သူတို့မကြောက်ရင် စွမ်းရည်ပြရသေးတာပေါ့
Vol. 19 Ch. 280
ရက်အနည်းငယ်အကြာတွင် မိုင်ဟေးဟီ မြွေနဂါးတောင်သို့ ဟွမ်ခွမ်ရင်နှင့်အတူ ပြန်ရောက်လာသည်။
ထိုအချိန်တွင် ရှန်မိုမှာ ကွင်းပြင်ထဲ၌ သိုင်းလေ့ကျင့်လျက် ရှိ၏။
မီးတောက်ရိုင်းကို အာရုံစိုက်နေရပြီး ထိုကျင့်စဉ်သည် ငရဲမီးတောက်ဖျက်ဆီးရေးကျင့်စဉ်လောက်တော့ မရှုပ်ထွေးပေ။
ပထမအဆင့်တွင် မီးတောက်ရိုင်းကို ထိန်းချုပ်၍ ပုံစံအမျိုးမျိုးပြောင်းပြီး အလွန်ရိုးရှင်းပါသည်။
ဒုတိယအဆင့်မှာ မီးတောက် (၂) ခုကို ထိန်းချုပ်၍ ပေါင်းစည်းထားသည့်မီးတောက်ကို ပြောင်းလဲရခြင်း ဖြစ်၏။
ထိုအဆင့်တွင်တော့ စွမ်းအင်ညီမျှရန် လိုအပ်သည်။
မီးတောက်များမှာ ထူးခြားသောစွမ်းအင်နှင့် အဆင့်အသီးသီး ရှိကြ၏။
ထို့အပြင် မီးတောက်များကို အဆင့် (၃) ခု ခွဲထားပြီး မီးတောက် (၂) မျိုးပေါင်းရန် အဆင့်မြင့်ချင်း တူရမည်။
ညီမျှမှုမရှိဘဲ ပေါင်းစပ်လျှင် ရလဒ်တစ်ခုသာ ဖြစ်နိုင်၏။
ဘုံး!
ပေါက်ကွဲမှု။
ရှန်မို့ပတ်ဝန်းကျင်တွင် မီးတောက်များ ဝိုင်းနေပြီး ဝတ်ရုံမှာ တလွင့်လွင့်ဖြစ်နေသည်။
မီးစွမ်းအင်ဒဏ်ကို ခံနိုင်ရည်ရှိရန် တဖြည်းဖြည်း အရေးကြီးအစိတ်အပိုင်းမှလွဲ၍ ဝတ်ရုံကို ခွါချလိုက်၏။
အစပိုင်းတွင် မြွေနဂါးတောင်မှ တပည့်များနှင့် အလုပ်သမားများ ထိုပေါက်ကွဲမှုကြောင့် မှင်တက်နေကြပြီး စိတ်ဝိညာဉ်သားကောင်များ ရောက်လာသည်ဟု ထင်ကြသည်။
သို့သော် သေချာစုံစမ်းပြီးမှ ရှန်မိုလေ့ကျင့်ရေး ပြုလုပ်နေကြောင်း သိသွား၏။
မိုင်ဟေးဟီနှင့် ဟွမ်ခွမ်ရင်တို့ ရှန်မို့နေရာကို မေး၍ ကွင်းပြင်သို့ ရောက်လာကြသည်။
ခပ်လှမ်းလှမ်းနီးလာသောအခါ ဟွမ်ခွမ်ရင် အဝတ်မပါသော ရှန်မို့ကိုတွေ့ပြီး မျက်နှာလေး ရဲသွား၏။
မိုင်ဟေးဟီ ရယ်မောကာ သူ့ခေါင်းလေးကို ပုတ်လိုက်၏။
“အကြီးအကဲရှန်… ခွမ်ရင်နဲ့ ကျွန်တော် ရောက်လာပါတယ်”
သူ လှမ်းခေါ်လိုက်သည်။
ရှန်မို သူ့အသံကြားသောအခါ ချက်ချင်း မီးတောက်များ သိမ်း၍ ဝတ်ရုံထပ်ဝတ်ကာ အနားရောက်လာ၏။
“ဪ… ခွမ်ရင်အတွက် ဘာတွေ ရွေးပေးခဲ့လဲ”
ရှန်မို ပြုံး၍ မေးလိုက်သည်။
မီးတောက်များစွာအလယ်တွင် ပေါက်ကွဲမှုများဖြင့် လေ့ကျင့်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာ မရှိပေ။
အရင်အတိုင်း အားအင်အပြည့်ဖြင့် စကားလာပြော၏။
မိုင်ဟေးဟီ တရိုတသေဖြင့်
“ကျွန်တော်တို့ ရွေးလာတာက မြေအဆင့်နိမ့် ရေပြာရွှေဝေလကျင့်စဉ်ပါ… သိုင်းစဉ်ကတော့ လှိုင်းပြာ ကြာပွတ်သိုင်း၊ ရေပြာရွှေဒိုင်းနဲ့ လှိုင်းခြေလှမ်းတွေပါ”
ရှန်မို ခေါင်းတငြိမ့်ငြိမ့်ဖြင့် နားထောင်၏။
ဟွမ်ခွမ်ရင်တွင် မြေအဆင့် ရေဖွဲ့စည်းပုံခန္ဓာကိုယ်ရှိပြီး မိုင်ဟေးဟီ၏ ဗဟုသုတများအရ အကောင်းဆုံး ရွေးပေးခဲ့ခြင်း ဖြစ်သည်။
မိုင်ဟေးဟီမှ ဆက်၍
“ကုန်ကျစရိတ်ကတော့ အမှတ်စီ (၁၃) မှတ် ကျလာပါတယ်… ဒါပေမဲ့ စာကြည့်တိုက်မှာ အကြီးအကဲ (၃) နဲ့ တွေ့လို့ သူ့ကျောက်စိမ်းပြားနဲ့ ရှင်းပေးသွားပါတယ်”
ရှန်မို ရယ်မောမိပြီး
“အကြီးအကဲ (၃) လား”
အကြီးအကဲ (၃) မှာ ထိုကဲ့သို့ အဆင့်နိမ့်တပည့်များ၊ အလုပ်သမားများကို အလေးထားလေ့ မရှိပေ။ ရှန်မိုနှင့် ရင်းနှီးလို၍ တမင်ကြိုးစားမှန်း သိသာ၏။
“မဆိုးပါဘူး… အမှတ်ကုန် သက်သာတာပေါ့”
ရှန်မိုပြုံး၍ ရေရွတ်မိသည်။
“ခွမ်ရင်… အခုတော့ ပြန်လိုက်ဦးလေ… အကြီးအကဲရှန်နဲ့ ဦးလေး ပြောစရာရှိလို့”
မိုင်ဟေးဟီမှ ပြောလိုက်၏။
“ဟုတ်ကဲ့ပါ”
ခွမ်ရင် နှုတ်ဆက်ကာ ထွက်သွားပြီးနောက် မိုင်ဟေးဟီ အသံခပ်တိုးတိုးဖြင့်
“အကြီးအကဲရှန် စာကြည့်တိုက်မှာတုန်းက လူတချို့ ချောက်ချဖို့ ကြံနေတာ ကြားခဲ့တယ်”
“ဪ… ပြောပါဦး”
“လတ်တလော တန်ဟီဂိုဏ်းက ကျောက်စိမ်းဂိုဏ်းနဲ့ ဆေးအရောင်းအဝယ် နားထားတယ်တဲ့… သန့်စင်ခြင်းဂိုဏ်းကလည်း အရင်နှစ်က လက်နက်အမှာတွေကို မလုပ်ပေးဘူးတဲ့… ရုံးတော်ကရော… သူတို့ဆို စိတ်ဝိညာဉ်သားကောင်တွေ၊ နတ်ဆိုးသားကောင်တွေကို ဖြတ်ထားရုံတင် မကဘူး .. စိတ်ဝိညာဉ်ကျောက်တုံးတွေပါ သိမ်းထားတာတဲ့… ပြီးတော့လေ… ရုံးတော်က သန့်စင်ခြင်းဂိုဏ်းကို သံသင်္ဘောပျံတွေ (၆) စီးတောင် ပေးတယ်လို့လည်း ကြားတယ်”
ရှန်မို သေချာစဉ်းစားမိ၏။
သံသင်္ဘောပျံလား။
တန်ဖိုးကြီးရတနာများ ဖြစ်သည်။
ရုံးတော်တွင်လည်း သိပ်ရှိပုံ မပေါ်သည်ကို သန့်စင်ခြင်းဂိုဏ်းအတွက် (၆) စီး ထပ်ပေးသည်လား။
တန်ဟီဂိုဏ်းမှာမူ ဆေးရောင်းဝယ်ခြင်းကို ရပ်လိုက်သည်။
ကျောက်စိမ်းဂိုဏ်း၌ ယခုအခါ ဆေးများကိုယ်တိုင် ထုတ်နိုင်နေသော်လည်း တန်ဟီဂိုဏ်းအား မယှဉ်နိုင်သေးပေ။
မိုင်ဟေးဟီမှ ဆက်၍
“တန်ဟီဂိုဏ်းက အကြီးအကဲရှန် အရင်နေခဲ့တဲ့ ချင်းရွှမ်ဂိုဏ်းဆိုတာ သူတို့ရဲ့လက်အောက်ခံဂိုဏ်းလို့ ပြောတယ်တဲ့… အဲ့ဒါတွေနဲ့ ခြိမ်းခြောက်ပြီး အကြီးအကဲရှန် သူတို့ဂိုဏ်းကို ရောက်လာအောင် လုပ်မှာတဲ့”
“ပြီးတော့ သန့်စင်ခြင်းဂိုဏ်းက ပြောတာ ရှိသေးတယ်… အကြီးအကဲရှန်က သူတို့ရဲ့ ခြေတည်ဝိညာဉ် အကြီးအကဲတစ်ယောက်ကို သတ်ဖူးလို့ အပြစ်ဒဏ်အတွက် လွှဲပြောင်းပေးရမယ်တဲ့”
“အကြီးအကဲ (၂) နဲ့ အကြီးအကဲ (၄) ကလည်း အစည်းအဝေးခေါ်ထားပြီး အကြီးအကဲရှန်အကြောင်း ဆွေးနွေးမလို့တဲ့”
မိုင်ဟေးဟီ ဇာတ်စုံ ပြောပြပြီးနောက် ရှန်မိုအား ဂရုတစိုက် ကြည့်နေသည်။
အချိန်တိုအတွင်း သန့်စင်ခြင်းဂိုဏ်း၊ တန်ဟီဂိုဏ်းနှင့် ရုံးတော်တို့ပေါင်း၍ ကျောက်စိမ်းဂိုဏ်းအား ပေါ်တင် ထိုးနှက်နေကြသည်။
ထို့အပြင် ရှန်မို့ကို လွှဲပေးရန်လည်း ပါ၏။
ရှန်မို မည်မျှ အင်အားကြီးပါစေ ဂိုဏ်းတစ်ခုလုံးကိုတော့ မတွန်းလှန်နိုင်ပါ။
အစည်းအဝေး၌ သူ့ကို လက်လွှဲပေးမည်ဟု ဆုံးဖြတ်ချက် ချလာပါက ရှန်မို မည်သို့ တတ်နိုင်ဦးမည်နည်း။
ထိုအခါ ရှန်မို့အလုပ်သမား မိုင်ဟေးဟီ၏ ကံကြမ္မာရော မည်သို့ ဖြစ်မည်နည်း။
သို့သော် ရှန်မို့မျက်နှာတွင် တွေဝေကြောက်ရွံ့မှု တစ်စုံတစ်ရာ မရှိပေ။ အရင်အတိုင်း အေးချမ်း တည်ငြိမ်နေ၏။
“ဒါပဲလား… တခြားရော”
ရှန်မို ပြန်မေးလိုက်၏။
“ကြားတာတော့ အဲ့ဒါအကုန်ပါပဲ… ကျွန်တော် အနားရောက်လာတာတွေ့ပြီး ဆက်မပြောကြတော့တာ”
ရှန်မို ရယ်မော၍
“အဲ့ဒါ ပုံမှန်ပါပဲ”
“သူတို့မကြောက်ရင် စွမ်းရည်ပြရသေးတာပေါ့”
မိုင်ဟေးဟီ ပြုံး၍သာ နေ၏။
ဪ အကြီးအကဲရှန်…
အခုလိုအချိန်မှာ နောက်နိုင်သေးတယ်နော်။
ရှန်မို တစ်ခုခု သတိရသွားပြီး
“မိုင်ဟေးဟီ ကျွန်တော် ဂိုဏ်းကို ခဏသွားလိုက်ဦးမယ်… မြွေနဂါးတောင်ကို အပ်ပါတယ်နော်”
သူ မိုင်ဟေးဟီပုခုံးကိုပုတ်ကာ ပြော၏။
“ဟုတ်ကဲ့ပါ… ကျွန်တော် အလုပ်သေချာလုပ်ရင်း သတင်းကောင်းစောင့်နေပါ့မယ်”
မိုင်ဟေးဟီ ပြန်ပြုံးပြသည်။
ရှန်မို ထိုနေရာမှပျောက််ကာ မီးနဂါးဥအနီးသို့ သွား၏။
“ထင်ထားတဲ့အတိုင်း မင်းက ပေါက်တော့မှာပဲ”
ရှန်မို မီးနဂါးဥကိုကြည့်ကာ ဝမ်းသာနေသည်။
ခုနက စိတ်ဝိညာဉ်သားကောင်များ မူပြောင်းနေ၍ ရှန်မို ချက်ချင်း သတိထားမိကာ ရောက်လာခြင်း ဖြစ်လေ၏။
“အခုတော့ နည်းနည်း သည်းခံလိုက်ပါဦး”
သူ သားကောင်အိတ်ထဲသိမ်းကာ မြွေနဂါးတောင်သို့ ပြန်လေသည်။
သို့သော် လမ်း၌ လူ (၃) ယောက်နှင့် တွေ့၏။
ကျောက်ယောင်လု၊ လုတုံရွှမ်နှင့် ဟီထျန်းချောင်။
(၃) ယောက်သား မျက်စိမျက်နှာပျက်လျက် မြွေနဂါးတောင်သို့ လာကြသည်။
ရှန်မို့ကိုတွေ့သောအခါ ကျောက်ယောင်လုမှစ၍
“ဂျူနီယာလေး မင်းအတွက် လမ်းးစီစဉ်ထာစပြီးပြီ… အခုကျောက်စိမ်းပင်လယ်မြို့ကို တစ်ခါတည်း လိုက်ခဲ့… အဲ့ကနေမှ အရှေ့ပင်လယ်ဘက် သွားကြမယ်… အဲ့နားမှာ လူရှင်းတဲ့ကျွန်းလေးရှိတယ်… ကိစ္စတွေငြိမ်သွားတဲ့အထိ ပုန်းနေကြတာပေါ့”