Chapter 271: မင်းအသက်ရှင်နေလည်း မထူးဘူး
Vol. 19 Ch. 271
မကြာမီ မီးသားကောင်ကြီးများ နားနေဆောင်အနီး ချဉ်းကပ်လာ၏။
အရှိန်မှာ မြန်လွန်း၍ ချက်ချင်း သိမ်းပိုက်မိတော့မလို ထင်ရသည်။
နားနေဆောင်ပတ်လည်မှ အကာအကွယ်များလည်း ပျက်စီးနေလေပြီ။
မီးသားကောင်ရာကျော်၏ တိုက်ခိုက်မှုကို ခံနိုင်ရည် မရှိတော့ပေ။
ထိုအချိန်တွင် နားနေဆောင်ကြီးမှာ မီးသားကောင်များ၏ သတ်ဖြတ်မှုကို စောင့်နေရတော့၏။
သို့ရာတွင် ရုတ်တရက် လေထဲမှ ရနံ့တစ်ခု ပါလာသည်။
မီးသားကောင်များ ချက်ချင်း ရပ်သွား၏။
အစပိုင်းတွင် ဒေါသတကြီးဖြင့် ထိုအနံ့ကို ခံကြည့်နေပြီး ရုတ်တရက် လန့်သွားကြသည်။
အရင်သွေးစွမ်းအင်ထဲမှ ကြောက်စရာ အမှတ်တရများ ပြန်ပေါ်လာသကဲ့သို့ပင်။
“ဂါး ဂါး ဝေါင်း”
မီးသားကောင်များမှာ အော်ဟစ်၍ ရုန်းရင်းဆန်ခတ် ဖြစ်လာပြီး တစ်ခုခုကို ထိတ်လန့်နေပုံ ပေါ်သည်။
ထိုမြင်ကွင်းကြောင့် အကြီးအကဲများလည်း အံ့ဩနေမိ၏။
“ဘာတွေဖြစ်နေတာလဲ… မီးသားကောင်တွေ ဘာလို့ ဆက်မသွားတာလဲ”
ဟီထျန်းချောင်နှင့် ဝူယန်ဝေ့တို့ အချင်းချင်း ကြည့်ရင်း နားမလည်နိုင် ဖြစ်နေကြသည်။
“ကြည့်ရတာ ရန်သူကြီးကို အာရုံရသွားသလိုပဲ”
လုတုံရွှမ်ပင် မှင်တက်နေ၏။
ယန်ဝူယွမ် မျက်မှောင်ကြုတ်လျက်
“ပိုအင်အားကြီးတဲ့ မီးသားကောင် ပေါ်လာတာများလား”
ယဲ့ယန်လည်း မျက်မှောင်ကြုတ်၍ လှမ်းကြည့်ရင်း အခြေအနေကို နားမလည်သေးပေ။
အခြားအကြီးအကဲများလည်း အချင်းချင်း ဝေဖန်ပြောဆိုနေမိ၏။
ထိုထဲတွင် လျှိုရူယွန်းတစ်ယောက်မှာ မျက်နှာအပျက်ဆုံး ဖြစ်၏။
မီးသားကောင်များကို သူ မထိန်းချုပ်နိုင်တော့မှန်း ခံစားမိသည်။
“ဘာတွေ ဖြစ်နေတာလဲ”
“သားကောင် မွှေးရနံ့က အလုပ်မဖြစ်တော့တာလား”
လျှိုရူယွန်းမှာ သူ့အိတ်ထဲသို့ စိတ်ဝိညာဉ်စွမ်းအင်များ ထပ်ဖြည့်လိုက်၏။
ထို့နောက် လေထဲတွင် ကျဲပက်လိုက်သော်လည်း သူ့အမိန့်ကို မနာခံကြသေးချေ။
“အတုက အတုပဲပေါ့”
“ရုံးတော်မှာ နည်းပညာ လိုသေးတာပဲ”
ရှန်မို့အသံကို ကြားရ၏။
လျှိုရူယွန်း သူ့ကိုလှမ်းကြည့်လိုက်ပြီး အိတ်ထဲမှ မွှေးရနံ့များ ထွက်လာသည်အား ခံစားမိသည်။
“ဒါ… သားကောင်ထိန်းချုပ်ဆေးမှုန့်လား… မဖြစ်နိုင်တာ”
“အဂ္ဂိရက် (၉) သွယ်ဂိုဏ်း ပျက်စီးတုန်းက ဆေးမှုန့်တွေအကုန် မီးထဲပါသွားပြီလို့ ရုံးတော်က အတည်ပြုထားတာပဲ”
“ဆေးနည်းလည်း ဖျက်ဆီးခံရပြီးပြီ”
လျှိုရူယွန်း မျက်လုံးပြူးလျက် မယုံကြည်နိုင် ဖြစ်နေ၏။
သူ့ဆင်တူဆေးမှုန့်ဖြင့် သားကောင်များကို ထိန်းချုပ်နိုင်မည်ဟု လုံးဝ ယုံကြည်ထားခဲ့သည်။ သို့သော် ယခုတော့ ဆေးမှုန့်အစစ်ပေါ်လာကာ သူ့အကြံအား ဖျက်ဆီးလေပြီ။
သူ့စကားကြောင့် အကြီးအကဲများလည်း အံ့ဩနေသည်။
“သားကောင်ထိန်းချုပ် ဆေးမှုန့်လား”
“အဲ့ဒါ ဘာလဲ”
ဝူယန်ဝေ့ ခေါင်းကုတ်ကာ ပြန်မေး၏။
ဟီထျန်းချောင်မှ
“ကျွန်တော့်အဘိုးပြောဖူးတာတော့ အဂ္ဂိရက် (၉) သွယ်ဂိုဏ်းက သားကောင်တွေ ထိန်းချုပ်ဖို့ သုံးတဲ့ဆေးတဲ့”
“အဲ့ဆေးမှုန့်နဲ့ဆိုရင် အဆင့်နိမ့်ကျင့်ကြံသူတောင် အဆင့် (၅) သားကောင်ကို သတ်နိုင်တယ်တဲ့”
ယန်ဝူယွမ် မျက်မှောင်ကြုတ်လျက်
“ဒါပေမဲ့ အဲ့ဒါက ပျောက်သွားတာ ကြာပြီမလား… ဘယ်သူမှလည်း မလုပ်နိုင်ဘူးလေ”
“မီးတောက်ဆေးတိုက်ထဲမှာ လက်ကျန် ရှိနေတာလား”
လုတုံရွှမ် မျက်လုံးအရောင်လက်သွားပြီး
“ဘာဖြစ်ရမလဲ… ဂျူနီယာလေးက အဲ့လိုပဲ ရှာတွေ့သွားတာ ဖြစ်မှာပေါ့”
“အံ့ဩစရာပဲ”
အားလုံး ပျော်ရွှင် စိတ်လှုပ်ရှားနေတော့၏။
ဆေးတိုက်ထဲတွင် လက်ကျန်ရှိနေနိုင်သည်မှာ မှန်ပါသည်။ မည်သူမျှ မတွေ့ဖူး၍ မရှိသည်တော့ မဟုတ်ပေ။
ရှန်မိုမှာ ကံကောင်းသူဖြစ်၍ ရှာတွေ့သည်မှာ မဆန်းချေ။
ယဲ့ယန် ရှန်မို့ကို စိုက်ကြည့်ရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထား၏။
သူ မရှာနိုင်သည့် ရတနာများကို ရှန်မိုမှ အမြဲရနေသည်။
ဘာလို့လဲ။
အားလုံးကြည့်နေသည့်အချိန်တွင် ရှန်မို သူ့အိတ်ထဲမှ ဆေးမှုန့်များ ထပ်ကြဲလိုက်၏။
မီးသားကောင်များ ရှူရှိုက်မိသွားသည်။
“ဂါး”
ရှေ့ဆုံးမှ မီးနဂါးကြီးကစ၍ ပုံစံပြောင်းသွားသည်။
အခြားမီးသားကောင်များလည်း ဒူးထောက်ကျသွားကြ၏။
မီးငှက်များမှာမူ ဆက်မပျံရဲဘဲ မြေပေါ်တွင် ဝပ်နေသည်။
ချက်ချင်းပင် မီးသားကောင် (၃၀၀) ကျော်သည် ကြောင်ပေါက်လေးများကဲ့သို့ ငြိမ်သက်၍ အမိန့်ကို စောင့်နေကြ၏။
“ဘုရားသခင်…”
ဟီထျန်းချောင်တို့ စွံ့အသွားသည်။
“တော်လိုက်တာ ဂျူနီယာလေးရယ်”
လုတုံရွှမ်လည်း သေရည်တစ်ကျိုက်မော့ကာ ကျေနပ်စွာ ကြည့်နေ၏။
ယန်ဝူယွမ်မှာတော့ စိတ်ထဲတွင် ရှုပ်ထွေး၍ ဘာမှမပြောနိုင်ပေ။
ယဲ့ယန်သည် နာကျည်းမုန်းတီးစွာ ကြည့်နေ၏။
ရှန်မိုမှာ သူ့ကယ်တင်ရှင် ဖြစ်လာလေပြီ။
သူ ရှန်မို့ကို ဦးညွှတ်ရတော့မည်လား။
လုံးဝ ခွင့်မလွှတ်နိုင်ဘူး။
ရှန်မို မီးသားကောင်များကြားမှ ဖြတ်လာပြီး လျှိုရူယွန်းအရှေ့တွင် ရပ်လိုက်သည်။
လျှိုရူယွန်းမှာ သွေးမရှိတော့သလို ဖြူဖျော့ တုန်လှုပ်နေသည်။
“မင်း… မဖြစ်နိုင်တာ… မဖြစ်နိုင်လိုက်တာ”
သူ ကြောက်ကြောက်လန့်လန့်ဖြင့် ထိုစကားကိုသာ အဆက်မပြတ် ရေရွတ်နေ၏။
ထိုအခြေအနေကို လက်မခံနိုင်ပါ။
မူးနောက်လာပြီး ဒူးထောက်ကျသွား၏။
ရင်ထဲတွင် မွန်းကြပ်၍ ခံစားရခက်နေသည်။
သူ့တာဝန် ကျရှုံးသွားလေပြီ။
သူ့သရုပ်မှန်လည်း ပေါ်သွား၍ ကျောက်စိမ်းဂိုဏ်းမှ အပြစ်ဒဏ်များသာ ခံယူရတော့မည်။
“ရှင် ကျွန်မကို ကျောက်စိမ်းဂိုဏ်း ခေါ်သွားပြီး စစ်မေးလည်း မထူးဘူး… “
လျှိုရူယွန်း ရယ်မောကာ ပြော၏။
ရှန်မို ဂရုမစိုက်စွာဖြင့်
“မင်းကို ပြန်ခေါ်သွားရမှာလား… မလိုပါဘူး အဲ့အထိတော့”
“မင်းတာဝန် ကျရှုံးသွားပြီး သရုပ်မှန်လည်း ပေါ်ရင် ရုံးတော်က မင်းမိသားစုကိုပါ ရှင်းပစ်မှာပဲ”
“အဲ့တော့ မင်းကို အသက်ရှင်လျက်ထားလည်း မထူးဘူး”
ရှန်မို သူ့ကို လက်ညှိုးထိုးလျက် သားကောင်များအား ပြောလိုက်သည်။
“သူ့ကို အရှင်လတ်လတ် စားလိုက်”
လျှိုရူယွန်း အလွန်တုန်လှုပ်ချောက်ချားသွားသည်။
သားကောင်များ သူ့အနီးသို့ ရောက်လာကြ၏။
“မဟုတ်ဘူး… ရုံးတော်က အဲ့လို ပစ်ထားမှာ မဟုတ်ဘူး”
“ဝေးဝေးသွားစမ်း… ဖယ်စမ်း”
နောက်ဆုံးအော်သံနှင့်အတူ ခန္ဓာကိုယ်အား အပိုင်းပိုင်း အစစ စုတ်ဖြဲခြင်းခံလိုက်ရသည်။