← Chapters

ငါ့အတွက် နေရာရှိသေးရဲ့လား

Vol. 19 Ch. 279

ငါ့အတွက် နေရာရှိသေးရဲ့လား

Vol. 19 Ch. 279

ရှန်မို၏ တံခါးပိတ်ကျင့်ကြံမှုမှာ (၆) လအထိ ကြာသွား၏။ ထိုအချိန်အတွင်း လုံးဝ အပြင်ထွက်မလာဘဲ အဂ္ဂိရက်နှင့် လေ့ကျင့်ခြင်းများကိုသာ ဆက်တိုက်ပြုလုပ်နေခဲ့၏။

အချိန် (၆) လမှာ ခဏအတွင်း ကုန်ဆုံးသွားလေသည်။

ရှန်မို့ပတ်ဝန်းကျင်တွင် တောက်လျှောက်တိတ်ဆိတ် ငြိမ်သက်နေရာမှ ရုတ်တရက် အရှိန်အဝါများ တောက်ပလာ၏။

ချက်ချင်းပင် အရှိန်ပြင်းပြင်း စွမ်းအင်ကြီးလာပြီး လေများပါ တိုက်ခတ်လာသည်။

စိတ်ဝိညာဉ်စွမ်းအင််များလည်း ရစ်ပတ်ဝဲပျံနေ၏။

မြွေနဂါးတောင်ပေါ်တွင် စိတ်ဝိညာဉ်သားကောင်များ သွားလာလှုပ်ရှားနေရာမှရပ်ကာ ရှန်မို့အဆောင်ဘက်သို့ ကြောက်လန့်တကြား လှမ်းကြည့်နေကြသည်။

မိုင်ဟေးဟီနှင့် အခြားအလုပ်သမားများလည်း မှင်တက်၍ ခဏအကြာမှ ပျော်ရွှင်သွား၏။

မိုင်ဟေးဟီ စိတ်လှုပ်ရှားစွာဖြင့်

“အကြီးအကဲရှန် ကျင့်ကြံမှုအဆင့်တက်နေတာ ဖြစ်မယ်… သူ့အင်အားတွေ တိုးပြန်ပြီပေါ့”

ဘုံး!

ပြင်းထန်သော အရှိန်အဝါများ ပေါက်ထွက်၍ ရှန်မို့ကျင့်ကြံမှုလည်း ခြေတည်ဝိညာဉ်အဆင့် ထိပ်ဆုံးသို့ ရောက်ရှိသွားလေပြီ။

သူ မျက်လုံးပြန်ပွင့်လာပြီး စွမ်းအင်ပြည့်နေသည့်လေအား ရှူရှိုက်လိုက်၏။

မျက်နှာမှာလည်း ပြုံးပျော်ကြည်နူးနေသည်။

ခြေတည်ဝိညာဉ်အဆင့် ထိပ်ဆုံး။

သို့သော် ယခုသူ့စွမ်းအင်မှာ နတ်ဘုရားပြောင်းလဲအဆင့်အောက်မှ မည်သည့် ကျင့်ကြံသူကိုမဆို ကျော်ပါသည်။

ထို့နောက် သူ့ပုံရိပ်ငယ်အား အာရုံခံကြည့်လိုက်၏။

ကြာနီမီးတောက်မှာ လုံးဝ မွမ်းမံပြီး၍ အင်အားပိုကြီးနေလေပြီ။

နေမီးတောက်သည်လည်း နှစ်တစ်သိန်းမီးတောက်စွမ်းအင်ကို စုပ်ယူကာ အတော်လေး ပြောင်းလဲလာသည်။

အရင်က လက်ညှိုးထိပ်မျှရှိသော အရွယ်အစားသည် ယခု လက်သီးအရွယ်အစားအထိ ရောက်နေ၏။

ကြာနီမီးတောက်ပင် သူ့အတွက် နေရာပေးနေရသည်။

“မဆိုးပါဘူး”

ရှန်မို ရေရွတ်ရင်း ကျေနပ်စွာပြုံးကာ အခန်းပြင် ထွက်လာသည်။

အပြင်ရောက်သည်နှင့် မိုင်ဟေးဟီ ဦးဆောင်သော အလုပ်သမားအဖွဲ့ကြီးမှ ဒူးတစ်ဖက်ထောက်၍ ကြိုဆိုနေကြသည်ကို တွေ့ရ၏။

“အဆင့်တက်သွားတာ ဂုဏ်ယူပါတယ် အကြီးအကဲရှန်”

မိုင်ဟေးဟီ စိတ်လှုပ်ရှားစွာ ဆို၏။

သူ ရှန်မို့အဆင့်ကို သေချာမသိသော်လည်း လွန်ခဲ့သော (၆) လက အရှိန်အဝါထက် တောက်ပလာသည်ကိုတော့ ခံစားမိသည်။

ရှန်မို ခေါင်းငြိမ့်ပြ၍

“ထကြပါ… ဒီလောက်က ဘာမှလည်း မဟုတ်ပါဘူး… ဂုဏ်ပြုရလောက်အောင်အထိတော့ မဟုတ်ပါဘူးဗျာ”

ထို့နောက် လူအုပ်ကိုဝေ့ကြည့်၍

“ဒါနဲ့ ဟွမ်ပါရီလည်း မတွေ့ပါလား”

မိုင်ဟေးဟီ မျက်နှာပျက်သွားပြီး ညှိုးငယ်စွာဖြင့်

“ဦးလေးဟွမ်က ကွယ်လွန်သွားပါပြီ… လွန်ခဲ့တဲ့ (၂) လကပါ”

ရှန်မို သက်ပြင်းချမိ၏။

သူ မြွေနဂါးတောင်ကို စရောက်စဉ်တည်းက ဟွမ်ပါရီအတွက် အချိန်သိပ်မကျန်မှန်း ခန့်မှန်းမိပါသည်။

ထို့အပြင် စွမ်းအင်အလားအလာလည်း ကုန်နေ၍ အဆင့်တက်ကာ အသက်ထပ်ရှည်ရန် မဖြစ်နိုင်တော့ပေ။

ယခုတော့ ပြီးဆုံးသွားလေပြီ။

“သူ့ကို ဘယ်မှာမြှုပ်ထားလဲ”

မိုင်ဟေးဟီမှ

“ကျွန်တော့်နောက် လိုက်ခဲ့ပါ အကြီးအကဲရှန်”

သူ လမ်းပြ၍ တောင်ထိပ်ဆီသို့ ခေါ်လာ၏။

ထိုနေရာတွင် ကျောက်တိုင်တစ်ခုစိုက်ထားပြီး စာတန်း ရေးထွင်းထား၏။

“ဟွမ်ပါရီ၏ အုတ်ဂူ၊ ကျောက်စိမ်းဂိုဏ်း၊ မြွေနဂါးတောင်မှ အလုပ်သမား”

“ဟွမ်ခွမ်ရင်မှ စိုက်ထူသည်”

ကျောက်တိုင်အရှေ့တွင် ဟွမ်ခွမ်ရင်မှာ ကျုံ့ကျုံ့လေး ထိုင်ရင်း မျက်ရည်များ တတွေတွေ စီးကျနေသည်။

သူ လှည့်ကြည့်လိုက်သောအခါ ရှန်မို့ကိုတွေ့ပြီး ပြေးဖက်လေသည်။

“အကြီးအကဲ… သမီးအဘိုးလေ… သူသွားပြီ… သမီးကို တစ်ယောက်တည်း ထားခဲ့ပြီ”

ရှန်မို သူ့ခေါင်းလေးကို ပုတ်ပေးရင်း

“သက်ရှိတွေအားလုံး တစ်နေ့မှာ ကြုံရတာပေါ့ကွယ်… အဘိုးက ခွမ်ရင့်ကို အများကြီး သင်ပေးရင်း ပျိုးထောင်ခဲ့တာမလား… သူ နောင်တကင်းကင်းနဲ့ စိတ်ချလက်ချ သွားတာပါ”

“ခွမ်ရင်က ပျော်ပျော်ရွှင်ရွှင် ဆက်နေရမှာပေါ့… အဲ့ဒါမှ အဘိုးလည်း တမလွန်မှာ အေးအေးချမ်းချမ်း အနားယူနိုင်မှာ… နားလည်လား”

ဟွမ်ခွမ်ရင် မျက်ရည်များ သုတ်လိုက်ပြီး ခေါင်းငြိမ့်ပြ၏။

“ဟုတ်ကဲ့ပါ အကြီးအကဲ… ပြောစကားနားထောင်ပါ့မယ်”

ရှန်မို ခဏစဉ်းစားပြီးနောက်

“မိုင် ခွမ်ရင့်ကို ဂိုဏ်းစာကြည့်တိုက်ဆီ ခေါ်သွားလိုက်ပါ… ပြီးရင် ကျင့်စဉ်နဲ့ သိုင်းစဉ် တစ်ခုခု သူနဲ့သင့်တော်တာလေး ရွေးပေးလိုက်… အမှတ်ဘယ်လောက်လိုလို ကျွန်တော် ပြန်ပေးမယ်လို့ ပြောလိုက်နော်”

ဟွမ်ပါရီသည် သူ့အသက်နောက်ဆုံးအချိန်အထိ ရှန်မို့အတွက် ခစားသွားသူဖြစ်ပြီး သူ့မြေးကို ဤမျှလောက် ပြန်လုပ်ပေးရသည်မှာ သာမာန်ပင်။

မိုင်ဟေးဟီ စိတ်ထိရှစွာဖြင့်

“နားလည်ပါပြီ အကြီးအကဲရှန်… ကျွန်တော် လုပ်ပေးလိုက်ပါမယ်”

စာကြည့်တိုက်။

မိုင်ဟေးဟီ ခွမ်ရင်အားခေါ်၍ ရောက်လာ၏။

နှစ်ယောက်စလုံးအတွက် ပထမဆုံးရောက်ဖူးခြင်း ဖြစ်ပြီး လူအများကြားတွင် နေရခက်နေကြသည်။

ထိုအချိန်တွင် ပထမထပ်၌ ယဲ့ယန်သည် စာကြည့်တိုက် အလုပ်သမားရှေ့၌ အေးစက်စက် ရပ်နေ၏။

“ငါပြောထားတဲ့ နတ်ဆိုးတစ်သောင်းနယ်မြေနဲ့ ပတ်သက်တဲ့ စာအုပ်တွေ ဘယ်မှာလဲ… ဘာလို့ မရှိတော့တာလဲ”

အလုပ်သမားလေးမှာ အားနာစွာ မချိပြုံးလေးဖြင့်

“အကြီးအကဲယဲ့ ကျွန်တော် တကယ် တောင်းပန်ပါတယ်… အဲ့စာအုပ်တွေကို အကြီးအကဲရှန် ဝယ်သွားပါပြီ”

“အကြီးအကဲရှန်… ရှန်မိုလား”

ယဲ့ယန်မျက်နှာမှာ ပို၍ အေးစက်သွား၏။

အလုပ်သမားလေးမှာ နေရခက်စွာဖြင့်

“ဟုတ်ပါတယ်… တောင်းဆိုထားတဲ့ စာရင်းမှာ အကြီးအကဲရှန်က ဦးစားပေးဖြစ်နေလို့ပါ… ကျွန်တော့်ကို အပြစ်မမြင်ပါနဲ့နော်”

ယဲ့ယန် သက်ပြင်းချလိုက်ပြီး ဒေါသအလွန်ထွက်နေ၏။

သူလည်း ဂိုဏ်း၏ ထူးချွန်သော ပါရမီရှင်တစ်ယောက် ဖြစ်သော်လည်း ရှန်မို့အခွင့်အရေးနှင့် အဘယ်ကြောင့် ကွာနေသနည်း။

ထိုအချိန်တွင် အနောက်ဘက်မှ အသံတစ်ခု ထွက်လာ၏။

“မင်္ဂလာပါဗျ ကျွန်တော် ကျင့်စဉ်နဲ့ သိုင်းစဉ်တွေ ရွေးဖို့ ဘယ်ကိုသွားရမလဲဟင်”

ယဲ့ယန် လှည့်ကြည့်လိုက်သောအခါ ကလေးမလေးတစ်ဦးနှင့် ခန့်ခန့်ညားညား လူကြီးတစ်ဦးကို တွေ့ရသည်။

သူတို့ပုံစံကို ရင်းနှီးနေသော်လည်း ချက်ချင်း မမှတ်မိ ဖြစ်နေ၏။

အလုပ်သမားလေးမှ မျက်မှောင်ကြုတ်ကာ

“မျက်လုံးနဲ့ကြည့်ပြီး လက်နဲ့ရွေးပေါ့… အဲ့ဒါကအစ သင်ပေးနေရဦးမှာလား”

မိုင်ဟေးဟီ မျက်နှာငယ်ဖြင့်

“တောင်းပန်ပါတယ်ဗျာ… ကျွန်တော်တို့ကို မြွေနဂါးတောင်မှာပဲ တောက်လျှောက် နေခဲ့ကြတော့ စာကြည့်တိုက်ထဲ တစ်ခါမှ မရောက်ဖူးလို့ပါ… စည်းမျဉ်းတွေလည်း သေချာမသိလို့ တောင်းပန်ပါတယ်နော်”

“ဟွန့်… ဒါဆိုလည်း ဘေးဖယ်နေ သူများရှေ့ လာရှုပ်မနေနဲ့… နေဦး… မြွေနဂါးတောင်လို့ ပြောလိုက်တာလား”

အလုပ်သမားလေးမှာ တစ်ခုခု သတိရသွား၏။

မိုင်ဟေးဟီ နားမလည်နိုင်စွာဖြင့် ပြန်ဖြေသည်။

“ဟုတ်ပါတယ်… ကျွန်တော်က မြွေနဂါးတောင်က အလုပ်သမားခေါင်းဆောင်ပါ… မိန်းကလေးကတော့ မြွေနဂါးတောင်ရဲ့တပည့်”

စာကြည့်တိုက်ဝန်ထမ်းသည် မျက်လုံးအရောင်များ လက်၍

“အာ… ဒါဆို အကြီးအကဲရှန်ရဲ့ လူယုံတွေပေါ့… စောစောတည်းက ဘာလို့ မပြောတာလဲဗျာ”

“လာ လာ… မိန်းကလေးအတွက် ကျင့်စဉ်နဲ့ သိုင်းစဉ် ရွေးချင်တာလား… ကျွန်တော် အခု အားနေတာ… ဝိုင်းကြည့်ပေးမယ်လေ”

“ကျွန်တော့်နောက်လိုက်ခဲ့… မြုတေဖွဲ့စည်းခြင်း အဆင့်အတွက် သင့်တော်တာတွေ ရှိတယ်… သူနဲ့ဆိုရင်…”

ဘေးတွင်ရှိနေသော ကျင့်ကြံသူများလည်း “မြွေနဂါးတောင်”၊ “အကြီးအကဲရှန်”၊ “အလုပ်သမား ခေါင်းဆောင်” စသဖြင့် ကြားနေပြီး စိတ်ဝင်စားသွားကြ၏။

ရှန်မို့ ဦးဆောင်မှုအောက်တွင် မြွေနဂါးတောင် အာရုံစိုက်ခံနေရသည်မှာ အတော်ကြာလေပြီ။ ထိုတောင်တွင် အလုပ်သွားလုပ်ချင်သူများလည်း အလွန်များ၏။

သို့သော် မိုင်ဟေးဟီ စည်းကမ်းကြီးကြီး ရွေးချယ် စိစစ်သောကြောင့် တော်ရုံလူ ဝင်ခွင့်မရပေ။

ယဲ့ယန် တိတ်ဆိတ်စွာ စိုက်ကြည့်နေ၏။

သူ ရှန်မို့ထက် နိမ့်ကျရုံသာမက သူ့အစေခံ၊ တပည့်များလောက်ပင် နေရာမရ ဖြစ်နေလေသည်။

တကယ်ပါပဲ။

ကျောက်စိမ်းဂိုဏ်းမှာ ငါ ယဲ့ယန်အတွက် နေရာရှိသေးရဲ့လား။

All Chapters