အခန်း (၂၁၈၁-၂၁၈၅)
Vol. 112 Ch. 2181-2185
Chapter 2181
မျှော်လင့်ထားသကဲ့သို့ပင် အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်စာ ပြင်းထန်သောတိုက်ပွဲတစ်ပွဲကို ဆင်နွှဲပြီးနောက် အသေခံကြေးစားများ တစ်ယောက်ပြီးတစ်ယောက် သွေးအိုင်အတွင်းသို့ လဲကျသွားတော့သည်။
ဆန့်ကျင်ဘက်အနေဖြင့် လုယွီအား ကာကွယ်စောင့်ကြပ်နေသောစစ်သားများသည် ချောင်းမြောင်းတိုက်ခိုက်ခံရမှုကြောင့် ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားသူတချို့မှလွဲ၍ ကျန်စစ်သားများအားလုံး အခြေအနေကောင်းမွန်သည်။
ထိုစစ်သားများသည် လုယွီကို ကာကွယ်ရန်အတွက် ဤနေရာသို့ အထူးသီးသန့်စေလွှက်ခံထားရခြင်းဖြစ်သည်။
လုယွီ ရှေးဟောင်းဧကရာဇ်အဆင့်မှော်လက်နက်ကို ရရှိထားသောသတင်းသည် ကောင်းကင်ဘုံနယ်မြေအနှံ့ ပျံ့နှံ့နေပေ၏။တော်ဝင်နန်းတွင်းရှိ အုပ်ချုပ်ရေးမှူးရုံးအားလုံးသည် ထိုသတင်းကိုသိရှိထားသည်မှာ ဖြစ်ရိုးဖြစ်စဥ်ကိစ္စပင်။
ထိုလူများ မည်ကဲ့သို့ တွေးတောနေပါစေ တော်ဝင်နန်းတွင်းမှအရေးကြီးပုဂ္ဂိုလ်များသည် လုယွီအား မြို့တော်အတွင်း၌ သေဆုံးခွင့်မပြုနိုင်ချေ။
အထူးသဖြင့် လူသူအများရှေ့တွင် ဖြစ်သည်။အကယ်၍ တော်ဝင်နန်းတွင်းမှအရာရှိတစ်ယောက်သာ ဤနေရာ၌သေဆုံးသွားပါက နန်းတွင်းအတွက်အရှက်ရစရာကိစ္စဖြစ်ပေမည်။
"ဒီအသုံးမကျတဲ့လူတွေကတော့...ကျုပ် သူတို့ကို ငှါးယမ်းဖို့ စိတ်ဝိညာဥ်ကျောက်တုံးတွေအများကြီး အကုန်အကျခံထားတာ"
အဖြူရောင်ဝတ်စုံဝတ်လူငယ်က အေးစက်စက်လေသံဖြင့် ကျိန်ဆဲလိုက်၏။ရုတ်ချည်းဆိုသလိုပင် သူ၏လက်အတွင်းမှဓားရှည်ဖြင့် လုယွီထံဦးတည်ကာ ထိုးစိုက်လိုက်သည်။
"ငါ ကြည့်ကြည့်အုံးမယ်...မင်းလိုအမှိုက်ကောင်က ဘယ်လိုအရည်အချင်းတွေရှိနေလို့ ဧကရာဇ်အဆင့်မှော်လက်နက်ကို ရသွားတာလဲဆိုတာ"
အဖြူရောင်ဝတ်စုံဝတ်လူငယ်က အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုသည်။
"မလုပ်နဲ့"
အဖြူရောင်ဝတ်စုံဝတ်လူငယ် လှုပ်ရှားလိုက်သည်ကိုမြင်ချိန်တွင် အိမ်တော်ထိန်း၏မျက်နှာ သေလူကဲ့သို့ဖြူရော်သွားပေ၏။
သူသည် ဟန့်တားလိုသော်လည်း သူ၏သခင်လေးသည် လှုပ်ရှားပြီးသွားပြီဖြစ်သဖြင့် နောက်ပြန်လှည့်၍မရတော့ချေ။
"ခင်ဗျား ဘာတွေကြောက်နေတာလဲ...ကျုပ်က သူ့ရဲ့အရည်အချင်းကို ကြည့်ချင်ရုံသက်သက်ပဲ...သူ့ရဲ့ဧကရာဇ်အဆင့်မှော်လက်နက်ကို လုယူမှာမဟုတ်ဘူး...ပြီးတော့ ကျုပ်အဖေရဲ့ကာကွယ်ပေးမှုအောက်မှာ သူ ကျုပ်ကို ဘာပြဿနာမျိူးရှာဝံ့မှာလဲ"
အဖြူရောင်ဝတ်စုံဝတ်လူငယ်က အထင်အမြင်သေးသောလေသံဖြင့် ပြောဆိုသည်။
လူတိုင်း၏မြင်ကွင်းရှေ့တွင် လေဟာနယ်အတွင်း၌ ဓားအလင်းတန်းတစ်တန်း ဖြတ်သန်းသွားကာ လုယွီထံဦးတည်၍ ထိုးဖောက်ဝင်ရောက်သွားသည်။
"မကောင်းတော့ဘူး"
"လုပ်ကြံသူတွေထပ်ရောက်လာပြီ....မြန်မြန်...ဗိုလ်ချုပ်လုကိုကာကွယ်ကြစမ်း"
ရွှေရောင်သံချပ်ကာဝတ်စစ်သားများသည် တပြိုင်နက်တည်း အော်ဟစ်လိုက်ကြ၏။သို့ရာတွင် သူတို့သည် ခြေတစ်လှမ်းနောက်ကျသွားသဖြင့် ဓားအလင်းတန်းကို ပိတ်ပင်ဟန့်တားနိုင်ခြင်းမရှိချေ။
ထိုစစ်သားများအားဦးဆောင်လာသော လက်ထောက်အရာရှိ၏မျက်နှာပေါ်တွင် အံ့အားသင့်တုန်လှုပ်သွားသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ထို့နောက် သူ၏စိတ်နှလုံးသားတစ်ခုလုံးကို စိတ်ပျက်ညှိုးငယ်ခြင်းများက ကြီးစိုးသွားပေ၏။
သူတို့ လက်ခံရရှိထားသောအမိန့်မှာ လုယွီကို တော်ဝင်စစ်ရေးဌာန၏အုပ်ချုပ်ရေးရုံးသို့ ဘေးကင်းလုံခြုံစွာ ပို့ဆောင်ရန်ပင်။
အကယ်၍ လုယွီသာ တစ်စုံတစ်ခုဖြစ်ပျက်သွားပါက သူ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရပေမည်။
ဓားချီအလင်းတန်းက သူ့ထံချဥ်းကပ်လာသည်ကိုကြည့်ပြီး လုယွီ၏မျက်ခုံးများ မြင့်တက်သွားသည်။
"မြေကမ္ဘာအင်မော်တယ်နယ်ပယ်လား...မြေကမ္ဘာအင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်က ရှေ့ကိုထွက်လာပြီး ငါ့ကိုတိုက်ခိုက်ဝံ့တယ်...မင်းက သေချင်နေတာလား"
လုယွီက ကျယ်လောင်စွာ အော်ဟစ်ကြုံးဝါးလိုက်၏။သူ၏နောက်ဆုံးစကားလုံးများသည် သူ၏ရင်ခေါင်းမှထွက်လာကာ မိုးခြိမ်းသံအလား အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
မြောက်မြားစွာသောနတ်ဆိုးမြင်းများသည် ကျယ်လောင်စွာအော်ဟစ်ညည်းတွားကာ မြေပြင်ပေါ်၌ ဒူးထောက်လိုက်ကြ၏။
လုယွီ၏အသံသည် မမြင်နိုင်သောအားလှိုင်းတစ်ရပ်အဖြစ်သို့ ပြောင်းလဲသွားပြီး စားသောက်ဆိုင်ထံသို့ ရိုက်ခတ်သွားသည်။
ဝုန်း...
ရုတ်ချည်းဆိုသလိုပင် အဆောက်အအုံတစ်ခုလုံးတွင် မရေမတွက်နိုင်သော အက်ကွဲကြောင်းများထွက်ပေါ်လာကာ ချက်ချင်းပြိုလဲပျက်စီးသွားတော့သည်။
သို့ရာတွင် ထိုအသံလှိုင်းသည် ပျက်ပြယ်သွားခြင်းမရှိသေးချေ။ထိုအသံလှိုင်းသည် အစောပိုင်းက ဓားချီကိုဖြန့်ကျက်ထားသော အဖြူရောင်ဝတ်စုံဝတ်လူငယ်ကို ပစ်မှတ်ထား၍ တိုက်ခိုက်လေ၏။
အဖြူရောင်ဝတ်စုံဝတ်လူငယ်သည် သရဲတစ္ဆေတစ်ကောင်ကို မြင်ရသည့်အလား ထိတ်လန့်တုန်လှုပ်သွားသည်။ဤအချိန်အခိုက်အတန့်တွင် သူရှိနေသော စားသောက်ဆိုင်တစ်ခုလုံး ပြိုလဲပျက်စီးသွားသဖြင့် သူ၏ပုံရိပ်သည် ချက်ချင်းဆိုသလိုပင် လူသူအများရှေ့၌ ထွက်ပေါ်လာသည်။
သူက ထိတ်လန့်တကြားဖြင့် လုယွီကိုကြည့်လိုက်၏။ဤတစ်ကြိမ်သည် သူ၏ဘဝတလျှောက်၌ အန္တရာယ်အငွေ့အသက်ကိုခံစားရသော ပထမဆုံးအကြိမ်ဖြစ်သည်။
ဤသည်က သက်ရှိများ အန္တရာယ်နှင့်ရင်ဆိုင်ရချိန်တွင် ပင်ကိုဗီဇအရထွက်ပေါ်လာသော တုံ့ပြန်မှုမျိုးပင်။ထိုအန္တရာယ်အငွေ့အသက်သည် သူ၏ဆံပင်များကို ထောင်မတ်သွားစေကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ကြက်သီးမွေးညှင်းများ ထလာပေ၏။
ဟူး...
ထိုအချိန်မှာပင် အဖြူရောင်ဝတ်စုံဝတ်လူငယ်၏လည်ပင်း၌ဆွဲထားသောဆွဲသီး ရုတ်တရက် သက်ဝင်လှုပ်ရှားလာသည်။
ခရမ်းရောင်အလင်းလွှာတစ်လွှာသည် ချက်ချင်းဆိုသလိုပင် အဖြူရောင်ဝတ်စုံဝတ်လူငယ်ကို လွှမ်းခြုံသွားကာ သူ့အား ကာကွယ်ပေးလိုက်သည်။
လုယွီ၏တုန်လှုပ်ချောက်ချားဖွယ် အသံလှိုင်းစွမ်းအားသည် အဖြူရောင်ဝတ်စုံဝတ်လူငယ်ကို နောက်သို့ မီတာပေါင်းများစွာအကွာအဝေးထိ လွင့်ထွက်သွားစေသော်လည်း သူ့အားထိခိုက်ဒဏ်ရာရစေခြင်းမရှိချေ။
"ဟား ဟား ဟား....ခုကြည့်ကြည့်တော့မှ မင်းက လူရိုင်းတစ်ယောက်ဖြစ်နေတာကိုး...မင်းမှာ ခွန်အားတချို့ရှိနေရင်တောင် မင်းက အောက်ဘုံကနေတက်လှမ်းလာတဲ့ သေမျိုးပုရွက်ဆိတ်တစ်ကောင်ပဲ....ငါ့ဆီမှာရှိတဲ့မှော်ရတနာတွေနဲ့ မင်းသေသွားအောင် ဖို့သတ်လို့ရတယ်"
အဖြူရောင်ဝတ်စုံဝတ်လူငယ်က အူလှိုက်သည်းလှိုက် ရယ်မောလိုက်၏။
လုယွီက ထိုလူငယ်ကို အေးစက်စက်အကြည့်ဖြင့်ကြည့်၍ သူ၏နံဘေး၌ရှိနေသောစစ်သားထံသို့ သူ၏လက်ကိုဆန့်ထုတ်လိုက်သည်။
"ငါ့ကို ဓားတစ်လက်ပေးစမ်း"
ရုတ်ချည်းဆိုသလိုပင် ထိုစစ်သားက ဓားတစ်လက်ကို ရိုသေလေးစားစွာဖြင့် လုယွီထံပေးလေသည်။
လုယွီသည် ထိုဓားကိုကိုင်မြှောက်၍ အဖြူရောင်ဝတ်စုံဝတ်လူငယ်ရှိနေသောနေရာထံသို့ဦးတည်ကာ ပစ်လွှက်လိုက်၏။
Chapter 2182
ဝေါင်း...
ထိုဓားရှည်သည် လေထုကိုဖြတ်သန်းသွားကာ ကျားတစ်ကောင်၏ဟိန်းဟောက်သံနှင့် တူညီသောအသံမျိုး မြည်ဟီးနေသည်။
တခြားသူများ ရှင်းရှင်းလင်းလင်း မမြင်တွေ့လိုက်သေးမီ အချိန်မှာပင် ဓားရှည်သည် အနက်ရောင်အရိပ်တစ်ရိပ်အဖြစ်သို့ ပြောင်းလဲသွားကာ အဖြူရောင်ဝတ်စုံဝတ်လူငယ်ထံသို့ တန်းတန်းမတ်မတ်တိုးဝင်သွားသည်။
အဖြူရောင်ဝတ်စုံဝတ်လူငယ်၏မျက်နှာပေါ်တွင် မောက်မာဝံ့ကြွားသောအပြုံးမျိုး ရှိနေဆဲပင်။သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် သူ၏မျက်နှာပေါ်ရှိအပြုံး အေးခဲသွားလေ၏။သူ၏ခန္ဓာကိုယ်ကို ဓားရှည်ကစိုက်ဝင်သွားကာ ပြင်းထန်သောအားလှိုင်းတစ်ရပ်က သူ့ကိုသယ်ဆောင်သွားသည်။သူသည် လေထုအတွင်းသို့ မြောက်တက်သွားကာ အဆောက်အအုံသုံးလုံးနှင့် ဆက်တိုက်ရိုက်ခတ်မိသည်။နောက်ဆုံး၌ သူသည် စောင့်ကြည့်မျှော်စင်တစ်ခု၏နံရံ၌ စိုက်ဝင်နေပေ၏။
အဖြူရောင်ဝတ်စုံဝတ်လူငယ်၏အကာအကွယ် ခရမ်းရောင်အလွှာသည် ဓားရှည်ကို ပိတ်ပင်ဟန့်တားနိုင်ခြင်းမရှိဘဲ စက္ကူတစ်ချပ်ကဲ့သို့ ကြေမွပျက်စီးသွားသည်။
သူ၏မျက်နှာပေါ်မှအပြုံးသည် ယခင်အတိုင်းရှိနေဆဲဖြစ်သော်လည်း သူ၏မျက်လုံးအတွင်း၌ မယုံကြည်နိုင်မှုနှင့် ထိတ်လန့်ကြောက်ရွံမှုအရိပ်အယောင်များရှိနေသည်။
အကယ်၍ လုယွီထံတွင် ဤကဲ့သို့ပြင်းထန်သောစွမ်းအားမျိုးရှိသည်ကို သူ ကြိုသိခဲ့ပါက ဤနေရာ၌စောင့်ကြို၍ တိုက်ခိုက်မိမည်မဟုတ်ချေ။
သူ၏စိတ်နှလုံးသားအတွင်း၌ နောင်တတရားများ ထွက်ပေါ်လာသည်။
သို့ရာတွင် သူ၏နောင်တများသည် အလွန်နောက်ကျသွားလေပြီ။
အသက်စွမ်းအားများ လျှင်မြန်စွာ လွင့်ပြယ်နေခြင်းနှင့်အတူ အဖြူရောင်ဝတ်စုံဝတ်လူငယ်သည် ခေါင်းငိုက်စိုက်ကျကာ သေဆုံးသွားတော့သည်။
နံဘေးပတ်ဝန်းကျင်ရှိ စောင့်ကြည့်နေသူများသည် သူတို့၏တိုင်ပင်ဆွေးနွေးမှုများကို ရပ်တန့်ကာ ကြက်သေသေနေသောအမူအယာများဖြင့် သူတို့ရှေ့ရှိမြင်ကွင်းကို ကြည့်လိုက်ကြ၏။
အဖြူရောင်ဝတ်စုံဝတ်လူငယ်၏ရုပ်အလောင်းသည် သူတို့အားလုံးအား နမူနာအဖြစ်ပြသနေသကဲ့သို့ပင်။စောင့်ကြည့်မျှော်စင်၏နံရံ၌ လူငယ်၏ရုပ်အလောင်းသည် သံနှင့်ရိုက်ခံထားသကဲ့သို့ ဓားရှည်တစ်လက်ကစိုက်ဝင်နေသည်ကို အောက်တွင်ရှိနေသောလူများအားလုံး တွေ့မြင်မိကြ၏။
လုယွီအားတိုက်ခိုက်ရန် အခွင့်အရေးရှာ၍ ချောင်းမြောင်းနေသူများသည် ထိုမြင်ကွင်းကိုမြင်ချိန်တွင် သူတို့၏မျက်နှာများ ရှုံမဲ့သွားသည်။
အကယ်၍သာ သူတို့ ရှေ့ထွက်သွားမိပါက သူတို့၏အဆုံးသတ်ရလဒ်သည် အဖြူရောင်ဝတ်စုံဝတ်လူငယ်ထက် ပို၍ကောင်းမွန်မည်မဟုတ်ချေ။
"လုယွီက အောက်ဘုံကနေတက်လှမ်းလာတဲ့ အမှိုက်ကောင်တစ်ကောင်လို့ မင်းတို့ပြောခဲ့ကြတယ်မဟုတ်လား"
"ငါလည်း ဒီလိုဖြစ်လာမယ်လို့ မထင်မိဘူးလေ...ခုဏက သူ့ရဲ့တိုက်ခိုက်မှုက ဘာမှော်စွမ်းအားကိုမှ အသုံးပြုမသွားဘူး...သူ့ရဲ့ဟိန်းဟောက်သံနဲ့တင် ငါ လိပ်ပြာလွင့်လုမတက် ခံစားလိုက်ရတယ်....ဒါက တကယ့်ကို အရမ်းအံ့အားသင့်ဖို့ကောင်းတဲ့စွမ်းအားမျိုးပဲ"
"ရှူး...မင်း အသံတိုးတိုးပြောစမ်း...သူ ကြားမသွားစေနဲ့"
ရထားလုံးအတွင်း၌ထိုင်ရင်း လုယွီသည် နံဘေးပတ်ဝန်းရှိလူအများ၏ ပြောဆိုဆွေးနွေးနေမှုများကို နားထောင်နေသည်။
ဤအချိန်အခိုက်အတန့်တွင် လုယွီက ပတ်ဝန်းကျင်အား လှည့်ပတ်၍ကြည့်လိုက်ရာ လှုပ်ရှားရန်အတွက် အခွင့်ကောင်းကို စောင့်ဆိုင်းနေကြသော အစွမ်းထက်ကျင့်ကြံသူအမြောက်အများကို တွေ့မြင်မိလေ၏။
ဤနေရာသည် သာမာန်လမ်းတစ်လမ်းပင်။ပုံမှန်နေ့ရက်မျိုး၌ အားနည်းသောကျင့်ကြံသူတချို့သာ ဤနေရာ၌ ဆိုင်ခန်းများဖွင့်လှစ်ကာ သူတို့၏ကုန်ပစ္စည်းများကို ရောင်းချလေ့ရှိသည်။
သို့ရာတွင် ယနေ့၌ ဤလမ်းအတွင်းတွင် ရာနှင့်ချီသော မြေကမ္ဘာအင်မော်တယ်များရှိနေကာ ရွှယ်အင်မော်တယ်နယ်ပယ်ကျင့်ကြံသူတချို့ပင် ပုန်းအောင်းနေသည်။လုယွီသည် အဝေးမှနေ၍ ဤနေရာကို စောင့်ကြည့်နေသော အစွမ်းထက်သည့်နတ်ဘုရားစိတ်အာရုံများကိုပင် အာရုံခံမိလေ၏။
အဖြူရောင်ဝတ်စုံဝတ်လူငယ်သည် အရာရာတိုင်းကို သိရှိတော့မည်မဟုတ်သော်လည်း သူသည် တခြားသူများ၏နယ်ရုပ်ဘဝသို့ ရောက်ရှိခဲ့ရမည်ဟု မျှော်လင့်မိမည်မဟုတ်ချေ။
အကယ်၍ အစွမ်းထက်ကျင့်ကြံသူ အမြောက်အများကသာ တပြိုင်နက်တည်း တိုက်ခိုက်လာပါက လုယွီ၏ဒဏ်ရာများသည် အပြည့်အဝပျောက်ကင်းခြင်း မရှိသေးသဖြင့် သူ အခက်အခဲတချို့နှင့် ရင်ဆိုင်ရနိုင်သည်။
မည်သို့ပင်ဆိုစေကုမူ ရှေးဟောင်းဧကရာဇ်အဆင့်မှော်ရတနာ၏ အရေးကိစ္စသည် အလွန်ကြီးမားပေ၏။ထိုမှော်ရတနာအတွက် တိုက်ခိုက်လိုသော လူအမြောက်အများရှိနေသော်လည်း မည်သူကမျှ ဗွေဆော်ဦးတိုက်ခိုက်လိုခြင်း မရှိကြချေ။
ဤနည်းလမ်းဖြင့် လူတိုင်းသည် သူတို့၏ရည်ရွယ်ချက်များကို ဖုံးကွယ်ထားကာ အခွင့်ကောင်းကို စောင့်ဆိုင်းနေကြ၏။
"ရှေးဟောင်းဧကရာဇ်အဆင့်မှော်လက်နက်က ငါ့ရဲ့လက်ထဲမှာရှိတယ်...ဘယ်ကောင် လာပြီးလုယူဝံ့လဲ"
လုယွီ၏အသံသည် လမ်းတစ်လမ်းလုံးအနှံ့ ပျံ့နှံ့သွားသည်။ထို့နောက် အသံလှိုင်းများ ပြန့်ကားသွားခြင်းနှင့်အတူ ထိုအသံသည် တော်ဝင်မြို့တော်အတွင်း၌ ပဲ့တင်ထပ်ပျံ့နှံ့သွားလေ၏။
ရှေးဟောင်းဧကရာဇ်အဆင့်မှော်လက်နက်က ငါ့ရဲ့လက်ထဲမှာရှိတယ်....
ဘယ်ကောင် လာပြီးလုယူဝံ့လဲ....
ထိုစကားသံ ထွက်ပေါ်လာချိန်တွင် လူတိုင်း တိတ်ဆိတ်ငြိမ်သက်သွားသည်။
ဤသည်က သူတို့သည် လုယွီထံမှ မလုယက်ဝံ့သော်ကြောင့်မဟုတ်ချေ။သူတို့ထိတ်လန့်ကြောက်ရွံနေသည်မှာ သူတို့လုယူပြီးနောက် လူတိုင်း၏ပစ်မှတ်ဖြစ်လာမည်ကိုပင်။
ရှိခိုးကောင်သည် ပုစဥ်းရင်ကွဲကိုဖမ်းဆီးရန် ချောင်းမြောင်းနေချိန်တွင် နောက်မှစာဝါငှက်ကို သတိပြုမိမည်မဟုတ်ချေ။
လူတိုင်းသည် စာဝါငှက်သာဖြစ်လိုသဖြင့် သဟဇာတရှိသောအခြေအနေကို ဆက်လက်၍ထိန်းသိမ်းထားကြ၏။
"လာကြစမ်း...တော်ဝင်စစ်ရေးဌာနကိုသွားကြစို့"
လုယွီက အော်ဟစ်ရယ်မောပြီး ရထားလုံးထံသို့ ပြန်သွားလိုက်သည်။
ထိုလူများသည် လောဘကြီးသော်လည်း သူ့ထံမှလုယက်ရန်အတွက် သတ္တိမရှိကြချေ။သူတို့အား မည်သည်ကြောင့် လုယွီက အလေးအနက်ထား၍နေနေရမည်နည်း။
Chapter 2183
"အမိန့်အတိုင်းပါ ဗိုလ်ချုပ်"
လက်ထောက်အရာရှိက လုယွီကို ရိုသေလေးစားမှုအပြည့်ဖြင့် ကြည့်လိုက်၏။
စစ်သားများသည် ရဲဝံ့ပြီးခွန်အားရှိသူကို ထောက်ခံအားပေးကြ၏။အားကောင်းသန်မာသူ မည်သူမဆို ထိုစစ်သားများ၏ စိတ်နှလုံးသားကို အောင်နိုင်ပေမည်။
လုယွီ၏လှုပ်ရှားမှုသည် သူ့အားကာကွယ်စောင့်ကြပ်ပေးနေသော ရွှေရောင်သံချပ်ကာစစ်သားများး၏ရိုသေလေးမှုကို ရရှိသွားစေသည်။
ရထားလုံး ရှေ့သို့ဆက်သွားနေသည်။စစ်သားများအားလုံးသည် ချောင်းမြောင်းတိုက်ခိုက်မှုကို အချိန်မရွေးတုံ့ပြန်နိုင်ရန်အတွက် ပြင်ဆင်ထားကြ၏။
သို့ရာတွင် လုယွီ၏တိုက်ခိုက်မှုကိုမြင်ပြီးနောက် မည်သူကမျှ ရှေသို့ထွက်လာဝံ့ခြင်းမရှိတော့ချေ။အကယ်၍ တစ်စုံတစ်ယောက်သည် ရှေးဟောင်းဧကရာဇ်အဆင့် မှော်လက်နက်ကို လိုချင်တပ်မက်စိတ်ကြောင့် အရူးအမူးဖြစ်နေလျှင်ပင် သူ၏နံဘေးပတ်လည်မှလူများ၏ ဟန့်တားထားခြင်းကိုခံရသည်။
မကြာမီမှာပင် လမ်းပေါ်ရှိ အစွမ်းထက်ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွါသွားသဖြင့် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားတော့သည်။
သူတို့သည် မူလကတည်းက လုယွီ၏နောက်သို့ နောက်ယောင်ခံလိုက်နေကြခြင်းဖြစ်သည်။လုယွီထွက်ခွါသွားသည်နှင့် သူတို့လည်း ထပ်ချပ်မကွာလိုက်သွားကြ၏။
ဤလမ်းအတွင်း၌ ယခင်ကနေထိုင်သူများသည် ကိစ္စများအားလုံး သူတို့မျှော်လင့်ထားသကဲ့သို့ ဖြစ်လာသည့်အလား သူတို့၏လုပ်ရိုးလုပ်စဥ်ကိစ္စများကို စတင်၍လုပ်ဆောင်နေကြသည်။
သို့ရာတွင် လမ်းတစ်လမ်းလုံး မူလအခြေအနေသို့ပြန်ရောက်သည့် အချိန်တခဏမှာပင် လမ်း၏တစ်ဖက်ခြမ်းမှနေ၍ မှော်သားရဲတစ်ကောင်၏ဟိန်းဟောက်သံ ထွက်ပေါ်လာသည်။
လူတိုင်းက တညီတညွတ်တည်း လှည့်ကြည့်လိုက်ကြရာ ဧရာမအမွှေးရှည်ဆင်ကြီးတစ်ကောင် ဒုန်းစိုင်းပြေးလာသည်ကို တွေ့မြင်မိကြ၏။
ထိုအမွှေးရှည်ဆင်ကြီးသည် မီတာသုံးဆယ်ကျော်ခန့်မြင့်မားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးငွေဖြူရောင်သန်းနေသည်။သူ၏နောက်ကျောပေါ်၌ အလံတစ်ခုကို လွှင့်ထူထားကာဝေါယာဥ်တစ်ခုကိုလည်း တင်ဆောင်ထားသည်။ထိုဝေါယာဥ်၏နံဘေးတွင် လိုက်ကာများကာရံထားသဖြင့် အတွင်းရှိအရာများကို မည်သူမျှ ရှင်းရှင်းလင်းလင်းမမြင်တွေ့နိုင်ချေ။
တော်ဝင်မြို့တော်အတွင်းတွင် စီးနီးသွားလာသည့်ယာဥ်များကို တင်းတင်းကြပ်ကြပ် စည်းမျဥ်းသတ်မှတ်ထားသည်။မည်မျှအစွမ်းထက်သောကျင့်ကြံသူဖြစ်နေပါစေ တော်ဝင်စစ်ရေးဌာန၏ခွင့်ပြုချက်မရှိပါက သာမာန်မှော်သားရဲမြင်းများကိုသာ စီးနင်းရပေမည်။
ထို့ကြောင့် ဧရာမအမွှေးရှည်ဆင်ကြီးထွက်ပေါ်လာချိန်တွင် ချက်ချင်းဆိုသလိုပင် လူများအားလုံး၏စိတ်အာရုံကို ဆွဲဆောင်နိုင်သွားသည်။
ဧရာမအမွှေးရှည်ဆင်ကြီး၏နောက်၌ အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော အစောင့်များရှိနေသည်။ထိုအစောင့်များအားလုံးတွင် တည်ကြည်လေးနက်သောမျက်နှာအမူအယာများရှိကာ သူတို့၏မျက်လုံးများက တောက်ပနေပေ၏။သူတို့အား တစ်ချက်ကြည့်မိရုံဖြင့်ပင် မြင့်မားသောကျင့်ကြံဆင့်ရှိသူများဖြစ်ကြောင်းသိနိုင်သည်။
အကယ်၍ တစ်စုံတစ်ယောက်မှ ဂရုတစိုက်ကြည့်ရှုပါက ထိုအစောင့်များ၏ဝတ်စုံပေါ်တွင် ဓားရှည်တစ်လက်သင်္ကေတရှိနေခြင်းကို တွေ့မြင်ရပေမည်။ထိုဓားရှည်သည် အထက်သို့ညွှန်ပြနေကာ ထိုနေရာ၌ တိမ်ပုံသဏ္ဌာန်သင်္ကေတတစ်ခုရှိနေလေ၏။
"သူတို့က ဝေ့မိသားစုကလူတွေမဟုတ်လား"
"ဝေ့မိသားစုက အနောက်ဘက်ခရိုင်မှာရှိနေတာလေ...ဘယ်လိုလုပ်ပြီး ဒီနေရာမှာ ထွက်ပေါ်လာတာလဲ"
လူတိုင်းက တီးတိုးရေရွတ်နေကြသော်လည်း မည်သူကမျှ သူတို့၏စိတ်နှလုံးသားအတွင်းမှ သံသယများကို ထုတ်ဖော်ပြောဆိုဝံ့ခြင်းမရှိချေ။
ဝေ့မိသားစုသည် တာယွီအင်ပါယာ၏ထိပ်တန်းမိသားစုကြီးရှစ်ခုအနက်မှ တစ်ခုဖြစ်သည်။
ဝေ့မိသားစု၏ဘိုးဘေးသည် ဓားတာအိုကိုနားလည်သဘောပေါက်ခဲ့ကာ နောက်ဆုံးတွင် သူ၏မျိုးဆက်အတွင်း၌ ဓားအင်မော်တယ်တစ်ယောက်ဖြစ်လာခဲ့သည်။သူသည် ဓားရေအိုင်မြင့်မြတ်နယ်မြေကိုတည်ထောင်ခဲ့သည်။ဝေ့မိသားစုတွင် မြောက်မြားစွာသောတပည့်များရှိကာ သူတို့၏မိသားစုအတွင်း၌ ဓားအင်မော်တယ်သုံးထောင်ကျော်ရှိကြောင်း လူသူအများကို ထုတ်ပြန်ကြေငြာခဲ့လေ၏။
အထူးသဖြင့် ဝေ့မိသားစုနှင့်ရှမိသားစုအကြားတွင် ဆက်ဆံရေးကောင်းတစ်ခုကို တည်ဆောက်နိုင်ခဲ့ပြီးနောက် ရှမိသားစု၏အားကောင်းသော ကူညီထောက်ပံပေးမှုနှင့်အတူ ဝေ့မိသားစုသည် သာမာန်ထက်သာလွန်သောအရှိန်နှုန်းဖြင့် မြင့်တက်လာခဲ့သည်။
ဝေ့မိသားစုသည် မဟာထိပ်တန်းမိသားစုလေးခု၏နောက်၌ ရပ်တည်နေရခြင်းမှာ သူတို့ထံတွင် ဧကရာဇ်အဆင့်မှော်လက်နက်မရှိခြင်းကြောင့်ပင်။
ဝေ့မိသားစုသည် အစွမ်းထက်ကျင့်ကြံသူအရေအတွက်အရဖြစ်စေ အခွင့်အာဏာလွှမ်းမိုးနိုင်မှုအရဖြစ်စေ ရှောင်မိသားစုထက်များစွာပို၍သာလွန်သည်။
သာမာန်လမ်းသွယ်လေးတစ်လမ်းအတွင်းသို့ ဤကဲ့သို့ထိပ်တန်းမိသားစုတစ်ခုသည် ကြီးမားသောလူအင်အားနှင့် ရောက်ရှိလာမည်ဟု မည်သူမျှမျှော်လင့်မထားမိကြချေ။
ရုတ်ချည်းဆိုသလိုပင် ဝေ့မိသားစုမှလူများ ရောက်လာသည်ကိုမြင်ချိန်တွင် လမ်းအတွင်းရှိလူများသည် သိချင်စိတ်ပြင်းပြစွာဖြင့် စောင့်ကြည့်နေကြ၏။
ဧရာမအမွှေးရှည်ဆင်ကြီးသည် အဖြူရောင်ဝတ်စုံဝတ်လူငယ်၏အလောင်းရှေ့၌ ရပ်တန့်လိုက်သည်။
အချိန်တခဏကြာပြီးနောက် အမွှေးရှည်ဆင်ကြီး၏နောက်ကျောပေါ်ရှိ ဝေါယာဥ်ပေါ်မှ အေးစက်စက်အသံတစ်သံထွက်လာသည်။
"ဘယ်လိုပဲဖြစ်ဖြစ် သူက ငါတို့ဝေ့မိသားစုဝင်တစ်ယောက်ပဲလေ...သူ့ကို အောက်ချလိုက်"
ရုတ်ချည်းဆိုသလိုပင် အစောင့်တစ်ယောက်က လူငယ်၏အလောင်းကို အောက်သို့ချရန်ရည်ရွယ်၍ ရှေ့သို့တိုးလာသည်။
သို့ရာတွင် မမျှော်လင့်ဘဲ လူငယ်၏ခန္ဓာကိုယ်ကို စိုက်ဝင်နေသောဓားသည် အလွန်နက်ရှိုင်းစွာဖြင့် နံရံအတွင်း၌ နစ်မြုပ်နေသည်။
အစောင့်အမြောက်အများ ခွန်အားကုန်ထုတ်၍ အချိန်အတော်ကြာ ကြိုးပမ်းပြီးမှသာလျှင် လူငယ်၏အလောင်းကို နံရံမှဖယ်ရှားနိုင်ခဲ့သည်။
Chapter 2184
မမျှော်လင့်ဘဲ လူငယ်၏ရုပ်အလောင်းသည် အောက်သို့ပြုတ်ကျလာသည်နှင့် တစစီလွင့်ထွက်သွားသည်။
အစောင့်များက ရှေ့သို့တိုး၍ စစ်ဆေးလိုက်စဥ်တွင် လူငယ်၏ခန္ဓာကိုယ်အတွင်းသို့ ထွင်းဖောက်သွားသောဓားသည် ခန္ဓာကိုယ်အတွင်းပိုင်းတစ်ခုလုံးကို ကြေမွှပျက်စီးသွားစေသည်ကို တွေ့မြင်မိကြ၏။
အစွမ်းထက်သောဓားချီသည် လူငယ်၏အရိုးများနှင့်အသားများအားလုံးကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲသွားခဲ့သည်။
"ဒါက...."
အစောင့်များ၏စိတ်နှလုံးသားများအတွင်း၌ တုန်လှုပ်ချောက်ချားမှုများ ကြီးစိုးသွားလေ၏။
လူတစ်ယောက်အား ဓားချက်တစ်ချက်တည်းဖြင့် ဤကဲ့သို့အခြေအနေမျိုးဖြင့် သေဆုံးစေသည်မှာ မည်ကဲ့သို့သောစွမ်းအားမျိုးဖြစ်သနည်း။
ထို့ပြင် အဖြူရောင်ဝတ်စုံဝတ်လူငယ်သည် သူတို့၏မိသားစုအတွင်း၌ မြင့်မားသောအဆင့်အတန်းရှိသူဖြစ်သည်။
ဝေါယာဥ်အတွင်းရှိပုဂ္ဂိုလ်သည် အချိန်တခဏကြာ တိတ်ဆိတ်ငြိမ်သက်သွားပြီးမှ အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာသည်။
"ဒီအလောင်းကိုသယ်သွားပြီး အနီးအနားမှာရှိတဲ့သွေးတွေကို ရှင်းလင်းလိုက်ကြစမ်း"
အစောင့်များသည် အချိန်မဆွဲဝံ့ကြဘဲ လူငယ်၏အလောင်းအစအနများကို အလျှင်အမြန်ထုတ်ပိုးသိမ်းဆည်းကာ အနီးအနားရှိ သွေးများအားလုံးကို ရေဖြင့်ပတ်ဖြန်း၍ ဆေးကြောလိုက်၏။
ကြည့်ရသည်မှာ ဝေ့မိသားစုမှလူများသည် ဤနေရာမှဖြတ်သန်းသွားချိန်တွင် အရေးမပါသောကိစ္စတစ်ရပ်ကိုပြုလုပ်ပြီး ပြန်လည်ထွက်ခွါသွားခဲ့သည်။
ဝေမိသားစုမှလူများ ထွက်ခွါသွားပြီးနောက် ပတ်ဝန်းကျင်ရှိလူများထံမှနေ၍ တိုင်ပင်ဆွေးနွေးသံများ ထွက်ပေါ်လာသည်။
"ခုဏ သတ်ခံလိုက်ရတဲ့ကောင်လေးက ဝေ့မိသားစုဝင်ဖြစ်နေတာလား"
"ကျွတ်...ကျွတ်...သူက အရင်ဆုံးလှုပ်ရှားဝံ့တာ အံ့အားသင့်စရာမရှိတော့ဘူး...ဝေ့မိသားစုရဲ့ကျောထောက်နောက်ခံရှိနေမှတော့ တကယ်လို့ လုယွီက တော်ဝင်နန်းတွင်းရဲ့ဗိုလ်ချုပ်တစ်ယောက်ဖြစ်နေရင်တောင် သူက ဂရုစိုက်မှာမဟုတ်ဘူး"
"လုယွီအကြောင်းကို ဂရုစိုက်မနေကြနဲ့တော့...သူက ဝေ့မိသားစုကလူကိုသတ်ခဲ့တယ်...ဝေ့မိသားစုက ဒီကိစ္စကို အလွတ်ပေးမှာမဟုတ်ဘူး...မင်းတို့ စောင့်ကြည့်နေလိုက်...အဲ့ဒီကောင်လေးက မကြာခင်မှာပဲ ဆိုးဆိုးရွားရွား သေဆုံးရလိမ့်မယ်"
အနီးအနားရှိစားသောက်ဆိုင်များအတွင်း၌ ကျင့်ကြံသူများ ပြောဆိုဆွေးနွေးနေကြ၏။
သူတို့၏ကျင့်ကြံဆင့်နယ်ပယ်သည် မြင့်မားခြင်းမရှိသဖြင့် ရှေးဟောင်းဧကရာဇ်အဆင့်မှော်ရတနာကိုလုယူရာ၌ပါဝင်ရန် မျှော်လင့်မထားကြချေ။နံဘေးဘက်မှသာ သူတို့က ကိစ္စရပ်များကို ဝေဖန်ပြောဆိုနေသည်။
"ဒီနေရာမှာလာပြီး လောင်းလို့ရတယ်နော်....လုယွီ ဘယ်အချိန်မှာသေဆုံးမလဲဆိုတာကို အနီးစပ်ဆုံးခန့်မှန်းနိုင်တဲ့သူက အနိုင်ရမယ်"
"ငါက တစ်လလို့လောင်းမယ်"
"တစ်လတဲ့လား...ငါက အဲ့ဒီကောင်လေး နောက်ထပ်သုံးရက်ကြာအောင် အသက်ရှင်နိုင်မယ်မထင်ဘူး"
……
တော်ဝင်မြို့တော်၏မြောက်ပိုင်းရှိ...တော်ဝင်စစ်ရေးဌာန၏အုပ်ချုပ်ရေးရုံး၌....
ဤအချိန်တွင် တော်ဝင်စစ်ရေးဌာနအုပ်ချုပ်ရေးရုံးသည် ယခင်နှင့်နှိုင်းယှဥ်ပါက သတ်ဖြတ်လိုခြင်းအငွေ့အသက်များနှင့် ပြည့်နှက်နေသည်။
အုပ်ချုပ်ရေးရုံး၏ မြင့်မားသောတံခါးမကြီးရှေ့၌ ထောင်နှင့်ချီသော ရွှေရောင်သံချပ်ကာစစ်သားများသည် သူတို့၏ဓားများကိုကိုင်ဆောင်၍ မတ်တတ်ရပ်နေကြ၏။သူတို့ထံတွင် ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့် ပြည့်နှက်နေသည်။
အုပ်ချုပ်ရေးရုံးအတွင်းတွင်လည်း ရာနှင့်ချီသော လက်ရွေးစင်စစ်သားများရှိနေလေ၏။ထိုစစ်သားများ၏ခန္ဓာကိုယ်များမှ သွေးအငွေ့အသက်များထွက်ပေါ်နေကာ သူတို့၏မျက်လုံးများက စူးရှစွာတောက်ပနေသည်။သူတို့အားလုံးသည် တော်ဝင်စစ်တပ်၏လက်ရွေးစင်စစ်သားများဖြစ်မည်မှာ သိသာထင်ရှားလှ၏။
လုယွီ ရထားလုံးပေါ်မှဆင်းလိုက်သည်နှင့် ထိုအစောင့်စစ်သားများ၏ခေါင်းဆောင် စစ်ဗိုလ်ချုပ်တစ်ယောက်က ချက်ချင်းဆိုသလို ရှေ့သို့တိုးလာသည်။
"ရွှမ်းဝူစစ်ဗိုလ်ချုပ် လုယွီလား"
ထိုစစ်ဗိုလ်ချုပ်သည် လုယွီအား စူးစိုက်ကြည့်ပြီး မေးမြန်းလိုက်ကာ သူ၏မျက်လုံးများအတွင်း၌ ထူးဆန်းသောအလင်းရောင်များ ထင်ဟပ်နေသည်။
လုယွီက ပြောဆိုသည်။
"ဟုတ်တယ်....ငါက လုယွီပဲ"
"အရှင်တွေက မင်းကိုစောင့်နေတာ အချိန်အတော်ကြာနေပြီ....အထဲကို မြန်မြန်ဝင်သွားတော့...အချိန်ဆွဲမနေနဲ့"
စစ်ဗိုလ်ချုပ်သည် တော်ဝင်စစ်ရေးဌာနအုပ်ချုပ်ရေးရုံး၏နံဘေးရှိ တံခါးငယ်လေးကို လက်ညှိုးညွှန်ကာ ပြောဆိုလိုက်၏။
ထိုတံခါးငယ်သည် အစေခံများအတွက် သီးသန့်ပြုလုပ်ထားပုံရကာ သိသာထင်ရှားခြင်းမရှိချေ။ထိုတံခါးသည် မီတာတစ်ဝက်ခန့်သာမြင့်မားသဖြင့် အကယ်၍တစ်စုံတစ်ယောက်သည် အတွင်းသို့ဝင်လိုပါက ခေါင်းငုံ၍ညွတ်တွားဝင်ရပေမည်။
လုယွီက မျက်မှောင်ကြုတ်ကာ အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"မင်း မှားများမှားနေတာလား"
"ငါ ဘာမှမမှားဘူး...မြန်မြန်ဝင်စမ်း...တကယ်လို့ မင်းက နှောင့်နှေးကြန့်ကြာနေရင် အပြစ်ပေးခံရလိမ့်မယ်"
စစ်ဗိုလ်ချုပ်က အော်ငေါက်လိုက်၏။
ထိုစကားနှင့်အတူ စစ်ဗိုလ်ချုပ်သည် လုယွီကို တံခါးငယ်အတွင်းသို့ ဆွဲသွင်းလိုဟန်ဖြင့် သူ့အား လက်မောင်းမှဖမ်းဆွဲလိုက်သည်။
သို့ရာတွင် သူ မည်မျှအင်အားစိုက်ထုတ်သည်ဖြစ်စေ လုယွီ၏လက်မောင်းသည် တောင်ကြီးတစ်လုံးကဲ့သို့ မြဲမြံခိုင်မာနေသည်။
သူ ထိုကိစ္စကို ယုံကြည်လက်ခံနိုင်ခြင်းမရှိချေ။သူ ထပ်မံ၍ အားကုန်ထုတ်ကြိုးပမ်းသော်လည်း လုယွီကို ရွေ့လျားအောင် ပြုလုပ်နိုင်စွမ်းမရှိချေ။
လုယွီက ထိုစစ်ဗိုလ်ချုပ်ကို စောင်းငဲ့ကြည့်၍ အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုလိုက်၏။
"ငါ ဘာမှမသိဘူးလို့ မင်း ထင်နေတာလား...တော်ဝင်စစ်ရေးဌာနရဲ့စစ်မေးဖို့ ဆင့်ခေါ်ခံရတဲ့သူက...အဆင့်မြင့်အရာရှိတွေမပြောနဲ့...တကယ်လို့ သာမာန်လူတစ်ယောက်ဖြစ်နေရင်တောင် တံခါးမကြီးကိုဖြတ်ပြီးဝင်ရတယ်...မင်းက ဘာကောင်မလို့လဲ...ဒီနေရာက ထွက်သွားစမ်း"
Chapter 2185
ထိုစကားကိုပြောဆိုပြီးသည်နှင့် လုယွီ၏လက်မောင်းမှ ပြင်းထန်သောအားလှိုင်းတစ်ရပ် ထွက်လာကာ စစ်ဗိုလ်ချုပ်အား နောက်သို့ခြေလှမ်းအနည်းငယ်ခန့် လွင့်ထွက်သွားစေသည်။
"မင်းက တိုက်ခိုက်ဝံ့တာလား"
စစ်ဗိုလ်ချုပ်က ဒေါသတကြီးဖြင့် အော်ဟစ်ကြုံးဝါးလိုက်၏။
တော်ဝင်စစ်ရေးဌာနအုပ်ချုပ်ရေးရုံး၏အစောင့်စစ်ဗိုလ်ချုပ်ဖြစ်သော သူ၏ရာထူးအဆင့်အတန်းသည် တော်ဝင်မြို့တော်ပြင်ပရှိစစ်စခန်းလေးခုမှ စစ်ဗိုလ်ချုပ်များထက် ပို၍မြင့်မားသည်။သူသည် အစောင့်အကြပ်မဟာစစ်ဗိုလ်ချုပ် ဖြစ်လာနိုင်သူလည်းဖြစ်သဖြင့် သူ၏အဆင့်အတန်းမှာ အလွန်အမင်းမြင့်မားလှ၏။
သို့ရာတွင် ယခုလက်ရှိချိန်၌ သူသည် လုယွီကဲ့သို့ လူငယ်စစ်ဗိုလ်ချုပ်တစ်ယောက်၏အော်ငေါက်ခြင်းကို ခံခဲ့ရသည်။မည်သည်ကြောင့် သူ ဒေါသမထွက်ဘဲနေမည်နည်း။
လုယွီက သူ့အားတစ်ချက်စောင်းငဲ့ကြည့်ပြီး မြေပြင်ပေါ်သို့ ခြေဆောင့်နင်းလိုက်သည်။
ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ မြေပြင်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။လုယွီ၏ခြေဖဝါးကိုဗဟိုပြု၍ အက်ကွဲကြောင်းကြီးများက ပင့်ကူအိမ်တစ်ခုအလား အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပေ၏။
စစ်ဗိုလ်ချုပ်သည်လည်း ထိုပြင်းထန်သောအားလှိုင်း၏သက်ရောက်ခြင်းကို ခံရသဖြင့် နောက်သို့ မီတာပေါင်းများစွာအကွာအဝေးထိ ဆုတ်ခွါသွားသည်။
"ဒီလိုလုပ်ဖို့ မင်းကို နောက်ကွယ်ကနေ ဘယ်သူအမိန့်ပေးစေခိုင်းထားတာလဲဆိုတာ ငါ မသိဘူး...ဒါပေမယ့် ဒါက ရူးမိုက်တဲ့ဆုံးဖြတ်ချက်ပဲ...မင်းရဲ့အရှင်သခင်ဆီ မြန်မြန်ပြန်သွားပြီးတော့ နောက်တစ်ကြိမ်ကျရင် မင်းထက်ပိုပြီးအရည်အချင်းရှိတဲ့သူကိုလွှက်လိုက်လို့ ပြောလိုက်စမ်း"
လုယွီက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ဘုန်း...
လုယွီ၏အသံသည် စိတ်ဝိညာဥ်တိုက်ခိုက်မှုတစ်ခုအလား စစ်ဗိုလ်ချုပ်၏စိတ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားသည်။
ရုတ်ချည်းဆိုသလိုပင် စစ်ဗိုလ်ချုပ်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။
သူ့ရှေ့၌ ရှိနေသူသည် သာမာန်လူငယ်တစ်ယောက်မဟုတ်ဘဲ မရေမတွက်နိုင်သောသက်ရှိများကို သတ်ဖြတ်ခဲ့သော ပြိုင်ဘက်ကင်းနတ်ဆိုးတစ်ကောင်ဖြစ်သည်ဟု မြင်ယောင်နေမိ၏။
သူသည် စကားလုံးတချို့ဖြင့် ပြန်လည်ချေပလိုခဲ့သည်။သို့ရာတွင် သူ စကားမပြောဆိုနိုင်သေးမီမှာပင် ရုတ်တရက် ထိတ်လန့်ကြောက်ရွံလာမှုကို ခံစားမိသည်။
သူထံတွင် လုယွီအား ချေပပြောဆိုရန်အတွက် သတ္တိမရှိချေ။
သူသည် ယခုချိန်၌ တော်ဝင်စစ်ရေးဌာနအုပ်ချုပ်ရေးရုံး၏စစ်ဗိုလ်ချုပ်ရာထူးကို ရရှိခဲ့ခြင်းမှာ မရေမတွက်နိုင်သော တိုက်ပွဲအတွေ့အကြုံများ ရှိခဲ့ခြင်းကြောင့်ပင်။သူ၏လက်တစ်စုံလုံး ရန်သူများ၏သွေးများဖြင့် ဖုံးလွှမ်းနေသည်။သို့ရာတွင် ယနေ့ သူ လုယွီနှင့်ရင်ဆိုင်ရချိန်တွင် သာမာန်လူတစ်ယောက်သည် ဧကရာဇ်မင်းတစ်ပါးကို တွေ့လိုက်ရသကဲ့သို့ ခံစားချက်မျိုးရရှိနေပေ၏။သူသည် ခေါင်းငုံထားပြီး မည်သည့်စကားကိုမျှ တုံ့ပြန်ပြောဆိုနိုင်ခြင်းမရှိချေ။
လုယွီသည် စစ်ဗိုလ်ချုပ်၏အမူအယာမြင်ချိန်တွင် ထပ်မံ၍ စိတ်ဝင်စားမှုမရှိတော့ပေ။သူက တံခါးမကြီးထံသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားလိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်မှ မှော်စွမ်းအင်လှိုင်းများကို ဖြန့်ကျက်လိုက်၏။ဤအချိန်အခိုက်အတန့်တွင် ခရမ်းရောင်မှော်စွမ်းအင်အလင်းတန်းကြီးသည် ကောင်းကင်ယံတိုင်ထိုးတက်သွားရာ မရေမတွက်နိုင်သောလူများ၏အမြင်အာရုံကို ဆွဲဆောင်သွားနိုင်ခဲ့သည်။
"သူက တော်ဝင်စစ်ရေးဌာနနဲ့အုပ်ချုပ်ရေးရုံးကို သွားနေတာပါလား"
"ဒီတစ်ကြိမ်မှာ သူ့ကိုစစ်မေးဖို့အတွက် တော်ဝင်နန်းတွင်းက လူတွေရောက်နေတာ...ဒါက အရမ်းအရေးကြီးတယ်....သူ့ကို တံခါးဝမှာတင် ပြဿနာရှာတဲ့သူက ဘယ်သူလဲဆိုတာ ငါ တကယ်ကိုသိချင်မိတယ်"
"ကြမ်းတမ်းလိုက်တဲ့နည်းလမ်း...ဒီလိုအစွမ်းထက်တဲ့ခွန်အားမျိုး....တော်ဝင်စစ်ရေးဌာနအုပ်ချုပ်ရေးရုံးရဲ့စစ်ဗိုလ်ချုပ်က အနည်းဆုံးတော့ မြေကမ္ဘာအင်မော်တယ်အလယ်အလတ်အဆင့်ကျင့်ကြံသူပဲ...လုယွီက ဟိတ်ဟန်ပါတဲ့အပြုအမူမျိုးနဲ့ အဲ့ဒီစစ်ဗိုလ်ချုပ်ကို လွှမ်းမိုးနိုင်မယ်လို့ ငါ မျှော်လင့်မထားမိဘူး...လုယွီရဲ့အသက်ကို ကြည့်လိုက်အုံး...သူက အရမ်းငယ်သေးတယ်...သူ ဘယ်လိုများကျင့်ကြံထားတာလဲဆိုတာ ငါ သိချင်မိတယ်"
တော်ဝင်စစ်ရေးဌာနအုပ်ချုပ်ရေးရုံး၏ပြင်ပတွင် မြောက်မြားစွာသောနတ်ဘုရားစိတ်အာရုံများရှိနေကာ အချင်းချင်းဆက်သွယ်ပြောဆိုနေကြ၏။
သူတို့သည် ဤနေရာသို့ရောက်လာခဲ့သော်လည်း ရှေ့သို့ဆက်မတိုးဝံ့ကြချေ။စစ်သားများအပြင် တော်ဝင်စစ်ရေးဌာန၏အုပ်ချုပ်ရေးရုံးအတွင်း၌ မြောက်မြားစွာသော အစွမ်းထက်ကျင့်ကြံသူများ ပုန်းအောင်းနေသည်။ထိုကျင့်ကြံသူများအကြား၌ ရွှယ်အင်မော်တယ်များပင်လျှင် ပါဝင်နေပေ၏။
လုယွီသည် အစောင့်စစ်ဗိုလ်ချုပ်ကို ဖိနှိပ်လိုက်သော်လည်း စည်းမျဥ်းအရပြုလုပ်ခြင်းဖြစ်သဖြင့် ထိုအစွမ်းထက်ကျင့်ကြံသူများ ထွက်ပေါ်လာခြင်းမရှိချေ။
သို့ရာတွင် အကယ်၍ သူတို့သာ ဤနေရာအတွင်းသို့ ကျူးကျော်ဝင်ရောက်သွားပါက ထိုအစွမ်းထက်ကျင့်ကြံသူများ ချက်ချင်းထွက်လာကာ သူတို့အား အမြစ်ပြတ်သုတ်သင်ပေလိမ့်မည်။ထိုအစွမ်းထက်ကျင့်ကြံသူများသည် ထိုကိစ္စကို တော်ဝင်နန်းတွင်းထံ သတင်းပို့ရန်ပင် မလိုအပ်ပေ။
လုယွီက တံခါးမကြီးရှေ့သို့လျှောက်လှမ်းသွားကာ တွန်းဖွင့်လိုက်၏။
ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ပါက တော်ဝင်စစ်ရေးဌာနအုပ်ချုပ်ရေးရုံး၏ အရှေ့ဘက်ခြံဝန်းအတွင်း၌ သံချပ်ကာဝတ်စစ်သားများနှင့် ပြည့်နှက်နေကာ သူတို့၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများက တလိမ့်လိမ့်ထွက်ပေါ်နေသည်။
ထိုစစ်သားများအား လုယွီထိတ်လန့်ကြောက်ရွံသွားစေရန်ရည်ရွယ်၍ အသုံးပြုထားခြင်းဖြစ်သည်။သို့ရာတွင် လုယွီ၏အတိတ်ဘဝမှ အတွေ့အကြုံများကို တခြားသူများ စိတ်ကူးပင်ယဥ်ကြည့်ဖူးမည်မဟုတ်ချေ။
"ရွှမ်ဝူစစ်ဗိုလ်ချုပ်လုယွီ...ရောက်လာပါပြီ"
စစ်သားများ၏နောက်၌ မတ်တတ်ရပ်နေသော အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသည့် အရာရှိငယ်တစ်ယောက်က ကျယ်လောင်စွာအော်ဟစ်လိုက်၏။
Thank For Reading.