ရုံးတော်မှ စာ (၂) စောင်
Vol. 19 Ch. 275
နောက်တစ်နေ့တွင် ကျောက်စိမ်းဂိုဏ်းမှ ထိတ်လန့်စရာသတင်းကြောင့် ဒေသတွင်းတစ်ခုလုံး အံ့ဩထိတ်လန့်ကုန်ကြသည်။
မီးတောက်ဆေးတိုက်သည် (၁၀) နှစ်တစ်ကြိမ် ပွင့်လေ့ရှိပြီး အကြီးအကဲများအတွက် ရတနာရှာရန် အကောင်းဆုံးအခွင့်အရေး ဖြစ်၏။
သို့သော် အကြီးအကဲများထဲတွင် သစ္စာဖောက် လျှိုရူယွန်း ပါလာခဲ့သည်။
သူ့ကြောင့် မြေအောက်မီးတောက်များ ပေါက်ကွဲကုန်၏။
ထို့အပြင် မီးသားကောင် ထိန်းချုပ်ဆေးမှုန့်လည်း ပိုင်ဆိုင်၍ သားကောင်များကို ထိန်းချုပ်ကာ အကြီးအကဲများအား သတ်ရန် ကြံစည်ခဲ့သည်။
ထိုစဉ် လူငယ်အကြီးအကဲ ရောက်လာပြီး မီးသားကောင်များကို ပြန်ထိန်းချုပ်၍ သစ္စာဖောက်အား အဆုံးသတ်ပေးခဲ့သည်။
ခြေတည်ဝိညာဉ်အဆင့် အကြီးအကဲများလည်း အသက်ဘေးမှ လွတ်သွားရ၏။
ထိုကယ်တင်ပေးခဲ့သူမှာ ရှန်မိုဟူသော အကြီးအကဲဖြစ်သည်။
ထို့အပြင် သစ္စာဖောက် လျှိုရူယွန်းသည် ရုံးတော်နှင့် ပတ်သက်နေသည်ဟုလည်း ဆိုခဲ့၏။
သူ့တွင်ရှိသော မီးသားကောင် ထိန်းချုပ်ဆေးမှုန့်သည် ရုံးတော်မှ ရရှိခြင်းဖြစ်၏။
ထိုသတင်းမှာ နေရာအနှံ့ပျံ့သွားပြီး အခြားဂိုဏ်းများလည်း ရုံးတော်မှ မည်သို့ တုံ့ပြန်မည်ကို စိတ်ဝင်စားနေကြသည်။
မည်သို့ပင်ဖြစ်စေ မကြာသေးမီကမှ ရုံးတော်နှင့် ကျောက်စိမ်းဂိုဏ်းတို့ ကုန်သွယ်ရောင်းဝယ်ရေးအတွက် စာချုပ်ချုပ်ထား၏။
ရုံးတော်မှ စိတ်ဝိညာဉ်သားကောင်နှင့် နတ်ဆိုးသားကောင်ဆိုင်ရာ ပစ္စည်းများ ထောက်ပံ့မည် ဖြစ်ပြီး ကျောက်စိမ်းဂိုဏ်းသည် သွေးစိတ်ဝိညာဉ်စေ့နှင့် ကြယ်ပွင့်သဲတို့ကဲ့သို့ ရတနာများအား ပြန်ပေးရပေမည်။
နောက်တစ်နေ့ ကုန်ဆုံးသွား၏။
ရုံတော်မှ စစ်သူကြီး ဝမ်ရန်ယင်မှ လျှိုရူယွန်းနှင့် ပတ်သက်သည်ဟူသော ကျောက်စိမ်းဂိုဏ်းမှ စွပ်စွဲချက်များကို ငြင်းပယ်လိုက်၏။
ထို့နောက် ဘာမှဆက်၍ မတုံ့ပြန်တော့ချေ။
ဤသို့ဖြင့် နှစ်ဖက်စလုံး တိုက်ရိုက်ပြောဆိုခြင်း မရှိဘဲ အေးစက်သော အခြေအနေ ရောက်သွားကြသည်။
ရုံးတော် ဥယျာဉ်ထဲတွင်။
ယခုတစ်ခေါက်တွင်တော့ မြို့စားမင်းမှာ ငါးမမျှားဘဲ လက်နောက်ပစ်လျက် တောင်တန်းများဘက်သို့ တိတ်တဆိတ် ငေးကြည့်နေသည်။
သူ့အနောက်တွင် ဝူရန်ယင် ဒူးတစ်ဖက်ထောက်ကာ ရှိနေသည်။
“အားလုံး ရှင်းပြီးပြီလား”
“ဟုတ်ကဲ့ပါ… သူ့မိသားစု (၃၆) ယောက်လုံး တစ်ယောက်မကျန် ရှင်းလိုက်ပါပြီ… လျှိုရူယွန်း ရုံးတော်ကို ဝင်ထွက်ခဲ့တဲ့ သက်သေ လုံးဝ မရှိတော့ပါဘူး”
ဝူရန်ယင် ပြန်ဖြေလိုက်၏။
မြို့စားမင်း သက်ပြင်းချကာ
“သူ နောက်ဆုံးအချိန်မှ ဘာလို့ ကျရှုံးသွားလဲဆိုတာ အခုထိ နားမလည်နိုင်ဘူး”
“အရှင်ပဲ မဟုတ်ပါဘူး… ကျွန်တော်တောင် ဘယ်လိုမှ စဉ်းစားမရ ဖြစ်နေတာပါ”
“မီးသားကောင်ထိန်းချုပ်ဆေးမှုန့်တွေက အရင်တည်းက ဖျက်ဆီးပြီးသားဆို… ရှန်မို့မှာ ဘာလို့ ရှိနေတာလဲ”
“ရှန်မို့ကြောင့်သာမဟုတ်ရင် ငါတို့အစီအစဉ် လုံးဝ အောင်မြင်တယ်”
မြို့စားမင်း မျက်မှောင်ကြုတ်ကာ မကျေမနပ် ဆိုသည်။
ရှန်မို။
ထိုလူငယ် သူ့အစီအစဉ်များကို ဖျက်ဆီးနေသည်မှာ အတော်များလေပြီ။
ဝူရန်ယင်မှ ရုတ်တရက်
“နောက်ထပ် ကြားထားတဲ့သတင်းလည်း ရှိပါသေးတယ်… ယန်ချီယဲ့ပြောတာတော့ ရှန်မို မီးတောက်ဆေးတိုက်ထဲကနေ တစ်ခုခု ရလာတယ်တဲ့”
“ဘာလဲ”
“သန့်စင်တဲ့ ခြေတည်ဝိညာဉ်ဆေးနည်းပါ”
မြို့စားမင်း မျက်မှောင်ကြုတ်ကာ ဟိုဘက်လျှောက်လိုက်၊ ဒီဘက်လျှောက်လိုက် ဖြစ်နေသည်။
ရှန်မိုမှာ ကျောက်စိမ်းဂိုဏ်းအတွက် ကိစ္စကြီး ဆောင်ရွက်လေပြီ။
ခဏအကြာမှ
“မြူနှင်းဒေသမှာ အခြေအနေ ဘယ်လိုရှိလဲ”
“ဒီနေ့တော့ နတ်ဆိုးတစ်သောင်းနယ်မြေက နောက်တစ်မြို့ သိမ်းလိုက်ပါပြီ… ရွှေအဆင့် စစ်သူကြီးလည်း တိုက်ပွဲမှာ ကျသွားပါတယ်”
မြို့စားမင်း ခေါင်းယမ်းလျက်
“မြို့တော်ကြီးကရော… ဂိုဏ်းကြီး (၇) ခုက အခုထိ အကူအညီ မပို့ချင်ကြဘူးလား”
ဝူရန်ယင် အားလျော့စွာဖြင့်
“အရှင်လည်း သိတဲ့အတိုင်းပဲ .. ဧကရာဇ်က သူ့အင်အားကို ဂိုဏ်း (၇) ခုထက် ကျော်အောင် ပြချင်ခဲ့တာ… အကူအညီအတွက် ခေါင်းငုံ့မှာ မဟုတ်ဘူး”
မြို့စားမင်း သက်ပြင်းချ၍ ငြိမ်နေပြန်သည်။
ကျင်းနိုင်ငံတော်တွင် ဒေသ (၉) ခုရှိပြီး လုံဒေသနှင့် ယုဒေသကိုဖယ်လျှင် ကျန်ဒေသ (၇) ခုတွင် အင်အားကြီး ဂိုဏ်းများ ချုပ်ကိုင်ထား၏။
အပေါ်ယံတွင် ထုတ်မပြသော်လည်း ဂိုဏ်းကြီး (၇) ခုမှာ ကျင်းဧကရာဇ်အပေါ် မနာခံသည်များ ရှိသည်။
ထို့ကြောင့် လေးစားမှုရရှိရန် ဧကရာဇ်မှ အင်အားပြထားချင်၏။
မြူနှင်းဒေသတွင် ဖြစ်နေသော နတ်ဆိုးတစ်သောင်းနယ်မြေနှင့် စစ်ပွဲမှာ သူ့အင်အားကို ပြသရန် အကောင်းဆုံးအခွင့်အရေးဖြစ်၏။
အောင်မြင်သွားလျှင် ဂိုဏ်းကြီး (၇) ခု၏ ရိုသေလေးစား အသိအမှတ်ပြုခြင်း ခံရလိမ့်မည်။
“နောက်ဆုံးတော့ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရမှာပဲ”
“အခု ငါ့မှာ အကွက်တစ်ကွက်ပဲ ရှိတော့တယ်”
“ရုံးတော်ကို စော်ကားတဲ့အတွက် ကျောက်စိမ်းဂိုဏ်းကို နမူနာအနေနဲ့ ဖျက်ဆီးပြရမယ်”
“အဲ့အတွက် ပထမဆုံးအဆင့်က ရှန်မို့ကို ရဖို့ပဲ”
ထို့နောက် စူးရှသောအကြည့်များဖြင့် ပြောလိုက်သည်။
“ငါပြောတဲ့အတိုင်းရေးလိုက်”
ဝူရန်ယင် စာရွက်နှင့် စုတ်တံယူကာ လိုက်ရေး၏။
“ပထမစာက သန့်စင်ခြင်းဂိုဏ်းခေါင်းဆောင် မိုလင်းရှောင်ဆီ ပို့လိုက်”
“ခေါင်းဆောင်မို… ငါတို့ မတွေ့ဖြစ်တာ နှစ် (၃၀) ကျော်ပြီနော်… နေကောင်းကျန်းမာပြီး အရင်ဆရာ ငါ့ကို မှတ်မိဦးမယ်လို့ ယုံကြည်ပါတယ်”
“မင်းတို့ဂိုဏ်းက သံတိိမ်တိုက်သင်္ဘောတွေ ရဖို့ ပြဿနာရှိတယ်ဆို… ငါနဲ့ ပူးပေါင်းရင် သင်္ဘော (၅) စီး အလကား ပေးပါမယ်”
“နောက်ပြီး ကျောက်စိမ်းဂိုဏ်း ပျက်စီးသွားရင် ရတနာအားလုံး မင်းတို့ကိုပေးမယ်… ရုံးတော်က လုံးဝ မယူဘူး”
ဝူရန်ယင်ပင် ရေးနေရင်း စိတ်လှုပ်ရှားလာ၏။
အရင်က အမြဲငြင်းဆိုနေခဲ့သည့် မြို့စားမင်းမှာ သင်္ဘောများ အလကားပေးတော့မည်။
ခဏအကြာတွင် မြို့စားမင်းမှ ဆက်၍
“ဒုတိယစာက တန်ဟီဂိုဏ်းခေါင်းဆောင် ဟိုင်ချန်ခွန်ကို ပို့လိုက်”
“အကြီးအကဲဟိုင်… လတ်တလော သန့်စင်တဲ့
ခြေတည်ဝိညာဉ်ဆေးဖော်ဖို့လုပ်နေတာ ကြားပါတယ်”
“ရွှမ်ကျန်းဒေသက ချင်းရွှမ်ဂိုဏ်းဆိုတာ အရင် တန်ဟီဂိုဏ်းရဲ့ လက်အောက်ကမလား… ရှန်မိုဆိုတာ ချင်းရွှမ်ဂိုဏ်းက လာပြီးတော့ တန်ဟီကို မဝင်ဘဲ ကျောက်စိမ်းဂိုဏ်း ရောက်သွားတာပဲ”
“အခုတော့ သူကိုယ်တိုင် ပါရမီရှင်ပါဆိုပြီး သက်သေတွေ ပြနေတော့ တန်ဟီဂိုဏ်း တော်တော် သိက္ခာကျတာနော်”
“နောက်ပြီး အဲ့ရှန်မိုက သန့်စင်တဲ့ ခြေတည်ဝိညာဉ်ဆေးနည်း ရလာတယ်လို့လည်း ကောလာဟလတွေ ထွက်တယ်… တန်ဟီအတွက်တော့ နှမျောစရာပေါ့”
“ဒီတော့ ကျွန်တော်တို့နဲ့ ပူးပေါင်းဖို့ ပြောချင်ပါတယ်… ကျောက်စိမ်းဂိုဏ်းပျက်စီးရင် ရတနာတွေ အကုန်ပေးပါမယ်”
“ခေါင်းဆောင် ဒီကိစ္စကို လက်မခံလည်း ရုံးတော်နဲ့ အရောင်းအဝယ်တွေက ပုံမှန်ဖြစ်နေဦးမှာပါ”
ဝူရန်ယင် ရေးပြီးနောက် အမူအရာမကောင်း၍
“သိုးတွေ နည်းနည်းတောင် မရင်းဘဲ ဝံပုလွေ ဖမ်းလို့ မရဘူးလေကွာ”
“အဖိုးအခတော့ ရှိမှာပေါ့”
“ဒီစာတွေကို မင်းကိုယ်တိုင် သွားပေးစေချင်တယ်ကွာ”
ဝူရန်ယင် ခေါင်းငြိမ့်ပြလိုက်၏။
“ဟုတ်ကဲ့ပါ”
ထို့နောက် အရိုအသေပေးကာ ထွက်သွားလေတော့သည်။