← Chapters

အခန်း (၂၂၀၁-၂၂၀၅)

Vol. 113 Ch. 2201-2205

အခန်း (၂၂၀၁-၂၂၀၅)

Vol. 113 Ch. 2201-2205

Chapter 2201

မြို့စွန်နေရာများတွင် နဂါးသွေးကြောကိုးဆယ့်ငါးခု၏ဗဟိုချက်နှင့် ဝေးကွာသွားသဖြင့် ကျင့်ကြံခြင်းအရှိန်နှုန်းမှာ သိသိသာသာလျော့ကျသွားသည်။

ထို့ကြောင့် လေလွင့်ကျင့်ကြံသူများသာ ဤနေရာ၌ နေထိုင်ကြသည်။

သူတို့သည် တော်ဝင်မြို့တော်အတွင်း၌ အင်မော်တယ်ကျောက်တုံးကုန်ကျမှုစရိတ်ကို မတက်နိုင်သဖြင့် ဤမြို့စွန်၌ နေထိုင်ကြရ၏။

သာမာန်နေ့ရက်မျိုးတွင် ဤနေရာရှိကျင့်ကြံသူအများစုသည် မည်သည့်ကိစ္စမျှ အထွေအထူးလုပ်ဆောင်ရန်မရှိသဖြင့် လွတ်လွတ်လပ်လပ်နေထိုင်ကြသည်။ယနေ့မနက်ဝေလီဝေလင်းအချိန်၌ တချို့သူများသည် ကျင့်ကြံနေခြင်းမှပင် နိုးထလာခြင်းမရှိသေးချေ။

မြေပြင်ပေါ်သို့ ထူထပ်သိပ်သည်းသော နှင်းများကျဆင်းနေသဖြင့် မျက်စိဖြင့်မြင်နိုင်သမျှအကွာအဝေးထိ အဖြူရောင်နှင်းလွှာကြီးက လွှမ်းခြုံထားသည်။

သာမာန်အားဖြင့် ဤနေရာသို့ လူစိမ်းတစ်ယောက်တလေမျှ ရောက်မလာသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

သို့ရာတွင် ယနေ့တွင်မူ အဝေးမှနေ၍ မြင်းခွါသံများကြားနေရကာ တစတစ ပို၍နီးကပ်လာသည်။

နှင်းလွှမ်းသောမြေပြင်ပေါ်၌ မြင်းခွါရာများ ထင်ကျန်ရစ်သည်ကို တွေ့မြင်နိုင်ပေ၏။နတ်ဆိုးသားရဲမြင်း၏အရှိန်နှုန်းသည် အလွန်လျှင်မြန်သဖြင့် ရထားလုံး၏ဘီးများပင် မြေပြင်ပေါ်သို့ကျရောက်ခြင်းမရှိချေ။ထိုနတ်ဆိုးသားရဲမြင်းသည် မိုးကောင်းကင်ယံအတွင်း၌ ပျံသန်းနေသည့်အလားပင်။

"သေစမ်း"

ဤနေရာသို့ ရထားလုံးရောက်ရှိလာသည်နှင့် တစ်စုံတစ်ယောက်က စတင်၍လှုပ်ရှားလိုက်၏။

ရုတ်တရက် ကြီးမားသောပိုက်ကွန်ကြီးတစ်ခုက ထွက်ပေါ်လာကာ နတ်ဆိုးသားရဲမြင်းကို ဟန့်တားလိုက်သည်။ရထားလုံးသည် ပိုက်ကွန်ကြီးနှင့်ရိုက်ခတ်မိကာ မြင်းများက မြေပြင်ပေါ်သို့ ပြိုလဲကျသွားတော့သည်။

ထိုမြင်းများအား အနီးကပ်ကြည့်ရှုလိုက်ချိန်တွင် အနက်ရောင် 'နဂါးမြင်း'များဖြစ်နေကြောင်း တွေ့မြင်ရသည်။

နဂါးမြင်းများသည် သာမာန်နတ်ဆိုးသားရဲမြင်းများနှင့် တူညီမှုတချို့ရှိသည်။သို့ရာတွင် နဂါးမြင်းများတွင် နဂါးမျိုးနွယ်၏သွေးမျိုးဆက်ပါရှိသဖြင့် မွေးရာပါခွန်အားကြီးမားသည်။ထိုနဂါးမြင်းများ၏အရှိန်အဝါသည်လည်း အဆင့်တူနတ်ဆိုးသားရဲများထက် များစွာပို၍ အစွမ်းထက်ပေ၏။

မိုးကောင်းကင်တာအိုတည်းခိုခန်းမှ ထွက်ခွါလာစဥ်ကတည်းက ရထားလုံးသည် လျှပ်ပြက်သကဲ့သို့ အလွန်လျှင်မြန်သောအရှိန်ဖြင့် ဒုန်းစိုင်းပြေးလာခဲ့သည်။ထိုရထားလုံးအား ခြေရာခံလိုက်နေသော လူအမြောက်အများရှိသော်လည်း သူတို့သည် ပထမဆုံးတွေ့မြင်လိုက်ရသည့်အချိန်အခိုက်အတန့်တွင် နဂါးမြင်းများကို မှတ်မိခြင်းမရှိချေ။

ဝေါင်း....

နဂါးမြင်းများသည် နဂါးဟိန်းသံနှင့်တူညီသော အသံမျိုးဖြင့် ဟိန်းဟောက်လိုက်ကြကာ ရုတ်တရက် မတ်တတ်ထပြေးကြရာ ပိုက်ကွန်ကြီးညိပါသွားလေ၏။

ထိုပိုက်ကွန်အားဆွဲထားသော အသေခံကြေးစားဆယ်ယောက်ကျော်သည် ရုတ်တရက်ဆောင့်ဆွဲခံရသကဲ့သို့ ဖြစ်သွားသောကြောင့် မြေပြင်ပေါ်သို့ လဲကျသွားကြသည်။

ထိုအသေခံကြေးစားများ၏ခွန်အားသည် မဆိုးလှသော်လည်း ရက်စက်ကြမ်းကြုတ်သောနဂါးမြင်းများကို အနည်းငယ်မျှပင် လှုပ်ခါစေနိုင်စွမ်းမရှိချေ။

နဂါးမြင်းများသည် ရုတ်တရက် လေထုအတွင်းသို့မြောက်တက်သွားပြီး ပိုက်ကွန်ကြီး၏ရှေ့သို့ ရောက်ရှိသွားလေ၏။

နဂါးမြင်းများ လွတ်မြောက်သွားတော့မည်ကိုမြင်သော အသေခံတပ်သားများက တရကြမ်းလိုက်လံဖမ်းဆီးကြသည်။

"လမ်းဖယ်ကြစမ်း...ဒီနိမ့်ကျတဲ့ကိုယ်တော်က နတ်ဆိုးကို သုတ်သင်ရှင်းလင်းရမယ်"

ရုတ်တရက် ဗုဒ္ဓဘုန်းတော်ကြီးတစ်ပါး၏ကြွေးကြော်သံက လေထုအတွင်း၌ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

ထို့နောက် တောက်ပသောအဝါရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ဘုန်းတော်ကြီးတစ်ပါးက ရှေ့သို့တက်လာပေ၏။

ထိုဘုန်းတော်ကြီး၏ကျင့်ကြံဆင့်သည် မြင့်မားပုံရသည်။သူ၏နံဘေးပတ်ဝန်းကျင်တွင် ကြီးကျယ်ခမ်းနားသော ဗုဒ္ဓစွမ်းအားများရှိနေလေ၏။ထိုစွမ်းအားများသည် သူ၏နံဘေးပတ်ဝန်းကျင်၌ မျောလွင့်နေကာ သူ၏ခန္ဓာကိုယ်အားအထက်သို့ဆွဲတင်၍ မြောက်တက်နေစေသည်။ထိုဘုန်းတော်ကြီးသည် ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့တိုးနေသော်လည်း မြေပြင်ပေါ်၌ ခြေရာထင်ကျန်ရစ်ခြင်းမရှိချေ။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူက နဂါးမြင်းများ၏ရှေ့သို့ ရောက်ရှိသွားသည်။

"ငါ မျှော်လင့်ထားသလိုပဲ ဒါကနတ်ဆိုးတစ်ကောင်ပါလား....မင်းက ဒီအဆင့်ထိရောက်အောင် ကျင့်ကြံလာခဲ့တာ သက်ရှိတွေဘယ်လောက်များများကို သတ်ဖြတ်ခဲ့လို့လဲဆိုတာ ငါ သိချင်မိတယ်...ဒီနိမ့်ကျတဲ့ကိုယ်တော်က ဒီနေ့ နတ်ဆိုးကို သုတ်သင်ရှင်းလင်းရလိမ့်မယ်"

ဘုန်းတော်ကြီးက ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်၏။သူ၏ရယ်သံကြီးသည် ပတ်ဝန်းကျင်နေရာအနှံ့သို့ ပဲ့တင်ထပ်ပျံ့နှံ့နေကာ လေထုကိုပင် တုန်ခါသွားစေသည်။

ထို့နောက်မှနေ၍ သူ၏နှီးယပ်တောင်နှင့်တူသော ကြီးမားသောလက်ကြီးဖြင့် နဂါးမြင်း၏ခေါင်းကို ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်သည်။ရုတ်ချည်းဆိုသလိုပင် ထိုနဂါးမြင်း၏အရှိန်အဝါ ပျောက်ကွယ်သွားသည်။

တစ်စုံတစ်ယောက်မှစတင်တိုက်ခိုက်သည်ကို မြင်ချိန်တွင် အသေခံကြေးစားများသည် နေရာမှာပင်ရပ်တန့်ကာ ထိုမြင်ကွင်းကို စောင့်ကြည့်နေကြ၏။

ထိုဘုန်းတော်ကြီး၏ရိုက်ချက်ကြောင့် နဂါးမြင်းသေဆုံးသွားမည်ဟု သူတို့အားလုံး တွေးထင်ထားကြသည်။သို့ရာတွင် ထိုဘုန်းတော်ကြီးတွင် စွမ်းရည်တချို့ရှိသည့်တိုင် နဂါးမြင်း၏အစွမ်းထက်သောခွန်အားကို လှုပ်ခတ်စေနိုင်စွမ်းမရှိမည်ဟု သူတို့အားလုံး မျှော်လင့်မထားမိချေ။

နဂါးမြင်းသည် ကြမ်းတမ်းပြီးရိုင်းစိုင်းသော စရိုက်သဘာဝရှိသည့် နတ်ဆိုးသားရဲဖြစ်သည်။သာမာန်အားဖြင့် ထိုမြင်းသည် တစ်စုံတစ်ယောက်၏ ထိန်းချုပ်ဟန့်တားမှုကို လက်မခံချေ။နဂါးမြင်းသည် ကျယ်လောင်စွာဟိန်းဟောက်၍ ကန်ကျောက်လိုက်ရာ ဘုန်းတော်ကြီးသည် မီတာပေါင်းများစွာအကွာအဝေးသို့ လွင့်ထွက်သွားတော့သည်။

မမျှော်လင့်ဘဲ ထိုဘုန်းတော်ကြီးသည် လွင့်ထွက်သွားသော်လည်း ပို၍စိတ်လှုပ်ရှားနေပုံရသည်။

"ဒါက တကယ့်ကို နတ်ဆိုးတစ်ကောင်ပဲ...တကယ်လို့ ငါ မင်းကိုသာသတ်နိုင်ရင် ငါ့ရဲ့ကောင်းမှုကုသိုလ်စွမ်းအားတွေ ပိုပြီးမြင့်တက်လာလိမ့််မယ်"

ထိုစကားဆုံးသည်နှင့် ဘုန်းတော်ကြီးသည် နဂါးမြင်း၏အစွမ်းထက်သောခွန်အားကို လျစ်လျှူရှုကာ လေထုအတွင်းသို့ ထပ်မံ၍ခုန်တက်လိုက်၏။သူက နဂါးမြင်း၏ခေါင်းကို သူ၏လက်သီးဖြင့် ထပ်မံ၍ထိုးနှက်လိုက်သည်။

Chapter 2202

နဂါးမြင်းသည် နာကျင်မှုကြောင့် ရုတ်တရက်အရူးအမူး တုံ့ပြန်တိုက်ခိုက်ရာ ထိုဘုန်းတော်ကြီးသည် ခြေဆယ်လှမ်းကျော်ခန့် နောက်ဆုတ်လိုက်ရ၏။

ထိုဘုန်းတော်ကြီးသည် အနည်းငယ်နာကျင်သွားပုံရသော်လည်း သူ၏မျက်လုံးများက တောက်ပနေဆဲပင်။

"သားရဲကောင်...ငါက မင်းကို ကောင်းမွန်တဲ့နေရာဆီ ပို့ပေးမလို့လေ...မင်းက ဒါကို လက်မခံချင်တာလား"

ထိုစကားဆုံးသည်နှင့် ဘုန်းတော်ကြီးက နဂါးမြင်း၏ဝမ်းဗိုက်ပိုင်းကို ကန်ကျောက်လိုက်သည်။

ခပ်အုပ်အုပ်ညည်းတွားသံနှင့်အတူ နဂါးမြင်းသည် နောက်သို့ လေး ငါးမီတာအကွာအဝေးထိ လွင့်ထွက်သွားသည်။နဂါးမြင်း၏ခန္ဓာကိုယ်ပေါ်ရှိ သံကြိုးကြီးများလည်း ချက်ချင်းဆိုသလိုပင် ကျိုးပဲ့ပျက်စီးသွားကာ ရထားလုံးသည် လမ်း၏နံဘေးတစ်ဖက်သို့ ပြိုလဲကျသွားပေ၏။

နဂါးမြင်းသည် ရုန်းကန်၍ မတ်တတ်ထရပ်ရန် ပြင်ဆင်လိုက်သည်။သို့ရာတွင် ရုတ်တရက် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားသည်။ထို့နောက် သူ၏ခန္ဓာကိုယ်မှနေ၍ ယင်ချီများ ယိုစိမ့်ထွက်လာပေ၏။

ယင်ချီများအားလုံးပျက်ပြယ်သွားချိန်တွင် လူတိုင်းက ထိုမြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်။

သူတို့၏ရှေ့တွင် သစ်သားအပိုင်းအစရှိနေကာ ထိုအရာပေါ်၌ အဆောင်သင်္ကေတတစ်ခုကို ရေးထွင်းထားလေ၏။

ဤနဂါးမြင်းသည် သစ်သားအပိုင်းအစတစ်ခုမှ ဖွဲ့စည်းထားခြင်းဖြစ်နေသလော.....

ပတ်ဝန်းကျင်ရှိ အသေခံကြေးစားများအားလုံး ကြက်သေသေသွားသည်။သူတို့သည် အချိန်အတော်ကြာ တိုက်ခိုက်ခဲ့သော်လည်း တစ်ဖက်ရန်သူ၏သရုပ်မှန်ကို တွေ့မြင်နိုင်ခဲ့ခြင်းမရှိချေ။

"ဟမ့်...နတ်ဆိုးနည်းစနစ်တွေနဲ့ သက်ရှိတစ်ကောင်အသွင် ဖန်တီးထားတာပဲ"

ဘုန်းတော်ကြီးက အေးစက်စက်နှာတစ်ချက်မှုတ်ကာ သူ၏မျက်လုံးများအတွင်း၌ အထင်အမြင်သေးသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

သူက ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့တိုးကာ သစ်သားအပိုင်းအစကိုကန်ထုတ်၍ ရထားလုံးထံသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားလိုက်၏။

"ပေးကမ်းစွန့်ကြဲတက်သူ လု...ကိုယ်တော်က မင်းကို ထပ်ပြီးခေါင်းမာမနေဖို့ အကြံပြုချင်တယ်....ရှေးဟောင်းဧကရာဇ်အဆင့်မှော်လက်နက်ကို မင်းရဲ့လက်ထဲမှာဆက်ပြီးထားမယ်ဆိုရင် မင်းအတွက် ဘေးဒုက္ခတွေကိုပဲ သယ်ဆောင်လာလိမ့်မယ်...ဒီနိမ့်ကျတဲ့ကိုယ်တော်ဆီကိုပေးပြီး ထိန်းသိမ်းစောင့်ရှောက်စေတာ ပိုမကောင်းဘူးလား"

ဘုန်းတော်ကြီးက နူးညံညင်သာသောအသံဖြင့် ပြောဆိုကာ သူ၏မျက်နှာပေါ်၌ ကြင်နာသနားတက်သောအရိပ်အယောင်များ ထင်ဟပ်နေသည်။

ထိုဘုန်းတော်ကြီးသည် အသေခံကြေးစားများနှင့် အတူတကွ လိုက်ပါလာခြင်းဖြစ်သည်။အသေခံကြေးစားများသည် နဂါးမြင်းသေဆုံးသွားခြင်းကိုမြင်ချိန်တွင် သူတို့၏စိတ်နှလုံးသားများအတွင်း၌ တခြားအတွေးများ ဝင်ရောက်လာသည်။

"အရှင်...ကျွန်တော်တို့အားလုံးကလည်း အကောင်းဆုံးကြိုးစားခဲ့တယ်လေ...ဒီပစ္စည်းကို အရှင်တစ်ယောက်တည်း အပိုင်မစီးသင့်ဘူး"

"ဒါက အမှန်ပဲ...ဒီနဂါးမြင်းကိုဟန့်တားခဲ့သူက ငါတို့ဆိုတာ အသိသာကြီးလေ...ဘာလို့ ဒီဘုန်းတော်ကြီးကိုပဲ အကျိုးအမြတ်တွေပေးရမှာလဲ"

ပတ်ဝန်းကျင်၌ လူများ တစတစပို၍များပြားစွာ စုဝေးလာခဲ့သည်။လုယွီသည် ဤနေရာ၌ချောင်ပိတ်မိနေသည်ကိုကြားချိန်တွင် ဤနေရာသို့ အသေခံကြေးစားများ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြ၏။

ဤနေရာသည် လူနေကျဲပါးသောနေရာတစ်ခုပင်။ဤနေရာနှင့် အနီးဆုံးအုပ်ချုပ်ရေးရုံးပင်လျှင် မိုင်ပေါင်းဆယ်နှင့်ချီဝေးကွာသောနေရာ၌ တည်ရှိသည်။ထို့ကြောင့် လူသတ်လုယက်မှုကျူးလွန်ရန်အတွက် နေရာကောင်းတစ်ခုဖြစ်နေမည်မှာ သံသယဖြစ်ဖွယ်မရှိချေ။

ရှေးဟောင်းဧကရာဇ်အဆင့်မှော်လက်နက်ဖြင့် ပတ်သက်သောသတင်းသည် ကောင်းကင်ဘုံနယ်မြေအနှံ့ ပျံ့နှံ့နေသည်။ဤရက်များအတွင်းတွင် ရှေးဟောင်းဧကရာဇ်အဆင့်မှော်လက်နက်ကို လုယက်ရန်အတွက် တော်ဝင်မြို့တော်သို့ လူအမြောက်အများရောက်ရှိနေကြ၏။

ဘုန်းတော်ကြီးသည် နံဘေးပတ်ဝန်းကျင်မှလူများ၏ ပြောဆိုနေသံများကိုကြားချိန်တွင် သူက ဒေါသတကြီးအော်ဟစ်လိုက်သည်။

"ပါးစပ်ပိတ်ထားကြစမ်း ...သေချင်တဲ့သူဘယ်သူမဆို ရှေ့ကိုတိုးလာခဲ့ကြ...ငါက အဲ့ဒီလူကို တမလွန်ဆီပို့ပေးမယ်"

ယခင်က သူ၏ခန္ဓာကိုယ်ပေါ်တွင် ဗုဒ္ဓ၏အငွေ့အသက်များရှိနေသည်။သို့ရာတွင် သူ ဒေါသတကြီးအော်ဟစ်ကြုံးဝါးလိုက်ချိန်တွင် ကြီးမားသောသွေးကြွေးရန်ငြိုးများကို သယ်ဆောင်ထားသော နတ်ဆိုးတစ်ကောင်အလား အလွန်အမင်း တုန်လှုပ်ချောက်ချားဖွယ်ကောင်းလှ၏။

ပတ်ဝန်းကျင်၌ အော်ဟစ်နေကြသူများ၏ခန္ဓာကိုယ်များ ပြင်းပြင်းထန်ထန်တုန်ရီသွားကာ သူတို့က ထပ်မံ၍ စကားတစ်ခွန်းမျှ မဆိုဝံ့ကြတော့ချေ။

သူတို့သည် အစောပိုင်းက ဘုန်းတော်ကြီး၏တိုက်ခိုက်မှုကို မြင်တွေ့ထားပြီးလေပြီ။ခွန်အားကြီးမားသော နဂါးမြင်းပင်လျှင် သူ၏ကန်ကျောက်မှုကြောင့် လွင့်ထွက်သွားခဲ့ရသည်။အကယ်၍ လူတစ်ယောက်သာ ဤကန်ချက်မျိုးနှင့်ရင်ဆိုင်ရပါက သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ အရိုးများကျိုးပဲ့ကာ သေဆုံးသွားပေမည်။

"ကောင်စုတ်လေးလု....မင်းက ငါ့ကို မျက်နှာသာမပေးတာလား...မင်းက ငါ အလိုရှိနေတဲ့အရာကို ငြင်းဆန်ဝံ့တယ်ပေါ့လေ...သေပေတော့"

ဘုန်းတော်ကြီးသည် သူ၏နံဘေးပတ်ဝန်းကျင်ရှိလူများကြောင့် အလွန်အမင်းဒေါသထွက်နေပုံရသည်။သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှမှော်စွမ်းအားများ ရုတ်တရက် ပွင့်အံထွက်လာကာ သူ၏လက်ကိုဆန့်တန်း၍ ရထားလုံး၏တံခါးကိုဆွဲဖွင့်လိုက်၏။

ဘုန်း....

ရထားလုံး၏သစ်သားလိုက်ကာသည် ချက်ချင်းဆိုသလိုကြေမွပျက်စီးသွားကာ မြောက်များစွာသောသစ်သားအပိုင်းအစများအဖြစ် လွင့်ထွက်သွားသည်။ထို့နောက် အနက်ရောင်အရိပ်တစ်ရိပ်က ရထားလုံးအတွင်းမှ ခုန်ထွက်လာသည်။

ထိုအနက်ရောင်အရိပ်သည် အလွန်အရပ်မြင့်မားသည်။သူ၏ရှေ့၌မတ်တတ်ရပ်နေသူများသည် နေ၏အလင်းရောင်ကိုပင် မမြင်တွေ့နိုင်တော့ချေ။

ဘုန်းတော်ကြီး၏ခန္ဓာကိုယ်သည် အတော်အသင့်ကြီးမားသော်လည်း ဤဧရာမသက်ရှိကြီး၏ရှေ့မှော်တွင် သူကိုကြည့်ရသည်မှာ အလွန်အမင်းသေးငယ်နေပေ၏။

"မင်းက...."

ဘုန်းတော်ကြီး၏မျက်နှာအမူအယာ သိသိသာသာ ပျက်ယွင်းသွားသည်။

သူ၏ရှေ့၌ထွက်ပေါ်လာသောပုံရိပ်သည် သူရရှိထားသော သတင်းအချက်အလက်များအတွင်းမှ လုယွီ၏ပုံရိပ်နှင့် အလွန်အမင်းကွဲပြားခြားနားနေသည်။

ဘုန်းတော်ကြီး၏ရှေ့တွင် မတ်တတ်ရပ်နေသူမှာ လုရှင်းပင်။

လုရှင်းက သူ၏လက်တစ်ဖက်ကိုဆန့်တန်းကာ ဘုန်းတော်ကြီး၏ဦးခေါင်းကို ဖိနှိပ်လိုက်၏။သူ၏အားအနည်းငယ်အသုံးပြုလိုက်ရုံဖြင့် ဘုန်းတော်ကြီး၏ဦးခေါင်း ပေါက်ကွဲသွားကာ သွေးများက မြေပြင်ပေါ်သို့ ဖြာကျသွားသည်။

Chapter 2203

နှင်းလွှမ်းနေသောမြေပြင်ပေါ်၌ သွေးများက ဖြာကျနေလေရာ အလွန်အမင်းမျက်စေ့ဖမ်းစားနိုင်သော မြင်ကွင်းပင်။

လုရှင်း၏လက်ရှစ်ဖက်သည် တဖြည်းဖြည်းပြန့်ကားလာကာ ရှုရာမျိုးနွယ်၏သန်မာအားကောင်းသော ခန္ဓာကိုယ်ကြီးက ချက်ချင်းဆိုသလိုပင် လူအများ၏ရှေ့၌ ထွက်ပေါ်လာသည်။

အသေခံကြေးစားများသည် ယခင်က လုရှင်းနှင့်ရင်ဆိုင်တိုက်ခိုက်ဖူးခြင်းမရှိသော်လည်း သူ၏ခန္ဓာကိုယ်မှထွက်ပေါ်နေသော တုန်လှုပ်ချောက်ချားဖွယ် ဖိအားအရှိန်အဝါကို ခံစားမိသည်။

လုရှင်းထံတွင် ရှုရာမျိုးနွယ်မှရှုရာဧကရာဇ်တစ်ယောက်၏စွမ်းအားမျိုးရှိနေသည်။

ဤသည်က မရေမတွက်နိုင်သောအလောင်းများကိုနင်းဖြတ်၍ အားကောင်းသောရှုရာကျင့်ကြံသူများအကြားမှ ထိပ်ဆုံးသို့တက်လှမ်းနိုင်ခဲ့သော အစွမ်းထက်ဆုံးရှုရာဧကရာဇ်တစ်ယောက်၏စွမ်းအားပင်။

လုယွီ၏ရုပ်သေးအဖြစ် သန့်စင်ခြင်းခံရပြီးနောက် လုရှင်းသည် ယခင်ထက်ပို၍အစွမ်းထက်လာပေ၏။

အကယ်၍ တစ်စုံတစ်ယောက်မှအနီးကပ်ကြည့်ရှုပါက သူ၏မျက်နှာသွင်ပြင်သည် ယခင်နှင့်တူညီသော်လည်း သူ၏ရုပ်ခန္ဓာကိုယ်သည် အလွန်ကွဲပြားခြားနားသွားခြင်းကို တွေ့မြင်ရပေမည်။

ဤသည်က လုယွီသည် လုရှင်းအတွက် ​စိတ်ဝိညာဥ်မီးနယ်မြေအတွင်းရှိ မြေအောက်နန်းတော်မှ ဖုတ်ကောင်ခန္ဓာကိုယ်ကို ရွေးချယ်ခဲ့သည်။

ထိုဖုတ်ကောင်များ၏ခန္ဓာကိုယ်တစ်ခုလုံးမှ အရိုးအကြောများအားလုံးသည် အလွန်အမင်းမာကြောကာ ဖျက်ဆီး၍မရနိုင်လုနီးပါးပင်။

လုရှင်းသည် မူလကတည်းက ရုပ်သေးတစ်ရုပ်ဖြစ်သဖြင့် နာကျင်မှုကိုမခံစားရချေ။ယခုချိန်တွင် သူသည် ဖုတ်ကောင်ခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲခံထားရသဖြင့် ပို၍ပင်မာကျောသန်မာနေသည်။

"ဒါက အဲ့ဒီကောင်လေးရဲ့ဘေးက ရုပ်သေးမဟုတ်လား"

"သေစမ်း...သူက ငါတို့ကို ဒီနေရာရောက်လာအောင် လှည့်စားခဲ့တာပဲ"

လူတိုင်းက ထိုမြင်ကွင်းကိုမြင်ချိန်တွင် ချက်ချင်းဆိုသလိုပင် သူတို့အားလုံး နားလည်သဘောပေါက်သွားကြ၏။

သူတို့အနက်မှ လိမ္မာပါးနပ်သူတချို့က ဤနေရာမှထွက်ခွါသွားရန် ပြင်ဆင်လိုက်ကြသည်။သို့ရာတွင် မမျှော်လင့်ဘဲ လုရှင်းသည် ပျံသန်းလာကာ မျက်တောင်တခတ်စာအချိန်အတွင်းမှာပင် အသေခံကြေးစားတစ်ယောက်၏နံဘေးသို့ ရောက်ရှိသွားသည်။ဓားတစ်ချက်ကျဆင်းသွားခြင်းနှင့်အတူ ထိုအသေခံကြေးစား၏ခေါင်းနှင့်ခန္ဓာကိုယ် ကင်းကွာသွားလေ၏။

ဝှစ်...ဝှစ်...ဝှစ်...

လီရှင်း၏လက် ကျရောက်သွားခြင်းနှင့်အတူ အချိန်တိုအတွင်း၌ အစေခံကြေးစားဆယ်ယောက်ကျော် သူ၏လက်အတွင်း၌ သေဆုံးသွားရသည်။

"သူက ရုပ်သေးတစ်ရုပ်ပဲ...ငါတို့ အတူပူးပေါင်းပြီး သူ့ကိုသတ်ကြရအောင်"

တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။ရုတ်ချည်းဆိုသလိုပင် မြောက်မြားစွာသောမှော်မန္တန်များက လုရှင်း၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။

ထိုမှော်မန္တန်များအားလုံးသည် အလွန်အမျိုးအစားစုံလင်ပြီး ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ရောယှက်နေသည်။ပြင်းထန်သောအဆက်မပြတ်တိုက်ခိုက်မှုများအောက်တွင် လုရှင်းက နောက်သို့ခြေလှမ်းအနည်းငယ်ခန့်ဆုတ်လိုက်ရ၏။

ထိုမှော်မန္တန်များသည် လုရှင်း၏တိုက်ခိုက်မှုကို အနည်းငယ်တွန့်ဆုတ်သွားစေသော်လည်း အပြည့်အဝတားဆီးဟန့်တားနိုင်ခြင်းမရှိချေ။

လုရှင်း၏ခန္ဓာကိုယ်မှ ရုတ်တရက် ပြင်းထန်သောမှော်စွမ်းအားများ ပွင့်အံထွက်လာကာ သူ၏အနီးပတ်ဝန်းကျင်ရှိ အသေခံကြေးစားများအားလုံး သတ်ဖြတ်ခံလိုက်ရသည်။

ကြွင်းကျန်သောကျင့်ကြံသူများသည် ထိုမြင်ကွင်းကိုမြင်ချိန်တွင် ရပ်တန့်လိုက်ကြပြီး သူတို့၏မျက်နှာများပေါ်၌ ထိတ်လန့်ကြောက်ရွံမှုများဖြင့် ပြည့်နှက်နေသည်။

"ကောင်စုတ်လေးက ဒီနေရာမှာရှိမနေဘူး"

"မြို့စောင့်တပ်ကစစ်သားတွေ မကြာခင်ရောက်လာတော့မယ်....မင်းတို့အားလုံး ဒီရုပ်သေးနဲ့အချိန်ဖြုန်းမနေကြနဲ့"

အလွန်လျှင်မြန်စွာဖြင့် ကျင့်ကြံသူအမြောက်အများ နောက်ဆုတ်လိုက်ကြ၏။

သူတို့ ဤနေရာသို့လာရောက်ရသော ရည်ရွယ်ချက်မှာ လုယွီ၏လက်အတွင်းရှိ ဧကရာဇ်အဆင့်မှော်လက်နက်ကို လုယက်ရန်ဖြစ်သည်။သူတို့နှင့်လုယွီအကြား၌ မည်သည့်ရန်ငြိုးမျှရှိမနေချေ။

ထိုရုပ်သေးသည် အလွန်အစွမ်းထက်ပေ၏။အကယ်၍ သူတို့၏လူအင်အားအများအပြား ဤနေရာ၌ဆုံးရှုံးသွားပါက အကျိုးအမြတ်ရရှိသည်ထက် ဆုံးရှုံးမှုက ပို၍များသွားပေမည်။

သို့ရာတွင် ထိုလူများအားလုံးကို လုရှင်းက ထွက်ခွါသွားခွင့်မပြုချေ။

သူသည် လုယွီ၏အမိန့်အရ သူ့နောက်သို့လိုက်လံဖမ်းဆီးသည့်လူများကိုသတ်ဖြတ်၍ ထိုလူများအား တခြားနေရာသို့ထွက်မသွားစေရန် ထိန်းသိမ်းထားရပေမည်။

ဤအချိန်အခိုက်အတန့်တွင် လူများအားလုံးသည် သူတို့အားလုံး၏ခေါင်းထက်မှလာသော ဒေါသတကြီးအော်ဟစ်သံတစ်သံကို ကြားလိုက်ရသည်။မျက်တောင်တခတ်စာအချိန်အတွင်းမှာပင် လုရှင်းသည် သူ၏လက်အတွင်း၌ ကျင့်ကြံသူတစ်ယောက်၏ကျိုးပဲ့ပျက်စီးနေသောခန္ဓာကိုယ်ကို ကိုင်ဆောင်ကာ သူတို့ထံသို့ တရကြမ်းပြေးဝင်လာသည်ကို တွေ့မြင်လိုက်ကြရ၏။

ထိုကျင့်ကြံသူသည် မသေဆုံးမီအချိန်၌ သူ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်သောအရိပ်အယောင်များ ထင်ဟပ်နေဆဲပင်။လုရှင်းသည် ထပ်မံ၍ပြင်းပြင်းထန်ထန် တိုက်ခိုက်လိမ့်မည်ဟု သူ မျှော်လင့်ထားမိပုံမရချေ။

"အဲ့ဒီရုပ်သေးက ရူးသွပ်သွားတာလား"

"မြန်မြန်ပြေးကြတော့...ငါတို့ တော်ဝင်မြို့တော်ထဲကိုရောက်တာနဲ့ ဘေးကင်းလုံခြုံပြီ"

အခြေအနေသည် ချက်ချင်းဆိုသလိုပင် ပြောင်းပြန်ဖြစ်သွားလေပြီ။

မူလက ထိုလူစုသည် လုယွီအား အမဲလိုက်ရန် ရောက်ရှိလာခြင်းဖြစ်သည်။သို့ရာတွင် ယခုလက်ရှိချိန်၌ သူတို့သည် ရုပ်သေး၏လိုက်လံဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံနေရ၏။

လုယွီကို သတ်ရန်လာသောကျင့်ကြံသူများအကြားတွင် လုရှင်းထက်ပို၍အစွမ်းထက်သော ရွှယ်အင်မော်တယ်များပါဝင်သည်။သို့ရာတွင် ထိုရွှယ်အင်မော်တယ်ကျင့်ကြံသူများသည် လုယွီ ဤနေရာ၌မရှိသည်ကိုမြင်ချိန်တွင် သူတို့၏ခွန်အားများကို ချွေတာလိုက်ကြ၏။သူတို့က ဧကရာဇ်အဆင့်မှော်လက်နက်ကိုလုယူနိုင်မည့် အခွင့်ကောင်းကို ဆက်လက်၍စောင့်ဆိုင်းနေသည်။မည်သည့်နည်းဖြင့် သူတို့က ရုပ်သေးတစ်ရုပ်ပေါ်တွင် သူတို့၏အချိန်များကို ဖြုန်းတီးနေမည်နည်း။

ဤအချိန်အခိုက်အတန့်တွင် မြင်ကွင်းတစ်ခုလုံး ဖရိုဖရဲဖြစ်နေသည်။လုယွီအား သတ်ဖြတ်ရန်နောက်ယောင်ခံလိုက်လာသော ကျင့်ကြံသူများသည် တကွဲတပြားစီ ထွက်ပြေးနေကြရသည်။သူတို့သည် လုယွီနောက်သို့ လိုက်လံသတ်ဖြတ်ခဲ့သော်လည်း လုရှင်းနှင့်ရင်ဆိုင်ရမည်ဟု မျှော်လင့်ထားမိခြင်းမရှိချေ။

Chapter 2204

တော်ဝင်မြို့တော်၏မြောက်ပိုင်းမြို့စွန်....

ဤနေရာသည်လည်း အလွန်အမင်းခြောက်ကပ်နေကာ လူသူကင်းမဲ့လေ၏။အဝေးတနေရာတွင် နှင်းများဖုံးလွှမ်းနေသော တောင်တန်းကြီးရှိနေသည်။

နေမင်းကြီးထွက်ပေါ်လာချိန်တွင် တောင်များပေါ်ရှိသစ်တောအုပ်များအထက်၌ မြူခိုးများထွက်ပေါ်လာလေရာ တောင်တန်းကြီးတစ်ခုလုံးကို အလွန်အမင်းအုံ့မှိုင်းရီဝေနေစေသည်။

ဤသည်က တော်ဝင်မြို့တော်အတွင်းတွင်နေထိုင်သော မိသားစုကြီးများမှ လူငယ်သခင်လေးများ၏ အမဲလိုက်ကွင်းပြင်တစ်ခုပင်။ဤနေရာသည် အလွန်ကျယ်ဝန်းသော်လည်း တော်ဝင်မြို့တော်နှင့်နှိုင်းယှဥ်ပါက စိတ်ဝိညာဥ်စွမ်းအင်လွန်စွာကျဲပါးသဖြင့် လူနည်းစုသာနေထိုင်ကြသည်။

မနက်အာရုဏ်ဦးအချိန်တွင် လူရိပ်တစ်ရိပ်သည် နှင်းမြူများကိုဖြတ်သန်း၍ အဝေးတစ်နေရာသို့ အပြေးသွားနေသည်။

အကယ်၍ တစ်စုံတစ်ယောက်မှအနီးကပ်ကြည့်ရှုပါက ထိုလူရိပ်၏ခြေလှမ်းသည် အလွန်လျှင်မြန်သဖြင့် နှင်းများပေါ်တွင် သူ၏ခြေရာပင် ထင်ကျန်ရစ်ခဲ့ခြင်းမရှိကြောင်း တွေ့မြင်ရပေမည်။

"ကြည့်ရတာတော့ လုရှင်းက သူတို့နဲ့တိုက်ခိုက်နေပုံပဲ"

လုယွီသည် ခန္ဓာကိုယ်လှုပ်ရှားမှုကိုအသုံးပြုနေသော်လည်း သူ၏စိတ်နှင့်ရုပ်သေးကို ချိတ်ဆက်ထားသဖြင့် လုရှင်းရင်ဆိုင်နေရသော အခြေအနေများအားလုံးကို သူ ခံစားနိုင်သည်။

သူ မိုးကောင်းကင်တာအိုတည်းခိုခန်းမှ ထွက်မလာမီအချိန်တွင် ပြင်ပ၌လူအမြောက်အများ သူ့ကိုစောင့်ကြည့်နေသည်ကို အာရုံခံမိလေ၏။

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ဝင်ခွင့်စာမေးပွဲသည် နောက်ထပ်နှစ်ရက်အကြာတွင် စတင်တော့ပေမည်။အကယ်၍ သူ နောက်ကျသွားပါက နောက်တစ်ကြိမ်ဝင်ခွင့်ဖြေဆိုရန် အချိန်ကြာညောင်းစွာ စောင့်ဆိုင်းရပေလိမ့်မည်။ယခုချိန်တွင် လုယွီအတွက် အချိန်သည် အလွန်အမင်းအဖိုးတန်ရှားပါးပေ၏။မိုးကောင်းကင်တာအိုတည်းခိုခန်းအတွင်း၌ ပုန်းအောင်းနေခြင်းဖြင့် သူ့ထံရောက်ရှိလာမည့်ဘေးအန္တရာယ်များကို အချိန်အတိုင်းအတာတစ်ခုထိ ရှောင်ရှားနိုင်သည်။သို့ရာတွင် မည်သည့်နည်းဖြင့် သူ၏အချိန်များကို အလဟဿဖြုန်းတီးနိုင်မည်နည်း။

"ကြည့်ရတာတော့ ဒါက ငါ့ကိုဝမ်ရှန့်သူတော်စင်ပေးတဲ့ စမ်းသပ်ချက်ဖြစ်ပုံပဲ"

လုယွီက တီးတိုးရေရွတ်လိုက်၏။

ဝမ်ရှန့်သူတော်စင် ဖူကျစ်ရွှယ်နှင့် နတ်ဘုရားဓားအမတ်ကြီး သူတို့အနက်မှမည်သူမဆို သူတို့၏နှုတ်မှဖွင့်ဟပြောဆိုလိုက်သည်နှင့် သူ့အားလိုက်လံဖမ်းဆီးနေသောလူများ အနည်းဆုံးတစ်ဝက်ခန့် လျော့ကျသွားပေမည်။

သို့ရာတွင် သူတို့အားလုံးသည် နှုတ်ဆိတ်နေရန်သာ ရွေးချယ်လိုက်ကြပြီး အပြောင်းအလဲများကို စောင့်ကြည့်နေကြ၏။

လုယွီသည်လည်း သူတို့ထံမှ အကူအညီကိုတောင်းခံရသည်အထိ နုံအနေသူမဟုတ်ချေ။ရှေးဟောင်းဧကရာဇ်အဆင့်မှော်လက်နက်ကို သူ၏လက်အတွင်း၌ ထိန်းသိမ်းထားနိုင်ရန်မှာ အရေးကြီးသော်လည်း လုယွီသည် တခြားသူများထံမှ အကူအညီတောင်းခံမည်မဟုတ်ပေ။

မိုးကောင်းကင်တာအိုတည်းခိုခန်းမှ ထွက်ခွါလာခဲ့ပြီးနောက် လုယွီသည် နတ်ဆိုးမြင်းကိုစီးနင်းခြင်းမပြုဘဲ သူ၏ခန္ဓာကိုယ်လှုပ်ရှားမှုနည်းစနစ်ဖြင့် လျှောက်လှမ်းခဲ့သည်။

သူသည် သူတော်စင်အဆင့်ရုပ်ခန္ဓာကိုယ်ကို ရရှိပြီးနောက် သူသည် တစ်ရက်တွင်မိုင်ပေါင်းထောင်နှင့်ချီ၍ ခရီးသွားလာနိုင်သည်။နဂါးမြင်းများပင်လျှင် လုယွီ၏လက်ရှိအမြန်နှုန်းကို ယှဥ်ပြိုင်နိုင်မည်မဟုတ်ချေ။

ထိုအချိန်မှာပင် သူ့ရှေ့ရှိ နှင်းလွှမ်းနေသောတောင်မှနေ၍ ရုတ်တရက် ကျယ်လောင်သောဆူညံသံများ မြည်ဟီးလာသည်။

ဘုန်း...ဘုန်း...ဘုန်း...

ရုတ်ချည်းဆိုသလိုပင် လုယွီ၏နံဘေးရှိ တောင်များလည်း ပေါက်ကွဲသွားကာ မရေမတွက်နိုင်သောမြေစိုင်ခဲများက မိုးကောင်းကင်ယံမှနေ၍ မိုးပေါက်များအလား ကျရောက်လာပေ၏။သူ့ရှေ့ရှိ တောင်ကြားလမ်းကို ကြီးမားသောကျောက်တုံးကြီးများဖြင့် ပိတ်ဆို့ခြင်းခံထားရသည်။

လုယွီ၏လက်ဝဲဘက်ခြမ်းရှိ တောင်များအားလုံး ရုတ်တရက်ပြိုကျသွားသည်။ကြည့်ရသည်မှာ လုယွီအား အရှင်လတ်လတ် မြေမြုပ်လိုပုံရသည်။

ထိုမြင်ကွင်းကိုမြင်ချိန်တွင် လုယွီက ချက်ချင်းဆိုသလိုပင် တုံ့ပြန်လိုက်၏။သူသည် လွင့်ကျလာသောမြေစိုင်ခဲတစ်ခုပေါ်သို့ခြေဆောင့်နင်းပြီး မရေမတွက်နိုင်သော မြေစမြေနများကို ရှောင်ရှားလိုက်သည်။သူက လေထုအတွင်း၌ပျံ့လွင့်နေသောမြေစိုင်ခဲများကို တစ်ဆင့်ပြီးတစ်ဆင့်အားယူကာ တောင်ထိပ်ပေါ်သို့ ခြေချခဲ့သည်။

သူ ထွက်ခွါမလာမီကတည်းက လမ်းကြောင်းများအားလုံးကို လေ့လာဆန်းစစ်ပြီးလေပြီ။ဤလမ်းကြောင်းသည် အလွန်အမင်းလျှို့ဝှက်ပြီး လူနည်းစုကသာ သူ့နောက်သို့ ခြေရာခံလိုက်နိုင်ပေမည်။

သို့ရာတွင် နှင်းလွှမ်းသောတောင်များ ပြိုကျသွားသော အချိန်အခိုက်အတန့်တွင် လုယွီသည် ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို ခံစားမိသည်။

"မင်းတို့ ထပ်ပြီးပုန်းနေဖို့မလိုတော့ဘူး ..ထွက်လာကြစမ်း"

လုယွီက ရုတ်တရက် နှင်းလွှမ်းသောတောင်ထိပ်၏တစ်နေရာကိုကြည့်ကာ အော်ဟစ်လိုက်၏။

ထိုနေရာမှနေ၍ ပိုးထည်ဝတ်စုံဝတ်ဆင်ထားသောလူလတ်ပိုင်းကြီးတစ်ယောက်ထွက်လာကာ သားကောင်ကိုဖမ်းမိသောအကြည့်မျိုးဖြင့် လုယွီကို စူးစိုက်ကြည့်နေသည်။

လုယွီသည် ထိုလူလတ်ပိုင်းကြီးကို ကောင်းစွာသိရှိပေ၏။သူသည် တော်ဝင်စစ်ရေးဌာန၏လက်ထောက်အမတ်ကြီးရှဖုန်းပင်။

ရှဖုန်း ဤနေရာသို့ရောက်ရှိလာသည်ကိုကြည့်ပြီး လုယွီ၏စိတ်အတွင်း၌ မရေမတွက်နိုင်သောအတွေးများ ဖြတ်ပြေးသွားသည်။ရုတ်ချည်းဆိုသလိုပင် သူက မည်သည့်ကိစ္စများဖြစ်ပျက်ခဲ့သည်ကို သိရှိသွားလေ၏။

"ကျုပ် သိပြီ..ကြည့်ရတာတော့ မိုး​ကောင်းကင်တာအိုတည်းခိုခန်းရဲ့တာဝန်ခံအမျိုးသမီးက ခင်ဗျားရဲ့လူဖြစ်နေပုံပဲ"

လုယွီက တည်ငြိမ်စွာ ပြောဆိုလေသည်။

သူသည် မိုးကောင်းကင်တာအိုတည်းခိုခန်းတွင်တည်းခိုရာ၌ ထိပ်တန်းအဆင့်လှိုဏ်ဂူအိမ်တွင် နေထိုင်ခဲ့သည်။သာမာန်အစေခံများသည် သူ၏အနီးသို့ ချဥ်းကပ်လာနိုင်ရန် အရည်အချင်းမပြည့်မီချေ။

လုယွီအား တိတ်တဆိတ်စုံစမ်းထောက်လှမ်းနိုင်သူမှာ မိုးကောင်းကင်တာအိုတည်းခိုခန်း၏တာဝန်ခံအမျိုးသမီးတစ်ယောက်သာလျှင်ရှိသည်။

Chapter 2205

"အခု မင်း နားလည်သွားပြီလား...မင်းက အရူးတစ်ယောက်တော့ မဟုတ်ဘူးပဲ"

အောင်မြင်မှုရရှိသွားသောအပြုံးမျိုးက ရှဖုန်း၏မျက်နှာပေါ်၌ ထင်ဟပ်လာသည်။

ဤအချိန်အခိုက်အတန့်တွင် ကိစ္စရပ်များအကြားရှိ မသမာမှုများနှင့်ကလိမ်ကကျစ်ကျမှုများအားလုံး ထွက်ပေါ်လာလေပြီ။ရှဖုန်းသည် တော်ဝင်စစ်ရေးဌာန၏လက်ထောက်အမတ်ကြီးနေရာကို ကိုင်တွယ်ထားသူဖြစ်သဖြင့် ရိုးရှင်းသူတစ်ယောက်မဟုတ်သည်မှာ ဖြစ်ရိုးဖြစ်စဥ်ပင်။

တော်ဝင်စစ်ရေးဌာနအုပ်ချုပ်ရေးရုံး၏ ပင်မခန်းမအတွင်း၌ လုယွီအား သူ ဒေါသတကြီးပြောဆိုနေမှုများအားလုံးမှာ ဟန်ပြသက်သက်ဖြစ်ပေ၏။

သူ၏အစစ်အမှန်သတ်ဖြတ်မည့် အကြံအစည်ကို ဤလမ်းကြောင်းအတွင်း၌ ဖုံးကွယ်ထားခဲ့သည်။

"မင်းက လမ်းကြောင်းမှန်ကိုရွေးချယ်တက်သားပဲ...ငါတောင် နည်းနည်းအခက်တွေ့သွားခဲ့တယ်"

ရှဖုန်းက အချိန်ဖြုန်းနေခြင်းမရှိဘဲ စတင်တိုက်ခိုက်လေ၏။

သူ၏လက်ဝါးကို အောက်သို့ဖိနှိပ်လိုက်စဥ်တွင် သူ၏နံဘေးပတ်ဝန်းကျင်ရှိ တောင်များအပေါ်သက်ရောက်သွားပုံရသည်။သန့်စင်သောမြေဒြပ်စင်စွမ်းအားများက သူ၏လက်ဖဝါးအတွင်း၌ စုဝေးလာသည်။

ရုတ်ချည်းဆိုသလိုပင် အထပ်ကိုးထပ်ပါသော မျှော်စင်တစ်ခုက လုယွီ၏ခေါင်းထက်၌ ထွက်ပေါ်လာသည်။

ဘုန်း...

ထိုမျှော်စင်သည် ရုတ်ချည်းဆိုသလိုပင် လုယွီအားလွှမ်းခြုံသွားပြီး မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ကျဆင်းလာပေ၏။

ထိုမျှော်စင်သည် လေထုအတွင်းမှတဟုန်ထိုးကျရောက်လာသဖြင့် မြေပြင်ပေါ်၌ မရေမတွက်နိုင်သောအက်ကွဲကြောင်းများ ထွက်ပေါ်လာသည်။ထို့နောက် မြေပြင်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားတော့သည်။

မြေဒြပ်စင်စွမ်းအားများမှ မျှော်စင်အသွင်ဖွဲ့စည်းလိုက်သည့် အချိန်မှစ၍ လုယွီအား ဖိနှိပ်လိုက်သည့်အချိန်ထိ အသက်သုံးရှိုက်စာသာ ကြာမြင့်သည်။

ရှဖုန်း၏ဆက်တိုက်လှုပ်ရှားမှုများသည် ရေစီးဆင်းသည့်အလား ချောမွေ့နေပေ၏။

"မင်း အပြစ်တင်ချင်ရင်...လူမှားပြီး ရန်စစော်ကားမိတဲ့ မင်းကိုယ်မင်းသာ အပြစ်တင်ပေတော့...နောင်ဘဝပြန်ဝင်စားလာတဲ့အချိန်ကျရင်...မဟုတ်ဘူး...မင်းမှာ နောင်ဘဝဆိုတာ ရှိလာတော့မှာမဟုတ်ဘူး"

ရှဖုန်းက ထပ်မံ၍လှုပ်ရှားလိုက်ရာ သူ၏လက်ချောင်းများအကြားမှနေ၍ အနက်ရောင်မီးတောက်များ ထွက်ပေါ်လာသည်။

သူသည် လုယွီကို သတ်ဖြတ်ရာ၌ စိတ်ဝိညာဥ်ကိုပါ အမြစ်ပြတ်သုတ်သင်ရန် ရည်ရွယ်ထားသည်။လုယွီ၏အရိုးအသားများအားလုံးကိုပြာချကာ မည်သည့်သဲလွန်စမျိုးကိုမျှ ချန်ထားခဲ့မည်မဟုတ်ချေ။

ရုတ်ချည်းဆိုသလိုပင် တုန်လှုပ်ချောက်ချားဖွယ်မီးတောက်များသည် မျှော်စင်အတွင်းမှ အလျှင်အမြန်စတင်၍ လောင်ကျွမ်းလာကာ ကောင်းကင်ယံတိုင် ထိုးတက်သွားပေ၏။

ဤမီးတောက်အမျိုးအစားမှာ အလွန်အမင်းပူပြင်းသည်။ထိုမီးတောက်အား ရှဖုန်းသည် တိုက်ပွဲကွင်းပြင်အတွင်း၌ မြောက်မြားစွာသော ကွယ်လွန်သူဝိညာဥ်များကို သိပ်သည်းပြီးမှ ဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်သည်။ထိုမီးတောက်အကြားတွင် မြောက်မြားစွာသောသရဲတစ္ဆေဝိညာဥ်များ၏ နာကျည်းမုန်းတီးမှုများ ခိုအောင်းနေပေ၏။ထိုအရာအား ထုတ်ဖော်အသုံးပြုလိုက်သည်နှင့် မြောက်မြားစွာသောသရဲတစ္ဆေဝိညာဥ်များ၏ တပြိုင်နက်တည်း အော်ဟစ်သံကို ကြားရမည်ဖြစ်ကာ တစ်ဖက်လူ၏စိတ်ကို သက်ရောက်မှုရှိစေသည်။

ဝုန်း...

လုယွီအား သေသည်အထိလောင်ကျွမ်းသွားသည့်အလား မျှော်စင်အတွင်းမှမီးတောက် ရုတ်တရက် မြင့်တက်လာသည်။

"မင်းရဲ့ခန္ဓာကိုယ်မှာ လျှို့ဝှက်ချက်တွေအများကြီးရှိပုံပဲ...အစတုန်းကတော့ ငါ မင်းကို သေသေချာချာစစ်မေးဖို့ ရည်ရွယ်ထားခဲ့တာ...ဒါပေမယ့် တကယ်လို့ မင်း ထွက်ပြေးလွတ်မြောက်သွားမယ်ဆိုရင် ငါ့အတွက် ပြဿနာတွေ ပိုများလာနိုင်တယ်"

ရှဖုန်းက ညည်းတွားလိုက်၏။

ဤအဆင့်ထိရောက်အောင် ကျင့်ကြံခဲ့သူများမှာ အလွန်လိမ္မာပါးနပ်သူများဖြစ်သည်။အကယ်၍ တစ်ဖက်လူသည် အလွန်အားနည်းနေသည့်တိုင် သူတို့က သတိလက်လွတ်နေခြင်းမရှိချေ။

ထို့ပြင် လုယွီ၏လက်အတွင်း၌ ရှုရာဧကရာဇ်တစ်ယောက်ပင် သေဆုံးခဲ့ရသဖြင့် ရှဖုန်းက ပို၍သတိကြီးစွာထားနေသည်။

"အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်စာ ကုန်ပြီးမှတော့...သူ သေသွားလောက်ပြီ"

ရှဖုန်းက သူ၏လက်ကိုဆန့်တန်းကာ မျှော်စင်ကိုဖွင့်ရန် ဟန်ပြင်လိုက်၏။

သို့သော် သူ လှုပ်ရှားတော့မည့်အချိန်မှာပင် သူ့ရှေ့ရှိမျှော်စင်မှနေ၍ ရုတ်တရက် ပြင်းထန်သောတုန်ခါလှိုင်းများ ထွက်ပေါ်လာသည်။

ဘုန်း....

ကြီးမားသောပေါက်ကွဲမှုကြီးကြောင့် ကောင်းကင်နှင့်မြေပြင်တစ်ခုလုံး တုန်ခါသွားသည်။

ထို့နောက် မျှော်စင်၏မြေသားနံရံတစ်ဖက်ခြမ်း၌ လက်ဝါးရာကြီးတစ်ခုက ထင်ထင်ရှားရှားထွက်ပေါ်လာသည်။

ထိုလက်ဝါးရာကိုဗဟိုပြု၍ အက်ကွဲကြောင်းကြီးများက စတင်၍ပျံ့နှံ့လာကာ အချိန်တခဏအတွင်းမှာပင် မျှော်စင်တစ်ခုလုံးကို လွှမ်းခြုံသွားပေ၏။

ဘုန်း....ဘုန်း...

နောက်ထပ်ဆူညံသံနှစ်သံ မြည်ဟီးလာခြင်းနှင့်အတူ လုယွီက ကွဲအက်နေသောမျှော်စင်မှနေ၍ ထွက်ပေါ်လာသည်။

ဤအချိန်အခိုက်အတန့်တွင် လုယွီ၏ခန္ဓာကိုယ်ပေါ်၌ ရွှေရောင်အလင်းတန်းများက လွှမ်းခြုံနေသည်။ခြစ်ခြစ်တောက်ပူပြင်းသော အငွေ့အသက်များက သူ့ထံမှ ယိုစိမ့်ထွက်နေသော်လည်း သူ့အား အနည်းငယ်မျှပင် ထိခိုက်နာကျင်စေခြင်းမရှိချေ။

"အမ်...မင်းမှာ နည်းနည်းတော့ အရည်အချင်းရှိသားပဲ"

ရှဖုန်း၏မျက်လုံးများ ကျဥ်းမြောင်းသွားသော်လည်း သူက တစိုးတစိမျှ အံ့အားသင့်သွားပုံမရချေ။

ရှုရာဧကရာဇ်အား သတ်ဖြတ်ခဲ့သောသူသည် ဤသို့ချောင်းမြောင်းတိုက်ခိုက်ခံရခြင်းဖြင့်သာ သေဆုံးသွားပါက သူ၏နာမည်ဂုဏ်သတင်းနှင့် ထိုက်တန်မည်မဟုတ်ပေ။

"ခုဏကတော့ မင်းနဲ့အတူ မင်းရဲ့ခန္ဓာကိုယ်ပေါ်က လျှို့ဝှက်ချက်တွေ ပျောက်ကွယ်သွားပြီဆိုပြီး ငါ နည်းနည်း စိတ်မကောင်းဖြစ်နေမိတယ်...ကြည့်ရတာတော့ ငါ့မှာ အခွင့်အရေးရှိသေးပုံပဲ"

ရှဖုန်းက လုယွီကို အထင်အမြင်သေးသောအကြည့်ဖြင့် ကြည့်လိုက်သည်။

"ကောင်းပြီလေ....ငါ နည်းနည်းလောက်ပိုပြီး အလေးအနက်ထားရတော့မှာပေါ့...တကယ်လို့ မင်းက ရှေးဟောင်းဧကရာဇ်အဆင့်မှော်လက်နက်ကို လိမ်လိမ်မာမာနဲ့ ငါ့ကို ထုတ်ပေးမယ်ဆိုရင်တော့ ငါ မင်းကို မြန်မြန်အဆုံးသတ်ပေးမယ်"

Thank For Reading.

All Chapters