ကံကြမ္မာအသစ်
Vol. 19 Ch. 277
ရှန်မို လေအဟုန်နှင့်အတူ လျှပ်စီးကဲ့သို့ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး မိုင်ထောင်ချီဝေးသည့် လိုဏ်ဂူတစ်ခု၌ ပြန်ပေါ်လာ၏။
သူ တင်ပျဉ်ခွေထိုင်ကာ ကောင်းကင်၊ မြေပြင်တို့နှင့် ဆက်သွယ်ရန် ကြိုးစားလေသည်။
လက်ညှိုးကို ခပ်ဖြည်းဖြည်း ယမ်းလိုက်သောအခါ သစ်စိတ်ဝိညာဉ်စွမ်းအင်များ ပြည့်နှက်သွား၏။
ရှန်မို့မျက်နှာ ဝင်းလက်နေသည်။
“သူတော်စင်အဆင့် ခန္ဓာကိုယ်ရပြီးတော့ ဒြပ်စင် (၄) ခု အရင်းအမြစ်တွေ ပြည့်စုံသွားပြီပဲ”
“ဒီနေ့ကစပြီး ကျင့်စဉ်ရဲ့အစွမ်းတွေကို ပိုရတော့မှာပဲ”
“ငါ့လက်ရှိခန္ဓာကိုယ်က နေမီးတောက်ခန္ဓာကိုယ် မဟုတ်တော့ဘူးဆိုတော့ ဘာပါလိမ့်”
ရှန်မို ရေရွတ်ရင်း သူ့ကံကြမ္မာကို ပြန်ကြည့်မိသည်။
[ကံကြမ္မာ: အိမ်တော်ငယ်မှ သား၊ ဉာဏ်ရည်မြင့်သူ၊ ဓားတာအို ထူးချွန်သူ၊ ထိုက်ရိမူလခန္ဓာကိုယ်၊ ကံကောင်းခြင်း (ခဏတာ)]
တကယ်ကောင်းတာပဲ။
အထူးသဖြင့် ထိုက်ရိမူလခန္ဓာကိုယ် ပါနေသည်။
သူ့ကံကြမ္မာလည်း ရှောင်ဖန်၊ ယဲ့ယန်တို့ကဲ့သို့ ဖြစ်လာလေပြီ။
“သူတော်စင်အဆင့်မရှိဘဲ ခြေတည်ဝိညာဉ်အဆင့်ကနေ နတ်ဘုရားအဆင့် တက်ဖို့မဖြစ်နိုင်တာ အခုမှ နားလည်တော့တယ်”
“နတ်ဘုရားအဆင့်မှာက ကောင်းကင်နဲ့မြေပြင်ရဲ့ တုံ့ပြန်သံတွေ လိုအပ်တော့ သူတော်စင်အဆင့် မရှိရင် စွမ်းအင်တွေကို မခံစားနိုင်ဘူး… အဲ့ဒါကြောင့် အဆင့်လည်း မတက်နိုင်တာပဲ”
ရှန်မို သူဖတ်ဖူးသော စာအုပ်များမှ အကြောင်းအရာများကို ပြန်တွေးရင်း ခေါင်းတငြိမ့်ငြိမ့် ဖြစ်နေသည်။
“ပြန်ရတော့မှာပဲ… ကျောက်စိမ်းဂိုဏ်းလည်း ငါ့ဆုလာဘ်အတွက် ဆုံးဖြတ်ပြီးရောပေါ့”
ရှန်မို ဂူထဲတွင် အချိန်ဆွဲမနေဘဲ အမြန် ပြန်လာခဲ့၏။
ထိုအချိန်တွင် ရှန်မို သူတော်စင်ခန္ဓာကိုယ် အဆင့်တက်ခဲ့သည့်ဂူ၌ လူအများ ရောက်ရှိနေကြသည်။
ထိုထဲတွင် အရှိန်အဝါကြီးမားသည့် အဆင့်မြင့်များ ပါ၏။ သာမာန်ခြေတည်ဝိညာဉ်အဆင့်များပင် လက်လွတ်စပယ် မပြုမူရဲသောကြောင့် ထွက်ပြေးကြရလေသည်။
ထိုတောင်၏ ပြောင်းလဲမှုကြောင့် သန့်စင်ခြင်းဂိုဏ်းနှင့် ကျောက်စိမ်းဂိုဏ်းမှ ကျင့်ကြံသူများ အရင်ဆုံး ရောက်လာကြသည်။
သန့်စင်ခြင်းဂိုဏ်းမှ ကိုယ်စားလှယ်မှာ အကြီးအကဲ စုပိုင်ဖုန်ဖြစ်၏။ ကျောက်စိမ်းဂိုဏ်းဘက်တွင် အကြီးအကဲ (၈) ရောက်လာသည်။
စုပိုင်ဖုန်မှာ ဂူပတ်ဝန်းကျင်အခြေအနေကို လိုက်ကြည့်ရင်း နားမလည်နိုင် ဖြစ်နေ၏။
“ဒါက ပုံမှန် ကျင့်ကြံမှုအဆင့်တိုးတက်ရုံတော့ မဖြစ်နိုင်ဘူး”
သူ ရေရွတ်မိသည်။
ကျောက်စိမ်းဂိုဏ်း အကြီးအကဲ (၈) မှ တွေးတွေးဆဆဖြင့်
“ခန္ဓာကိုယ်အဆင့် တိုးတက်တာနဲ့တော့ ပိုတူတယ်… ကောင်းကင်အဆင့်ကနေ သူတော်စင်အဆင့်ကို တက်သွားသလိုမျိုးပဲ”
နှစ်ယောက်သား အချင်းချင်းကြည့်ရင်း ကိုယ်စီ ဂိုဏ်းထဲမှ ကောင်းကင်အဆင့်ခန္ဓာကိုယ်ရှိသူများကို တွေးနေကြသည်။
သို့သော် ကောင်းကင်အဆင့်မှ သူတော်စင်အဆင့် တက်နိုင်သည့် ရတနာမှာ အလွန်ရှားပါးလွန်း၏။ ထိုကဲ့သို့ ရတနာမျိုး ပေါ်လာသည်ဟုလည်း မကြားမိပေ။
စုပိုင်ဖုန် အကြီးအကဲ (၈) ကို လှမ်းကြည့်၍ ရုတ်တရက်
“ခင်ဗျားတို့ဂိုဏ်းမှာ ထူးခြားတဲ့ ပါရမီရှင်တစ်ယောက် ရှိတယ်လို့ ကြားတယ်နော်”
အကြီးအကဲ (၈) ပြုံး၍
“သူ ဘယ်လောက်တော်တော် သန့်စင်ခြင်းဂိုဏ်းနဲ့ ဘာမှမဆိုင်ပါဘူး”
စုပိုင်ဖုန် ရယ်မောကာ
“သူ့ကို နှမျောလို့ပါ”
“ဘာပြောတယ်”
“ဒီလို ပါရမီရှင်မျိုးက ပျက်စီးတော့မယ့်ဂိုဏ်းမှာ ရောက်နေရတယ်လေ… နှမျောစရာမကောင်းဘူးလား”
စုပိုင်ဖုန် ပြုံးကာ မှတ်ချက်ပြု၍ ထွက်သွား၏။
ကျောက်စိမ်းဂိုဏ်း၏ အကြီးအကဲ (၈) လည်း မျက်မှောင်ကြုတ်လျက် နှာခေါင်းရှုံ့ကာ သွားလေသည်။
နေ့ဝက်ခန့်အကြာ၌ တန်ဟီဂိုဏ်းမှ အကြီးအကဲများလည်း အရှိန်အဝါကြီးစွာဖြင့် ရောက်လာကြသည်။
သို့သော် ဘာအချက်အလက်မှ ရှာမတွေ့ဘဲ စိတ်ပျက်လက်ပျက် ပြန်သွားကြရလေ၏။
မီအန်တောင်တန်းတွင် သူတော်စင်အဆင့် တက်သူ၏ သတင်းမှာ ချက်ချင်း ပျံ့နှံ့သွားတော့သည်။ သို့သော် မည်သူဖြစ်ကြောင်းမှာတော့ ယခုအချိန်အထိ လျှို့ဝှက်ဆန်းကြယ်နေဆဲ ဖြစ်၏။
ကျောက်စိမ်းဂိုဏ်းတွင်။
ရှန်မို ပြန်ရောက်လာပြီး အစောင့်တပည့်မှ တရိုတသေ နှုတ်ဆက်လေသည်။
“အကြီးအကဲရှန် ခေါင်းဆောင်က အကြီးအကဲ ပြန်ရောက်တာနဲ့ အစည်းအဝေးခန်းမကို တန်းလာခဲ့ဖို့ ပြောထားပါတယ်”
ရှန်မို မျက်ခုံးပင့်မိကာ ခေါင်းငြိမ့်ပြ၍ ထွက်သွား၏။
ခန်းမထဲတွင် အကြီးအကဲ လီကျန်ထောင်းတစ်ဦးသာ ရှိနေသည်။
သူ လက်နောက်ပစ်လျက် ငြိမ်သက်စွာရပ်နေရင်း အနောက်မှ ခြေသံကြားသောအခါ ပြုံး၍
“အကြီးအကဲရှန်… နောက်ဆုံးတော့ ရောက်လာပြီပဲ”
ရှန်မို ဦးညွှတ်၍
“မင်္ဂလာပါ ခေါင်းဆောင်”
လီကျန်ထောင်း ရှန်မို့လက်ကို နွေးထွေးစွာ ဆုပ်ကိုင်၍ ထိုင်ရန် နေရာပြလိုက်၏။
“အကြီးအကဲရှန်ရဲ့ ဆုလာဘ်တွေကို ဆုံးဖြတ်ပြီးပါပြီ”
“အကြီးအကဲရှန်က သန့်စင်တဲ့ ခြေတည်ဝိညာဉ် ဆေးနည်းကို ပေးခဲ့တာအတွက်တော့ အခုထိ စဉ်းစားနေတုန်းပါ”
“လောလောဆယ် ခြေတည်ဝိညာဉ် အကြီးအကဲ (၂၀) ကျော်ကို ကယ်ခဲ့တဲ့အတွက်တော့ အဆင့်အေ (၁) မှတ်နဲ့ အဆင့်ဘီ (၁၀) မှတ် ပေးပါမယ်”
“အကြီးအကဲရှန် ဘယ်လိုမြင်လဲ”
ရှန်မို ကျေနပ်စွာပြုံး၍
“ကျေးဇူးတင်ပါတယ် ခေါင်းဆောင်”
လီကျန်ထောင်း ရယ်မော၍
“ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူးကွာ… မင်းနဲ့ ထိုက်တန်လို့ ရတာပဲလေ”’
“သန့်စင်ခြင်း ခြေတည်ဝိညာဉ်ဆေး ပထမတစ်သုတ် အောင်မြင်သွားရင် မင်းရဲ့အမှတ်တွေကို တရားဝင် ထုတ်ပြပေးသွားပါမယ်”
“အဲ့အခါ ကျောက်စိမ်းဂိုဏ်းရဲ့ ဂုဏ်ဆောင် ဖြစ်ပြီပေါ့ကွာ”
“တပည့်တွေနဲ့ တခြားအကြီးအကဲတွေလည်း လေးစားအားကျနေကြလိမ့်မယ်”
လီကျန်ထောင်း သူ့ကိုကြည့်၍ ရယ်မောကာ
“အကြီးအကဲရှန် မေးစရာလေးတစ်ခုလောက် ရှိလို့ပါ”
ရှန်မို ခေါင်းငြိမ့်ပြကာ
“ဟုတ်ကဲ့ မေးပါ ခေါင်းဆောင်”
လီကျန်ထောင်း ပြုံးလျက်
“အကြီးအကဲရှန် နောင်တက်မယ့် ခေါင်းဆောင် ဖြစ်ချင်လား”
ရှန်မိုလည်း ရယ်မောကာ ပွင့်ပွင့်လင်းလင်း ပြန်ဖြေ၏။
“ဒါပေါ့ဗျာ”
သူ့စကားကြောင့် လီကျန်ထောင်းပင် ရုတ်တရက် ကြောင်သွားသည်။
ထိုရာထူးကို မလိုချင်သူ မရှိသော်လည်း ချက်ချင်း ရိုးရှင်းစွာ ဖြေလိုက်သောကြောင့်ဖြစ်၏။
“ဒါပေမဲ့ ခေါင်းဆောင်က ဖြစ်စေချင်တာနဲ့ပဲ အဲ့လောက်လွယ်နေတာတော့ မဟုတ်ဘူးလေ”
ရှန်မို ပြန်ပြောသည်။
“မင်းက တကယ် မြင်တတ်တာပဲ”
“အကြီးအကဲ (၂)၊ (၄)၊ (၇) နဲ့ (၉) တွေက မူလ စတည်ထောင်တည်းက အရင်ခေါင်းဆောင်နဲ့အတူ ပါကြတာလေ”
“စီနီယာအရဆိုရင် အားလုံး ငါ့ထက်အကြီးပေါ့”
“အဲ့ဒါကြောင့် သူတို့အမြင်တွေကိုလည်း အရမ်း ပစ်ထားလို့ မရဘူး”
ရှန်မို ခေါင်းတငြိမ့်ငြိမ့်ဖြင့် နားထောင်နေ၏။
လီကျန်ထောင်း ပြုံးကာ
“ဒါပေမဲ့ အစောင့်အရှောက်ရဲ့ ထောက်ပံ့မှုရရင်တော့ ကိစ္စက တစ်မျိုးပြောင်းသွားလိမ့်မယ်”
“အဲ့လိုဆို အကြီးအကဲ (၂) သဘောမတူလည်း အကြီးအကဲ (၄) တို့ကတော့ ပြန်စဉ်းစားပေးလိမ့်မယ်”
“အစောင့်အရှောက်က ဂိုဏ်းကိစ္စတွေမှာ ဝင်မပါတာတော့ ကြာပြီ… မင်းဘက်က ကြိုးစားအားထုတ်ရမယ်”
“အစောင့်အရှောက်နဲ့ ပိုခင်အောင်နေပေါ့… သူ ခွင့်ပြုရင် ခေါင်းဆောင်နေရာ ရပြီသာမှတ်လိုက်တော့… ဘယ်သူမှ လာလုလို့ မရတော့ဘူး”
ရှန်မို ပြန်ပြုံးပြလိုက်၏။
သူ့ကို ဆွဲဆောင်ရသည်မှာ မခဲယဉ်းလှပေ။
နောက်ဆုံးဝှက်ဖဲလည်း ရှိသေးသည်။
နဂါးဥမှာ မကြာမီ ပေါကိတော့မည်ဟု ခန့်မှန်းထား၏။