သူတော်စင်ခန္ဓာကိုယ် အဆင့်တက်ခြင်း
Vol. 19 Ch. 276
သန့်စင်ခြင်းဂိုဏ်း။
လူရှင်းသော ဥယျာဉ်ထဲတွင် ဝူရန်ယင်နှင့် မိုလင်းရှောင်တို့ ရှိနေကြသည်။
အရပ်ရှည်ရှည် သက်လတ်ပိုင်းအရွယ် ထိုလူမှာ သဘာဝအတိုင်း အရှိန်အဝါများရှိနေသလို ခံစားရ၏။ တော်ရုံလူမှာ စေ့စေ့ မကြည့်ရဲပေ။
မိုလင်းရှောင်တစ်ယောက် ဝူရန်ယင်ပေးသော စာကို ဂရုတစိုက်ဖတ်နေသည်။
“သံတိမ်တိုက် သင်္ဘော” ဟူသည့်နေရာရောက်သောအခါ မျက်နှာသည် ဝင်းပသွားသော်လည်း ချက်ချင်း တည်ငြိမ်ပုံ ပြန်ထိန်းလိုက်၏။
ခဏအကြာမှ စာကို ခေါက်သိမ်း၍ သက်ပြင်းချကာ
“ဒီရှန်မိုက တကယ့်ရှားပါး ရတနာပဲ… ကျောက်စိမ်းဂိုဏ်းက ဖြစ်နေတာ နှမျောစရာ”
“ကျောက်စိမ်းဂိုဏ်းမှာ နောက်ထပ်ပါရမီရှင် ယဲ့ယန်ဆိုတာလည်း ရှိတယ်မလား… ကျွန်တော့်တပည့်ကိုတောင် ကျော်တက်ပြီးတော့လေ”
“ကျောက်စိမ်းဂိုဏ်းက ဘာမို့လို့ ဒီလို ကံကောင်းရတာလဲ”
ဝူရန်ယင် ခပ်တိုးတိုးဖြင့်
“ခေါင်းဆောင်မိုပြောတာ မှန်ပါတယ်”
မိုလင်းရှောင် ပြုံး၍
“မြို့စားမင်းကို ပြန်ပြောလိုက်ပါ… သူပြောတာတွေ သဘောတူတယ်လို့… ဒါပေမဲ့ ပေးမယ့် သံသင်္ဘောတွေကတော့ နည်းလွန်းတယ်”
ထို့နောက် လက် (၁၀) ချောင်း ထောင်ပြကာ
“အနည်းဆုံး (၁၀) စီးမှ ဖြစ်မှာပေါ့”
ဝူရန်ယင် ခဏစွံ့အနေပြီး တစ်ခုခု ပြန်ပြောရန် ပြင်လိုက်စဉ် ခေါင်းဆောင်မိုမှ လက်ညှိုးနှင့် သူ့နှုတ်ခမ်းများရှေ့ထိကာ
“ရှူး…. ခင်ဗျားနဲ့ ညှိနှိုင်းတာမျိုး မလုပ်ဘူး… ခင်ဗျားအဆင့်နဲ့ လာမငြင်းနဲ့”
“ကျွန်တော့်စကားကို ခင်ဗျားသခင်ဆီသာ ပြန်ပြောလိုက်ပါ”
ဝူရန်ယင် သက်ပြင်းချကာ
“နားလည်ပါပြီ”
ရက်အနည်းငယ်အကြာတွင်၊ တန်ဟီဂိုဏ်း။
သန့်စင်ခြင်းဂိုဏ်းမှ ထွက်လာပြီးနောက် ဝူရန်ယင် တန်ဟီဂိုဏ်းသို့ အမြန်ဆက်လာခဲ့သည်။
သံတိမ်တိုက်သင်္ဘောမှာ သာမာန် မြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူများထက် အလွန်လျင်မြန်ပြီး ဂိုဏ်း (၂) ခုအကြား ရက်တိုတိုနှင့် သွားနိုင်ခဲ့ခြင်း ဖြစ်သည်။
ဤသို့ဖြင့် တန်ဟီဂိုဏ်းရောက်သွားပြီး ဟိုင်ချန်ခွန်ကို မိန်းမလှ (၂) ဦးနှင့်အတူ တွေ့ရသည်။ မိန်းမလှလေးများမှာ သူ့ကို လတ်ဆတ်နူးညံ့သော စပျစ်သီးများ ခွံ့ကျွေးနေ၏။
အနီးတွင် အခြားမိန်းမငယ်တစ်ဦးမှာ ဗျက်စောင်းတီးရင်း သာယာသောသံစဉ်များဖြင့် ဖျော်ဖြေနေလေသည်။
ဝူရန်ယင်ပေးသည့်စာကိုမူ ဟိုင်ချန်ခွန်ကိုယ်တိုင် မဖတ်ဘဲ တပည့်တစ်ဦးမှ ဖတ်ပြနေ၏။
အစပိုင်းတွင် သူမျက်လုံးများမှိတ်ကာ နားထောင်နေသော်လည်း သန့်စင်ခြင်း ခြေတည်ဝိညာဉ် ဆေးနည်းအကြောင်း ပါသောအခါ ရုတ်တရက် မျက်လုံးပွင့်လာသည်။
“ရှန်မိုက ဆေးနည်းရှာတွေ့ခဲ့တာလား”
“စိတ်ဝင်စားစရာပဲ”
“မြို့စားမင်းက ဒီသတင်းကို ဘယ်ကရလာတာလဲ”
ဟိုင်ချန်ခွန် သူ့မျက်လုံးမှေးမှေးများဖြင့် ဝူရန်ယင်အား လှမ်းကြည့်သည်။
ဝူရန်ယင်မှ
“အားတော့နာပေမဲ့ ရုံးတော်က လျှို့ဝှက်ချက်မို့လို့ ပြောလို့မရပါဘူး”
ဟိုင်ချန်ခွန် ရယ်မော၍
“ဒီအတိုင်း မေးလိုက်တာပါ… အရမ်းကြီး လေးနက်စရာ မလိုပါဘူး”
ဝူရန်ယင် မျက်နှာထားတည်တည်ဖြင့်
“ခေါင်းဆောင်ဟိုင် ဘယ်လိုသဘောရပါလဲ… မြို့စားမင်းကို ပြန်တင်ပြရမှာမို့လို့ပါ”
ဟိုင်ချန်ခွန် ပြုံးကာ
“တန်ဟီဂိုဏ်းရဲ့ စိတ်ဝင်စားမှုက ဘယ်သူ့ဆီမှာမဆို လွယ်လွယ်မဖြစ်လာပါဘူး”
ဝူရန်ယင် ခေါင်းငြိမ့်ပြ၍
“နားလည်ပါပြီ… ဒါဆို သွားလိုက်ပါဦးမယ်”
ဟိုင်ချန်ခွန် သူထွက်သွားသည်ကို လှမ်းကြည့်ရင်း ရုတ်တရက် သူ့တပည့်အား ပြောလေ၏။
“ရှန်မိုနဲ့ပတ်သက်တဲ့ သတင်းအကုန်စုလိုက်… ဒီနေ့လယ် ငါ့စားပွဲပေါ်အရောက် လိုချင်တယ်”
ဗျက်စောင်းတီးနေသည့် မိန်းကလေးမှ ခေါင်းငြိမ့်ကာ
“နားလည်ပါပြီ… ကျွန်မ ပြောလိုက်ပါ့မယ်”
သူ ရှန်မို့ကို အထင်သေးထားမိလေပြီ။
ထိုလူငယ်လေးမှာ သာမာန်မဟုတ်ပေ။
“ကျောက်စိမ်းဂိုဏ်းက တကယ့်ကို ကံကောင်းလွန်းတာပဲ… ဘယ်လိုလုပ် ရှန်မိုရော၊ ယဲ့ယန်ရော၊ လုတုံရွှမ်ရော ပါရမီရှင်တွေ စုနေရတာလဲ”
ဟိုင်ချန်ခွန် ခေါင်းကုတ်ရင်း စိတ်ရှုပ်နေ၏။
တန်ဟီဂိုဏ်းမှာ ကြွယ်ဝချမ်းသာသော်လည်း ပါရမီရှင် ရှားပါးသည်။
“ရှန်မိုက ကျောက်စိမ်းဂိုဏ်းရဲ့ ပါရမီရှင်ဆိုတော့ နှမျောစရာပဲ… ဒါပေမဲ့ ဂိုဏ်းနဲ့အတူ ပျက်စီးတော့မှာပါ”
သူ သက်ပြင်းချ၍ ရေရွတ်လိုက်သည်။
တစ်လအကြာတွင်။
ရှန်မိုမှာ လူရှင်းသော တောင်တန်းပေါ်ရှိ လိုဏ်ဂူတစ်ခုကို ရွေးကာ ဝက်ဝံနက်ကြီးများအား နှင်ထုတ်လိုက်သည်။
ထို့နောက် ဂူထဲမှ အညစ်အကြေးအမှိုက်များကိုလည်း လက်တစ်ချက်ယမ်းရုံဖြင့် ရှင်းလင်းလိုက်လေ၏။
အားလုံးပြီးမှ တင်ပျဉ်ခွေဝင်ထိုင်လိုက်သည်။
လီကျန်ထောင်းတို့မှာ သူ့ဆုလာဘ်အတွက် တစ်လလုံး ဆွေးနွေးနေခဲ့ကြသော်လည်း ယခုအထိ အဖြေမထွက်သေးပေ။
ရှန်မို စောင့်ဆိုင်းရသည်မှာ ပင်ပန်းလာ၍ တာဝန်လက်ခံပြီး မီအန်တောင်သို့ ထွက်လာခဲ့သည်။
ထို့နောက် သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းဘူးတစ်ဘူးအား ထုတ်ကာ ဖွင့်ကြည့်လိုက်သည်။ ထိုအခါ ကလေးလက်သီးဆုပ် အရွယ်ခန့် ဆေးလုံးမှာ အစိမ်းရောင်အလင်းများ တောက်နေသည်ကို တွေ့ရ၏။
ဆေးလုံးကို အနီးကပ်ကြည့်လိုက်သောအခါ အင်းကွက်အချို့ ရေးထားလေသည်။ ကြာကြာစိုက်ကြည့်လျှင် မူးနောက်၍ မျက်စိပင် ထိခိုက်နိုင်၏။
ရှန်မို အသက်ဝအောင်ရှူ၍ စိတ်ဝိညာဉ်စွမ်းအင်များ စီးဆင်းစေလိုက်သည်။
မွမ်းမံခြင်းလုပ်ငန်းစဉ် စတင်လေပြီ။
ထိုအရွယ်အစားရှိသော ဆေးလုံးမှာ တစ်ခါတည်း သောက်သုံးရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် အရင်ဆုံး မွမ်းမံပြီးမှ သုံးရလိမ့်မည်။
မကြာမီ အစိမ်းရောင်စွမ်းအင်မျှင်များ ထွက်လာပြီး ရှန်မို့ခန္ဓာကိုယ်ထဲ ဝင်သွား၏။
ဤသို့ဖြင့် တစ်နေကုန် မွမ်းမံကျင့်ကြံပြီးသောအခါ သူ့စိတ်ဝိညာဉ်စွမ်းအင် ငါးပုံတစ်ပုံခန့် ကုန်ဆုံးသွားသည်။
ထို့နောက် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးကာ (၇) ရက် အကြာ၌။
ဆေးလုံးမှာ နှမ်းစေ့အရွယ်မျှသာ ကျန်တော့၏။
သူ အားလုံး တစ်ခါတည်း သောက်ချလိုက်သည်။
အစပိုင်းတွင် ပြောင်းလဲမှုများ မသိသာသော်လည်း ရုတ်တရက် အင်မော်တယ်တစ်ဦး သက်ဆင်းလာသကဲ့သို့ ဝုန်းခနဲ အသံနှင့်အတူ အလင်းတန်းတစ်ခု ကျလာသည်။
စွမ်းအင်များ နေရာအနှံ့ပျံ့သွားပြီး မိုင်တစ်ထောင်အတွင်း ပန်းမိုးများ ရွာသွန်းကာ မွှေးရနံ့များ သင်းပျံ့နေ၏။
ကောင်းကင်တွင် နေမင်းနှင့် လမင်းတို့ ယှဉ်၍ ရှိနေကြပြီး ထိုသို့ခမ်းနားသော အခြေအနေကြောင့် သေမျိုးပြည်သူများ ဒူးထောက်လောက်သည်။
အဆင့်နိမ့်ကျင့်ကြံသူများလည်း စေ့စေ့ပင် မကြည့်ရဲကြ။
ခြေတည်ဝိညာဉ်အဆင့် အချို့သာ ခံနိုင်ရည်ရှိပြီး ထိုအရင်းအမြစ်ကိုရှာရန် စိတ်ကူးနေကြသည်။
ထိုအချိန်တွင် ရှန်မို မျက်လုံးများ ပွင့်လာ၏။
“သူတော်စင်ခန္ဓာကိုယ်ကို ရောက်ပြီဆိုတော့ စွမ်းရည်ထူးတွေ ပါမှာပဲ”
“နေရာတစ်ခုရှာပြီး စမ်းသပ်မှဖြစ်မယ်”