အခန်း (၂၁၅၆-၂၁၆၀)
Vol. 111 Ch. 2156-2160
Chapter 2156
ဤအချိန်အခိုက်အတန့်တွင် ရှောင်မိသားစုဝင်များ၏မျက်လုံးအကြည့်များအားလုံး လုယွီထံတွင်သာ အခိုင်အမာ ကျရောက်နေကြ၏။
ဘိုးဘေး၏တည်ရှိမှုနှင့်အတူ ထိုကောင်လေးထံ၌ အရည်အချင်းရှိနေလျှင်ပင် ဤအချိန်တွင် နှိမ့်ချ၍နေရတော့မည်မဟုတ်လော။
"ဘယ်လိုသဘောရလဲ...မင်းက ရှောင်မိသားစုရဲ့ကျွန်အဖြစ်နေရမယ်ဆိုပေမယ့် ငါ မင်းကို ကတိပေးနိုင်တယ်...မင်း ကျင့်ကြံလို့ရတယ်...မင်းအတွက်လိုအပ်တဲ့ ကျင့်ကြံနည်းစနစ်တွေနဲ့ဆေးလုံးတွေကို ငါတို့ရှောင်မိသားစုက ထောက်ပံပေးမယ်...ရှောင်မိသားစုဝင်လူငယ်တွေရတဲ့ အရင်းအမြစ်တွေအားလုံး မင်း ရစေရမယ်...မင်း ရှောင်မိသားစုထဲကိုဝင်လိုက်တာနဲ့ ငါက မင်းရဲ့မျိုးရိုးနာမည်ကိုတောင် ရှောင်အဖြစ် ပြောင်းလဲခွင့်ပေးနိုင်တယ်"
ရှောင်မိသားစုဘိုးဘေးက သူ၏မုတ်ဆိတ်မွှေးများကိုပွတ်သပ်ရင်းပြောဆိုသည်။
ရှောင်ချင်က မျက်မှောင်ကြုတ်လိုက်၏။
"အဖိုးက သူ့အပေါ်မှာ ကောင်းလွန်းမနေဘူးလား...သူ့လိုကျေးဇူးမသိတက်တဲ့လူတစ်ယောက်ကို ဘာလို့ ရှောင်မိသားစုထဲ ဝင်ခွင့်ပြုရမှာလဲ"
ယခုလက်ရှိချိန်၌ သူမသည် လုယွီ တက်နိုင်သမျှမြန်မြန် သေဆုံးသွားစေရန် ဆုတောင်းနေသည်။
"ချင်အာ...မင်းရဲ့အဖိုးမှာ အတွေ့အကြုံတွေအများကြီးရှိတယ်...ဒီကောင်လေးက အဆုံးသတ်ကောင်းမှာမဟုတ်ဘူး"
လုယွီ၏တိုက်ခိုက်မှုကို ခံယူခဲ့ရပြီးချိန်မှစ၍ ရှောင်ချွမ်၏မျက်နှာအမူအယာ ရှုံမဲ့နေလေ၏။
သူက လုယွီကို စူးစိုက်ကြည့်လိုက်သည်။
"လောကီအင်မော်တယ်တစ်ယောက်က ငါ့ရဲ့တိုက်ခိုက်မှုကိုခုခံနိုင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စပဲ...ဒါပေမယ့် သူက လုပ်နိုင်ခဲ့တယ်....သူက ငါတို့မိသားစုရဲ့ကျွန်ဖြစ်လာတာနဲ့ ငါတို့က သူ့ဆီကအရာရာတိုင်းကို တူးထုတ်လို့ရတယ်...သူ့ဆီမှာ ဘာလျှို့ဝှက်ချက်မှမရှိတော့တဲ့အချိန်ကျရင် သူက အသုံးမဝင်တဲ့အမှိုက်ကောင်ဖြစ်သွားမှာပဲ...အဲ့ဒီအချိန်ကျရင် သူ့ကိုသတ်ဖို့ဆိုတာ ငါတို့က စကားနည်းနည်းပြောလိုက်ဖို့ပဲလိုတယ်"
သူမ၏ဖခင် ပြောဆိုသည်ကိုကြားမှသာ ရှောင်ချင်က စိတ်သက်သာရာရသွားခဲ့သည်။
လုယွီကိုကြည့်နေသော သူမ၏မျက်လုံးများအတွင်း၌ တဖြည်းဖြည်း အထင်အမြင်သေးမှုများနှင့် ပြည့်နှက်လာသည်။
လုယွီကဲ့သို့လူစားမျိုးသည် အချိန်တခဏသာ မောက်မာဝံ့ကြွားနိုင်ပေမည်။သူသည် သူမကဲ့သို့ အနာဂတ်ပါရမီရှင်များနှင့် အကြွင်းမဲ့ ကွဲပြားခြားနားပေ၏။
လူတိုင်း၏အကြည့်များအောက်တွင်....
လုယွီက သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ကို မြေပြင်ပေါ်သို့ချလိုက်သည်။
လုယွီ၏နာခံသောအပြုအမူကိုကြည့်ပြီး ရှောင်မိသားစုဘိုးဘေး၏မျက်နှာပေါ်မှအေးစက်စက်အမူအယာ ပျောက်ကွယ်သွားသည်။
"ကောင်းတယ်...မင်းက မှန်ကန်တဲ့ရွေးချယ်မှုကို လုပ်လိုက်တာပဲ...ရှေးဟောင်းအချိန်ကာလကစတင်ပြီးတော့ ပါရမီရှင်ဆိုတဲ့လူတွေအများကြီးရှိခဲ့ပေမယ့် သူတို့ရဲ့မောက်မာဝံ့ကြွားမှုကြောင့် သေဆုံးခဲ့ကြရတယ်...အခြေအနေကိုနားလည်သဘောပေါက်တဲ့သူက လူတော်တစ်ယောက်ပဲ...အနာဂတ်မှာ မင်း အသက်ရှင်သန်နိုင်တဲ့အချိန်ကျရင် အခုလက်ရှိ မင်းရဲ့ရွေးချယ်လိုက်မှုကို မင်း ကျေးဇူးပြန်တင်နေလိမ့်မယ်"
သို့ရာတွင် လုယွီသည် ရှောင်မိသားစုဘိုးဘေး၏စကားကို ကြားပုံမရဘဲ သူက လက်နက်စိတ်ဝိညာဥ်ကလေးငယ်ကိုကြည့်၍ ပြောဆိုလိုက်၏။
"မင်းဆီမှာ ရှင်ခြင်းနဲ့သေခြင်းကို ပြောင်းပြန်လှန်နိုင်တဲ့ စွမ်းရည်မျိုးရှိတယ်...ဒီနေရာကနေ မင်းရဲ့အရည်အချင်းနဲ့ မင်းဟာမင်း ထွက်သွားသင့်တယ်"
"ငါ မင်းကို ဖိအားမပေးဘူး...မင်း ငါ့နောက်ကို ဆက်ပြီးလိုက် မလိုက်ဆိုတာက မင်းရဲ့ရွေးချယ်မှုပေါ်မူတည်တယ်"
လက်နက်စိတ်ဝိညာဥ်ကလေးငယ်သည် သူ၏သေးငယ်ပြီးဖြူဖွေးသောလက်လေးများကိုပိုက်ထားကာ တုန်လှုပ်ချောက်ချားစွာဖြင့် ရှောင်မိသားစုဘိုးဘေးကို ကြည့်လိုက်သည်။သို့ရာတွင် သူက အံ့တင်းတင်းကြိတ်၍ ပြောဆိုလေ၏။
"ငါ သူတို့ကို မကြောက်ဘူး"
ခပ်ဖျော့ဖျော့အပြုံးနှင့်အတူ လုယွီက သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ကို သူ၏အင်္ကျီလက်မောင်းကြားသို့ ပြန်၍ထည့်လိုက်သည်။
"ရှောင်မိသားစုဘိုးဘေး...ခင်ဗျားက တကယ်အနိုင်ရသွားပြီလို့ ခင်ဗျား ထင်နေတာလား"
လုယွီက ခေါင်မိုးအစွန်းတွင်မတ်တတ်ရပ်၍ ယခုလက်ရှိနေရာတွင်ရှိနေသူများအားလုံးကို အေးစက်တင်းမာသောအကြည့်ဖြင့် ကြည့်လိုက်၏။သူ၏အသံက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
"ခင်ဗျားက ကျုပ် လုယွီကို ခင်ဗျားတို့မိသားစုရဲ့ကျွန် ဖြစ်စေချင်နေတယ်....ဘယ်သူက ခင်ဗျားကို ဒီလိုသတ္တိမျိုး ပေးလိုက်တာလဲ"
နောက်ဆုံးစကားလုံးများကို ပြောဆိုရာ၌ လုယွီက သူ၏အသံနည်းစနစ်ကို အသုံးပြုလိုက်၏။
ရှေးဟောင်းသိုင်းပညာနည်းစနစ်...နတ်ဘုရားနဂါးဟိန်းသံ...
နဂါးတစ်ကောင်၏ဟိန်းဟောက်သံနှင့်တူညီသော ဒေါသတကြီးအော်ဟစ်ဟိန်းဟောက်သံသည် ကောင်းကင်ယံအတွင်း၌ ပေါက်ကွဲသွားကာ မိုးခြိမ်းသံများအလား အဆက်မပြတ်မြည်ဟီးနေကာ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
လုယွီနှင့်အနီးကပ်နေရာတွင်ရှိနေသော ရှောင်မိသားစုဝင်များသည် သူတို့၏ခေါင်းများကို ပြင်းပြင်းထန်ထန် ထုနှက်ခံရသကဲ့သို့ ခံစားလိုက်ရသည်။သူတို့က တစ်ယောက်ပြီးတစ်ယောက် နောက်သို့ဆုတ်လိုက်ကြကာ သူတို့၏စိတ်ဝိညာဥ်များ ထိခိုက်ဒဏ်ရာရရှိသွားပုံပင်။
သူတို့အနက်မှ ကျင့်ကြံဆင့်နိမ့်ပါးသူတချို့၏ဒွါရခုနစ်ပေါက်မှ သွေးများယိုစီးကျလာကာ သတိလစ်မေ့မျောပြီး မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
ဝုန်း....
ဒေါသတကြီးအော်ဟစ်ကြုံးဝါးသံက အဝေးတစ်နေရာထိ ပဲ့တင်ထပ်ပျံ့နှံ့သွားလေ၏။
ဤအချိန်အခိုက်အတန့်တွင် ရှောင်မိသားစုမှကျင့်ကြံသူအားလုံးနီးပါးသည် ထို ဒေါသတကြီးအော်ဟစ်ကြုံးဝါးသံကို သူတို့၏စိတ်ဝိညာဥ်များ အနက်ရှိုင်းဆုံးနေရာမှ ကြားနေရသကဲ့သို့ ခံစားလိုက်ရသည်။
ဖူး....
ရှောင်ချင်က ကူကယ်ရာမဲ့စွာဖြင့် သွေးတစ်လုတ်အန်ထုတ်လိုက်ရသည်။ကံကောင်းထောက်မစွာဖြင့် ရှောင်ချွမ်သည် ရှောင်ချင်၏အနီးတွင်ရှိနေသောကြောင့် သူမ၏နှလုံးသွေးကြောများကို ကာကွယ်နိုင်ရန် မှော်စွမ်းအားတချို့ကိုပေးပို့၍ကူညီပေးလေ၏။
ထိုအခြေအနေကိုအခွင့်ကောင်းယူ၍ လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက်ပျောက်ကွယ်သွားကာ အနက်ရောင်ပုံရိပ်တစ်ခုအဖြစ်သို့ပြောင်းလဲသွားပြီး သူက ကူးပြောင်းရေးဝင်္ကပါထံသို့ အလျှင်အမြန်ပျံသန်းသွားလိုက်သည်။
Chapter 2157
လုယွီသည် ကူးပြောင်းရေးဝင်္ကပါမှတဆင့် ထွက်ပြေးရန်ကြံရွယ်နေခြင်းကိုကြည့်ကာ ရှောင်မိသားစုဘိုးဘေး၏မျက်နှာပေါ်၌ သရော်တော်တော်အပြုံးတစ်ခု ထင်ဟပ်လာသည်။
"အလဟဿဖြစ်မယ့် ကြိုးပမ်းမှုပဲ"
ရှောင်မိသားစုဘိုးဘေးသည် သူ၏လက်ကိုဆန့်ထုတ်၍ ဖမ်းဆုပ်လိုက်သည်။ရုတ်ချည်းဆိုသလိုပင် သူ၏ရှေ့ရှိလေဟာနယ်သည် သလင်းကျောက်ကဲ့သို့ ကျစ်လစ်သိပ်သည်းသွားသည်။
လုယွီ၏ပုံရိပ်သည် ထိုလေဟာနယ်အတွင်း၌ လှောင်ပိတ်မိနေလေ၏။
"ကောင်လေး...ငါ မင်းကို အခွင့်အရေးတစ်ခုပေးခဲ့တယ်....ကံဆိုးချင်တော့ မင်းက ဒါကိုအသုံးမချတက်ဘူး...မင်းရဲ့မသိနားမလည်တက်မှုအတွက် မင်းကိုယ်မင်းသာ အပြစ်တင်ပေတော့"
ရှောင်မိသားစုဘိုးဘေးက သူ၏လက်ကို ထပ်မံ၍ဖိနှိပ်လိုက်သည်။
သို့ရာတွင် ရုတ်တရက် ရှောင်မိသားစုဘိုးဘေးက မျက်မှောင်ကြုတ်လိုက်၏။
သူ ချိပ်ပိတ်ထားသောနေရာအတွင်းရှိ လုယွီ၏ပုံရိပ်သည် တဖြည်းဖြည်းပျက်ပြယ်စပြုနေလေပြီ။
ဤသည်က နောက်ချန်ပုံရိပ်သက်သက်ပင်။
ဤအချိန်အခိုက်အတန့်တွင် လုယွီသည် ကူးပြောင်းရေးဝင်္ကပါအတွင်း၌ ထွက်ပေါ်လာခဲ့သည်။သူ၏ခန္ဓာကိုယ်နံဘေးပတ်ဝန်းကျင်မှနေ၍ လေဟာနယ်လှုပ်ခတ်မှုလှိုင်းများ စတင်၍ဖြာထွက်လာပေ၏။
သီရှား၏ပြောင်းလဲမှုပုံစံခုနစ်ဆယ့်နှစ်မျိုး...နတ်ဘုရားလမ်းကြောင်း...
အစောပိုင်းက လုယွီသည် ဆေးလုံးများကိုဝါးမျိုကာ ဤလှုပ်ရှားမှုကို အတင်းအကြပ်ဖိအားပေး၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
လုယွီသည် သူတော်စင်အဆင့်ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆောင်ထား၍သာ ဆေးအာနိသင်များကို ဤှကဲ့သို့ အလွန်လျှင်မြန်စွာ ချေဖျက်နိုင်ခဲ့သည်။
လေဟာနယ်လှုပ်ခတ်မှုလှိုင်းများ လုယွီ၏ခန္ဓာကိုယ်ပေါ်သို့ ဖြတ်သန်းသွားခြင်းနှင့်အတူ သူက ကူးပြောင်းရေးဝင်္ကပါမှတဆင့် ထွက်ခွါသွားတော့သည်။
"အမ်....မင်းက ထွက်သွားနိုင်သေးတာလား...ဒါပေမယ့် ဒါက အဆုံးသတ်မဟုတ်သေးဘူး"
ရှောင်မိသားစုဘိုးဘေး၏မျက်နှာပေါ်၌ အေးစက်စက်အပြုံးတစ်ခု ထွက်ပေါ်လာသည်။
သူသည် လုယွီအား ဟန့်တားနိုင်ခြင်းမရှိဘဲ ကူးပြောင်းရေးဝင်္ကပါမှ ထွက်ခွါသွားသည်ကို ကြည့်နေခဲ့ရ၏။
"အား...အဖိုး...သူ အဝေးကို ထွက်ပြေးသွားတော့မယ်"
ရှောင်ချင်က စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလိုက်သည်။
ယခင်ကတည်းက သူမသည် လုယွီအား အပိုင်းပိုင်းအစစခုတ်ပိုင်း၍သတ်ဖြတ်ရန် ဆန္ဒရှိနေခဲ့သည်။ယခုချိန်၌ သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်သည် လုယွီနောက်သို့ ဆက်လက်၍လိုက်ပါသွားလိုသည်ကို သူမ မြင်ချိန်တွင် သူမ၏စိတ်နှလုံးသားအတွင်းမှ မနာလိုမှုများကို ဆက်လက်၍ထိန်းချုပ်မထားနိုင်တော့ချေ။
ရှေးဟောင်းဧကရာဇ်အဆင့်မှော်ရတနာသည် မည်သည်ကြောင့် လုယွီအား အလိုရှိနေသနည်း....
လုယွီသည် ကံကောင်းသောကောင်လေးတစ်ယောက်သက်သက်ပင်။လုယွီသည် မည်သည်ကြောင့် သူမထက်ပို၍ ကံကြမ္မာကောင်းများကို ရရှိနေသနည်း။
အထူးသဖြင့် အစောပိုင်းက လုယွီ အသံနည်းစနစ်ကို အသုံးပြုလိုက်ချိန်တွင် ရှောင်ချင်သည်လည်း သက်ရောက်ခံခဲ့ရကာ သူမ သည်းမခံနိုင်သောရှုံးနိမ့်မှုများကို ခံစားရစေသည်။
အကယ်၍ သူမ၏အထွတ်အထိပ်အခြေအနေ၌ရှိနေလျှင်ပင် လုယွီ၏အသံနည်းစနစ်ကို ခုခံနိုင်ရန် အလွန်ခက်ခဲမည်ဟု သူမ အသေအချာပြောနိုင်သည်။
ရှောင်ချင်က သူမသည် သက်တူရွယ်တူလူငယ်များအကြား၌ အတော်ဆုံးလူများအနက်မှတစ်ယောက်ဟု မူလကတွေးထင်ထားလေ၏။သို့ရာတွင် လုယွီနှင့်ဆုံတွေ့ပြီးနောက် သူမတို့နှစ်ယောက်ကြားမှကွာဟချက်ကို သူမ နက်နက်ရှိုင်းရှိုင်းခံစားမိသည်။
သူမသည် ထိုကဲ့သို့ခံစားချက်မျိုးကို သည်းခံနိုင်စွမ်းမရှိချေ။
လုယွီ သေဆုံးသွားသည်နှင့် သူမသည် မျိုးဆက်တူလူငယ်များအကြား၌ ထိပ်ဆုံးနေရာ၌ ဆက်လက်၍ရပ်တည်နိုင်ပေမည်။ထို့ပြင် သူမသည် လုယွီထံမှ ဧကရာဇ်အဆင့်မှော်ရတနာများကိုရရှိပါက ကောင်းကင်ဘုံနယ်မြေအတွင်း၌ အစွမ်းထက်ဆုံးကျင့်ကြသူများအနက်မှတစ်ယောက် ဖြစ်လာနိုင်ပေ၏။
"ကိစ္စမရှိဘူး...ဒီကောင်လေး အဝေးကိုထွက်ပြေးနိုင်မှာမဟုတ်ဘူး"
ရှောင်မိသားစုဘိုးဘေး၏မျက်လုံးအကြည့်သည် ကူးပြောင်းရေးဝင်္ကပါ၏တခြားတစ်ဖက်ဆီသို့ ကျရောက်သွားသည်။
ထို့နောက် သူသည် ရှောင်အိမ်တော်၏လမ်းမကြီးတစ်ခုပေါ်သို့ ချက်ချင်းဆိုသလိုပင် ရောက်ရှိသွားလေ၏။
ထိုလမ်းမကြီး၏တစ်ဖက်ခြမ်း၌လည်း ကူးပြောင်းရေးဝင်္ကပါတစ်ခုရှိနေသည်။
ထိုအချိန်မှာပင် ကူးပြောင်းရေးဝင်္ကပါ၏မျက်နှာပြင်မှနေ၍ ရုတ်တရက် အလင်းတန်းများ ဖြာထွက်လာသည်။
ထို့နောက် လုယွီ၏ပုံရိပ်က ကူးပြောင်းရေးဝင်္ကပါအတွင်းမှနေ၍ ပြင်ပသို့ရောက်ရှိလာပေ၏။
"ငါ ဒီနေရာကိုရောက်မလာခင်ကတည်းက အမိန့်ပေးထားပြီးပြီ...အခုချိန်မှာ ရှောင်အိမ်တော်တစ်ခုလုံးကို ငါ့ကိုယ်တိုင် ဦးစီးနေပြီးတော့ လုံခြုံရေးတင်းကျပ်ထားတယ်...တကယ်လို့ မင်းမှာ မြေလျှိုးမိုးပျံနိုင်တဲ့စွမ်းအားမျိုးရှိနေရင်တောင်...မင်း ထွက်ပြေးနိုင်မှာမဟုတ်ဘူး"
ရှောင်မိသားစုဘိုးဘေး၏မျက်လုံးများအတွင်း၌ သရော်တော်တော်အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
အရာအားလုံးသည် သူ ခန့်မှန်းထားမှုအတွင်းတွင်သာ ရှိပေ၏။
ယခုလက်ရှိချိန်တွင် လုယွီသည် သူ၏ဆော့ကစားမှုကို ခံယူနေရသော သနားစဖွယ်ကြွက်တစ်ကောင်နှင့်သာတူညီသည်။
"လိမ်လိမ်မာမာနဲ့ ငါ့ကို မင်းဆီက ရှေးဟောင်းဧကရာဇ်အဆင့်မှော်ရတနာပေးစမ်း"
ရှောင်မိသားစုဘိုးဘေးက သူ၏လက်ကိုဆန့်ထုတ်လိုက်၏။
သို့ရာတွင် လုယွီသည် ဤကဲ့သို့ရလဒ်မျိုးထွက်ပေါ်လာမည်ကို ကြိုသိပြီးသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
သူသည် ကူးပြောင်းရေးဝင်္ကပါ၏တစ်ဖက်ခြမ်းမှ ထွက်ခွါပြီးသည်နှင့် မည်သည့်တုံ့ဆိုင်းခြင်းမျှမရှိဘဲ သူသည် စိတ်ဝိညာဥ်မီးနယ်မြေထံသို့ အလျှင်အမြန်ပြန်ပြေးလိုက်သည်။
လုယွီသည် ရှောင်မိသားစုဘိုးဘေး၏အကြံအစည်ကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ထားသည်။
သူ၏စိတ်အတွင်း၌ တခြားလမ်းကြောင်းတစ်ခုကို ကြိုတင်တွက်ဆပြီးဖြစ်သည်။
"သူ့ကို တားထားကြစမ်း"
ရှောင်မိသားစုဝင်အစွမ်းထက်ကျင့်ကြံသူများသည် အသိဝင်လာကြပြီး လုယွီအား အလျင်စလို ဟန့်တားလိုက်ကြ၏။
Chapter 2158
"အမှိုက်ကောင်...မင်းရဲ့လက်ထဲက မှော်ရတနာကိုထားခဲ့စမ်း"
ရှောင်မိသားစုဝင်လူငယ်တစ်ယောက်သည် အော်ငေါက်လိုက်ကာ သူ၏လက်အတွင်းရှိ သံမဏိကြာပွတ်ကိုဝှေ့ယမ်း၍ လုယွီထံဦးတည်ကာ ရိုက်နှက်လိုက်သည်။
ထိုလူငယ်သည် ရှောင်မိသားစု၏မျိုးဆက်သစ်လူငယ်များအကြား၌ အထူးချွန်ဆုံးတစ်ယောက်လည်းဖြစ်သည်။သူသည် တိုက်ခိုက်မှုစတင်သည်နှင့် သူ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို ဖြန့်ကျက်လိုက်၏။သူ၏လက်အတွင်းရှိ သံမဏိကြာပွတ်ကို ဝှေ့ယမ်းလိုက်စဥ်တွင် လေပြင်းတစ်ချက်တိုက်ခတ်လာပြီး သူက လုယွီကို အပိုင်းပိုင်းအစစဆုတ်ဖြဲလိုပုံရသည်။
"ထွက်သွားစမ်း"
လုယွီသည် ထိုကဲ့သို့လူစားမျိုးနှင့်တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိချေ။သို့ရာတွင် သူသည် နတ်ဘုရားလမ်းကြောင်းနည်းစနစ်ကို အဆက်မပြတ်အသုံးပြုပြီးနောက် သူ၏ခန္ဓာကိုယ်မှမှော်စွမ်းအားများ ကုန်ခမ်းနေလေပြီ။ထို့ကြောင့် သူ့ကိုယ်သူ ခုခံကာကွယ်နိုင်ရန်အတွက် သူ၏ရုပ်ခန္ဓာကိုယ်ခွန်အားကိုသာ အသုံးပြုရပေမည်။
လုယွီ၏လက်ယာဘက်လက်မှနေ၍ ရွှေရောင်အလင်းတန်းများ ရုတ်တရက်ထွက်ပေါ်လာကာ သူ၏လက်ဖဝါးတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ရုတ်ချည်းဆိုသလိုပင် လုယွီသည် လက်ဗလာဖြင့် လေထုအတွင်းမှကြာပွတ်ကို တိုက်ရိုက်ဖမ်းဆုပ်လိုက်သည်ကို လူတိုင်း တွေ့မြင်လိုက်ကြရ၏။
ဘန်း....ဘန်း...ဘန်း...
သံမဏိကြာပွတ်မှနေ၍ ပေါက်ကွဲသံများ အဆက်မပြတ်ထွက်ပေါ်လာသည်။ထို့နောက် အရည်အသွေးမြင့်မားပုံရသော ထိုမှော်ရတနာသည် လုယွီ၏ဖျက်ဆီးခြင်းကို ခံလိုက်ရတော့သည်။
ရှောင်မိသားစု၏ပါရမီရှင်တစ်ယောက်ဖြစ်သော ထိုလူငယ်သည် သူ၏နှလုံးနှင့်မှော်လက်နက်ကို ချိတ်ဆက်ထားလေ၏။မှော်လက်နက်ပျက်စီးသွားချိန်တွင် သူ၏ပါးစပ်မှ သွေးတစ်လုတ်အန်ထွက်လာကာ သူက နောက်သို့လွင့်စင်သွားတော့သည်။
သို့ရာတွင် လုယွီက ထိုလူငယ်ကိုအလွတ်ပေးခြင်းမရှိဘဲ သူ့ထံသို့ ပျံသန်းသွားလေသည်။
"မင်း...."
ရှောင်မိသားစုဝင်လူငယ်၏စကားများ အထစ်ထစ်အငေါ့ငေါ့ဖြစ်နေသည်။
လုယွီသည် သူ၏မှော်လက်နက်ကို ချိုးဖဲ့ဖျက်ဆီးပစ်မည်ဟု သူ စိတ်ကူးပင်ယဥ်မကြည့်ဖူးချေ။
သူသည် ထိုသံမဏိကြာပွတ်ကိုသန့်စင်ရန် အင်အားများစွာ စိုက်ထုတ်ခဲ့ရ၏။ဤကြာပွတ်ဖြင့် သူသည် ကျင့်ကြံဆင့်နယ်ပယ်တူသော မြောက်မြားစွာသည့်ကျင့်ကြံသူများကို အနိုင်ယူနိုင်ခဲ့သည်။
သို့ရာတွင် လုယွီ၏ရုပ်ပိုင်းဆိုင်ရာခွန်အားသည် အလွန်သန်မာအားကောင်းလှ၏။
သူ၏စိတ်နှလုံးသားအတွင်းမှ ထိတ်လန့်တုန်လှုပ်မှု ပျောက်ကွယ်သွားခြင်းမရှိသေးမီမှာပင် လုယွီက ရုတ်တရက် သူ့အားခြေထောက်မှကိုင်မြှောက်၍ အထက်သို့လွှဲယမ်းကာ နောက်သို့ပစ်လွှက်လိုက်သည်။
လုယွီ၏နောက်၌ ရှောင်မိသားစုဝင်အစွမ်းထက်ကျင့်ကြံသူတစ်စုရှိနေသည်။
ဤအချိန်အခိုက်အတန့်တွင် ရှောင်မိသားစုဝင်အစွမ်းထက်ကျင့်ကြံသူများသည် သူတို့၏သွားလာနေသောလမ်းကြောင်းကို အချိန်မီရပ်တန့်နိုင်ခြင်းမရှိချေ။သူတို့သည် သူတို့ထံသို့လွင့်စင်လာသော ရှောင်မိသားစုဝင်လူငယ်နှင့် ဖီလာဆန့်ကျင်ရိုက်ခတ်မိကာ ဖရိုဖရဲအခြေအနေမျိုးသို့ ရောက်ရှိသွားသည်။
သို့ရာတွင် ဤသည်က သူ့အားလိုက်လံဖမ်းဆီးသူများ၏တစိတ်တဒေသကိုသာ ဟန့်တားနိုင်ခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ဤနေရာသည် ရှောင်မိသားစု၏ပိုင်နက်နယ်မြေပင်။ပတ်ဝန်းကျင်ရှိ နေရာအနှံ့အပြားမှနေ၍ ရှောင်မိသားစုမှအစွမ်းထက်ကျင့်ကြံသူများ ထွက်လာကြကာ သူတို့၏အရေအတွက်သည် အဆက်မပြတ်မြင့်တက်နေပေ၏။
လုယွီအား ဝိုင်းရံထားသူများအနက် အားအနည်းဆုံးသူပင်လျှင် လောကီအင်မော်တယ်ကျင့်ကြံဆင့်ရှိသည်။
ဤှသည်ကိုကြည့်ခြင်းအားဖြင့် ရှောင်မိသားစု၏အင်အားကို ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်သည်။
သို့ရာတွင် လုယွီ၏ရှေ့၌ ထွက်ပေါ်လာသော ရှောင်မိသားစုဝင်အစွမ်းထက်ကျင့်ကြံသူသည် မည်သည့်နည်းနှင့်မျှ သူ၏ပြိုင်ဘက်မဖြစ်နိုင်ချေ။
ဘန်း...ဘန်း...
လုယွီသည် သူ့ရှေ့ရှိ ရှောင်မိသားစုဝင်အစွမ်းထက်ကျင့်ကြံသူ၏ရင်ဘတ်ကို လက်သီးဖြင့်ထိုးနှက်လိုက်ကာ အတင်းအကြပ်ဖိအားပေး၍ သွေးခင်းသောလမ်းကြောင်းတစ်ခုကို ဖွင့်လိုက်၏။
"ဒီကောင်လေးက အရမ်းသန်မာအားကောင်းတာပဲ"
"လာကြစမ်း...ဝင်္ကပါပုံစံဖွဲ့စည်းပြီး သူ့ကို တိုက်ခိုက်ကြရအောင်...ငါတို့က သူ့ကို ထွက်ပြေးခွင့်ပေးလို့မရဘူး"
ရှောင်မိသားစုမှလူငယ်ပါရမီရှင်များသည် ကျယ်လောင်စွာအော်ဟစ်၍ လုယွီအား ဟန့်တားရန် ကြိုးပမ်းလိုက်ကြသည်။
ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ ဧရာမဓားဝင်္ကပါကြီးက ချက်ချင်းဆိုသလိုပင် လုယွီအား လွှမ်းခြုံသွားသည်။
လောကီအင်မော်တယ်သို့ရောက်ရှိပြီးဖြစ်သော ရာနှင့်ချီသည့် ရှောင်မိသားစုဝင်လူငယ်ပါရမီရှင်များသည် တပြိုက်နက်တည်း ဝင်္ကပါပုံစံဖွဲ့စည်း၍ လုယွီကို အတွင်း၌ ပိတ်လှောင်လိုက်ကြသည်။
"ကောင်လေး...နင်က အရမ်းမောက်မာနေတာမဟုတ်ဘူးလား...ငါတို့ရှောင်မိသားစုရဲ့အင်အားကို နင်သိအောင် ငါ ပြသပေးမယ်"
ထိုမြင်ကွင်းကိုမြင်ချိန်တွင် ရှောင်ချင်၏မျက်နှာပေါ်၌ ကောက်ကျစ်ယုတ်မာသောအပြုံးတစ်ခု ထင်ဟပ်လာသည်။
သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် သူမ၏မျက်နှာပေါ်မှအပြုံး အေးခဲသွားသည်။
အကြောင်းအရင်းမှာ လုယွီသည် လက်သီးတစ်ချက်ဖြင့် သူ့ရှေ့ရှိ ဧရာမဓားဝင်္ကပါကြီးကို ကြေမွှပျက်စီးသွားစေခြင်းကြောင့်ပင်။
ဓားဝင်္ကပါကြီးကို ဖွဲ့စည်းထားသော ရှောင်မိသားစု၏ရာနှင့်ချီသော လူငယ်ပါရမီရှင်များ တပြိုင်နက်တည်း လွင့်ထွက်သွားကြ၏။
မောက်မာသောဝံ့ကြွားသော ရှောင်မိသားစုဝင်လူငယ်ပါရမီရှင်များသည် ဝင်္ကပါပုံစံဖွဲ့စည်း၍ တိုက်ခိုက်ကြသော်လည်း လုယွီကို ထိခိုက်နာကျင်စေခြင်းမရှိချေ။ထိုအစား သူတို့သည် လုယွီကြောင့် လွင့်ထွက်သွားကြ၏။
ရှောင်ချင်သည် သူမ၏မျက်နှာကို တစ်စုံတစ်ယောက်မှ ပါးဖြတ်ရိုက်လိုက်သကဲ့သို့ ခံစားနေရသည်။
လုယွီသည် ရှောင်မိသားစုဝင်လူငယ်ပါရမီရှင်များကို လွင့်ထွက်စေပြီးနောက် သူက ချက်ချင်းဆိုသလိုပင် စိတ်ဝိညာဥ်မီးနယ်မြေထံသို့ ဦးတည်၍ အပြေးသွားလိုက်သည်။
သို့သော် ထိုအချိန်မှာပင် မှုန်တေတေအသံတစ်သံက လုယွီ၏နောက်မှ ထွက်ပေါ်လာသည်။
"ကောင်လေး...ငါ မင်းကို ဘေးကနေစောင့်ကြည့်နေတာ...ငါ ရှိမနေဘူးလို့ မင်း ထင်နေတာလား"
Chapter 2159
"အဖိုးကြီး...ကျုပ် ခင်ဗျားတို့ရဲ့လုပ်ရပ်တွေကို မှတ်ထားတယ်....နောင်တစ်ချိန်ကျရင် ခင်ဗျားတို့ရှောင်မိသားစု ဒီအတွက် ပြန်ပေးဆပ်စေရမယ်"
လုယွီ၏အသံက ကောင်းကင်ယံအတွင်း၌ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
ရှောင်မိသားစုဝင်အစွမ်းထက်ကျင့်ကြံသူများသည် ထိုအသံကိုကြားသည်နှင့် သူတို့၏ဆံပင်များ ထောင်မတ်သွားသကဲ့သို့ ခံစားလိုက်ရ၏။
ဤသည်က အန္တရာယ်ရှိသောတစ်စုံတစ်ရာ ဖြစ်ပျက်တော့မည့်အလားပင်။
"ဟား ဟား ဟား....ငါက မိသားစုဝင်လူငယ်လေးတွေရဲ့ခွန်အားကို သိချင်လို့...ခုဏက ငါ ကိုယ်တိုင်ဝင်ပြီး မလှုပ်ရှားခဲ့တာပဲ....ငါက မင်းကိုမသတ်နိုင်ဘူးလို့ မင်း ထင်နေတာလား"
ရှောင်မိသားစုဘိုးဘေးက သရော်တော်တော် ဆက်လက်ပြောဆိုသည်။
"ကြည့်ရတာတော့ မင်းက တကယ့်ကို ရှားပါးတဲ့ပါရမီရှင်တစ်ယောက်ဖြစ်ပုံပဲ...ငါက မင်းရဲ့အရည်အချင်းကို သဘောကျနှစ်ခြိုက်တယ်...ဒါပေမယ့် မင်းက မှားယွင်းတဲ့ရွေးချယ်မှုမျိုးပြုလုပ်ပြီူတော့ ငါတို့ရှောင်မိသားစုကို ထပ်ပြီးဆန့်ကျင်တိုက်ခိုက်ခဲ့တယ်"
ထိုစကားပြောဆိုပြီးသည်နှင့် ရှောင်မိသားစုဘိုးဘေးသည် လုယွီကို ထပ်မံ၍လှောင်ပိတ်ထားနိုင်ရန် တိုက်ခိုက်လိုက်၏။
သူ၏ကျင့်ကြံဆင့်နယ်ပယ်သည် အလွန်နက်နဲသိမ်မွေ့ပြီး မှန်းဆ၍မရနိုင်ချေ။သူ တစ်ကြိမ်လှုပ်ရှားလိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ လေဟာနယ်ကျစ်လစ်သိပ်သည်းသွားကာ ကောင်းကင်နှင့်မြေပြင်ပင် အရောင်ပြောင်းလဲသွားသည်။
ရုတ်ချည်းဆိုသလိုပင် လုယွီကို အပြည့်အဝလှောင်ပိတ်ထားနိုင်ရန်ရည်ရွယ်၍ သူ၏နံဘေးပတ်ဝန်းကျင်ရှိလေဟာနယ် ကျစ်လစ်သိပ်သည်းစပြုလာသည်။
"လေဟာနယ်ဥပဒေသလား"
လုယွီက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
မည်သည့်နယ်မြေသခင်မဆို အားကောင်းသောလေဟာနယ်ဥပဒေသကို ဖမ်းဆုပ်နိုင်သည်။
အစောပိုင်းက ရှောင်ချွမ်၏လှံရှည်သည် လုယွီ၏နံဘေးပတ်ဝန်းကျင်ရှိ လေဟာနယ်ကို အပြည့်အဝပိတ်လှောင်ထားသဖြင့် သူ ထွက်ပြေးနိုင်သည့်နေရာမရှိခဲ့ချေ။သူသည် ထိုတိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်ရုံသာတက်နိုင်သည်။
ဤသည်က နယ်မြေသခင်တစ်ယောက်၏တုန်လှုပ်ချောက်ချားဖွယ်ကောင်းပုံပင်။
ရွှယ်အင်မော်တယ်တစ်ယောက် မည်မျှပင်အစွမ်းထက်နေသည်ဖြစ်စေ နယ်မြေသခင်တစ်ယောက်နှင့်ရင်ဆိုင်ရပါက ကူကယ်ရာမဲ့ဖြစ်နေပေမည်။တစ်ဖက်လူသည် သူ၏နံဘေးပတ်ဝန်းကျင်ရှိလေဟာနယ်ကို အပြည့်အဝချိပ်ပိတ်ထားပါက သူသည် ပတ်ဝန်းကျင်ရှိစိတ်ဝိညာဥ်စွမ်းအားများကို စုပ်ယူနိုင်စွမ်းမရှိတော့ဘဲ အားအင်ကုန်ခမ်းကာ တဖြည်းဖြည်း သေဆုံးသွားပေမည်။
လုယွီနှင့်နယ်မြေသခင်အဆင့်ကြား၌ ကြီးမားသောကွာဟချက်ကြီးရှိနေသည်။ထို့ပြင် လုယွီသည် ယခုလက်ရှိချိန်၌ လောကီအင်မော်တယ်တစ်ယောက်သာဖြစ်ပေ၏။
ရုတ်ချည်းဆိုသလိုပင် လုယွီ၏ပုံရိပ်က လေထုအတွင်း၌ ရပ်တန့်သွားသည်။
ရှောင်မိသားစုဘိုးဘေးသည် သူ၏လက်ချောင်းများကို ထပ်မံ၍လှုပ်ခတ်လိုက်ရာ လုယွီ၏ခန္ဓာကိုယ် စတင်၍ပြင်းပြင်းထန်ထန်တုန်ခါလာသည်။
လုယွီသည် တုန်လှုပ်ချောက်ချားဖွယ်အလေးချိန်ကို တောင့်ခံနေရကာ မြောက်မြားစွာသောတောင်များက သူ့အပေါ်သို့ ဖိစီးနေသည့်အလား ခံစားနေရကာသူ့အား အစိတ်စိတ်အမွှာမွှာချေမွှဖျက်ဆီးလိုပုံရသည်။
"အမ်...သူ့ရဲ့ရုပ်ခန္ဓာကိုယ်ခွန်အားက တကယ့်ကိုအစွမ်းထက်တာပါလား"
ရှောင်မိသားစုဘိုးဘေးသည် အံ့အားသင့်သွားပေ၏။
မူလက ရှောင်မိသားစုဘိုးဘေးသည် လုယွီ၏ရုပ်ခန္ဓာကိုယ်ကို ချေမွှဖျက်ဆီး၍ သူ၏စိတ်ဝိညာဥ်ကိုဆွဲထုတ်ကာ စစ်မေးရန်စီစဥ်ထားသည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီ၏ရုပ်ခန္ဓာကိုယ်အင်အားသည် သူ စိတ်ကူးယဥ်တွေးတောထားသည်ထက် ကျော်လွန်နေပုံရသည်။
"မင်းက ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူလား....စိတ်ဝင်စားစရာပဲ...ဒါပေမယ့် ဒီလောက်ပါပဲ....ရုပ်ခန္ဓာကိုယ်ကျင့်ကြံတဲ့သူတွေရဲ့ ခွန်အားရင်းမြစ်က သူတို့ရဲ့ရုပ်ခန္ဓာကိုယ်ပဲ...မင်းရဲ့ရုပ်ခန္ဓာကိုယ်မရှိတော့ရင် မင်းက ဘာကောင်မှမဟုတ်ဘူး"
ကောက်ကျစ်ယုတ်မာသောအပြုံးတစ်ခုက ရှောင်မိသားစုဘိုးဘေး၏မျက်နှာပေါ်၌ ထင်ဟပ်လာသည်။
"ငါက မင်းရဲ့ခန္ဓာကိုယ်ကို ဖျက်ဆီးပြီးတဲ့အချိန်ကျ ရင်...မင်းကို တိမ်တွေပေါ်ကနေပြုတ်ကျပြီး သာမာန်လူတစ်ယောက်ဖြစ်လာတဲ့အရသာကို တွေ့ကြုံခံစားခိုင်းမယ်"
ဤသည်က ကျင့်ကြံသူတစ်ယောက်အတွက် အဆိုးရွားဆုံးပြစ်ဒဏ်ဖြစ်မည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
အကယ်၍ ကျင့်ကြံသူတစ်ယောက်သည် ကျင့်ကြံနေစဥ်အတောအတွင်း၌ နယ်ပယ်တစ်ခုနိမ့်ပါးသွားပါက အချိန်အတိုင်းအတာတစ်ခုထိထိန်းညှိပြီးချိန်တွင် သူ၏ကျင့်ကြံဆင့်ကိုပြန်လည်ရရှိနိုင်သည်။
သို့ရာတွင် ထိုကျင့်ကြံသူသည် ကြီးမားသောတိုက်ခိုက်မှုကိုခံစားရပြီး သူ၏ခွန်အားများအားလုံး ဆုံးရှုံးသွားပါက သူ၏စိတ်ဝိညာဥ် အကြီးအကျယ်ထိခိုက်ဒဏ်ရာရရှိသွားမည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
အကယ်၍ ထိုကျင့်ကြံသူ၏စိတ်အင်အားသည် ခိုင်မာမှုမရှိပါက ထိုလူသည် ရူးသွပ်သွားပေမည်။
ယခုလက်ရှိချိန်၌ ရှောင်မိသားစုဘိုးဘေးသည် လုယွီ၏ကျင့်ကြံဆင့်ကို ဖျက်ဆီးရန်ကြံရွယ်နေသည်။
ခရက်...ခရက်...
အရိုးများတုန်ခါလာသည့် အသံများက လုယွီ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။
လုယွီသည် ထိုဖိအားလှိုင်းကိုတောင့်ခံနိုင်ရန် အကောင်းဆုံးကြိုးစားနေသော်လည်း သူ၏လက်ရှိကျင့်ကြံဆင့်နယ်ပယ်သည် ရှောင်မိသားစုဘိုးဘေးနှင့် လွန်စွာအလှမ်းကွာဟနေပေ၏။
ဘန်း...
ပြင်းထန်သောနာကျင်မှုနှင့်အတူ လုယွီ၏လက်ယာဘက်လက်မောင်းတလျှောက် နာကျင်မှုများတလိမ့်လိမ့်တက်လာကာ ရုတ်တရက် ပေါက်ကွဲသွားခဲ့သည်။
Chapter 2160
လုယွီ၏လက်ယာဘက်လက်မောင်းသည် ချက်ချင်းဆိုသလိုပင် သွေးမြူများအဖြစ် ပေါက်ကွဲသွားလေ၏။
ရုတ်ချည်းဆိုသလိုပင် စူးရှပြင်းထန်သောနာကျင်မှုက လုယွီ၏နှလုံးအတွင်းသို့ တိုးဝင်လာသည်။
ဤကဲ့သို့နာကျင်မှုမျိုးသည် လုယွီနှင့်ကျင့်ကြံဆင့်နယ်ပယ်တူ ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက်ဆိုပါက ချက်ချင်းပြိုလဲသွားစေရန်လုံလောက်သည့်အပြင် ထိုလူ၏အသိစိတ်အာရုံကို သက်ရောက်သွားပေမည်။
သို့ရာတွင် လုယွီကမူ ထိုနာကျင်မှုကို တောင့်ခံနေဆဲပင်။
"ရှောင်မိသားစု...တကယ်လို့ ငါ အသက်ရှင်သန်ခဲ့ရင် မင်းတို့ရှောင်မိသားစုရဲ့ကံကြမ္မာကိုဖိနှိပ်ပြီး မင်းတို့မိသားစုတစ်စုလုံး ထာဝရပျက်သုဥ်းသွားစေရမယ်"
ထိုအသံတွင် အကန့်အသတ်မရှိသော နာကျည်းမုန်းတီးမှုများ ရောယှက်နေကာ ချက်ချင်းဆိုသလိုပင် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
ထိုစကားကို တုံ့ပြန်သည့်အလား ကောင်းကင်ယံအတွင်း၌ ကျယ်လောင်သောမိုးခြိမ်းသံတစ်သံ မြည်ဟီးလာသည်။
လုယွီ၏စကားသံကြောင့် ပတ်ဝန်းကျင်ရှိလေဟာနယ်အတွင်း၌ ပြောင်းလဲမှုတချို့ ဖြစ်ပျက်သွားလေ၏။
နံဘေးဘက်မှစောင့်ကြည့်နေသော ရှောင်ချွမ်၏မျက်နှာအမူအယာ ရုတ်တရက် ပြောင်းလဲသွားသည်။
"သူက တကယ့်ကို မဟာစိတ်ဆန္ဒကို လုပ်လိုက်တာလား"
မဟာစိတ်ဆန္ဒသည် မည်သူမဆို ဆန္ဒပြုနိုင်သောအရာမျိုးမဟုတ်ချေ။
ဤလောကကြီးအတွင်း၌ အလွန်အားကောင်းသော ကံကြမ္မာတာအိုကို ပိုင်ဆိုင်ထားသူများကသာ ကောင်းကင်နှင့်မြေပြင်ကိုသက်သေပြု၍ မဟာစိတ်ဆန္ဒကို တိုင်တည်နိုင်သည်။
အကယ်၍ သူတို့၏မဟာစိတ်ဆန္ဒကို ပြီးမြောက်အောင်မြင်စေခြင်းမရှိပါက ကောင်းကင်နှင့်မြေပြင်၏ငြင်းဆန်ခြင်းကိုခံရကာ သူတို့၏ကျင့်ကြံဆင့်နယ်ပယ် ရပ်တန့်သွားနိုင်ပေ၏။
ထို့ကြောင့် မဟာစိတ်ဆန္ဒကိုပြုလုပ်သော မည်သူမဆို သူတို့၏စိတ်ဆန္ဒကို ပြီးမြောက်အောင်မြင်စေရန် အကောင်းဆုံးကြိုးစားကြသည်။
ဆိုလိုသည်မှာ အကယ်၍ လုယွီ အသက်ဆက်လက်ရှင်သန်နေပါက သူတို့၏ရှောင်မိသားစုသည် အနာဂတ်တွင် ဘေးကပ်ဆိုးတစ်ခုနှင့် ရင်ဆိုင်ရပေမည်။
"သူက မဟာစိတ်ဆန္ဒကိုတောင် ပြုလုပ်နိုင်တာလား"
ရှောင်ချင်၏စိတ်နှလုံးသားတစ်ခုလုံး မနာလိုအားကျမှုများ နာကျည်းမုန်းတီးမှုများနှင့် ပြည့်နှက်နေသည်။
လုယွီက သန်မာအားကောင်းမှုများကို ထုတ်ဖော်ပြသလေလေ ရှောင်ချင်သည် သူမကိုယ်သူမ အသုံးမကျသူဟု ခံစားရလေလေပင်။
ရှောင်မိသားစုဘိုးဘေးသည် ကောင်းကင်ယံတခွင်လုံးအနှံ့ ပဲ့တင်ထပ်နေသော မဟာစိတ်ဆန္ဒကို မြင်နေရသော်လည်း သူ၏မျက်နှာပေါ်တွင် အေးဆေးတည်ငြိမ်မှုကို ထိန်းသိမ်းထားလေ၏။
"ဒီနေ့....ငါ မင်းကို ဘယ်လိုနည်းနဲ့မှ အသက်ရှင်ခွင့်ပေးလို့မရဘူး"
သူသည်လည်း အနည်းငယ်အံ့အားသင့်တုန်လှုပ်နေသည်။သူ့ရှေ့ရှိ လူငယ်လေးထံတွင် ဤကဲ့သို့ကံကြမ္မာကောင်းမျိုး ပိုင်ဆိုင်ထားမည်ဟု သူ မျှော်လင့်မထားမိချေ။
သို့ရာတွင် ဤသည်က အဆုံးသတ်ပင်။
ရှောင်မိသားစုဘိုးဘေးသည် ယခုလက်ရှိကျင့်ကြံဆင့်နယ်ပယ်ထိရောက်ရှိစေရန် အချိန်ကြာမြင့်စွာကျင့်ကြံခဲ့သူဖြစ်သည်။သူ ကျင့်ကြံခဲ့သောလမ်းကြောင်းတလျှောက်၌ မြောက်မြားစွာသော ပါရမီရှင်လူငယ်များကို မြင်တွေ့ခဲ့ရ၏။ထိုလူငယ်များသည် အလွန်မောက်မာဝံ့ကြွားခဲ့ကြသော်လည်း သူတို့အနက်မှအများစုသည် အဆုံးသတ်၌ အရိုးစုဘဝသို့ ပြောင်းလဲသွားကြသည်။
"ကျိုးပျက်စမ်း"
ရှောင်မိသားစုဘိုးဘေးသည် သူ၏လက်ချောင်းများကို ထပ်မံ၍မြှောက်လိုက်ကာ လုယွီထံလက်ညှိုးညွှန်လိုက်၏။
အက်ကွဲသံများ အဆက်မပြတ်ထွက်ပေါ်လာခြင်းနှင့်အတူ လုယွီ၏လက်ဝဲဘက်လက်နှင့်ခြေထောက် ကျိုးပဲ့သွားသည်။
ပတ်ဝန်းကျင်ရှိလေဟာနယ်သည် တွန့်ခေါက်စပြုလာကာ ပုံပျက်လာပြီး အားကောင်းသောစွမ်းအားလှိုင်းတစ်ရပ်က လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံးကို ချေမွှဖျက်ဆီးရန် ကြိုးပမ်းနေသည်။
လုယွီသည် နာကျင်မှုကိုတောင့်ခံ၍ သူ၏စိတ်ကို တည်ငြိမ်အောင်ထိန်းသိမ်းလိုက်၏။
ထိုနာကျင်မှုမျိုးသည် သာမာန်ကျင့်ကြံသူများကို ရူးသွပ်သွားစေနိုင်သော်လည်း လုယွီ၏စိတ်ဝိညာဥ်သည် ထိုပြင်းထန်သောနာကျင်မှုကို တောင့်ခံနိုင်ရန်လုံလောက်သည်။
"သခင်...ကျွန်တော် သခင်ကိုကူညီပေးမယ်"
လက်နက်စိတ်ဝိညာဥ်ကလေးငယ်သည် အံ့တင်းတင်းကြိတ်၍ ရှေးဟောင်းဧကရာဇ်အဆင့်မှော်ရတနာ၏စွမ်းအားကို ဖြန့်ကျက်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် ရှင်ခြင်းဥပဒေသသည် လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားကာ သူ၏ထိခိုက်ဒဏ်ရာရနေသောခန္ဓာကိုယ်ကို အဆက်အပြတ်ကုစားပေးနေသည်။
သို့ရာတွင် ဤသည်က ရေပုံးအတွင်းမှရေတစ်ပေါက်စာပင်။လက်နက်စိတ်ဝိညာဥ်ကလေးငယ်၏ ယခုလက်ရှိအဆင့်ဖြင့် ဧကရာဇ်အဆင့်မှော်ရတနာ၏စွမ်းအားကို အပြည့်အဝအသုံးပြုနိုင်ရန်လွန်စွာအလှမ်းကွာဟနေသည်။
ဤသည်က အစစ်အမှန်သေရေးရှင်ရေး အထွတ်အထိပ်အခြေအနေတစ်ခုပင်။
ရှောင်မိသားစုဘိုးဘေးနှင့်နှိုင်းယှဥ်ပါက သူ၏ကျင့်ကြံဆင့်နယ်ပယ်သည် လွန်စွာနိမ့်ကျနေကြောင်း လုယွီ သိရှိထားလေ၏။
သူတို့နှစ်ယောက်၏ကျင့်ကြံဆင့်နယ်ပယ်များအကြား၌ အလွန်ကြီးမားသောကွာဟချက်ကြီးရှိနေသည်။သူ မည်မျှပင်အစွမ်းထက်နေသည်ဖြစ်စေ ထိုကွာဟချက်ကို ကျော်လွှားနိုင်ရန်မှာ မဖြစ်နိုင်ချေ။
"ငါ အရင်တုန်းက သေစေနိုင်တဲ့ထောင်ချောက်တွေအများကြီးကို ရင်ဆိုင်ခဲ့ဖူးတယ်....ဘယ်လိုလုပ်ပြီး ငါက ဒီနေရာမှာ သေဆုံးရမှာလဲ"
လုယွီ၏စိတ် ပြင်းထန်စွာလှည့်ပတ်နေကာ ဤလှောင်ပိတ်ထားမှုကို ချိုးဖျက်နိုင်မည့်နည်းလမ်းများကို အလျှင်အမြန်တွေးတောနေသည်။
ယခုလက်ရှိချိန်တွင် သူ့ထံ၌ မည်သည့်မှော်စွမ်းအားမျှ မကျန်ရှိတော့ချေ။သူ့ထံတွင် ထိုက်အန်းဓားနှင့်သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်တို့ရှိနေသော်လည်း သူသည် ထိုဧကရာဇ်အဆင့်မှော်လက်နက်နှစ်ခု၏စွမ်းအားများကို ထုတ်ဖော်အသုံးပြုနိုင်ခြင်းမရှိတော့ပေ။
ယခုလက်ရှိချိန်တွင် သူ အပြင်းအထန်ဒဏ်ရာရရှိထားကာ သူ၏ရုပ်ခန္ဓာကိုယ်ခွန်အားကိုပင် ဆက်လက်ထိန်းသိမ်းထားနိုင်ရန် လွန်စွာခက်ခဲနေသည်။
ထိုကဲ့သို့ ကျဥ်းထဲကျပ်ထဲအခြေအနေမျိုးတွင် အသံတစ်သံက ရုတ်တရက် လုယွီ၏စိတ်အတွင်း၌ မြည်ဟီးလာသည်။
"ကောင်လေး...ကြည့်ရတာတော့ မင်းမှာ ပြဿနာတချို့ရှိနေပုံပဲ"