ကျောက်စိမ်းဂိုဏ်း၏ ခေါင်းဆောင်ငယ် ရှန်မို
Vol. 19 Ch. 283
နဂါးဂူ။
လီကျန်ထောင်းနှင့် အကြီးအကဲ (၁၁) ဦးတို့ လျင်မြန်စွာ ရောက်လာကြ၏။
ယဲ့ယန်၊ လုတုံရွှမ်တို့အဖွဲ့များ ချက်ချင်း အရိုအသေ ပေးလိုက်ကြသည်။
လီကျန်ထောင်း မျက်မှောင်ကြုတ်လျက်
“လူတွေ ဘာလို့ အဲ့လောက်များနေတာလဲ”
ယဲ့ယန်မှ
“ရှန်မို နဂါးဂူထဲမှာ ရှိနေပါတယ်…. သူ ထွက်မပြေးနိုင်အောင် အမြန်လာဖမ်းကြတာပါ”
အကြီးအကဲ (၅) သူ့ကို ကြည့်၍
“အစည်းအဝေးမှာတောင် ဘာမှ မဆုံးဖြတ်ရသေးတာကို… ဘယ်သူက မင်းကို ဖမ်းခိုင်းတာလဲ ဟမ် ယဲ့ယန်”
ယဲ့ယန် တည်ငြိမ်စွာဖြင့်
“ကျွန်တော်က တောင်ထိပ် (၂) က အကြီးအကဲဖြစ်ပြီး အကြီးအကဲချုပ် ဦးစီးတဲ့ စည်းမျဉ်းဌာနအဖွဲ့ဝင်ပါ”
“အစည်းအဝေးမှာ ရှန်မို့ကို ဘယ်လိုလုပ်မလဲဆိုတာ မဆုံးဖြတ်ရသေးလည်း သူ့ကို ခဏ ထိန်းသိမ်းပြီး အဆုံးအဖြတ် ခံယူခိုင်းရပါမယ်… ဒီအတောအတွင်း ထွက်ပြေးသွားခဲ့ရင် ကျွန်တော်တို့ ဌာနနဲ့ ကျွန်တော့်အပေါ်ပဲ တာဝန်ကျလာမှာပါ”
အကြီးအကဲ (၅) မျက်မှောင်ကြုတ်လျက် မကျေနပ်သော်လည်း ဘာမှမပြောတော့ပေ။
လီကျန်ထောင်း သက်ပြင်းချကာ
“အဲ့ဒါ ခဏထားလိုက်ကြပါဦး… အရင်ဆုံး အစောင့်အရှောက် ဘာဖြစ်နေလဲ ကြည့်ရဦးမယ်”
သူ ပြောပြောဆိုဆိုနှင့် ဂူထဲ ဝင်ရန် ပြင်လိုက်သည်။ ထိုစဉ် ခမ်းနားထည်ဝါသော အရှိန်အဝါတစ်ခု ကျရောက်လာပြီး လီကျန်ထောင်းတို့ကဲ့သို့ အဆင့်မြင့်များပင် တုန်လှုပ်စွံ့အသွားကြသည်။
ထို့နောက် ကောင်းကင်သို့ မော့ကြည့်မိသောအခါ အနက်ရောင် သတ္တဝါကြီးသည် နေရောင်ခြည်ကို ဖုံးကွယ်၍ တောင်တန်းကြီးကဲ့သို့ ကျရောက်လာ၏။
ကျောက်စိမ်းဂိုဏ်း၏ အစောင့်အရှောက် မီးနဂါးကြီးပင်။
“ဘယ်လိုဖြစ်လို့ ငါ့ဂူရှေ့မှာ လူများနေတာလဲ”
မီးနဂါးကြီးမှာ ယန်ဝူယွမ်နှင့် လုတုံရွှမ်တို့အဖွဲ့ကို ကြည့်ကာ ပြောလိုက်သည်။
ထို့နောက် ကျောက်ယောင်လုကိုတွေ့ကာ တစ်ခုခု သဘောပေါက်သွား၏။
လီကျန်ထောင်းမှ စ၍ အရိုအသေပေးလိုက်ပြီး
“အစောင့်အရှောက်ရဲ့အော်သံကြားလို့ လာကြည့်တာပါ… ဘာဖြစ်နေလဲလို့လေ”
မီးနဂါးကြီး ရယ်မော၍
“ဪ ဘာမှမဟုတ်ပါဘူး… ငါ့ကလေး မွေးလာလို့လေ”
“ကလေးလား”
လီကျန်ထောင်း ပို၍ မှင်တက်သွား၏။
သူတင်မက အခြားသူများလည်း ထိုသို့ပင်။
အစောင့်အရှောက်ရဲ့ ကလေးလား။
သူက မွေးလာပြီလား။
ရှပ် ရှပ်…
ခြေသံတစ်စုံကြားရပြီး ရှန်မို ဂူထဲမှ ထွက်လာပြီး သူ့အနောက်တွင် (၃) ပေခန့်ရှည်သည့် နဂါးငယ်လေး ပါလာ၏။
နဂါးလေးမှာ နီရဲလျက် အကြေးခွံများပင် သေချာ မပေါ်သေးသောကြောင့် ငယ်ရွယ်လတ်ဆတ်နေသည်။
အကောင်ငယ်မှာ ရှန်မို့ခြေထောက်အနောက်တွင် ပုန်းကာ လူအုပ်ကြီးအား ချောင်းကြည့်နေ၏။
ရှန်မိုမှ ဦးညွှတ်၍
“မင်္ဂလာပါ ခေါင်းဆောင်”
လီကျန်ထောင်း မယုံနိုင်စွာဖြင့် ငေးကြည့်နေမိသည်။
ထိုအခြေအနေကို အရူးပင် နားလည်ပါသည်။
လီကျန်ထောင်း တုန်ရီစွာဖြင့်
“အကြီးအကဲရှန် မီးနဂါးဥကို ရှာတွေ့ပြီး အကောင်ပေါက်အောင် လုပ်ပေးခဲ့တာလား”
မီးနဂါးကြီး နှာခေါင်းရှုံ့၍
“ဘယ်သူရှိဦးမလဲ… ငါကိုယ်တိုင် ဥပေးတယ် ထင်လို့လား”
အဟွတ်!
ထိုစကားကြောင့် အားလုံးအတွက် အတည်ပြုပြီး ဖြစ်သွား၏။
ရှန်မိုမှာ မီးနဂါးဥကို ရှာရုံတင်မက အကောင်ပေါက်သည် အထိ စောင့်ရှောက်ပေးသေးသည်။
ဘာတွေလဲ။
မြေကိုတုန်ခါစေနိုင်လောက်သည့် အကျိုးပြုမှုပင်။
အရင်တည်ထောင်သူ ထွက်သွားပြီးတည်းက ကျောက်စိမ်းဂိုဏ်း၌ ဤကဲ့သို့ အောင်မြင်မှုမျိုး မကြုံခဲ့ရပေ။
“ရှန်မို မင်း…”
လီကျန်ထောင်း အလွန်စိတ်လှုပ်ရှားနေ၍ ဘာဆက်ပြောရမည်မသိ ဖြစ်နေ၏။
ဝမ်မူရွှမ်၊ အကြီးအကဲ (၃) နှင့် (၅) တို့လည်း ခံစားရလွန်း၍ မျက်ရည်များပင် ဝဲလာသည်။
တစ်ဖက်တွင်တော့ ယန်ချီယဲ့တစ်ယောက် မျက်နှာ အပျက်ကြီးပျက်နေသည်။
နောက်ဆက်တွဲ မည်သို့ဆက်ဖြစ်တော့မည်ကို လူတိုင်း သိပါသည်။
ယဲ့ယန်လည်း မျက်နှာကြီးနီ၍ ရှက်ရွံ့ဒေါသစိတ်များ ရောနေ၏။
ရှန်မိုတစ်ယောက် ထိုသို့ကိစ္စကြီး ပြုလုပ်နိုင်ခဲ့မည်ဟု မထင်ထားချေ။
မီးနဂါးကြီး တည်ငြိမ်စွာဖြင့်
“ဂိုဏ်းမှာ အခုဖြစ်နေတဲ့ ပြဿနာတွေကို သိထားပါတယ်… ဒါပေမဲ့ ဂိုဏ်းရဲ့ ခေါင်းဆောင်ငယ်ကို ရန်သူ့လက်ထဲ ထည့်လိုက်ဖို့က အမှားကြီး ဖြစ်လိမ့်မယ်”
ထို့နောက် ယန်ချီယဲ့တို့အဖွဲ့ကိုကြည့်၍
“ဘယ်လိုထင်လဲ”
ယန်ချီယဲ့ကိုယ်တိုင် အဆင့်မြင့်တစ်ဦး ဖြစ်သော်လည်း မီးနဂါးကြီး၏ အရှိန်အဝါကိုတော့ မကျော်နိုင်ပေ။
“သဘောတူပါတယ်”
ယန်ချီယဲ့ တုံ့ဆိုင်းစွာဖြင့် ခက်ခက်ခဲခဲ ပြန်ဖြေ၏။
သူ ထိုသို့ဖြေလိုက်ပြီးမှ လေးလံနေသော ဖိအားကြီးလည်း ပြေလျော့သွားတော့သည်။
အကြီးအကဲ (၄)၊ (၇) နှင့် (၉) တို့လည်း ချက်ချင်း လိုက်၍ ခေါင်းငြိမ့်သဘောတူကြ၏။
ထိုအခါမှ လီကျန်ထောင်း၊ ဝမ်မူရွှမ်တို့အဖွဲ့ စိတ်အေးသွားလေသည်။
မီးနဂါးကြီး၏ အမိန့်မှာ ရှန်မို့ကို ကျောက်စိမ်းဂိုဏ်း၏ ခေါင်းဆောင်ငယ်အဖြစ် ခန့်အပ်ရန်နှင့် ရန်သူများထံ လက်မလွှဲပေးရန် ဖြစ်သည်။
ကျောက်ယောင်လုတို့ အလွန်ပျော်ရွှင်၍ စိတ်လက် ပေါ့ပါးသွားကြသည်။
ထို့နောက် ရှန်မိုအား လေးစားအားကျစွာ လှမ်းကြည့်မိသည်။
ရှန်မို ပြုံး၍သာ နေ၏။
“ဂျူနီယာလေးမှာ ဒီလိုဝှက်ဖဲမျိုးရှိမယ်လို့ မထင်ထားဘူး”
လုတုံရွှမ် အားမလိုအားမရ တောက်တစ်ချက် ခေါက်၍ ရေရွတ်လေသည်။
“ဟွန့် ငါကတော့ သိပြီးသား”
ကျောက်ယောင်လု ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြော၏။
လုတုံရွှမ် ရယ်မောကာ
“သိတယ်ဟုတ်လား… စီနီယာ့အာရုံက ခုနကပဲ မှုန်မှိုင်းပြီး မကောင်းတာ ဖြစ်တော့မှာဆို… ဘာမှလည်း မသိဘဲနဲ့”
ကျောက်ယောင်လု မျက်စောင်းထိုးလျက်
“လေ့ကျင့်ရေးကွင်းဘက် သွားမယ် လာ… အဲ့ရောက်မှ ပြမယ်”
လုတုံရွှမ်မျက်နှာ ဖြူဖျော့သွားပြီး
“မဟုတ်တာ… သေသွားမှာပေါ့”
မီးနဂါးကြီး နှာခေါင်းရှုံ့၍
“တော်ကြတော့ဟေ့… ကိုယ့်အလုပ်ကိုယ် ပြန်လုပ်ကြတော့”
“ရန်သူက တံခါးရှေ့ရောက်နေပြီ… ဘာတွေ စောင့်နေကြတာလဲ”
“ပြီးတော့ ခေါင်းဆောင်ငယ် တင်မြှောက်ပွဲအတွက်လည်း ရက်ရွေးထားဦး”
“ငါ့ကို ဒီလိုကိစ္စတွေလောက်နဲ့ လာမရှုပ်နဲ့နော်… ဂိုဏ်းကိစ္စတွေ ဘယ်တော့မှ ဝင်ပါမှာ မဟုတ်ဘူး”
ထို့နောက် နဂါးပေါက်လေးကိုခေါ်၍ ဂူထဲ ပြန်ဝင်သွားလေ၏။
အထဲမရောက်မီ တစ်ချက်ပြန်လှည့်ကြည့်ကာ
“ရှန်မို မကြာခဏ လာလည်နော်… ဒီကောင်လေးက မင်းကို သဘောကျနေပြီ”
“ဟုတ်ကဲ့ပါ… လာခဲ့ပါ့မယ်”
ထို့နောက် အားလုံးအတူ ဦးညွှတ် နှုတ်ဆက်လိုက်ကြ၏။
စိတ်ထဲတွင်တော့ ကျိတ်၍ တွေးနေမိကြသည်။
ဂိုဏ်းကိစ္စမှာ ဝင်မပါဘူးဆိုပြီး ဒါက ဘာလဲ။
သို့သော် ထုတ်မပြောရဲကြပေ။
လီကျန်ထောင်း ရယ်မောလျက်
“ခေါင်းဆောင်ငယ်ရေ ပြန်ရအောင်… ပွဲစီစဉ်ရဦးမယ်”
“ဟုတ်ကဲ့ပါ”
အကြီးအကဲများ ခြံရံလျက် ရှန်မို ထွက်သွားလေသည်။
ယဲ့ယန်၊ ယန်ဝူယွမ်နှင့် ဝမ်ဝူတို့သာ ကျန်ခဲ့၏။
သူတို့မျက်နှာများမှာ စူပူပ်လျက် သုန်မှုန်နေသည်။
“ကျစ် နောင်တက်မယ့် ခေါင်းဆောင်နဲ့ ထိပ်တိုက်တွေ့တာက ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူးနော်… ဘာဆက်ဖြစ်မလဲ ကြိုပြင်ထားရင် ကောင်းမယ်”
ကျောက်ယောင်လုမှ ပြော၏။
“တချို့တွေတော့ မကောင်းတာတွေ ဖြစ်တော့မှာပဲ”
လုတုံရွှမ်လည်း သက်ပြင်းချကာ သနားသလို ပြောလေသည််။
ဟီထျန်းချောင်မှာတော့ ဝင်မပြောဘဲ ရယ်မောနေ၏။
“ချီးပဲ”
ယဲ့ယန် လက်သီးကျစ်ကျစ်ဆုပ်လျက် အလွန်ဒေါသထွက်နေတော့သည်။ လက်သည်းများ လက်ဖဝါးကို ပြန်စိုက်မိပြီး သွေးများပင် တတောက်တောက် စီးကျနေ၏။
ယန်ဝူယွမ်မှ
“ထားလိုက်ပါကွာ… ငါတို့လည်း ပြန်ကြမယ်”
အားလုံး ပြန်သွားသော်လည်း ယဲ့ယန်တစ်ယောက်တည်း ဂူအရှေ့တွင် ရပ်ကာ ကျန်ခဲ့သည်။
နေဝင်၍ လထွက်ကာ မှောင်မိုက်သွားမှ သူအသိစိတ် စုစည်းနိုင်ပြီး ချက်ချင်း ပြန်လေ၏။