← Chapters

အခန်း (၂၁၂၆-၂၁၃၀)

Vol. 110 Ch. 2126-2130

အခန်း (၂၁၂၆-၂၁၃၀)

Vol. 110 Ch. 2126-2130

Chapter 2126

ဘုန်း...

လုယွီသည် လွင့်ထွက်သွားပြီးနောက် ကျောက်တုံးကြီးတစ်တုံးပေါ်သို့ ပြင်းပြင်းထန်ထန် ကျရောက်သွားသည်။

သူက ချက်ချင်းဆိုသလိုပင် လေထုအတွင်း၌ သူ၏ခန္ဓာကိုယ်ကို တစ်ပတ်လှည့်၍ ကျောက်တုံးကြီး၏မျက်နှာပြင်ပေါ်သို့ ခြေဆောင့်နင်းလိုက်၏။ထိုကျောက်တုံးကြီး အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားတော့သည်။

ထိုကျောက်တုံးကြီးကိုအားယူ၍ နောက်ဆုံး၌ လုယွီသည် သူ၏ခန္ဓာကိုယ်ကိုတည်ငြိမ်အောင် ပြန်လည်ထိန်းသိမ်းနိုင်ခဲ့သည်။

"ဘယ်လောက်တောင် တုန်လှုပ်ချောက်ချားဖို့ကောင်းတဲ့အားလှိုင်းလဲ...အဲ့ဒီသရဲတစ္ဆေတွေအားလုံး ငရဲနယ်မြေမှာ အချိန်အကြာကြီးလှောင်ပိတ်ခံထားရတာ အံ့အားသင့်စရာမရှိတော့ဘူး....သူတို့က ဒီနေရာနားကို ဘယ်တော့မှချဥ်းကပ်ဝံ့မှာမဟုတ်ဘူး"

လုယွီက ညည်းတွားလိုက်၏။

အကယ်၍ သူထံတွင် အစွမ်းထက်သောစိတ်ဝိညာဥ်နှင့်ဗုဒ္ဓကျင့်ကြံနည်းစနစ်၏ကောင်းချီးပေးမှုသာရှိမနေပါက အစောပိုင်းက ရိုက်ချက်မှာ သူ၏စိတ်ဝိညာဥ်ကို တစ်စစီကြေမွှပျက်စီးသွားစေရန် လုံလောက်သည်။

အတွေးတစ်ချက်နှင့်အတူ ဗုဒ္ဓစွမ်းအင်လှိုင်းများက သူ၏ဒဏ်ရာရထားသော စိတ်ဝိညာဥ်ကို ပြန်လည်ကုစားလိုက်၏။

"ဖျက်ဆီးပြီးတော့ ပြန်တည်ဆောက်မယ်...ကောင်လေး မင်းက ရတနာနယ်မြေတစ်ခုကို ရှာတွေ့တာပဲ...အရင်တုန်းက ခေါင်းပြောင်ကြီးတို့အုပ်စုက ဒီလိုနေရာမျိုးတွေကို အထူးသီးသန့်တည်ဆောက်ပြီး သူတို့ကိုယ်သူတို့ ဓားစိတ်ဆန္ဒတွေနဲ့အဆက်မပြတ် ညှင်းပန်းနှိပ်စက်ခံခဲ့တယ်....အဲ့ဒီလိုနဲ့ သူတို့ရဲ့စိတ်ဝိညာဥ်တွေက မာကျောကြမ်းတမ်းလာတယ်...တကယ်လို့ မင်း ဂရုတစိုက်ကြည့်မယ်ဆိုရင် မင်းစိတ်ဝိညာဥ်ရဲ့စွမ်းအားတွေ နည်းနည်းစီတိုးလာတာကို တွေ့ရလိမ့်မယ်"

သိုလှောင်အိတ်အတွင်းရှိ မျောက်၏အသံက လုယွီ၏နားအတွင်းသို့ ရုတ်တရက်ဝင်ရောက်လာသည်။

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

"ဒီငရဲနယ်မြေထဲကို မင်းက ငါနဲ့အတူပါလာပြီ...မင်းမှာ အပြင်ကိုထွက်နိုင်တဲ့ အစီအစဥ်မျိုးမရှိဘူးလို့တော့ ငါ့ကိုမပြောနဲ့"

"ထွီ....ငါ အရင်က ဒီနေရာကိုရောက်ဖူးသားပဲ...ဒီနေရာက ဘာမလို့လဲ"

မျောက်၏မျက်နှာပေါ်၌ မောက်မာဝံ့ကြွားသောအရိပ်အယောင်များ ထင်ဟပ်လာသည်။

"မင်း အခုဏက ချိုးဖျက်ဝင်ရောက်ဖို့လုပ်နေတဲ့နေရာက ရှေးဟောင်းငရဲနယ်မြေရဲ့အရှင်သခင်နေတဲ့နေရာပဲ...သာမာန်သရဲတစ္ဆေတွေက အဲ့ဒီနေရာကို မဝင်ရောက်နိုင်ဘူး"

ထိုမျောက်သည် ယခင်က ဤနေရာသို့ ရောက်ခဲ့ဖူးသလော....

လုယွီ၏နှလုံးခုန်နှုန်း တစ်ချက်လွတ်သွားသည်။ထိုမျောက်သည် တာဟေးကဲ့သို့ပင် ရှေးဟောင်းခေတ်မှသက်ရှိသတ္တဝါဖြစ်ကြောင်း သူ သိရှိထားပြီးလေပြီ။သို့ရာတွင် ငရဲနယ်မြေအတွင်းသို့ ကျူးကျော်ဝင်ရောက်ပြီး ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ပြန်လည်ထွက်ခွါလာနိုင်သည်မှာ ရှေးဟောင်းအချိန်ကာလများအတွင်းမှ အစွမ်းထက်သောနောက်ခံအင်အားရှိသူများသာ လုပ်နိုင်စွမ်းရှိသောအရာပင်။

"ဒီလိုဆိုမှတော့...မင်း ဒီနေရာက ထွက်တဲ့လမ်းကိုသိရမယ်"

လုယွီက မျောက်ကို ကြည့်လိုက်၏။

မျောက်က စိတ်ကျေနပ်မှုရနေသောလေသံဖြင့် ပြောဆိုသည်။

"ငါ သိတာပေါ့....မင်းက ငါ့အတွက် ကောင်းကင်ဘုံမိုးကြိုးတွေကို တားဆီးပေးထားတဲ့မျက်နှာကိုထောက်ပြီး ငါ မင်းကို ညွှန်ပြပေးမယ်...မင်း ရုပ်ထုကြီးရဲ့ညာဘက်ကိုမြင်လား...အဲ့ဒီနေရာကို မင်းရဲ့ဓားချီနဲ့ခုတ်ပိုင်းလိုက်...အဲ့ဒီနေရာမှာ ပင်မခန်းမကို တိုက်ရိုက်ရောက်သွားနိုင်တဲ့ လျှို့ဝှက်လမ်းကြောင်းတစ်ခုရှိတယ်"

ထိုစကားကိုကြားသည်နှင့် လုယွီက ထိုနေရာသို့ သူ၏ဓားချီဖြင့် ခုတ်ပိုင်းလိုက်၏။

ရုတ်ချည်းဆိုသလိုပင် ထိုဓားချီသည် ရုပ်ထုကြီး၏လက်ယာဘက်ခြမ်းသို့ ပြင်းပြင်းထန်ထန် ကျရောက်သွားသည်။မမျှော်လင့်ဘဲ မာကျောပုံရသောနံရံကြီး ကြေမွှပျက်စီးသွားကာ ဝင်ပေါက်တစ်ခုထွက်ပေါ်လာသည်။ထိုဝင်ပေါက်ရှိကျောက်လှေကားထစ်များသည် မြင့်မားသောနေရာတစ်ခုဆီသို့ ဦးတည်နေပေ၏။

"ဒီနေရာမှာ ဘယ်လိုလုပ်ပြီး အပေါက်တစ်ပေါက်ရှိနေတာလဲ"

လုယွီက အနည်းငယ် အံ့အားသင့်သွားသည်။

ဤနေရာသည် ငရဲနယ်မြေ၏အုပ်ချုပ်သူ နေထိုင်သောနေရာပင်။အတိတ်တွင် ဤနေရာကိုမြောက်မြားစွာသော အစွမ်းထက်ကျင့်ကြံသူများဖြင့် တင်းကြပ်စွာစောင့်ကြပ်ထားကြပေမည်။

သို့ရာတွင် ဤဝင်ပေါက်နေရာသည် ပွင့်လင်းမြင်သာသောလမ်းကြောင်းမျိုးမဟုတ်သည်မှာ သိသာထင်ရှားလှ၏။

ဤသည်က သူခိုးတစ်ယောက် ပစ္စည်းများခိုးယူရန်အတွက် သီးသန့်ဖောက်လုပ်ထားသောနေရာနှင့် တူညီသည်။

"ဟီး ဟီး...ငါက အဲ့ဒီနေရာကိုသွားပြီး တစ်ချက်လောက်ကြည့်ရုံပါ...ဒါပေမယ့် ဒီနေရာကလူတွေက ငါ့ကိုမကြိုဆိုကြဘူး...ဒါကြောင့် ငါက ရွေးချယ်စရာမရှိတော့ဘဲ လမ်းကြောင်းတစ်ခု ဖောက်လုပ်ခဲ့တယ်..ဟူး တကယ်လို့ ငါသာ အတင်းအကြပ်အားသုံးပြီးဝင်ခဲ့ရင် ဒီကောင်တွေကို သင်ခန်းစာပေးနိုင်ခဲ့မှာ...ဒီလိုအရာမျိုးလုပ်ခဲ့ရတဲ့အတွက် ငါ အရမ်းကို အရှက်ရမိတယ်"

မျောက်က ပခုံးတွန့်ရင်း ပြောဆိုသည်။သူ၏မျက်နှာပေါ်၌ မည်သည့်ရှက်ရွံမှုအရိပ်အယောင်မျှရှိမနေချေ။

လုယွီက ဤနေရာသည် အစောင့်အကြပ်ထူပြောသော ငရဲနယ်မြေ၏အုပ်ချုပ်ရေးရုံးဖြစ်ကြောင်း သိရှိထားပြီးလေပြီ။ဤမျောက်စုတ်သည် အပေါက်တစ်ပေါက်ကို တိတ်တဆိတ်တူးဖော်ကာ မည်သူမျှသတိမပြုမိခင် ဤနေရာသို့ခိုးဝင်ခဲ့ခြင်းသာဖြစ်ပေမည်။

နှစ်ထောင်သောင်းချီကြာမြင့်ပြီးသည့်တိုင် ဤဝင်ပေါက်နေရာရှိနေဆဲပင်။

ထိုအချိန်မှာပင် ငရဲနယ်မြေ၏တုန်လှုပ်ချောက်ချားဖွယ် ဓားချီမုန်တိုင်း ထပ်မံ၍စတင်လာခဲ့သည်။

"မင်းရဲ့စိတ်ဝိညာဥ်ကို ဒီနေရာမှာဆက်ပြီးကျင့်ကြံဖို့ကို မင်း ရွေးချယ်နိုင်တယ်...ဒါက နာကျင်ရတယ်ဆိုပေမယ့် မင်းရဲ့စိတ်ဝိညာဥ်ဒဏ်ခံနိုင်စွမ်းကို လေ့ကျင့်တဲ့နေရာမှာ အများကြီးအထောက်အကူဖြစ်တယ်"

မျောက်က အကြံပေးလိုက်၏။

လုယွီက ခေါင်းခါပြလေသည်။

"ထားလိုက်တော့...တစ္ဆေဧကရာဇ်က ပြန်လည်မွေးဖွားလာပြီ...သူ ဘာတွေလုပ်မယ်ဆိုတာ ဘယ်သူမှမသိနိုင်ဘူး...ဒီနေရာက ပြဿနာကိုမြန်မြန်ဖြေရှင်းတာ ပိုကောင်းလိမ့်မယ်"

စကားဆုံးသည်နှင့် လုယွီသည် ဝင်ပေါက်မှတဆင့် အုပ်ချုပ်ရေးရုံးအတွင်းသို့ဝင်လိုက်သည်။

သူ အတွင်းသို့ဝင်ရောက်မိချိန်တွင် ပင်မခန်းမသည် သူ ပြင်ပမှမြင်တွေ့ရသည်ထက် များစွာပို၍ကျယ်ဝန်းနေကြောင်း တွေ့မြင်မိလေ၏။

Chapter 2127

ခန်းမတံခါးရှေ့၏ဘေးတစ်ဖက်တစ်ချက်တွင် မြင့်မားသောသရဲတစ္ဆေရုပ်ထုတစ်ခုစီရှိနေသည်။ရုပ်ထုတစ်ခု၏လက်အတွင်းတွင် သံကြိုးတစ်ကြိုးကိုကိုင်ဆောင်ထားပြီး တခြားရုပ်ထု၏လက်အတွင်း၌ ဧရာမပုဆိန်ကြီးတစ်ခုရှိနေလေ၏။ထိုရုပ်ထုများ၏မျက်နှာသွင်ပြင်သည် ရက်စက်ကြမ်းကြုတ်ပြီး တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်။

ကျယ်ပြန့်သောခန်းမအတွင်း၌ နှိပ်စက်ညှင်းပန်းသောပစ္စည်းကိရိယာမျိုးစုံရှိနေပြီးမှုန်မှိုင်းသောအငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။

"ကောင်လေး...စီရင်စုသခင်ရဲ့စည်းတံဆိပ်က ပင်မခန်းမထဲမှာရှိတယ်...အဲ့ဒါကို ယူလိုက်...ဒါဆိုရင်မင်းက အဲ့ဒီစည်းတံဆိပ်နဲ့ဆိုင်တဲ့ ငရဲတစ်ထပ်ကို ထိန်းချုပ်နိုင်လိမ့်မယ်...တစ္ဆေဧကရာဇ်က ငရဲနယ်မြေရဲ့အရှင်သခင်ဆိုတာ နာမည်ခံပဲ...ဒါက အရင်ကောင်းကင်ဘုံဧကရာဇ်က သူ့ကို ချီးမြှင့်ထားတာ...တကယ်လို့ မင်းက ရှေးဟောင်းငရဲနယ်မြေကို အပြည့်အဝထိန်းချုပ်နိုင်မယ်ဆိုရင် သူ မင်းကို ဘာမှလုပ်နိုင်မှာမဟုတ်ဘူး" ့

မျောက်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။

"သူက မင်းကို ဒီနေရာမှာချိပ်ပိတ်ထားတာက သူ့သေလမ်းကို သူရှာတာပဲ...ငါ အပြင်ကိုထွက်ပြီး သူ့ရဲ့မျက်နှာအမူအယာကိုကြည့်ဖို့ မစောင့်နိုင်တော့ဘူး"

လုယွီသည် ပင်မခန်းမ၏စားပွဲပေါ်ရှိ စည်းတံဆိပ်ကိုကြည့်လိုက်သည်။သို့ရာတွင် သူ၏အကြည့်သည် ခန်းမ၏တခြားတစ်ဖက်ခြမ်းသို့ ရောက်ရှိသွားသည်။

သူသည် ချီစောင့်ကြည့်ခြင်းနည်းစနစ်ကို ကျင့်ကြံထားသဖြင့် အထူးသီးသန့်ပစ္စည်းများကို အာရုံခံနိုင်စွမ်း လွန်စွာမြင့်မားသည်။

"အနောက်ကိုသွားပြီး တစ်ချက်ကြည့်ကြည့်ရအောင်"

လုယွီသည် မျောက်၏အကြံပြုချက်ကိုငြင်းဆန်၍ အနောက်ဘက်ခြံဝန်းထံဦးတည်ကာ လျှောက်လှမ်းလိုက်၏။

လမ်းတလျှောက်လုံး အကျဥ်းခန်းအလွတ်များက နေရာအနှံ့အပြားတွင်ရှိနေသည်။

သူ ပို၍နက်ရှိုင်းစွာသွားမိလေလေ မှန်းဆမရနိုင်သောတုန်လှုပ်ချောက်ချားမှုမျိုးကို သူ ပို၍ခံစားရလေလေပင်။

တစ္ဆေဧကရာဇ်နှင့်ရင်ဆိုင်ရချိန်တွင်ပင် လုယွီသည် ဤကဲ့သို့ခံစားချက်မျိုးမရရှိခဲ့ချေ။

"ဒီနေရာမှာ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် ပုန်းအောင်းနေတာများလား"

လုယွီက တီးတိုးရေရွတ်လိုက်သည်။

ဤငရဲနယ်မြေတွင် မရေမတွက်နိုင်သော သရဲတစ္ဆေများရှိနေသော်လည်း အုပ်ချုပ်ရေးရုံးအတွင်း၌ တစ်ကောင်တစ်လေမျှရှိမနေချေ။

ဤသည်က ရှေးဟောင်းမှတ်တမ်းများအတွင်း၌ ဖော်ပြထားသော ရှေးဟောင်းငရဲနယ်မြေ၏မှတ်တမ်းနှင့် လွန်စွာကွဲပြားခြားနားနေသည်။

ထို့ပြင် ပို၍သတိပြုစရာကောင်းသောအချက်မှာ လမ်းတလျှောက်လုံး စကားတွတ်ထိုးနေသော မျောက်သည် ယခုချိန်၌ သူ၏ပါးစပ်ကိုပိတ်ထားပြီး စကားတစ်လုံးမျှပြောဆိုခြင်းမရှိတော့ချေ။

မကြာမီမှာပင်...

လုယွီက ထိုနေရာကို ရှာဖွေတွေ့ရှိခဲ့သည်။

ဤသည်က အုပ်ချုပ်ရေးရုံးတစ်ခုလုံးတွင် မထင်ရှားဆုံးထောင့်တစ်နေရာပင်။

ဤနေရာတွင် ကျောက်တုံးအမိုးခုံးတစ်ခုရှိနေသည်။ထိုအမိုးခုံး၏အောက်၌ ဘုန်းတော်ကြီးတစ်ပါးထိုင်နေကာ သူ၏မျက်လုံးများကိုစုံမှိတ်ထားပြီး ရုပ်ထုတစ်ခုအလား လှုပ်ရှားမှုမရှိချေ။

ထိုဘုန်းတော်ကြီး၏နောက်၌ မြင့်မြတ်ပြီး သနားကရုဏာနှင့်ပြည့်စုံသော ရောင်စဥ်တန်းများ ဖြာထွက်နေသည်။

ထိုဘုန်းတော်ကြီးကို မြင်တွေ့လိုက်ရသည့် အချိန်အခိုက်အတန့်တွင် လုယွီသည် သူ၏စိတ်နှလုံးသားအတွင်းမှ စိုးရိမ်သောကများအားလုံး ပျောက်ကွယ်သွားသည့်အလား စိတ်တည်ငြိမ်အေးချမ်းမှုကို ခံစားလိုက်ရ၏။

"သူက သေနေတာလား"

လုယွီ၏မျက်ခုံးများ မြင့်တက်သွားသည်။သူသည် ထိုဘုန်းတော်ကြီး၏အော်ရာကို အာရုံခံ၍မရချေ။

"အမှန်ပဲ...သူက သေနေတာ"

မျောက်၏အသံက အနည်းငယ်တိုးညှင်းနေသည်။

"နှစ်ပေါင်းထောင်သောင်းချီ ကြာညောင်းခဲ့ပြီးတာတောင် သူ့ရဲ့အသွေးအသားတွေက မခန်းခြောက်သေးဘူး...သူက မဟာမိုးကောင်းကင်ရွှေအင်မော်တယ်တစ်ယောက်လား"

လုယွီက မေးမြန်းသည်။

"သူက မဟာမိုးကောင်းကင်ရွှေအင်မော်တယ်မဟုတ်ဘူး...ဗုဒ္ဓလမ်းစဥ်ရဲ့ဗောဓိသတ္တတစ်ပါးပဲ"

မျောက်၏အသံတွင် အလေးအနက်ထားသောအရိပ်အယောင်များ ရောယှက်နေပေ၏။

"ဒါပေမယ့် သူ့ရဲ့ခွန်အားက မဟာမိုးကောင်းကင်ရွှေအင်မော်တယ်တစ်ယောက်နဲ့ နှိုင်းယှဥ်လို့ရတယ်"

လုယွီက ရှေ့သို့လျှောက်လှမ်းပြီး ဘုန်းတော်ကြီးနှင့်မီတာငါးဆယ်ခန့်အကွာတွင် ရပ်တန့်လိုက်သည်။

ဤသည်က အစစ်အမှန်ရှေးဟောင်းအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပင်။

သူသည် တစ္ဆေဧကရာဇ်နှင့် ကွဲပြားခြားနားသည်။ယခုလက်ရှိ တစ္ဆေဧကရာဇ်သည် ကိုယ်ပွါးတစ်ယောက်သာဖြစ်ပြီး အစစ်အမှန်ရုပ်ခန္ဓာကိုယ်မဟုတ်ချေ။

အတိတ်တွင် ရှေးဟောင်းအစွမ်းထက်ပုဂ္ဂိုလ်အားလုံးနီးပါး သေဆုံးသွားခဲ့ကြရာ ဤဘုန်းတော်ကြီးသည်လည်း ချွင်းချက်မရှိချေ။

သို့ရာတွင် ထိုဘုန်းတော်ကြီးသည် သေဆုံးပြီးဖြစ်သည့်တိုင် လုယွီသည် တစ်ဖက်လူ၏ခန္ဓာကိုယ်အတွင်းမှ ပြင်းထန်သောသွေးချီများသည် လွှမ်းမိုးချုပ်ကိုင်နိုင်သောနဂါးတစ်ကောင်ကဲ့သို့ တဟုန်းဟုန်းထနေသည်ကို ခံစားမိသည်။

"သူက သက်ရှည်မီးအိမ်ကိုထွန်းညှိပြီးသွားပြီ...နောက်ထပ်နှစ်ထောင်သောင်းချီပြီး ကြာမြင့်သွားရင်တောင် သူ့ရဲ့ရုပ်ခန္ဓာကိုယ်က ပျက်စီးမှာမဟုတ်ဘူး"

"ဒါက အစစ်အမှန်ပြိုင်ဘက်ကင်းရတနာပဲ...ဒါပေမယ့် သူကိုမထိတွေ့ဖို့ ငါ မင်းကိုအကြံပေးချင်တယ်...ဒီနေရာက သူ အေးအေးချမ်းချမ်းအနားယူဖို့အတွက် အကောင်းဆုံးနေရာတစ်ခုဖြစ်မှာပါ"

မျောက်၏လေသံတွင် အလွန်အမင်း လွမ်းဆွေးနေသောအရိပ်အယောင်များ ရောယှက်နေသည်။

"သူက ဘယ်သူလဲ"

လုယွီက မေးမြန်းလိုက်၏။

"သူက အပြစ်ကင်းစင်တဲ့ဘုန်းတော်ကြီးတစ်ပါးဖြစ်ပြီးတော့ ဆုတောင်းကြီးတစ်ခုကို ပြုလုပ်ခဲ့တယ်...တကယ်လို့ ငရဲနယ်မြေမှာ ဗလာဟင်းလင်းဖြစ်မနေသရွေ့ သူ ဗုဒ္ဓဖြစ်မလာစေရဘူးလို့ ကျိန်ဆိုခဲ့တယ်...ဒါပေမယ့် ငရဲက ဘယ်လိုလုပ်ပြီး ဗလာဟင်းလင်း ဖြစ်လာနိုင်မှာလဲ....ရှေးဟောင်းခေတ်ကာလ ပျက်သုဥ်းသွားမှတော့ ငရဲနယ်မြေက ဘယ်တော့မှ ဗလာဟင်းလင်း ဖြစ်နိုင်မှာမဟုတ်ဘူး...သူလည်း ဗုဒ္ဓ ဘယ်တော့မှဖြစ်မလာနိုင်တော့ဘူး"

Chapter 2128

"ငရဲ ဗလာဟင်းလင်းမဖြစ်သရွေ့...ဗုဒ္ဓမဖြစ်စေရဘူးလို့ ကျိန်ဆိုတယ်"

လုယွီက တီးတိုးရေရွတ်လိုက်၏။

ဤကဲ့သို့ကျိန်ဆိုမှုကိုပြုလုပ်သူသည် ရည်မှန်းချက်ကြီးသောလူစားမျိုးဖြစ်မည်မှာ သံသယဖြစ်ဖွယ်မရှိချေ။လုယွီပင်လျှင် တုန်လှုပ်ချောက်ချားသွားခဲ့သည်။

မျောက်က ရုတ်တရက် ပြောဆိုသည်။

"ကောင်လေး...ဒါက မင်းအတွက် ကြီးမားတဲ့အခွင့်အရေးပဲ...တကယ်လို့ မင်း ဒါကိုရယူနိုင်ရင် မင်းရဲ့ကျင့်ကြံဆင့်က ကောင်းကင်ယံမှာပျံဝဲနိုင်တဲ့အထိ မြင့်မားသွားမှာသေချာတယ်"

"မင်းက သူ့ရဲ့ဆန္ဒကို ငါ ဖြည့်ဆည်းပေးစေချင်တာလား"

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လုယွီသည် မျောက် ဆိုလိုချင်သည့်သဘောကို နားလည်သွားပေ၏။

"ရှေးဟောင်းအချိန်ကာလကတည်းက ဒီကမ္ဘာလောကရဲ့ပြန်လည်ဝင်စားခြင်းအမိန့်တော်က ပျက်စီးသွားခဲ့တယ်...ဒါကြောင့် ဒီငရဲနယ်မြေထဲမှာ သရဲတစ္ဆေတွေအများကြီး ချောင်ပိတ်မိနေတယ်...မင်း သူတို့ကို ကျွတ်လွတ်အောင်လုပ်ပေးနိုင်တာနဲ့ ငရဲနယ်မြေတစ်ခုလုံးကို ရှင်းလင်းပြီးသားဖြစ်သွားလိမ့်မယ်...ဒါက မင်းအတွက်လည်း အကျိုးကျေးဇူးအများကြီးရမယ့်ကိစ္စဆိုတာ သေချာတယ်"

မျောက်က ပြောဆိုသည်။

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လုယွီသည် သူ့ရှေ့ရှိအရာရာတိုင်းကို လေ့လာဆင်ခြင်နိုင်ခဲ့သည်။

ယခုချိန်၌ ရှေးဟောင်းခေတ်ကာလ ပျက်သုဥ်းသွားပြီဖြစ်ရာ ဤနေရာသို့ သရဲတစ္ဆေများ ထပ်မံ၍ရောက်ရှိလာမည်မဟုတ်ချေ။

ထိုအစွမ်းထက်ဗောဓိသတ္တ၏မဟာဆန္ဒကြီးကို သူ ဖြည့်ဆည်းကောင်း ဖြည့်ဆည်းပေးနိုင်ပေမည်။

သူသည် ဤအခွင့်အရေးကောင်းကြီးကို မတော်တဆဖမ်းဆုပ်မိသည်ဖြစ်ရာ အကယ်၍ သူသာ ဗောဓိသတ္တ၏မဟာဆုတောင်းကို ဖြည့်ဆည်းပေးနိုင်ပါက သူ့အတွက် အကျိုးကျေးဇူးများစွာရရှိနိုင်သည်။

ထိုအကြောင်းကိုတွေးတောမိသည်နှင့် မည်သည့်ကိစ္စများ ရှိနေပါစေ ဘဝတသက်စာတွင် တစ်ကြိမ်သာရနိုင်သော အခွင့်အရေးကြီးကို သူ လက်လွတ်မခံနိုင်ချေ။

"စီနီယာ ရှေးဟောင်းခေတ်ကာလက ကုန်ဆုံးသွားပြီ...ကျွန်တော်က စီနီယာရဲ့ဆန္ဒကို ဖြည့်ဆည်းပေးပါ့မယ်"

လုယွီက ဗောဓိသတ္တ၏ရုပ်အလောင်းကို အရိုအသေပြုလိုက်၏။

သက်ရှည်မီးအိမ်ကိုထွန်းညှိထားနိုင်သော ဤအစွမ်းထက်ပုဂ္ဂိုလ်၏ရုပ်အလောင်းသည် တန်ဖိုးမဖြတ်နိုင်သောရတနာတစ်ပါးပင်။အကယ်၍ တစ်စုံတစ်ယောက်သည် ဤရုပ်အလောင်းကို ဂရုတစိုက် လေ့လာဆင်ခြင်ပါက ရှေးဟောင်းကျင့်ကြံနည်းစနစ်များ၏လျှို့ဝှက်ချက်များကို ရှာဖွေဖော်ထုတ်နိုင်ပေမည်။

သို့ရာတွင် လုယွီသည် ထိုသို့ပြုလုပ်မည်မဟုတ်ချေ။

အစွမ်းထက်ပုဂ္ဂိုလ်များတွင် အစွမ်းထက်သူတို့၏ဂုဏ်သိက္ခာမျိုးရှိနေလေရာ ဤကဲ့သို့မဟာစိတ်ဆန္ဒမျိုးရှိနေသူဆိုလျှင် ဆိုဖွယ်ရာပင်မရှိတော့ချေ။အမှန်အားဖြင့် လုယွီသည် ထိုကဲ့သို့စိတ်ဆန္ဒရှိသူထံမှ လိုချင်တပ်မက်စိတ်လည်းမရှိပေ။

လုယွီ အရိုအသေပြုလိုက်သော အချိန်အခိုက်အတန့်မှာပင် လေပြည်တစ်ချက်က သူ၏ခန္ဓာကိုယ်ပေါ်သို့ ဖြတ်သန်းတိုက်ခတ်သွားသည်။ရုတ်တရက် ဗောဓိသတ္တ၏နောက်ရှိ ရောင်စဥ်တန်းများမှ အလင်းတန်းတစ်တန်းက လုယွီ၏မျက်ခုံးနှစ်ခုကြားသို့ လာရောက်ထိတွေ့သည်။

ရုတ်ချည်းဆိုသလိုပင် လုယွီသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို မမြင်နိုင်သောအားလှိုင်းတစ်ရပ် လွှမ်းခြုံသွားသည်ကို ခံစားမိကာ သူ၏အပြောအဆို အပြုအမူများလည်း ပြောင်းလဲသွားပေ၏။

ဤှသည်က လုယွီသည် ကောင်းကင်နှင့်မြေပြင်၏ကောင်းချီးပေးမှုကို ရရှိသွားခြင်းနှင့်တူညီပြီး အလွန်အမင်း လျှို့ဝှက်ဆန်းကြယ်သောကိစ္စတစ်ရပ်ပင်။

"ကောင်းမှုကုသိုလ်စွမ်းအားလား"

လုယွီ၏မျက်ခုံးများ မြင့်တက်သွားသည်။

တချို့လူများသည် ကောင်းမှုကုသိုလ်များကို ပြုလုပ်လေ့ရှိကြ၏။အကယ်၍ သူတို့သည် ထိုကောင်းမှုကုသိုလ်များအတွက် တစ်စုံတစ်ခုကို ရည်ရွယ်ချက်ရှိရှိ တောင်းဆိုခြင်းမရှိလျှင်ပင် ကံကြမ္မာဆိုးများကို ကံကြမ္မာကောင်းများအဖြစ် ပြောင်းလဲနိုင်သည်။

ဤသည်က ကုသိုလ်ကောင်းမှုပြုလုပ်ခြင်း၏ အကျိုးကျေးဇူးပင်။

ဤအချိန်အခိုက်အတန့်တွင် လုယွီသည် ကောင်းမှုကုသိုလ်ရောင်စဥ်တန်းများအောက်၌ နတ်ဘုရားတစ်ပါးနှင့် တူညီနေသည်။

"ဒါက သူ အတိတ်တုန်းကချန်ထားခဲ့တဲ့ ကောင်းမှုကုသိုလ်စွမ်းအားပဲဖြစ်မယ်...အခု ဒါတွေအားလုံးက မင်းဆီကို ကူးပြောင်းလာတာ...နှစ်ထောင်သောင်းချီပြီး ကြာညောင်းခဲ့ပြီဖြစ်လို့ ဒီစွမ်းအားတွေက အများကြီးမကျန်တော့ဘူး...ဒါပေမယ့် ဒီအကျိုးအကြောင်းကံကြမ္မာကို မင်းက လက်လွှဲယူလိုက်မိပြီ...ဟူး..."

မျောက် စကားပြောဆိုနေစဥ်တွင် သူ၏အသံအတွင်း၌ ဇဝေဇဝါဖြစ်နေသောအရိပ်အယောင်များ ရောယှက်နေသည်။

"ဒီဗောဓိသတ္တရဲ့နံဘေးပတ်ဝန်းကျင်က အော်ရာတွေမှာ တစ်ခုခုမှားယွင်းနေတယ်လို့ ငါ ဘာလို့ခံစားနေရတာလဲ"

မျောက်က တီးတိုးရေရွတ်လိုက်၏။

"သူ့ရဲ့နံဘေးပတ်ဝန်းကျင်မှာ ယင်ချီတွေရစ်သိုင်းနေတယ်...ကြည့်ရတာတော့ အရင်က ဒီနေရာကို တစ္ဆေဧကရာဇ်လာခဲ့ဖူးပုံပဲ"

လုယွီ၏မျက်လုံးအတွင်းမှနေ၍ ခရမ်းရောင်အလင်းတန်းများ ဖြာထွက်နေသည်။

ထို့နောက် သူ၏အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်၏။

မှော်စွမ်းအင်လှိုင်းတစ်လှိုင်း ဖြန့်ကျက်သွားမှုနှင့်အတူ ဗောဓိသတ္တ၏ရုပ်အလောင်းနံဘေးပတ်လည်ရှိ ယင်ချီများအားလုံး ဖယ်ရှားပြီးဖြစ်သည်။

လုယွီ၏အကြည့်က ဗောဓိသတ္တ၏ရုပ်အလောင်းရှေ့၌ ရပ်တန့်ထားပုံရသော အနက်ရောင်ခြေရာတစ်စုံကို တွေ့မြင်မိပေ၏။

လုယွီက ထိုခြေရာကိုကြည့်၍ ပြောဆိုလိုက်သည်။

"တစ္ဆေဧကရာဇ်က ဒီနေရာကို အရင်ကရောက်ဖူးတယ်...သူက ဒီခန္ဓာကိုယ်ကို အပိုင်စီးချင်နေပုံပဲ...ဒါပေမယ့် အဆုံးသတ်မှာ သူကျရှုံးသွားပြီးတော့ သူ့ရဲ့ဆန္ဒမပြည့်ဝခဲ့ဘူး"

သိုလှောင်အိတ်အတွင်းမှ မျောက်သည် အချိန်တခဏကြာ တိတ်ဆိတ်ငြိမ်သက်သွားသည်။ထို့နောက် သူက ပြောဆိုလေ၏။

"နောက်ပိုင်းကျ အပြင်ကိုရောက်ရင် တစ္ဆေဧကရာဇ်ကို ငါ့လက်ထဲအပ်စမ်း...ငါ မင်းကို အခွင့်အရေးတစ်ခုပြန်ပေးမယ်"

မျောက်က ရုတ်တရက်ကြီး ဤကဲ့သို့တောင်းဆိုလာမည်ဟု သူ မျှော်လင့်မထားမိချေ။

လုယွီက ခေါင်းညိတ်ပြပြီး ပင်မခန်းမဆီသို့ အလျှင်အမြန် လျှောက်လှမ်းသွားလိုက်သည်။

ပင်မခန်းမ၏အလယ်ဗဟိုရှိ စားပွဲပေါ်၌ 'ယင်မရီးဒါန်းကိုထိန်းချုပ်ခြင်း'ဟူသော ရှေးဟောင်းအက္ခရာများဖြင့်ရေးသားထားသည့် ကြီးမားသောစည်းတံဆိပ်ကြီး ရှိနေလေ၏။

Chapter 2129

လုယွီက သူ၏လက်ကိုဆန့်ထုတ်၍ ထိုစည်းတံဆိပ်ကို ထိတွေ့လိုက်သည်။ရုတ်တရက် စည်းတံဆိပ်မှနေ၍ ထူထပ်သိပ်သည်းသောယင်ချီများ ထွက်ပေါ်လာကာ သူ၏လက်ချောင်းထိပ်၌ ရစ်ဝဲနေသည်။

ထို့နောက် စည်းတံဆိပ်မှနေ၍ နတ်ဆိုးစိတ်ဝိညာဥ်တစ်ကောင် မျောလွင့်ထွက်ပေါ်လာသည်။ထိုနတ်ဆိုးစိတ်ဝိညာဥ်၏မျက်လုံးများမှာ နီမြန်းနေပြီး သူ၏ပါးစပ်ကြီးကိုဖွင့်ဟကာ လုယွီကိုကိုက်ဖြတ်ရန်အတွက် ပြေးဝင်လာပေ၏။

လုယွီသည် ထိုနတ်ဆိုးစိတ်ဝိညာဥ်ကို သတိပြုမိသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

"ထွက်သွားစမ်း"

လုယွီက ထိုနတ်ဆိုးစိတ်ဝိညာဥ်ကို တစ်ချက်ကြည့်၍ အေးစက်တင်းမာသောလေသံဖြင့် အော်ဟစ်လိုက်သည်။

ထိုနတ်ဆိုးစိတ်ဝိညာဥ်သည် လေထုအတွင်း၌ ရှိနေစဥ်မှာပင် သူ့အား လျှပ်စီးဖြင့်ရိုက်ခတ်ခံရသကဲ့သို့ ခံစားလိုက်ရသည်။သူသည် ထိတ်လန့်ကြောက်ရွံစွာဖြင့် လုယွီကိုကြည့်ကာ နာခံရို့ကျိုးသောအမူအယာဖြင့် နံဘေးတစ်ဖက်၌ မတ်တတ်ရပ်နေတော့သည်။

ဤသည်က စည်းတံဆိပ်ပေါ်၌ တစ္ဆေဧကရာဇ်ချန်ထားခဲ့သော အကြွင်းအကျန်အမှတ်အသားပင်။

သူ၏လက်ချောင်းများဖြင့် စည်းတံဆိပ်၏မျက်နှာပြင်ကို ထိတွေ့မိချိန်တွင် အေးစက်စက်ခံစားချက်မျိုးက သူ၏စိတ်နှလုံးသားအတွင်းသို့ တိုးဝင်လာသည်။သူ၏ပတ်ဝန်းကျင်နေရာတစ်ခုလုံးလည်း မှောင်မည်းသွားပေ၏။ဤသည်က လူများ၏အသက်များကို တစတစဝါးမျိုနိုင်သော အမှောင်ထုကြီးနှင့် တူညီနေသည်။

"ရှေးဟောင်းတစ္ဆေဧကရာဇ်...မင်းမှာ ဘယ်လိုအရည်အချင်းမျိုးတွေရှိနေလဲဆိုတာ ငါ သိချင်တယ်"

လုယွီ၏မျက်လုံးများအတွင်း၌ တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများနှင့်ပြည့်နှက်နေကာ သူ၏နောက်၌ မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးက ချက်ချင်းဆိုသလိုပင် ထွက်ပေါ်လာသည်။

လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ၏ပုံရိပ်ယောင်ကမ္ဘာအတွင်း၌ ရှေးဟောင်းကောင်းကင်ဘုံတရားရုံး၏အမွေအနှစ်ကို ဆက်ခံပြီးနောက် လုယွီ၏စိတ်ဝိညာဥ်သည် သူ၏အတိတ်ဘဝထက်ပင် ပို၍အစွမ်းထက်လာသည်။

မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးသည် ယခင်ကဲ့သို့ ရက်စက်ကြမ်းကြုတ်သောပုံပန်းသွင်ပြင်မျိုးမရှိတော့ချေ။ထိုအစား ပုံရိပ်ယောင်ကြီးသည် ကျမ်းစာများအတွင်းမှထွက်လာသော မြင့်မြတ်တည်ကြည်သည့် နတ်ဘုရားတစ်ပါးနှင့် တူညီနေသည်။

လုယွီသည် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးမှ ဖိအားအရှိန်အဝါများအားလုံးကိုဖြန့်ကျက်၍ စည်းတံဆိပ်ပေါ်ရှိ တစ္ဆေဧကရာဇ်၏အမှတ်အသားကို ရင်ဆိုင်တိုက်ခိုက်လိုက်၏။

အစွမ်းထက်သော မှော်စွမ်းအားလှိုင်းများက ချက်ချင်းဆိုသလိုပင် ပွင့်အံထွက်လာသည်။ထို့နောက် စည်းတံဆိပ်ပေါ်ရှိ တစ္ဆေဧကရာဇ်၏အမှတ်အသားထံမှ ဒေါသတကြီးအော်ဟစ်ကြုံးဝါးသံတစ်သံ ထွက်ပေါ်လာကာ တဖြည်းဖြည်း ပျက်ပြယ်စပြုလာပေ၏။

တိုက်ခိုက်မှုအနည်းငယ်ခန့် ဖလှယ်ပြီးသောအချိန်အခိုက်အတန့်တွင် တစ္ဆေဧကရာဇ်၏အမှတ်အသား ပျက်ပြယ်သွားတော့သည်။

လုယွီသည် စီရင်စုသခင်၏စည်းတံဆိပ်ကို သူ၏လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။တစ်ချိန်တည်းမှာပင် ထိုစည်းတံဆိပ်ပေါ်၌ သူ၏ကိုယ်ပိုင်အမှတ်အသားကို ခတ်နှိပ်လိုက်၏။

ဤအချိန်အခိုက်အတန့်တွင် ငရဲနယ်မြေတစ်ခုလုံးပေါ်၌ တုန်ခါသံကြီးတစ်သံ မြည်ဟီးလာသည်။

ငရဲနယ်မြေအတွင်းရှိ သရဲတစ္ဆေများအားလုံးသည် မိုးကောင်းကင်ယံကို မော့ကြည့်လိုက်ကြ၏။

နှစ်ပေါင်းမည်မျှထိ ကြာညောင်းသွားခဲ့ပြီနည်း...

​မရေမတွက်နိုင်သောညှင်းပန်းနှိပ်စက်မှုများအောက်၌ မြောက်များစွာသောသရဲတစ္ဆေများသည် ရှင်သန်၍လည်းမရ သေဆုံး၍လည်းမရချေ။

သို့ရာတွင် ဤနေ့၌ ငရဲနယ်မြေအတွင်းတွင် အပြောင်းအလဲတစ်ခု ထွက်ပေါ်လာခဲ့လေပြီ။

ငရဲနယ်မြေပထမထပ်၏အရှင်သခင် ပြောင်းလဲသွားခဲ့သည်။

လုယွီက စည်းတံဆိပ်အတွင်းသို့ သူ၏မှော်စွမ်းအားများကိုထည့်သွင်းကာ ဤငရဲနယ်မြေပထမထပ်အတွင်းရှိ ဓားချီမုန်တိုင်းကို ရပ်တန့်လိုက်၏။

တစ်ချိန်တည်းမှာပင် လုယွီ၏အသံက ငရဲနယ်မြေအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

"စိတ်ဝိညာဥ်တွေကို သန့်စင်မယ်...မြေအောက်လောကနတ်ဘုရား လမ်းပြစမ်း"

လုယွီ၏အသံ ပျက်ပြယ်သွားပြီးနောက် ကြီးမားသောဝင်္ကပါတစ်ခုက သရဲတစ္ဆေများ၏ရှေ့၌ ထွက်ပေါ်လာသည်။

သရဲတစ္ဆေများအားလုံးသည် ထိုဝင်္ကပါကြီးထံမှအော်ရာအသစ်တစ်မျိုးကို ခံစားမိကြ၏။

နောက်ဆုံး၌ သရဲတစ္ဆေတစ်ကောင်သည် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့သဖြင့် ဝင်္ကပါအတွင်းသို့ ခြေချလိုက်သည်။

ထိုသရဲတစ္ဆေ၏ပုံရိပ်သည် ငရဲနယ်မြေမှနေ၍ ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားခဲ့သည်။

ဤသည်က လုယွီပိုင်ဆိုင်ထားသော မြေအောက်လောကဥပဒေသပင်။ဤနေရာမှသရဲတစ္ဆေများအားလုံးသည် မြေအောက်လောကတစ်ဆယ့်ရှစ်နယ်မြေကိုဖြတ်ကျော်၍ တဖန်ပြန်လည်၍ဝင်စားနိုင်ကြပေမည်။

သူတို့သည် မည်မျှထိကြီးလေးသောပြစ်မှုများကို ကျူးလွန်ထားသည်ဖြစ်စေ နှစ်ထောင်သောင်းချီ၍ကြာညောင်းပြီးနောက် သူတို့အတွက် ဘဝအသစ်များ ပြန်လည်ရရှိသင့်လေပြီ။

သရဲတစ္ဆေတစ်ကောင် ဝင်္ကပါအတွင်းသို့ ဝင်ရောက်သွားပြီးနောက် မကြာမီမှာပင် သူ့နောက်မှနေ၍ နောက်ထပ်သရဲတစ္ဆေများ တစ်ကောင်ပြီးတစ်ကောင် လိုက်ပါလာကြသည်။

သူတို့၏နှစ်ထောင်သောင်းချီကာ နှိပ်စက်ညှင်းပန်းခံရမှု အဆုံးသတ်သွားလေပြီ။

မိုးကောင်းကင်ယံကိုလွှမ်းခြုံထားသော သတ်ဖြတ်လိုခြင်းအရှိန်အဝါများလည်း တစတစ ပျက်ပြယ်လာခဲ့သည်။

ဝင်္ကပါအတွင်းသို့ဝင်ရောက်သွားသော သရဲတစ္ဆေတိုင်းသည် ပျောက်ကွယ်မသွားမီအချိန်၌ လုယွီကိုဦးညွှတ်၍ အရိုအသေပြုလိုက်ကြ၏။

သန့်စင်သောကောင်းမှုကုသိုလ်စွမ်းအားလှိုင်းများက လုယွီ၏နံဘေးပတ်လည်၌ စုဝေးနေသည်။

လုယွီ၏ခေါင်းနောက်ကျော၌ တောက်ပသောအလင်းဘီးကြီးရှိနေကာ ရွှေရောင်အလင်းတန်းများ ဖြာထွက်နေပေ၏။

ယခုချိန်၌ သူသည် ဗောဓိသတ္တတစ်ပါးနှင့် တူညီနေသည်။

သူသည် မရေမတွက်နိုင်သောသက်ရှိများကိုကယ်တင်၍ ဗုဒ္ဓဖြစ်လာသည့်အလားပင်။

ယခုလက်ရှိချိန်၌ လုယွီသည် ရှေးခေတ်အချိန်ကာလများမှတည်ရှိခဲ့သော ငရဲနယ်မြေနှင့်ရင်ဆိုင်နေပြီး သန်းရာနှင့်ချီသောသရဲတစ္ဆေများကို ပြန်လည်ဝင်စားခြင်းသံသရာစက်ဝန်းအတွင်းသို့ ပို့ဆောင်ပေးနေသည်။

Chapter 2130

အကန့်အသတ်မရှိသော ကောင်းမှုကုသိုလ်စွမ်းအားများက လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာသည်။

ဤအချိန်အခိုက်အတန့်တွင် လုယွီ၏ခန္ဓာကိုယ်ပေါ်၌ သူတော်စင်တစ်ပါးကဲ့သို့ အလင်းတန်းများဖြာထွက်လာပေ၏။

ရှေးဟောင်းကာလများတွင် ငရဲနယ်မြေကို တစ္ဆေဧကရာဇ်မှ အုပ်ချုပ်ပြီး မည်သူကမျှကြားဝင်စွက်ဖက်ဝံ့ခြင်းမရှိချေ။

ယခုလက်ရှိချိန်၌ ငရဲနယ်မြေ၏မူလအရှင်သခင်သည် ထပ်မံ၍မတည်ရှိတော့ဘဲ တစ္ဆေဧကရာဇ်၏ကိုယ်ပွါးသာလျှင် ကျန်ရှိတော့သည်။

လုယွီသည် ကျူးရုံ၏ကိုယ်ပွါးကိုပင် သတ်ဖြတ်ခဲ့သူဖြစ်သဖြင့် တစ္ဆေဧကရာဇ်၏ကိုယ်ပွါးသည်လည်း ချွင်းချက်ရှိမည်မဟုတ်ချေ။

သရဲတစ္ဆေတစ်သောင်း...

သရဲတစ္ဆေနှစ်သောင်း...

သရဲတစ္ဆေတစ်သိန်း...

ငရဲနယ်မြေပထမထပ်ရှိ သရဲတစ္ဆေများသည် တုန်လှုပ်ချောက်ချားဖွယ်အရှိန်နှုန်းဖြင့် လျော့ကျနေသည်။

လုယွီ၏ခန္ဓာကိုယ်အတွင်း၌ စုဆောင်းမိသော စွမ်းအားများလည်း အလွန်လျှင်မြန်စွာ ကြီးထွားလာခဲ့သည်။

အရပ်မျက်နှာအရပ်ရပ်မှဝင်ရောက်လာသော ကောင်းမှုကုသိုလ်စွမ်းအားများသည် လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ရောက်ရှိချိန်တွင် မှော်စွမ်းအားများအဖြစ်သို့ ပြောင်းလဲသွားကာ သူ၏မိုးကောင်းကင်လှိုဏ်ဂူအတွင်း၌ တောက်ပသောရွှေရောင်နဂါးတစ်ကောင်အဖြစ် ဖွဲ့စည်းသွားသည်။

ဝေါင်း...

နဂါးတစ်ကောင်၏ဟိန်းဟောက်သံက လုယွီ၏ရင်ဘတ်မှ ထွက်ပေါ်လာပေ၏။

အစွမ်းထက်သောအသံလှိုင်းသည် အရပ်မျက်နှာအဘက်ဘက်သို့ပျံ့နှံ့သွားရာ ပင်မခန်းမအတွင်းရှိ ကျောက်တိုင်များပင် တုန်ရီသွားသည်။

အစစ်အမှန်နဂါးကိုးကောင်၏စွမ်းအား....

ကျင့်ကြံခြင်းလောကတွင် ကိုးဂဏန်းကို အဆုံးစွန်ဆုံးအကန့်အသတ်ဟု ယူဆထားကြသည်။

မည်သည့်ကျင့်ကြံဆင့်နယ်ပယ်ဖြစ်နေပါစေ ထိုကျင့်ကြံဆင့်နယ်ပယ်၏နဝမမြောက်အဆင့်ကို ရောက်ရှိသည်နှင့် ခွန်အားဆက်လက်တိုးတက်နိုင်တော့မည်မဟုတ်ဘဲ ပြီးပြည့်စုံပြီဟု ဆိုလိုပေ၏။

ရှေးဟောင်းအင်မော်တယ်တချို့ပင်လျှင် ဤကဲ့သို့စွမ်းအားအဆင့်မျိုးသို့ရောက်ရှိသည်နှင့် အကန့်အသတ်ဟု သတ်မှတ်ထားသည်။

ယခုလက်ရှိအချိန်တွင် လုယွီသည် စိတ်ဝိညာဥ်ချိတ်ဆက်ခြင်းအဆင့် မှော်ရတနာတစ်ခုကို မည်သည့်မှော်စွမ်းအားမျှအသုံးပြုရန်မလိုအပ်ဘဲ သူ၏ရုပ်ခွန်အားသက်သက်ဖြင့် လွယ်လင့်တကူ ချေမွှဖျက်ဆီးပစ်နိုင်စွမ်းရှိသည်။

သူသည် မည်သည့်မှော်ရတနာကိုမျှ လိုအပ်ခြင်းလည်းမရှိချေ။အကြောင်းအရင်းမှာ သူကိုယ်တိုင်ကပင် မာကျောကြမ်းတမ်းဆုံးမှော်ရတနာဖြစ်နေသောကြောင့်ပင်။

"ရှေးဟောင်းအချိန်ကာလအတွင်းမှာ ရုပ်ခန္ဓာကိုယ်ကျင့်ကြံတဲ့သူတွေက နယ်ပယ်တူတခြားကျင့်ကြံသူတွေထက် အများကြီးပိုအားကောင်းတယ်...ဒါပေမယ့် ရုပ်ခန္ဓာကျင့်ကြံသူတွေက နယ်ပယ်တစ်ခုကို ချိုးဖျက်ဝင်ရောက်နိုင်ဖို့ဆိုရင် အရမ်းခက်ခဲပြီးတော့အန္တရာယ်များတယ်...တကယ်လို့ ငါ့မှာ ခုလိုမျိုးအခွင့်အရေးကြီးသာမရှိဘူးဆိုရင် ဒီအဆင့်ထိခြေချဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး"

လုယွီက မျက်လုံးစုံမှိတ်၍ သူ၏ခန္ဓာကိုယ်အတွင်း၌ တလိမ့်လိမ့်ထနေသော စွမ်းအားများကို တိတ်ဆိတ်ငြိမ်သက်စွာ ခံစားလိုက်၏။

သို့ရာတွင် ဤသည်က အဆုံးသတ်မဟုတ်သေးချေ။

သရဲတစ္ဆေများ ပြန်လည်မွေးဖွားခြင်းသံသရာစက်ဝန်းအတွင်းသို့ ကူးပြောင်းနေသည်နှင့်အမျှ အရပ်မျက်နှာအဘက်ဘက်မှ လုယွီထံတိုးဝင်လာသော ကောင်းမှုကုသိုလ်စွမ်းအားများ တစတစပို၍အားကောင်းလာသည်။

"ဖြစ်နိုင်တာတော့ ငါက ဒီစွမ်းအားတွေကိုအသုံးပြုပြီး သက်ရှည်မီးအိမ်ကိုထွန်းညှိဖို့ ကြိုးစားကြည့်နိုင်တယ်"

လုယွီသည် မြေပြင်ပေါ်၌ ပလ္လင်ခွေထိုင်ပြီးနောက် သူ၏စိတ်ကို သူ၏ကိုယ်ပိုင်မိုးကောင်းကင်လှိုဏ်ဂူအတွင်းသို့ အာရုံစူးစိုက်လိုက်သည်။

မဟာတာအိုဂိတ်တံခါး၏ရှေ့တွင် အလင်းရောင်တစိုးတစိမျှ တောက်ပနေခြင်းမရှိသော ဖယောင်းတိုင်တစ်ချောင်းရှိနေလေ၏။

သက်ရှည်မီးအိမ်ကိုထွန်းညှိပြီးဖြစ်သော ရှေးဟောင်းဗောဓိသတ္တတစ်ပါးကို လောလောလတ်လတ်တွေ့မြင်ခဲ့ရသဖြင့် လုယွီသည် ထိုဖယောင်းတိုင်၏လျှို့ဝှက်ဆန်းကြယ်မှုများကို ချက်ချင်းဆိုသလိုပင် သိရှိခဲ့သည်။

နှစ်ပေါင်းသောင်းနှင့်ချီ၍ ကြာမြင့်ခဲ့သည့်တိုင် ထိုဗောဓိသတ္တ၏ရုပ်ခန္ဓာကိုယ်မှ သွေးချီစွမ်းအင်များမှာရှိနေဆဲပင်။

လုယွီက သက်ရှည်မီးအိမ်ထံသို့ဦးတည်၍ လျှောက်လှမ်းလိုက်သည်။

ထိုသို့လျှောက်လှမ်းနေစဥ်တွင် သူ့ပေါ်သို့ ထိုက်တောင်ကြီးဖိစီးထားသည့်အလား ဖိအားအရှိန်အဝါကို ခံစားနေရ၏။သူ၏ခြေထောက်များတွင် တုန်လှုပ်ချောက်ချားဖွယ် အားလှိုင်းတစ်ရပ် ကိန်းအောင်းနေပုံရကာ ခြေတစ်လှမ်းလှမ်းနိုင်ရန်အလွန်အမင်း ခက်ခဲနေသည်။

လုယွီကိုလွှမ်းခြုံထားသော ကောင်းမှုကုသိုလ်စွမ်းအားများ အလျှင်အမြန်လောင်ကျွမ်းစပြုလာသည်။အကန့်အသတ်မရှိသော ကောင်းမှုကုသိုလ်စွမ်းအားများသည် အရူးအမူးလောင်ကျွမ်းနေကာ သွေးချီများအဖြစ်ပြောင်းလဲ၍ လုယွီကို ထောက်ပံနေပေ၏။

နောက်ထပ်ခြေတစ်လှမ်း ကျရောက်သွားလေပြီ။

သက်ရှည်မီးအိမ်နှင့် ခြေဆယ်လှမ်းသာ ကွာဝေးတော့သည်။

အကယ်၍ ထိုခြေဆယ်လှမ်းသည် ပြင်ပကမ္ဘာလောကတွင်ဆိုပါက သူ မျက်တောင်တခတ်စာအချိန်အတွင်းမှာပင် ထိုနေရာသို့ရောက်ရှိနိုင်ပေမည်။သို့ရာတွင် လုယွီ၏ရှေ့၌ ကောင်းကင်နှင့်မြေပြင်အကြားမှ အက်ကွဲကြောင်းတစ်ခုရှိနေသကဲ့သို့ တခြားတစ်ဖက်ကိုသွားနိုင်ရန် လွန်စွာခက်ခဲနေသည်။

လုယွီက နောက်ထပ်ခြေတစ်လှမ်းလှမ်းလိုက်၏။ယခုလက်ရှိချိန်တွင် သူ သက်ရှည်မီးအိမ်ထံသို့ ရောက်ရှိရန် ခြေလှမ်းကိုးလှမ်းကျန်ရှိနေဆဲပင်။

လုယွီ၏ခန္ဓာကိုယ်အရေပြားမှ သွေးများယိုစီးကျလာသည်။သူ၏ခန္ဓာကိုယ်အတွင်းမှ သွေးချီများသည် ကြောက်ခမမ်းလိလိအရှိန်နှုန်းဖြင့် ကုန်ဆုံးနေပေ၏။

တစ်ချိန်တည်းမှာပင် ပြင်ပရှိ ကောင်းမှုကုသိုလ်စွမ်းအားများက လုယွီ၏သွေးချီများကို အဆက်မပြတ်ပြန်ဖြည့်တင်းပေးနေသည်။နှစ်ဖက်စလုံးသည် လွန်ဆွဲပွဲတစ်ပွဲကို ဆင်နွှဲနေခြင်းနှင့် အလားတူညီသည်။

ဤသည်က တစ်စုံတစ်ယောက်၏မရီးဒါန်းများကြံခိုင်မှုကို စမ်းသပ်နေသကဲ့သို့ပင်။အကယ်၍ အားနည်းသောမရီးဒါန်းများရှိသူသာ ဤကဲ့သို့ပြုမူဝံ့ပါက သူ၏မရီးဒါန်းများကျိုးပဲ့ပြီး မသန်မစွမ်းတစ်ယောက် ဖြစ်သွားပေမည်။

"ဒီကောင်လေး ရူးများရူးနေတာလား...ဘယ်လိုသတ္တိမျိုးနဲ့ ဒီလိုလုပ်ဝံ့တာလဲ"

သိုလှောင်အိတ်အတွင်းမှနေ၍ မျောက်၏ထိတ်လန့်တကြားအော်ဟစ်သံ ထွက်ပေါ်လာသည်။

All Chapters