အရိုးဖြူ ကောင်းကင်ရှုမြင် အမွေအနှစ်
Vol. 36 Ch. 417
"နှင်းနတ်ဆိုးအရှင် ပြောခဲ့သလိုမျိုး ဒါက စွမ်းအားကြီးမလားဆိုတာ ကြည့်ကြတာပေါ့...."
မျှော်စင်ကို ငုံ့ကြည့်လိုက်ရင်း ကျန်းရွှမ်ထံ၌ သိလိုစိတ်များဖြင့် ပြည့်နှက်နေခဲ့သည်။
သံသရာအမွေအနှစ်မျှော်စင်သည် ကိုးလက်မအမြင့်ရှိပြီး ဗောဓိသစ်သားဖြင့် ထွင်းထုထားသည်။ ဤအရာသည် လေးလံခြင်းမရှိဘဲ ပေါ့ပါးသော ခံစားမှုကို ပေးစွမ်းနိုင်သည်။ သူ ဂရုတစိုက် ကြည့်လိုက်ချိန်၌ အကွက်တစ်ကွက်စီတွင် အတိတ် ပစ္စုပ္ပန်နှင့် အနာဂတ်ကို ကိုယ်စားပြုသော ကံကြမ္မာကျမ်းစာမှ သင်္ကေတအက္ခရာများကို ရေးထိုးထားသည်အား မြင်တွေ့လိုက်ရသည်။ ဤသည်မှာ အချိန်ကာလသုံးပါး၏လည်ပတ်မှုကို ဝိုးတဝါးပေးစွမ်းနေသည့်အလားပင်။
ကျန်းရွှမ်က သူ၏လက်ချောင်းကို တစ်ချက်လှုပ်ခတ်လိုက်ရာ သွေးတစ်စက်သည် မျှော်စင်၏ထိပ်ဖျားသို့ ကျရောက်သွားသည်။ ထိုအရာသည် အချိန်တခဏကြာမျှ ရပ်တန့်နေပြီးနောက် ညင်သာစွာ လျှောကျသွားပေ၏။
"ဒါကို သန့်စင်လို့မရဘူးပဲ... တစ်ယောက်ယောက်က ပိုင်ဆိုင်ထားပြီးသား ဖြစ်ပုံရတယ်..."
တစ်ဖက်လူသည် မည်သည်ကြောင့် ဤမျှထိ ရက်ရောနေသည်ကို ကျန်းရွှမ် ယခုမှ နားလည်သဘောပေါက်သွားသည်။ ဤမျှထိ အဖိုးတန်သော ရတနာပစ္စည်းကို သူ့အား လွယ်လင့်တကူ ပေးလိုက်ခြင်းမှာ တခြားသူတစ်ဦးက ပိုင်ဆိုင်ထားသော အရာဖြစ်သဖြင့် အချိန်မရွေး ပြန်လည်၍ သိမ်းယူနိုင်သောကြောင့်ပင်။
ပိုင်ရှင်ရှိပြီးသားဖြစ်သည့်အတွက် သူသည် အချိန်တိုအတွင်းသာ အသုံးပြုနိုင်မည်ဖြစ်ရာ သူ၏စိတ်လှုပ်ရှားမှုများကို များစွာလျော့ကျသွားစေသည်။
"အရင်ဆုံး အထဲကို ဝင်ကြည့်တာပေါ့..."
ဤမျှော်စင်ကို သူ တိုက်ရိုက်သန့်စင်ခြင်းသည် မူလပိုင်ရှင်ကို သတိပေးမိစေနိုင်ကြောင်း သိရှိသွားသည်။ ထိုကြောင့် ကျန်းရွှမ်သည် စိတ်ပျက်လက်ပျက်ဖြစ်သွားကာ မျှော်စင်၏ထိပ်ပိုင်းကို သူ၏လက်ဝါးဖြင့် အသာအယာ ထိတွေ့လိုက်သည်။
ဝုန်း.....
မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် အမွေအနှစ်မျှော်စင်၏ ပထမအလွှာထဲသို့ ရောက်ရှိသွားလေပြီ။
ဤနေရာသည် ကျယ်ဝန်းသော လေဟာနယ်ပင်။ ထိုလေဟာနယ်အတွင်း၌ လက်ချောင်းတစ်ချောင်းအရွယ်အစားရှိသော အလင်းလုံးတစ်ခု မျောလွင့်နေကာ မှိန်ဖျဖျရွှေရောင်အလင်းတန်းများကို ထုတ်လွှတ်ထားပေ၏။
"ဒါက နှင်းနတ်ဆိုးအရှင် ပြောတဲ့ အရိုးဖြူ ကောင်းကင်ရှုမြင် အမွေအနှစ်လား..."
ကျန်းရွှမ်က စူးစမ်းလိုစိတ်ဖြင့် ကြည့်ရှုလိုက်သည်။
သူ၏ရှေ့ရှိ အလင်းလုံးသည် ကျောက်စိမ်းကဲ့သို့ ကြည်လင်ပြီး တောက်ပနေသည်။ ထိုအရာသည် သူ၏စိတ်ဝိညာဉ်နှင့် ထိတွေ့လိုက်သည်နှင့် မှုန်ဝါးသော မီးခိုးရောင်အလင်းတန်းသုံးတန်း ထွက်ပေါ်လာပြီး ပုံရိပ်ယောင်လေဟာနယ်အတွင်းသို့ တိုးဝင်သွားသည်။
"ဒါက အကြောင်းအကျိုး ကံကြမ္မာမျဉ်းကြောင်းတွေပဲ ဖြစ်မယ်..."
နှင်းနတ်ဆိုးအရှင်၏ အဆိုအရ ပထမထပ်ရှိ အရိုးဖြူ ကောင်းကင်ရှုမြင် အမွေအနှစ်သည် ကျင့်ကြံသူများအား အတွင်းရှိ အကြောင်းအကျိုးကံကြမ္မာသုံးမျိုးကို လေ့လာခွင့်ပြုသည်။ ဤစွမ်းအားကို အသုံးချခြင်းဖြင့် လူတစ်ဦးသည် သူနှင့် အကြောင်းအကျိုး ဆက်စပ်နေသော ကောင်းကင်ကံကြမ္မာကို လျင်မြန်စွာ နားလည်သဘောပေါက်နိုင်ပြီး လျှို့ဝှက်အန္တရာယ်များကို ကြိုတင်၍ ဖယ်ရှားနိုင်ပေမည်။
တစ်နည်းဆိုရလျှင် ဤအရာသည် အကြောင်းအကျိုးကို အာရုံခံနိုင်ပြီး အန္တရာယ်ကို မည်သို့ ရှောင်တိမ်းရမည် သို့မဟုတ် လွတ်မြောက်အောင် ပြုလုပ်ရမည်ကို သိရှိစေရန် ကူညီပေးသည်။
ဗုဒ္ဓအဆိုအမိန့်များအရ လူတစ်ဦးတွင် အကြောင်းအကျိုးဆက်စပ်မှု နည်းပါးလေလေသူ၏ကျင့်ကြံမှု ပို၍သန့်စင်လေလေဖြစ်ပြီး တိုးတက်မှုလည်း ပို၍လျှင်မြန်လာပေမည်။
သူ၏စိတ်ဝိညာဉ်သည် ဝိုးတဝါး မီးခိုးရောင်အလင်းတန်းများအတိုင်း ပျံ့နှံ့သွားပြီး နောက်ထပ်အချိန်တခဏတွင် ပုံရိပ်တချို့က သူ၏မျက်လုံးရှေ့တွင် ထွက်ပေါ်လာသည်။
ဤှသည်မှာ ဝမ်ရှန်မြို့၏ ကူးပြောင်းရေးဝင်္ကပါများတွင် သူ တွေ့ဆုံခဲ့သော ယောင်ချွမ်းဝမ်တို့ မြေးအဘိုးပင်။
သူသည် ထိုလူနှစ်ယောက်နှင့် အပြန်အလှန်ဆက်ဆံမှုတချို့ ရှိနေခဲ့ပြီး ထိုကိစ္စများကို ဖြေရှင်းပြီးဖြစ်သော်လည်း အကြောင်းအကျိုးဆက်စပ်မှုတချို့ ကျန်ရှိနေဆဲပင်။
"ဒီလို အကြောင်းနှင့်အကျိုးဆက်စပ်မှုမျိုးက ငါ့အတွက် အသုံးမဝင်ဘူး... ဒုက္ခပဲ ပေးလိမ့်မယ်..."
ကံကြမ္မာကောင်းနှင့် ကံကြမ္မာဆိုးသည် အစဥ်အမြဲ ဒွန်တွဲနေပေ၏။
အပြာရောင်တိမ်တိုက်အရှင်က သူ့ကို ကံကြမ္မာမြစ်ထဲသို့ ဖမ်းခေါ်သွားပြီး ရုပ်သေးရုပ်အဖြစ် ပြောင်းလဲရန် ကြံရွယ်ခဲ့သည်။ သို့ရာတွင် သူ အသက်ရှင်ရက် လွတ်မြောက်ခဲ့ရုံသာမက တစ်ဖက်လူ၏ယုံကြည်မှုနှင့် ဤှရတနာပစ္စည်းကိုလည်း ရရှိခဲ့သည်။
လောကကြီးတွင် မည်သည့်အရာမျှ ထာဝရခိုင်မြဲခြင်းမရှိကြောင်း ကျန်းရွှမ် အခိုင်အမာ ယုံကြည်ထားသည်။
သို့ရာတွင် တချို့ကိစ္စရပ်များတွင် ကံကြမ္မာဆက်စပ်မှု အလွန်အကျွံ ပါဝင်ပတ်သက်ခြင်းသည် အကျိုးကျေးဇူးအဖြစ် ပြောင်းလဲရန် အခွင့်အလမ်းမရှိဘဲ ဒုက္ခကိုသာ ယူဆောင်လာတတ်သည်။
ဤသည်မှာ သူနှင့်ယောင်ချွမ်းဝမ်ကြားက အကြောင်းအကျိုးဆက်စပ်မှု အလားပင်။ သူတို့သည် သူ့ကို ရှာဖွေသည်ဖြစ်စေ တစ်စုံတစ်ခု ဖြစ်ပျက်သည်ဖြစ်စေ သူ့ကို ဒုက္ခသာ ပေးပေလိမ့်မည်။
"ပြတ်တောက်စမ်း"
ဤအချက်ကို နားလည်သဖြင့် သူ၏စိတ်ဆန္ဒဖြင့် လေထုထဲရှိ အရိုးဖြူ ကောင်းကင်ရှုမြင်အမွေအနှစ်ကို ထိန်းချုပ်ပြီး ထိုကံကြမ္မာမျဉ်းကြောင်းကို ဖြတ်တောက်လိုက်၏။
ဝှစ်...
ထိုကံကြမ္မာမျဉ်းကြောင်း ပြတ်တောက်သွားပြီး နောက်ထပ်အချိန်တခဏတွင် ကျန်းရွှမ်သည် ရေနွေးပူပူဖြင့် ရေချိုးလိုက်ရသည့်အလား ဖော်ပြ၍မရနိုင်လောက်အောင် စိတ်သက်သာရာရသွားကာ သူ၏အတွေးများလည်း ပို၍မြန်ဆန်လာသည်။
ကျန်းရွှမ်သည် အံ့အားသင့်သွားပြီး မယုံကြည်နိုင် ဖြစ်သွားပေ၏။
"ဒါက အကြောင်းအကျိုးဆက်စပ်မှုကို ဖြတ်တောက်တယ်ဆိုတဲ့ အဓိပ္ပာယ်လား..."
ဤကိစ္စမှတဆင့် နောင်အနာဂတ်၌ သူနှင့် ယောင်ချွမ်းဝမ်တို့ မြေးအဘိုးကြားတွင် မည်သည့် ဆက်စပ်မှုမျှ ရှိတော့မည်မဟုတ်ကြောင်း သူ ရှင်းလင်းစွာ ခံစားလိုက်ရသည်။ ဤခံစားမှုသည် သူ၏ခန္ဓာကိုယ်မှ သန်းများနှင့်ပိုးမွှားများကို ဖယ်ရှားလိုက်သကဲ့သို့ဖြစ်ပြီး သူ၏စိတ်ဝိညာဉ်စွမ်းအားကို ပို၍သန့်စင်သွားစေသည်။
ဗုဒ္ဓဂိုဏ်းမှ ဘုန်းတော်ကြီးများသည် အကြောင်းအကျိုးဆက်စပ်မှုကို အမြဲတစေဖြတ်တောက်ပြီး အတိတ်မှ လုံးဝခွဲထွက်ကာ အရာအားလုံးကို စွန့်လွှတ်ထားကြသည်မှာ အံ့အားသင့်စရာ မရှိတော့ချေ။ ဤသည်မှာ အမှန်တကယ်ကိုပင် လူတစ်ယောက်အား စိတ်သက်တောင့်သက်သာ နေထိုင်ရန် ပို၍လွယ်ကူစေသည်။
ကျန်းရွှမ်သည် တွေးတောနေရင်းဖြင့် ဒုတိယမြောက် မျဉ်းကြောင်းကို ထပ်မံ၍ကြည့်ရှုလိုက်ရာ သူ၏စိတ်ထဲတွင် စိမ်းသက်သက်မျက်နှာတစ်ခု ထွက်ပေါ်လာသည်။
"ဒါက... ခြံဝန်းထဲက အစောင့်တစ်ယောက်မလား..."
ကျန်းရွှမ်က ထိုလူကို မှတ်မိသွားသည်။
သူသည် ဤမျက်နှာကို အမှန်တကယ် မြင်တွေ့ဖူးပေ၏။ ဤလူသည် ခြံဝန်းထဲမှ သာမန်အစောင့်တစ်ယောက်သာဖြစ်သည်။ သူတို့ တစ်ကြိမ်တစ်ခါမျှ စကားမပြောဖူးကြောင်း သူ အတပ်ပြောနိုင်သည်။ သို့ရာတွင် လေထုထဲရှိ သေးငယ်သော ကံကြမ္မာမျဉ်းကြောင်းသည် ယောင်ချွမ်းဝမ်၏ မျဉ်းကြောင်းထက် ပို၍ထူထပ်နေသည်။
ဆိုလိုသည်မှာ သူတို့အကြားရှိ အကြောင်းအကျိုးကံကြမ္မာသည် ယောင်ချွမ်းဝမ်နှင့် ရှိသည်ထက် ပို၍နက်ရှိုင်းနေသည်။
ဤသည်မှာ ထိုလူသည် ဤနေရာ၌ အစောင့်အဖြစ် တာဝန်ထမ်းဆောင်နေ၍ ဖြစ်သလော....
ဤကဲ့သို့ကိစ္စမျိုး မဖြစ်သင့်ချေ။
သူတို့နှစ်ယောက်သည် တစ်ကြိမ်တစ်ခါမျှ စကားမပြောဖူးသဖြင့် မည်သည်ကြောင့် အကြောင်းအကျိုးဆက်စပ်မှု ရှိနိုင်မည်နည်း။ အကယ်၍ ထိုကဲ့သို့ကိစ္စမျိုး ရှိခဲ့လျှင်ပင် သူနှင့် စွန်းချန်အကြားတွင် ပတ်သက်ဆက်နွယ်မှု ပို၍ရှိနေသင့်သည်။
"ပြတ်တောက်စမ်း..."
ကျန်းရွှမ်သည် သူ၏စိတ်ထဲတွင် ထူးဆန်းနေသော်လည်း တွေဝေမနေတော့ချေ။ သူ၏အတွေးတစ်ချက်ဖြင့် လေထုထဲရှိ အရိုးဖြူ ကောင်းကင်ရှုမြင်အမွေအနှစ်သည်လည်း ခုတ်ပိုင်းလိုက်ရာ သေးငယ်သော ကံကြမ္မာမျဉ်းကြောင်းသည် "ဝှစ်"ခနဲ အသံနှင့်အတူ ပြတ်တောက်သွားသည်။
ကျန်းရွှမ်သည် အနည်းငယ် စိတ်သက်သာရာရသွားသော်လည်း သူ ပြန်ကြည့်လိုက်ချိန်၌ ကံကြမ္မာမျဉ်းကြောင်းသည် အပြည့်အဝ ပြတ်တောက်မသွားသည်ကို သူ မြင်တွေ့လိုက်ရသည်။
ထိုအစား မပြတ်တောက်ဘဲ တန်းလန်းကျန်နေသော ကြိုးမျှင်များကဲ့သို့ ခံစားချက်မျိုးကို သူ့အား ပေးစွမ်းနေသည်။
ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် သူ၏စိတ်ဆန္ဒမှတစ်ဆင့် သံသယများကို နှင်းနတ်ဆိုးအရှင်ထံ ပေးပို့လိုက်ရာ မကြာမီမှာပင် အဖြေကိုပြန်လည်ရရှိလိုက်သည်။
"အရေးမပါတဲ့ အကြောင်းအကျိုးဆက်စပ်မှုတချို့ကို အလွယ်တကူ ဖြတ်တောက်နိုင်ပေမဲ့ အားကောင်းတဲ့ အကြောင်းအကျိုးကံကြမ္မာကိုတော့ ရှောင်လွှဲဖို့ပဲ တတ်နိုင်တယ်... လုံးဝဖြတ်တောက်ဖို့ ခက်ခဲတယ်... ဒါက လူတစ်ယောက်ရဲ့ မိဘတွေနဲ့ မူရင်းဇစ်မြစ်လို အရာမျိုးတွေပဲ..... သူက ဆက်ပြီးမပတ်သက်ချင်ရင်တောင် ဖြတ်တောက်ဖို့ဆိုတာ မဖြစ်နိုင်သလောက်နီးပါးပဲ.... ဘာလို့လဲဆိုတော့ သူ့ရဲ့ မွေးဖွားမှုနဲ့ သွေးမျိုးဆက်ကို ပြောင်းလဲလို့ မရနိုင်လို့ပဲ..."
"အော်..."
ကျန်းရွှမ် ရုတ်တရက် နားလည်သဘောပေါက်သွားသည်။
တချို့လူများသည် မိဘများ၏ လုပ်ရပ်ကို မကျေနပ်၍ ဆက်ဆံရေးဖြတ်တောက်ကြသည်။ ဤသည်မှာ အကြောင်းအကျိုးဆက်စပ်မှုကို ဖြတ်တောက်လိုက်သကဲ့သို့ ထင်ရသော်လည်း လက်တွေ့တွင်မူ ဆက်သွယ်မှုကို လျှော့ချလိုက်ခြင်းသာဖြစ်ပြီး ကံကြမ္မာမျဥ်းကြောင်းမှာမူ ပြတ်တောက်မသွားချေ။
အကြောင်းအရင်းမှာ လူတစ်ဦးသည် သူ၏ မူလဇစ်မြစ် သွေးမျိုးဆက်နှင့် ဘဝကို ငြင်းပယ်၍ မရသောကြောင့်ပင်။
"ဒီကောင်က တော်တော် ထူးဆန်းပုံရတယ်..."
ဤအချက်ကို နားလည်သဘောပေါက်လိုက်သဖြင့် ကျန်းရွှမ်ထံတွင် စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်လာသည်။
တစ်ဖက်လူသည် ခြံဝန်းထဲမှ သာမန်အစောင့်တစ်ယောက်သာဖြစ်သဖြင့် သဘောတရားအရဆိုလျှင် သူတို့ကြားတွင် အကြောင်းအကျိုး ဆက်ဆက်မှု နည်းပါးသင့်သည်။ ထိုကြောင့် ကံကြမ္မာမျဥ်းကြောင်းကို သူ ဖြတ်တောက်လိုက်သည်နှင့် ဆက်နွယ်မှု မရှိသင့်တော့ချေ။ သို့ရာတွင် ယခုအချိန်၌ ထိုဆက်နွယ်မှုကို ဖြတ်တောက်၍ မရနိုင်သဖြင့် ပုံမှန်မဟုတ်သောအခြေအနေတစ်ခု ရှိနေသည်မှာ သိသာထင်ရှားပေ၏။
သို့ရာတွင် ဤကဲ့သို့ ဖြတ်တောက်၍မရခြင်းသည် ပြဿနာမရှိချေ။ အကြောင်းအကျိုးဆက်စပ်မှု ရှိနေကြောင်း ကြိုတင်သိရှိထားခြင်းကြောင့် သူ ကြိုတင်၍ပြင်ဆင်နိုင်ပြီး ပို၍ကောင်းမွန်စွာ ကာကွယ်နိုင်ပေမည်။
သူသည် တတိယမြောက် အကြောင်းအကျိုး ကံကြမ္မာမျဉ်းကြောင်းထံသို့ ဆက်လက်၍ ကြည့်ရှုလိုက်ရာ ရင်းနှီးပြီးသား လူတစ်ယောက် ဖြစ်နေသည်။ ဤသည်မှာ သူတို့၏ ဆေးဝါးစမ်းသပ်မှုများအတွက် တာဝန်ယူခဲ့သော ပိုင်ကျိုးဝမ်ပင်။
ပိုင်ကျိုးဝမ်သည် သူတို့အား ဆေးဝါးစမ်းသပ်ခွင့်ပြုခဲ့ခြင်းကြောင့် အကြီးအကဲကျန်းလီနှင့် သူ တွေ့ဆုံခဲ့ရပြီး လုံလောက်သော အကျိုးပြုရမှတ်များ ရရှိခဲ့သည်။ သူတို့အကြားရှိ အကြောင်းအကျိုး ဆက်စပ်မှုသည် ပိုမိုနက်ရှိုင်းပြီး ကြိုးမျှင်၏အရောင်မှာလည်း ပို၍ရင့်သည်။
သူသည် ထိုဆက်စပ်မှု အနည်းငယ် လျော့ပါးသွားလျှင်ပင် ပို၍စိတ်ပေါ့ပါးသွားနိုင်မည်ဟု မျှော်လင့်ကာ အရိုးဖြူ ကောင်းကင်ရှုမြင်အမွေအနှစ်ကို အသက်သွင်းလိုက်၏။ သို့ရာတွင် တစ်ချက်ထိတွေ့မိရုံဖြင့် ထိုအရာသည် ချက်ချင်းပြတ်တောက်သွားလိမ့်မည်ဟု သူ မျှော်လင့်မထားမိချေ။
ကျန်းရွှမ် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။
သဘောတရားအရအရဆိုလျှင် ပိုင်ကျိုးဝမ်နှင့် သူ၏ ပတ်သက်ဆက်နွယ်မှုသည် သာမန်အစောင့်ထက် ပို၍များပြားသည်။ သို့ရာတွင် သူသည် သာမာန်အစောင့်နှင့် ကံကြမ္မာမျဥ်းကြောင်းကို ဖြတ်တောက်၍ မရဘဲ ပိုင်ကျိုးဝမ်ကိုမူ လွယ်လင့်တကူ ဖြတ်တောက်နိုင်ခဲ့သည်။
ဤသည်မှာ အလွန်ထူးဆန်းနေပေ၏။
ဆိုလိုသည်မှာ အကြောင်းအကျိုးကံကြမ္မာသည် သူ တွေးထင်ထားသည်ထက် ပို၍ရှုပ်ထွေးပုံပင်။ လူနှစ်ယောက်ကြားတွင် အဆက်အသွယ် နည်းပါးရုံဖြင့် အားနည်းသွားခြင်း မရှိသည့်အပြင် အဆက်အသွယ်များတိုင်းလည်း ကံကြမ္မာကိုဖြတ်တောက်ရန် ပို၍ခက်ခဲခြင်း မဟုတ်ပေ။
ဤသည်မှာ ဆက်ဆံမှုနည်းပါးသော လုပ်ဖော်ကိုင်ဖက်များရှိသည့် လူတစ်ယောက်အလားပင်။ သူတို့သည် အခြေခံအားဖြင့် အပြန်အလှန်ဆက်ဆံမှု မရှိသည့်အပြင် လက်ဆွဲနှုတ်ဆက်ခြင်းပင် မပြုလုပ်ဖူးသော်လည်း သူ၏ဆုံးဖြတ်ချက်များမှ တစ်စိတ်တစ်ပိုင်းကို သက်ရောက်မှု ရှိစေနိုင်သည်။ ထိုအချိန်တွင် လူတစ်ယောက်သည် လက်ဖက်ရည်ရောင်းသည့် မိန်းကလေးတချို့နှင့် စကားလက်ဆုံကျပြီး အသားချင်းထိတွေ့မှု ရှိခဲ့လျှင်ပင် အလွယ်တကူ လမ်းခွဲနိုင်ပြီး အနာဂတ်တွင် ထပ်မံ၍အဆက်အသွယ် မလုပ်ဖြစ်တော့သည့် အခြေအနေမျိုးလည်း ရှိနေနိုင်သည်။
အဆက်အသွယ် ပိုများခြင်းက အကြောင်းအကျိုးဆက်စပ်မှုကို ပို၍နက်ရှိုင်းစေမည် မဟုတ်သည့်အပြင် အဆက်အသွယ် မရှိခြင်းကလည်း အကြောင်းနှင့်အကျိုးဆက်စပ်မှုမရှိဟု မဆိုလိုချေ။
ကျန်းရွှမ်သည် နေရာတွင် မတ်တတ်ရပ်ပြီး အချိန်တခဏကြာမျှ ဆင်ခြင်သုံးသပ်လိုက်သည်။ ထိုနောက် သူသည် တစ်နေ့လျှင် ကံကြမ္မာမျဉ်းသုံးကြောင်းသာ စစ်ဆေးနိုင်ပြီး ထိုအရာများသည် ပုံသေမဟုတ်ဘဲ ကျပန်းဖြစ်ကြောင်း သိလိုက်သဖြင့် သူ ဤနေရာတွင် ဆက်နေလျှင်ပင် အဓိပ္ပာယ်ရှိတော့မည် မဟုတ်ချေ။ သူသည် တစ်ချက်လှုပ်ရှားလိုက်ပြီး သံသရာအမွေအနှစ်မျှော်စင်၏ ဒုတိယအလွှာသို့ ဝင်ရောက်သွားတော့သည်။