← Chapters

အခန်း (၂၁၂၁-၂၁၂၅)

Vol. 109 Ch. 2121-2125

အခန်း (၂၁၂၁-၂၁၂၅)

Vol. 109 Ch. 2121-2125

Chapter 2121

"သေခြင်းနဲ့ရှင်ခြင်း....သေခြင်းနဲ့ရှင်ခြင်းလား...ဒါဆိုရင် ဒါက တစ္ဆေဧကရာဇ်ရဲ့အမွေအနှစ်လျှို့ဝှက်ချက်ပေါ့"

လုယွီက ထိုစကားလုံးကို ထပ်ခါထပ်ခါ ရွတ်ဆိုလိုက်၏။သူ၏စိတ်အတွင်း၌ ထိုမှော်မန္တန်ကို အကြိမ်ပေါင်းရာနှင့်ချီ၍ ရွတ်ဆိုပြီးနောက် တစ္ဆေဧကရာဇ်၏အတွေ့အကြုံများကို အတည်ပြုနိုင်ခဲ့သည်။

အတိတ်ဘဝတွင် ထိုအမွေအနှစ်အား သူရရှိပြီးနောက် သေရေးရှင်ရေးအထွတ်အထိပ်အခြေအနေမျိုးတွင် စွမ်းအားများ ပွင့်အံထွက်လာသည်မှာ အံ့အားသင့်ဖွယ်မရှိတော့ချေ။

ထိုအချိန်တုန်းက သူ၏ခွန်အားသည် အဆများစွာမြင့်တက်သွားကာ သူ၏ရန်သူများအားလုံးကို အမြစ်ပြတ်သုတ်သင်နိုင်ခဲ့သည်။

တစ္ဆေဧကရာဇ်၏အမွေအနှစ်သော့ချက်သည် တစ်စုံတစ်ယောက် သေရေးရှင်ရေးကြား အကန့်အသတ်ကို ချိုးဖျက်နိုင်ရန်ဖြစ်ပေ၏။

ဤအချိန်အခိုက်အတန့်တွင် လုယွီ၏ပုံရိပ်သည် လေဟာနယ်တွန့်လိမ်နေမှုနှင့်အတူ အဆက်မပြတ်ပြောင်းလဲနေသည်။

သို့ရာတွင် လုယွီ၏ခန္ဓာကိုယ်မှနေ၍ မမြင်နိုင်သောအားလှိုင်းတစ်ရပ်ထွက်ပေါ်နေကာ သူ၏နံဘေးပတ်ဝန်းကျင်မှ သေခြင်းရှင်ခြင်းစွမ်းအားများကို တန်ပြန်တိုက်ခိုက်နေပေ၏။ဤဖြစ်စဥ်အတောအတွင်း၌ လုယွီ၏ခွန်အား မြင့်တက်လာခဲ့သည်။

"အဲ့ဒီကောင်လေးက ခုထိအသက်ရှင်နေတုန်းလား"

တစ္ဆေဧကရာဇ်က ရုတ်တရက် အံ့အားတသင့် ရေရွတ်လိုက်သည်။

သူသည် ကိုယ်ပွါးအဆင့်သာရှိသော်လည်း သူ ထုတ်ဖော်အသုံးပြုလိုက်သောစွမ်းအားသည် သာမာန်ကျင့်ကြံသူများ ယှဥ်ပြိုင်နိုင်မည့်အရာမျိုးမဟုတ်ချေ။

သို့ရာတွင် လုယွီ၏ရုပ်ခန္ဓာကိုယ်သည် သူ စိတ်ကူးယဥ်တွေးတောနိုင်သည်ထက် များစွာပို၍သန်မာအားကောင်းနေသည်။

"မင်း ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲဆိုတာ ငါ စောင့်ကြည့်အုံးမယ်"

တစ္ဆေဧကရာဇ်သည် သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ကို ထပ်မံ၍လှည့်ပတ်လိုက်၏။

တွန့်လိမ်နေသောလေဟာနယ်အတွင်း၌ရှိနေသော လုယွီ၏မျက်လုံးများအတွင်း၌ ရုတ်တရက် တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားသော အရိပ်အယောင်များ ထင်ဟပ်လာသည်။

"သူ့ဆီမှာ ရှေးဟောင်းဧကရာဇ်အဆင့်မှော်ရတနာသုံးမျိုးရှိတယ်...ဒါပေမယ့် သူက သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်တစ်ခုတည်းကိုပဲ အသုံးပြုနေတယ်...ဒီသံလိုက်အိမ်မြှောင်က ပုံရိပ်ယောင်မဟုတ်ဘူး...အစစ်အမှန်မှော်နည်းစနစ်တစ်ခုပဲ"

လုယွီက ချက်ချင်းဆိုသလိုပင် နားလည်သဘောပေါက်သွားသည်။

အစစ်အမှန်တစ္ဆေဧကရာဇ်သည် သူ၏ကိုယ်ပွါးအား လက်ဆောင်ကြီးတစ်ခု ပေးခဲ့လေ၏။

"ဖြစ်နိုင်တာတော့ တစ္ဆေဧကရာဇ်ရဲ့အစစ်အမှန်ခန္ဓာကိုယ်က တစ်ခုခုကို ကြိုတင်ခန့်မှန်းမိပြီးတော့ သူ့ရဲ့ကိုယ်ပွါးအပေါ်မှာ ခုလောက်ထိအများကြီး အကုန်အကျခံထားပုံပဲ...မဟုတ်ရင် ဒီကိုယ်ပွါးသက်သက်နဲ့ ချိပ်ပိတ်ခံထားရတဲ့နေရာကနေ ထွက်လာနိုင်မှာမဟုတ်ဘူး"

လုယွီက တီးတိုးရေရွတ်လိုက်သည်။

လုယွီ၏နံဘေးပတ်ဝန်းကျင်ရှိ သေခြင်းရှင်ခြင်းစွမ်းအားများ တိုးတက်လာသည်နှင့်အမျှ သူ့ပေါ်သို့သက်ရောက်နေသော ဖိအားအရှိန်အဝါ ပို၍အားကောင်းလာသည်။

နောက်ဆုံး၌ လုယွီသည် အန္တရာယ်အငွေ့အသက်ကို ခံစားမိပေ၏။

အကယ်၍ သူ ဤအနှောင်အဖွဲ့အတွင်း၌ ဆက်လက်၍ချောင်ပိတ်မိနေပါက သူ သေချာပေါက်သေဆုံးရပေမည်။

"ဒါက သေရေးရှင်ရေးအထွတ်အထိပ်အခြေအနေပဲ"

လုယွီက အခွင့်ကောင်းကို ရှာဖွေလိုက်သည်။

သူသည် ရှေးဟောင်းခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်များကို ကျင့်ကြံသဖြင့် သူ၏ရုပ်ခန္ဓာကိုယ်သည် ဖျက်ဆီး၍မရနိုင်လုနီးပါးအဆင့်သို့ ရောက်ရှိနေလေပြီ။သူ့အတွက် ယခုကဲ့သို့ သေခြင်းနှင့်လက်တစ်ကမ်းအကွာသို့ ရောက်ရှိနေသောခံစားချက်မျိုးရရှိရန်မှာ လွန်စွာခက်ခဲလှ၏။

အတိတ်ဘဝတွင် သူသည် သေရေးရှင်ရေးအထွတ်အထိပ်အခြေအနေကို ကြုံတွေ့ရပြီးနောက် သူ၏ကျင့်ကြံမှုအရှိန်နှုန်း ပိုမိုမြန်ဆန်လာခဲ့သော အတွေ့အကြုံများလည်း သူ့ထံ၌ရှိနေသည်။

ဝုန်း....

သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ပေါ်ရှိ သံလိုက်အပ် စတင်၍ပြင်းပြင်းထန်ထန် တုန်ခါလာသည်။

တစ်စုံတစ်ခု၏လွှမ်းမိုးမှုကို ခံလိုက်ရသည့်အလား သံလိုက်အပ်သည် ယင် ယန်လမ်းကြောင်းနှစ်ခုကြား ရှေ့နောက်ရွေ့လျားနေသည်။

"ဘာတွေဖြစ်နေတာလဲ"

တစ္ဆေဧကရာဇ်သည် မျက်မှောင်ကြုတ်လိုက်ကာ သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ပေါ်မှ သံလိုက်အပ်ကိုထိန်းချုပ်ရန် ကြိုးပမ်းလိုက်၏။

သို့သော် ထိုအချိန်မှာပင် ချိပ်ပိတ်ခံထားရသောနေရာအတွင်းရှိ လုယွီက ရုတတရက် ခေါင်းမော့လိုက်သည်။

"ငါ မျှော်လင့်ထားသလိုပဲ....မင်း ကိုယ်တိုင် ငါ့ကိုသင်ကြားပေးတာကို ငါ သင်ယူရတာ အရမ်းမြန်တယ်"

လုယွီ၏လက်ဝါးအတွင်း၌ ရုတ်တရက် ယင်ချီများ ထွက်ပေါ်လာသည်။

ပတ်ဝန်းကျင်ရှိယင်ချီများအားလုံးသည် အစောပိုင်းက တစ္ဆေဧကရာဇ်၏အမိန့်ကိုနာခံနေရာမှ ရုတ်တရက် သွေဖည်သွားကြ၏။

သို့ရာတွင်ယခုလက်ရှိချိန်၌ ထိုယင်ချီများသည် အရှင်သခင်သစ်တစ်ယောက်ကို တွေ့ရှိသွားပုံဖြင့် လုယွီထံဦးတည်ကာ တန်းတန်းမတ်မတ် မျောလွင့်သွားကြသည်။

ထောင်ပေါင်းများစွာသောယင်ချီလှိုင်းများသည် လုယွီ၏ရှေ့၌ စုဝေးသွားကာ နောက်ဆုံး၌ သံလိုက်အိမ်မြှောင်တစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။

ထိုသံလိုက်အိမ်မြှောင်သည် တစ္ဆေဧကရာဇ်၏လက်အတွင်း၌ရှိနေသောအရာနှင့် တစ်ထပ်တည်းတူညီပေ၏။

"မင်းရဲ့ကိုယ်ပိုင် ဧကရာဇ်အဆင့်မှော်လက်နက်ရဲ့စွမ်းအားကို မင်း တောင့်ခံနိုင်မလားဆိုတာ ငါ ကြည့်ကြည့်မယ်"

လုယွီက သူ၏လက်အတွင်းရှိသံလိုက်အိမ်မြှောင်မှလက်တံကို ရွေ့လျားလိုက်သည်။

ဝီ...ဝီ...ဝီ....

တစ္ဆေဧကရာဇ်၏နံဘေးပတ်ဝန်းကျင်ရှိလေဟာနယ် တဖြည်းဖြည်း တွန့်လိမ်စပြုလာသည်။

တစ္ဆေဧကရာဇ်၏ခန္ဓာကိုယ်အပိုင်စီးခြင်းကို ခံထားရသော ဆရာသခင်သုန်၏ရုပ်ခန္ဓာကိုယ်သည် လုယွီ၏ရုပ်ခန္ဓာကိုယ်နှင့် အပြည့်အဝခြားနားသောအဆင့်တစ်ခုတွင်ရှိနေသည်။

ဘုန်း...ဘုန်း...ဘုန်း...

ဤအချိန်အခိုက်အတန့်တွင် ဆရာသခင်သုန်၏ခန္ဓာကိုယ်တစ်ခုလုံးမှအရိုးများ ကြေမွပျက်စီးသွားပြီး သူ၏ခန္ဓာကိုယ်သည် ထူးဆန်းသောပုံပန်းသဏ္ဌာန်ဖြင့် လေထုအတွင်း၌ မျောလွင့်နေပေ၏။

Chapter 2122

ဆရာသခင်သုန်သည် တစ္ဆေဧကရာဇ်၏ခန္ဓာကိုယ်အပိုင်စီးခြင်းကို ခံထားရသည်။တစ္ဆေဧကရာဇ်၏ယင်ချီများဖြင့် အားဖြည့်တင်းပေးမှုသည် သူ့အား ချက်ချင်းပင် ပို၍အားကောင်းသန်မာလာစေသော်လည်း ထို့ထက်မပိုချေ။

အစောပိုင်းက လုယွီသည် သေရေးရှင်ရေးအထွတ်အထိပ်အခြေအနေသို့ ရောက်ရှိနေချိန်၌ သူ၏ဦးနှောက်ကို အလျှင်အမြန်အလုပ်ပေး၍ တစ္ဆေဧကရာဇ်၏သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ကို ခိုးယူနိုင်ခဲ့သည်။

တစ္ဆေဧကရာဇ်ပင်လျှင် ဤကဲ့သို့ရလဒ်မျိုးထွက်ပေါ်လာမည်ဟု မျှော်လင့်ထားပုံမရချေ။သူသည် သတိလက်လွတ်နေမိသဖြင့် လုယွီဖန်တီးထားသော သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်၏ချိပ်ပိတ်မှုအတွင်းသို့ ကျရောက်သွားခဲ့သည်။

"ကောင်လေး...မင်း သေချင်နေတာလား"

တစ္ဆေဧကရာဇ်က ဒေါသတကြီး အော်ဟစ်လိုက်၏။

သူသည် ရှေးကောင်းအချိန်ကာလအတွင်းမှ မွန်းစတားအိုကြီးဖြစ်သည်။အစွမ်းထက်ဆုံးသရဲတစ္ဆေများပင်လျှင် သူ၏အမိန့်ကို နာခံကြရသည်။

သူသည် မြေအောက်လောက၏အရှင်သခင်ဖြစ်၍ သက်ရှိများ၏သေခြင်း ရှင်ခြင်းကို ဆုံးဖြတ်ပေးနိုင်သည်။သူ့ထံတွင် အလွန်ကြီးမားသောစွမ်းအားမျိုးရှိပြီး သူ၏ခြေတစ်ချက်ဆောင့်နင်းလိုက်ရုံဖြင့် လောကသုံးခုလုံးကို တုန်ခါစေနိုင်ခဲ့၏။

သို့ရာတွင် ယခုလက်ရှိချိန်၌ လူငယ်တစ်ယောက်၏အကွက်ချစီစဥ်ခြင်းကို ခံခဲ့ရသလော....

"ငါ မင်းကိုဖမ်းမိတာနဲ့...မင်းရဲ့နောက်ခံဇစ်မြစ်ကို ငါ အသေးစိတ်စစ်ဆေးဖော်ထုတ်မယ်...ကောင်လေး...ငါ့အကြောင်းကို မင်း ကောင်းကောင်းသိစေရမယ်"

ဆရာသခင်သုန်၏ခန္ဓာကိုယ်မှနေ၍ အနက်ရောင်အခိုးအငွေ့များထွက်ပေါ်လာကာ တွန့်လိမ်နေသောလေဟာနယ်ကိုဖြတ်သန်း၍ လုယွီ၏အနီးရှိလေဟာနယ်အတွင်းသို့ ရောက်ရှိလာသည်။

ထိုထူထပ်သောအနက်ရောင်မြူခိုးများသည် လေဟာနယ်အတွင်း၌ လူကြီးတစ်ယောက်၏ပုံပန်းသွင်ပြင်အဖြစ် သိပ်သည်းသွားသည်။သူသည် ကြက်သွေးရောင်နဂါးဝတ်ရုံကိုဝတ်ဆင်ထားပြီး သူ၏ခေါင်းထက်၌ တော်ဝင်သရဖူကိုဆောင်းထားကာ သူ့ခါး၌ဓားတစ်လက်ကို ချိတ်ဆွဲထားသည်။သူ၏မျက်လုံးများအတွင်း၌ ကြီးကျယ်ခမ်းနားမှုနှင့်မြင့်မြတ်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။

ဤသည်က တစ္ဆေဧကရာဇ်ပင်။

သူသည် မီးနတ်ဘုရားကဲ့သို့ပင် နှစ်ပေါင်းထောင်သောင်းချီ၍ အသက်ရှင်သန်ခဲ့သူဖြစ်သဖြင့် အားကောင်းသောမှော်စွမ်းအားများကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်သည်။

အကယ်၍ သူသည် ယခင်ကဲ့သို့အစွမ်းထက်ခြင်းမရှိသည့်တိုင် လွယ်လင့်တကူရင်ဆိုင်နိုင်မည့်သူမျိုးမဟုတ်ချေ။

"သူက ဘယ်သူလဲ...ဘာလို့ သူ့ဆီကအရှိန်အဝါက ဒီလောက်ထိ တုန်လှုပ်ချောက်ချားဖို့ကောင်းနေတာလဲ"

ရှောင်ချင်သည် တစ္ဆေဧကရာဇ်နှင့်အနီးကပ်ဆုံးနေရာတွင် ရှိနေလေ၏။ဤအချိန်အခိုက်အတန့်တွင် သူ၏အကြည့်တစ်ချက်ဖြင့်ပင် သူမသည် ရေခဲလှိုဏ်ဂူအတွင်းသို့ ရောက်ရှိသွားသည့်အလား ခံစားလိုက်ရသည်။သူမ၏အသက်ပင်လျှင် သူမ၏ထိန်းချုပ်မှုအောက်၌ မရှိတော့သကဲ့သို့ပင်။

အကယ်၍ ယခုလက်ရှိချိန်၌ သူမကို ထိန်းချုပ်ဟန့်တားထားမှုမရှိလျှင်ပင် သူမ၏အသိစိတ်များ ပြန့်ကြဲနေသဖြင့် ထွက်ပြေးနိုင်ရန်ခွန်အားမရှိချေ။

ရှောင်လင်းအာသည်လည်း တစ္ဆေဧကရာဇ်၏အစွမ်းထက်သော ဖိအားအရှိန်အဝါအောက်တွင် မိန်းမောတွေဝေနေသည်။မည်သို့ပင်ဆိုစေကာမူ တစ္ဆေဧကရာဇ်သည် ရှေးဟောင်းခေတ်မှအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဖြစ်ပေ၏။သူ့ထံမှထုတ်လွှက်ထားသော ဖိအားအရှိန်အဝါမျိုးသည် သူမကဲ့သို့ အင်မော်တယ်လမ်းကြောင်းပေါ်သို့မရောက်သေးသူတစ်ယောက် တောင့်ခံနိုင်မည့်အရာမျိုးမဟုတ်ချေ။

ဘုန်း....

ခပ်အုပ်အုပ်အသံတစ်သံနှင့်အတူ သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်မှစွမ်းအားများကြောင့် ဆရာသခင်သုန်၏ခန္ဓာကိုယ်ကြေမွသွားကာ သူ၏အသွေးအသားများက နေရာအနှံ့သို့ ပြန့်ကျဲသွားသည်။

ဤအချိန်အခိုက်အတန့်တွင် တစ္ဆေဧကရာဇ်သည်ရုပ်ခန္ဓာကိုယ်၏တားဆီးကန့်သတ်မှုမရှိတော့သဖြင့် သူ၏ခွန်အားအကုန်အစင်ကို ထုတ်ဖော်အသုံးပြုလိုက်၏။

"ငါက ဒီလိုအော်ရာမျိုးကို မခံစားရတာ အချိန်အတော်ကြာနေပြီ...ကောင်လေး...မင်းဆီကနေ ငါ ရင်းနှီးကျွမ်းဝင်တဲ့အငွေ့အသက်မျိုးရနေတယ်...ပြန်တွေးကြည့်ရင် အရင်တုန်းက ငါ အမွေအနှစ်တစ်ခုကို ချန်ထားခဲ့တယ်...မင်း ဒါ့ကို ရထားတာမလား"

တစ္ဆေဧကရာဇ်က ရုတ်တရက် ပြောဆိုလိုက်သည်။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူသည် လုယွီ ဖြစ်ပျက်ခဲ့သောကိစ္စရပ်များကို ခန့်မှန်းတွက်ချက်ပြီးလေပြီ။

"မင်းဆီမှာ အမတ်ကြီးချွယ်ရဲ့အငွေ့အသက်လည်းရှိနေတယ်...ဒါပေမယ့် အမတ်ကြီးချွယ်က အလွယ်တကူ တပည့်လက်ခံတဲ့သူမဟုတ်ဘူး...ဒါပေမယ့် မင်းက သူ့ရဲ့နည်းစနစ်ကိုအသုံးပြုနေတယ်...ဖြစ်နိုင်တာတော့ သူလည်း သေဆုံးသွားပြီးတော့ အကျိုးအမြတ်တွေကို မင်းက အလကားရသွားတာများလား"

သူတို့နှစ်ယောက်ထိပ်တိုက်ရင်ဆိုင်မိသည့်အချိန်အခိုက်အတန့်တွင် တစ္ဆေဧကရာဇ်သည် လုယွီ ဖြစ်ပျက်ခဲ့သောကိစ္စရပ်များကို ရှာဖွေဖော်ထုတ်နိုင်ခဲ့သည်။

လုယွီ၏စိတ်နှလုံးသား လှုပ်ရှားသွားပေ၏။သူသည် အတိတ်ဘဝ၌ အစွမ်းထက်သောတာအိုသခင်ဖြစ်ခဲ့စဥ်ကပင် ဤကဲ့သို့သောရှေးဟောင်းမွန်းစတားအိုကြီးဖြင့် မျက်နှာချင်းဆိုင်ခဲ့ဖူးခြင်းမရှိချေ။

"အချိန်ခုနစ်ရက်ကုန်သွားပြီ.....ရှောင်မိသားစုကလူတွေ ရောက်လာတော့မယ်...ငါ ဒီတိုက်ပွဲကို မြန်မြန်အဆုံးသတ်မှရမယ်"

လုယွီ၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ဖြတ်ပြေးသွားသည်။တစ်ချိန်တည်းမှာပင် သူ၏လက်အတွင်းရှိ သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ကို အသက်သွင်းလိုက်၏။

ကြီးမားသောသေခြင်းရှင်ခြင်းစွမ်းအားများက ချက်ချင်းဆိုသလိုပင် ဆရာသခင်သုန်၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။

"ဟား ဟား ဟား...မင်းက ငါ့ရဲ့မှော်နည်းစနစ်ကိုအသုံးပြုပြီး ငါ့ကို ရင်ဆိုင်ချင်တာလား...အိမ်မက်မက်မနေနဲ့"

တစ္ဆေဧကရာဇ်သည် သရော်တော်တော်ပြောဆိုပြီး သူ၏လက်အတွင်းရှိ သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ကိုအသက်သွင်းကာ လုယွီ၏တိုက်ခိုက်မှုကို ခုခံလိုက်သည်။

အင်အားလှိုင်းနှစ်ခုရင်ဆိုင်မိချိန်တွင် လုယွီ၏မှော်စွမ်းအားများသည် သိသာထင်ရှားစွာ အရေးနိမ့်နေပေ၏။

သို့ရာတွင် လုယွီသည် သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ကို ရည်ရွယ်ချက်ရှိရှိအသုံးပြုနေသည်ကို တစ္ဆေဧကရာဇ်သိရှိမည်မဟုတ်ချေ။သူသည် တစ္ဆေဧကရာဇ်ထံမှသင်ယူပြီးနောက် သူ၏ကိုယ်ပိုင်မှော်နည်းစနစ်များဖြင့် နှိုင်းယှဥ်ကြည့်နေခြင်းပင်။

Chapter 2123

"ငါ သိပြီ...ငါ အရင်ကရထားတဲ့ တစ္ဆေဧကရာဇ်ရဲ့အမွေအနှစ်က မပြည့်စုံဘူး...ငါက တစ္ဆေဧကရာဇ်ရဲ့နည်းစနစ်တွေထဲက အနှစ်သာရတွေအများကြီးကို မသင်ယူနိုင်ခဲ့ဘူး"

လုယွီ၏မျက်လုံးအတွင်း၌ နားလည်သဘောပေါက်သွားသော အရိပ်အယောင်များ ထင်ဟပ်လာသည်။

အချိန်များတရွေ့ရွေ့ကုန်လွန်လာသည်နှင့်အမျှ လုယွီ ထုတ်လွှက်ထားသော သေခြင်းရှင်ခြင်းစွမ်းအားများ တစတစပို၍အားကောင်းလာသည်။

သူ၏မှော်စွမ်းအားများဖြင့် ဖန်တီးထားသော သူ့လက်အတွင်းမှသံလိုက်အိမ်မြှောင်သည် အစစ်အမှန်နှင့် တူညီလာပေ၏။ထိုအရာသည် တစ္ဆေဧကရာဇ်ကို ချေမွှဖျက်ဆီးလိုဟန်ဖြင့် အစွမ်းထက်သောစွမ်းအားများကို အဆက်မပြတ်ထုတ်လွှင့်နေသည်။

"ဒီကောင်လေး...ထပ်ပြီး ငါ့ကို လှည့်စားပြန်ပြီ"

တစ္ဆေဧကရာဇ်သည် ရှေးဟောင်းခေတ်ကာလမှစတင်၍ အသက်ရှင်သန်လာခဲ့သော မွန်းစတားအိုကြီးဖြစ်သည်။သူသည် မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လုယွီပြုလုပ်နေသောအရာကို သိရှိသွားပေ၏။

"ငါ့ရဲ့တာအိုနည်းစနစ်ကို မင်းလိုဂျူနီယာတစ်ယောက်က ဘယ်လိုလုပ်ပြီး ခိုးယူဝံ့တာလဲ...အဆင်အခြင်မဲ့လိုက်တာ"

တစ္ဆေဧကရာဇ်က ခနဲ့တဲ့တဲ့ ပြောဆိုလိုက်သည်။ထို့နောက် သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ကိုထိန်းချုပ်နေသော သူ၏လက်များကို အနည်းငယ်ရပ်တန့်လိုက်၏။ရုတ်ချည်းဆိုသလိုပင် သူ၏လက်ချောင်းထိပ်မှနေ၍ ရှေးဟောင်းအက္ခရာတချို့ ထွက်ပေါ်လာသည်။

ထိုရှေးဟောင်းအက္ခရာများသည် 'ဆပ်ဆာရာ' 'သေခြင်းရှင်ခြင်း'ဟူသောစာလုံးများဖြစ်သည်။ထိုအရာများသည် ကျမ်းစာအတွင်းမှ စာလုံးတချို့ဖြစ်ပေ၏။

တစ်ချိန်တည်းမှာပင် တစ္ဆေဧကရာဇ်၏လက်အတွင်းရှိ သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်မှနေ၍ ရုတ်တရက် ဆယ့်ရှစ်ထပ်မြင့်မားသော စေတီတစ်ဆူထွက်ပေါ်လာသည်။ထိုစေတီ၏အထပ်တိုင်းတွင် သရဲတစ္ဆေများနှင့် ပြည့်နှက်နေကာ တစ်ချက်ကြည့်မိရုံဖြင့်ပင် လူအများအား သူတို့၏ဦးရေပြားများထုံကျင်လာမှုကို ခံစားရစေပေမည်။

အထပ်တိုင်းတွင် အထူးအပြစ်ပေးမှုများရှိနေသည်။စေတီအတွင်းရှိသရဲတစ္ဆေများသည် နာကျင်မှုကြောင့်ညည်းတွားနေကြသော်လည်း အသူရာကြေးချွတ်သန့်စင်ဘုံအတွင်းမှ လွတ်မြောက်နိုင်ခြင်းမရှိချေ။

"ရှေးဟောင်းငရဲနယ်မြေလား"

လုယွီသည် တစ္ဆေဧကရာဇ်၏လက်အတွင်းရှိ သံလိုက်အိမ်မြှောင်မှ ထုတ်ဖော်လိုက်သောအရာကို သိရှိပေ၏။

အတိတ်ဘဝတွင် သူရရှိခဲ့သော တစ္ဆေဧကရာဇ်၏အမွေအနှစ်များအတွင်း၌ ရှေးဟောင်းငရဲနယ်မြေ၏အကြောင်းပါဝင်သည်။နောက်ပိုင်း၌ သူ မြေအောက်လောာကနယ်မြေကို တည်ထောင်စဥ်တွင် ရှေးဟောင်းငရဲကြီးဆယ့်ရှစ်ထပ်၏ဖွဲ့စည်းပုံကို အတုယူခဲ့ပြီး ပြန်လည်ဝင်စားခြင်းသံသရာစက်ဝန်းကိုလည်း တည်ဆောက်ခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ အမွေအနှစ်သည် အမွေအနှစ်အဆင့်သာရှိ၍ ပြီးပြည့်စုံခြင်းမရှိချေ။

ဤအချိန်အခိုက်အတန့်တွင် တစ္ဆေဧကရာဇ် ထုတ်ဖော်ပြသထားသော ငရဲနယ်မြေနှင့် လုယွီ နားလည်သဘောပေါက်ထားသောအရာကြား၌ ကွဲပြားခြားနားချက်များရှိနေသည်။

"ခု ကြည့်ကြည့်တော့မှ ငါ့ရဲ့အတိတ်ဘဝက ကျင့်ကြံနည်းစနစ်မှာ ဟာကွက်တွေအများကြီးရှိနေတာပဲ"

တိုက်ပွဲအတွင်း၌ လုယွီသည် သူ၏တိုက်ခိုက်မှုစွမ်းရည်ကို အလျှင်အမြန်မြှင့်တင်နေသည့်အပြင် သူ၏ကျင့်ကြံနည်းစနစ်ကိုလည်း ပြီးပြည့်စုံစေရန် အဆက်မပြတ် လေ့လာဆန်းစစ်နေပေ၏။

လုယွီသည် သူ့စိတ်ဝိညာဥ်မှစွမ်းအားကြောင့် လုပ်ငန်းများစွာကို တပြိုင်နက်တည်း လုပ်ဆောင်နိုင်သည်။တိုက်ပွဲအတွင်းမှာပင် သူသည် ခွဲဖြာဆန်းစစ်မှုကို ပြုလုပ်နိုင်ပေ၏။

သို့ရာတွင် တစ္ဆေဧကရာဇ်သည်လည်း အတွေ့အကြုံကြွယ်ဝသူတစ်ယောက်ဖြစ်ရာ သူသည် မည်သည်ကြောင့် လုယွီအား ဤကဲ့သို့အခွင့်အရေးမျိုးပေးမည်နည်း။

"ငါ့ကို ဆရာတစ်ယောက်လို့ မင်းက ထင်နေတာလား....သနားဖို့ကောင်းတာက ငါ့ရဲ့သင်ကြားမှုတိုင်းမှာ ထိုက်သင့်တဲ့တန်ကြေးရှိတယ်...ကောင်လေး...မြန်မြန်ငရဲနယ်မြေထဲကို လာခဲ့စမ်း"

တစ္ဆေဧကရာဇ်သည် ရုတ်တရက် ကျယ်လောင်ပြီးကြည်လင်ပြတ်သားသောမှော်မန္တန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်ရာ ထိုအသံသည် နန်းဆောင်တခွင်လုံးအနှံ့ ပျံ့နှံ့သွားပေ၏။

သူ၏လက်အတွင်းရှိ ရှေးဟောင်းငရဲနယ်မြေမှနေ၍ ရုတ်တရက် ပြင်းထန်သောစုပ်အားတစ်ရပ်ထွက်ပေါ်လာကာ လုယွီကို ဝါးမျိုလိုက်သည်။

ရှေးဟောင်းငရဲနယ်မြေတွင် ငရဲကြီးဆယ့်ရှစ်ထပ်ရှိသည်။သက်ရှိများသည် သူတို့မသေဆုံးမီပြုလုပ်ခဲ့သော ကောင်းမှုမကောင်းမှုများအရ စီရင်ချက်ချခံရသည်။နောက်ဆုံး၌ သူတို့သည် အပြစ်ဒဏ်ကိုခံယူရန် ဤနေရာသို့ ရောက်ရှိလာကြ၏။ငရဲနယ်မြေ၏အထပ်တစ်ခုစီတွင် ကွဲပြားခြားနားသော အပြစ်ပေးနည်းလမ်းများရှိနေသည်။

တစ္ဆေဧကရာဇ်သည် လုယွီကို ရှေးဟောင်းငရဲနယ်မြေအတွင်းသို့ ဝင်ရောက်စေလိုပြီး အပြစ်ပေးမှုများကို ကိုယ်တိုင်ကိုယ်ကျ ခံစားရစေလိုပုံရသည်။

ရုတ်ချည်းဆိုသလိုပင် လုယွီ၏မျက်လုံးများ မှောင်မည်းသွားပြီး သူသည် ရှေးဟောင်းငရဲနယ်မြေအတွင်းသို့ ရောက်ရှိသွားပေ၏။

ဤသည်က ကမ္ဘာငယ်တစ်ခုပင်။ဤနေရာရှိကောင်းကင်ယံသည် တိမ်တိုက်များအကြား၌ မြောက်မြားစွာသောမီးတောက်များ လောင်ကျွမ်းနေသကဲ့သို့ တဟုန်းဟုန်းတောက်လောင်နေသည်။

ကျယ်ပြန့်သောကုန်းမြေပေါ်၌ မြောက်မြားစွာသောသရဲတစ္ဆေများက နေရာအနှံ့အပြား၌ရှိနေလေ၏။ထိုသရဲတစ္ဆေအများစုတွင် အားကောင်းသော နတ်ဆိုးဆန်သည့်အနီရောင်အငွေ့အသက်များ ထုတ်လွှင့်နေပေရာ အလွန်အမင်းတုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်။

လုယွီသည် မြေပြင်ပေါ်သို့ ခြေချလိုက်သည်နှင့် သူ၏ပတ်ဝန်းကျင်ရှိ သရဲတစ္ဆေများသည် သက်ရှိအငွေ့အသက်ကိုအာရုံခံမိသွားပုံဖြင့် ချက်ချင်းဆိုသလိုပင် သူ့အားကိုက်ဖြတ်ရန် ပြေးဝင်လာကြ၏။

"ထွက်သွားကြစမ်း"

ထိုမြင်ကွင်းကိုမြင်သည်နှင့် လုယွီက အေးစက်စက်နှာတစ်ချက်မှုတ်ပြီး ထိုသရဲတစ္ဆေများကို ချေမွှဖျက်ဆီးလိုက်သည်။

လုယွီတိုက်ခိုက်လိုက်သည်နှင့် သူ၏ပတ်ဝန်းကျင်တစ်ခုလုံးရှင်းလင်းသွားပြီး မည်သည့်သရဲတစ္ဆေမျှ သူ၏အနားသို့ မချဥ်းကပ်ဝံ့တော့ချေ။

Chapter 2124

"ဒါက ရှေးဟောင်းငရဲနယ်မြေလား"

ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ပြီးနောက် လုယွီက သူ မည်သည့်နေရာသို့ရောက်ရှိနေသည်ကို ချက်ချင်းဆိုသလိုပင် သိရှိသွားပေ၏။

ဤနေရာပတ်ဝန်းကျင်တွင် စိတ်ဝိညာဥ်စွမ်းအင် တစိုးတစိမျှရှိမနေချေ။ထိုအစား ထူထပ်သိပ်သည်းသော သတ်ဖြတ်လိုခြင်းအငွေ့အသက်များကသာ သူ၏ခန္ဓာကိုယ်ကို တိုက်စားနေသည်။

မည်သည့်သက်ရှိမဆို ဤနေရာ၌ ခြေချမိသည်နှင့် တဖြည်းဖြည်း ထိုသတ်ဖြတ်လိုခြင်းအငွေ့အသက်များ၏လွှမ်းမိုးမှုကို ခံရပေမည်။အဆုံးသတ်၌ သူတို့၏အသိစိတ်များ တစတစပျောက်ဆုံးသွားကာ ရှေးဟောင်းငရဲနယ်မြေ၏ကျေးကျွန်များအဖြစ်သို့ ရောက်ရှိသွားပေလိမ့်မည်။

"ငါ ထင်ထားသလိုပဲ...တစ္ဆေဧကရာဇ်က ငါ့ကို ရှေးဟောင်းနယ်မြေထဲကိုဝါးမျိုပြီးဖိနှိပ်ဖို့ ရည်ရွယ်ထားတာပဲ"

လုယွီက ညည်းတွားလိုက်၏။

အစောပိုင်းက တစ္ဆေဧကရာဇ်၏တိုက်ခိုက်မှုကို သူ ခုခံကာကွယ်ခြင်းမပြုခဲ့ချေ။သူသည် တစ္ဆေဧကရာဇ်ထံမှ ပို၍များပြားသောကျင့်ကြံနည်းစနစ်များကို တူးထုတ်လိုခဲ့သည်။

ကျူးရုံနှင့်မတူညီသောအချက်မှာ လုယွီသည် အတိတ်ဘဝတွင် တစ္ဆေဧကရာဇ်၏အမွေအနှစ်ကိုရရှိခဲ့သဖြင့် သူတို့၏ကျင့်ကြံနည်းစနစ်များတွင် တူညီသောနောက်ခံဇစ်မြစ်ရှိသည်။လုယွီသည် တစ္ဆေဧကရာဇ်ကို လာရောက်ရှာဖွေရသောအကြောင်းအရင်းမှာ သူ့ထံမှသင်ယူလိုသောအရာများရှိနေခြင်းကြောင့်ပင်။ထိုအရာများသည် သူ၏ခွန်အားကိုမြှင့်တင်ရာ၌ ကြီးမားသောအထောက်အပံဖြစ်လာပေမည်။

"ငါက ရှေးဟောင်းအမွေအနှစ်မှတ်တမ်းတွေထဲမှာပဲ ငရဲကြီးဆယ့်ရှစ်ထပ်ကိုမြင်ဖူးတယ်...ဒါပေမယ့် ငါ ဒါကို အမှန်တကယ်မကြုံတွေ့ဖူးဘူး...အခုကြည့်ရသလောက်တော့ ငါ့ရဲ့အရင်တုန်းက အတွေးတွေက မှားယွင်းနေတာပါလား"

လုယွီက အနည်းငယ်မျှပင် ထိတ်လန့်ကြောက်ရွံနေခြင်းမရှိချေ။ထိုအစား သူက ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ကာ လေ့လာဆန်းစစ်လိုက်၏။

ဤကိစ္စမတိုင်မီက လုယွီ၏ရှေးဟောင်းခေတ်ကာလအပေါ်အမြင်များသည် ရှေးဟောင်းမှတ်တမ်းစာအုပ်များအတွင်းမှ ထွက်ပေါ်လာသည်။

"ဒီသရဲတစ္ဆေတွေက ရှေးဟောင်းအချိန်ကာလကတည်းက ဝေဒနာခံစားနေရတဲ့ သက်ရှိမျိုးနွယ်တွေဖြစ်မယ်....ရှေးဟောင်းအချိန်ကာလတုန်းက သက်ရှိတွေအားလုံး သေကြေပျက်စီးသွားခဲ့တဲ့အပြင် ရှေးဟောင်းကောင်းကင်ဘုံတရားရုံးတောင် ပြိုလဲသွားခဲ့တယ်...သူတို့က တစ္ဆေဧကရာဇ်ရဲ့ကိုယ်ပွါးနဲ့အတူ ခုထိကျန်နေကြတယ်"

လုယွီက ပတ်ဝန်းကျင်ကို ကြည့်ရှုစစ်ဆေးလိုက်သည်။

ဤှနေရာရှိသရဲတစ္ဆေများ၏ဝတ်စုံများသည် ယခုလက်ရှိအချိန်ကာလမှလူများ၏ဝတ်စုံဖြင့် အလွန်ကွဲပြားခြားနားလှ၏။လုယွီက ကြောက်မက်ဖွယ်ရှေးဟောင်းသားရဲတချို့၏စိတ်ဝိညာဥ်များကိုပင် တွေ့မြင်မိသည်။

လုယွီ၏ခန္ဓာကိုယ်တွင် အစွမ်းထက်သောအရှိန်အဝါရှိနေခြင်းကြောင့် ထိုသရဲတစ္ဆေများသည် အန္တရာယ်ကို နားလည်သဘောပေါက်ကြပုံရသည်။သူတို့သည် လုယွီ၏အနီးသို့ချဥ်းကပ်ဝံ့ခြင်းမရှိဘဲ မလှမ်းမကမ်းမှသာ အခွင့်ကောင်းကို ချောင်းမြောင်းနေကြ၏။

ရှေးဟောင်းအချိန်ကာလများအတွင်းတွင် မြောက်မြားစွာသော သရဲတစ္ဆေများကို ငရဲသို့ နေ့စဥ်နေ့တိုင်း ပို့ဆောင်ကြသည်။ဤနေရာရှိ သရဲတစ္ဆေအရေအတွက်ကို အခြေခံအားဖြင့် ရေတွက်၍မရချေ။

လုယွီသည် နံဘေးပတ်ဝန်းကျင်ကို လေ့လာဆန်းစစ်နေစဥ် ငရဲနယ်မြေ၏နက်ရှိုင်းသောနေရာမှနေ၍ ကျယ်လောင်သောအော်ဟစ်ကြုံးဝါးသံကြီး ထွက်ပေါ်လာသည်။

ထို့နောက်မှနေ၍ ပြင်းထန်သောလေပြင်းမုန်တိုင်းတစ်ရပ်က မိုးကုတ်စက်ဝိုင်းကိုဖြတ်သန်း၍ တိုက်ခတ်လာပေ၏။

လုယွီ၏အမြင်အာရုံမှာ လွန်စွာကောင်းမွန်သည်။ဤသည်က သာမာန်လေပြင်းမုန်တိုင်းမဟုတ်ဘဲ စူးရှချွန်ထက်သောဓားချီများက ငရဲနယ်မြေတစ်ခုလုံးကို ဖြတ်သန်းတိုက်ခတ်နေခြင်းဖြစ်ကြောင်း သူ တွေ့မြင်မိသည်။

မရေမတွက်နိုင်သောသရဲတစ္ဆေများသည် စတင်၍သွေးရူးသွေးတန်း ထွက်ပြေးကြ၏။သို့ရာတွင် ထိုဓားချီမုန်တိုင်း၏အရှိန်သည် အလွန်လျှင်မြန်သဖြင့် မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သရဲတစ္ဆေအုပ်စုထံသို့ ကျရောက်သွားသည်။

ဝှစ်...ဝှစ်...ဝှစ်...

ဓားချီမုန်တိုင်း၏ဖြတ်သန်းတိုက်ခတ်ခြင်းကိုခံလိုက်ရသော သရဲတစ္ဆေများသည် ကြီးမားသောနာကျင်မှုကိုခံစားနေရပုံရကာ စူးရှနာကျင်စွာအော်ဟစ်လိုက်သောအသံများက နေရာအနှံ့အပြားမှ ထွက်ပေါ်လာသည်။

ဤဓားချီမုန်တိုင်းကို ရှောင်ရှားရန်မှာ နည်းလမ်းမရှိချေ။မြေပြင်ပေါ်၌ လဲလျောင်းနေသော သရဲတစ္ဆေတချို့ပင်လျှင် ထိုဓားချီမုန်တိုင်းအောက်မှ လွတ်မြောက်နိုင်ခြင်းမရှိချေ။

လုယွီသည် မျက်လုံးစုံမှိတ်၍ နေရာတွင် မတ်တတ်ရပ်နေဆဲပင်။

ဓားချီမုန်တိုင်းသည် လုယွီ၏ခန္ဓာကိုယ်ကို ဖြတ်သန်းတိုက်ခတ်သွားသည်နှင့် သူ့စိတ်ဝိညာဥ်၏အနက်ရှိုင်းဆုံးနေရာမှလာသော နာကျင်မှုကို ခံစားလိုက်ရသည်။

နာကျင်မှု...

စိတ်ဝိညာဥ်အား ပိုင်းဖြတ်သွားသည့်နာကျင်မှုမျိုးသည် တောင့်ခံနိုင်မည့်အရာမျိုးမဟုတ်ချေ။

အကယ်၍ သာမာန်လူများသာ ဤကဲ့သို့ပိုင်းဖြတ်မှုများကိုခံရပါက အချိန်အတိုင်းအတာတစ်ခုထိ ဝေဒနာခံစားရပြီး တဖြည်းဖြည်းသေဆုံးသွားပေမည်။

သို့ရာတွင် သရဲတစ္ဆေများအတွက်မူ မတူညီချေ။

ထိုဓားချီမုန်တိုင်းသည် သရဲတစ္ဆေများ၏အသက်ကိုခြိမ်းခြောက်နိုင်စွမ်းမရှိသော်လည်း သူတို့၏စိတ်ဝိညာဥ်အနက်ရှိုင်းဆုံးနေရာမှလာသောနာကျင်မှုကို ခံစားရစေသည်။

"ဒါက ရှေးဟောင်းငရဲနယ်မြေရဲ့သရဲတစ္ဆေတွေကို အပြစ်ပေးမှုလား"

လုယွီသည် နာကျင်မှုကို တိတ်တဆိတ်ခံစားပြီးနောက် ချက်ချင်းဆိုသလိုပင် ဓားချီမုန်တိုင်းကြောင့်ဖြစ်ပေါ်သွားသော သူ့စိတ်ဝိညာဥ်မှအက်ကွဲကြောင်းကို ပြုပြင်လိုက်၏။

"စိတ်ဝိညာဥ်ပျက်စီးလို့ ပြန်လည်ပြုပြင်တဲ့အကြိမ်တိုင်း အရင်ထက် နည်းနည်းပိုအားကောင်းလာမယ်....ဒဏ္ဍါရီတွေအရတော့ ရှေးဟောင်းငရဲနယ်မြေထဲကနေ ထွက်လာနိုင်တဲ့သူမရှိဘူးတဲ့...ဒါပေမယ့် ဒီနေရာမှာ အလှည့်အပြောင်းတစ်ခုခုတော့ရှိရမယ်"

လုယွီက တီးတိုးရေရွတ်လိုက်သည်။

Chapter 2125

အချိန်တစ်နာရီခန့်ကြာပြီးနောက် ဓားချီမုန်တိုင်းကြီး ပျောက်ကွယ်သွားသည်။

ထိုဓားချီမုန်တိုင်းသည် ငရဲနယ်မြေ၏ထောင့်နေရာတ်ုင်းနီးပါးကို ဖြတ်သန်းတိုက်ခတ်သွားပေ၏။သရဲတစ္ဆေများသည် မည်သည့်နေရာ၌ ပုန်းအောင်းနေသည်ဖြစ်စေ ထိုဓားချီမုန်တိုင်း၏သက်ရောက်ခြင်းကို ခံကြရသည်။

ထိုဓားချီမုန်တိုင်းတိုက်ခတ်သွားချိန်တွင် သရဲတစ္ဆေများ၏စိတ်ဝိညာဥ်များကို ပျက်ပြယ်သွားမှုမရှိစေသော်လည်း အလွန်အမင်းနာကျင်မှုကို ခံစားရစေသည်။သူတို့သည် ရှင်သန်၍လည်းမရ သေဆုံး၍လည်းမရချေ။

ထိုသရဲတစ္ဆေများသည် အဆုံးမရှိသောနာကျင်မှုကို ခံစားရပြီးနောက် တဖန်ပြန်၍နိုးထလာကြ၏။ရှေးဟောင်းအချိန်ကာလမှ ယခုချိန်ထိတိုင် နှစ်ပေါင်းသောင်းနှင့်ချီ၍ ထိုသရဲတစ္ဆေများအားလုံး နှိပ်စက်ညှင်းပန်းမှုဒဏ်ကို ခံစားရသည်။ထို့ကြောင့် ငရဲနယ်မြေတစ်ခုလုံးသည် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ နာကျည်းမုန်းတီးမှုအငွေ့အသက်များနှင့် ပြည့်နှက်နေသည်။

အကယ်၍ ပြန်လည်ဝင်စားခြင်းသံသရာစက်ဝန်းသာရှိနေဆဲဖြစ်ပါက သူတို့၏အပြစ်ပေးခံရမှုပြီးဆုံးချိန်တွင် ဘဝသစ်တစ်ခုကို တဖန်ပြန်၍စတင်နိုင်ပေမည်။

သို့ရာတွင် ရှေးဟောင်းခေတ်ကာလ အဆုံးသတ်သွားမှုနှင့်အတူ ပြန်လည်ဝင်စားခြင်းအမိန့်တော်သည်လည်း ပျောက်ကွယ်သွားခဲ့သည်။ထိုသရဲတစ္ဆေများသည် လုံလောက်သောပြစ်ဒဏ်ကို အကြိမ်ပေါင်းများစွာ ခံယူပြီးဖြစ်သော်လည်း ဤနေရာမှထွက်ခွါနိုင်ခြင်းမရှိချေ။

သူတို့သည် ဤငရဲနယ်မြေအတွင်း၌သာ ချောင်ပိတ်မိနေပြီး နှိပ်စက်ညှင်းပန်းမှုဒဏ်ကို အဆက်မပြတ်ခံစားနေရ၏။

ဝေါင်း....

အဝေးတစ်နေရာမှနေ၍ ဟိန်းဟောက်သံများ ထွက်ပေါ်လာပြီးနောက် ရူးသွပ်မိုက်မဲသောသရဲတစ္ဆေတချို့က လုယွီထံသို့ဦးတည်၍ ပျံသန်းလာသည်။

ယခုလက်ရှိချိန်၌ လုယွီသည်ရုပ်ခန္ဓာကိုယ်ဖြင့် ငရဲနယ်မြေအတွင်း၌ ရှိနေခဲ့သည်။ထိုသရဲတစ္ဆေများသည် လုယွီ၏အနီးသို့ ချဥ်းကပ်နိုင်ခြင်းမရှိဘဲ သူ၏ရိုက်ချက်ကြောင့် လွင့်ထွက်သွားကြ၏။

အချိန်များကုန်လွန်လာသည်နှင့်အမျှ လုယွီ၏နံဘေးပတ်ဝန်းကျင်၌ သရဲတစ္ဆေများ ပို၍စုဝေးလာသည်။မရေမတွက်နိုင်သောသရဲတစ္ဆေများက လုယွီ၏ခန္ဓာကိုယ်ကို အပိုင်စီးရန် ကြိုးပမ်းနေကြသည်။

"ဒီနေရာက ထွက်သွားကြစမ်း"

လုယွီက အေးစက်စက်မျက်လုံးတစ်စုံဖြင့် ပတ်ဝန်းကျင်သို့ ဝေ့ဝိုက်၍ကြည့်လိုက်၏။ရုတ်ချည်းဆိုသလိုပင် သူ၏နောက်၌ မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး ထွက်ပေါ်လာသည်။

ထိုသရဲတစ္ဆေများအားလုံးသည် သူတို့၏အရှင်သခင်ကိုမြင်တွေ့လိုက်ရသည့်အလား တစ်ကောင်ပြီးတစ်ကောင် မြေပြင်ပေါ်၌ဝပ်တွားကာ မလှုပ်ရှားဝံ့တော့ချေ။

အဝေးတစ်နေရာတွင် လေပြင်းမုန်တိုင်းသည် စုဝေးနေဆဲဖြစ်ကာ နောက်ထပ် စိတ်ဝိညာဥ်ပိုင်းဖြတ်ခြင်းမုန်တိုင်းတစ်ခုဖြစ်ပေါ်လာရန် အစပျိုးနေလေပြီ။

"သွားပြီး တစ်ချက်ကြည့်ကြည့်တာပေါ့"

လုယွီက လေပြင်းမုန်တိုင်း၏ဗဟိုချက်နေရာသို့ဦးတည်၍ ပျံသန်းလိုက်၏။

သူ ထိုလေပြင်းမုန်တိုင်း၏ဗဟိုချက်နေရာနှင့်နီးကပ်လာလေလေ သရဲတစ္ဆေများ ပို၍နည်းပါးလာလေလေပင်။ထိုသရဲတစ္ဆေများသည် အကန့်အသတ်မရှိသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့် ပြည့်နှက်နေသော်လည်း ကောင်းကျိုးကိုရှာဖွေ၍ ဆိုးကျိုးကိုရှောင်ရှားရမည်ကို သိနေဆဲဖြစ်သဖြင့် လေပြင်းမုန်တိုင်း၏ဗဟိုချက်နှင့် ဝေးကွာသောနေရာတွင်သာ ပုန်းအောင်းနေကြသည်။

လုယွီသည် ဤနေရာသို့ရောက်ရှိလာသည်နှင့် သူ၏စိတ်ဝိညာဥ်ဆုတ်ဖြဲခံရလုမတက်နာကျင်မှုကို ခံစားမိသည်။

ဤနာကျင်မှုသည် သူ၏စိတ်ဝိညာဥ်မှစတင်လာပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားပေ၏။ဤသည်က သည်းမခံနိုင်လောက်ဖွယ် နာကျင်မှုမျိုးပင်။

ရုတ်ချည်းဆိုသလိုပင် ဗုဒ္ဓ၏အငွေ့အသက်များက လုယွီ၏စိတ်ဝိညာဥ်အတွင်းသို့ တိုးဝင်လာကာ သူ၏ဒဏ်ရာရရှိနေသော စိတ်ဝိညာဥ်ကို ပြန်လည်ကုသပေးလေ၏။

အတွေးတစ်ချက်နှင့်အတူ လုယွီက ဤအရာသည် ရွှံစေးရုပ်မှထွက်လာသောမျောက်မှ သူ့အား လက်ဆင့်ကမ်းပေးခဲ့သော ကျင့်ကြံနည်းစနစ်ဖြစ်ကြောင်း အမှတ်ရသွားသည်။

ဤကျင့်ကြံနည်းစနစ်သည် မြင့်မြတ်ဧကရာဇ်ခန္ဓာကိုယ်နည်းစနစ် အကြွင်းမဲ့မူလဘူတခန္ဓာကိုယ်နည်းစနစ်တို့နှင့် များစွာကွဲပြားခြားနားပေ၏။ထိုအရာသည် သူ၏ရုပ်ပိုင်းဆိုင်ရာခွန်အားကို မြှင့်တင်ပေးနိုင်ခြင်းမရှိချေ။ဆန့်ကျင်ဘက်အနေဖြင့် ထိုကျင့်ကြံနည်းစနစ်၏ပြန်လည်ကုသနိုင်မှုစွမ်းရည်မှာ အလွန်အမင်း တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်။

လုယွီသည် ရုတ်ချည်းသတ်ဖြတ်ခံရမှုမရှိပါက သူ၏ဒဏ်ရာ မည်မျှပင်ပြင်းထန်နေပါစေ အချိန်တိုအတွင်းတွင် ကောင်းမွန်လာနိုင်သည်။

ဤကျင့်ကြံနည်းစနစ်၏အကျိုးသက်ရောက်မှုသည် မိုးကောင်းကင်ကိုပင် ဆန့်ကျင်နေပေ၏။

ဖြစ်နိုင်သည်မှာ ထိုမျောက်ပြောခဲ့သော သက်ရှည်မီးအိမ်ကိုထွန်းညှိနိုင်မည့်နည်းလမ်းမှာ အခြေအမြစ်မရှိသောအရာ ဟုတ်ပုံမရချေ။

လေပြင်းမုန်တိုင်း၏ဗဟိုချက်တွင် ကြီးမားသောအဆောက်အဆုံကြီးတစ်ခုရှိနေသည်။ထိုအရာသည် သရဲတစ္ဆေတစ်ကောင်၏ဦးခေါင်းပုံရုပ်ထုပင်။ထိုရုပ်ထု၏ဖွင့်ဟထားသောပါးစပ်အတွင်းမှနေ၍ လေပြင်းများထွက်ပေါ်နေလေ၏။

ရုပ်ထု၏နဖူးပြင်ပေါ်တွင် အုပ်ချုပ်ရေးရုံးနှင့်တူသော မြင့်မားသည့်အဆောက်အအုံတစ်လုံးရှိသည်။တံခါး၏ဘေးတစ်ဖက်တစ်ချက်ရှိ အနီရောင်တိုင်လုံးများပေါ်တွင် စာလုံးကြီးများဖြင့် 'သေခြင်းနှင့်ရှင်ခြင်း' 'ပြစ်ဒဏ်'ဟူသောရှေးဟောင်းစာလုံးများကို ရေးထွင်းထားသည်။

ထိုရုံးအတွင်းရှိစားပွဲပေါ်၌ ကြီးမားသောစည်းတံဆိပ်တစ်ခုရှိနေကာ ထိုအရာကိုအနီရောင်မှင်ဖြင့် အမှတ်အသားပြုထားသဖြင့် အလွန်အမင်းမျက်စေ့ဖမ်းစားနိုင်ပေ၏။

"ဒီနေရာက ငရဲနယ်မြေတစ်ခုလုံးကိုထိန်းချုပ်တဲ့ ဗဟိုချက်နေရာပဲ"

လုယွီက သူ၏ခြေထောက်ကိုမြှောက်၍ စည်းတံဆိပ်ရှိနေသောနေရာသို့ ဦးတည်၍လျှောက်လှမ်းလိုက်သည်။

သို့ရာတွင် သူ ထိုအုပ်ချုပ်ရေးရုံးအနီးသို့ ချဥ်းကပ်သွားသောအချိန်အခိုက်အတန့်တွင် တုန်လှုပ်ချောက်ချားဖွယ်လေပြင်းမုန်တိုင်းတစ်ခုက သူ့အား ဖြတ်သန်းတိုက်ခတ်သွားသည်။

လုယွီ၏ယခုလက်ရှိခွန်အားဖြင့်ပင် သူ၏ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်ခြင်းမရှိဘဲ ထိုလေပြင်းကြောင့် သူသည် မီတာထောင်ပေါင်းများစွာကွာဝေးသောနေရာသို့ လွင့်ထွက်သွားပေ၏။

Thank For Reading.

All Chapters