← Chapters

ဆေးမီးဖို အစပျိုးခြင်း

Vol. 36 Ch. 419

ဆေးမီးဖို အစပျိုးခြင်း

Vol. 36 Ch. 419

"အသေးစိတ်ကိုတော့ ငါ ကိုယ်တိုင်လည်း သေချာမသိဘူး...ဒါပေမဲ့ စုံစမ်းစစ်ဆေးဖို့ လူလွှတ်ထားပြီးပြီ..."

အကြီးအကဲယောင်ယွင်က ရှင်းပြသည်။

ကျန်းရွှမ် အံ့အားသင့်သွားသည်။

"စုံစမ်းစစ်ဆေးရုံပဲလား..."

မည်သို့ပင်ဆိုစေကာမူ ပိုင်ကျိုးဝမ်သည် ဆေးပညာဂိုဏ်းအတွက် အတော်အသင့် အကျိုးပြုခဲ့သူပင်။ သူ၏ ရုတ်တရက်သေဆုံးမှုကို လူလွှတ်၍ စုံစမ်းစစ်ဆေးရုံသာ ပြုလုပ်သလော။ သူတို့သည် အဆုံးထိ လိုက်လံစုံစမ်းစစ်ဆေးခြင်း မပြုကြသလော။

"ကျင့်ကြံခြင်းလောကမှာ ဘယ်သူက သေမျိုး မဟုတ်လို့လဲ..."

အကြီးအကဲယောင်ယွင်က စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ပြီးနောက် တစ်စုံတစ်ခုကို သတိရသွားပုံဖြင့် သူ၏နဖူးကို ရိုက်လိုက်သည်။

"ဟုတ်သားပဲ... ဆရာက မင်းတို့ကို ဆယ့်ငါးမိနစ်အတွင်း ပြန်ခေါ်လာဖို့ ညွှန်ကြားထားတာ... ရထားလုံးက နှေးလွန်းတယ်... ငါတို့ကို စောင့်နိုင်မှာ မဟုတ်ဘူး... ငါ မင်းတို့ကို ခေါ်သွားမယ်..."

ကျန်းရွှမ်နှင့်ခုန်းရှီတို့ကို ငြင်းဆန်ရန် အခွင့်မပေးဘဲ သူက လေထုထဲသို့ ခုန်တက်လိုက်ပြီး သူတို့နှစ်ဦးကို ပျံသန်းရန် ဆွဲခေါ်သွားသည်။

"ဒါက..."

လေတိုးသံများကို ခံစားလိုက်ရသဖြင့် ကျန်းရွှမ်သည် တစ်ဖက်လူ၏ ဆွဲခေါ်ခြင်းကြောင့် လေထုထဲသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သတိပြုလိုက်မိသည်။ ဆေးစမ်းသပ်ရုံ သက်သက်သာဖြစ်သည်ကို တစ်ဖက်လူသည် မည်သည်ကြောင့် ဤမျှထိ စိတ်လောနေရသနည်း...

ကျန်းရွှမ်သည် အံ့အားသင့်သွားပြီး တစ်စုံတစ်ခု ပြောဆိုရန် ဟန်ပြင်လိုက်စဉ်မှာပင် အောက်ဘက်မှ ကျယ်လောင်သော အော်ဟစ်သံကို ကြားလိုက်ရသည်။ ထို့နောက် မြို့ထဲမှနေ၍ ဓားချီများ ပျံ့လွင့်လာကာ သူတို့၏လမ်းကြောင်းကို ပိတ်ဆို့ဟန့်တားလိုက်၏။

"ဘယ်သူလဲ..."

ထျန်းလီမြို့အတွင်း၌ ပျံသန်းခြင်းကို တင်းကြပ်စွာ တားမြစ်ထားပြီး ထိုစည်းကမ်းမှာ အလွန် ရှင်းလင်းပြတ်သားသည်။ သူတို့ ဒုက္ခရောက်တော့မည်ဟု ကျန်းရွှမ် တွေးတောလိုက်ချိန်မှာပင် အကြီးအကဲယောင်ယွင်က သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ လေထဲတွင် တံဆိပ်ပြားတစ်ခု ထွက်ပေါ်လာပြီး မျက်စိကျိန်းမတတ် အလင်းရောင်များ ဖြာထွက်လာသည်။

"ဆေးပညာဂိုဏ်းရဲ့ အရေးပေါ်ဆေးဖော်စပ်ခြင်း အထူးဖြတ်သန်းခွင့်..."

ထိုစကားနှင့်အတူ ကြီးမားသော "ဆေး" ဟူသည့်စာလုံးကြီးက တံဆိပ်ပြားမှ ထွက်ပေါ်လာသည်။

"ဆေးပညာဂိုဏ်းက အကြီးအကဲ ဖြစ်နေတာကိုး... သူတို့ကို သွားခွင့်ပြုလိုက်တော့..."

ယခင်က အသံသည် ချက်ချင်းဆိုသလိုပင် ရိုသေလေးစားစွာပြောဆိုသံ ဖြစ်သွားပြီး ဓားချီများသည် တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးသည့်အလား ပျောက်ကွယ်သွားသည်။

"သွားကြစို့..."

အကြီးအကဲယောင်ယွင်သည် မည်သည့်စကားမျှ ဆက်မပြောတော့ဘဲ တံဆိပ်ပြားကို ပြန်လည်၍ သိမ်းဆည်းလိုက်ပြီး ကျန်းရွှမ်တို့နှင့်အတူ အရှိန်မြှင့်၍ ထွက်ခွာသွားသည်။

ခုန်းရှီနှင့်ကျန်းရွှမ်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး တစ်ယောက်၏မျက်လုံးထဲမှ ထိတ်လန့်တုန်လှုပ်မှုများကို တခြားတစ်ယောက်က မြင်တွေ့မိလေ၏။

"ဆေးပညာဂိုဏ်းရဲ့ဆေးလုံးတွေက ထျန်းလီအင်ပါယာရဲ့ အခွင့်အာဏာကို ခိုင်မာစေဖို့ ကူညီပေးနိုင်တော့ အထူးအခွင့်အရေးတချို့ ပေးထားတာပေါ့....အပြင်မြို့တော်မှာ ပျံသန်းတာလောက်တင် မဟုတ်ဘူး...အတွင်းမြို့တော်မှာဆိုရင်တောင် ဘယ်သူမှ စကားတစ်ခွန်း ဟရဲမှာ မဟုတ်ဘူး..."

သူတို့၏အံ့အားသင့်မှုကို မြင်လိုက်ရသဖြင့် အကြီးအကဲယောင်ယွင်က ဂုဏ်ယူဝံ့ကြွားစွာ ပြောဆိုလိုက်ပြီးနောက် သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

"သေချာတာကတော့ ဒီအခွင့်ထူးတွေက ဘာစိတ်ဝင်စားစရာမှ မရှိဘူး....ဆေးဖော်စပ်ရတဲ့ ပျော်ရွှင်မှုနဲ့ ဘယ်အရာက ယှဉ်နိုင်မှာလဲ... ဒီလိုအရာတွေအတွက် လူတွေအများကြီးက ဘာလို့ အသေအလဲ တိုက်ခိုက်နေကြလဲဆိုတာ ငါ တကယ်ကို နားမလည်နိုင်ဘူး..."

ကျန်းရွှမ်၏ နေအိမ်သည် ဆေးပညာဂိုဏ်းနှင့် အလွန်ဝေးကွာခြင်း မရှိသဖြင့် အကြီးအကဲယောင်ယွင်၏ လျင်မြန်သောအရှိန်နှုန်းကြောင့် စကားပြောဆိုနေရင်းပင် ရောက်ရှိလာကြသည်။ သူတို့သည် ရပ်နားခြင်း မရှိဘဲ တိုက်ရိုက်ပျံသန်း ဝင်ရောက်သွားပြီး အချိန်တခဏအကြာတွင် အကြီးအကဲကျန်းလီနှင့် ယခင်က တွေ့ဆုံခဲ့သော ဧည့်ခန်းမဆောင်သို့ ပြန်ရောက်သွားကြသည်။

ဝုန်း....

သူတို့ မဝင်ရသေးခင်မှာပင် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး မီးခိုးလုံးကြီးများ ပျံ့လွင့်လာသည်။ အခန်း၏ပြတင်းပေါက်များနှင့် တံခါးများ ပွင့်ထွက်သွားပြီး အပူလှိုင်းများ ဖြတ်သန်းသွားပေ၏။

"အမ်... ငါတို့ နောက်ကျသွားပြီ..."

အကြီးအကဲယောင်ယွင်က ရပ်တန့်လိုက်ပြီး နောင်တရသော အမူအယာဖြင့် သူ၏နဖူးကို ရိုက်လိုက်သည်။

"ဘာ နောက်ကျသွားတာလဲ..."

ကျန်းရွှမ်က နားမလည်နိုင်စွာဖြင့် မေးမြန်းလိုက်သည်။

အကြီးအကဲယောင်ယွင်က ပြောဆိုသည်။

"မူလဘူတ နဂါးဆေးမီးဖို ဖွင့်လှစ်တာလေ...ငါတို့ နည်းနည်းလောက် စောရောက်ခဲ့ရင် ဒါကို မြင်တွေ့နိုင်လောက်တယ်..."

သူ စကားပြောနေစဉ်မှာပင် သူတို့သုံးဦးသည် အခန်းထဲသို့ ဝင်ရောက်လိုက်ကြ၏။ ထူထပ်သိပ်သည်းသော မီးခိုးငွေ့များ ပျောက်ကွယ်သွားပြီဖြစ်ရာ ကျယ်ဝန်းသော ခန်းမအလယ်တွင် ဆေးမီးဖိုကြီးတစ်ခု ထွက်ပေါ်လာသည်။ ယောင်ချန်နှင့် တခြားအကြီးအကဲတချို့က ဘေးတစ်ဖက်တစ်ချက်တွင် မတ်တတ်ရပ်နေကြပြီး အကြီးအကဲကျန်းလီက ဆေးမီးဖို၏ရှေ့တွင် မတ်တတ်ရပ်နေပေ၏။

ဤဆေးမီးဖိုကို အမျိုးအမည်မသိရသော ပစ္စည်းတစ်မျိုးဖြင့် ပြုလုပ်ထားပြီး မီးခိုးရောင် သန်းနေကာ ယုံနိုင်စရာမရှိလောက်အောင် လေးလံပုံရသည်။ ထိုအရာ၏အဖုံးသည် ပွင့်နေပြီး အပူငွေ့များနှင့်အခိုးအငွေ့များ ထွက်ပေါ်နေသည်။ အစောပိုင်းက ထူထပ်သိပ်သည်းသော မီးခိုးများသည် ဤနေရာမှ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း သိသာထင်ရှားသည်။

"ဆရာ... ကျွန်တော် သူတို့ကို ခေါ်လာပါပြီ..." အကြီးအကဲယောင်ယွင်က ရှေ့သို့အလျင်အမြန်တိုးသွားလိုက်သည်။

"အင်း... အချိန်ကိုက်ပဲ..."

အကြီးအကဲကျန်းလီက ကျန်းရွှမ်နှင့်ခုန်းရှီတို့ကို စိတ်ကျေနပ်သော အပြုံးဖြင့် တစ်ချက်ကြည့်လိုက်ပြီး နောက်သို့ပြန်လှည့်သွားသည်။ သူသည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ ဆေးဖက်ဝင်ပစ္စည်း အမြောက်အများ ဆေးမီးဖိုထဲသို့ ပျံသန်းဝင်ရောက်သွားသည်။ နောက်ထပ်အချိန်တခဏတွင် ကံကြမ္မာမြစ် ထွက်ပေါ်လာပြီး ဆေးမီးဖိုကိုပင့်တင်ထားသည်။ ကောင်းကင်ကံကြမ္မာစွမ်းအားများသည် နဂါးများအဖြစ် ပြောင်းလဲပြီး ဆေးမီးဖို၏နံဘေးပတ်လည်တွင် လှည့်ပတ်ပျံဝဲနေကြသည်။

ရုတ်ချည်းဆိုသလိုပင် ဆေးမီးဖိုသည် ဆူပွက်လာပြီး ပူပြင်းကာ ရဲရဲတောက်နီမြန်းလာသည်။ တလိမ့်လိမ့်ထနေသော မီးတောက်များသည် အသစ်ထည့်လိုက်သော ဆေးဖက်ဝင်ပစ္စည်းများကို ဆေးရည်များအဖြစ် လောင်ကျွမ်းသွားစေပေ၏။

ကျန်းရွှမ်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး စိတ်ရှုပ်ထွေးသွားသည်။

"ဒါက... ဆေးဖော်စပ်နေတာလား...မီးတောက်က နည်းနည်းပြင်းလွန်းနေသလိုပဲ..."

ဆေးမီးဖိုသည် တဖြည်းဖြည်း ပို၍နီမြန်းလာပြီး အတွင်းရှိ ဆေးဖက်ဝင်ပစ္စည်းများ ဆေးရည်အဖြစ် ပျော်ဝင်သွားသည်။ အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင် ထိုအရာများသည် အနည်အနှစ်များ ဖြစ်သွားကာ မည်းနက်သွားပြီး ထူထပ်သိပ်သည်းသော အနက်ရောင်မီးခိုးများ ထွက်ပေါ်လာသည်။

အကြီးအကဲကျန်းလီသည် လောကကြီး၏ နံပါတ်တစ်ဆေးပညာရှင် မဟုတ်လော။ ယခင်က သူသည် ကံကြမ္မာမြစ်ကို အသုံးပြုပြီး ဆေးမီးဖိုကို မလိုအပ်ဘဲ ဆေးဖော်စပ်ခဲ့သည် မဟုတ်လော။ သူသည် မည်သည်ကြောင့် ရုတ်တရက်ဆန်စွာ နည်းစနစ် ပြောင်းလဲသွားသနည်း။

"ဆရာက ဆေးမီးဖိုကို အစပျိုးနေတာ..."

အကြီးအကဲယောင်ယွင်က နောက်သို့လှည့်မကြည့်ဘဲ တုံ့ပြန်အဖြေလိုက်ပေးကာ ကူကယ်ရာမဲ့စွာဖြင့် ရှင်းပြလေသည်။

"ဆေးမီးဖိုကို အစပျိုးတာလား..."

ကျန်းရွှမ် ကြက်သေသွားသည်။

ပါမောက္ခကုန်းမြေတွင် သူသည် ဆေးလုံးများကို မရေမတွက်နိုင်အောင် ဖော်စပ်ခဲ့ဖူးပြီး သူ၏ ဆေးဖော်စပ်ခြင်း အဆင့်အတန်းမှာလည်း အတော်အသင့် ကောင်းမွန်သည်။ သို့ရာတွင် "ဆေးမီးဖိုအစပျိုးခြင်း" ဆိုသော စကားလုံးကို သူ ကြားဖူးခြင်းက ဤသည်မှာ ပထမဆုံးအကြိမ်ပင်။

"မီးဖိုအစပျိုးတယ် ဆိုတာက စားဖိုမှူးတစ်ယောက်က ဒယ်အိုးကိုဆူအောင် တည်တာနဲ့ တူတယ်....ဆေးပညာရှင်တစ်ယောက်အတွက် ဆေးလုံးကို ရင်းနှီးကျွမ်းဝင်စေဖို့နဲ့ ဆေးမီးဖိုက ဆေးအာနိသင်တွေကို စုပ်ယူနိုင်ဖို့အတွက် အပူပေးတဲ့ ဖြစ်စဉ်တစ်ခုပဲ....အဲ့ဒီလိုလုပ်မှသာ နောက်ဆက်တွဲ ဆေးဖော်စပ်တဲ့နေရာမှာ တိကျမှုကို ရရှိနိုင်လိမ့်မယ်"

အကြီးအကဲယောင်ယွင်က ရှင်းပြသည်။

"အကြီးအကဲကျန်းက အရင်တုန်းက ကံကြမ္မာမြစ်ကို အသုံးပြုပြီး ဆေးလုံးတွေကို တိုက်ရိုက်ဖော်စပ်ခဲ့တာ မဟုတ်ဘူးလား....အဲ့ဒါက ပိုမကောင်းဘူးလား"

ကျန်းရွှမ်က သိချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။

သူသည် ယမန်နေ့က ဤနေရာသို့ ရောက်ရှိချိန်တွင် အကြီးအကဲကျန်းလီသည် ကံကြမ္မာမြစ်၏အကူအညီဖြင့် ဆေးဖော်စပ်နေသည်ကို မြင်တွေ့ခဲ့ရသဖြင့် အလွန်အံ့အားသင့်ခဲ့ရသည်။ ယခုအချိန်၌ သူသည် မည်သည်ကြောင့် ရုတ်တရက် နည်းလမ်းဟောင်းကို ပြန်လည်၍ အသုံးပြုရသနည်း။

"သာမန်ဆေးလုံးတချို့ကို ကံကြမ္မာမြစ်ရဲ့အကူအညီနဲ့ ဖော်စပ်တာက ပြဿနာမရှိပေမယ့် အထွတ်အထိပ်ဆေးလုံးတွေကို ဖော်စပ်ချင်ရင်တော့ အဲ့ဒီလောက် မလွယ်ကူဘူး... ဆေးမီးဖိုတစ်လုံးကို မဖြစ်မနေ သုံးကိုသုံးရမယ်.... ပြီးတော့ ဒီ 'မူလနဂါးဆေးမီးဖို' က ကုန်းမြေတစ်ခုလုံးမှာရှိတဲ့ ဆေးမီးဖိုတွေထဲမှာ အစွမ်းအထက်ဆုံးပဲ"

ယောင်ယွင်၏မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။

ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။

ပါမောက္ခကုန်းမြေတွင်လည်း ကျင့်ကြံသူတစ်ဦးသည် ဆေးဖော်စပ်ခြင်းတွင် သတ်မှတ်ထားသော နယ်ပယ်တစ်ခုသို့ ရောက်ရှိပါက လက်ဗလာဖြင့် ဆေးလုံးများကို ဖန်တီးနိုင်သည်။ သူကိုယ်တိုင်လည်း ယခုအချိန်တွင် ထိုသို့ပြုလုပ်နိုင်သော်လည်း တစ်ဖက်လူ ပြောသကဲ့သို့ပင် ထိုအရာများသည် များသောအားဖြင့် အဆင့်နိမ့်ဆေးလုံးများသာ ဖြစ်ပေ၏။ အဆင့်မြင့်သည့် ဆေးလုံးများကို ဖော်စပ်ရာမူ ဆေးမီးဖို၏စွမ်းအားဖြည့်တင်းမှု လိုအပ်နေဆဲပင်။

မကြာမီတွင် အကြီးအကဲကျန်းလီသည် ဆေးမီးဖိုကို သုံးကြိမ်ဆေးကြောသည့်အလား ဆေးဖက်ဝင်ပစ္စည်းများကို သုံးကြိမ်ဆက်တိုက် ထည့်လိုက်သည်။ ထိုအချိန်မှသာ မူလနဂါးဆေးမီးဖိုသည် အပြည့်အဝ အသက်ဝင်လာပုံရပြီး ထိုအရာ၏ကိုယ်ထည်ပေါ်ရှိ ထူထပ်သိပ်သည်းသော အဆောင်သင်္ကေတများ လင်းလက်လာကာ စူးရှသောနဂါးဟိန်းသံကို ထုတ်လွှတ်လိုက်သည်။

ထိုမြင်ကွင်းကိုမြင်တွေ့ချိန်၌ ကျန်းလီသည် သက်ပြင်းချကာ စိတ်သက်သာရာရသွားပြီးနောက် ကျန်းရွှမ်နှင့်ခုန်းရှီတို့ကို ကြည့်လိုက်သည်။

"ခဏနေကျရင် ဆေးဖော်စပ်မှု စတင်တဲ့အချိန်မှာ ငါက ဆေးဖက်ဝင်ပစ္စည်းတွေကို ပေါင်းစပ်ဖို့ ကြိုးစားမယ်... မင်းတို့နှစ်ယောက်အနေနဲ့ ဆေးလုံးတွေကို အတတ်နိုင်ဆုံး မြန်မြန်ဆန်ဆန်စစ်ဆေးပြီးတော့ အဖြေပေးဖို့ လိုအပ်တယ်"

သူ၏လေးနက်တည်ကြည်သော ပုံစံကို မြင်လိုက်ရသဖြင့် သူ ဖော်စပ်မည့်ဆေးလုံးမှာ သာမန်မဟုတ်ကြောင်း ကျန်းရွှမ်နှင့်ခုန်းရှီတို့ သိရှိလိုက်ကြပြီး သူတို့နှစ်ယောက်သား ခေါင်းညိတ်လိုက်ကြ၏။

ဆေးလုံးသည် ပို၍အဖိုးတန်လေလေ ဆေးအာနိသင် ပို၍ကြီးမားလေဖြစ်ပြီး သူတို့အတွက်လည်း အကျိုးကျေးဇူး ပို၍များပြားစေလေရာ ဤသည်မှာ ကောင်းမွန်သော ကိစ္စရပ်တစ်ရပ်ပင်။

"ဒီဆေးဖော်စပ်တဲ့ လုပ်ငန်းစဉ်က အရမ်းရှုပ်ထွေးတယ်... ငါက အရင်ဆုံး မတူညီတဲ့ ဆေးလုံးကိုးမျိုးကို ဖော်စပ်ဖို့ လိုတယ်..အဲ့ဒါတွေအားလုံး အောင်မြင်ပြီးသွားတဲ့အချိန်ကျမှ အထူးနည်းလမ်းတစ်ခုကို အသုံးပြုပြီးတော့ အဲ့ဒီဆေးလုံးတွေကို တစ်လုံးတည်းဖြစ်အောင် ပေါင်းစပ်ရမယ်... တကယ်လို့ အောင်မြင်သွားရင် ဆေးဖော်စပ်ခြင်းလောကမှာ သမိုင်းစာမျက်နှာသစ် ဖွင့်လှစ်နိုင်မှာဖြစ်ပြီးတော့ ငါကလည်း သမိုင်းမှာ အစစ်အမှန် နံပါတ်တစ်ဆေးပညာရှင် ဖြစ်လာလိမ့်မယ်"

အကြီးအကဲကျန်းလီ၏မျက်လုံးများ စူးရှတောက်ပနေကာ မီးတောက်များ လောင်ကျွမ်းနေသည့်အလားပင်။

"ဆေးလုံးတစ်လုံးတည်းနဲ့ ဆေးဖော်စပ်တာမှာ နံပါတ်တစ်ဆေးပညာရှင် ဖြစ်လာနိုင်တာလား..."

ကျန်းရွှမ် အံ့အားသင့်သွားသည်။

"အကြီးအကဲကျန်းလီက ဘယ်လိုဆေးလုံးမျိုးကို ဖော်စပ်နေတာလဲ..."

"သေချာတာပေါ့... ဒါက ပြိုင်ဘက်ကင်းဆေးလုံးပဲလေ..."

အကြီးအကဲယောင်ယွင်က ကျန်းရွှမ်ကို လှည့်ကြည့်ပြီး ပြောဆိုသည်။

"မင်းက ဆေးစမ်းသပ်ပေးရမှာမလို့ မကြာခင်မှာ ဒီအကြောင်းကို သိလာမှာပါ... မင်း ထာဝရရွှေခန္ဓာကိုယ်အကြောင်း ကြားဖူးလား..."

ကျန်းရွှမ်၏ခန္ဓာကိုယ် တုန်ရီသွားသည်။

သူသည် ထိုအကြောင်းကို အစောပိုင်းက နှင်းနတ်ဆိုးအရှင်ထံမှ ကြားခဲ့ရသည်။ အကြီးအကဲကျန်းလီ ဖော်စပ်မည့်ဆေးလုံးသည် ဤပြိုင်ဘက်ကင်း ထာဝရရွှေခန္ဓာကိုယ်နှင့် ဆက်စပ်နေသလော။

All Chapters