အခန်း (၂၁၇၆-၂၁၈၀)
Vol. 112 Ch. 2176-2180
Chapter 2176
ရှောင်ချွမ်၏မျက်နှာက သုန်မှုန်နေသည်။
"ဘာလို့ဒီလို သောက်အဓိပ္ပါယ်မရှိတဲ့စကားတွေ ပြောနေတာလဲ...ငါ မင်းကို လုပ်လို့ပြောရင် မင်း လုပ်လိုက်...ပြီးတော့ လူများများစေလွှက်ပြီး ဒီသတင်းကို ကြယ်နယ်မြေတွေအကြားမှာ ဖြန့်ခိုင်းလိုက်စမ်း...သူ့ရဲ့နာမည်က တာယွီအင်ပါယာတစ်ခုလုံးအနှံ့ ပြန့်သွားတာကို ငါ မြင်ချင်တယ်"
"ဟမ့်...ငါ သူ့ကို အချိန်ခဏလောက်တော့ မောက်မာခွင့်ပြုလိုက်အုံးမယ်...တကယ်လို့ သူ သေပြီဆိုတဲ့သတင်းကိုကြားတာနဲ့ ငါ့ကို အမြန်ဆုံးအကြောင်းကြားစမ်း"
အိမ်တော်ထိန်းသည် အံ့အားသင့်တုန်လှုပ်သွားပေ၏။သို့ရာတွင် သူသည် ရှောင်မိသားစုကဲ့သို့ ထိပ်တန်းမိသားစုကြီးတစ်ခုတွင် အလုပ်လုပ်နေသဖြင့် နုံအသူတစ်ယောက်မဟုတ်ချေ။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူသည် မိသားစုခေါင်းဆောင်၏အကြံအစည်ကို နားလည်သဘောပေါက်သွားခဲ့သည်။
ပြဿနာကို ရွှေ့ပြောင်းခြင်း....
လုယွီ၏နာမည်ပျံ့နှံ့သွားသည်နှင့်အမျှ သူ၏လက်အတွင်းတွင် ရှေးဟောင်းဧကရာဇ်အဆင့်မှော်ရတနာရှိနေခြင်းကို လူတိုင်းသိရှိသွားကြပေမည်။
ထိုအချိန်တွင် အကယ်၍တစ်စုံတစ်ယောက်သည် သူတို့၏ရှောင်မိသားစုလက်အတွင်း၌ ရှေးဟောင်းဧကရာဇ်အဆင့်မှော်တနာရှိနေသည်ဟု ရှာဖွေဖော်ထုတ်နိုင်သွားလျှင်ပင် သူတို့သည် လူငယ်တစ်ယောက်ဖြစ်သော လုယွီထံတွင်သာ ပို၍အာရုံစူးစိုက်နေပေလိမ့်မည်။သူတို့သည် ထိုအခြေအနေကိုအခွင့်ကောင်းယူ၍ ရှေးဟောင်းစေတီကို သန့်စင်နိုင်သည်။
"မိသားစုခေါင်းဆောင်ရဲ့အမိန့်အတိုင်း...ကျွန်တော် အမြန်ဆုံး ဆောင်ရွက်လိုက်ပါ့မယ်"
အိမ်တော်ထိန်းက အလျင်စလို တုံ့ပြန်ပြောဆိုလိုက်၏။
တော်ဝင်မြို့တော်အတွင်း၌...
လုယွီသည် မိုးကောင်းကင်တာအိုတည်းခိုခန်းသို့ ပြန်လည်ရောက်ရှိသည်နှင့် သူ၏ဒဏ်ရာများပြန်လည်ကောင်းမွန်လာစေရန် တံခါးပိတ်ကျင့်ကြံခဲ့သည်။
သူ၏ခန္ဓာကိုယ်ပေါ်ရှိ အလွန်ပြင်းထန်သောဒဏ်ရာများကြောင့် သူသည် ပြိုလဲလုဆဲဆဲအခြေအနေသို့ ရောက်ရှိနေလေပြီ။သူ၏အလွန်ခိုင်မာသော အသိစိတ်အာရုံကြောင့်သာ ယခုချိန်ထိ သူ တောင့်ခံနေနိုင်ခြင်းဖြစ်သည်။
ဖူး...
လှိုဏ်ဂူအတွင်းသို့ ပြန်လည်ရောက်ရှိသည်နှင့် လုယွီ၏ပါးစပ်မှ သွေးများအန်ထွက်လာကာ သူ၏မျက်နှာတစ်ခုလုံး စက္ကူဖြူတစ်ချပ်ကဲ့သို့ ဖြူရော်သွားသည်။
ယခင်က ရှောင်ချင်ပြောဆိုသည်မှာ မှန်ကန်ပေ၏။သူသည် အမှန်တကယ်ကိုပင် သူ၏ခံနိုင်ရည်အဆုံးသတ်သို့ ရောက်ရှိနေလေပြီ။
သူ၏ကျင့်ကြံဆင့်နယ်ပယ်ဖြင့် မပိုင်ဆိုင်နိုင်သော တုန်လှုပ်ချောက်ချားဖွယ်ခွန်အားမျိုးကို အတင်းအကြပ် ထုတ်ဖော်အသုံးပြုခဲ့သဖြင့် ရလဒ်အနေဖြင့် သူ အလွန်အမင်းအားနည်းသွားခဲ့သည်။အကယ်၍သာ သူ့ထံ၌ သူတော်စင်အဆင့်ရုပ်ခန္ဓာကိုယ်ရှိမနေပါက ရှောင်မိသားစုဘိုးဘေး၏ကိုယ်ပွါးနှင့်တိုက်ခိုက်စဥ်အချိန်တွင် သူ သေဆုံးပြီးဖြစ်ပေမည်။
"သေခြင်းနှင့်ရှင်ခြင်း...သေခြင်းနှင့်ရှင်ခြင်း...ဒါက ဘယ်လိုမျိုးလဲ...အတိတ်ဘဝတုန်းက ငါ နားလည်သဘောပေါက်ထားတဲ့ ဥပဒေသတချို့က အစစ်အမှန်မဟာတာအိုနဲ့ ကွဲပြားခြားနားနေတယ်"
"အစစ်အမှန်သေခြင်းတရားနဲ့ မကြုံတွေ့သေးသရွေ့ ငါက ဒီမဟာတာအိုရဲ့အစစ်အမှန်အနှစ်သာရကို ငါ လေ့လာဆင်ခြင်နိုင်မှာမဟုတ်ဘူး...ရှောင်မိသားစုက ငါ့ကို ဒီအခြေအနေထိရောက်အောင် တွန်းပို့လိုက်တာက ငါ့ကိုကူညီပေးလိုက်တာနဲ့ အတူတူပဲ"
တစ္ဆေဧကရာဇ်၏အကြွင်းအကျန်စိတ်ဝိညာဥ်ကို ဝါးမျိုပြီးနောက် လုယွီသည် သူ၏မှတ်ဥာဏ်များကိုလည်း ရရှိခဲ့ပေ၏။
ဤမှတ်ဥာဏ်များအကြားတွင် တစ္ဆေဧကရာဇ်၏မှတ်ဥာဏ်တချို့ပါဝင်နေသော်လည်း အရေးအကြီးဆုံးအရာမှာ တစ္ဆေဧကရာဇ်၏ပြီးပြည့်စုံသော အမွေအနှစ်ပင်။
ရှေးဟောင်းအချိန်ကာလများအတွင်း၌ တစ္ဆေဧကရာဇ်သည် ငရဲနယ်မြေအတွင်းရှိ မရေမတွက်နိုင်သောနတ်ဆိုးမျိုးနွယ်များကို ဖိနှိပ်ခဲ့သည်။သူသည် ကောင်းကင်ဘုံဧကရာဇ်မှချီးမြှင့်ထားသော သူ၏အဆင့်အတန်းကို အသုံးမပြုဘဲ သူ၏ကိုယ်ပိုင်ခွန်အားကိုသာ မှီခိုအားထားခဲ့ခြင်းဖြစ်သည်။
တစ္ဆေဧကရာဇ်သည် စကြာဝဠာတစ်ခုကိုဖန်တီးနိုင်စွမ်းရှိပြီး ပြန်လည်ဝင်စားခြင်းသံသရာစက်ဝန်း၏တစ်ဦးတည်းသောအရှင်သခင်ပင်။သူသည် ကောင်းကင်ဘုံနယ်မြေရှိ မဟာမိုးကောင်းကင်ရွှေအင်မော်တယ်များဖြင့် ခြေရာခြင်းတိုင်းနိုင်သူတစ်ယောက်ဖြစ်ပေ၏။အကယ်၍ သူ၏အမွေအနှစ်သာ ပျံ့နှံ့သွားပါက မြောက်မြားစွာသောသက်ရှိများအတွက် အကျိုးကျေးဇူးများစွာရရှိပေမည်။
ဤသည်က သူ၏ဘဝတသက်တာတွင် တစ်ကြိမ်သာဥာဏ်အလင်းပွင့်မှုရနိုင်သော အခွင့်အရေးကြီးပင်။လုယွီသည် ဤအခွင့်အရေးကို လက်လွတ်ခံရန် ရည်ရွယ်ချက်မရှိချေ။
လုယွီသည် သူ၏သိုလှောင်အိတ်အတွင်းမှ ဆေးလုံးများအားလုံးကိုထုတ်ယူ၍ ဆေးစွမ်းအားများအဖြစ်သန့်စင်ကာ သူ၏ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူလိုက်၏။
တစ်ချိန်တည်းမှာပင် သူသည် ပတ်ဝန်းကျင်ရှိစိတ်ဝိညာဥ်စွမ်းအားများကိုစုပ်ယူ၍ အစောပိုင်းက သူ ကုန်ဆုံးသွားခဲ့သော သွေးချီများကို ပြန်လည်ဖြည့်တင်းလိုက်သည်။
လုယွီသည် မြေပြင်ပေါ်၌ပလ္လင်ခွေထိုင်၍ ဥာဏ်အလင်းပွင့်မှုအနှစ်သာရများကိုဖမ်းဆုပ်ကာ လှုပ်ရှားခြင်းမပြုတော့ချေ။
သူ၏ဒဏ်ရာများ တဖြည်းဖြည်းပြန်လည်ကောင်းမွန်လာသော်လည်း သူ၏အရှိန်အဝါသည် တစ်ခါတရံအားကောင်း၍ တစ်ခါတရံအားနည်းသွားသည်။
"ကျွတ်...ကျွတ်....ဒီကောင်လေးက ကံတော်တော်ကောင်းတာပဲ....သူက တစ္ဆေဧကရာဇ်ရဲ့ဘဝတလျှောက်လုံး စုဆောင်းထားတဲ့ အမွေအနှစ်တွေကိုတောင် ရသွားခဲ့တယ်"
သိုလှောင်အိတ်အတွင်းမှစောင့်ကြည့်နေသော မျောက်သည် အံ့အားသင့်စွာဖြင့် ကျွတ်စုပ်လိုက်၏။
လုယွီ၏နောက်၌ လေစီးကြောင်းများရှိနေကာ ကြီးမားသောမြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးအသွင် စုဝေးနေခြင်းကို သူ မြင်တွေ့မိသည်။ထိုနတ်ဘုရားပုံရိပ်ယောင်ကြီးသည် ယခင်ထက်ပို၍ မြင့်မြတ်ပြီးတည်ကြည်လေးနက်သောအသွင်မျိုးရှိနေကာ လူအများသည် ထိုအရာအား တိုက်ရိုက်ကြည့်ဝံ့မည်မဟုတ်ချေ။
"အဲ့ဒီခေါင်းပြောင်တွေထဲမှာ အစွမ်းထက်ကျင့်ကြံသူတွေက တိမ်လိုလေလိုပေါများတယ်...ငါက နောင်တစ်ချိန်မှာ ဒီကောင်လေးကို တကယ်ကြီးမှီခိုရတော့မယ့်ပုံပဲ...ဟား ဟား ဟား...အဲ့ဒီအချိန်ကျရင်...ခေါင်းပြောင်တွေအားလုံး ငါ့ကိုအားနည်းတယ်လို့ ပြောရဲမှာမဟုတ်တော့ဘူး...ဒီကောင်လေးက အဲ့ဒီငတုံးခေါင်းပြောင်တွေကို ရှင်းပစ်နိုင်မှာသေချာတယ်"
မျောက်သည် ပျော်ရွှင်ဖွယ်ရာကိစ္စတစ်ခုကို တွေးတောမိပုံဖြင့် ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်၏။
သို့ရာတွင် သူက ထိတ်ထိတ်ပျာပျာအော်ဟစ်ပြီး ခုန်ထလိုက်သည်။အကြောင်းအရင်းမှာ သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်၏ လက်နက်စိတ်ဝိညာဥ်ကလေးငယ်သည် မည်သည့်အချိန်က သူ၏နောက်သို့ရောက်ရှိနေမှန်းမသိဘဲ သူ၏အမြှီးကိုဖမ်းဆုပ်ထားခြင်းကြောင့်ပင်။
"အဝေးကိုသွားနေစမ်း...ကံဆိုးတဲ့ ကောင်လေး...ငါ့ဆီမှာ မင်းနဲ့ကစားနေဖို့ အချိန်မရှိဘူး"
မျောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
Chapter 2177
လုယွီ ကျင့်ကြံရာ၌နစ်မြုပ်နေစဥ်တွင် ပြင်ပလောက၌ အုတ်အော်သောင်းနင်းဖြစ်နေသည်။
လူအများစိတ်ဝင်စားမှုအရှိဆုံး သတင်းတစ်ခုမှာ ရှောင်မိသားစု၏စိတ်ဝိညာဥ်မီးနယ်မြေအတွင်း၌ ရှေးဟောင်းဧကရာဇ်အဆင့်မှော်ရတနာများ ထွက်ပေါ်လာခဲ့သောကိစ္စပင်။
ဤအချိန်အခိုက်အတန့်တွင် ကောင်းကင်ဘုံနယ်မြေအတွင်းရှိ မြောက်မြားစွာသောအင်အားစုများသည် ထိုသတင်းကြောင့် ရူးသွပ်လုခမမ်းဖြစ်နေကြ၏။
ယခုလက်ရှိ ကောင်းကင်ဘုံနယ်မြေတွင် ဧကရာဇ်အဆင့်မှော်လက်နက်များကို ထိပ်သီးအင်အားစုကြီးများကသာ ပိုင်ဆိုင်ထားသည်။ထိုအင်အားစုများသည် သူတို့၏ဧကရာဇ်ဆင့်မှော်ရတနာများကို စောင့်ကြပ်ရန် အစွမ်းထက်ကျင့်ကြံသူအမြောက်အများကို အသုံးပြုထားလေ၏။ထိုသို့ပြုလုပ်ထားမှသာ ဧကရာဇ်အဆင့်မှော်လက်နက်များကို ကာကွယ်နိုင်ပေမည်။
ကျင့်ကြံသူအများစုအတွက် ရှေးဟောင်းဧကရာဇ်အဆင့်မှော်ရတနာများသည် စိတ်ကူးယဥ်ဆန်သောတည်ရှိမှုကြီးများပင်။
တာယွီအင်ပါယာ၏ဧကရီလင်းလုံသည် သူမ၏လက်အတွင်းရှိ ရှေးဟောင်းဧကရာဇ်အဆင့်မှော်လက်နက်ကိုအသုံးပြု၍ လောကကြီးတခွင်လုံးကို တုန်လှုပ်ချောက်ချားစေကာ မရေမတွက်နိုင်သော အစွမ်းထက်ကျင့်ကြံသူများကို သူမ၏လက်အောက်သို့ ရောက်ရှိစေခဲ့သည်။
တော်ဝင်မြို့တော်အတွင်း၌ ရှေးဟောင်းဧကရာဇ်အဆင့်မှော်လက်နက်များကို ပိုင်ဆိုင်ထားသော ထိပ်သီးအင်အားစုများသည် တခြားအင်အားစုများကို ခြိမ်းခြောက်နိုင်စွမ်းရှိပေ၏။
မရေမတွက်နိုင်သောကျင့်ကြံသူများသည် ထိုဧကရာဇ်အဆင့်မှော်လက်နက်များကို လိုချင်တပ်မက်နေကြသော်လည်း ထိုအင်အားစုများ၏စွမ်းအားကို ထိတ်လန့်ကြောက်ရွံကြသဖြင့် လက်လွတ်စပါယ်လှုပ်ရှားဝံ့ခြင်းမရှိချေ။
လူတိုင်း စိတ်လှုပ်ရှားနေသောအချိန်မှာပင် နောက်ထပ်သတင်းတစ်ခုက ကောင်းကင်ဘုံနယ်မြေအနှံ့ ပျံ့နှံ့လာခဲ့သည်။
ထိုသတင်းမှာ....
ရှောင်မိသားစုရရှိထားသော ရှေးဟောင်းဧကရာဇ်အဆင့်မှော်လက်နက်ကို လုယွီဟုအမည်ရသော လူငယ်တစ်ယောက်မှ အတင်းအကြပ်လုယူသွားကာ ထိုအရာသည် ယခုလက်ရှိချိန်တွင် ထိုလူငယ်၏လက်အတွင်း၌ရှိနေခဲ့သည်။
ထိုလုယွီသည် ရှောင်အိမ်တော်မှ အောင်မြင်စွာဆုတ်ခွါသွားနိုင်ရုံသာမက ရှောင်မိသားစုဘိုးဘေး၏ကိုယ်ပွါးကိုပင် သတ်ဖြတ်ခဲ့ပေ၏။သူသည် ရှောင်မိသားစုခေါင်းဆောင်ကိုပင် ဒဏ်ရာရရှိစေခဲ့သည်။ထို့ကြောင့် ယခုလက်ရှိချိန်တွင် ရှောင်မိသားစုခေါင်းဆောင်သည် သူ၏ဒဏ်ရာများအား ကုစားနိုင်ရန် တံခါးပိတ်ကျင့်ကြံနေရသည်။
ရှောင်မိသားစုသည် တော်ဝင်မြို့တော်အတွင်းရှိ ထိပ်တန်းမိသားစုကြီးရှစ်ခုအနက်မှတစ်ခုပင်။သူတို့သည် မိသားစုကြီးရှစ်ခု၏အောက်ဆုံးနေရာ၌ရှိသော တည်ရှိမှုကြီးဖြစ်လျှင်ပင် လျော့တွက်၍မရသောအင်အားမျိုးကို ပိုင်ဆိုင်ထားဆဲဖြစ်သည်။
လုယွီဆိုသည်မှာ မည်သူဖြစ်သနည်း....
ရုတ်ချည်းဆိုသလိုပင် မရေမတွက်နိုင်သောကင်းထောက်များ တော်ဝင်မြို့တော်အတွင်း၌ ခြေချင်းလိမ်နေကာ ရှေးဟောင်းဧကရာဇ်အဆင့်မှော်လက်နက်ကို လုယူသွားသော လုယွီနှင့်ပတ်သတ်သမျှကို စုံစမ်းနေကြ၏။
မကြာမီမှာပင် လုယွီနှင့်ပတ်သက်သော သတင်းအချက်အလက်များသည် အစွမ်းထက်ကျင့်ကြံသူများထံသို့ ရောက်ရှိသွားတော့သည်။
သူသည် အသက်သုံးဆယ်မပြည့်သေးသော လူငယ်တစ်ယောက်ဖြစ်ကာ လော့ရွှေကြယ်မြစ်တိုက်ပွဲအတွင်း၌ ကြီးမားသောတိုက်ပွဲအကျိုးဆောင်ရမှတ်များရရှိကာ ရွှမ်းဝူစစ်ဗိုလ်ချုပ်အဖြစ် ရာထူးတိုးသွားခဲ့သည်။
ကောလဟာလများအရ သူသည် နဂါးအစောင့်တစ်ယောက်ဟုဆိုကြ၏။
ထို့ပြင် သူသည် ဝမ်ရှန့်သူတော်စင်ယီဟန်၏တပည့်ဖြစ်ကာ နတ်ဘုရားဓားအမတ်ကြီးနှင့်လည်း ရင်းနှီးသောဆက်ဆံရေးမျိုးရှိနေသည်။
သတင်းပို့ဆက်သားများထံမှ စာလွှာများအဆက်မပြတ် ကူးသန်းနေခြင်းနှင့်အတူ လုယွီ၏နာမည်သည် အချိန်တိုအတွင်းတွင် ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားသည်။
"ဒီကောင်လေးက စစ်တပ်ထဲကိုရောက်လာတာ ဘယ်လောက်မှမကြာသေးဘူး...သူ့ရဲ့တိုးတက်မှုက အရမ်းမြန်လွန်းတယ်...ဖြစ်နိုင်တာတော့ သူက မှော်ဆန်တဲ့ဆေးတစ်မျိုးကို ဝါးမျိုထားတာများလား"
"သူက ဗိုလ်ချုပ်အဆင့်ပဲရှိသေးတာ...သူက လော့ရွှေကြယ်မြစ်အရေးကိစ္စမှာ ပါဝင်ခဲ့ပြီးတော့ တိုက်ပွဲအကျိုးဆောင်ရမှတ်တွေရသွားခဲ့တဲ့သူဆိုတာကို ငါ မှတ်မိပြီ"
လုယွီ၏နောက်ကြောင်းနှင့်ပတ်သက်၍ တချို့လူများက အံ့အားသင့်နေကြကာ တချို့လူများက အထင်အမြင်သေးနေကြ၏။
ထို့နောက် ရှောင်မိသားစုထံမှ ပို၍အရေးကြီးသောသတင်းအစအနတစ်ခုသည် တောမီးပမာ ပျံ့နှံ့လာခဲ့သည်။
ရှောင်မိသားစု၏လူငယ်ကျင့်ကြံသူတချို့ထံမှ ရရှိသောသတင်းများအရ ရှောင်မိသားစုဘိုးဘေး၏ကိုယ်ပွါးသတ်ဖြတ်ခံရပြီး မိသားစုခေါင်းဆောင် အပြင်းအထန်ဒဏ်ရာရရှိထားသည်ဟူသောကိစ္စများမှာ အမှန်ပင်။
ထိုကိစ္စများကိုပြုလုပ်ခဲ့သော တစ်ယောက်တည်းသောလူမှာ လုယွီဖြစ်ပေ၏။
ကောလဟာလများအရ ရှောင်မိသားစုသည် အစွမ်းထက်ကျင့်ကြံသူအမြောက်အများကိုစေလွှက်၍ လုယွီနောက်သို့ လိုက်လံဖမ်းဆီးစေသော်လည်း ယခုချိန်ထိ သူ လွတ်မြောက်နေဆဲပင်။ရှောင်မိသားစုသည် မိသားစုဝင်လူငယ်များနှင့်အကြီးအကဲများ ဆုံးရှုံးခဲ့ရရုံမက ရှေးဟောင်းဧကရာဇ်အဆင့်မှော်လက်နက်သည်လည်း လုယွီ၏ယူဆောင်သွားခြင်းကို ခံခဲ့ရသည်။
လူငယ်တစ်ယောက်သည် ထိပ်သီးမိသားစုကြီးတစ်ခုအတွင်းသို့ ထိုးဖောက်ဝင်ရောက်၍ မှော်ရတနာကိုလုယူကာ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ဆုတ်ခွါသွားနိုင်ခဲ့သည်။
ဤအချိန်အခိုက်အတန့်တွင် ရှောင်မိသားစုသည် ကောင်းကင်ဘုံနယ်မြေတစ်ခုလုံး၏ လှောင်ပြောင်သရော်စရာပြက်လုံးကြီးတစ်ခု ဖြစ်လာလေ၏။
ယခင်က ရှောင်မိသားစုဝင်များသည် ပြင်ပသို့ထွက်သည့်အချိန်တိုင်း အမြဲတစေ မာန်မာနအပြည့်ရှိသော မျက်နှာအမူအယာများဖြင့် မောက်မာဝံ့ကြွားနေလေ့ရှိသည်။သို့ရာတွင် ယခုလက်ရှိချိန်၌ ရှောင်မိသားစုဝင်များသည် ပြင်ပသို့ထွက်စဥ်တွင် သူတို့၏မျိုးရိုးအမည်ကိုပင် ပြောဆိုဝံ့ခြင်းမရှိချေ။
ရှောင်မိသားစုသည် လူတိုင်း၏ရယ်မောစရာပြက်လုံးကြီး ဖြစ်စပြုလာသည်။
လူတိုင်းသည် ရှောင်မိသားစုအား လှောင်ပြောင်သရော်နေကြပြီး တစ်ချိန်တည်းမှာပင် သူတို့သည် လုယွီကို အာရုံစူးစိုက်လာကြ၏။
ရှေးဟောင်းဧကရာဇ်အဆင့်မှော်လက်နက်သည် အညတရလူငယ်တစ်ယောက်၏လက်အတွင်း၌ ရောက်ရှိနေသည်။
ထိုကောင်လေးထံတွင် မည်ကဲ့သို့အရည်အချင်းမျိုး ရှိနေသနည်း...
မည်သည်ကြောင့် သူသည် ရှေးဟောင်းဧကရာဇ်အဆင့်မှော်လက်နက်၏အရှင်သခင် ဖြစ်လာရသနည်း...
ထိုအတွေးများက ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးရှိလူများ၏ စိတ်နှလုံးသားများအတွင်း၌ ရှိနေသည်။
အညတရလူငယ်တစ်ယောက်ပင်လျှင် ရှေးဟောင်းဧကရာဇ်အဆင့်မှော်လက်နက်ကို ရရှိခဲ့သော်လည်း မည်သည်ကြောင့် သူတို့ မရရှိသနည်း...
ဤသည်က ရှေးဟောင်းဧကရာဇ်အဆင့်မှော်လက်နက်ပင်။အကယ်၍ သူတို့သာ ထိုမှော်ရတနာကိုရရှိပါက ကောင်းကင်ဘုံနယ်မြေအတွင်း၌ ထိပ်သီးအင်အားစုဖြစ်လာနိုင်သည့်အပြင် ထာဝရအသက်၏လျှို့ဝှက်ချက်ကိုပင် ရရှိနိုင်သည်။
Chapter 2178
လင်းယုန်ကြယ်မြစ်....
ထိုကြယ်မြစ်အကြား၌ အစွန်အဖျားကျသောနေရာတွင် ကြယ်နယ်မြေတစ်ခု မျောလွင့်နေသည်။
ထိုကြယ်နယ်မြေ၏မျက်နှာပြင်သည် မီးခိုးရောင်သန်းနေကာ သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေပြီး မည်သည့်သက်ရှိအငွေ့အသက်မျိုးမျှရှိမနေချေ။
ပတ်ဝန်းကျင်အနီးတဝိုက်ရှိကြယ်နယ်မြေများမှ ကျင့်ကြံသူများသည် ဤနေရာသို့လာရောက်ခြင်းမရှိကြပေ။ထို့ကြောင့် ဤနေရာကို သေခြင်းတရားကြယ်နယ်မြေဟု ခေါ်ဆိုကြ၏။ဤကြယ်နယ်မြေပေါ်တွင် မည်သည့်စိတ်ဝိညာဥ်စွမ်းအင်မျှရှိမနေသည့်အပြင် သက်ရှိများအသက်ရှင်သန်နိုင်ရန်အတွက် သင့်လျော်သော ပတ်ဝန်းကျင်အခြေအနေလည်းရှိမနေချေ။
သေခြင်းတရားကြယ်နယ်မြေပေါ်ရှိ အချွန်အတက်များပြားသောတောင်နံရံတစ်ခုပေါ်မှနေ၍ လူရိပ်တချို့ ဆင်းသက်လာသည်။
ထိုလူများသည် သူတို့၏ခန္ဓာကိုယ်များကို ခေါင်းအစခြေအဆုံး အဝတ်နက်များဖြင့် လွှမ်းခြုံထားရာ သူတို့၏မျက်နှာများကိုပင် ရှင်းရှင်းလင်းလင်း မမြင်တွေ့နိုင်ချေ။သို့ရာတွင် သူတို့၏ခန္ဓာကိုယ်များမှနေ၍ အစွမ်းထက်သောအရှိန်အဝါများ ထွက်ပေါ်နေသည်။
ထိုအနက်ရောင်ဝတ်ရုံဝတ်လူများသည် တောင်နံရံ၏တစ်ဖက်ခြမ်းသို့သွားရောက်၍ တပြိုင်နက်တည်း ဦးညွှတ်ကာအရိုအသေပြုလိုက်ကြ၏။
"မြင့်မြတ်တဲ့နတ်ဘုရားကို အရိုအသေပြုပါတယ်"
ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်နေသဖြင့် တစ်စုံတစ်ယောက်ရောက်ရှိလာပါက သူ၏အသက်ရှုသံကိုပင် သူ ပြန်ကြားနိုင်သည်။
အနက်ရောင်ဝတ်ရုံဝတ်လူများသည် ထိုတိတ်ဆိတ်ငြိမ်သက်မှုအတွက် အံ့အားသင့်နေပုံမရပေ။သူတို့အနက်မှတစ်ယောက်က သူ၏အင်္ကျီလက်မောင်းကြားမှ ဘူးသီးခြောက်တစ်ခုကို ထုတ်ယူလိုက်သည်။
ထိုဘူးသီးခြောက်အဝကိုဖွင့်လိုက်သည်နှင့် သွေးများဖြာကျလာကာ လေထုအတွင်းသို့ ပြန့်ကျဲသွားသည်။
ထိုသွေးများသည် အချိန်အတော်ကြာသည့်တိုင် မျောလွင့်သွားခြင်းမရှိချေ။သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် ထိုသွေးစက်များအားလုံးကို အားလှိုင်းတစ်ရပ်၏စုပ်ယူခြင်း ခံလိုက်ရသည်။
ထို့နောက် ကျယ်လောင်ပြီးကြည်လင်ပြတ်သားသောအသံတစ်သံက တောင်ကြားအတွင်း၌ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
"မင်းတို့ကောင်တွေ ဒီကိုလာတာ ဘာကိစ္စရှိလို့လဲ"
"မြင့်မြတ်တဲ့နတ်ဘုရား....ဒါက ရှေးဟောင်းဧကရာဇ်အဆင့်မှော်လက်နက်နဲ့ပတ်သက်တဲ့ အရေးပေါ်ကိစ္စပါ...ဒါက ဧကရာဇ်အဆင့်မှော်လက်နက်အကြောင်းကို ကျွန်တော်တို့ရထားတဲ့သတင်းအချက်အလက်တွေပါ"
အနက်ရောင်ဝတ်ရုံဝတ်လူတစ်ယောက်က ရိုသေလေးစားသောအမူအယာဖြင့် ဝါးစာလိပ်တစ်ခုကို ကိုင်မြှောက်လိုက်၏။
"ဒီကိုလာစမ်း"
ရုတ်ချည်းဆိုသလိုပင် ဝါးစာလိပ်သည် ထိုလူ၏လက်အတွင်းမှ မြောက်တက်သွားကာ တောင်ကြားတစ်နေရာသို့ ကျရောက်သွားသည်။
ဝုန်း...
ရုတ်တရက် အလွန်ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ တောင်နံရံတစ်ခု အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားပေ၏။
အနက်ရောင်အရိပ်တစ်ရိပ်သည် ကောင်းကင်ယံအတွင်းသို့ ပျံသန်းသွားကာ သေခြင်းတရားကြယ်နယ်မြေပေါ်မှ ထွက်ခွါသွားတော့သည်။
တစ်ချိန်တည်းမှာပင် ထိုကဲ့သို့တူညီသောဖြစ်ရပ်များသည် ကောင်းကင်ဘုံနယ်မြေအတွင်းရှိ နေရာအနှံ့အပြား၌ ဖြစ်ပွါးနေသည်။
မြောက်မြားစွာသောမွန်းစတားအိုကြီးများသည် ရှေးဟောင်းဧကရာဇ်အဆင့်မှော်လက်နက်၏ သတင်းကိုကြားချိန်တွင် တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြ၏။
ထိုမွန်းစတားအိုကြီးများ အသက်ရှင်သန်နေထိုင်လာခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
အကယ်၍ သူတို့သည် ကျင့်ကြံဆင့်ချိုးဖျက်နိုင်ခြင်းမရှိပါက သူတို့၏အဆုံးသတ်ရလဒ်မှာ သေခြင်းတရားပင်။
မည်သို့ပင်ဆိုစေကာမူ သူတို့သည် ရှေးဟောင်းဧကရာဇ်အဆင့်မှော်လက်နက်ကို ရရှိသည်နှင့် ထိုအရာ၏လျှို့ဝှက်ဆန်းကြယ်မှုများကို ရှာဖွေဖော်ထုတ်ကာ ကျင့်ကြံဆင့်ချိုးဖျက်နိုင်သောနည်းလမ်းကို ရှာဖွေနိုင်ပေမည်။
ဤသည်က သူတို့အတွက် သေစေနိုင်သောဆွဲဆောင်မှုကြီးပင်။
တော်ဝင်မြို့တော်...မိုးကောင်းကင်တာအို တည်းခိုခန်း...
လုယွီသည် ဤနေရာ၌ သုံးရက်သုံးညတိုင်တိုင် ကျင့်ကြံနေခဲ့သည်။
လေးရက်မြောက်နေ့ မနက်ဝေလီဝေလင်းအချိန်၌ နေရောင်ခြည်နွေးနွေးက လုယွီ၏မျက်နှာပေါ်သို့ ကျရောက်လာချိန်တွင် သူက မျက်လုံးကိုဖြည်းညှင်းစွာဖွင့်လိုက်၏။
အချိန်သုံးရက်သည် ကျင့်ကြံသူတစ်ယောက်အတွက် အလွန်တိုတောင်းသည်။သို့ရာတွင် ဤသုံးရက်အတွင်း၌ လုယွီသည် တစ္ဆေဧကရာဇ်၏အမွေအနှစ်များမှ တစ်ဝက်ကျော်ကို နားလည်သဘောပေါက်ခဲ့သည်။
တစ္ဆေဧကရာဇ်ကဲ့သို့လူစားမျိုး၏ အမွေအနှစ်အပြည့်အစုံကို နားလည်သဘောပေါက်နိုင်ရန်အတွက် အချိန်အမြောက်အများလိုအပ်သည်။အကယ်၍ သာမာန်ကျင့်ကြံသူတစ်ယောက်သာ ဤအမွေအနှစ်ကိုရရှိသွားပါက သူ၏ဘဝတသက်စာလုံး သင်ယူလျှင်ပင် အဆုံးသတ်မည်မဟုတ်ချေ။
သို့ရာတွင် လုယွီကမူ မတူကွဲပြားပေ၏။အတိတ်ဘဝတွင် သူသည် တစ္ဆေဧကရာဇ်၏အမွေအနှစ် တစိတ်တဒေသကို ကျင့်ကြံခဲ့သည်။အမွေဆက်ခံမှုအရဆိုလျှင် သူ့အား တစ္ဆေဧကရာဇ်၏မျိုးဆက်တစ်ယောက်ဟု ဆိုနိုင်သည်။
ထို့ကြောင့် သူသည် တစ္ဆေဧကရာဇ်၏အမွေအနှစ်ကို လေ့လာဆင်ခြင်ရာ၌ အလွန်လျှင်မြန်စွာဖြင့် တွေးခေါ်ကာ နားလည်သဘောပေါက်နိုင်ခဲ့သည်။လုယွီသည် တစ္ဆေဧကရာဇ်၏အမွေအနှစ်ကို အပြည့်အဝလက်ခံခြင်းမရှိဘဲ သူ၏အတိတ်ဘဝမှ နားလည်သဘောပေါက်မှုများကိုအခြေခံ၍ ပြုပြင်မွမ်းမံခဲ့လေ၏။
"အတိတ်မှာတုန်းက....ငါက တစ္ဆေဧကရာဇ်ရဲ့ကျင့်ကြံနည်းစနစ်တွေကို အဆင့်မြင့်မားတယ်လို့ ယူဆခဲ့တယ်...ဒါပေမယ့် အခုကြည့်ရသလောက်တော့ ဒီကျင့်ကြံနည်းစနစ်တွေက ငါ့နဲ့အပြည့်အဝကိုက်ညီမှုမရှိဘူး....ဘယ်လိုပဲဖြစ်ဖြစ် တစ္ဆေဧကရာဇ်က နတ်ဆိုးတစ်ယောက်...သူ့ရဲ့ကျင့်ကြံနည်းစနစ်တွေက လူသားမျိုးနွယ်တွေနဲ့ ကွဲပြားခြားနားတယ်.... တကယ်လို့ သူ့ရဲ့ကျင့်ကြံနည်းစနစ်အတိုင်းသာ ကျင့်ကြံမယ်ဆိုရင် လူသားကနေ နတ်ဆိုးဘဝကို ပြောင်းလဲသွားနိုင်တယ်"
လုယွီထံတွင် ရှေးဟောင်းမဟာကျမ်းစာသုံးခုအနက်မှတစ်ခုဖြစ်သော လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာရှိနေသဖြင့် မဟာတာအိုအပေါ် သူ၏နားလည်သဘောပေါက်မှုသည် အတော်အတန်နက်ရှိုင်းသည်။ထို့ကြောင့် သူသည် တခြားကျင့်ကြံနည်းစနစ်များကို လေ့လာဆင်ခြင်ရာ၌ အလွန်လျှင်မြန်သည်။
လုယွီသည် မတ်တတ်ထရပ်ပြီးနောက် သူ၏ခန္ဓာကိုယ်အတွင်းရှိ ချီနှင့်သွေးများကို အာရုံခံကာ စိတ်ပျက်လက်ပျက်အမူအယာဖြင့် သူ၏ခေါင်းကို ခါယမ်းလိုက်၏။
ဤအချိန်သုံးရက်အတွင်း၌ သူ၏ဒဏ်ရာများ၏တစိတ်တပိုင်းမျှသာ ပြန်လည်ကောင်းမွန်လာခဲ့သည်။လုယွီသည် သူ၏ခန္ဓာကိုယ်ကိုလှုပ်ရှားကြည့်ပြီးနောက် ယခုချိန်တွင် သူ့ခွန်အား၏သုံးဆယ်ရာခိုင်နှုန်းကိုသာ ထုတ်ဖော်အသုံးပြုနိုင်မည်ဖြစ်ကြောင်း ခန့်မှန်းမိသည်။
သို့ရာတွင် တော်ဝင်မြို့တော်အတွင်း၌ မှော်လက်နက်များ မှော်မန္တန်များဖြင့် တိုက်ခိုက်၍မရချေ။ရှောင်မိသားစုပင်လျှင် သူတို့ကိုယ်သူတို့ ထိန်းချုပ်၍ နေရပေလိမ့်မည်။
Chapter 2179
လှိုဏ်ဂူအိမ်မှထွက်ခွါခဲ့ပြီးနောက် လုယွီသည် မိုးကောင်းကင်တာအိုတည်းခိုခန်း၏ ပင်မခန်းမအတွင်း၌ ထွက်ပေါ်လာခဲ့သည်။
တော်ဝင်မြို့တော်အတွင်းတွင် အဆင့်အမြင့်ဆုံးတည်းခိုခန်းဖြစ်သည့်အလျောက် မိုးကောင်းကင်တာအိုတည်းခိုခန်း၏ပင်မခန်းမသည် အလွန်တိတ်ဆိတ်ငြိမ်သက်ပေ၏။လုယွီသည် ဤနေရာ၌ အချိန်အတော်ကြာနေထိုင်ခဲ့သော်လည်း မိုးကောင်းကင်တာအိုတည်းခိုခန်း၏ ဆိုင်တာဝန်ခံနှင့်အစေခံများမှလွဲ၍ တခြားမည်သူကိုမျှ မမြင်တွေ့မိချေ။
သို့ရာတွင် ယနေ့တွင်မူ ယခင်ရက်များနှင့် ကွဲပြားခြားနားနေသည်။သူ ကူးပြောင်းရေးဝင်္ကပါမှ ပြင်ပသို့ထွက်လိုက်စဥ်တွင် ထိုနေရာ၌ သံချပ်ကာဝတ်စုံဝတ်ဆင်ထားသော စစ်သားတစ်စုရှိနေသည်။
အကြမ်းဖျင်းအနေဖြင့်ရေတွက်ကြည့်ပါက ရာနှင့်ချီသော သံချပ်ကာဝတ်စုံဝတ်စစ်သားများသည် သူတို့၏ဆေဘာဓာများနှင့်အတူ ပြင်ပ၌မတ်တတ်ရပ်နေကြ၏။ထိုစစ်သားများ၏သံချပ်ကာသည် နက်မှောင်နေကာ ထိုအရာပေါ်၌ ရှုပ်ထွေးသောသင်္ကေတအက္ခရာများကို ရေးထွင်းထားသည်။တိုက်ပွဲစတင်သည်နှင့် ထိုသင်္ကေတအက္ခရာများမှ အစွမ်းထက်သောမှော်စွမ်းအားများကိုထုတ်လွှက်ကာ သံချပ်ကာဝတ်စုံဝတ်ဆင်ထားသူအား ကာကွယ်ပေးပေမည်။
လုယွီ ထွက်လာသည်ကိုမြင်ချိန်တွင် ထိုစစ်သားများအကြားမှ လက်ထောက်အရာရှိတစ်ယောက်ထွက်လာသည်။ထိုလက်ထောက်အရာရှိသည် သူ၏အင်္ကျီလက်မောင်းကြားမှ စာတစ်စောင်ကိုထုတ်ယူ၍ လုယွီကို လက်ကမ်းပေးလိုက်၏။
"တော်ဝင်စစ်ရေးဌာနရဲ့အမိန့်အရ ရွှမ်းဝူစစ်ဗိုလ်ချုပ်လုယွီက...တော်ဝင်စစ်ရေးဌာနရဲ့မေးခွန်းတွေကို ဖြေဆိုဖို့အတွက် စုံစမ်းစစ်ဆေးရေးရုံးကို ချက်ချင်းသွားရမယ်...နှောင့်နှေးကြန့်ကြာခွင့်မရှိဘူး"
လုယွီသည် ထိုစာကိုယူ၍ကြည့်လိုက်ရာ စာလုံးတချို့ရေးသားထားခြင်းကို တွေ့မြင်မိသည်။စာ၏ယေဘုယျဆိုလိုရင်းမှာ သူ့အား မေးခွန်းများဖြေဆိုရန်အတွက် တော်ဝင်စစ်ရေးဌာနသို့ အမြန်ဆုံးလာရောက်ရန် တောင်းဆိုထားခြင်းဖြစ်သည်။
သို့ရာတွင် ထိုစာ၏အောက်ခြေ၌ တော်ဝင်စစ်ရေးဌာနအပြင် မြို့တော်အုပ်ချုပ်ရေးမှူးရုံးနှင့်စုံစမ်းစစ်ဆေးရေးဌာနကဲ့သို့သော အမျိုးမျိုးသောအုပ်ချုပ်ရေးဌာနများမှ စည်းတံဆိပ်များကိုလည်း ခတ်နှိပ်ထားသည်။
လုယွီသည် သူ လော့ရွှေကြယ်မြစ်တွင်ပြုလုပ်ခဲ့သော လုပ်ဆောင်ချက်များကို တော်ဝင်နန်းတွင်းမှ သတိပြုမိသွားသဖြင့် အုပ်ချုပ်ရေးဌာနများမှ အာရုံစူးစိုက်နေခြင်းဖြစ်မည်ဟု ခန့်မှန်းမိလေ၏။
ဤတစ်ကြိမ်တွင် ထိုအရေးကိစ္စကြောင့် သူ့အားဆင့်ခေါ်ခြင်းဖြစ်ပေမည်။
'လာကြစမ်းပါ...ငါ့ကို လူတွေပိုပြီးတော့ အာရုံစိုက်လေလေ ပိုကောင်းလေလေပဲ...အဲ့ဒီနည်းလမ်းနဲ့ ငါ့ရဲ့နောက်ကွယ်ကနေ တိုက်ခိုက်ချင်တဲ့လူတွေက အကျိုးဆက်တွေကြောင့် ဆင်ခြင်ပြီးနေကြလိမ့်မယ်'
လုယွီက သူ၏စိတ်နှလုံးသားအတွင်းမှ သရော်တော်တော်ရေရွတ်၍ မကြာမီမှာပင် ပြတ်ပြတ်သားသားဆုံးဖြတ်ချက်ချလိုက်သည်။
အကယ်၍ သူသည် ယခင်ကဲ့သို့အညတရစစ်သားတစ်ယောက်ဖြစ်နေပါက ရှကွေ့ကျုံးသည် လူသတ်သမားများစေလွှက်၍ သူ့အားလုပ်ကြံသတ်ဖြတ်ပေမည်။ထိုသို့ဖြစ်လာပါက သူ၏သေဆုံးခြင်းသည် မည်သည့်လှိုင်းဂယက်ကိုမျှ ဖြစ်စေမည်မဟုတ်ချေ။
သို့ရာတွင် ယခုလက်ရှိချိန်၌ ရှကွေ့ကျုံးသည် လုယွီအား ရှင်းထုတ်လိုလျှင်ပင် လူအမြောက်အများ၏အကြည့်များကို ရှောင်ရှားရပေမည်။ဤသို့ဖြင့် ရှကွေ့ကျုံး လုပ်ဆောင်မည့်ကိစ္စများ ပို၍ခက်ခဲသွားနိုင်သည်။
လုယွီသည် အောက်ဘုံမှတက်လှမ်းလာသူဖြစ်၍ သူ၏လျှို့ဝှက်ချက်ကို လူအမြောက်အများမသိရှိကြချေ။ဝမ်ရှန့်သူတော်စင်ယီယန်အပြင် သူ၏နောက်ကြောင်းကိုသိသော ရှကွေ့ကျုံးကလည်း ထိုလျှို့ဝှက်ချက်များကို လူသူအများရှေ့သို့ ဖော်ထုတ်လိုဟန်မရှိပေ။
ရှကွေ့ကျုံးသည် လုယွီအား တိတ်တဆိတ်ရှင်းထုတ်လိုသူဖြစ်သဖြင့် သူကိုယ်တိုင်ပင် ထိုလျှို့ဝှက်ချက်များကို ထိန်းသိမ်းထားသည်။
"ဗိုလ်ချုပ်လု...ကျေးဇူးပြု၍"
လက်ထောက်အရာရှိ၏မျက်နှာပေါ်တွင် အလေးအနက်ထားသောအရိပ်အယောင်များ ထင်ဟပ်နေလေ၏။
မည်သည်ကြောင့်ဟု မသိရသော်လည်း ထိုလက်ထောက်အရာရှိသည် အလွန်စိတ်လှုပ်ရှားနေပုံရသည်ကို လုယွီက ရှာဖွေဖော်ထုတ်မိသည်။
မိုးကောင်းကင်တာအိုတည်းခိုခန်းမှထွက်ခွါခဲ့ချိန်တွင် ပြင်ပ၌ ရွှေရောင်သံချပ်ကာဝတ်စစ်သားသုံးရာသည် သူတို့အားစောင့်ဆိုင်းနေလေ၏။
လုယွီသည် မေးခွန်းများမေးမြန်းခြင်းမပြုဘဲ ရထားလုံးပေါ်သို့တက်လိုက်သည်။ထို့နောက် သူသည် စစ်သားများဝိုင်းရံခံထားရမှုနှင့်အတူ တော်ဝင်စစ်ရေးဌာန၏အုပ်ချုပ်ရေးမှူးရုံးသို့ ဦးတည်၍သွားလိုက်သည်။
လမ်းတလျှောက်လုံးတွင် မြင်းခွါသံများထွက်ပေါ်နေခြင်းမှလွဲ၍ မည်သည့်စကားပြောဆိုသံကိုမျှ မကြားရချေ။
တော်ဝင်မြို့တော်သည် အလွန်ကျယ်ဝန်းသော်လည်း စစ်သားများအသုံးပြုသောမြင်းများမှာ အဆင့်မြင့်နတ်ဆိုးမှော်သားရဲများဖြစ်သည်။ထိုမြင်းများ၏အရှိန်သည် အလွန်လျှင်မြန်သဖြင့် မကြာမီမှာပင် တော်ဝင်စစ်ရေးဌာန၏အုပ်ချုပ်ရေးရုံးသို့ ရောက်ရှိပေမည်။
လုယွီသည် သူ၏မျက်လုံးများကိုစုံမှိတ်၍ တစ္ဆေဧကရာဇ်၏အမွေအနှစ်မှ သူရရှိထားသော အကျိုးကျေးဇူးများကို လေ့လာဆင်ခြင်နေသည်။
တစ္ဆေဧကရာဇ်၏အမွေအနှစ်သည် အလွန်ကျယ်ပြန့်ပြီး သာမာန်ကျင့်ကြံသူများအတွက် သူတို့၏ဘဝတသက်စာလုံးသင်ယူနေရန် လုံလောက်သည်။သို့ရာတွင် လုယွီသည် ထိုအမွေအနှစ်ကို အပြည့်အဝလက်ခံခြင်းမရှိချေ။တစ္ဆေဧကရာဇ်၏မူရင်းဇစ်မြစ်သည် နတ်ဆိုးတစ်ကောင်ပင်။ထို့ကြောင့် သူကိုယ်တိုင် ကျင့်ကြံရန်အတွက်သာ သင့်လျော်သော ကျင့်ကြံနည်းစနစ်များကို အများဆုံးဖန်တီးခဲ့သည်။
လုယွီသည် ထိုအမွေအနှစ်များမှအတွေးအမြင်တချို့ကို သူ၏ကိုယ်ပိုင်ကျင့်ကြံမှုများနှင့်လှုပ်ရှားမှုများအတွင်းသို့ ရောယှက်ခဲ့သည်။ဤသည်က သူ၏အစစ်အမှန်ခွန်အားကို တိုးတက်စေခြင်းမရှိသော်လည်း သူ၏အနာဂတ်ကျင့်ကြံခြင်းနည်းစနစ်များကို အဆများစွာပို၍အားကောင်းစေပေမည်။
ထိုထက်ပို၍ အရေးကြီးသောအရာမှာ မဟာတာအိုအပေါ် သူ၏နားလည်သဘောပေါက်မှုပင်။
ရှေးဟောင်းခေတ်အတွင်းရှိ မဟာမိုးကောင်းကင်ရွှေအင်မော်တယ်များနှင့် ပခုံးချင်းယှဥ်နိုင်ခဲ့သည့် တစ္ဆေဧကရာဇ်၏ မဟာတာအိုအပေါ်နားလည်သဘောပေါက်မှုသည် လုယွီထက် များစွာပို၍သာလွန်ပေ၏။လုယွီသည် တစ္ဆေဧကရာဇ်၏ကိုယ်ပွါးကို ကံကောင်းမှုကြောင့် အနိုင်ရခဲ့ခြင်းဖြစ်ရာ သူသည် မောက်မာဝံ့ကြွားခြင်းမရှိချေ။သူသည် တစ္ဆေဧကရာဇ်၏မှတ်ဥာဏ်များကို ဂရုတစိုက်အကျဥ်းချုပ်၍ လေ့လာဆင်ခြင်ခဲ့သည်။
သို့ရာတွင် သူ၏ကျင့်ကြံဆင့်နယ်ပယ်သည် မြင့်မားခြင်းမရှိသေးချေ။သူ၏မဟာတာအိုအပေါ် နားလည်သဘောပေါက်မှုသည် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေသော်လည်း သူ အသုံးချနိုင်ခြင်းမရှိသေးချေ။
Chapter 2180
လုယွီသည် အမွေအနှစ်များကိုလေ့လာဆင်ခြင်နေစဥ်မှာပင် ပြင်ပမှနေ၍ အော်ဟစ်သံများ ထွက်ပေါ်လာသည်။
ပတ်ဝန်းကျင်၌ တိုက်ခိုက်နေသံများနှင့်အတူ'အဲ့ဒီကောင်လေးကိုသတ်ပြီး ဆုလာဘ်တွေထုတ်ယူကြမယ်'ဟူသော အသံများက ပျံလွင့်နေသည်။
လုယွီသည် ရထားလုံး၏လိုက်ကာကိုဖွင့်ကြည့်လိုက်ရာ လုပ်ကြံသတ်ဖြတ်သူများ ရောက်ရှိနေပြီး စစ်သားများနှင့်တိုက်ခိုက်နေသည်ကို တွေ့မြင်မိပေ၏။
ပတ်ဝန်းကျင်တွင် စောင့်ကြည့်နေကြသောလူအမြောက်အများရှိနေသော်လည်း အဝေး၌သာနေနေကြကာ တိုက်ပွဲနေရာသို့ ချဥ်းကပ်ဝံ့ခြင်းမရှိချေ။
"ခုကြည့်ကြည့်တော့မှ လုယွီလို့ခေါ်တဲ့ ရွှမ်းဝူစစ်ဗိုလ်ချုပ်ဖြစ်နေတာပဲ...သူက တော်ဝင်စစ်ရေးဌာနရဲ့စစ်မေးမှုကို ခံယူဖို့အတွက် အုပ်ချုပ်ရေးရုံးကို သွားတာပဲဖြစ်မယ်"
"သူ့ကို စစ်သားတွေအများကြီး ကာကွယ်စောင့်ရှောက်ပေးနေတာ အံ့အားသင့်စရာမရှိတော့ဘူး...သူ့ဆီမှာ ရှေးဟောင်းဧကရာဇ်အဆင့်မှော်ရတနာရှိနေတယ်လေ...အခုချိန်မှာ သူက လူတိုင်းရဲ့ပစ်မှတ်ဖြစ်နေပြီ...သူ့ရဲ့အသက်ကိုလိုချင်နေတဲ့သူ ဘယ်လောက်များများရှိနေလဲဆိုတာ မသိနိုင်ဘူး....ဒါကြောင့် တော်ဝင်နန်းတွင်းက စစ်သားတွေအများကြီးစေလွှက်ပြီး သူ့ကို ကာကွယ်ပေးထားတယ်...တကယ်လို့ သူ တော်ဝင်မြို့တော်ထဲမှာသာ အသတ်ခံရမယ်ဆိုရင် တော်ဝင်နန်းတွင်းအတွက် အရှက်ရစရာကိစ္စဖြစ်လာမှာပဲ"
ယခုလက်ရှိချိန်တွင် လုယွီသည် သူတော်စင်အဆင့်ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသဖြင့် စူးရှသောအကြားအာရုံနှင့်အမြင်အာရုံရှိသည်။သူသည် အဝေး၌ရှိနေသော်လည်း ဖြတ်သွားဖြတ်လာများ၏ တိုင်ပင်ဆွေးနွေးနေမှုများကို ကြားနေရ၏။
"ကြည့်ရတာတော့ ရှောင်မိသားစုက သတင်းတွေဖြန့်ပြီး ငါ့ကိုဓားစာခံအဖြစ် အသုံးပြုလိုက်ပုံပဲ"
လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းတန်းများ ဖြတ်ပြေးသွားသည်။
သူသည် လုပ်ကြံသတ်ဖြတ်သူများကို တစ်ချက်ကြည့်လိုက်၏။သူတို့အနက်မှအများစုသည် စိတ်ဝိညာဥ်နယ်ပယ်တွင်သာရှိ၍ သူတို့ထံ၌ တိုက်ခိုက်မှုစွမ်းအား အမြောက်အများမရှိချေ။
သို့ရာတွင် ထိုလုပ်ကြံသတ်ဖြတ်သူများသည် မြောက်မြားစွာသော လက်နက်ပုန်းများကို အသုံးပြုနေကြသဖြင့် စစ်သားများအတွက် အခက်အခဲတချို့ရှိနေသည်။
လမ်း၏အရှေ့ဘက်အကျဆုံးအပိုင်းတွင် မထင်မရှားစားသောက်ဆိုင်တစ်ဆိုင်ရှိနေသည်။ထိုစားသောက်ဆိုင်၏ထိပ်ဆုံးထပ်ရှိ ပြတင်းပေါက်မှတံခါးတစ်ခြမ်းကို ပိတ်ထားလေ၏။အဖြူရောင်ဝတ်စုံဝတ်လူငယ်တစ်ယောက်သည် နံရံကိုမှီ၍ထိုင်နေကာ သူ၏လက်အတွင်းမှခေါက်ယပ်တောင်ကို ဝှေ့ယမ်းနေကာ တိုက်ပွဲကို စိတ်ဝင်စားသောအမူအယာဖြင့်ကြည့်နေသည်။
"သခင်လေး....ကျွန်တော်တို့ကို အမိန့်မရဘဲမလှုပ်ရှားဖို့ မိသားစုခေါင်းဆောင်က ပြောထားတယ်....ဒီနေရာမှာ ရှေးဟောင်းဧကရာဇ်အဆင့်မှော်ရတနာကို လုယူချင်တဲ့လူတွေအများကြီးရှိနေတယ်..တကယ်လို့ ကျွန်တော်တို့က မဆင်မခြင်လှုပ်ရှားလိုက်မယ်ဆိုရင် လူတိုင်းရဲ့ပစ်မှတ်ဖြစ်သွားလိမ့်မယ်"
အဖြူရောင်ဝတ်စုံဝတ်လူငယ်၏နံဘေး၌ အိမ်တော်ထိန်းဖြစ်ပုံရသော လူကြီးတစ်ယောက်ရှိနေကာ သူ့အား အကြံပေးစကားပြောဆိုနေသည်။
ထိုအကြံပေးစကားကိုကြားချိန်တွင် အဖြူရောင်ဝတ်စုံဝတ်လူငယ်၏မျက်နှာပေါ်၌ အထင်အမြင်သေးသောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"ခင်ဗျားက ဘာကိုကြောက်နေတာလဲ...ကျုပ် သူ့ကို လေ့လာကြည့်ပြီးပြီ...သူက ကောင်ငယ်လေးတစ်ယောက်လေ...ဘာကြောက်နေစရာ အကြောင်းရှိလို့လဲ"
အဖြူရောင်ဝတ်စုံဝတ်လူငယ်၏ အလွန်စိတ်ကြီးဝင်မောက်မာနေသော စကားကိုကြားသည်နှင့် အိမ်တော်ထိန်း၏နှုတ်ခမ်းထောင့်၌ ခါးသည်းသောအရိပ်အယောင်များ ထင်ဟပ်လာသည်။
သူ၏သခင်လေးသည် ထူးချွန်သောပါရမီရှင်တစ်ယောက်ဖြစ်ကာ မောက်မာဝံ့ကြွားသောစိတ်နေသဘောထားရှိသည်။သက်တူရွယ်တူများအကြားတွင် မည်သူကိုမျှ သူ့ထက်သာလွန်ခွင့်မပြုချေ။
လွန်ခဲ့သောရက်အနည်းငယ်အတွင်း၌ လုယွီသည် ရှောင်အိမ်တော်သို့ ကျူးကျော်ဝင်ရောက်ခဲ့ရုံသာမက ရှောင်မိသားစုထံမှ ရှေးဟောင်းဧကရာဇ်အဆင့်မှော်ရတနာကို ယူဆောင်သွားခဲ့သည်ဟူသောသတင်းကို သူ ကြားသိခဲ့ပေ၏။လုယွီ၏နာမည်သည် တောမီးတစ်ခုအလား ကောင်းကင်ဘုံနယ်မြေအနှံ့ ပျံ့နှံ့သွားခဲ့ရာ အဖြူရောင်ဝတ်စုံဝတ်လူငယ်အတွက် မနာလိုစရာတစ်ခုဖြစ်သွားခဲ့သည်။
တော်ဝင်နန်းတွင်းအတွင်း၌ သူတို့မိသားစု၏သတင်းပေး အမြောက်အများရှိနေသည်။တော်ဝင်စစ်ရေးဌာနသည် လုယွီအားစစ်မေးရန်အတွက် အုပ်ချုပ်ရေးရုံးသို့ ဆင့်ခေါ်သည်ဟူသောသတင်းသည် သူ၏နားအတွင်းသို့ ရောက်ရှိလာပေ၏။
လုယွီ ထွက်ပေါ်လာမည်ကို ကြားသိရချိန်တွင် ထိုအဖြူရောင်ဝတ်စုံဝတ်လူငယ်သည် တိုက်ခိုက်ရန်အတွက် မစောင့်ဆိုင်းနိုင်တော့ချေ။
"ဘာမှစိုးရိမ်မနေနဲ့...အဲ့ဒီလူတွေက အသေခံကြေးစားတစ်စုပဲ...တကယ်လို့ သူတို့တွေကို အုပ်ချုပ်ရေးရုံးက ဖမ်းမိသွားတယ်ဆိုရင်တောင် ကျုပ်လုပ်တယ်ဆိုတာကို ဘယ်သူမှသိမှာမဟုတ်ဘူး...အဲ့ဒီကောင်လေး ဘယ်လောက်ထိသန်မာအားကောင်းတယ်ဆိုတာကို ကျုပ် မြင်ချင်တယ်...ဒါပေမယ့် သူ့ကိုကာကွယ်ပေးတဲ့သူတွေရှိနေမယ်လို့ ကျုပ် မျှော်လင့်မထားမိဘူး...ဒါက တကယ့်ကို ပျင်းစရာကောင်းတယ်"
အဖြူရောင်ဝတ်စုံဝတ်လူငယ်က ပျင်းတိပျင်းရွဲအသံဖြင့် ပြောဆိုသည်။
နံဘေးဘက်ရှိ အိမ်တော်ထိန်းက သူ၏နဖူးပြင်ပေါ်မှ ချွေးစေးများကိုသုတ်လိုက်၏။တော်ဝင်မြို့တော်အတွင်း၌ မိသားစုကြီးများမှသခင်လေးအမြောက်အများရှိသော်လည်း သူတို့မိသားစု၏ မောက်မာသောသခင်လေးတစ်ယောက်တည်းသာ ဤကဲ့သို့အခြေအနေမျိုး၌ လှုပ်ရှားဝံ့ပေမည်။
"သခင်လေး...တော်ဝင်မြို့တော်ထဲမှာ တိုက်ခိုက်တာက ကြီးလေးတဲ့ရာဇဝတ်မှုကြီးနော်...လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်တုန်းက နတ်ဆိုးကျင့်ကြံသူတွေ တော်ဝင်မြို့တော်ထဲကို ကျူးကျော်ဝင်ရောက်လာကြတယ်...ဒါကြောင့် တော်ဝင်နန်းတွင်းရဲ့အရေးကြီးပုဂ္ဂိုလ်တချို့က စိတ်မကျေမနပ်ဖြစ်နေကြတာ...ကျွန်တော်တို့က ဓားခုတ်ရာလက်ဝင်လျှိုသလိုဖြစ်နေမယ်"
အိမ်တော်ထိန်းက အကောင်းဆုံးကြိုးစား၍ ဖြောင့်ဖျလိုက်သည်။
သို့ရာတွင် အဖြူရောင်ဝတ်စုံဝတ်လူငယ်သည် သူ၏စကားကို နားထောင်ခြင်းမရှိချေ။
"ဒီအမှိုက်ကောင်တွေက တကယ့်ကိုအသုံးမကျတာပဲ...သူတို့က လုယွီရဲ့ရထားလုံးနားကိုတောင် မသွားနိုင်ဘူး"
အဖြူရောင်ဝတ်စုံဝတ်လူငယ်သည် ရုတ်တရက် ပြတင်းပေါက်လက်ရမ်းကိုပုတ်၍ ကျိန်ဆဲလိုက်၏။
အိမ်တော်ထိန်းက သူ၏ခေါင်းကိုခါယမ်းလိုက်ကာ သူ၏မျက်နှာပေါ်၌ ခါးသည်းသောအပြုံးတစ်ခု ထင်ဟပ်လာသည်။
လုယွီကို ကာကွယ်စောင့်ကြပ်ပေးနေသောစစ်သားများသည် ရွှေရောင်သံချပ်ကာဝတ်လက်ရွေးစင်စစ်သားများ ဖြစ်ပေ၏။မည်သည့်နည်းဖြင့် အသေခံကြေးစားတစ်စုသည် ထိုစစ်သားများကို ယှဥ်ပြိုင်တိုက်ခိုက်နိုင်မည်နည်း။