← Chapters

အခန်း (၂၁၁၁-၂၁၁၅)

Vol. 109 Ch. 2111-2115

အခန်း (၂၁၁၁-၂၁၁၅)

Vol. 109 Ch. 2111-2115

Chapter 2111

ထိုအသံသည် ယခင်က မျောက်တစ်ကောင်၏အသံနှင့်လွန်စွာကွဲပြားခြားနားနေကာ ကျောင်းတော်တွင် စာပေသင်ကြားနေသော အဖိုးအိုတစ်ယောက်၏အသံနှင့် တူညီနေသည်။

အဖိုးအို၏အသံသည် ကျယ်လောင်ခြင်းမရှိသော်လည်း လုယွီ၏နားအတွင်းသို့ ဝင်ရောက်လာချိန်တွင် ခေါင်းလောင်းကြီးတစ်လုံး မြည်ဟီးနေသည့်အလား သူ၏စိတ်နှလုံးသားကို တုန်ခါသွားစေသည်။

ထိုအသံသည် ရှေးဟောင်းဘာသာစကားနှင့် ပြောဆိုနေခြင်းဖြစ်ကာ တာအိုနည်းစနစ်တစ်ခုကို ဖြည်းညှင်းစွာ ရှင်းပြနေခြင်းပင်။

ကြည့်ရသည်မှာ အဖိုးအိုသည် သူ၏ရှင်းပြမှုအား တခြားသူများနားမလည်မည်ကို စိုးရိမ်ပူပန်နေပုံရသည်။သူသည် ကျင့်ကြံနည်းစနစ်၏အဓိကသော့ချက်နေရာတိုင်းတွင် အလွန်ဂရုစိုက်၍ အကြိမ်များစွာ ထပ်ခါတလဲလဲ ပြောဆိုနေပေ၏။

"ဒါက အဲ့ဒီမျောက် အရင်တုန်းကကြားခဲ့တဲ့ တာအိုပညာရှင်ရဲ့အသံပဲဖြစ်မယ်"

လုယွီက သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။

ရှေးဟောင်းဗုဒ္ဓဂိုဏ်းများရှိ တာအိုပညာရှင်များသည် သူတို့၏ကျင့်ကြံနည်းစနစ်များမှ အဓိကသော့ချက်များကို ပြောဆိုနိုင်သည်။

လုယွီထံတွင် တာအိုသခင်အဆင့်စိတ်ဝိညာဥ်ရှိနေသည့်တိုင် ထိုအရာမှနေ၍ သူ့အတွက် အကျိုးကျေးဇူးများစွာ ရရှိခဲ့သည်။

လုယွီသည် ဤစစ်မြေပြင်နေရာ၌ အချိန်ခုနစ်ရက်ကြာ ကျင့်ကြံခဲ့သည်။

ဤအချိန်ခုနစ်ရက်အတွင်းတွင် ရွှံစေးမျောက်ရုပ်ထုသည် လုယွီ၏သိုလှောင်အိတ်အတွင်းမှ ထွက်ပြေး၍ မီးနတ်ဘုရား၏လက်ဝါးကို ဝါးမျိုရန် ကြိုးစားခဲ့လေ၏။ကံအကြောင်းမလှစွာဖြင့် လုယွီသည် ထိုကိစ္စအတွက် ကြိုတင်ပြင်ဆင်ထားပြီးလေပြီ။ရွှံစေးမျောက်ရုပ်ထု မည်မျှပင်ကြိုးပမ်းနေပါစေ သိုလှောင်အိတ်အတွင်းမှ ထွက်ခွါသွားနိုင်ခြင်းမရှိချေ။

"ရှေးဟောင်းအချိန်ကာလအတွင်းမှာတောင် ဒီကျင့်ကြံနည်းစနစ်ကို ကျင့်ကြံတဲ့လူတွေထဲမှာ အများစုက မအောင်မြင်ကြဘူး...မင်း တန်ပြန်ဒဏ်ခံစားရတဲ့အချိန်ကျရင် ငါ အပြင်ကို ထွက်လို့ရပြီ"

ရွှံစေးမျောက်ရုပ်ထုသည် သိုလှောင်အိတ်အတွင်းမှနေ၍ တီးတိုးရွတ်ဆိုနေသော်လည်း သူ၏မျက်လုံးအကြည့်သည် အမြဲတစေ လုယွီထံ၌သာ အခိုင်အမာကျရောကနေသည်။

ဤအချိန်အတောအတွင်းတွင် လုယွီသည် ကျင့်ကြံရာတွင် နစ်မြုပ်နေပေ၏။

သူ့ကို ကြည့်ရသည်မှာ ရှေးဟောင်းတာအိုဘုန်းတော်ကြီးတစ်ပါးနှင့် တူညီနေသည်။အဝေးရှိ စင်မြင့်ပေါ်တွင် မြင့်မြတ်ပြီးကြီးကျယ်ခမ်းနားသော ပုံရိပ်တစ်ခုရှိနေကာ ဝေဝါးသောပုံရိပ်တချို့ကလည်း လုယွီ၏နံဘေးပတ်လည်တွင်ရှိနေလေ၏။

လုယွီသည် ထိုလူများ၏မျက်နှာများကို ရှင်းရှင်းလင်းလင်း မမြင်တွေ့နိုင်သော်လည်း အသံများကို ပီပီပြင်ပြင် ကြားနေရသည်။

အဆုံးသတ်တွင် လုယွီ၏စိတ်အတွင်း၌ မည်သည့်စိတ်အနှောက်အယှက်ဖြစ်စေသော အတွေးမျိုးမျှ မရှိတော့ချေ။သူ၏စိတ်အာရုံတစ်ခုလုံးကို ကျင့်ကြံရာတွင်သာ စူးစိုက်ထားသည်။

လုယွီ၏စိတ်အတွင်း၌ သူ့စိတ်ဝိညာဥ်မှစွမ်းအားများသည် လူပုံစံအသေးစားလေးအဖြစ်သို့ ပြောင်းလဲသွားကာ လှုပ်ရှားမှုများအဆက်မပြတ်ပြောင်းလဲနေသည်။

ဤသည်က လုယွီ၏စိတ်ဝိညာဥ်ကို ထောက်ပံပေးနိုင်သောအရာပင်။

ပြင်ပလောကတွင် အချိန်ခုနစ်ရက်သာ ကြာမြင့်သေးသော်လည်း လုယွီ၏စိတ်အတွင်းတွင် နှစ်ရာနှင့်ချီ၍ ဆင့်ကဲပြောင်းလဲနေကာ တခြားသူများ နှစ်ပေါင်းများစွာကြာအောင် ပြင်းပြင်းထန်ထန်ကြိုးစားကျင့်ကြံနေသည်နှင့် ညီမျှပေ၏။

ခုနစ်ရက်ကြာပြီးနောက် တာအိုကျမ်းစာသံများ ရုတ်တရက် ရပ်တန့်သွားသည်။

တစ်ချိန်တည်းမှာပင် လုယွီက သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။

သူ၏လက်ဖဝါးအတွင်း၌ ထုထည်ကြီးမားသောမှော်စွမ်းအင်များ စုဝေးနေကာ သူ သင်ယူထားသော ကျင့်ကြံနည်းစနစ်အတိုင်း လှည့်ပတ်နေသည်။

"သိမ်မွေ့နူးညံတဲ့ ဝင်ပေါက်....လေကို ချေးငှါးခြင်း...တိမ်တွေကိုလှည့်ပတ်...မိုးကို ဆုတောင်း...."

မှော်မန္တန်များက လုယွီ၏လက်ဝါးအတွင်း၌ တစ်ခုပြီးတစ်ခု ဆက်တိုက်ထွက်ပေါ်နေသည်။သူ၏လက်ဝါး၌ တာအိုစွမ်းအင်များ လှည့်ပတ်နေသော ကမ္ဘာငယ်လေးတစ်ခုရှိနေပုံရသည်။

ပြင်းထန်သော လေမုန်တိုင်းက လုယွီ၏လက်ဖဝါးအတွင်း၌ လူးလွန့်တိုက်ခတ်နေသည်။လျှပ်စီးကြောင်းများက သူ၏လက်ဖဝါးပေါ်တွင် တဖျပ်ဖျပ်လက်နေကာ မိုးခြိမ်းသံများကို အဆက်မပြတ်ကြားနေရပေ၏။အချိန်တခဏကြာပြီးနောက် လုယွီ၏လက်ဖဝါးမှ မီးတောက်တစ်ခုပွင့်အံထွက်လာကာ တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်များကြားတွင် ထက်ရှသောဓားချီများ ရောယှက်နေသည်။

တာအိုနည်းစနစ်၏လှုပ်ရှားမှုတိုင်းသည် မိုးကောင်ကင်နှင့်မြေပြင်ကိုပင် ဖျက်ဆီးနိုင်သည့်စွမ်းအားမျိုးရှိပေ၏။

"သီရှားရဲ့ပြောင်းလဲမှုပုံစံ ခုနစ်ဆယ့်နှစ်မျိုးကို သူက ဘယ်လိုလုပ်ပြီး သင်ယူနိုင်တာလဲ...ဒါက မဖြစ်နိုင်ဘူး...ဒီကောင်လေးရဲ့မူရင်းဇစ်မြစ်က ဘာများဖြစ်နေမလဲ"

သိုလှောင်အိတ်အတွင်းမှ ရွှံစေးမျောက်ရုပ်ထုသည် ညည်းတွားနေပြီး သူသည် ယခင်ကကဲ့သို့ မောက်မာဝံ့ကြွားနိုင်ခြင်းမရှိတော့ချေ။

ဤတာအိုနည်းစနစ်ကို ကျင့်ကြခြင်းသည် မည်မျှထိခက်ခဲသည်ကို သူ အသိရှိဆုံးပင်။

ရှေးဟောင်းအချိန်ကာလများရှိ ပြိုင်ဘက်ကင်းပါရမီရှင်များပင် ထိုကျင့်ကြံနည်းစနစ်၏လမ်းကြောင်းကိုထိတွေ့မိရုံသာရှိပြီး မြင့်မားသောအဆင့်သို့ ရောက်ရှိနိုင်ခြင်းမရှိချေ။

လုယွီကမူ အချိန်ခုနစ်ရက်အတွင်းမှာပင် ထိုနည်းစနစ်၏အနှစ်သာရကို ဖမ်းဆုပ်နိုင်ခဲ့သည်။

ဤကဲ့သို့ကျင့်ကြံမှုအရှိန်နှုန်းသည် ရှေးဟောင်းခေတ်မှပါရမီရှင်များပင် ယှဥ်ပြိုင်နိုင်မည့်အရာမျိုးမဟုတ်ချေ။

"သူက အစစ်အမှန်ပါရမီရှင်တစ်ယောက်ပဲ...ငါ သူနဲ့မိတ်ဆွေဖွဲ့မှဖြစ်မယ်...နောင်အနာဂတ်မှာ ငါ သူနဲ့ ရန်သူဖြစ်လို့မရဘူး"

ရွှံစေးမျောက်ရုပ်ထု၏သရော်တော်တော် မျက်လုံးအကြည့်များတွင် နောက်ဆုံး၌ တည်ကြည်လေးနက်သောအရိပ်အယောင်များ ထင်ဟပ်လာသည်။

ယခင်က ရွှံစေးမျောက်ရုပ်ထုသည် လုယွီအား မည်ကဲ့သို့ ဆန့်ကျင်တိုက်ခိုက်ရမည်ကို တွေးတောနေခဲ့သော်လည်း ယခုလက်ရှိအချိန်၌ သူက ထိုအတွေးများအားလုံးကို ပြတ်ပြတ်သားသား ရှင်းထုတ်လိုက်၏။

ပြိုင်ဘက်ကင်းပါရမီရှင်းများသည် ကြီးမားသောကံကောင်းမှုနှင့် မွေးဖွားလာသူများဖြစ်သည်။အကယ်၍ တစ်စုံတစ်ယောက်သည် ထိုပါရမီရှင်များကို ဆန့်ကျင်လိုပါက တန်ပြန်ဆိုးကျိုးဒဏ်ကို ခံစားရနိုင်ပြီး အကျိုးအမြတ်ထက် ဆုံးရှုံးမှုပို၍ကြီးမားပေမည်။

Chapter 2112

"ကောင်လေး...မင်း ငါ့ကို ကတိပေးထားတဲ့အရာကို ပြန်ပေးဆပ်ရမယ့်အချိန်ပဲ"

ရွှံစေးမျောက်ရုပ်က ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။

လုယွီသည် သူ၏ကျင့်ကြံနည်းစနစ်ကို လှည့်ပတ်နေခြင်းအား ရပ်တန့်လိုက်ကာ သိုလှောင်အိတ်အတွင်းသို့ ကြည့်လိုက်သည်။

"မင်း ဒီနည်းစနစ်ကို ဘယ်ကနေသင်ယူလာတာလဲ"

ဤတာအိုကျင့်ကြံနည်းစနစ်တွင် အထူးပြောင်းလဲမှုမျိုးမရှိသော်လည်း ပြောင်းလဲမှုတစ်ခုစီသည် အလွန်အစွမ်းထက်လှ၏။

ဤသည်က မှော်မန္တန်များအားလုံး၏အရင်းအမြစ်နှင့် တူညီနေကာ ရိုးရှင်းသော်လည်း မှန်းဆ၍မရအောင် နက်နဲသိမ်မွေ့သည်။

"မင်း သိချင်တဲ့ကိစ္စကို လက်လျှော့လိုက်ဖို့ ငါ မင်းကို အကြံပေးချင်တယ်...ဒီနည်းစနစ် ငါ့ကိုသင်ကြားပေးလိုက်တဲ့ ပုဂ္ဂိုလ်ရဲ့အဆင့်အတန်းက အရမ်းမြင့်မားတယ်...မင်းရဲ့လက်ရှိခွန်အားက အဲ့ဒီလူရဲ့တည်ရှိမှုကိုသိဖို့ မလုံလောက်သေးဘူး"

ရွှံစေးမျောက်ရုပ်ထုက သတိပေးသည်။

ယခင်က ရွှံစေးမျောက်ရုပ်ထု ဤမျှထိအလေးအနက်ထား၍ ပြောဆိုသည်ကို လုယွီ မမြင်တွေ့ဖူးချေ။ဤအခြင်းအရာကို ကြည့်ခြင်းအားဖြင့် သူ့အား ဤနည်းစနစ်သင်ကြားပေးလိုက်သော တာအိုပညာရှင်၏အဆင့် မည်မျှထိမြင့်မားသည်ကို ခန့်မှန်းနိုင်ပေ၏။

လုယွီသည် ထိုကိစ္စကို ထပ်မံ၍နက်နက်နဲနဲတွေးတောခြင်း မပြုတော့ချေ။သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်မှုနှင့်အတူ သိုလှောင်အိတ်၏အဝ ရုတ်တရက်ပွင့်သွားသည်။ရွှံစေးမျောက်ရုပ်ထုသည် ချက်ချင်းဆိုသလိုပင် အတွင်းမှပျံဝဲထွက်လာကာ မီးနတ်ဘုရား၏လက်ဝါးပြတ်ကြီးနံဘေးသို့ ရောက်ရှိသွားလေ၏။

"ဒါက ဟိုအမှိုက်ကောင်ရှုရာနတ်ဘုရားထက် အများကြီးပိုကောင်းတယ်...ငါ မီးနတ်ဘုရားကို အရင်က ရိုက်နှက်ဖူးတယ်...သူ့ရဲ့အကြွင်းအကျန်စိတ်ဝိညာဥ်အမျှင်တန်းကို ဒီနေရာမှာတွေ့ရမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

ရွှံစေးမျောက်ရုပ်ထုသည် အလွန်အမင်းမောက်မာဝံ့ကြွားကာ ပြောဆိုနေပြီး လောကကြီးအတွင်းရှိ မည်သည့်အရာကိုမဆို သူက အထင်အမြင်သေးနေသကဲ့သို့ပင်။

ရွှံစေးမျောက်ရုပ်ထု၏ရှေ့တွင် ရုတ်တရက် မှော်စွမ်းအားများက တလိမ့်လိမ့်ထွက်ပေါ်လာကာ သူက မီးနတ်ဘုရား၏လက်ဝါးပြတ်ကြီးကို ရိုက်ခတ်လိုက်၏။

ထိုမှော်စွမ်းအားလှိုင်းများ၏ရိုက်ခတ်ခံရမှုကြောင့် မီးနတ်ဘုရား၏လက်ဝါးပြတ်ကြီးမှနေ၍ ချက်ချင်းဆိုသလို အခိုးအငွေ့များ ထွက်ပေါ်လာသည်။

ထိုလက်ဝါးပြတ်ကြီး၏မျက်နှာပြင်ပေါ်ရှိ နတ်ဘုရားသင်္ကေတများ ပျက်ပြယ်စပြုလာပေ၏။ထို့နောက် လက်ဝါးပြတ်ကြီးသည် အလွန်လျှင်မြန်သောအရှိန်ဖြင့် ဆက်တိုက်ဆိုသလို ကျုံဝင်နေသည်။နောက်ဆုံး၌ ထိုလက်ဝါးပြတ်ကြီးမှ အသွေးအသားများအားလုံး ကုန်ခမ်းသွားကာ လေးလံသောရွှေရောင်နတ်ဘုရားသွေးစက်တစ်စက်သာ ကျန်ရှိတော့သည်။

ထိုသွေးစက်သည် လေထုအတွင်း၌ မျောလွင့်နေပြီး နတ်ဘုရားတစ်ပါးမှ စောင့်ကြပ်နေသည်နှင့် တူညီနေပေ၏။

ထိုသွေးစက်ကိုကြည့်လိုက်လျှင် အလွန်အမင်းလေးလံပုံရကာ လူအများအား သူတို့၏စိတ်နှလုံးသားအောက်ခြေမှလာသော ဖိအားအရှိန်အဝါကို ခံစားရစေသည်။

မီးနတ်ဘုရားသည် သေဆုံးသွားသော်လည်း သူ၏သွေးစက်အတွင်းတွင် သူ၏စွမ်းအားများ ပါဝင်နေဆဲပင်။

ဟူး....

ရွှံစေးမျောက်ရုပ်ထုက အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်၏။ထိုနတ်ဘုရားသွေးစက်သည် ချက်ချင်းဆိုသလိုပင် ရွှံစေးမျောက်ရုပ်ထုထံသို့ ပျံသန်းသွားကာ သူ၏ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်သွားသည်။

တောက်ပသောရွှေရောင်အလင်းတန်းများက ရွှံစေးမျောက်ရုပ်ထု၏မျက်နှာပြင်မှနေ၍ ဖြာထွက်လာသည်။အစွမ်းထက်သော အရှိန်အဝါတစ်ရပ်က ရွှံစေးမျောက်ရုပ်ထု၏ခန္ဓာကိုယ်အတွင်း၌ စတင်၍ကြီးထွားလာပေ၏။

ခရက်...ခရက်...ခရက်...

အက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာခြင်းနှင့်အတူ ရွှံစေးမျောက်ရုပ်ထု၏အပေါ်ယံမျက်နှာပြင် အက်ကွဲစပြုလာသည်။

"ငါ နတ်ဘုရားသွေးစက်ရဲ့အရှိန်အဝါကို အာရုံခံလို့မရတော့ဘူး"

လုယွီ၏မျက်ခုံးများ မြင့်တက်သွားသည်။

ဤသည်က ရှုရာနတ်ဘုရား၏သွေးနှင့်မတူညီဘဲ အစစ်အမှန်နတ်ဘုရားတစ်ပါး၏သန့်စင်သောသွေးစက်ပင်။ထိုအရာအတွင်း၌ အကန့်အသတ်မရှိသောစွမ်းအားများ ပါဝင်နေရုံသာမက မီးနတ်ဘုရား၏စိတ်ဆန္ဒလည်းပါရှိသည်။

ထိုသွေးစက်ကို ဝါးမျို၍သန့်စင်နိုင်ရန်မှာ လွယ်ကူသောကိစ္စတစ်ရပ် မဟုတ်ချေ။

သို့ရာတွင် ရွှံစေးမျောက်ရုပ်ထုသည် သွေးစက်ကိုဝါးမျိုပြီးနောက် အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် ထိုအရာကိုသန့်စင်လိုက်ကာ အနည်းငယ်မျှပင် အင်အားစိုက်ထုတ်ခဲ့ပုံမရပေ။

"ငါ ရှေးဟောင်းကောင်းကင်ဘုံတရားရုံးထဲမှာတောင် ဒီမျောက်ကို မမြင်တွေ့ဖူးဘူး"

လုယွီက တီးတိုးရေရွတ်လိုက်၏။

လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ၏ ပုံရိပ်ယောင်ကမ္ဘာအတွင်း၌ လုယွီသည် အစွမ်းထက်သောအင်မော်တယ်များနှင့်နတ်ဘုရားများကို မြင်တွေ့ခဲ့သော်လည်း ထိုမျောက် မပါဝင်ချေ။

ဘုန်း...

ထိုအချိန်မှာပင် အက်ကွဲသံကြီးတစ်သံ မြည်ဟီးလာခြင်းနှင့်အတူ ရွှံစေးမျောက်ရုပ်ထု၏မျက်နှာပြင်ပေါ်၌ ရုတ်တရက် နက်ရှိုင်းသောအက်ကွဲကြောင်းကြီးတစ်ခု ထွက်ပေါ်လာသည်။

ထိုအက်ကွဲ​ကြောင်း တစတစကျယ်ပြန့်လာခြင်းနှင့်အတူ မျောက်တစ်ကောင်၏ပုံရိပ်က ရုတ်တရက် ရွှံစေးမျောက်ရုပ်ထုအတွင်းမှ ခုန်ထွက်လာပေ၏။

"ဟား ဟား ဟား...ငါ ထွက်လာနိုင်ပြီ"

ထိုမျောက်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်ရာ သူ၏အသံသည် စစ်မြေပြင်တစ်ခုလုံးအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

သို့သော် ထိုအချိန်မှာပင်....

စစ်မြေပြင်၏အထက်နေ၍ မိုးခြိမ်းသံများမြည်ဟီးလာသည်။

ဤစစ်မြေပြင်သည် မီးနတ်ဘုရားမှ တစ္ဆေဧကရာဇ်ကို ချိပ်ပိတ်ထားသောနယ်မြေအတွင်း၌ တည်ရှိကာ ဤနေရာရှိမိုးကောင်းကင်ယံတစ်ခုလုံးကို အမှောင်ထုကြီးက လွှမ်းခြုံထားသည်။

သို့ရာတွင် ထိုမျောက်ထွက်ပေါ်လာသော အချိန်အခိုက်အတန့်တွင် မီးနတ်ဘုရားအမွေအနှစ်နယ်မြေ၏အထက်ကောင်းကင်ယံကို ဖြတ်သန်း၍ မိုးကြိုးလှိုင်းများ ကျဆင်းလာသည်။

ဝုန်း...

ကောင်းကင်ယံအတွင်းရှိ အမှောင်ထုကြီးကို လျှပ်စီးကြောင်းကြီးတစ်ခုက ဖြတ်သန်းသွားသည်။

မိုးကောင်းကင်တခွင်လုံးရှိ မိုးကြိုးလှိုင်းများသည် ထိုမျောက်ကို သိရှိနေသည့်အလား သူ့ထံဦးတည်ကာ အရူးအမူး ပြင်းထန်စွာ ရိုက်ခတ်နေလေ၏။

Chapter 2113

ဘုန်း....

မျက်စိနှင့်မြင်နိုင်သမျှနေရာတိုင်း၌ ကြက်သွေးရောင်မိုးကြိုးလှိုင်းများဖြင့် ပြည့်နှက်နေသည်။

ဤှကောင်းကင်ဘုံမိုးကြိုးလှိုင်းများနှင့် သာမာန်ကောင်းကင်ဘုံမိုးကြိုးလှိုင်းများအကြားတွင် ကြီးမားသော ကွဲပြားခြားနားချက်ကြီးရှိသည်။ဤကောင်းကင်ဘုံမိုးကြိုးလှိုင်းများသည် ကြက်သွေးရောင်ရှိကာ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေပေ၏။ထိုမိုးကြိုးလှိုင်းများသည် အောက်တွင်ရှိနေသော သက်ရှိများကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲပစ်နေချင်သကဲ့သို့ပင်။

"မကောင်းတော့ဘူး"

ထူးဆန်းသောငိုညည်းသံနှင့်အတူ မျောက်သည် လုယွီ၏သိုလှောင်အိတ်အတွင်းသို့ တန်းတန်းမတ်မတ် ဝင်လိုက်သည်။

လုယွီ၏သိုလှောင်အိတ်သည် အမှီအခိုကင်းသော ကမ္ဘာငယ်လေးတစ်ခုဖြစ်သဖြင့် ပြင်ပလောကနှင့် အပြည့်အဝကွဲပြားခြားနားသည်။

ကောင်းကင်ဘုံမိုးကြိုးလှိုင်းများသည် မျောက်၏အော်ရာနောက်သို့ လိုက်ပါကာ လုယွီထံသို့ ပြင်းပြင်းထန်ထန် ကျရောက်လာသည်။

"သေသင့်တဲ့မျောက်..."

လုယွီက သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ ကျိန်ဆဲလိုက်၏။ထို့နောက် သူ၏လက်အတွင်း၌ မှော်စွမ်းအင်အလင်းလှိုင်းတစ်လှိုင်း ထွက်ပေါ်လာသည်။

လုယွီသည် ရှေ့သို့တိုးကာ အပြာဖျော့ဖျော့အလင်းတန်းများ ရစ်ပတ်နေသော သူ၏လက်ဝါးဖြင့် ကောင်းကင်ဘုံမိုးကြိုးများကို ဖမ်းဆုပ်လိုက်သည်။

သီရှားရဲ့ပြောင်းလဲမှုပုံစံခုနစ်ဆယ့်နှစ်မျိုး...မိုးကြိုးများကိုထိန်းချုပ်ခြင်း....

ကောင်းကင်ယံတခွင်လုံးအနှံ့ ပြည့်နှက်နေသော မိုးကြိုးလှိုင်းများသည် လုယွီ၏လက်အတွင်းသို့ ကျရောက်သွားပေ၏။

ထိုမိုးကြိုးလှိုင်းများတွင် ဖျက်ဆီးခြင်းစွမ်းအားများနှင့် ပြည့်နှက်နေသော်လည်း လုယွီ၏ထိန်းချုပ်မှုအောက်၌ ထိုအရာများသည် ကလေးကစားစရာကဲ့သို့ဖြစ်နေကာ သူ့အား အနည်းငယ်မျှပင် ထိခိုက်နာကျင်စေခြင်းမရှိချေ။

"သွားစမ်း"

လုယွီက မိုးကြိုးလှိုင်းများကို နံဘေးတစ်ဖက်လို့ ပစ်လွှက်လိုက်သည်။

လုယွီ၏ထိန်းချုပ်မှုအောက်တွင် တုန်လှုပ်ချောက်ချားဖွယ် ကောင်းကင်ဘုံမိုးကြိုးလှိုင်းများသည် လမ်းကြောင်းပြောင်းလဲသွားကာ စစ်မြေပြင်၏တခြားတစ်ဖက်ခြမ်းသို့ ရိုက်ခတ်မိသွားသည်။

ထိုနေရာတွင် ဖုတ်ကောင်များ၏အလောင်းတချို့ ကျန်ရှိနေဆဲပင်။မာကျောကြမ်းတမ်းသောဖုတ်ကောင်အလောင်းများသည် ကောင်းကင်ဘုံမိုးကြိုး၏ရိုက်ခတ်ခံရမှုအောက်တွင် အနည်းငယ်မျှပင် ခံနိုင်ရည်မရှိဘဲ အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားပေ၏။

မျောက်၏အော်ရာ မရှိတော့သဖြင့် တုန်လှုပ်ချောက်ချားဖွယ်မိုးကြိုးလှိုင်းများလည်း ပျောက်ကွယ်သွားခဲ့သည်။မီးနတ်ဘုရားအမွေအနှစ်နယ်မြေ၏အထက်ကောင်းကင်ယံ၌ ပွင့်ထွက်သွားသော အက်ကွဲကြောင်းကြီးတစ်ခုသာ ကျန်ရှိတော့သည်။

ထိုကောင်းကင်ဘုံမိုးကြိုးများကို ကျင့်ကြံခြင်းလောကရှိ ကျင့်ကြံသူအများစု ရှောင်ရှားနိုင်မည်မဟုတ်သော်လည်း လုယွီကမူ လက်တစ်ဖက်တည်းဖြင့် လွယ်လင့်တကူရင်ဆိုင်ဖြေရှင်းခဲ့သည်။

အစွမ်းထက်ကျင့်ကြံသူတချို့ပင်လျှင် ထိုကဲ့သို့ကောင်းကင်ဘုံမိုးကြိုးများနှင့် ရင်ဆိုင်ရမည်ဆိုပါက မြောက်များစွာသောကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ထားရပေမည်။ထိုသို့မဟုတ်ဘဲ တစ်စုံတစ်ယောက်သည် သတိလက်လွတ်နေမိပါက ဤမိုးကြိုးလှိုင်းများ၏အောက်တွင် သေဆုံးသွားနိုင်သည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီသည် သီရှား၏ပြောင်းလဲမှုပုံစံခုနစ်ဆယ့်နှစ်မျိုးကို ကျင့်ကြံထားသဖြင့် သူသည် ကောင်းကင်ဘုံမိုးကြိုးများကို ထိန်းချုပ်နိုင်ပေ၏။

ဤတာအိုနည်းစနစ်သည် လွန်စွာအစွမ်းထက်သော်လည်း မှော်စွမ်းအင်ကုန်ဆုံးမှုနှုန်းမှာ အလွန်များပြားသည်။

လုယွီ၏ကျင့်ကြံခြင်းအခြေခံသည် သူနှင့်ကျင့်ကြံဆင့်နယ်ပယ်တူများထက် များစွာပို၍သာလွန်နေခြင်းသာမရှိပါက သူသည် အားအင်ချည့်နဲ့မှုကို ခံစားရပေမည်။

"ကြည့်ရတာတော့ တကယ်လို့ ငါက ဒီတာအိုနည်းစနစ်ကို အပြည့်အဝကျွမ်းကျင်ပိုင်နိုင်ချင်တယ်ဆိုရင်....ငါ့ရဲ့လက်ရှိကျင့်ကြံဆင့်နယ်ပယ်နဲ့ မလုံလောက်သေးဘူး"

လုယွီက ကူကယ်ရာမဲ့စွာ သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။

ထိုမျောက် ထွက်ပေါ်လာသော အချိန်အခိုက်အတန့်တွင် ဤကဲ့သို့ ဝရုန်းသုန်းကားနိုင်သောအခြေအနေများ ဖြစ်ပွါးခဲ့သည်။

ထိုမျောက်သည် ရှေးဟောင်းအချိန်ကာလများအတွင်း၌ မည်ကဲ့သို့အခန်းကဏ္ဏမျိုး၌ ရှိနေသည်ကို သူ မသိရှိချေ။

"သောက်ချေးပဲ...ငါ အရင်တုန်းက ကံကြမ္မာကို အများကြီးရန်စစော်ကားခဲ့တယ်...အခုချိန်က ငါ ပြန်မွေးဖွားလာတာရဲ့ အထွတ်အထိပ်အခြေအနေပဲ...ငါက နဂါးတစ်သောင်းဆေးမီးဖိုကိုခိုးယူပြီး ပြန်ထွက်လာတဲ့အချိန်မှာ ကောင်းကင်ဘုံတစ်ခုလုံး ဖရိုဖရဲဖြစ်နေပြီ...ကောင်လေး ..ငါက အခုလက်ရှိအခြေအနေကို အခွင့်ကောင်းယူရလိမ့်မယ်...ငါက ကျေးဇူးတရားနဲ့ရန်ငြိုးကို ခွဲခြားသိတဲ့သူပါ..ဒါကြောင့် ငါ မင်းကို နောင်အနာဂတ်ကျရင် အကျိုးကျေးဇူးတချို့ ပြန်ပေးမယ်"

မျောက်က ပေါ့ပေါ့တန်တန် ပြောဆိုသည်။သူသည် ရိုက်နှက်ခံရရန် ထိုက်တန်ပေ၏။

အကယ်၍ လုယွီသည် မိုးကြိုးများကို မည်ကဲ့သို့ထိန်းချုပ်ရမည်ကို သင်ယူထားခြင်းမရှိပါက သူသည် ကောင်းကင်ဘုံမိုးကြိုးများ၏ရိုက်ခတ်ခံရမှုကြောင့် အပြင်းအထန်ဒဏ်ရာရရှိသွားနိုင်သည်။

"မင်း အထဲမှာငြိမ်ငြိမ်နေတာ ပိုကောင်းလိမ့်မယ်....ကောင်းကင်ဘုံမိုးကြိုးတစ်ခုတည်းကပဲ မင်းကိုရိုက်နှက်နိုင်တာလို့ မင်း ထင်နေတာလား"

လုယွီက သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်ရာ သိုလှောင်အိတ်အတွင်း၌ မိုးကြိုးလှိုင်းတစ်လှိုင်းထွက်ပေါ်လာပြီး မျောက်ပေါ်သို့ကျရောက်သွားသည်။

ရွှံစေးရုပ်အတွင်းမှထွက်လာသော မျောက်၏ခန္ဓာကိုယ်တစ်ခုလုံးပေါ်တွင် ထူထပ်သောအမွှေးအမျှင်များ ဖုံးလွှမ်းနေသည်။မိုးကြိုးလှိုင်းဖြင့် ရိုက်ခတ်ခံရသည်နှင့် သူက ချက်ချင်းဆိုသလိုပင် စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"ကောင်လေး...ဘာက မင်းအတွက်ကောင်းတယ်ဆိုတာ မင်းက တကယ်ကိုမသိဘူးပဲ....ငါ မင်းကို ပေးလိုက်တဲ့ ကျင့်ကြံနည်းစနစ်ကို လိုချင်တဲ့ ရှေးဟောင်းအချိန်ကာလအတွင်းက အစွမ်းထက်ကျင့်ကြံသူတွေ ဘယ်လောက်များများရှိတယ်ဆိုတာ မင်းသိလား....တကယ်လို့ မင်းသာ ရှေးဟောင်းအချိန်ကာလအတွင်းမှာ ရှိနေမယ်ဆိုရင် မီးနတ်ဘုရားတောင် သူ့ရဲ့အစစ်အမှန်ခန္ဓာကိုယ်နဲ့ မင်းကို လာတိုက်ခိုက်လိမ့်မယ်"

မျောက်သည် ကမ္ဘာငယ်လေးအတွင်းရှိ စိတ်ဝိညာဥ်စမ်းရေအိုင်အတွင်း၌ စိမ်ပြေနပြေ လဲလျောင်းလိုက်သည်။

"မင်းက ငါနဲ့တွေ့တာ ကံကောင်းတယ်...တကယ်လို့ နောင်အနာဂတ်မှာ မင်း ငါ့ကို နတ်ဘုရားတွေပိုပြီးရှာပေးမယ်ဆိုရင် ငါ ကိုယ်တိုင်ကိုယ်ကျ မင်းကိုသင်ကြားပေးမယ်"

လုယွီသည် ထိုမျောက်၏သောက်အဓိပ္ပါယ်မရှိသောစကားများကို လျစ်လျှူရှုထားရန် ရွေးချယ်လိုက်၏။

"နဂါးတစ်သောင်းဆေးမီးဖိုဆိုတာက ဘာလဲ"

လုယွီက မေးမြန်းသည်။

Chapter 2114

"ငါ ပြောခဲ့မိလို့လား...ငါ မသိတော့ဘူး"

မျောက်သည် လိမ်လည်လှည့်ဖျားရန် ကြိုးပမ်းလေ၏။

လုယွီက မျောက်သည် ထိုအကြောင်းကို မတော်တဆပြောဆိုလိုက်မိခြင်းဖြစ်ကြောင်း သိရှိထားသည်။သူသည် လုယွီ မေးမြန်းသည်ကို ဖြေဆိုရန် ဆန္ဒရှိပုံမရချေ။

လုယွီက အဝေးရှိမီးနတ်ဘုရားလက်ဝါးပြတ်ကြီးကို စောင်းငဲ့ကြည့်လိုက်ရာ မျောက်သည် နတ်ဘုရားသွေးစက်ကို စုပ်ယူလိုက်သော်လည်း မာကျောသောလက်ရိုးများ ရှိနေဆဲကို တွေ့မြင်မိသည်။

လုယွီက ထိုလက်ရိုးများကို သိမ်းဆည်းလိုက်၏။

ဤသည်က အစစ်အမှန်နတ်ဘုရားအရိုးဖြစ်၍ ဖျက်ဆီး၍မရသောအရာဖြစ်သည်။

ထိုအရိုးများကို မှော်ရတနာပြုလုပ်ရာတွင် အသုံးပြုပါက ထိုအရာများ၏မာကျောမှုကိုမြှင့်တင်ပေးနိုင်သည်။

"တစ္ဆေဧကရာဇ်ရဲ့ကိုယ်ပွါးကို တစ်ချက်ကြည့်ဖို့ အချိန်ကျပြီ"

လုယွီ၏မျက်လုံးအတွင်း၌ အလင်းတန်းများ ဖြတ်ပြေးသွားသည်။

အတိတ်ဘဝတွင် သူသည် တစ္ဆေဧကရာဇ်၏အမွေအနှစ် တစ်စိတ်တဒေသကို ရရှိထားသည်။

အကယ်၍ သူသည် တစ္ဆေဧကရာဇ်၏ကိုယ်ပွါးကိုသာရရှိပါက သူ၏လက်ရှိကျင့်ကြံနည်းစနစ်များကို တိုးတက်အောင်ပြုလုပ်နိုင်သည့်အပြင် တချို့နည်းစနစ်များ၏ ခုခံကာကွယ်မှုများကို ပြင်ဆင်ဖွဲ့စည်းနိုင်ပေမည်။

လုယွီ၏မျက်လုံးအတွင်းမှ ခရမ်းရောင်အလင်းတန်းများ ဖြာထွက်လာသည်။သူသည် ပတ်ဝန်းကျင်ကို လေ့လာဆန်းစစ်၍ တစ္ဆေဧကရာဇ်၏ကိုယ်ပွါး မည်သည့်နေရာ၌ရှိနေသည်ကို ရှာဖွေလိုက်၏။

တခြားတစ်ဖက်တွင်...

ရှောင်မိသားစုဝင်လူငယ်များသည် ဆရာသခင်သုန်၏နောက်သို့လိုက်၍ ယိုင်တိုင်တိုင်ခြေလှမ်းများဖြင့် ခမ်းနားထည်ဝါသောနန်းတော်တစ်ခုအတွင်းသို့ ရောက်ရှိလာသည်။

ဤသည်က မြေအောက်နန်းတော်တစ်ခုလုံး၏ဗဟိုချက်နေရာဖြစ်ပုံပင်။ပတ်ဝန်းကျင်ရှိ အမှောင်ထုအတွင်း၌ မြင့်မားသောနံရံများက မားမားမတ်မတ် ရပ်တည်နေသည်။ထိုနံရံများ၏နောက်တွင် ခမ်းနားထည်ဝါသောနန်းတော်တစ်ခုရှိနေလေ၏။

"မမ...နောက်ဆုံးတော့ သူတို့က ကျွန်မတို့ကိုလိုက်ဖမ်းတာ ရပ်သွားပြီ"

ရှောင်လင်းအာ၏မျက်နှာအမူအယာသည် အလွန်ကောင်းမွန်နေခြင်းမရှိချေ။မူလက သူမ၏ခန္ဓာကိုယ်ပေါ်တွင် ထိပ်တန်းအဆင့်မှော်လက်နက် အမြောက်အများရှိနေသော်လည်း အဆက်မပြတ်အသုံးပြုခဲ့ရသဖြင့် ထိုအရာများ၏တောက်ပမှုများ များစွာမှေးမှိန်သွားလေပြီ။

ရှောင်ယွမ်နှင့်ရှောင်ချင်အပြင် တခြားရှောင်မိသားစုဝင်လူငယ်နှစ်ယောက်သာ ကျန်ရှိတော့သည်။

ကျန်ရှိသောလူများသည် လမ်းခုလတ်၌ သေဆုံးခဲ့ရ၏။

လမ်းတလျှောက်လုံး၌ သူတို့သည် မြေအောက်ရှိမြောက်မြားစွာသော နတ်ဆိုးသတ္တဝါများကို ဖြတ်ကျော်ခဲ့ရသည်။တချို့လူများသည် ဖုတ်ကောင်များ၏လိုက်လံဖမ်းဆီးမှုအောက်မှ လွတ်မြောက်ခဲ့သော်လည်း ပင့်ကူများ၏ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံရလေ၏။

ကံကောင်းထောက်မစွာဖြင့် ရှောင်ချင်ထံတွင် ဖီးနစ်နတ်ဘုရားသွေးမျိုးဆက်ရှိနေသည်။သူမ ထုတ်လွှက်ထားသောမီးတောက်များသည် နတ်ဆိုးသတ္တဝါများကို ထိန်းချုပ်ဟန့်တားရာ၌ ကြီးမားသောအထောက်အပံဖြစ်စေသည်။လမ်းတလျှောက်လုံး ထိုမီးတောက်အောက်တွင် နတ်ဆိုးသတ္တဝါအမြောက်အများ သေကြေပျက်စီးသွားကြ၏။

လူအားလုံး တိုက်ခိုက်ရင်း ရှေ့သို့ဆက်၍ လျှောက်လှမ်းလာခဲ့ကြသည်။ဆရာသခင်သုန်၏ကူပိုးကောင်လမ်းပြမှုအောက်တွင် နောက်ဆုံး၌ ဤနန်းတော်နေရာသို့ ရောက်ရှိလာခဲ့သည်။

သူတို့သည် နန်းတော်အတွင်းသို့ ဝင်ရောက်ပြီးနောက် ပြင်ပရှိနတ်ဆိုးသတ္တဝါများသည် သူတို့ထိတ်လန့်ကြောက်ရွံရသော တစ်စုံတစ်ခုကို တွေ့ရှိသွားပုံဖြင့် ဒီရေအလား နောက်ဆုတ်သွားကြ၏။

"ဆရာသခင်သုန်...ဒီနေရာမှာ ရတနာတွေရှိနေတယ်ဆိုတာသေချာလား"

ရှောင်ချင်၏အသံတွင် အေးစက်တင်းမာမှုများနှင့် ပြည့်နှက်နေသည်။

အကယ်၍ ဤကဲ့သို့ဖြစ်ပျက်မည်ကို သူမ ကြိုသိခဲ့ပါက လုယွီ၏အကြံပြုချက်ကိုနားထောင်၍ လျှို့ဝှက်ခန်းအတွင်း၌ အချိန်အတိုင်းအတာတစ်ခုထိနေထိုင်ကာ မိသားစုမှလာရောက်ကယ်တင်ချိန်ကို စောင့်ဆိုင်းနေပေမည်။

သို့ရာတွင် ယခုလက်ရှိအချိန်မှ နောင်တရနေခြင်းသည် အသုံးမဝင်တော့ချေ။

ရှောင်ယွမ်က အံ့တင်းတင်းကြိတ်၍ အော်ငေါက်လိုက်၏။

"အဖိုးကြီး...ကျုပ် ခင်ဗျားကို ပြောလိုက်မယ်...တကယ်လို့ အထဲမှာ ဘာရတနာမှရှိမနေရင် ကျုပ်တို့ရှောင်မိသားစုက ခင်ဗျားကိုခွင့်လွှက်မှာမဟုတ်ဘူး"

ရှောင်မိသားစုဝင်များ၏ခြိမ်းခြောက်မှုကို ခံယူနေရသော်လည်း ဆရာသခင်သုန်၏မျက်နှာသည် တစ်ချိန်လုံး အေးဆေးတည်ငြိမ်နေဆဲပင်။

"ဘာမှမစိုးရိမ်ပါနဲ့...အထဲမှာ ရတနာတွေရှိနေတယ်"

ဆရာသခင်သုန်၏မျက်နှာထက်၌ လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခုက ထင်ဟပ်နေသည်။

သူ၏လက်ဝါးပေါ်၌ရှိနေသော ကူပိုးကောင်သည် ဆေးပင်အမြောက်အများကိုဝါးမျိုပြီးနောက် အလွန်အမင်း တက်ကြွရွှင်လန်းနေပေ၏။

သူတို့အားလုံး နန်းတော်၏အတွင်းပိုင်းသို့ ဆက်လက်၍ လျှောက်လှမ်းခဲ့ကြ၏။

"ငါတို့ သတိထားပြီးနေရမယ်...ဖုတ်ကောင်တွေ ဒီထဲကို ဝင်မလာရတဲ့အကြောင်းအရင်းက ဒီနေရာမှာ သူတို့ထိတ်လန့်ကြောက်ရွံရတဲ့ အားကောင်းတဲ့တည်ရှိမှုကြီးရှိနေလို့လည်း ဖြစ်နိုင်တယ်"

ရှောင်ချင်က သတိပေးလေသည်။

ရှောင်ယွမ်၏သတ္တိများနည်းပါးလာသဖြင့် သူက ရှောင်ချင်၏နောက်မှကပ်လိုက်နေကာ ပတ်ဝန်းကျင်ကိုလည်း မကြာခဏလှည့်ပတ်ကြည့်နေသည်။သူ့ထံတွင် ရှောင်မိသားစု၏သခင်လေးဟူသော ဟန်ပန်အမူအယာမျိုးမရှိတော့ချေ။

ဆန့်ကျင်ဘက်အနေဖြင့် ဆရာသခင်သုန်သည် စိတ်အားတက်ကြွနေကာ အလွန်အမင်းစိတ်လှုပ်ရှားနေပုံရသည်။

ဤနန်းတော်၏ဖွဲ့စည်းပုံသည် အလွန်အမင်း ရှုပ်ထွေးပေ၏။မြောက်များစွာသောနန်းဆောင်များကို ပတ်ဝန်းကျင်၌ နေရာချထားရာ လူအများအား မူးဝေမှုကို ခံစားရစေသည်။

သို့ရာတွင် ဆရာသခင်သုန်ကိုကြည့်ရသည်မှာ ဤနေရာနှင့် အလွန်ရင်းနှီးကျွမ်းဝင်နေပုံရသည်။သူသည် ရှေ့နောက်မြွေလိမ်မြေကောက်ဖြင့် လွတ်လွတ်လပ်လပ် သွားလာနေသည်။

Chapter 2115

မကြာမီမှာပင် ဆရာသခင်သုန်သည် သူတို့အား နန်းတော်၏အလွန်အမင်းလျှို့ဝှက်သော နေရာတစ်ခုထံသို့ ခေါ်ဆောင်သွားခဲ့သည်။

ဤနန်းဆောင်သည် ပတ်ဝန်းကျင်ရှိတခြားနန်းဆောင်များနှင့်တူညီပြီး မည်သည့်ထူးခြားချက်မျှရှိမနေချေ။နန်းဆောင်၏တံခါးနှင့်ပြတင်းပေါက်များကို တင်းတင်းကြပ်ကြပ်ပိတ်ထားသဖြင့် အတွင်း၌ရှိသည့်အရာများကို မည်သူမျှမမြင်တွေ့နိုင်ချေ။

"အဖိုးကြီးသုန်....ဒီနေရာဆိုတာ သေချာလား...ဒီနေရာက တုန်လှုပ်ချောက်ချားဖို့ကောင်းတယ်...ခင်ဗျား ကျုပ်တို့ကို ချောက်ထဲတွန်းပို့ချင်နေတာလား"

ရှောင်ယွမ်က အော်ဟစ်လိုက်၏။

သို့ရာတွင် ဤနေရာသို့အရောက်တွင် ဆရာသခင်သုန်၏မျက်နှာပေါ်ရှိ အပြုံးမှာ ပို၍ပီပြင်ထင်ရှားလာသည်။

"သခင်လေးရှောင်ယွမ် ဘာမှမစိုးရိမ်ပါနဲ့...မကြာခင်မှာ ငါတို့အပြင်ထွက်နိုင်မယ့်လမ်းကို ရှာတွေ့မှာပါ...မင်း လွတ်မြောက်ဖို့အချိန်နီးနေပါပြီ"

ဆရာသခင်သုန်က ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။

စကားဆုံးသည်နှင့် သူက နန်းဆောင်တံခါးကို တွန်းဖွင့်လိုက်သည်။

ကျွီ...

ထိုတံခါးကို ဖွင့်လှစ်ခြင်းမရှိသည်မှာ အချ်န်အတော်ကြာမြင့်နေပုံရသည်။တံခါးကိုတွန်းဖွင့်လိုက်ချိန်တွင် သွားကျိန်းစေသောအသံမျိုး ထွက်ပေါ်လာပေ၏။

သူတို့အားလုံး အတွင်းသို့ဝင်လိုက်ချိန်တွင် စာအုပ်စင်တစ်စင်ကို မြင်တွေ့မိသည်။ကြမ်းပြင်ပေါ်တွင် ဝိုင်ထုတ်လုပ်သည့်ပစ္စည်းကိရိယာများ ပြန့်ကျဲနေသည်မှလွဲ၍ တခြားမည်သည့်အရာမျှ ရှိမနေချေ။

ဖုန်မှုန့်တချို့က လေထုအတွင်း၌ ပျံ့လွင့်နေသည်။ရှောင်ယွမ်က အကြိမ်အနည်းငယ် ချောင်းတဟွတ်ဟွတ်ဆိုးပြီးနောက် အော်ဟစ်လိုက်၏။

"ဒါက ဘယ်လိုဆိုးရွားတဲ့နေရာမျိုးလဲ...ဒီလောက်စုတ်ပြတ်သတ်နေတဲ့နေရာမျိုးမှာ ရတနာတွေရှိပါ့မလား"

"ဟား ဟား ဟား...ငါ့ရဲ့ကူပိုးကောင်က အမှားလုပ်မှာမဟုတ်ဘူး...ဒီနေရာမှာ ရတနာတွေ ရှိကိုရှိရမယ်"

ဆရာသခင်သုန်သည် အခန်းကို အကြိမ်အနည်းငယ်ခန့် လှည့်ပတ်ကြည့်ပြီးနောက် ရုတ်တရက် ရှည်လျားပြီးနားလည်ရန်ခက်ခဲသော မှော်မန္တန်တစ်ပုဒ်ကို ရွတ်ဆိုလေသည်။

သူ၏လက်ဝါးအတွင်း၌ လဲလျောင်းနေသော ကူပိုးကောင်သည် တုံ့ပြန်မှုလှိုင်းတစ်ခုကို အာရုံခံမိသွားပုံရသည်။ထိုပိုးကောင်၏ခန္ဓာကိုယ်တစ်ခုလုံး ခရမ်းရင့်ရောင်သို့ ပြောင်းလဲသွားကာ စူးရှသောအော်သံတစ်သံကို ထုတ်လွှက်လိုက်၏။

ဝှစ်ခနဲအသံနှင့်အတူ ကူပိုးကောင်သည် စာအုပ်စင်ပေါ်သို့ ကျရောက်သွားပြီး စူးရှရှအော်သံမှာ ပို၍ကျယ်လောင်လာသည်။

"အမှန်ပဲ...အဲ့ဒါက ဒီနေရာမှာရှိနေတယ်"

ဆရာသခင်သုန်က အော်ဟစ်ရယ်မောပြီး သူ၏လက်ဝါးဖြင့် စာအုပ်စင်ထံဦးတည်ကာ ရိုက်နှက်လိုက်၏။

ဘုန်းခနဲမြည်သံနှင့်အတူ စာအုပ်စင်ကျိုးပဲ့ပျက်စီးသွားပြီး အနောက်တွင် ပိန်းပိတ်သည်အထိမှောင်မည်းသောအပေါက်တစ်ပေါက် ထွက်ပေါ်လာသည်။ဤနေရာတွင် လျှို့ဝှက်ခန်းတစ်ခု အမှန်တကယ်ရှိနေသည်။

ဆရာသခင်သုန်သည် ခြေလှမ်းကျဲကြီးများဖြင့် အတွင်းသို့ဝင်လိုက်သော်လည်း မမျှော်လင့်ဘဲ အတားအဆီးတစ်ခု၏ဟန့်တားထားခြင်းကို ခံလိုက်ရသည်။

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

ဆရာသခင်သုန်က လက်ဝါးရိုက်ချက်များ ဆက်တိုက်ထုတ်လွှက်လိုက်၏။

ထိုအားလှိုင်းသည် အတားအဆီးပေါ်သို့ ကျရောက်သွားပြီးနောက် ပြန်ကန်ထွက်လာသည်။လျှို့ဝှက်ခန်း၏ဝင်ပေါက်ကို ထိုအတားအဆီးမှနေ၍ အပြည့်အဝပိတ်ဆို့ဟန့်တားထားသဖြင့် အပြင်လူများ မည်သို့မျှဝင်၍မရနိုင်ချေ။

"လူတိုင်းပဲ...အတူတူကြိုးစားကြရအောင်...ငါတို့ အထဲကိုဝင်ပြီးတာနဲ့ ရတနာတွေကိုရမှာပဲ"

ဆရာသခင်သုန်၏လေသံတွင် လိမ်လည်လှည့်ဖျားမှုများနှင့် ပြည့်နှက်နေသည်။

"တကယ်လား....အဲ့ဒါက ဘယ်လိုရတနာမျိုးလဲ"

ရှောင်ယွမ်သည် အလွန်အမင်း စိတ်ဝင်စားနေပေ၏။

သို့ရာတွင် ရှောင်ချင်၏မျက်နှာသည် အေးဆေးတည်ငြိမ်နေပြီး သူမက ခြေတစ်လှမ်းရှေ့တက်လိုက်သည်။

"ဆရာသခင်သုန်...တကယ်လို့ ကျွန်မ မှန်းဆတာမမှားဘူးဆိုရင်...ကျွန်မတို့အားလုံး ဒီနေရာကိုရောက်တာ ပထမဆုံးအကြိမ်မဟုတ်လား"

"ရှင်က ကျွန်မတို့ရှောင်မိသားစုရဲ့တားမြစ်နယ်မြေထဲကို ဝင်ရောက်နိုင်ဖို့ တန်ကြေးကြီးကြီး ပေးဆပ်ခဲ့တယ်...ရှင်က စိတ်ဝိညာဥ်မီးတောက်ကို ရဖို့အတွက်လို့ ရှင် ပြောခဲ့တယ်နော်...ဒါပေမယ့် ဒီအထဲကိုဝင်လာကတည်းက ရှင်က စိတ်ဝိညာဥ်မီးတောက်တွေအပေါ် အာရုံစိုက်တာကို ကျွန်မ မတွေ့ဘူး"

"ရှင်က ဒီနေရာကိုလာတာ စိတ်ဝိညာဥ်မီးတောက်အတွက်ရော ဟုတ်ရဲ့လား"

ဆရာသခင်သုန်၏ပါးစပ်ထောင့် တွန့်လိမ်သွားပြီး သူက သရော်တော်တော် ပြောဆိုသည်။

"ငါက ဒီကို စိတ်ဝိညာဥ်မီးတောက်အတွက် လာတာပဲလေ...ငါက ဆေးပညာရှင်တစ်ယောက်....တကယ်လို့ ငါသာ စိတ်ဝိညာဥ်မီးတောက်ကိုရမယ်ဆိုရင် ငါ့ရဲ့ဆေးပညာစွမ်းရည်ကို နောက်ထပ်အဆင့်တစ်ခုထိ မြှင့်တင်နိုင်လိမ့်မယ်"

"ဒါပေမယ့် ရှင့်ကိုကြည့်ရတာ ဒီနေရာနဲ့ အရမ်းရင်းနှီးကျွမ်းဝင်နေသလိုပဲ...ရှင် ဘာအတွက်နဲ့ ကျွန်မတို့ကို ဒီနေရာခေါ်လာတာလဲ"

ရှောင်ချင်၏မျက်နှာက ရေခဲတမျှ အေးစက်တင်းမာနေသည်။

ရှောင်ယွမ်က ဝင်ရောက်ပြောဆိုလေ၏။

"အကြီးဆုံးသခင်မလေး...ဘာတွေဖြစ်နေတာလဲ"

"နင် သတိမထားမိဘူးလား...သူက ငါတို့ရှောင်မိသားစုရဲ့တားမြစ်နယ်မြေထဲကို ရည်ရွယ်ချက်တစ်ခုခုနဲ့လာတာလို့ ငါ ထင်တယ်...သူ ငါတို့ကို ဒီနေရာထိ ခေါ်ဆောင်လာခဲ့တဲ့ အကြောင်းအရင်းက သူ့ကိုကူညီပြီး အပြင်မှာရှိတဲ့ နတ်ဆိုးသတ္တဝါတွေကို ဖယ်ရှားရှင်းလင်းပေးဖို့အတွက်ပဲ"

ရှောင်ချင်က အေးစက်တင်းမာသောလေသံဖြင့် အော်ဟစ်လိုက်သည်။

"လင်းအာ...သွားကြစို့"

တခြားရှောင်မိသားစုဝင်လူငယ်နှစ်ယောက်က ချက်ချင်းဆိုသလိုပင် ဤနေရာမှထွက်ခွါသွားရန်ဆုံးဖြတ်၍ တံခါးကိုတွန်းဖွင့်လိုက်၏။

သို့သော် ထိုအချိန်မှာပင် ထိုလူငယ်နှစ်ယောက်၏ခန္ဓာကိုယ်များသည် ခရမ်းပုပ်ရောင်သန်းလာကာ နာကျင်မှုကြောင့် မြေပြင်ပေါ်သို့ ဒူးထောက်ရက်သားလဲကျသွားကြပြီး သူတို့၏ပါးစပ်မှသွေးများ အဆက်မပြတ် အန်ထွက်လာသည်။

All Chapters