← Chapters

သံသရာမျှော်စင်

Vol. 36 Ch. 416

သံသရာမျှော်စင်

Vol. 36 Ch. 416

ကျန်းရွှမ်၏စိတ်အာရုံ လျော့ရဲသွားချိန်တွင် အဝါရောင်ခေါင်းလောင်းကြီးကို တီးခတ်လိုက်သသည့်အလား ကျယ်လောင်သောအသံကြီးတစ်သံ ပဲ့တင်ထပ်လာကာ 'ဝမ့်'ပုံစံ ဗုဒ္ဓအမှတ်အသား ထွက်ပေါ်လာသည်။

အချိန်တခဏအတွင်းမှာပင် ဝမ့်ပုံစံ အမှတ်အသားသည် အလင်းလွှာတစ်ခုကဲ့သို့ တောက်ပလာပေ၏။ ထိုအရာပေါ်တွင် ကျန်းရွှမ် ယခင်က လျှောက်လှမ်းခဲ့သော လမ်းကြောင်းများဖြစ်သည့် ထျန်းရွှမ်နိုင်ငံတော်မှ ပါမောက္ခကုန်းမြေသို့ရောက်လာကာ နာမည်ကျော်ကြားလာခြင်းနှင့် ကိုးကောင်းကင်ဧကရာဇ်ဖြစ်လာခြင်းစသည့် မြင်ကွင်းများကို ပြန်လည်၍ ပြသနေတော့သည်။

ရုပ်ရှင်ကားပေါ်တွင် ရေစာခတ်နှိပ်ထားသည့်အလား မှတ်ဥာဏ်မြင်ကွင်းများတွင် ဝမ့်ပုံစံအမှတ်အသားများ ပါဝင်နေပြီး ရေစီးကြောင်းပမာ ဖြတ်သန်းသွားကြသည်။

အကယ်၍ တစ်စုံတစ်ယောက်သည် ခုခံနိုင်စွမ်းမရှိပါက ဤအမှတ်တရများကို ပြန်ပြောင်းသတိရသည့်အချိန်၌ သူတို့၏ လက်ရှိအဆင့်အတန်းသည် ဗုဒ္ဓဂိုဏ်းကြောင့် ရရှိလာခြင်းဖြစ်မည်ဟု အလိုအလျောက် ခံစားမိပေလိမ့်မည်။

ဤဗုဒ္ဓအမှတ်အသားသည် လူတစ်ယောက်၏မူလအတွေးများကို ပြောင်းလဲနိုင်ရုံသာမက မှတ်ဉာဏ်များကိုလည်း ပြုပြင်ဖန်တီးနိုင်ပြီး စိတ်နှလုံးသားအတွင်းမှ အကြွင်းမဲ့ ကိုးကွယ်ဆည်းကပ်မှုကို ဖြစ်ပေါ်စေနိုင်သည်။

ဤသည်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းသော နည်းစနစ်တစ်ခုပင်။

ကံကြမ္မာပြောင်းလဲခြင်းနည်းစနစ်၏ စွမ်းအားကို နားလည်သဘောပေါက်သွားသဖြင့် ကျန်းရွှမ်သည် လေးစားမှုကြောင့် သက်ပြင်းချလိုက်မိသည်။ ရုတ်ချည်းဆိုသလိုပင် သူ၏ အနှစ်သာရအမြူတေ စတင်၍လည်ပတ်လာပြီး နောက်ထပ်အချိန်တခဏ၌ တလိမ့်လိမ့်ထနေသော နတ်ဆိုးစွမ်းအင်များသည် ကောင်းကင်ဘုံသောကကံကြမ္မာ၏ အကူအညီဖြင့် ပျံ့နှံ့သွားသည်။ ထိုနတ်ဆိုးစွမ်းအင်များသည် ဝမ့်အမှတ်အသားနှင့် ထိတွေ့မိသည်နှင့် ထိုအရာကို ချက်ချင်းဖျက်ဆီးလိုက်သည်။

ပျက်စီးတော့မည်ကို အာရုံခံမိသဖြင့် ဝမ့်အမှတ်အသားသည် တုန်ရီသွားပြီး ဆုတ်ခွာရန် ကြိုးစားလိုက်သည်။ သို့ရာတွင် ကောင်းကင်ဘုံသောကကံကြမ္မာသည် ညင်သာစွာလှုပ်ခတ်ပြီး ထိုအမှတ်အသားကို လွှမ်းခြုံထားပြီးဖြစ်သဖြင့် လုံးလုံးလျားလျား ဖိနှိပ်ထားခြင်းကို ခံလိုက်ရတော့သည်။

ကျန်းရွှမ်သည် သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ၏မျက်လုံးများတွင် ကြည်ညိုလေးစားသော အရိပ်အယောင်များ ထင်ဟပ်လာသည်။ သူသည် ညာလက်ဖြင့် ကြာပွင့်လက်ဟန်ကို ပြုလုပ်လိုက်ပြီး ဘယ်လက်က အရိုအသေပြုသည့်ပုံစံဖြင့် ဗုဒ္ဓပုံရိပ်ကို ဦးညွှတ်လိုက်၏။ ထို့နောက် သူ၏ကြည်လင်ပြတ်သားသောအသံက ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။

"အော် မီ တော ဖော.....ဗုဒ္ဓက သနားဂရုဏာနဲ့ ပြည့်စုံတယ်..ကျွန်တော်က ကံကြမ္မာကူးပြောင်းဖို့ ဆန္ဒရှိပါတယ်"

အပြာရောင်တိမ်တိုက်အရှင်က လက်အုပ်ချီလိုက်ပြီး စိတ်ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်သည်။

"အရမ်းကောင်းတယ်....."

သာမန်ကံကြမ္မာပြောင်းလဲခြင်းများတွင် အသက်ပင်လယ်နယ်ပယ် တတိယအဆင့် သို့မဟုတ် စတုတ္ထအဆင့်ရှိသော သူများကိုပင် အသက်ရှူချိန်အနည်းငယ်အတွင်း သူ အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့သည်။ သို့ရာတွင် သူ၏ရှေ့မှလူငယ်လေးကိုမူ ကံကြမ္မာကူးပြောင်းရန်အတွက် အချိန်ဆယ့်ငါးမိနစ်ခန့် ကြာမြင့်ခဲ့သည်။ ထုံးတမ်းစဥ်လာ ကောင်းကင်ကံကြမ္မာကို ဆက်ခံသူဖြစ်ရန် အမှန်တကယ်ကို ထိုက်တန်သည်။ ဤှလူငယ်လေး၏ပါရမီအရည်အချင်းသည် အမှန်တကယ်ကို ကောင်းမွန်ပေ၏။

အပြာရောင်တိမ်တိုက်အရှင်သည် သက်ပြင်းတစ်ချက်ရှိုက်ပြီး နူးညံ့သိမ်မွေ့သော အကြည့်ဖြင့် ကျန်းရွှမ်ကိုကြည့်ကာ ဗုဒ္ဓကျမ်းစာရွတ်ဆိုသံများ ပြန်လည်၍ ထွက်ပေါ်လာသည်။

"မင်းက ဆန္ဒရှိတယ်ဆိုမှတော့ ဒီနေ့ကစပြီး ငါ့ရဲ့နောက်ကိုလိုက်ပြီး ငါ့ရဲ့ အမိန့်တွေကို နာခံရမယ်"

"ဟုတ်ကဲ့"

ကျန်းရွှမ်က သဘောတူကြောင်းပြသသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။

အပြာရောင်တိမ်တိုက်အရှင်သည် အနည်းငယ် စိတ်ကျေနပ်သွားပုံရပြီး မေးမြန်းလိုက်၏။

"မင်းက ထုံးတမ်းစဥ်လာ ကောင်းကင်ကံကြမ္မာကို ဆက်ခံထားတာ မဟုတ်လား...."

ကျန်းရွှမ်သည် အချိန်တခဏကြာမျှ အံ့အားသင့်သွားပြီးနောက် နားလည်သဘောပေါက်သွားသည်။

ဤလူသည် မည်သည့်သတိပေးချက်မျှ မရှိဘဲ သူ့ကို တိုက်ခိုက်ခဲ့သည်မှာ အံ့အားသင့်ဖွယ် မဟုတ်တော့ချေ။ ဤဘုန်းတော်ကြီးသည် သူ့အား ခုန်းရှီဟု အထင်မှားနေခြင်းပင်။

ထုံးတမ်းစဥ်လာ ကောင်းကင်ကံကြမ္မာ ကျင့်ကြံသူတစ်ဦးကို ကံကြမ္မာကူးပြောင်းစေခြင်းသည် ဒုတိယတန်းစား ကောင်းကင်ကံကြမ္မာတစ်ခုကို ထိန်းချုပ်လိုက်ခြင်းပင်။

ဤဘုန်းတော်ကြီးထံတွင် ကြီးမားသော ရည်မှန်းချက်များ ရှိနေပေ၏။

သူ ငြင်းဆန်တော့မည့် အချိန်မှာပင် အတွေးတစ်ခု ဝင်လာသဖြင့် ခေါင်းညိတ်ပြကာ တုံ့ပြန်အဖြေပေးလိုက်သည်။

"ဟုတ်ပါတယ်"

အကယ်၍ သူသာ ငြင်းဆန်လိုက်ပါက ဤဘုန်းတော်ကြီး ခုန်းရှီကို သွားရောက်ရှာဖွေမည်မှာ သေချာပေါက်ပင်။ ထိုသို့ဖြစ်လာမည့်အစား သူသည် သဘောတူပြီး ကိစ္စများကို အချိန်ဆွဲမထားဘဲ မည်သည်ကြောင့် နေရမည်နည်း။

"ကောင်းပြီလေ....ကြိုးကြိုးစားစား ကျင့်ကြံတော့..... မင်းက အမွေအနှစ်ကို အမြန်ဆုံး ဆက်ခံနိုင်အောင် ကြိုးစားပြီးတော့ ဗုဒ္ဓဂိုဏ်းအတွက် ထုံးတမ်းစဥ်လာ စည်းမျဉ်းတွေကို အသုံးချပြီး လောကကြီးအနှံ့မှာ ပြန့်ပွားအောင် လုပ်ဆောင်ရမယ်..."

အပြာရောင်တိမ်တိုက်အရှင်က ပြုံးလိုက်သည်။

"ဟုတ်ကဲ့"

ကျန်းရွှမ်က ခေါင်းညိတ်လိုက်ပြီး သူ၏မျက်နှာပေါ်တွင် အကျပ်ရိုက်နေသည့် အမူအယာမျိုး ထင်ဟပ်လာသည်။

"ဒါပေမဲ့... ကျွန်တော်ရဲ့ပါရမီက နိမ့်ပါးပြီးတော့ ကျင့်ကြံခြင်းတိုးတက်မှုကလည်း အရမ်းနှေးကွေးပါတယ်...တကယ်လို့ အရှင့်မှာ သင့်တော်တဲ့ ကျင့်ကြံနည်းစနစ်တွေ ဒါမှမဟုတ် ရတနာတွေ ရှိရင် ကျွန်တော်ကို ချီးမြှင့်ပေးသနားပါလား..အဲ့ဒီလိုမှသာ ကျွန်တော်ရဲ့ကျင့်ကြံမှု မြန်မြန်ဆန်ဆန် တိုးတက်လာပြီးတော့ အရှင်အတွက် စောစောစီးစီး အမှုထမ်းပေးနိုင်မှာပါ..."

"ရတနာတွေ ချီးမြှင့်ပေးရမှာလား"

အပြာရောင်တိမ်တိုက်အရှင်၏ မျက်နှာပေါ်တွင် နားမလည်နိုင်မှု အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။

သူသည် ယခင်က တခြားလူများကို ကံကြမ္မာကူးပြောင်းစေခဲ့ဖူးပြီး တခြားသော 'အဆင့်မြင့်ဘုန်းတော်ကြီး'များ ထိုသို့ပြုလုပ်သည်ကိုလည်း မြင်တွေ့ခဲ့ဖူးသည်။ ကံကြမ္မာကူးပြောင်းခံရသူများသည် ထိန်းချုပ်သူအပေါ် ရိုသေလေးစားကြပြီး ညွှန်ကြားချက်များကို တသွေမတိမ်း လိုက်နာကြပေ၏။ ရတနာတောင်းခံသူဟူ၍ ဤသည်မှာ သူ ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။

ထိုလူငယ်ကို ဂရုတစိုက်လေ့လာကြည့်လိုက်ရာ သူ့အပေါ် ကိုးကွယ်ယုံကြည်မှုများနှင့် ပြည့်နှက်နေသည်ကို မြင်တွေ့လိုက်ရသည်။

'သူက တကယ့်ကို ကံကြမ္မာကူးပြောင်းခံလိုက်ရပြီပဲ...ဒါက အဓိပ္ပာယ်ရှိတယ်....ထုံးတမ်းစဥ်လာ ကောင်းကင်ကံကြမ္မာကို ဆက်ခံသူအနေနဲ့ သူ့ရဲ့ ပါရမီက ထူးချွန်ပြောင်မြောက်တယ်... တကယ်လို့ သူသာ အမိန့်တွေကိုပဲ နာခံတတ်တဲ့ ရုပ်သေးရုပ်လို ဖြစ်သွားရင် တခြားလူတွေလိုပဲ အသုံးဝင်မှု လျော့နည်းသွားလိမ့်မယ်'

"ထုံးတမ်းစဥ်လာက ဒုတိယတန်းစား ကောင်းကင်ကံကြမ္မာ ဖြစ်ပြီးတော့ သန့်စင်ဖို့ တော်တော်လေး ခက်ခဲတယ်.... ငါ့မှာ ပိုကောင်းတဲ့ နည်းလမ်း မရှိဘူး..."

အပြာရောင်တိမ်တိုက်အရှင်သည် အချိန်တခဏကြာမျှ တွေဝေတုံ့ဆိုင်းနေပြီးနောက် သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ရာ ကိုးထပ်မျှော်စင်တစ်ခုက သူ၏လက်ဝါးပေါ်တွင် ထွက်ပေါ်လာသည်။

"ဒါက ဗုဒ္ဓမြေကိုးလွှာ ပါဝင်တဲ့ သံသရာအမွေအနှစ်မျှော်စင် ဖြစ်ပြီးတော့ ငါတို့ ဗုဒ္ဓဂိုဏ်းရဲ့ အထွတ်အထိပ် ကောင်းကင်ရတနာပဲ... အခု မင်း အသုံးပြုဖို့ ငါ ချီးမြှင့်လိုက်မယ်.... မင်း ထုံးတမ်းစဥ်လာ ကောင်းကင်ကံကြမ္မာကို အပြည့်အဝ နားလည်သဘောပေါက်ပြီးရင် ငါ့ဆီ ပြန်ပေးရမယ်"

"သံသရာအမွေအနှစ်မျှော်စင်...."

ကျန်းရွှမ်သည်က ထိုအရာကို ယူလိုက်ရင်း နားမလည်နိုင် ဖြစ်သွားသည်။

ရတနာတောင်းခံခြင်းသည် သူ သာမာန်ကာလျှံကာ ပြောဆိုလိုက်ခြင်းသာ ဖြစ်သည်။ သူသည် "ကံကြမ္မာကူးပြောင်း" ခံထားရပြီ ဖြစ်သောကြောင့် အခွင့်အရေးယူပြီး အကျိုးအမြတ်တချို့မယူလျှင် သူ၏အကျင့်စရိုက်နှင့် ကိုက်ညီမည် မဟုတ်ချေ။ တစ်ဖက်လူသည် ပြတ်ပြတ်သားသား ငြင်းဆန်လိမ့်မည်ဟု သူ တွေးထင်ထားသော်လည်း အံ့အားသင့်ဖွယ်ကောင်းအောင်ပင် သူ့အား အမှန်တကယ် ထုတ်ပေးလေ၏။

'ဒါပေမဲ့ ဒါက ဗုဒ္ဓမျှော်စင်တစ်ခုပဲလေ...သိပ်ပြီး အစွမ်းထက်မှာ မဟုတ်လောက်ဘူး'

သူသည် တီးတိုးရေရွတ်လိုက်ရင်း သံသရာအမွေအနှစ်မျှော်စင်ကို ယူလိုက်သည်နှင့် တပြိုင်နက် သူ၏စိတ်ထဲတွင် နှင်းနတ်ဆိုးအရှင်၏ စိတ်လှုပ်ရှားနေသော အသံကို ကြားလိုက်ရသည်။

"အဲ့ဒါက သံသရာအမွေအနှစ်မျှော်စင် ဖြစ်နေမယ်လို့ ကျွန်တော်က ထင်မထားမိဘူး.. အပြာရောင်တိမ်တိုက်အရှင်က တကယ့်ကို ရက်ရောတာပဲ...သခင်က အမြတ်အစွန်း ကြီးကြီးမားမား သွားပြီ..."

"ဘယ်လိုမျိုးလဲ"

ကျန်းရွှမ်က သူ၏စိတ်ထဲမှ မေးမြန်းလိုက်သည်။

အနှစ်သာရအမြူတေကို သန့်စင်ထားခြင်းကြောင့် သူ ဆန္ဒရှိပါက နှင်းနတ်ဆိုးအရှင်သည်လည်း ပြင်ပလောကကို မြင်တွေ့နိုင်သည်။

ဗုဒ္ဓဂိုဏ်းမှ ဤအဆင့်မြင့်ဘုန်းတော်ကြီးနှင့် ရင်ဆိုင်ရချိန်တွင် ကျန်းရွှမ်ထံ၌ များစွာယုံကြည်ချက်မရှိချေ။ ထို့ကြောင့် နတ်ဆိုးဂိုဏ်းမှ ဤအစွမ်းထက်ပုဂ္ဂိုလ်ကို အစဥ်အမြဲ စောင့်ကြည့်ခိုင်းထားပြီး အခြေအနေ မဟန်ပါက ချက်ချင်းထွက်ပြေးရန် သူ ပြင်ဆင်ထားခြင်းဖြစ်သည်။

နှင်းနတ်ဆိုးအရှင်က ကျားမမကွဲပြားသောအသံဖြင့် လျှင်မြန်စွာ ပြောဆိုသည်။

"သံသရာအမွေအနှစ်မျှော်စင်က ဗောဓိသစ်သားနဲ့ ပြုလုပ်ထားပြီးတော့ အတိတ် ပစ္စုပ္ပန်နဲ့အနာဂတ်က ကံကြမ္မာကျမ်းစာတွေက ဗုဒ္ဓကျမ်းစာသင်္ကေတအက္ခရာတွေ ထွင်းထုထားတယ်...ဒီမျှော်စင်မှာ အလွှာကိုးလွှာ ရှိပြီးတော့ တစ်လွှာစီက ဗုဒ္ဓမြေတစ်ခု ဖြစ်သလို...အလွှာတိုင်းမှာ အဆင့်မြင့်ဘုန်းတော်ကြီးတစ်ပါးရဲ့ အမွေအနှစ်တွေကို ချိတ်ပိတ်ထားပြီးတော့ ကြီးမားတဲ့ လျှို့ဝှက်ချက်တွေနဲ့ အကျိုးကျေးဇူးတွေကို ပိုင်ဆိုင်ထားတယ်"

"ပထမအလွှာမှာ အရိုးဖြူကောင်းကင်ရှုမြင် အမွေအနှစ် ရှိနေပြီးတော့...အဲ့ဒီထဲမှာ ထိုင်နေရင် ခန္ဓာကိုယ်ထဲမှာရှိတဲ့ အကြောင်းအကျိုးကံကြမ္မာ စွမ်းအင်တန်းသုံးမျိုးကို ရှုမြင်နိုင်တယ်...ဒီစွမ်းအားကို အသုံးချပြီးတော့ ကိုယ့်ရဲ့ ကံကြမ္မာနဲ့ သက်ဆိုင်တဲ့ ကောင်းကင်ကံကြမ္မာတွေကို မြန်မြန်ဆန်ဆန် နားလည်သဘောပေါက်နိုင်တဲ့အပြင် ပုန်းကွယ်နေတဲ့ အန္တရာယ်တွေကို ကြိုတင်ပြီးဖယ်ရှားနိုင်တယ်... ဒါပေမဲ့ တစ်ရက်ကို အများဆုံး သုံးကြိမ်ပဲ သုံးနိုင်လိမ့်မယ်"

"ဒုတိယအလွှာမှာ ကံကြမ္မာမီးတောက် ကြာပွင့်နီ အမွေအနှစ်ရှိပြီးတော့ ကိုယ့်ရဲ့အပြစ်တွေကို ကြာပွင့်နီတွေအဖြစ် ပြောင်းလဲပေးနိုင်တယ်...ကြာပွင့်နီတစ်ပွင့် လောင်ကျွမ်းတိုင်း လေ့လာဆင်ခြင်နိုင်စွမ်းကို အတိုင်းအတာတစ်ခုထိ တိုးမြှင့်ပေးတယ်... ဒါပေမဲ့ အဲ့ဒီလူက သူ့ရဲ့နှလုံးသားကို ကံကြမ္မာမီးတောက် လောင်ကျွမ်းတဲ့ နာကျင်မှုကို ခံနိုင်ရည် ရှိရမယ်"

"တတိယအလွှာမှာ ကံကြမ္မာရောင်စုံ သလင်းကျောက် အမွေအနှစ်ရှိပြီးတော့ မကောင်းတဲ့ စိတ်ခံစားချက်တွေကို ယာယီ ဖိနှိပ်ပေးနိုင်ပြီးတော့ လူတစ်ယောက်ကို ကျင့်ကြံတဲ့နေရာမှာ ပိုပြီးအာရုံစိုက်နိုင်စွမ်း ရှိစေတယ်..."

"ကျွန်တော်က ဒီသုံးလွှာရဲ့အကျိုးကျေးဇူးတွေကိုပဲ သိတာ....တခြားအလွှာတွေကို မသိဘူး... ဒါပေမဲ့ ဒီသုံးလွှာနဲ့တင်ကို အရမ်းကြောက်စရာ ကောင်းနေပြီ... ဒီအကြောင်းအရင်းကြောင့်ပဲ ဒီသံသရာအမွေအနှစ်မျှော်စင်က ဗုဒ္ဓဂိုဏ်းတစ်ခုလုံးမှာတောင် ရတနာတစ်ပါးလို့ သတ်မှတ်ခံထားရတယ်...အပြာရောင်တိမ်တိုက်အရှင်က အဲ့ဒါကို ပိုင်ဆိုင်ထားရုံတင်မကဘူး သခင်ကိုတောင် ငှားရမ်းပေးလိုက်သေးတယ်...ဒါက တကယ့်ကို မယုံနိုင်စရာကိစ္စပဲ"

"အဲ့ဒီလောက်တောင် အစွမ်းထက်တာလား"

ကျန်းရွှမ် ထိတ်လန့်သွားသည်။

တစ်ဖက်လူသည် သာမန်လက်ဆောင်ပစ္စည်းတစ်ခု ပေးလိုက်သည်ဟု သူ ထင်မှတ်ခဲ့ကာ ထိုအရာ၏အစစ်အမှန်တန်ဖိုးကို သူ နားမလည်ခဲ့ချေ။

သူ အမှန်တကယ်ကို ကြီးမားသောအမြတ်အစွန်းကြီး ရရှိသွားလေပြီ။

ကျမ်းရွှမ်၏စိတ်ထဲတွင် ထိုအတွေးများဖြတ်သန်းသွားသည်။ သူသည် သံသရာအမွေအနှစ်မျှော်စင်ကို သိမ်းဆည်းလိုက်၏။ ထိုအချိန်မှာပင် သူ၏ရှေ့ရှိ ဘုန်းတော်ကြီးထံမှ ဗုဒ္ဓအမည်နာမကို ရွတ်ဆိုသံနှင့်အတူ ခပ်ဖျော့ဖျော့အသံတစ်သံ ထပ်မံ၍ ထွက်ပေါ်လာသည်အား သူ ကြားလိုက်ရသည်။

"ကောင်းကောင်းကျင့်ကြံတော့....ငါက နှင်းနတ်ဆိုးအရှင်ရဲ့အနှစ်သာရအမြူကို ရှာတွေ့တာနဲ့ ဗုဒ္ဓအရှင်ကိုအရိုအသေပြုဖို့အတွက်ငါမင်းကို ဗုဒ္ဓဂိုဏ်းဆီ ခေါ်သွားမယ်"

"ဟုတ်ကဲ့"

ကျန်းရွှမ်က တုံ့ပြန်လိုက်သည်။

နောက်ထပ်အချိန်တခဏတွင် အပြာရောင်တိမ်တိုက်အရှင်သည် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်အား ကျန်းရွှမ် မြင်တွေ့လိုက်ရ၏။

ကျန်းရွှမ်၏ခန္ဓာကိုယ်တစ်ခုလုံး ဒယိမ်းဒယိုင်ဖြစ်သွားပြီး သူသည် ချက်ချင်းဆိုသလိုပင်ကံကြမ္မာမြစ်အတွင်းမှ ပြုတ်ကျသွားသည်။ ထို့နောက် သူ၏မျက်လုံးရှေ့တွင် လေဟာနယ်နယ်မြေကြီး ထွက်ပေါ်လာကာ သူသည် အခန်းအတွင်းသို့ ပြန်လည်၍ ရောက်ရှိသွားလေပြီ။

သူ၏မျက်လုံးရှေ့ရှိ အရာရာတိုင်းသည် ယခင်နှင့် မည်သည့်ကွဲပြားခြားနားချက်မျှ မရှိချေ။ ဤသည်မှာ အစောပိုင်းကသူ၏အတွေ့အကြုံများအားလုံးသည် အိပ်မက်တစ်ခုအလားပင်။ အကယ်၍ သူ၏လက်ဝါးပေါ်တွင် မျှော်စင်တစ်ခု တိတ်တဆိတ် မျောလွင့်နေပြီး အစွမ်းထက်၍ပြိုင်ဘက်ကင်းသော အရှိန်အဝါကိုထုတ်လွှတ်ထားခြင်းသာ မရှိပါက သူသည်ဤကိစ္စအစစ်အမှန်ဟုတ်မဟုတ် သံသယဝင်မိပေမည်။

All Chapters