← Chapters

အခန်း (၂၁၉၁-၂၁၉၅)

Vol. 113 Ch. 2191-2195

အခန်း (၂၁၉၁-၂၁၉၅)

Vol. 113 Ch. 2191-2195

Chapter 2191

ဤတစ်ကြိမ်တွင် လူတိုင်းမျှော်လင့်သွားသည်ထက် ကျော်လွန်သွားလေပြီ။

လုယွီသည် ဤကိစ္စကို အကြီးအကျယ်အင်အားစိုက်ထုတ်၍ ဖြေရှင်းရမည်ဟု သူတို့အားလုံး မျှော်လင့်ထားခဲ့သည်။

သို့ရာတွင် လုယွီသည် တံဆိပ်ပြားတစ်ခုမျှဖြင့် ကျိုးလီယန် သူ့အား သံသယဝင်နေမှုကို ရပ်တန့်နိုင်ခဲ့သလော...

"အရှင်ကျိုး...ဒီကောင်လေး ဘာတွေလုပ်နေတာလဲ"

ရှဖုန်း၏မျက်နှာပေါ်တွင် မယုံကြည်နိုင်သောအမူအယာမျိုးဖြင့် ပြည့်နှက်နေသည်။

ဤသည်က ထိုကောင်လေးအားရင်ဆိုင်နိုင်ရန် သူ ပြင်ဆင်ထားသောဝှက်ဖဲပင်။မည်သည်ကြောင့် လုယွီသည် လွယ်လင့်တကူ ဖြေရှင်းသွားနိုင်သနည်း။

ထို့ပြင် ကျိုးလီယန်သည် တော်ဝင်စစ်ရေးဌာန၏အကြီးအမှူးဖြစ်သည်။သူသည် ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းစသော စိတ်ခံစားချက်များနှင့်ပတ်သက်၍ သူ၏မျက်နှာအမူအယာပြောင်းလဲသွားခြင်းမရှိချေ။သူ၏မျက်နှာအမူအယာကို သိသိသာသာပြောင်းလဲသွားစေသော ကိစ္စဟူ၍ အနည်းငယ်သာရှိသည်။

သို့ရာတွင် ကျိုးလီယန်သည် တံဆိပ်ပြားကိုမြင်တွေ့ချိန်တွင် သူ၏မျက်နှာပေါ်၌ ထိတ်လန့်တုန်လှုပ်သောအရိပ်အယောင်များ ဖြတ်ပြေးသွားပေ၏။

ကျိုးလီယန်အား ဤကဲ့သို့အမူအယာမျိုး ထင်ဟပ်လာစေရန် ပြုလုပ်နိုင်သောတံဆိပ်ပြားသည် သာမာန်ပစ္စည်းတစ်ခု မဟုတ်နိုင်ချေ။

"မင်း လော့ရွှေကြယ်မြစ်ရဲ့ ပင်လယ်သူတော်စင်ကို သိတယ်မလား"

နောက်ဆုံးတွင် ကျိုးလီယန်က သူ၏ပါးစပ်ကိုဖွင့်ဟလာကာ လုယွီကို ဝေခွဲရခက်သောအကြည့်မျိုးဖြင့်ကြည့်နေသည်။

"ဒါက ပင်လယ်သူတော်စင်ရဲ့တံဆိပ်ပြား....ပင်လယ်သူတော်စင်ရဲ့ဆက်ခံသူသာ ကိုင်ဆောင်ရတဲ့ သင်္ကေတပဲ...သူက အဲ့ဒီနတ်ဆိုးသားရဲတွေအားလုံးကို ဒီတံဆိပ်ပြားကြောင့် ထိန်းချုပ်နိုင်ခဲ့တာ"

ပင်လယ်သူတော်စင်၏ဆက်ခံသူ....

ရုတ်ချည်းဆိုသလိုပင် လူတိုင်း၏စိတ်နှလုံးသားများ ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။

ကောင်းကင်ဘုံနယ်မြေအတွင်း၌ 'သူတော်စင်'ဟု ခေါ်ဆိုနိုင်သော အစွမ်းထက်ပုဂ္ဂိုလ်ဟူ၍ အနည်းစုသာရှိသည်။သို့ရာတွင် သူတို့ထွက်ပေါ်လာသည်နှင့် နယ်မြေတစ်ခုလုံးကို လွှမ်းမိုးနိုင်စွမ်းရှိသော တည်ရှိမှုကြီးများဖြစ်ပေ၏။

တာယွီအင်ပါယာတွင် ကွန်ဖြူးရှပ်တာအိုကိုကျင့်ကြံရာမှ စာပေသူတော်စင်ဖြစ်လာသော အစွမ်းထက်ပုဂ္ဂိုလ်သုံးယောက်ရှိသည်။သူတို့သည် လောကကြီး၏ဆရာသခင်များအဖြစ် ရပ်တည်နိုင်ကာ မရေမတွက်နိုင်သော သက်ရှိများ၏ရိုသေလေးစားခြင်းကိုခံရ၏။

သူတော်စင်အဆင့်သို့ရောက်လာသော မည်သူမဆို မိုးကောင်းကင်၏စိတ်ဆန္ဒကို အမွေဆက်ခံကာ လောကကြီးတစ်ခုလုံးကို သင်ကြားပြသပေးနိုင်သည်။

လူသားမျိုးနွယ်သည် နတ်ဆိုးသားရဲများထက် ခွန်အားပို၍နိမ့်ပါးသော်လည်း ဥာဏ်ရည်ဥာဏ်သွေး ပို၍မြင့်မားသည်။ထို့ကြောင့် သူတော်စင်အများစုသည် လူသားမျိုးနွယ်မှ ထွက်ပေါ်လာလေ့ရှိသည်။

နတ်ဆိုးသားရဲများဘက်တွင် အစွမ်းထက်ကျင့်ကြံသူအမြောက်အများရှိသော်လည်း သူတော်စင်ဟူ၍ မရှိသလောက်နည်းပါးသည်။

သာမာန်နတ်ဆိုးသားရဲများသည် နတ်ဘုရားစွမ်းရည်များဖြင့် မွေးဖွားလာကြသဖြင့် ခွန်အားအရာ၌ပြိုင်ဘက်ကင်းသည်။သူတို့အနက်မှ တချို့မျိုးနွယ်များသည် အဆိပ်အတောက်နှင့်မီးများကိုပင် ပျက်ပြယ်စေသော အဆင့်မြင့်နတ်ဘုရားစွမ်းရည်မျိုးရှိသော်လည်း သူတို့၏ဥာဏ်ရည်ဥာဏ်သွေးများမှာ လူသားများလောက် မြင့်မားခြင်းမရှိချေ။

ယေဘုယျကျကျပြောဆိုရလျှင် နှစ်ပေါင်းတစ်ရာကျော်ခန့် ကျင့်ကြံပြီးသော နတ်ဆိုးမျိုးနွယ်များသာလျှင် သာမာန်လူသားတစ်ယောက်နှင့်တူညီသော ဥာဏ်ရည်ဥာဏ်သွေးမျိုးရရှိသည်။

နှစ်ပေါင်းထောင်သောင်းချီ၍ ကျင့်ကြံခဲ့သော နတ်ဆိုးသားရဲအိုကြီးများတွင်မူ လောကကြီးကိုတုန်လှုပ်စေနိုင်သော ခွန်အားမျိုးရှိသည်။

ထို့ပြင် နတ်ဆိုးသားရဲမျိုးနွယ်များသည် လူသားမျိုးနွယ်ထက် ကျင့်ကြံချိန်ပို၍ကြာညောင်းသည်။

ထိုအချိန်တုန်းက ရှေးဟောင်းအလယ်ခေတ်၏ ကသောင်းကနင်းဖြစ်ရပ်များအကြားတွင် နတ်ဆိုးသားရဲမျိုးနွယ်များသည် သူတို့၏နတ်ဆိုးသူတော်စင်များအားလုံးကို ဆုံးရှုံးခဲ့ရ၏။ထို့ကြောင့် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ် မြင့်တက်လာချိန်တွင် နတ်ဆိုးသားရဲမျိုးနွယ်များသည် လျော့ရဲရဲဖြစ်နေသောသဲပုံဘဝသို့ ရောက်ရှိနေလေပြီ။သူတို့သည် တိုက်ခိုက်မှုတစ်ခုကိုပင် ခုခံနိုင်စွမ်းမရှိဘဲ တာယွီအင်ပါယာ၏ထိန်းချုပ်မှုအောက်၌ လက်အောက်ခံခဲ့ရသည်။

ထို့ပြင် ပင်လယ်သူတော်စင်သည် နတ်ဆိုးသားရဲမျိုးနွယ်၏ တစ်ဦးတည်းကျန်ရှိသောသူတော်စင်ပင်။

ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်သည် ပင်လယ်သူတော်စင်ရှိနေခြင်းကြောင့် နတ်ဆိုးသားရဲများအားလုံးကို အမြစ်ပြတ်သုတ်သင်ခြင်းမပြုခဲ့ချေ။ထိုအစား သူသည် နတ်ဆိုးသားရဲများကို အမျိုးမျိုးသောကြယ်နယ်မြေများထံ ခွဲဝေပို့ဆောင်ကာ သူတို့၏အင်အားကို လျှော့ချခဲ့သည်။

ထိုတံဆိပ်ပြားတွင် ပင်လယ်သူတော်စင်၏စိတ်ဆန္ဒပါဝင်နေသဖြင့် မည်သူမျှအတုအယောင်ပြုလုပ်၍မရချေ။

'ဒီကောင်လေးက တကယ်ကို နတ်ဆိုးသူတော်စင်ရဲ့ဆက်ခံသူလား...ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ...ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ'

ရှဖုန်း၏မျက်လုံးအတွင်း၌ မနာလိုအားကျသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

သူသည် ရှမိသားစုတွင် မွေးဖွားလာသဖြင့် ချမ်းသာကြွယ်ဝပြီး ကြီးကျယ်ခမ်းနားစွာ နေထိုင်ခဲ့ရသည်။သူသည် မြောက်မြားစွာသောဆေးဝါးများ ကျင့်ကြံနည်းစနစ်များဖြင့် သူ၏ဘဝကို သက်တောင့်သက်သာ ဖြတ်သန်းခဲ့ရ၏။

သို့ရာတွင် ဤသည်က နတ်ဆိုးသူတော်စင်၏ဆက်ခံသူဟူသောကိစ္စနှင့် နှိုင်းယှဥ်ပါက လွန်စွာအလှမ်းကွာဟသည်။

ရှဖုန်းသည် လုယွီအား ပစ်မှတ်ထားနေရသော အကြောင်းအရင်းမှာ ရှကွေ့ကျုံးက သူ့အားတောင်းဆိုထားခြင်းကြောင့်ပင်။သို့ရာတွင် ယခုလက်ရှိချိန်တွင် ရှဖုန်းသည် လုယွီအား အမှန်တကယ်ကိုပင် သတ်ဖြတ်လိုပေ၏။

နတ်ဆိုးသူတော်စင်၏ဆက်ခံသူဟူသော အဆင့်အတန်းသည် ထိုကောင်လေးကဲ့သို့ အမှိုက်ကောင်တစ်ကောင်၏လက်အတွင်းသို့ ရောက်ရှိမည့်အစား သူ ရရှိသည်က ပို၍ကောင်းမွန်ပေမည်။

"ဟမ့်...မင်းက ဒီလောက်ထိကံကောင်းမယ်လို့ ငါ မျှော်လင့်မထားမိဘူး...မင်းက ပင်လယ်သူတော်စင်ရဲ့တံဆိပ်ပြားကြောင့် နတ်ဆိုးသားရဲတွေကို အမိန့်ပေးနိုင်တယ်ပဲထားပါအုံး...ဒါပေမယ့် မင်းက ရှုရာဧကရာဇ်ရှစ်ဖန့်ကို မင်း သတ်လိုက်တယ်ဆိုတာကရော...အဲ့ဒီကိစ္စကို မင်း ဘယ်လိုရှင်းပြမလဲ"

Chapter 2192

လုယွီက အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုသည်။

"ဘာလဲ...ကျုပ်က ရှုရာဧကရာဇ်ကိုသတ်ဖြတ်လိုက်တဲ့ကိစ္စမှာ အမှားအယွင်းရှိနေတယ်လို့ အမတ်ကြီးရှက ထင်နေတာလား"

ရှဖုန်းက အနည်းငယ်မျှပင် ဟန်ဆောင်ခြင်းမပြုဘဲ အထင်အမြင်သေးသောလေသံဖြင့် ပြောဆိုလိုက်၏။

"မင်း အရင်ကလုပ်ခဲ့တဲ့ကိစ္စတွေမှာ နတ်ဆိုးသားရဲတွေရဲ့ ကူညီမှုကြောင့်ဆိုရင် ဒါတွေအားလုံးက ဖြေရှင်းပြီးသားဖြစ်သွားပြီ....ဒါပေမယ့် မင်းက လောကီအင်မော်တယ်အဆင့်ပဲရှိသေးတာ...ဘယ်လိုလုပ်ပြီး မင်းက ရှုရာဧကရာဇ်ရှစ်ဖန့်ရဲ့ပြိုင်ဘက် ဖြစ်နိုင်မှာလဲ...ဒီကိစ္စက နည်းနည်းတော့ သံသယဝင်စရာမကောင်းဘူးလား"

ယေဘုယျကျကျ ပြောဆိုရလျှင် ရှုရာဧကရာဇ်တစ်ယောက်၏ခွန်အားသည် လူသားမျိုးနွယ်၏ရွှယ်အင်မော်တယ်နှင့် နှိုင်းယှဥ်နိုင်ပေ၏။

လောကီအင်မော်တယ်တစ်ယောက် မည်မျှပင် ခွန်အားကောင်းနေသည်ဖြစ်စေ ရှုရာဧကရာဇ်တစ်ယောက်ကို ယှဥ်ပြိုင်တိုက်ခိုက်ရန်မှာ မဖြစ်နိုင်ချေ။

လုယွီသည် ရှုရာဧကရာဇ်ရှစ်ဖန့်ကို လူအမြောက်အများ၏ရှေ့၌ သတ်ဖြတ်ခဲ့သည့်ကိစ္စဆိုပါက ဆိုဖွယ်ရာပင်မရှိတော့ပေ။

"ကျင့်ကြံခြင်းလောကမှာ ဘယ်အရာမဆိုဖြစ်နိုင်တယ်...အမတ်ကြီးရှက ကိစ္စတစ်ရပ်လုံးကို ကျင့်ကြံဆင့်နယ်ပယ်အပေါ်အခြေခံပြီး အကဲဖြတ်တာလား"

လုယွီက ပြောဆိုသည်။

ရှဖုန်းသည် လုယွီနှင့် ငြင်းခုံလိုဟန်မရှိချေ။သူက အင်္ကျီလက်မောင်းကြားမှ စာတစ်စောင်ကိုထုတ်ယူကာ ယုတ်မာကောက်ကျစ်သောအပြုံးနှင့် ပြောဆိုလိုက်၏။

"ဒါက တော်ဝင်စစ်တပ်ရဲ့တိုက်ပွဲတွေကို စောင့်ကြည့်ရတဲ့လူတွေက ရေးသားထားတဲ့မှတ်တမ်းပဲ...မင်းနဲ့ရှုရာဧကရာဇ်ရှစ်ဖန့် တိုက်ခိုက်ပြီးတဲ့အချိန်မှာ...သူ့ရဲ့စိတ်ဝိညာဥ် ပျောက်ကွယ်သွားခဲ့တယ်...ဟုတ်တယ်မလား"

"ပြီးတော့ တော်ဝင်စစ်ရေးဌာနရဲ့စုံစမ်းစစ်ဆေးမှုတွေအရ...မင်း အသုံးပြုသွားခဲ့တဲ့မှော်မန္တန်က နတ်ဆိုးကျင့်ကြံနည်းစနစ်နဲ့ တူညီနေတယ်...ဒါပေမယ့် ဦးရီးတော်ရှားဟိုလီရဲ့မှတ်တမ်းထဲမှာ မင်းက ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက်ဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်...မင်းက သရုပ်မှန်ကို ရည်ရွယ်ချက်ရှိရှိဖုံးကွယ်ထားတာလို့ ငါ သံသယဝင်မိတယ်...တကယ်တော့ မင်းက နတ်ဆိုးဂိုဏ်းဝင်တစ်ယောက်ပဲဖြစ်မယ်...မင်းက မကောင်းတဲ့ရည်ရွယ်ချက်နဲ့ တော်ဝင်စစ်တပ်ထဲကို ခိုးဝင်လာခဲ့တာပဲ"

လုယွီက မျက်မှောင်ကြုတ်လိုက်ကာ အနည်းငယ်စိုးရိမ်ပူပန်စပြုလာသည်။

တော်ဝင်စစ်ရေးဌာန၏လက်ထောက်အမတ်ကြီးဖြစ်သော ရှဖုန်းသည် ကျိုးကြောင်းမစဥ်းစားတက်သူတစ်ယောက်မဟုတ်ချေ။ထိုအစား သူသည် လိမ္မာပါးနပ်ပြီး အကွက်ချစီမံတက်ပေ၏။

"ကျုပ်က နတ်ဆိုးကျင့်ကြံနည်းစနစ်ကို အသုံးပြုတာနဲ့ နတ်ဆိုးဂိုဏ်းကစေလွှက်လိုက်တဲ့ သူလျှိုလို့ အမတ်ကြီးရှက ပြောချင်တာလား....နတ်ဘုရားအမတ်ကြီးရှ အများဆုံးအသုံးပြုတဲ့ မဟာအရိုးစုနတ်ဆိုးလက်ဝါးကလည်း နတ်ဆိုးကျင့်ကြံနည်းစနစ်တစ်ခုပဲလေ...နတ်ဘုရားအမတ်ကြီးရှကလည်း နတ်ဆိုးဂိုဏ်းကလွှက်ထားတဲ့ သူလျှိုတစ်ယောက်လို့ ကျုပ် ပြောလို့ရလား"

လုယွီက အသံနက်ကြီးဖြင့် ပြောဆိုသည်။

နတ်ဘုရားအမတ်ကြီးရှသည် အတိတ်တွင် အရိုးစုနတ်ဆိုးဂိုဏ်း၏ အမွေအနှစ်ကို ဆက်ခံထားခဲ့သည်။ထိုမှော်မန္တန်အား အသုံးပြုလိုက်ချိန်တွင် ဧရာမအရိုးစုပလ္လင်ကြီးတစ်ခုက တုန်လှုပ်ချောက်ချားဖွယ်စွမ်းအားနှင့်အတူ ထွက်ပေါ်လာပေ၏။

မည်သို့ပင်ဆိုသည်ကမူ ဤသည်ကလည်း နတ်ဆိုးဂိုဏ်း၏အမွေအနှစ်ပင်။ရှကွေ့ကျုံးသည် ယခုချိန်၌ နတ်ဘုရားအမတ်ကြီးတစ်ယောက် ဖြစ်နေသည့်တိုင် တော်ဝင်နန်းတွင်း၌ မဟာကွန်ဖြူးရှပ်ပညာရှင်များ၏ ဝေဖန်တိုက်ခိုက်မှုကိုခံယူနေရဆဲဖြစ်သည်။

ရှဖုန်း၏တွေးခေါ်မှုအရဆိုလျှင် အရင်ဆုံးစစ်ဆေးခံရသူမှာ ရှကွေ့ကျုံးသာဖြစ်ပေမည်။

"မင်းက တော်ဝင်နန်းတွင်းရဲ့နတ်ဘုရားအမတ်ကြီးတစ်ယောက်ကိုတောင် ဒီကိစ္စထဲဆွဲသွင်းဝံ့တာလား"

ရှဖုန်းက ဒေါသတကြီး အော်ဟစ်လိုက်၏။

"မင်း ဘယ်လိုပဲငြင်းခုံနေပါစေ...ရှုရာဧကရာဇ်ရှစ်ဖန့် ရုတ်တရက်ကြီးပျောက်ဆုံးသွားခဲ့တာက အဖြစ်မှန်ပဲ...ရှုရာဧကရာဇ်ရှစ်ဖန့် မသေသေးဘူးလို့ ငါ ထင်တယ်...ဒါက မင်းနဲ့ ရှုရာမျိုးနွယ်တွေ ပူးပေါင်းကြံစည်ထားတဲ့ လှည့်ကွက်တစ်ခုပဲဖြစ်မယ်...မင်းက ဒီတိုက်ပွဲအကျိုးဆောင်ရမှတ်တွေကို အသုံးချပြီး တော်ဝင်နန်းတွင်းထဲကိုဝင်ဖို့ ကြံစည်နေတာမလား"

"ရှုရာဧကရာဇ်ရှစ်ဖန့်က မသေသေးဘူးလို့ အမတ်ကြီးရှက ဆိုလိုချင်တာလား"

လုယွီက တိုက်ရိုက်လှုပ်ရှားမှုပြုလုပ်ကာ သူ၏သိုလှောင်အိတ်အတွင်းမှ လူဘီလူးကြီးတစ်ကောင်ကို ဆင့်ခေါ်လိုက်သည်။

ဤသည်က လူသားပုံသဏ္ဌာန်ရှိသော သက်ရှိတစ်ကောင်ပင်။သူ့ထံတွင် လက်ရှစ်ဖက်ရှိကာ သူ၏ခန္ဓာကိုယ်သည် သာမာန်လူသားမျိုးနွယ်များထက် အနည်းဆုံး နှစ်ဆခန့်ပို၍ကြီးမားသည်။ထို့ကြောင့် သူ့အား လူဘီလူးကြီးဟုသာ ခေါ်ဆိုနိုင်သည်။

ထိုလူဘီလူးကြီးသည် တိုက်ခိုက်ခြင်းမရှိသေးသည့်တိုင် တုန်လှုပ်ချောက်ချားဖွယ်ကောင်းပြီး အစွမ်းထက်သော အရှိန်အဟုန်များကို ထုတ်လွှက်နေပေ၏။သူသည် နေရာမှာပင် သစ်သားပန်းပုရုပ်တစ်ခုအလား မတ်တတ်ရပ်နေပြီး တစိုးတစိမျှပင်လှုပ်ရှားခြင်းမပြုချေ။

ထိုဧရာမလူဘီလူးကြီးသည် ရှုရာဧကရာဇ်ရှစ်ဖန့်အပြင် တခြားသူမဟုတ်ပေ။

သို့ရာတွင် သူသည် ယခုလက်ရှိချိန်၌ ရှုရာဧကရာဇ်ရှစ်ဖန့်မဟုတ်တော့ဘဲ လုယွီ သန့်စင်ထားသော 'လုရှင်း'ဟုခေါ်သည့် ရုပ်သေးဖြစ်နေလေပြီ။

ရှုရာဧကရာဇ်ရှစ်ဖန့် ထွက်ပေါ်လာသည်နှင့် ယခုလက်ရှိနေရာတွင်ရှိနေသော လူများအားလုံး၏စိတ်အာရုံကို ဆွဲဆောင်သွားနိုင်ခဲ့သည်။

ဘုန်း...ဘုန်း...

လိုက်ကာ၏နောက်မှနေ၍ စားပွဲနှင့်ကုလားထိုင်များ ပြိုလဲသံတချို့ ထွက်ပေါ်လာသည်။ထိုအရာနောက်၌ ပုန်းအောင်းနေသူများသည် ထပ်မံ၍ထိုင်ကြည့်မနိုင်ကြတော့ချေ။

ရှုရာမျိုးနွယ် ပုန်ကန်ခြင်း၏နောက်ကွယ်တွင် ထန်အင်ပါယာမှ အင်အားဖြည့်တင်းပေးနေလေ၏။တာယွီတော်ဝင်နန်းတွင်းမှလူများသည် ထိုပုန်ကန်မှုကိုဟန့်တားလိုသော်လည်း သူတို့ထံ၌ အစွမ်းအစကင်းမဲ့နေသည်။

သို့ရာတွင် ယခုလက်ရှိချိန်တွင် တာယွီအင်ပါယာ တော်ဝင်မြို့တော်၏ အတွင်းပိုင်းနယ်မြေအတွင်း၌ ရှုရာတစ်ကောင် ရုတ်တရက်ထွက်ပေါ်လာရာ သူတို့အားလုံး ထိတ်လန့်တုန်လှုပ်သွားကြ၏။

Chapter 2193

နှစ်စဥ်နှစ်တိုင်း တာယွီအင်ပါယာသည် အရာရှိများကိုဆန့်ကျင်တိုက်ခိုက်သော ကိစ္စများကို နှိမ်နင်းရန်အတွက် ကြယ်နယ်မြေများသို့ ကြီးမားသောစစ်အင်အားများကို စေလွှက်ရလေ့ရှိသည်။အထူးသဖြင့် တချို့နယ်ခြားမျိုးနွယ်များနှင့် နတ်ဆိုးသားရဲမျိုးနွယ်များသည် တစ်နှစ်ပတ်လုံးပုန်ကန်နေကြ၏။ထို့ကြောင့် သူတို့သည် တော်ဝင်စစ်ရေးဌာန၏အဓိကပစ်မှတ်ဖြစ်လာသည်။

တော်ဝင်မြို့တော်၏ပြင်ပ၌ စခန်းချထားသော တပ်ရင်းလေးခုသည် ထိုသက်ရှိမျိုးနွယ်များ ဆန့်ကျင်တိုက်ခိုက်မည့်ဘေးမှ ကာကွယ်စောင့်ရှောက်ရန်ဖြစ်သည်။

နယ်ခြားမျိုးနွယ်များ ထွက်ပေါ်လာသည်နှင့် ထိုတပ်ရင်းလေးခုမှစစ်သားများသည် ချက်ချင်းဆိုသလို လှုပ်ရှားကြကာ ကျူးကျော်လာသောရန်သူများအားလုံးကို အမြစ်ပြတ်သုတ်သင်ကြ၏။

ထို့ကြောင့် နယ်ခြားမျိုးနွယ်များမှ အစွမ်းထက်ကျင့်ကြံသူများသည် ဤနေရာသို့ တစ်ကြိမ်တစ်ခါမျှ ရောက်ရှိခဲ့ဖူးခြင်းမရှိချေ။

ရှဖုန်းသည် လုရှင်းကိုမြင်ချိန်တွင် သူ၏မျက်လုံးမှနေ၍ စူးရှသောအလင်းရောင်များ ဖြာထွက်လာသည်။

"တော်လိုက်တဲ့ကောင်လေး...မင်းက သစ္စာဖောက်ရှုရာမျိုးနွယ်က အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ကိုတောင် ဒီနေရာကို ခေါ်လာဝံ့တယ်ပေါ့လေ...မင်းကို အသက်ရှင်ခွင့်မပေးနိုင်ဘူး"

ထိုစကားနှင့်အတူ ရှဖုန်းက သူ၏လက်ကိုဆန့်တန်းလိုက်ရာ သူ၏လက်ဝါးအတွင်း၌ ဧရာမလက်ဝါးပုံရိပ်ကြီးတစ်ခုက ချက်ချင်းဆိုသလိုပင် သိပ်သည်းသွားပေ၏။

ရှဖုန်းသည် တော်ဝင်စစ်ရေးဌာန၏လက်ထောက်အမတ်ကြီးဖြစ်လာရသော အကြောင်းအရင်းမှာ သူ၏မိသားစုနောက်ခံလွှမ်းမိုးမှုသက်သက်ကြောင့် မဟုတ်ချေ။သူ၏တိုက်ခိုက်ရေးစွမ်းရည်ကို အမှီပြု၍ ဤရာထူးအဆင့်ထိ တက်လှမ်းလာနိုင်ခြင်းဖြစ်သည်။

သူ လှုပ်ရှားမှုပြုလုပ်လိုက်သည်နှင့် အကန့်အသတ်မရှိသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများက အရပ်မျက်နှာအဘက်ဘက်မှ စုဝေးလာသည်။

ထို့နောက်မှနေ၍ စစ်သားများသံပြိုင်အော်ဟစ်လိုက်သကဲ့သို့ အသံမျိုးက တော်ဝင်စစ်ရေးဌာန၏ပင်မအခန်းမှ ထွက်ပေါ်လာကာ ပတ်ဝန်းကျင်နေရာအနှံ့သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားပေ၏။စစ်သားများသည် သူတို့၏ဓားအိမ်များမှ ဓားများဆွဲထုတ်လိုက်သည့် သတ္ထုအချင်းချင်းထိခတ်သံများကိုလည်း ကြားနိုင်လေသည်။

သတ်...သတ်...သတ်...

သွေးနီရောင်ငရဲမှတက်လာသကဲ့သို့ အကန့်အသတ်မရှိသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများသည် ရှဖုန်း၏လက်အတွင်းမှ ထွက်ပေါ်လာကာ လုယွီနှင့်လုရှင်းထံသို့ ကျရောက်လာသည်။

ထိုမှော်မန္တန်၏သက်ရောက်မှုအတိုင်းအတာသည် လုယွီနှင့်လုရှင်းကို ဗဟိုပြုနေကာ သူတို့နှစ်ယောက်လုံးကို သတ်ဖြတ်ရန်ရည်ရွယ်ထားသည်မှာ သိသာထင်ရှားလှ၏။

လုယွီသည် အကြည့်တစ်ချက်ဖြင့် ရှဖုန်း၏ရည်ရွယ်ချက်ကို မြင်နိုင်သော်လည်း သူက လှုပ်ရှားခြင်းမပြုချေ။

သူ၏နံဘေးနားတွင်ရှိနေကာ တစ်စုံတစ်ခု၏ထိန်းချုပ်မှုအောက်သို့ ရောက်နေပုံရသောလီရှင်းက ရုတ်တရက် ထိုလက်ဝါးပုံရိပ်ယောင်ကြီးထံဦးတည်၍ ပျံသန်းသွားသည်။

ဘုန်း...

မှော်စွမ်းအင်လက်ဝါးပုံရိပ်ကြီးနှင့် လီရှင်းသည် ဖီလာဆန့်ကျင် ရိုက်ခတ်မိသွားပေ၏။ထို့နောက် လီရှင်းက လုယွီကို သူ၏နောက်သို့ပို့၍ ကာကွယ်ပေးလိုက်သည်။

လုယွီက အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုသည်။

"အမတ်ကြီးရှက ကျုပ်ကိုသတ်ဖို့ ကြံရွယ်နေတာလား...ဒါက ကျုပ် သန့်စင်ထားတဲ့ ရုပ်သေးဆိုတာကို ခင်ဗျား ရှင်းရှင်းလင်းလင်း မမြင်နိုင်တာလား"

အမှန်အားဖြင့် လုယွီ ပြောဆိုခြင်းမရှိလျှင်ပင် လူတိုင်းသည် လုရှင်း၏အခြေအနေကို အကြည့်တစ်ချက်ဖြင့်ပင် တွေ့မြင်နိုင်သည်။

သို့ရာတွင် သူတို့အားလုံးသည် နှုတ်ပိတ်နေရန်ကိုသာ ရွေးချယ်လိုက်ကြ၏။သူတို့သည် ရှဖုန်းကို ပြင်းပြင်းထန်ထန်ဆန့်ကျင်လိုပုံမရချေ။

ရှဖုန်းသည် လုယွီ၏အမေးကိုဖြေဆိုခြင်းမပြုဘဲ ဆက်လက်၍တိုက်ခိုက်လေသည်။

ဤတစ်ကြိမ်တွင် သူ၏လက်ဖဝါးအတွင်း၌ အစောပိုင်းကထက် ပို၍များပြားသော မှော်စွမ်းအားများကို သိပ်သည်းထားသည်။သူသည် လက်ဝါးရိုက်ချက်တစ်ချက်ဖြင့်ပင် လုယွီအား သုတ်သင်ဖယ်ရှားရန် ကြံရွယ်ထားပေ၏။

သူ၏ခွန်အားသည် အတိတ်မှရှုရာဧကရာဇ်ရှစ်ဖန့်ထက် များစွာပို၍အားကောင်းသည်။

ထိုလက်ဝါးပုံရိပ်ယောင်ကြီးမှ ဖျက်ဆီးခြင်းစွမ်းအားသည် အလွန်အမင်းအားနည်းနေသည့်တိုင် လျော့တွက်၍မရချေ။

လက်ဝါးပုံရိပ်ယောင်ကြီး၏စွမ်းအားကြောင့် လုရှင်း၏မာကျောသော ခန္ဓာကိုယ်တွင် သွေးစို့ရာအပေါက်တစ်ခု ထွက်ပေါ်လာကာ သွေးများက အဆက်မပြတ်ယိုစီးကျနေသည်။ရှုရာများ၏မွေးရာပါနတ်ဘုရားစွမ်းရည်ဖြင့်ပင် ထိုသွေးစို့ရာအပေါက်ကြီးကို အချိန်တိုအတွင်း၌ ပြန်လည်ကောင်းမွန်လာအောင် လုပ်ဆောင်နိုင်စွမ်းမရှိချေ။

"လက်ထောက်အမတ်ကြီးရှ"

"ရှဖုန်း...ငါတို့က ဗိုလ်ချုပ်လုကို စစ်မေးရုံသက်သက်လေ...မင်း ဘာလုပ်တာလဲ"

ကျိုးလီယန်နှင့်ရှဲ့ကျောယွမ်တို့က တပြိုင်နက်တည်း အော်ဟစ်လိုက်ကြ၏။

သူတို့က ရှဖုန်း၏တိုက်ခိုက်မှုသည် လီရှင်းကိုရိုက်ခတ်ပြီးနောက် အဆုံးသတ်သွားမည်ဟု တွေးတောခဲ့ကြသည်။မည်သို့ပင်ဆိုစေကာမူ လီရှင်းသည် ရှုရာမျိုးနွယ်ရုပ်သေးတစ်ရုပ်သာဖြစ်သဖြင့် အကယ်၍ ဖျက်ဆီးခံလိုက်ရလျှင်ပင် ပြဿနာကြီးတစ်ရပ်မဟုတ်ချေ။

သို့ရာတွင် ရှဖုန်းသည် ထပ်မံ၍တိုက်ခိုက်ရန် လှုပ်ရှားလာသဖြင့် လုယွီ၏အသက်ကို ရယူလိုနေခြင်းမှာ သိသာထင်ရှားနေသည်။

"သေစမ်း"

ရှဖုန်း၏မျက်လုံးများအတွင်း၌ အကန့်အသတ်မရှိသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။

လူသူအများရှေ့တွင် လုယွီကို သတ်ဖြတ်လိုက်ခြင်းအတွက် သူ ပြဿနာတချို့နှင့် ရင်ဆိုင်ရနိုင်သော်လည်း ရှကွေ့ကျုံး သူ့အားကတိပေးထားသော အကျိုးအမြတ်များကို တွေးတောမိချိန်တွင် ရှဖုန်းငည် ထိုကိစ္စကို ဂရုမစိုက်တော့ချေ။

တော်ဝင်နန်းတွင်း၌စည်းမျဥ်းဥပဒေများရှိနေသော်လည်း ရှမိသားစုဝင်တစ်ယောက်ဖြစ်သော သူ အနေဖြင့် အလေးစိုက်စရာမလိုအပ်ပေ။

ရှဖုန်း၏လက်ဝါးပုံရိပ်ယောင်ကြီးသည် လုရှင်းပေါ်သို့ ကျရောက်လုဆဲဆဲအချိန်မှာပင် ပင်မခန်းမ၏တံခါးကို ရုတ်တရက် ကန်ကျောက်ဖွင့်ခြင်းခံလိုက်ရသည်။

ရွှေရောင်အလင်းတန်းတစ်တန်းက ပြင်ပမှနေ၍ ပျံသန်းလာကာ လက်ဝါးပုံရိပ်ယောင်ကြီး၏ရှေ့သို့ ရောက်ရှိသွားလေ၏။

Chapter 2194

ဒေါင်...

ဓားချီတစ်လှိုင်းကရုတ်တရက် ပျံသန်းဝင်ရောက်လာကာ ရှဖုန်း၏လက်ဝါးပုံရိပ်ယောင်ကြီးကို အပြည့်အဝပိတ်ဆို့ဟန့်တားလိုက်၏။

တံခါးမှနေ၍ လူထွားကြီးဆယ်ယောက်ကျော်ခန့် ခန်းမအတွင်းသို့ဝင်လာသည်။သူတို့သည် ငါးပျံရုံပန်းထိုးထားသောဝတ်စုံများကို ဝတ်ဆင်ထားကာ သူတို့၏ခေါင်းထက်၌ အနက်ရောင်ပိတ်ကျဲဦးထုပ်များကိုဆောင်းထားကြ၏။သူတို့၏ခါးများ၌ နဂါးပုံသဏ္ဌာန်ထွင်းထုထားသော ဓားများကိုချိတ်ဆွဲထားကာ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းလာကြသည်။

ပြင်ပ၌ တော်ဝင်စစ်ရေးဌာနအုပ်ချုပ်ရေးရုံး၏ အစောင့်စစ်သားများ ရှိနေသော်လည်း ထိုလူထွားကြီးများဝင်ရောက်လာသည်ကို တားဆီးဟန့်တားဝံ့ခြင်းမရှိချေ။

"အမတ်ကြီးရှ...ဒေါသအရမ်းထွက်တာက အမတ်ကြီးအတွက် မကောင်းဘူး"

ထိုလူစုအားဦးဆောင်လာသည့် ပိုးထည်ဝတ်စုံဝတ်ဆင်ထားသော လူလတ်ပိုင်းကြီး၏ဘယ်လက်သည် ဓားရိုးကိုဆုပ်ကိုင်ထားကာ သူက အေးအေးလူလူအမူအယာဖြင့် ခန်းမအတွင်းသို့ ဝင်ရောက်လာသည်။

ထိုလူစုထွက်ပေါ်လာသော အချိန်အခိုက်အတန့်တွင် ပင်မခန်းမတစ်ခုလုံး အလွန်အမင်း တိတ်ဆိတ်ငြိမ်သက်သွားကာ ရေတစ်စက်ကျသံကိုပင် ကြားနိုင်လေ၏။

"နဂါးအစောင့်တွေလား"

ရှဖုန်းသည် သူ့အတွက်နိမိတ်မကောင်းသော ခံစားချက်မျိုးရရှိနေသဖြင့် အံ့တင်းတင်းကြိတ်ကာ ပြောဆိုလိုက်သည်။

"မင်းတို့က ဘာလို့ ဒီနေရာကိုရောက်လာတာလဲ"

အစောပိုင်းက သူ၏တိုက်ခိုက်မှုသည် လုယွီအား အမြစ်ပြတ်သုတ်သင်နိုင်မည်ဟု သူ အခိုင်အမာယုံကြည်ထားသည်။

သို့ရာတွင် သူ ယုံကြည်အားထားရသော မှော်စွမ်းအင်လက်ဝါးပုံရိပ်ယောင်ကြီးကို သူ့ရှေ့ရှိ လူလတ်ပိုင်းကြီးက လွယ်လင့်တကူ ဖျက်ဆီးသွားခဲ့သည်။

သူ၏စိတ်နှလုံးသားတစ်ခုလုံး ဒေါသများကြောင့်လောင်ကျွမ်းနေသော်လည်း ထုတ်ဖော်ပြောဆိုဝံ့ခြင်းမရှိချေ။

နဂါးအစောင့်များသည် ဧကရာဇ်၏သီးသန့်တပ်သားများဖြစ်ကာ တော်ဝင်နန်းတွင်းမှအရာရှိများကို စုံစမ်းစစ်ဆေးနိုင်သောအခွင့်အာဏာရှိသည်။သူတို့သည် ဧကရာဇ်၏သီးသန့်စစ်တပ်ဟူသောအချက်ကို ဘေးဖယ်ထားလျှင်ပင် နဂါးအစောင့်များအကြား၌ အစွမ်းထက်ကျင့်ကြံသူအမြောက်အများရှိသည်။အကယ်၍ တစ်စုံတစ်ယောက်သည် နဂါးအစောင့်များ၏ပစ်မှတ်ထားခြင်းခံရပါက ထိုလူသည် ထွက်ပြေးလျှင်ပင် မကြာမီအချိန်အတွင်း ရှာဖွေဖော်ထုတ်ခံရပြီး သုတ်သင်ခြင်းခံရနိုင်သည်။

ထို့ကြောင့် တာယွီအင်ပါယာအတွင်းတွင် နဂါးအစောင့်များကို ရန်စဝံ့သူဟူ၍ အနည်းစုသာရှိသည်။

"တပ်မှူးရဲ့အမိန့်အရ...လုယွီက ငါတို့နဂါးအစောင့်တပ်ဖွဲ့ဝင်တစ်ယောက်ပဲ...တကယ်လို့ သူ့ကို စုံစမ်းစစ်ဆေးချင်ရင်တောင် ငါတို့ကပဲ စစ်ဆေးမယ်...လုယွီက ငါတို့နဂါးတပ်ဖွဲ့ဝင်တစ်ယောက်ဆိုတာ မမေ့ကြနဲ့"

နဂါးအစောင့်များကိုဦးဆောင်လာသော လူလတ်ပိုင်းကြီးက အပြုံးတုတစ်ခုနှင့်ပြောဆိုသည်။

ရှဖုန်း၏မျက်စိသူငယ်အိမ် ကျုံဝင်သွားကာ သူ အရေးကြီးသော တစ်စုံတစ်ခုကိုလျစ်လျှူရှုခဲ့မိကြောင်း နောက်ဆုံး၌ နားလည်သဘောပေါက်သွားပေ၏။

ကြေးအဆင့်နဂါးအစောင့်များသည် ရှေးဟောင်းဖုန်မှုန့်ကြယ်ကဲ့သို့ နေရာငယ်လေးမျိုးတွင် အလွန်အရေးပါသောပုဂ္ဂိုလ်တစ်ယောက်ဟု ယူဆနိုင်သည်။သို့ရာတွင် တော်ဝင်နန်းတွင်းရှိ အရာရှိအများစု၏အမြင်တွင် သူတို့သည် ပုရွက်ဆိတ်ငယ်လေးများထက်မပိုချေ။

ထိုအကြောင်းအရင်းကြောင့် ရှဖုန်းသည် လုယွီကို ပစ်မှတ်ထားနေရာ၌ နဂါးအစောင့်ဟူသောအချက်ကို လျစ်လျှူရှုခဲ့သည်။

သူ မည်မျှပင်တွေးတောပါစေ နဂါးအစောင့်တပ်သည် လုယွီကဲ့သို့ ကြေးအဆင့်နဂါးအစောင့်အတွက်ဖြင့် သူ့ကဲ့သို့ တော်ဝင်စစ်ရေးဌာန၏လက်ထောက်အမတ်ကြီးတစ်ယောက်ကို ဆန့်ကျင်မည်ဟု သူ မျှော်လင့်မထားမိချေ။

သို့ရာတွင် ယခုလက်ရှိချိန်၌ နဂါးအစောင့်တပ်သည် ဤကိစ္စကို အာရုံစူးစိုက်နေပေ၏။

"ကောင်းပြီလေ...ဗိုလ်ချုပ်လုက နဂါးအစောင့်တွေနဲ့အတူ လိုက်သွားလိုက်ပါ"

ကျိုးလီယန်က ဗြောင်ကျကျ ပြောဆိုလိုက်သည်။

ရှဖုန်းသည် လုယွီအား သတ်ဖြတ်လိုနေကြောင်း သူ တွေ့မြင်ပြီးဖြစ်သည်။

အကယ်၍ တော်ဝင်နန်းတွင်း၏စစ်ဗိုလ်ချုပ်တစ်ယောက်သာ တော်ဝင်စစ်ရေးဌာန ပင်မခန်းမအတွင်း၌ အသတ်ခံရပါက ပြင်ပလူထု၏အမြင်တွင် ဆိုးရွားသောသက်ရောက်မှုများရှိလာမည်မှာ သေချာလှ၏။

"အရှင်...လုယွီက သံသယရှိသူတစ်ယောက်လေ...တကယ်လို့ သူကသာ ရှုရာနယ်မြေကလွှက်လိုက်တဲ့ သူလျှိုတစ်ယောက်ဖြစ်နေရင် တော်ဝင်နန်းတွင်းအတွက် ဆိုးရွားတဲ့အကျိုးဆက်တွေရှိလာမှာကို ကျွန်တော်စိုးရိမ်မိတယ်"

ရှဖုန်းက မလိုလားဟန်ဖြင့် ပြောဆိုသည်။

ကျိုးလီယန်က မျက်မှောင်ကြုတ်ပြီး စိတ်မရှည်သောလေသံဖြင့် ပြောဆိုလေသည်။

"လက်ထောက်အမတ်ကြီးရှ...ဒီကိစ္စကို ဒီမှာပဲအဆုံးသတ်လိုက်ရအောင်"

သူသည် တော်ဝင်စစ်ရေးဌာန၏အကြီးအမှူးဖြစ်သဖြင့် သူထံတွင် သူ၏ကိုယ်ပိုင်အခွင့်အာဏာရှိသည်။အကယ်၍ ရှဖုန်းသည် လုယွီအားလွှက်ပေးရန် အလွန်အမင်းဆန္ဒမရှိလျှင်ပင် သူ ဤကိစ္စကို ဤနေရာ၌ အဆုံးသတ်ရပေမည်။

"ဟား ဟား ဟား...လုယွီ...သွားကြစို့"

နဂါးအစောင့်များ၏ခေါင်းဆောင် လူလတ်ပိုင်းကြီးက လုယွီကို ပင်မခန်းမအတွင်းမှ ခေါ်ထုတ်သွားတော့သည်။

လုရှင်းက ထုံထိုင်းသောအမူအယာဖြင့် လုယွီ၏နောက်သို့ လိုက်ပါသွားသည်။

လုယွီ၏ထိန်းချုပ်မှုအောက်တွင် လုရှင်း၏ခန္ဓာကိုယ်မှ သတ်ဖြတ်လိုခြင်းအငွေ့အသက် အမြောက်အများ ပျက်ပြယ်သွားလေပြီ။သို့ရာတွင် သူ၏ကြီးမားပြီး ရက်စက်ကြမ်းကြုတ်ပုံရသော ခန္ဓာကိုယ်ကြီးကိုမူ ဖုံးကွယ်ထား၍မရချေ။

တော်ဝင်စစ်ရေးဌာန အုပ်ချုပ်ရေးရုံး၏ပြင်ပတွင် လူအမြောက်အများ စောင့်ဆိုင်းနေသည်။

နတ်ဘုရားစိတ်အာရုံတချို့သည် လုယွီအား အချိန်တခဏကြာ စုံစမ်းထောက်လှမ်းပြီးနောက် ရုတ်တရက် လုရှင်းထံသို့ ကျရောက်သွားသည်။ထို့နောက် အဝေးမှနေ၍ အံ့အားတသင့်ရေရွတ်သံများ ထွက်ပေါ်လာသည်။

"ဒါက ဘယ်လိုသက်ရှိမျိုးလဲ...ကြောက်ဖို့ကောင်းလိုက်တဲ့အရှိန်အဝါ...သူက အဲ့ဒီ​ကောင်လေးရဲ့နောက်လိုက်လား"

"သေချာကြည့်ကြအုံး...ဒါက ရုပ်သေးတစ်ရုပ်မဟုတ်လား...ဒါပေမယ့် သူ့ကိုကြည့်ရတာ နယ်ခြားသက်ရှိတစ်ကောင်နဲ့တူနေတယ်"

"သူက အကြောက်အလန့်ကင်းမဲ့နေတာ အံ့အားသင့်စရာမရှိတော့ဘူး...သူ့ရဲ့နံဘေးမှာ ဒီလိုအစွမ်းထက်တဲ့တည်ရှိမှုမျိုးရှိနေမယ်လို့ ငါ မျှော်လင့်မထားမိဘူး...တကယ်လို့ ငါ့ဆီမှာသာ ဒီလိုမျိုးရုပ်သေးတစ်ရုပ်ရှိနေရင် ငါလည်း ဆန္ဒရှိသလိုလုပ်လို့ရနိုင်တယ်"

Chapter 2195

လူတိုင်းသည် သူတို့အချင်းချင်း တိုင်ပင်ဆွေးနွေးနေကြသော်လည်း လုယွီ၏ခွန်အားသည် ထိုရုပ်သေးပေါ်တွင် အပြည့်အဝမှီခိုနေသည်ဟု မည်သူကမျှ မတွေးတောထားကြချေ။

ဝေ့မိသားစု၏သခင်လေးကို သေသည်အထိ နံရံ၌သံမှိုဖြင့်ရိုက်ထားသည့်အလား စွဲကပ်နေစေသော ခွန်အားမျိုးသည် သာမာန်ကျင့်ကြံသူတစ်ယောက်၏စွမ်းအားထက် ကျော်လွန်နေသည်။

လူများအားလုံး၏တိုင်ပင်ဆွေးနွေးနေသံများအကြားတွင် လမ်းကျဥ်းလေးအတွင်း၌ အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသော လူနှစ်ယောက်က နာကျည်းမုန်းတီးသောမျက်လုံးများဖြင့် ထိုမြင်ကွင်းကို စူးစိုက်၍ကြည့်နေလေ၏။

"မင်း အဲ့ဒါကို ရှင်းရှင်းလင်းလင်း မြင်ရဲ့လား"

"ငါ မြင်တယ်...ဒါက တကယ့်ကို ရှုရာဧကရာဇ်ရှစ်ဖန့်ပဲ"

"ငါတို့မျိုးနွယ်ရဲ့ဂုဏ်သိက္ခာကြီးမြင့်တဲ့ ဧကရာဇ်တစ်ယောက်က တစ်စုံတစ်ယောက်ရဲ့ရုပ်သေးအဖြစ်သန့်စင်ခြင်းကို ခံထားရတယ်...ငါ ဒါအတွက် လက်စားချေ....."

"အသံတိုးတိုးပြောစမ်း...တော်ဝင်မြို့တော်ရဲ့ဘယ်နေရာမှာမဆို ကင်းထောက်တွေရှိနေတယ်....နောက်ကျမှ ငါတို့ ဒီအကြောင်းကို ပြောကြတာပေါ့"

အချိန်တခဏကြာပြီးနောက် မည်သူမျှသတိမပြုမိသေးမီမှာပင် ထိုအနက်ရောင်ဝတ်ရုံဝတ်လူနှစ်ယောက်သည် လမ်းကျဥ်းလေးအတွင်းမှ အရိပ်အယောင်ပင်မကျန်ရှိဘဲ ပျောက်ကွယ်သွားတော့သည်။

တခြားတစ်ဖက်တွင် လုယွီသည် နဂါးအစောင့်များ၏ရထားလုံးအတွင်းသို့ ရောက်ရှိသွားလေ၏။

ထိုရထားလုံးအတွင်း၌ လေဟာနယ်နေရာလွတ်ဝင်္ကပါတစ်ခုရှိနေသည်။သူအတွင်းသို့ဝင်လိုက်သည်နှင့် ဤနေရာသည် တော်ဝင်စစ်ရေးဌာန၏ပင်မခန်းမနှင့် နှိုင်းယှဥ်နိုင်သည်အထိ ကျယ်ဝန်းကြောင်း မြင်တွေ့မိသည်။

"လုယွီ...ငါက နဂါးအစောင့်တပ်ရဲ့တောင်ပိုင်းဌာနကြီးရဲ့ တာဝန်ခံအရာရှိယန်စွေ့ ...မင်းက နဂါးအစောင့်တစ်ယောက်ဖြစ်ပေမယ့် မှတ်တမ်းတွေအရ ဝေးလံခေါင်သီတဲ့ကြယ်နယ်မြေတစ်ခုကို စောင့်ကြည့်ဖို့အတွက် တာဝန်ပေးခံထားရတယ်....ငါ နည်းနည်းအံ့အားသင့်နေတဲ့အချက်ကတော့ မင်းက အသက်ငယ်ငယ်လေးနဲ့ ဒီလိုခွန်အားမျိုးရှိနေတာပဲ"

ယန်စွေ့၏မျက်လုံးများက ကျဥ်းမြောင်းနေကာ လုယွီကို စူးစိုက်၍ကြည့်နေလေ၏။

ဌာနကြီးတာဝန်ခံအရာရှိများသည် နဂါးအစောင့်များအကြား၌ပင် အဆင့်မြင့်အရာရှိတစ်ယောက်ဖြစ်သည်။အမှန်အားဖြင့် သူ၏စွမ်းအားမှာ ရှဖုန်းထက်ပင် ပို၍ကြီးမားသည်။

နဂါးအစောင့်များကို ဌာနကြီးနှစ်ခုခွဲခြားထားသည်။မြောက်ပိုင်းဌာနကြီးသည် သတ်ဖြတ်ရာတွင် တာဝန်ယူ၍ တောင်ပိုင်းဌာနကြီးသည် ပြစ်ဒဏ်ပေးခြင်းများကို ကိုင်တွယ်ရသည်။ထို့ကြောင့် လုယွီအား သံသယရှိသူအဖြစ် စစ်မေးခံနေရသောကိစ္စတွင် သူ ဝင်ရောက်စွက်ဖက်ရခြင်းဖြစ်သည်။

လုယွီက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုလိုက်၏။

"အရှင်က ကျွန်တော်ကို အထင်ကြီးနေတာပါ"

ကောင်းကင်ဘုံဧကရာဇ်၏အကြွင်းအကျန်စိတ်ဝိညာဥ် သူ၏လက်အတွင်း၌ရှိနေသဖြင့် လုယွီသည် သူ၏အမည်ကို နဂါးအစောင့်စာရင်းတွင် အချိန်မရွေးထည့်သွင်းနိုင်သည်။

ဤသည်က ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်ကိုယ်တိုင် ဖွဲ့စည်းထားသော သီးသန့်စစ်တပ်ဖြစ်သဖြင့် အရန်အစီအစဥ်များစွာထားရှိခဲ့သည်။လက်ရှိတပ်မှူး မည်သူမည်ဝါဖြစ်နေပါစေ နဂါးအစောင့်များအားလုံးကို ထိန်းချုပ်နိုင်သော အကြွင်းမဲ့အာဏာသည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏လက်အတွင်း၌ ရှိနေဆဲပင်။

အမှန်အားဖြင့် လုယွီသည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏ အကြွင်းအကျန်စိတ်ဝိညာဥ်ကို ဝါးမျိုထားသည်။ထို့ကြောင့် ယခုလက်ရှိချိန်တွင် သူသည် ကောင်းကင်ဘုံဧကရာဇ်နှင့် တန်းတူနေရာတွင်ရှိသည်ဟု ယူဆနိုင်သည်။သူ၏သရုပ်မှန်ကို ထိုနဂါးအစောင့်များ ထွင်းဖောက်မြင်နိုင်ရန်မှာ မဖြစ်နိုင်ချေ။

အမှန်အားဖြင့် လုယွီ၏ထင်မြင်ချက်သည် အမှန်ပင်။

လုယွီသည် ကြေးအဆင့်နဂါးအစောင့်မဟုတ်ဟူသော သူ၏အစစ်အမှန်သတင်းအချက်အလက်များကို တပ်မှူးများပင် ရှာဖွေဖော်ထုတ်နိုင်မည်မဟုတ်ချေ။

သူ၏သတင်းအချက်အလက်များသည် ထိပ်တန်းလျှို့ဝှက်ချက်အဖြစ် ထာဝရချိပ်ပိတ်ခံထားပြီးလေပြီ။မည်သူမည်ဝါဖြစ်နေပါစေ ထိုအရာအား ကြည့်ရှုစစ်ဆေးနိုင်မည်မဟုတ်ပေ။

"ငါ မင်းကိုကူညီခဲ့တဲ့ အကြောင်းအရင်းက...နဂါးအစောင့်တပ်ရဲ့ပါရမီရှင်တစ်ယောက် အစောကြီးသေသွားမှာကို မမြင်ချင်လို့ပဲ"

ယန်စွေ့က အလေးအနက်ထားသောလေသံဖြင့် ဆက်လက်ပြောဆိုသည်။

"မင်းက အောက်ဘုံကနေတက်လှမ်းလာတာ...ဒီလိုကျင့်ကြံဆင့်နယ်ပယ်ထိရောက်အောင် မင်း ကျင့်ကြံခဲ့ရတာ လွယ်မှာမဟုတ်ဘူး...တကယ်လို့ မင်းက လူအိုကြီးတစ်ယောက်ဆိုရင် ငါကိုယ်တိုင်လာပြီး မင်းကိုကယ်တင်မှာမဟုတ်ဘူး...ဒါပေမယ့် မင်း ထုတ်ဖော်ပြသခဲ့တဲ့ ပါရမီအရည်အချင်းက ငါတို့ရဲ့တန်ဖိုးထားမှုကိုရစေတယ်"

"အရှင်....ဘာလို့ ရှင်းရှင်းလင်းလင်း မပြောတာလဲ"

လုယွီက သူသည်ပါရမီရှင်တစ်ယောက်ဖြစ်သော်လည်း တာဝန်ခံအရာရှိသည် ကိုယ်တိုင်ကိုယ်ကျ လာရောက်ရသည်အထိ အလုပ်ရှုပ်ခံမည်မဟုတ်ကြောင်း ကောင်းစွာသိရှိသည်။

လုယွီကို ခြေဆုံးခေါင်းဆုံး စူးစမ်းလေ့လာပြီးနောက် ယန်စွေ့က သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။

"မင်းရဲ့နောက်မှာ ဘယ်သူရှိနေလဲဆိုတာ ငါ မသိဘူး...ဒါပေမယ့် ငါ မင်းကို အကြံတစ်ခုတော့ပေးချင်တယ်...သစ်ပင်ကြီးတွေက လေပြင်းကိုဆွဲဆောင်နိုင်တယ်....မင်းက အခုချိန်မှာ ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးရဲ့ ပစ်မှတ်ဖြစ်နေပြီ...တော်ဝင်မြို့တော်ထဲမှာတောင် မင်းကိုသတ်ပြီး မင်းဆီက ရှေးဟောင်းဧကရာဇ်အဆင့်မှော်လက်နက်ကို လုယူချင်တဲ့သူ ဘယ်လောက်များများရှိနေတယ်ဆိုတာ ငါ မသိဘူး"

လုယွီ၏မျက်ခုံး မြင့်တက်သွားသည်။

"အရှင်မှာ ဘယ်လိုအမြင်မျိုးရှိနေလဲ"

"မင်း နောက်ခံအင်အားတစ်ခုကို အမြန်ဆုံးရှာဖွေဖို့ ငါ မင်းကိုအကြံပေးချင်တယ်...အဲ့ဒီနောက်ခံနဲ့ဆိုရင် မင်းကို ဘယ်သူမှထိရဲမှာမဟုတ်ဘူး"

ယန်စွေ့၏မျက်လုံးအကြည့်များက ပို၍လျှို့ဝှက်နက်နဲလာပေ၏။

"မင်း ငါ့ကို ဧကရာဇ်အဆင့်မှော်လက်နက်ကိုပေးလိုက်...ငါ အဲ့ဒါကို တပ်မှူးဆီပေးလိုက်မယ်...ဒါဆိုရင် မင်းကို တပ်မှူးက သူ့ရဲ့မွေးစားသားအဖြစ် လက်ခံလိမ့်မယ်...ဒီအဆင့်အတန်းနဲ့ဆိုရင် ဘယ်သူကမှ မင်းကိုထိရဲမှာမဟုတ်ဘူး"

"ရှဖုန်းက နတ်ဘုရားအမတ်ကြီးရှရဲ့ကာကွယ်ပေးမှုကို မှီခိုနေတာ...ဒါပေမယ့် တကယ်လို့ မင်းကသာ နဂါးအစောင့်တပ်မှူးရဲ့မွေးစားသား ဖြစ်သွားမယ်ဆိုရင် ရှဖုန်းမှာ ဒီထက်သတ္တိဆယ်ဆပိုရှိနေရင်တောင် မင်းရဲ့ဆံချည်တစ်မျှင်ကို ထိဝံ့မှာမဟုတ်ဘူး"

All Chapters