အခန်း (၂၁၇၁-၂၁၇၅)
Vol. 112 Ch. 2171-2175
Chapter 2171
ပတ်ဝန်းကျင်နေရာတစ်ခုလုံး ချက်ချင်းဆိုသလို တိတ်ဆိတ်ငြိမ်သက်သွားသဖြင့် ရှောင်ချွမ်သည် သူ၏အသက်ရှုသံကိုပင် သူ ရှင်းရှင်းလင်းလင်း ပြန်ကြားနေရ၏။
"ဝမ်ရှန့်သူတော်စင်လား...ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ....ဒီကောင်လေးက ကံကြံမ္မာကောင်းတချို့ရထားတဲ့ ယင်ကောင်ငယ်လေးတစ်ကောင်လေ...သူက ဘယ်လိုလုပ်ပြီး ဝမ်ရှန့်သူတော်စင်ရဲ့အာရုံစူးစိုက်မှုကို ရသွားတာလဲ...ဒါက တံဆိပ်ပြားအတုပဲဖြစ်မယ်...ငါတို့ ရှောင်မိသားစုက ဒါကိုသတိပြုမိသွားမှတော့ လျစ်လျှူရှုထားလို့မရဘူး"
ရှောင်ချင်က ရုတ်တရက် စူးရှကျယ်လောင်စွာအော်ဟစ်၍ ပတ်ဝန်းကျင်ရှိရှောင်မိသားစုဝင်လူငယ်များကိုကြည့်ကာ အမိန့်ပေးလိုက်၏။
"နင်တို့ ဘာလုပ်နေကြတာလဲ...သူ့ကို မြန်မြန်မဖမ်းကြသေးဘူးလား"
သို့ရာတွင် ပတ်ဝန်းကျင်နေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။
မည်သူကမျှ လုယွီကို မတိုက်ခိုက်ဝံ့ချေ။
တံဆိပ်ပြားသည် လေထုအတွင်း၌မျောလွင့်နေကာ ဝမ်ရှန့်သူတော်စင်၏ကြီးကျယ်ခမ်းနားမှုကို ပြသနေသည်။
အကယ်၍ တစ်စုံတစ်ယောက်သည် ဤနေရာ၌တိုက်ခိုက်ဝံ့ပါက ဝမ်ရှန့်သူတော်စင်၏အမိန့်ကို မသိကျိုးကျွန်ပြုခြင်းဖြစ်ပေမည်။အကယ်၍ ဝမ်ရှန့်သူတော်စင်သည် ထိုကိစ္စအား ဂရုမစိုက်လျှင်ပင် ထိုသတင်းပျံ့နှံ့သွားသည်နှင့် သူတို့သည် သူတော်စင်၏နောက်လိုက်တပည့်များမှ တိုက်ခိုက်မှုကိုခံရကာ သေဆုံးသွားနိုင်သည်။
ခွေးဝါကြီးက ရှောင်ချင်ကိုစောင်းငဲ့ကြည့်ကာ အေးစက်စက်နှာမှုတ်လိုက်၏။
"နားညည်းလိုက်တာ"
အနက်ရောင်အရိပ်တစ်ရိပ် ဖြတ်သန်းသွားခြင်းနှင့်အတူ လူများအားလုံး ရှင်းရှင်းလင်းလင်း မမြင်ရသေးမီမှာပင် ခွေးဝါကြီး၏လက်ဖဝါးတစ်ဖက်က ရှောင်ချင်၏မျက်နှာပေါ်သို့ ကျရောက်သွားသည်။
ဖြောင်း...
ကြည်လင်ပြတ်သားသောအသံတစ်သံ ထွက်ပေါ်လာသည်။ဇီးပန်းပွင့်ပုံခွေးလက်ဝါးရာသည် ရှောင်ချင်၏မျက်နှာပေါ်၌ ထင်ဟပ်လာကာ အနီရောင်တောက်ပနေသည်။
ထိုလက်ဝါးရိုက်ချက်၏ခွန်အားသည် အလွန်ပြင်းထန်သဖြင့် ရှောင်ချင်၏မျက်နှာတပြင်လုံး အနီရောင်သို့ပြောင်းလဲသွားကာ သူမ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။
"နင်က ဘယ်လိုသတ္တိမျိုးနဲ့ ငါ့ကို ရိုက်ဝံ့တာလဲ...ငါ နင့်ကိုသတ်မယ်"
ရှောင်ချင်သည် ရူးသွပ်သွားသူတစ်ယောက်အလား စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်၏။
သူမသည် ရှောင်မိသားစု၏အကြီးဆုံးသခင်မလေးဖြစ်ကာ လူအများ၏ရိုသေလေးစားခံရသောဘဝဖြင့် နေထိုင်ခဲ့ရသူဖြစ်သည်။သူမသည် ဤကဲ့သို့ဆက်ဆံခံရခြင်းမျိုး တစ်ကြိမ်တစ်ခါမျှ ကြုံတွေ့ခဲ့ရဖူးခြင်းမရှိချေ။
ဤသည်က လူသူအများရှေ့တွင် သူမ၏မျက်နှာအား ခွေးတစ်ကောင်၏ပါးဖြတ်ရိုက်ခြင်းကို ခံရခြင်းပင်။ရှောင်မိသားစု၏အကြီးဆုံးသခင်မလေးဟူသော ဂုဏ်ပုဒ်ကိုပိုင်ဆိုင်ထားသည့် သူမသည် ဤကဲ့သို့ အရှက်ခွဲခံရခြင်းမျိုးကို မည်သည့်နည်းဖြင့် သည်းခံနိုင်မည်နည်း။
"တော်သင့်ပြီ"
ရှောင်ချွမ်က ရုတ်တရက် ဒေါသတကြီးအော်ငေါက်၍ ရှောင်ချင်ကို ကြားဖြတ်ဟန့်တားလိုက်၏။
ထို့နောက် ရှောင်ချွမ်က သူ၏လက်ကိုဝှေ့ယမ်းပြီး ပြောဆိုလိုက်သည်။
"လာကြစမ်း...အကြီးဆုံးသခင်မလေးကို အနားယူဖို့ အိမ်တော်ကိုပြန်ပို့လိုက်တော့"
ရှောင်မိသားစုဝင်တချို့က ချက်ချင်းဆိုသလိုပင် ရှေ့သို့တိုးလာပြီး ရှောင်ချင်ကို အဝေးသို့ဆွဲထုတ်သွားကြ၏။ရှောင်မိသားစုဝင်အများစုသည် ယခုလက်ရှိအခြေအနေကို ရှင်းရှင်းလင်းလင်း သိနားလည်ထားသည်။ရှောင်မိသားစုသည် ထိပ်တန်းမိသားစုကြီးရှစ်စုစာရင်းတွင် ပါဝင်သော်လည်း ဝမ်ရှန့်သူတော်စင်ကို ရန်စစော်ကားနိုင်ရန်အတွက် လွန်စွာအလှမ်းကွာဟသည်။
အကယ်၍ ဝမ်ရှန့်သူတော်စင်သာ တိုက်ခိုက်လာပါက သူတို့၏ရှောင်မိသားစုသည် ခုခံရန်ပင် အခွင့်အရေးရမည်မဟုတ်ချေ။
ရှောင်ချင်သည် နားကျည်းမုန်းတီးသောမျက်လုံးတစ်စုံဖြင့် လုယွီကို စူးစိုက်ကြည့်နေသော်လည်း သူမက တခြားသူများ၏ဆွဲထုတ်သွားခြင်းကို ခံလိုက်ရသည်။
သူမ ထွက်ခွါသွားသည်နှင့် ပတ်ဝန်းကျင်နေရာတစ်ခုလုံး များစွာပို၍တိတ်ဆိတ်ငြိမ်သက်သွားပေ၏။
ရှောင်ချွမ်သည် ခွေးဝါကြီးကိုကြည့်ပြီး အချိန်တခဏကြာ တွေဝေစဥ်းစားနေပြီးမှ ပြောဆိုလိုက်သည်။
"မင်းက ဝမ်ရှန့်သူတော်စင်ရဲ့လက်အောက်ကဆိုတာ ငါ မသိခဲ့ဘူး...ငါ့ရဲ့မျက်လုံးကန်းမှုအတွက် ခွင့်လွှက်ပေးပါ...သူက ငါတို့ရှောင်အိမ်တော်မှာ ပြဿနာအများကြီးရှာခဲ့တယ်...ဒါပေမယ့် ဝမ်ရှန့်သူတော်စင်ရဲ့မျက်နှာကိုထောက်ထားပြီး ငါ သူ့ကို အပြစ်မတင်တော့ဘူး...ဒါပေမယ့် သူ့ဆီမှာ ငါတို့ရှောင်မိသားစုရဲ့မှော်ရတနာတစ်ခုရှိနေတယ်...တကယ်လို့ သူက အဲ့ဒီမှော်ရတနာကို ငါတို့ဆီ ပြန်မပေးဘူးဆိုရင်တော့...ဒီနေ့ သူ ဒီနေရာကနေ ထွက်သွားနိုင်ဖို့ ခက်ခဲလိမ့်မယ်"
ရှောင်ချွမ်၏စကားကိုကြားချိန်တွင် ခွေးဝါကြီး၏ပါးစပ် ကျယ်လောင်စွာပွင့်ဟသွားပြီး ရက်စက်ကြမ်းကြုတ်သောအပြုံးတစ်ခု ထွက်ပေါ်လာသည်။
"မင်းက ငါ့ကို ခြိမ်းခြောက်တာလား...မင်းက ငါ့ဆရာသခင်ရဲ့မျက်နှာကိုထောက်ထားပြီးတော့ဆိုတဲ့ စကားကိုပြောဖို့ အဆင့်မီလို့လား"
ရက်စက်ကြမ်းကြုတ်သောအပြုံးနှင့်အတူ ခွေးဝါကြီးသည် သူ၏လက်ဖဝါးဖြင့် ရှောင်ချွမ်ကို ရိုက်နှက်လိုက်၏။
"ရှေးဟောင်းအထီးကျန်တိုက်ပွဲလှံရှည်...ငါ့နဲ့အတူ တိုက်ခိုက်စမ်း"
ခွေးဝါကြီးသည် သာမာန်ကာလျှံကာ တိုက်ခိုက်လိုက်ခြင်းဖြစ်သည့်တိုင် ရှောင်ချွမ်၏ဆံပင်များ ထောင်မတ်သွားသည်။
ကျယ်လောင်သောအော်ငေါက်သံနှင့်အတူ ရှောင်ချွမ်က သူ၏မှော်စွမ်းအားများကို ဖြန့်ကျက်လိုက်သည်။အကန့်အသတ်မရှိသော ဖုန်နှင့်သဲများ ပျံ့လွင့်လာကာ ရှောင်ယွမ်၏နောက်၌ ပေပေါင်းများစွာမြင့်မားသောသံချပ်ကာစစ်သည်တော်တစ်ယောက်၏ပုံရိပ်ယောင်ကြီး ထွက်ပေါ်လာသည်။ထိုပုံရိပ်ယောင်ကြီး၏လက်အတွင်း၌ လှံရှည်တစ်ချောင်းကို ကိုင်ဆောင်ထားပေ၏။
ထောင်ပေါင်းများစွာသောစစ်သားများမှ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ စုစည်း၍ထုတ်လွှက်ထားသကဲ့သို့ ထိုသံချပ်ကာစစ်သည်တော်ပုံရိပ်ယောင်ကြီးမှနေ၍ ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထွက်ပေါ်လာသည်။
ရုတ်ချည်းဆိုသလိုပင် ရှောင်ချွမ်၏ခေါင်းထက်ရှိ ကောင်းကင်ယံသည် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ၏သက်ရောက်ခံရပုံဖြင့် သွေးနီရောင်သန်းလာသည်။
ရှောင်မိသားစုဝင်တချို့သည် တုန်လှုပ်ချောက်ချားဖွယ်ဖိအားအရှိန်အဝါကို တောင့်မခံနိုင်သဖြင့် နောက်သို့ဆုတ်လိုက်ကြကာ ရှောင်ချွမ်၏အနီးအနားသို့ မချဥ်းကပ်ဝံ့ကြချေ။
ရှောင်ချွမ်သည် အနည်းငယ်မျှပင် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူ၏အားအကောင်းဆုံးမှော်မန္တန်ကို ထုတ်ဖော်အသုံးပြုလိုက်ခြင်းဖြစ်သည်။
Chapter 2172
နယ်မြေသခင်တစ်ယောက်၏တိုက်ခိုက်မှုတစ်ခုသည် ကောင်းကင်နှင့်မြေပြင်ကိုပင် အရောင်ပြောင်းလဲသွားစေခဲ့သည်။
ရှောင်ချွမ်သည် သူ၏လှံရှည်ဖြင့် ခွေးဝါကြီးကို ပြင်းပြင်းထန်ထန် ထိုးစိုက်လိုက်၏။
ရုတ်ချည်းဆိုသလိုပင် ရှေ့တွင်ရှိသောအရာရာတိုင်းကို ဖျက်ဆီးနိုင်ပုံရသည့် အကန့်အသတ်မရှိသော လေဟာနယ်စွမ်းအားများသည် လှံရှည်တွင် ရောယှက်ပါဝင်နေသည်။
"မင်းက ဝမ်ရှန့်သူတော်စင်ရဲ့လက်အောက်ကလူဖြစ်နေရင်တောင် ဘာဖြစ်လဲ....ငါက ရှေးဟောင်းဧကရာဇ်အဆင့်မှော်လက်နက်ကိုရမယ်ဆိုရင် တကယ်လို့ မင်းက ဝမ်ရှန့်သူတော်စင်ဖြစ်နေရင်တောင် ငါ တိုက်ခိုက်ရမှာပဲ"
ရှောင်ချွမ်က စိတ်ပိုင်းဖြတ်ထားပြီးလေပြီ။မည်သည့်ကိစ္စများရှိနေပါစေ သူတို့၏ရှောင်မိသားစုသည် ထိုရှေးဟောင်းဧကရာဇ်အဆင့်မှော်လက်နက်ကို ပိုင်ဆိုင်ရပေမည်။
ရှေးဟောင်းဧကရာဇ်အဆင့်မှော်လက်နက်အတွက်ဖြင့် သူ ဝမ်ရှန့်သူတော်စင်ကို ရန်စစော်ကားရန်မှာ ထိုက်တန်ပေ၏။
တလိမ့်လိမ့်ထနေသောမှော်စွမ်းအင်လှိုင်းများ ခွေးဝါကြီး၏အနီးသို့ ချဥ်းကပ်လာသည်။ခွေးဝါကြီးသည် ရှောင်ချွမ်အား အေးစက်စက်တစ်ချက်ကြည့်ကာ သူ၏လက်ဖဝါးကိုမြှောက်၍ အောက်သို့ရိုက်ချလိုက်သည်။
ရုတ်ချည်းဆိုသလိုပင်...
ရှောင်ချွမ်၏လက်အတွင်းရှိလှံရှည်သည် မမြင်နိုင်သောအားလှိုင်းတစ်ရပ်၏ ထိန်းချုပ်ခံရပုံဖြင့် လေထုအတွင်း၌ ရပ်တန့်သွားသည်ကို လူတိုင်း ရှင်းရှင်းလင်းလင်း တွေ့မြင်လိုက်ရ၏။
နောက်ထပ်အချိန်အခိုက်အတန့်မှာပင် ရှောင်ချွမ်၏နောက်ရှိ သံချပ်ကာစစ်သည်တော်ပုံရိပ်ယောင်ကြီး ကြေမွပျက်စီးသွားသည်။ရှောင်ချွမ်သည် နောက်သို့မီတာရာပေါင်းများစွာကွာဝေးသောနေရာသို့ လွင့်ထွက်သွားကာ မာကျောသောတောင်နံရံတစ်ခုနှင့် ရိုက်ခတ်မိသည်။
သူ၏ခန္ဓာကိုယ်ပေါ်ရှိ ပိုးထည်ဝတ်ရုံသည်လည်း ချက်ချင်းကြေမွပျက်စီးသွားသည်။သူ၏အရိုးများမှ အက်ကွဲသံများထွက်ပေါ်လာခြင်းနှင့်အတူ သွေးများအဆက်မပြတ်ယိုစီးကျနေလေ၏။
"မင်း...အဟွတ်...အဟွတ်...မင်းက ခြေလှမ်းတစ်ဝက်တာအိုသခင်ပဲ"
ရှောင်ချွမ်သည် ချောင်းတဟွတ်ဟွတ်ဆိုး၍ သူ၏ပါးစပ်မှသွေးများ အန်ထွက်လာကာ သူက မယုံကြည်နိုင်စွာဖြင့် ခွေးဝါကြီးကို စူးစိုက်၍ကြည့်နေသည်။
ခြေလှမ်းတစ်ဝက် တာအိုသခင်....
ထိုအဆင့်ကျင့်ကြံသူများသည် ကောင်းကင်ဘုံနယ်မြေ၏အထွတ်အထိပ်နေရာသို့ရောက်ရန် ခြေတစ်လှမ်းစာသာ လိုအပ်တော့သည်။
ရှောင်မိသားစုဘိုးဘေးသည် ခြေလှမ်းတစ်ဝက်တာအိုသခင်ဖြစ်သောကြောင့် ရှောင်ချွမ်သည် ထိုအဆင့်အစွမ်းထက်ကျင့်ကြံသူများ၏စွမ်းအားကို ရှင်းရှင်းလင်းလင်း သိနားလည်ပေ၏။
အစောပိုင်းက တိုက်ခိုက်မှုတွင် ရှောင်ချွမ်သည် သူအလွန်ဂုဏ်ယူအားထားရသောနည်းစနစ်ကို အသုံးပြုထားသည်။သူသည် ခွေးဝါကြီး၏တိုက်ခိုက်မှုကို အနည်းငယ်မျှပင် ခုခံနိုင်စွမ်းမရှိသည့်အပြင် သူ၏တိုက်ခိုက်မှုသည်လည်း ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားခဲ့သည်။
အကယ်၍သာ ထိုခွေးဝါကြီးသည် တိုက်ခိုက်မှုစွမ်းအားကိုသာ ထိန်းချုပ်မထားခဲ့ပါက သူ၏အသိစိတ်လွတ်ကင်းပြီး သတိလစ်မေ့မျောသွားနိုင်ကြောင်းကိုပင် ရှောင်ချွမ်က ခံစားမိလေ၏။
သို့ရာတွင် ဤကဲ့သို့အစွမ်းထက်ကျင့်ကြံသူတစ်ယောက်သည် မည်သည်ကြောင့် ခွေးတစ်ကောင်ဖြစ်နေရသနည်း။
"မင်းအဆင့်လောက်နဲ့ ငါ့ကိုဟန့်တားဖို့မကြိုးစားတာ ပိုကောင်းလိမ့်မယ်...မင်းတို့ရှောင်အိမ်တော်မှာ ဖြစ်ခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုတွေအားလုံးကို ဆရာသခင်က သိပြီးသွားပြီ...ငါ မင်းကို အကြံတစ်ခုပေးမယ်...တကယ်လို့ မင်းတို့ပိုင်ဆိုင်တဲ့အရာမဟုတ်ရင် အဲ့ဒါကို မင်းတို့ယူမထားသင့်ဘူး...မဟုတ်ရင် ဒါက ဘေးကပ်ဆိုးတွေကို သယ်ဆောင်လာလိမ့်မယ်"
ခွေးဝါကြီးသည် ရှောင်ချွမ်ကို အဓိပ္ပါယ်ရှိသောအကြည့်ဖြင့် စောင်းငဲ့၍ကြည့်လိုက်သည်။
ဤကဲ့သို့အကြည့်မျိုးဖြင့် စူးစိုက်၍ကြည့်ခံရချိန်တွင် ရှောင်ချွမ်၏ခန္ဓာကိုယ်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။
သူသည် ထိုအကြည့်မျိုးဖြင့် အလွန်ရင်းနှီးကျွမ်းဝင်ပေ၏။
အစောပိုင်းက လုယွီထံတွင်လည်း ထိုကဲ့သို့အကြည့်မျိုးကို သူ မြင်တွေ့ခဲ့ရသည်။
ဤအကြည့်မျိုးသည် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်မှနေ၍ အသေးအဖွဲပုရွတ်ဆိတ်လေးတစ်ကောင်ကို သာမာန်ကာလျှံကာကြည့်လိုက်သည့်အလားပင်။
ခွေးဝါကြီးနှင့်လုယွီသည် ဤနေရာမှထွက်ခွါခဲ့ကြ၏။လမ်းတလျှောက်လုံးတွင် မည်သည့်ရှောင်မိသားစုဝင်ကမှ သူတို့ကို မဟန့်တားဝံ့ကြချေ။
ခွေးဝါကြီးနှင့်လုယွီ ထွက်ခွါသွားသည့်ကိုကြည့်ပြီး ရှောင်ချွမ်၏စိတ်နှလုံးသားအတွင်း၌ ဒေါသများဖြင့် ဗလောင်ဆူလာသည်။သူ၏ပါးစပ်မှ သွေးတစ်လုတ်အန်ထွက်လာကာ ချက်ချင်းဆိုသလိုပင် သတိလစ်မေ့မျောသွားတော့သည်။
"မိသားစုခေါင်းဆောင်...မိသားစုခေါင်းဆောင်"
"လာကြစမ်း...အိမ်တော်မှာရှိတဲ့ သမားတော်တွေအားလုံးကို ခေါ်ခဲ့ကြစမ်း"
ပတ်ဝန်းကျင်နေရာတဝိုက်ရှိ ရှောင်မိသားစုဝင်များအားလုံး ပျာယာခတ်နေကြ၏။
လုယွီထွက်ပြေးသွားခြင်းမှ ကာကွယ်ဟန့်တားနိုင်ရန်အလို့ငှါ ရှောင်မိသားစုသည် မဟာအကာအကွယ်ဝင်္ကပါကြီးကို အသက်သွင်းထားကာ ရှောင်အိမ်တော်တစ်ခုလုံးကို လွှမ်းခြုံထားသည်။
သို့ရာတွင် ခွေးဝါကြီး၏ရှေ့တွင် ထိုအကာအကွယ်ဝင်္ကပါများအားလုံးသည် မရှိခဲ့သည့်အလား သူ့အား အနည်းငယ်မျှပင် သက်ရောက်စေခြင်းမရှိချေ။
ရှောင်အိမ်တော်၏ပြင်ပ၌ နေမင်းကြီးက တောက်ပစွာထွန်းလင်းနေသည်။
"စီနီယာအကိုကြီးကို ကျေးဇူးတင်ပါတယ်"
လုယွီက ခွေးဝါကြီးကို အရိုအသေပြုလိုက်၏။
ခွေးဝါကြီးက ကူရာကယ်ရာမဲ့နေသောအကြည့်ဖြင့် လုယွီကိုစောင်းငဲ့ကြည့်ကာ ပြောဆိုလိုက်သည်။
"မင်း...မင်း တော်ဝင်မြို့တော်ကိုရောက်တာ ဘယ်လောက်မှမကြာသေးဘူး...ဒီလောက်ကြီးမားတဲ့ပြဿနာမျိုးကိုရှာနိုင်တယ်...မင်းနဲ့ဝမ်ကျီးက အတူတူပဲ...တကယ်လို့ မင်း အန္တရာယ်ထဲကျရောက်နေတယ်ဆိုတာကို ဆရာသခင်ကသာ ဟောကိန်းမထုတ်နိုင်ဘူးဆိုရင်...မင်း ဒီနေ့ အသက်ရှင်နိုင်ဖို့မလွယ်ဘူး"
ဝမ်ရှန့်သူတော်စင်က ဟောကိန်းထုတ်ခဲ့သလော....
လုယွီက အံ့အားသင့်တုန်လှုပ်သွားသည်။သူသည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏ အကြွင်းအကျန်စိတ်ဝိညာဥ်ကို ဝါးမျိုနိုင်ခဲ့၍သာ သူ၏ကံကြမ္မာကို ပြောင်းလဲနိုင်ပြီး ပြန်လည်ရှင်သန်နိုင်ခဲ့သည်။ထို့ကြောင့် သူ၏ကံကြမ္မာသည် အလွန်အမင်းရှုပ်ယှက်ခတ်နေပေ၏။
ထို့ကြောင့် သူ အန္တရာယ်အတွင်းသို့ကျရောက်မည်ကို ကြိုတင်ဟောကိန်းထုတ်နိုင်သော ဝမ်ရှန့်သူတော်စင်၏စွမ်းအားသည် အမှန်တကယ်ကိုပင် နက်နဲသိမ်မွေ့ပေလိမ့်မည်။
"မင်းက ရှောင်မိသားစုဆီကနေ ပစ္စည်းကောင်းတွေအများကြီးရလာတာ ငါ သိတယ်...မင်း အဲ့ဒီပစ္စည်းတွေကို သေချာထိန်းသိမ်းထား...တခြားသူတွေ တွေ့မသွားစေနဲ့...စီနီယာအကိုကြီးဖြစ်တဲ့ငါက အများကြီး ဝင်မစွက်ဖက်ချင်ဘူး...လူတိုင်းမှာ သူ့ကံကြမ္မာနဲ့သူရှိတယ်...ဒါပေမယ့် ခွန်အားအကြီးဆုံးလူကပဲ အကောင်းဆုံးအရာတွေကို ပိုင်ဆိုင်နိုင်တယ်...ငါက မင်းကို အချိန်ခဏတဖြုတ်တော့ ကူညီနိုင်ပေမယ့် မင်းရဲ့ကျန်နေတဲ့ဘဝသက်တမ်းတလျှောက်လုံးအတွက် ငါ မင်းကို မကူညီနိုင်ဘူး"
ခွေးဝါကြီးက ရုတ်တရက် ပြောဆိုသည်။
Chapter 2173
ခွေးဝါကြီး၏မျက်လုံးအကြည့်က လုယွီ၏သိုလှောင်အိတ်ထံသို့ ကျရောက်သွားသည်။
"ဒီရှေးဟောင်းဧကရာဇ်အဆင့်မှော်ရတနာက အကန့်အသတ်မရှိတဲ့ နတ်ဆိုးအငွေ့အသက်တွေ ပြည့်နှက်နေပေမယ့် လက်နက်စိတ်ဝိညာဥ်က အသစ်ဖြစ်နေတယ်...မင်း ဒီမှော်ရတနာကို ကောင်းကောင်းဂရုစိုက်...ဒါက နောင်တစ်ချိန်မှာ မင်းအတွက် ကြီးမားတဲ့ကူညီထောက်ပံမှုကြီး ဖြစ်လာလိမ့်မယ်"
သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်၏လက်နက်စိတ်ဝိညာဥ်ကလေးငယ်သည် ပြင်ပသို့မျောလွင့်ထွက်လာကာ လုယွီ၏ဝတ်စုံကိုဆုပ်ကိုင်ကာ မဝံ့မရဲအမူအယာဖြင့် သူ့အားကြည့်နေလေ၏။
ခွေးဝါကြီး၏အပြုအမူကိုမြင်ချိန်တွင် လုယွီ၏စိတ်နှလုံးသားအတွင်းမှ ရိုသေလေးစားမှုများ မြင့်တက်လာသည်။
ဤကောင်းကင်ဘုံနယ်မြေအတွင်း၌ ရှေးဟောင်းဧကရာဇ်အဆင့်မှော်လက်နက်များသည် မရေမတွက်နိုင်သော အစွမ်းထက်ကျင့်ကြံသူများကို ရူးသွပ်သွားစေနိုင်ကာ သွေးချောင်းစီးသောပဋိပက္ခများ ဖြစ်ပေါ်စေနိုင်သည့်အရာဖြစ်သည်။
အတိတ်ဘဝတွင် ရှန်လင်းလုံသည် သူ့အားတိုက်ခိုက်ခဲ့ရသည့်အကြောင်းအရင်းမှာ လုယွီသည် ရှေးဟောင်းဧကရာဇ်အဆင့် မှော်ရတနာတစ်ခုကို ရရှိခဲ့ခြင်းကြောင့်ပင်။
ထို့ပြင် ထိုဧကရာဇ်အဆင့်မှော်ရတနာအတွင်းတွင် ရှေးဟောင်းခေတ်မှ ထာဝရအသက်ရှည်ခြင်း၏လျှို့ဝှက်ချက် ပုန်းကွယ်နေသည်။
ဤအချင်းအရာကြောင့် လုယွီသည် အတိတ်ဘဝတွင် ကောင်းကင်ဘုံနယ်မြေ၏ အစွမ်းထက်ဆုံးတာအိုသခင်ဖြစ်ခဲ့သည့်အပြင် သူ သေဆုံးခဲ့ရသည့် အကြောင်းအရင်းလည်းဖြစ်ပေ၏။
ရှောင်မိသားစု၏လှုပ်ရှားမှုများကိုကြည့်ပါက သူတို့သည် ဝမ်ရှန့်သူတော်စင်ကို ရန်စစော်ကားမိမည်ကိုပင် မကြောက်ရွံတော့ဘဲ လုယွီအား ဖမ်းဆီးခေါ်ဆောင်ထားလိုသည်။ဤသည်က ရှေးဟောင်းဧကရာဇ်အဆင့်မှော်ရတနာများ၏ ဆွဲဆောင်နိုင်စွမ်းကို ပြသနေခြင်းပင်။
သို့ရာတွင် ဝမ်ရှန့်သူတော်စင်သည် ဤမှော်ရတနာအပေါ် လိုချင်တပ်မက်မှုမရှိခြင်းမှာ လုယွီကို အံ့အားသင့်သွားစေသည်။
"စီနီယာအကိုကြီးကို ကျေးဇူးတင်ပါတယ်"
လုယွီသည် သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ ခွေးဝါကြီး၏ကြင်နာမှုကို မှတ်သားထားလေ၏။
ဤတစ်ကြိမ်တွင် သူသည် အမှန်တကယ်ကိုပင် အလွန်အမင်းအန္တရာယ်များသောအခြေအနေမျိုးအတွင်းသို့ ကျရောက်နေခဲ့သည်။အကယ်၍ သူသာ အနည်းငယ်သတိလက်လွတ်နေခဲ့ပါက ဤနေရာတွင် သူ သေဆုံးသွားပေလိမ့်မည်။
"အပြစ်ကင်းစင်တဲ့လူတစ်ယောက်က ရတနာတစ်ခုကို ပိုင်ဆိုင်ထားရင် ဒါက ရာဇဝတ်မှုကြီးကို ကျူးလွန်တာနဲ့အတူတူပဲ...မင်းဆီမှာ ရှေးဟောင်းဧကရာဇ်အဆင့်မှော်ရတနာရှိနေတယ်ဆိုတဲ့သတင်းက မကြာခင်မှာပဲ ပျံ့နှံ့သွားလိမ့်မယ်...အဲ့ဒီအချိန်တွေအတွက် မင်းကိုယ်မင်း ပြင်ဆင်ထားတော့"
ခွေးဝါကြီးသည် သူ၏အမြှီးကိုဝှေ့ယမ်း၍ ဆံချည်တစ်ပင်အသွင်သို့ပြောင်းလဲကာ အဝေးသို့ မျောလွင့်သွားတော့သည်။
ဤနေရာ၌ ယခင်ကထွက်ပေါ်လာသည်မှာ ခွေးဝါကြီး၏ကိုယ်ပွါးပင်။
လုယွီက ရှောင်အိမ်တော်ရှိရာဘက်သို့ ပြန်ကြည့်လိုက်၏။ရှောင်မိသားစုသည် ခွေးဝါကြီး၏စွမ်းအားကို ကြောက်ရွံနေပုံရကာ မည်သူကမျှ သူ့အား လိုက်လံဖမ်းဆီးခြင်းမပြုကြချေ။
သို့ရာတွင် ရှေးဟောင်းဧကရာဇ်အဆင့်မှော်ရတနာများ၏ဆွဲဆောင်နိုင်စွမ်းမှာ အလွန်ကြီးမားသည်။သူတို့သည် သူ့အားလိုက်လံဖမ်းဆီးခြင်းမပြုဟု သူ အခိုင်အမာမပြောနိုင်ချေ။လုယွီသည် ယခုလက်ရှိအချိန်၌ သူ၏အကန့်အသတ်အခြေအနေသို့ ရောက်ရှိနေလေပြီ။ထို့ကြောင့် သူ ဤနေရာ၌ ကြာရှည်ဆက်လက်၍နေနေရန် မသင့်လျော်ပေ။လုယွီသည် အစောပိုင်းက သူပြန်လည်စုစည်းမိသော မှော်စွမ်းအားအနည်းငယ်ဖြင့် သူ၏ခန္ဓာကိုယ်လှုပ်ရှားမှုနည်းစနစ်ကိုအသုံးပြုကာ အဝေးသို့ပျံသန်းခဲ့တော့သည်။
ရှောင်အိမ်တော်အတွင်း၌...
ဤအချိန်အခိုက်အတန့်တွင် ရှောင်အိမ်တော်တစ်ခုလုံး ဖရိုဖရဲဖြစ်နေသည်။
မှော်မန္တန်များ၏ရိုက်ခတ်ခံရမှုကြောင့် အိမ်တော်၏မြေပြင်ပေါ်တွင် နက်ရှိုင်းသောချိုင့်များဖြင့် ပြည့်နှက်နေသည်။ဖုတ်ကောင်များကြောင့် ထိခိုက်ဒဏ်ရာရရှိထားပြီး ယခုထိတိုင်သေဆုံးခြင်းမရှိသေးသော ရှောင်မိသားစုဝင်များသည် နာကျင်စွာဖြင့် အော်ဟစ်ညည်းတွားနေကြ၏။
ရှောင်မိသားစုဝင်များအားလုံး၏မျက်နှာများပေါ်တွင် ခြောက်ကပ်ကပ်အမူအယာများရှိနေသည်။
ထိပ်တန်းမိသားစုကြီးရှစ်ခုအနက်မှတစ်ခုဖြစ်သဖြင့် ရှောင်မိသားစုဝင်များသည် အမြဲတစေ ဂုဏ်ယူဝင့်ကြွားကာ မောက်မာနေလေ့ရှိသည်။
သို့ရာတွင် ယနေ့၌ သူတို့၏ရှောင်မိသားစုသည် ပြိုင်ဘက်ကင်းတည်ရှိမှုမျိုးမဟုတ်သည်ကို သိရှိခဲ့ကြရ၏။
သူတို့သည် နာမည်ကျော်ကြားခြင်းမရှိသော လူငယ်တစ်ယောက်ကို ဟန့်တားရန်ကြိုးစားခဲ့သော်လည်း ပြင်းထန်သောဆုံးရှုံးမှုမျိုးကိုသာ ရရှိခဲ့သည်။အဆုံးသတ်တွင် သူတို့သည် ထိုလူငယ်ကို ထိန်းသိမ်းထားနိုင်ခြင်းပင် မရှိခဲ့ချေ။
ဤသည်က ရှောင်မိသားစုဝင်များအတွက် ကြီးမားသောအရှက်ရစရာကိစ္စပင်။
"သူလျှိုတွေဆီကပေးပို့တဲ့ သတင်းအချက်အလက်တွေအရ...လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက အဲ့ဒီကောင်လေးက ဝမ်ရှန့်သူတော်စင်ယီယန်ရဲ့အိမ်တော်ကိုသွားခဲ့တယ်...အဲ့ဒီနောက်မှာ သူက ဖူကျစ်ရွှယ် နတ်ဘုရားဓားအမတ်ကြီးတို့နဲ့အတူ စားသောက်ဆိုင်ကိုသွားပြီး စားသောက်ခဲ့ကြတယ်....ကောလဟာလတွေအရတော့ အဲ့ဒီကောင်လေးနဲ့အမတ်ကြီးနှစ်ယောက်ကြားမှာ ဆက်ဆံရေးကောင်းရှိနေပုံပဲ...သူတို့က ညီအကိုလို့တောင် ခေါ်ဆိုသုံးနှုန်းနေကြတယ်"
အိမ်တော်ထိန်းက စိတ်လှုပ်ရှားသောအမူအယာဖြင့် သူရရှိလာသောသတင်းကို ဖတ်ပြလေသည်။
ယနေ့တွင် မြောက်မြားစွာသောအခြေအနေများနှင့် ကြုံတွေ့ပြီးနောက် ရှောင်မိသားစုသည် သူတို့၏သူလျှိုများကို ဖြန့်ကျက်ကာ လုယွီနှင့်ပတ်သတ်သောသတင်းများကို အလျှင်အမြန်ရှာဖွေစုံစမ်းခဲ့သည်။
သူတို့သည် ယခင်က လုယွီ၏စစ်တပ်အတွင်းမှ ရာထူးအဆင့်အတန်းကိုသာ သိရှိခဲ့ကြ၏။သို့ရာတွင် သူတို့သည် လွန်ခဲ့သောရက်အနည်းငယ်အတွင်း၌ လုယွီဖြစ်ပျက်ခဲ့သောကိစ္စများကို မသိရှိခဲ့ကြချေ။
ယခုချိန်၌ မဟာအတွင်းဝန်ဖူကျစ်ရွှယ်သည် လုယွီအား ဂျူနီယာညီလေးဟုခေါ်ဆိုသည်ကိုပင် သူတို့က ကြားသိခဲ့ရသည်။
ဖူကျစ်ရွှယ်သည် ဝမ်ရှန့်သူတော်စင်၏တပည့်တစ်ယောက်ဖြစ်သည်။ဖူကျစ်ရွှယ်အား လူငယ်ပါရမီရှင်တစ်ယောက်ဟု ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်ကပင် ချီးမွမ်းခဲ့ကာ သူ၏ဘဝလမ်းကြောင်းတလျှောက်လုံး ကြီးမားစွာအောင်မြင်တိုးတက်ခဲ့သည်။သူ၏အသက် ငယ်ရွယ်စဥ်မှာပင် တော်ဝင်နန်းတွင်း၏မဟာအတွင်းဝန်ရာထူးကိုရရှိကာ အဆင့်အတန်းမြင့်မားသော အရာရှိနေရာကို ဆုပ်ကိုင်နိုင်ခဲ့သည်။
ထိုကဲ့သို့ပုံရိပ်မျိုးရှိသဖြင့် ဖူကျစ်ရွှယ်သည် သူ၏စကားနှင့်အပြုအမူတို့ကို အလွန်သတိထားသူဖြစ်သည်။သူသည် လုယွီအား ဂျူနီယာညီလေးဟု ခေါ်ဆိုသောကြောင့် ဖြစ်နိုင်ချေမှာ တစ်ခုတည်းသာရှိသည်။
လုယွီသည် ဝမ်ရှန့်သူတော်စင်၏တပည့်တစ်ယောက် ဖြစ်ပေလိမ့်မည်။
ဤအကြောင်းပြချက်ဖြင့်သာ လုယွီအားကယ်တင်ရန် ခြေလှမ်းတစ်ဝက်တာအိုသခင်အဆင့် အစွမ်းထက်ကျင့်ကြံသူတစ်ယောက် ရုတ်တရက်ထွက်ပေါ်လာသည်ကို ရှင်းပြနိုင်ပေမည်။
Chapter 2174
"အဟွတ်...အဟွတ်..."
ရှောင်ချွမ်က ရုတ်တရက် ပြင်းပြင်းထန်ထန် ချောင်းဆိုးလိုက်သည်။ရုတ်ချည်းဆိုသလိုပင် သူ၏ပါးစပ်မှသွေးများက မြေပြင်အနှံ့အပြားသို့ ဖြာကျသွားလေ၏။ဤသည်က တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော မြင်ကွင်းပင်။
ရှောင်မိသားစုမှသမားတော်များသည် ရှေ့သို့တရကြမ်းပြေးဝင်လာကြသော်လည်း ရှောင်ချွမ်၏တွန်းထုတ်ခြင်းကို ခံလိုက်ရ၏။
"တစ်ယောက်ယောက်ကိုလွှတ်ပြီး ဘိုးဘေးဆီ သတင်းပို့ကြစမ်း"
ရှောင်ချွမ်၏မျက်လုံးများက နီမြန်းနေကာ သူက ဒေါသတကြီးအော်ဟစ်လိုက်သည်။
ရှောင်ချွမ်၏အခြေအနေကြောင့် အိမ်တော်ထိန်းသည် ကြက်သေသေနေလေ၏။ကြောက်ရွံထိတ်လန့်မှုကြောင့် သူ၏နှုတ်ခမ်းများ တဆတ်ဆတ်တုန်ရီနေပြီး အချိန်အတော်ကြာသည့်တိုင် မည်သည့်စကားမျှပြောဆိုနိုင်ခြင်းမရှိချေ။
"မလိုတော့ဘူး...ငါ ပြန်လာပြီ"
ခန်းမတံခါးသည် ရုတ်တရက် တွန်းဖွင့်ခြင်းခံလိုက်ရကာ ဆံပင်နှင့်မုတ်ဆိတ်မွှေးများ ဖြူဖွေးနေသော အဖိုးအိုတစ်ယောက်က ဒေါသတကြီးအမူအယာဖြင့် အတွင်းသို့ဝင်ရောက်လာသည်။
အဖိုးအိုကိုမြင်ချိန်တွင် အစေခံများနှင့်သမားတော်များအားလုံးက ဦးညွှတ်၍အရိုအသေပြုလိုက်ကြကာ သူတို့၏မျက်လုံးများအတွင်း၌ ရိုသေလေးစားသောအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
ဤအဖိုးအိုသည် ရှောင်မိသားစု၏ထောက်တိုင်ကြီးဖြစ်ကာ ရှင်းအမတ်ကြီးဘွဲထူးကို ခန့်အပ်ခြင်းခံထားရသော ရှောင်မိသားစုဘိုးဘေးပင်။
သူ့ကိုကြည့်မိသူတိုင်းသည် အလွန်မြင့်မားသောတောင်တစ်လုံးကို မြင်လိုက်ရသကဲ့သို့ ခံစားမိကာ သူတို့အား ထိတ်လန့်ကြောက်ရွံမှုကို ခံစားရစေသည်။
"အဖေ"
ရှောင်ချွမ်က သူကိုယ်သူ အတင်းအကြပ်ဖိအားပေး၍ မတ်တတ်ထရပ်လိုက်၏။
"အရင်ဆုံး မင်း ပြန်ထိုင်လိုက်အုံး...ဘာတွေဖြစ်ခဲ့တာလဲဆိုတာ ငါ သိပြီးပြီ"
ရှောင်မိသားစုဘိုးဘေးက သူ၏လက်ကို ရှောင်ချွမ်၏ပခုံးပေါ်သို့တင်လိုက်သည်။ရုတ်ချည်းဆိုသလိုပင် အလွန်များပြားသောမှော်စွမ်းအင်လှိုင်းများက ရှောင်ချွမ်၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာသည်။
ရှောင်မိသားစုဘိုးဘေး၏အကူအညီဖြင့် ရှောင်ချွမ်၏မျက်နှာအမူအယာ ကောင်းမွန်စပြုလာသည်။
"အဲ့ဒီကောင်စုတ်လေးက နတ်ဆိုးစွမ်းအားတွေ ဘယ်နေရာကရလဲဆိုတာ ငါ မသိဘူး...သူက အဖေရဲ့ကိုယ်ပွါးကိုတောင် ဖျက်ဆီးပစ်နိုင်ခဲ့တယ်...တကယ်လို့ အဲ့ဒီနတ်ဆိုးစွမ်းအားတွေသာ ရုတ်တရက်ပွင့်အံထွက်မလာရင်...ကျွန်တော်တို့ အဲ့ဒီကောင်လေးကို သတ်ပြီးနေလောက်ပြီ"
ရှောင်ချွမ်က ဒေါသတကြီးဖြင့် အံ့တင်းတင်းကြိတ်ကာ ပြောဆိုလိုက်၏။
ရှောင်မိသားစုဘိုးဘေးက သူ၏ခေါင်းကိုခါယမ်း၍ ပတ်ဝန်းကျင်ကို လှည့်ပတ်၍ကြည့်လိုက်သည်။
"မင်းတို့အားလုံး ထွက်သွားကြစမ်း"
အိမ်တော်ထိန်းသည် အစေခံများနှင့်သမားတော်များအားလုံးကို ခေါ်ဆောင်၍ထွက်ခွါသွားကြရာ အခန်းအတွင်း၌ ရှောင်မိသားစုဘိုးဘေးနှင့်ရှောင်ချွမ်သာ ကျန်ရှိတော့သည်။
"အဲ့ဒီကောင်လေးတစ်ယောက်တည်းနဲ့ ဒီလိုစွမ်းအားမျိုးကို ထိန်းချုပ်နိုင်မယ်လို့ မင်း ထင်နေတာလား...ငါ့ရဲ့ကိုယ်ပွါးမသေခင်တုန်းက ကြုံတွေ့ခဲ့ရတာတွေကို ငါ ခံစားနိုင်တယ်...ဒီလိုဖျက်ဆီးနိုင်တဲ့စွမ်းအားမျိုးက သူလိုမျိုးလူငယ်မျိုးဆက်သစ်တစ်ယောက်မှာ ရှိနိုင်တဲ့အရာမျိုးမဟုတ်ဘူး"
ရှောင်မိသားစုဘိုးဘေးက သူ၏အင်္ကျီလက်ကိုခါယမ်း၍ ဆက်လက်ပြောဆိုသည်။
"ရှေးဟောင်းဧကရာဇ်အဆင့်မှော်ရတနာတွေ ထွက်ပေါ်လာရင်...အဲ့ဒီအရာအတွက်နဲ့ တာအိုသခင်တွေတောင် တိုက်ခိုက်ကြတယ်...ဧကရာဇ်အဆင့်မှော်ရတနာတစ်ခုမှာပါဝင်တဲ့စွမ်းအားက ကောင်းကင်နဲ့မြေပြင်ကိုတောင်ဖျက်ဆီးပစ်နိုင်တဲ့ တည်ရှိမှုကြီးပဲ...မင်း အသက်ရှင်နေတာကိုပဲ ကျေနပ်သင့်တယ်"
ရှောင်ချွမ်၏မျက်နှာတွင် မလိုလားသောအရိပ်အယောင်များ ထင်ဟပ်နေဆဲပင်။
"ဒီလိုမှော်ရတနာမျိုးက ကျွန်တော်တို့ရှောင်မိသားစုရဲ့လက်ထဲမှာရှိတာ ပိုကောင်းတယ်မဟုတ်ဘူးလား...ဒါက ကျွန်တော်တို့ရှောင်မိသားစုရဲ့ပိုင်ဆိုင်မှုလေ....အဲ့ဒီကောင်စုတ်လေး လုယူသွားတာခံရတာကို ကျွန်တော်မကျေနပ်ဘူး"
"အရူးကောင်...ဒီဧကရာဇ်အဆင့်မှော်ရတနာက ငါတို့ရှောင်မိသားစုရဲ့လက်ထဲကိုရောက်လာတာ ကိစ္စကောင်းတစ်ခုလို့ မင်း ထင်နေတာလား"
ရှောင်မိသားစုဘိုးဘေးက အေးစက်စက်လေသံဖြင့် ဆက်လက်ပြောဆိုသည်။
"မင်း ဘယ်လိုနည်းလမ်းတွေကိုအသုံးပြုပြီး ဖုံးကွယ်ထားပါစေ...ဒီကိစ္စက အနှေးနဲ့အမြန်ပေါ်ထွက်သွားမှာပဲ....ငါတို့ရှောင်မိသားစုမှာ ခိုင်မာတဲ့အခြေခံအုတ်မြစ်ရှိပေမယ့်...တကယ်လို့ ငါတို့က ရှေးဟောင်းဧကရာဇ်မှော်ရတနာကို ကာကွယ်ချင်တယ်ဆိုရင် အရမ်းကြီးမားတဲ့တန်ကြေးကို ပေးဆပ်ရလိမ့်မယ်...ဧကရာဇ်လင်းလုံ အာဏာကိုဘယ်လိုသိမ်းသွားတယ်ဆိုတာ မင်း သိတယ်မလား"
ထိုစကားကိုကြားချိန်တွင် ရှောင်ချွမ်က ထိတ်လန့်သွားသည်။
တော်ဝင်မြို့တော်အတွင်းမှလူအမြောက်အမြားသည် မြေအောက်လောကတာအိုသခင်၏ပြင်းထန်သောတိုက်ပွဲအကြောင်းကို အမှတ်ရနေဆဲပင်။
အထူးသဖြင့် အဆုံးသတ်၌ ရှန်လင်းလုံသည် မြေအောက်လောကတာအိုသခင်ကို သစ္စာဖောက်၍ သူ့အားနောက်မှ လုပ်ကြံသတ်ဖြတ်ကာ အခြေအနေတစ်ခုလုံး ဖရိုဖရဲဖြစ်သွားအောင် လုပ်ဆောင်ခဲ့သည်။
မြေအောက်လောကတာအိုသခင်၏ခန္ဓာကိုယ်ပေါ်ရှိ ဧကရာဇ်အဆင့်မှော်လက်နက်ကို ရရှိရန်အတွက် တခြားတာအိုသခင်များ တိုက်ခိုက်ကြလေ၏။
ဤတုန်လှုပ်ချောက်ချားဖွယ်တိုက်ပွဲကြီးအတွင်း၌ တာအိုသခင်တချို့ သေဆုံးခဲ့ရသည်။တော်ဝင်မြို့တော်၏တစ်ခြမ်းသည် အနက်ရောင်ကျင်းချိုင့်ကြီးများဖြင့် ပြည့်နှက်သွားကာ ယခုထိတိုင် သေဆုံးခြင်းနယ်မြေအဖြစ်ရှိနေဆဲပင်။
သို့ရာတွင် အဆုံးသတ်၌ ထိုဧကရာဇ်အဆင့်မှော်ရတနာကို ရရှိသွားသူသည် နာမည်ကျော်ကြားခြင်းမရှိရုံသာမက တာအိုသခင်တစ်ယောက်ပင်မဟုတ်သည့် ရှန်လင်းလုံဖြစ်နေမည်ဟု မည်သူကမျှ မျှော်လင့်မထားမိချေ။
ရှန်လင်းလုံသည် ဧကရာဇ်အဆင့်မှော်လက်နက်ကို ဖမ်းဆုပ်နိုင်ခဲ့ရုံသာမက လက်နက်စိတ်ဝိညာဥ်ဖြင့်လည်းပူးပေါင်းနိုင်ခဲ့ကာ ကောင်းကင်နှင့်မြေပြင်ကိုပင် ဖျက်ဆီးနိုင်သောစွမ်းအားမျိုး ရရှိခဲ့သည်။
ရှန်လင်းလုံသည် တာအိုသခင်တစ်ယောက် မဟုတ်သော်လည်း အစွမ်းထက်သောတာအိုသခင်များပင်လျှင် သူမအား ရန်စစော်ကားဝံ့ခြင်းမရှိချေ။
Chapter 2175
ထို့နောက် ရှန်လင်းလုံသည် သူမ၏ရည်ရွယ်ချက်ကို ထုတ်ဖော်ပြသခဲ့သည်။
ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ် သေဆုံးပြီးနောက် ရှန်လင်းလုံသည် ရှမိသားစုနှင့်ပူးပေါင်းလိုက်သည်။ထို့နောက် သူမသည် ကျန်ရှိနေသောတော်ဝင်မိသားစုဝင်များကို ဖမ်းဆီးထိန်းသိမ်းကာ တော်ဝင်အမိန့်တော်တစ်ခုကို အတုလုပ်၍ သူမကိုယ်သူမ ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏ကြင်ယာတော်အဖြစ် ခန့်အပ်ခဲ့သည်။နောက်ပိုင်းတွင် သူမသည် တော်ဝင်ကြင်ယာတော်ဟူသောအဆင့်အတန်းကို အသုံးချ၍ ထီးနန်းအာဏာကိုသိမ်းပိုက်ကာ တာယွီအင်ပါယာ၏ဧကရီအသစ်ဖြစ်လာခဲ့သည်။
ယခင်တော်ဝင်မိသားစုဖြစ်သော ကျိုးမိသားစုတွင် နယ်မြေဘုရင်တချို့ကျန်ရှိသော်လည်း သူတို့သည် ထူးဆန်းစွာဖြင့် တိတ်တဆိတ်နှုတ်ပိတ်နေကာ ရှန်လင်းလုံအား သူတို့၏ခေါင်းဆောင်အဖြစ် လက်ခံခဲ့ကြ၏။
ဤနည်းလမ်းဖြင့် ယခင်က မည်သူမျှသတိမပြုမိသော အမျိုးသမီးတစ်ယောက်သည် မရေမတွက်နိုင်သော သက်ရှိများကိုအုပ်ချုပ်ရသည့် တာယွီအင်ပါယာ၏ဧကရီဖြစ်လာခဲ့သည်။
ရှောင်ချွမ်သည် ထိုရလဒ်ကိုတွေးတောမိချိန်တွင် သူ၏နောက်ကျောပြင်၌ ချွေးများရွှဲနစ်သွားတော့သည်။
အကယ်၍ သူတို့၏ရှောင်မိသားစုသာ ယခင်က ရှေးဟောင်းဧကရာဇ်အဆင့်မှော်လက်နက်ကို လုယူရချိန်တွင် ပါဝင်ခဲ့ပါက သူတို့သည် အနိုင်မရရှိနိုင်သည့်အပြင် ဆိုးရွားသောဆုံးရှုံးမှုနှင့် ရင်ဆိုင်ရပေမည်။
"ဒီတစ်ကြိမ်မှာ...ငါတို့ရှောင်အိမ်တော်ကနေ ရှေးဟောင်းဧကရာဇ်အဆင့်မှော်ရတနာနှစ်ခု ထွက်ပေါ်လာခဲ့တယ်...အဲ့ဒီကောင်လေး မှောရတနာတစ်ခုကိုယူသွားတာက ငါတို့အတွက် အရမ်းကောင်းတဲ့အခွင့်အရေးပဲ"
ရှောင်မိသားစုဘိုးဘေး၏မျက်လုံးအတွင်း၌ အလင်းတန်းများ ဖြတ်ပြေးသွားသည်။
"အဲ့ဒီကောင်လေးမှာ အရည်အချင်းတချို့ရှိနေရင်တောင် သူ့ရဲ့အသက်ကအရမ်းငယ်သေးတယ်...ဘယ်သူကမှ ဒီလိုမျိုးငယ်ရွယ်တဲ့သူတစ်ယောက်ကို သူတို့ရဲ့မျက်လုံးထဲ ထည့်မှာမဟုတ်ဘူး"
"သူ ဧကရာဇ်အဆင့်မှော်ရတနာရသွားတဲ့သတင်းကို ဖြန့်လိုက်ကြစမ်း...လူတိုင်းက သူ့ကိုပဲ အာရုံစူးစိုက်နေကြလိမ့်မယ်....ဒီနည်းလမ်းနဲ့ ငါတို့ရှောင်မိသားစုအပေါ် ကျရောက်လာမယ့်အန္တရာယ်တွေကို လျှော့ချနိုင်လိမ့်မယ်...တကယ်လို့ ငါတို့ရှောင်မိသားစုက ရှေးဟောင်းဧကရာဇ်အဆင့်မှော်ရတနာတစ်ခုရထားတယ်ဆိုတာ တစ်စုံတစ်ယောက်က သိသွားရင်တောင်...တစ်ဖက်က လူမသိသူမသိလူငယ်တစ်ယောက် တခြားတစ်ဖက်ကအခြေခံခိုင်မာတဲ့ မိသားစုကြီးတစ်စုဆိုရင်...သူတို့က ဘယ်သူ့ကိုရွေးချယ်ပြီး ရင်ဆိုင်တိုက်ခိုက်မယ်ဆိုတာ အသိသာကြီးလေ"
ရှောင်မိသားစုဘိုးဘေး၏ခွဲခြမ်းစိတ်ဖြာမှုကိုကြားပြီးနောက် ရှောင်ချွမ်၏တင်းကြပ်စွာစုကျုံထားသောမျက်ခုံးများသည် နောက်ဆုံး၌ ပြေလျော့သွားပေ၏။
"အဖေရဲ့တွေးတောမှုက အရမ်းစေ့စပ်တာပဲ...ကျွန်တော် တကယ်ကို ကြည်ညိုလေးစားမိတယ်"
ရှောင်ချွမ်က စိတ်ရောကိုယ်ပါ ပြောဆိုလိုက်သည်။
ရှောင်မိသားစုဘိုးဘေးက ရုတ်တရက် သူ၏လက်ကိုဖြန့်၍ ပြောဆိုသည်။
"ဧကရာဇ်အဆင့်မှော်လက်နက်က ဘယ်မှာလဲ...အရင်ဆုံး ငါ တစ်ချက်ကြည့်ကြည့်အုံးမယ်"
ရှောင်ချွမ်က ရှေးဟောင်းစေတီကို အလျှင်အမြန်ထုတ်ပေးလိုက်၏။
ဤအချိန်တွင် ရှေးဟောင်းစေတီသည် ပင်ကိုမူလချိပ်ပိတ်ထားသောအခြေအနေ၌ ရှိနေပုံရသည်။ရှေးဟောင်းစေတီ၏အထပ်ဆယ့်ရှစ်ထပ်လုံးမှ အပေါက်များအားလုံး ပိတ်နေလေ၏။
ထိုသို့ဆိုသည့်တိုင် အားကောင်းသောအရှိန်အဝါတစ်ရပ်က ရှေးဟောင်းစေတီမှထွက်ပေါ်နေသည်။
ထိုရှေးဟောင်းစေတီသည် သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်နှင့် ကွဲပြားခြားနားသည်။ရှေးဟောင်းစေတီ၏လက်နက်စိတ်ဝိညာဥ်သည် ရှေးဟောင်းအချိန်ကာလများကတည်းက ဆင်းသက်လာခြင်းဖြစ်သည်။ထိုလက်နက်စိတ်ဝိညာဥ်ကို နှစ်သောင်းချီအိုမင်းသောမွန်းစတားအိုကြီးဟု ယူဆနိုင်ပြီး ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေလေပြီ။
"ကောင်းတယ် ကောင်းတယ်....ငါ ဒီ ဧကရာဇ်အဆင့်မှော်ရတနာကို သန့်စင်ပြီးတာနဲ့ မိုးကောင်းကင်မှာ ပျံသန်းနိုင်လိမ့်မယ်"
ရှောင်မိသားစုဘိုးဘေးက ရယ်မောရင်း ဆက်လက်ပြောဆိုသည်။
"လတ်တလောအချိန်မှာ ငါတို့ရဲ့အိမ်တော်တစ်ခုလုံးကို ချိပ်ပိတ်ထားလိုက်...ပြီးတာနဲ့ မိသားစုခွဲတွေရဲ့အစွမ်းထက်ကျင့်ကြံသူတွေအားလုံးကို ဒီနေရာကိုလာဖို့ ဖိတ်ကြားလိုက်စမ်း...ငါက တံခါးပိတ်ကျင့်ကြံတော့မယ်...ဘာကိစ္စပဲရှိရှိ ငါ့ကို လာမနှောက်ယှက်ကြနဲ့
ရှောင်ချွမ်က ခေါင်းညိတ်ပြပြီး ချက်ချင်းဆိုသလိုပင် မိသားစုခေါင်းဆောင်၏အမည်ဖြင့် အမိန့်ထုတ်ပြန်လိုက်၏။
ယခုလက်ရှိချိန်တွင် သူတို့၏ရှောင်မိသားစုအတွက် ရှေးဟောင်းဧကရာဇ်အဆင့်မှော်ရတနာကို အပြည့်အဝထိန်းချုပ်နိုင်ရန်ထက် အရေးကြီးသောကိစ္စမရှိချေ။
"ပြီးတော့...ချင်အာနဲ့နတ်ဘုရားအမတ်ကြီးရှအကြားက ဆက်ဆံရေးကို တက်နိုင်သမျှမြန်မြန် တိုးတက်အောင်လုပ်ရမယ်....တကယ်လို့ ချင်အာက နတ်ဘုရားအမတ်ကြီးရှရဲ့ ကြင်ယာတော်အဆင့်ကိုပဲရမယ်ဆိုရင်တောင် ပြဿနာမရှိဘူး...ချင်အာက ရှမိသားစုဆိုတဲ့လှေကြီးပေါ်ကို တက်နိုင်တာနဲ့ ငါတို့ရှောင်မိသားစုမှာ ဘာမှစိုးရိမ်ပူပန်စရာမရှိတော့ဘူး"
ရှောင်မိသားစုဘိုးဘေးသည် မကြာမီမှာပင် တံခါးပိတ်ကျင့်ကြံရန် ထွက်ခွါသွားတော့သည်။ထိုနေရာပတ်ဝန်းကျင်၌ အစွမ်းထက်ကျင့်ကြံသူအမြောက်အများ စောင့်ကြပ်နေရာ သူတို့၏အရှိန်အဝါများက ကောင်းကင်ယံထိတိုင် မြင့်တက်နေသည်။
ဤသည်က သူတို့၏မိသားစုအနာဂတ်ဖြင့် ဆက်စပ်နေသဖြင့် လူတိုင်း၏မျက်လုံးများအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။
"မိသားစုခေါင်းဆောင်...ကျွန်တော်တို့ အဲ့ဒီကောင်လေးကို ဘယ်လိုလုပ်သင့်လဲ"
အိမ်တော်ထိန်းက ရှောင်ချွမ်ထံသို့လာရောက်၍ ညွှန်ကြားချက်တောင်းခံသည်။
ရှောင်ချွမ်၏မျက်နှာပေါ်တွင် ဝေခွဲရခက်သောအရိပ်အယောင်များ ထင်ဟပ်နေကာ သူကအချိန်တခဏကြာ တွေဝေစဥ်းစားပြီး ပြောဆိုလိုက်၏။
"အဲ့ဒီကောင်လေးက အရမ်းမောက်မာတယ်မဟုတ်လား...သူက ငါတို့ရှောင်မိသားစုရဲ့အစွမ်းထက်ကျင့်ကြံသူတွေအများကြီးကို ထိခိုက်ဒဏ်ရာရအောင်လုပ်ပြီးတော့ ငါတို့အိမ်တော်က ရှေးဟောင်းဧကရာဇ်အဆင့်မှော်ရတနာကို ယူသွားတယ်လို့ သတင်းဖြန့်လိုက်စမ်း"
အမ်...
အိမ်တော်ထိန်းက ထိတ်လန့်တုန်လှုပ်သွားသည်။
"မိသားစုခေါင်းဆောင်...အဲ့ဒီသတင်းပြန့်သွားတာနဲ့ ကျွန်တော်တို့ရှောင်မိသားစု မျက်နှာပြစရာနေရာရှိမှာမဟုတ်ဘူး"