိုက်သဖြင့် နည်းစနစ်အသစ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
နတ်ဘုရားနဂါးဟိန်းသံသည် အလွန်အမင်းအစွမ်းထက်သောနည်းစနစ်တစ်ခုပင်။
ရုတ်ချည်းဆိုသလိုပင် ကျယ်လောင်သောဟိန်းဟောက်သံတစ်သံသည် စစ်မြေပြင်တစ်ခုလုံးအနှံ့ ပျံ့နှံ့သွားသည်။ထိုအသံသည် မြင့်မြတ်ပြီးကြီးကျယ်ခမ်းနားသောအရှိန်အဝါများနှင့် ပြည့်နှက်နေလေရာ နတ်ဆိုးဆန်သောအရာများအားလုံး ထိုဟိန်းဟောက်သံ၏အောက်၌ ပျောက်ကွယ်သွားပေ၏။
ကျိန်စာစွမ်းအားများအားလုံးလည်း ပျက်စီးသွားလေပြီ။
စစ်မြေပြင်တွင် လှည့်လည်သွားလာနေဆဲဖြစ်သော ဖုတ်ကောင်များအားလုံးသည် ထိုနဂါးဟိန်းသံကိုကြားရပြီးနောက် ပြင်းထန်သောမီးတောက်များက သူတို့အားလုံးကို ဖြတ်သန်းတိုက်ခတ်သွားသည်။ထိုဖုတ်ကောင်များအားလုံး အစွမ်းအစမဲ့စွာဖြင့် မြေပြင်ပေါ်သို့ တစ်ကောင်ပြီးတစ်ကောင် လဲကျသွားပေ၏။
မြင့်မြတ်သောနဂါးဟိန်းသံအောက်တွင် နတ်ဆိုးဆန်သောအရာများအားလုံး ဖယ်ရှားရှင်းလင်းခံလိုက်ရသည်။
"ငါ့ရဲ့ခွန်အားက ထပ်ပြီးမြင့်တက်သွားပြီ...အခုချိန်မှာ ငါက အစစ်အမှန်နဂါးရှစ်ကောင်ရဲ့ခွန်အားကို ပိုင်ဆိုင်ထားပြီ"
လုယွီ၏မျက်လုံးအတွင်း၌ တောက်ပသောအလင်းရောင်များ ဖြတ်ပြေးသွားသည်
Chapter 2109
လုယွီက သူ၏အရိုးအဆစ်များကို ဆန့်တန်းလိုက်ရာ တဖျစ်ဖျစ်တဖြောက်ဖြောက်မြည်သံများ ထွက်ပေါ်လာသည်။သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် အကန့်အသတ်မရှိသောခွန်အားများဖြင့် ပြည့်နှက်နေပြီး သူ၏လက်တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် တောင်များနှင့်မြစ်များကို ဖျက်ဆီးပစ်နိုင်မည်ဟု သူ ခံစားမိသည်။
ဤှသည်က ရှေးဟောင်းသူတော်စင်တစ်ယောက်၏ရုပ်ခန္ဓာကိုယ်စွမ်းအားပင်။ထိုအရာ၏ခွန်အားသည် တခြားသာမာန်ကျင့်ကြံသူများ စိတ်ကူးယဥ်ပုံဖော်နိုင်သည်ထက် များစွာပို၍သာလွန်ပေ၏။
"အတိတ်မှာတုန်းကလို အံ့အားသင့်စရာမရှိတော့ဘူး...ကျင့်ကြံဆင့်နယ်ပယ်တူအတွင်းမှာ ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူတွေက တခြားကျင့်ကြံသူတွေထက် ပိုပြီးခွန်အားကောင်းတယ်...တစ်ဖက်လူရဲ့မှော်နည်းစနစ် ဘယ်လောက်ပဲအစွမ်းထက်နေပါစေ ငါက သူ့ရဲ့အနီးကိုချဥ်းကပ်နိုင်တာနဲ့ ငါက သူ့ရဲ့မှော်စွမ်းအင်အကာအကွယ်ကိုချိုးဖျက်ပြီး သူ့ကိုသတ်ဖြတ်နိုင်တယ်"
လုယွီသည် မတ်တတ်ထရပ်၍ သူ၏ခန္ဓာကိုယ်အတွင်းမှ ကြီးကျယ်ခမ်းနားသောစွမ်းအားများကို တိတ်ဆိတ်ငြိမ်သက်စွာ ခံစားလိုက်သည်။
သူသည် ရှုရာဧကရာဇ်ရှစ်ဖန့်နှင့် ထပ်မံ၍တိုက်ခိုက်ရပါက ကျူးရုံအစစ်အမှန်ခန္ဓာကိုယ်ကို အသုံးပြုရန်မလိုဘဲ တစ်ဖက်လူအား အနိုင်ယူနိုင်မည်ဟုပင် ခံစားနေရ၏။
ယခုလက်ရှိချိန်တွင် သူ လျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်ခဲ့ရသော ရည်မှန်းချက်ပန်းတိုင် ပြီးမြောက်အောင်မြင်သွားလေပြီ။
လုယွီက ရုတ်တရက် မီးတောက်လူဘီလူးကြီးရှိနေခဲ့သောနေရာမှနေ၍ အလင်းရောင်များဖြာထွက်နေခြင်းကို သတိပြုမိသွားသည်။
သူက ရှေ့သို့လျှောက်လှမ်း၍ကြည့်လိုက်ရာ ဧရာမလက်ဝါးပြတ်ကြီးတစ်ခုဖြစ်နေသည်ကို တွေ့မြင်မိပေ၏။
ထိုလက်ဝါးပြတ်ကြီးသည် မြင့်မားသောတောင်ကုန်းတစ်လုံးနှင့် တူညီနေသည်။သာမာန်လူတစ်ယောက်သည် ထိုလက်ဝါးပြတ်ကြီးရှေ့၌ မတ်တတ်သွားရပ်ပါက လက်ညှိုးတစ်ချောင်းစာခန့်ပင် အရပ်မြင့်မားမည်မဟုတ်ချေ။
ထိုလက်ဝါးပြတ်ကြီး၏မျက်နှာပြင်ပေါ်တွင် နတ်ဘုရားသင်္ကေတအမြောက်အများ တွယ်ကပ်နေကာ တောက်ပသောအလင်းတန်းများကို ထုတ်လွှက်နေသည်။
"ဒါက ရှေးဟောင်းမီးနတ်ဘုရားရဲ့လက်ဝါးပဲ"
လုယွီက ထိုလက်ဝါးပြတ်ကြီးကိုမြင်သည်နှင့် ချက်ချင်းဆိုသလိုပင် နားလည်သဘောပေါက်သွားသည်။
သူသည် မီးနတ်ဘုရား၏စိတ်ဝိညာဥ်အမျှင်တန်းကို ဝါးမျိုထားသဖြင့် မီးနတ်ဘုရား၏မှတ်ဥာဏ်တစ်စိတ်တဒေသကို ရရှိထားသည်။
မီးနတ်ဘုရားသည် ကောင်းကင်ဘုံဧကရာဇ်၏အမိန့်အရ တစ္ဆေဧကရာဇ်ကို သတ်ဖြတ်သည်ဟူသည်မှာ အခြေအမြစ်ရှိသောအရာမဟုတ်ချေ။
မီးနတ်ဘုရားနှင့်တစ္ဆေဧကရာဇ်အကြားတွင် ကြီးမားသောရန်ငြိုးများရှိနေသည်။ထို့ကြောင့် မီးနတ်ဘုရားသည် တစ္ဆေဧကရာဇ်ကိုဖိနှိပ်ရန် ဤနေရာ၌ လက်ဝါးပြတ်ကြီးတစ်ခုကို ချန်ထားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဤနေရာ၌ ပိတ်လှောင်ခံထားရသည်မှာ တစ္ဆေဧကရာဇ်၏ကိုယ်ပွါးသာဖြစ်ပြီး အစစ်အမှန်ခန္ဓာကိုယ်မဟုတ်ချေ။
သူတို့၏အစစ်အမှန်ခန္ဓာကိုယ်များသည် ရှေးခေတ်အချိန်ကာလရှိ ရှေးဟောင်းကောင်းကင်ဘုံ ပြိုလဲသွားသောအချိန်ကတည်းက ပျက်စီးသွားကြလေပြီ။
အကယ်၍ သာမာန်ကျင့်ကြံသူများဆိုပါက အစစ်အမှန်မူလခန္ဓာကိုယ်ပျက်စီးသွားလျှင် ကိုယ်ပွါးများသည်လည်း အသက်ဆက်ရှင်ရန် မဖြစ်နိုင်ချေ။
သို့ရာတွင် သူတို့နှစ်ယောက်သည် သာမာန်ကျင့်ကြံသူများနှင့် မတူကွဲပြားပေ၏။
သူတို့သည် အစွမ်းထက်သောအင်မော်တယ်များနှင့် နတ်ဘုရားများဖြစ်သည်။သူတို့၏အစစ်အမှန်ရုပ်ခန္ဓာကိုယ် သေဆုံးသွားလျှင်ပင် ကိုယ်ပွါးများသည် နှစ်ပေါင်းသောင်းနှင့်ချီ၍ ဆက်လက်ရပ်တည်နိုင်သည်။
ထိုရန်သူတော်နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် နှစ်ပေါင်းသောင်းနှင့်ချီ၍ တိုက်ခိုက်ခဲ့ကြ၏။သူတို့သည် ခေတ်ကာလအဆက်ဆက်ကို ဖြတ်ကျော်ပြီး နောက်ဆုံး၌ မီးနတ်ဘုရားသည် လုယွီ၏လက်အတွင်း၌ သေဆုံးခဲ့ရသည်။
"မင်းက တကယ်တော့ ငါ့ကို မတိုက်ခိုက်သင့်ဘူး"
လုယွီက တီးတိုးရေရွတ်လိုက်သည်။
နှစ်ပေါင်းများစွာတိုင်အောင် ဆင့်ကဲပြောင်းလဲလာခဲ့ပြီးနောက် မီးနတ်ဘုရား၏ကိုယ်ပွါးတွင် ကိုယ်ပိုင်အသိဥာဏ်များရှိလာသည်။
သူသည် တစ္ဆေဧကရာဇ်ကို ဤနေရာ၌ချိပ်ပိတ်ထားရန်ဟူသော မူလရုပ်ခန္ဓာကိုယ်၏စိတ်ဆန္ဒကို လိုက်နာလိုခြင်းမရှိတော့ချေ။
သူသည် ရုပ်ခန္ဓာကိုယ်တစ်ခုကိုရှာဖွေ၍ အပိုင်စီးကာ ဤနေရာမှထွက်ခွါရန် ကြိုးပမ်းလိုက်၏။
ကံအကြောင်းမလှစွာဖြင့် သူ၏စိတ်ဆန္ဒသည် အလွန်အားကောင်းသောကြောင့် မည်သူကမျှ သူ၏စိတ်ဝိညာဥ်ကို တောင့်ခံနိုင်ခြင်းမရှိချေ။
ထို့ပြင် တစ္ဆေဧကရာဇ်၏ကိုယ်ပွါးသည်လည်း လှုပ်ရှားရန်အတွက် အခွင့်ကောင်းကို စောင့်ဆိုင်းနေသည်။သူသည် နတ်ဆိုးသတ္တဝါအမြောက်အများကို ဖန်တီး၍ မီးနတ်ဘုရား၏ကိုယ်ပွါးကို အဆက်မပြတ်အနှောက်အယှက်ပေးကာ တိုက်ခိုက်နေလေ၏။
"ဒီနေရာမှာ...တစ္ဆေဧကရာဇ်ရဲ့ကိုယ်ပွါးရှိရမယ်"
လုယွီက ပတ်ဝန်းကျင်နေရာတဝိုက်ကို အာရုံခံလိုက်သည်။
အတိတ်ဘဝတွင် သူသည် တစ္ဆေဧကရာဇ်၏အမွေအနှစ်ကိုရရှိခဲ့ပြီးနောက် သူ၏ခွန်အားများ ရုတ်တရက်မြင့်တက်လာကာ မျိုးဆက်တူလူငယ်များအားလုံးကို ဖြတ်ကျော်နိုင်ခဲ့သည်။
အမွေအနှစ်တစ်ခုတည်းကပင်လျှင် သူ့အား ဤကဲ့သို့စွမ်းအားမျိုး ရရှိစေသည်။
အကယ်၍ သူသည် တစ္ဆေဧကရာဇ်၏အမွေအနှစ်အပြည့်အစုံကို ရရှိပါက မည်ကဲ့သို့အပြောင်းအလဲမျိုး ဖြစ်ပွါးလာမည်ကို မည်သူမျှမသိနိုင်ချေ။
"ကောင်လေး...ခဏနေပါဦး"
"မင်း ဒီလက်ဝါးပြတ်ကြီးကိုယူထားရင်လည်း ဘာမှအသုံးဝင်မှာ မဟုတ်ဘူး...ဘာလို့ မင်း ငါ့ကို မပေးတာလဲ"
ရုတ်တရက် အသံတစ်သံက လုယွီ၏နားအတွင်းသို့ ဝင်ရောက်လာသည်။
ဤသည်က ရွှံစေးမျောက်ရုပ်ထု၏အသံဖြစ်ကြောင်း လုယွီက ချက်ချင်းဆိုသလို သိနားလည်လိုက်၏။
"မီးနတ်ဘုရားကို ငါ သတ်ထားတာ...မင်းက အစကနေခုချိန်ထိ ဘာကြိုးပမ်းအားထုတ်မှုမှမရှိခဲ့ဘူး...ဒါတေါင် မင်းက ငါ့ဆီကနေ ဝေစုခွဲချင်သေးတာလား"
လုယွီက သရော်တော်တော်ပြောဆိုသည်။
"ငါကလည်း မင်းဆီကနေ အလကားမတောင်းပါဘူး...ငါ ကျင့်ကြံခဲ့တဲ့ ကျင့်ကြံနည်းစနစ်တစ်ခုရှိတယ်...ဒါပေမယ့် မင်း ဒါကို တခြားလူတွေဆီ လက်ဆင့်ကမ်းမပေးပါဘူးလို့ ငါ့ကို ကတိပေးရမယ်"
Chapter 2110
"စကားလုံးတွေက အသုံးမဝင်ဘူး...မင်းရဲ့ကျင့်ကြံနည်းစနစ် ငါ့ကိုအရင်ပြောပြ...ဒါဆိုရင် ငါ မင်းကို မီးနတ်ဘုရားရဲ့လက်ဝါးပြတ်ကိုပေးမယ်"
လုယွီက ရွှံစေးမျောက်ရုပ်ထု၏တောင်းဆိုချက်ကို ဗြောင်ကျကျပင် ငြင်းဆန်လိုက်၏။
လုယွီသည် မီးနတ်ဘုရား၏လက်ဝါးကို တိုက်ရိုက်သန့်စင်နိုင်ခြင်းမရှိသော်လည်း ထိုအရာသည် အဖိုးတန်ရှားပါးသော ပစ္စည်းဖြစ်သည်။သူသည် ထိုအရာကိုအသုံးပြု၍ အဖိုးတန်မှော်ရတနာများကို သွန်းလုပ်နိုင်သည်။
သူ ရရှိထားသောအရာကို မည်သည်ကြောင့် ထိုမျောက်ကို အလဟဿပေးပစ်ရမည်နည်း။
"တကယ်လို့ ငါသာ လက်စားချေဖို့ အလျင်လိုမနေရင်...မင်းလိုကောင်ကို ငါက ဘာလို့အခွင့်အရေးပေးရမှာလဲ...မင်း မကျေမနပ်ဖြစ်မနေစမ်းနဲ့...ရှေးခေတ်အချိန်ကာလတုန်းက မဟာမိုးကောင်းကင်ရွှေအင်မော်တယ်တစ်ယောက် ဒါကိုလိုချင်တယ်လို့ ပြောတာတောင်...ငါ သူ့ကို မပေးခဲ့ဘူး"
ရွှံစေးမျောက်ရုပ်ထုက လုယွီကို သွေးဆောင်ဖြားယောင်းနေလေ၏။
လုယွီက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။
"မင်းကိုယ်မင်း အမွှန်းတင်မနေစမ်းနဲ့...ဖြစ်နိုင်တာတော့ မဟာမိုးကောင်းကင်ရွှေအင်မော်တယ်က မင်းရဲ့ကျင့်ကြံနည်းစနစ်ကို အထင်သေးလို့ မလိုချင်တာပဲဖြစ်မယ်"
"မင်းက ငါ့ကို အထင်သေးနေတာလား..မင်း ငါ့ကို အထင်သေးလို့ရတယ်...ဒါပေမယ့် ငါ့ရဲ့ကျင့်ကြံနည်းစနစ်ကိုတော့မရဘူး...ကောင်လေး ငါ မင်းကို ပြောလိုက်မယ်...ငါ အရမ်းစိတ်ဆိုးနေပြီ"
ရွှံစေးမျောက်ရုပ်ထုသည် ရူးသွပ်လုမခမ်းဖြစ်နေပြီး သူ၏အသံတွင် ဒေါသများဖြင့် ပြည့်နှက်နေသည်။
လုယွီသည် နောက်ပြောင်ကျီစယ်လိုက်ခြင်းသာဖြစ်ပြီး ရွှံစေးမျောက်ရုပ်ထု လိမ်ညာနေသည်မဟုတ်ခြင်းကို သူ ကောင်းစွာသိရှိပေ၏။
သူက ရွှံစေးမျောက်ရုပ်ထုသည် တာဟေးနှင့်တူညီကြောင်း သတိပြုမိသည်။သူတို့နှစ်ယောက်လုံးသည် ရှေးဟောင်းအချိန်ကာလများမှ ဆင်းသက်လာသော သက်ရှိများဖြစ်ကာ ရှေးဟောင်းခေတ်၏လျှို့ဝှက်ချက်အမြောက်အများကို သိရှိထားသည်။
တာဟေးသည် ကျိုးကြောင်းဆီလျော်မှုမရှိသော်လည်း တစ်ခါတစ်ရံတွင် အံ့အားသင့်ဖွယ်ကောင်းသော လှုပ်ရှားမှုများကို ပြုလုပ်နိုင်သည်။လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ၏ပုံရိပ်ယောင်ကမ္ဘာအတွင်း၌ အကယ်၍ တာဟေးသာမရှိပါက လုယွီနှင့်တခြားသူများသည် လှောင်ပိတ်မိနေပြီး ထိုနေရာမှ ထွက်ခွါနိုင်မည်မဟုတ်ချေ။
လုယွီသည် အချိန်တခဏကြာတွေးတောပြီးနောက် ပြောဆိုလိုက်၏။
"ကျူးရုံက အစွမ်းထက်တဲ့ရှေးဟောင်းနတ်ဘုရားတစ်ပါးပဲ...သူက ရှုရာနတ်ဘုရားနဲ့မတူဘူး...ဒီလိုဆိုရင်ရော...တကယ်လို့ မင်း ငါ့ကို ရှေးဟောင်းအင်မော်တယ်နည်းစနစ်တချို့ ထပ်ပေးမယ်ဆိုရင် ငါ မင်းကို ဒီလက်ဝါးပြတ်ကြီးပေးမယ်"
ရွှံစေးမျောက်ရုပ်ထုသည် အချိန်တခဏကြာတွေးတောပြီးနောက် အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။
"ကောင်းပြီလေ...ငါ မင်းကို ခေါင်းပြောင်ကြီးရဲ့ကျင့်ကြံနည်းစနစ်တစ်ခု သင်ပေးမယ်...ဒီကျင့်ကြံနည်းစနစ်ကို သူက ရတနာတစ်ပါးလို တန်ဖိုးထားတာ...တကယ်လို့ သူ့ရဲ့ပြိုင်ဘက်ကင်းကျင့်ကြံနည်းစနစ်ကို မင်း ခိုးသင်ထားတယ်ဆိုတာသာ သူသိသွားရင် သူက မင်းကို တစ်လောကလုံးအနှံ့ အမဲလိုက်မှာကို ငါ စိုးရိမ်မိတယ်"
မကြာမီမှာပင် ကျမ်းစာတစ်ပိုဒ်က လုယွီ၏စိတ်အတွင်းသို့ ကျရောက်လာသည်။
"မဟာဗုဒ္ဓကျမ်းစာ...ဒါက ဗုဒ္ဓလျှို့ဝှက်ဂိုဏ်းတစ်ခုရဲ့ အနန္တဗုဒ္ဓကျမ်းစာလည်းဖြစ်တယ်"
"ဒါက ဗုဒ္ဓဂိုဏ်းဝင်တွေ အပြင်လူတွေကို လက်ဆင့်ကမ်းမပေးတဲ့ ပြိုင်ဘက်ကင်းနည်းစနစ်တစ်ခုပဲ...ပြီးတော့ ငါ့ဆီမှာရှိတဲ့ ကျင့်ကြံနည်းစနစ်က ဗုဒ္ဓဂိုဏ်းဝင်တွေ စုဆောင်းထားတဲ့အရာထက် ပိုပြီးပြည့်စုံတယ်...အခုလက်ရှိဗုဒ္ဓကျင့်ကြံနည်းစနစ်တွေက နောင်မျိုးဆက်သစ်တွေကို ထောက်ပံပေးနိုင်ရုံပဲရှိတယ်...အဲ့ဒါတွေရဲ့စွမ်းအားက မူလဗုဒ္ဓကျမ်းစာလောက် အစွမ်းမထက်တော့ဘူး...ငါ ရထားတဲ့အရာက မူလဗုဒ္ဓကျမ်းစာပဲ"
လုယွီသည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ထိုကျင့်ကြံနည်းစနစ်ကို မှတ်သားပြီးနောက် ကူကယ်ရာမဲ့စွာဖြင့် သူ၏စိတ်နှလုံးသားအတွင်းမှ သက်ပြင်းရှိုက်လိုက်၏။ထိုမျောက်သည် လိမ်ညာခဲ့ခြင်းမရှိချေ။
အကယ်၍ သူ့ထံတွင် ဗုဒ္ဓပြိုင်ဘက်ကင်းကျင့်ကြံနည်းစနစ်၏မူရင်းရှိနေသည်ကို ဗုဒ္ဓဂိုဏ်းဝင်များသိရှိသွားပါက သူ့အား လောကကြီးတခွင်လုံးအနှံ့ လိုက်လံဖမ်းဆီး၍ အတင်းအကြပ်ဖိအားပေးကာ ရှာဖွေဖော်ထုတ်ကြပေမည်။
သို့ရာတွင် လုယွီသည် ထိုကိစ္စကို စိုးရိမ်ပူပန်ခြင်းမရှိချေ။
အကယ်၍သူသည် ဗုဒ္ဓပြိုင်ဘက်ကင်းကျင့်ကြံနည်းစနစ်ကို ကျင့်ကြံလျှင်ပင် အနှစ်သာရကိုသာယူ၍ သူ၏ကိုယ်ပိုင်နည်းစနစ်အတွင်းသို့ ရောစပ်ကာ အသုံးပြုပေမည်။
ထို့ကြောင့် အစွမ်းထက်သော ဗုဒ္ဓကျင့်ကြံသူတစ်ယောက်မှ ထိုနည်းစနစ်ကိုမြင်သွားလျှင်ပင် သူ ထိတ်လန့်ကြောက်ရွံမည်မဟုတ်ချေ။
"ငါ မင်းကို ကျင့်ကြံနည်းစနစ် ပေးပြီးပြီ...မင်း ငါ့ကို မီးနတ်ဘုရားရဲ့လက်ဝါးပေးတော့"
ထိုဗုဒ္ဓကျင့်ကြံနည်းစနစ်သည် အလွန်အမင်းအဖိုးတန်သော်လည်း ဤသည်က ရွှံစေးမျောက်ရုပ်ထုထံ၌ရှိနေသောအရာများအနက်မှ အဖိုးတန်ဆုံးမဟုတ်ကြောင်း လုယွီက သိရှိထားသည်။
ထိုရွှံစေးမျောက်ရုပ်ထုကဲ့သို့ ရှေးခေတ်အချိန်ကာလများမှ အသက်ရှင်သန်လာသော သက်ရှိများသည် အသိပညာဗဟုသုတကြွယ်ဝ၍ အမြင်ကျယ်ကြ၏။သူတို့အတွက် သာမာန်ကျင့်ကြံနည်းစနစ်တစ်ခုကို ဖန်တီးရန်မှာ ခက်ခဲသောအရာမဟုတ်ချေ။
ဤရွှံစေးမျောက်ရုပ်ထုထံတွင် မည်ကဲ့သို့သော ကျင့်ကြံနည်းစနစ်များ ရှိနေသနည်း။ဤသည်က လျှို့ဝှက်ဆန်းကြယ်သော ကိစ္စတစ်ရပ်ပင်။
"သာမာန်လူတွေက ဒီနည်းစနစ်ကို သင်ယူနိုင်မှာမဟုတ်ဘူး...ငါက မင်းကို ဒီနည်းစနစ်ပေးချင်တာမဟုတ်ဘူး...တကယ်လို့ မင်းမှာ အားကောင်းတဲ့ကံကြမ္မာသာမရှိရင် ဒီနည်းစနစ်ကနေသယ်ဆောင်လာမယ့် ကံကြမ္မာစွမ်းအားကို မင်း တောင့်ခံနိုင်မှာမဟုတ်ဘူး...ဒါပေမယ့် မင်းမှာ ဒီနည်းစနစ်ကျင့်ကြံဖို့ အရည်အချင်းတော့ရှိနိုင်တယ်"
"တကယ်လို့ မင်း သေသွားရင်တော့ ငါ့ကိုအပြစ်မတင်နဲ့...ဟား ဟား ဟား"
ရွှံစေးမျောက်ရုပ်ထုက ထပ်မံ၍အသံပေးပို့လေသည်။သို့ရာတွင် ဤတစ်ကြိမ်တွင် သူ၏အသံသည် ယခင်နှင့် အပြည့်အဝကွဲပြားခြားနားသွားလေ၏။