← Chapters

အခန်း (၂၁၁၆-၂၁၂၀)

Vol. 109 Ch. 2116-2120

အခန်း (၂၁၁၆-၂၁၂၀)

Vol. 109 Ch. 2116-2120

Chapter 2116

ထိုရှောင်မိသားစုဝင်လူငယ်နှစ်ယောက်သည် စိတ်ပုံထွင်းနယ်ပယ်ကျင့်ကြံသူများ ဖြစ်ကြ၏။အကယ်၍ သူတို့ အလွန်ပင်ပန်းနွမ်းနယ်နေလျှင်ပင် ဤကဲ့သို့နေရာမျိုး၌ လဲကျသွားမည်မဟုတ်ချေ။

"နင်တို့အားလုံး ဘာတွေဖြစ်နေကြတာာလဲ"

ရှောင်လင်းအာသည် ထိတ်လန့်တုန်လှုပ်နေပြီး ထိုလူငယ်နှစ်ယောက်ကို ကူညီပေးရန်အတွက် သူမက ရှေ့သို့တိုးလိုက်သည်။

ရှောင်ချင်သည် အလျှင်အမြန် အသိဝင်လာပြီး ချက်ချင်းဆိုသလိုပင် ရှောင်လင်းအာကို ဟန့်တားလိုက်၏။

"အဲ့ဒီနေရာကို မသွားနဲ့....သူတို့က အဆိပ်မိသွားတာ"

ထိုလူငယ်နှစ်ယောက်၏မျက်နှာများသည် ခရမ်းပုပ်ရောင်သို့ ပြောင်းလဲသွားကာ သူတို့၏ပါးစပ်မှသွေးမည်းများ အဆက်မပြတ်အန်ထွက်နေသည်။

"ကယ်ပါ...ငါတို့ကိုကယ်...."

လူငယ်နှစ်ယောက်သည် သူတို့၏လက်များကိုဆန့်တန်းကာ အက်ရှရှအသံဖြင့် အကူအညီတောင်းခံလေသည်။

သို့ရာတွင် သူတို့၏ဒွါရခုနစ်ပေါက်မှနေ၍ အနက်ရောင်အခိုးအငွေ့များ ယိုစိမ့်ထွက်လာသည်။

သူတို့၏ခန္ဓာကိုယ်အရေပြားများအောက်တွင် ခရမ်းပုပ်ရောင်သွေးကြောများ ပင့်ကူအိမ်ကဲ့သို့ ထွက်ပေါ်လာရာ အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းသောမြင်ကွင်းပင်။

ရှောင်မိသားစုဝင်လူငယ်နှစ်ယောက်သည် မြေပြင်ပေါ်၌ ဒူးထောက်နေကြပြီး သူတို့၏ခန္ဓာကိုယ်များ အဆက်မပြတ်တုန်ရီနေသည်။အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် သူတို့သည် မြေပြင်ပေါ်သို့ လဲကျသွားကာ မလှုပ်ရှားကြတော့ချေ။

အမှန်အားဖြင့် သူတို့နှစ်ယောက်လုံး သေဆုံးသွားကြလေပြီ။

ရှောင်ယွမ်က ထိတ်လန့်တကြား အော်ဟစ်လိုက်၏။

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...ဒီနေရာမှာ ဘယ်လိုလုပ်ပြီး အဆိပ်ရှိနေတာလဲ"

ထို့နောက် သူ၏လက်အတွင်း၌ အနီရင့်ရောင်ပုတီးတစ်လုံး ထွက်ပေါ်လာပြီး သူက ထိုအရာအတွင်းသို့ မှော်စွမ်းအင်များ ထည့်သွင်းလိုက်သည်။ထိုပုတီးစေ့မှ ချက်ချင်းဆိုသလိုပင် တောက်ပသောအလင်းတန်းများဖြာထွက်လာကာ သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ အကာအကွယ်အလွှာတစ်ခုအဖြစ် သိပ်သည်းသွားသည်။

ရှောင်ချင်၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများထင်ဟပ်လာသည်။သူမက ရုတ်တရက် ဆရာသခင်သုန်ကိုကြည့်ကာ ပြောဆိုလိုက်၏။

"ဒါတွေအားလုံးက ရှင့်ရဲ့အပြစ်တွေကြောင့်ပဲ"

ဤအချိန်တွင် ဆရာသခင်သုန်သည် အမှောင်ထုအတွင်း၌ မတ်တတ်ရပ်နေပြီး သူ၏မျက်နှာတပြင်လုံးကို အရိပ်မည်းကြီးတစ်ခုက ဖုံးလွှမ်းနေသဖြင့် သူကိုကြည့်ရသည်မှာ အလွန်အမင်း လျှို့ဝှက်ဆန်းကြယ်ပုံပေါက်နေသည်။

"ဟား...ဟား...ဟား...ငါ မင်းတို့ကို တကယ်​ကျေးဇူးတင်တယ်...တကယ်လို့ မင်းတို့သာ ငါ့ကို တစ်လမ်းလုံးကာကွယ်မပေးခဲ့ရင် ငါ ဒီနေရာကို ရောက်နိုင်မှာမဟုတ်ဘူး...ရှောင်သခင်မလေး ငါ့ရဲ့ကျေးဇူးတင်မှုကို ပြသတဲ့အနေနဲ့ ငါ မင်းကို ပထမဆုံးယဇ်ပူဇော်ပေးမယ်"

ဆရာသခင်သုန်သည် ကျယ်လောင်စွာ အော်ဟစ်ရယ်မောနေကာ သူ၏အသံသည် အလွန်မောက်မာဝံ့ကြွားနေ​ပေ၏။

"ဆေးပညာရှင်တစ်ယောက်ကများ...ရှင်က ကျွန်မတို့ကို ဟန့်ထားနိုင်မယ်လို့ ထင်နေတာလား"

ရှောင်ချင်၏အသံသည် ရေခဲတမျှ အေးစက်တင်းမာနေသည်။သူမသည် အလွန်ဒေါသထွက်နေပေ၏။

ရှောင်မိသားစု၏အကြီးဆုံးသခင်မလေးဖြစ်သော သူမသည် နိမ့်ကျသောဆေးပညာရှင်တစ်ယောက်၏ အကွက်ချစီစဥ်ခြင်းကိုခံခဲ့ရသည်။

ရှောင်ချင်၏လက်ချောင်းထိပ်၌ မီးတောက်တစ်ခု ထွက်ပေါ်လာသည်။ထိုမီးတောက်သည် လေဟာနယ်အတွင်း၌ လောင်ကျွမ်းနေကာ ထက်ရှသောမီးတောက်ဓားရှည်တစ်လက်အဖြစ် သိပ်သည်းသွားပေ၏။

အစောပိုင်းက လုယွီထံတွင် အစွမ်းထက်သောမှော်လက်နက်တစ်ခုရှိနေသဖြင့် ရှောင်ချင်သည် မလှုပ်ရှားဝံ့သော်လည်း ဤဆေးပညာရှင်ကမူ မတူကွဲပြားနေသည်။

သူမသည် လုယွီကို မသတ်နိုင်ချေ။သို့ရာတွင် ဆေးလုံးများသာဖော်စပ်နိုင်သော ဆေးပညာရှင်တစ်ယောက်ကို မည်သည်ကြောင့် သူမ မသတ်နိုင်ရမည်နည်း။

"ရှင်က ရှောင်မိသားစုဝင်တွေကို သတ်ဝံ့တယ်ပေါ့လေ...သေလမ်းရှာနေတာလား"

ရှောင်ချင်သည် မီးတောက်ဓားရှည်ကိုမြှောက်၍ ဆရာသခင်သုန်ထံဦးတည်ကာ ခုတ်ပိုင်းလိုက်၏။

ဓားချီအလင်းတန်းများက လေဟာနယ်ကို ဖြတ်သန်းသွားသည်။မျက်တောင်တခတ်စာအချိန်အတွင်းမှာပင် မြောက်မြားစွာသောဓားချီများ လေထုအတွင်း၌ ပေါင်းစည်းသွားကာ မီးတောက်ဖီးနစ်တစ်ကောင်အဖြစ် ဖွဲ့စည်းသွားပေ၏။ထိုမီးတောက်ဖီးနစ်သည် စူးရှကျယ်လောင်စွာအော်ဟစ်၍ ဆရာသခင်သုန်ထံသို့ ဦးတည်၍ပျံသန်းသွားသည်။

တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်များသည် ဆရာသခင်သုန်ကို ပြာကျသွားစေမည့်ပုံရသည်။

"ကောင်မလေး...ငါက ဆေးပညာရှင်တစ်ယောက်သက်သက်ပဲလို့ မင်း ထင်နေတာလား"

ဆရာသခင်သုန်သည် အော်ဟစ်ရယ်မော၍ ဆေးလုံးတစ်လုံးကို သူ၏ပါးစပ်အတွင်းသို့ပစ်ထည့်ကာ ဝါးမျိုလိုက်၏။

အလွန်ကြီးမားသောဆေးစွမ်းအားများက ချက်ချင်းဆိုသလိုပင် ဆရာသခင်သုန်၏ခန္ဓာကိုယ်အနှံ့ ဖြတ်သန်း၍ စီးဆင်းသွားသည်။

မူလက သူ၏ချည့်နဲ့ပြီးပိန်ပါးသောခန္ဓာကိုယ် ရုတ်တရက် ဖောင်းကားလာသည်။မျက်တောင်စာအချိန်အတွင်းမှာပင် သူ၏ခြောက်သွေ့နေသော ဆံပင်ဖြူများသည် အနက်ရောင်ဆံပင်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။သူသည် အဖိုးအိုတစ်ယောက်အဖြစ်မှနေ၍ သန်မာအားကောင်းသောလူလတ်ပိုင်းကြီးတစ်ယောက်အသွင်သို့ ပြောင်းလဲသွားပေ၏။

ဆရာသခင်သုန်၏လက်အတွင်း၌ အနက်ရောင်အခိုးအငွေ့များ စုဝေးလာသည်။ထိုအခိုးအငွေ့များအကြားမှနေ၍ အနက်ရောင်ဦးခေါင်းခွံတစ်ခု ထွက်ပေါ်လာပေ၏။

ထိုဦးခေါင်းခွံသည် လေထုအတွင်း၌မျောလွင့်နေကာ ပါးစပ်ကြီးကိုဖွင့်ဟလိုက်သည်။မီးတောက်ဖီးနစ်ငှက်သည် ထိုဦးခေါင်းခွံ၏ဝါးမျိုခြင်းကိုခံလိုက်ရကာ အရိပ်အယောင်ပင် မကျန်ရှိဘဲ ပျောက်ကွယ်သွားတော့သည်။

ထို့နောက် ဆရာသခင်သုန်က သူ၏အင်္ကျီလက်ကိုထပ်မံ၍ဝှေ့ယမ်းလိုက်ရာ အစွမ်းထက်သောမှော်စွမ်းအားလှိုင်းတစ်ရပ် ပွင့်အံထွက်လာပြီး အရိပ်အယောင်ပင်မကျန်တော့ဘဲ ပျောက်ကွယ်သွားပေ၏။

"မီးတောက်ဓား လောင်ကျွမ်းခြင်း"

ရှောင်ချင်သည် သူမ၏ဓားကို ထပ်မံ၍လှုပ်ရှားလိုက်ရာ သူမ၏ဓားချီသည် ဦးတည်ချက်ပြောင်းလဲသွားပြီး ဆရာသခင်သုန်၏ဟာကွက်နေရာသို့ ပစ်မှတ်ထား၍ တိုက်ခိုက်လိုက်သည်။

သို့ရာတွင် ရှောင်ချင်၏တိုက်ခိုက်မှု ထွက်ပေါ်လာသည့်တိုင် ဆရာသခင်သုန်သည် ရှောင်ရှားခြင်းမပြုချေ။သူသည် သူ၏လက်ကိုဆန့်တန်းကာ အောက်သို့ဖိနှိပ်လိုက်၏။

Chapter 2117

တုန်ခါသံတစ်သံနှင့်အတူ ဆရာသခင်သုန်၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် အစွမ်းထက်သောဖိအားလှိုင်းတစ်ရပ်ထွက်ပေါ်လာကာ ရှောင်ချင်ကို လွင့်ထွက်သွားစေသည်။

"မမ"

ရှောင်လင်းအာသည် အလျှင်အမြန်ရှေ့ထွက်လာပြီး ရှောင်ချင်ကို မတ်တတ်ထရပ်နိုင်ရန် ကူညီပေးလိုက်၏။

ရှောင်ချင်သည် မတ်တတ်ထရပ်လိုက်ကာ သူမ၏မျက်လုံးအတွင်း၌ မယုံကြည်နိုင်သော အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

"မြေကမ္ဘာအင်မော်တယ်အထွတ်အထိပ်အဆင့်...ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

ဤှတစ်ကြိမ်တွင် ရှောင်မိသားစုသည် လူငယ်များကိုကာကွယ်ရန်အတွက် အကြီးအကဲတစ်ယောက်ကို လိုက်ပါစောင့်ကြပ်စေခဲ့သော်လည်း မြေကမ္ဘာအင်မော်တယ်အလယ်အလတ်အဆင့်သာရှိသည်။

အကယ်၍ တော်ဝင်နန်းတွင်းမှာဆိုလျှင်ပင် မြေကမ္ဘာအင်မော်တယ်အထွတ်အထိပ်အဆင့် ကျင့်ကြံသူသည် မဟာအစောင့်အရှောက်စစ်ဗိုလ်ချုပ်ရာထူးကို ရရှိထားသည်။

ရှောင်ချင်သည် မြေကမ္ဘာအင်မော်တယ်အဆင့်ကို ချိုးဖျက်ဝင်ရောက်နိုင်ရုံမျှသာရှိသေးသည်။

"မဟုတ်သေးဘူး...ရှင်က အစစ်အမှန်မြေကမ္ဘာအင်မော်တယ် အထွတ်အထိပ်အဆင့်မဟုတ်ဘူး"

ရှောင်ချင်က ရုတ်တရက် နားလည်သဘောပေါက်သွားပေ၏။

"ရှင်က ဆေးလုံးကိုဝါးမျိုပြီး ရှင့်ရဲ့ခွန်အားကို ယာယီမြှင့်တင်ထားတာပဲ"

ဆရာသခင်သုန်၏မှော်စွမ်းအားများသည် အစွမ်းထက်သော်လည်း အနည်းငယ်ရှုပ်ထွေးနေပြီး တည်ငြိမ်မှုမရှိချေ။သူ၏ကိုယ်ပိုင်စွမ်းအားများ မဟုတ်သည်မှာ သိသာထင်ရှားလှ၏။

ဤကဲ့သို့မှော်စွမ်းအားမျိုးပိုင်ဆိုင်နိုင်သည့် ဖြစ်နိုင်ချေမှာ တစ်ခုတည်းသာရှိသည်။ထိုအရာမှာ သူ၏ကျင့်ကြံဆင့်သည် အစစ်အမှန်မဟုတ်ခြင်းကြောင့်ပင်။

"ငါ့ရဲ့ကျင့်ကြံဆင့်က ဘာလို့အစစ်အမှန်မဟုတ်ရမှာလဲ....အခုချိန်မှာ မင်းတို့က အကန့်အသတ်အခြေအနေကိုရောက်နေပြီ...ငါ မင်းတို့ကို လွယ်လွယ်လေး သတ်လို့ရတယ်"

ဆရာသခင်သုန်က ရှောင်ချင်ကို စုန်ချည်ဆန်ချည်ကြည့်၍ ကောက်ကျစ်ယုတ်မာသောအပြုံးနှင့် ပြောဆိုသည်။

"ဒါပေမယ့် မင်းတို့သုံးယောက်ရဲ့အရည်အချင်းက မဆိုးဘူး...ဒါကြောင့် ငါက အကောင်းဆုံးယဇ်ပူဇော်မှုလုပ်နိုင်ဖို့အတွက် မင်းတို့ကို နောက်ဆုံးထိထားဖို့ ရည်ရွယ်ခဲ့တယ်...ငါ ယဇ်ပူဇော်ဖို့ မင်းတို့ရဲ့အသက်တွေကို လိမ်လိမ်မာမာပေးကြစမ်း"

အနက်ရောင်အခိုးအငွေ့များက ရုတ်တရက် ဆရာသခင်သုန်ကို လွှမ်းခြုံသွားသည်။

မြေကမ္ဘာအင်မော်တယ်အထွတ်အထိပ်အဆင့်၏မှော်စွမ်းအားများမှ ဖိအားအရှိန်အဝါ ထွက်ပေါ်လာပေ၏။

ရှောင်လင်းအာသည် မြေပြင်ပေါ်၌ ပလ္လင်ခွေထိုင်နေပြီး သူမ၏မျက်နှာအမူအယာသည် အလွန်နာကျင်မှုကို ခံစားနေရပုံပင်။

ဤနေရာ၌ ထိုဖိအားအရှိန်အဝါကို ရှောင်ချင်တစ်ယောက်တည်းကသာ ခုခံနိုင်သည်။

သို့ရာတွင် ရှောင်ချင်သည် မြေကမ္ဘာအင်မော်တယ် အစောပိုင်းအဆင့်တွင်သာ ရှိသေးသဖြင့် သူမ၏မှော်စွမ်းအားများ ကုန်ခမ်းသွားသည့်အချိန်သို့ ရောက်ရှိသွားလျှင် ဆရာသခင်သုန်၏ပြိုင်ဘက်ဖြစ်နိုင်မည်မဟုတ်ချေ။

"သခင်မလေး...အရင်ဆုံး ဒီမှာနေခဲ့လိုက်ပါ...ကျွန်တော် အိမ်တော်ကိုပြန်ပြီးအကြောင်းကြားလိုက်မယ်"

တုန်လှုပ်ချောက်ချားဖွယ်ဖိအားအရှိန်အဝါအောက်၌ နောက်ဆုံးတွင် ရှောင်ယွမ်သည် တောင့်မခံနိုင်တော့သဖြင့် နောက်သို့ပြန်လှည့်ကာ ထွက်ခွါလိုက်၏။

သို့ရာတွင် သူသည် နန်းဆောင်၏တံခါးမကြီးကိုတွန်းဖွင့်လိုက်သော အချိန်အခိုက်အတန့်တွင် ရုတ်တရက်ကြက်သေသေသွားသည်။

နန်းဆောင်ပတ်လည်၌ မည်သည့်အချိန်ကရောက်ရှိလာခဲ့မှန်းမသိရသော ဖုတ်ကောင်များနှင့် ပြည့်နှက်နေသည်။ပြင်ပမှဖုတ်ကောင်များက နန်းဆောင်အနီးပတ်ဝန်းကျင်ကို ဝိုင်းရံထားသည်။

ရှောင်ယွမ်၏ရှေ့၌ ဆံဖြုဖုတ်ကောင်ကိုးကောင်ရှိနေပြီး သူ့ကို စူးစူးဝါးဝါးစိုက်ကြည့်နေကြ၏။

ရှောင်ယွန်၏နဖူးမှ ချွေးသီးချွေးပေါက်များယိုစီးကျလာကာ ချက်ချင်းဆိုသလိုပင် သူက နောက်ကြောင်းပြန်လှည့်လိုက်သည်။

သူသည် ဤနန်းဆောင်အတွင်း၌ ဆက်၍နေနေပါက အချိန်အတိုင်းအတာတစ်ခုထိ သေဆုံးမည်မဟုတ်ချေ။သို့ရာတွင် အကယ်၍ သူသည် ဖုတ်ကောင်အုပ်စုအတွင်းသို့ တိုးဝင်သွားပါက သူ၏အလောင်းအပြည့်အစုံပင်မကျန်ဘဲ သေဆုံးသွားနိုင်သည်။

ထိုဖုတ်ကောင်များသည် တစ်စုံတစ်ခုကို စောင့်ဆိုင်းနေပုံရသည်။ထို့ကြောင့် သူတို့သည် နန်းတော်၏ပတ်လည်ကို ဝိုင်းရံထားသော်လည်း အတွင်းသို့ ကျုးကျော်ဝင်ရောက်လာခြင်းမရှိချေ။

"ရှင် ဘာလုပ်ထားတာလဲ"

ရှောင်ချင်က တံခါး၏ပြင်ပကိုကြည့်၍ အေးစက်စက်လေသံဖြင့် မေးမြန်းလိုက်၏။

အစောပိုင်းက ဖုတ်ကောင်များသည် သက်ရှိလူသားများကိုမြင်တွေ့သည်နှင့် အလွန်အမင်းစိတ်အားတက်ကြွစွာ အရူးအမူးသတ်ဖြတ်ကြသည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ ဖုတ်ကောင်များသည် အမိန့်တစ်ခုကို လက်ခံထားသည့်အလား နန်းဆောင်ပြင်ပ၌ တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ဆိုင်းနေသည်။

"တကယ်တော့ ငါ ဘာမှလုပ်မထားဘူး...ဒါပေမယ့် ဒီနန်းဆောင်ရဲ့သခင်က သူတို့ကို ထိန်းချုပ်ဟန့်တားထားတာ"

ဆရာသခင်သုန်သည် ရုတ်တရက် သူ၏လက်ညှိုးကိုကိုက်ဖောက်၍ သွေးများဖြင့် သူ့မျက်နှာပေါ်၌ သင်္ကေတတစ်ခုကို ရေးဆွဲလိုက်၏။

ယခင်ကတည်းက သူ၏​ယုတ်မာကောက်ကျစ်ပုံရသော မျက်နှာပေါ်၌ သွေးသင်္ကေတများ တစ်ခုပြီးတစ်ခုထွက်ပေါ်လာလေရာ သူ့ကိုကြည့်ရသည်မှာ အလွန်အမင်း တုန်လှုပ်ချောက်ချားဖွယ်ကောင်းနေသည်။

ထို့နောက် ဆရာသခင်သုန်က ရုတ်တရက် ရှေးကျသောမန္တန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်သည်။ထိုမှော်မန္တန်ရွတ်ဆိုသံ ပျံ့နှံ့သွားခြင်းနှင့်အတူ မှောင်မည်းနေသောလျှို့ဝှက်ခန်းအတွင်းမှနေ၍ အန္တရာယ်အငွေ့အသက်များ ထွက်ပေါ်လာသည်။

ရုတ်တရက် ဖန်သားများကွဲကြေသွားသကဲ့သို့ အသံမျိုးက လျှို့ဝှက်ခန်း၏ဝင်ပေါက်မှ မြည်ဟီးလာပေ၏။

ဤသည်က အတားအဆီးတစ်မျိုး ပွင့်သွားသောအသံမျိုးပင်။

Chapter 2118

အနက်ရောင်လေစိမ်းတစ်ချက်က ဆရာသခင်သုန်၏ခန္ဓာကိုယ်ပေါ်သို့ တိုက်ခတ်သွားပြီးနောက် သူ၏မျက်နှာအမူအယာသည် ရုတ်တရက် အလွန်အမင်း တွန့်လိမ်ရှုံတွသွားသည်။

အား...အား...

ဆရာသခင်သုန်၏မျက်လုံးများသည် အဖြူရောင်သို့ပြောင်းလဲသွားကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် အကြောဆွဲနေသည့်အလား တဆတ်ဆတ်တုန်ရီနေသည်။သူ၏ခန္ဓာကိုယ်အရေပြားအောက်ရှိ သွေးကြောများက ဖောင်းကြွလာပေရာ အလွန်အမင်း တုန်လှုပ်ချောက်ချားဖွယ်ကောင်းလှ၏။

"သူ...သူ ဘာဖြစ်နေတာလဲ"

ရှောင်ယွမ်သည် ကြောက်ရွံထိတ်လန့်နေကာ တုန်ရီနေသောအသံဖြင့် မေးမြန်းလေသည်။

ရှောင်ချင်က သူမ၏မျက်လုံးအကြည့်ကို ဆရာသခင်သုန်ထံမှ ဖယ်ခွါလိုက်ကာ အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"ငါတို့ ဒီနေရာမှာပဲနေပြီး သေမှာကိုထိုင်စောင့်နေလို့မဖြစ်ဘူး...လင်းအာ...ငါတို့ ဖောက်ထွက်ကြစို့"

ရှောင်ချင်၏ခန္ဓာကိုယ်မှနေ၍ ရုတ်တရက် တောက်ပသောမီးတောက်များ ဖြာထွက်လာသည်။ထို့နောက်မှနေ၍ စူးရှကျယ်လောင်သောအသံတစ်သံနှင့်အတူ သူမသည် ဖီးနစ်ငှက်တစ်ကောင်အသွင်သို့ ပြောင်းလဲသွားသည်။

ဤသည်က နတ်ဘုရားသားရဲသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားခြင်း၏အကျိုးကျေးဇူးပင်။ကျဥ်းထဲကြပ်ထဲအခြေအနေမျိုးတွင် ထိုသွေးမျိုးဆက်ပိုင်ရှင်များသည် ရှေးဟောင်းနတ်ဘုရားသားရဲများအသွင်သို့​ပြောင်းလဲနိုင်ကာ အံ့အားသင့်ဖွယ်ကောင်းသောစွမ်းအားမျိုးကို ရရှိပေမည်။

ဖီးနစ်ငှက်သည် ပါးစပ်ကိုဖွင့်ဟ၍ ရှောင်လင်းအာကိုချီမကာ ခေါင်မိုးကိုဖောက်ထွက်၍ ပျံသန်းသွားလေ၏။

"သခင်မလေး...ကျွန်တော် ကျန်သေးတယ်လေ"

ရှောင်ယွမ်က ခုန်ပေါက်၍ စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

သို့ရာတွင် ရှောင်ချင်သည် သူ၏စကားများကို မကြားသည့်အလား နန်းဆောင်၏ပြင်ပသို့ ပျံသန်းသွားလေ၏။

နန်းဆောင်ကိုဝိုင်းရံထားသော ဖုတ်ကောင်များက ရှောင်ချင်ကိုဟန့်တားရန် ကြိုးစားလိုက်ကြသည်။သို့ရာတွင် ရှောင်ချင်သည် အတောင်ပံကိုခတ်လိုက်သည်နှင့် တုန်လှုပ်ချောက်ချားဖွယ်မီးတောက်များ တလိမ့်လိမ့်ထွက်ပေါ်လာကာ ဖုတ်ကောင်များအားလုံး နောတ်ဆုတ်သွားသည်။

ဖီးနစ်ငှက်၏ပျံသန်းမှုသည် အလွန်လျှင်မြန်သဖြင့် နန်းတော်၏နယ်နမိတ်မှ လွတ်မြောက်လုနီးနေလေပြီ။

သို့သော် ထိုအချိန်မှာပင်....

အနက်ရောင်ပုံရိပ်တစ်ရိပ်သည် ရုတ်တရက် မြေပြင်မှခုန်ထလာကာ သူ၏လက်တစ်ဖက်ဖြင့် ဖီးနစ်ငှက်၏တောင်ပံကို ဖမ်းဆုပ်လိုက်၏။

"မီးတောက်ဓား"

ရှောင်လင်းအာသည် သူမ၏ဓားရှည်ကိုဆွဲထုတ်၍ အနက်ရောင်ပုံရိပ်ကို အားကုန်ထိုးစိုက်လိုက်သည်။

မီးတောက်အော်ရာများနှင့်ရောနှောနေသော ဓားချီသည် အနက်ရောင်အရိပ်ပေါ်သို့ ပြင်းပြင်းထန်ထန် ကျရောက်သွားသည်။

ရှောင်လင်းအာသည် ရှောင်မိသားစု၏ထူးချွန်သောလူငယ်မျိုးဆက်သစ်များအကြားမှတစ်ယောက်ဖြစ်ရာ သူမ၏ခွန်အားသည် အားနည်းခြင်းမရှိချေ။

သို့ရာတွင် သူမ၏ဓားရှည်ဖြင့် ခုတ်ပိုင်းခံရပြီးနောက် အနက်ရောင်ပုံရိပ်သည် အချိန်တခဏသာတုံဆိုင်းသွားပြီး အနည်းငယ်မျှပင် သက်ရောက်မှုမရှိချေ။

ဂီး....

ဖီးနစ်ငှက်ထံမှ နားအူလုမတက်စူးရှကျယ်လောင်သောအော်သံကြီး ထွက်ပေါ်လာသည်။သူမသည် လေထုအတွင်း၌ ဆက်လက်၍ တည်ငြိမ်အောင်နေနိုင်စွမ်းမရှိတော့ဘဲ မြေပြင်ပေါ်သို့ ပြုတ်ကျလာပေ၏။

ထိုသို့ပြုတ်ကျနေစဥ်အတောအတွင်းတွင် ဖီးနစ်ငှက်၏မီးတောက်စွမ်းအားများ ပျက်ပြယ်သွားသည်။မီးတောက်စွမ်းအားများမရှိတော့သဖြင့် ရှောင်ချင်၏မူလပုံပန်းသွင်ပြင် ပြန်လည်ထွက်ပေါ်လာကာ သူမက အစွမ်းအစမဲ့စွာဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

"မမ...."

ရှောင်လင်းအာသည် သူမ၏အကာအကွယ်မှော်ရတနာကို အသက်သွင်း၍ ရှောင်ချင်ကို ကာကွယ်ပေးလိုက်၏။

ခရက်...

ရှောင်လင်းအာ၏လက်၌ ဝတ်ဆင်ထားသော အကာအကွယ်မှော်လက်ကောက်သည် အကြိမ်ပေါင်းများစွာ အသုံးပြုခဲ့ခြင်းကြောင့် ကြေမွပျက်စီးသွားတော့သည်။

သူမတို့နှစ်ယောက် ကျရောက်သွားသောနေရာသည် ဖုတ်ကောင်အုပ်စုအကြားသို့ဖြစ်သည်။

သို့ရာတွင် ထိုသွေးဆာနေသောဖုတ်ကောင်အုပ်စုသည် ရှေ့သို့တရကြမ်းတိုးဝင်လာခြင်းမရှိချေ။ထိုအစား သူတို့က ပတ်ဝန်းကျင်၌ ဝိုင်းရံနေကာ သူမတို့နှစ်ယောက်ကို စူးစူးဝါးဝါး စိုက်ကြည့်နေကြ၏။

ရှပ်...ရှပ်...ရှပ်...

အဝေးမှ​လျှောက်လှမ်းလာသော ခြေလှမ်းသံတစ်သံ ထွက်ပေါ်လာသည်။

ဖုတ်ကောင်များသည် ရိုသေလေးစားသောအမူအယာဖြင့် ချက်ချင်းဆိုသလို လမ်းဖယ်ပေးလိုက်ကြ၏။

ဖုတ်ကောင်များအကြားမှနေ၍ ဆရာသခင်သုန်၏ပုံရိပ်က လျှောက်လှမ်းထွက်လာသည်။သူ၏မျက်လုံးများတွင် သွေးရောင်အလင်းတန်းများနှင့် ပြည့်နှက်နေပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှနေ၍ အနက်ရောင်အခိုးအငွေ့များ ထုတ်လွှက်ထားသည်။သူ့ကိုကြည့်ရသည်မှာ သက်ရှိလူသားတစ်ယောက်နှင့် အနည်းငယ်မျှပင် မတူညီချေ။

သူ ထွက်ပေါ်လာသောအချိန်အခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိ လေထုအပူချိန် အနည်းငယ်ကျဆင်းသွားသည်။တုန်လှုပ်ချောက်ချားဖွယ် ယင်ချီများ​သည် လူအများအား တုန်ရီစေသောခံစားချက်မျိုး ပေးစွမ်းနိုင်သည်။

"နတ်ဘုရားဖီးနစ်ခန္ဓာကိုယ်ဖွဲ့စည်းပုံလား...မဆိုးဘူး...ဒီတစ်ကြိမ် ငါ ပြန်ရှင်သန်လာတဲ့အချိန်မှာ ဒီလိုမျိုး ထိပ်တန်းခန္ဓာကိုယ်ဖွဲ့စည်းပုံမျိုးကို တွေ့ရတယ်"

ဆရာသခင်သုန်ထံမှနေ၍ အက်ရှရှယောက်ျားသံတစ်သံ ထွက်ပေါ်လာသည်။သူ၏အသံသည် နက်ရှိုင်းပြီးအစွမ်းထက်ကာ လူအိုကြီးတစ်ယောက်၏အသံနှင့် အနည်းငယ်မျှပင်မတူညီချေ။

ရှောင်ချင်သည် အသွင်ပြောင်းထားမှုကို ဖိအားပေး၍ဖျက်ဆီးခံလိုက်ရသဖြင့် အပြင်းအထန်ဒဏ်ရာရရှိသွားခဲ့သည်။သူမ၏ပါးစပ်မှ သွေးတစ်လုတ်အန်ထွက်လာကာ သူမ၏မျက်နှာ တစတစ ပို၍ဖြူရော်လာသည်။

ဆရာသခင်သုန်ပြောဆိုသောစကားများကို သူမ နားလည်သဘောပေါက်ခြင်းမရှိချေ။

ဆရာသခင်သုန်၏ခန္ဓာကိုယ်ကို အပိုင်စီးထားသူသည် ရှေးဟောင်းဘာသာစကားဖြင့်ပြောဆိုနေပြီး သူ၏အသံတွင် ဥပဒေသတချို့ ရောယှက်နေသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

ဆရာသခင်သုန်က ရုတ်တရက် သာမာန်ကာလျှံကာ လက်ညှိုးညွှန်လိုက်ရာ ရှောင်ချင်နှင့်ရှောင်လင်းအောက်တို့သည် လေထုအတွင်းသို့ မြောက်တက်သွားပေ၏။သူမတို့၏မရီးဒါန်းများကိုလည်း ချိပ်ပိတ်ခံထားရပုံရှိပြီး မည်သည့်မှော်စွမ်းအားမျိုးကိုမျှ ထုတ်ဖော်အသုံးပြုနိုင်ခြင်း မရှိတော့ချေ။

Chapter 2119

နာကျင်မှု....

စိတ်ဓာတ်ကျဆင်းမှု...

ရုတ်ချည်းဆိုသလိုပင် မရေမတွက်နိုင်သောအတွေးများက ရှောင်ချင်၏စိတ်အတွင်းသို့ တိုးဝင်လာသည်။

ယခုလက်ရှိချိန်၌ သူမသည် နောင်တကြီးစွာ ရနေပေ၏။လုယွီ လျှို့ဝှက်ခန်းအတွင်းမှ ထွက်မသွားမီ ပြောဆိုခဲ့သောစကားများကို သူမက ပြန်အမှတ်ရနေသည်။ဤနေရာသည် အမွေအနှစ်နယ်မြေမဟုတ်ဘဲ အန္တရာယ်များနှင့်သာပြည့်နှက်နေသည်ဟု လုယွီ ပြောဆိုသွားခဲ့သည်များမှာ အမှန်ပင်။

အကယ်၍ သူမတို့သည် ယခင်က လုယွီ၏ပြောစကားကိုသာ နားထောင်ပြီး လျှို့ဝှက်ခန်းအတွင်းမှ ထွက်မလာမိပါက အခန်းအတွင်း၌နေ၍ မိသားစုအကြီးအကဲများ လာရောက်ကယ်တင်မည်ကို စောင့်ဆိုင်းနေနိုင်သည်။

အရာအားလုံးသည် လောဘတရားကြောင့်ပင်။

သို့ရာတွင် ယခုလက်ရှိချိန်မှ နောင်တရနေခြင်းသည် အသုံးမဝင်တော့ချေ။

ဆရာသခင်သုန်၏ခန္ဓာကိုယ်ကို အပိုင်စီးထားသူသည် ရှောင်ချင်၏လှပချောမောသောမျက်နှာလေးကို စုန်ချည်ဆန်ချည်ကြည့်ကာ ရယ်မောလိုက်၏။

"တကယ်လို့ မင်းတို့နှစ်ယောက်ကိုသာ ဝါးမျိုလိုက်ရင်....ဒီဧကရာဇ်ရဲ့ခွန်အားတချို့တစ်ဝက် ပြန်ရလာနိုင်တယ်"

ထို့နောက် သူ၏လက်ချောင်းထိပ်ဖြင့် ရှောင်ချင်၏ခန္ဓာကိုယ်အရေပြားကို ကုတ်ခြစ်လိုက်ရာ သွေးစို့ရာဒဏ်ရာတစ်ခု ကြွင်းကျန်ရစ်ခဲ့သည်။

ရှောင်ချင်၏မျက်ခုံးများက တင်းတင်းကျပ်ကျပ် စုကျုံနေသည်။သူမ၏ဒဏ်ရာမှနေ၍ နာကျင်မှုကိုခံစားနေရသည့်တိုင် သူမသည် လှုပ်ရှားနိုင်ခြင်းမရှိချေ။

သူမ၏ခန္ဓာကိုယ်တစ်ခုလုံးကို မမြင်နိုင်သောအားလှိုင်းတစ်ရပ်က ထိန်းချုပ်ဟန့်တားထားသဖြင့် သူမ ဆန္ဒရှိနေလျှင်ပင် ထွက်ပြေးနိုင်ခြင်းမရှိချေ။

ဤအချိန်တွင် ရှောင်ချင်သည် အလွန်အမင်း စိတ်ဓာတ်ကျနေပေ၏။

သူမသည် ပါရမီရှင်တစ်ယောက်ဖြစ်ပြီး သက်တူရွယ်တူများအကြားတွင် လူနည်းစုကသာ သူမ၏ပြိုင်ဘက်ဖြစ်နိုင်သည်။သူမကဲ့သို့လူများသည် ကောင်းကင်ဘုံနယ်မြေ၌ အစွမ်းထက်ပုဂ္ဂိုလ်များဖြစ်လာမည့် ကံကြမ္မာမျိုးပါရှိပြီးဖြစ်သည်။

ဖြစ်နိုင်သည်က သူမ ယနေ့ ဤနေရာတွင် ကြွေလွင့်သွားရတော့မည်လော...

သေခြင်းနှင့်လက်တစ်ကမ်းအကွာသို့ ရောက်ရှိနေချိန်တွင် ရှောင်ချင်သည် ပုံရိပ်ယောင်တစ်ခုအလား လူတစ်ယောက်က ဖုတ်ကောင်အုပ်စုကြား၌ ထွက်ပေါ်လာခြင်းကို တွေ့မြင်မိသည်။

ဤလူသည် အံ့အားသင့်ဖွယ်ကောင်းအောင်ပင် လုယွီ ဖြစ်နေခဲ့သည်။

သူ ဒီနေရာကို ဘာလို့လာတာလဲ...သေလမ်းလာရှာတာလား....

သို့ရာတွင် သူမရှေ့၌ ဖြစ်ပျက်နေသော အရာများကြောင့် သူမ၏အတွေးများအားလုံး ပျက်စီးသွားပေ၏။

ထိုသွေးဆာနေသောဖုတ်ကောင်များသည် လုယွီကိုကြောက်ရွံနေသည့်အလား နောက်သို့ဆုတ်ကာ လမ်းဖယ်ပေးလိုက်ကြသည်။

ထိုမြင်ကွင်းသည် မဖြစ်နိုင်လုနီးပါးကိစ္စဖြစ်သော်လည်း ယခုလက်ရှိအချိန်တွင် သူမ၏ရှေ့၌ အမှန်တကယ်ဖြစ်ပျက်နေသည်။

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

လောကကြီးအပေါ် သူမ၏အမြင်များ တစတစကြေမွပျက်စီးလာသကဲ့သို့ ရှောင်ချင်က ခံစားနေရ၏။

ဤကောင်လေးသည် သူ့ထံ၌ အစွမ်းထက်မှော်လက်နက်တစ်ခုရှိနေသဖြင့် အင်အားကောင်းနေခြင်းမဟုတ်လော....

မည်သည့်ကြောင့် ဖုတ်ကောင်များသည် သူ့အား ထိတ်လန့်ကြောက်ရွံနေကြသနည်း။ဤသည်က ကျိုးကြောင်းဆီလျော်မှုမရှိသောကိစ္စပင်။

လုယွီသည် စစ်မြေပြင်မှနေ၍ လမ်းတလျှောက်ဆုံး တစ္ဆေဧကရာဇ်၏အော်ရာကို အာရုံခံခဲ့သည်။ဤမြေအောက်နန်းဆောင်ကို ရှာတွေ့ရန် သူ့အတွက် အချိန်ကြာမြင့်ခြင်းမရှိခဲ့ချေ။

ဤအချိန်အခိုက်အတန့်တွင် လုယွီသည် စစ်မြေပြင်အတွင်း၌ အချိန်ခုနစ်ရက်ကြာ ကျင့်ကြံခဲ့ပြီးလေပြီ။ရှောင်ချင်တို့လူစုသည် တစ္ဆေဧကရာဇ်၏အသိုက်အတွင်းသို့ ရောက်ရှိနေမည်ဟု သူ မျှော်လင့်မထားမိချေ။

မရေမတွက်နိုင်သောဖုတ်ကောင်များကြားတွင် ဆရာသခင်သုန်၏ခန္ဓာကိုယ်ကိုအပိုင်စီးထားသော တစ္ဆေဧကရာဇ်ကို လုယွီက မြင်တွေ့လိုက်ရ၏။

ဤနေရာရှိ မြေပြင်ပေါ်သို့ ဆင်းသက်ပြီးသည်နှင့် လုယွီက မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကို ထုတ်လွှက်လိုက်သည်။တစ္ဆေဧကရာဇ်၏အငွေ့အသက်များရှိနေသော ဖုတ်ကောင်များသည် ဧကရာဇ်မင်းကို မြင်တွေ့လိုက်ရသော အမတ်ကြီးများအလား လုယွီကို တားဆီးဟန့်တားဝံ့ခြင်းမရှိချေ။

"တစ္ဆေဧကရာဇ်က ပြန်ရှင်သန်လာတာနဲ့ မိန်းကလေးတွေကို တန်းပြီးအနိုင်ကျင့်နေတာပါလား"

လုယွီက တစ္ဆေဧကရာဇ်၏ရှေ့သို့ ရောက်ရှိသွားသည်။

လုယွီပြောဆိုသည်မှာ ရှေးဟောင်းဘာသာစကားနှင့်ဖြစ်ပေ၏။သူ၏ရင်ဘတ်မှနေ၍ လူအများကို တုန်လှုပ်ချောက်ချားမှုအား ပေးစွမ်းနိုင်သော အသံနက်ကြီး ပွင့်အံထွက်လာသည်။

တစ္ဆေဧကရာဇ်သည် ရှောင်ချင်ကိုလွှက်ပေးကာ လုယွီအား စုန်ချည်ဆန်ချည်ကြည့်လိုက်သည်။

"မင်း ဘယ်သူလဲ"

"မင်းရဲ့အသက်ကို ယူမယ့်သူလေ"

လုယွီက စကားများစွာပြောဆိုခြင်းမရှိဘဲ ​ပြောင်ပြောင်တင်းတင်းစတင်တိုက်ခိုက်လိုက်၏။

ဤကဲ့သို့ ရှေးဟောင်းမွန်းစတားကြီးများနှင့် သူ စကားများစွာပြောဆိုကာ အချိန်ဖြုန်း၍မရချေ။ယခုချိန်၌ တစ္ဆေဧကရာဇ်သည် ကိုယ်ပွါးအဖြစ်သာ ကျန်ရှိနေသည့်အချက်ကို ထည့်တွေးပါက ဆိုဖွယ်ရာပင်မရှိတော့ပေ။

ရှေးဟောင်းအချိန်ကာလများတွင် တစ္ဆေဧကရာဇ်သည် အလွန်အမင်းအစွမ်းထက်သော နတ်ဆိုးတစ်ယောက်ဖြစ်သည်။သူသည် သေမျိုးလောကများအတွင်းသို့ မကြာခဏသွားရောက်၍ မြောက်မြားစွာသောပြဿနာများကိုဖန်တီးကာ မရေမတွက်နိုင်သောလူများကို သတ်ဖြတ်ခဲ့သည်။

နောက်ပိုင်းတွင် ကောင်းကင်ဘုံဧကရာဇ်သည် ရှေးဟောင်းကောင်းကင်ဘုံတရားရုံးကို တည်ထောင်ခဲ့သည်။အသက်ဆက်ရှင်သန်နိုင်စေရန်အလို့ငှါ ထိုနတ်ဆိုးသည် တော်ဝင်နန်းတွင်းကို လိုလိုလားလားပူးပေါင်း၍ တစ္ဆေဧကရာဇ်ဟူသောအမည်ကိုခံယူကာ ငရဲနယ်မြေအား အုပ်ချုပ်ခဲ့လေ၏။

ရှေးဟောင်းအချိန်ကာလများအတွင်း၌ သူသည် ထူးချွန်သောစစ်ရေးအောင်မြင်မှုများ ပြသခဲ့သော်လည်း အကြောင်းအရင်းမှာ ကောင်းကင်ဘုံဧကရာဇ်သည် သူ့အား ဖိနှိပ်ထားခြင်းကြောင့်ပင်။

ယခုလက်ရှိချိန်၌ ရှေးဟောင်းကောင်းကင်ဘုံတရားရုံး ပျောက်ကွယ်သွားပြီဖြစ်ရာ တစ္ဆေဧကရာဇ် မည်ကဲ့သို့လုပ်ဆောင်မည်ကို တွေးတောရန်ပင် မလိုအပ်တော့ချေ။

Chapter 2120

ထိုက်ယွမ်လက်ဝါး....

လုယွီသည် သူ၏ရှေးဟောင်းသိုင်းပညာနည်းစနစ်ကို အသက်သွင်းလိုက်၏။အစစ်အမှန်နဂါးရှစ်ကောင်၏စွမ်းအားများနှင့် ပေါင်းစပ်မိချိန်တွင် သူ့ရှေ့ရှိ လေထုအတွင်း၌ ဧရာမရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးအဖြစ် ဖွဲ့စည်းသွားကာ တစ္ဆေဧကရာဇ်ပေါ်သို့ ပြင်းပြင်းထန်ထန် ကျရောက်သွားသည်။

ထိုလက်ဝါးရိုက်ချက်နှင့်ရင်ဆိုင်ရချိန်တွင် တစ္ဆေဧကရာဇ်၏မျက်နှာအမူအယာ ရုတ်တရက် ပြောင်းလဲသွားပေ၏။

"အမတ်ကြီးချွယ်ရဲ့နည်းစနစ်ပါလား...မင်းက ဘယ်သူလဲ"

ထိုသို့ပြောဆိုပြီးသည်နှင့် တစ္ဆေဧကရာဇ်က သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ ပြင်းထန်သောယင်ချီစွမ်းအင်လှိုင်းများက အရပ်မျက်နှာအဘက်ဘက်မှ စုဝေးလာသည်။

ဤနေရာသည် သူ၏အသိုက်ဟောင်းဖြစ်သဖြင့် လေထုအတွင်း၌ အကန့်အသတ်မရှိသော ယင်ချီများဖြင့် ပြည့်နှက်နေသည်။ထိုယင်ချီများအားလုံးသည် သူ၏အမိန့်ကိုနာခံကြပြီး သူ၏လက်ဝါးအတွင်း၌ စုဝေးလာကြ၏။

"သေခြင်းနှင့်ရှင်ခြင်း...ကံကြမ္မာ...ပြန်လည်ဝင်စားခြင်း"

တစ္ဆေဧကရာဇ်သည် ကျယ်လောင်စွာအော်ဟစ်လိုက်ရာ သူ့ရှေ့၌စုဝေးနေသော ယင်ချီများမှနေ၍ ပစ္စည်းသုံးမျိုးအဖြစ် သိပ်သည်းသွားသည်။

ထိုပစ္စည်းသုံးမျိုးအနက်မှ တစ်မျိုးသည် စာအုပ်တစ်အုပ်ဖြစ်ပေ၏။ထိုစာအုပ်သည် ထူထဲပြီးတည်ငြိမ်ကာ စာမျက်နှာတိုင်းတွင် သေးငယ်သောစာလုံးများဖြင့် ပြည့်နှက်နေသည်။ထိုစာလုံးများကို ပြွတ်သိပ်၍စုစည်းရေးသားထားပေရာ တစ်ချက်ကြည့်မိရုံဖြင့် လူအများအား မူးဝေမှုကို ခံစားရစေပေမည်။

ရှေးဟောင်းအချိန်ကာလအတွင်း၌ ငရဲနယ်မြေတွင် ဧကရာဇ်အဆင့်အထွတ်အမြတ်ရတနာသုံးမျိုးရှိသည်။ထိုအရာများမှာ သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင် ကံကြမ္မာစာအုပ်နှင့် ပြန်လည်ဝင်စားခြင်းအဆောင်လက်ဖွဲ့တို့ဖြစ်သည်။

ထိုဧကရာဇ်အဆင့်ရတနာသုံးမျိုးနှင့်အတူ တစ္ဆေဧကရာဇ်သည် လောကကြီးအတွင်းရှိ သက်ရှိမျိုးနွယ်များအားလုံး၏ မွေးဖွားခြင်း အိုမင်းခြင်း နာမကျန်းဖြစ်ခြင်းနှင့်သေဆုံးခြင်းတို့ကိုထိန်းချုပ်နိုင်ကာ ပြန်လည်ဝင်စားခြင်းလမ်းကြောင်းခြောက်သွယ်ကို ဖန်တီးခဲ့သည်။

ရှေးဟောင်းကောင်းကင်ဘုံတရားရုံး ပျက်စီးပြိုလဲသွားခြင်းနှင့်အတူ ထိုဧကရာဇ်အဆင့်ရတနာသုံးမျိုးသည် အရိပ်အယောင်ပင်မကျန်ဘဲ ပျောက်ကွယ်သွားပေ၏။သို့ရာတွင် တစ္ဆေဧကရာဇ်သည် ထိုရတနာများ၏ထိန်းချုပ်သူ အရှင်သခင်ဖြစ်ခဲ့သည်။ထို့ကြောင့် တစ္ဆေဧကရာဇ်သည် သူ၏အစွမ်းထက်သောမှော်စွမ်းအားများကို အမှီပြု၍ ထိုမှော်ရတနာသုံးမျိုး၏ပုံရိပ်ယောင်များကို ထုတ်ဖော်အသုံးပြုနိုင်စွမ်းရှိသည်။

ဘုန်း....

ထိုက်ယွမ်လက်ဝါး၏ ပြင်းထန်သောအားလှိုင်းသည် ဧကရာဇ်အဆင့်မှော်ရတနာသုံးမျိုး၏ပုံရိပ်ယောင်ပေါ်သို့ ကျရောက်သွားသည်။သို့ရာတွင် ထိုဧကရာဇ်ဆင့်မှော်ရတနာသုံးမျိုးသည် အနည်းငယ်လှုပ်ခါသွားရုံမှအပ ကြီးမားစွာသက်ရောက်သွားမှုမရှိချေ။

လုယွီက သူ၏လက်ဝါးရိုက်ချက်မှစွမ်းအားသည် အကြွင်းမဲ့လုံလောက်နေပြီဟု ခံစားမိသည်။

သို့ရာတွင် ထိုအရာသည် ထူထပ်သိပ်သည်းသောယင်ချီများပေါ်သို့ ကျရောက်သွားချိန်တွင် အားလှိုင်းတစ်ရပ် ရုတ်တရက်ထွက်ပေါ်လာကာ သူ၏လက်ဝါးရိုက်ချက်မှစွမ်းအားများကို တခြားနေရာသို့ ပြောင်းရွှေ့သွားစေသည်။

ဤသည်က ထိုလက်ဝါးရိုက်ချက်စွမ်းအားများသည် ပစ်မှတ်ကို လုံးလုံးလျားလျား လွဲချော်သွားသကဲ့သို့ပင်။

"အမတ်ကြီးချွယ်က ငါ့ကို သတ်ချင်နေတာလား..ကြည့်ရတာတော့ သူက ကျူးရုံနဲ့ပူးပေါင်းထားတာမလား...ဒါပေမယ့် မင်းရဲ့အဆင့်လောက်နဲ့ ငါ့ကိုသတ်ဖို့ဆိုတာမဖြစ်နိုင်ဘူး"

တစ္ဆေဧကရာဇ်က သရော်တော်တော်ပြောဆိုကာ တစ်ချိန်တည်းမှာပင် သူက ဓားချီတစ်လှိုင်းကို ထုတ်လွှက်လိုက်၏။

အကန့်အသတ်မရှိသောယင်ချီများသည် တစ္ဆေဧကရာဇ်၏ရှေ့၌ သိပ်သည်းသွားပြီး နောက်ဆုံး၌ မီတာပေါင်းများစွာရှည်လျားသော ဧရာမဓားကြီးအဖြစ်ဖွဲ့စည်းသွားသည်။ထိုဓားချီသည် လုယွီကိုပစ်မှတ်ထား၍ ပြင်းပြင်းထန်ထန် ကျရောက်လာသည်။

မြေအောက်လောကနတ်ဘုရား၏အမျက်ဒေါသဖြတ်ပိုင်းခြင်း...

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လုယွီသည် ထိုလှုပ်ရှားမှုကို မှတ်မိသွားပေ၏။

အတိတ်ဘဝ၌ သူသည် တစ္ဆေဧကရာဇ်၏အမွေအနှစ်ကို ရရှိခဲ့သည်။သို့ရာတွင် မည်သို့ပင်ဆိုစေကာမူ ထိုအမွေအနှစ်သည်တစိတ်တစ်ဒေသသာဖြစ်၍ သူ့ရှေ့ရှိ တစ္ဆေဧကရာဇ်ကိုယ်တိုင် သူ့အားသင်ကြားပေးသလောက် ကောင်းမွန်ရန်မှာ မဖြစ်နိုင်ချေ။

ဒေါင်....

လုယွီက လက်ညှိုးညွှန်လိုက်ရာ ဓားချီတစ်လှိုင်းထွက်ပေါ်လာပြီး မြေအောက်လောကနတ်ဘုရား၏အမျက်ဒေါသဖြတ်ပိုင်းခြင်းဓားချီနှင့် ဖီလာဆန့်ကျင် ရိုက်ခတ်မိသွားသည်။ပြင်းထန်သောမြည်ဟီးသံကြီးတစ်သံက လေထုအတွင်း၌ ထွက်ပေါ်လာပေ၏။

တစ္ဆေဧကရာဇ်သည် ကိုယ်ပွါးအဆင့်သာရှိတော့သော်လည်း သူ့ထံ၌ ကြီးမားသောခွန်အားရှိနေဆဲပင်။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လုယွီ၏အင်မော်တယ်သုတ်သင်ဓားချီ ပျက်ပြယ်သွားသည်။မြေအောက်လောကနတ်ဘုရား၏အမျက်ဒေါသဖြတ်ပိုင်းခြင်းဓားချီသည် လုယွီထံဦးတည်ကာ ပြင်းပြင်းထန်ထန် ကျဆင်းလာသည်။

ထိုဓားချီ ကျရောက်လုဆဲဆဲအချိန်အခိုက်အတန့်တွင် လုယွီက သူ၏ခန္ဓာကိုယ်လှုပ်ရှားမှုနည်းစနစ်ကိုအသုံးပြု၍ ရှောင်တိမ်းလိုက်၏။

"မင်းက ရှောင်ချင်တာလား...ဒါက ငါ့ရဲ့တော်ဝင်နန်းတော်....ငါ့ရဲ့ပိုင်နက်ပဲ...မင်း ရှောင်တိမ်းလို့မရနိုင်ဘူး"

တစ္ဆေဧကရာဇ်သည် ကောက်ကျစ်ယုတ်မာသောအပြုံးနှင့် လေထုအတွင်းရှိ သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ပုံရိပ်ယောင်ကို ဖမ်းဆုပ်လိုက်သည်။ဤအချိန်အခိုက်အတန့်တွင် ထိုရှေးဟောင်းဧကရာဇ်အဆင့်မှော်ရတနာသည် အစစ်အမှန်ပစ္စည်းတစ်ခုဖြစ်နေပုံရသည်။

တစ္ဆေဧကရာဇ်သည် သူ၏လက်ဝါးပေါ်၌ သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ကိုတင်ကာ ညင်သာစွာ လှည့်ပတ်လိုက်၏။

ဘုန်း...

လေထုအတွင်း၌ ပြင်းထန်သောပေါက်ကွဲသံတစ်သံ မြည်ဟီးလာသည်။

လုယွီရှိနေသော လေဟာနယ်နေရာမှနေ၍ လှုပ်ခတ်မှုလှိုင်းများ ထွက်ပေါ်လာပေ၏။အစောပိုင်းက ရှောင်ချင်တို့ညီအမနှစ်ယောက် ကြုံတွေ့ရသကဲ့သို့လုယွီ၏ပုံရိပ်သည် လေဟာနယ်အတွင်း၌ အေးခဲနေပုံရသည်။

"သေစမ်း"

သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်တွင် ယင် ယန်ဟူ၍ လမ်းကြောင်းနှစ်ခုပါရှိသည်။တစ္ဆေဧကရာဇ်သည် သံလိုက်အိမ်မြှောင်၏ ယင်လမ်းကြောင်းဘက်ကိုလှည့်လိုက်ရာ လုယွီရှိနေသောလေဟာနယ် တွန့်လိမ်သွားသည်။

အကယ်၍ သာမာန်ကျင့်ကြံသူတစ်ယောက်သာ ဤကဲ့သို့တိုက်ခိုက်မှုမျိုးနှင့် ရင်ဆိုင်ရပါက သူ၏အရိုးများအားလုံး ကျိုးပဲ့ပျက်စီးသွားကာ မသန်မစွမ်းဘဝသို့ ရောက်ရှိသွားပေမည်။

သို့ရာတွင် လုယွီကမူ မတူကွဲပြားပေ၏။သူ့ထံတွင် အလွန်သန်မာအားကောင်းသော ရုပ်ခန္ဓာကိုယ်ရှိနေသဖြင့် ဤအဆင့်တိုက်ခိုက်မှုသည် သူ၏အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်စွမ်းမရှိချေ။

All Chapters