ဂိုဏ်းများ ပူးပေါင်းခြင်း
Vol. 19 Ch. 284
နောက်တစ်နေ့တွင်။
ကျောက်စိမ်းဂိုဏ်း၌ ခေါင်းဆောင်ငယ် တင်မြှောက်သည့် တရားဝင်ပွဲကြီး ကျင်းပလေ၏။
ကျောက်စိမ်းဂိုဏ်းသို့ ဝင်လာသည်မှာ နှစ်အနည်းငယ်သာ ရှိသေးသည့် လူငယ်လေး ရှန်မိုသည် ပွဲ၏ အဓိက အာရုံစိုက်စရာ ဖြစ်နေသည်။
အားလုံး သူ့ကို ဝိုင်းကြည့်နေ၏။
ဂိုဏ်းထဲမှ အချို့ကျင့်ကြံသူများလည်း အံ့ဩနေကြသည်။
နေရာလွတ်ဖြစ်နေသည်မှာ ကြာသော ခေါင်းဆောင်ငယ် ရာထူးသည် မထင်မှတ်စွာဖြင့် ရှန်မို့ထံ ရောက်သွား၏။
သို့သော် အကြောင်းအရင်းကို သေချာသိသောအခါ အရမ်း အံ့ဩစရာတော့ မဟုတ်ပေ။
ကျောက်စိမ်းဂိုဏ်းတွင် ရှန်မိုမှလွဲ၍ အခြားသင့်တော်သူ မရှိတော့။
မကြာမှ ရှန်မို့သတင်းမှာ ယုဒေသတစ်ခုလုံးသို့ ပျံ့နှံ့သွား၏။
သန့်စင်ခြင်းဂိုဏ်း၊ တန်ဟီဂိုဏ်းနှင့် ရုံးတော်တို့လည်း သတင်းရကြသည်။
ရုံးတော်၌။
မြို့စားမင်းမှာ ဝူရန်ယင် တင်ပြသည့်သတင်းကို ဖတ်ပြီးနောက် အတော်ကြာအောင် စိတ်မငြိမ်နိုင်ဘဲ ရှိသည်။
“ဖိအား (၃) ခုကို လွန်ဆန်ပြီး ရှန်မို့ကို ထုတ်မပေးရုံတင်မက ခေါင်းဆောင်ငယ် ခန့်လိုက်တယ်ပေါ့”
“သူ့ကို အထင်သေးမိတာ မှားသွားတာပဲ”
မြို့စားမင်းမှာ စိတ်ပျက်လက်ပျက် ပြော၏။
ဝူရန်ယင် ဒူးတစ်ဖက်ထောက်၍
“အရှင့် ကျန်းမာရေးကိုပဲ ဂရုစိုက်ပါ… သူတို့ကြောင့် ဒေါသထွက်ပြီး ထိခိုက်မခံပါနဲ့”
မြို့စားမင်းမှ လှည့်ကြည့်၍
“မြူနှင်းဒေသ အခြေအနေရော”
“မြူနှင်းမြို့က တိုက်ပွဲတင်ပြချက်လည်း ရောက်ပါပြီ… အရှင့်ဦးဆောင်မှု လိုအပ်နေတဲ့အချိန်ပါ”
ဝူရန်ယင် သက်ပြင်းချ၍ စာရွက်ကို လှမ်းပေးသည်။
“နတ်ဆိုးဧကရာဇ်ရဲ့ အကြီးဆုံး သားတော်ကိုယ်တိုင် စစ်တပ်ကို ဦးစီးသွားပြီး တိုက်ခိုက်နေပါတယ်… မြူနှင်းဒေသ မြို့စားမင်းကလည်း ရွှေအဆင့် စစ်သူကြီး (၃) ယောက်နဲ့ ခုခံနေလို့ အပြင်းအထန်ပါပဲ”
“အဲ့အချိန်မှာ နတ်ဆိုးဧကရာဇ်ကတော့ သူ့နဂါးသွေးအစောင့် (၈၁) ယောက်ခေါ်ပြီး ကိုယ်တိုင် တိုက်ခိုက်နေပါတယ်”
“ဒီလိုနဲ့ မြို့စားမင်းရော သူ့စစ်သူကြီးတွေပါ အကုန်ကျပြီး နောက်ဆုံး သတင်းပြန်တင်ပြနိုင်တဲ့ အနည်းငယ်ပဲ ထွက်ပြေးလာပါတယ်”
ယုမြို့စားမင်းမှာ ထိုသတင်းကို ကြည့်၍ အလွန် တုန်လှုပ်သွား၏။
ဝူရန်ယင်ပင် အမြန်ဝင်ထိန်းပေးလိုက်ရသည်။
“ဒီသတင်းကို လာတင်ပြတာ ဘယ်နှစ်ရက် ရှိပြီလဲ”
သူ သက်ပြင်းချကာ မေး၏။
ဝူရန်ယင်မှ
“ကန်မင်ဂူက မိုင်ပေါင်းသိန်းနဲ့ချီပြီး ဝေးတာဆိုတော့ သတင်းပို့ဖို့ ဆက်သွယ်ရေး ကျောက်စိမ်းပြားတွေ (၈) ခုလောက်အထိ အဆင့်ဆင့် သုံးရပါတယ်”
“ကျွန်တော် လက်ခံထားတာကတော့ အနည်းဆုံး (၃) ရက်လောက်ရှိပါပြီ”
မြို့စားမင်းမှ
“(၃) ရက်… မြူနှင်းဒေသတော့ တစ်ဝက်ကျော်လောက် ကျသွားပြီပေါ့”
သူကိုယ်တိုင်လည်း ငြိမ်ကျသွားသည်။
“အရှင် ဘယ်လိုသဘောရလဲ”
ဝူရန်ယင်မှ မေး၏။
မြို့စားမင်း သက်ပြင်းထပ်ချကာ
“အရင်ဆုံး ဧကရာဇ်ကျင်းကို တင်ပြလိုက်”
“ပြီးရင် သန့်စင်ခြင်းဂိုဏ်း၊ တန်ဟီဂိုဏ်းနဲ့ ကျောက်စိမ်းဂိုဏ်းတို့ရဲ့ ခေါင်းဆောင်တွေကို အစည်းအဝေး ခေါ်ခိုင်းလိုက်”
“နောက်ပြီး ဧကရာဇ်ကျင်းကို ငါကိုယ်တိုင် တောင်းပန်စာ ရေးလိုက်မယ်”
ဝူရန်ယင် လန့်သွားပြီး
“အရှင်…”
မြို့စားမင်း ပြုံးလျက်
“မြူနှင်းဒေသသာ ဒီလောက်မြန်မြန် မကျသွားရင် ဒီကိစ္စကိုရှင်းဖို့ အချိန်ရသေးတယ်… ကျောက်စိမ်းဂိုဏ်းကို အနှေးနဲ့အမြန် ဖျက်ဆီးနိုင်မှာ”
“ဒါပေမဲ့ အခုတော့ အခွင့်အရေး မရှိတော့သလောက်ပဲ”
“နတ်ဆိုးတစ်သောင်းနယ်မြေရဲ့အင်အား ကြီးလာတာနဲ့အမျှ ငါတို့အနေနဲ့ ပူးပေါင်းထားမှ ဖြစ်မယ်”
“အရင်ကကိစ္စတွေ ထားလိုက်ပါတော့… ဒီနေ့ကစပြီး ငါတို့ (၄) ဖွဲ့လုံး နတ်ဆိုးတစ်သောင်းနယ်မြေကို ခုခံရမယ်”
“ဧကရာဇ်ကျင်းက ငါ့ကို မသတ်လောက်ပေမဲ့ ယုဒေသမှာ ဆက်နေလို့တော့ မဖြစ်ဘူး”
ဝူရန်ယင် ရှုပ်ထွေးလာ၏။
ယုဒေသမြို့စားမင်းမှ သူ့ပုခုံးကိုပုတ်၍
“မင်းက ငါ့ရဲ့ အယုံကြည်ရဆုံးဆိုပေမဲ့ ဒီအမှုက မင်းနဲ့ မဆိုင်ပါဘူး”
“ငါ့နေရာကိုဝင်လာမယ့်သူက ဧကရာဇ်ရဲ့ အယုံကြည်ရဆုံး မင်းသားကျင်း ဖြစ်လိမ့်မယ်”
“ငါ့အပေါ်သာ အပြစ်တွေအကုန် ပုံချလိုက်ပါ… တိုက်ပွဲမှာ အကောင်းဆုံး ဝင်ပါပြီး အမှတ်ကောင်းကောင်းယူနော်”
ဝူရန်ယင် ခေါင်းငုံ့လျက်
“အရှင်ရယ်…”
မြို့စားမင်း သက်ပြင်းချကာ
“ငါက အပြစ်သားပါ… ယုဒေသရဲ့ အပြစ်သား၊ ကျင်းနိုင်ငံတော်ရဲ့ အပြစ်သားပါ”
“ဒီနေ့ကစပြီး ငါ့ကို မြို့စားမင်းလို့ မခေါ်နဲ့တော့… ငါ့နာမည် ကျီချွမ်ပါ”
ဝူရန်ယင် ခပ်လေးလေး ခေါင်းငြိမ့်ပြကာ
“နားလည်ပါပြီ”
နောက်ရက်များတွင် တုန်လှုပ်စရာ သတင်းများ တစ်ခုပြီးတစ်ခု ပေါ်လာ၏။
ပထမဆုံးသတင်းမှာ ယုဒေသ မြို့စားမင်း ကျီချွမ်သည် ကျောက်စိမ်းဂိုဏ်းအပေါ် မတရားပြုလုပ်မိ၍ ကျင်းဧကရာဇ်မှ ရာထူးဖယ်ချလိုက်သည်။
ဧကရာဇ်၏ညီ မင်းသားကျင်းမှာ ထိုရာထူးနေရာ ရောက်လာ၏။
ဒုတိယသတင်းသည် ယုဒေသ၏ ဂိုဏ်းကြီး (၃) ခုမှာ အရင်ရန်ငြှိုးများကို ခဝါချ၍ ပူးပေါင်းလိုက်ကြသည်။
တတိယမှာ ရုံးတော်နှင့် ဂိုဏ်းကြီးများမှ တရားဝင် မထုတ်ပြန်သော်လည်း တောင်ပိုင်းမှ စစ်ပွဲကို မကာကွယ်လိုက်နိုင်ချေ။
မြူနှင်းဒေသ မြို့စားမင်းကျဆုံးခြင်းလည်း ပျံ့နှံ့သွား၏။
ဒေသကြီးတစ်ခုလုံး ကြောက်ရွံ့တုန်လှုပ်လျက် ကမ္ဘာပျက်မည့်နေ့ကို စောင့်နေရသလိုပင်။
တစ်ဖက်တွင် ကျောက်စိမ်းဂိုဏ်းမှ ခေါင်းဆောင်ငယ် ရှန်မို၏ သတင်းပင် သာမာန်ဖြစ်သွား၏။
ညအချိန်။
ကျောက်စိမ်းဂိုဏ်း တောင်ထိပ် (၂)။
ယဲ့ယန်သည် ကြယ်ရောင်စုံကောင်းကင်အောက်တွင် တစ်ယောက်တည်း ရပ်၍ တောင်ဘက်ပိုင်းသို့ ငေးကြည့်ကာ အတွေးများနေသည်။
“နတ်ဆိုးတစ်သောင်းနယ်မြေက အဲ့လောက် အင်အားကြီးမယ်လို့ မထင်ထားဘူး”
“ယုဒေသရော နောက်ဆုံးမှာ ဘာဆက်ဖြစ်မှာလဲ”
“ရှန်မိုက ခေါင်းဆောင်ငယ်ဖြစ်လာတော့ ငါ့ကို လူတွေက ဘာမဟုတ်တဲ့လူလို ရှောင်လာကြပြီ… ငါနဲ့ ရင်းနှီးရင် ရှန်မို အမြင်မကြည်မှာကို ကြောက်နေကြပြီ”
“ဟိုလူ ဝမ်ဝူကအစ အဆက်အသွယ် ဖြတ်သွားတယ်”
“ကျောက်စိမ်းဂိုဏ်းမှာ ငါ့အတွက် နေရာမရှိတော့ဘူး”
“ထားပါတော့လေ… နယ်မြေအသစ် ရှာရမယ့်အချိန်ပဲ”
“နတ်ဆိုးတစ်သောင်းနယ်မြေမှာ လူသားတွေလည်း ခေါ်နေတယ်လို့ ကြားတယ်… အင်အားရှိရင် ရတာပဲ”
“အဲ့နေရာကမှ ငါ့အတွက်ဖြစ်မယ်”
“ဒါပေမဲ့ မသွားခင် လူတစ်ယောက်ကို သတ်ရမယ်”
“ယဲ့ယန်ကို လာစော်ကားလို့မရဘူး”
သူ နှာခေါင်းရှုံ့၍ တောင်ထိပ် (၂) မှ အဆောင်တစ်ခုရှေ့တွင် တံခါးခေါက်လိုက်သည်။
“ဘယ်သူလဲ”
ဝမ်ဝူ၏ စိတ်မရှည်သောအသံ ထွက်လာ၏။
“ကျွန်တော်ပါ ယဲ့ယန်”
“စိတ်မဝင်စားဘူး”
“ကျွန်တော် ကျောက်စိမ်းဂိုဏ်းက ထွက်သွားတော့မလို့… ကျွန်တော့်အမှတ်တွေအားလုံး ပေးခဲ့မလို့ပါ”
ထိုအခါ ချက်ချင်း တံခါးလာဖွင့်ပြီး ပျော်ရွှင်နေသော မျက်နှာတစ်ခုအား တွေ့ရ၏။
“တကယ်လား”
ယဲ့ယန်ပြုံး၍
“ဒါပေါ့… အထဲမှာ အေးဆေး ပြောရအောင်”
“ကောင်းပြီ ကောင်းပြီ”
(၂) ယောက်သား အထဲဝင်သွားပြီးနောက် မကြာမီ အော်ဟစ်သံများနှင့် ဓားချက်သံများ ကြားရ၏။
ထို့နောက် ယဲ့ယန် အေးစက်သော အမူအရာဖြင့် အခန်းထဲမှ ထွက်လာပြီး ကျောက်စိမ်းဂိုဏ်းမှအဝေးသို့ ထွက်သွားတော့သည်။