အခန်း (၂၁၈၆-၂၁၉၀)
Vol. 113 Ch. 2186-2190
Chapter 2186
ဆင့်ခေါ်သံကိုကြားသည်နှင့် လုယွီသည် တော်ဝင်စစ်ရေးဌာနအုပ်ချုပ်ရေးရုံး၏ပင်မခန်းမအတွင်းသို့ တန်းတန်းမတ်မတ်ဝင်သွားလိုက်၏။
ပတ်ဝန်းကျင်ရှိအစောင့်များအားလုံး၏မျက်လုံးအကြည့်များက လုယွီထံတွင်သာ အခိုင်အမာကျရောက်နေသည်။သို့ရာတွင် သူတို့၏မျက်လုံးများအတွင်း၌ ထိတ်လန့်ကြောက်ရွံမှုအရိပ်အယောင်များရှိနေသည်မှာ သိသာထင်ရှားလှ၏။
ဤှသည်က လုယွီ၏အရှိန်အဝါပင်။သူ၏တည်ငြိမ်သောအရှိန်အဝါသည် စစ်သားများအားလုံးကို ဖိနှိပ်ထားနိုင်ခဲ့သည်။
ဝံပုလွေအုပ်သည် ကျားကိုစားရန် ကြံရွယ်နေသော်လည်း ကျားတစ်ကောင်သည် သိုးအုပ်အတွင်းသို့ဝင်လာသည့်အလားဖြစ်နေမည်ဟု မည်သူကသိနိုင်မည်နည်း။
ပင်မခန်းမအတွင်း၌ တော်ဝင်နန်းတွင်းမှ အရာရှိသုံးယောက်ထိုင်နေသည်။ထိုလူသုံးယောက်သည် အနီရောင်အရာရှိဝတ်စုံကိုဝတ်ဆင်ထားပြီး အနက်ရောင်ပိတ်ကျဲဦးထုပ်ကိုဆောင်းထားကာ သူတို့၏မျက်နှာအမူအယာများသည် တည်ကြည်လေးနက်နေပေ၏။
လုယွီသည် ထိုလူသုံးယောက်၏မျက်နှာများကို တစ်ချက်ကြည့်ပြီးနောက် မည်သူမည်ဝါများဖြစ်သည်ကို သိရှိခဲ့သည်။
လုယွီသည် ယခင်က ဖေးထျန်ကွမ်းနှင့်ဆက်သွယ်ထားသော စာအတွင်း၌ တော်ဝင်နန်းတွင်းမှ အရာရှိများအားလုံး၏ ပုံတူများနှင့်တာဝန်ကျရာထူးအဆင့်အတန်းများကို တောင်းခံထားသည်။
လုယွီ၏လက်ရှိနတ်ဘုရားစိတ်အာရုံစွမ်းရည်ဖြင့် မျက်တောင်တခတ်စာအချိန်အတွင်းမှာပင် အရာရှိတိုင်းကို မှတ်မိသိရှိလေ၏။
အလယ်၌ထိုင်နေသူမှာ စစ်ရေးဌာန၏အမတ်ကြီး ကျိုးလီယန်ဖြစ်သည်။လက်ယာဘက်၌ထိုင်နေသူမှာ စစ်ရေးဌာန၏လက်ထောက်အမတ်ကြီး ရှဖုန်းဖြစ်ကာ လက်ဝဲဘက်၌ မြို့တော်၏အုပ်ချုပ်သူ ရှဲ့ကျောယွမ်ရှိနေသည်။
ဤနေရာတွင် အဆင့်မြင့်အရာရှိကြီးသုံးယောက် စုဝေးနေလေ၏။လုယွီထက် ရာထူးအဆင့်ပို၍မြင့်မားသော စစ်ဗိုလ်ချုပ်များပင်လျှင် ထိုအရာရှိသုံးယောက်ကိုတွေ့နိုင်ရန် မလွယ်ကူချေ။
တာယွီအင်ပါယာမှ ထိန်းချုပ်ထားသော ပိုင်နက်နယ်မြေသည် အလွန်ကျယ်ဝန်းသဖြင့် စစ်ဗိုလ်ချုပ် အမြောက်အများရှိသည်။ထိုစစ်ဗိုလ်ချုပ်များအနက်မှအများစုသည် သူတို့၏ဘဝတလျှောက်လုံးတွင် ထိုလူသုံးယောက်ကို တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဖူးချေ။
ထိုအရာရှိကြီးသုံးယောက် ထိုင်နေသောနေရာမှနေ၍ ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒ အငွေ့အသက်များ ထွက်ပေါ်နေသည်။သူတို့သည် တိုက်ပွဲအတွေ့အကြုံ အမြောက်အများရှိခဲ့သည်မှာ သိသာထင်ရှားလှ၏။
"လုယွီက အရှင်တို့ကို နှုတ်ခွန်းဆက်သပါတယ်"
လုယွီက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ပြောဆိုသည်။
အကယ်၍ သာမာန်စစ်ဗိုလ်ချုပ်တစ်ယောက်ဆိုပါက ထိုလူသုံးယောက်၏ရှေ့၌ မတ်တတ်ရပ်နေရလျှင် ထိတ်လန့်ကြောက်ရွံနေပေမည်။
သို့ရာတွင် လုယွီ၏မျက်နှာပေါ်၌ ထိတ်လန့်ကြောက်ရွံမှုအရိပ်အယောင် တစိုးတစိမျှရှိမနေချေ။ဆန့်ကျင်ဘက်အနေဖြင့် သူ၏မျက်နှာသည် တည်ငြိမ်အေးဆေးနေကာ မောက်မာခြင်းလည်းမရှိ နှိမ့်ချခြင်းလည်းရှိမနေပေ။
"အတင့်ရဲလှချည်လား....စစ်ရေးဌာနရဲ့ပင်မခန်းမထဲကိုဝင်လာပြီး စီနီယာအရာရှိကြီးတွေကို တွေ့နေတာတောင် မင်းက ဘာလို့ဒူးမထောက်သေးတာလဲ"
ရုတ်တရက် ကျယ်လောင်ပြီးကြည်လင်ပြတ်သားသော အသံတစ်သံက ပင်မခန်းမအတွင်း၌ ထွက်ပေါ်လာသည်။
ထိုအသံသည် စစ်ရေးဌာန၏လက်ထောက်အမတ်ကြီး ရှဖုန်းက ဒေါသတကြီးဖြင့် ဆူပူကြိမ်းမောင်းလိုက်ခြင်းဖြစ်သည်။
လုယွီက ခနဲ့တဲ့တဲ့လေသံဖြင့် ပြောဆိုသည်။
"ဒီအရှင်က မှတ်ဥာဏ်မကောင်းတာလား...သွားလေသူဧကရာဇ်က အရာရှိတွေနဲ့တိုင်းသူပြည်သားတွေဆိုတာ အတူတူပဲသို့ အထူးသီးသန့် အမိန့်ထုတ်ပြန်ထားတယ်...တကယ်လို့ အရာရှိတွေက ဧကရာဇ်မင်းကိုတွေ့ရင်တောင် ဒူးထောက်စရာမလိုဘူး...ဒါက တော်ဝင်အမိန့်တော်နဲ့ကို ထုတ်ပြန်ထားတဲ့ အထူးသီးသန့်ခွင့်ပြုချက်ပဲ...အရှင်က အရင်ပြန်သွားပြီး တာယွီရဲ့စည်းမျဥ်းဥပဒေတွေကို ရင်းနှီးကျွမ်းဝင်အောင်လုပ်သင့်တယ်...ပြီးတော့မှ ဒီနေရာကိုလာပြီး စကားပြန်ပြောပါလား"
လုယွီသည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏အကြွင်းအကျန်စိတ်ဝိညာဥ်ကို ဝါးမျိုထားသဖြင့် တာယွီ၏စည်းမျဥ်းဥပဒေများကို သူ၏လက်ဖမိုးကဲ့သို့ သိရှိပေ၏။
လုယွီသည် ရှဖုန်းအား ပစ်မှတ်ထားနေရသည့်အကြောင်းအရင်းမှာ သူ့အား တံခါးဝ၌ လူစေလွှက်၍ ပြဿနာရှာရန်စေလွှတ်လိုက်သူမှာ ရှဖုန်းဖြစ်ကြောင်းသိနေခြင်းကြောင့်ပင်။
တော်ဝင်စစ်ရေးဌာန၏လက်ထောက်အမတ်ကြီးဖြစ်သော ရှဖုန်းသည် ရှမိသားစုဝင်ဖြစ်သည့်အပြင် ရှကွေ့ကျုံးနှင့်အလွန်နီးစပ်သော ဆက်ဆံရေးရှိသည့် ဝမ်းကွဲဦးလေးတစ်ယောက်လည်းဖြစ်သည်။
ရှဖုန်းသည် လုယွီဝင်လာသည်ကိုမြင်ချိန်တွင် အာဏာဖြင့်ဖိနှိပ်ရန် ချက်ချင်းဆိုသလို စီစဥ်ခဲ့သည်။ရှဖုန်းသည် ရှကွေ့ကျုံး၏နယ်ရုပ်တစ်ရုပ်ဖြစ်မည်မှာ သိသာထင်ရှားသဖြင့် လုယွီသည် သူ့အား သည်းခံနေမည်မဟုတ်ချေ။
"ငါ စကားပြောနေချိန်မှာ...မင်းလို ရွှမ်းဝူစစ်ဗိုလ်ချုပ်ငယ်လေးက ပြန်ပြောခွင့်ရှိလို့လား....ငါက မင်းကို ဒူးထောက်စေချင်ရင် မင်း ဒူးထောက်လိုက်လေ...အပိုစကားတွေက ဘယ်နေရာကထွက်လာတာလဲ"
ရှဖုန်းက လုယွီချေပပြောဆိုမည်ဟု မျှော်လင့်ထားမိပုံမရချေ။ဤသည်က သူ့အတွက် အရှက်ရစရာဖြစ်သဖြင့် ဒေါသတကြီးအော်ဟစ်လိုက်၏။
လုယွီက ရယ်မောရင်း ပြောဆိုသည်။
"ကျင့်ကြံတယ်ဆိုတာက မိုးကောင်းကင်ကိုဆန့်ကျင်တဲ့အလုပ်ပဲ...မိုးကောင်းကင်ကတောင် ကျုပ်ကို ဒူးထောက်အောင်မလုပ်နိုင်တာ...ခင်ဗျားက ကျုပ်ကို ဒူးထောက်စေချင်တာလား...ရှဖုန်း...ခင်ဗျား အချိန်တွေအကြာကြီးကျင့်ကြံလာတာ ဒီလိုအရှက်မရှိတဲ့ကိစ္စတွေ လုပ်ဖို့အတွက်လား"
"မင်း သေချင်နေတာလား"
ရှဖုန်းက ဒေါသတကြီးအော်ဟစ်လိုက်ကာ လုယွီကို သင်ခန်းစာပေးရန်အတွက် မတ်တတ်ထရပ်လိုက်သည်။
သို့သော် ထိုအချိန်မှာပင် စစ်ရေးဌာန၏အမတ်ကြီး ကျိုးလီယန်က ရှဖုန်းကို ဟန့်တားလိုက်၏။
"အရာရှိရှ....တော်ဝင်နန်းတွင်းမှာ ဒီဥပဒေစည်းမျဥ်းရှိတယ်....လုယွီ ပြောတာအမှန်ပဲ...လူငယ်တွေက စိတ်လိုက်မာန်ပါပြောဆိုတက်တာ သဘာဝပါပဲ...ငါ့ရဲ့အမြင်အရတော့ ဒီကိစ္စကိုထားလိုက်တော့"
Chapter 2187
"တကယ်လို့ သူ ပေါက်ကရစကားတွေ ထပ်ပြီးပြောနေမယ်ဆိုရင်...မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာလိမ့်မယ်"
ရှဖုန်းက မှုန်တေတေအမူအယာဖြင့်ပြောဆိုကာ လုယွီကိုကြည့်သော သူ၏မျက်လုံးများအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။
လုယွီသည် ထိုသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကို ကြောက်ရွံခြင်းမရှိဘဲ ရှဖုန်းကို စူးစိုက်၍တုံ့ပြန်ကြည့်လိုက်၏။
"တကယ်လို့ ငါ အခွင့်အရေးရမယ်ဆိုရင်...ငါ သူ့ကို သတ်ရမယ်"
လုယွီ၏စိတ်နှလုံးသားအတွင်းတွင်လည်း သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့် ပြည့်နှက်နေသည်။
လုယွီက သူသည် စစ်ရေးအောင်မြင်မှုများရရှိထားသော်လည်း ဤသည်မှာ ရှကွေ့ကျုံးကို ခြိမ်းခြောက်နိုင်စွမ်းမရှိသေးကြောင်း သိရှိထားသည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီ၏နာမည်ဂုဏ်သတင်းသည် ကောင်းကင်ဘုံနယ်မြေအနှံ့ ပျံ့နှံ့နေကာ သူ၏ခွန်အားမှာလည်း အလျှင်အမြန်မြင့်တက်နေသည်။
ဤအချိန်သည် ရှကွေ့ကျုံး လှုပ်ရှားရန်အချိန်ကောင်းဖြစ်သည်။ထိုသို့မဟုတ်ဘဲ လုယွီ၏အင်အား ကြီးထွားလာချိန်မှသာ ရှကွေ့ကျုံးလှုပ်ရှားပါက အလွန်နောက်ကျသွားပေမည်။
သူတို့ထံ၌ မည်သည့်အဆင့်အတန်းများရှိနေပါစေ သူ့အား သတ်ဖြတ်လိုသူဟူသမျှကို အရင်ဦးအောင် အမြစ်ပြတ်သုတ်သင်ထားခြင်းသည် သူ့အတွက် အနာဂတ်ပြဿနာများကို ရှောင်ရှားပြီးသား ဖြစ်သွားပေလိမ့်မည်။
"ဒီကောင်လေးက ငါ့ကို သတ်ချင်နေတာလား"
ရှဖုန်းက လုယွီ၏အကြည့်ကိုမြင်ချိန်တွင် အနည်းငယ်အံ့အားသင့်တုန်လှုပ်သွားသည်။
သို့ရာတွင် သူသည် အချိန်အတော်ကြာနာမည်ကျော်ကြားခဲ့သော အဆင့်မြင့်အရာရှိကြီးတစ်ယောက်ဖြစ်သည်။ယခုချိန်တွင် လုယွီ၏ကျင့်ကြံဆင့်နယ်ပယ်သည် လောကီအင်မော်တယ်သာဖြစ်ရာ သူ့အား ထိတ်လန့်ကြောက်ရွံစေရန်အတွက် မလုံလောက်ချေ။
"လုယွီ...ဒီတစ်ကြိမ် ငါတို့ မင်းကိုခေါ်လိုက်တာက လော့ရွှေကြယ်မြစ်ရဲ့အရေးကိစ္စကို မေးမြန်းဖို့ပဲ...လော့ရွှေကြယ်မြစ်မှာဆုံးရှုံးခဲ့တာတွေက ငါတို့အတွက် မကြုံစဖူးကိစ္စကြီးပဲ...မင်းက ငါတို့ရဲ့စစ်ဆေးမှုကို ပူးပေါင်းပါဝင်ပေးဖို့လိုအပ်တယ်...ဘယ်အရာကိုမှ ထိန်ချန်ထားလို့မရဘူး...မင်း နားလည်ရဲ့လား"
ကျိုးလီယန်က ပြောဆိုသည်။
သူ၏အသံထွက်ပေါ်လာသည်နှင့် ချက်ချင်းဆိုသလိုပင် နွေဦးလေပြည်ညှင်း တိုက်ခတ်သွားသည့်အလား ခံစားလိုက်ရ၏။ဤသည်က သူပြောဆိုသမျှ အရာရာတိုင်း မှန်ကန်နေသကဲ့သို့ပင်။
သို့ရာတွင် လုယွီက ထိုအသံအတွင်း၌ ဥပဒေသအငွေ့အသက်များ ရောယှက်နေခြင်းကို ခံစားမိသဖြင့် အလွန်အမင်း သတိကြီးစွာထားလိုက်သည်။
ဖူကျစ်ရွှယ်သည် အတွင်းဝန်ရုံးမှအမတ်ကြီးတစ်ယောက်ဖြစ်သည်။သူ၏ပုံပန်းသွင်ပြင်မှနေ၍ ကျောင်းတော်သားတစ်ယောက်ဟူသော အငွေ့အသက်မျိုးကို လူအများအား ပေးစွမ်းနိုင်သည်။သို့ရာတွင် ခွန်အားအရဆိုပါက နတ်ဘုရားဓားအမတ်ကြီးပင်လျှင် ဖူကျစ်ရွှယ်၏ပြိုင်ဘက်မဖြစ်နိုင်ကြောင်း လုယွီက အာရုံခံမိသည်။
တာယွီအင်ပါယာ၏အမတ်ကြီးခြောက်ယောက်အနက် မည်သူမျှ ရိုးရှင်းသောစရိုက်လက္ခဏါမျိုးမရှိချေ။
"ဟုတ်ကဲ့ပါ အမတ်ကြီး"
လုယွီက ပြောဆိုသည်။
ကျိုးလီယန်သည် စကားပြောဆိုပြီးချိန်တွင် မေးခွန်းများ မေးမြန်းခြင်းမရှိချေ။ထိုအစား မြို့တော်အုပ်ချုပ်သူရှဲ့ကျောယွမ်က ဦးဆောင်၍ မေးမြန်းလေ၏။
"ဗိုလ်ချုပ်လု...လော့ရွှေကြယ်မြစ်မှာတုန်းက မင်းရဲ့တပ်ခွဲက စစ်သားတွေကို ပုန်းကွယ်နဂါးလက်သီးနည်းစနစ်လို့ခေါ်တဲ့ နည်းစနစ်တစ်ခုကို သင်ပေးခဲ့တယ်...မင်း အဲ့ဒီနည်းစနစ်ကို ဘယ်နေရာကနေရလာတာလဲဆိုတာ ငါ သိချင်တယ်"
လုယွီသည် ဆင်ခြေများစွာပေးရန် ပြင်ဆင်ထားခဲ့သော်လည်း ပထမဆုံးကိစ္စသည် ဤကိစ္စဖြစ်နေမည်ဟု သူ မျှော်လင့်မထားမိချေ။
လုယွီက ပြောဆိုသည်။
"ဒါက ကျွန်တော် အမွေအနှစ်နယ်မြေတစ်ခုကနေရထားတဲ့ သိုင်းပညာနည်းစနစ်တစ်ခုပဲ...ကျွန်တော်က ဒါကို နည်းနည်းမွမ်းမံပြင်ဆင်ပြီးတော့ ကျွန်တော့်ရဲ့လက်အောက်ငယ်သားတွေကို လက်ဆင့်ကမ်းသင်ကြားပေးခဲ့တယ်"
"မင်းက မှော်လက်နက်တွေနဲ့ဆေးလုံးတွေကိုလည်း မင်းရဲ့လက်အောက်ငယ်သားတွေကိုပေးတယ်လို့ ငါ ကြားထားတယ်...မင်း အဲ့ဒီအရာတွေကို ဘယ်နေရာကရတာလဲ"
"အဲ့ဒီအရာတွေကလည်း အမွေအနှစ်နယ်မြေကပဲလေ"
လုယွီက တည်ငြိမ်စွာ ပြောဆိုလေ၏။
နံဘေးဘက်တွင်ရှိနေသော ရှဖုန်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။
"အဲ့ဒီအမွေအနှစ်နယ်မြေက ဘယ်နေရာမှာလဲ...အဲ့ဒီနေရာကို ပြောစမ်း...ငါတို့က အဲ့ဒါကို ဂရုတစိုက်စစ်ဆေးဖို့လိုအပ်တယ်"
လုယွီက အရူးတစ်ယောက်ကို ကြည့်သကဲ့သို့အကြည့်မျိုးဖြင့် ရှဖုန်းကို စူးစိုက်ကြည့်လိုက်၏။
"အမတ်ကြီးရှ...ကျုပ်က တော်ဝင်နန်းတွင်းက ဥပဒေစည်းမျဥ်းတွေကို ရှင်းရှင်းလင်းလင်းသိထားတယ်...ဘယ်သူကမှ ဒီလိုကိစ္စမျိုးကို ထုတ်ဖော်ပြောစရာမလိုဘူးလို့ ကျုပ်ထင်တယ်...တကယ်လို့ ကျုပ် ပြောရင်ရော အမတ်ကြီးရှက ယုံမှာလား"
ကျင့်ကြံသူတိုင်းအတွက် သူတို့၏ကျင့်ကြံနည်းစနစ်များ မူရင်းဇစ်မြစ်သည် ကြီးမားသောတားမြစ်ချက်တစ်ခုဖြစ်သည်။
ကျင့်ကြံသူတစ်ယောက်အား သူ၏ကျင့်ကြံနည်းစနစ် မည်သည့်နေရာမှသင်ယူလာသနည်း သူ၏ရတနာများ မည်သည့်နေရာမှရရှိလာသနည်း ဟူ၍ မည်သူကမျှ ရူးသွပ်မိုက်မဲစွာ မေးမြန်းမည်မဟုတ်ချေ။
အကယ်၍ တစ်စုံတစ်ယောက်သည် အတင်းအကြပ်ဖိအားပေးခြင်းကြောင့် ဖြေဆိုရလျှင် လိမ်ညာပြောဆိုမည်သာဖြစ်၍ မည်သူကမျှ ယုံကြည်မည်မဟုတ်ချေ။
ရှဖုန်း၏မျက်နှာသုန်မှုန်သွားကာ သူက ဒေါသတကြီးပြောဆိုလိုက်၏။
"မင်းက အမွေအနှစ်နယ်မြေဆိုတာကို အကာအကွယ်အဖြစ်သုံးနေတာလို့ ငါထင်တယ်...တကယ်တော့ ဒီပစ္စည်းတွေကို မင်း စစ်တပ်ထဲမှာအသုံးပြုဖို့အတွက် တစ်ယောက်ယောက်ကထောက်ပံပေးနေတာပဲဖြစ်မယ်...ဟုတ်လား မဟုတ်ဘူးလား"
Chapter 2188
သို့ရာတွင် လုယွီက ချက်ချင်းပင် ချေပပြောဆိုသည်။
"တကယ်လို့ တစ်ယောက်ယောက်ကသာ ကျုပ်ကို ဒီပစ္စည်းတွေ ထောက်ပံပေးနေတာဆိုရင်....တော်ဝင်နန်းတွင်းရဲ့အဆင့်မြင့်အရာရှိတွေကို လာဘ်ပေးလိုက်တာက ပိုမကောင်းဘူးလား...ကျုပ်က ဘာလို့ လက်အောက်ငယ်သားတွေကို ပေးနေတော့မှာလဲ....ပုန်းကွယ်နဂါးတပ်ခွဲကို ပထမဆုံးစတင်ဖွဲ့စည်းခဲ့တုန်းမှာ အဲ့ဒီလူတွေအားလုံးက တော်ဝင်စစ်ရေးဌာနရဲ့အကျဥ်းသားတွေပဲ ..ဒါတွေအားလုံးက မှတ်တမ်းတင်ထားပြီးသားတွေ...ဘာလဲ...အဲ့ဒီလိုလူမျိုးတွေက ကျုပ်ကိုကူညီပေးနိုင်တယ်လို့ ခင်ဗျားထင်နေတာလား"
လုယွီသည် ပုန်းကွယ်နဂါးတပ်ခွဲမှလူများကို မှော်လက်နက်များနှင့်ဆေးလုံးများ ပေးခဲ့ခြင်းမှာ သူတို့၏သစ္စာစောင့်သိမှုကို ရယူလိုရုံထက်မပိုချေ။
သူ့အတွက် ထူးချွန်သောလက်အောက်ငယ်သားများကို ရရှိနိုင်ရန်အတွက် အချိန်နှင့်အင်အားစိုက်ထုတ်မှုလိုအပ်သည်။
ယခုချိန်တွင် ရှဖုန်းသည် သူ့အားတိုက်ခိုက်လာသဖြင့် လုယွီက ချေပပြောဆိုရခြင်းဖြစ်သည်။
အကယ်၍ သူ့ထံ၌ တခြားအတွေးမျိုးရှိနေပါက ထိုအရင်းအမြစ်များကိုအသုံးပြု၍ အဆင့်မြင့်အရာရှိများကိုသာ ဆွဲဆောင်ပေမည်။ဤကဲ့သို့အဆင့်နိမ့်ကျင့်ကြံသူများပေါ်၌ သူ ဖြုန်းတီးနေရန်မလိုအပ်ချေ။
ရှဖုန်း၏မျက်နှာအမူအယာ အနည်းငယ်ပျက်ယွင်းသွားပေ၏။သူ တစ်စုံတစ်ခုမှားယွင်းပြောဆိုမိသည်ကို နားလည်သွားသဖြင့် သူက ခါးသည်းသောအမူအယာနှင့် ထိုင်ခုံပေါ်၌ ပြန်၍ထိုင်လိုက်သည်။
ရှဲ့ကျောယွမ်က တည်ငြိမ်သောလေသံဖြင့် ပြောဆိုလေ၏။
"ကျွန်တော်ထင်တာတော့ အရှင်ရှက အတွေးလွန်နေပုံပဲ...ဗိုလ်ချုပ်လုက သူပိုင်ဆိုင်တဲ့ရတနာတွေကို သူ့ရဲ့လက်အောက်ငယ်သားတွေကို ပေးတာလေ...ဒါက ငါတို့တာယွီတော်ဝင်စစ်တပ်ရဲ့အင်အားကိုတောင် မြှင့်တင်ပေးရာရောက်တယ်...ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာပြဿနာမှမရှိနိုင်ဘူး...ငါက ဗိုလ်ချုပ်လုလိုလူမျိုးတွေ စစ်တပ်ထဲမှာ ပိုပြီးရှိလာဖို့ မျှော်လင့်တယ်...ဒါဆိုရင် တိုက်ပွဲတွေကရတဲ့အကျိုးအမြတ်တွေက ဗိုလ်ချုပ်တွေရဲ့လက်ထဲကိုပဲရောက်သွားမှာမဟုတ်ဘူး"
မြို့တော်၏အုပ်ချုပ်ရေးရုံးသည် စစ်တပ်ရာထူးအဆင့်အတန်းများနှင့်လေ့ကျင့်ခြင်းတို့ကို ကိုင်တွယ်ရသည့်အပြင် ထူးချွန်သောစစ်ဗိုလ်ချုပ်များကို ရွေးထုတ်သည့်နေရာတွင်လည်း တာဝန်ယူထားရသည်။
ရှဲ့ကျောယွမ်သည် လေ့လာဆန်းစစ်ရန် နေရာအနှံ့အပြားသို့ သွားခဲ့ဖူးသည်။ထိုနေရာများရှိ စစ်ဗိုလ်ချုပ်များသည် တော်ဝင်နန်းတွင်း၏တရားစီရင်ပိုင်ခွင့်လက်အောက်တွင်ရှိသော်လည်း သူတို့အနက်မှအများစုသည် စစ်သားများကို ကျွန်အဖြစ်အသုံးပြုနေကြ၏။သူတို့သည် စစ်ဆင်ရေးထွက်သည့်အချိန်တိုင်း အကျိုးအမြတ်များအားလုံး စစ်ဗိုလ်ချုပ်များ၏လက်အတွင်းသို့သာ ရောက်ရှိသွားသည်။ထို့ကြောင့် စစ်ဗိုလ်ချုပ်များ၏ကျင့်ကြံဆင့်မှာ လျှင်မြန်လာသော်လည်း စစ်သားများသည် ကျင့်ကြံခြင်းအရင်းအမြစ်များ လုံလောက်စွာမရကြချေ။
ဤအခြေအနေသည် ယခုလက်ရှိချိန်၌ စံသတ်မှတ်ချက်တစ်ခုကဲ့သို့ ဖြစ်လာလေပြီ။
ယခုချိန်၌ တာယွီအင်ပါယာတွင် အခြေခံအုတ်မြစ်ခိုင်မာသဖြင့် အရာအားလုံးအဆင်ပြေနေဆဲပင်။သို့ရာတွင် ပတ်ဝန်းကျင်ရှိဂိုဏ်းကြီးများနှင့်မြင့်မြတ်နယ်မြေများ၏ အင်အားကြီးထွားလာမှုနှင့်အတူ တာယွီအင်ပါယာကို ခြိမ်းခြောက်နိုင်စပြုလာသည်။
အကယ်၍ တစ်စုံတစ်ယောက်သည် တာယွီစစ်တပ်အတွင်းသို့ စစ်သားအဖြစ်ဖြင့်ဝင်ရောက်လာပြီးနောက် မည်သည့်အကျိုးအမြတ်မှမရရှိပါက မည်သည်ကြောင့် ဝင်ရောက်တော့မည်နည်း။ပြင်ပလောကတွင် သူတို့အားအထိန်းအကွပ်မရှိဘဲ လွတ်လွတ်လပ်လပ် သွားလာနိုင်ရုံသာမက သူတို့၏ခွန်အားကိုလည်း အကန့်အသတ်မရှိ မြှင့်တင်နိုင်ပေမည်။
ရှဲ့ကျောယွမ်သည် တော်ဝင်စစ်တပ်လူသစ်စုဆောင်းရေးဌာန၏ အုပ်ချုပ်သူလည်းဖြစ်နေသဖြင့် ထိုအခြေအနေများကို ရှင်းရှင်းလင်းလင်းသိရှိထားသည်။ဤနှစ်များအတွင်းတွင် တာယွီတော်ဝင်စစ်တပ်အတွင်းသို့ ဝင်ရောက်သောသူ တစတစပို၍နည်းပါးလာသည်။ဆန့်ကျင်ဘက်အနေဖြင့် ဂိုဏ်းကြီးများနှင့်မြင့်မြတ်နယ်မြေများသည် တော်ဝင်နန်းတော်ကို ဖိနှိပ်နိုင်စပြုလာသည်။
လွန်ခဲ့သောအချိန်ကာလတစ်ခု၌ တော်ဝင်မြို့တော်အတွင်းတွင် နတ်ဆိုးဂိုဏ်းတစ်ဂိုဏ်းထွက်ပေါ်လာခဲ့သော်လည်း မကြာမီမှာပင် ဖယ်ရှားရှင်းလင်းခံလိုက်ရ၏။သို့ရာတွင် ဤသည်က တော်ဝင်နန်းတော်ကို သတိပေးလိုက်သကဲ့သို့ပင်။အကယ်၍ ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်လက်ထက်တွင်သာ နတ်ဆိုးဂိုဏ်းတစ်ဂိုဏ်းသည် တော်ဝင်မြို့တော်အနီးသို့ ချဥ်းကပ်ဝံ့ပါက သူတို့၏ဂိုဏ်းတစ်ဂိုဏ်းလုံး အမြစ်ပြတ်သုတ်သင်ခြင်းခံရပေမည်။
ထို့ကြောင့် နတ်ဆိုးဂိုဏ်းများသည် တော်ဝင်မြို့တော်ကို မျက်လုံးပင်စွေမကြည့်ဝံ့ကြချေ။
အထူးသဖြင့် ယခုလတ်တလောအချိန်၌ မြင့်တက်လာသော ထန်အင်ပါယာသည် အတင့်ရဲစွာဖြင့် လော့ရွှေကြယ်မြစ်ကိုသိမ်းပိုက်ခဲ့ရာ တာယွီအင်ပါယာအတွက် အရှက်ရစရာဖြစ်စေသည်။
အပြင်လူများ၏အမြင်တွင် ရှဲ့ကျောယွမ်သည် အခွင့်အာဏာကြီးမားသော အဆင့်မြင့်အရာရှိတစ်ယောက်ဖြစ်သည်။သို့ရာတွင် သူသည် အုပ်ချုပ်ရေးရုံးကို ကိုင်တွယ်နေရသော်လည်း ပြောရေးဆိုခွင့်ရှိသူတစ်ယောက်မဟုတ်ချေ။သူသည် ကိစ္စများကို ဆုံးဖြတ်ရာ၌ အဓိကကျသူမဟုတ်ဘဲ စကားလုံးတချို့သာပြောနိုင်သော လူတစ်ယောက်ပင်။
ထိုအကြောင်းများကိုတွေးတောရင်းဖြင့် ရှဲ့ကျောယွမ်က လုယွီကို ပို၍ညှာတာထောက်ထားသောအကြည့်ဖြင့် ကြည့်လိုက်၏။
"ငါက မင်းရဲ့အကြောင်းတွေကို အကြမ်းဖျင်းသိထားပြီးပြီ...မင်းက အောက်ဘုံကနေ တက်လှမ်းလာတာ...ဒါကြောင့်မလို့ မင်း ကံကြမ္မာကောင်းတချို့ရထားတာ အံ့အားသင့်စရာမရှိဘူး...လော့ရွှေကြယ်မြစ်အရေးကိစ္စမှာ မင်း ကောင်းကောင်းလုပ်ဆောင်နိုင်ခဲ့တယ်...မင်းက ဦးရီးတော်ရှားဟိုလီကို ထောင်ချောက်ထဲကနေ လွတ်မြောက်အောင် ကူညီပေးနိုင်ပြီးတော့ ရှုရာဧကရာဇ်ကို သတ်ဖြတ်ခဲ့တယ်...ငါက မင်းရဲ့တိုက်ပွဲအကျိုးဆောင်မှုကို မှတ်တမ်းတင်ထားတယ်...နောင်အနာဂတ်မှာ မင်း တော်ဝင်နန်းတွင်းအတွက် ပိုပြီးအကျိုးဆောင်နိုင်လိမ့်မယ်လို့ ငါ မျှော်လင့်တယ်"
ရှဲ့ကျောယွမ်က ပြောဆိုသည်။
"အရှင်ရှဲ့ ခဏနေပါဦး...ဒီကောင်လေးရဲ့တိုက်ပွဲအကျိုးဆောင်မှုတွေက နည်းနည်းထူးဆန်းနေတယ်လို့ ငါ ထင်တယ်"
ရှဖုန်းက ရုတ်တရက် မေးမြန်းလိုက်သည်။
"ရှုရာနတ်ဘုရား ပြန်ရှင်သန်လာမယ့် အစီအစဥ်ကို ဖျက်ဆီးခဲ့တာတဲ့လား...ဟား ဟား ဟား...ငါ ရယ်ရလွန်းလို့ သေတော့မှာပဲ....တကယ်လို့ အဲ့ဒီကိစ္စကို လော့ရွှေကြယ်မြစ်အုပ်ချုပ်သူ လီလုံချင်းလုပ်တာဆိုရင် ငါ ယုံပေးလိုက်အုံးမယ်...သူက လောကီအင်မော်တယ်တစ်ယောက်လေ...ဘယ်လိုလုပ်ပြီး ရှုရာနတ်ဘုရားပြန်ရှင်သန်လာမယ့်ကိစ္စကို ဖျက်ဆီးနိုင်မှာလဲ"
Chapter 2189
ရှုရာနတ်ဘုရားသည် ကောင်းကင်ဘုံနယ်မြေ၌ အချိန်အတော်ကြာ နာမည်ကျော်ကြားခဲ့သော နတ်ဘုရားတစ်ပါးဖြစ်သည်။သူ၏အထွတ်အထိပ်အခြေအနေ၌ ရှိနေစဥ်တွင် တာအိုသခင်နှင့်ပင် ယှဥ်ပြိုင်နိုင်လေ၏။
ယခုလက်ရှိနေရာတွင်ရှိနေသော အရာရှိကြီးသုံးယောက်သည် မြင့်မားသောအဆင့်အတန်းရှိပြီး အစွမ်းထက်သည့်တိုင် ရှုရာနတ်ဘုရား၏ပြိုင်ဘက်ဖြစ်နိုင်ရန် အလွန်အလှမ်းကွာဟသည်။
လုယွီ၏တိုက်ပွဲအောင်မြင်မှုစာရင်းတွင် သူသည် ရှုရာနတ်ဘုရား ပြန်ရှင်သန်လာမည့်အစီအစဥ်ကို ဖျက်ဆီးခဲ့သည်ဟု ဖော်ပြထားပေ၏။ထို့ပြင် ဤသည်က ထိပ်ဆုံးနေရာတွင်ရှိနေသည်။
တိုက်ပွဲအကျိုးဆောင်မှတ်တမ်းကို အတုလုပ်ရန်မှာ အလွန်ခက်ခဲသည်။အကြောင်းအရင်းမှာ ထိုမှတ်တမ်းကို ထုတ်ပြန်ရန်အတွက် တပ်မှူးချုပ်၏စည်းတံဆိပ်အပြင် တိုက်ပွဲအကျိုးဆောင်ရမှတ်များကိုကိုင်တွယ်သောအရာရှိနှစ်ယောက်၏ ထောက်ခံချက်လိုအပ်သည်။
လုယွီ၏တိုက်ပွဲအကျိုးဆောင်မှတ်တမ်းတွင် စည်းတံဆိပ်နှင့်ထောက်ခံချက်များ အပြည့်အစုံပါဝင်နေသဖြင့် ပြဿနာတစ်ရပ်မဟုတ်သော်လည်း လူတိုင်းသည် ဤသည်က မယုံကြည်နိုင်ဖွယ်ကိစ္စတစ်ရပ်ဟု တွေးတောနေကြဆဲပင်။
လုယွီသည် ယခုလက်ရှိအချိန်၌ လောကီအင်မော်တယ်တစ်ယောက်သာဖြစ်သည်မှာ အငြင်းပွါးဖွယ်မရှိချေ။
မည်သည့်နည်းဖြင့် သူ့ထံတွင် ရှုရာနတ်ဘုရား၏အကြံအစည်ကို ဖျက်ဆီးနိုင်သောအရည်အချင်းမျိုးရှိမည်နည်း။
လုယွီက ပြောဆိုသည်။
"အမတ်ကြီးရှ....တိုက်ပွဲအကျိုးဆောင်မှတ်တမ်းပေါ်မှာ ရေးသားထားတာက ရှင်းရှင်းလင်းလင်းပဲလေ ....ငါက အပြစ်သားပင်လယ်ကြယ်နယ်မြေပေါ်မှာ ရှုရာနတ်ဘုရားရဲ့လက်ပြတ်ကြီးကို တွေ့ခဲ့တယ်...ပြီးတော့ ငါက ရှုရာနတ်ဘုရားက ပြန်ရှင်သန်လာဖို့အတွက် လျှို့ဝှက်လုပ်ဆောင်နေတာကို ငါ သတိပြုမိတယ်...ဒါကြောင့် ငါက သူတော်စင်ပင်လယ်ကြယ်နယ်မြေကို ပြန်သွားပြီးတော့ ငါ့ရဲ့စစ်သည်အင်အားကို စုစည်းခဲ့တယ်...ရှုရာနတ်ဘုရား ပြန်ရှင်သန်လာမယ့် အထွတ်အထိပ်အခြေအနေကို အခွင့်ကောင်းယူပြီးတော့ ငါ သူကိုသတ်ခဲ့တာပဲ"
လုယွီ ပြောဆိုသွားသည်များမှာ တိုက်ပွဲအောင်မြင်မှုမှတ်တမ်းတွင် ရေးသားထားသော အခြေခံအကြောင်းအရာများဖြစ်သည်။
လုယွီ၏ဖော်ပြချက်များနှင့် တိုက်ပွဲအကျိုးဆောင်မှတ်တမ်းတွင် ရေးသားထားသည်များက တစ်ထပ်တည်းကျနေသည်။
ဤသည်က ဟုတ်တိုင်းမှန်ရာကိုပြောဆိုသည်ဟု ဆိုနိုင်သော်လည်း လုယွီသည် တချို့အကြောင်းအရာများကို ချန်လှပ်ထားပေ၏။
ယခင်က သူ၏တိုက်ပွဲအကျိုးဆောင်မှုများကို စေ့စေ့စပ်စပ် စစ်ဆေးခံရမည်ကို သူ စိုးရိမ်ပူပန်နေခဲ့သည်။သို့ရာတွင် ယခုလက်ရှိချိန်၌ လော့ရွှေကြယ်မြစ်တစ်ခုလုံး ထန်အင်ပါယာ၏လက်အတွင်းသို့ ကျရောက်သွားလေပြီ။အကယ်၍ တာယွီအင်ပါယာမှလူများသည် ခွင့်ပြုချက်မရှိဘဲ လော့ရွှေကြယ်မြစ်ထံသွားရောက်၍ စုံစမ်းစစ်ဆေးပါက စစ်ပွဲများဖြစ်ပေါ်လာခြင်းနှင့် ရင်ဆိုင်ရပေမည်။
"ရယ်စရာကောင်းလိုက်တာ...မင်းလိမ်နေတာလို့ ငါ ထင်တယ်...မင်းလိုလူက ပြင်းပြင်းထန်ထန် အပြစ်ပေးခံရသင့်တယ်"
ရှဖုန်းက အံ့တင်းတင်းကြိတ်ကာ ပြောဆိုလိုက်၏။
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
"အမတ်ကြီးရှက ကျုပ်ရဲ့တိုက်ပွဲအကျိုးဆောင်မှုတွေကို အလိမ်အညာလို့ပြောနေမှတော့ ကျေးဇူးပြုပြီး ကျုပ်ကို သက်သေပြပေးပါလား...စကားအရဆိုရင်တော့ ကျုပ်ကလည်း ခင်ဗျားကို လူလိမ်တစ်ယောက်လို့ စွပ်စွဲလို့ရတယ်....ဟုတ်တယ်မလား အမတ်ကြီးရှ"
"အမတ်ကြီးရှက ဒီလိုရိုးရှင်းတဲ့တိုက်ပွဲအကျိုးဆောင်မှုကိုတောင် ငြင်းဆန်ချင်နေပေမယ့်...တခြားအရှင်တွေက သဘောမတူညီမှာကို ကျုပ် စိုးရိမ်မိတယ်"
လုယွီ၏မျက်လုံးအကြည့်သည် တော်ဝင်စစ်ရေးဌာန ပင်မခန်းမ၏အတွင်းဘက်ရှိ လိုက်ကာတစ်ခုထံသို့ ကျရောက်သွားသည်။
ထိုလိုက်ကာပေါ်တွင် ချီလင်တစ်ကောင်နှင့်ကျားတစ်ကောင်၏ပုံများကို ရေးဆွဲထားသည်။လိုက်ကယ်၏နောက်၌ လူဆယ်ယောက်ကျော်ရှိနေကာ ထိုလူတစ်ယောက်ချင်းစီထံမှနေ၍ အစွမ်းထက်သော အရှိန်အဝါများ ထွက်ပေါ်နေသည်။
အကယ်၍သာ သူ၏နတ်ဘုရားစိတ်အာရုံသည် လုံလောက်အောင် သန်မာအားကောင်းခြင်းမရှိပါက ထိုလူများ၏တည်ရှိမှုကို သတိပြုမိမည်မဟုတ်ချေ။
လုယွီအား စစ်မေးနေမှုကို သူတို့သည် နောက်မှနေ၍ စောင့်ကြည့်နေကြပြီး မကြာခဏ သူတို့အချင်းချင်း ဆက်သွယ်ပြောဆိုနေကြ၏။သို့ရာတွင် သူတို့၏အသံများကိုနှိမ့်၍ ပြောဆိုနေသည့်တိုင် လုယွီက ကြားနေရဆဲပင်။
ထိုလူများသည် အုပ်ချုပ်သူအိမ်တော် အတွင်းဝန်ရုံး တော်ဝင်စုံစမ်းစစ်ဆေးရေးဌာနနှင့် တခြားသောအုပ်ချုပ်ရေးရုံးများမှ အရာရှိကြီးများဖြစ်သည်။ဤသည်က သုံးပွင့်ဆိုင်စစ်ဆေးခြင်းမျိုးမဟုတ်သော်လည်း သူတို့၏ရောက်ရှိလာမှုမှတဆင့် ဤကိစ္စသည် လွန်စွာအရေးကြီးကြောင်း ပြသနေပေ၏။
တာယွီအင်ပါယာသည် တည်ငြိမ်အေးချမ်းပြီး သာယာဝပြောခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။သို့ရာတွင် ယခုလက်ရှိချိန်၌ ကြယ်မြစ်တစ်ခုကို ရုတ်တရက် ဆုံးရှုံးလိုက်ရရာ တော်ဝင်နန်းတွင်းအတွက် ကြီးမားသောထိုးနှက်ချက်ကြီး ဖြစ်သွားခဲ့သည်။ထို့ကြောင့် ယခုလက်ရှိချိန်တွင် လုယွီသည် ရွှမ်းဝူစစ်ဗိုလ်ချုပ်အဆင့်သာရှိသည့်တိုင် တော်ဝင်နန်းတွင်းမှ အဆင့်မြင့်အရာရှိကြီးများ၏စိတ်အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။
ထိုလူများသည် မည်သည့်စကားတစ်ခွန်းမျှ ဝင်ရောက်ပြောဆိုခြင်းမရှိသော်လည်း ရှဖုန်း ပြဿနာရှာမည်ကို ခွင့်ပြုမည့်ပုံမရချေ။
ရှဖုန်းက အံ့တင်းတင်းကြိတ်ကာ အေးစက်တင်းမာသောအသံဖြင့် ပြောဆိုသည်။
"ကောင်းပြီလေ...ငါ မင်းကို မေးမယ်...အပြစ်သားပင်လယ်ကြယ််နယ်မြေသခင်က ပုန်ကန်ချင်နေတာ...ဒါကို မင်း ဘယ်လိုလုပ်ပြီးလွတ်မြောက်လာခဲ့လဲ...အဲ့ဒီနေရာမှာ ရှုရာနတ်ဘုရားရဲ့ကိုယ်ပွါးရှိနေတာတောင် မင်း ဘယ်လိုနည်းနဲ့ ထွက်ပြေးလာနိုင်ခဲ့တာလဲ"
လုယွီ၏မျက်နှာအမူအယာက ပြောင်းလဲသွားခြင်းမရှိချေ။
"တကယ်တော့ ရှုရာနတ်ဘုရားရဲ့ကိုယ်ပွါးကိုသတ်ဖို့ ငါ့ကို တစ်စုံတစ်ယောက်က ကူညီပေးခဲ့တာပဲ"
"မင်းက အမွေအနှစ်နယ်မြေလိုပဲ မရှိတဲ့လူတစ်ယောက်ကို ဖန်တီးချင်သေးတာလား...လုယွီ...မင်း ငါ့ရှေ့မှာလာပြီး ငြင်းခုံမနေနဲ့တော့...မင်းက နတ်ဆိုးမျိုးနွယ်တွေနဲ့ ပူးပေါင်းတယ်ဆိုတဲ့သက်သေတွေ ငါ့ဆီမှာရှိတယ်...အထူးသဖြင့် အပြစ်သားပင်လယ်ကြယ်နယ်မြေပေါ်က နတ်ဆိုးဧကရာဇ်တွေနဲ့ပဲ....သူတို့က ဘယ်လိုလုပ်ပြီး မင်းလိုနိမ့်ကျတဲ့လူတစ်ယောက်ရဲ့ အမိန့်ကိုနာခံမှာလဲ...ငါ့ကို အကြောင်းပြချက်ပေးပါအုံး"
Chapter 2190
ရှဖုန်း၏စကားသံထွက်ပေါ်လာသည်နှင့် လိုက်ကာနောက်၌ရှိနေသူများပင်လျှင် စတင်၍တိုင်ပင်ဆွေးနွေးနေကြ၏။
လူသားမျိုးနွယ်သည် အမြဲတစေ နတ်ဆိုးသားရဲမျိုးနွယ်များ၏ အခဲမကြေနိုင်သောရန်သူတော်ကြီးဖြစ်သည်။နတ်ဆိုးသားရဲမျိုးနွယ်များအနက်မှအများစုသည် တာယွီအင်ပါယာ၏လက်အောက်တွင် နာမည်ခံအဖြစ်သာရှိနေကြကာ သူတို့၏စိတ်နှလုံးသားများအတွင်း၌ သဘောကျနှစ်ခြိုက်နေခြင်းမရှိချေ။
မည်သည့်လူသားမဆို နတ်ဆိုးသားရဲမျိုးနွယ်များ၏ ပိုင်နက်နယ်မြေအတွင်းသို့ မဆင်မခြင်တိုးဝင်သွားပါက ထိုလူ အသက်ရှင်ရက်ပြန်ထွက်လာရန်မှာ အခွင့်အရေးမရှိသလောက်ပင်။
နတ်ဆိုးသားရဲများ အပိုင်စီးထားသော ကြယ်နယ်မြေများသည် လူသားမျိုးနွယ်အတွက် တားမြစ်နယ်မြေလည်းဖြစ်ပေ၏။
လူသားများနှင့်နတ်ဆိုးသားရဲများ သဟဇာတဖြစ်၍ပူးပေါင်းနေရန်မှာ အကြွင်းမဲ့မဖြစ်နိုင်ချေ။
အထူးသဖြင့် အပြစ်သားပင်လယ်ကြယ်နယ်မြေပေါ်ရှိ နတ်ဆိုးသားရဲဧကရာဇ်များသည် နတ်ဆိုးသားရဲမျိုးနွယ်များကြား၌ အစွမ်းထက်တည်ရှိမှုကြီးများဖြစ်သည်။ထိုနတ်ဆိုးဧကရာဇ်များသည် ရိုင်းပျပြီး စည်းမျဥ်ူမလိုက်နာကြသူများဖြစ်ရာ မည်သည်ကြောင့် လုယွီ၏အမိန့်ကို နာခံကြမည်နည်း။
"ဘာလဲ....မင်း ဘာလို့ စကားမပြောတော့တာလဲ...မင်းက နတ်ဆိုးမျိုးနွယ်နဲ့ပူးပေါင်းနေတယ်လို့ ငါ ထင်တယ်...မင်းက အကြိမ်ပေါင်းရာထောင်ချီပြီး သေဖို့ထိုက်တန်တယ်"
ရှဖုန်းသည် သူ မျက်နှာရစရာတစ်စုံတစ်ခု ရရှိသွားပုံဖြင့် ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုလေသည်။
လုယွီက သူ၏ခေါင်းကိုခါယမ်းကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
"တကယ်လို့ ကျုပ်ကသာ နတ်ဆိုးဧကရာဇ်တွေနဲ့ ပူးပေါင်းနေတယ်ဆိုရင်....ကျုပ်က ဘာလို့ ဦးရီးတော်ရှားဟိုလီရဲ့စစ်တပ်ကို ကယ်တင်နေတော့မှာလဲ...ကျုပ်က နတ်ဆိုးမျိုးနွယ်ကိုကူညီပြီး နံဘေးပတ်ဝန်းကျင်မှာရှိတဲ့ လူသားမျိုးနွယ်တွေကို အမြစ်ပြတ်သုတ်သင်တော့မှာပေါ့...ပြီးတာနဲ့ လူသားမျိုးနွယ်နဲ့ရှုရာမျိုးနွယ်ကြားကတိုက်ပွဲကို ထိုင်ကြည့်နေတာ ပိုမကောင်းဘူးလား"
"နတ်ဆိုးသားရဲမျိုးနွယ်တွေ ငါ့ကိုကူညီတာက...သူတို့နဲ့လူသားမျိုးနွယ်တွေကြား ပြန်လည်သင့်မြတ်သွားရုံသာမက....သူတို့က ရှုရာမျိုးနွယ်ကို ရန်စသလိုလည်းဖြစ်သွားတယ်...ဖြစ်နိုင်တာတော့ သူတို့က ကျုပ်နဲ့ တစ်ကျိတ်တည်းတစ်ဥာဏ်တည်းမလို့ ဒီကိစ္စကို လုပ်ခဲ့တာလား"
ရှဲ့ကျောယွမ်က သူ၏မုတ်ဆိတ်မွှေးများကို ပွတ်သပ်ရင်းပြောဆိုသည်။
"ဒါက အမှန်ပဲ...စစ်ဗျူဟာရှင်တွေရဲ့ သတင်းပို့မှုအရ အဲ့ဒီအချိန်တုန်းက ဒီအရေးကိစ္စမှာပါဝင်ခဲ့ကြတယ်...သန်းနဲ့ချီတဲ့နတ်ဆိုးသားရဲတွေက လုယွီနဲ့အတူ ဦးရီးတော်ရှားဟိုလီရဲ့စစ်တပ်ကို ကယ်တင်တဲ့နေရာမှာ ပါဝင်ခဲ့တယ်....ဒါက အရှက်ရစရာကိစ္စတစ်ခုလို့ ပြောလို့ရပေမယ့် တစ်ဖက်ကရတဲ့အကျိုးအမြတ်နဲ့နှိုင်းယှဥ်ရင် များတယ်လို့မဆိုနိုင်ဘူး"
"ဒီကောင်လေးက လိမ္မာပါးနပ်ပြီးတော့ အပြောင်းအလဲမြန်တယ်...ငါတို့က တော်ဝင်နန်းတွင်းအတွက် အလုပ်လုပ်နေတာ...အရမ်းသတိထားရတယ်...ဘယ်လိုပဲဖြစ်ဖြစ် သူ့ဆီမှာ သံသယဖြစ်စရာအချက်တွေအများကြီးပဲ...ဘယ်လိုလုပ်ပြီး သန်းနဲ့ချီတဲ့နတ်ဆိုးသားရဲတွေက သူ့ရဲ့အမိန့်ကို နာခံနေတာလဲ...သူ့ကို တော်ဝင်စစ်ရေးဌာနရဲ့အကျဥ်းထောင်ကိုပို့ပြီး သေသေချာချာ စစ်မေးသင့်တယ်လို့ ငါ ထင်တယ်"
ရှဖုန်းက လုယွီကို စူးစိုက်ကြည့်ကာ ပြောဆိုလိုက်၏။
လုယွီက တည်ငြိမ်စွာ တုံ့ပြန်ပြောဆိုသည်။
"ဘာလဲ...တော်ဝင်စစ်ရေးဌာနက တခြားသူတွေကို ချေပပြောဆိုခွင့်မပြုဘဲနဲ့ ကိုယ့်ရဲ့စိတ်ဆန္ဒအတိုင်း ဆောင်ရွက်တက်တာလား"
ကျိုးလီယန်က ချောင်းဟန့်လိုက်၏။
"လက်ထောက်အမတ်ကြီးရှ...ကိုယ်ရေးကိုယ်တာခံစားချက်တွေနဲ့ စစ်မေးခံနေရတဲ့သူကို မခြိမ်းခြောက်ပါနဲ့"
ထို့နောက် ကျိုးလီယန်က လုယွီကိုကြည့်၍ ဆက်လက်ပြောဆိုသည်။
"ဗိုလ်ချုပ်လု...ဒီကိစ္စအတွက်ကို မင်း အဖြေတစ်ခုတော့ ပြန်ပေးသင့်တယ်...နတ်ဆိုးဧကရာဇ်တွေက မင်းရဲ့အမိန့်ကို ဘာလို့နာခံတာလဲဆိုတာ ငါလည်းသိချင်တယ်"
ရုတ်ချည်းဆိုသလိုပင် လိုက်ကာ၏နောက်မှ တီးတိုးပြောဆိုနေသံများ ရပ်တန့်သွားသည်။
လူများအားလုံးက သူတို့၏ခေါင်းများကိုမော့၍ ဂရုတစိုက် နားထောင်လိုက်ကြ၏။လုယွီသည် ထိုကိစ္စကို မည်ကဲ့သို့ပြုလုပ်ခဲ့သည်အား သူတို့လည်း သိလိုစိတ်ပြင်းပြနေသည်။
"ကောင်လေး...ဒီတစ်ကြိမ်တော့ မင်း သေပြီပဲ"
ရှဖုန်းက သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပြည့်နှက်နေသောအကြည့်ဖြင့် လုယွီကိုကြည့်လိုက်သည်။
လူတိုင်းက စိတ်ဝင်တစား စောင့်ကြည့်နေစဥ်မှာပင် လုယွီက သူ၏အင်္ကျီလက်မောင်းကြားမှ အနက်ရောင်တံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်၏။
"ဒီပစ္စည်းကို အရှင်မှတ်မိမယ်လို့ ကျွန်တော်ထင်တယ်"
လုယွီက ကျိုးလီယန်ကိုကြည့်၍ ပြောဆိုသည်။
ကျိုးလီယန်က တံဆိပ်ပြားကိုတစ်ချက်ကြည့်လိုက်၏။ရုတ်ချည်းဆိုသလိုပင် သူ၏သာမာန်ကာလျှံကာ မျက်လုံးအကြည့်မှနေ၍ စူးရှတောက်ပသောအလင်းရောင်များ ဖြာထွက်လာသည်။
"ငါ့ဆီ ယူလာခဲ့စမ်း"
ကျိုးလီယန်က သူ၏လက်ကိုဆန့်တန်း၍ လက်ယပ်ခေါ်သည့် လက်ဟန်သင်္ကေတမျိုး ပြုလုပ်လိုက်သည်။လုယွီ၏လက်အတွင်းမှ တံဆိပ်ပြားသည် ပျံဝဲသွားပြီး ကျိုးလီယန်၏လက်အတွင်းသို့ ရောက်ရှိသွားသည်။
သူ၏လက်အတွင်းရှိ တံဆိပ်ပြားကိုကြည့်ပြီး ကျိုးလီယန်၏မျက်နှာအမူအယာ သုန်မှုန်သွားလေ၏။
"မင်း ဒီပစ္စည်းကို ဘယ်နေရာက ရခဲ့တာလဲ"
ကျိုးလီယန်က မေးမြန်းသည်။
"အမှန်တော့ ဒါကို အဲ့ဒီအစွမ်းထက်ပုဂ္ဂိုလ်က ကျွန်တော်ကို ပေးလိုက်တာလေ...မဟုတ်ရင် ကျွန်တော်က ဘယ်လိုလုပ်ပြီး နတ်ဆိုးဧကရာဇ်တွေနဲ့ သန်းနဲ့ချီတဲ့နတ်ဆိုးသားရဲတွေကို အမိန့်ပေးနိုင်မှာလဲ"
လုယွီက ပြောဆိုသည်။
ကျိုးလီယန်သည် သူ၏အသက်ရှုနှုန်းကို တည်ငြိမ်အောင်ထိန်းသိမ်း၍ သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်ရာ တံဆိပ်ပြားက လုယွီ၏လက်အတွင်းသို့ ပြန်လည်ရောက်ရှိသွားသည်။
"မင်းက အဲ့ဒီပုဂ္ဂိုလ်ရဲ့ရွေးချယ်ခံထားရတဲ့သူဖြစ်နေမှတော့ ကိစ္စတွေအားလုံး အဓိပ္ပါယ်ရှိသွားပြီ...သူက လူသားတစ်ယောက်ကို သူ့ရဲ့ဆက်ခံသူအဖြစ် ရွေးချယ်လိုက်မယ်လို့ ငါ မျှော်လင့်မထားမိဘူး"