ထာဝရရွှေခန္ဓာကိုယ်
Vol. 36 Ch. 418
ဒုတိယအလွှာတွင် ကံကြမ္မာမီးတောက် ကြာပွင့်နီအမွေအနှစ် ရှိနေသည်။ ထိုအရာသည် တစ်စုံတစ်ယောက်၏ အပြစ်များကို ပြင်းထန်စွာ လောင်ကျွမ်းစေပြီး ကြာပွင့်နီအသွင်သို့ပြောင်းလဲပေးနိုင်စွမ်း ရှိသည်။
'အပြစ်' ဆိုရာတွင် သတ်ဖြတ်လိုစိတ်နှင့် အပျက်သဘောဆောင်သော စိတ်ခံစားချက်များ ပါဝင်ပေ၏။ ထိုအရာများကို လောင်ကျွမ်းသန့်စင်လိုက်ခြင်းဖြင့် တစ်စုံတစ်ယောက်၏စိတ်ဝိညာဉ်ကို ပို၍ကြည်လင်သန့်ရှင်းစေသည်။ ဤသည်မှာ အားစိုက်ထုတ်မှုတစ်ဝက်ဖြင့် ရလဒ်နှစ်ဆ ရရှိစေသော နည်းလမ်းကောင်းတစ်ခုပင်။
သို့ရာတွင် ကြောက်ရွံ့ခြင်း ထိတ်လန့်ခြင်းနှင့် စိုးရိမ်ပူပန်ခြင်းစသည့် နက်ရှိုင်းသော အပျက်သဘောဆောင်သည့် ခံစားချက်တချို့ကိုမူ လုံးလုံးလျားလျား ဖယ်ရှား၍ မရနိုင်သေးချေ။ တတိယအလွှာသို့ ရောက်သောအခါမှသာ ထိုခံစားချက်များကို ကံကြမ္မာရောင်စုံသလင်းကျောက် အမွေအနှစ်မှ ယာယီ ဖိနှိပ်ပေးထားနိုင်ပြီး တစ်စုံတစ်ယောက်ကို စိုးရိမ်ကြောင့်ကြမှုကင်းစွာဖြင့် အာရုံစိုက်၍ ကျင့်ကြံစေနိုင်ပေမည်။
သူသည် တတိယအလွှာတွင် ပလ္လင်ခွေထိုင်ရင်း အချိန်မည်မျှထိကြာအောင် ကျင့်ကြံခဲ့မိကြောင်း မသိတော့ချေ။ ကျန်းရွှမ်သည် ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်ချိန်၌ သူ၏စိတ်ဝိညာဥ် ယခင်ကထက် ပို၍သန့်စင်လာသည်ကို ခံစားလိုက်ရသည်။
ပထမအလွှာသုံးခု၏ စွမ်းရည်များနှင့် အကျိုးသက်ရောက်မှုများကို လက်တွေ့ခံစားပြီးနောက် သူထံ၌ အားလပ်ချိန်တချို့ ရှိနေသဖြင့် စတုတ္ထအလွှာကို ဆက်လက်၍ စူးစမ်းလေ့လာရန် ဆုံးဖြတ်လိုက်၏။
အချိန်တခဏအကြာတွင် ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။
သူ့ရှေ့ရှိ သံသရာအမွေအနှစ်မျှော်စင်သည် အလွှာသုံးလွှာသာ ရှိပုံရသည်။ သူ၏စွမ်းရည်များနှင့်နည်းလမ်းများကို အသုံးပြုသည့်တိုင် ပို၍မြင့်မားသော အဆင့်များသို့ ဝင်ရောက်ရန်မှာ မဖြစ်နိုင်တော့ချေ။ ဤသည်မှာ စတုတ္ထအလွှာ ပဉ္စမအလွှာနှင့် ထိုအထက်ရှိအလွှာများ လုံးလုံးလျားလျား မရှိသည့်အလားပင်။
"ဒါက သန့်စင်ခြင်း မပြုရသေးလို့ ဖြစ်နိုင်တယ်....သံသရာအမွေအနှစ်မျှော်စင်က ဗုဒ္ဓဂိုဏ်းရဲ့ ကောင်းကင်ရတနာ ဖြစ်ပြီးတော့ ကျန်ရှိတဲ့ ခြောက်လွှာမှာ ပိုပြီးနက်ရှိုင်းတဲ့ လျှို့ဝှက်ချက်တွေ ပါဝင်နေလို့ မသန့်စင်ဘဲနဲ့ ဝင်ရောက်လို့ မရနိုင်တာပဲ.."
နှင်းနတ်ဆိုးအရှင်က သူ၏ထင်မြင်ယူဆချက်ကို ထုတ်ဖော်ပြောဆိုလိုက်သည်။
တချို့သော ကောင်းကင်ရတနာများသည် သန့်စင်ခြင်းမလုပ်ဘဲနှင့် အသုံးပြု၍ မရနိုင်ပေ။ ကျန်းရွှမ် ပထမအလွှာသုံးခုသို့ ဝင်ရောက်နိုင်ခြင်းမှာ သံသရာအမွေအနှစ်မျှော်စင်ပိုင်ရှင်က ဤအလွှာသုံးခုကိုသာ ဖွင့်ပေးထားသောကြောင့် ဖြစ်နိုင်သည်။
"ဒါဆိုရင် ငါက သန့်စင်ကြည့်ဖို့ ကြိုးစားရမလား..."
ကျန်းရွှမ်က သူ၏ဘယ်လက်ဖြင့် မေးစေ့ကို ကိုင်ကာ စဉ်းစားလိုက်သည်။
ပထမအလွှာသုံးလွှာမှ သူသည် အကျိုးအမြတ်များ သိသိသာသာ ရရှိထားပြီးလေပြီ။ သူသည် နောက်ထပ် အလွှာခြောက်လွှာကိုသာ ဖွင့်နိုင်ခဲ့လျှင် ကြယ်စင်မြစ်နယ်ပယ် နဝမအဆင့် သို့မဟုတ် အသက်ပင်လယ်နယ်ပယ်အထိပင်လျှင် လျှင်မြန်စွာ တက်လှမ်းနိုင်ပြီး ချက်ချင်းဆိုသလို အထွတ်အထိပ် ကျင့်ကြံသူတစ်ဦး ဖြစ်လာနိုင်ပေ၏။
"ဒါပေမဲ့ ငါ သန့်စင်လိုက်တာနဲ့ မူလပိုင်ရှင်က သေချာပေါက် သိသွားလိမ့်မယ်... လောလောဆယ်တော့ စွန့်စားရတာ မတန်ပါဘူး..."
အချိန်တခဏကြာမျှ ချိန်ဆပြီးနောက် ကျန်းရွှမ်က ထိုအကြံအစည်ကို လက်လျှော့လိုက်သည်။
ရတနာပစ္စည်းတစ်ခုသည် သခင်ကို အသိအမှတ်ပြုလိုက်သည်နှင့် ထူးခြားသော ဆက်သွယ်မှုတစ်ခုကို တည်ဆောက်လိုက်သည်။ ထိုအရာကို သန့်စင်ရန် ကြိုးစားခြင်းက တစ်ဖက်လူကို သေချာပေါက် သတိပေးရာ ရောက်သွားပေလိမ့်မည်။
သူ၏လက်ရှိကျင့်ကြံဆင့်အရ တိတ်တဆိတ် တိုးတက်အောင် လုပ်ခြင်းသည် ပို၍ကောင်းမွန်ပြီး အပြာရောင်တိမ်တိုက်အရှင်၏ သံသယကို မလိုအပ်ဘဲ ဆွပေးရန် မလိုချေ။
"နောက်ထပ်အလွှာတွေမှာ ဘယ်လိုအမွေအနှစ်တွေနဲ့ အကျိုးသက်ရောက်မှုတွေ ပါဝင်တယ်ဆိုတာ မင်း လုံးဝမသိဘူးလား..."
အမွေအနှစ်မျှော်စင်ထဲမှ ထွက်လာရင်း ကျန်းရွှမ်က ထပ်မံ၍ မေးမြန်းလိုက်သည်။
နှင်းနတ်ဆိုးအရှင်က အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် တုံ့ပြန်အဖြေပေးသည်။
"ကျွန်တော် နည်းနည်းတော့ ကြားဖူးတယ်...ဒါပေမဲ့ မသေချာဘူး..."
"အို..."
ကျန်းရွှမ်က စူးစမ်းချင်စိတ်ဖြင့် လှမ်းကြည့်လိုက်၏။
နှင်းနတ်ဆိုးအရှင်က ဆက်လက်၍ ပြောဆိုသည်။
"သခင် 'ထာဝရရွှေခန္ဓာကိုယ်' အကြောင်း ကြားဖူးလား..."
ကျန်းရွှမ်၏မျက်လုံးများတွင် မေးခွန်းထုတ်လိုသော အရိပ်အယောင်များ ထင်ဟပ်နေပြီး သူ့ကိုကြည့်ရသည်မှာ ဇဝေဇဝါဖြစ်နေပုံပင်။
နှင်းနတ်ဆိုးအရှင်က ရှင်းပြသည်။
" 'အန္တိမ ကောင်းကင်သူတော်စင်' လို့လည်း လူသိများတဲ့ ထာဝရရွှေခန္ဓာကိုယ်က ကျင့်ကြံသူတစ်ယောက် ရချင်တဲ့ အလိုချင်ဆုံးနဲ့ အကြီးကျယ်ဆုံး ပြီးပြည့်စုံခြင်းအခြေအနေကို ကိုယ်စားပြုတယ်.... အဲဒီအဆင့်ကို ရောက်သွားတာနဲ့ ရုပ်ခန္ဓာကိုယ်က ကောင်းကင်ကံကြမ္မာတွေနဲ့ ပေါင်းစပ်သွားပြီးတော့ ဖျက်ဆီးလို့မရနိုင်တဲ့ အခြေအနေ ဖြစ်သွားလိမ့်မယ်.... သက်တမ်းကုန်ဆုံးမှာကို စိုးရိမ်စရာ မလိုသလို ကိုယ့်ရဲ့ ကောင်းကင်ကံကြမ္မာကို တစ်ယောက်ယောက်က လုယူသွားမှာတွေ သာလွန်သွားမှာတွေကိုလည်း စိုးရိမ်ပူပန်ဖို့ မလိုတော့ဘူး..."
"ဒါက..."
ကျန်းရွှမ်သည် အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် မမေးမြန်းဘဲ မနေနိုင်တော့ချေ။
"ဒီထာဝရရွှေခန္ဓာကိုယ်က အသက်ပင်လယ်နယ်ပယ် ကျင့်ကြံဆင့်ထက် ကျော်လွန်နေတာလား...အဲဒါက... အပြာရောင်တိမ်တိုက်အရှင် ပြောတဲ့ 'ဗောဓိသတ္တ' အဆင့်အတန်း ဆိုတာလား..."
နှင်းနတ်ဆိုးအရှင်က ခေါင်းခါလိုက်သည်။
"သေချာပေါက် မဟုတ်ဘူး...နယ်ပယ်က နယ်ပယ် ရွှေခန္ဓာကိုယ်က ရွှေခန္ဓာကိုယ်ပဲ... အသက်ပင်လယ်နယ်ပယ်ကို ကျော်လွန်သွားတဲ့သူတွေ အများကြီး ရှိတယ်...တခြားသူတွေကို ထားလိုက်အုံး.....ဗုဒ္ဓဂိုဏ်းရဲ့ ဗောဓိသတ္တ ရှစ်ပါးနဲ့ နတ်ဆိုးဂိုဏ်းရဲ့ နတ်ဆိုးဧကရာဇ်တွေအားလုံးက ဒီအဆင့်ကို ရောက်ပြီးကြပြီ.... ဒါပေမဲ့... ဘယ်သူမှ ထာဝရရွှေခန္ဓာကိုယ်ကို မပိုင်ဆိုင်ကြဘူး..."
ကျန်းရွှမ် ထိတ်လန့်တုန်လှုပ်သွားသည်။
"အဲ့ဒီလောက်တောင် ရှားပါးတာလား..."
ဗောဓိသတ္တများဖြစ်စေ နတ်ဆိုးဧကရာဇ်များဖြစ်စေ သူတို့သည် ရင်းမြစ်ကမ္ဘာ၏ အထွတ်အထိပ် တည်ရှိမှုကြီးများပင်။ ထိုသို့ဆိုသည့်တိုင် သူတို့အနက်မှ မည်သူမျှ ထာဝရရွှေခန္ဓာကိုယ်ကို မပိုင်ဆိုင်ကြဟုဆိုသဖြင့် ဤသည်မှာ ရိုးရှင်းသော ကိစ္စတစ်ရပ် မဟုတ်ကြောင်း သိသာထင်ရှားပေ၏။။
"ထာဝရရွှေခန္ဓာကိုယ်ကို ရလိုက်တာနဲ့ အဲ့ဒီလူရဲ့ခန္ဓာကိုယ် နံဘေးပတ်လည်မှာ စကြဝဠာတစ်ခု ဖွဲ့စည်းသွားလိမ့်မယ်....သူ ဆန္ဒမရှိသရွေ့ကောင်းကင်ကံကြမ္မာရဲ့ အနှစ်သာရကို တစ်စက်လေးတောင် ယိုစိမ့်မသွားစေဘဲနဲ့ တကယ့်ကို သန့်စင်ပြီး အညစ်အကြေးကင်းစင်သွားတယ်.... အဲ့ဒါက မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေ လိုချင်တပ်မက်နေတဲ့ နယ်ပယ်တစ်ခုပဲ... ကျွန်တော်ကိုယ်တိုင်လည်း တစ်ချိန်က အဲ့ဒါကို အိမ်မက်မက်ခဲ့ဖူးတယ်...အောင်မြင်ဖို့အတွက် ယင်နဲ့ယန် မျှတအောင် လုပ်ပြီး ကိုယ့်ကိုယ်ကိုယ် ယောက်ျားလိုလို မိန်းမလိုလို တမင် ဖန်တီးယူခဲ့တာ...ရလဒ်ကတော့ သခင် မြင်တဲ့အတိုင်းပဲ... တကယ်လို့ ကျွန်တော်သာ အောင်မြင်ခဲ့ရင် အပြာရောင်တိမ်တိုက်အရှင်က ကျွန်တော့်ကို ဘယ်လိုလုပ်ပြီးခြုံခိုတိုက်ခိုက်နိုင်မှာလဲ..."
နှင်းနတ်ဆိုးအရှင်၏အသံတွင် မျှော်လင့်ချက် ကင်းမဲ့ခြင်းများ ရောယှက်နေသည်။
ကျန်းရွှမ်သည် ဆွံ့အသွားပေ၏။ တစ်ဖက်လူ၏ အသံသည် ယောက်ျားသံလည်း မဟုတ် မိန်းမသံလည်း မဟုတ်ဘဲ ယင်နှင့်ယန်နှစ်မျိုးကြား၌ ပြောင်းလဲနေသည်။ အစပထမတွင် ဤနတ်ဆိုး၏ အထူးနှစ်သက်မှုတစ်ခုဟု သူ တွေးထင်ခဲ့သော်လည်း အမှန်အားဖြင့် ထာဝရရွှေခန္ဓာကိုယ်ဟု ခေါ်သောအရာကို ကျင့်ကြံရန် ဖြစ်နေသည်။
"အဲ့ဒါက သံသရာအမွေအနှစ်မျှော်စင်နဲ့ ဘာဆိုင်လို့လဲ..."
ကျန်းရွှမ်က မေးမြန်းလိုက်သည်။
"ကိုးထပ်မျှော်စင်မှာ ဗုဒ္ဓအရိုးကိုးခု ပါဝင်ပြီး တစ်ခုစီက ရွှေခန္ဓာကိုယ်ကျင့်ကြံတဲ့နေရာမှာ အခက်ခဲဆုံး အစိတ်အပိုင်းနဲ့ သက်ဆိုင်တယ်....ဒဏ္ဍာရီတွေအရတော့ ထာဝရရွှေခန္ဓာကိုယ်ကို ရည်မှန်းတဲ့ နှောင်းပိုင်းမျိုးဆက်တွေကို ကူညီဖို့အတွက် ဗုဒ္ဓကိုယ်တိုင် ဖန်တီးခဲ့တာလို့ ဆိုကြတယ်....သေချာတာကတော့ ဒါက ဒဏ္ဍာရီတစ်ခုပါပဲ...မှန်လား မမှန်လားတော့ ကျွန်တော် မသေချာဘူး..."
နှင်းနတ်ဆိုးအရှင်က ခေါင်းခါယမ်းလိုက်သည်။
"အင်း..."
ကျန်းရွှမ်က ဆက်လက်၍ မေးမြန်းခြင်း မပြုတော့ချေ။
ထာဝရရွှေခန္ဓာကိုယ်ဖြစ်စေ တခြားအရာတစ်ခု ဖြစ်စေ သူ့အတွက် အလွန်အလှမ်းကွာဟနေဆဲပင်။ ယခုချိန်တွင် သူ့အတွက် အရေးကြီးဆုံးအရာမှာ သူ့ကိုယ်သူ ကာကွယ်နိုင်မည့် စွမ်းအားရရှိရန်အတွက် အသက်ပင်လယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ရန်ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ကံကြမ္မာ ပြောင်းလဲခံရသည်ဖြစ်စေ မခံရသည်ဖြစ်စေ ရေတိုကာလတွင် သူသည် အပြာရောင်တိမ်တိုက်အရှင်ကို လှည့်စားကောင်း လှည့်စားနိုင်ပေလိမ့်မည်။ သို့ရာတွင် အချိန်ကြာလာသည်နှင့်အမျှ တစ်ဖက်လူသည် ကွဲလွဲချက်များကို သေချာပေါက် သတိထားမိလာမည် ဖြစ်ပြီး ထိုအချိန်ကျပါက သူ လွတ်မြောက်နိုင်ရန် နည်းလမ်း ရှာဖွေရပေလိမ့်မည်။
သူသည် တွေးတောနေရင်းဖြင့် ကျင့်ကြံရန် ပို၍လျှင်မြန်သော နည်းလမ်းများ ရှိမရှိ နှင်းနတ်ဆိုးအရှင်ကို မေးမြန်းရန် ဟန်ပြင်လိုက်စဉ်မှာပင် တံခါးခေါက်သံကို ကြားလိုက်ရပြီး စွန်းချန်၏အသံ ထွက်ပေါ်လာသည်။
"သခင်လေး... အပြင်မှာ သခင်လေးကို ရှာနေတဲ့သူ ရောက်နေတယ်.. ဆေးပညာဂိုဏ်းက လာတာလို့ ပြောပါတယ်..."
ကျန်းရွှမ်၏ မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးမှု အရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။ အကြီးအကဲကျန်းလီသည် သူနှင့်ခုန်းရှီကို ဆေးစမ်းသပ်မှုခံရန် နောက်ထပ်သုံးရက်အကြာမှ ပြန်လာရမည်ဟု ပြောဆိုခဲ့သည် မဟုတ်လော။ ယခုချိန်၌ နာရီအနည်းငယ်သာ ကြာမြင့်သေးသော်လည်း ကျန်းလီသည် မည်သည်ကြောင့် လူလွှတ်လိုက်ရသနည်း။
ဧည့်ခန်းမဆောင်ထဲတွင် အမှန်တကယ်ကိုပင် အကြီးအကဲတစ်ဦး ထိုင်နေပြီး ဤသည်မှာ သူ ယခင်က တွေ့ဆုံခဲ့ဖူးသော အကြီးအကဲယောင်ယွင်ပင်။
ဤအကြီးအကဲသည် အကြီးအကဲကျန်းလီ၏ ရှေ့မှောက်တွင် နောက်လိုက်တစ်ဦးကဲ့သို့ တာဝန်များကို ပေါ့ပေါ့ပါးပါး လုပ်ဆောင်နေခဲ့သည်။ သို့ရာတွင် သူသည် ဆေးပညာဂိုဏ်းတစ်ဂိုဏ်းလုံးတွင် အလွန်မြင့်မားသော အဆင့်အတန်းရှိသူပင်။ သူ ကိုယ်တိုင် ရောက်ရှိလာခြင်းက ကျန်းရွှမ်ကို သိချင်စိတ် ပြင်းပြသွားစေသည်။
"အကြီးအကဲယောင်ယွင်ကို အရိုအသေပြုပါတယ်... ဘယ်လိုဖြစ်ပြီး ကိုယ်တိုင်ကိုယ်ကျ ရောက်လာရတာလဲ..."
အကြီးအကဲယောင်ယွင်က သူ၏ လက်ကို ဝှေ့ယမ်းလိုက်ပြီး လျစ်လျူရှုထားသော မျက်နှာအမူအယာဖြင့် ပြောဆိုလိုက်၏။
"ပိုင်ကျိုးဝမ်က အပြန်လမ်းမှာ အသတ်ခံလိုက်ရတယ်....တခြားအားတဲ့လူ မရှိတော့လို့ ဆရာက မင်းကို ခေါ်ဖို့ ငါ့ကို လွှတ်လိုက်တာပဲ..."
ကျန်းရွှမ်က စိုးရိမ်ပူပန်တကြီးဖြင့် သူ၏လက်ကို ခါယမ်းလိုက်သည်။
"သူ သေတာ ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး..."
"မင်းနဲ့ ဘာမှမဆိုင်ဘူးဆိုတာ ငါ သိတယ်.... ဆရာက မင်းကို ဆေးစမ်းသပ်ခံဖို့ လာစေချင်တာပါ... ဘာမှ စိတ်မပူပါနဲ့..."
အကြီးအကဲယောင်ယွင်က ကိစ္စမရှိကြောင်း လက်ကာပြလေသည်။
ကျန်းရွှမ်သည် စိတ်သက်သာရာရသွားကာ သက်ပြင်းချလိုက်၏။
"အကြီးအကဲက ကျွန်တော့်ကို သုံးရက်ကြာမှ လာဖို့ ပြောထားတာ မဟုတ်ဘူးလား... ဘာလို့ အစီအစဉ်တွေက ဒီလောက်ထိမြန်မြန် ပြောင်းသွားတာလဲ..."
အကြီးအကဲယောင်ယွင်က တုံ့ပြန်အဖြေပေးသည်။
"အစက အပြာရောင်တိမ်တိုက်အရှင်က ဆေးဖော်စပ်ချင်ပေမယ့် သူက ဘာမှမပြောဘဲ ထွက်သွားခဲ့တယ်... ဆရာက သူ့ကို မစောင့်နိုင်တော့တာကြောင့် မင်းကို ခေါ်ဖို့ ငါ့ကို လွှတ်လိုက်တာပဲ..."
ကျန်းရွှမ် ချက်ချင်း နားလည်သဘောပေါက်သွားသည်။ သူ၏ ယခင်ခန့်မှန်းချက်သည် မှန်ကန်ပုံပင်။ အပြာရောင်တိမ်တိုက်အရှင်က နှင်းနတ်ဆိုးအရှင်၏ အနှစ်သာရအမြူတေကို အဓိကပါဝင်ပစ္စည်းအဖြစ် အသုံးပြုရန် ရည်ရွယ်ထားခြင်းပင်။ သူ ထွက်ပြေးလွတ်မြောက်လာခဲ့သဖြင့် ဆေးဖော်စပ်ခြင်းကို မလုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်ပေမည်။ ကျန်းလီကဲ့သို့ ဆေးအရူးတစ်ဦးအတွက် စောင့်ဆိုင်းရခြင်းမှာ အလွန်ဒုက္ခများလှသဖြင့် တစ်စုံတစ်ယောက်ကို တိုက်ရိုက် စေလွှတ်လိုက်ခြင်းသာ ဖြစ်ပေလိမ့်မည်။
"သွားကြစို့..."
မကြာမီမှာပင် ခုန်းရှီကိုလည်း ခေါ်ဆောင်လာပြီး သူတို့နှစ်ဦးသည် ခြံဝင်းထဲမှ ထွက်ခွာကာ အကြီးအကဲယောင်ယွင်၏နောက်သို့ လိုက်ပါသွားကြသည်။
ရထားလုံးပေါ်တွင် ကျန်းရွှမ်က သတိထားပြီး မေးလိုက်သည်။
"မြို့ထဲမှာ သတ်ဖြတ်တာကို တားမြစ်ထားတာ မဟုတ်လား....သခင်ကြီးပိုင်ကျိုးဝမ်က ဘယ်လိုလုပ်ပြီး အသတ်ခံရတာလဲ..."
သူသည် အစောပိုင်းကမှ ထိုလူနှင့် အကြောင်းအကျိုးဆက်နွယ်မှုကို ဖြတ်တောက်ခဲ့သည်။ ယခုချိန်တွင် ထိုလူ သေဆုံးသွားခဲ့လေပြီ... သဘောတရားအရ အကြောင်းအကျိုး ဆက်နွယ်မှု ဆိုသည်မှာ ဆက်သွယ်မှု များစွာမရှိသော ချည်နှောင်မှုတစ်ခုသာ ဖြစ်သည်။ ထိုအရာကို ဖြတ်တောက်လိုက်ခြင်းသည် ထိုလူ သေဆုံးသွားသောဖြစ်ရပ်သို့ ဦးတည်မသွားသင့်ချေ။